← Chapters

အခန်း (၁၁၈-၁၂၀)

Vol. 8 Ch. 118-120

အခန်း (၁၁၈-၁၂၀)

Vol. 8 Ch. 118-120

အပိုင်း ( 118 )

ငါလောသွားတယ်ကွာ

ကမ္ဘာတစ်ခုလုံးသည် တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မည်သူက တွေးထားလိမ့်မည်နည်း။

သူတို့သည် ၎င်းကို မမျှော်လင့်ထားခဲ့ပေ၊ နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူများသာဆိုပါက ပို၍ပင် ထင်မှတ်ထားခဲ့လိမ့်မည် မဟုတ်ပေ၊ တစ်ဖက်လူသည် ထိုကဲ့သို့သော လှည့်ကွက်မျိုးကို အသုံးပြုလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

နတ်ဘုရား သန့်စင်ခြင်း နန်းတော်၏ အစွမ်းထက် ပညာရှင် ရန်သူ့ဆီသို့ တည့်တည့်ရောက်ရှိလာကာ၊ အလှည့်စားခံလိုက်ရပြီး၊ တစ်ဖက်လူကို ကျေးဇူးတင်စကားပြောကာ၊ အဝေးသို့ ရောက်ရှိသွားခဲ့သည်။ ထိုလူ၏ စိတ်ဓာတ်ခွန်အားမှာ အမှန်ပင် ပြိုင်ဘက်ကင်းနေခဲ့သည်။

ကျန်နေခဲ့သည့် ထိုလူများက စိတ်ဒဏ်ရာ ရကာ၊ စိတ်ဂဏာမငြိမ်ဖြစ်နေသည့် အချိန်တွင်၊ လုချန်ရှန်းကမူ အချိန်အတော်ကြာကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင်၊ သူသည် လူသူကင်းမဲ့သော နေရာတစ်ခုဆီသို့ ရောက်ရှိလာခဲ့ပြီး၊ တောအုပ်အတွင်းမှာ ထွက်လာခဲ့ပြီးသည့်နောက်တွင် သူ၏ မူလအသွင်အပြင်ကို ပြန်လည်ပြောင်းလဲလိုက်သည်။

သူသည် ပွက်ပွက်ညံကာ ဖရိုဖရဲဖြစ်နေသည့် ပတ်ဝန်းကျင်ကို ငေးကြည့်ရင်းဖြင့်၊ လမ်းမထက်တွင် အေးအေးလူလူ လမ်းလျှောက်နေခဲ့၏။

သူ၏ စီနီယာအစ်ကိုများကို ရိုက်နှက်ကာ၊ သူ့ဆရာကို လက်စားချေရန် ကြံရွယ်ထားသည့် လူများကပင် သူ့ကို မြင်လိုက်ရသောအခါတွင်၊ အပြင်ဘက်သို့သာ အလျင်စလို ပြေးထွက်သွားကြသည်။

ယခုလေးတင် မြင်တွေ့ခဲ့ရသည့် မြင်ကွင်းမှာလည်း အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

လုချန်ရှန်းကို မြင်တွေ့ရချိန်တွင် ကြောက်လန့်သွားလေ့ရှိသော်လည်း၊ ယခုတွင်မူ သူတို့သည် အထိတ်တလန့်ပါ ဖြစ်နေကြပြီ ဖြစ်သည်။

ရှောင်ဟေးသည် မနေနိုင်တော့ဘဲ၊ သူက ဆိုးရွားသော ကိစ္စတစ်ခုခုကို ယခင်က ပြုလုပ်ခဲ့ဖူးလားဆိုသည်ကို ပြန်၍တွေးတောစဥ်းစားနေတော့သည်။

“ လုချန်ရှန်း “

“ ဟမ် “

“ ငါတို့က သူငယ်ချင်းကောင်းတွေလေ၊ ဟုတ်တယ်မလား “

“ အို့ “ လုချန်ရှန်း အံ့အားသင့်သွားခဲ့သည်။

ရှောင်ဟေးမှ စကားထပ်ပြောလာခဲ့သည် “ ငါတို့က သူငယ်ချင်းကောင်းတွေဆိုမှတော့၊ စကားပြောကြ၊ ရယ်ကြမောကြ၊ စနောက်ကြနဲ့လေ။ အငြှိုးအတေးထားလို့ မရဘူး “

“ စိတ်မပူပါနဲ့၊ ငါက အငြှိုးအတေးထားတတ်တဲ့ လူမဟုတ်ပါဘူး “

လုချန်ရှန်မှ အေးအေးလူလူ တုံ့ပြန်လိုက်၏၊ သို့သော် ရှောင်ဟေးမှာ တွေဝေတုံ့ဆိုင်းသွားခဲ့သည်။

ဒီကောင်က စိတ်သဘောထား ကျဥ်းမြောင်းတယ်။ သူ့ကို တစ်ခါလောက် ချုံခိုတိုက်ခိုက်ခဲ့ဖူးတဲ့ ချူလျူရှန်းကတောင် အသေရိုက်သတ်ခံလိုက်ရတယ်။ ပြီးတော့ ကျောက်ရုန်၊ ကျောက်ကုန်းမင်နဲ့ တစ်ခြားလူတွေ အများကြီးရှိနေတယ်၊ ဒီကောင်လား၊ အငြှိုးအတေးမထားတတ်တာ။

သို့ရာ၌ ဤအခိုက်အတန့်တွင် ကြီးမားသော လှုပ်ခတ်မှုက လူတိုင်းကို ဆွဲဆောင်သွားခဲ့သည်။ လုချန်ရှန်းသည် ချိုင့်ဝှမ်းအတွင်းသို့ ရောက်ရှိလာခဲ့ပြီး၊ လူတိုင်း ထွက်သွားခဲ့ပြီဖြစ်ကာ၊ ကျိုးချင်ယု တစ်ဦးတည်းကသာ ဤနေရာတွင် စောင့်ကြပ်နေသည်ကို မြင်တွေ့သွားခဲ့သည်။

“ ဂျူနီယာညီလေး၊ နောက်ဆုံးတော့ မင်းပြန်လာခဲ့ပြီပေါ့၊ မင်းဘယ်တွေ သွားနေတာလဲ “

အမေးကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ နှစ်ခြင်းခံယူခဲ့ပြီးတဲ့နောက်မှာ လမ်းလျှောက်ထွက်နေခဲ့တာပါ “

ကျိုးချင်ယုသည် မည်သည့်စကားမှ ထပ်မပြောလာတော့ပေ၊ သူသာ အဆင်ပြေနေသေးသရွေ့၊ သူသည် မေးခွန်းပေါင်းများစွာ မေးမြန်းနေမည် မဟုတ်ပေ။ တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင် သူသည် စကားထပ်ပြောလာခဲ့သည် “ ဒီနေရာမှာ မထင်မှတ်ထားတဲ့ ကိစ္စတစ်ခုခု ဖြစ်ခဲ့တယ်။ အရင်သွားကြရအောင် “

အကြီးအကဲ တစ်ချို့သည် မည်သည့်အရာများ ဖြစ်ပျက်ခဲ့လဲဆိုသည်ကို သွားရောက်စစ်ဆေးခဲ့ပြီး၊ ကြောက်လန့်တကြား ဖြစ်နေသော အမူအရာများဖြင့် ပြန်ပြေးလာခဲ့ကြသည်။

ယဲ့တျန်ရီနှင့် လော့ရှန်လင်းတို့မှာလည်း ထိုအကြောင်းကို ကြားခဲ့ရပြီးသည့်နောက်တွင်၊ အလောတကြီး ပြေးလာခဲ့ကြသည်။

လုချန်ရှန်း အဆင်ပြေနေသည်ကို မြင်လိုက်ရသောအခါတွင်၊ သူတို့အားလုံးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေကာ၊ ချိုင့်ဝှမ်းအပြင်ဘက်သို့ ဦးတည်သွားကြ၏။

အကြီးအကဲတစ်ချို့သည် သူတို့၏ တပည့်များနှင့်အတူ ထွက်ခွာသွားခဲ့ပြီဖြစ်သည်၊ သို့သော် မော့ရင်ကမူ လုချန်ရှန်းကို စောင့်ဆိုင်းနေသေးသည်။

နတ်တောင်တန်းမှ လုံးဝထွက်ခွာလာခဲ့သည့် အချိန်မှသာလျှင် ကူချန်ကျွင်းသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့၏။

လုချန်ရှန်းသည် သူတို့၏ အမူအရာများကို စောင့်ကြည့်နေရင်းဖြင့် နတ်တောင်တန်းအတွင်းတွင် မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့လဲဆိုသည်ကို သိချင်သွားခဲ့သည်။

သို့ရာတွင် အချိန်အတော်ကြာ စောင့်ခဲ့ပြီးသည့်နောက်မှာပင်၊ သူသည် မည်သည့်မူမမှန်မှုကိုမှ မမြင်ခဲ့ရပေ။ ထို့အစား သူသည် နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူများက ထိုနေရာမှ လမ်းလျှောက်ထွက်လာသည်ကိုသာ မြင်တွေ့လိုက်ရသည်။

“ သူတို့က မသေဘူးလား “ လုချန်ရှန်း အံ့အားသင့်သွားခဲ့သည်။

ထိုလူများက အသက်ရှင်နေကြသော်လည်း၊ သူတို့အားလုံးသည် စိတ်ဓာတ်ကျနေပုံရကာ၊ ထိုလူတို့၏ ဝိညာဥ် အရင်းအမြစ်မှာ သူတို့၏ ခန္ဓာကိုယ်ကိုယ်များပေါ်တွင် ပြန့်ကျဲနေခဲ့ကာ၊ မာနထောင်လွှားမှုများ လုံးဝကင်းမဲ့နေခဲ့သည်။

မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်ဖြစ်သည့် အဘွားအိုကပင် ဖြူဖျော့နေသော အမူအရာဖြင့် တုန်တုန်ရင်ရင် ဖြစ်နေခဲ့သည်။

ထိုအချိန်တွင် ကူချန်ကျွင်းသည် ထိုလူများကို ငေးကြည့်ကာ၊ စကားပြောလာခဲ့သည် “ အဲ့လူတွေကတော့ တကယ်ကို မသန်စွမ်းဖြစ်သွားကြပြီပဲ “

“ ဘာလို့လဲ “

“ ရှေးဟောင်းအပျက်အစီးတွေက ရောက်လာတဲ့ အနက်‌ရောင်ရေတွေက ကျိန်စာတစ်ခုကြောင့် ညစ်ထေးနေခဲ့တာ အချိန်အတော်ကြာနေခဲ့ပြီလေ။ အဲ့တာကို ထိတွေ့လိုက်တာနဲ့ ဝိညာဥ်အရင်းအမြစ် တိုက်စားခံလိုက်ရပြီး၊ တာအို အခြေခံအုတ်မြစ် ပြိုကွဲသွားလိမ့်မယ်။ သူတို့က မသေးဘူးဆိုရင်တောင်မှ၊ သူတို့က ဘယ်သူကမှ ကယ်နိုင်မှာ မဟုတ်ဘူး “

ကူချန်ကျွင်း၏ စကားကို ကြားခဲ့ရပြီးသည့်နောက်တွင် အားလုံးသည် စိတ်ခံစားချက်တို့ဖြင့် သက်ပြင်းချနေကြတော့သည်။

လုချန်ရှန်းမှာလည်း မနေနိုင်တော့ဘဲ၊ သူ၏ပေါင်ကို ရိုက်မိသွားခဲ့သည်။

“ ချီးပဲ၊ ငါတော်တော် လောသွားတယ်ကွာ “

အကယ်၍ ၎င်းတို့ကို အများအပြား ထိတွေ့ခြင်းက ထိုလူများကို မသတ်နိုင်ဘူးဆိုသည်ကို သူကြိုသိခဲ့မည်ဆိုပါက၊ သူသည် ထိုနေရာတွင် ကြာကြာဆက်နေကာ၊ လူတိုင်းကို ဖိနှိပ်ခဲ့မည် ဖြစ်သည်။

သူတို့ကို လုယက်ပြီးသည့်နောက်တွင်၊ ထိုလူများက မသန်စွမ်းဖြစ်သွားမည်ဆိုလျှင်တောင်မှ၊ သူတို့က နိမ့်ပါးသော ဈေးနှုန်းတစ်ခုဖြင့် ရောင်းချခြင်းက သူ့ကို အမြတ်ထွက်စေဦးမည် ဖြစ်သည်။ ၎င်းကို တွေးမိသွားသောအခါတွင် သူသည် ချက်ချင်းစိတ်ညစ်သွားခဲ့သည်။

ရှောင်ဟေးသည် သူ၏ဆိုလိုရင်းကို နားလည်နေခဲ့ကာ၊ တုံ့ပြန်လာခဲ့သည် “ မင်းကိုယ်မင်း ထိန်းချုပ်ထားဖို့ လိုအပ်တယ်။ နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှာ အသွင်ပြောင်းခြင်း ပညာရှင်တစ်ယောက်ရှိတယ်။ မင်းကိုယ်မင်း အမှုမပတ်သွားစေနဲ့ “

“ ဟူးး၊ ဒီလိုအခွင့်အရေး ဘယ်အချိန်မှ ထပ်ရမလဲဆိုတာကို ငါမသိဘူး “

လုချန်ရှန်းသည် အသာအယာ သက်ပြင်းချနေခဲ့ပြီး၊ သူက ဝိညာဥ်ကျောက်တုံး သန်းဂဏန်းခန့် ဆုံးရှုံးသွားသည်ဟု ခံစားနေခဲ့ရသည်။

လူတိုင်း တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားကြ၏။ နတ်တောင်တန်းမှ အနက်ရောင်ရေများ စီးထွက်လာပြီး၊ အဝေးသို့ ဦးတည်သွားသည်ကို စောင့်ကြည့်နေရင်းဖြင့်၊ ယခုဤနေရာတွင် ရှိနေသည့် လူတိုင်းသည် အမူအရာများ အမျိုးမျိုး ပြောင်းလဲသွားခဲ့သည်။

“ သွားကြစို့ “ ဟု ကူချန်ကျွင်းမှ စကားထပ်ပြောလာခဲ့၏။

နတ်ကောင်းကင် ဂိုဏ်း၏ လူများသည် စတင်၍ ထွက်ခွာသွားကြတော့သည်။

နှစ်ခြင်းခံယူခြင်း ပြီးဆုံးသွားခဲ့ပြီး၊ သူတို့၏ လူများက မထိမခိုက်ဖြင့် လုံခြုံဘေးကင်းနေကာ၊ ၎င်းက သူတို့အတွက် အလွန်တရာ ကောင်းမွန်သော အခြေအနေတစ်ခု ဖြစ်သည်။

လုယက်ခံခဲ့ရသည့် ကောင်းကင်တံခါး၊ နတ်ဘုရား သန့်စင်ခြင်းနှင့် ဒေါင်းမျိုးနွယ်စုတို့နှင့် ယှဥ်လိုက်မည်ဆိုပါက၊ သူတို့မှာ အလွန်တရာ အဆင်ပြေ ချောမွေ့နေခဲ့၏။

အထူးသဖြင့် နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူများဖြစ်ပြီး၊ ထိုလူများ၏ အခြေအနေမှာ လွန်စွာသနားဖွယ် ကောင်းနေခဲ့သည်။

၎င်းတို့သာလျှင် မဟုတ်ဘဲ၊ ကူချန်ကျွင်းသည် သူ၏တပည့်နှစ်ဦးက ပြီးပြည့်စုံသော နှစ်ခြင်းကို ခံယူခဲ့ရပြီး၊ အပြည့်အဝ အသွင်းပြောင်းကာ၊ သူ၏တို့၏ အနာဂတ်များအတွက် အကျိုးကျေးဇူး ကြီးကြီးမားမား ရရှိခဲ့သည်ကို သိရှိသွားခဲ့၏။

လော့ရှန်လင်းမှာလည်း ထိုအတိုင်းပင် ဖြစ်နေခဲ့ပြီး၊ သူတို့သုံးဦးမှာ သန့်စင်လုနီးပါး ဖြစ်သွားခဲ့သည်။

လုချန်ရှန်းတစ်ဦးတည်းကသာလျှင် သူ၏ စစ်ဆေးခြင်းကို ငြင်းပယ်ခဲ့ပြီး၊ သူ အဖမ်းခံရကာ အတင်းအကြပ် စစ်ဆေးခံရတော့မည့် အချိန်တိုင်းတွင်၊ သူ၏ဆရာက လူများကို စားနေသည်(သို့) စစ်ပွဲဘုရင်က ကလေးများကို အနိုင်ကျင့်နေသည်ဟု ကျယ်လောင်စွာအော်ဟစ်နေခဲ့သည်။

၎င်းမှာ ကြားရသူတိုင်းကို ခေါင်းကိုက်သွားစေခဲ့သည်။

သို့ရာတွင် သူသည် လုချန်ရှန်း၏ နှစ်ခြင်းခံယူခြင်းက အကျိုးသက်ရောက်မှု ရှိနေသေးသည်ကို သိရှိသွား၏။ သူသည် ထိုကလေး၏ ချီက ချီသိပ်သည်းခြင်း အဆင့်၃သို့ ရောက်ရှိနေပြီဆိုသည်ကို အာရုံခံမိနေခဲ့သည်။

ကူချန်ကျွင်းကို စိုးရိမ်ပူပန်သွားစေသည့် တစ်ခုတည်းသော အရာမှာ ကျိုးချင်ယု၊ ယဲ့တျန်ရီနှင့် လော့ရှန်လင်းတို့၏ ခန္ဓာကိုယ်များအတွင်းတွင် ရှိနေသည့် ဓားဆန္ဒပင် ဖြစ်နေခဲ့သည်။ အဆိုပါ ဓားဆန္ဒက ထိုကလေးသုံးဦးကို ထိခိုက်နာကျင်အောင် မလုပ်ဘဲ ကာကွယ်ပေးနေသည်ကို သူသိနေခဲ့သော်လည်း၊ သူသည် ၎င်း၏ ဇစ်မြစ်ကို မသိခဲ့ပေ။

အထူးသဖြင့် ကျိုးချင်ယုဖြစ်ပြီး၊ သူ၏ခန္ဓာကိုယ်အတွင်းတွင် တစ်ချို့သော အပိုပစ္စည်းများ ရှိနေခဲ့သည်၊ ဂရုတစိုက် စူးစမ်းလေ့လာခဲ့ပြီးသည့်နောက်တွင် သူသည် ၎င်းတို့က ဓားတာအို ကျင့်ကြံရေးနှင့် သက်ဆိုင်သည့် အတွေးအမြင်တစ်ချို့ဆိုသည်ကို သိရှိသွားခဲ့သည်။

သူ၏ အမြင်အရ ၎င်းတို့ကို ယှဥ်နိုင်သည့် အရာမှာ အလွန်တရာ ရှားပါးလွန်းနေခဲ့သည်။

သူသည် ထိုကလေးသုံးဦးက အခွင့်အလမ်းတစ်ချို့ ရရှိခဲ့သည်ဟု ထင်နေခဲ့သော်လည်း၊ သူတို့ကိုယ်တိုင်ကပင် ၎င်းတို့အား မည်ကဲ့သို့ ရရှိခဲ့လဲဆိုသည်ကို မသိကြဘဲ၊ ရုတ်တရက် သတိလစ်သွားကာ၊ ထိုကဲ့သို့ နိုးထလာခဲ့သည်ဟု ကြားခဲ့ရသောကြောင့် အနည်းငယ် စိုးရိမ်ပူပန်နေ‌သေး၏။

လုချန်ရှန်းကမူ သူတို့၏ အတွေးများ(သို့) မှန်းဆချက်များကို မည်သို့မျှ ဂရုစိုက်ခဲ့ပေ၊ သူ့အား မည်သူကမှ သံသယဝင်ကြမည် မဟုတ်သည့်အတွက် သူသည် ယခင်ကအတိုင်း ပျော်ရွှင်မြဲပျော်ရွှင်နေခဲ့သည်။

ဤတစ်ကြိမ် ရေကန်များထံမှ လုယက်ခဲ့သည့် ဝိညာဥ်ချီသည် နယ်ပယ်တစ်ခု၏ ၅၀%ကို ပြည့်ဝသွားစေရန် လိုအပ်သော ဝိညာဥ်ချီ ပမာဏနှင့် တူညီနေ၏၊ သူသည် နှစ်သန်းနီးပါး အမြတ်ထွက်ခဲ့သည်။

အချိန်တစ်ချို့ ရှာကာ၊ နဂါးသွေးကြော၏ မူလချီများကို စုပ်ယူလိုက်မည်ဆိုပါက သူသည် မွေးရာပါ ဝိညာဥ် အဆင့်၄သို့ ရောက်ရှိသွားမည်ဖြစ်ပြီး၊ အနည်းငယ်မျှ ပိုမိုအားစိုက်ထုတ်လိုက်မည်ဆိုပါက၊ အဆင့်၅ကိုပင် လက်လှမ်းမှီသွားလိမ့် ဖြစ်သည်။

လုချန်ရှန်းက စိတ်အခြေအနေ ကောင်းနေသည်ကို မြင်လိုက်ရသောအခါတွင်၊ တစ်ခြားလူများ၏ စိတ်ခံစားချက်များ ဆိုးရွားသွားခဲ့သည်။

ကျောက်ရုန်မှာ အံတကြိတ်ကြိတ် ဖြစ်သွားခဲ့သည်။ သူသည် နည်းလမ်းပေါင်း အများအပြားကို တွေးတောစဥ်းစားကာ၊ စိတ်တူကိုယ်တူရှိသည့် လူများကိုပင် ရှာဖွေခဲ့၏၊ သို့သော် ထိုလူများသည် သူတို့၏ ကိုယ်ပိုင်ကိစ္စများနှင့်သာ အလုပ်ရှုပ်နေခဲ့ပြီး၊ ပထမဦးဆုံးအနေဖြင့် လုယက်ခံလိုက်ရပြီး၊ ထို့နောက်တွင် အလိမ်ခံလိုက်ရသည်။

လုချန်ရှန်းက ပစ်မှတ်ထားရန် အလွယ်ကူဆုံးဖြစ်သော်လည်း၊ အရင်ဦးဆုံး ပျောက်ကွယ်သွားခဲ့သည်။ သူတို့က မည်မျှပင် ကြိုးစား၍ ရှာဖွေနေခဲ့ပါစေ၊ သူက ဤကမ္ဘာပေါ်မှ ပျောက်ကွယ်သွားသကဲ့သို့၊ မည်သည့်နေရာတွင်မှ ရှာမတွေ့ခဲ့ကြပေ။

တစ်ခြားသော အင်အားစုများမှာလည်း စိတ်ပျက်လက်ပျက်ဖြင့် ထွက်သွားခဲ့ကြသည်။ လူတစ်ချို့က နှစ်ခြင်းခံယူခြင်းကို ပြီးမြောက်ခဲ့သော်လည်း၊ သူတို့သည် မ‌ကျေမချမ်းဖြစ်ကာ၊ ကြောက်ရွံ့နေခဲ့ကြသည်။

အထူးသဖြင့် စိတ်ဝိညာဥ် အရှင်သခင်ဖြစ်ပြီး၊ သူ၏ရည်မှန်းချက်များက ကျရှုံးခဲ့ရုံတင်မဟုတ်ဘဲ၊ ဂိုဏ်းသို့ ပြန်ရောက်မည့် အချိန်တွင် သူသည် သူ၏အကြီးဆုံးတပည့်၏ ကိစ္စများကိုပါ ကိုင်တွယ်ဖြေရှင်းရဦးမည် ဖြစ်သည်။

သူသည် မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ ဖြစ်သွားရလဲဆိုသည်ကို နားမလည်နိုင် ဖြစ်နေခဲ့သည်။ ဆယ်စုပေါင်းများစွာ သက်တမ်းကျန်နေသေးသည့် နဂါးသွေးကြောမှာ ချက်ချင်းခမ်းခြောက်သွားခဲ့သည်။

အင်အားစု အားလုံး မကျေမချမ်း ဖြစ်နေလျက်ရှိ၏။

သို့ရာတွင် ကူချန်ကျွင်းကမူ စိတ်ခံစားချက်များ အလွန်တရာ ကောင်းမွန်နေခဲ့သည်။

လုချန်ရှန်းသည် သူ့ဘေးနားတွင် လမ်းလျှောက်နေရင်းဖြင့်၊ ရုတ်တရက် မေးမြန်းလိုက်သည် “ ဆရာ၊ ထျန်းယွမ်မြို့သခင်နဲ့ ရန်ငြှိုးရှိလား “

“ မရှိဘူး “ ကူချန်ကျွင်းမှ ခေါင်းခါပြလာခဲ့သည်။

အဆိုပါ မေးခွန်းက ရုတ်တရက်ဆန်ကာ၊ ထူးဆန်းနေသောကြောင့် လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြသည်။

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းမှာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့လေသည်။

“ မရှိတာကို ကျေးဇူးတင်ရမယ် “

“ မင်းက ထျန်းယွမ်မြို့ကို လုယက်နီးပါး ဖြစ်သွားခဲ့တာလား “ ဟု ရှောင်ဟေးမှ မေးမြန်းလာခဲ့၏။

လုချန်ရှန်းသည် ခေါင်းခါပြကာ၊ ပြန်ပြောလိုက်သည် “ မဟုတ်ပါဘူး “

“ ဒါဆိုရင် ဘာကိစ္စ စိတ်သက်သာရာရသွားတာလဲ “

“ အငြှိုးအတေး မရှိတာကောင်းတယ်လေ။ တကယ်လို့ ရှိနေခဲ့မယ်ဆိုရင်၊ ငါက မလှုပ်ရှားခဲ့ရဘူးလေ၊ အဲ့တာက ကြောက်ဖို့ကောင်းတယ် မဟုတ်ဘူးလား။ ညသန်းခေါင်ယံမှာ နိုးလာခဲ့တဲ့ အချိန်ကျရင် ကိုယ့်ကိုကိုယ် နှစ်ချက်လောက် ရိုက်မိသွားလိမ့်မယ် “

( ရန်ငြှိုးရှိခဲ့ရင်၊ ဘာမှမလုပ်ခဲ့ရတဲ့အတွက် နောင်တရတယ်ဆိုတဲ့ သဘောပါ )

ရှောင်ဟေး : “ … “

ဘာစကားကြီးတွေလဲဟ

မကြာခင် အချိန်မှာပင် အပြန်ခရီးစဥ် စတင်လိုက်ကြသည်။ လုချန်ရှန်းသည် ဘေးတစ်ဖက်တွင် ရှိနေကာ၊ ကျင့်ကြံရေး အကြောင်းကို လေးလေးနက်နက် တွေးတောစဥ်းစားနေခဲ့သည်။

ရေကန်မှ ရရှိထားသော ဝိညာဥ်ချီ၊ နဂါးသွေးကြော၏ မူလချီပါ ရှိနေသောကြောင့်၊ အဆင့်၄က တည်ငြိမ်သွားခဲ့ပြီ ဖြစ်ပြီး၊ သူ့ထံတွင် ဝိညာဥ်ကျောက်တုံး ရှစ်သန်းနီးပါး ရှိနေသေး၏။

သို့ရာတွင် ယခုလက်ရှိ တွက်ချက်မှုများအရ အဆင့်၄သို့ ရောက်ရှိရန်အတွက်၊ ဝိညာဥ်ကျောက်တုံး ခြောက်သန်းမှ ခုနစ်သန်းအထိ သုံးစွဲရမည် ဖြစ်ပြီး၊ အဆင့်၅အတွက်ကမူ ရှောင်ဟေးက သူ့ကို အဆင့်တစ်ဆင့်စာ ထောက်ပံ့ပေးမည်ဟု ပေးထားခဲ့သည့် ကတိနှင့်ဆိုလျှင်တောင်မှ၊ ဆယ်သန်းကျော်နေဖို့ရာများ၏။

ထို့နောက်တွင် အဆင့်၆၊ ၇၊ ၈၊ ၉ ပမာဏမှာ ကြောက်မက်ဖွယ်ကောင်းသည်ထပ်ပင် ပိုနေမည် ဖြစ်သည်။

၎င်းကို တွေးမိသွားသောအခါတွင် သူခေါင်းကိုက်သွားခဲ့ရသည်။

တစ်ချိန်တည်းမှာပင် ကူချန်ကျွင်းသည် အရှေ့သို့ ဖြည်းဖြည်းချင်း ရောက်လာခဲ့ပြီး၊ ကျိုးချင်ယုကို ကြည့်ကာ စကားပြောလာခဲ့သည်။

“ ချင်ယု “

ကျိုးချင်ယုသည် မတ်တပ်ထရပ်ကာ ပြန်ပြောလိုက်သည် “ ဆရာ၊ ဘာဖြစ်လို့လဲ “

“ ငါမင်းကို ပြောဖို့လိုအပ်တဲ့ ကိစ္စတစ်ခုရှိတယ်။ သိပ်မကြာခင် အချိန်ကမှ ယွမ်နယ်မြေ ပြန်ပွင့်လာတာကို ငါအာရုံခံမိခဲ့တယ်။ ဂိုဏ်းကို ပြန်ရောက်တဲ့ အချိန်ကျရင်၊ မင်းက ကျင့်ကြံဖို့အတွက် ယွမ်နယ်မြေထဲကို ဝင်ရမယ်။ အဲ့တာက မင်းရဲ့ ဓားတာအိုကို အကျိုးအမြတ်တွေ အများကြီးရအောင် ကူညီပေးလိမ့်မယ် “

ကူချန်ကျွင်းသည် အေးဆေးတည်ငြိမ်နေပုံရသော်လည်း၊ သူ၏မျက်လုံးများ အတွင်းတွင် ထူးဆန်းသော အလင်းတန်းတစ်ခု ရှိနေခဲ့သည်။

လုချန်ရှန်းသည် နားထောင်နေရင်းဖြင့်၊ ဇဝေဇဝါ ဖြစ်သွားကာ၊ ၎င်းက မည်သည့်အရာဖြစ်လဲဆိုသည်ကို မည်သို့မျှ မသိခဲ့ပေ။

သို့ရာတွင် ရှောင်ဟေးကမူ ဂဏာမငြိမ်ဖြစ်သွားခဲ့၏။

…………………………………………………………………………………………………………………………………

အပိုင်း ( 119 )

နေဦး၊ အဆင့်သွားတက်လိုက်ဦးမယ်

ကူချန်ကျွင်းသည် စကားအနည်းငယ် ပြောလာခဲ့ပြီးမှ၊ ပြန်ထွက်သွားခဲ့သည်။

အားလုံးသည် နတ်ကောင်းကင်ဂိုဏ်းသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိလာခဲ့သည်။

အဝေးမှ လှမ်းကြည့်လိုက်မည်ဆိုပါက နတ်ကောင်းကင်ဂိုဏ်းတွင် အဘွားအိုတစ်ဦး မတ်တပ်ရပ်နေသည်ကို မြင်တွေ့လိုက်ရမည် ဖြစ်သည်၊ သူမသည် လော့ရှန်လင်းကို စောင့်ဆိုင်းနေသည့် မဟာအကြီးအကဲပင် ဖြစ်၏။

၎င်းမှာ သူမက ဤတပည့်လေးကို မည်မျှတန်ဖိုးထားလဲဆိုသည်ကို သက်သေပြုနေခဲ့သည်၊ လော့ရှန်လင်း၏ အခြေအနေကို စစ်ဆေးခဲ့ပြီးသည့်နောက်တွင် သူမမှာ အလွန်တရာ အံ့အားသင့်သွားခဲ့သည်။

လော့ရှန်လင်းသည် အစကတည်းက ဝိညာဥ်တစ်သောင်း ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခဲ့သည်၊ ဤတစ်ကြိမ်တွင်မူ သူမ၏ ဝိညာဥ်ရေးရာများမှာ အသွင်ပြောင်းမှုတစ်ကြိမ်ကို ခံယူခဲ့ရကာ၊ ပို၍အားကောင်းသွားခဲ့သည်။

အစပိုင်းတွင် သူမသည် ထိုကလေးမလေးကို အပြင်ထွက် ကစားခိုင်းလိုက်သည်ဟုသာ မှတ်ယူထားခဲ့သည်၊ သို့သော် ရလဒ်များမှာ သူမမျှော်မှန်းထားသည်ထပ်ပင် ကျော်လွန်နေခဲ့သည်။

မဟာအကြီးအကဲမှာ အပျော်လွန်သွားခဲ့သည်။

ထို့အပြင် အကြီးအကဲတစ်ဦးကပါ ဤနေရာတွင် စောင့်ဆိုင်းနေလျက်ရှိ၏။ သူသည် လူတိုင်းကို ကြည့်ကာ စကားပြောလာခဲ့သည် “ အားလုံးပဲ၊ နတ်အရှင်သခင်က ပင်မခန်းမမှာ စောင့်နေပါတယ်၊ အရှင်သခင် သုံးပါးကို ဒုက္ခပေးရပါဦးမယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ စိတ်ဝိညာဥ် အရှင်သခင်၏ အမူအရာမှာ အနည်းငယ် မည်းမှောင်သွားခဲ့သည်။

သူသည် ၎င်းက နဂါးသွေးကြော ကိစ္စကြောင့်ဖြစ်ပြီး၊ နတ်အရှင်သခင်က ဖြေရှင်းချက်တစ်ခု တောင်းတော့မည်ဆိုသည်ကို သိနေခဲ့သည်။

လအရှင်သခင်သည် မည်သည့်စကားမှ ပြန်မပြောလိုက်ပေ။

ကူချန်ကျွင်းသည် ခေါင်းငြိမ့်ရုံသာ ငြိမ့်ပြလိုက်ပြီး၊ သူ၏တပည့်များကို ကြည့်ကာ၊ စကားပြောလာခဲ့၏ “ မင်းတို့အားလုံး၊ ငါ့နေရာဆီ အရင်ပြန်သွားလိုက်ကြ “

“ ဟုတ်ကဲ့ “

ထို့နောက်တွင် အရှင်သခင် သုံးပါးမှာ အကြီးအကဲများနှင့်အတူ ထွက်ခွာသွားကြသည်။

မဟာအကြီးအကဲက ဂိုဏ်း၏ အရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်း မပြုသည်မှာ ကြာနေခဲ့ပြီဖြစ်သည်၊ ထို့ကြောင့် သူမသည် သူမ၏ တပည့်ကို ခေါ်ဆောင်ကာ ထွက်သွားခဲ့သည်။

“ အစ်ကိုချန်ရှန်း၊ ကျွန်မ အခု သွားတော့မယ်နော်။ နောက်နှစ်ရက်လောက်နေမှ ပြန်လာခဲ့မယ် “

“ ကောင်းပြီလေ “

လုချန်ရှန်းသည် အပြုံးဖြင့် တုံ့ပြန်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ညီအစ်ကို သုံးဦးသည် ကူချန်ကျွင်း၏ နေရာဆီသို့ လမ်းလျှောက်သွားကြတော့သည်၊ သို့သော် လုချန်ရှန်းသည် လမ်းတွင် ပတ်ဝန်းကျင်ကို လှည့်ပတ်စစ်ဆေးနေခဲ့ပြီး၊ ဤနေရာ၏ လေထုက ယခင်ကနှင့် ကွဲပြားနေပုံရသည်ကို သိရှိသွားခဲ့သည်။

မြင်တွေ့ရသမျှ လူတိုင်းသည် ယွမ်နယ်မြေအကြောင်းကိုသာ စိတ်အားထက်သန်စွာဖြင့် ဆွေးနွေးပြောဆိုနေလျက်ရှိ၏။

ထို့နောက်တွင် လုချန်ရှန်းသည် သူ၏ အင်မော်တယ် ဂူဆီသို့ တန်းပြန်သွားကာ၊ ချက်ချင်းမေးမြန်းနေတော့၏ “ ရှောင်ဟေး၊ ယွမ်နယ်မြေဆိုတာက ဘာကြီးလဲ။ မင်းတို့အားလုံးက တော်တော်လေး စိတ်လှုပ်ရှားနေတယ်လို့ ငါခံစားနေရတယ် “

“ ယွမ်နယ်မြေ ပြန်ပွင့်လာခဲ့တာက စိတ်ကို ဂဏာမငြိမ် ဖြစ်သွားစေခဲ့တယ် “

“ ဘာကိုဆိုလိုတာလဲ။ အဲ့ထဲမှာ ဝိညာဥ်ကျောက်တုံး အများကြီး ရှိနေတာလား “ လုချန်ရှန်း၏ မျက်လုံး တောက်ပသွားခဲ့သည်။

ရှောင်ဟေးသည် ကူရာကယ်ရာမဲ့စွာဖြင့် ပြန်ပြောလာခဲ့သည် “ မင်းမျက်လုံးတွေထဲမှာ ဝိညာဥ်ကျောက်တုံး တစ်ခုပဲ မြင်တာလား “

“ ဘာလဲ။ ဒီကမ္ဘာကြီးထဲမှာ ဝိညာဥ်ကျောက်တုံးထပ် ပိုပြီးတော့ အံ့ဖွယ်ကောင်းတဲ့ ပစ္စည်းမျိုး ရှိလို့လား “

“ ဒါပေါ့၊ ဥပမာအနေနဲ့ဆိုရင် ယွမ်နယ်မြေပဲ။ အဲ့တာက မြင့်မြတ်နယ်မြေကနေ တစ်ကိုယ်တော် ကျင့်ကြံသူတွေအထိ၊ လူတိုင်းက တမ်းတမ်းစွဲနေပြီးတော့၊ နှစ်ပေါင်းများစွာ ကြာတဲ့အထိ အသည်းအသန် လိုက်ရှာနေကြတဲ့ နေရာတစ်ခုပဲ “ ရှောင်ဟေးသည် စကားပြောနေရင်းဖြင့် လွမ်းမောတသဖြစ်နေသည့် အရိပ်အငွေ့များကို အလိုအလျောက် ချပြမိသွားခဲ့၏။

လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ အဲ့လောက်တောင် ကြောက်ဖို့ကောင်းတာလားဟ။ အဲ့တာက မသင့်တော်တဲ့ နေရာတစ်ခုခုတော့ မဟုတ်ဘူးမလား “

“ မင်းက နားထောင်မှာလား၊ မထောင်ဘူးလား “ ရှောင်ဟေးသည် ကူရာကယ်ရာ မဲ့သွားခဲ့သည်။

“ ငါ့ရဲ့ ကိုယ်ပိုင်အထင်အမြင်တွေကို ဖော်ပြတာလေ။ ဆက်ပြောပြ “

ထို့နောက်တွင် ရှောင်ဟေးမှ စကားဆက်ပြောလာခဲ့သည် ” ယွမ်နယ်မြေက တော်တော်လေးကို ရှေးကျတယ်။ ဒဏ္ဍာရီတွေကတော့ အဲ့တာက တာအိုနဲ့ ဆက်သွယ်နိုင်သည့် အစွမ်းထက် ပညာရှင်တစ်ယောက်က တည်ဆောက်ခဲ့တဲ့ ဝိညာဥ်ကမ္ဘာတစ်ခုဖြစ်တယ်လို့ ပြောထားတယ်၊ တစ်ချို့ကတော့ ယွမ်နယ်မြေက မှော်ပစ္စည်းတစ်ခုကနေ ဆင့်ကဲပြောင်းလဲလာခဲ့တဲ့ ကမ္ဘာတစ်ခုလို့ ပြောကြတယ်။ ဒါပင်မဲ့ သီအိုရီအားလုံးမှာ ဘုံအချက်တစ်ချက်ရှိတယ်၊ ယွမ်နယ်မြေက ကိုယ်ပိုင် နိယာမတွေနဲ့ ကွင်းဆက်တွေကို မွေးဖွားပေးနိုင်တယ်ဆိုတာပဲ “

“ ကျင့်ကြံသူတွေရဲ့ ကျင့်ကြံရေးက ကောင်းကင်ဘုံကို ဆန့်ကျင်နေတာလေ၊ အဲ့တာကြောင့် ကျင့်ကြံရေး လမ်းကြောင်းက တော်တော်လေးကို ခက်တယ် …….. “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းမှာ ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့၏ “ အင်း၊ တကယ်ကို ခက်တယ်။ ငါက နှစ်ပေါင်းများစွာ ကျင့်ကြံနေခဲ့တာဆိုတော့ ငါ့ထပ်ပိုသိတဲ့လူ မရှိနိုင်ဘူး “

“ … “ ရှောင်ဟေးသည် ထိုလူ့ကို ကြည့်ကာ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။

ခက်တာလား။ ဘယ်နေရာမှာ ခက်တာလဲ။ ဆယ်နှစ်လောက် ကျင့်ကြံထားပြီးတော့ တက်လှမ်းခြင်းနယ်ပယ်ကို မရောက်သေးဘဲ၊ မွေးရာပါ ဝိညာဥ်နယ်ပယ်ကိုပဲ ရောက်သေးလို့ ခက်တယ်လို့ ပြောနေတာလား။

ဒါမှမဟုတ် ဓားတာအိုကို ဆယ်နှစ်တိတိ ကျင့်ကြံထားပြီးတော့ ဓားအသွင်ပြောင်းခြင်းအဆင့်အထိပဲ ရောက်သေးလို့ ခက်ခဲနေတာလား

အဲ့လိုဟာတွေ ပိုင်ဆိုင်ထားတာတောင် စိတ်မကျေနပ်သေးဘူးလားဟ။ မင်းက ဘာလုပ်ချင်နေသေးတာလဲ၊ ကောင်းကင်ဘုံပေါ်ကို တက်ချင်နေတာလား

စိတ်တည်ငြိမ်သွားအောင် အချိန်အတော်ကြာ ယူခဲ့ပြီးသည့်နောက်တွင်၊ ရှောင်ဟေးမှ စကားထပ်ပြောလာခဲ့သည် “ ကျင့်ကြံရေး အမျိုးအစား သုံးခုရှိတယ်၊ အဲ့တာတွေက နိယာမ ကျင့်ကြံရေး၊ ခန္ဓာကျင့်ကြံရေးနဲ့ ဝိညာဥ်ကျင့်ကြံရေးတွေပဲ၊ အခက်ခဲဆုံးဟာကတော့ ဝိညာဥ်ကျင့်ကြံရေးပဲ။ ကျင့်ကြံသူတစ်ယောက်ရဲ့ နတ်ဝိညာဥ်က နယ်ပယ်တိုးတက်မှုနဲ့အတူ လိုက်ပြီးတော့၊ တိုးတက်လာတယ်။ တကယ်လို့ သီးသန့်လေ့ကျင့်မယ်ဆိုရင်တော့ ကျမ်းစာကို လိုအပ်တယ်။ နတ်ဝိညာဥ်ကို ကျင့်ကြံနိုင်မဲ့ ကျမ်းစာတွေက တကယ်ရှားတယ်၊ မြင့်မြတ်နယ်မြေတွေမှာတောင်မှ နည်းနည်းလေးပဲရှိတယ်။ အဆင့်က သိပ်မမြင့်ဘူးဆိုရင်တောင်မှ တော်တော်လေးကို ဈေးကြီးတယ်၊ ပြီးတော့ နည်းစနစ်ကလည်း တော်တော်ကြီးကို ခက်တယ် “

“ ဆိုတော့ နတ်ဝိညာဥ်ကို သီးသန့်ကျင့်ကြံလို့ရတယ်ပေါ့။ ငါ့ကို ဘယ်သူကမှ မပြောပြခဲ့ကြဘူး “ လုချန်ရှန်းသည် တအံ့တဩ ဖြစ်သွားခဲ့သည်။

ရှောင်ဟေးမှ စကားထပ်ပြောလာခဲ့၏ “ မင်းတို့ ကန်းယွင်ဂိုဏ်းက ဝေးလံခေါင်သီတဲ့ တောကြိုအုံကြားမှာ ရှိနေတာလေ။ နတ်ဝိညာဥ်ကို မေ့ထားလိုက်၊ ရိုးရိုးကျင့်ကြံရေးကတောင် တော်တော်ကြီးကို ခက်နေတယ်။ တကယ်လို့ ကျမ်းစာတွေ မရှိဘူးဆိုရင်တောင်မှ၊ တစ်ခြားနည်းလမ်းတွေ ရှိနေသေးတယ် “

“ ဘာတွေလဲ “

“ အစီအရင် ကျင့်ကြံတာ၊ ဒါမှမဟုတ် ဓားတာအို ကျင့်ကြံတာ။ ဒါပင်မဲ့ ဘယ်ဟာပဲဖြစ်ဖြစ်၊ တော်တော်ကြီးကိုခက်တယ်။ လူတော်တော်များများမှာ ဓားတာအို ပါရမီ မပါကြဘူး။ အဆင့်၅အထိ ကျင့်ကြံနိုင်တဲ့ လူကတင် တော်တော်လေးကို နည်းနေတယ်၊ ဓားနှလုံးသား သန့်စင်မှုဆိုရင်တော့ ပိုပြီးတော့တောင် ရှားနေသေးတယ်။ ဒါပင်မဲ့ ဓားကျင့်ကြံသူတွေနဲ့ ပတ်သက်ပြီးတော့၊ ကြောက်စရာကောင်းတဲ့ အရာက ဓားတာအိုတင် မဟုတ်ဘူး၊ ဓားတာအို ကျင့်ကြံနေတဲ့ အချိန်မှာ၊ နတ်ဝိညာဥ်ပါ အတူတူ ကြီးထွားလာတဲ့ အချက်ပဲ။ နယ်ပယ်ပိုမြင့်လေလေ၊ နတ်ဝိညာဥ်က ပိုပြီးတော့ အားကောင်းလေလေပဲ “

ရှောင်ဟေးမှ တစ်ခုပြီးတစ်ခု ပြောပြနေခဲ့၏။

လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားကာ၊ ထပ်မံ၍ မေးလာခဲ့သည် “ မင်းပြောတာတွေနဲ့ ယွမ်နယ်မြေက ဘာဆိုင်လို့လဲ။ အဲ့နေရာမှာ ဓားတာအိုကို ကျင့်ကြံနိုင်လို့လား “

“ အဲ့မှာ နတ်ဝိညာဥ်ကိုပါ ကျင့်ကြံလို့ရတယ် “

“ အဲ့လောက်တောင် အံ့ဩဖို့ကောင်းတာလား “

“ ဟုတ်တယ်။ ယွမ်နယ်မြေက စုပ်ယူဝါးမြိုလိုက်ရင်၊ နတ်ဝိညာဥ်ကို ဆက်တိုက်အားကောင်းသွားစေနိုင်တဲ့ စွမ်းအင်တစ်ခုရှိတယ်။ နည်းလမ်းအမျိုးမျိုးနဲ့ ယှဥ်လိုက်မယ်ဆိုရင်၊ အဲ့ဒီနေရာက အရိုးရှင်းဆုံးပဲ၊ အဲ့တာကြောင့်ပဲ အင်အားစု အမျိုးမျိုးက အဲ့တာကို အရူးအမူး ဖြစ်နေကြတာ။ ပြီးတော့ မင်းက ပိုသန်မာလေလေ၊ အဲ့ဒီစွမ်းအင်ကို ပိုပြီးတော့ စုပ်ယူနိုင်လေလေပဲ “

ရှင်းပြချက်ကို နားထောင်ခဲ့ပြီးသည့်နောက်တွင်၊ လုချန်ရှန်းမှာလည်း သိလိုစိတ်များ တဖွားဖွား ဖြစ်ပေါ်သွားပြီး၊ တစ်စုံတစ်ခုကို တွေးမိသွားကာ၊ စကားထပ်ပြောလာခဲ့သည် “ မင်းပြောစကားတွေအရဆိုရင်၊ အဲ့ဒီနေရာက ဓားတာအိုကိုလည်း အကူအညီ ကြီးကြီးမားမား ပေးနိုင်တယ်ဆို “

“ ဟုတ်တယ်လေ “

ရှောင်ဟေးသည် မည်သို့မျှ မငြင်းပယ်လိုက်ပေ၊ အားကောင်းသော နတ်ဝိညာဥ်သည် ဓားတာအိုကို နားလည်ဆင်ခြင်ရာတွင် ကူညီပေးနိုင်၏။

“ ဒါဆိုရင် ယွမ်နယ်မြေက ဘယ်နေရာမှာ ရှိနေတာလဲ။ ငါသွားကြည့်လိုက်မယ် “ လုချန်ရှန်း၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ သူ၏ဓားတာအို ကျင့်ကြံရေးက ပိတ်ဆို့နေခဲ့သည်မှာ အချိန်အတော်ကြာနေခဲ့ပြီ ဖြစ်သည်။

“ ယွမ်နယ်မြေက မမြင်ရတဲ့ နေရာမှာ တည်ရှိတယ်၊ အဲ့ကိုရောက်ဖို့အတွက် အထူးနည်းလမ်းတစ်ခု ရှိတယ် “

“ အဲ့နည်းလမ်းက ဈေးကြီးလား။ ငွေပေးရမှာလား “ လုချန်ရှန်းသည် စိုးရိမ်တကြီး ဖြစ်သွားခဲ့သည်။

ရှောင်ဟေးသည် ကူရာကယ်ရာမဲ့စွာဖြင့် ပြန်ပြောလာခဲ့သည် “ ငွေမသုံးရပါဘူး “

“ ကောင်းတယ် “

အကယ်၍ ငွေသုံးရမည်ဆိုပါက၊ သူသည် ပြန်၍တွေးတောစဥ်းစားရမည် ဖြစ်သည်။

ရှောင်ဟေးမှ စကားထပ်ပြောလာခဲ့၏ “ မင်းရဲ့ နတ်ဝိညာဥ်နဲ့ အဲ့ကမ္ဘာကို ဆက်သွယ်ပြီးတော့၊ အထဲကို ဝင်သွားရမှာ။ ပြီးတော့ မင်းရဲ့ ဓားတာအိုကလည်း တော်တော်ကြီးကို ဂျွတ်တယ်လေ၊ မင်းရဲ့နတ်ဝိညာဥ်ကလည်း အားကောင်းတယ်၊ ယွမ်နယ်မြေထဲကို ဝင်သွားတာက မင်းကို မွေးရာပါ အားသာချက်တစ်ခု ပေးလိမ့်မယ် “

လုချန်ရှန်းသည် ဂရုတစိုက် နားထောင်နေခဲ့ပြီး၊ တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ၊ ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည် “ အထဲကို ရောက်သွားရင်၊ ငါလုပ်ချင်တာ လုပ်လို့ရတယ်လို့ ပြောနေတာလား “

“ အမ် ……. “ ရှောင်ဟေးသည် ပါးစပ်အဟောင်းသားဖြင့် ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။

ဒါပင်မဲ့ အဲ့တာက ယုတ္တိရှိသားပဲဟ

ထိုလူ၏ ဓားတာအိုက အသွင်ပြောင်းခြင်း နယ်ပယ်အထိ ရောက်ရှိနေခဲ့သောကြောင့်၊ သူပိုင်ဆိုင်ထားသည့် နတ်ဝိညာဥ်က မည်မျှစွမ်းနေမလဲဆိုသည်ကို မှန်းဆရ ခက်ခဲနေခဲ့သည်။

၎င်းကို တွေးမိသွားသောအခါတွင်၊ ရှောင်ဟေးမှ သတိပေးလာခဲ့သည် “ ဒါပင်မဲ့ ငါမင်းကို သတိပေးမှဖြစ်မယ်၊ ယွမ်နယ်မြေကို အလွှာသုံးခုအဖြစ် ပိုင်းခြားထားတယ်။ ပထမအလွှာက အူတိုင်ဖွဲ့စည်းခြင်း၊ ဒုတိယအလွှာက မွေးရာပါ ဝိညာဥ်၊ တတိယအလွှာကတော့ အသွင်ပြောင်းခြင်းပဲ၊ အဲ့သုံးခုစလုံးက ကျင့်ကြံသူတွေရဲ့ နယ်ပယ်တွေနဲ့ သက်ဆိုင်တယ် “

“ တကယ်လို့ မထင်မှတ်ထားတဲ့ ကိစ္စမျိုး မဖြစ်ပေါ်လာခဲ့ဘူးဆိုရင်တော့၊ မင်းက ပထမအလွှာက လုံးဝပြိုင်ဘက်ကင်းတယ်။ ဒုတိယအလွှာအတွက်ကတော့၊ မင်းကသာ မယွသရွေ့၊ မင်းကို သတ်နိုင်တဲ့လူဆိုတာက မရှိသလောက်နည်းတယ် “

ရှောင်ဟေးသည် အသာအယာ သက်ပြင်းချနေတော့သည်။ လုချန်ရှန်းက လူယုတ်မာတစ်ဦးဖြစ်သော်လည်း၊ သူသည် ထိုလူ့၏တောက်ပမှုကို အသိအမှတ်ပြုနေခဲ့သည်။ သူသည် ထိုလူက မကောင်းမှုများ သွားလုပ်နေမည်ကိုသာ စိုးရိမ်ပူပန်နေခဲ့သည်။

ထိုနေရာရှိ စွမ်းအားမှာ နတ်ဝိညာဥ်နှင့် တိုက်ရိုက်သက်ဆိုင်နေခဲ့သည်၊ လုချန်ရှန်းကဲ့သို့ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်စွမ်းရှိသည့် ဓားတာအိုများကို ပိုင်ဆိုင်ထားသည့် လူများပါ ရှိနေခဲ့သည်။

အကယ်၍ သူက ဒုတိယအလွှာသို့ သွားမည်ဆိုလျှင်တောင်မှ၊ မွေးရာပါ ဝိညာဥ်အဆင့်၉ ပညာရှင်ကပင် သူ့ပြိုင်ဘက်ဖြစ်နေလိမ့်မည် မဟုတ်ပေ။

တတိယအလွှာအတွက်ကမူ ရှင်းရှင်းလင်းလင်းမသိရပေ။ ထိုနေရာတွင် အသွင်ပြောင်းနယ်ပယ်မှ ပညာရှင်ကြီးများ ရှိနေသောကြောင့် မည်သူက ထိုနေရာသို့ သွားရဲလိမ့်မည်နည်း။

သို့ရာတွင် သူ၏ဓားတာအိုနှင့်သာဆိုပါက လုချန်ရှန်းမှာလည်း ထိုနေရာသို့ ခရီးထွက်နိုင်ပေသည်။ နတ်ဝိညာဥ်ပေါ်တွင် အခြေခံခြင်းဖြစ်သောကြောင့်၊ နတ်ဝိညာဥ်မှတစ်ဆင့် အသုံးပြုလိုက်သည့် မန္တာန်များက စွမ်းအား သိသိသာသာ လျော့နည်းသွားမည်ဖြစ်သော်လည်း၊ ဓားကျင့်ကြံသူများကမူ ၎င်းနှင့် လုံးဝကွဲပြားနေခဲ့၏။ သူတို့၏ နတ်ဝိညာဥ်နှင့် ဓားဆန္ဒက တစ်သားတည်းဖြစ်နေသောကြောင့်၊ သူတို့၏ တိုက်ခိုက်မှုများက မည်သည့်ကန့်သတ်မှုကိုမှ မခံရဘဲ၊ အလွန်တရာ အစွမ်းထက်နေမည် ဖြစ်သည်။

ထိုလူသည် အားသာချက် အားလုံးနီးပါးကို ကိုင်ဆောင်ထားနိုင်ခဲ့သည်။

လုချန်ရှန်းသည် အချိန်အတော်ကြာ နားထောင်နေခဲ့ပြီးမှ၊ စကားပြန်ပြောလိုက်သည် “ ငါနားလည်ပြီ “

“ အဲ့လိုဆိုမှာ ယွမ်နယ်မြေနဲ့ ဆက်သွယ်ဖို့အတွက် အခုပဲ ကြိုးစားကြည့်လို့ရတယ်။ လုပ်ငန်းစဥ်ကတော့ နည်းနည်းလေး အချိန်ယူရမယ်။ မင်း …… “

ရှောင်ဟေး စကားပြောနေသည့် အချိန်တွင်၊ လုချန်ရှန်းမှ ကြားဖြတ်ဝင်ပြောလာခဲ့၏ “ နေပါဦး “

“ မင်းက ဘာလုပ်ချင်လို့လဲ “

“ လုံခြုံရေးက အရေးကြီးတယ်၊ ငါသွားပြီးတော့ ပြင်ဆင်လိုက်ဦးမယ် “

ရှောင်ဟေးသည် ဇဝေဇဝါဖြင့် ပြန်မေးလာခဲ့၏ “ ဘာကိုပြင်ဆင်မှာလဲဟ “

“ နယ်ပယ်ပိုမြင့်လေလေ၊ နတ်ဝိညာဥ်က ပိုအားကောင်းလေလေလို့ မင်းပြောခဲ့တယ် မဟုတ်ဘူးလား “

“ ဟုတ်တယ်လေ။ မင်းက ဘာကိုပြင်ဆင်ချင်နေတာလဲ “

“ ပိုပြီးတော့ ဘေးကင်းဖို့အတွက် မွေးရာပါ ဝိညာဥ် အဆင့်၄ကို အရင်သွားလိုက်မယ်လေ “

ထို့နောက်တွင် လုချန်ရှန်းသည် ကူချန်ကျွင်း၏ နေရာမှ ပြေးထွက်သွားကာ၊ ဂိုဏ်းအပြင်သို့ တိတ်တဆိတ် ထွက်ခွာသွားတော့သည်။

ရှောင်ဟေးသည် မီးဖိုအတွင်းမှာပင် ပါးစပ်အဟောင်းသား ဖြစ်နေလျက်ရှိ၏။ သူ၏စိတ်အတွင်းတွင် အံ့ဩတုန်လှုပ်မှု လှိုင်းလုံးများသာ ကြီးစိုးနေကာ၊ မယုံကြည်နိုင် ဖြစ်နေလျက်ရှိသည်။

မင်းအဆင့်တက်ထားတာ ဘယ်လောက်ကြာသေးလို့လဲဟ။ နောက်တစ်ခေါက် အဆင့်ထပ်တက်တော့မယ်ပေါ့။ မင်းဆီမှာ ပိတ်ဆို့မှုတို့၊ အတားအဆီးတို့ဆိုတာတွေ မရှိဘူးလားဟ

“ သူက တကယ်ကြီးကို ဧကရာဇ်ရဲ့ သားတစ်ယောက် ဖြစ်နေတာများလား “

…………………………………………………………………………………………………………………………………………

အပိုင်း ( 120 )

ခင်ဗျားရဲ့ ဂိုဏ်းကို လွှတ်ပေးလိုက်မယ်

နတ်ကောင်းကင်ဂိုဏ်းသည် အမျိုးမျိုးသော လှုပ်ရှားမှုတို့ဖြင့် စည်ကားနေလျက်ရှိ၏။

လုချန်ရှန်းသည် နောက်နှစ်ရက်အကြာ၊ မွေးရာပါ ဝိညာဥ်အဆင့်၄သို့ အဆင့်ထိုးဖောက်ခဲ့ပြီးသည့်နောက်တွင်၊ ဂိုဏ်းသို့ ပြန်ရောက်လာခဲ့သည်။

ဤတစ်ကြိမ်တွင် သူသည် နဂါးသွေးကြော၏ မူလချီ အားလုံးကို သုံးစွဲခဲ့ပြီး၊ သိန်းနှင့်ချီသော ဝိညာဥ်ကျောက်တုံးများကိုပင် ကုန်ဆုံးသွားစေခဲ့သည်။ ၎င်းကို တွေးမိသွားသောအခါတွင်၊ သူသည် စွမ်းအားမဲ့နေသကဲ့သို့ ခံစားသွားခဲ့ရသည်။

သူသည် သူ၏နောက်တစ်ကြိမ် အဆင့်ထိုးဖောက်မှုကို ဝိညာဥ်ကျောက်တုံး သန်းဂဏန်း အနည်းငယ်ဖြင့် ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ဘူးဆိုသည်ကို ခံစားမိနေခဲ့ပြီ ဖြစ်သည်။

“ ဘာနည်းလမ်းမှ မရှိဘူးပဲ “

လုချန်ရှန်းသည် သူ၏ အင်မော်တယ်ဂူထံသို့ ပြန်သွားကာ၊ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့၏။

သူ၏ ကျင့်ကြံရေးမှာ အချိန်တိုအတွင်းတွင် ထပ်မံ၍ တိုးတက်နိုင်တော့မည် မဟုတ်ပေ။ သူသည် ယွမ်နယ်မြေသို့ အရင်ဦးဆုံး သွားလည်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ အကယ်၍ သူ၏ နတ်ဝိညာဥ်ကသာ တိုးတက်လာမည်ဆိုပါက၊ ၎င်းသည် သူ၏ ဓားတာအိုကို ကူညီပေးကာ၊ သူ့အား နောက်တစ်ဆင့်သို့ ရောက်ရှိသွားစေနိုင်၏။

“ ရှောင်ဟေး၊ ငါဘာဆက်လုပ်သင့်လဲ “ ဟု လုချန်ရှန်းမှ မေးမြန်းလာခဲ့သည်။

ရှောင်ဟေးသည် သူ၏အသိပညာ အားလုံးကို ပြောပြခဲ့ပြီးပြီ ဖြစ်သည်၊ ထို့ကြောင့် သူသည် ယွမ်နယ်မြေနှင့် အလွယ်တကူ ဆက်သွယ်ကာ၊ အတွင်းသို့ ဝင်နိုင်လိမ့်မည် ဖြစ်သည်။

သို့ရာတွင် ပထမဦးဆုံးအကြိမ် ဝင်ရောက်မှုမှာ အချိန်အတော်ကြာ ယူရမည် ဖြစ်သည်။ ပထမဦးဆုံး အကြိမ်ဝင်ရောက်နိုင်ခဲ့သည်နှင့်တစ်ပြိုင်နက်၊ နောင်အနာဂတ်တွင် ယခုလောက် ဒုက္ခများနေတော့မည် မဟုတ်ပေ။

ဤကိစ္စ မတိုင်ခင် အချိန်တွင် လုချန်ရှန်းသည် သတင်းအချက်အလက်တစ်ချို့ကို ကူချန်ကျွင်းထံမှ မေးမြန်းသင်ယူခဲ့သည်။

မကြာခင် အချိန်ကမှ ပွင့်ဟလာခဲ့သည့် ယွမ်နယ်မြေကို ဒေသလေးခုအဖြစ် ပိုင်းခြားထားခဲ့ပြီး၊ ဒေသတစ်ခုနှင့် တစ်ခုအကြား ကူးလူးသွားလာနိုင်လိမ့်မည် မဟုတ်ပေ။ သူသည် တောင်ပိုင်းဒေသတွင်သာ ရှိနေမည် ဖြစ်သည်။ အကယ်၍ သူက နယ်မြေကျော်ဖြတ်ရန်အတွက် အတင်းအကြပ် ကြိုးစားခဲ့မည်ဆိုပါက၊ သူ၏ စွမ်းအားများ လျော့ကျသွားမည် ဖြစ်သည်၊ ၎င်းက အလွန်တရာ အန္တရာယ်များလှသော အခြေအနေတစ်ခုဖြစ်၏။

သူသည် အန္တရာယ်များကို ရှောင်ရှားရန်အတွက်၊ ၎င်းတို့အားလုံးကို ဂရုတစိုက် မှတ်သားထားခဲ့သည်။

အရာအားလုံး ပြင်ဆင်ခဲ့ပြီးသည့်နောက်တွင်၊ လုချန်ရှန်းသည် တစ်စုံတစ်ခုကို အမှတ်ရသွားကာ၊ မေးမြန်းလာခဲ့သည် “ မင်းကရော ငါနဲ့အတူ လိုက်မှာလား “

“ အခုလောလောဆယ်တော့ ငါသွားလို့မရဘူး “

“ ဘာလို့လဲ “

“ ယွမ်နယ်မြေထဲကို ဝင်ဖို့အတွက်၊ ငါက မီးဖိုထဲမှ ထွက်လာမှဖြစ်မှာ။ အဲ့လိုမျိုးဖြစ်လာမယ်ဆိုရင်၊ ဟိုလူတွေက ငါ့ကို လာရှာကြလိမ့်မယ်။ တကယ်လို့ ယွမ်နယ်မြေထဲကို ဝင်သွားမယ်ဆိုရင်တောင်မှ၊ အဲ့ဒီချိတ်ဆက်မှုကို ဖြတ်တောက်လို့ မရဘူး “

ရှောင်ဟေးသည် ကူရာကယ်ရာမဲ့စွာဖြင့် သက်ပြင်းချနေတော့သည်။

သူ့ကို လိုက်ဖမ်းနေသူများ အကြောင်းကို ပြောနေရခြင်းသည် သူက စွမ်းအားကင်းမဲ့နေသည်ဟု ခံစားသွားရစေခဲ့၏။

လုချန်ရှန်းမှ ပြန်ပြောလာခဲ့သည် “ ဒါဆိုရင်၊ ငါအရင်သွားလိုက်မယ် “

“ နေဦး “

“ ဘာကိစ္စရှိသေးလို့လဲ “

“ ငါ့ကို တစ်ခုခု ကူညီပေး “

“ ဘာလဲ “

ရှောင်ဟေးမှ တွေးတွေးဆဆဖြင့် ပြန်ပြောလာခဲ့၏ “ ယွမ်နယ်မြေ ပြန်ပွင့်လာတာကြောင့်၊ အင်အားစု အမျိုးမျိုးက သေချာပေါက် ရောက်လာကြမှာပဲ။ အရှေ့ပိုင်းဒေသကို သွားပြီးတော့၊ သူတို့ဆီကို သတင်းတစ်ခု ပို့ပေးပါ “

“ အရှေ့ပိုင်းဒေသကို သွားရမှာလား။ အဲ့တာက ငါ့အတွက် တော်တော်ခက်တယ်လေ။ မင်းမသိတဲ့ ကိစ္စတစ်ခု ရှိတယ် “

ရှောင်ဟေး တိတ်ဆိတ်ငြိမ်သက်သွား၏။ သူသည် လုချန်ရှန်း၏ ဆိုလိုရင်းကို နားလည်နေခဲ့သည်။

သူ၏ အမူအရာကို ကြည့်ရခြင်းအားဖြင့်၊ ၎င်းက ဝိညာဥ်ကျောက်တုံးများနှင့် ပတ်သက်နေမည်မှာ သိသာလွန်းနေခဲ့သည်။

သူသည် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီးမှ စကားဆက်ပြောလာခဲ့သည် “ ငါက ဒါကို ငါ့တစ်ယောက်တည်းအတွက်ပဲ လုပ်နေတာ မဟုတ်ဘူး။ တကယ်လို့ ငါ့ရဲ့ မျိုးနွယ်စုနဲ့ အဆက်အသွယ်မရဘူးဆိုရင်၊ ငါက မင်းကို ဝိညာဥ်ကျောက်တုံးတွေ ပေးနိုင်မှာ မဟုတ်ဘူး “

“ ကောင်းပြီလေ၊ ပြဿနာ မရှိပါဘူး။ ငါတို့ရဲ့ ဆက်ဆံရေးနဲ့ဆိုရင်၊ သေခြင်းရှင်ခြင်းကို ကျော်ဖြတ်ရမယ်ဆိုရင်တောင်မှ မင်းရဲ့ ကိစ္စက ငါ့ကိစ္စပဲ။ စိတ်မပူပါနဲ့၊ ငါမင်းအတွက် သေချာပေါက် ဖြေရှင်းပေးမယ် “

ဤတစ်ကြိမ်တွင်မူ လုချန်ရှန်းမှာ အလွယ်တကူ သဘောတူလာခဲ့၏။ သူသည် ဝိညာဥ်ကျောက်တုံးများ ကိစ္စကို အမှန်ပင် စိုးရိမ်ပူပန်နေခဲ့သည်။

မည်သည့်အရာပင် ဖြစ်လာပါစေ၊ သူသည် ၎င်းကို ဖြစ်အောင်လုပ်ရမည် ဖြစ်သည်။

တစ်ခဏအကြာတွင် လုချန်ရှန်းသည် ရှောင်ဟေး၏ နည်းလမ်းအတိုင်း ယွမ်နယ်မြေနှင့် စတင်၍ ဆက်သွယ်နေတော့၏။ ခံစားချက်ကမူ အဆုံးမဲ့ စကြာဝဠာအတွင်းတွင် ကြယ်များကို ရှာဖွေနေရသည့်အလား ဖြစ်နေခဲ့သည်။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။ တတိယမြောက်ရက်တွင်၊ ရှောင်ဟေးသည် လုချန်ရှန်း၏ ပြောင်းလဲမှုကို အာရုံခံမိသွားခဲ့သည်။

၎င်းကို မြင်လိုက်ရသောအခါတွင်၊ ရှောင်ဟေးမှ စကားစပြောလာခဲ့သည် “ ယွမ်နယ်မြေထဲကို ရောက်တဲ့အချိန်ကျရင်၊ ဂရုစိုက်ဖို့ သတိရပါ။ အဲ့မှာ အသတ်ခံလိုက်ရရင်၊ မင်းရဲ့ နတ်ဝိညာဥ်က ဒီကိုပြန်ရောက်လာလိမ့်မယ်၊ အသတ်ခံလိုက်ရတဲ့ အကြိမ်တိုင်းမှာ၊ နတ်ဝိညာဥ်က ဖြည်းဖြည်း ပိုအားနည်းလာလိမ့်မယ်။ သီအိုရီအရဆိုရင်တော့ အကြိမ်ပေါင်းများစွာ ဖြစ်သွားရင် မင်းသေသွားလိမ့်မယ် “

“ နားလည်ပြီ “

လုချန်ရှန်းမှ တုံ့ပြန်လာခဲ့ပြီး၊ လုံးဝတိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ သူက တစ်ခြားကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ သူ၏ အာရုံငါးပါးစလုံး မည်းမှောင်သွားခဲ့သည်။

သတိပြန်ဝင်လာသည့် အချိန်တွင် သူသည် ချောက်ကမ်းပါး အစွန်းတွင် တည်ဆောက်ထားသည့်၊ မီတာ သုံးထောင်ကျော် ကျယ်ဝန်းသော လုံးဝန်းသည့် ယဇ်ပုလ္လင်တစ်ခုပေါ်တွင် မတ်တပ်ရပ်နေလျက်ရှိသည်။

ယဇ်ပုလ္လင်တစ်ခုလုံးမှာ ရိုးရှင်းကာ၊ ရှေးကျသော ပုစံကွက်တို့ဖြင့်၊ ခံ့ညားထည်ဝါနေလျက်ရှိ၏၊ သို့သော် ၎င်းသည် လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။

“ ဒီဟာက ယွမ်နယ်မြေလား “

လုချန်ရှန်းသည် ရေရွတ်ပြောဆိုနေရင်းဖြင့်၊ အဝေးသို့ ငေးကြည့်နေခဲ့သည်။ အမြင်အာရုံအတွင်းသို့ နက်ရှိုင်းသော တွင်းနက်တစ်ခု ဝင်ရောက်လာခဲ့သည်၊ အရှေ့သို့ လှမ်းကြည့်လိုက်မည်ဆိုပါက၊ တိမ်တိုက်နှင့် မြူခိုးများ ဝိုင်းရံနေသည့် ခမ်းနားသော နတ်တောင်တန်းများ ရှိနေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။

ကောင်းကင်ယံတွင် တိမ်တိုက်များ ရွေ့လျားနေလျက်ရှိပြီး၊ ကောင်းကင်ဘုံ အလင်းတန်းတစ်ခုသည် တောင်ထိပ်များကို လင်းထိန်စေခဲ့ကာ၊ အင်မော်တယ်နယ်မြေတစ်ခုအလား ဖြစ်စေနေလျက်ရှိ၏။

၎င်းတို့အားလုံးကို ငေးမောကြည့်ရှုနေရင်းဖြင့် သူသည် အစစ်အမှန် ကမ္ဘာတစ်ခုအတွင်းတွင် ရှိနေရသည့်အလား ခံစားနေခဲ့ရပြီး၊ အထိအတွေ့တိုင်းနှင့် အမြင်အာရုံတိုင်းက အံ့ဖွယ်ကောင်းလောက်သည်အထိ စစ်မှန်နေခဲ့သည်။

တွေးတောစဥ်းစားနေရင်းဖြင့်၊ လုချန်ရှန်းသည် သူ၏ခန္ဓာကိုယ်ကို ခံစားကြည့်နေတော့သည်။ ဝေဝေဝါးဝါးဖြစ်နေသည့် အသိစိတ်အတွင်းတွင် မည်သည့်ပြောင်းလဲမှုမှ ရှိမနေခဲ့ပေ၊ ၎င်းသည် ပြင်ပကမ္ဘာနှင့် မည်သည့်ကွာခြားချက်မှ ရှိမနေခဲ့ပေ။

သို့သော် သူ၏မွေးရာပါ ဝိညာဥ်မှာ ကန်းယွင်ကားချပ်ကို ဆုပ်ကိုင်ထားစဲဖြစ်ပြီး၊ သူ၏မန္တာန်များကိုပါ အသုံးပြု၍ ရနေသေးသောကြောင့်၊ သူ အံ့ဩတကြီး ဖြစ်သွားခဲ့ရသည်။

အတွေးဖြင့် စေခိုင်းလိုက်ရာ၊ သူသည် အသွင်ပြောင်းမှုက သူ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ဘူးဆိုသည့် ထူးဆန်းသော ခံစားချက်တစ်ခုနှင့်အတူ အစိမ်းရောင် ဝတ်စုံထားသော ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့၏။

ထို့နောက်တွင် သူသည် ယဇ်ပုလ္လင်မှ ထွက်ခွာ၍၊ ချောက်နက်ကို ကျော်ဖြတ်ကာ၊ ယွမ်နယ်မြေအတွင်းသို့ တိုးဝင်သွားတော့သည်။

ဤတစ်ကြိမ်တွင် သက်ရှိတော်တော်များများက ဤနေရာသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ သူသည် မြေပြင်မှ ကောင်းကင်ထက်သို့ ထောင်တက်နေသည့် ရှေးကျကာ၊ ထည်ဝါသော အဆောက်အဦးများကိုပင် မြင်တွေ့နေခဲ့ရသည်။

“ သူတို့က ငါ့ထပ်တောင် မြန်နေကြတာပဲ “

လုချန်ရှန်းသည် တအံ့တဩဖြင့် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပြီး၊ ထို့နောက်တွင် လေထုအတွင်းသို့ ဦးတည်ရာမဲ့ ပျံသန်းသွားတော့၏။ သူသည် ဤနေရာက မည်မျှကျယ်ဝန်းလဲဆိုသည်ကို မသိပေ။

သူသည် တောင်ထိပ်ပေါ်တွင် ရပ်နေရင်းဖြင့်၊ အဝေးသို့ ငေးကြည့်နေခဲ့ပြီး၊ မိုးထိထောင်တက်နေသည့် အဆောက်အဦးများကို မြင်တွေ့နေခဲ့ရ၏။ ဝိညာဥ်ချီနှင့် နတ်အလင်းတန်းတို့ လှည့်ပတ်လိမ်ယှက်နေကာ၊ ကျောက်စိမ်းဖြူဖြင့် ပြုလုပ်ထားပုံရသည့် ကောင်းကင်ဘုံ လှေကားတစ်စင်းသည် မြေပြင်မှ တိမ်စိုင်များအတွင်းသို့ တိုက်ရိုက်ထောင်တက်နေလျက်ရှိသည်။

၎င်းသည် ၎င်းကို အတော်ဝေးဝေးမှပင် မြင်တွေ့နေခဲ့ရသည်။

ဤနေရာသို့ မလာခင် အချိန်တွင် ၎င်းက ဒုတိယအလွှာနှင့် ချိတ်ဆက်နေသည့် ကောင်းကင်ဘုံ လှေကားဖြစ်ကြောင်းကို ရှောင်ဟေးမှ ပြောပြထားခဲ့သည်။ ထိုနေရာမှတစ်ဆင့် မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်များ ရှိရာ၊ ဒုတိယအလွှာသို့ သွားရောက်နိုင်မည် ဖြစ်သည်။

သူသည် မော့ကြည့်နေရင်းဖြင့်၊ အဆိုပါ လှေကားက ကြောက်ခမမ်းလိလိ မြင့်မားသည်ဟု ခံစားနေခဲ့ရသည်။

လုချန်ရှန်းသည် အချိန်အတော်ကြာ လှည့်ပတ်သွားလာနေခဲ့ပြီး၊ ဤနေရာက အဆုံးမဲ့သည်ဟု ခံစားနေခဲ့ရသည်။ ခံစားချက် အားလုံးမှာ ပြင်ပကမ္ဘာနှင့် မည်သို့မျှ ကွာခြားမနေခဲ့ပေ။ သူ့ကိုယ်သူ ပြန်ရိုက်ကြည့်ရုံဖြင့်၊ စူးရှသော နာကျင်မှုတစ်ခုကို ခံစားနေခဲ့ရ၏။

အချိန်အတော်ကြာ စူးစမ်းလေ့လာခဲ့ပြီးသည့်နောက်တွင်၊ သူသည် လျှောက်သွားနေခြင်းကို ရပ်တန့်ကာ၊ နတ်ဝိညာဥ်ကို အကျိုးပြုပေးနိုင်သည့် စွမ်းအင်ကို အေးအေးဆေးဆေး စုပ်ယူကျင့်ကြံနိုင်မည့်၊ နေရာတစ်ခုကို ရှာဖွေရန် တွေးတောစဥ်းစားနေတော့သည်။

သို့ရာဤ တစ်နာရီကြာ တရားထိုင်ခဲ့ပြီးသည့်နောက်တွင်မူ၊ သူသည် မျက်လုံးများ ရုတ်တရက် ပြန်ဖွင့်ကာ၊ မျက်မှောင်ကြုတ်သွားခဲ့သည်။

လွန်ခဲ့သော တစ်နာရီအတွင်းတွင်၊ သူသည် ပုံမှန်မဟုတ်သော စွမ်းအင် အပိုင်းအစတစ်ခုကို အာရုံခံမိခဲ့သည်၊ သို့သော် ၎င်းသည် ဝါးမြိုရန်အတွက် အလွန်တရာ နည်းပါးနေခဲ့သည်။

“ တကယ်လို့ ဒီဟာကို အားကိုးပြီးတော့ နတ်ဝိညာဥ်ကို ကျင့်ကြံရမယ်ဆိုရင်၊ ငါ့ရဲ့ ဘဝသက်တမ်းက ဘယ်လောက်အထိ ရှည်လျားနေဖို့ လိုအပ်မှာလဲ “ လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့သည်။

ထိုစဥ် အဝေးရှိ ပုံရိပ်တစ်ခုသည် သူ့စကားကို ကြားကာ၊ ရပ်တန့်သွားခဲ့သည်။

၎င်းသည် အသက်လေးဆယ်(သို့) ငါးဆယ်ကျော် အရွယ်ရှိသည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။ လုချန်ရှန်း၏ စကားကို ကြားလိုက်ရသောအခါတွင်၊ ထိုလူသည် သိလိုစိတ်တို့ဖြင့် သူ့ကို ကြည့်လာခဲ့ကာ၊ အံ့အားသင့်သွားခဲ့သည်။

“ ငယ်ငယ်ရွယ်ရွယ်နဲ့ အူတိုင်ဖွဲ့စည်းခြင်း နယ်ပယ်ကို ရောက်နေတာက တော်တော်လေးကို အံ့ဩဖို့ကောင်းတာပဲ။ သူက ဘယ်ဂိုဏ်းရဲ့ တပည့်လဲဆိုတာကို ငါသိချင်သွားပြီ “ ထို့နောက်တွင် သူသည် လုချန်ရှန်းကို ကြည့်ကာ၊ စကားလှမ်းပြောလာခဲ့၏ “ လူငယ်လေး၊ မင်းက ဒီနေရာရဲ့ စည်းမျဥ်းတွေနဲ့ မရင်းနှီးသေးတဲ့ပုံပဲ။ အခု မင်းက အပြင်ပိုင်းဒေသမှာ ရှိနေတာ၊ အဲ့တာကြောင့် ဝိညာဥ် အရင်းအမြစ်က ပါးလွှာနေခဲ့တာ။ အလယ်ပိုင်းဒေသကို ဆက်တိုက် ချဥ်းကပ်သွားမှ၊ ပိုပြီးတော့ သိပ်သည်းလာလိမ့်မယ် “

“ အို့ “ လုချန်ရှန်း၏ မျက်လုံးများ တောက်ပသွားကာ၊ စကားပြန်ပြောလိုက်သည် “ အဲ့တာဆို အတွင်းအကျဆုံး ဒေသက ဝိညာဥ် အရင်းအမြစ် အသိပ်သည်းဆုံးပဲလို့ ပြောချင်တာလား “

“ အဲ့လိုပါပဲ၊ ဒါပင်မဲ့ အဲ့နေရာတွေကို တောင်ပိုင်းဒေသရဲ့ ဂိုဏ်းကြီးတွေက သိမ်းပိုက်ထားတယ်။ တကယ်လို့ မင်းက အဲ့ကို သွားချင်တယ်ဆိုရင်တော့၊ ပညာရှင်တစ်ချို့နဲ့ ရင်ဆိုင်ရလိမ့်မယ် “ ဟု ထိုလူမှ ပြောပြလာခဲ့သည်။

လုချန်ရှန်းသည် ဂရုတစိုက် တွေးတောစဥ်းစားကာ၊ ခေါင်းငြိမ့်ပြလိုက်သည် “ အဲ့လိုဆိုရင် လက်သီးနှစ်လုံးက လက်သီးလေးလုံးကို ယှဥ်နိုင်မှာ မဟုတ်ဘူး။ အဲ့ဒီ အင်အားစုကြီးတွေက တော်တော်လေးကို မုန်းဖို့ကောင်းတယ်၊ ဘယ်ကိုပဲသွားသွား ပိုလိုချင်နေကြတယ်။ သူတို့အားလုံးကို တစ်ခုပြီးတစ်ခု ရှင်းပစ်လိုက်ရင် ကောင်းမလားပဲ “

သက်လတ်ပိုင်းလူသည် ထိုစကားကို ကြားကာ၊ မှင်သက်သွားခဲ့သည်။ အဲ့တာက ဘယ်လိုစကားမျိုးကြီးလဲ၊ တောင်ပိုင်းဒေသရဲ့ ဂိုဏ်းကြီးတွေကို ရှင်းထုတ်ပစ်မယ်ဆိုတာက တော်တော်ကြီးကို မောက်မာလွန်းပါတယ်

“ လူငယ်လေး၊ မင်းက တကယ်ကြီးကို ပြောရဲဆိုရဲ ရှိတာပဲ “ ထိုလူသည် အပြုံးဖြင့် ခေါင်းခါရမ်းနေတော့၏။

လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ ဒီနေရာမှာ အသတ်ခံလိုက်ရမယ်ဆိုရင်၊ တကယ်သေသွားမှာမှ မဟုတ်တာ၊ ဘာကိုကြောက်နေရမှာလဲ “

“ မှန်ပါတယ် …. “

သတ်လတ်ပိုင်းလူသည် စကားမပြောနိုင်တော့ဘဲ၊ သူက လောကကြီးနှင့် ကြာရှည်စွာ အဆက်အသွယ် ပြတ်တောက်နေခဲ့ကာ၊ လူငယ်မျိုးဆက်များ၏ အရှိန်အဟုန်ကို လိုက်မမှီတော့ဘူးဟု ခံစားသွားခဲ့ရသည်။

သို့ရာတွင် လုချန်ရှန်းကမူ အဝေးသို့ ငေးကြည့်ကာ၊ စကားထပ်ပြောလာခဲ့၏ “ ဒါဆိုရင်လည်း ကျွန်တော်သွားပြီ။ ဒါနဲ့ ခင်ဗျားရဲ့ ဂိုဏ်းနာမည်က ဘာလဲ။ ဒီကိစ္စတွေကို ပြောပြခဲ့တဲ့အတွက်၊ ခင်ဗျားရဲ့ ဂိုဏ်းကို ချမ်းသာပေးမယ် “

“ အမ် ….. “ သက်လတ်ပိုင်းလူသည် ကြောက်အမ်းအမ်းဖြစ်သွားကာ၊ အပြုံဖြင့် ခေါင်းခါရမ်းနေတော့သည် “ ယဥ်ကျေးနေဖို့ မလိုပါဘူး၊ မင်းစိတ်ထဲရှိတဲ့အတိုင်း လုပ်လို့ရပါတယ် “

“ သေချာလို့လား “ လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားခဲ့ပြီး၊ ရိုးသားမှုအပြည့်ဖြင့် ထိုလူ့ကို ငေးကြည့်နေတော့၏။

All Chapters