အခန်း (၁၀၉-၁၁၁)
Vol. 8 Ch. 109-111
အပိုင်း ( 109 )
အချိန်ကိုက် ရောက်ရှိလာသော ခေါင်းအုံးတစ်လုံး
အားလုံးသည် သူတို့၏ သက်ဆိုင်ရာရေကန်အသီးသီးတွင် ကျင့်ကြံနေကာ၊ အဆိုပါ အရာဝတ္ထုများကို သူတို့၏ ခန္ဓာကိုယ်များအတွင်းသို့ ဖြည်းဖြည်းချင်း လမ်းညွှန်ပေးနေခဲ့သည်။
၎င်းက နှေးကွေးသော လုပ်ငန်းစဥ်တစ်ခုဖြစ်ပြီး၊ ဝိညာဥ်ချီများကို ဖြည်းဖြည်းချင်း သန့်စင်ရန် လိုအပ်နေခဲ့သည်။
ဆန့်ကျင်ဘက်အနေဖြင့် လုချန်ရှန်းကမူ အတွေးများ လှုပ်ရှားနေကာ၊ ရေကန်တစ်ခုလုံးနီးပါးကို ချက်ချင်း စုပ်ယူလိုက်ကာ၊ ရေစက်တစ်စက်လေးကိုပင် မဖြုန်းတီးခဲ့ပေ။
ထို့နောက်တွင် သူသည် မတ်တပ်ထရပ်ကာ၊ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေခဲ့သည်၊ အဆိုပါ ရေကန်များက သူ၏မျက်လုံးများအတွင်းတွင် တောက်ပနေပုံရကာ၊ အလွန်တရာ အံ့ဖွယ်ကောင်းသည်ဟု ခံစားနေခဲ့ရသည်။
တစ်ခဏခန့် ရုန်းကန်နေခဲ့ပြီးသည့်နောက်တွင်၊ သူသည် ထိန်းချုပ်ထားရန် ဆုံးဖြတ်လိုက်သည်၊ သူတို့အားလုံးက ရန်ငြှိုးများ မရှိသည့် ဂိုဏ်းတူတပည့်များဖြစ်သောကြောင့်၊ သူတို့ထံမှ တိုက်ရိုက်လုယက်ခြင်းမှာ မသင့်တော်လှပေ။
တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင်၊ ချိုင့်ဝှမ်းအတွင်းမှ ထထွက်သွားကာ၊ လမ်းသလားရန် ပြင်ဆင်နေတော့သည်။
ထိုအချိန်တွင် သူသည် ကျိုးချင်ယုနှင့် ယဲ့တျန်ရီတို့ကို ငေးကြည့်ကာ၊ သူ့ဆရာ၏ ကြောက်မက်ဖွယ်ကောင်းသော ဂုဏ်သတင်းကို အမှတ်ရသွားပြီး၊ သူ၏လက်ကို ဝေ့ရမ်းလိုက်ရာ၊ အနက်ရောင် အရိပ်တစ်ခုသည် အနီးအနားသို့ ဆင်းသက်သွားခဲ့သည်။
၎င်းမှာ သူအကြိမ်ပေါင်းများစွာ သန့်စင်ထားခဲ့သည့် ရုပ်သေးဖြစ်သည်၊ ၎င်းသည် အူတိုင်ဖွဲ့စည်းခြင်း အဆင့်၆စွမ်းအားကို ပိုင်ဆိုင်ထားကာ၊ တစ်ခဏခန့် ခုခံနိုင်မည် ဖြစ်သည်။
၎င်းတို့အားလုံးကို လုပ်ခဲ့ပြီးသည့်နောက်တွင်၊ လုချန်ရှန်းသည် စိတ်အားထက်သန်စွာဖြင့် အဝေးသို့ ပြေးထွက်သွားတော့သည်၊ သို့သော် သူသည် တွေဝေတုံ့ဆိုင်းနေသည့် အမူအရာဖြင့် လမ်းတစ်ဝက်မှာပင် ရပ်တန့်သွားခဲ့သည်။
“ အဲ့တာက မဟုတ်သေးဘူးလေ။ ငါနဲ့ အဲ့လူတွေကြားမှာ ဘာအငြှိုးအတေးမှ မရှိဘူးလေ၊ တကယ်လို့ သူတို့ဆီက လုယက်လိုက်မယ်ဆိုရင် ငါက ဘယ်လိုလူဖြစ်လာမှာလဲ “
“ တကယ်လို့ ငါလုပ်လိုက်မယ်ဆိုရင်၊ ငါနဲ့ အဲ့ဒီနတ်ဆိုး ကျင့်ကြံသူတွေက ဘာကွာတော့မှာလဲ “
“ ဒါပင်မဲ့ တကယ်လို့ သူတို့ကို မလုယက်ဘူးဆိုရင်လည်း၊ ငါက ငါ့ကိုယ်ငါ ဘယ်လိုရင်ဆိုင်မှာလဲ “
“ … “
လုချန်ရှန်းသည် ထိုနေရာတွင် မတ်တပ်ရပ်နေကာ၊ အတွေးများ လွန်ဆွဲနေလျက်ရှိသည်၊ သူသည် မည်ကဲ့သို့ လုပ်ရမလဲဆိုသည်ကို ဝေခွဲမရဖြစ်နေကာ၊ အချိန်အတော်ကြာ အတွေးနက်သွားခဲ့သည်။
သို့ရာ၌ ထိုအချိန်တွင် တစ်စုံတစ်ဦးသည် အဝေးမှ ချဥ်းကပ်လာခဲ့သည်။
လှမ်းကြည့်လိုက်ရာ လူငယ်လေးတစ်ဦးက ဦးဆောင်၍ လျှောက်လှမ်းလာနေသည်ကို မြင်တွေ့သွားခဲ့သည်၊ ထိုလူသည် စုန့်ချင်မှတစ်ပါး တစ်ခြားလူမဟုတ်ပေ။
“ စီနီယာအစ်ကို စုန့်ချင်၊ နှစ်ခြင်းကိစ္စ ပြီးတဲ့အချိန်အထိ ဘာလို့ စောင့်မနေရတာလဲဗျ။ အချိန်ရှိပါသေးတယ် “ ဟု လူငယ်တစ်ဦးမှ စကားစပြောလာခဲ့သည်။
စုန့်ချင်သည် အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့သည် “ ဘာကိစ္စ အဲ့အချိန်အထိ စောင့်နေရမှာလဲ “
“ သူတို့က ထွက်ပြေးသွားမှာ မဟုတ်ပါဘူး “
“ သူတို့က ထွက်မပြေးပါဘူး၊ ဒါပင်မဲ့ သူတို့ကို ပစ်မှတ်ထားနေတဲ့လူက တော်တော်ကြီးကို များနေတယ်။ အဲ့အချိန်တုန်းက ကူချန်ကျွင်းက လူဘယ်လောက်ကို ရန်စခဲ့လဲဆိုတာကို မင်းမသိပါဘူး၊ ဒီတစ်ကြိမ်မှာ သူ့တပည့်တွေကို ရိုက်နှက်ပြီးတော့ ဂုဏ်သိက္ခာပြန်ရဖို့ အမိန့်ပေးခံထားရတဲ့ လူက ဘယ်လောက်တောင် များနေလိုက်မလဲ “
“ ဒါပင်မဲ့ … “
စုန့်ချင်သည် သူ့ကို ကြားဖြတ်ပြောလိုက်သည် “ ဘာဒါပင်မဲ့မှ မရှိဘူး။ ကူချန်ကျွင်းမှာ တပည့်သုံးယောက်ပဲရှိတယ်။ တကယ်လို့ ငါတို့က နောက်ကျသွားမယ်ဆိုရင်၊ သူတို့က အရိုက်ခံနေရလောက်ပြီ “
ဟမ်
ထိုအချိန်တွင် လုချန်ရှန်းမှာ ကြောင်အမ်းအမ်းဖြင့် မတ်တပ်ရပ်နေခဲ့သည်။
သူ၏ စိတ်စွမ်းအားသည် ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားခဲ့ပြီး၊ သူတို့ထံသို့ ပြေးလာနေသည့် လူများက ကောင်းကင်တံခါးဂိုဏ်းတစ်ခုတည်းသာလျှင် မဟုတ်ဘဲ၊ နတ်ဘုရား သန့်စင်ခြင်း နန်းတော်နှင့် ဒေါင်းမျိုးနွယ်စုမှ လူများပင် ပါဝင်နေသည်ကို သိရှိသွားခဲ့သည်။
၎င်းတို့ကို မြင်တွေ့ခဲ့ရပြီးသည့်နောက်တွင် လုချန်ရှန်းသည် နှစ်ကြိမ်ခန့် ချောင်းဟန့်နေတော့သည် “ အဟွတ်၊ အဟွတ်၊ ဒီကောင်တွေက ငါ့ရဲ့ စီနီယာအစ်ကိုတွေကို ချောက်ချချင်နေတာပဲ၊ တော်တော်လေးကို လွန်သွားပြီကွာ။ မင်းတို့က နည်းနည်းတော့ အပြစ်ပေးခံရသင့်တယ် “
ထို့နောက်တွင် သူသည် သူ၏လက်ကိုမြှောက်ကာ ဝေ့ရမ်းလိုက်သည်။ မှော်စွမ်းအားသည် ချိုင့်ဝှမ်းအတွင်းသို့ ကျဆင်းလာခဲ့ကာ၊ ထိုဧရိယာကို ဖုံးအုပ်သွားခဲ့သည်။
၎င်းကို လုပ်ခဲ့ပြီးသည့်နောက်တွင် သူသည် ပြုံးစိစိဖြစ်သွားပြီး၊ ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ရာ၊ ထိုနေရာမှ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
သူအိပ်ငိုက်နေသည့်အချိန်တွင် တစ်စုံတစ်ဦးက ခေါင်းအုံးပို့ပေးလာလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ
ထိုလူများ၏ ရောက်ရှိလာမှုနှင့်အတူ လွန်ဆွဲနေခဲ့ရသည့် သူ၏စိတ်မှာလည်း လုံးဝပြတ်သားသွားခဲ့ပြီ ဖြစ်သည်။
သူ့အတွက် လုံလောက်သော အကြောင်းပြချက်တစ်ခု ရရှိလာခဲ့သည်။
၎င်းက သူ၏သွေးသောက်ညီအစ်ကိုများ ဖြစ်သည်။ သူသည် တစ်ခြားလူများက သူတို့ကိုထိခိုက်အောင် လုပ်ခွင့်ပေးမည် မဟုတ်ပေ။ ထိုလူများ၏ ရေကန်များကို ခမ်းခြောက်သွားစေခြင်းမှာ သူတို့အတွက် သေးငယ်သော ပြစ်ဒဏ်တစ်ခုဖြစ်သည်။
“ ဟီးဟီး “
လုချန်ရှန်းသည် အူလှိုက်သည်းလှိုက် ရယ်မောနေတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ကောင်းကင်တံခါးဂိုဏ်း၏ နေရာဆီသို့ ရောက်ရှိလာခဲ့သည်။
သူ့အရှေ့တွင် နှစ်ခြင်းခံယူနေသည့် လူအနည်းငယ်မျှသာ ရှိနေခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင်၊ လုချန်ရှန်းသည် ချင်းယီ၏ အသွင်အပြင်အဖြစ် ပြောင်းလဲလိုက်ပြီး၊ ရေကန်အတွင်းသို့ တိုက်ရိုက်ခုန်ဆင်းသွားခဲ့သည်။ လက်ဟန်များကို ပြုလုပ်လိုက်ရာ၊ ရေကန်တစ်ခုသည် လျင်မြန်စွာ ခမ်းခြောက်သွားခဲ့သည်။
သို့သော် သူသည် ၎င်းက နှေးကွေးလွန်းသည်ဟု ခံစားနေခဲ့ရသည်။
ရုတ်တရက်ဆိုသလိုပင် လုချန်ရှန်းသည် လေထုအတွင်းတွင် တင်ပျဥ်ခွေထိုင်ကာ လက်ကို မြှောက်လိုက်သည်၊ အဆိုပါ ရေကန်များသည် ချက်ချင်းမြင့်တက်လာခဲ့သည်၊ ရွှေရောင်ရေများသည် သူ့ဆီသို့ စုဝေးလာခဲ့ကာ၊ အစွမ်းထက် ဝိညာဥ်ချီများအဖြစ် အသွင်ပြောင်းပြီး၊ သူ၏ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာခဲ့သည်။
ကျန်နေခဲ့သည့် လူများသည် အထိတ်တလန့်ဖြင့် နိုးလာခဲ့ကာ၊ မျက်လုံးများ ဖွင့်လာကြသည်၊ သူတို့၏ မျက်လုံးများ ချက်ချင်းပြူးကျယ်သွားခဲ့သည်။
“ အဲ့တာ၊ အဲ့တာက …… “
“ မင်း ……. “
“ မကောင်းတော့ဘူး၊ တစ်ယောက်ယောက် ကျူးကျော်လာတယ်။ စီနီယာအစ်ကိုဆီ မြန်မြန်သတင်းပို့လိုက် “
ကျန်နေခဲ့သည့် လူနည်းစုသည် အထိတ်တလန့်ဖြစ်သွားကာ၊ လျင်မြန်စွာ ထွက်ခွာသွားကြသည်၊ တစ်ဖက်လူက အလွန်တရာ မောက်မာကာ၊ သူတို့ကိုပင် မျက်လုံးထဲ မထည့်ထားသောကြောင့် သူတို့သည် ပေါ့ပေါ့တန်တန် မလှုပ်ရှားရဲကြပေ။
မည်သူမှ မသေလိုကြပေ၊ ထို့ကြောင့် သူတို့အားလုံး နောက်ဆုတ်သွားပြီး၊ အကူအညီတောင်းရန် လူတစ်ယောက်လွှတ်လိုက်ကြသည်။
၎င်းကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်း၏ မျက်လုံးများ တောက်ပသွားခဲ့သည် “ အို့၊ မင်းတို့က နှစ်ခြင်းခံယူတာ ပြီးသွားကြပြီလား။ ဒါဆိုရင်လည်း ကျန်တာတွေကို ဖြန်းတီးမနေတော့ဘူးနော် “
စကားပြောနေရင်းဖြင့် သူသည် ကျန်ရှိနေသည့် ရေကန်များကိုပါ ဝါးမြိုလိုက်သည်။
ထိုလူများသည် ဆွံ့အသွားကြကာ၊ နှလုံးသားများ လှုပ်ခါသွားခဲ့သည်။
လုချန်ရှန်း၏ မျက်နှာပေါ်တွင် ရှိနေသည့် အပြုံးမှာ မည်သို့မျှ မပျောက်ကွယ်သွားခဲ့ပေ။ အစတွင် သူသည် ထိုလူများက မထွက်သွားသောကြောင့် အဆိုပါ ရေကန်တစ်ချို့ကို သူတို့အတွက် ချန်ပေးထားရန် စဥ်းစားထားခဲ့သည်၊ သို့သော် ထိုလူများက ၎င်းကို မလိုချင်ကြသောကြောင့်၊ သူသည် အားနာနာဖြင့် အကုန်သိမ်းနေရတော့သည်။
ဖူးးး
သူ၏ခန္ဓာကိုယ် အတွင်းသို့ တိုးဝင်နေသည့် ဝိညာဥ်ချီများကို ခံစားလိုက်ရသောအခါတွင်၊ သူသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်။
သူသည် ပြုံးလွန်းနေသဖြင့် မျက်စိပေါက်များပင် မှေးကျဥ်းသွားခဲ့သည်။ ဤတစ်ကြိမ်တွင်သူသည် မှော်ပစ္စည်းများ ရောင်းချရန်နှင့် အဆင့်တက်ရောက်နိုင်မည့် နေရာတစ်ခုကို ရှာဖွေရန်အတွက်သာ ရောက်လာခဲ့ခြင်း ဖြစ်သည်၊ သို့သော် သူသည် မထင်မှတ်ထားသော အကျိုးအမြတ်များကိုပါ ရရှိခဲ့သည်။
အဆိုပါ ရေကန်များကို နှစ်ခြင်းခံယူရန်အတွက်သာ အဓိက အသုံးပြုကြပြီး၊ ၎င်းတို့က သူ့အတွက် များများစားစား အသုံးမဝင်သော်လည်း၊ ၎င်းတို့ထဲတွင် ရှိနေသည့် စွမ်းအားတို့မှာ အစစ်အမှန်သာ ဖြစ်နေခဲ့သည်။ အကယ်၍ သူကသာ နေရာအနည်းငယ်ဆီသို့ သွားရောက်လည်ပတ်လိုက်မည်ဆိုပါက၊ ၎င်းက ဝိညာဥ်ကျောက်တုံး သန်းဂဏန်းကို ချွေတာခြင်းပင် ဖြစ်သွားမည် မဟုတ်လော။
မကြာခင် အချိန်မှာပင် ဤနေရာရှိ ရေကန်အားလုံး ခမ်းခြောက်သွားခဲ့သည်။ လုချန်ရှန်းသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ နောက်ထပ်တစ်နေရာသို့ ဦးတည်သွားတော့သည်။
ထို့နောက်တွင် သူသည် နတ်ဘုရား သန့်စင်ခြင်း နန်းတော်၏ နယ်မြေဆီသို့ ရောက်ရှိလာခဲ့သည်။
ဤနေရာတွင်လည်း လူအနည်းမျှသာ ရှိနေခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းမှာ ရုတ်တရက် အသည်းကွဲသွားခဲ့သည်။ ဒီကောင်တွေက ငါ့ရဲ့ စီနီယာအစ်ကိုတွေကို တကယ်ကြီး ရိုက်နှက်ချင်နေကြတာပဲ၊ လွန်လွန်းတယ်ကွာ
သူသည် ပိုတွေးလေလေ ပို၍ဒေါသထွက်လေလေ ဖြစ်သွားခဲ့သည့်၊ ထို့ကြောင့် သူသည် လေထုအတွင်းတွင် ထိုင်ချကာ၊ ထပ်မံ၍ သိမ်းပိုက်နေတော့သည်။
ရေများသည် ရေတိုင်လုံးများအဖြစ် အသွင်ပြောင်းကာ၊ သူ့ဆီသို့ စုဝေးလာခဲ့ပြီး၊ သူ၏ ခန္ဓာကိုယ်ကို ဝိညာဥ်ချီတို့ဖြင့် ထပ်မံ၍ ပြည့်နှက်သွားစေခဲ့သည်။
နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူများသည် တအံ့တဩ ဖြစ်သွားကြသည်။
“ အတင့်ရဲလိုက်တဲ့ လူယုတ်မာ။ မင်းက ဒီနေရာကို ဘယ်လိုလုပ် ကျူးကျော်လာနေရဲတာလဲ။ မင်းသေချင်နေတာလား “
လူငယ်တစ်ဦးသည် ဒေါသတကြီး အော်ဟစ်လာခဲ့သည်။
ထိုလူများက ပြေးတက်လာသည်ကို မြင်လိုက်ရသောအခါတွင်၊ လုချန်ရှန်းသည် သူ၏လက်ကို ဝေ့ရမ်းကာ၊ ထိုလူများကို အဝေးသို့ တွန်းထုတ်ပစ်လိုက်သည်။ သူတို့သည် တောင်တန်းများစွာကို ကျော်ဖြတ်သွားကာ၊ တောင်တန်းတောအုပ်၏ တစ်စိတ်တစ်ပိုင်းကို ပြားကပ်သွားစေခဲ့ပြီးမှ ရပ်တန့်သွားခဲ့သည်။
“ မင်း ….. “
“ ဘာကိုမင်းလဲ။ ငါနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ မင်းတို့ နန်းတော်သခင်ကတောင် စကားကျယ်ကျယ် မပြောရဲဘူးကွ “
လုချန်ရှန်းသည် ထိုကဲ့သို့ တုံ့ပြန်လိုက်ကာ၊ ဝိညာဥ်ချီများကို ဆက်လက်၍ စုပ်ယူနေတော့သည်။
သူပြောလိုက်သည်မှာ အမှန်တရားဖြစ်သည်၊ အရိုက်အနှက်ခံနေရသည့် အချိန်တွင် ချူလျူရှန်း၏ အသံမှာ မည်သို့မျှ ကျယ်လောင်မနေခဲ့ပေ။ ၎င်းကို တွေးမိသွားသောအခါတွင် သူသည် အဆိုပါ လူကြမ်းကြီးကို အမှတ်ရသွားခဲ့သည်၊ တကယ်ကြမ်းတဲ့ လူကွာ၊ နည်းနည်းလေး ပိုပိုသာသာ အရိုက်ခံနေခဲ့ရတာတောင်မှ အသံတစ်သံမှ မထွက်ခဲ့ဘူး
သို့ရာတွင် သူကိုယ်တိုင်မှာလည်း ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်ခဲ့ဘဲ အဆက်မပြတ် ရိုက်နှက်နေခဲ့မိသည်။
“ ဟူး “
၎င်းကို တွေးမိသွားသောအခါတွင်၊ သူသည် အနည်းငယ် ဂဏာမငြိမ်ဖြစ်သွားခဲ့သည်။
ချူလျူရှန်းက ဘာလို့ အဲ့လောက်တောင် ကြောက်တတ်ရတာလဲဟ။ မူလကိုယ်နဲ့တောင် မသွားရဲဘဲ၊ ကိုယ်ပွားတစ်ခုကို လွှတ်လိုက်တယ်ပေါ့။ တကယ်လို့ မင်းသာ နည်းနည်းလောက် သတ္တိရှိလိုက်မယ်ဆိုရင်၊ ငါမင်းကို လုံး အပြတ်ရှင်းနိုင်ခဲ့မှာကွာ
အခုတော့ မင်းကို ရှာဖို့အတွက် အချိန်တစ်ခု ပေးရဦးမယ်
“ ဟူး “
၎င်းကို တွေးမိသွားသောအခါတွင် လုချန်ရှန်းသည် အသာအယာ သက်ပြင်းချနေခဲ့ပြီး၊ သူ၏လက်ကို ပြန်ရုတ်ကာ၊ နောက်တစ်နေရာဆီသို့ ဦးတည်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ထိုလူများသည် နတ်ကောင်းကင်ဂိုဏ်း၏ ချိုင့်ဝှမ်းအပြင်ဘက်သို့ ရောက်ရှိလာကြပြီ ဖြစ်သည်။ ရှင်းပြ၍မရနိုင်သော စွမ်းအားတစ်ခုက သူတို့အားလုံးကို တားဆီးနေကာ၊ အသံပင် ဖောက်မဝင်သွားအောင် ပိတ်ဆို့ကာဆီးနေခဲ့သည်။
အတွင်းတွင် ရှိနေသည့် လူများသည် နှစ်ခြင်းကို အေးအေးလူလူ ခံယူနေကြရသည်။
၎င်းမှာ ဤလူများကို ဒေါသတကြီး ဖြစ်သွားစေခဲ့သည်။
“ ချီးပဲ၊ ဘာတွေ ဖြစ်နေတာလဲဟ “ စုန့်ချင်သည် စိတ်ရှုပ်ထွေးသွားကာ ကျိန်ဆဲနေတော့သည်။
နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူတစ်ဦးသည် စကားဝင်ပြောလာခဲ့သည် “ ကူချန်ကျွင်းက ဒီလိုဖြစ်လာလိမ့်မယ်လို့ ကြိုတွေးထားပြီးတော့ အရံအစီအစဥ်တွေ ချထားတာများလား “
“ ကြည့်ကြဦး၊ လုချန်ရှန်းက ဒီနေရာမှာ မရှိဘူး “
“ … “
လူတိုင်း ဆွေးနွေးပြောဆိုနေကြပြီး၊ အခြေအနေကို ကြိုတင်သတင်းမပေးသည့်အတွက် ကျောက်ရုန်ကို အပြစ်တင်နေကြတော့သည်။
ယခုတွင် အတွင်းသို့ ဝင်ကာ ထိုညီအစ်ကို သုံးယောက်ကို မရိုက်နှက်နိုင်သောကြောင့်၊ သူတို့သည် သူတို့၏ သက်ဆိုင်ရာ နေရာများဆီသို့ ပြန်သွားကြကာ၊ နှစ်ခြင်းကို ခံယူခဲ့ပြီးမှ ပြန်လာကြရန် ဆုံးဖြတ်လိုက်ကြသည်။
လူတော်တော်များများသည် ၎င်းက ကျိုးကြောင်းဆီလျော်သည်ဟု ထင်မြင်နေကာ၊ ခေါင်းငြိမ့်လာခဲ့ကြသည်။
သူတို့သည် ပြန်သွားရန် ချက်ချင်းပြင်ဆင်နေကြတော့သည်။
သို့သော် သူတို့ နောက်လှည့်လိုက်သည့် အချိန်မှာပင်၊ သူတို့၏ ဂိုဏ်းတူတပည့်များက သူတို့ထံသို့ ကဆုန်ပေါက်၍ ပြေးလွှားလာနေသည်ကို မြင်တွေ့သွားကြသည်။
၎င်းကို မြင်လိုက်ရသောအခါတွင် စုန့်ချင်သည် မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည် “ မင်းတို့က နှစ်ခြင်းကို ဘာကိစ္စ အေးအေးဆေးဆေး မခံယူရကြတာလဲ။ ဒီကို ဘာလာလုပ်ကြတာလဲ “
ရောက်ရှိလာသူသည် ကြက်သေသေသွားခဲ့သည်၊ နှစ်ခြင်းခံယူဖို့လား။ ဘာနှစ်ခြင်းလဲ။ တစ်အိမ်လုံး ဓားပြတိုက်ခံလိုက်ရပြီဗျ
သို့သော် သူသည် စကားပြန်ပြောလိုက်သေးသည် “ စီနီယာအစ်ကို၊ အခုလေးတင်ပဲ ကျွန်တော်တို့နေရာကို လူတစ်ယောက် ရောက်လာခဲ့ပြီးတော့၊ ရေကန်တွေအားလုံးကို လုယက်သွားပါတယ် “
“ ဘာကြီး “
စုန့်ချင်သည် အံ့ဩတုန်လှုပ်သွားကာ၊ အလောတကြီး မေးမြန်းလိုက်သည် “ သူဘယ်မှာလဲ “
“ သူထွက်ပြေးသွားပါပြီ “
……………………………………………………………………………………………………………………………………
အပိုင်း ( 110 )
ခင်ဗျားက ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ်လေ။ ကျွန်တော်က ခင်ဗျားကို အများကြီး လေးစားတာဗျ
ချိုင့်ဝှမ်းအပြင်ဘက်ရှိ လူတစ်စုသည် ဒေါသတကြီး ဖြစ်သွားကြသည်။
သူတို့ ထွက်သွားခဲ့ပြီးသည့်နောက် သိပ်မကြာခင် အချိန်မှာ သူတို့၏ အိမ်များက ဓားပြတိုက်ခံလိုက်ရလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
စုန့်ချင်နှင့် နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူတို့၏ အမူအရာများ မည်းမှောင်သွားခဲ့သည်။
ယခုတွင် ကူချန်ကျွင်း၏ တပည့်များကို မရိုက်နှက်နိုင်ရုံတင်မဟုတ်ဘဲ၊ နှစ်ခြင်းခံယူရမည့် ရေကန်များကိုပါ ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။
အနီးအနားတွင် ရှိနေသည့် လူငယ်များသည် လှမ်းကြည့်ကာ၊ လှောင်ပြောင်လာခဲ့သည် “ ကြည့်ရတာတော့ မင်းတို့က တစ်ယောက်ယောက်ကို ရန်စမိသွားတဲ့ပုံပဲ “
“ တစ်ယောက်ယောက်ကို ရန်စမိတာလား “
“ ငါ့ဂိုဏ်းက ပိုင်ဆိုင်တဲ့ ပစ္စည်းကို ယူသွားရဲရလောက်တဲ့အထိ ဘယ်ကောင်က အတင့်ရဲနေတာလဲ “ စုန့်ချင်၏ အမူအရာ ပြာနှမ်းနေခဲ့သည်။
ဒေါင်းမျိုးနွယ်စု၏ လူငယ်တစ်ဦးမှာလည်း စကားဝင်ပြောလာခဲ့သည် “ ကောင်းကင်တံခါးနဲ့ နတ်ဘုရား သန့်စင်ခြင်း နန်းတော်က တော်တော်လေးကို အစွမ်းထက်တာလား။ လူတိုင်းကို ကြောက်သွားစေလောက်တဲ့အထိ သန်မာတာလား “
“ မင်းဘာပြောချင်နေတာလဲ “
နှစ်ဖက်စလုံးသည် ရန်လိုသော အကြည့်များဖြင့် ဒေါင်းမျိုးနွယ်စုဝင်များကို ကြည့်လိုက်ကြသည်။
လူငယ်သည် ရယ်ရယ်မောမောဖြင့် ပြန်ပြောလာခဲ့သည် “ အဲ့တာက မင်းတို့က အဆင့်မမှီဘူးဆိုတာကို သက်သေပြနေတယ်၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင်၊ မင်းတို့က ပစ်မှတ်ထားခံရမှာ မဟုတ်ဘူး။ ငါတို့ ဒေါင်းမျိုးနွယ်စုလိုပေါ့၊ ငါတို့က ကမ္ဘာကြီးမှာ နှစ်တစ်သောင်းကြာ အမွေအနှစ်နဲ့အတူ ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နေနိုင်ခဲ့တယ်။ ငါတို့ကို ဘယ်သူက တပ်မက်ရဲလဲ “
ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ဒေါင်းမျိုးနွယ်စု အဖွဲ့ဝင်များ၏ မျက်နှာများပေါ်တွင် မာနထောင်လွှားမှုတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။
ထိုမြင်ကွင်းသည် လူများကို ဒေါသတကြီးဖြင့် အံကြိတ်သွားစေခဲ့သည်။
ယခင်က ရွှေတောင်ပံ ပန်ဘုရင်လေးက မောက်မာခဲ့သော်လည်း၊ သူသည် သူ၏ ကိုယ်ပိုင်စွမ်းရည်ကြောင့်သာ ထိုကဲ့သို့ ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤလူများကမူ သူတို့၏ ဘိုးဘေးများ၏ အောင်မြင်မှုများကို မှီခိုကာ လေကျယ်နေခဲ့ခြင်း ဖြစ်သည်။
သူတို့က ပန်မျိုးနွယ်စုနှင့် ကောင်းမွန်သော ဆက်ဆံရေးများကို ပိုင်ဆိုင်ထားခဲ့ပြီး၊ ဒေါင်းမျိုးနွယ်စုက ပန်မျိုးနွယ်စုနှင့် သဘောထားကွဲလွဲမှုများ ရှိနေခဲ့သောကြောင့်၊ ထိုလူများက သူတို့ကို လှောင်ပြောင်နေခဲ့ခြင်းပင် ဖြစ်သည်။
ဒေါင်းမျိုးနွယ်စု၏ အဖွဲ့ဝင်များသည် ထပ်မံ၍ စကားပြောလာခဲ့သည် “ မင်းတို့က တတ်နိုင်သမျှ အမြန်ဆုံး ပြန်ဆုတ်သွားသင့်တယ်။ မင်းတို့က အဲ့လူကို ရှာတွေ့ပြီးတော့ ရေကန်ကို ပြန်ရနိုင်သေးတယ်။ ကူချန်ကျွင်းရဲ့ တပည့်တွေကို ရိုက်နှက်ဖို့အတွက်ကတော့ ငါတို့ဆီကို လွှဲထားလိုက် “
“ မင်း ……. “
သူတို့စကားပြောနေကြသည့် အချိန်မှာပင်၊ အဝေးတွင် အလင်းတန်းတစ်ခု လင်းလက်လာခဲ့သည်။ ၎င်းမှာ လေထုကို ကျော်ဖြတ်ကာ ပျံသန်းလာနေသည့် ဒေါင်းတစ်ကောင်ဖြစ်သည်၊ တစ်ခဏအကြာတွင် ၎င်းသည် ဤနေရာသို့ ရောက်ရှိလာခဲ့သည်။
မည်သူမှ မမေးမြန်းရသေးခင် အချိန်မှာပင်၊ အသစ်ရောက်ရှိလာသူသည် ထိတ်လန့်တကြား ပြောဆိုလာခဲ့သည် “ ဝမ်းကွဲ၊ မကောင်းတော့ဘူး။ ငါတို့ရေကန်တွေကို လူသားမျိုးနွယ်စုရဲ့ အဖွဲ့ဝင်တစ်ယောက်က လုယက်သွားတယ် “
“ ဘာဖြစ်တယ် “
ယခင်က မာထောင်လွှားနေခဲ့သည့် ဒေါင်းသည် အမူအရာ ချက်ချင်းပြောင်းလဲသွားခဲ့သည်။
သို့ရာ၌ အစတွင် မျက်နှာရှံ့မဲ့နေခဲ့သည့် တစ်ခြားလူများကမူ ချက်ချင်းပြုံးသွားခဲ့ကြသည်။
“ ဟားဟားဟား “
“ ဆိုတော့ အဲ့တာက ဒေါင်းမျိုးနွယ်စုရဲ့ ဟန့်တားနိုင်စွမ်းပေါ့၊ တကယ်ကို အံ့ဩဖို့ကောင်းတာပဲ “
“ ဒီဟန့်တားမှုက တကယ်ကို ကောင်းတယ်၊ မင်းတို့ကို နောက်ဆုံးမှာ ထားပေးထားတယ်၊ တကယ်ကို မယုံနိုင်စရာ ကောင်းလွန်းတယ် “
“ ဘုရားရေ၊ တော်တော်ကြီးကို ကြောက်ဖို့ကောင်းတာပဲ “
“ … “
ဒေါင်းမျိုးနွယ်စု၏ အဖွဲ့ဝင်များသည် ဒေါသတို့ဖြင့် တုန်တုန်ရင်ရင် ဖြစ်သွားခဲ့သည်။ သူတို့သည် ယခုလေးတွင် ဂုဏ်ဆာအာကျယ်နေခဲ့သည်၊ သို့သော် သူတို့သည် ကြာကြာမပျော်နိုင်ခဲ့ဘဲ၊ သိပ်မကြာခင် အချိန်မှာပင် မျက်နှာတည့်တည့် ဖြတ်ရိုက်ခံလိုက်ရသည်။
သူတို့သည် တစ်ခြားလူများကို ယခုလေးတင် လှောင်ပြောင်ပြောဆိုနေခဲ့ခြင်းဖြစ်ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့မှာ ပြန်၍ အလှောင်ခံလိုက်ရသည်။
“ ဒေါင်းမျိုးနွယ်စုက ညီအစ်ကို၊ ဘာလို့ မြန်မြန်ပြန်သွားပြီးတော့၊ ရေကန်တွေကို ပြန်မယူရတာလဲ “ စုန့်ချင်သည် အပြုံးဖြင့် ပြန်၍လက်စားချေ လှောင်ပြောင်လာခဲ့သည်။
ထိုစကားလုံးများကို နားထောင်ခဲ့ရပြီး၊ ထိုကဲ့သို့ ရယ်မောနေသည့် လူများကို မြင်လိုက်ရသောအခါတွင်၊ ဒေါင်းမျိုးနွယ်စုတို့၏ လူများမှာ အံတကြိတ်ကြိတ် ဖြစ်သွားခဲ့သည်။
အဆုံးတွင် တစ်စုံတစ်ဦးမှ စကားဝင်ပြောလာခဲ့သည် “ အဲ့တာက ရယ်စရာကောင်းလို့လား။ မင်းတို့နဲ့ ငါတို့ကြားမှာ ဘာကွာခြားချက် ရှိနေလို့လဲ။ ဒါမှမဟုတ် မင်းတို့က စိတ်ကြိုက်ရယ်နေကြပြီးမှ၊ ရေကန်ကို ပြန်ယူကြမလို့လား “
“ အဲ့တာက …….. “
လူတိုင်း ဆွံ့အသွားကြသည်။
“ ရေကန်တွေကို ဘယ်လို ပြန်ယူရမလဲဆိုတာကို စဥ်းစားနေသင့်တယ် မဟုတ်ဘူးလား “
သူ၏စကားများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်းသတိပြန်ဝင်လာကြသည်။
ချက်ချင်းဆိုသလိုပင် လူတိုင်း နောက်လှည့်ပြန်သွားကြသည်။ ဒီနေရာကို ကာကွယ်စောင့်ကြပ်နေသည့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု ရှိနေသောကြောင့်၊ သူတို့သည် အချိန်အတိုင်းအတာတစ်ခုအထိ ဝင်နိုင်ဦးမည် မဟုတ်ပေ။ ရေကန်များကို ပြန်ယူခြင်းကသာလျှင် အမှန်ကန်ဆုံး လမ်းကြောင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် လုချန်ရှန်းသည် အင်အားစုသုံးခုထံမှ ရေကန်များကို စုဆောင်းခဲ့ပြီးသည့်နောက်တွင်၊ ရှေ့သို့ ဆက်သွားနေခဲ့သည်။
လမ်းတစ်လျှောက်တွင် သူသည် ပြန့်ကျဲနေသည့် ရေကန်ငယ်တစ်ချို့ကို မြင်တွေ့ခဲ့ရသည်၊ သို့သော် သူမလှုပ်ရှားခဲ့ပေ။
ထိုနေရာများသည် ဂိုဏ်းငယ်လေးများနှင့် တစ်ကိုယ်တော်ကျင့်ကြံသူများအတွက် ချန်ထားသော အရာများ ဖြစ်သည်။ ကောင်းကင်တံခါးနှင့် ဒေါင်းမျိုးနွယ်စုတို့မှ လူများအတွက်မူ၊ နှစ်ခြင်းခံယူခြင်းမှာ အခွင့်အလမ်း တစ်ခုမျှသာ ဖြစ်နေခဲ့သည်၊ အကယ်၍ သူတို့ကသာ ၎င်းကို လွဲချော်သွားကြမည်ဆိုပါက၊ တစ်ခြားသော နည်းလမ်းများဖြင့် လျော်ကြေးရရှိမည် ဖြစ်သည်။
သို့သော် ဂိုဏ်းငယ်လေးများ အတွက်မူ၊ အထူးသဖြင့် တစ်ကိုယ်တော် ကျင့်ကြံသူများဖြစ်ပြီး၊ ၎င်းမှာ သူတို့၏ ဘဝများကို ပြောင်းလဲပေးနိုင်သည့် တစ်ခုတည်းသော အခွင့်အရေးဖြစ်နေခဲ့သည်။
လုချန်ရှန်းသည် ထိုလူများ၏ အခက်အခဲများကို သိနေခဲ့သည်၊ သူ့ထံတွင် ကျန်ရှိနေသည့် အနည်းငယ်မျှသော အသိတရားသည် သူ့ကို လှုပ်ရှားခြင်းမှ တားဆီးနေခဲ့သည်။ သူသည် အသာအယာ သက်ပြင်းချနေရုံသာ တတ်နိုင်တော့သည်။
“ ဟူး၊ ငါလေးက တော်တော်ကြီးကို ကြင်နာတတ်လွန်းနေပါတယ်လေ “
ထို့နောက်တွင် သူသည် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာကာ၊ တစ်ခြားသော အခွင့်အလမ်းတစ်ခုခု ရှိနေမလားဆိုသည်ကို ရှာဖွေနေခဲ့သည်။
တောင်ကျချောင်းတစ်ခုအနားမှ ဖြတ်သွားသည့် အချိန်တွင် သူသည် ရေကန်တစ်ခုကို အမှန်တကယ် ရှာဖွေတွေ့ရှိခဲ့သည်။
ဖျော့တော့သော ရွှေရောင် အလင်းတန်းတစ်ခု လိမ်ယှက်နေကာ၊ အတွင်းတွင် လူတစ်ချို့ ရှိနေခဲ့သည်။
“ အဲ့တာက ထျန်းယွမ်မြို့ရဲ့ နေရာထင်တယ် “
သူသည် ယခင်က နယ်မြေခွဲခြားမှုများကို အမှတ်ရသွားခဲ့သည်၊ ထျန်းယွမ်မြို့ထံတွင်လည်း ကိုယ်ပိုင်နေရာတစ်ခု ရှိနေခဲ့သည်။
သူသည် ထိုနေရာတွင် တစ်ခဏခန့် စောင့်ကြည့်ကာ၊ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည် “ ထျန်းယွမ်မြို့သခင်က အဲ့လူယုတ်မာအိုကြီး၊ ငါ့ဆရာနဲ့ ရန်ငြှိုးတွေ ရှိလား “
၎င်းကို တွေးမိသွားသောအခါတွင် သူသည် ဂရုတစိုက် ပြန်လည်တွေးတောစဥ်းစားနေခဲ့ပြီး၊ မည်သည့်ရန်ငြှိုးအကြောင်းကိုမှ မကြားခဲ့ရဖူးဘူးဆိုသည်ကို ပြန်၍အမှတ်ရသွားခဲ့သည်။
ရန်ငြှိုးမရှိဘူးဆိုပါက၊ ခက်ခဲသွားလိမ့်မည် ဖြစ်သည်။ သူသည် ပေါ်ပေါ်တင်တင် ဓားပြတိုက်တတ်သည့် လူစားမျိုး မဟုတ်ပေ။ အကြောင်းပြချက်တစ်ခု၊ အကျိုးအကြောင်း တစ်ခု ရှိနေရမည် ဖြစ်သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက၊ သူက မည်သည့် လူစားမျိုး ဖြစ်သွားမည်နည်း။
သူသည် စည်းမျဥ်းစည်းကမ်းများ ရှိသည့် လူတစ်ဦး ဖြစ်သည်။ ထိုကဲ့သို့သော မဟုတ်ဘူးဆိုပါက၊ အကယ်၍ နောင်အနာဂတ်တွင် သူက မဟာတာအိုကို ရရှိကာ၊ သက်ရှိသတ္တဝါ အားလုံး၏ ကိုးကွယ်မှုကို ခံယူရသည့် အချိန်တွင်၊ အားလုံးက သူ့ကို လေးစားကြည်ညိုနေရမည့်အစား ဝိုင်း၍ ကျိန်ဆဲနေကြပါက မည်ကဲ့သို့ ဖြစ်သွားမည်နည်း။
သူသည် တစ်စုံတစ်ဦးကို မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။
လမ်းမထက်တွင် တစ်ခဏခန့် လမ်းလျှောက်နေခဲ့သော်လည်း၊ သူသည် မည်သူ့ကိုမှ ရှာမတွေ့ခဲ့ပေ။ သူအတွေးနက်သွားသည့် အချိန်မှာပင် ငါးရောင်ခြည် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ကာ၊ လူငယ်တစ်ဦးက ၎င်း၏အနောက်သို့ ပြေးလိုက်နေသည်ကို မြင်တွေ့သွားခဲ့သည်။
သူသည် နှစ်ဆယ့်လေး(သို့) နှစ်ဆယ့်ငါးအရွယ်မျှ ဖြစ်ပြီး၊ ချောမောသော ရုပ်ရည်ကို ပိုင်ဆိုင်ထားခဲ့သည်၊ သို့သော် သူသည် ရောင်စုံဝတ်စုံကို ဝတ်ဆင်ထားကာ၊ အနည်းငယ် တောက်ပြောင်နေခဲ့သည်။ သို့ရာ၌ သူ၏မျက်လုံးများအတွင်းတွင် မောက်မာမှု အရိပ်အငွေ့များ စွန်းထင်းနေပြီး၊ သူသည် လုချန်ရှန်း၏ လမ်းကြောင်းကို တားဆီးပိတ်ဆို့လာခဲ့သည်။
“ ရပ်လိုက်စမ်း “
လူငယ်၏ အသံ ဟိန်းထွက်လာခဲ့သည်။
လုချန်ရှန်းသည် ဘေးဘယ်ညာနှစ်ဖက်ကို လှည့်ကြည့်ကာ၊ အနားတွင် မည်သူမှ မရှိဘူးဆိုသည်ကို အတည်ပြုခဲ့ပြီးသည့်နောက်မှ၊ ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည် “ ငါလား “
“ ဒီနေရာမှာ မင်းကလွဲပြီးတော့ ဘယ်သူရှိသေးလို့လဲ “ လူငယ်သည် အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့သည်။
ထိုကဲ့သို့သော စိတ်သဘောထားမျိုးကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားကာ ပြန်ပြောလိုက်သည် “ တစ်ခုခု လိုအပ်တာရှိလို့လား “
“ မရှိဘူးဆိုရင် မင်းကို ဘာကိစ္စဒီနေရာမှာ ရပ်ခိုင်းလိုက်ရမှာလဲ ” လူငယ်သည် မျက်မှောင်ကြုတ်သွားခဲ့ပြီး၊ သူ၏မျက်လုံးများ အတွင်းတွင် မကျေမနပ်ဖြစ်နေသည့် အရိပ်အငွေ့များ စွန်းထင်းနေခဲ့သည်။
ထို့နောက်တွင် လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ ငါဒီနေ့ စိတ်အခြေအနေကောင်းတယ်၊ ဆိုတော့ မင်းမေးတာကို ပြန်ဖြေပေးနိုင်တယ်။ ပြော၊ ဘာကိစ္စလဲ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လူငယ်သည် ချက်ချင်းရယ်မောသွားခဲ့သည်။
“ ဟားဟားဟား၊ ကောင်လေး၊ မင်းက တော်တော်လေးကို မောက်မာတာပဲကွ။ စိတ်အခြေအနေ ကောင်းတာလား၊ ဟက်။ ငါမင်းကို စိတ်အခြေအနေ ဆိုးသွားအောင် လုပ်လိုက်မှာကို မကြောက်ဘူးလား “ လူငယ်သည် ပြောဆိုနေရင်းဖြင့်၊ ရှေ့သို့ ခြေတစ်လှမ်းတိုးလာခဲ့သည်၊ အားကောင်းသော မှော်စွမ်းအားတစ်ခု ပေါက်ထွက်လာခဲ့ကာ၊ ၎င်းနှင့်အတူ ဖိနှိပ်မှု အရှိန်အဝါတစ်ခုပါ အဖော်ပြုလိုက်ပါလာခဲ့သည်။
လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားကာ ပြန်ပြောလိုက်သည် “ အခုတောင် စိတ်အခြေအနေ မကောင်းတော့ဘူး “
ထို့နောက်တွင် သူခန္ဓာကိုယ်မှ ဓားချီပေါက်ထွက်လာခဲ့သည်။ ဖိအားဟုခေါ်ဆိုသည့် အရာသည် ချက်ချင်းပြိုကွဲသွားခဲ့ပြီး၊ မှော်စွမ်းအားတို့မှာလည်း အပြည့်အဝ ဖျက်စီးခံလိုက်ရသည်။
ခြေတစ်လှမ်းတည်းဖြင့် ဓားချီသည် ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားကာ၊ ဤနေရာတစ်ခုလုံးကို ပိတ်လှောင်လိုက်သည်။
လူငယ်၏ အမူအရာသည် ချက်ချင်းဖြူဖျော့သွားခဲ့သည်။ သူသည် လုချန်ရှန်းကို ချက်ချင်းစိုက်ကြည့်လာခဲ့ပြီး၊ သူ၏စိတ်ထဲတွင် ဆိုးရွားသော ခံစားချက်တစ်ခု လှိုက်တက်လာခဲ့သည်။
“ နေပါဦး၊ မင်းက ချင်းယီလား “
“ မင်းက ငါ့ကို သိတာလား “
လုချန်ရှန်းသည် ထူးဆန်းသော အမူအရာဖြင့် သူ့ကို ကြည့်လိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် လူငယ်သည် ကြောက်လွန်းသဖြင့်၊ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
လော့ယွမ်တောင်တန်းဒေသတွင် အစိမ်းရောင် ဝတ်စုံနှင့် လူငယ်တစ်ဦး ပေါ်လာခဲ့ပြီး၊ သူသည် မောက်မာသော ပန်ဘုရင်လေးကို အရင်ဦးဆုံး အနိုင်ယူခဲ့သည်၊ ထို့နောက်တွင် နတ်ဘုရား သန့်စင်ခြင်း နန်းတော်၏ နန်းတော်သခင်၏ ကိုယ်ပွားကို တစ်ကိုယ်တော် ရင်ဆိုင်ကာ၊ အပြတ်အသတ်ချေမှုန်း၍ သတ်ဖြတ်ခဲ့သည်။
သူက ၎င်းကို ကိုယ်တိုင် မမြင်တွေ့ခဲ့ရသော်လည်း၊ ယခုတွင် ၎င်းကို အံ့ဖွယ်ကောင်းသည့် ဓားတာအိုကို ပိုင်ဆိုင်ထားသည့် လူတစ်ဦးက ပြုလုပ်ခဲ့သည်ဆိုသည်ကို လူတိုင်းက သိနေခဲ့ကြပြီ ဖြစ်သည်။
ဓားချီက အလွန်တရာ အံ့ဖွယ်ကောင်းပြီး၊ အသက်အရွယ်ကလည်း ကိုက်ညီနေသည်ကို မြင်လိုက်ရသောအခါတွင် သူသည် မှန်းဆချက်တစ်ခုကို ယခုလေးတင် ပြုလုပ်လိုက်သည်။ ထင်ထားခဲ့သည့်အတိုင်းပင် သူသည် အကောင်ကြီးတစ်ကောင်ကို စော်ကားခဲ့မိပြီ ဖြစ်သည်။
အဆိုပါ လူငယ်သည် လုချန်ရှန်းက တုံ့ပြန်လာမည်ကို စောင့်ဆိုင်းမနေဘဲ၊ လျင်မြန်စွာ ထရပ်လာခဲ့ပြီး၊ သူသည် ရုတ်တရက် မျက်ရည်ဝဲသွားကာ၊ ရိုးရိုးသားသား ထပ်ပြောလာခဲ့သည် “ အစ်ကိုချင်းယီ၊ နောက်ဆုံးတော့ ကျုပ်ခင်ဗျားကို ရှာတွေ့ခဲ့ပြီ “
“ ဘာကိုဆိုလိုတာလဲ “ လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့သည်။
လူငယ်မှ ပြန်ပြောလာခဲ့သည် “ ခင်ဗျားမသိလို့ပါ၊ ခင်ဗျားရဲ့ လုပ်ရပ်တွေကို ကြားခဲ့ရပြီးတဲ့ အချိန်ကတည်းက၊ ခင်ဗျားက ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ် ဖြစ်လာခဲ့တယ်။ ခင်ဗျားက ကျွန်တော့်ရဲ့ ပန်းတိုင်၊ ကျွန်တော့် အိုင်ဒေါပဲ “
“ ငါအဲ့တာကို တကယ် မသိခဲ့ဘူး “
“ ကျွန်တော် ခင်ဗျားကို လေးစားတယ် “
လုချန်ရှန်းသည် အတွေးနက်သွားခဲ့ပြီး၊ ၎င်းက ဘာကိုဆိုလိုလဲဆိုသည်ကို အကြမ်းဖျင်း နားလည်သွားပုံရကာ၊ ပြန်ပြောလိုက်သည် “ မင်းက ဘယ်လို ကစားရမလဲဆိုတာကို တကယ်သိတာပဲ “
“ ကျွန်တော်က အမှန်တရားကို ပြောနေတာဗျ။ ခင်ဗျားက ပန်ဘုရင်လေးကို အမှောက်သိပ်တဲ့ အချိန်ကတည်းက၊ ခင်ဗျားကို လေးစားမိသွားတာ။ ခင်ဗျားမသိပါဘူး၊ ပန်ဘုရင်လေးက ကျွန်တော့်ကို ငယ်ငယ်လေးကတည်းက အနိုင်ကျင့်နေခဲ့တာ။ သူက ကျွန်တော့်ကို သေလောက်အောင် ရိုက်နှက်ခဲ့တာဗျ။ သူက ငှက်တစ်ကောင်လေးပဲ မဟုတ်ဘူး။ ခင်ဗျားက သူ့ကို ရိုက်နှက်လိုက်တယ်လို့ ကြားခဲ့ရတဲ့ အချိန်တုန်းက ကျုပ်က ခင်ဗျားကို ကျုပ်ရင်ထဲကနေ ကျေးဇူးတင်နေခဲ့တာဗျ “
လုချန်ရှန်း : “ … “
ငိုယိုကာ ပန်ဘုရင်လေးကို ရှုံ့ချနေသည့် လူငယ်ကို မြင်လိုက်ရသောအခါတွင် သူသည် တစ်ခဏခန့် အတွေးနက်သွားခဲ့သည်။
သူက ထိုလူငယ်၏ စကားများကို မယုံကြည်ခြင်း မဟုတ်ဘဲ၊ သူ၏ သရုပ်ဆောင်စွမ်းရည်နှင့် အရှက်မဲ့မှုတို့ကြောင့် အံ့အားသင့်သွားခဲ့ခြင်း ဖြစ်သည်။ ထိုကောင်သည် ယခုလေးတင် မောက်မာကြီးစိုးနေခဲ့သည်၊ သို့သော် ယခုတွင်ကား ယုန်သူငယ်လေးတစ်ကောင်ကဲ့သို့ပင် နှိမ့်နှိမ့်ချချဖြင့် အရှုံးပေးနေခဲ့သည်။ အရာအားလုံးက လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သည်။
သူသည် ဤမျှ လိုက်လျောညီထွေဖြစ်အောင် နေနိုင်စွမ်းရှိသူတစ်ဦးကို ပထမဦးဆုံးအကြိမ်အဖြစ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။
…………………………………………………………………………………………………………………………………
အပိုင်း ( 111 )
ရေလိုက်ငါးလိုက် နေတတ်သူ
ထိုအချိန်တွင် သူတို့၏ အကြည့်များ ဆုံတွေ့သွားခဲ့သည်။
လုချန်ရှန်းသည် လှုပ်ရှားရန် လောမနေခဲ့ဘဲ၊ ထိုလူ့ကို စူးစမ်းကာ အကဲခတ်နေခဲ့သည်။
ဤလူ၏ အရှက်တရား ကင်းမဲ့မှုကို ယခုလေးတင် မြင်တွေ့ထားရသောကြောင့်၊ လုချန်ရှန်းသည် သူကိုယ်တိုင်က ခပ်အေးအေးသာ နေတတ်သည်ဟု ရုတ်တရက် ခံစားသွားခဲ့ရသည်။
“ အစ်ကိုချင်း၊ မင်းက ယုံမှာ မဟုတ်ဘူးဆိုပင်မဲ့၊ မင်းရဲ့ လုပ်ရပ်တွေအကြောင်းကို ကြားခဲ့ရပြီးတဲ့နောက်မှာ ငါက အဲ့အချိန်တုန်းက လော့ယွမ်တောင်တန်းကို မသွားခဲ့မိတဲ့အတွက် အတော်လေး နောင်တရနေခဲ့တာပါကွာ။ မင်းနဲ့ ဒီမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး “ လူငယ်သည် စကားပြောဆိုနေရင်းဖြင့် စိတ်ခံစားချက်များ ပိုမိုပေါက်ထွက်လာခဲ့သည်။
လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားကာ၊ ပြန်ပြောလိုက်သည် “ ငါ့ကို ဖိနှိပ်မယ်လို့ ခုနကလေးတင် မင်းပြောနေခဲ့တာ မဟုတ်ဘူးလား “
“ အို့ “
“ အစ်ကိုချင်းရေ၊ ရိုးရိုးသားသားပြောရမယ်ဆိုရင်၊ ဘယ်ကမှန်းမသိတဲ့ လူယုတ်မာတစ်ကောင်က ရုတ်တရက် ပေါ်လာပြီးတော့ ဂိုဏ်းသုံးဂိုဏ်းရဲ့ ရေကန်တွေကို လုယူသွားတယ်တဲ့။ ကျွန်တော်က လုပ်စရာကိစ္စလေးတစ်ခုရှိလို့ ခဏလောက် နောက်ကျသွားခဲ့တာ။ သူက အရာအားလုံးကို ယူသွားပြီလေ “ လူငယ်သည် ဒေါသတို့ဖြင့် ပြောဆိုလာခဲ့သည်။
“ အဲ့တာကြောင့် အခုလေးတင် ဖြစ်သွားခဲ့တာက အထင်လွဲမှားမှုလေးပါပဲ။ တကယ်လို့ အဲ့လူကို ဖမ်းမိမယ်ဆိုရင်၊ အရှင်လတ်လတ် အရေခွံဆုတ်ပစ်မယ် “
“ အမ် …… “
လုချန်ရှန်းသည် သူ၏ ပြောစကားများကို နားထောင်နေရင်းဖြင့် အလိုလို တိတ်ဆိတ်ငြိမ်သက်သွားကာ၊ ထိုလူငယ်ကို ငေးကြည့်မိနေတော့သည်။
လူငယ်သည် အချိန်အတော်ကြာ စကားပြောနေခဲ့ပြီးမှ သူ့ကို ကြည့်ကာ မေးမြန်းလာခဲ့သည် “ အစ်ကိုချင်း၊ ဘာလို့ ဘာမှမပြောရတာလဲဗျ “
“ ဘာကိုပြောရမှာလဲ “
“ အခုကိစ္စက ဟိုလူယုတ်မာကြောင့် ဖြစ်ခဲ့ရတာလို့ ကျွန်တော် ရှင်းပြနေခဲ့တာလေ၊ အဲ့တာ ……… “
လုချန်ရှန်းသည် သူ့ကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည် “ ငါက မင်းပြောနေတဲ့ အဲ့ဒီလူယုတ်မာပဲ “
“ အာ? “
အဆိုပါ အဖြေသည် အလွန်တရာ ရုတ်တရက်ဆန်လွန်းနေခဲ့ပြီး၊ လူငယ်ကို အချိန်အတော်ကြာ မှင်သက်သွားစေခဲ့သည်။
သို့ရာတွင် လူငယ်၏ ခြေထောက်များမှာ တုန်ရင်နေခဲ့ပြီ ဖြစ်သည်၊ သူသည် သူ့အရှေ့တွင် ရှိနေသည့် လူက လော့ယွမ်တောင်တန်းဒေသ၏ ပဥ္စမတောင်တန်းတွင် ပန်ဘုရင်လေးကို ရက်ရက်စက်စက် ရိုက်နှက်ခဲ့သည့် လူဆိုသည်ကို သိနေခဲ့သည်။
၎င်းသည် တစ်ဖက်လူက အနိမ့်ဆုံးအနေဖြင့် အူတိုင်ဖွဲ့စည်းခြင်း နယ်ပယ်တွင် ရှိနေပြီး၊ အဆင့်၉ ဓားတာအိုကို ပိုင်ဆိုင်ထားလိမ့်မည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
သူ့လိုလူ ဆယ်ယောက်ကပင် ထိုကဲ့သို့သော လူမျိုးကို တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပေ။
“ အစ်ကိုချင်း၊ အဲ့ကိစ္စက …. အဲ့တာက မင်းဆိုတာကို ငါမသိခဲ့ဘူး။ ငါက မင်းကို ငါ့ရဲ့ စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားတာဆိုတော့၊ မင်း ……… “
လုချန်ရှန်းသည် ထိုစကားများကို အေးအေးလူလူ နားထောင်နေခဲ့သည်။
သူသည် အကြည့်လွှဲလိုက်ပြီး၊ သူ၏မျက်နှာပေါ်တွင် မထင်မရှားဖြစ်နေသည့် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် လူငယ်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်၊ သို့သော် နောက်ထပ်စကားတစ်ခွန်းသည် သူ့ကို ကြက်သီးများ ထသွားစေခဲ့သည်။
“ အဆင်ပြေပါတယ်၊ ငါက တော်တော်လေးကို ဖော်ရွေတဲ့ လူတစ်ယောက်လေ။ ကိစ္စက ဒီလိုမျိုး ဖြစ်လာပြီဆိုတော့၊ ငါမင်းကို ရွေးချယ်စရာ နှစ်ခုပေးမယ်၊ မင်းကို ဖိနှိပ်ပြီးတော့၊ မင်းရဲ့ အကြီးအကဲတွေဆီကနေ ဝိညာဥ်ကျောက်တုံး နှစ်သိန်းတောင်းရမလား၊ ဒါမှမဟုတ် မင်းကိုယ်တိုင် ဝိညာဥ်ကျောက်တုံး နှစ်သိန်းပေးပြီးတော့ အေးအေးဆေးဆေး ထွက်သွားမလား။ မင်းတစ်ခုရွေးလိုက်၊ မင်းကို နေ့တစ်ဝက်လောက် အလကား ကျိန်ဆဲခွင့်မပေးနိုင်ဘူး “
လုချန်ရှန်းသည် ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြန်ပြောလိုက်သည်။
လူငယ်၏ အမူအရာသည် ချက်ချင်းညှိုးငယ်သွားခဲ့သည် “ ကျွန်တော် ……. “
“ အဲ့တာက ကျိုးကြောင်းဆီလျော်တယ်မလား “
“ အဲ့တာ ……. “
လူငယ်၏ အမူအရာ ပြောင်းလဲသွားခဲ့သည်၊ အစက ချောမောနေခဲ့သည့် မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နှက်သွားခဲ့သည် “ အစ်ကိုချင်း၊ မင်းသိမှာတော့ မဟုတ်လောက်ဘူး၊ ဒါပင်မဲ့ မင်းရဲ့ လုပ်ရပ်တွေကို ကြားခဲ့ရတဲ့ အချိန်ကတည်းက ငါက မင်းကို လုံးဝစွဲလန်းသွားခဲ့တာလေ။ ငါတို့က စိတ်ဝိညာဥ်ရေးရာမှာ ချိတ်ဆက်နေခဲ့တာ အချိန်အတော်ကြာနေပြီကွ၊ ဒီတစ်ကြိမ်မှာတော့ မင်းဆီမှာ သစ္စာခံဖို့ ငါဆုံးဖြတ်ထားတယ် “
“ ငါ့ဆီမှာ သစ္စာခံတာလား “
“ ဟုတ်တယ်၊ ငါမင်းနောက်ကို လိုက်ချင်တယ် “
ဤတစ်ကြိမ်၌ လုချန်ရှန်း၏ မျက်လုံးများ အတွင်းတွင် ပြောင်းလဲမှုတစ်ခု ထပ်မံ၍ ဖြစ်တည်လာခဲ့သည်။
သူ့အရှေ့တွင် ရှိနေသည့်လူသည် သူ၏မျှော်မှန်းချက်များကို ထပ်မံ၍ ကျော်လွန်သွားခဲ့ပြန်သည်။
သူ့ပါးစပ်တစ်ခုတည်းကပင် အမှန်တကယ် လေးစားဖွယ်ကောင်းနေခဲ့သည်။
လူတစ်ဦးက မည်ကဲ့သို့ ဤမျှလောက်အထိ အရှက်မဲ့နေရသနည်း။
သို့ရာ၌ သူ၏မျက်လုံးများအတွင်းတွင် အသိအမှတ်ပြုနေသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။
တော်တော်လေးကို ရေလိုက်ငါးလိုက် နေတတ်တဲ့ လူတစ်ယောက်ပဲ၊ သူက နောက်အနာဂတ်မှာ ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူးလား
ထိုစဥ် လူငယ်သည် လုချန်ရှန်း၏ ပြောင်းလဲနေသော အမူအရာများကို အဆက်မပြတ် စူးစမ်းလေ့လာနေခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် လုချန်ရှန်းသည် သူ၏လက်ကို ဆန့်တန်းကာ၊ လူငယ်၏ ပခုံးကို ပုတ်၍ ရိုးရိုးသားသား ပြောဆိုလိုက်သည် “ မင်းက ငါ့ကို တော်တော်လေး လေးစားတယ်ဆိုတာကို ငါမြင်နေနိုင်တယ်။ အဲ့လိုဖြစ်လာပြီဆိုမှတော့၊ မင်းကို ငါ့နောက်လိုက်ခွင့်ပေးလိုက်မယ် “
လူငယ်၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
ငါက ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့ပြီလား
လုချန်ရှန်းမှ စကားဆက်ပြောလာခဲ့သည် “ မင်းက ငါ့နောက်လိုက်ချင်တဲ့ ဒုတိယမြောက်လူပဲ။ ပထမတစ်ယောက်ကတော့ ဝိညာဥ်ကျောက်တုံး ၁၀သန်းပေးခဲ့လို့၊ ငါတွန့်ဆုတ်တွန့်ဆုတ်နဲ့ သဘောတူပေးခဲ့တယ်၊ ဒါပင်မဲ့ မင်းက ဘယ်လောက်စစ်မှန်နေလဲဆိုတာကို မြင်နေရတော့ မင်းဆီကနေ ငါနှစ်သန်းပဲ ယူတော့မယ် “
“ နှစ်သန်းလား “
“ ဟုတ်တယ် “
“ ကျွန်တော် ……. “
လူငယ်သည် ပါးစပ်ကို ဖွင့်ဟလာခဲ့သော်လည်း၊ အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်ခဲ့ပေ။
သူသည် စိတ်ဓာတ်ခိုင်မာကာ အလွယ်တကူ လှည့်စား၍မရသော ခက်ခဲသည့် ပြိုင်ဘက်တစ်ဦးနှင့် ရင်ဆိုင်နေရပြီဆိုသည်ကို နားလည်သွားခဲ့သည်။
အကယ်၍ ယနေ့တွင် သူကသာ ငွေမထုတ်ပေးနိုင်ခဲ့ဘူးဆိုပါက၊ ဤအခက်အခဲကို ကျော်လွှားနိုင်လိမ့်မည် မဟုတ်ပေ။
အဆုံးတွင် သူသည် အံကြိတ်ကာ စကားထပ်ပြောလိုက်သည် “ အစ်ကိုချင်း၊ ကျွန်တော့်ဆီမှာ အဲ့လောက်အများကြီး မရှိဘူး “
“ ဘယ်လောက်ရှိတာလဲ “
“ ၁၂၃၄၅၆ပဲ ရှိတာပါ “
“ အဲ့လောက်လေးပဲလား “
“ ဟုတ်ပါတယ် “
“ ကောင်းပြီလေ “ ဟု လုချန်ရှန်းမှ ပြန်ပြောလိုက်သည်၊ ၎င်းကို မြင်လိုက်ရသောအခါတွင် လူငယ်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချကာ၊ ဝိညာဥ်ကျောက်တုံးများကို အမြန်ထုတ်ပေးလာခဲ့သည်။
သို့သော် ဝိညာဥ်ကျောက်တုံးများကို သူထုတ်လိုက်သည့် အချိန်မှာပင်၊ လုချန်ရှန်းမှ စကားထပ်ပြောလာခဲ့သည် “ ကျန်တာတွေကို အကြွေးထားပေးထားမယ်။ မင်းဆီမှာ ရှိလာတဲ့ အချိန်ကျရင်၊ ငါ့ကိုပေးပေါ့၊ ဒါပင်မဲ့ အချိန်အရမ်းမကြာစေနဲ့ “
လူငယ်သည် တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
အကြွေးထားပေးထားတာလား
သူက တကယ်ကြီးကို အများကြီး တွေးထားတာပဲ
ဒီလူက လှည့်စားရခက်နေရုံတင်မဟုတ်ဘူး၊ လောဘပါ တော်တော်ကြီးတာပဲ
“ အိုကေလေ “
လူငယ်သည် အံကြိတ်၍ သဘောတူလာခဲ့သည်။
ဝိညာဥ်ကျောက်တုံးများကို အမြဲလိုလို ရှာဖွေနိုင်ပေသည်၊ သို့သော် သူ၏ အသက်ကို ဆုံးရှုံးလိုက်ရမည်ဆိုပါက၊ မည်သည့်အရာကိုမှ လုပ်နိုင်တော့မည် မဟုတ်ပေ။
လုချန်ရှန်းသည် သူ့ကို ငေးကြည့်ကာ ဖြည်းဖြည်းချင်း စကားထပ်ပြောလိုက်သည် “ အို့၊ ဟုတ်သားပဲ၊ မင်းက ဘယ်သူလဲ၊ ဘယ်ကလာတာလဲ “
“ ကျွန်တော်ရဲ့ နာမည်က ကျင်းယုပါ၊ ကျွန်တော်က ဒေါင်းမျိုးနွယ်စုနဲ့အတူ လာခဲ့တာပါ “
စကားပြောနေရင်းဖြင့် ကျင်းယု၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြစ်တည်လာခဲ့ပြီး၊ သူသည် ဖားယားကာ မျက်နှာချိုသွေးလာခဲ့သည်။
လုချန်ရှန်းသည် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
အတူလာတယ်ဆိုတာက ဘာစကားကြီးလဲဟ
သို့ရာတွင် သူသည် ထိုအကြောင်းကို တွေးတောစဥ်းစားရန် ပျင်းရိနေပြီး၊ ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည် “ ကြောက်နေဖို့ မလိုပါဘူးကွာ။ မင်းက ငါ့ကို ထိခိုက်အောင်လုပ်ဖို့ ဆန္ဒမရှိသရွေ့၊ ငါ့ကို မတိုက်ခိုက်သရွေ့၊ ငါမင်းကို မသတ်ဘူး “
“ အစ်ကိုချင်း၊ အဲ့တာက ဘယ်လိုစကားမျိုးလဲ။ ငါက မင်းနောက်ကို လိုက်မှာလေ၊ အဲ့လိုကိစ္စမျိုးကို ဘယ်လိုလုပ်လုပ်နိုင်မှာလဲ “ ကျင်းယုသည် ဖြောင့်မတ်တည်ကြည်စွာ ပြန်ပြောလာခဲ့သည်။
လုချန်ရှန်းသည် အလွန်တရာ အံ့ဩသွားခဲ့သည်။
သူသည် မည်သည့်စကားမှ ထပ်ပြောမနေဘဲ၊ နှစ်ခြင်းခံယူခြင်း ပြီးဆုံးခဲ့သည့်နောက်တွင် ရှောင်ဟေးကို လိုက်ရှာကာ၊ အထုပ်အပိုးပြင်၍၊ အိမ်ပြန်ရန် ပြင်ဆင်နေတော့သည်။
ဒီတစ်ကြိမ် ရိတ်သိမ်းမှုမှာ အမှန်ပင် များပြားလွန်းနေခဲ့သည်။
အဆိုပါ ရေကန်များအတွင်းတွင် ရှိနေသည့် အရေးအကြီးအရာမှာ နှစ်ခြင်းခံယူခြင်းအတွက် ပစ္စည်းများဖြစ်သည်။
၎င်းတို့က သူ့အတွက် အသုံးမဝင်သော်လည်း၊ ကျန်ရှိနေသည့် ဝိညာဥ်ချီများက အနည်းဆုံးအနေဖြင့် ဝိညာဥ်ကျောက်တုံး သုံးသန်းတန်နေမည် ဖြစ်သည်။
သူသည် မွေးရာပါ ဝိညာဥ် အဆင့်၄နှင့် ခြေလှမ်းဝက်မျှသာ ဝေးတော့ပေသည်။
ထိုအတွေးများနှင့်အတူ လုချန်ရှန်းသည် သူ၏စီနီယာအစ်ကို နှစ်ဦးကို တွေးမိသွားခဲ့သည်။
သူသည် ရေကန်အတွင်းမှ ပစ္စည်းများကို ခွဲထုတ်ကာ သူတို့နှစ်ဦးကို ကူညီပေးရန် ကြံရွယ်ထားခဲ့သည်။
ထို့နောက်တွင် သူသည် ကျင်းယုကို ကြည့်ကာ စကားပြောလိုက်သည် “ ကောင်းပြီလေ၊ မင်းလုပ်စရာရှိတာ လုပ်တော့။ ငါ့ဆီမှာ ကိစ္စလေးတွေ ရှိနေသေးတယ် “
“ အစ်ကိုချင်း၊ ငါ ………. “
သူ့စကား မဆုံးခင် အချိန်မှာပင် လုချန်ရှန်းမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် လုချန်ရှန်းသည် ချိုင့်ဝှမ်းဆီသို့ ဦးတည်သွားနေခဲ့သည်။
အဝေးမှတစ်ဆင့် သူသည် လှပကြော့ရှင်းသော ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်၊ ၎င်းမှာ လော့ရှန်လင်းဖြစ်ပြီး၊ ယဲ့တျန်ရီမှာလည်း သူမ၏ ဘေးဘက်တွင် ရှိနေခဲ့သည်။
သူမတို့၏ နှစ်ခြင်းခံယူခြင်းက ပြီးဆုံးသွားခဲ့ပုံရသည်၊ သူမတို့၏ အမူအရာများမှာ စိုးရိမ်တကြီး ဖြစ်နေလျက်ရှိသည်။
“ သူတို့က ငါ့ကို ရှာနေတာများလား “
သူ့စိတ်ထဲတွင် ထိုအတွေး ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် သူသည် သူမတို့၏အနောက်သို့ တိတ်တဆိတ် ချဥ်းကပ်သွားခဲ့သည်။
သူ၏လက်ထဲတွင် မီးဖိုတစ်ခု ပေါ်လာခဲ့ပြီး၊ ၎င်းသည် လူ့ဦးခေါင်းအရွယ်အစားအဖြစ် ကြီးမားလာခဲ့သည်၊ သူသည် ၎င်းဖြင့် ထုချရန် ပြင်လိုက်သည်။
သို့သော် ၎င်းက ကျဆင်းသွားတော့မည့်အချိန်မှာပင် သူရပ်တန့်သွားခဲ့သည်။
သူသည် သူ၏လက်ကို အချိန်မှီ ပြန်ရုတ်လိုက်သည်။
၎င်းက သူ၏စီနီယာအစ်ကိုနှင့် ဂျူနီယာ ညီမငယ်တို့ဖြစ်သည်၊ ဤမျှလောက် ရက်စက်နေခြင်းမှာ မသင့်တော်လှပေ။
ထိုအတွေးနှင့်အတူ သူသည် မီးဖိုကို သိမ်းဆည်းလိုက်ကာ၊ သူ၏လက်ဝါးများကို မကြည့်ဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။
ယဲ့တျန်ရီမှာလည် တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရကာ၊ ချက်ချင်းနောက်လှည့်ကြည့်လာခဲ့သည်၊ သို့သော် သူသည် မည်သည့်အရာကိုမှ မမြင်တွေ့ခဲ့ရပေ။
“ စီနီယာအစ်ကို ယဲ့၊ ဘာဖြစ်လို့လဲ “ ဟု လော့ရှန်လင်းမှ မေးမြန်းလာခဲ့သည်။
ယဲ့တျန်ရီမှ ပြန်ပြောလာခဲ့သည် “ ငါ့အနောက်မှာ တစ်ခုခု ရှိနေတယ်လို့ ………… “
ဘုတ်
သူ့စကားမဆုံးခင် အချိန်မှာပင်၊ သူတို့နှစ်ဦးစလုံး မေ့မျောသွားကာ၊ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
လုချန်ရှန်းသည် သူတို့အနောက်တွင် မတ်တပ်ရပ်နေခဲ့ပြီး၊ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည် “ ဒုတိယ စီနီယာအစ်ကိုက ဒီလောက်တောင် သတိကြီးနေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “
ထို့နောက် သူသည် ထိုလူနှစ်ဦးကို ကောက်ယူကာ၊ ကျိုးချင်ယုကို ရှာဖွေနေတော့သည်။
နှစ်ခြင်းခံယူနေသည့် ကျိုးချင်ယုမှာလည်း တစ်ခုခုကို အာရုံခံမိသွားသည့်အလား အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
ထို့နောက်တွင် သူသည် ချက်ချင်းသတိလစ်သွားကာ၊ မျက်လုံးများပင် မဖွင့်နိုင်ခဲ့ပေ။
အနီးအနားတွင် နှစ်ခြင်းခံယူနေသည့် လူများသည် မည်သည့်မူမမှန်မှုကိုမှ သတိမပြုမိခဲ့ပေ၊ သို့သော် ကျိုးချင်ယုပါ ပျောက်ကွယ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် လျှို့ဝှက်နေရာတစ်ခုတွင် လုချန်ရှန်း၏ လက်ချောင်းထိပ်မှ ထူးဆန်းသော စွမ်းအင်လှိုင်းတစ်ခု ပေါ်ထွက်လာခဲ့ကာ၊ လော့ရှန်လင်း၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားခဲ့သည်။
၎င်းမှာ ရေကန်များထံမှ ခွဲထုတ်ထားသည့် ပစ္စည်းများဖြစ်သည်။
သူသည် ဤလူသုံးဦး၏ နှစ်ခြင်းခံယူခြင်း ပြီးမြောက်သွားစေရန်အတွက် ကြီးမားသော ပမာဏကို ထောက်ပံ့ကာ သူကိုယ်တိုင် ကူညီပေးနေခဲ့သည်။
ယနေ့တွင် သူသည် သူတို့၏ ကိုယ်တွင်းကိုယ်ပ နှစ်ခုစလုံးကို သန့်စင်ပေးမည် ဖြစ်သည်။