← Chapters

ဖန်တီးမှု လက်များ

Vol. 17 Ch. 226

ဖန်တီးမှု လက်များ

Vol. 17 Ch. 226

“အေးခဲကောင်းကင် ကလန်ရဲ့ နဝမမြောက် တောင်ထွတ်အကြောင်း ကောလာဟလတွေကို ငါအများကြီး ကြားဖူးတယ်။ ဒီနေ့ ငါ ဒီကိုရောက်လာမှတော့ အဲဒီ ကောလဟာလတွေက အမှန်ဟုတ်မဟုတ် သေချာကြည့်ရ သေးတာပေါ့...”

ဝါးခမောက် ဆောင်းထားသူ၏ အေးစက်စက် လှောင်ပြောင် သရော်သံက နဝမမြောက်တောင်ထွတ် အောက်ခြေမှ ထွက်ပေါ်လာခဲ့သည်။

“စုမင်ဆိုတဲ့လူကို စီနီယာစစ်မာက ဘာလို့အဲဒီလောက် အာရုံစိုက်နေလဲဆိုတာ ငါနားမလည်နိုင်ဘူး။ ငါ သူ့ကို မျက်နှာသာ ပြန်ပေးဖို့ တင်နေတဲ့ အကြွေးတစ်ခုကို သုံးပြီးတော့တောင် စုမင်ဆီက တစ်စုံတစ်ခုကိုယူဖို့ ငါ့ကို စေလွှတ်လိုက်သေးတယ်”

ထိုလူသည် နှင်းမုန်တိုင်းကို ဖြတ်သန်းလျက် နဝမမြောက် တောင်ပေါ်သို့ ခြေတစ်လှမ်း လှမ်းလိုက်ချိန်တွင် သူ့ခန္ဓာကိုယ် တစ်ခုလုံးသည် ဆီးနှင်းများနှင့် ရောနှောသွားပုံရသည်။ ကောင်းကင်ရှိ နှင်းမုန်တိုင်းသည် ရုတ်ခြည်းဆိုသလို လူတစ်ဦးမျက်နှာအသွင် ပြောင်းလဲသွားပြီး နဝမမြောက် တောင်ထွတ်ထံ ဦးတည်၍ ခပ်တိုးတိုး ဟိန်းဟောက်လိုက်သည်။ ထိုဟိန်းဟောက်သံကြောင့် လေတို့ တိုက်ခတ်သွားပြီး ဆီးနှင်းမှုန်များကို လွင့်မျောသွားစေသည်။

ထိုလူ တောင်ပေါ်သို့ ခြေချလိုက်သည့် အခိုက်အတန့်တွင် နဝမမြောက်တောင်ထွတ် တစ်ခုလုံး တုန်ခါသွား သကဲ့သို့ပင် ... လိုဏ်ဂူထဲတွင် ဝိုင်သောက်နေသော စုမင်၏ အစ်ကိုသုံးသည် အံ့အားသင့်စွာဖြင့် မျက်လုံးတို့ကို ဖွင့်လိုက်သည်။ ထို့နောက် သူသည် အရှေ့သို့ ခြေလှမ်း အနည်းငယ်ခန့် ခပ်မြန်မြန် လှမ်းလိုက်ပြီး လိုဏ်ဂူအတွင်းမှ ထွက်ကာ တောင်အောက်သို့ ငုံ့ကြည့်လိုက်မိသည်။

“အဲဒါ ဒုတိယတောင်ထွတ်က ကျီချဲ ပါလား။ သူက အေးခဲကောင်းကင် ကလန် ကြီးမြတ်သော ဆီးနှင်းဖုံး လွင်ပြင်တွေရဲ့ တပည့်တွေကြားက အဆင့်ဇယားမှာ အဆင့် ၉ချိတ်တဲ့သူပဲ... သူက ဘာလို့ နဝမမြောက် တောင်ထွတ်မှာ ပေါ်လာရတာလဲ။ ငါနဲ့ တိုက်ဖို့များ ဖြစ်နေမလား ... ဒါပေမဲ့ ငါ သူ့ကို ရန်မစထားပါဘူး”

ဟူကျီတစ်ယောက် ခဏတာ အံ့အားသင့်သွားမိပြီး ခေါင်းကို ကုတ်လိုက်မိသည်။

ထိုသို့ အံ့အားသင့် နေစဉ်မှာပင် သူ့အမူအရာက ချက်ချင်း ပြောင်းလဲသွားရသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန် အခိုက်အတန့်မှာပင် ကောက်ရိုးဝတ်ရုံနှင့် ဝါးခမောက် ဆောင်းထားသော ကျီချဲသည် နဝမမြောက် တောင်ပေါ်သို့ သူ၏ဒုတိယမြောက် ခြေလှမ်းကို လှမ်းလိုက်ပြီး ဖြစ်သောကြောင့်ပင်...

သူ ခြေချလိုက်ချိန်တွင် သူ့ခန္ဓာကိုယ်က ရုတ်ခြည်းဆိုသလို ဟူကျီရှေ့၌ ပေါ်လာခဲ့သည်။ သူပေါ်လာသည်မှာ အလွန်ရုတ်တရက် ဆန်လွန်းလှချေသည်။ ဟူကျီရှေ့ ပေရာအနည်းခန့် အကွာ၌ သူရပ်လိုက်ချိန်မှာပင် ဆူညံသံ တစ်ခုနှင့်အတူ သူ့ထံမှ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းအရှိန်အဝါသည် ဟူကျီအား နောက်သို့ ခြေလှမ်းဒါဇင် အနည်းငယ်ခန့် လျင်မြန်စွာ ဆုတ်လိုက်ရစေသလို သူ့လက်အတွင်းမှ ဝိုင်အိုးသည်လည်း ပေါက်ကွဲသံ တစ်ချက်နှင့်အတူ ကွဲထွက်ပျက်စီး သွားသည်။

“အမှိုက်ပဲ”

ကောက်ရိုးဝတ်ရုံနှင့် ဝါးခမောက်အောက်မှ ကျီချဲ၏မျက်နှာကို မမြင်နိုင်သော်လည်း သူ့မျက်လုံးများထဲတွင် အေးစက်စက် အကြည့်တစ်ခု ရှိနေခဲ့ပြီး တုန်လှုပ်ဖွယ် အရှိန်အဝါကြောင့် သူ့ပတ်ဝန်းကျင်မှ ရေခဲများသည်ပင် အက်ကွဲတော့မည့် အရိပ်အယောင်များ ပြသလာခဲ့သည်။ နှင်းမုန်တိုင်းမှ ဖြစ်ပေါ်လာသော လူမျက်နှာကြီးသည်လည်း ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရာ ၎င်းသည် နဝမမြောက် တောင်ထွတ် တစ်ခုလုံးအား မြှုပ်နှံပစ်လိုဟန်ဖြင့် ကောင်းကင်၌ ဆီးနှင်းများ ပိုမိုစုဝေးလာသည်။

ကျီချဲသည် ဟူကျီအား အေးစက်စွာတစ်ချက် ကြည့်လိုက်ပြီး သူ၏ တတိယမြောက် ခြေလှမ်းကို လှမ်းလိုက်ပြန်သည်။

တတိယခြေလှမ်းကို လှမ်းလိုက်ချိန်တွင် သူသည် ဟူကျီ၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထိုသို့ ထွက်သွားလိုက်သဖြင့် ထိုအချိန်တွင် ဟူကျီသည် မြေပြင်ပေါ်မှ ကွဲကြေနေသော ဝိုင်အိုးအား ငေးကြည့်နေသည်ကို သူမမြင်ခဲ့ရချေ။ ဟူကျီ၏ မျက်လုံးများသည် နီရဲလာပြီး ထိုမျက်လုံးများထဲတွင် ရက်စက် ကြမ်းကြုတ်မှုများ ဖြစ်ပေါ်လာခဲ့သည်။

“မင်းက အဘိုးဟူရဲ့ ဝိုင်အိုးကို ခွဲရဲတယ်ပေါ့”

ဟူကျီသည် ခေါင်းကိုမော့ကာ ကောင်းကင်သို့ ဦးတည်၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထို့နောက် သူသည် အလင်းတန်းတစ်ခု အသွင်ပြောင်းလျက် ထွက်ခွာသွားသော ကျီချဲထံသို့ ဦးတည်လိုက်သည်။

ထိုအချိန်တွင် လူနှစ်ဦးသည်လည်း သတ္တမမြောက် တောင်ထွတ်မှ ပြေးထွက်လာကာ နဝမမြောက် တောင်ထွတ်ထံ ဦးတည် ပြေးလွှားလျက် ရှိသည်။ ၎င်းတို့နှစ်ဦးသည် မျက်စိပသာဒ ဖြစ်ဖွယ် အမျိုးသမီးနှစ်ဦး ဖြစ်သည်။

သူတို့ထဲမှ တစ်ဦးက ဖန်းချန်းလန် ဖြစ်သည်။ နဝမမြောက် တောင်ထွတ်ဆီသို့ ဦးတည်၍ အရှိန်နှုန်း အပြည့်ဖြင့် ပြေးလွှားနေသော သူမ မျက်နှာ ထက်တွင်တော့ စိုးရိမ်ပူပန်မှုများ ရှိနေခဲ့သည်။

သူမဘေးမှ အမျိုးသမီးသည် အဝါရောင်ဝတ်ရုံ တစ်ထည်ကို ဝတ်ဆင်ထားကာ သူမ၏ ကျစ်လျစ် သေးသွယ်သော ကိုယ်လုံး ကိုယ်ပေါက်နှင့် ဘဲဥပုံ မျက်နှာလေးတို့ကြောင့် သူမသည် ချောမောလှပကာ စွဲမက်ဖွယ် ကောင်းနေချေသည်။ သူမပုံစံ အမူအရာတို့သည် သိသိသာသာပင် ဖန်းချန်းလန်၏ ပုံစံအမူအရာနှင့် တူညီနေခဲ့သည်။

သူမ မျက်နှာထက်တွင် ပျင်းရိသော အမူအရာတစ်ခု ရှိနေခဲ့ပြီး ဖန်းချန်းလန် တစ်ယောက် အလွန်အမင်း စိတ်လှုပ်ရှားကာ စိုးရိမ်ပူပန်နေသည်ကို မြင်လိုက်သောအခါ ဖန်းချန်းလန်အား စနောက်လိုက်သည်။

“ဂျူနီယာညီမဖန်း၊ အဲဒီ စုမင်ဆိုတဲ့လူက မင်းအတွက် ဘယ်လိုလူမျိုးမို့လို့ အဲဒီလောက် အာရုံစိုက်နေရတာလဲ။ အဲဒါများ ဖြစ်နေမလား...”

အမျိုးသမီး၏ အသံက အလွန်ဆွဲဆောင်မှု ရှိနေခဲ့သည်။ သူမသည် ထိုသို့ပြောပြီးနောက် ရယ်မောလိုက်သည်။

“စီနီယာ အစ်မ၊ ဒါက စနောက်နေဖို့ အချိန်မဟုတ်ဘူးနော်”

ဖန်းချန်းလန်သည် နဝမမြောက် တောင်ထွတ်ဆီသို့ မယုံနိုင်လောက်အောင်ပင် လျင်မြန်စွာ သွားလျက်ရှိသည်။

“ကောင်းပြီ။ ကောင်းပြီ ... ငါ ထပ်မပြောတော့ဘူး။ မစိုးရိမ်ပါနဲ့။ ကျီချဲက နည်းနည်းရိုင်းပေမဲ့ လူဆိုးတစ်ယောက် မဟုတ်ပါဘူး။ စုမင်ကို ဒုက္ခမပေးဖို့ ငါသူ့ကို ပြောပေးပါ့မယ်”

“သူက နင့်မောင်လေး ဆိုတော့ သူ့ဘက်မှာပဲ ပြောပေးနေတာပေါ့”

ဖန်းချန်းလန်၏ စကားများထဲတွင် မကျေနပ်မှု အရိပ်အယောင်တို့ ပါဝင်နေသည်။ သူမနောက်မှ အမျိုးသမီးသည် ပြုံးရုံသာ ပြုံးလိုက်ပြီး ထိုစကားတို့အား စိတ်ထဲထည့်မနေချေ။ သူမသည် ညင်သာသော အသံဖြင့် ဖန်းချန်းလန်ကို ချော့မော့ နှစ်သိမ့်ရန်သာ ဆက်ကြိုးစား နေလိုက်သည်။

စကားပြောဆိုရင်းဖြင့် နဝမမြောက် တောင်ထွတ်နှင့် တဖြည်းဖြည်း နီးကပ်လာခဲ့သည်။ သို့သော် နီးကပ်လာချိန်မှာပင် သူတို့ထံ ဦးတည်လာနေသော နှင်းမုန်တိုင်း၏ စွမ်းအားကို ခံစားလိုက်မိပြီး ထိုစွမ်းအားသည် သူတို့ အရှိန်နှုန်းအား နှေးကွေးသွားစေသည်။

ထိုအချိန်မှာပင် နှင်းမုန်တိုင်းမှ ဖြစ်ပေါ်နေသော လူမျက်နှာကြီးကို သူတို့နှစ်ဦးလုံး မြင်လိုက်ရသည်။ သူတို့မြင်ကွင်းထဲတွင် ထိုအရာအား ယခင်က  နဝမမြောက် တောင်ထွတ်ဖြင့် ကွယ်နေခဲ့ခြင်း ဖြစ်သည်။

ဖန်းချန်းလန်၏ အမူအရာသည် ချက်ချင်းဆိုသလို ပြောင်းလဲသွားကာ သူမဘေးမှ အမျိုးသမီးသည်လည်း လေးနက်တည်ကြည် သွားခဲ့သည်။

“သူ့ မာန်အမှတ်အသား အတွက် ပညာရပ်ကို သူအသက် သွင်းထားတာပဲ”

အမျိုးသမီးသည် ရှေ့သို့ခြေတစ်လှမ်း လှမ်းကာ နှင်းမုန်တိုင်း မျက်နှာကြီးအတွင်းရှိ နဝမမြောက် တောင်ထွတ်ထံ ဦးတည်လိုက်သည်။ ဖန်းချန်းလန်သည် သူမ အောက်နှုတ်ခမ်းကို ကိုက်ကာ ထိုအမျိုးသမီးနောက်မှ စိုးရိမ်ပူပန်စွာဖြင့် လိုက်ပါသွားမိသည်။

နဝမမြောက် တောင်ထွတ်ပေါ်တွင် ကျီချဲသည် သူ၏ တတိယမြောက်ခြေလှမ်း လှမ်းပြီးချိန်၌ စုမင်ထိုင်နေသော နေရာနှင့် ပေ၃၀၀ခန့် အကွာအဝေးသို့ ရောက်ရှိသွားပြီ ဖြစ်၏။ သူသည် ထိုနေရာတွင်ရပ်ကာ အေးစက်၍ သီးသန့်ဆန်သော အမူအရာဖြင့် စုမင်အား လှမ်းကြည့်လိုက်သည်။

“နောက်ထပ် အမှိုက်တစ်စ။ နဝမမြောက် တောင်ထွတ်က ကောလဟာလတွေထဲမှာ ပြောထားသလိုလည်း မဟုတ်ပါဘူး”

ကျီချဲက အေးစက်စွာပြောကာ ညာလက်ကို မြှောက်လိုက်သည်။

သို့သော် စုမင်အား သူ့လက်ဖြင့် ညွှန်ပြရန် ပြင်လိုက်စဉ်မှာပင်...

ထိုအချိန်တွင် စုမင်သည် ပြင်ပ၌ ဖြစ်ပျက်နေသော အရာများကို လုံးဝသတိမပြုမိပေ။ သူသည် သူ့ကိုယ်ပိုင် ကမ္ဘာထဲတွင်သာ နစ်မြုပ်နေခဲ့ခြင်း ဖြစ်သည်။ သူမြင်နေရသော မြူများသည် ယခုအချိန်တွင် အပြင်းအထန် ဖရိုဖရဲ ဖြစ်လျက်ရှိ၏။ ၎င်းတို့အထဲတွင် တစ်စုံတစ်ခု၏ ဝေဝါးဝါးအရိပ်ကို သူတွေ့လိုက်ရသည်ဟု ထင်နေမိသည်။

ထိုးထွင်းသိမြင် တော့မည်ကဲ့သို့ ခံစားချက် တစ်ခုသည်လည်း စုမင် နှလုံးသားအတွင်း ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာသည်။

“ငါ့ကို နည်းနည်းလောက် ပိုပြီးရှင်းရှင်းလင်းလင်း မြင်ခွင့်ပြုပါ...”

စုမင် တီးတိုးရေရွတ်မိသည်။ အကယ်၍ သူသာ ထိုအရာကို ရှင်းရှင်းလင်းလင်း မြင်နိုင်မည်ဆိုလျှင် ဖန်တီးမှု၏ အဓိပ္ပာယ်အတွက် အဖြေမှန်ကို ရှာတွေ့နိုင်လိမ့်မည်ဟု သေချာခံစားမိ နေချေသည်။

ပြင်ပကမ္ဘာတွင် ကျီချဲ သူ့ညာလက်ကို မြှောက်လိုက်ချိန်၌ စုမင်ထိုင်နေသော စင်မြင့်ပတ်ဝန်းကျင်မှ လောကသည် ကျယ်လောင်စွာ မြည်ဟည်းသွားသည်။ လေထဲရှိ လူမျက်နှာကြီးအသွင် ပြောင်းလဲနေသော ဧရာမ နှင်းမုန်တိုင်းကြီးသည်လည်း စုမင်ထံသို့ လျင်မြန်စွာ နီးကပ်လာသည်။ ဧရာမ နှင်းမုန်တိုင်းကြီးသည် ၎င်းနှင့်အတူ မြေပြင်ကိုပင် တုန်လှုပ်စေနိုင်သော အရှိန်အဝါတစ်ခုအား သယ်ဆောင်လာခဲ့သည်။ ၎င်းသည် စုမင်ကိုသာ နစ်မြုပ်ပစ်ရန် ရည်ရွယ်ထားခြင်း မဟုတ်ပဲ နဝမတောင်ထွတ် တစ်ခုလုံးကိုပါ နစ်မြုပ်ပစ်ရန် ရည်ရွယ်နေခြင်း ဖြစ်သည်။

ထိုမြင်ကွင်းကြောင့် ဤနှင်းမုန်တိုင်းသည် လူတစ်ဦး နတ်ဘုရားစွမ်းရည်ကို အသုံးပြုခြင်းမှ ဖြစ်ပေါ်လာခြင်း မဟုတ်ပဲ သဘာဝတရား၏ လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်ဟုပင် အထင်အမြင် မှားသွားစေ နိုင်လေသည်။

ကျီချဲ၌ စုမင်ကို အရှင်ထားရန် ရည်ရွယ်ချက် မရှိပေ။ အကယ်၍ စုမင်သည် နဝမမြောက် တောင်ထွတ်သို့ မဝင်ရောက်ခဲ့ပဲ အခြား တောင်ထွတ်များထဲမှ တစ်ခုသို့ဝင်ရောက်ကာ အေးခဲကောင်းကင် ကလန်၏ အစစ်အမှန် တပည့်တစ်ဦး ဖြစ်လာမည်ဆိုလျှင် ကျီချဲအနေဖြင့် ယခုလိုလွတ်လပ်စွာ လုပ်၍ရမည် မဟုတ်ပေ။ သူတို့သည်သာ ကျောင်းတော် တစ်ခုတည်းတွင် တက်ရောက်သူများ ဖြစ်နေမည်ဆိုလျှင် ကျောင်းအတွင်းရှိ စည်းကမ်းများသည် အလွန် တင်းကျပ်သောကြောင့် သူ ယနေ့ ပြုလုပ်သလိုမျိုး လုပ်ဆောင်နိုင်ရန် ခက်ခဲပေလိမ့်မည်။

သို့သော် စုမင်သည် နဝမမြောက် တောင်ထွတ်သို့ ဝင်ရောက်ခဲ့သည်။ နဝမမြောက် တောင်ထွတ်သည် အေးခဲကောင်းကင် ကလန်နှင့် သက်ဆိုင်သည် ဆိုသော်လည်း တစ်ချိန်တည်းမှာပင် ထိုသို့ဟုတ်မနေပြန်ပေ။ ဤနေရာမှ တပည့်များသည် အေးခဲကောင်းကင် ကလန်မှ ချမှတ်ထားသော စည်းမျဉ်းများကို လိုက်နာရန် မလိုအပ်ပေ။ ထို့ကြောင့်ပင် ၎င်းတို့သည် စည်းမျဉ်းများမှ ကာကွယ်မှုကိုလည်း မရထားချေ။ ထို့ကြောင့်ပင် ကျီချဲသည် စကားတစ်ခွန်းမဆိုပဲ စုမင်အားသတ်ကာ အေးခဲကောင်းကင် ကလန်သို့ အလျင်အမြန် ပြန်လာနေသော စစ်မာရှင်းထံသို့ ၎င်း၏အလောင်းကို ပစ်ပေးလိုက်မည်ဟု တွေးထားခဲ့ခြင်း ဖြစ်သည်။

သူ့ကိုယ်သူ အဘိုးဟူဟု ခေါ်လေ့ရှိသောလူသည် သူ့အတွက်တော့ အမှိုက် တစ်စသာသာပင် ဖြစ်သည်။ ထိုလူကို သူအာရုံစိုက်ရန် မလိုအပ်ပေ။ ထို့အတူ သစ်ပင်များ စိုက်ပျိုးရခြင်းကို နှစ်သက်သော လူသည်လည်း ကျီချဲအတွက်တော့ အလွန်အမင်း မိန်းမဆန်ပြီး အားနည်းသူတစ်ဦး ဖြစ်သည်။

နဝမမြောက် တောင်ထွတ်မှ အကြီးဆုံးအစ်ကိုကြီး ဆိုသူသည်ပင် သီးသန့် နေထိုင်ရသည်ကို သဘောကျသည့် သူရဲဘောကြောင်သူ တစ်ယောက် ဖြစ်ပြီး ထိုလူ့အကြောင်းကို ကျီချဲ ယခင်က ကြားဖူးခဲ့သည်။ အမှိုက်ဟူကျီအား အခြားတောင်ထွတ်များမှ တပည့်များ ပညာလာပေးခဲ့စဉ် အချိန်က သူ၏စီနီယာအစ်ကို နှစ်ဦးသည် လုံးဝပင်လှုပ်ရှားခြင်း မရှိခဲ့ချေ။ အထူးသဖြင့် အပင်များ စိုက်ပျိုးရသည်ကို နှစ်သက်သော အမှိုက်ဆိုလျှင် ပြဿနာများကို ရှောင်ရှားရန် အိပ်ပျော်နေသည်ဟုပင် ဟန်ဆောင်ကာ သူ၏ ဂျူနီယာ ညီလေးအား ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ခိုင်းခဲ့သည်။

စင်စစ်အားဖြင့် ယခင်က သူ နဝမမြောက် တောင်ထွတ်ကို  ဖြတ်သွားခဲ့ချိန်တွင် ထိုအဖြစ်အပျက်ကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ ထိုအချိန်ကစ၍ သု နဝမမြောက် တောင်ထွတ်ကို စက်ဆုပ်ရွံရှာကာ အထင်သေးသွား ခဲ့ခြင်းပင်...

သူ သတိထားသောလူသည် ထျန်းရှဲ့ကျီဆိုသော အဘိုးအို တစ်ဦးတည်းသာ ဖြစ်သည်။

သို့သော် သူဤနေရာသို့ မလာခင်တည်းကပင် စီစဉ်မှုများ ပြုလုပ်ထားပြီး ဖြစ်သည်။ သူသည် ဒုတိယ တောင်ထွတ်၏ ထူးချွန်တပည့်ဖြစ်ပြီး သူ့ဆရာက သူ့ကို အလွန်တန်ဖိုးထားသည်။ သူ့စိတ်ထဲတွင်တော့ အကယ်၍ ထျန်းရှဲ့ကျီသည်သာ သူတို့အကြား ရာထူးအဆင့်အတန်း ကွာခြားမှုများကို ဂရုမစိုက်ပဲ တိုက်ခိုက်ခဲ့မည်ဆိုလျှင် သူ့ဆရာသည် သေချာပေါက်ကို ရပ်ကြည့်နေလိမ့်မည် မဟုတ်ပေ။

ဤပြင်ဆင်မှုများကြောင့် မည်သည့်မှားယွင်းမှုမှ ဖြစ်ပျက်သွားလိမ့်မည် မဟုတ်ကြောင်း သူသေချာနေပြီး ညာလက်ကိုမြှောက်ကာ စုမင်ကိုညွှန်ပြရန် ပြင်လိုက်သည်။ နှင်းမုန်တိုင်းအတွင်းမှ လူမျက်နှာကြီးသာ စုမင်ကို မြိုချလိုက်ပြီးမည်ဆိုလျှင် သူ ဤတစ်ကြိမ်လာရသော ရည်ရွယ်ချက် အောင်မြင်သွားလိမ့်မည် ဖြစ်သည်။

သို့သော် သူ့လက်ကို ဝှေ့ယမ်းလိုက်တော့မည့် အချိန်မှာပင် သူ့အနောက်မှ နူးညံ့ညင်သာသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုအသံသည် အလွန်တည်ငြိမ် အေးချမ်းနေသည်မှာ စကားပြောသူသည် သူငယ်ချင်းတစ်ဦးနှင့် ပြောနေသကဲ့သို့ပင် ဖြစ်ပြီး အသံထဲ၌ မည်သည့် ဒေါသအရိပ်အယောင်မှ ပါဝင်မနေခဲ့ပေ။

“ညီအစ်ကို ... မင်းက ငါ့ပန်းတွေအပေါ် တက်နင်းထားတယ် ... အဲဒါက ... မကောင်းဘူးနော်”

ထိုအသံ ထွက်ပေါ်လာချိန်တွင် ကျီချဲ ထိတ်လန့် တုန်လှုပ်သွားပြီး ဝါးခမောက်အောက်၌ ဖုံးကာထားသော သူ့မျက်လုံးများထဲတွင် လေးနက်မှုတို့ ဖြစ်ပေါ်လာသည်။ သူ၏ ယခုလက်ရှိ စွမ်းအားနှင့်ဆိုလျှင် သူ့ပတ်ဝန်းကျင်၌ တစ်စုံတစ်ဦးသာ ပေါ်လာပါက သူချက်ချင်း သတိပြုမိလိမ့်မည် ဖြစ်သည်။ သူ့အနားတွင် ပေါ်လာသော်လည်း သူသတိမပြုမိ နိုင်သည်မှာ ထျန်းရှဲ့ကျီ တစ်ဦးတည်းသာ ဖြစ်သင့်သည်။ သို့သော် ဤလူ၏ စကားပြောလိုက်သော အပြုအမူအရ ထျန်းရှဲ့ကျီ မဟုတ်သည်မှာ သေချာနေသည်။

“ငါ့ခြေထောက်အောက်မှာ ရေခဲတွေပဲ ရှိတယ်။ ဘာအပင်မှ မရှိဘူး”

ကျီချဲ အေးစက်စက် လှောင်ပြောင် ပြောဆိုလိုက်သည်။ သူ နောက်သို့ လှည့်မကြည့်ခဲ့သလို  စုမင်အား ညာလက်ဖြင့် ညွှန်ပြရန်လည်း မကြိုးစားခဲ့ပေ။

“နောက်တစ်ခေါက် ပြန်ကြည့်လိုက်ပါဦး”

ညင်သာသော အသံသည် နီးကပ်လာပြီး ဝတ်ရုံအဖြူနှင့် ချောမောခန့်ညားသော အမျိုးသား တစ်ဦးသည် ကျီချဲ၏ အနောက်ဘက်မှ နီးကပ်လာခဲ့သည်။ ထိုသူ၏ နှုတ်ခမ်းများထက်တွင် အပြုံးတစ်ခုရှိနေပြီး မျက်နှာထက်တွင် ကြင်နာမှုများ ရှိနေခဲ့သည်။ သူသည် ကျီချဲဘေးမှ ဖြတ်လျှောက်သွား ပြီးနောက် ... ထိုင်နေသော စုမင်ရှေ့၌ ရပ်တန့်သွားခဲ့သည်။

ကျီချဲ တိတ်ဆိတ်သွားမိသည်။ သူ ခေါင်း ငုံ့မကြည့်မိသော်လည်း သူ့ခြေထောက် အောက်တွင် ရှင်သန် ကြီးထွားနေသော အစိမ်းရောင် မြက်ပင်များနှင့် ပန်းများကို ထိုအမျိုးသား ဖြတ်လျှောက်သွားချိန်၌  သူရှင်းရှင်းလင်းလင်း ခံစားလိုက်မိချေသည်။ ထို့အပြင် သူသည် ... ၎င်းတို့အပေါ် တက်နင်းထားမိခြင်းလည်း ဖြစ်သည်။

ထိန်လန့်တုန်လှုပ်မှု တစ်ခုသည် သူ့နှလုံးသား အောက်ခြေမှ မြင့်တက် ဖြစ်ပေါ်လာပြီး သူ့ရှေ့ရှိ နူးညံ့သော အမျိုးသားကို ကြည့်လိုက်မိသည်။ ယခင်က ဤလူအား သူမြင်ဖူးခဲ့သလို သူသည် နဝမတောင်ထွတ်၏ ဒုတိယတပည့် ဖြစ်ကြောင်းလည်း သူသိထားခဲ့သည်။

သို့သော် အမှိုက်ဟု သူထင်ထားခဲ့သော ထိုလူသည် သူ့ကို ထိတ်လန့်တုန်လှုပ် စေနိုင်လိမ့်မည်ဟုတော့ ... သူမမျှော်လင့်ထား ခဲ့မိပေ။

သူ ယခင်က ခံစားရခဲသည့် အန္တရာယ်ရှိသည် ဟူသော အသိသည် သူ့ခန္ဓာကိုယ်အတွင်း ရုတ်ခြည်းဆိုသလို ဖြစ်ပေါ်လာခဲ့သည်။

ကျီချဲ တိတ်ဆိတ်သွား သော်လည်း ခဏအကြာတွင် အေးစက်စက် လှောင်ပြောင်သံတစ်ခု ပြုလုပ်လိုက်ပြီး ညာခြေဖြင့် ရှေ့သို့ လျင်မြန်စွာ ခြေလှမ်းကျဲကြီး တစ်လှမ်း လှမ်းလိုက်သည်။ ထို့နောက် တုံ့ဆိုင်းနေခြင်းမရှိပဲ သူနှင့် စုမင်အကြား ပိတ်ရပ်နေသော အမျိုးသားထံသို့ မြှောက်လက်စ ညာလက်ဖြင့် ညွှန်ပြလိုက်သည်။

သို့သော် သူညာလက်ဖြင့် ညွှန်ပြလိုက်သည်နှင့် ကျီချဲခေါင်းပေါ်မှ ဝါးခမောက်သည် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ရုတ်တရက် ပျက်စီးသွားရပြီး အသက်သုံးဆယ်ခန့် ရှိမည့် ဆံပင်ရှည်နှင့် အမျိုးသားတစ်ဦး ဖြစ်ကြောင်း ထွက်ပေါ်လာခဲ့သည်။

သူဝတ်ဆင်ထားသော ကောက်ရိုး ဝတ်ရုံသည်လည်း ဆူညံသံ တစ်ချက်နှင့်အတူ အပိုင်းအစများအဖြစ် ပေါက်ကွဲသွားကာ အောက်ဘက်တွင် သူဝတ်ဆင်ထားသော အနက်ရောင် ဝတ်ရုံရှည်က ထွက်ပေါ်လာချေသည်။ ကျီချဲ၏ပါးစပ်မှ သွေးများစီကျလာပြီး အပြင်းအထန် တုန်ရီသွားသည်။ သူ့ကိုပင် ထိတ်လန့်တုန်လှုပ် သွားစေသော ဖိနှိပ်နိုင်သည့် စွမ်းအားတစ်ခုသည် သူ့ရှေ့တွင် အပြုံးတစ်ခုဖြင့် ရပ်နေသော အမျိုးသားထံမှ ပျံ့နှံ့ထွက်ပေါ်လာသည်။ အခြားမည်သူမှ ထိုဖိအားကို ခံစားမိလိမ့်မည် မဟုတ်သော်လည်း ကျီချဲ၏ရှုထောင့်မှ ကြည့်မည် ဆိုလျှင်တော့ ထိုအရာသည် ဖိအားတစ်ခု သက်သက်ပင် မဟုတ်ချေ။

၎င်းသည် အကြည့်တစ်ခုမှ ဖြစ်ပေါ်လာသော စိတ်ဖိအား အမျိုးအစားတစ်ခု ဖြစ်ပြီး ဖော်ပြ၍မရနိုင်သော အေးစက်စက် ကြောက်ရွံ့မှု တစ်ခုကိုလည်း ဖြစ်ပေါ်နေစေသည်။

ထိုကြောက်ရွံ့မှု၏ အရင်းအမြစ်သည် သူ့ရှေ့တွင်ရပ်နေသော အမျိုးသား၏ လက်များထံမှ လာခြင်းဖြစ်သည်။

ထိုသာမန်အတိုင်း လက်များသည် မြှောက်ထားခြင်း မဟုတ်ပဲ ဘေးတွင်ချထားကာ သူ့အင်္ကျီလက်များကို ထိထားသည်မှာ သူ၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတို့၏ သော့ချက်များကို ဆုပ်ကိုင်ထား သကဲ့သို့ပင်...

၎င်းတို့သည် ဖန်တီးမှု လက်များပင် ဖြစ်သည်။

***

All Chapters