← Chapters

အခန်း (၅၂၃-၅၂၄)

Vol. 50 Ch. 523-524

အခန်း (၅၂၃-၅၂၄)

Vol. 50 Ch. 523-524

အခန်း (၅၂၃)။

“ဟုန်ယွိ၊ ရှင်ပါလား။”

ဟုန်ယွိက သူ၏ အစစ်အမှန် ကိုယ်ရေးအချက်လက်ကို ထုတ်ဖော် ပြောဆိုလိုက်သည်နှင့် ရှေးဦး ဖီးနစ်သွေးမျိုးဆက်ပိုင်ရှင် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး ဟွမ်ယန်ယန် သည် တိုက်ခိုက်နေမှုကို ရပ်တန့်လိုက်ပါသည်။ “မြို့စား သေသွားပြီ ဟုတ်လား။ မဟုတ် ဘူး... ယန်အန်းဆိုတဲ့လူက ဒီလောက်နဲ့ မသေနိုင်ဘူး။ ကျွန်မက ရှင့်ထက် သူ့အကြောင်း ကို ပိုသိတယ်၊ သူ ဘယ်လိုလုပ် သေနိုင်မှာလဲ။ မင်းပဲ သူ့ကို သတ်လိုက်တာလား။ ယန်အန်း လို ကံတရားရဲ့ စောင့်ရှောက်မှုကို အပြည့်အဝ ရရှိထားတဲ့လူမျိုးက ဘယ်လိုလုပ် လွယ်လွယ်နဲ့ သေမှာလဲ။ သူက လျှို့ဝှက်ဆန်းကြယ်တဲ့ ‘ကောင်းကင်အပြင်ပနယ်မြေ’ က လာတာ၊ လျှို့ဝှက်ချက်တွေ အများကြီး ရှိတယ်။ သူက ဒီ ‘မဟာကမ္ဘာကြီး’ အကြောင်းကို လေ့လာဖို့ စေလွှတ်ခံထားရတဲ့ အရေးကြီးပုဂ္ဂိုလ်ပဲ။ သူ ဘယ်လိုလုပ် သေနိုင်မှာလဲ။”

“ဟား….၊ ဟား….။”

ဟုန်ယွိက ကျယ်လောင်စွာ ရယ်မောလိုက်ပါသည်။ “သူ တကယ် သေသွားပြီ။ အစအန တောင် မကျန်ဘဲ သေသွားရတာ။ ကျွန်တော့်လက်နဲ့ပဲ သေသွားခဲ့တာ။ ဒီလောကမှာ ဘယ်သူမှ သူ့ကို မကယ်နိုင်တော့ဘူး၊ ‘ယန်နတ်ဘုရား’ အဆင့်ရှိတဲ့ ပညာရှင်ကြီးတွေ တောင် မကယ်နိုင်ဘူး။ ကျွန်တော်က ‘နိဗ္ဗာနလမ်းစဉ်’ နဲ့ ‘လွတ်မြောက်ခြင်းလမ်းစဉ်’ မှာ ကျွမ်းကျင်သူပဲ။ ချန်ပီယံမြို့စားရဲ့ လက်ရှိ အခြေအနေကနေ ပြန်ရှင်လာဖို့ဆိုရင် ‘နိဗ္ဗာန’ ဆိုတဲ့ နယ်ပယ်ကို ကျော်လွန်ပြီး ကမ္ဘာဦးအစကတည်းက ရှင်သန်နေပြီး၊ စိတ်ကူးနဲ့ မှန်းဆလို့တောင် မရနိုင်တဲ့ တည်ရှိမှုမျိုးကပဲ ကယ်နိုင်လိမ့်မယ်။ ဒါပေမဲ့ အဲဒီလို တည်ရှိမှု မျိုးက ကျွန်တော်တို့ နားလည်နိုင်တဲ့အဆင့်မျိုး မဟုတ်ဘူး။ စဉ်းစားကြည့်စမ်း... ဒီစကြဝဠာကြီးထဲမှာ ‘နိဗ္ဗာန’ အဆင့်ကို ဖြတ်ကျော်နိုင်တဲ့သူ ရှိလို့လား။ ရှေးခေတ် သူတော်စင် ဧကရာဇ်တွေတောင် ဒီအဆင့်ကို မကျော်လွှားနိုင်ခဲ့ဘူး။ ဝိညာဉ်ရှိတဲ့ သက်ရှိ တိုင်းရဲ့ သက်တမ်းဟာ ကမ္ဘာကြီးရဲ့သံသရာစက်ဝန်း (၁၂၉,၆၀၀ နှစ်) ပဲ ရှိတယ်။ ဘယ်သူမှ ဒါကို မကျော်လွန်နိုင်ဘူး။ ဒါဟာ ဒီစကြဝဠာကြီးရဲ့ နိယာမပဲ။”

“ဘာ... ဘာပြောတယ်။”

ဟွမ်ယန်ယန်သည် လုံးဝ ဆွံ့အသွားပြီး ဟုန်ယွိကို ငေးကြည့်နေမိသည်။

ဟုန်ယွိသည် ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်အတွင်းမှ သူ၏ စိတ်ဝိညာဉ်ကို ထွက်ခွာလိုက်ရာ သူ၏ အစစ်အမှန် ပုံရိပ် ပေါ်ထွက်လာသည်။ ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်မှာမူ အတွေးမဲ့ ငြိမ်သက်ခြင်း အခြေအနေဖြင့် ကုလားထိုင်ပေါ်တွင် ထိုင်လျက် ကျန်ရစ်ခဲ့သည်။

“ဟွမ်ယန်ယန်... ချန်ပီယံမြို့စားရဲ့ မိန်းမလှလေးတွေ အားလုံးက သူ့ကို ‘မြို့စား’ လို့ ရိုရို သေသေ ခေါ်ကြတယ်။ ဒါပေမဲ့ ခင်ဗျားကတော့ အေးအေးဆေးဆေးပဲ ယန်အန်းလို့ တိုက်ရိုက် ခေါ်တယ်။ ခင်ဗျားတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက လင်မယား ဆက်ဆံရေး ထက် ‘ပူးပေါင်းဆောင်ရွက်သူ’ တွေနဲ့ ပိုတူနေတယ်။ ပြီးတော့ ကျွန်တော် ချန်ပီယံမြို့စားနဲ့ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပေမဲ့ ခင်ဗျား တစ်ခါမှ ပေါ်မလာခဲ့ဘူး။ ခင်ဗျားရဲ့ တာအိုပညာရပ် တွေနဲ့သာ ပေါ်လာခဲ့ရင် ကျွန်တော် ဘာမှ လုပ်နိုင်မှာတောင် မဟုတ်ဘူး။”

ဟုန်ယွိသည် လျှို့ဝှက်ဆန်းကြယ်သော ဟွမ်ယန်ယန်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

“သေချာတာက... ကျွန်မက သူ့ရဲ့ဇနီးပါပဲ၊ ဒါပေမဲ့ ကျွန်မက ဒီ ‘အခြေခံအုတ်မြစ်ဖြစ်တဲ့ ဒီစံအိမ်တော်’ မှာပဲ နေပြီး အရာအားလုံးကို စီစဉ်ပေးရတာကြောင့် အပြင်ထွက်လို့ မရဘူး။ ရှင် ပြောတာလည်း မှန်ပါတယ်၊ ကျွန်မနဲ့ သူက အကျိုးတူ ပူးပေါင်းဆောင်ရွက်နေတဲ့ ဆက်ဆံရေးမျိုးလည်း ရှိတယ်။” ဟွမ်ယန်ယန်က ဆက်ပြောသည် “ရှင် ခုနက ပြောခဲ့တဲ့... နာလန်အန်းဟွမ် သေသွားပြီဆိုတာရယ်၊ တော်ဝင်မိသားစုက ‘ရှေးဟောင်းနဂါးသင်္ချိုင်း’ ကို တွေ့သွားတယ်ဆိုတာရယ်က တကယ်ပဲလား။”

“အမှန်ပဲပေါ့။”

ဟုန်ယွိက စကားအများကြီး မပြောဘဲ လက်ကို ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်တွင် အက်ကြောင်းတစ်ခု ပေါ်လာသည်။ ဟွမ်ယန်ယန်သည် ‘သူတော်စင်ပေါင်းစုံခန်းမ’ အတွင်း သို့ စုပ်ယူခံလိုက်ရပြီး ရေခဲဖြင့် ပိတ်ဆို့ထားသော နဂါးတိုင်များ၏ ရှေ့တွင် ရောက်ရှိသွား သည်။

“ဒါ..ဒါ. တကယ်ပဲ ဘိုးဘေးနဂါးရေခဲတိုင်ပါလား။ ကောင်းကင်နဂါး ရေခဲတိုင်ငါးရာ။ ဒဏ္ဍာရီတွေအရ ‘ရှေးဟောင်းနဂါးသင်္ချိုင်း’ မှာ ရေခဲထဲပိတ်လှောင်ထားတဲ့ နဂါးရေခဲတိုင် တစ်ထောင် ရှိတယ်တဲ့။ ရှင်က ၅၀၁ တိုင်တောင် ရထားတာပဲ။” လျှို့ဝှက်ချက်များစွာကို သိရှိထားပုံရသော လျှို့ဝှက်ဆန်းကြယ်သူ အမျိုးသမီး ဟွမ်ယန်ယန်က အံ့သြတကြီး ရေရွတ်လိုက်သည်။

“တော်ဝင်ချန် တော်ဝင်မိသားစုကလည်း ကျွန်တော့်လိုပဲ ‘‘ရှေးဟောင်းနဂါး’’ တစ်ကောင်နဲ့ နဂါးရေခဲတိုင် ငါးရာ ရထားတယ်။” ဟုန်ယွိက ဆိုသည်။ သူသည် ဤအမျိုးသမီးကို အင်အားသုံး၍ ဖိနှိပ်ခြင်းမရှိဘဲ လျှို့ဝှက်ချက်များကိုသာ ဖွင့်ပြလိုက်ခြင်း ဖြစ်သည်။

“အတိုချုပ်ပြောရရင် ခင်ဗျား ကျွန်တော်နဲ့ ပူးပေါင်းပါ။ ကျွန်တော့်ကို ချန်ပီယံမြို့စားရဲ့ ခန္ဓာကိုယ်နဲ့၊ အရှေ့ပိုင်း ပြည်နယ် ခုနစ်ခု၊ ယွန်မင်နိုင်ငံရဲ့ အခြေအနေတွေကို ထိန်းချုပ်ခွင့် ပေးပါ။ ခင်ဗျားက ကျွန်တော့်ကို ချန်ပီယံမြို့စား အစစ်လို့ အသိအမှတ်ပြုပေးပြီး အနောက် နန်းဆောင်က မိန်းမလှလေးတွေကို ငြိမ်အောင် ထိန်းပေးရမယ်။ ဒါဆိုရင် ကျွန်တော် အခြား လူမသိအောင် ဖုံးကွယ်ထားနိုင်မှာ သေချာတယ်။”

ဟုန်ယွိသည် အချိန်ဆွဲမနေဘဲ လိုရင်းကို တိုက်ရိုက်ပြောလိုက်သည်။

“ကျွန်မက ရှင်နဲ့ မပူးပေါင်းဘူးဆိုရင်ရော။” ဟွမ်ယန်ယန်က မေးလိုက်သည်။ “ရှင်က အင်အားသုံးမှာလား။”

“ကျွန်တော် သေချာပေါက် အင်အား မသုံးပါဘူး။ တကယ်လို့, ခင်ဗျား ကျွန်တော့်ကို မကူညီဘူးဆိုရင် ဒီခန္ဓာကိုယ်ကို ခင်ဗျားတို့ဆီမှာပဲ ထားခဲ့ပြီး ကျွန်တော် ထွက်သွားမှာပါ။ ခင်တို့ဘာသာ ခင်ဗျားတို့ ထိန်းချုပ်ကြပေါ့။ ကျွန်တော်သာ ချန်ပီယံမြို့စား မသေခင် သူ့ရဲ့ မိန်းမလှလေးတွေကို စောင့်ရှောက်ပေးပါ့မယ်လို့ ကတိမပေးခဲ့ရင်၊ ပြီးတော့ ခင်ဗျားတို့လို မိန်းမလှလေးတွေ နောင်တစ်ချိန် တခြားလူတွေ နင်းခြေတာ ခံရမှာကို မကြည့်ရက်လို့သာ မဟုတ်ခဲ့ရင် ကျွန်တော် ဒီခန္ဓာကိုယ်ထဲ ဝင်ရောက်ပူးကပ်မှာတောင် မဟုတ်ဘူး။ ကျွန်တော်ဟာ ‘ကောင်းကင်ပြင်ပနယ်မြေ’ က လာတဲ့သူ နှစ်ယောက်ကိုတောင် သတ်ခဲ့ပြီး၊ ‘ဖန်ဆင်းရှင်’ တစ်ယောက်နဲ့တောင် ရန်သူ ဖြစ်ခဲ့ရသေးတယ်။”

ဟုန်ယွိက အေးစက်စွာ ပြုံးလိုက်သည်။

“အို... ယန်အန်းရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ ကြိုးစားတာက ‘ကောင်းကင်ပြင်ပနယ်မြေ’က လာတဲ့လူလား။ သူတို့နောက်ကွယ်မှာ ‘ဖန်ဆင်းရှင်’ အဆင့် လျှို့ဝှက်ဆန်းကြယ်တဲ့ မဟာ ပုဂ္ဂိုလ်ကြီးတစ်ဦး ရှိနေတာလား။” ဟွမ်ယန်ယန်က ခေါင်းမော့ကာ မေးလိုက်သည်။

“ဒါမှမဟုတ် ဖန်ဆင်းရှင် မဟုတ်ရင်တောင် စစ်နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်ရမယ်။ သူ့ရဲ့ သိုင်းဆန္ဒက အချိန်နဲ့ ဟင်းလင်းပြင် အတားအဆီးတွေကို ဖြတ်ကျော်ပြီး ဒီ ‘မဟာကမ္ဘာ’ ထဲကို ရောက်လာနိုင်တယ်။ သူက အထွတ်အထိပ် လူသားအင်မော်တယ် တစ်ယောက်ပဲ။” ဟုန်ယွိက ပြောလိုက်သည်။

“ကောင်းပြီလေ... အဲဒီလိုဆိုရင်တော့ ကျွန်မ ရှင်နဲ့ ပူးပေါင်းမယ်။ ဒါပေမဲ့ ကျွန်မမှာလည်း အခြေအနေ တစ်ခုရှိတယ်။ အဲဒါကတော့ ရှင် အနောက်နန်းဆောင်က မိန်းမလှလေးတွေ ကို လက်ဖျားနဲ့တောင် မထိရဘူး။” ဟွမ်ယန်ယန်က ဆိုသည်။ “သူတို့က ယန်အန်း ပြန်လည် မွေးဖွားလာမှာကို စောင့်နေကြတာ။ တကယ်လို့, သူ ပြန်လာမွေးဖွားလာရင် ရှင် ဒီခန္ဓာကိုယ်ကို သူ့ဆီ ပြန်ပေးရမယ်။”

“ကျွန်တော်သာ အနောက်နန်းဆောင်က မိန်းမလှလေးတွေကို ထိချင်ရင် ခင်ဗျားတို့ ကျွန်တော့်ကို ခွဲခြားနိုင်မှာတောင် မဟုတ်ပါဘူး။ တကယ်လို့ ယန်အန်းသာ အမှန်တကယ် ပြန်မွေးဖွားလာနိုင်ရင် ဒီခန္ဓာကိုယ်တင် မကဘူး၊ ‘ကောင်းကင်အလင်းဦးချို နတ်ဘုရား ချပ်ဝတ်တန်ဆာ’ နဲ့ ‘လူသားအင်မော်တယ် ကိုယ်ပွား’ ကိုပါ ကျွန်တော် ပြန်ပေးနိုင်ပါ တယ်” ဟုန်ယွိက အေးစက်စွာ ပြုံးရင်း စိတ်ထဲမှ တွေးလိုက်သည်မှာ - “လူတွေက ချန်ပီယံ မြို့စား သေသွားပြီဆိုတာ မယုံကြသေးဘူးပဲ။ တကယ်လို့ သူသာ ပြန်လည် ရှင်သန်လာနိုင် တယ်ဆိုရင် ငါကျင့်ကြံနေတဲ့ ‘ပြောင်းလဲခြင်းလမ်းစဉ်’ က အတုအယောင် ဖြစ်သွားမှာပေါ့။ ဒါဆို ငါကျင့်ကြံနေတဲ့ တာအိုက ဘာလဲ။ ဖန်ဆင်းရှင် ဆိုတာကရော ဘာလဲ။ ဒါပေမဲ့ ဒါက လည်း ကောင်းပါတယ်။ အခြေအနေတွေကို ပိုလွယ်ကူသွားစေတာပေါ့။ အနောက် နန်းဆောင်က လူတွေသာ ငြိမ်နေရင် ဘယ်သူမှ သံသယဝင်မှာ မဟုတ်ဘူး။”

“ဒါက ရှင်ပြောတဲ့စကားနော်။ ကျွန်မ သဘောတူပြီ။”

ဟုန်ယွိ၏ စကားကို ကြားသောအခါ ဟွမ်ယန်ယန်၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ခါ သွားသည်။

ဤတွင် သူတို့နှစ်ဦး သဘောတူညီချက် ရရှိသွားကြသည်။

ဟုန်ယွိသည်လည်း ချန်ပီယံမြို့စား၏ ကြီးမားသော အင်အားစုများကို စတင် ထိန်းချုပ်နိုင် ခဲ့ပြီ ဖြစ်သည်။

… ...

နောက်ပိုင်း ကိစ္စရပ်များမှာ ပိုမို လွယ်ကူသွားခဲ့ပါသည်။ ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်ဖြင့် ဟုန်ယွိသည် ချန်ပီယံမြို့စား၏ ကြီးမားသော စနစ်ကြီးတစ်ခုလုံး မည်သို့မည်ပုံ လည်ပတ် သည်ကို စတင် လေ့လာတော့သည်။ သူသည် ကွယ်ဝှက်ထားသော အင်အားစုအားလုံးကို အသေးစိတ် နားလည်အောင် ကြိုးစားခဲ့သည်။

ချန်ပီယံမြို့စား၏ ကြီးမားလှသော အင်အားစုများမှာ ဟုန်ယွိ၏ ရှေ့မှောက်တွင် တဖြည်းဖြည်း ပေါ်ထွက်လာကြသည်။

ယခုမှသာ ဟုန်ယွိသည် ချန်ပီယံမြို့စား၏ ကြွယ်ဝမှုမှာ ဘယ်လောက်အထိ ကြီးမားသည် ကို အမှန်တကယ် နားလည်သွားတော့သည်။ “တိုင်းပြည်တစ်ခုနှင့် ယှဉ်နိုင်သော ကြွယ်ဝ မှု” ဆိုသည့် စကား၏ အဓိပ္ပာယ် အစစ်အမှန်ကို သူ သိသွားခဲ့ပြီ ဖြစ်သည်။

“မသိရင် ခက်ရချည်ရဲ့... ဒါကြောင့်လည်း ချန်ပီယံမြို့စားက လောကမှာ ဘယ်သူ့ကိုမှ အထင်မကြီးတာကိုး။ သူ့လက်အောက်မှာ ‘ရှင်တန်သိုင်းသခင်အဆင့် ကျွမ်းကျင်သူ’ တွေ က ‘ဒိုင်ဇင်ဘုရားကျောင်း’ ထက်တောင် အများကြီး ပိုများသေးတယ်။ မဟာဆရာသခင် အဆင့်တွေလည်း အများကြီးပဲ။ လူသားအင်မော်တယ် မရှိတာကလွဲရင် သူ့ရဲ့ သိုင်းပညာရှင် အင်အားက ဒိုင်ဇင်ဘုရားကျောင်းကို လုံးဝ ကျော်လွန်နေတာပဲ။”

ဟုန်ယွိသည် အခြေအနေများကို လေ့လာရင်း အလွန်ပင် ထိတ်လန့် အံ့သြနေမိသည်။

စံအိမ်တော်များ၊ လက်နက်တိုက်များ၊ သတ္တုတွင်းများ၊ လျှို့ဝှက်စက်မှုလုပ်ငန်းများ၊ ယမ်းထုတ်လုပ်ရေး အဖွဲ့များ၊ ကုန်သွယ်ရေး လုပ်ငန်းများ၊ အနောက်ပိုင်း၊ မြောက်ပိုင်းနှင့် ယွန်မင်နိုင်ငံရှိ လျှို့ဝှက်ဆိုင်များ၊ လျှို့ဝှက်သူလျှိုများ၊ ပင်လယ်ရပ်ခြား ကျွန်ကုန်ကူးသည့် အဖွဲ့များ၊ ကိုယ်ပိုင်စစ်တပ်မျိုးစုံ... စာရင်းဇယားများမှာ အခန်းနှင့်အပြည့် ရှိနေသည်။ ဤသူများအားလုံးမှာ ချန်ပီယံမြို့စားကိုသာ သစ္စာရှိရှိ အလုပ်အကျွေး ပြုနေကြသူများ ဖြစ်သည်။

နေ့စဉ်နေ့တိုင်း လူသန်းပေါင်းများစွာသည် ချန်ပီယံမြို့စားအတွက် တိတ်တဆိတ် အလုပ် လုပ်ပေးနေကြသည်။ ကျောက်စိမ်းမြို့တော်၊ မြောက်ပိုင်းဒေသ ယွမ်တူး ဆုကျင်းမြို့တော်၊ ဟွာလျှိုမြို့တော်၊ နတ်ဘုရားလေနိုင်ငံ သို့မဟုတ် ယွန်မင်မြို့တော်... ဘယ်နေရာမှာမဆို ကြီးမားသော သူလျှိုကွန်ရက်ကြီး ရှိနေသည်။ ၎င်းမှာ ဖျက်ဆီး၍မရ၊ နားလည်ရန်ခက်ခဲပြီး အဆုံးမဲ့လှသည်။

ပင်လယ်ရပ်ခြားရှိ မဖွံ့ဖြိုးသေးသော ကျွန်းများစွာကိုပင် ချန်ပီယံမြို့စားက လူလွှတ်၍ ကျွန်များစွာ ဝယ်ယူကာ နယ်မြေချဲ့ထွင် စိုက်ပျိုးခိုင်းထားသေးသည်။ နှစ်စဉ်နှစ်တိုင်း အစားအစာနှင့် သတ္တုအမြောက်အမြားကို ပင်လယ်ရပ်ခြားမှ အရှေ့ပိုင်း ပြည်နယ် ခုနစ်ခု သို့ ပို့ဆောင်ပေးနေသဖြင့် ဤနယ်မြေမှာ တစ်နေ့ထက်တစ်နေ့ ပိုမို အင်အားကြီးမားပြီး တည်ငြိမ်လာခဲ့သည်။

ဟုန်ယွိသည် မျက်လုံးများကို မှိတ်လိုက်သောအခါ သူသည် ပုရွက်ဆိတ် ဘုရင်တစ်ပါးကဲ့ သို့ ခံစားလိုက်ရသည်။ ပုရွက်ဆိတ် သန်းပေါင်းများစွာသည် သူ့ကို အလုပ်အကျွေး ပြုနေ ကြပြီး တစ်ကမ္ဘာလုံးကို လွှမ်းခြုံထားသည်။ သူ၏ လက်သန်းလေး တစ်ချက် လှုပ်လိုက်ရုံ ဖြင့် လူ့လောကကြီးတွင် ကမ္ဘာမြေတုန်လှုပ်ဖွယ် အပြောင်းအလဲများ ဖြစ်သွားနိုင်သည်။ သူ၏ ဆုံးဖြတ်ချက် တစ်ခုတည်းဖြင့်ပင် ဤလောကရှိ လူသန်းပေါင်းများစွာကို တုန်လှုပ် စေနိုင်သည်။

ဤလောကရှိ သက်ရှိအားလုံး၏ အသက်သွေးကြောကို ထိန်းချုပ်ထားရသည်ဟူသော ခံစားချက်မှာ သူ့ရင်ထဲတွင် အလိုအလျောက် ပေါ်ထွက်လာသည်။

ဟုန်ယွိသည် ဤကဲ့သို့သော အတွေ့အကြုံမျိုးကို တစ်ခါမှ မခံစားခဲ့ဖူးချေ။

“ဒါဟာ ဧကရာဇ်တစ်ပါးရဲ့ အတွေ့အကြုံမျိုး ဖြစ်ရမယ်။ ဆုံးဖြတ်ချက် တစ်ခုတည်းနဲ့ ဒီကမ္ဘာပေါ်က သက်ရှိအားလုံး မင်းအတွက် ပြောင်းလဲသွားရမယ်။ ဒါဟာ စွမ်းအားတစ်ခု တည်းပဲရှိတဲ့ လူတစ်ယောက် မခံစားနိုင်တဲ့ အရာပဲ။ ဖန်ဆင်းရှင် အဆင့်ရှိသူတောင် ဒါမျိုး မခံစားနိုင်ဘူး။ ဒါကြောင့်လည်း ရှေးခေတ် သူတော်စင် ဧကရာဇ်တွေက ‘ကောင်းကင်ဘုံ သားတော်’ ဖြစ်ချင်ကြတာကိုး။ ဒီခံစားချက်မျိုးကို ခံစားချင်လို့ပဲ။”

ချန်ပီယံမြို့စား၏ နေရာတွင် ထိုင်ပြီး ဤမျှကြီးမားသော အင်အားစု၏ လည်ပတ်မှုကို နားလည်လာသည်နှင့်အမျှ ဟုန်ယွိသည် သူကိုယ်သူ ရုတ်တရက် အလွန် မြင့်မြတ်သွားသ လို ခံစားလိုက်ရ၏။ သူသည် ဧကရာဇ် ပလ္လင်ပေါ်တွင် ထိုင်နေပြီး သက်ရှိအားလုံးကို ငုံ့ကြည့်နေသကဲ့သို့ပင်။ ဤလောကရှိ ကျွမ်းကျင်သူဟု ဆိုကြသော တစ္ဆေအင်မော်တယ် များ၊ သိုင်းသူတော်စင်များမှာ ဘာမှမဟုတ်တော့ချေ။

“ငါ အမိန့်လေးတစ်ချက် ပေးလိုက်တာနဲ့ မင်းကို ရှာဖွေဖို့၊ ခြုံခိုတိုက်ဖို့၊ သတ်ဖြတ်ဖို့နဲ့ လုပ်ကြံဖို့အတွက် လူပေါင်း အဆုံးမရှိ ပေါ်လာလိမ့်မယ်။ ငါ့ကိုယ်ပိုင် စွမ်းအားကိုတောင် သုံးစရာ မလိုဘူး။ ‘ယန်နတ်ဘုရား’ အဆင့် ပညာရှင် သို့မဟုတ် ‘ဖန်ဆင်းရှင်’ အဆင့် မဟုတ်သေးသရွေ့ ဘယ်သူမဆို ငါ့ကို ကြောက်ရွံ့ရပါလိမ့်မယ်။”

“ချန်ပီယံမြို့စားရဲ့ ဒီရာထူးက လူပေါင်း သန်းဆယ်ဂဏန်းလောက်ရဲ့ အသက်သွေးကြော ကိုပဲ ထိန်းချုပ်တာတောင် ငါ့ရဲ့အမြင်ကို ဒီလောက် မြင့်မားသွားစေပြီ။ ငါ လူသားတာအိုရဲ့ အသက်သွေးကြောကို ဆုပ်ကိုင်မိသွားပုံရတယ်။ ဒါဆို ဧကရာဇ် ပလ္လင်ကရော၊ ကျောက်စိမ်းမြို့တော် နဂါးပလ္လင်ပေါ်ကနေ လူပေါင်း သန်းတစ်ထောင်ကျော်ကို ထိန်းချုပ် ထားတဲ့ ဧကရာဇ် ယန်ဖန်ဆိုရင်ရော၊ အရာရှိအားလုံးကို အုပ်ချုပ်နေတဲ့ ဟုန်ရွှန်ကျိရော၊ သူတို့ ဘယ်လို ခံစားရမလဲ။”

ဟုန်ယွိက တွေးနေမိသည်။

… ...

“ဘယ်လိုလဲ၊ ဟုန်ယွိ... ရှင် အင်အားစုအားလုံးကို လေ့လာချင်တယ်ဆိုရင် တစ်လလောက် နဲ့တော့ ပြီးမှာ မဟုတ်ဘူး။ ဆန်းကြယ်ကောင်းကင်ဘုံခန်းမရဲ့ ကိစ္စက အရေးကြီးနေပြီ။ ကျွန်မ အခုပဲ သတင်းရတယ်၊ ယွန်မင်မြို့တော်က သတင်းပဲ။ ဧကရာဇ် နာလန်ယိဟုန်က သူ့ရဲ့ နယ်စားတွေ မြို့စားတွေကို စုစည်းပြီး ဆန်းကြယ်ကောင်းကင်ဘုံခန်းမက ပြည်တွင်း စစ်ကို နှိမ်နင်းဖို့ စစ်တပ်လွှတ်လိုက်ပြီတဲ့။ ကျွန်မ ရှင့်ရဲ့ စစ်သေနာပတိ တံဆိပ်ကို သုံးပြီး ‘မုန်တိုင်းသံမဏိ မြင်းတပ်’ သုံးသောင်းကို အသင့်ပြင် ခိုင်းထားတယ်။ ခုခံမယ့်တပ်နဲ့ တိုက်ခိုက်ရေးတပ်တွေက နေရာအနှံ့ကနေ တိုက်ခိုက်ကြလိမ့်မယ်။ ကျွန်မတို့တွေ တာအို ပညာရပ်တွေကို သုံးပြီး ဆန်းကြယ်ကောင်းကင်ဘုံခန်းမနားက မြို့တွေကို တိုက်ရိုက် သွားပြီး တစ်ချက်တည်းနဲ့ သိမ်းပိုက်ကြတာပေါ့။”

ဟုန်ယွိ အင်အားစုများကို လေ့လာနေစဉ်မှာပဲ ဟွမ်ယန်ယန် ဝင်လာပြီး ပြောလိုက်သည်။

“ဆန်းကြယ်ကောင်းကင်ဘုံခန်းမမှာ တကယ်ပဲ ပြည်တွင်းစစ် ဖြစ်နေတာလား။ ဒီလောက် တောင် မြန်တာလား။” ဟုန်ယွိ၏ မျက်လုံးများ ဝင်းလက်သွားသည်။ “အဲဒီလိုဆိုရင်တော့ ပြောနေစရာ မလိုတော့ဘူး။ ဆန်းကြယ်ကောင်းကင်ဘုံခန်းမကို တိုက်ရိုက် သွားကြတာ ပေါ့”

ထိုသို့ပြောပြီး ဟုန်ယွိ မတ်တပ်ထရပ်လိုက်သည်။ “ခင်ဗျားက ချင်ပြည်နယ်မှာပဲ ကျန်ခဲ့မှာ လား။”

“မဟုတ်ဘူး၊ ကျွန်မလည်း ရှင်နဲ့အတူ လိုက်ခဲ့မယ်။ ဆန်းကြယ်ကောင်းကင်ဘုံခန်းမလို ကိစ္စကြီးမှာ ကျွန်မလည်း ပါဝင်ရမှာပေါ့။” ဟွမ်ယန်ယန်က ဆိုသည်။

“အဲဒီလိုဆိုရင်တော့ သွားကြတာပေါ့။”

ဟုန်ယွိက အေးစက်စွာ ပြုံးရင်း ကောင်းကင်ယံသို့ ပျံတက်သွားသည်။ မျှော်လင့်ထားသည့် အတိုင်းပင် ဟွမ်ယန်ယန်သည် နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာတော့သည်။

အခန်း (၅၂၄)။

အဆုံးမရှိ ကျယ်ပြောလှသည့် မြက်ခင်းလွင်ပြင်ကြီးထက်တွင် ဆောင်းဦး၏ အငွေ့အသက် အရိပ်အယောင်များက စတင် လွှမ်းမိုးနေပြီ ဖြစ်သည်။ ကျယ်ပြောလှသော မြက်ခင်းပြင် ကြီးမှာ ဝါကျင်ကျင်အရောင်သို့ ပြောင်းလဲကာ ခြောက်သွေ့နေပြီး၊ ကြည့်လိုက်နေရာတိုင်း တွင် အေးစက်ခြောက်သွေ့သော မြင်ကွင်းကသာ နေရာယူထား၏။ သို့သော် ထိုခြောက် သွေ့နေသော မြေဆီလွှာအောက်တွင်မူ နောင်နှစ်တွင် ပြန်လည်ပွင့်လန်းလာမည့် သန်စွမ်း ပြီး ကြီးမားသော သက်စွမ်းအင်များက တိတ်တဆိတ် ကိန်းအောင်းနေကြသည်။

လေအေးတစ်ချက် ဝေ့တိုက်လိုက်တိုင်း ခြောက်သွေ့နေသော မြက်ပင်များမှာ လွင့်ပါးသွား ကြပြီး ‘ခြောက်သွေ့ခြင်း’ ဟူသော သဘောတရားကို သဘာဝအတိုင်း ပေါ်လွင်စေသည်။ ၎င်းမှာ ဆောင်းဦး၏ ‘ခြောက်သွေ့ခြင်း’ ပင် ဖြစ်သည်။ အရာခပ်သိမ်းမှာ ညှိုးနွမ်း ခြောက်သွေ့နေကြ၏။

မြက်ခင်းပြင်၏ ဤဆောင်းဦးမြင်ကွင်းက ဟုန်ယွိကို အခြားနေရာတွင် မခံစားဖူးသော ‘အထီးကျန် ခြောက်ကပ်ခြင်း’ ၏ အဓိပ္ပာယ် အစစ်အမှန်ကို ဆင်ခြင်မိစေသည်။ ကောင်းကင်နှင့် မြေကြီးကြားတွင် ခြောက်သွေ့သော မြက်ပင်များမှလွဲ၍ အခြားဘာမျှမရှိ၊ ထိုမြင်ကွင်းကပင် ကောင်းကင်စွန်းအထိ ဆန့်တန်းနေ၏။

ဤသည်မှာ ဟုန်ယွိအတွက် မြက်ခင်းပြင်၏ အနက်ရှိုင်းဆုံးနေရာသို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်း ဖြစ်သည်။ ယခင်က နဂါးသမီးတော် မိုးကြိုးကပ်ဘေး ဖြတ်ကျော်ရာတွင် ကူညီရန် ကောင်းကင်နဂါးဂိုဏ်းသို့ လာခဲ့ဖူးသော်လည်း ထိုစဉ်က တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ခဲ့ပြီး မြက်ခင်းပြင်၏ ဆွဲဆောင်မှုကို ဤမျှ အလေးအနက် မခံစားခဲ့ရချေ။ ယခုမူ သူသည် မြက်ခင်းပြင်၏ ဗဟိုချက်ရှိ ‘ဆန်းကြယ်ကောင်းကင်ဘုံခန်းမ’ သို့ သွားနေခြင်း ဖြစ်သဖြင့် အချိန်ယူကာ အေးအေးဆေးဆေးပင် လေ့လာဆင်ခြင်နေမိသည်။

ယွန်မင်မြက်ခင်း လွင်ပြင်တွင် မြက်ခင်းပြင်နှင့်လိုက်ဖက်သော တဲများကို တွေ့ရပြီး၊ နွား၊ သိုးနှင့် မြင်းအုပ်များမှာ နေရာအနှံ့ ရှိနေသော်လည်း ၎င်းတို့မှာ မြစ်ချောင်းများရှိရာ နေရာများတွင်သာ စုဝေးနေထိုင်ကြသည်။ “ရေနှင့်မြက် ကောင်းမွန်သောနေရာ” ဟူသော ဆိုရိုးအတိုင်းပင် ဖြစ်သည်။

ရေနှင့်မြက် ကောင်းမွန်သော နေရာတိုင်းတွင် တဲပေါင်းများစွာ၊ ခြံစည်းရိုးများ၊ ရွှံ့တံတိုင်း ငယ်များနှင့် ကျောက်တံတိုင်းများကို တွေ့ရတတ်သည်။ လူတို့သည် ထိုနေရာတွင် စုဝေး နေထိုင်ကြကာ ဈေးဆိုင်တန်းများကို ဖန်တီးထားကြ၏။ မြက်ခင်းပြင်တစ်ခုလုံးတွင် ရေတွက်မကုန်နိုင်သော ဈေးဆိုင်တန်းများက ကြီးမားလှသည့် ကူးသန်းရောင်းဝယ်ရေး စနစ်တစ်ခုကို ဖြစ်ပေါ်စေသည်။

မြက်ခင်းပြင်ရှိ လူနေမှုဘဝမှာ မြို့ကြီးပြကြီးများကဲ့သို့ မဟုတ်ချေ။ ပြည်နယ်အဆင့် မြို့ကြီးများတွင်သာ အမြဲတမ်းနေထိုင်ရန် အဆောက်အဦးများကို စနစ်တကျ တည်ဆောက်ကြခြင်း ဖြစ်သည်။ ယေဘုယျအားဖြင့် သိုးထိန်း၊ နွားထိန်းများသည် မြက်ခင်းပြင်ရှိရာသို့ တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းနေထိုင်ကြသူများသာ ဖြစ်သည်။

… ...

“ဒါက ယွန်မင်ရဲ့ အလယ်ဗဟိုချက် ‘ဝံပုလွေဟိန်း လွင်ပြင်’ ပဲ။”

ဝှီး…၊ ဝှီး…၊ ဝှီး….။

ဟင်းလင်းပြင်မှ လူမသိအောင် ဖုံးကွယ်ထားသော လေလှိုင်းနှစ်ခုမှာ ဆင်းသက်လာပြီး လူတစ်ရပ်ကျော် မြင့်သော မြက်ပင်များ ဖုံးလွှမ်းနေသည့် တောင်ကုန်းငယ်တစ်ခုပေါ်တွင် ရပ်တန့်လိုက်သည်။ ထိုသူနှစ်ဦးမှာ ဟုန်ယွိနှင့် လျှို့ဝှက်ဆန်းပြားသော ‘ဟွမ်ယန်ယန်’ တို့ ပင် ဖြစ်ကြသည်။

ယခုအချိန်အထိ ဟုန်ယွိသည် ဤအမျိုးသမီး၏ နောက်ကြောင်းကို အသေအချာ မစုံစမ်းရ သေးသော်လည်း၊ သူအနေဖြင့် အတင်းအကြပ် မေးမြန်းရန်လည်း စိတ်မကူးထားချေ။ သူ၏ မူလရည်ရွယ်ချက်မှာ ချန်ပီယံမြို့စား၏ အင်အားစုများကို ထိန်းချုပ်ကာ အခြေအနေ ကို တည်ငြိမ်အောင် လုပ်ဆောင်ရန်သာ ဖြစ်သည်။ ဟွမ်ယန်ယန်တွင် အခြားအကြံအစည် ရှိနေခဲ့လျှင်ပင် ဟုန်ယွိက ဂရုမစိုက်ချေ။ သူသည် မူလဝိညာဉ်နတ်ဘုရားကိုပင် မကြောက် သူ ဖြစ်ရာ၊ ဤအမျိုးသမီးကို အဘယ်ကြောင့် သတိထားနေရမည်နည်း။

“ဒီတောင်ကုန်းတွေကို ကြည့်စမ်း။ ဝံပုလွေတွေ၊ ယုန်တွေ၊ မြေခွေးတွေနဲ့ ကြွက်တွင်းတွေ နေရာအနှံ့ပဲ။ ဒါဟာ ‘မြက်ရိုင်းတောင်ကုန်း ရှစ်ထောင်’ ပဲ ဖြစ်ရမယ်။ လွန်ခဲ့တဲ့ နှစ်ရာပေါင်း များစွာတုန်းက မဟူရာဝံပုလွေဘုရင် ဘီရှီဟွာဟာ ဒီနေရာမှာ သာမန်ဝံပုလွေ တစ်ကောင် အဖြစ် နေထိုင်ခဲ့တာပေါ့။” ဟုန်ယွိက ရှေ့တွင် မြင်နေရသော ခြောက်ကပ်နေသည့် တောင်ကုန်းများကို ညွှန်ပြရင်း ပြောလိုက်သည်။

ဤနေရာမှာ ခြောက်ကပ်နေပြီး မြက်ပင်များသာ ရှိသဖြင့် သက်ရှိမဲ့နေသကဲ့သို့ ရှိသော် လည်း၊ အမှန်တကယ်တွင်မူ မြက်တောထဲနှင့် တွင်းများထဲတွင် အန္တရာယ်များစွာ ကိန်းအောင်းနေသည်။ မြက်ခင်းပြင်တွင် မြင့်မားသော တောင်တန်းများ မရှိဘဲ၊ မြက်ပင် များ ဖုံးလွှမ်းနေသော တောင်ကုန်းကြီးများသာ ရှိသည်။ ဤသည်မှာ ဒဏ္ဍာရီလာ “ဝံပုလွေဟိန်း လွင်ပြင်” ပင် ဖြစ်သည်။

ဆန်းကြယ်ကောင်းကင်ဘုံခန်းမသည် ကောင်းကင်နဂါးဂိုဏ်းကဲ့သို့ တောင်တန်းများပေါ် တွင် ရှိသည်မဟုတ်ဘဲ၊ မြက်ခင်းပြင်၏ ဗဟိုချက်၊ ဝံပုလွေဟိန်း လွင်ပြင်ပေါ်တွင် တည်ရှိ နေခြင်း ဖြစ်သည်။

ဝံပုလွေဟိန်းလွင်ပြင်၏ အကျယ်အဝန်းမှာ မိုင်ပေါင်း မည်မျှရှိသည်ကို မည်သူမျှ မသိနိုင် ချေ။ ၎င်းမှာ တော်ဝင်ချန် အင်ပါယာ၏ ပြည်နယ် ၁၃ ခုထက်ပင် ပိုမိုကျယ်ပြောလှသည်။ မြက်ပင်များနှင့် တောင်ကုန်းများစွာ ဖုံးလွှမ်းနေပြီး၊ အချို့မြက်ပင်များမှာ လူတစ်ရပ်ထက် ပင် မြင့်သဖြင့် ထိုထဲတွင် လမ်းလျှောက်ပါက နေရောင်ကိုပင် မြင်ရမည် မဟုတ်ပေ။

အထင်ရှားဆုံးအရာမှာ ဝံပုလွေများပင် ဖြစ်သည်။ ရွှေရောင်ဝံပုလွေ၊ ငွေရောင်ဝံပုလွေ၊ အဖြူရောင်ဝံပုလွေ၊ မီးခိုးရောင်ဝံပုလွေ၊ မဟူရာ (အနက်ရောင်)ဝံပုလွေနှင့် သံမဏိ ကျောရိုးဝံပုလွေများအထိ အမျိုးမျိုး ရှိကြသည်။

မဟူရာဝံပုလွေဘုရင် ဘီရှီဟွာပင်လျှင် ဤလွင်ပြင်၏ တစ်ထောင့်တစ်နေရာရှိ တောရိုင်း တောင်ကုန်း ရှစ်ထောင်တွင် ကြီးပြင်းခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းရာချီက သူသည် ထူးဆန်းသော ပညာရှင်တစ်ဦး၏ လမ်းညွှန်မှုကို ရရှိခဲ့ပြီး ဉာဏ်အလင်းပွင့်ကာ မဟာနတ်ဆိုးအင်မော်တယ် ရှစ်ပါးထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။ တိရစ္ဆာန်တစ်ကောင် အတွက် ကျင့်ကြံရန်မှာ လူသားတစ်ဦးထက် အဆပေါင်းရာချီ၊ ထောင်ချီ ခက်ခဲလှသော် လည်း သူသည် အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့သည်။

“မဟူရာ ဝံပုလွေဘုရင်ကို ဉာဏ်အလင်းပေးခဲ့တဲ့ ပညာရှင်က ‘ပျက်သုဉ်းခြင်းဂိုဏ်း’ က တာအိုပညာရပ်တွေကို ကျင့်ကြံခဲ့တာ။ ဒါကြောင့် ဘီရှီဟွာက အဲဒီဂိုဏ်းရဲ့ ပညာရပ်တွေကို ရခဲ့ပေမဲ့ အဆုံးအမတွေကိုတော့ တိုက်ရိုက် မရခဲ့ဘူး။ ‘ပျက်သုဉ်းခြင်းဂိုဏ်း’ ဆိုတာ မြက်ခင်းလွင်ပြင်ရဲ့ လျှို့ဝှက်ဆန်းပြားတဲ့ အဖွဲ့အစည်းတစ်ခုပဲ၊ နတ်ဆရာတွေနဲ့ တာအို ဂိုဏ်းတွေကြားက ဂိုဏ်းတစ်ခုပေါ့။” ဟွမ်ယန်ယန်က ဟုန်ယွိ၏ စကားကို ဆက်ပြော လိုက်သည်။

“မြက်ခင်းပြင်မှာလည်း အလယ်ပိုင်းကောင်းကင်နိုင်ငံမှာလို တာအိုဂိုဏ်းတွေ အများကြီး ရှိတာပဲ။ အလယ်ပိုင်း ကောင်းကင်နိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀၊ ၆၀၀၀ ကတည်းက ဂိုဏ်းပေါင်း ထောင်ချီရှိခဲ့သလို မြက်ခင်းပြင်မှာလည်း ရှိမှာပဲ။ ဒါပေမဲ့ မြင့်မြတ်နယ်မြေ အဖြစ် သတ်မှတ်ခံရတာကတော့ ‘ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမ’ တစ်ခုတည်းပဲ ရှိတယ်။” ဟုန်ယွိက ဆိုသည်။

ဝူး... ဝူး... ဝူး...

သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ရှေ့ရှိ မြက်တောထဲမှ လှုပ်ရှားမှုတစ်ခု ပေါ်လာပြီး၊ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်တစ်ခုက လေထက်ပင် မြန်သောအရှိန်ဖြင့် ပြေးဝင်လာသည်။ သူတို့နှင့် ပေ ၁၀၀ အကွာသို့ ရောက်သောအခါ မြက်တောထဲမှ ခုန်ထွက်လာသည်။ ၎င်းမှာ နွားငယ်တစ်ကောင်ခန့် အရွယ်ရှိပြီး တစ်ကိုယ်လုံးတွင် ရွှေရောင်အမွှေးအမျှင်များ ဖုံးလွှမ်းနေသည့် ရွှေရောင်ဝံပုလွေတစ်ကောင်ပင် ဖြစ်သည်။

၎င်း၏ အစွယ်များမှာ ဓားများကဲ့သို့ ဖြူဖွေးနေပြီး နွားသားရေကိုပင် အလွယ်တကူ ကိုက်ဖြတ်နိုင်သည်။ ရွှေရောင်ဝံပုလွေမှာ ပြင်းထန်သော အရှိန်ဖြင့် ခုန်ဝင်လာသော်လည်း ထိုလှုပ်ရှားမှုများတွင် အလှတရားတစ်ခု ကိန်းအောင်းနေ၏။ ၎င်းမှာ ကိုယ်ခံပညာ၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ‘ရှင်တန်သိုင်းသခင်နယ်ပယ်’ သို့ ရောက်ရန် တစ်လှမ်း သာ လိုတော့သည့် သိုင်းသခင်တစ်ဦး၏ အသွင်မျိုးပင်။

“ဟင်…၊ ဒီလွင်ပြင်က တကယ်ပဲ အန္တရာယ်များတာပဲ။ ဒီရွှေရောင်ဝံပုလွေက ကျောက်စိမ်း ညခြင်္သေ့ဘုရင်လောက်တောင် အားကောင်းတယ်” ဟုန်ယွိက ရှောင်တိမ်းရန် ပြင်လိုက်စဉ် မှာပင် ဟွမ်ယန်ယန်က လက်ဦးမှု ယူလိုက်သည်။ သူမ၏ လက်မှ နီရဲသော အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး ရွှေရောင်ဝံပုလွေကို လေထဲတွင်ပင် ရပ်တန့်သွားစေသည်။

ရွှေရောင်ဝံပုလွေမှာ ပယင်းခဲထဲတွင် ပိတ်မိနေသော ယင်ကောင်တစ်ကောင်ကဲ့သို့ မလှုပ်မယှက် ဖြစ်သွားရသော်လည်း၊ သူ၏ မျက်လုံးများထဲတွင်မူ ဟုန်ယွိကို မုန်းတီး နာကျည်းစွာဖြင့် စိုက်ကြည့်နေဆဲ ဖြစ်သည်။

“အညံ့ခံစမ်း။”

ဟွမ်ယန်ယန်က အမိန့်ပေးလိုက်ရာ နီရဲသောအလင်းမှာ ဝံပုလွေ၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင် သွားပြီး၊ ထိုရက်စက်သော သတ္တဝါကြီးမှာ ယဉ်ပါးသွားသော ခွေးတစ်ကောင်ကဲ့သို့ သူမ၏ ဘေးတွင် လာ၍ ဝပ်တွားနေတော့သည်။

“ဆန်းကြယ်ကောင်းကင်ဘုံခန်းမရဲ့ ပတ်ပတ်လည်မှာ မြို့ကြီးငါးမြို့ ရှိနေတယ်။ အဲဒါမြို့ တွေကတော့ ဖေးယန်မြို့၊ ဖေးယွန်မြို့၊ ပိုင်ယွန်မြို့၊ ကျူဝူမြို့နဲ့ ကျိန်းဝူမြို့တွေပဲ။ လူဦးရေ သန်းပေါင်းများစွာ နေထိုင်ကြပြီး၊ မြင့်မြတ်တဲ့ မျိုးနွယ်စုတွေ စုဝေးရာ ဖြစ်တာကြောင့် ကျွမ်းကျင်သူတွေ အများကြီး ရှိတယ်။ အဲဒီနေရာမှာ ကိုယ့်ကိုကိုယ် ဖုံးကွယ်ဖို့ မှော်ပညာ သုံးရင် တခြားသူတွေက အလွယ်တကူ သိသွားနိုင်တယ်။ ယွန်မင်က ပညာရှင်တွေဟာ ဝံပုလွေတွေကို မွေးမြူလေ့ရှိတာကြောင့် ကျွန်မတို့လည်း သူတို့လို ဝတ်ဆင်ပြီး ဆန်းကြယ် ကောင်းကင်ဘုံခန်းမနားကို အသာလေး ကပ်သွားကြတာပေါ့” ဟွမ်ယန်ယန်က အကြံပြု သည်။

ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမသည် မြင့်မြတ်နယ်မြေ တစ်ခု ဖြစ်သည်။ ကျောက်စိမ်း မြို့တော်ကဲ့သို့ပင် ပညာရှင်များစွာ ရှိနေသည့်နေရာ ဖြစ်သည်။ ယခင်က ‘သူတော်စင် တောက်ဖူ’ သည် သူ၏ စိတ်ဝိညာဉ်ဖြင့် ကျောက်စိမ်းမြို့တော်ကို ပတ်ကြည့်ရာမှ ချက်ချင်း အသတ်ခံခဲ့ရဖူးသဖြင့် လူမသိအောင် ဟန်ဆောင်ရန်မှာ လိုအပ်ပေသည်။

“ဘာလို့ ဒီလောက် ဒုက္ခခံနေမှာလဲ၊ ကျွန်တော်က ဆန်းကြယ်ကောင်းကင်ဘုံခန်းမရဲ့ နတ်ဘုရားမနဲ့ ရင်းနှီးတဲ့ မိတ်ဆွေပဲ။ ကျွန်တော် ဒီတစ်ခါ ဒီကိုလာတာက သူမကို ကူညီပြီး ပြည်တွင်းစစ်ကို နှိမ်နင်းပေးဖို့နဲ့ ဧကရာဇ် နာလန်ယိဟုန်ရဲ့ မတော်လောဘကို တားဆီး ပေးဖို့ပဲ။” ဟုန်ယွိက ဆိုသည်။ ““ယွန်မင်နိုင်ငံမှာ အစွမ်းအထက်ဆုံးက ဧကရာဇ်အကြံပေး ယုဝမ်မူပဲ။ သူသာ ‘ဖန်ဆင်းရှင်’ မဟုတ်ဘူးရင် သူ့ကို နှိမ်နင်းဖို့က ကျွန်တော့်အတွက် ကြက်ကလေးတစ်ကောင်ကို ဖမ်းရသလိုပါပဲ။ ကျွန်တော်နဲ့လိုက်ခဲ့ပါ၊ ဘယ်လို ပြဿနာ မျိုးနဲ့ ကြုံတွေ့မလဲ ကြည့်ရတာပေါ့။ စွမ်းအားက အထွတ်အထိပ်ကို ရောက်သွားတဲ့အခါ ဘယ်လို လှည့်ကွက်တွေကမှ အသုံးမဝင်တော့ဘူး။”

ဟုန်ယွိက စကားဆုံးသည်နှင့် လက်ကို ဝှေ့ယမ်းလိုက်ရာ ‘သူတော်စင်ပေါင်းစုံခန်းမ’ ပေါ်ထွက်လာပြီး သူတို့အားလုံးကို ဟင်းလင်းပြင်ထဲတွင် ဖုံးကွယ်လိုက်တော့သည်။ သူတို့ ပြန်လည် ဆင်းသက်လိုက်သောအခါ ကြီးကျယ်ခမ်းနားလှသော မြို့တော်ကြီး၏ အပေါ်ယံ ကောင်းကင်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

… ...

ဟုန်ယွိသည် ဆန်းကြယ်ကောင်းကင်ဘုံခန်းမ၏ ပုံစံကို အကြိမ်ကြိမ် စိတ်ကူးကြည့်ဖူး သော်လည်း၊ ယခုကဲ့သို့ အပေါ်စီးမှ မြင်လိုက်ရသောအခါ အံ့အားသင့်သွားမိသည်။ အဆုံးမဲ့ လှသော မြက်ခင်းပြင်ကြီး၏ အလယ်တွင် ခမ်းနားထည်ဝါလှသော နန်းတော်ကြီးများနှင့် မြို့ပြကြီးမှာ ကျောက်စိမ်းမြို့တော်၏ နန်းတော်ထက်ပင် ပို၍ ကြီးကျယ်ပုံရသည်။

နန်းတော်ကြီး၏ ပတ်ပတ်လည်တွင် လူနေအိမ်ခြေများ၊ ကျောက်အဆောက်အဦးများ၊ သန့်ရှင်းသော လမ်းမကြီးများ၊ ဈေးဆိုင်များနှင့် လူများမှာ စနစ်တကျ ရှိနေပြီး သက်ဝင် လှုပ်ရှားနေသည်။ ဤသည်မှာ တကယ့် တော်ဝင်နန်းတော်တစ်ခုကဲ့သို့ပင်။ ဆန်းကြယ် ကောင်းကင်ဘုံခန်းမသည် ယွန်မင်၏ မြို့တော်ထက်ပင် ပို၍ ခမ်းနားနေပေသည်။

တစ်ချိန်တည်းမှာပင် မြို့တော်၏ အပြင်ဘက် မိုင်ပေါင်းရာချီသော ဈေးကွက်များနှင့် လှပသော အဆောက်အဦးများကို မြင်တွေ့ရသည်။ အဝေးဆီမှ မြို့ကြီးငါးမြို့မှာလည်း မြို့တော်ကို ကာကွယ်ထားသည့် သဘာဝဓာတ်ကြီး ငါးပါးကဲ့သို့ တည်ရှိနေကြ၏။

ဤသည်မှာ ယွန်မင်၏ မြင့်မြတ်နယ်မြေ ဆန်းကြယ်ကောင်းကင်ဘုံခန်းမပင် ဖြစ်သည်။ ၎င်းသည် တော်ဝင်မိသားစုထက်ပင် ပိုမို အာဏာစက် ပြင်းထန်ပြီး၊ အကျယ်အဝန်းအားဖြင့် ဒိုင်ဇင်ဘုရားကျောင်းပင် မယှဉ်နိုင်ချေ။ ဤမြင်ကွင်းက မြက်ခင်းပြင်မှာ ညစ်ပတ်ရှုပ်ထွေး သည်ဟူသော ဟုန်ယွိ၏ အမြင်ကို ပြောင်းလဲသွားစေသည်။

ဟုန်ယွိ၏ သူတော်စင်ပေါင်းစုံနန်းတော်မှာ ဟင်းလင်းပြင် အလွှာများကြားတွင် ဖုံးကွယ် ထားသဖြင့် အောက်မှ မည်သူမျှ မမြင်နိုင်ချေ။ ဟုန်ယွိ၏ အစွမ်းမှာ ‘ဖန်ဆင်းရှင်’ အဆင့် ရှိသူမှလွဲ၍ မည်သူမျှ သူ၏ အရိပ်အယောင်မျှကိုပင် မသိနိုင်လောက်အောင် မြင့်မားနေပြီ ဖြစ်သည်။ အကယ်၍ သူတို့ သိသွားလျှင်ပင် ဟုန်ယွိက ဂရုမစိုက်ချေ။ သူသည် ‘ဖန်ဆင်းခြင်းသင်္ဘော’ ကိုပင် မကြောက်သူ ဖြစ်ရာ၊ မည်သူ့ကို ကြောက်ရမည်နည်း။

“သူက တကယ့်ကို လွှမ်းမိုးနိုင်စွမ်းရှိပြီး မောက်မာတာပဲ... စကြဝဠာကြီး တစ်ခုလုံးကို တောင် ဂရုမစိုက်သလိုပဲ။ လွှမ်မိုးမူပိုင်းမှာဆိုရင် ယန်အန်းဟာ သူ့ကို လုံးဝ မယှဉ်နိုင်ဘူးပဲ။ ဒါကြောင့်လည်း ယန်အန်းက သူ့လက်ထဲမှာ ခဏခဏ ရှုံးနိမ့်နေရတာကိုး။” ဟွမ်ယန်ယန်က ဟုန်ယွိကို ကြည့်ရင်း တွေးနေမိသည်။

ဟွမ်ယန်ယန်သည် ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမအတွင်းသို့ ခိုးကြောင်ခိုးဝှက် ဝင်ရောက်နိုင်မည့် နည်းလမ်းပေါင်းများစွာကို စဉ်းစားထားခဲ့သော်လည်း၊ ဟုန်ယွိကမူ ဧရာမ နန်းတော်ကြီးကို ကောင်းကင်ယံထက်တွင် ရပ်တန့်ကာ အောက်ဘက်ရှိ အရာ ခပ်သိမ်းကို အပေါ်စီးမှ ငုံ့မိုးကြည့်နေလိမ့်မည်ဟုတော့ သူမ လုံးဝ မမျှော်လင့်ထားခဲ့ချေ။

သူတော်စင်ပေါင်းစုံ ခန်းမသည် ကောင်းကင်မြို့တော်မှ ရရှိသော ‘မူလကြေးနီစွမ်းအင်’ များကို အရည်ပျော်ပေါင်းစပ်ပြီးနောက်၊ နန်းတော်၏ အရွယ်အစားမှာ ပိုမိုကျယ်ပြန့်လာပြီး ကြည့်ရသည်မှာလည်း ယခင်ကထက် ပိုမို ခန့်ညားထည်ဝါလာခဲ့သည်။

ဟွမ်ယန်ယန်၏ မျက်လုံးထဲတွင်မူ ထိုဧရာမ နန်းတော်ကြီးသည် ဒဏ္ဍာရီလာ နတ်ဘုရားတို့ စံမြန်းရာ ကောင်းကင်ဘုံနှင့် တူလှပေသည်။ ၎င်းသည် မိုင်ပေါင်းများစွာ ကျယ်ဝန်းကာ တိမ်တိုက်များကြားတွင် လွင့်မျောနေပြီး ခမ်းနားထည်ဝါလှသော ဂုဏ်ရည်ရှိပေသည်။

နန်းတော်၏ ပြင်ပတွင် ပြင်းထန်သော လေမုန်တိုင်းများနှင့် တိမ်တိုက်များမှာ တဝှီးဝှီး တိုက်ခတ်နေကြသည်။ နန်းတော်ကို ဝန်းရံထားသော ဟင်းလင်းပြင် အလွှာများမှာလည်း အဆက်မပြတ် ခေါက်ချိုးခြင်း၊ လိမ်ယှက်ခြင်းနှင့် ပြောင်းလဲခြင်းများကို ပြုလုပ်နေသည်။ ထိုပြင်းထန်လှသော ဟင်းလင်းပြင် တွန့်လိမ်မှု စွမ်းအားမှာ သိုင်းသူတော်စင် အထွတ်အထိပ်သို့ တစ်ဦးကိုပင် အပိုင်းပိုင်းအစစ ဖြစ်သွားစေရန် လုံလောက်လှပေသည်။

“ဘယ်လိုလဲ၊ ဟွမ်ယန်ယန်၊ ဖန်ဆင်းခြင်းသင်္ဘောမှာ ‘ဗဟိုမြေဓာတ် ဟင်းလင်းပြင် မဟာ စွမ်းအင်’ရှိသလို မူလဝိညာဉ်နတ်ဘုရားမှာလည်း ‘ဘုံသုံးပါးစွမ်းအင်အမြောက်’ ဆိုတာ ရှိတယ်။ ကျွန်တော့်ရဲ့ သူတော်စင်ပေါင်းစုံခန်းမမှာလည်း အလွန်အမင်း အစွမ်းထက်တဲ့ အရာတစ်ခု လိုအပ်နေပြီ။ အခု အဲဒါကို ကျွန်တော်က ဖြည်းဖြည်းချင်း ရှာဖွေပြီး သန့်စင်နေပြီ။”

ဟုန်ယွိသည် သူတော်စင်ပေါင်းစုံခန်းမ၏ အစွန်းတွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေပြီး ပြုံးလိုက်သည်။ သူ စကားပြောနေစဉ်မှာပင် မူလကြေးနီစွမ်းအင်များ၊ ဗုဒ္ဓ သင်္ကန်းတော်၏ အစွမ်းများ၊ နဂါးကွန်ရက်၏ အဆုံးမဲ့ ယင်မိုးကြိုးများနှင့် ခန်းမအတွင်းရှိ နဂါးရေခဲတိုင်များမှ နဂါးတို့၏ တန်ခိုးအရှိန်ဟုန်များမှာ ရူးသွပ်စွာ ရောယှက်သွားကြ သည်။ ထို့နောက် ၎င်းတို့သည် ဖော်ပြ၍မရနိုင်သော စွမ်းအင်လုံးကြီးတစ်ခုအဖြစ် စုစည်း သွားကြရာ၊ ထိုအထဲတွင် ပါဝင်သော စွမ်းအားမှာ ဟွမ်ယန်ယန်၏ စိတ်ဝိညာဉ်ကိုပင် တုန်ရင်သွားစေသည်။

ဟုန်ယွိသည် အောက်ဘက်ရှိ ကျယ်ပြောပြီး ခမ်းနားလှသော ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမကို ညွှန်ပြလိုက်ကာ - “ဟွမ်ယန်ယန်... ကျွန်တော်သာ အခု တိုက်ခိုက်လိုက်မယ် ဆိုရင် ဒီဆန်းကြယ်ကောင်းကင်ဘုံခန်းမ တစ်ခုလုံးကို မြက်ခင်းပြင်ပေါ်ကနေ အမြစ်ပြတ် ဖျက်ဆီးပစ်နိုင်တယ်ဆိုတာ ခင်ဗျား ယုံလား။”

သူသည် ဧရာမကောင်းကင်နန်းတော်ကြီးဖြစ်သော သူတော်စင်ပေါင်းစုံခန်းမကို စီးနင်းကာ ယွန်မင်နိုင်ငံ၏ မြင့်မြတ်နယ်မြေ ကောင်းကင်ယံသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

သူသည် ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးနိုင်သည့် အကန့်အသတ်မဲ့ စွမ်းအားရှိသော ‘မဟာစွမ်းအင်အမြောက်’ ကို ဖန်တီးနေခြင်း ဖြစ်သည်။

သူ စကားပြောနေစဉ်မှာပင် မြင့်မြတ်နယ်မြေ တစ်ခုကို မျက်စိတစ်မှိတ်အတွင်း မြေပုံပေါ်မှ ပျောက်ကွယ်သွားအောင် လုပ်နိုင်စွမ်း ရှိပေသည်။

ဤကဲ့သို့သော လွှမ်းမိုးနိုင်စွမ်း ပြင်းထန်လှသည့် အရှိန်ဝါကြောင့် ဟွမ်ယန်ယန်မှာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားရသည်။ ထို့နောက် သူမသည် စိတ်ထဲတွင် အလေးအနက် ခံစားရင်း သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိတော့သည်။

“ဒါကမှ အစစ်အမှန် လွှမ်းမိုးမူပဲ...”

All Chapters