အခန်း (၅၁၇-၅၁၈)
Vol. 49 Ch. 517-518
အခန်း (၅၁၇)။
ဟုန်ယွိ ဖန်တီးလိုက်သော သူရဲကောင်းတို့၏ မှတ်တမ်းသည် အတုမရှိ လျှို့ဝှက်ကျမ်းစာ တစ်အုပ်ဟု ဆိုနိုင်သည်။ သာမန်လူတစ်ယောက်သည်ပင် ဤစာအုပ်ကို ဖတ်ရှုရုံဖြင့် မဟာ ကျိုးမင်းဆက်ကို တည်ထောင်သူ ကျိုးထိုက်ကျူ၏ ဘဝကို ကိုယ်တိုင် ဖြတ်သန်းရသကဲ့သို့ ခံစားရမည်ဖြစ်ပြီး သူ၏ ပညာဉာဏ်နှင့် အတွေ့အကြုံ အားလုံးကို လက်ခံရရှိပေလိမ့်မည်။ ထို့ပြင် သူ၏ သိုင်းပညာနှင့် တာအိုကျင့်စဉ် အားလုံးကိုလည်း သင်ယူနိုင်မည်။
သို့သော် တစ်ခုတည်းသော အားနည်းချက်မှာ ထိုသူသည် ကျိုးထိုက်ကျူ၏ စရိုက် လက္ခဏာများ လွှမ်းမိုးခြင်းကို ခံရပြီး မိမိကိုယ်ကိုယ် ပျောက်ဆုံးသွားနိုင်ခြင်းပင်။
ထို့ကြောင့် ဤစာအုပ်ကို ဖတ်ရှုမည့်သူသည် ကြီးမားသော ပညာဉာဏ်၊ ဇွဲလုံ့လနှင့် ခိုင်မာသော စိတ်ဓာတ်ရှိရန် လိုအပ်သည်။ တစ်ဖက်လူ၏ ပညာ၊ ကျင့်စဉ်နှင့် အတွေ့အကြုံ များကို လက်ခံရယူပြီးနောက် မိမိ၏ ကိုယ်ပိုင်စရိုက်ကို ပိုမိုခိုင်မာအောင် တည်ဆောက်နိုင် မှသာ လွှမ်းမိုးဝါးမြိုခံရခြင်းမှ ကင်းဝေးပေလိမ့်မည်။
ဤစာအုပ်ကို ပြုလုပ်ထားသော ပစ္စည်းများမှာလည်း အလွန်ပင် ကောင်းမွန်လှသည့် ဝိညာဉ်ကျောက်စိမ်းများ ဖြစ်ကြသည်။ ၎င်းမှာ ‘ဒိုင်ဇင်ဘုရားကျောင်း’ ၏ မှော်ရတနာများ ထဲမှ တစ်ခုဖြစ်ပြီး ပျံသန်းနိုင်သောဓားများ သန့်စင်ရာတွင် အသုံးပြုသော ပစ္စည်းအမျိုး အစား ဖြစ်သည်။ ထိုကျောက်စိမ်းသည် ဝိညာဉ်ကို ကိန်းအောင်းခွင့် ပြုနိုင်သော်လည်း ခိုင်မာမှုအပိုင်းတွင်မူ ‘သွေးပုံစံသံမဏိ’ ကို မမှီပေ။
သို့သော် ယခုအခါ ဟုန်ယွိသည် ရန်သူကို သတ်ဖြတ်ရန် ပျံသန်းနိုင်သော ဓားအဖြစ် သန့်စင်နေခြင်း မဟုတ်ဘဲ ကျောက်စိမ်းကျမ်းစာအုပ် ဖန်တီးနေခြင်း ဖြစ်သဖြင့် ဤပစ္စည်း မှာ အလွန်ပင် သင့်တော်လှပေသည်။
“မိသားစု ခေါင်းဆောင်တို့... ခင်ဗျားတို့အားလုံးဟာ နှစ်ပေါင်း ထောင်ချီ သမိုင်းကြောင်း ရှိတဲ့၊ ပညာရှင် သူတော်စင်တွေရဲ့ အနွယ်ဝင် မိသားစုကြီးတွေပဲ။” ဟုန်ယွိသည် သူ၏ လက်ထဲမှ သူရဲကောင်းတို့၏ မှတ်တမ်းကို မချချင်လောက်အောင် ပွတ်သပ်ကစားရင်း ပြောလိုက်သည်။ “ခင်ဗျားတို့ရဲ့ မိသားစုကြီးတွေထဲမှာ ထူးချွန်တဲ့ တပည့်ပေါင်း သိန်းသန်း ချီပြီး ရှိနေကြတယ်။ အခု တော်ဝင်ချန် မင်းဆက်ဟာ အလွန်တရာ အင်အားကြီးမားနေပြီ။ ကျုပ် အခုပဲ ‘ချီ’ ပြည်နယ်က ချန်မိသားစုဆီကို သွားခဲ့သေးတယ်။ အဲဒီမှာ ကျိုးထိုက်ကျူနဲ့ ယွန်မင်နိုင်ငံက ဆန်းကြယ်ကောင်းကင်ဘုံခန်းမရဲ့ ခန်းမသခင် နာလန်အန်းဟွမ်တို့ ညဖက်မှာ လာရောက်တိုက်ခိုက်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ ရှုံးနိမ့်သွားခဲ့ပြီ။ နာလန် အန်းဟွမ်ကတော့ အသတ်ခံလိုက်ရပြီး အရိုးတောင် မကျန်တော့ဘူး။”
မိသားစု ခေါင်းဆောင်ကြီး လေးဦးမှာ ချက်ချင်းပင် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ထိတ်လန့်တုန်လှုပ်သော အရိပ်အယောင်များ ပေါ်လာသည်ကို မြင်ရသောအခါ ဟုန်ယွိက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ဆက်ပြောသည်။ “ခင်ဗျားတို့ ပညာရှင် သူတော်စင် အနွယ်ဝင်တွေဟာ တာအိုကျင့်စဉ် ကျင့်ကြံကြတဲ့ မြင့်မြတ်နယ်မြေတွေကို သိပ်ပြီး အထင်မကြီးဘူးဆိုတာ ကျုပ် သိတယ်။ ဒါပေမဲ့ သူတို့ရဲ့ အင်အားကိုတော့ ခင်ဗျားတို့ လျှော့တွက်လို့ မရဘူး။ နည်းဗျူဟာအရ အထင်သေးတာက တစ်ပိုင်း၊ သူတို့ရဲ့ စွမ်းအားကို အသိအမှတ်ပြုတာက တစ်ပိုင်းပဲ။ အခု နာလန်အန်းဟွမ်တောင် အဖမ်းခံရပြီး အသတ်ခံ လိုက်ရပြီဆိုတော့ ခင်ဗျားတို့ မိသားစုတွေလည်း နောင်မှာ အေးအေးဆေးဆေး နေရတော့ မှာ မဟုတ်ဘူး။”
“မင်းဟာ စာပေလောကမှာ ပညာရှင် သူတော်စင်ငယ် ဖြစ်နေသလို မင်းရဲ့ သြဇာအာဏာ ကလည်း တဖြည်းဖြည်းနဲ့ အလွန်ကြီးမားလာပြီ။ ပြီးတော့ မင်းက အခု စာအုပ်တွေပါ ရေးသားနေပြီး၊ မင်းရဲ့ဝါဒတွေကိုပါ တည်ထောင်နေတာဆိုတော့ မင်းရဲ့ အတောင်အပံ တွေကလည်း တဖြည်းဖြည်း ပြည့်စုံလာပြီ။ ငါထင်တာတော့ နန်းတော်က မင်းကို ပိုပြီး တောင် ကြောက်နေလိမ့်မယ်။”
အစပိုင်းတွင် ထိတ်လန့်သွားသော်လည်း ဖန်းမိသားစု ခေါင်းဆောင် ဖန်းယွမ်ထောင်သည် သတိပြန်ဝင်လာပြီး သတိကြီးစွာဖြင့် ပြောလိုက်သည်။ သူတို့အားလုံးသည် အလွန်တရာ လိမ္မာပါးနပ်သူများဖြစ်ရာ ဟုန်ယွိက မျောက်ကိုခြောက်ရန် ကြက်ကိုသတ်ပြနေခြင်း ဖြစ်ကြောင်း မည်သို့လျှင် မသိဘဲ နေပါမည်နည်း။ ဟုန်ယွိ၏ စွမ်းအားနှင့် မှတ်ဉာဏ် သန့်စင်ခြင်း နည်းလမ်းများကြောင့် ထိတ်လန့်ခဲ့ရသော်လည်း ယခုအခါ ဆွေးနွေးညှိနှိုင်းရန် အခွင့်အရေး ရှိသေးသည်ကို သိလိုက်ရသဖြင့် သူ၏ ဉာဏ်ကစားမှုမှာ ပိုမိုသွက်လက်လာ သည်။
မိသားစုခေါင်းဆောင် လေးဦးမှာ တစ်နှစ်ပတ်လုံး မင်းသားများကဲ့သို့ နေထိုင်လာကြပြီး ပြင်းထန်သော တိုက်ပွဲများကို ဖြတ်သန်းခဲ့ကြသူများ ဖြစ်သည်။ ကျိုးထိုက်ကျူ၊ ယုဝမ်မူ ယွမ်ရှန်းရှန်းတို့နှင့် ယှဉ်လျှင် အင်အားအနည်းငယ် အားနည်းနိုင်သော်လည်း ပရိယာယ်နှင့် ဝေဖန်မှု အပိုင်းတွင်မူ မည်သူ့ထက်မျှ မနိမ့်ကျပေ။
“ကျုပ်လား၊ နန်းတော်က ကျုပ်ကို သေချာပေါက် ကြောက်နေတာပေါ့။” ဟုန်ယွိက ဖန်းယွမ်ထောင်ကို ကြည့်ကာ အေးစက်စွာ လှောင်ပြုံး ပြုံးလိုက်သည်။ “ဒါပေမဲ့ ကျုပ်က ပွင့်လင်းရိုးသားတယ်၊ ဘာဝန်ထုပ်ဝန်ပိုးမှ မရှိဘူး၊ ကျုပ်ရဲ့ လွှမ်းမိုးမူကလည်း တကယ် တော့ အလွန်တရာ အားနည်းပါသေးတယ်။ တော်ဝင်မိသားစုက ဘယ်လောက်ပဲ အင်အား ကြီးပါစေ, အဆိုးဆုံးဖြစ်လာရင် ကျုပ်လူအားလုံးကို သူတော်စင်ပေါင်းစုံခန်းမ ခေါ်ထည့်ပြီး ‘ကောင်းကင်အပြင်ဘက်နယ်မြေ’ ဆီ ပျံထွက်သွားရုံပဲ။ ခရီးတစ်ခု ထွက်သလိုမျိုးပေါ့။ ဒါပေမယ့်, ခင်ဗျားတို့ကျတော့ကော... ခင်ဗျားတို့ရဲ့ မိသားစုတွေ၊ သားသမီး မြေးမြစ်တွေနဲ့ တံခါးပိတ် ကျင့်ကြံနေတဲ့ ဘိုးဘေးကြီးတွေကို စွန့်ပစ်ခဲ့နိုင်မှာလား၊ ခင်ဗျားတို့ရဲ့ မိသားစု တွေဟာ နှစ်ပေါင်းထောင်ချီ အမြစ်တွယ်နေခဲ့တာ။ အဲဒီအရာတွေ တစ်ရက်အတွင်း ပျက်စီး သွားတာက ခင်ဗျားတို့ကို သတ်တာထက် ပိုပြီး နာကျင်စရာ ကောင်းလိမ့်မယ် ထင်တယ်။”
ဟုန်ယွိ၏ စကားများကို ကြားသောအခါ မိသားစုခေါင်းဆောင် လေးဦး၏ ခန္ဓာကိုယ်များ မှာ အနည်းငယ် တုန်ရင်သွားကြသည်။
ဟုန်ယွိ၏ စကားများသည် မုသားများကို ဖယ်ရှားကာ အမှန်တရားကို တည့်တည့်မတ်မတ် ထိုးနှက်လိုက်ခြင်း ဖြစ်သည်။
အမှန်စင်စစ်ပင် ဤမိသားစုခေါင်းဆောင်များသည် သူတို့အသက်အန္တရာယ် ဘေးကင်းစေ ရန် အတွက် မိသားစု၏ ဂုဏ်ရောင်ပြောင်မှုများ၊ သားစဉ်မြေးဆက်များနှင့် မိသားစုပိုင် 'ကမ္ဘာငယ်လေးများ' အတွင်း သက်တမ်းကို ထိန်းသိမ်းရန် တိတ်ဆိတ်စွာ ကျင့်ကြံနေကြ သော မဟာအကြီးအကဲများကို စွန့်ပစ်ခဲ့ရန်မှာ လုံးဝ မဖြစ်နိုင်သောအရာပင်။
အထက်တန်းလွှာ မိသားစုကြီးတစ်ခုတွင် တိုက်ရိုက် မျိုးဆက်များ၊ မယားငယ်များ၊ အဆွယ်ပွား အနွယ်ဝင်များ၊ ဆွေးမျိုးကိုးဆက်၊ သွေးချင်းတော်စပ်သူများ သိန်းသန်းချီ၍ ရှိနေနိုင်သည်။ ပို၍ အရေးကြီးသည်မှာ ပညာရှင် သူတော်စင်တို့၏ သွေးမျိုးဆက်နှင့် မိသားစုဂုဏ်သိက္ခာကို အလွယ်တကူ စွန့်လွှတ်၍ မရနိုင်ခြင်းပင်။
‘တိုင်ရှန်တာအိုဂိုဏ်း’ တွင် လူနည်းရခြင်းမှာ ‘ခံစားချက်မဲ့တာအို’ကို ကျင့်ကြံရန် ဖြစ်သည်။ လူများလာလေ၊ သွေးချင်းတော်စပ်မှု များလာလေဖြစ်ကာ ခံစားချက်မဲ့တာအိုကို ကျင့်ကြံ ရန် ပို၍ ခက်ခဲလာလေ ဖြစ်သည်။ သို့သော် ဟုန်ယွိတွင်မူ ထိုသို့သော အနှောင်အဖွဲ့ အဟန့်အတား များစွာ မရှိပေ။
… …
“ဒီလောကကြီးဟာ အရောင်အသွေး စုံလင်လှတဲ့ ကမ္ဘာကြီးပဲ။ အဆုံးမဲ့ ဆန်းကြယ်မှုတွေ ရှိနေတယ်။ ကောင်းကင်ပြင်ပနယ်မြေက လူတွေ ပြောနေကြတဲ့ နတ်ဘုရားလောက၊ နတ်ဘုရားကမ္ဘာဆိုတာ ဒီကမ္ဘာကြီးပဲပေါ့။ ဒီကမ္ဘာကြီးဟာ စကြာဝဠာရဲ့ ဗဟိုချက်ပဲ။ ခင်ဗျားတို့ မိသားစုတွေဟာ ဒီဗဟိုချက်နေရာမှာ ခန့်ခန့်ထည်ထည် ရပ်တည်နေကြပြီး ခင်ဗျားတို့ရဲ့ ဘိုးဘေးတွေကလည်း ယဉ်ကျေးမှုတွေကို နေရာအနှံ့ ပြန့်နှံ့စေနိုင်ခဲ့တယ်။ ဒါက ဘယ်လောက် ဂုဏ်ယူဖို့ ကောင်းလဲ။ ဒီလို ဂုဏ်သိက္ခာမျိုးကို ဘယ်သူက စွန့်လွှတ်နိုင် မှာလဲ။”
ဟုန်ယွိက စကားလုံး တစ်လုံးချင်းစီကို အလေးအနက် ပြောဆိုနေသည်။ သူ၏ စကားများ တွင် ဆွဲဆောင်မှုရှိသော စွမ်းအားတစ်မျိုး ပါဝင်နေသကဲ့သို့ပင်။
“မှန်တယ်” ဝမ်မိသားစုခေါင်းဆောင် ဝမ်လင်းရှန်၏ မျက်လုံးများ ဝင်းလက်သွားသည်။ ဟုန်ယွိ၏ စကားများထဲမှ အချက်အလက်များစွာကို သူ သတိပြုလိုက်မိသည်။ “ဟုန်ယွိ….၊ မင်းက ပညာရှင် သူတော်စင်တွေရဲ့ ကျမ်းစာတွေကို ဖတ်ထားပြီး ဒီကမ္ဘာကြီးဟာ စကြာဝဠာရဲ့ ဗဟိုချက်ဖြစ်ပြီး၊ အဆန်းကြယ်ဆုံး ကမ္ဘာကြီးဖြစ်နေမှန်း သိလိမ့်မယ်လို့ ငါ မထင်ခဲ့ဘူး။ ဒါဟာ တာအိုကျင့်စဉ်၊ သိုင်းပညာနဲ့ ယဉ်ကျေးမှုအားလုံးရဲ့ မြစ်ဖျားခံရာပဲ။ ရှေးဦးခေတ်၊ ရှေးဟောင်းခေတ်၊ အလယ်ခေတ်နဲ့ ယခုခေတ် ခေတ်အဆက်ဆက်မှာ မရေမတွက်နိုင်တဲ့ ‘ယန်နတ်ဘုရား’ တွေ၊ ‘ဖန်ဆင်းရှင်’ သခင်တွေနဲ့ ‘ဟင်းလင်းပြင် ဖျက်ဆီးနိုင်သူ’ တွေဟာ ဒီအကြောင်းကို သိရှိခဲ့ကြတယ်။ အခု တော်ဝင်ချန် ဧကရာဇ် ယန်ဖန်ဟာ ဒီလောကကြီးကို သိမ်းပိုက်ပြီး ဒီကမ္ဘာကြီးကို အုပ်ချုပ်ချင်နေတယ်။ သူက နတ်ဘုရားအားလုံးရဲ့ ဘုရင်၊ ထာဝရဇာတ်လိုက်တစ်ယောက် ဖြစ်ချင်နေတာ။”
“ဒါဟာ စိတ်ကူးယဉ်မှု သက်သက်ပါပဲ။ သူက ငါတို့ ပညာရှင် သူတော်စင် မိသားစုကြီးတွေ ရဲ့ သွေးမျိုးဆက်တွေကို သိပ်ကို လျှော့တွက်ထားတယ်။ ရှေးခေတ် ‘ပညာရှင် သူတော်စင် တစ်ရာ’ ဟာ ဧကရာဇ်ရဲ့ လမ်းစဉ်လေးသွယ်ကို ဖြတ်တောက်ခဲ့ပြီး ‘ကိုးကိုးလုံး အထွတ် အထိပ်’ အဆင့်ကနေ ‘ကိုးငါးလုံး အထွတ်အထိပ်’ (အာဏာအနည်းငယ် လျှော့ချထား သော ဧကရာဇ်အဆင့်) အထိ လျှော့ချခဲ့ကြတယ်။ ပြီးတော့ ဧကရာဇ်တွေရဲ့ အာဏာကို စောင့်ကြည့်ဖို့ ငါတို့ရဲ့ သွေးမျိုးဆက်တွေကို ဒီလောကကြီးထဲမှာ ချန်ထားရစ်ခဲ့ကြတာ...”
ဖန်းမိသားစု ခေါင်းဆောင် ဖန်းယွမ်ထောင်က သူ၏မျက်နှာတွင် အပြုံးတစ်ခုကို အတင်း အဓမ္မ ဖော်ယူလိုက်သည်။ သို့သော် သူ၏စကားကို တစ်ဝက်တပျက်တွင် ရပ်လိုက်သဖြင့် ရှေ့ဆက် အဓိပ္ပာယ်များစွာမှာ တွေးတောစရာအဖြစ် ကျန်ရစ်ခဲ့သည်။
“မူလကတော့ နောင်ရေးအတွက် ကျုပ်က ခင်ဗျားတို့အားလုံးကို သူရဲကောင်းတို့ မှတ်တမ်း ထဲမှာ သန့်စင်ထည့်သွင်းပစ်မလို့ပဲ။ ဒါပေမဲ့ ကောင်းကင်တာအိုမှာ သက်ရှိတွေကို သနား ညှာ ချစ်မြတ်နိုးတဲ့ အကျင့်ရှိတယ်။ ကျုပ်ကလည်း ‘ရှေးဟောင်း ပညာရှင် သူတော်စင်’ တွေရဲ့ သဘောတူညီချက်ကို ရရှိထားတယ်။ ‘ပညာရှင် သူတော်စင်တစ်ရာ’ ဟာ စည်းလုံး နေကြပြီဆိုတော့ ကျုပ်ကလည်း သူတို့ရဲ့ သွေးမျိုးဆက် အနွယ်ဝင်တွေအတွက် လမ်းစ တစ်ခု ချန်ထားပေးရမှာပေါ့။ ခင်ဗျားတို့ဟာ မိသားစုခေါင်းဆောင်တွေဖြစ်လို့ ခင်ဗျားတို့ရဲ့ အဆင့်အတန်းက ဘုရင်တွေထက် မနိမ့်ဘူး။ အခု ခင်ဗျားတို့ကို ကျုပ် လွှတ်ပေးလိုက်မယ်။ ခင်ဗျားတို့ ပြန်သွားရင်တော့ တော်ဝင်ချန် တော်ဝင်မိသားစုကို ကိုင်တွယ်ဖို့ အာရုံစိုက်သင့် တယ်။”
ဟုန်ယွိသည် ဖန်းယွမ်ထောင်၏ စကားများကို ဂရုမစိုက်ဘဲ ခန်းမအတွင်း လမ်းလျှောက် ရင်း ပြတ်သားစွာ ပြောလိုက်သည်။
ယခုအခါ နတ်ဘုရားလက်နက် သုံးခုနှင့်အတူ သူ၏ ကျင့်ကြံမှုမှာ ‘ဖန်ဆင်းရှင်’ သခင် တစ်ဦးနှင့် နှိုင်းယှဉ်နိုင်နေပြီ ဖြစ်သည်။ သူ၏အဆင့်မှာ ရှေးဟောင်း ပညာရှင် သူတော်စင် များနှင့် တစ်တန်းတည်း ဖြစ်နေပြီဖြစ်ရာ မိသားစုခေါင်းဆောင် လေးဦးကို လိမ်ညာနေရန် မလိုတော့ပေ။
“ဒါတင်မကဘူး၊ နဂါးစွယ်ဆန်တွေနဲ့ ပတ်သက်ပြီး ကျုပ် အောင်အောင်မြင်မြင် စိုက်ပျိုးနိုင် ခဲ့ရင်တောင် ကျုပ်တစ်ယောက်တည်း စားသုံးဖို့ စိတ်ကူးမရှိဘူး။ လောကမှာရှိတဲ့ လူတိုင်း ဟာ နဂါးတစ်ကောင်လို အစွမ်းထက်နေရမယ်လို့ ကျုပ် ဆန္ဒပြုခဲ့ဖူးတယ်။ နဂါးတစ်ကောင် ဖြစ်လာဖို့ဆိုရင် နဂါးစားစာကို အရင်ဆုံး စားရမှာပေါ့။ ဒါပေမဲ့ ဒီနဂါးစွယ်ဆန်တွေက အခုမှ စိုက်ပျိုးတုန်းပဲ ရှိသေးတယ်။ အောင်မြင်သွားပြီဆိုရင်တော့ ခင်ဗျားတို့ မိသားစုကြီးတွေက တစ်ဆင့် ပြည်သူတွေဆီကို ဖြန့်ဝေပေးဖို့ စဉ်းစားမှာပါ။”
ဟုန်ယွိ၏ လေသံမှာ ရုတ်တရက် ပြောင်းလဲသွားပြီး မိသားစုခေါင်းဆောင်ကြီး လေးဦးကို ပြောလိုက်သည်။
“ဒါ... ဒါ တကယ်ပဲလား။”
ဖန်းမိသားစုခေါင်းဆောင် ဖန်းယွမ်ထောင်၏ မျက်လုံးများ ဝင်းလက်သွားပြီး စိတ်လှုပ်ရှားမူ ကြောင့် သူ့အသံက တုန်ယင်နေသည်။
ရှေးခေတ် သူတော်စင် ဧကရာဇ်ဖန်ပင်လျှင် နဂါးစွယ်ဆန်အတွက် စစ်တိုက်ခဲ့ရသည် မဟုတ်ပါလော။ မိသားစုခေါင်းဆောင်တစ်ဦး အနေဖြင့် မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါ မည်နည်း။
“အဲဒါကတော့ ခင်ဗျားတို့မှာ ကိုယ်ကျိုးအတ္တစိတ် ရှိ၊ မရှိပေါ်မှာ မူတည်တယ်။ ခင်ဗျားတို့ ပြန်သွားရင် ပွင့်လင်းမြင်သာမှု ရှိရမယ်။ ခင်ဗျားတို့ မိသားစုတွေရဲ့ လယ်သမားတွေဆီက ကောက်ခံတဲ့ အခွန်နဲ့ အတိုးနှုန်းတွေကို လျှော့ချပေးရမယ်။ မိသားစုရဲ့ မျိုးစေ့အချို့ကို လည်း ပြည်သူတွေ စိုက်ပျိုးနိုင်အောင် ထုတ်ပေးရမယ်။ လောကမှာရှိတဲ့ လူတိုင်း ဆန်ကောင်းကောင်း စားရမယ်ဆိုရင် ဒါက ပျော်စရာမကောင်းပေဘူးလား။ သုံးနှစ်၊ ခင်ဗျားတို့ သုံးနှစ်အတွင်း ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့ရင် ကျုပ်ရဲ့ နဂါးစွယ်ဆန် အချို့ကို ခင်ဗျားတို့ဆီ ပေးအပ်မယ်။ အဲဒီအခါ ခင်ဗျားတို့ကနေတစ်ဆင့် တစ်ကမ္ဘာလုံးကို ဖြန့်ဝေပေးနိုင်လိမ့်မယ်။” ဟုန်ယွိက အနည်းငယ် ခေါင်းမော့ကာ ပြောလိုက်သည်။
“ကောင်းပြီ၊ မင်းက ယုံကြည်ထိုက်သူဆိုတာ ဘယ်သူမှ သံသယမရှိပါဘူး။ အခုတော့ သူတော်စင်ပေါင်းစုံ ခန်းမရဲ့ ချိတ်ပိတ်အတားဆီးတွေကို ဖွင့်ပေးပြီး ငါတို့ကို လွှတ်ပေး ပါဦး။” ဖန်းယွမ်ထောင်က ပြောသည်။
“ဒါပေါ့၊ ကျုပ်ကိုယ်တိုင်ပဲ ခင်ဗျားတို့ကို ကောင်းကောင်းမွန်မွန် ပို့ဆောင်ပေးပါ့မယ်။”
ဟုန်ယွိက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ခန်းမအတွင်း ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုအလင်းတန်းများသည် မိသားစုခေါင်းဆောင် လေးဦးကို ရစ်ပတ် လိုက်ပြီး ခန်းမအတွင်းမှ ပျံထွက်သွားစေကာ ဟင်းလင်းပြင် လေဟာနယ် မုန်တိုင်းများ ကြားသို့ ဘေးကင်းစွာ ပို့ဆောင်ပေးလိုက်တော့သည်။
….
“ဟုန်ယွိ... မင်း သူတို့ကို ဒီအတိုင်း လွှတ်ပေးလိုက်တာလား၊ သူတို့ကို စစ်ဆေးမေးမြန်းတာ မျိုး မလုပ်တော့ဘူးလား၊ ဖန်းမိသားစုရဲ့ ‘‘ဗြဟ္မာလမ်းစဉ်ခြောက်သွယ်’ ကျမ်းနဲ့ ဝမ်မိသားစု ရဲ့ ‘ဖီးနစ်နိဗ္ဗာန’ ကျမ်းတွေဟာ ဒီလောကမှာ ထိပ်တန်းပညာရပ်တွေပဲ။ အဲဒီပညာရပ်တွေ က မြင့်မြတ်နယ်မြေတွေက ပညာရပ်တွေထက်တောင် ပိုပြီး အစွမ်းထက်နိုင်သေးတယ်။ မင်းသာ အဲဒီကျမ်းတွေကို ရရင် ‘သတ္တမမြောက် မိုးကြိုးကပ်ဘေး’ ကို ကျော်ဖြတ်ဖို့ အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်။”
ချန်ယင်းရှာသည် လိမ်ယှက်နေသော ဟင်းလင်းပြင်ကြားမှ ရုတ်တရက် ထွက်ပေါ်လာ သည်။
သူတော်စင်ပေါင်းစုံခန်းမ အတွင်းရှိ ဟင်းလင်းပြင်မှာ အလွှာလိုက် ခေါက်ချိုးထားသဖြင့် ဟုန်ယွိအနေဖြင့် မိသားစုခေါင်းဆောင် လေးဦးကို သူမြင်စေချင်သည့်အရာ၊ မမြင်စေချင် သည့် အားလုံးကို သူ့ထိန်းချုပ်မှုအောက်တွင်သာ ထားရှိနိုင်သည်။
“ဒါတွေက ကျိုးထိုက်ကျူရဲ့ ‘အဆင့်ခြောက် မိုးကြိုးကပ်ဘေး’ ကျော်ဖြတ်ထားတဲ့ အထွတ်အထိပ် စိတ်ဝိညာဉ် အတွေးစ ၇၇,၇၇၇ ခုပဲ။ ဒါတွေကို မင်း သန့်စင်ပြီးရင် မင်းရဲ့ စွမ်းအားက အဆမတန် တိုးတက်လာလိမ့်မယ်။ မင်း ချက်ချင်းပဲ ပြိုင်ဘက်ကင်း ကျွမ်းကျင် သူ တစ်ယောက် ဖြစ်လာပြီး ‘ကောင်းကင်မြွေဘုရင်မ’ ကိုတောင် ကျော်လွန်သွားလိမ့် မယ်။ ကောင်းကင်မိစ္ဆာအိုကြီး ‘ပါ့’ တောင် မင်းပြိုင်ဘက် မဖြစ်နိုင်တော့ဘူး။ မင်းက အခု ‘ကောင်းကင်မိစ္ဆာတာအိုသစ်သီး’ ဆုံးရှုံးခဲ့ရလို့ ကျိုးထိုက်ကျူက မင်းအတွက် ပြန်ဖြည့်ပေး လိုက်တယ်လို့ပဲ သဘောထားလိုက်ပါ။”
ဟုန်ယွိက ပြုံးလျက် ဆက်ပြောသည်။ “မိသားစုခေါင်းဆောင် လေးဦးကိုတော့ သူတို့ရဲ့ ပညာရပ်တွေကို အတင်းအဓမ္မ နှိုက်ယူတာထက် အခုလို လွှတ်ပေးလိုက်တာက ပိုကောင်း ပါတယ်။ အတင်းကြပ်လုပ်ယူရင် သူတို့မိသားစုထဲက လူအိုကြီးတွေက ပြဿနာရှာကြ လိမ့်မယ်၊ အဲဒီအခါ မိသားစုကြီးအားလုံးနဲ့ ရန်သူဖြစ်ရလိမ့်မယ်။ ဒါဆိုရင် နောင်တစ်ချိန် ငါ ‘ပြောင်းလဲခြင်းကျမ်း’ ကို ပြုစုတဲ့အခါ လူစုရတာ ခက်ခဲသွားလိမ့်မယ်။”
မိသားစုတစ်ခု၏ မျိုးစေ့နှင့် ပညာရပ်များသည် ထိုမိသားစု၏ အုတ်မြစ်ဖြစ်ပြီး မိသားစု ခေါင်းဆောင်ထက်ပင် ပို၍ အရေးကြီးပါသည်။ အကယ်၍ ဟုန်ယွိသာ ထိုအရာများကို အတင်းအကြပ် နှိုက်ယူခဲ့ပါက သူသည် မိသားစုကြီးအားလုံး၏ ရန်သူ ချက်ချင်း ဖြစ်သွားပေလိမ့်မည်။
“ဒါဆို နဂါးစွယ်ဆန်ကော၊ သုံးနှစ်ကြာရင် မင်း တကယ်ပဲ သူတို့ကို ပေးမှာလား။” ထိုအခိုက်တွင် ရှဲ့ဝန်ယွမ်က အခြား ဟင်းလင်းပြင်တစ်ခုမှ လမ်းလျှောက် ထွက်လာသည်။
“အဲဒါက သူတို့ရဲ့ ကိုယ်ကျိုးအတ္တပေါ်မှာပဲ မူတည်ပါတယ်။ တကယ်လို့, သူတို့က ဒါကို တစ်ဦးတည်း မောင်ပိုင်စီးချင်တယ်ဆိုရင်တော့ သူတို့မိသားစုတစ်ခုလုံး ပျက်စီးသွားရလိမ့် မယ်။ သူတို့မှာ ကိုယ်ကျိုးအတ္တ မရှိဘူးဆိုရင်တော့ ပေးလိုက်ရတော့ရော ဘာအရေးလဲ။ ဒါပေမယ့်, ကျွန်တော်ကတော့ ဒီသုံးနှစ်အတွင်းမှာ ‘ပြောင်းလဲခြင်းကျမ်း’ ကို ပြုစုပြီး ကျွန်တော်ရဲ့ ဗဟုသုတတွေနဲ့ ‘ဖန်ဆင်းရှင်’သခင် တစ်ယောက် ဖြစ်အောင် ကြိုးစားရမယ်။ တစ်ဖက်ကလည်း ဒီမိသားစုကြီးတွေကို အသုံးချပြီး တော်ဝင်ချန် တော်ဝင်မိသားစုကို ထိန်းချုပ်ထားမယ်။ အရေးကြီးတာကတော့ သူတို့ကို အရင် တည်ငြိမ်အောင် လုပ်ထားရ မယ်။ နဂါးစွယ်ဆန်ကိုတော့ လောကမှာရှိတဲ့ လူတိုင်း စားနိုင်ရင် အကောင်းဆုံးပေါ့။ ကျွန်တော်တို့လည်း တစ်ဦးတည်း မောင်ပိုင်မစီးသင့်ပါဘူး။ ဒါက ကျွန်တော်ရဲ့ ဆန္ဒတစ်ခု ပဲလေ။ ရှေးခေတ် သူတော်စင် ဧကရာဇ်ဖန်လည်း ဒီလိုပဲ တွေးခဲ့မှာပါ။ ပညာရှင် သူတော်စင်တွေက ဒီကမ္ဘာလောကကြီးဟာ ဒဏ္ဍာရီလာ နတ်ဘုရားကမ္ဘာလို့ ပြောကြ တယ်။ အခုကြည့်စမ်း... ဒါက နတ်ဘုရားကမ္ဘာနဲ့ ဘယ်နားတူလို့လဲ။ လူတိုင်း နဂါးစွယ်ဆန် စားနိုင်တဲ့နေ့မှပဲ စစ်မှန်တဲ့ နတ်ဘုရားကမ္ဘာ ဖြစ်လာမှာပါ။” ဟုန်ယွိက ပြောလိုက်သည်။
“နဂါးစွယ်ဆန် စိုက်ပျိုးဖို့က မလွယ်ဘူး။ ကျင့်ကြံသူတစ်ယောက်တောင် ဒါကို ထိန်းသိမ်းဖို့ ခက်ခဲလိမ့်မယ်” ရှဲ့ဝန်ယွမ်က မျက်မှောင်ကြုတ်ကာ ပြောသည်။
“ဖြည်းဖြည်းချင်းပေါ့... တစ်နေ့မှာ ကျွန်တော်တို့ နဂါးစွယ်ဆန်ကို လွယ်လွယ်ကူကူ စိုက်ပျိုးနိုင်လာမှာပါ။ အဲဒီအခါကျမှ ဖြန့်ဝေပေးမယ်။” ဟုန်ယွိက ဆိုသည်။
“ဒီခေါင်းဆောင် လေးဦးကတော့ ရိုးရိုးသားသား နေကြမှာ မဟုတ်ဘူး။ မင်းလက်ထဲမှာ ရှုံးနိမ့်ခဲ့ရလို့ ကလဲ့စားချေဖို့ ကြိုးစားကြလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ စိတ်ထဲမှာ သူတို့ကိုယ်သူတို့ မြင့်မြတ်တဲ့ သူတော်စင် သွေးမျိုးဆက် နွယ်ဝင်တွေလို့ ခံယူထားကြလို့ ပဲ။” ရှဲ့ဝန်ယွမ်က ထောက်ပြသည်။
“ကျွန်တော် သူတို့ကို မကြောက်ပါဘူး။ ပြီးတော့ သူတို့ကိုယ်တိုင်လည်း တော်ဝင်ချန် တော်ဝင်မိသားစုကို ကြောက်နေကြတာပဲ။ ကဲ... အခု အရေးကြီးဆုံးက ဒီကောင်းကင် မြို့တော်ကို သန့်စင်ဖို့ပဲ။”
ဟုန်ယွိ စကားပြောရင်း သူတော်စင်ပေါင်းစုံခန်းမကို အသက်သွင်းလိုက်ပါသည်။
ချက်ချင်းဆိုသလိုပင် ခန်းမအတွင်းမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ကောင်းကင်မြို့တော်ကို ရစ်ပတ်လိုက်သည်။ မရေမတွက်နိုင်သော ‘မူလကြေးနီအနှစ် စွမ်းအား’ များသည် ခန်းမအတွင်းသို့ တရကြမ်း စီးဝင်လာတော့သည်။
….
ထိုမူလကြေးနီ စွမ်းအားများသည် အလွန်တရာ လေးလံလှသည်။ ၎င်းမှာ လေစီးကြောင်း တစ်ခုမျှသာ ဖြစ်သော်လည်း ပြဒါးထက် အဆတစ်ရာမျှ ပို၍ လေးလံသည်။ ၎င်းတို့သည် ခန်းမအတွင်းသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာပြီး နေရာအနှံ့ ပျံ့နှံ့သွားသည်။ ခန်းမ အတွင်းရှိ လူတိုင်းမှာ ပြင်းထန်သော ဖိအားကို ခံစားလိုက်ရသဖြင့် မိမိကိုယ်ကိုယ် ကာကွယ်ရန် တာအိုပညာရပ်များကို အသုံးပြုလိုက်ရသည်။
“မူလကြေးနီ အနှစ်စွမ်းအား... ဟင်းလင်းပြင်နဲ့ ပေါင်းစပ်စမ်း။”
ဟုန်ယွိက လက်နှစ်ဖက်ဖြင့် ဆွဲယူလိုက်ရာ ဟင်းလင်းပြင် စွမ်းအားများမှာ ဝဲဂယက်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး မူလကြေးနီ စွမ်းအားအားလုံးကို စုပ်ယူလိုက်သည်။
“ယင်နဲ့ယန်ကို မီးသွေးအဖြစ် အသုံးပြုပြီး၊ အလင်းနဲ့အမှောင်ကို မီးဖိုလုပ်ပြီး အရည်ဖျော် စမ်း။”
ဟုန်ယွိ၏ အတွေးတစ်ချက်နှင့်အတူ ဟင်းလင်းပြင် ဝဲဂယက်များမှာ မီးတောက်များအဖြစ် ပြောင်းလဲသွားသည်။ တဖျစ်ဖျစ် မြည်သံများနှင့်အတူ မူလကြေးနီ စွမ်းအားများသည် မီးတောက်ထဲတွင် လည်ပတ်နေပြီး ဟင်းလင်းပြင်စွမ်းအားများနှင့် ဖြည်းဖြည်းချင်း ပေါင်းစပ်သွားတော့သည်။
“ကြည်လင်တဲ့ စွမ်းအင်တွေက အထက်ကိုတက်ပြီး၊ နောက်ကျိတဲ့ စွမ်းအင်တွေက အောက်မှာ ပျော်ဝင်စေ။”
ဟုန်ယွိသည် တာအိုပညာရပ်များကို ဆက်တိုက် အသုံးပြုရင်း သူ၏ စိတ်ဝိညာဉ် အတွေးစ များကို ကောင်းကင်မြို့တော်၏ မူလကြေးနီ စွမ်းအားများအတွင်းသို့ အပြည့်အဝ ထိုးဖောက် ဝင်ရောက်သွားသည်။ ထိုအခါ သူသည် ဤစွမ်းအား၏ နက်နဲမှုကို ချက်ချင်း ခံစားလိုက်ရသည်။
လေးလံမှု၊ ထက်ရှမှု၊ ခန့်ညားမှု... သို့သော် အနက်ရှိုင်းဆုံး အနှစ်သာရတွင်မူ တစ်စုံတစ်ခုကို ပြုစုပျိုးထောင်ခြင်းနှင့် သိုမှီးသိမ်းဆည်းခြင်းဟူသော သဘောတရားများ ကိန်းအောင်းနေ ပုံရသည်။
မြို့တော်တွေ... မြို့တော်တွေဆိုသည်မှာ လူများ နေထိုင်ရန်အတွက်ပင် မဟုတ်ပါလော။
“ငါ နားလည်ပြီ။ ဒီကောင်းကင်မြို့တော်ဟာလည်း ရှေးဟောင်းကောင်းကင်တာအိုက ဘဝဒုက္ခပင်လယ်ကို ဖြတ်ကျော်ပြီး တစ်ဖက်ကမ်း (နိဗ္ဗာန) နယ်ပယ်ကို ရောက်ဖို့အတွက် ဖန်တီးခဲ့တဲ့ နတ်ဘုရား ရတနာတစ်ခုပဲ။ စကြာဝဠာ ပျက်သုဉ်းမယ့် ကပ်ဘေးကြီးတွေက နေ လွတ်မြောက်ဖို့ပေါ့။ ဝမ်းယွမ် နှစ်ပေါင်း ၁၂၉,၆၀၀ ဆိုတာ ရှည်ကြာလွန်းတယ်လို့ ထင်ရပေမဲ့ ကျင့်ကြံသူတွေအတွက်တော့ သိပ်မကြာလှဘူး။ ဘယ်သူကရော ပြိုင်ဘက် ကင်း ကျင့်စဉ်ကို ရထားပြီးမှ ဒီလောကကြီးကနေ အပြီးတိုင် ထာဝရ ပျောက်ကွယ်သွား ချင်မှာလဲ။ မသေမျိုး လမ်းစဉ်ကို ရှာဖွေကြမှာပဲ။ ဒီကမ္ဘာကြီး ပျက်သုဉ်းသွားပေမဲ့ ငါက တော့ မသေချင်ဘူး။ စကြာဝဠာကြီး ပျက်စီးသွားပေမဲ့ ငါကတော့ ထာဝရ ရှင်သန်နေမယ်။ ဒါဟာ လူတွေရဲ့ ရည်မှန်းချက်ပဲ။”
ကောင်းကင်မြို့တော်ကို တဖြည်းဖြည်း သန့်စင်နေစဉ်အတွင်း ဟုန်ယွိသည် ထိုပျက်စီးနေ သော အကြွင်းအကျန်များ အတွင်းမှ ပျက်ဆီးနေသော အစီအရင်များနှင့် ပျက်စီးနေသော မှတ်ဉာဏ်အပိုင်းများစွာကို ခံစားနေရသည်။
တစ်ချိန်တည်းမှာပင် သူသည် ဤမြို့တော်ကြီးမှာ တစ်ချိန်က မည်မျှ စွမ်းအားကြီးမားခဲ့ ကြောင်း သိရှိလိုက်ရသည်။ ဤမြို့တော်ကြီးသည် တစ်ဖက်ကမ်း (နိဗ္ဗာနနယ်ပယ်) သို့ ရောက်ရန်အထိ ရည်မှန်းထားသည့် နတ်ဘုရားရတနာ ဖြစ်သဖြင့် ၎င်း၏အထွတ်အထိပ် အချိန်တွင် အလွန်တရာ စွမ်းအားကြီးမားခဲ့ပေလိမ့်မည်။ ယခုမူ ၎င်း၏ စွမ်းအားမှာ ၁ ရာခိုင်နှုန်းပင် မကျန်တော့ပေ။
တဖြည်းဖြည်းနှင့်...
သူတော်စင်ပေါင်းစုံခန်းမ တစ်ခုလုံးမှာ ပိုမိုလေးလံလာပြီး ခိုင်မာတောင့်တင်းလာသည်။
ခန်းမအတွင်းရှိ လူတိုင်းသည် သူတို့ နင်းထားသော မြေပြင်မှာ ယခင်ကထက် ပိုမိုခိုင်မာ လာကြောင်း ခံစားလိုက်ရသည်။ ယခင်ကကဲ့သို့ ဟာလာဟင်းလင်း ဖြစ်မနေတော့ပေ။ သူတို့သည် ဤကမ္ဘာလောကကြီး၏ မြေပြင်ပေါ်တွင် ရပ်နေရသကဲ့သို့ အလွန်ပင် တည်ငြိမ်လှသည်။
ကောင်းကင်မြို့တော်၏ နောက်ဆုံး အပိုင်းအစကို သန့်စင်ပြီးသောအခါ ပြင်းထန်သော မြည်ဟီးသံကြီး ထွက်ပေါ်လာသည်။ ခန်းမတစ်ခုလုံးသည် ကမ္ဘာပျက်မတတ် ပြောင်းလဲ သွားတော့သည်။ ဟင်းလင်းပြင်မှာ ထပ်မံ ကျယ်ပြန့်လာပြီး ခိုင်မာမှုမှာလည်း ယခင်ထက် အဆပေါင်းများစွာ ပိုမိုအားကောင်းလာသည်။
ယခင်က ဤခန်းမကြီးသည် ဟင်းလင်းပြင်ကို ဖြတ်သန်းချိန်တွင် အနည်းငယ် တုန်ခါမှု ရှိခဲ့ သော်လည်း ယခုမူ အလွန်တရာ တည်ငြိမ်သွားခဲ့ပြီ။
အခန်း (၅၁၈)။
အစွမ်းထက်ပြီး သန့်စင်သော ကြေးနီအနှစ်စွမ်းအားများ သူတော်စင်ပေါင်းစုံခန်းမ အတွင်း သို့ အပြည့်အဝ စီးဝင်ပေါင်းစပ်သွားပြီးနောက် ဟုန်ယွိ၏ မှော်စွမ်းအား လည်ပတ်မှုမှာ အနည်းငယ် နှေးကွေးသွားခဲ့သည်။ ခန်းမအပြင်ဘက်ရှိ ဟင်းလင်းပြင် လေဟာနယ် မုန်တိုင်းအတွင်းမှ ကောင်းကင်မြို့တော်ကြီးမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး မည်သည့် အစအနမျှပင် မကျန်တော့သည်ကို သူမြင်လိုက်ရသည်။
“ကျိုးထိုက်ကျူရဲ့ ခန္ဓာကိုယ်က ရက်စက်မိစ္ဆာကာစီထက်တောင် ပိုပြီး အစွမ်းထက်တဲ့ 'ဖျက်ဆီးခြင်း မဟာနတ်ဘုရားဘုရင်၏ ကြေးနီခန္ဓာ' ကို ကျင့်ကြံထားပြီး သူတော်စင် ပေါင်းစုံခန်းမနဲ့ ပေါင်းစပ်သွားပြီ။ ဒီကြေးနီခန္ဓာဟာ လူသားမင်မော်တယ်တစ်ဦးရဲ့ ခန္ဓာကိုယ်နဲ့ နှိုင်းယှဉ်နိုင်တဲ့ အစွမ်းထက် တည်ရှိမှုမျိုးပဲ။”
ဟုန်ယွိသည် မြေပြင်ပေါ်ရှိ ကျိုးထိုက်ကျူ၏ ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။ သူသည် ကျိုးထိုက်ကျူ၏ ခန္ဓာကိုယ်ကို အခုနလေးတင် ချေဖျက်ထားခဲ့သော်လည်း သွေးသားများ မှာ သန့်စင်ထားသော ကြေးနီတုံးများကဲ့သို့ ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် သူသည် တွေးတောမနေတော့ဘဲ လက်ကို ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင် စွမ်းအားကြီးတစ်ခု ထွက်ပေါ်လာပြီး ထိုခန္ဓာကိုယ်ကို ဝါးမြိုကာ သန့်စင်ပစ်လိုက်တော့သည်။
ဤနေရာတွင် ဟုန်ယွိသည် သူ၏ကျင့်စဉ်စွမ်းအား အားလုံးကို နောက်ဆုံးတွင် ရပ်တန့် လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် အလွန်တရာ ပင်ပန်းနွမ်းနယ်မှုကို ခံစားလိုက်ရ သည်။
ကောင်းကင်မြို့တော်ကို သန့်စင်ခြင်းမှာ သူ၏ စိတ်ဝိညာဉ် စွမ်းအားကို များစွာ ကုန်ခမ်း စေခဲ့သည်။ ကျိုးထိုက်ကျူ၏ မှတ်ဉာဏ်များကို သူ ဆွဲထုတ်စဉ်ကလည်း သူသည် အတင့်ရဲ ပြီး အနိုင်ကျင့်သည့် နည်းလမ်းကို အသုံးပြုခဲ့သည်။ သူ၏ အတွေးစများကို အကန့်အသတ် အထိ ချဲ့ထွင်ခဲ့ရသဖြင့် စွမ်းအင်များစွာ ကုန်ဆုံးခဲ့ရသည်။ သူသည် အတိတ်ဗုဒ္ဓကျမ်းကို ကျင့်ကြံထားသော်လည်း ယခုတစ်ကြိမ်မှာမူ သူ တောင့်ခံနိုင်စွမ်းထက် အနည်းငယ် ပိုနေခဲ့ သည်။
သို့သော် သူ၏ ရှေ့မှ မြင်ကွင်းကြောင့် သူ၏ ရင်ထဲတွင် ကြီးမားသော ကျေနပ်မှုကို ခံစားလိုက်ရသည်။
အလွန်တရာ ခိုင်မာတောင့်တင်းသွားသည့် သူတော်စင်ပေါင်းစုံခန်းမကို ကြည့်ရင်း ဟုန်ယွိသည် ရိတ်သိမ်းရန် အသင့်ဖြစ်နေသော လယ်သမားတစ်ဦး ရွှေရောင်စပါးခင်းကြီး ထဲတွင် ရပ်နေရသကဲ့သို့ ပြည့်စုံမှုကို ခံစားနေရသည်။
ဤသူတော်စင်ပေါင်းစုံ ခန်းမကြီးမှာ သူကိုယ်တိုင် စိတ်ကြိုက် သန့်စင်ထားခြင်း ဖြစ်သည်။ မူလက ဤခန်းမကြီးသည် သေးငယ်ပြီး မတည်မငြိမ် ဖြစ်နေသော ဟင်းလင်းပြင်တစ်ခု သာ ဖြစ်ခဲ့ပြီး ‘ဖန်ဆင်းရှင်ဘူးသီး’ ကိုပင် မမှီခဲ့ပေ။ ယခုမူ ၎င်းသည် ရှေးဟောင်း ‘ရာရှိုမွန် တံခါး’ နှင့် နှိုင်းယှဉ်နိုင်သော တည်ရှိမှုတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်ကာ၊ ‘ဖန်ဆင်းရှင်သင်္ဘော’ နှင့် ‘ထာဝရနိုင်ငံတော်’ တို့ကိုပင် လိုက်မီရန် အရှိန်အဟုန်ပြနေပြီ ဖြစ်သည်။
ဒုန်း... ဒုန်း... ဒုန်း...
ဟုန်ယွိသည် သူ့တစ်ကိုယ်လုံးရှိ ခွန်အားကို အသုံးပြုကာ ခန်းမမြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်နင်းလိုက်သည်။ သို့သော် ခန်းမကြီးမှာ တုန်ခါခြင်း အလျဉ်းမရှိဘဲ လေးလံခိုင်ခဲ့ သော အသံကိုသာ ထွက်ပေါ်စေသည်။ ထိုအသံမျိုးမှာ လူတိုင်းကို ခိုင်မာပြီး လုံခြုံစိတ်ချရမှု မျိုး ခံစားရစေသည်။
“ကောင်းကင်မြို့တော်၊ မူလကြေးနီအနှစ်... ငါ ဒါတွေကို ရှေးဟောင်းမှတ်တမ်းအချို့မှာပဲ ဖတ်ဖူးခဲ့တာ။” ရှဲ့ဝန်ယွမ်သည်လည်း သူတော်စင်ပေါင်းစုံ ခန်းမအတွင်းရှိ ကမ္ဘာပျက်မ တတ် ပြောင်းလဲမှုများကို ခံစားမိသည်။ သူသည် သဘာဝအတိုင်း ဝမ်းသာပီတိ ဖြစ်နေမိ သည်။ နောင်တစ်ချိန်တွင် ဟုန်ယွိသည် ဤအတုမရှိသော နိဗ္ဗာနရတနာကို အသက်သွင်း နိုင်ခဲ့ပါက သူသည် စကြဝဠာ၏ ကန့်သတ်ချက် (ဝမ်းယွင်) ကိုပင် အမှန်တကယ် ကျော်လွန်သွားနိုင်ပေလိမ့်မည်။
“ဒဏ္ဍာရီအရ ဖန်ဆင်းခြင်းသင်္ဘောက ကောင်းကင်မြို့တော်ကို တိုက်ခိုက်ပြီး တစ်စစီ ဖျက်ဆီးခဲ့တုန်းက ဖန်ဆင်းခြင်းတာအိုသခင်ရဲ့ အတုမရှိတဲ့ နတ်ဘုရားစွမ်းအားကို ပြသခဲ့ တယ်လို့ ဆိုကြတယ်။ အဲဒါက ရှေးဦးခေတ် စစ်ပွဲတုန်းက မှတ်တမ်းပဲ။ ကျွန်မသိချင်တာက ကျွန်မတို့ရဲ့ 'သူတော်စင်ပေါင်းစုံခန်းမ' နဲ့ ' ဖန်ဆင်းခြင်းသင်္ဘော' တို့ ထိပ်တိုက် ရင်ဆိုင်မိ ရင် ဘာဖြစ်မလဲဆိုတာပဲ။”
ရုတ်တရက် ဟင်းလင်းပြင်ထဲမှ ကလေးမလေးတစ်ဦးကဲ့သို့သော အသံထွက်ပေါ်လာပြီး ငွေရောင်အလင်းတန်းနှင့်အတူ ကျီရှန်းထျန်း၏ပုံရိပ် ပေါ်လာသည်။ ဖရိုဖရဲ ကောင်းကင် အနှစ်သာရ အမြုတေကို သန့်စင်နေသော သူမသည် အောင်မြင်သွားပုံရပြီး ကျင့်ကြံရာမှ ထွက်ပေါ်လာခြင်းပင်။
... ...
သူ့ရှေ့မှောက်ရှိ ကျီရှန်းထျန်းသည် များစွာ ပြောင်းလဲသွားခြင်း မရှိသော်လည်း ဟုန်ယွိ၏ အမြင်တွင်မူ သူမသည် သူတော်စင်ပေါင်းစုံခန်းမကဲ့သို့ပင် ထူးကဲသော ပြောင်းလဲမှုများကို ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။
ကျီရှန်းထျန်း၏ အရေပြားပေါ်တွင် လူသားများ၏ သွေးကြောများနှင့် အကြောများကဲ့သို့ အမျှင်တန်းလေးများ ပေါ်နေ၏။ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် အလွန်တရာ ရှုပ်ထွေးလှသော ဖွဲ့စည်းပုံများ ဖြစ်ပေါ်လာသည်။ သူမ၏ ကိုယ်အင်္ဂါများနှင့် အသက်ရှူနှုန်းမှာလည်း အချိုးကျကျ လည်ပတ်နေပြီး အဆုံးမဲ့ ကြီးထွားရှင်သန်နေသည့် အသွင်ရှိသည်။ ၎င်းသည် ပုံရိပ်ယောင်ဆန်ဆန် တည်ရှိမှုတစ်ခု မဟုတ်တော့သည်မှာ သေချာလှသည်။
အထူးသဖြင့် ကျီရှန်းထျန်း၏ ဦးနှောက်အတွင်းပိုင်းတွင် အပ်စိုက်မှတ်အချို့ ရှိနေသည်ကို ဟုန်ယွိ ခံစားမိသည်။ သူမသည် ၎င်းတို့ကို အောင်အောင်မြင်မြင် ကျင့်ကြံနိုင်ခဲ့ပုံရသည်။
အတိုချုပ်ဆိုရလျှင် သူမသည် လူသားတစ်ယောက်နှင့် လုံးဝ ထပ်တူကျသော စစ်မှန်သော ခန္ဓာကိုယ်ကို ရရှိသွားခဲ့ပြီ ဖြစ်သည်။ သူမတွင် အစွမ်းထက်သော သွေးစွမ်အားနှင့် အငွေ့အသက်များကို ပိုင်ဆိုင်သွားပြီး ယုံကြည်နိုင်ဖွယ်မရှိအောင် ရှုပ်ထွေးလှသော လူသားခန္ဓာကိုယ် ဖွဲ့စည်းပုံမျိုး ရှိနေသည်။ ကျီရှန်းထျန်းသည် ဤအရာကို အောင်မြင် အောင် ဖန်တီးခဲ့သည်မှာ အံ့သြစရာပင်။
၎င်းပြင် သူမ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားကြီးမားလှသော ဝိညာဉ်တစ်ခုကိုလည်း ဟုန်ယွိ ခံစားမိသည်။ ထိုဝိညာဉ်မှာ ယခင်ကကဲ့သို့ ယုံကြည်ကိုးကွယ်မှု စွမ်းအားများဖြင့် စုစည်းထားခြင်း မဟုတ်တော့ဘဲ လူသားတစ်ယောက်ကဲ့သို့ ကိုယ်ပိုင် စိတ်ဝိညာဉ် အတွေးစများ ရှိလာခဲ့ပြီ ဖြစ်သည်။
ယခုအခါတွင်မူ ကျီရှန်းထျန်းသည် လူသားတစ်ယောက်အဖြစ် လုံးလုံးလျားလျား အသွင် ပြောင်းသွားခဲ့ပြီ ဖြစ်သည်။ ခန္ဓာကိုယ်မှ ဝိညာဉ်အထိ မည်သည့် ဟာကွက်မျှ မရှိတော့ချေ။ သူမသည် သတ္တဝါတို့၏ ယုံကြည်ကိုးကွယ်မှု စွမ်းအားကို စုဆောင်းနေရန် မလိုတော့ဘဲ မိမိဘာသာ ကျင့်ကြံနိုင်စွမ်း ရှိသွားခဲ့ပြီ ဖြစ်သည်။
“ကျီရှန်းထျန်း... မင်း တကယ်ပဲ အောင်မြင်သွားပြီပေါ့” ဟုန်ယွိက တခဏမျှ ကြည့်ပြီး နောက် ပြောလိုက်သည်။
“ဟုတ်တယ်၊ ငါအောင်မြင်သွားပြီ။ ငါ မူလဝိညာဉ်နတ်ဘုရားရဲ့ အမြုတေကို လုံးဝ သန့်စင် ပြီးသွားပြီ။ ပုံမှန်အတိုင်းဆို လပေါင်းများစွာ ဒါမှမဟုတ် တစ်နှစ်လောက်တောင် အချိန်ယူ ရဦးမှာ၊ ဒါပေမဲ့ အခု ရုတ်တရက် ရရှိလာတဲ့ မူလကြေးနီအနှစ် စွမ်းအားတွေရယ်၊ ငါ့ရဲ့ သွေးစွမ်းအားတွေရယ် ပေါင်းစပ်လိုက်တော့ တစ်နှစ်စာ အားထုတ်မှုအချိန်ကို သက်သာစေ ခဲ့တယ်။”
ကျီရှန်းထျန်းသည် သူမ၏ လက်ကလေးများကို တီးခတ်ရင်း ပျော်ရွှင်စွာ ပြောလိုက်သည်။ “ငါ့ရဲ့မှော်စွမ်းအားက အများကြီး တိုးတက်လာပြီ။ အဲဒီမူလဝိညာဉ်နတ်ဘုရားကိုလည်း ငါ မကြောက်တော့ဘူး။ ငါ့စွမ်းအားက သူ့ကို မယှဉ်နိုင်သေးပေမဲ့ သူ ငါ့ကို သတ်ချင်တယ်ဆို ရင် ငါ လွတ်အောင် ထွက်ပြေးနိုင်ပြီ။ ဟုန်ယွိ... နင့်နဲ့ စီးပွားဖက်လုပ်ရတာ တကယ်ကို အမြတ်ထွက်တာပဲ။ နင်သာ မရှိရင် ငါ့မှာ သူ့အမြုတေကိုရဖို့ နှစ်ပေါင်း ထောင်ချီ ကြိုးစား ရဦးမှာ။”
“မင်း သိပ်ပြီး ဝမ်းသာမနေနဲ့ဦး။ မင်းကို တစ်ခုပြောစရာရှိတယ်။ နာလန်အန်းဟွမ် သေပြီ။ အခု ယွန်မင်နိုင်ငံရဲ့ ဆန်းကြယ်ကောင်းကင်ဘုံခန်းမမှာ ခေါင်းဆောင် မရှိတော့ဘူး။ အဲဒီ မှာ အတွင်းရော အပြင်ပါ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေရတယ်။ အဲဒီမြင့်မြတ်နယ်မြေရဲ့ နတ်ဘုရားမတစ်ပါး အနေနဲ့ မင်း ဘာဆက်လုပ်မလဲ။”
ဟုန်ယွိက ကျီရှန်းထျန်း၏ ပျော်ရွှင်မှုကို ဖြတ်တောက်ကာ နာလန်အန်းဟွမ် သေဆုံးသွား သည့် သတင်းကို ပြောပြလိုက်သည်။
“ဘာ... နာလန်အန်းဟွမ် သေပြီ ဟုတ်လား။” ဟုန်ယွိ၏ စကားကို ကြားသောအခါ သူမ သည် ချက်ချင်း တည်ကြည်သွားပြီး သူမ၏ မျက်နှာတွင် အပြုံးအရိပ်အယောင်မျှ မရှိတော့ ချေ။ “ဒါဆိုရင်တော့ ဒုက္ခပဲ။ နာလန်ယွိဟုန်၊ ဥဒေါင်းဘုရင်၊ ပြီးတော့ ယုဝမ်မူတို့က ပြဿနာမရှာဖို့ အဆင်သင့် ဖြစ်နေကြတော့မှာ။ 'ကောင်းကင်မြွေဘုရင်မ' ရှင်းမူကလည်း အခြေအနေ မကောင်းနိုင်ဘူး... ငါ အမြန်သွားမှ ဖြစ်မယ်။ ငါ့ရဲ့ မြင့်မြတ်နယ်မြေကို အဲဒီ လူတွေ ဖျက်ဆီးပျက်တာ လက်မခံနိုင်ဘူး။ ဆန်းကြယ်ကောင်းကင်ဘုံခန်းမရဲ့ ကျမ်းစာ ဆောင်က ငါ့လက်အောက်မှာ ရှိတာ၊ အဲဒါကို ဘာပြဿနာမျှ အဖြစ်မခံနိုင်ဘူး။”
“တော်ဝင်ချန် ဧကရာဇ် ယန်ဖန်က တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး အစွမ်းထက်လာတယ်။ သူက အဆင့်ငါး မိုးကြိုးကပ်ဘေး ကျော်ထားတဲ့ တစ္ဆေအင်မော်တယ်တစ်ယောက်ကို တချက်လှုပ်ရှားရုံနဲ့ သတ်ပစ်နိုင်ခဲ့တယ်။ သူသာ မရှိရင် ငါလည်း ကျိုးထိုက်ကျူကို သတ်နိုင်မှာ မဟုတ်ဘူး။ ဒိုင်ဇင်ဘုရားကျောင်း ပြီးရင် ဆန်းကြယ်ကောင်းကင်ဘုံခန်းမ လည်း ပြိုလဲသွားမှာကို ငါ စိုးရိမ်တယ်။” ဟုန်ယွိက လေးနက်စွာ ပြောလိုက်သည်။
“အသက်မဲ့ အနာဂတ်ကျမ်းထဲမှာ မှတ်တမ်းတင်ထားတဲ့ အရာတွေက အနာဂတ်ကို သိမြင်နိုင်တယ်၊ အနာဂတ်ကို လိမ်ညာနိုင်တယ်၊ အနာဂတ်ကို ကြိုးကိုင်နိုင်ပြီး အနာဂတ် ကို ဖန်တီးနိုင်တယ်။ ဒါဟာ အဆင့်ငါး မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားတဲ့ တစ္ဆေ အင်မော်တယ်ပါးရဲ့ 'ရုတ်တရက် အာရုံခံစားမှု' ကိုတောင် လိမ်ညာနိုင်ပြီး အန္တရာယ်ကို ခံစားနိုင်စွမ်းမရှိအောင် လုပ်ဆောင်နိုင်တယ်။ ဒီနေ့ကစပြီး အဲဒီလို အစွမ်းထက်လှတဲ့ အထွတ်အထိပ် ပုဂ္ဂိုလ်တွေတောင် ဒီလောကမှာ အေးအေးဆေးဆေး နေနိုင်ကြတော့မှာ မဟုတ်ဘူး။” ရှဲ့ဝန်ယွမ်လည်း ဤအကြောင်းကို သိရှိသွားပြီးနောက် ဟုန်ယွိ၏ စကားကို ကြားကာ ရင်ထဲတွင် အလွန်ပင် ထိတ်လန့်သွားမိသည်။
မိုးကြိုးကပ်ဘေး ငါးကြိမ်နှင့်အထက် ကျော်ဖြတ်ထားသူများသည် အန္တရာယ်ကို ကြိုတင် သိမြင်ခံစားနိုင်ကြပြီး အနာဂတ်ကို ပြောင်းလဲနိုင်စွမ်း ရှိကြသဖြင့် အလွယ်တကူ သေဆုံး လေ့မရှိပေ။ တစ္ဆေအင်မော်တယ်များသည် သေဆုံးရန် လွယ်ကူသော်လည်း ထိုကဲ့သို့ ရည်မှန်းချက်ကြီးမားပြီး ရက်စက်ကြမ်းကြုတ်သော အထွတ်အထိပ် ပုဂ္ဂိုလ်များမှာမူ သေဆုံးရန် ခက်ခဲလှသည်။
သို့သော် တော်ဝင်ချန် ဧကရာဇ် ယန်ဖန်၏ ဤလုပ်ရပ်ကြောင့် ထိုကဲ့သို့ ပုဂ္ဂိုလ်ကြီးများမှာ သူတို့ခေါင်းပေါ်တွင် ထက်ရှသော ဓားတစ်စင်း ချိတ်ဆွဲခံထားရသကဲ့သို့ ခံစားလာရပြီ ဖြစ်သည်။
“ကျီရှန်းထျန်း... မင်း ဆန်းကြယ်ကောင်းကင်ဘုံခန်းမကို အရင်သွားပါ။ ထူးခြားတာရှိရင် ငါ့ကို အသိပေး။ ပြီးတော့ ကောင်းကင်မြွေဘုရင်မ ရှင်းမူကို အရင်ရှာဦး။ သူမက အခု 'အမှောင်ကမ္ဘာ' ထဲက 'မြွေတောင်ကြား' မှာ ဒဏ်ရာကုသနေတယ်။”
ဟုန်ယွိသည် ကျိုးထိုက်ကျူ၏ မှတ်ဉာဏ်များမှတစ်ဆင့် ကောင်းကင်မြွေဘုရင်မ ရှင်းမူ ပုန်းအောင်းနေသည့် နေရာကို သိထားခဲ့ပြီ ဖြစ်သည်။ ကျီရှန်းထျန်းသည် ကလေးမလေး တစ်ဦးကဲ့သို့ စိတ်မြန်လက်မြန် ရှိပုံရပြီး သူမသည် စိုးရိမ်ပူပန်မှုကို ခံစားလိုက်ရကာ ခန်းမအတွင်းမှ ချက်ချင်း ခုန်ထွက်ပြီး ခဏချင်းအတွင်း ပျောက်ကွယ်သွားတော့သည်။
ဆန်းကြယ်ကောင်းကင်ဘုံခန်းမ၏ ခေါင်းဆောင်မှာ သေဆုံးသွားခဲ့ပြီ ဖြစ်သလို ကောင်းကင်မြွေဘုရင်မသည်လည်း မိုးကြိုးကပ်ဘေး ခံယူပြီးနောက် အားနည်းနေသဖြင့် ပုန်းအောင်းနေရသည်။ ထို့ကြောင့် ဤမြင့်မြတ်နယ်မြေမှာ အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ ဧကရာဇ် နာလန်ယွိဟုန်မှာ ဤမြင့်မြတ်နယ်မြေကို များစွာ စိတ်ဝင်စားနေ သည်မှာ ကြာမြင့်ပြီ မဟုတ်ပါလော။ အကယ်၍ အဆင့်ငါး မိုးကြိုးကပ်ဘေး ပညာရှင် တစ်ဦး စောင့်ရှောက်ခြင်း မရှိပါက ဤမြင့်မြတ်နေရာမှာ ပြိုလဲသွားသည်မှာ ကြာမြင့်လှပြီ။
မည်သူမျှ အဆင့်ငါး မိုးကြိုးကပ်ဘေး ပညာရှင်တစ်ဦးကို မတော်လှန်လိုကြပေ။ အကြောင်းမှာ ထိုသူများသည် အန္တရာယ်ကို ကြိုတင်သိရှိနိုင်သဖြင့် သတ်ဖြတ်ရန် အလွန်ပင် ခက်ခဲသောကြောင့်ဖြစ်သည်။
...
ရှူး...
သက်ပြင်းရှည်ကြီး ချလိုက်သံ ထွက်ပေါ်လာသည်။ ၎င်းမှာ ချန်ယင်းရှာပင် ဖြစ်သည်။
ဟုန်ယွိနှင့် ကျီရှန်းထျန်းတို့ စကားပြောနေစဉ်မှာပင် ချန်ယင်းရှာသည် ကျိုးထိုက်ကျူ၏ သန့်စင်သော အဆင့်ခြောက် စိတ်ဝိညာဉ် အတွေးစ ၇၇,၇၇၇ ခုကို သန့်စင်ပြီးသွားပြီ ဖြစ်သည်။ သူမ၏ စွမ်းအားမှာ ပေါက်ကွဲထွက်မတတ် တိုးတက်လာပြီး စိတ်ဝိညာဉ် စွမ်းအားဖြင့်ပင် ဟင်းလင်းပြင်ကို ဆွဲဖြဲနိုင်သည့် အစွမ်းထက် အထွတ်အထိပ် ပုဂ္ဂိုလ် တစ်ဦး ဖြစ်လာခဲ့လေပြီ။
သို့သော် ချန်ယင်းရှာ၏ ကျင့်ကြံမှုမှာ အန္တရာယ်ကို ကြိုတင်သိမြင်နိုင်သည့် အစွမ်း မရှိသေး ချေ။ သူမသည် အဆင့်ငါး မိုးကြိုးကပ်ဘေးကို ကိုယ်တိုင် အမှန်တကယ် ကျော်ဖြတ်နိုင်မှ သာ ထိုအစွမ်းမျိုးကို ရရှိမည် ဖြစ်သည်။
“မဟာကျိုးမင်းဆက်ကို တည်ထောင်သူ ဘိုးဘေးကြီးကတော့ တကယ့်ကို အတင်းအဓမ္မ လုယူထားတာပဲ။ နှစ်ပေါင်း သုံးရာလောက် လောကကြီးကို လှည့်ပတ်သွားလာခဲ့သူ တစ်ဦး က ထင်ထားတဲ့အတိုင်းပဲ။ ဟုန်ယွိ... မင်းမှာတောင် စိတ်ဝိညာဉ် အတွေးစ ၆၆,၆၆၆ ခုပဲ ရှိတာ၊ သူက မင်းထက် တစ်သောင်းကျော်တောင် ပိုများနေတယ်။” ချန်ယင်းရှာက ပြောသည်။
“ဟုတ်တာပေါ့။ သူ လောကကို သိမ်းပိုက်တုန်းက မရေမတွက်နိုင်တဲ့ အစွမ်းထက်သူတွေ ကို သတ်ခဲ့တာလေ။ အော်... ဒါနဲ့ အဝီစိပလ္လင် နဲ့ ပုံရိပ်ယောင်လွန်းပျံယာဉ်ကိုလည်း မင်းပဲ ယူထားလိုက်ပါ။ ဒါတွေကို သန့်စင်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ ရတနာအဖြစ် သုံးလို့ ရတယ်။” ဟုန်ယွိက လက်ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်တစ်ခု ပွင့်လာပြီး ကြီးမားလှ သော အဝီစိပလ္လင်နှင့် မီတာအနည်းငယ် ရှည်လျားသော ပုံရိပ်ယောင်လွန်းပျံယာဉ်တို့ ထွက်ပေါ်လာသည်။
ဤရတနာနှစ်ပါးမှာ အလွန်ကြီးကျယ်သော မှော်ရတနာများ ဖြစ်ကြသည်။ ၎င်းတို့သည် မြင့်မြတ်နယ်မြေများ၏ ဂိုဏ်းစောင့်ရတနာများထက်ပင် သာလွန်လှပြီး ရှေးခေတ် သူတော်စင် ဧကရာဇ်များနှင့် ပညာရှင် သူတော်စင်များ၏ ရတနာများထက် အနည်းငယ် သာ နိမ့်ကျကြခြင်း ဖြစ်သည်။
“အဆင့်ငါး မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားတဲ့ နာလန်အန်းဟွမ် သေပြီ။ မဟာကျိုး မင်းဆက်ကို တည်ထောင်သူလည်း သေပြီ။ နောင်လာမယ့် နှစ်အနည်းငယ်အတွင်းမှာ ကျွမ်းကျင်သူအချို့ဟာ သူတို့ရဲ့ အင်အားကို တိုးတက်အောင် အပြင်းအထန် ကြိုးစားကြ လိမ့်မယ်၊ ပြီးတော့ အသက်ကိုရင်းပြီး မိုးကြိုးကပ်ဘေးတွေကို ကျော်ဖြတ်ကြလိမ့်မယ်။” ရှဲ့ဝန်ယွမ်က သက်ပြင်းချကာ ဆိုသည်။ “ဒါဟာ ခေတ်ကြီးတစ်ခု ရောက်ရှိလာတော့မယ့် နိမိတ်ပဲ။”
“ကျွန်တော်ကတော့ အပြည့်အဝ ယုံကြည်မှု မရှိဘဲနဲ့တော့ စွန့်စားမှာ မဟုတ်ဘူး။ 'သတ္တမအကြိမ်' ကို ကျော်ပြီးတဲ့နောက်မှာ အင်အားချည့်နဲ့သွားတာမျိုး မဖြစ်ရအောင် ကျွန်တော် စွမ်းအင်တွေ စုဆောင်းထားရမယ်။ အမှန်တော့ ဖန်ဆင်းရှင်နယ်ပယ်ရဲ့ တံခါးကို ဖွင့်ဖို့ ကျွန်တော်မှာ ရာခိုင်နှုန်း ၃၀ လောက် ယုံကြည်မှု ရှိနေပြီ။ ဒါပေမဲ့ အဲဒါက အရမ်းကို အန္တရာယ်များလွန်းတယ်။ အဆင်သင့် မဖြစ်သေးဘူး။” ဟုန်ယွိက ဆိုလိုက် သည်။ “ကောင်းကင်မြွေဘုရင်မက စွန့်စားခဲ့လို့ တကယ်ပဲ အောင်မြင်ခဲ့တယ်။ ဒါပေမဲ့ သူမလည်း အင်အားချည့်နဲ့သွားတာကို မရှောင်လွှဲနိုင်ခဲ့သလို သူမရဲ့ တာအိုလက်တွဲဖော် လည်း အသတ်ခံလိုက်ရတယ်။”
... ...
“နဂါးစွယ်ဆန်တွေ ပေါက်လာပြီ။ အခုတင် စိုက်လိုက်တဲ့ နဂါးစွယ်ဆန်တွေက ကြေးနီ စွမ်းအားတွေနဲ့ ထိတွေ့မိပြီးတော့ အရူးအမူး ကြီးထွားလာကြတာ။ အခုဆိုရင် ရိတ်သိမ်းလို့ တောင် ရတော့မယ်။”
ဟုန်ယွိ၊ ရှဲ့ဝန်ယွမ်နှင့် ချန်ယင်းရှာတို့ စကားပြောနေစဉ်မှာပင် နဂါးမင်းသမီး အောင်းလွမ်း က ဟင်းလင်းပြင်အတွင်းမှ ထွက်ပေါ်လာပြီး အပြေးအလွှား ပြောလိုက်သည်။
“သွားကြည့်ကြရအောင်။”
ဟုန်ယွိ၏ အတွေးတစ်ချက်နှင့်အတူ ဟင်းလင်းပြင်မှာ ပြောင်းလဲသွားပြီး သူတို့အားလုံး နဂါးစွယ်ဆန် စိုက်ပျိုးထားသည့် နေရာသို့ ရောက်ရှိသွားကြသည်။
ငါးရောင်ခြယ် မြေပြင်ပေါ်တွင် စိုက်ပျိုးထားသော နဂါးစွယ်ဆန်ပင်များသည် အမှန် တကယ်ပင် ကြီးမားသော သစ်ပင်ကြီးများအဖြစ် ပြောင်းလဲနေကြပြီး လူပေါင်းများစွာ၏ အမြင့်အထိ ရှိနေကြသည်။ ထိုအပင်များပေါ်တွင် ဓားဦးချွန်ကဲ့သို့သော ဆန်စပါးစေ့များမှာ ဝေဝေဆာဆာ ရှိနေကြသည်။
အပင်တစ်ပင်စီတွင် နဂါးစွယ်ဆန် အစေ့ပေါင်း အနည်းဆုံး ရာနှင့်ချီ၊ ထောင်နှင့်ချီ၍ ရှိနေ သည်။
အသီးအနှံများမှာ ဝေဆာနေပြီး မွှေးကြိုင်လှသော ရနံ့များမှာလည်း ပျံ့နှံ့နေတော့သည်။