အခန်း (၁၁၂-၁၁၄)
Vol. 8 Ch. 112-114
အပိုင်း ( 112 )
နောက်ဆုံးတစ်ခေါက်တုန်းက ကိစ္စအတွက် တောင်းပန်ပါတယ်ကွာ
ဤအခိုက်အတန့်တွင် လုချန်ရှန်းသည် လော့ရှန်လင်း၏ နှစ်ခြင်းခံယူခြင်းကို ပြီးမြောက်သွားစေရန် ကူညီပေးနေခဲ့သည်။
သူသည် သူမ၏ခန္ဓာကိုယ်ကို ပထမဦးဆုံးအကြိမ်အဖြစ် ထိတွေ့ဖူးခြင်း ဖြစ်သည်။
သူ၏အမြင်အာရုံအောက်မှာပင် အံ့ဖွယ်ကောင်းသော ခံစားချက်တစ်ခုသည် သူ့ကို လွှမ်းမိုးလာခဲ့ပြီး၊ အတွေးယာဥ်ကြောအတွင်းတွင် အချိန်အတော်ကြာ နစ်မြုပ်သွားစေခဲ့သည်၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို အလွန်အမင်း သက်တောင့်သက်သာ ရှိသည့် စိတ်ခံစားချက်တစ်ခုက ဖုံးလွှမ်းနေခဲ့ပြီး၊ သူ့အား ဤနေရာမှ ထွက်သွားရန်ပင် တွန့်ဆုတ်သွားစေခဲ့သည်။
အချိန်မည်မျှ ကုန်ဆုံးသွားလဲဆိုသည်ကို မသိလိုက်ခင် အချိန်မှာပင် လုချန်ရှန်းသည် အဆိုပါ ခံစားချက်မှ နိုးထလာခဲ့သည်။
သူသည် သူ၏ဂျူနီယာညီမကို ကြည့်နေရင်းဖြင့် လျှာသပ်မိသွားခဲ့သည်။
“ ဝိညာဥ်တစ်သောင်း ခန္ဓာကိုယ်ဆိုတာက ဒီဟာလား။ ဝိညာဥ်တွေ အကုန်လုံးက လိုလိုလားလား အရှုံးပေးခြင်းနေသလိုမျိုး တကယ်ကြီးကို ခံစားနေခဲ့ရတာပဲ။ မဟာအကြီးအကဲက သူမကို ဒီလောက်တောင် သဘောကျနေတာ အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ “
လုချန်ရှန်းသည် စိတ်ခံစားချက်တို့ဖြင့် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။ အဆိုပါ ရုပ်ခန္ဓာသည် အရပ်မျက်နှာရှစ်ခုစလုံးမှ ဝိညာဥ်များကို သူမ၏ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် စုစည်းနေနိုင်သကဲ့သို့ အလွန်တရာ လျှို့ဝှက်ဆန်းကြယ်၍ ရှုပ်ထွေးလွန်းနေခဲ့သည်။
ယခင်က ရေကန် အတွင်းသို့ ဝင်ခဲ့သည့် အချိန်တွင်၊ အကျိုးသက်ရောက်မှုက သေးငယ်နေခဲ့သည်။ ၎င်းမှာ အစပိုင်းတွင် မဟာအကြီးအကဲက သူမကို ဤနေရာသို့ လာခိုင်းရန် မတွေးထားသောကြောင့် ဖြစ်သည်။ ရေကန်အတွင်းရှိ စွမ်းအင် ပမာဏက အလွန်တရာ နည်းပါးလွန်းနေခဲ့ပြီး၊ ၎င်း၏ အသုံးဝင်မှုမှာလည်း အမှန်တကယ် အကန့်အသတ်ရှိနေခဲ့သည်။
လုချန်ရှန်းကဲ့သို့ ကြီးမားသော ပမာဏတစ်ခုကို ပိုင်ဆိုင်ထားသည့် လူတစ်ဦးကသာလျှင် သိသာထင်ရှားသော အကျိုးသက်ရောက်မှုကို ထုတ်လုပ်ပေးနိုင်ပေသည်။
ထို့နောက်တွင် သူသည် ယဲ့တျန်ရီကို ထပ်မံ၍ ကူညီပေးနေခဲ့ပြီး၊ မရပ်တန့်ခင် အချိန်တွင် သူ့အား အသွင်ပြောင်းမှု နှစ်ကြိမ်ခံယူသွားရစေခဲ့သည်။
သူကပ်စီးနည်းနေခြင်း မဟုတ်ပေ၊ သူက အလောတကြီး ဖြစ်လွန်းနေမည်ကို စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။ နှစ်ခြင်းခံယူခြင်းကဲ့သို့သော ကိစ္စများနှင့် အသွင်ပြောင်းခြင်းတို့မှာ ဖြည်းဖြည်းချင်း လုပ်ဆောင်ရန် လိုအပ်သည့် ကိစ္စများ ဖြစ်သည်။
ကျိုးချင်ယုအလှည့်ရောက်သည့် အချိန်တွင်၊ လုချန်ရှန်းသည် သူ့ကို တစ်ကြိမ်သာ နှစ်ခြင်းခံယူစေခဲ့ပြီး၊ သေးငယ်သော အသွင်ပြောင်းမှုတစ်ခုကို ပြီးမြောက်သွားစေခဲ့သည်။
ထို့နောက်တွင် သူသည် သူ၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ရှုနေတော့သည်။
သူ့ခန္ဓာကိုယ် အတွင်းတွင် သူ၏ဓားဆန္ဒ ရှိနေခဲ့သည်။ ယခင်က လမ်းညွှန်မှုများ အပြီးတွင် သူသည် ဓားတာအို၏ အဆင့်၈ကို ထိတွေ့မိနေခဲ့ပြီ ဖြစ်သည်။
လုချန်ရှန်းသည် ဤစီနီယာအစ်ကိုအား အတော်လေး အကောင်းမြင်နေခဲ့သည်။ သူ၏ဓားတာအို စွမ်းရည်မှာ အမှန်ပင် နိမ့်ကျမနေခဲ့ပေ၊ သူ၏ စိတ်စွမ်းအားမှာလည်း အလွန်တရာ ခံနိုင်ရည်အားကောင်းနေခဲ့သည်။ အချိန်လုံလုံလောက်ရမည်ဆိုပါက သူသည် ဓားနှလုံးသား သန့်စင်မှုကို အနှေးနှင့်အမြန်ဆိုသလို ပိုင်ဆိုင်သွားလိမ့်မည် ဖြစ်သည်။
သို့ရာတွင် ဓားချီအသွင်ပြောင်းခြင်းသို့ ရောက်ရှိချင်သည်ဆိုပါက၊ ထူးခြားသော အခွင့်အလမ်းတစ်ခုကို သေချာပေါက် လိုအပ်မည် ဖြစ်သည်။
“ အခွင့်အရေးပေးလိုက်တာပေါ့၊ ဂျူနီယာညီတစ်ယောက်အနေနဲ့ မင်းကို အမြဲတမ်း နိုင်နေတာက မကောင်းဘူးလေ “
လုချန်ရှန်းမှ စကားပြောဆိုနေရင်းဖြင့် သူ၏လက်ကို မြှောက်လိုက်ရာ၊ ဓားဆန္ဒစွမ်းအင်များသည် ခုန်အုပ်လာသည့် ကျားတစ်ကောင်ကဲ့သို့ သူ၏လက်ဝါးအတွင်းတွင် ပေါ်ထွက်လာခဲ့ပြီး၊ ထို့နောက်တွင် နဂါးတစ်ကောင်က ကောင်းကင်ထက်သို့ တက်လာသည့်အလား ဖြစ်နေခဲ့ကာ၊ ချက်ချင်းဆိုသလိုပင် တောင်ပံခတ်နေသည့် နတ်ဖီးနစ်တစ်ကောင်အဖြစ် အသွင်ပြောင်းသွားခဲ့သည်။
ဓားဆန္ဒ ချဥ်းကပ်လာခဲ့ပြီး၊ အတွေးအမြင်များစွာ ပါဝင်နေသည့် ဓားဆန္ဒ အပိုင်းအစတစ်ခုသည် ကျိုးချင်ယု၏ မျက်ခုံးများအကြားသို့ ဝင်ရောက်သွားခဲ့သည်၊ …… ၎င်းတို့မှာ လုချန်ရှန်းက ဓားတာအိုကို ကျင့်ကြံခဲ့သည့် အချိန်တွင် ရရှိခဲ့သော အရာများ ဖြစ်သည်။
ဓားတာအို အဆင့်တက်သည့် အချိန်တိုင်းတွင်၊ သက်ဆိုင်ရာ အသိအမြင်များနှင့်၊ ဉာဏ်အလင်းရမှုများ ပေါ်လာမည် ဖြစ်သည်။ လူတိုင်း ကျင့်ကြံနေကြသည့် ဓားတာအိုများက မတူညီကြသော်လည်း၊ ၎င်းသည် လမ်းလွဲမှုများကို ရှောင်ရှားနိုင်ရန် သူ့အား ကူညီ လမ်းညွှန်ပေးနိုင်ပေသည်။
၎င်းတို့အားလုံးကို လုပ်ခဲ့ပြီးသည့်နောက်တွင်၊ သူသည် ဓားဆန္ဒ အပိုင်းအစများကို ထိုလူသုံးဦးစလုံး၏ ခန္ဓာကိုယ်များ အတွင်းတွင် ချန်ရစ်ထားခဲ့သည်။ အကြပ်အတည်းများနှင့် ရင်ဆိုင်ရသည့် အချိန်တွင် ၎င်းတို့က သူတို့၏ အသက်များကို ကယ်တင်နိုင်လိမ့်မည် ဖြစ်သည်။
“ ဒီလောက်ပဲ ကူညီပေးနိုင်တယ် “
လုချန်ရှန်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့ပြီး၊ ကျိုးချင်ယုကို ချိုင့်ဝှမ်းအတွင်းသို့ ပြန်ပို့ပေးလိုက်ကာ၊ ယဲ့တျန်ရီနှင့် လော့ရှန်လင်းတို့ကိုမူ အစောပိုင်းအချိန်က သူတို့ရှိနေခဲ့သည့် လမ်းဘေးသို့ ပြန်ပို့လိုက်သည်။
သူသည် ထိုနှစ်ယောက် သတိပြန်ရလာသည့် အချိန်မှသာ ထွက်သွားခဲ့သည်။ အစတွင် သူသည် ချိုင့်ဝှမ်းသို့ ပြန်သွားကာ၊ အိမ်ပြန်ဖို့ ပြင်ဆင်ရန် စဥ်းစားထားခဲ့သည်။
သို့ရာတွင် သူသည် ကျန်ရှိနေသည့် ရေကန်များကို အမှတ်ရသွားခဲ့သည်။
ပမာဏမှာ အမှန်ပင် များပြားလွန်းနေခဲ့သည်။ ၎င်းတို့က သူ့အတွက် အကျိုးသက်ရောက်မှုမရှိဘဲ၊ အချိန်အတော်ကြာခဲ့ပြီးသည့်နောက်တွင် အလိုအလျောက် ပျောက်ကွယ်သွားလိမ့်မည် ဖြစ်သည်။ သူက ၎င်းတို့ကို မစုပ်ယူနိုင်သကဲ့သို့၊ သိုလှောင်သိမ်းဆည်း၍ပါ မရပေ။ ဤနေရာသည် ကောင်းကင်ဘုံ အရင်းအမြစ်များကို လုံးဝဖြုန်းတီးနေခြင်း ဖြစ်သည်။
“ ရောင်းလိုက်မယ်ဆိုရင်ကော “
လုချန်ရှန်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည်၊ သို့သော် ၎င်းကို တွေးမိသွားသောအခါတွင် သူသည် စိုးရိမ်တကြီး ဖြစ်သွားခဲ့သည်။ အဲ့တာတွေကို ဘယ်လိုရောင်းရမှာလဲ
အရေးအကြီးဆုံး အရာမှာ သူ့ကို မည်သူက ယုံကြည်ကြမလဲဆိုသည်ပင် ဖြစ်သည်။
သူအတွေးများနေသည့် အချိန်မှာပင်၊ ပုံရိပ်အများအပြားသည် သူ့အောက်မှ ဖြတ်သန်းသွားခဲ့သည်။ တစ်ချက်မျှငေးကြည့်လိုက်ရုံဖြင့် သူသည် အသိအကျွမ်းဟောင်းတစ်ဦးကို မြင်တွေ့သွားခဲ့သည်။
စုန့်ချင်သည် ထိုလူများကို အဝေးသို့ ဦးဆောင်သွားခဲ့သည်။
စုန့်ချင်ကို မြင်လိုက်ရသော အချိန်၌ လုချန်ရှန်းသည် ချက်ချင်းပြုံးမိသွားကာ၊ စကားလှမ်းပြောလိုက်သည် “ စုန့်ချင်၊ ငါတို့က ထပ်တွေ့ရလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “
စကားသံကို ကြားလိုက်ရသောအခါတွင် စုန့်ချင်သည် ချက်ချင်းမော့ကြည့်လာခဲ့ပြီး၊ လုချန်ရှန်းကို မြင်တွေ့သွားကာ၊ အမူအရာ ချက်ချင်းပြောင်းလဲသွားသည်။
စိတ်မချမ်းမြေ့စရာ အမှတ်တရများ တစ်ခုပြီးတစ်ခု ပြန်ပေါ်လာခဲ့ကာ၊ သူ၏လက်များမှာလည်း အလိုအလျောက် တုန်ရင်သွားခဲ့သည်။
“ ချင်း၊ ချင်း၊ ချင်း …… “
“ စီနီယာအစ်ကို၊ ဘာဖြစ်လို့လဲဗျ “ တစ်ခြားလူများသည် ဇဝေဇဝါ ဖြစ်သွားကြသည်။
လုချန်ရှန်းသည် စနောက်လိုက်သည် “ ငါ့ကို တွေ့ရတဲ့အတွက် ဒီလောက်တောင် စိတ်လှုပ်ရှားနေတာလား “
စုန့်ချင်၏ နှုတ်ခမ်းများ တွန့်လိမ်သွားကာ၊ သူ၏မျက်ခုံးများ လှုပ်ခတ်သွားပြီး၊ ကသိကအောက် ဖြစ်သွားခဲ့သည်။
သို့ရာတွင် သူသည် အံကြိတ်၍ ပြန်ပြောလာခဲ့သည် “ တာအိုရောင်းရင်း ချင်းယီ၊ မတွေ့တာကြာပြီနော် “
“ တကယ်ကို ကြာနေခဲ့ပြီ “ လုချန်ရှန်းမှ ပြုံးပြလိုက်သည်။
အပြစ်ကင်းစင်သော အဆိုပါ အပြုံးကို မြင်လိုက်ရသောအခါတွင် စုန့်ချင်သည် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်သွားကာ၊ အလောတကြီး ပြန်ပြောလိုက်သည် “ တာအိုရောင်းရင်း၊ ငါတို့ဆီမှာ လုပ်စရာ ကိစ္စလေးတွေ ရှိနေသေးတယ်၊ အဲ့တာကြောင့် အရင်သွားတော့မယ်နော်။ အခါအခွင့်ကြုံရင် ငါတို့က မင်းဆီကို လာလည်ပါ့မယ် “
ထို့နောက်တွင် သူသည် သူ့လူများကို ဦးဆောင်ကာ လှည့်ထွက်သွားရန် ပြင်လိုက်သည်။
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ ငါ့ဆီလာလည်ဖို့အတွက် ဘယ်နေရာကို လာရမလဲဆိုတာကို မင်းသိလို့လား “
“ ငါ ……… “
စုန့်ချင်သည် အထိတ်တလန့်ဖြင့် တံတွေးမျိုချမိနေတော့သည်။ မင်းဆီကို ဘယ်သူက လာလည်ချင်မှာလဲဟ
စုန့်ချင်၏ စိတ်မသက်မသာဖြစ်နေမှုကို သတိပြုမိသွားသောအခါတွင်၊ တစ်ခြားလူများသည် မအောင့်ထားနိုင်တော့ဘဲ၊ မေးမြန်းလာကြသည် “ မင်းက ဘယ်သူလဲ။ ဘယ်လိုလုပ် …… “
“ ပါးစပ်ကို ပိတ်ထား “ စုန့်ချင်သည် ထိုအသံကြောင့် အထိတ်တလန့်ဖြစ်သွားကာ၊ ခြေထောက်များ ယိုင်နဲ့သွားပြီး၊ သူတို့ကို ချက်ချင်းအော်ငေါက်လိုက်သည်။
“ စီနီယာအစ်ကို၊ မင်း ………. “
“ ပေါက်ကရတွေ လျှောက်မပြောနဲ့။ သူက ပန်ဘုရင်လေးကို ရက်ရက်စက်စက် ရိုက်နှက်ခဲ့ပြီးတော့၊ နတ်ဘုရား သန့်စင်ခြင်း နန်းတော်ရဲ့ နန်းတော်သခင်ရဲ့ ကိုယ်ပွားကို သတ်ခဲ့တဲ့ ချင်းယီဓားသခင်ဆိုတာက သူပဲ “
“ ဘာဖြစ်တယ် “
လူတိုင်းမှင်သက်သွားကြသည်။
လုချန်ရှန်းသည် အပြုံးဖြင့် ပြန်ပြောလိုက်သည် “ အပေါ်တက်လာပြီးတော့ စကားပြောဖို့ စိတ်ဝင်စားလား “
“ ကောင်းပြီလေ “ ဟု စုန့်ချင်မှ တုံ့ပြန်လိုက်သည်။
ယခင်က ဖြစ်ရပ်ကို ကိုယ်တိုင်မြင်တွေ့ထားခဲ့ရသောကြောင့်၊ သူသည် သူတို့အားလုံး ပေါင်းစည်းလိုက်မည်ဆိုလျှင်တောင်မှ၊ ထိုလူ့ကို မယှဥ်နိုင်ဘူးဆိုသည်နှင့် သူတို့က မည်သို့မျှ မလွတ်မြောက်နိုင်ဘူးဆိုသည်ကို ရှင်းရှင်းလင်းလင်း သိရှိနေခဲ့သည်။
အနိုင်မယူနိုင်သည့်အပြင်၊ ထွက်ပါမပြေးနိုင်သောကြောင့်၊ ဤအချိန်တွင် ထိုလူ့ကို ရန်မစလိုက်ခြင်းကသာလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည် ဖြစ်သည်။
သို့ရာတွင် သူချဥ်းကပ်သွားသည်နှင့်တစ်ပြိုင်နက်၊ သူ၏မျက်လုံးများ အတွင်းတွင် စိုးရိမ်ပူပန်မှု၊ ရိုသေလေးစားမှုနှင့် ကြောက်ရွံ့မှုတို့ပင် စွန်းထင်းနေခဲ့သည်။
လုချန်ရှန်းမှ စကားထပ်ပြောလာခဲ့သည် “ ငါ့ကို အဲ့လောက်ကြီး ကြောက်နေဖို့ မလိုပါဘူးကွာ။ နောက်ဆုံးတစ်ကြိမ်က ဖြစ်ခဲ့တာက အတိတ်ပဲလေ၊ ငါက အငြှိုးအတေးကို မဆုပ်ကိုင်ထားတတ်ဘူး “
“ ကောင်း ….. ကောင်းပြီလေ “ စုန့်ချင်သည် အားတင်း၍ ပြုံးနေခဲ့ရသည်။
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ ပြီးတော့ အိမ်ပြန်သွားခဲ့ပြီးတဲ့နောက်မှာ၊ ငါက ငါ့ကိုယ်ငါ ဆင်ခြင်သုံးသပ်ခဲ့မိတယ်။ ငါလုပ်ခဲ့တာတွေက နည်းနည်းလေး လွန်သွားခဲ့တယ်၊ ငါက အပြစ်ရှိစိတ်ကိုတောင် ခံစားနေခဲ့ရတယ် “
“ ဟမ် “
စုန့်ချင်သည် အံ့ဩတုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်နေသော အမူအရာများဖြင့် မော့ကြည့်လာခဲ့သည်၊ သူ၏စိတ်သည် ထိုအချိန်က ရက်စက်ကြမ်းကြုတ်နေခဲ့သည့် ထိုလူ့ကို အဆက်မပြတ် တွေးတောစဥ်းစားနေခဲ့မိကာ၊ ကြက်သီးများထသွားခဲ့သည်။
“ ငါကလည်း မင်းနဲ့ ဒီလောက်မြန်မြန်ကြီး ပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး “
“ တာအိုရောင်းရင်း၊ ကိစ္စတစ်ခုခု ရှိရင်၊ ပြောသာပြောလိုက်ပါ “ စုန့်ချင်သည် နှိပ်စက်မှုကို သည်းမခံနိုင်တော့ဘဲ၊ တိုက်ရိုက်ပြောဆိုလာခဲ့သည်။
လုချန်ရှန်းမှ ပြန်ပြောလာခဲ့သည် “ နောက်ဆုံးတစ်ခေါက်တုန်းက ဖြစ်ခဲ့တာတွေအတွက် တောင်းပန်ပါတယ်ကွာ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီတစ်ကြိမ်မှာ ဒီကို ရောက်လာခဲ့ပြီးတော့၊ အခွင့်အလမ်းတစ်ချို့ ရခဲ့တယ်လေ။ လျော်ကြေးအနေနဲ့ မင်းကို နည်းနည်းလောက်ပေးလိုက်မယ် “
“ ဘာဖြစ်တယ် “
စုန့်ချင်သည် အံ့ဩတကြီး ဖြစ်သွားခဲ့သည်။
လုချန်ရှန်းသည် လေကုန်ခံမနေတော့ပေ။ သူ၏လက်ဝါးအတွင်းတွင် အလင်းတန်းတစ်ခု လင်းလက်လာခဲ့ကာ၊ လက်မအရွယ်ဆေးတစ်လုံး ပေါ်ထွက်လာခဲ့သည်၊ ထို့နောက် သူသည် စုန့်ချင်ထံသို့ ကမ်းပေးလိုက်သည်။
၎င်းသည် ရေကန်အတွင်းမှ ပစ္စည်းတို့ဖြင့် ဖွဲ့စည်းထားသော အရာဖြစ်သည်။
“ အဲ့တာက ……. “
“ ဒီပစ္စည်းက လူတွေကို သန့်စင်ပေးနိုင်တယ်၊ အသွင်ပြောင်းစေတဲ့ အကျိုးသက်ရောက်မှုကို ရရှိစေတယ်။ စမ်းကြည့်လို့ရတယ် “
စုန့်ချင်သည် သတိတရားတို့ဖြင့် ပြည့်နှက်နေသော မျက်လုံးများနှင့်အတူ မျက်မှောင်ကြုတ်သွားခဲ့သည်။ သို့သော် လုချန်ရှန်း၏ အကြည့်နှင့် ရင်ဆိုင်လိုက်ရသောအခါ၌ သူ့ထံတွင် ရွေးချယ်စရာ မရှိတော့ပေ။ သူသည် ထိုလူ့ကို လုံးဝမယှဥ်နိုင်ပေ၊ ထို့ကြောင့် မည်သည့်အရာကို ပြုလုပ်နိုင်မည်နည်း။
သူသည် တစ်ဖက်လူက သူ့ကို အခွင့်အလမ်းတစ်ခုကို အလကား ပေးလောက်သည်အထိ ကြင်နာမနေဘူးဆိုသည်ကို သိနေခဲ့သည်။
သို့သော် သူ့ထံတွင် ရွေးချယ်စရာ မရှိပေ။ သူမသေသွားသရွေ့၊ အကယ်၍ တစ်ခုခု မှားယွင်းနေမည်ဆိုလျှင်တောင်မှ၊ သူသည် အကြီးအကဲများထံမှ ဖြေဆေးကို လှမ်းတောင်းနေနိုင်သေးသည်။
၎င်းကို တွေးမိသွားသောအခါတွင် သူသည် အံကြိတ်၍ ဆေးလုံးကို မြိုချကာ၊ ၎င်းကို အစာမချေခင် အချိန်မှာပင် ထွေးထုတ်ရန် မျှော်လင့်ရင်းဖြင့်၊ ချက်ချင်းလှည့်ထွက်သွားရန် ပြင်လိုက်သည်။
သို့ရာတွင် သူမလှုပ်ရှားရသေးခင် အချိန်မှာပင်၊ ဆေးလုံးသည် အနွေးစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲကာ၊ သူ၏ ခန္ဓာကိုယ်အနှံ့သို့ စီးဆင်းလာခဲ့ပြီး၊ သူ၏စိတ်ထဲတွင် လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်တစ်ခု လှိုက်တက်လာခဲ့သည်။
စုန့်ချင်သည် များများစားစား တွေးတောစဥ်းစားမနေတော့ဘဲ၊ မြေပြင်ပေါ်သို့ တင်ပျဥ်ခွေထိုင်ချလိုက်ကာ၊ စတင်၍ ကျင့်ကြံနေတော့သည်။ သူသည် သန့်စင်ခြင်းနှင့် အသွင်ပြောင်းခြင်း အာနိသင်များ အမှန်တကယ် ပါဝင်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ယခုကြည့်ရသလောက်အရဆိုပါက မည်သည့်ပြဿနာမှ မရှိသည့်ပုံပင်။
လုချန်ရှန်းသည် ထိုမြင်ကွင်းကို စောင့်ကြည့်နေရင်းဖြင့်၊ စုန့်ချင်၏ ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအား လည်ပတ်မှုနှင့် သူ၏ခန္ဓာကိုယ်က မည်ကဲ့သို့ တဖြည်းဖြည်း ပြောင်းလဲနေလဲဆိုသည်တို့ကို ခံစားမိနေခဲ့သည်။ သူသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့သည်။
………………………………………………………………………………………………………………………………..
အပိုင်း ( 113 )
ငါဘယ်သူလဲဆိုတာကို မသိဘူးလား
အချိန်မည်မျှ ကုန်ဆုံးသွားလဲဆိုသည်ကို မည်သူမှ မသိကြပေ၊ သို့သော် စုန့်ချင်၏ မျက်နှာမှာ အနီရောင်သမ်းနေခဲ့ပြီ ဖြစ်ပြီး၊ မျက်လုံးများဖွင့်လာခဲ့သည့် အချိန်၌၊ ၎င်းတို့အတွင်းတွင် စူးရှသော အလင်းတန်းတစ်ခု တောက်ပနေခဲ့သည်၊ သူသည် မယုံကြည်နိုင် ဖြစ်နေသော အမူအရာဖြင့် လုချန်ရှန်းကို ငေးကြည့်လာခဲ့သည်။
ဤအချိန်တွင် သူသည် ၎င်းကို လုံးဝသန့်စင်နိုင်ခဲ့ပြီ ဖြစ်ပြီး၊ သူ၏စိတ်ထဲတွင် အံ့အားသင့်မှုတို့ဖြင့် ပြည့်နှက်နေလျက်ရှိသည်။
တစ်ချိန်တည်းမှာပင် သူသည် သူက လုချန်ရှန်း၏ အရိုက်အနှက်ခံရခြင်း(သို့) ပြန်ပေးဆွဲခံရခြင်းတို့ကို မခံစားခဲ့ရဘဲ၊ ထိုလူက သူ့ကို အခွင့်အလမ်းတစ်ခုကို အမှန်တကယ် ပေးလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ၎င်းမှာ မယုံကြည်နိုင်စရာကောင်းလွန်းနေခဲ့သည်။
၎င်းတို့သာလျှင် မဟုတ်ဘဲ၊ သူသည် သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းကို ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ မည်သည့်အရာမှ လွဲချော်မနေဘဲ၊ သူ၏အလုံးစုံ အခြေအနေမှာ ယခင်ကထပ်ပင် ပိုကောင်းနေသည်ကို တွေ့ရှိခဲ့ရသည်။
လုချန်ရှန်း၏ ရည်ရွယ်ချက်များကို သတိထားနေခဲ့သော်လည်း၊ သူသည် ထိုကဲ့သို့သော ဆွဲဆောင်မှုမျိုးကို မခုခံနိုင်ခဲ့ပေ။
“ တာအိုရောင်းရင်း၊ ကျေးဇူး အများကြီးတင်ပါတယ် “
စုန့်ချင်သည် ရှေ့တစ်လှမ်းတိုးလာခဲ့ကာ၊ ကျေးဇူးတင်စိတ်ဖြင့် ဦးညွတ်လာခဲ့သည်။
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ အဲ့လိုလုပ်ဖို့ မလိုအပ်ပါဘူး။ မင်းကို လျော်ကြေးပေးတာပဲလေ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် စုန့်ချင်သည် မအောင့်ထားနိုင်တော့ဘဲ၊ မေးမြန်းလာခဲ့သည် “ တာအိုရောင်းရင်း၊ မင်းဆီမှာ အဲ့လိုပစ္စည်းမျိုး ရှိနေသေးလား “
“ မင်းဘာလုပ်ချင်လို့လဲ “
လုချန်ရှန်းသည် မျက်မှောင်ကြုတ်၍ သူ့ကို ပြန်ကြည့်လိုက်ပြီး၊ သူ၏ ပါးစပ်ထောင့်တွင် မှိန်ဖျော့ဖျော့ အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။
“ ငါတစ်ချို့တစ်လေ လိုချင်သေးလို့ပါ “ စုန့်ချင်သည် ပွင့်ပွင့်လင်းလင်း ပြန်ပြောလာခဲ့သည်။
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ လူငယ်လေး၊ လောဘသိပ်မကြီးနဲ့ “
စုန့်ချင်သည် ယခင်ကကဲ့သို့ စိတ်ကျဥ်းကြပ်မှုနှင့် ကြောက်ရွံ့မှုတို့ကို မည်သို့မျှ မခံစားရတော့ပေ၊ ယခုတွင် သူသည် စိတ်လှုပ်ရှားမှု အပြည့်ဖြစ်နေခဲ့ပြီး၊ အလောတကြီး ပြန်ပြောလာခဲ့သည် “ တာအိုရောင်းရင်း၊ အထင်မလွဲပါနဲ့ကွ။ ငါက အဲ့တာကို တောင်းဆိုနေတာ မဟုတ်ပါဘူး။ တကယ်လို့ မင်းဆီမှာ ရှိနေသေးတယ်ဆိုရင်၊ အဲ့တာတွေကို နည်းနည်းလောက် ဝယ်ချင်လို့ပါ “
“ အို့ “
“ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ငါတို့က နှစ်ခြင်းခံယူဖို့အတွက် ဒီကို လာခဲ့ကြတာလေ၊ ဒါပင်မဲ့ ငါတို့ရဲ့ ရေကန်တွေကို လူယုတ်မာတွေက လုယက်သွားခဲ့တယ်။ အဲ့ကိစ္စကို ဂိုဏ်းကို ဘယ်လိုပြန်ရှင်းပြရမလဲဆိုတာကို ငါတို့က တွေးပူနေခဲ့ကြတာ၊ အဲ့တာကြောင့် ငါတို့က တာအိုရောင်းရင်းဆီကနေ နည်းနည်းလောက် ဝယ်ချင်နေတာပါ “
စုန့်ချင်သည် မျှော်လင့်တကြီး ဖြစ်နေသော အမူအရာဖြင့် စကားထပ်ပြောလာခဲ့သည်။ ထို့အပြင် သူသည် သူကိုယ်တိုင်အတွက်ပါ အနည်းငယ် ပိုဝယ်ချင်နေခဲ့သည်။ အကျိုးကျေးဇူးက ကြီးမားလွန်းနေသည့်အတွက် သူသည် အပြည့်အဝ အသွင်ပြောင်းခြင်းနှင့် သန့်စင်ခြင်းတို့ကို အမှန်တကယ် ရရှိသွားနိုင်ပေသည်။
သို့ရာတွင် လုချန်ရှန်းကမူ အခက်တွေ့သွားသော အမူအရာဖြင့် ပြန်ပြောလာခဲ့သည် “ ရိုးရိုးသားသား ပြောရမယ်ဆိုရင်၊ ငါက တော်တော်လေး ဝယ်ထားခဲ့ပြီးတော့၊ အပြင်မှာ ပြန်ရောင်းမလို့ စဥ်းစားထားခဲ့တာ …. “
“ တာအိုရောင်းရင်းက ရောင်းဖို့ ပြင်ဆိုင်ထားတယ်ဆိုတော့၊ ဘာလို့ ငါ့ကို မရောင်းလိုက်ရတာလဲ။ တစ်ခုကို ဘယ်လောက်ပေးရမလဲ “
လူနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ငေးကြည့်ကာ၊ တစ်ခဏခန့် အတွေးနက်သွားကြသည်။
ထို့နောက်တွင် လုချန်ရှန်းမှ ပြန်ပြောလာခဲ့သည် ” မင်းသိတဲ့အတိုင်းပဲ၊ ဒီပစ္စည်းက တော်တော်လေးကို ထူးခြားတာဆိုတော့၊ ဈေးကလည်း သေချာပေါက် မြင့်နေမှာပေါ့။ ဒါပင်မဲ့ မင်းရဲ့မျက်နှာလည်း ရှိသေးတယ်ဆိုတော့၊ တစ်လုံးကို ဝိညာဥ်ကျောက်တုံး သုံးသောင်းဆိုရင်ကော ဘယ်လိုလဲ ”
“ သုံးသောင်း ….. “ စုန့်ချင်သည် မျက်မှောင်ကြုတ်သွားကာ၊ ပြန်ပြောလာခဲ့သည် “ တကယ်တော့ အဲ့လောက်ကြီး ဈေးမကြီးပါဘူး။ တာအိုရောင်းရင်း၊ ငါ့ကို နှစ်ခု အရင်ရောင်းပေးပါ “
“ အင်းး “
လုချန်ရှန်းသည် ခေါင်းငြိမ့်ပြလိုက်သည်၊ စုန့်ချင်ကမူ ဝိညာဥ်ကျောက်တုံးများကို ထုတ်ယူနေခဲ့သည်။
အရောင်းအဝယ် ပြီးမြောက်သွားသည့်နောက်တွင် လုချန်ရှန်းမှာ ပြုံးရွှင်သွားခဲ့သည်။
ထို့နောက်တွင် စုန့်ချင်မှ စကားထပ်ပြောလာခဲ့သည် “ တာအိုရောင်းရင်း၊ ခဏလောက် စောင့်ပေးလို့ရမလား။ ငါ့ရဲ့ ဂျူနီယာညီလေးကလည်း အဲ့တာကို လိုအပ်လောက်တယ် “
“ ကောင်းပြီလေ “
သဘောတူလာသည်ကို ကြားလိုက်ရသည့်နောက်တွင် စုန့်ချင်သည် ချက်ချင်း လှည့်ထွက်သွားခဲ့သည်။
ထွက်ခွာသွားသော ပုံရိပ်ကို စောင့်ကြည့်နေရင်းဖြင့် လုချန်ရှန်း၏ အပြုံးမှာ ပိုမိုတောက်ပ ကြီးမားလာခဲ့သည်။ သူသည် စုန့်ချင်က မြန်မြန်ဆန်ဆန် ဝယ်ယူလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သို့သော် တစ်ခုကို အလာကား ပေးလိုက်သောကြောင့် မည်သူက မကျေမနပ်ဖြစ်နေလိမ့်မည်နည်း။
ထို့အပြင် သူကိုယ်တိုင်မှာလည်း ကိုယ်ချင်းစာစိတ်ရှိသည့် ရှားပါသော အရောင်းသမားတစ်ဦးဖြစ်သည်။ ပစ္စည်းတစ်ခုချင်းစီတိုင်းက လှည့်စားမှုကင်းမဲ့၍ စစ်မှန်နေခဲ့ကာ၊ သန့်စင်ခြင်းနှင့် အသွင်ပြောင်းခြင်းတို့ကို အမှန်တကယ် လုပ်ဆောင်နိုင်စွမ်းရှိနေခဲ့သည်။
သူ့လောက် ယုံကြည်ထိုက်သည့်လူ များများစားစား ရှိမနေခဲ့ပေ။
တစ်ခဏအကြာတွင် စုန့်ချင်သည် ဆေးလုံးများနှင့်အတူ ဤနေရာမှ ထွက်သွားကာ၊ ဂိုဏ်း၏ အကြီးအကဲများကို သွားရှာနေတော့သည်။
မည်သည့်အရာများ ဖြစ်ပျက်ခဲ့လဲဆိုသည်ကို သိရှိခဲ့ရပြီးသည့်နောက်တွင် အဘိုးအိုများ အတွေးနက်သွားကြသည်။
သူတို့သည် ရေကန်များက လုယက်ခံလိုက်ရပြီး၊ စုန့်ချင်က ထိုလူနှင့် ထပ်တွေ့ခဲ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
၎င်းတို့အနက်မှ လူတစ်ဦးသည် သံသယတို့ဖြင့် စကားစပြောလာခဲ့သည် “ အဲ့လူက ဘာလုပ်ချင်နေတာလဲ။ သူက စုန့်ချင်ကို ဆေးတစ်လုံးတောင် ပေးလိုက်တယ်ပေါ့။ သူက လူတွေကို ထိခိုက်နာကျင်စေချင်တာများလား “
သူတို့သည် ယခင်က မည်သည့်အရာများ ဖြစ်ပျက်ခဲ့လဲဆိုသည်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့သည်။
ဤအခိုက်အတန့်တွင် အဘိုးအိုတစ်ဦးမှ စကားဝင်ပြောလာခဲ့သည် “ အဲ့လူက တော်တော်လေးကိုစွမ်းတယ်။ ပန်ဘုရင်လေးနဲ့ နတ်ဘုရား သန့်စင်ခြင်း နန်းတော်ရဲ့ နန်းတော်သခင်ကတောင် ဘယ်လိုမှ မခုခံနိုင်ခဲ့ဘူး။ တကယ်လို့ သူကသာ တစ်ယောက်ယောက်ကို ထိခိုက်နာကျင်စေချင်တယ်ဆိုရင်၊ အဲ့လိုနည်းလမ်းမျိုးတွေကို သုံးနေမှာ မဟုတ်ဘူး။ စုန့်ချင်နဲ့ တစ်ခြားလူတွေက သူ့ကို မယှဥ်နိုင်ဘူး “
“ ဒါပင်မဲ့ သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ “
“ တကယ်တော့ သူက အဲ့တာတွေကို ဝိညာဥ်ကျောက်တုံးတွေအတွက် လဲလှယ်ချင်နေတာ ဖြစ်လောက်တယ် “
သူတို့သည် အချိန်အတော်ကြာ တွေးတောစဥ်းစားနေခဲ့ကာ၊ စုန့်ချင်၏ ခန္ဓာကိုယ် စမ်းသပ်စစ်ဆေးနေခဲ့သည်။ အမှန်ပင် မည်သည့်ပြဿနာမှ ရှိမနေခဲ့ပေ၊ သူသည် နှစ်ခြင်းကို အမှန်တကယ် ခံယူခဲ့ရသည်။
ပြန်ယူလာခဲ့သည့် ဆေးနှစ်လုံးတွင်လည်း မည်သည့်မူမမှန်မှုမှ ရှိမနေခဲ့ပေ။
သူတို့သည် ဤပစ္စည်းနှင့် ရေကန်အတွင်းတွင် နှစ်ခြင်းခံယူရန်အတွက် အသုံးပြုခဲ့သည့် ပစ္စည်းတို့က အရင်းအမြစ် တူညီသည်ဆိုသည်ကို သိနေခဲ့သော်လည်း၊ လုချန်ရှန်းက ရေကန်များကို လုယက်ခဲ့သည့် လူဖြစ်သည်ဟု မည်သူကမှ သံသယမဝင်ခဲ့ကြပေ။
အတိတ်တစ်ချိန်က ဂိုဏ်းအသီးသီးသည် ရေကန်များကို သုတေသနပြုလုပ်ရန်အတွက် သယ်ဆောင်သွားခဲ့ဖူးသည်။ ၎င်း၏ တည်ဆောက်ပုံမှာ အလွန်တရာ ရှုပ်ထွေးနေကာ၊ ကမ္ဘာမြေ၏ အဆီအနှစ်၊ နတ်ဘုရားနယ်ပယ် နတ်စွမ်းအား၊ ဝိညာဥ်ချီနှင့် အမျိုးမျိုးသော အခြားပစ္စည်းများဖြင့် ဖွဲ့စည်းထားခဲ့သည်။
သူတို့သည် အတွင်းတွင် ရှိနေသည့် ပစ္စည်းများကို ခွဲထုတ်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့ကြဖူးသည်၊ သို့သော် မည်သည့်နည်းလမ်းကမှ မအောင်မြင်ခဲ့ပေ။ အသွင်ပြောင်းခြင်းနယ်ပယ်မှ အစွမ်းထက် ပညာရှင်တစ်ဦးကသာလျှင် ၎င်းတို့ကို ခွဲထုတ်နိုင်ပေသည်။
လုချန်ရှန်းက အသွင်ပြောင်းခြင်းနယ်ပယ်တွင် မရှိဘူးဆိုသည်မှာ သိသာလွန်းနေခဲ့သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက၊ သူသည် ဤနေရာအတွင်းသို့ ဝင်လာနိုင်ခဲ့မည် မဟုတ်ပေ။
ထို့အပြင် သူတို့သည် လုချန်ရှန်းနှင့် ရန်သူမဖြစ်လိုကြပေ။ အသက်၂၀မပြည့်ခင် အချိန်မှာပင် အူတိုင်ဖွဲ့စည်းခြင်း အဆင့်၅သို့ ရောက်ရှိနေကာ၊ ဓားတာအိုကို အဆင့်၉အထိ ကျင့်ကြံထားနိုင်သော လူတစ်ဦးက မည်ကဲ့သို့သော ပါရမီရှင်တစ်ဦး ဖြစ်နေမည်နည်း။
၎င်းတို့သာလျှင် မဟုတ်ပေ၊ ထိုလူသည် နတ်ဘုရား သန့်စင်ခြင်း နန်းတော်၏ နန်းတော်သခင်ကိုပင် ဒေါသတကြီး သတ်ဖြတ်ရဲခဲ့သည်။ အကယ်၍ သူ့ထံတွင် အင်အားကြီး နောက်ခံတစ်ခု မရှိဘူးဆိုပါက၊ သူက ဤအဆင့်မျိုး ကျင့်ကြံနိုင်ကာ၊ ထိုမျှလောက်အထိ သတ္တိကောင်းနေမည်လော။
“ တကယ်တော့ သူက သူပြောခဲ့သလိုမျိုး အခွင့်အလမ်းတစ်ခုကို ရှာတွေ့ခဲ့တာဖြစ်နိုင်တယ်၊ ပြီးတော့ စုန့်ချင်ကို ဆေးတစ်လုံးပေးလိုက်တယ်ဆိုတာက အဲ့ပစ္စည်းတွေကို ရောင်းဖို့အတွက် သူ့ကို အသုံးပြုချင်လို့ ဖြစ်နိုင်တယ် “
အဘိုးအိုမှ စကားပြောလာခဲ့ပြီး၊ အားလုံးက ၎င်းက ကြောင်းကျိုးဆီလျော်သည်ဟု ခံစားသွားရကာ၊ ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့သည်။
မည်သူကမှ အခွင့်အလမ်းတစ်ခု အလကားပေးပစ်လိုက်မည် မဟုတ်ပေ။ လုချန်ရှန်း၏ အတွေးများမှာ သူတို့မှန်းဆတွက်ချက်ခဲ့သည့်အတိုင်းပင် ဖြစ်နေခဲ့သည်။ တစ်ချို့သော အသေးစိတ် အချက်များမှအပ ကျန်ရှိနေသည့် အရာအားလုံးမှာ အခြေခံအားဖြင့် တူညီနေခဲ့သည်။
“ ဒီတစ်ကြိမ်မှာ ရေကန်တွေ အခိုးခံလိုက်ရတယ်ဆိုတော့၊ တပည့်တစ်ချို့ကို သူတို့ရဲ့ နှစ်ခြင်းခံယူခြင်း ပြီးမြောက်သွားစေဖို့အတွက် ဆေးလုံးတစ်ချို့ကို ဘာလို့ အရင်မဝယ်လိုက်ကြရမှာလဲ။ အဲ့တာဆိုရင် ပြန်တဲ့အချိန်ကျရင်လည်း ရှင်းပြဖို့ ပိုလွယ်သွားပြီ “
“ အမှန်ပဲ “
လူတိုင်း ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ ၎င်းတို့ကို ဝယ်ယူရန် စုန့်ချင်ထံသို့ ဝိညာဥ်ကျောက်တုံးများ လွှဲပြောင်းပေးအပ်လာခဲ့သည်။
သို့ရာတွင် သူတို့သည် အကယ်၍ သူတို့ကသာ အဆိုပါ ဆေးလုံးများကို အကုန်အစင် ဝယ်ယူနိုင်ခဲ့မည်ဆိုပါက၊ အကျိုးသက်ရောက်မှုက ပိုမိုကောင်းမွန်လာလိမ့်မည်ဟု တွေးတောစဥ်းစားမိသွားကာ၊ ဤကိစ္စကို လျှို့ဝှက်ချက်တစ်ခုအဖြစ် ထိန်းသိမ်းထားခဲ့သည်။
အထူးသဖြင့် နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူများဖြစ်ပြီး၊ သူတို့သည် ဤကိစ္စကို ထိုလူများကို သိခွင့်ပေးမည်မဟုတ်ပေ။ ထို့ကဲ့သို့သာ မဟုတ်ဘဲ၊ ထိုလူများပါ ဝင်ပါလာခဲ့မည်ဆိုပါက၊ ထိုလူများသည် အရူးအမူး ဝယ်ယူလာကြမည် ဖြစ်ပြီး၊ သူတို့ကိုယ်တိုင်က ကြားဝင်စွက်ဖက်နိုင်စွမ်းမရှိသောကြောင့် ထိုင်ကြည့်နေရုံသာ တတ်နိုင်ကြမည် ဖြစ်သည်။
သူတို့က ကြားဝင်စွက်ဖက်လိုက်သည်နှင့်တစ်ပြိုင်နက် သူတို့သည် ကြံရာပါများအဖြစ် တံဆိပ်အကပ်ခံလိုက်ရာ၊ အဆိုပါ အင်အားစု၏ ရန်သူများ ဖြစ်သွားရလိမ့်မည် ဖြစ်သည်။
သူတို့မှာလည်း သတိကြီးကြီးထားနေခဲ့ပြီး၊ စုန့်ချင်အား တစ်ကြိမ်လျှင် နည်းနည်းချင်းစီသာ ဝယ်ယူခိုင်းခဲ့သည်။ မည်သည့်ပြဿနာမှ မရှိဘူးဆိုသည်ကို အတည်ပြုခဲ့ပြီးသည့်နောက်တွင် သူတို့သည် အလှည့်စားခံရမည်ကို စိုးရိမ်သည့်အတွက် ဆက်လက်၍ ဝယ်ယူနေခဲ့ကြသည်။
လုချန်ရှန်းမှာလည်း ထိုအချိန်မှစ၍ အရောင်းများ ဖွင့်လှစ်ခဲ့လေသည်၊ ထိုပစ္စည်းများနှင့်သာဆိုပါက သူသည် ကြွယ်ဝချမ်းသားမှုကို ထပ်မံ၍ ပိုင်ဆိုင်ရဦးမည် ဖြစ်သည်။
သို့ရာတွင် သတင်းများ ပေါက်ကြားသွားခဲ့ပြီး၊ လူတော်တော်များများသည် တစ်စုံတစ်ဦးက အဆိုပါ ပစ္စည်းတို့အား ရရှိသွားခဲ့သည်ဆိုသည်ကို သိသွားကြကာ၊ လုချန်ရှန်းကို ရှာဖွေလာကြသည်။
စုန့်ချင်ထွက်သွားခဲ့ပြီးသည့်နောက်မှာပင် လုချန်ရှန်းသည် ကျိုးချင်ယုကို မြင်တွေ့လိုက်ရသည်။
ကျိုးချင်ယုမှာလည်း သူ့ကို မြင်လိုက်ရသည့်အတွက် အတော်လေး အံ့ဩသွားပြီး၊ လျင်မြန်စွာ ရှေ့တိုးကာ၊ နှုတ်ဆက်လာခဲ့သည် “ စီနီယာ၊ မဂ်လာပါ “
“ အင်း … “
လုချန်ရှန်းသည် သူ၏လက်ကို ဝေ့ရမ်းပြကာ ပြန်ပြောလိုက်သည် “ တကယ်တော့ ငါက စီနီယာတစ်ယောက် မဟုတ်ပါဘူး။ အဲ့တာကြောင့် အရမ်းကြီး ယဥ်ကျေးနေဖို့ မလိုအပ်ဘူး။ ငါ့ကို ချင်းယီလို့ ခေါ်လို့ရတယ်။ တစ်ခုခု လိုအပ်တာ ရှိလို့လား “
ကျိုးချင်ယုသည် များများစားစား တွေးတောစဥ်းစားမနေဘဲ၊ တိုက်ရိုက်ပြန်ပြောလာခဲ့သည် “ ဒီနေရာမှာ နှစ်ခြင်းခံယူဖို့အတွက် ပစ္စည်းတစ်ခုရောင်းတယ်လို့ ကြားခဲ့ရပါတယ်၊ ကျွန်တော်က တစ်ခုလောက် ဝယ်ချင်လို့ပါ “
“ မင်းရဲ့ နှစ်ခြင်းကိစ္စက ပြီးသွားပြီ မဟုတ်ဘူးလား “ လုချန်ရှန်းသည် ဇဝေဇဝါဖြစ်သွားကာ ပြန်မေးလိုက်သည်။
ကျိုးချင်ယုမှ ပြန်ပြောလာခဲ့သည် ” အစ်ကိုချင်းယီ၊ ရိုးရိုးသားသား ပြောရမယ်ဆိုရင်၊ ကျွန်တော့်ဆီမှာ အခြေခံအုတ်ဖြစ် အားနည်းတဲ့ ဂျူနီယာညီတစ်ယောက်ရှိပါတယ်၊ သူ့ရဲ့ ကျင့်ကြံရေးက တော်တော်လေးကို အားနည်းပါတယ်၊ အဲ့တာကြောင့် သူ့ကို နောက်ထပ်တစ်ခေါက်လောက် နှစ်ခြင်းခံယူခိုင်းဖို့အတွက် ဆေးတစ်လုံး ဝယ်ချင်တာပါ “
လုချန်ရှန်း : “ … “
သူသည် သူ၏စီနီယာအစ်ကိုကို ကြည့်ကာ၊ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်၊ ထို့နောက်တွင် သူသည် ဆေးတစ်လုံးကို ပစ်ပေးကာ၊ ပြန်ပြောလိုက်သည် “ မင်းရဲ့ဆရာနဲ့ ငါက နည်းနည်းလေး ရင်းနှီးတယ်၊ မင်းရဲ့ ဂျူနီယာညီနဲ့လည်း တွေ့ခဲ့ဖူးတယ်၊ ဆိုတော့ ငါတို့က ရေစက်ပါတယ်လို့ ပြောလို့ရတယ်။ ရော့၊ ယူလိုက် “
အဆုံးတွင် လုချန်ရှန်းသည် ကျိုးချင်ယုကို မောင်းထုတ်လိုက်သည်။
သူသည် သူ့ကို ပေါ့ပေါ့တန်တန် ဆက်ဆံနေခဲ့ခြင်း မဟုတ်ဘဲ၊ ဤနေရာတွင် ဆေးရောင်းနေသည်မှာ ဘေးကင်းလုံခြုံမှု မရှိသောကြောင့် ဖြစ်သည်။
ကျိုးချင်ယုကပင် ဤနေရာကို ရှာတွေ့ခဲ့သောကြောင့် နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူများမှာလည်း ဤနေရာကို သေချာပေါက် ရှာတွေ့လိမ့်မည် ဖြစ်သည်။
အထင်လွဲမှားမှုတစ်ခုသာ ဖြစ်ပေါ်လာခဲ့မည်ဆိုပါက၊ ကျိုးချင်ယုက သူနှင့် မထိုက်တန်သော ကပ်ဘေးတစ်ခုကို ခံစားသွားရမည် မဟုတ်လော။
ချက်ချင်းဆိုသလိုပင် လုချန်ရှန်းသည် တည်နေရာများ ပြောင်းလဲရန် ပြင်ဆင်နေတော့သည်။ ယခုတွင် သူသည် စီးပွားရေးလုပ်နေခဲ့ပြီ ဖြစ်သည်၊ ထို့ကြောင့် တိုက်ခိုက်ခြင်းကို တတ်နိုင်သမျှ ရှောင်ကျဥ်မည်ဖြစ်ပြီး၊ အထူးသဖြင့် အချိန်နှင့်အမျှ လျော့နည်းသွားသော ဤပစ္စည်းများကို ပိုင်ဆိုင်ထားရသည့် အချိန်မျိုးတွင် ဖြစ်သည်။
သို့ရာတွင် သူမထွက်သွားခင် အချိန်မှာပင် လူငယ်တစ်ဦး ရောက်ရှိလာခဲ့သည်။
သူတို့အားလုံးသည် စုန့်ချင်နောက်သို့ လိုက်လာကြပုံရသည်။
“ တာအိုရောင်းရင်း၊ နေပါဦး “ လူငယ်သည် အလောတကြီး စကားစပြောလာခဲ့သည် “ ကျုပ်နာမည်က ရှန်းဟဲ့ပါ၊ ပြီးတော့ ကျုပ်က နတ်ဘုရား သန့်စင်ခြင်း နန်းတော်က နန်းတော်သခင်ရဲ့ တပည့်ပါ “
“ ချူလျူရှန်းရဲ့ တပည့်လား “
“ အမှန်ပါပဲ “
ထိုစကားကို ကြားလိုက်ရသော အချိန်၌၊ ရှန်းဟဲ့၏ အမူအရာအတွင်းတွင် မာနထောင်လွှားမှုများ ကြီးစိုးလာခဲ့သည်။
လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားခဲ့ပြီး၊ ထိုလူ့ကို ကြည့်ကာ စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် မေးမြန်းလိုက်သည် “ ဆိုတော့ မင်းက ……… “
“ တာအိုရောင်းရင်းဆီမှာ အသွင်ပြောင်းခြင်းကို လှုံ့ဆော်ပေးနိုင်တဲ့ ဆေးလုံးတွေရှိတယ်လို့ ကျွန်တော်ကြားခဲ့ရတယ်။ ကျုပ်ရဲ့ နတ်ဘုရား သန့်စင်ခြင်း နန်းတော်က ခင်ဗျားနဲ့ စီးပွားရေးတစ်ခု လုပ်ချင်ပြီးတော့ ဆေးတစ်ချို့ ဝယ်ချင်ပါတယ် “
“ ငါ့ဆီကနေ ဝယ်မလို့လား “
“ ဟုတ်တယ် “
“ ငါဘယ်သူလဲဆိုတာကို မင်းမသိဘူးလား “ လုချန်ရှန်း၏ မျက်ခုံးတစ်ဖက် ပင့်တက်သွားခဲ့သည်။
ရှန်းဟဲ့မှ ပြန်ပြောလိုက်သည် “ မသိပါဘူး။ စုန့်ချင်နောက်ကို လိုက်လာခဲ့ပြီးတော့ တာအိုရောင်းရင်းကို ရှာတွေ့ခဲ့တာပါ “
“ သူက သေသေချာချာ ဖုံးထားနိုင်ခဲ့တာပဲ “
ရှန်းဟဲ့သည် ဇဝေဇဝါ ဖြစ်သွားခဲ့သည် “ တာအိုရောင်းရင်း၊ ဘာကိုဆိုလိုတာလဲ။ မင်းက ငါ့ကို မရောင်းချင်ဘူးလား “
“ မဟုတ်ပါဘူး။ ငါအရောင်းဖွင့်ထားတယ်၊ ငွေပေးတဲ့လူတိုင်းကို ရောင်းမှာ။ အဲ့တာက ….. “
“ ဘာကြီးလဲ “
လုချန်ရှန်းသည် မနေနိုင်တော့ဘဲ၊ ထပ်မံ၍ မေးမြန်းလိုက်သည် “ မင်းက ငါ့ဆီကနေ ဝယ်ချင်တယ်ဆိုတာ သေချာလား “
………………………………………………………………………………………………………………………………….
အပိုင်း ( 114 )
တစ်ခုခု မူမမှန်ဘူးလို့ ငါအမြဲခံစားနေခဲ့ရတယ်
လုချန်ရှန်းသည် ထိုနေရာတွင် မတ်တပ်ရပ်နေခဲ့ကာ၊ ရှန်းဟဲ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။
အဆုံးတွင် သူသည် ဆေးအလုံးနှစ်ဆယ်ကို တစ်လုံးလျှင် ဝိညာဥ်ကျောက်တုံး လေးသောင်းဖြင့် ရောင်းချခဲ့ပြီး၊ ရှစ်သိန်းအမြတ်ထွက်ခဲ့လေသည်။
ချူလျူရှန်းနဲ့ ငါ့ကြားက ရန်ငြှိုးကို ထည့်တွက်လိုက်မယ်ဆိုရင်၊ တစ်ခုကို တစ်သောင်းလောက်လေး ဈေးတင်လိုက်တာက ကြောင်းကျိုးဆီလျော်တယ်လေ၊ ဟုတ်တယ်မလား
၎င်းသာလျှင် မဟုတ်ဘဲ၊ သူသည် သူ၏ကျိန်ဆိုချက်ကို လျစ်လျူရှုကာ၊ ထိုလူ၏တပည့်ကို မထိခဲ့ပေ၊ အဆိုပါ လုပ်ရပ်သည် သူက ရိုးသားကြိုးစားကာ၊ ကြင်နာတတ်သည့် လူတစ်ဦးဖြစ်သည်ဆိုသည်ကို သက်သေပြုနေခဲ့သည်။
သူကဲ့သို့သော လူတစ်ဦးကို မည်သည့်နေရာတွင် ရှာတွေ့နိုင်မည်နည်း။ အလုပ်နှင့် ကိုယ်ရေးကိုယ်တာ ကိစ္စကို ရှင်းရှင်းလင်းလင်း ပိုင်းခြားထားခဲ့ပြီး၊ စိတ်ခံစားချက်များကို သူ၏ အလုပ်များတွင် ဝင်ရှုပ်ခွင့်မပြုခဲ့ပေ။
သူသည် ပို၍တွေးတောစဥ်းစားလေလေ၊ သူကိုယ်တိုင်က ပို၍ ထူးချွန်ထက်မြက်လေလေဟု ခံစားနေခဲ့ရသည်။
ရှန်းဟဲ့ထွက်သွားသည်ကို မြင်တွေ့ခဲ့ရပြီးသည့်နောက်တွင်၊ ဒေါင်းမျိုးနွယ်စုမှ လူများ ရောက်ရှိလာခဲ့ပြီး၊ ကျန်ရှိနေသည့် ဆေးလုံးရှစ်လုံးကို ဝယ်ယူသွားခဲ့သည်။
ယခုတွင် လုချန်ရှန်းမှာ အရာအားလုံးကို ရောင်းချခဲ့ပြီးပြီဖြစ်ပြီး၊ ဝိညာဥ်ကျောက်တုံး ၁.၈သန်းအထိ အမြတ်ထွက်ခဲ့လေသည်။ အကယ်၍ သူ၏ စီနီယာအစ်ကိုများနှင့် ဂျူနီယာညီမတို့အတွက်သာ မသုံးခဲ့ဘူးဆိုခဲ့ပါက၊ သူသည် အကျိုးအမြတ်က ၎င်း၏ နှစ်ဆဖြစ်နေလိမ့်မည်ဟု မှန်းဆတွက်ချက်ခဲ့မိသည်။
သူသည် သူက စီးပွားရေးတွင်ပါ ပါရမီပါသည်ဆိုသည်ကို ရုတ်တရက် နားလည်သွားခဲ့သည်၊ သူသည် အရင်းမစိုက်ရဘဲ၊ အမြတ်များများထွက်မည့် အခွင့်အလမ်းမျိုး ထပ်ရှိသေးလားဆိုသည်ကို မရေရာမသေချာ ဖြစ်သွားခဲ့သည်။
၎င်းကို တွေးမိသွားသောအခါတွင် သူသည် ပြုံးစိစိ ဖြစ်သွားကာ၊ ပြန်သွားရန် ပြင်ဆင်လိုက်သည်။
သို့ရာ၌ ထိုအချိန်တွင် သူ၏အရှေ့သို့ အလင်းတန်းတစ်ခု ဆင်းသက်လာခဲ့သည်။
“ ဟမ်၊ ကြက်နက်ကလေး၊ မင်းက ဘယ်တုန်းက ပြန်ရောက်လာတာလဲ “ လုချန်ရှန်းသည် သူ့အရှေ့တွင် ရှိနေသည့် သုံးလက်မမြင့်မားသော အနက်ရောက်ငှက်ကလေးကို ကြည့်ကာ တအံ့တဩဖြင့် စကားပြောလိုက်သည်။
ရှောင်ဟေးသည် သူ့ကို ကြည့်ကာ၊ ပြန်ပြောလာခဲ့သည် “ မင်းက နတ်ဘုရား သန့်စင်ခြင်း နန်းတော်ကို ဂုတ်သွေးစုပ်နေတဲ့ အချိန်တုန်းကပေါ့ “
“ မင်းက အကုန်မြင်ခဲ့တာလား “
“ မင်းဘယ်လိုထင်လို့လဲ “ ရှောင်ဟေး၏ မျက်လုံးများအတွင်းတွင် ရွံ့ရှာစက်ဆုပ်မှုများ စွန်းထင်းနေခဲ့သည်။
လုချန်ရှန်းသည် ကူရာကယ်ရာမဲ့စွာဖြင့် သက်ပြင်းချနေတော့သည် “ ဟူး၊ ငါက ဖိအားပေးခံလိုက်ရတာလေ “
“ ဖိအားပေးခံလိုက်ရတာလား “
“ အမှန်ပဲ “
“ ဆိုတော့ မင်းက သူတို့ရဲ့ ကိုယ်ပိုင်ပစ္စည်းကို သူတို့ဆီကို ပြန်ရောင်းပြီးတော့၊ ဂုတ်သွေးစုပ်နေခဲ့တာပေါ့ “ ရှောင်ဟေးသည် တဟားဟား ရယ်မောနေတော့သည်၊ သူသည် စောစောစီးစီး ထွက်သွားခဲ့သော်လည်း၊ အရူးတစ်ယောက်က ဂိုဏ်းသုံးဂိုဏ်းထံမှ ရေကန်များ ခိုးယူခဲ့သည်ဆိုသည်ကို ကြားသိခဲ့ရသည်။
သူသည် ထိုအရူးက လုချန်ရှန်းဖြစ်သည်ဆိုသည်ကို နှစ်ခါပင် မစဥ်းစားဘဲ၊ တန်းသိသွားခဲ့သည်။ သူမှအပ မည်သူက ထိုကဲ့သို့သော ကိစ္စမျိုးကို လုပ်ဝံ့မည်နည်း
“ တကယ်လို့ သူတို့ဆီမှာ ငါ့ရဲ့ စီနီယာအစ်ကိုတွေကို တိုက်ခိုက်ချင်နေတဲ့ မကောင်းတဲ့ ရည်ရွယ်ချက်တွေ မရှိခဲ့ဘူးဆိုရင်၊ ငါက အဲ့လိုအလုပ်မျိုးကို လုပ်ခဲ့မှာ မဟုတ်ဘူး။ ငါက အတင်းအကြပ် ဖိအားပေးခံလိုက်ရတယ်လို့ မင်းမထင်ဘူးလား “
လုချန်ရှန်းသည် ဖြောင့်မတ်တည်ကြည်သော ဟန်အမူအရာဖြင့် ပြောဆိုလာခဲ့သည်။
ဘာကို ဖိအားပေးခံလိုက်ရတာတုန်း
ရှောင်ဟေး ဆွံ့အသွားခဲ့သည်။
ထို့နောက်တွင် လုချန်ရှန်းသည် ဝိညာဥ်ကျောက်တုံးများကို ပျော်ပျော်ရွှင်ရွှင် ကြည့်ရှုစစ်ဆေးနေတော့သည်။
ရှောင်ဟေးသည် သူ၏အကြည့်ကို ရုတ်သိမ်းကာ၊ စကားထပ်ပြောလာခဲ့သည် “ ငါနဲ့လိုက်ခဲ့ “
“ ဘယ်ကိုလဲ “
“ တစ်ခုခုကို ပြမလို့၊ မင်းစိတ်လှုပ်ရှားသွားလောက်တယ် “
“ အို့။ ငါ့ကို စိတ်လှုပ်ရှားစေနိုင်တဲ့ ပစ္စည်းတစ်ခု ရှိနေတာလား “ လုချန်ရှန်း အံ့အားသင့်သွားခဲ့သည်။
ငွေရှာခြင်းကိုသာ အာရုံစိုက်နေခဲ့ပြီး၊ အလိုရမ္မက် တပ်မက်မှု ကင်းမဲ့သည့် မျိုးဆက်သစ် ကျင့်ကြံသူ တစ်ဦးအနေဖြင့်၊ ငယ်ရွယ်လှပသော မိန်းမပျိုလေးများကပင် သူ့ကို နှစ်ကြိမ်ငေးကြည့်အောင် ပြုလုပ်နိုင်စွမ်း မရှိပေ။ မည်သည့်အရာက သူ့ကို စိတ်လှုပ်ရှားသွားစေလိမ့်မည်နည်း
အကယ်၍ ဝိညာဥ်ကျောက် မိုင်းတွင်းတစ်ခုကို ရှာတွေ့ခဲ့မည်ဆိုပါက၊ စိတ်လှုပ်ရှားရုံလောက်ပဲ ဖြစ်သွားလိမ့်မည် မဟုတ်ပေ။
ထို့နောက် ရှောင်ဟေးမှ ဦးဆောင်ကာ၊ နှစ်ယောက်သား လမ်းသလားနေခဲ့ပြီး၊ နတ်တောင်၏ တစ်ဖက်ခြမ်းသို့ တိုက်ရိုက်ရောက်ရှိသွားကြသည်။
ထိုနေရာတွင် အောက်ခြေမရှိသည့် လှိုဏ်ဂူတစ်လုံး ရှိနေခဲ့သည်။
ရှောင်ဟေးသည် အရှေ့မှ လမ်းလျှောက်နေခဲ့ပြီး၊ လုချန်ရှန်းမှာ သူ့အနောက်မှ လိုက်နေခဲ့သည်။ လှိုဏ်ဂူထံမှ အေးစက်စက် အရှိန်အဝါတစ်ခု အဆက်မပြတ် ပျံ့လွင့်လာခဲ့ပြီး၊ ထိုနေရာတွင် ဓားချီကဲ့သို့သော ရင်းနှီးနေသည့် အရှိန်အဝါတစ်ခုပါ ရှိနေခဲ့သည်။
မကြာခင် အချိန်မှာပင် သူတို့၏ နားများအတွင်းသို့ ရှည်လျားသော မြစ်တစ်စင်းက စီးဆင်းနေသည့်အလား ဖြစ်နေသည့်၊ ရေစီးသံများ ဝင်ရောက်လာခဲ့သည်၊ ၎င်းအပြင် လေထုကို ဆုတ်ဖြဲနေသည့် အသံများလည်း အဆက်မပြတ် ပေါ်ထွက်နေလျက်ရှိသည်။
“ ဒီဓားချီက ဘယ်ကနေ ရောက်လာခဲ့တာလဲ “ ဟု လုချန်ရှန်းမှ မေးမြန်းလိုက်သည်။
ချက်ချင်းဆိုသလိုပင် သူတို့နှစ်ဦးသည် လှိုဏ်ဂူကို အပြည့်အဝ ကျော်လွန်သွားကာ၊ ကျယ်ဝန်းသော နေရာဆီသို့ ရောက်ရှိလာခဲ့သည်။
၎င်းမှာ ကြီးမားသော မြေအောက်နန်းတော်တစ်ခုအလား ဖြစ်နေခဲ့သည်၊ ပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်ရှုလိုက်မည်ဆိုပါက၊ တသွင်သွင် စီးဆင်းနေသည့် ရှည်လျားသော မြစ်တစ်စင်းနှင့်၊ ၎င်းနှင့်အတူ ဒီရေကဲ့သို့ တက်လိုက်ကျလိုက်ဖြစ်နေသည့် ဓားချီတစ်ခုပါ လိုက်ပါစီးဆင်းနေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။
သို့ရာတွင် အဆိုပါ မြစ်ရေမှာ အမည်းရောင် ဖြစ်နေခဲ့ပြီး၊ ရေထုအတွင်းတွင် အဖြူရောင်ဓားချီတစ်ခု ရှိနေခဲ့သည်၊ အရာအားလုံးသည် အံ့ဖွယ်ကောင်းသော အငွေ့အသက်များကို ထုတ်လွှတ်နေခဲ့သည်။
“ အဲ့တာလား “
“ ဟုတ်တယ် “ ဟု ရှောင်ဟေးမှ ခေါင်းငြိမ့်ပြလာခဲ့သည်။
လုချန်ရှန်းသည် မြစ်ရေကို မဝံ့မရဲ ထိတွေ့လိုက်ပြီး၊ ရေက အလွန်တရာ ထူးခြားကာ၊ ဝိညာဥ် စွမ်းအားကို တိုက်စားနိုင်စွမ်းရှိပုံရကြောင်းကို သိရှိသွားခဲ့သည်။
ရှောင်ဟေးမှ စကားထပ်ပြောလာခဲ့သည် “ ငါစမ်းကြည့်ခဲ့ပြီးပြီ။ ဒီရေက တော်တော်လေးကို ထူးခြားတယ်။ ထိလိုက်တာနဲ့ ဝိညာဥ်စွမ်းအားကို တိုက်စားနိုင်ပြီးတော့၊ ဝိညာဥ်ရေးရာတွေကို ဖျောက်ဖျက်ပစ်နိုင်တယ်။ မြစ်ရေနဲ့အတူ ပါလာတဲ့ ဓားချီတစ်ခုလည်း ရှိတယ် “
( ဝိညာဥ်စွမ်းအား = မှော်စွမ်းအား၊ အသုံးအနှုန်းပဲ ကွဲတာပါ အလျင်းသင့်သလို တစ်လှည့်စီ သုံးသွားပါမယ် )
လုချန်ရှန်းမှ မေးမြန်းလိုက်သည် “ အဲ့တာက ငါ့ကို စိတ်လှုပ်ရှားစေနိုင်လို့လား “
“ ငါနဲ့လိုက်ခဲ့ “
ထို့နောက်တွင် ရှောင်ဟေးသည် သူ့အား ရေအောက်သို့ ခေါ်ဆောင်သွားတော့သည်။ သူတို့နှစ်ဦးသည် မြစ်ရေက အဆုံးသို့ ရောက်ရှိနေပုံရပြီး၊ မြေပြင်ကို အဆက်မပြတ် တိုက်စားကာ၊ လမ်းကြောင်းအသစ်တစ်ခု ဖောက်နေသည့်အလား ဖြစ်နေသည်ကို မြင်တွေ့လိုက်ကြရသည်။
သူတို့ချဥ်းကပ်သွားသည့် အချိန်၌၊ မြစ်ရေထက်တွင် ရွှေရောင် စက္ကူတစ်ရွက် မျောလွင့်လာခဲ့သည်။
၎င်းအပေါ်တွင် ပုံစံကွက်များနှင့် စာလုံးများ ထိုးထွင်းထားပုံရပြီး၊ ဓားဆန္ဒ အပိုင်းအစလေးများကပင် ၎င်း၏ ပတ်ပတ်လည်တွင် လည်ပတ်နေကာ၊ ပုံမှန်မြင်တွေ့နေရသည့် ဓားဆန္ဒထပ် ကျော်လွန်သော တုန်လှုပ်ဖွယ်ကောင်းသည့် စွမ်းအားတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။
“ အဲ့တာက ဘာကြီးလဲ “ လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့သည်။
ရှောင်ဟေးမှ လှုပ်ရှားလိုက်ရာ၊ ဝိညာဥ်စွမ်းအားများ မြင့်တက်လာခဲ့သည်၊ ကြိုးစားအားထုတ်မှုများစွာ ပြုလုပ်ခဲ့ပြီးသည့်နောက်တွင်၊ ရွှေရောင်စက္ကူကို ဆွဲယူနိုင်ခဲ့သည်။
လုချန်ရှန်းသည် ၎င်းကို ယူကာ၊ ကြည့်ရှုစစ်ဆေးလိုက်သည်၊ သို့သော် စာရွက်ပေါ်တွင် ဆွဲအားတစ်ခု ရှိနေခဲ့ပြီး၊ အဆိုပါ ချိတ်ဆက်မှုကို မဖြတ်တောက်နိုင်ပုံရကာ၊ စာရွက်ကို ကိုင်ဆောင်ထားရသည့် အချိန်တိုင်းတွင်၊ ဝိညာဥ်စွမ်းအား ပမာဏများစွာ သုံးစွဲနေခဲ့ရ၏။
သို့သော် သူသည် အဆိုပါ စာရွက်ကို ကြည့်ရှုနေရင်းဖြင့်၊ မျက်လုံးအပြူးသား ဖြစ်သွားခဲ့သည်။
“ တာအိုပုံသဏ္ဍာန်၊ ဓားတာအိုရဲ့ အရိပ်၊ တာအို အမျိုးမျိုးရဲ့ ပေါင်းစည်းမှု၊ ဓားတာအို နှလုံးသား …. “
လုချန်ရှန်းသည် အံ့ဩတကြီး ဖြစ်သွားခဲ့သည်၊ ၎င်းမှာ ဓားတာအို၏ လျှို့ဝှက်ချက်များကို ရေးထိုးထားသည့် ကျမ်းစာတစ်ခု ဖြစ်နေခဲ့သည်၊ သို့သော် ပြီးပြည့်စုံသော ကျမ်းစာတစ်အုပ် မဟုတ်ဘဲ၊ မပြည့်မစုံ ဖြစ်နေသော အပိုင်းအစတစ်ခုမျှသာ ဖြစ်နေခဲ့သည်။ ထိုကဲ့သို့ဆိုလျှင်တောင်မှ သူအံ့ဩတုန်လှုပ်သွားခဲ့ရသည်။
ချက်ချင်းဆိုသလိုပင် သူ၏စိတ်စွမ်းအား ပျံ့လွင့်လာခဲ့ကာ၊ ၎င်းကို ဖုံးလွှမ်းသွားသော်လည်း၊ ရေးထိုးထားသည့် ပုံစံကွက်များမှတစ်ပါး မည်သည့်မူမမှန်မှုမှ ရှိမနေခဲ့ပေ။
တစ်ခဏအကြာတွင် စက္ကူ တုန်ခါလာခဲ့ပြီး၊ လုချန်ရှန်းမှာလည်း ဝိညာဥ်စွမ်းအား များစွာကုန်ဆုံးသွားခဲ့ပြီ ဖြစ်သောကြောင့်၊ ၎င်းကို လွှတ်ချလိုက်သည်။
ရှောင်ဟေးမှ စကားထပ်ပြောလာခဲ့သည် “ ငါ့ရဲ့ ဓားတာအိုကျင့်ကြံရေးက သိပ်မမြင့်ဘူး၊ ဒါက ထူးခြားတယ်လို့ ခံစားနိုင်ပင်မဲ့၊ ဘာကြောင့်လဲဆိုတာကို မရှင်းပြနိုင်ဘူး “
“ ထူးခြားတယ်ဆိုတာထပ်ကို ပိုတယ်၊ ဒီပစ္စည်းက ကောင်းကင်ဘုံကို ဆန့်ကျင်နေတာပဲ “
“ ဘာကိုဆိုလိုတာလဲ “
လုချန်ရှန်းမှ ရှင်းပြလာခဲ့သည် “ အဲ့ထဲမှာ မှတ်တမ်းတင်ထားတာက ဓားကျမ်းစာပဲ၊ အဲ့ထဲမှာ ဓားတာအိုရဲ့ အန္တိမ လျှို့ဝှက်ချက်တွေပါတယ်။ ဒီဟာကသာ ပြီးပြည့်စုံတဲ့ ကျမ်းစာတစ်ခု ဖြစ်နေမယ်ဆိုရင်၊ အံ့ဖွယ်ကောင်းတဲ့ အရာတစ်ခုဖြစ်လာလိမ့်မယ်လို့ ငါခံစားနေရတယ်။ တကယ်တော့ ဓားတာအိုရဲ့ နက်နဲတဲ့ အဆင့်အမြင့်ဆုံး အမှန်တရားကိုတောင် လမ်းညွှန်ပြသပေးနိုင်တယ် “
“ နက်နဲတဲ့ အဆင့်အမြင့်ဆုံး အမှန်တရားဆိုတာက ဘာလဲ “
“ ငါမသိဘူး “ လုချန်ရှန်းသည် သူ၏ဦးခေါင်းကို ခါရမ်းပြလိုက်သည်။ ဓားတာအိုကို စတင်၍ နားလည်ခဲ့သည့် အချိန်ကတည်းက၊ သူသည် ထိုတာအိုက မရေမတွက်နိုင်လောက်အောင် များပြားလွန်းလှသော ကွဲပြားမှုများဖြင့် အဆုံးမရှိဘူးဟု ခံစားနေခဲ့ရသည်။
“ မင်းကတောင် မသိဘူးလား “ ရှောင်ဟေး အံ့အားသင့်သွားခဲ့သည်။
ထို့နောက်တွင် လုချန်ရှန်းမှ စကားထပ်ပြောလာခဲ့သည် “ ငါမြင်နိုင်တဲ့ မှတ်တမ်းတွေက အကန့်အသတ်ရှိတယ်။ အဆင့်၉အထက်က ဓားနှလုံးသား သန့်စင်မှုဖြစ်တဲ့၊ ဓားနှလုံးသားကို ကျင့်ကြံရတာပဲ။ အဲ့ဒီနောက်မှာတော့ ဓားချီအသွင်ပြောင်းခြင်း၊ ဓားဆန္ဒ ဖြစ်တည်ခြင်းပဲ၊ အဲ့တာတွေရဲ့အထက်မှာတော့ ဒဏ္ဍာရီလာ အင်မော်တယ် နယ်ပယ်ရှိတယ် “
“ အင်မော်တယ်က ဘာလဲ “
“ ဓားဆန္ဒက မသေတော့တာ၊ တကယ်လို့ လူတစ်ယောက်ရဲ့ ခန္ဓာက သေသွားပြီးတော့၊ သူ့ရဲ့ တာအိုက ပျောက်ကွယ်သွားမယ်ဆိုရင်တောင်မှ၊ သူ့ရဲ့ ဓားဆန္ဒက ဖျက်စီးလို့မရဘဲ၊ ဆက်ပြီးတော့ ရှင်သန်နေနိုင်တယ်။ ဒါပင်မဲ့ အဲ့တာက မှတ်တမ်းလေးတစ်ခုပဲ။ တကယ်တော့ အင်မော်တယ်အထက်က ပိုအစွမ်းထက်တဲ့ ဓားတာအိုတစ်ခုတောင် ရှိနေနိုင်တယ် “
လုချန်ရှန်းမှ ပြောပြလာခဲ့သည်၊ ဓားတာအို ကျင့်ကြံရေး ကြောက်မက်ဖွယ်ကောင်းသည်ဟု ပြောဆိုနေခဲ့သော်လည်း၊ အစစ်အမှန် ကန့်သတ်ချက်က မည်သည့်နေရာတွင် ရှိနေလဲဆိုသည်ကို ဒဏ္ဍာရီလာ ဓားအင်မော်တယ်များကသာလျှင် သိနိုင်ပေသည်။
ရှောင်ဟေးသည် အချိန်အတော်ကြာ တွေးတောစဥ်းစားနေခဲ့ပြီးမှ စကားပြန်ပြောလာခဲ့သည် “ ဆိုတော့ ဒီကျမ်းစာက မင်းကို အဆင့်ပိုမြင့်တဲ့ ဓားတာအိုနယ်ပယ်တစ်ခုဆီကို လမ်းညွှန်ပေးနိုင်တယ်လို့ ခံစားနေရတယ်ပေါ့ “
“ ငါလည်းသိပ်မသေချာဘူး၊ ဒါပင်မဲ့ ဒီကျမ်းစာက တကယ်ကို ထူးခြားတယ် “ ဟု လုချန်ရှန်းမှ ပြန်ပြောလာခဲ့သည်။
သူ၏အကြည့်သည် ထိုနေရာတွင်သာ ရှိနေခဲ့သည်၊ ထိုနေရာသည် မြစ်ရေ၏ အဆက်မပြတ် ရိုက်ခတ်မှုကို ခံယူနေခဲ့ရပြီး၊ ရွှေရောင်အလင်းလွှာတစ်ခုက ၎င်းကို ဖုံးအုပ်ကာ တားဆီးနေခဲ့သည်၊ ၎င်းမှာ နတ်တောင်တန်း၏ အကာအရံ ဖြစ်သည်။
၎င်းသည် ဤနေရာကို ထိုးဖောက်ကာ၊ အရှေ့သို့ ဆက်လက်စီးဆင်းသွားလိုပုံရသည်၊ ၎င်းက ကြာကြာ ပိတ်ဆို့နေနိုင်တော့မည် မဟုတ်ပေ။
“ ဒီပစ္စည်းက ဘယ်ကနေ ရောက်လာခဲ့တာလဲ “
လုချန်ရှန်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည်၊ သူ၏ စိတ်စွမ်းအားသည် အဝေးတွင် ဆက်လက်၍ ရှာဖွေနေသေးသည်။ ရုတ်တရက် ဆိုသလိုပင် သူ၏မျက်လုံးများ တောက်ပသွားကာ၊ မြစ်ရေစီးကြောင်းအတိုင်း ပြေးလိုက်သွားခဲ့သည်။
ရှောင်ဟေးမှာလည်း အလောတကြီး လိုက်လာခဲ့ပြီး၊ အကွာအဝေးတစ်ခုအထိ ရောက်ခဲ့ပြီးသည့်နောက်တွင် နောက်ထပ် ရွှေရောင်စက္ကူတစ်ရွက်ကို မြင်တွေ့လိုက်ရသည်။
“ ထပ်ရှိသေးတာပဲ “
ရှောင်ဟေးသည် တအံ့တဩဖြင့် အော်မိသွားခဲ့သည်။
လုချန်ရှန်းသည် ၎င်းကို ထပ်မံ၍ ထိတွေ့ကိုင်တွယ်လိုက်သည်။ ၎င်းထံတွင် ပထမကျမ်းစာ၏ အဆက်ဖြစ်သည့် ကျမ်းစာတစ်စိတ်တစ်ပိုင်း ပါဝင်နေသေးသည်။
တစ်ခဏအတွင်းမှာပင် သူသည် မည်သို့မျှ တည်ငြိမ်မနေနိုင်တော့ပေ။
“ ဘာဖြစ်တာလဲ “ ဟု ရှောင်ဟေးမှ မေးမြန်းလာခဲ့သည်။
လုချန်ရှန်းသည် ကျမ်းစာကို စိတ်ထဲတွင် မှတ်သားထားလိုက်ပြီး၊ ရွှေရောင်စက္ကူကို လွှတ်ပေးလိုက်ကာ၊ မနေနိုင်တော့ဘဲ စကားပြောလာခဲ့သည် “ ဒီပစ္စည်းရဲ့ ဇစ်မြစ်က တော်တော်ကြီးကို ကြီးကျယ်ခမ်းနားလောက်တယ် “
“ ဘာကြီး “
စကားတစ်ခွန်းတည်းဖြင့် ရှောင်ဟေးမှာ အံ့ဩတုန်လှုပ်သွားခဲ့သည်။
သူတွေးတောစဥ်းစားနေသည့် အချိန်မှာပင်၊ ပတ်ဝန်းကျင်တစ်ခုလုံး လှုပ်ခါလာခဲ့သည်။ အနက်ရောင် ရေများသည် အတားအဆီးကို ချိုးဖျက်ကာ၊ မြေပြင်ကို ပွင့်ထွက်သွားစေခဲ့ပြီး၊ ကမ္ဘာမြေအတွင်းသို့ စီးဝင်ကာ၊ နတ်တောင်တန်းဆီသို့ ဦးတည်သွားခဲ့သည်။
လုချန်ရှန်းသည် ၎င်းကို စောင့်ကြည့်ရင်းဖြင့် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူသည် တွေးတောစဥ်းစားနေရင်းဖြင့် တစ်ခုခု မှားယွင်းနေသည်ကို ရုတ်တရက် သတိပြုမိသွားခဲ့သည်။
ဓားချီတစ်ခုသည် ရေထုအတွင်းမှ ပျံထွက်လာခဲ့သည်။ သူသည် ၎င်းကို တားဆီးပိတ်ဆို့ရန်အတွက် သူ၏လက်ကို မြှောက်လိုက်သည်၊ မှော်စွမ်းအား မြင့်တက်လာခဲ့သည်၊ သို့သော် အနက်ရောင်ရေက မှော်စွမ်းအားကို ထိတွေ့သွားသည့် အချိန်တွင် အရာအားလုံး ပျောက်ကွယ်သွားခဲ့သည်။ အဆိုပါ ဓားချီသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက်ဝင်ရောက်လာခဲ့သည်။