အခန်း (၅၂၅-၅၂၆)
Vol. 50 Ch. 525-526
အခန်း (၅၂၅)။
ကောင်းကင်ယံတွင် လွင့်မျောနေသော ကျယ်ပြောလှသည့် ‘သူတော်စင်ပေါင်းစုံခန်းမ’ အတွင်း၌ ဝိညာဉ်စွမ်းအင်မျိုးစုံ၊ နဂါးတို့၏ တန်ခိုးအရှိန်ဝါများ၊ မဟူရာမိုးကြိုး စွမ်းအားများ၊ ဟင်းလင်းပြင်နှင့် အချိန်တို့၏ စွမ်းအားများအပြင်၊ အဝေးဆီမှ အမြောက်သံများနှင့် ကြယ်တာရာများ ပေါက်ကွဲသံကဲ့သို့ လျှို့ဝှက်ဆန်းပြားသည့် အသံများမှာ ရူးသွပ်ဖွယ် ပဲ့တင်ထပ်ကာ မြည်ဟီးနေကြသည်။
ဟုန်ယွိသည် ဤခန်းမကို ပထမဆုံး သန့်စင်ကတည်းက ကျောက်ဖေးအာထံမှ ရရှိထား သော ‘အထွတ်အထိပ်တာအို’ ဂိုဏ်း၏ ကျမ်းစာနှစ်စောင်ဖြစ်သည့် ‘စကြဝဠာကျမ်း’ တို့ကို ပေါင်းစပ်ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။ သူသည် အချိန်နှင့် ဟင်းလင်းပြင်၏ နက်နဲသော သဘောတရားများကို နားလည်သဘောပေါက်ထားသည့်အတွက် ဤခန်းမကြီးမှာလည်း ထိုစွမ်းအားနှစ်ရပ်၏ ပေါင်းစပ်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။
ခန်းမ၏ အလယ်ဗဟိုတွင် ကျီရှန်းထျန်းသည် ဖရိုဖရဲ ကောင်းကင်အနှစ်သာရ အမြုတေကို လုံးဝ ချေဖျက်သန့်စင်ပြီးနောက်၊ ထိုနေရာတွင် မူလဝိညာဉ်နတ်ဘုရား၏ စိတ်ဝိညာဉ် အမှတ်အသား အချို့ ကျန်ရှိနေခဲ့သည်။ ထိုအရာများတွင် ‘ဘုံသုံးပါးစွမ်းအင်အမြောက်’ ၏ အလွန်နက်နဲပြီး အစွမ်းထက်လှသော လျှို့ဝှက်ချက်များ ကိန်းအောင်းနေ၏။
ဤ ‘ဘုံသုံးပါးစွမ်းအင်အမြောက်’ နှင့် ရှေးဟောင်းကြယ်တာရာများ ပေါက်ကွဲသည့် လျှို့ဝှက်ချက်များမှာ ရူးသွပ်ဖွယ် အချိန်စီးဆင်းမှုအောက်တွင် ခန်းမအတွင်း၌ အပိုင်းအစ များအဖြစ် ပြန်လည် ပေါ်ထွက်နေသည်။ ဖရိုဖရဲ ကောင်းကင်အနှစ်သာရ အမြုတေကို သန့်စင်ထားသည့် ဤခန်းမကြီးအတွင်း၌ ထိုစွမ်းအားများ၏ အမှတ်အသားများ ကျန်ရစ် နေမည်မှာ ငြင်းမရသော အချက်ပင် ဖြစ်သည်။
“ရှင်... ရှင် တကယ်ပဲ ရှင့်ရဲ့စွမ်းအား အားလုံးကို စုစည်းပြီး ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမကို ဖျက်ဆီးပစ်တော့မလို့လား။ မြင့်မြတ်နယ်မြေ တစ်ခုလုံးကို ဖျက်ဆီးပစ်တော့မ လို့လား။”
ဟုန်ယွိသည် စကားပြောနေရင်း ခန်းမတစ်ခုလုံး၏ စွမ်းအားကို အပြင်းအထန် နှိုးဆော်နေ သည်ကို သူမ မြင်တွေ့နေရ၏။
အမျိုးမျိုးသော အစစ်မှန်စွမ်းအင်များ၊ အသံ၊ အချိန်နှင့် ဟင်းလင်းပြင် အစရှိသည်တို့မှာ တစ်စထက်တစ်စ ပိုမိုသိပ်သည်းလာပြီး ထူထပ်လာကြတော့၏။ ၎င်းတို့သည် စွမ်းအင်လုံး ကြီးတစ်ခုအဖြစ် စုစည်းသွားကာ မယုံကြည်နိုင်ဖွယ်ရာ မြင်ကွင်းတစ်ခုကို ဖန်တီးနေသည်။ ဟွမ်ယန်ယန်၏ ခန္ဓာကိုယ်မှာလည်း ထိန်းမနိုင်သိမ်းမရ တုန်ရင်လာတော့သည်။
တာအိုကျင့်စဉ်ပညာ ပိုမိုနက်ရှိုင်းလေလေ ‘သူတော်စင်ပေါင်းစုံခန်းမ’ ၏ အစွမ်းထက်ပုံကို ပိုမိုသိမြင် ခံစားရလေပင် ဖြစ်သည်။
ဟွမ်ယန်ယန်သည် ယခုအခါတွင် ဤခန်းမကြီးမှာ မြင့်မြတ်သော နတ်ဘုရားလက်နက် လက်နက်များစွာဖြင့် ‘နိဗ္ဗာန’ နယ်ပယ် လက်နက်အဖြစ် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရှိသွားခဲ့ပြီ။ ၎င်းတို့ထဲတွင် ‘ဗုဒ္ဓသင်္ကန်းတော်’၊ ‘ဇမ္ဗူမဟာအစီအရင်’၊ ‘ကောင်းကင် မြို့တော်’ နှင့် မိုးကြိုးကပ်ဘေး ရှစ်ကြိမ်ကျော်ဖြတ်ထားသော ပညာရှင်ကြီးတစ်ဦး၏ အတွေးစတစ်ခုပင် ပါဝင်နေသည်။ မဟာကျိုးမင်းဆက် တည်ထောင်သူ ကျိုးထုက်ကျူ သည် ‘ဖျက်ဆီးခြင်း မဟာနတ်ဘုရားဘုရင်’ ၏ အစစ်မှန်ခန္ဓာကို ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။ ဤမျှများပြားလှသော စွမ်းအားများ စုစည်းထားသဖြင့် ဆန်းကြယ်ကောင်းကင်ဘုံခန်းမ သည် မည်မျှပင် ကျွမ်းကျင်သူများ၊ တားမြစ်ထားသော ပညာရပ်များနှင့် မှော်ရတနာများ ရှိနေသည့် မြင့်မြတ်နယ်မြေတစ်ခု ဖြစ်နေပါစေ၊ ဤစွမ်းအားများ၏ အပြင်းအထန် တိုက်ခိုက်မူကို တောင့်ခံနိုင်ရန် ခက်ခဲလှပေမည်။
ဟုန်ယွိသည် သူမအား ‘သူတော်စင်ပေါင်းစုံခန်းမ’ ၏ အခြေအနေအချို့ကို တဖြည်းဖြည်း ပြောပြထားပြီးသား ဖြစ်သလို ကျိုးထိုက်ကျူကို မည်သို့သတ်ခဲ့ကြောင်းကိုလည်း ပြောပြခဲ့ သည်။
ဤကိစ္စများမှာ လျှို့ဝှက်ချက် မဟုတ်တော့ချေ။ ထိုအကြောင်းများကို ထုတ်ဖော်ပြောဆို ခြင်းကပင် လူကို ပိုမိုထိတ်လန့်သွားစေပြီး ခုခံရန် စိတ်ကူးပင် မရှိတော့လောက်အောင် အားအင်ကုန်ခမ်းမှုကို ခံစားရစေ၏။
ဟုန်ယွိ သိထားသည်မှာ သူ၏ လျှို့ဝှက်ချက်များသည် ဟွမ်ယန်ယန်အတွက်သာမက ‘တိုင်ရှန်တာအိုဂိုဏ်း’ ၏ ဂိုဏ်းချုပ် မုန့်ရှန်းကျီ ကိုယ်တိုင်ကိုပင် အကြီးအကျယ် တုန်လှုပ် သွားစေမည် ဖြစ်ကြောင်းပင်။
“ဒါပေါ့... ဒါပေမဲ့ အခုချက်ချင်းတော့ မဟုတ်သေးဘူး။ ညရောက်တဲ့အထိ စောင့်ကြတာ ပေါ့။ အမှောင်အတိ ကျလာတဲ့အခါဟာ ဆန်းကြယ်ကောင်းကင်ဘုံခန်းမရဲ့ အစည်ကားဆုံး အချိန် ဖြစ်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် အပြင်ပန်း အစီအစဉ်တွေရော၊ လျှို့ဝှက်တဲ့ အကြံအစည်တွေရော၊ အာဏာလုပွဲတွေရော အားလုံး စတင်ကြလိမ့်မယ်။ အဲဒီအချိန်က ကျွန်တော့်ရဲ့ အစွမ်းကို ထုတ်ဖော်ပြသဖို့ အကောင်းဆုံး အချိန်ပဲ။ ကျွန်တော်က ဆန်းကြယ် ကောင်းကင်ဘုံခန်းမရဲ့ ပြည်တွင်းစစ်ကို အသုံးချပြီး အခြေအနေကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းပြီး ချန်ပီယံမြို့စားရဲ့ ဂုဏ်သတင်းကို အခိုင်အမာ တည်ဆောက်ပြမယ်။ ဒါမှ တော်ဝင်နန်းတွင်းက ကျွန်တော်ကို ပိုပြီး သတိထားလာမှာ။ အခုတော့ ၁၀ နာရီ ၁၂ နာရီလောက် အချိန်ရှိသေးတယ်။ ခင်ဗျား ကောင်းကင်ပေါ်မှာပဲ နေပြီး အခြေအနေတွေကို စောင့်ကြည့်နေလိုက်ပါ။ ကျွန်တော်ကတော့ ဒီအခွင့်အရေးကို သုံးပြီး အစစ်မှန်စွမ်းအင် တစ်ခုကို စုစည်းပြီးရင် အောက်က နယ်စားမြို့စားတွေနဲ့ သွားရောက်ညှိနှိုင်းမယ်။ ညှိနှိုင်း လို့ မရဘူးဆိုရင်တော့ ဒီ ‘မဟာစွမ်းအားအမြောက်’ နဲ့ ဆန်းကြယ်ကောင်းကင်ဘုံခန်းမကို မြေလှန်ပစ်လိုက်မယ်။”
ဟုန်ယွိသည် ဟွမ်ယန်ယန်ကို ဂရုမစိုက်တော့ဘဲ ခန်းမအတွင်း၌ တင်ပလ္လင်ခွေထိုင်ကာ မျက်လုံးမှိတ်၍ ကျင့်ကြံနေတော့သည်။
ဟွမ်ယန်ယန်သည် ခန်းမ၏ အစွန်းရှိ လက်ရန်းတွင် ရပ်နေရင်း အောက်ဘက်က သက်ရှိ သန်းပေါင်းများစွာ ရှိနေသော မြို့တော်ကြီး၊ တာအိုပညာနှင့် သိုင်းပညာတို့၏ မြင့်မြတ် နယ်မြေ၊ လွင်ပြင်ပေါ်က လူသန်းပေါင်းများစွာ၏ စိတ်ဝိညာဉ်ဗဟိုချက်ဖြစ်သော ‘ဆန်းကြယ်ကောင်းကင်ဘုံမြို့တော်’ ကို ငုံ့ကြည့်နေမိ၏။
ဤအခိုက်အတန့်တွင် ဆန်းကြယ်ကောင်းကင်ဘုံ မြို့တော်ပတ်လည် မိုင်ပေါင်း ရာချီသော နေရာများ၌ အပြောင်းအလဲအချို့ ရှိနေပြီ ဖြစ်သည်။ စစ်တပ်များနှင့် စစ်သူကြီးများစွာကို စုစည်းနေကြပြီး မတည်ငြိမ်မှုများ ရှိနေပုံရသည်။ ယွန်မင်အင်ပါယာကလည်း စစ်အင် အားကို ဖြန့်ကျက်ထားပုံရသည်။
“နာလန်အန်းဟွမ် သေသွားတာ ရက်အနည်းငယ်အတွင်းမှာပဲ ယွန်မင်နိုင်ငံကလည်း သတင်းရနှင့်နေပြီပဲ။ ကြည့်ရတာ ယွန်မင်အင်ပါယာထဲမှာလည်း အစွမ်းထက်တဲ့ပုဂ္ဂိုလ် တွေ ရှိနေတာပဲ၊ ဒါမှမဟုတ် တော်ဝင်ချန် တော်ဝင်မိသားစုက တမင်တကာ သတင်းလွှင့် လိုက်တာလား။” ဟွမ်ယန်ယန်က တွေးတောနေမိသည်။
ဟုန်ယွိသည် ကျိုးထိုကျူကို သတ်ပြီးနောက် ချန်ပီယံမြို့စား၏ နန်းတော်သို့ ပြန်လာခဲ့ကာ ဟွမ်ယန်ယန်နှင့် ညှိနှိုင်းခဲ့သည်။ သူသည် ချန်ပီယံမြို့စား၏ အင်အားစုအခြေအနေများကို လေ့လာစူးစမ်းခဲ့သည်မှာ ခြောက်ရက် ခုနစ်ရက်ခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။
ဤအချိန်ကာလမှာ မတိုတောင်းသလို မရှည်လျားလှပေ။
ရက်အနည်းငယ်အတွင်းမှာပင် ယွန်မင်တော်ဝင်မိသားစုသည် ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမ၏ ခန်းမသခင် သေဆုံးသွားသည်ကို သိရှိသွားပြီး လျှို့ဝှက်စွာ စစ်တပ်များ စုစည်း လာကြသည်။ ဤသည်မှာ ဤမြင့်မြတ်နယ်မြေကြီးကို လုံးဝထိန်းချုပ်ရန် အရေးကြီးသော အချိန်ပင်။ အကယ်၍ ယွန်မင်တော်ဝင်မိသားစုက ဆန်းကြယ်ကောင်းကင်ဘုံခန်းမကို ထိန်းချုပ်နိုင်ခဲ့လျှင် ရရှိမည့် အကျိုးကျေးဇူးမှာ တော်ဝင်ချန်မိသားစုက ‘ဒိုင်ဇင် ဘုရား ကျောင်း’ ကို ဖျက်ဆီးခဲ့စဉ်ကထက် မနည်းလှပေ။ ထိုအခါ အင်ပါယာကြီးသည် တစ်သား တည်းဖြစ်သွားပြီး နာလန်ယိဟုန်၏ အရှိန်အဝါဖြင့်ဆိုလျှင် သူတို့သည် အလယ်ပိုင်း ကောင်းကင်နိုင်ငံကို မလွဲမသွေ ကျူးကျော်လာမည် ဖြစ်သည်။
ထိုအခါ အရင်ဆုံး ရင်ဆိုင်ရမည့်သူမှာ ချန်ပီယံမြို့စား၏ အင်အားစုများပင် ဖြစ်သည်။
“ဟုန်ယွိ ကျင့်ကြံနေတဲ့ မြေကမ္ဘာတုန်လှုပ်စေမယ့် နတ်ဘုရား စွမ်းရည်က ဘာများပါလိမ့်။ သူ တကယ်ပဲ ဆန်းကြယ်ကောင်းကင်ဘုံခန်းမ တစ်ခုလုံးကို ဖျက်ဆီးနိုင်မှာလား။”
ဟုန်ယွိသည် ခန်းမ၏ နက်ရှိုင်းသော နေရာသို့ ဝင်သွားပြီး ထိုင်ချလိုက်သည်နှင့် တစ်ပြိုင် နက် ခန်းမတစ်ခုလုံးကို ထူထပ်သော မြူနှင်းများက ဖုံးလွှမ်းသွားသည်။ ဟွမ်ယန်ယန်၏ မျက်ဝန်းများ ဝင်းလက်သွားပြီး သူမလည်း ခန်းမထဲသို့ ဝင်ရန် ကြိုးစားလိုက်သော်လည်း သူမ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ဟင်းလင်းပြင်စွမ်းအားများက သူမကို ဝန်းရံ သွားသည်ကို တွေ့လိုက်ရသည်။ သူမသည် မည်သို့ပင် စိတ်ဝိညာဉ် စွမ်းအားကို သုံးပါစေ၊ အပြင်ဘက်တွင် ပိတ်မိနေပြီး လက်မမျှပင် မလှုပ်ရှားနိုင်တော့ချေ။
“ဒါဟာ ‘ဘုံနှစ်ပါး အရပ်ဆယ်မျက်နှာ ဝဇိရာ’ လျှို့ဝှက်နတ်ဘုရားစွမ်းရည်ပဲ၊ ‘ဗုဒ္ဓသင်္ကန်း တော်’ ရဲ့ စွမ်းအားပေါ့။ ကျွန်တော် ဒီစွမ်းအားကို စုစည်းနေချိန်မှာ ခင်ဗျား ဘာမှ အလော တကြီဂ မလှုပ်ရှားဦးနဲ့၊ အောက်က ကျွမ်းကျင်သူတွေကို သတိမပေးမိအောင်လို့ပါ။ ဒီဆန်းကြယ်ကောင်းကင်ဘုံခန်းမထဲမှာ အဆင့်ငါး မိုးကြိုးကပ်ဘေး ကြိမ်ကျော်ဖြတ်ထား တဲ့ ကျွမ်းကျင်သူတွေ မရှိဘူးလို့ ပြောလို့မရဘူး။ သူတို့ရဲ့ စိတ်အာရုံတွေ နိုးကြားလာတဲ့ အခါ တစ်ခုခုကို အာရုံခံစားမိနိုင်တယ်။ ဧကရာဇ် နာလန်ယိဟုန်က အဆင့်ငါး မိုးကြိုး ကပ်ဘေး ပညာရှင်ပဲ။ ဧကရာဇ်အကြံပေး ယုဝမ်မူကတော့ အမြော်အမြင်ကြီးပြီး ရက်စက် သူ ဖြစ်သလို အဆင့်ခြောက် မိုးကြိုးကပ်ဘေး ပညာရှင်တစ်ဦးလည်း ဖြစ်ပြန်တယ်။” (Two Realms Ten Directions Vajra Great Hidden Divine Ability- အဆင်ပြေသလို ပြန်ဆိုထားသည်။)
ဟုန်ယွိ၏ အသံမှာ ဖြည်းညင်းစွာ လွင့်ပါးလာသည်။ ဟွမ်ယန်ယန်၏ ရင်ထဲ၌ တင်းကျပ် သွားပြီး သူမ၏ မျက်နှာဖုံးနောက်ကွယ်မှ အောက်ဘက်သို့ တိတ်ဆိတ်စွာ ငုံ့ကြည့်နေ လိုက်တော့သည်။
“ဟုန်ယွိနဲ့ ဉာဏ်ပညာချင်း စမ်းကစားဖို့ဆိုရင် တစ်ရက်တည်းနဲ့ ပြီးမှာ မဟုတ်ဘူးပဲ... ယန်အန်း၊ မင်း တကယ်ပဲ သေသွားပြီလား။ ငါတော့ မယုံနိုင်သေးဘူး...”
ခန်းမကြီးအတွင်း၌ ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်ထဲမှ ထွက်ခွာကာ အစစ်အမှန် ကိုယ်ထည်အတွင်းသို့ ဝင်ရောက်သွားသည်။ တစ်ချိန်တည်းမှာပင် သူသည် ပြင်းထန်သော မှော်စွမ်းအားကို ထုတ်လွှတ်ပြီး အသစ်စုစည်းထားသော စိတ်ဝိညာဉ် စွမ်းအင်နှင့် အမျိုးမျိုး သော နတ်ဘုရားစွမ်းအားများကို ဆက်တိုက် စုစည်းနေတော့သည်။
သူသည် ဤစွမ်းအားများကို ပေါင်းစပ်ပြီး ‘အလယ်ဗဟို ဟင်းလင်းပြင် စွမ်းအား’ ‘အလယ် ဗဟိုမြေဓာတ် ဟင်းလင်းပြင် မဟာစွမ်းအင်’ ၊ ‘ဘုံသုံးပါး မူလစွမ်းအင် အမြောက်’ နှင့် ‘ထာဝရမြင့်မြတ်သောအလင်း’ တို့နှင့် ယှဉ်နိုင်သော မကြုံစဖူး အစွမ်းထက်သည့် အရာတစ်ခုအဖြစ် ပြောင်းလဲချင်နေခြင်း ဖြစ်သည်။
‘ထာဝရမြင့်မြတ်သောအလင်း’ ဆိုသည်မှာ ‘တိုင်ရှန်တာအို’ဂိုဏ်း၏ ‘ထာဝရနိုင်ငံတော်’ မှ ထွက်ပေါ်လာသည့် နတ်ဘုရားအလင်း ဖြစ်သည်။
မူလက ဟုန်ယွိသည် ဟွမ်ယန်ယန်ကို ခြောက်လှန့်ရန်အတွက်သာ ဤစွမ်းအားများကို စုစည်းခဲ့ခြင်း ဖြစ်သော်လည်း ၎င်းသည် ‘ဘုံသုံးပါး မူလစွမ်းအင် အမြောက်’ ၏ ဝိညာဉ် အမှတ်အသားအချို့နှင့် လျှို့ဝှက်ချက်များကို မမျော်လင့်ဘဲ နိုးထလာစေခဲ့သည်။ ထိုလျှို့ဝှက်ချက်များသည် ‘ကျီရှန်းထျန်း’ က ‘ဖရိုဖရဲ ကောင်းကင်အနှစ်သာရ အမြုတေ’ ကို သန့်စင်ခဲ့စဉ်က ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
ကျီရှန်းထျန်းသည် ဟုန်ယွိ ‘ကောင်းကင်မြို့တော်’ ကို သန့်စင်နေစဉ် အချိန်အတွင်းမှာပင် အောင်မြင်မှုရအောင် အသုံးချနိုင်ခဲ့သည်။ ‘မူလကြေးနီ အစစ်မှန် စွမ်းအင်’၏ ရိုက်ခတ်မှု ကြောင့် အမြုတေအတွင်းရှိ အချို့သော အရာများမှာ ဝိညာဉ်အမှတ်အသားအဖြစ် ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
ထိုအရာများ၏ အကူအညီဖြင့် ဟုန်ယွိသည် သူ၏ စွမ်းအားသစ်ကို စုစည်းနေစဉ်မှာပင် ‘ဘုံသုံးပါး မူလစွမ်းအင် အမြောက်’ ၏ လျှို့ဝှက်ချက်များကိုပါ နားလည်နိုင်ရန် ဖြစ်နိုင်ခြေ ရှိသွားခဲ့သည်။
ယခုအခါ ဆန်းကြယ်ကောင်းကင်ဘုံခန်းမ၌ အရှုပ်အထွေးများ ဖြစ်ပေါ်နေပြီး အင်အားစု အမျိုးမျိုးက လောဘဇောဖြင့် စောင့်ကြည့်နေကြရာ ကြီးမားသော စစ်ပွဲကြီးတစ်ခုမှာ မလွဲ မသွေ ပေါက်ကွဲလာတော့မည်။ ဧကရာဇ် ယန်ဖန်နှင့် ဟုန်ရွှန်ကျိတို့သည်ပင် ‘ဖန်ဆင်းခြင်း သင်္ဘော’ ဖြင့် ရောက်ရှိလာနိုင်သောကြောင့် သူသည် အစွမ်းကုန် ပြင်ဆင်ထားရမည် ဖြစ်သည်။
“ဝမ်းယွမ်၊ စက်ဝန်းတစ်ခု၊ ခေတ်တစ်ခေတ်... စကြဝဠာရဲ့ အဆီအနှစ်၊ ကပ်ဘေးမှ ပြန်လည်မွေးဖွားခြင်း... ကောင်းကင်နှင့် မြေကြီး၊ အနက်ရောင်နှင့် အဝါရောင်၊ ဖရိုဖရဲ မူလအစ... စကြာဝဠာ၏ တောင်ပံဆယ်ခု၊ ပညာရှင် သူတော်စင်ပေါင်း တစ်ရာ၏ အခြေ အတင် ဆွေးနွေးမှု... မဟာဝဇိရပညာပါရမီ၊ အမှန်တရားကို သိမြင်ခြင်း၊ နတ်ဘုရား သခင် ဗောဓိ၊ ပစ္စုပ္ပန်ဗုဒ္ဓ၊ အသက်မဲ့ လေဟာနယ်၊ မိုးကြိုးအမျက်ဒေါသ၊ အသက်ရှည်ခြင်း၏ ဘုရင်အစစ်... ထာဝရအတိုင်းအဆမဲ့၊ နဂါးနှင့်မြွေတို့ ထကြွခြင်း၊ ကြယ်တာရာများ ရွေ့လျားခြင်း၊ မဟာဖျက်ဆီးခြင်း နတ်ဘုရားဘုရင်၊ သန့်စင်သော မူလကြေးနီ၊ ကောင်းကင်ဘုံ၏ သေမင်း၊ ဗြဟ္မာလမ်းစဉ်ခြောက်သွယ်၊ ဘုရင်လမ်းစဉ်၊ အာဏာရှင် လမ်းစဉ်၊ မူလကောင်းကင်၊ မူလစွမ်းအင်၊ မူလကံကြမ္မာတာအိုသစ်သီး...”
ရှည်လျားလှသော ရှေးဟောင်း ဂါထာမန္တန်များသည် ဟုန်ယွိ၏ အတွေးစတိုင်းနှင့် သူ့ အရေပြား၏ တစ်လက်မတိုင်းဆီမှ ယဇ်ပူဇော်သည့် စာသားများကဲ့သို့ ထွက်ပေါ်လာနေ သည်။
ဤစာသားများနှင့် ဂါထာမန္တာန်များသည် ဟုန်ယွိ နားလည်သဘောပေါက်ထားသည့် စိတ်စွမ်းအင် ပညာရပ်အမျိုးမျိုး၊ တာအိုကျင့်စဉ်များ၊ သိုင်းပညာရပ်များ၊ အသိပညာ ဗဟုသုတများနှင့် ရှေးခေတ်မှ ယနေ့အထိ လေဟာနယ်ကျယ်ကြီးအတွင်း သူ၏ နားလည် မှုအားလုံးကို ဖော်ပြနေခြင်း ဖြစ်သည်။
ဤသည်မှာ ဟုန်ယွိ အဆင့်ခြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးနောက် သူ၏ အသိပညာအားလုံးကို ပထမဆုံးအကြိမ် စုစည်းလိုက်ခြင်း ဖြစ်သည်။
မိုးကြိုးကပ်ဘေး ခြောက်ကြိမ်ကို ကျော်ဖြတ်ပြီးကတည်းက ဟုန်ယွိသည် အရာများစွာကို သင်ယူခဲ့သည်။ သူသည် ‘ဖန်ဆင်းရှင်’သခင် နယ်ပယ်သို့ တိုက်ရိုက်ဝင်ရောက်ရန် မလုံ လောက်သေးသလို၊ ဖန်ဆင်းရှင်ဖြစ်လာပြီးနောက် ဖြစ်ပေါ်တတ်သည့် အင်အားချည့်နဲ့ သည့် ကာလမျိုးကိုမဖြစ်ပေါ်ရန် မစွမ်းနိုင်သေးသော်လည်း၊ သူ၏ စွမ်းအားမှာ တစ်စထက် တစ်စ ပိုမိုသန်မာလာခဲ့ပြီး အသိပညာနှင့် စွမ်းအင် စုဆောင်းမှုမှာလည်း ပိုမိုအားကောင်း လာခဲ့သည်။
ဤအခိုက်အတန့်တွင် သူသည် သူ၏ အတွေးစများအတွင်းရှိ စုဆောင်းထားသည့် အသိပညာ အားလုံးကို လှုံ့ဆော်လိုက်ပါသည်။ စကြဝဠာကျမ်းစာနှစ်စောင်၊ မဟာဝဇိရ ပညာပါရမီလမ်းစဉ်၊ ဇမ္ဗူမဟာအစီအရင်၊ ကောင်းကင်မြို့တော်၏ လျှို့ဝှက်ချက်များ၊ ဖရိုဖရဲ ကောင်းကင်အနှစ်သာရ အမြုတေ၏ ဝိညာဉ်အမှတ်အသားများ၊ ကောင်းကင်ဘုံ သေမင်းဘီး’ ၏ စာအုပ်နှင့် ‘မူလကံကြမ္မာတာအိုသစ်သီး’... အားလုံးမှာ တစ်ခုပြီးတစ်ခု ဖြတ်သန်း ပေါ်ပေါက်လာတော့သည်။ သူသည် အဆက်မပြတ် လေ့လာသုံးသပ်ကာ အတွေးစများကို ဖလှယ်ပြီး စုစည်းနေလေသည်...
တဖြည်းဖြည်းနှင့်...
ဟုန်ယွိ၏ အတွေးစတိုင်းမှ သိမ်မွေ့သော မီးပွားများ ထွက်ပေါ်လာပြီး မီးစွဲနေသကဲ့သို့ ရှိနေလေသည်။ ဤသည်မှာ သူ့စိတ်နှလုံးထဲမှ မီးလျှံမဟုတ်ဘဲ သူ၏ အတွေးစများကို အစွန်းကုန် အသုံးပြုနေခြင်းကြောင့် ထွက်ပေါ်လာသော ‘ပညာမီးလျှံ’များ ပင် ဖြစ်သည်။
ဤပညာမီးလျှံများသည် သူ၏ အသိပညာအားလုံးကို အရည်ဖျော်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း နှင့် သန့်စင်ခြင်းများ ပြုလုပ်နေသလို တစ်ချိန်တည်းမှာပင် ခန်းမတစ်ခုလုံး၌ စုစည်းနေ သော အင်အားကြီးမားသည့် စွမ်းအင်ထုကြီးနှင့် ပေါင်းစပ်သွားသည်။
ဝုန်း... ဝုန်း... ဝုန်း... ဝုန်း...
နောက်ဆုံးတွင် အပြင်းအထန် စုစည်းနေသော စွမ်းအားများကြောင့် နဂါးရေခဲတိုင် ၅၀၁ တိုင်လုံးမှာ တုန်ခါလာတော့သည်။
ဟုန်ယွိ၏ အတွေးစများက ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ကို မောင်းနှင်လိုက်ပြီး ကြီးမား သော ကံကြမ္မာ အမှတ်အသား တစ်ခုကို ဖန်တီးလိုက်သည်။ ဤအမှတ်အသားသည် ပုံသဏ္ဌာန်မျိုးစုံ ပြောင်းလဲနေပြီး ခန်းမကြီးအတွင်း စိတ်ဝိညာဉ် စွမ်းအားများနှင့် ပေါင်းစပ် သွားသည်။
ယခုအခါ ခန်းမတစ်ခုလုံးရှိ စွမ်းအားများသည် စိတ်ဝိညာဉ် စွမ်းအင်စီးကြောင်း သန်းပေါင်း များစွာဖြင့် ဖွဲ့စည်းထားသော ‘မြင့်မြတ်သော အဆောင်တံဆိပ်’ တစ်ခုအဖြစ် လုံးဝ စုစည်း သွားခဲ့ပြီ ဖြစ်သည်။ ၎င်းသည် ဝိုင်းစက်နေသည်လည်းမဟုတ်၊ လေးထောင့်ကျကျလည်း မဟုတ်ဘဲ အမြဲတစေ လင်းလက်တုန်ခါနေ၏။ ရုတ်တရက် ထိုတံဆိပ်သည် ရှစ်ခုအဖြစ် ကွဲထွက်သွားပြီး ဟုန်ယွိ နားလည်ထားသော “ကောင်းကင်၊ မြေကြီး၊ လေ၊ မိုးကြိုး” ဟူသည့် စာလုံးရှစ်လုံးအဖြစ် ပြောင်းလဲသွားသည်။
ကျန်ရှိသော လေးခုမှာမူ “ရေ၊ မီး၊ တောင်တန်းနှင့် လွင်ပြင်” တို့ပင် ဖြစ်သည်။
“ကောင်းကင်၊ မြေကြီး၊ လေနှင့်မိုးကြိုး၊ ရေ၊ မီး၊ တောင်တန်း၊ လွင်ပြင်၊ ပြောင်းလဲခြင်း၏ အခြေခံ၊ အရာအားလုံး၏ အစ၊ အနာဂတ်ပြောင်းလဲမှုများကို တွက်ချက်ခြင်း၊ လူ့လောက ၏ နက်နဲမှုကို သိမြင်ခြင်း၊ နိဗ္ဗာန်နယ်ပယ်၏ နတ်ဘုရားစွမ်းအားကို ကျော်လွန်ခြင်း၊ လိပ်ခွံပေါ်က နိမိတ်များကို ဖတ်ရူခြင်း...”
ဝိညာဉ်အားလုံး၊ ဖန်ဟွမ်အသက်ဝိညာဉ်ဓားနှင့် ခန်းမ၏ စိတ်ဝိညာဉ် စွမ်းအားအားလုံးမှာ တစ်ခုတည်းအဖြစ် စုစည်းသွားကာ အခြေခံ နတ်ဘုရားစွမ်းအား ရှစ်မျိုးအဖြစ် ပြောင်းလဲ သွားသည်။ ထို့နောက် ၎င်းတို့သည် ရုတ်တရက် ထပ်မံ အသွင်ပြောင်းလဲသွားပြန်သည်။ ဟုန်ယွိ၏ တောက်ပသော ပညာမီးလျှံအောက်တွင် ၎င်းတို့သည် ခိုင်မာလှသော ‘မြင့်မြတ်သော အဆောင်တံဆိပ်’ တစ်ခုအဖြစ် ပြင်းထန်စွာ ပြန်လည် စုစည်းသွားခဲ့သည်။
ဤအဆောင်တံဆိပ်၏ ပတ်ပတ်လည်တွင် အလင်းတန်းများမှာ အဆက်မပြတ် တဖျတ် ဖျတ် လင်းလက်နေပြီး၊ တစ်ခါတစ်ရံ တိုတောင်းကာ တစ်ခါတစ်ရံ ရှည်လျားလှသည်။ အတိုဆုံးမှာ လက်မအနည်းငယ်သာ ရှိသော်လည်း အရှည်ဆုံးမှာမူ မိုင်ပေါင်းများစွာအဖြစ် ဆန့်ထွက်သွားခဲ့သည်။ ၎င်းသည် ခန်းမကြီးအတွင်းမှ ထိုးထွက်လုနီးပါးဖြစ်ပြီး အချိန်နှင့် ဟင်းလင်းပြင်များကို ဖြတ်ကျော်ကာ ပျက်စီးခြင်းနှင့် ပြန်လည်မွေးဖွားခြင်း၊ စွမ်းအားနှင့် နိယာမတို့အပြင် အကြောင်းနှင့်အကျိုးတို့ကိုပါ ကိန်းဝပ်နေသည်။
အချိန်နှင့် ဟင်းလင်းပြင်၊ သေခြင်းနှင့် ရှင်ခြင်း၊ နိယာမ၊ ကံကြမ္မာ...
ဤအရာအားလုံးမှာ ဤ “မြင့်မြတ်သော အဆောင်တံဆိပ်” ၏ အလင်းတန်းထဲတွင် ကိန်းဝပ်နေခြင်း ဖြစ်သည်။
ဤတွင် ဟုန်ယွိသည် နောက်ဆုံး၌ သူ၏ ပညာမီးလျှံကို အသုံးပြုပြီး မကြုံစဖူး အစစ်မှန် စွမ်းအားသစ်၏ အခြေခံပုံစံကို စုစည်းနိုင်ခဲ့ပြီ ဖြစ်သည်။ ဤစွမ်းအားသစ်သည် ပြည့်စုံခြင်း မရှိသေးသော်လည်း ၎င်း၌ ပါဝင်သော ကြီးမားလှသည့် စွမ်းအားကိုမူ မည်သူမျှ လျစ်လျူရူ ၍ မရသည်မှာ သေချာသည်။
“ဝမ်ယွင်၊ စက်ဝန်းတစ်ခု၊ ခေတ်တစ်ခေတ်... အဲဒီစက်ဝန်းကို ကျော်လွန်ခြင်းက ‘နိဗ္ဗာန နယ်ပယ်’ ပဲ။ ငါ့မှာ အဲဒီစက်ဝန်းကို ကျော်လွန်နိုင်တဲ့ တာအိုပညာရပ်မျိုး မရှိသေးသလို၊ မင်းရဲ့ ဒီစွမ်းအားကလည်း အခုလောလောဆယ်မှာ စက်ဝန်းတစ်ခုကို ဖြတ်ကျော်ပြီး နိဗ္ဗာန နယ်ပယ်ကို ရောက်နိုင်တဲ့ အစွမ်းမျိုး မရှိသေးဘူး။ ဒါပေမဲ့ မင်း တဖြည်းဖြည်း ကြီးထွား လာတာနဲ့အမျှ မင်းမှာ အဲဒီစွမ်းအားကို ပိုင်ဆိုင်လာလိမ့်မယ်။ ဘာလို့လဲဆိုတော့ မင်းမှာ အချိန်၊ ဟင်းလင်းပြင်၊ သေခြင်းရှင်ခြင်း၊ နိယာမနဲ့ ကံကြမ္မာဆိုတဲ့ အဆုံးစွန် နတ်ဘုရား စွမ်းရည် ရှစ်မျိုး ပါဝင်နေလို့ပဲ။ မင်းဟာ စကြဝဠာကို ဖျက်ဆီးနိုင်သလို ကမ္ဘာသစ်ကိုလည်း ဖန်ဆင်းနိုင်တယ်၊ အဆုံးမဲ့ တာအိုစွမ်းအားကို ပိုင်ဆိုင်ပြီး အပြစ်ဆိုဖွယ်မရှိတဲ့ စည်းမျဉ်း တွေကို သတ်မှတ်ကာ အကြောင်းနဲ့အကျိုးတရားကိုပါ ထိန်းချုပ်နိုင်တယ်။ မင်းရဲ့ ဒီစွမ်းအားဟာ သူတော်စင်အားလုံးရဲ့ အထက်မှာ ရှိနေပြီး သူတော်စင်တွေထက်ရော၊ နဂါးတွေထက်ရော ပိုပြီး ရှေးကျတဲ့ ‘အမြင့်မြတ်ဆုံး အခြေခံ’ ပဲ။ မင်းက အရာအားလုံးကို အမိန့်ပေးနိုင်တဲ့ သူတော်စင်တွေရဲ့ ဘိုးဘေး၊ သူတော်စင်တွေရဲ့ ပညာအဆီအနှစ်ပေါ့။ မင်းကို ‘ယွမ်’၊ ‘ကု’၊ ‘ရှီ’ လို့ ခေါ်လို့ရသလို ‘ဘိုးဘေး’ လို့လည်း ခေါ်လို့ရတယ်။ မင်းကို ‘မဟာ’၊ ‘အဆီအနှစ်’၊ ‘တောက်ပမှု’ လို့ ခေါ်လို့ရမှတော့ ငါ မင်းကို “ကမ္ဘာဦးဘိုးဘေးတို့၏ မဟာအဆီအနှစ်”လို့ပဲ အမည်ပေးလိုက်မယ်။”
ဟုန်ယွိသည် နောက်ဆုံး၌ သူ၏ ‘စွမ်းအား’ ကို အမည်ပေးလိုက်သည်။
၎င်းစွမ်းအင်၌ ကောင်းကင်၊ မြေကြီး၊ လေ၊ မိုးကြိုး၊ ရေ၊ မီး၊ တောင်၊ လွင်ပြင်၊ အချိန်နှင့် ဟင်းလင်းပြင်၏ သေခြင်းရှင်ခြင်း၊ နိယာမနှင့် ကံကြမ္မာတို့၏ အလင်းတန်းများ ကိန်းဝပ် နေသည်။ ထိုစွမ်းအင်သည် အမှန်တကယ်ပင် သူတော်စင်တို့၏ ပညာအဆီအနှစ်ပင် ဖြစ်သည်။
ရှေးခေတ် သူတော်စင် ဧကရာဇ်များနှင့် အလယ်ခေတ် ပညာရှင် သူတော်စင်ကြီးများ၏ အသိပညာအားလုံးပင်လျှင် ဤနတ်ဘုရားစွမ်းအား ရှစ်မျိုးအတွင်းမှ လွတ်မြောက်နိုင်ခြင်း မရှိချေ။
ဟုန်ယွိ ဤ ‘မဟာအဆီအနှစ်’ ကို စုစည်းပြီးစီးချိန်မှာပင် ခန်းမအပြင်ဘက်က ကောင်းကင် ယံမှာ မှောင်ရီပျိုးစ ပြုနေပြီ ဖြစ်သည်။
ဆန်းကြယ်ကောင်းကင်ဘုံခန်းမ မြို့တော်ပေါ်သို့ ညအမှောင်ထုက တိတ်ဆိတ်စွာ ကျရောက်လာခဲ့ပြီ။
“ဒီ ‘မဟာအဆီအနှစ်’ က အခြေခံပုံစံအဖြစ် စုစည်းပြီးပြီ။ အခုလောလောဆယ် မထုတ် ဖော်သေးတာ အကောင်းဆုံးပဲ။ အောက်မှာတော့ အခြေအနေက ရှုပ်ထွေးနေပြီ ထင်တယ်။ ငါ စွမ်းအားကို သုံးပြီး အောက်ဆင်းကြည့်ဦးမယ်။”
ဟုန်ယွိသည် ‘သူတော်စင်ပေါင်းစုံခန်းမ’ ကို ကောင်းကင်ယံမှာပင် ထားရစ်ခဲ့သည်။ သူသည် သူ၏ပုံရိပ်ကို ဖျောက်ကွယ်လိုက်ပြီး ဟွမ်ယန်ယန်နှင့်အတူ တိတ်တဆိတ် ဆင်းသက်လာခဲ့သည်။
ဤအခိုက်အတန့်တွင် ဆန်းကြယ်ကောင်းကင်ဘုံခန်းမ မြို့တော်အတွင်း၌ မီးအိမ်များနှင့် မီးတုတ်များ နေရာအနှံ့ လင်းထိန်နေ၏။ အရှေ့၊ အနောက်၊ တောင်၊ မြောက် မြို့တံခါး လေးခုစလုံးမှ လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသော စစ်သည်တော်များ ဆက်တိုက် ထွက်ပေါ်လာနေကြသည်။ ၎င်းတို့မှာ ယွန်မင်နိုင်ငံ၏ အထူးချွန်ဆုံး စစ်သည်များ ဖြစ်ပုံရ သည်။ တစ်ချိန်တည်းမှာပင် အချို့သော စစ်သည်များမှာ နွားပေါက်တစ်ကောင်ခန့် ကြီးမား ပြီး ချပ်ဝတ်တန်ဆာများ ဆင်မြန်းထားသည့် ရွှေရောင်ဝံပုလွေကြီးများကိုပါ ခေါ်ဆောင် လာကြသည်။
၎င်းတို့မှာ ယွန်မင်တော်ဝင်မိသားစု၏ ‘ရွှေဝံပုလွေ တပ်မတော်’ ပင် ဖြစ်သည်။
အခန်း (၅၂၆)။
ယွန်မင်၏ ‘ရွှေဝံပုလွေ တပ်မတော်’ သည် ‘သံမဏိဗုဒ္ဓ’ မြင်းတပ်နှင့် အဆင့်အတန်းချင်း တူညီသော အင်အားအကြီးဆုံး တပ်မတော်ကြီး ငါးခုအနက် တစ်ခုဖြစ်သည်။ ဤတပ်မတော်သည် ဧကရာဇ်၏ ကိုယ်ရံတော်တပ်ဖွဲ့ ဖြစ်ပြီး တစ်ဦးချင်း စွမ်းရည် ထက်မြက်ရုံသာမက စုပေါင်းလိုက်လျှင် ကျယ်ပြောလှသော မြက်ခင်းပြင်ကြီး တစ်ခုလုံးကို သိမ်းကျုံးချေမှုန်းနိုင်လောက်အောင် အစွမ်းထက်လှသည်။
ရွှေဝံပုလွေ တပ်မတော်ကို စတင်တည်ထောင်ကတည်းက ယွန်မင်အင်ပါယာသည် မရေ မတွက်နိုင်သော လူမျိုးစုများ၊ နတ်ဆရာများနှင့် ကြမ်းကြုတ်သော လူရိုင်းမျိုးနွယ်တို့၏ စိတ်ဝိညာဉ်များကိုပင် သတ်ဖြတ်နှိမ်နင်းခဲ့သည်။ နောက်ဆုံးတွင် သူတို့သည် လွင်ပြင်ကြီး တစ်ခုလုံးကို စည်းလုံးစေပြီး ထာဝရတည်တံ့မည့် အောင်မြင်မှု သမိုင်းမှတ်တိုင်ကို စိုက်ထူ နိုင်ခဲ့ခြင်း ဖြစ်သည်။
ဉဒေါင်းဘုရင်၏ သမီးတော် ‘ရှင်းယုဆန်’ သည် တစ္ဆေအင်မော်တယ် တစ်ဦးဖြစ်သလို၊ မဟာနတ်ဆိုး အင်မော်တယ်ရှစ်ပါးတွင် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ကြီး၏ သမီးတစ်ဦး ဖြစ်သော်လည်း သူမကိုယ်တိုင်ပင်လျှင် ဤကိုယ်ရံတော်တပ်၏ တပ်မှူးအဆင့်သာ ရှိပြီး၊ စစ်သေနာပတိချုပ် မဟုတ်သေးချေ။ ဤအချက်ကို ကြည့်ခြင်းဖြင့် ဤတပ်မတော် မည်မျှ အင်အားကြီးမားကြောင်း သိနိုင်ပေသည်။
ဤအခိုက်အတန့်တွင် ရွှေဝံပုလွေသားရေဖြင့် ပြုလုပ်ထားသော သံချပ်ကာ အပျော့များကို ဝတ်ဆင်ကာ ကျောတွင် လေးနှင့် ဓားများကို လွယ်ထားသည့် သန်မာထွားကြိုင်းသော စစ်သည်တော်များမှာ ‘ဆန်းကြယ်ကောင်းကင်ဘုံမြို့တော်’ ၏ အရှေ့ဘက်တံခါးအတွင်း သို့ ဒီရေအလား တိုးဝင်လာကြသည်။ နှစ်ပေါင်းထောင်ချီ တည်တံ့ခဲ့သော ဤမြင့်မြတ် နယ်မြေကို လုံးဝဥဿုံ ထိန်းချုပ်ကာ ဝါးမြိုပစ်တော့မည့်အလားပင်။
ရွှေဝံပုလွေ တပ်မတော်သည် ယွန်မင်တော်ဝင်မိသားစု၏ လောဘဇောနှင့် ရည်မှန်းချက် များကို ကိုယ်စားပြုနေသည်။
ဝူး... ဝူး... ဝူး...
ရွှေဝံပုလွေ တပ်မတော်အတွင်းရှိ ရွှေဝံပုလွေကြီးများသည် လမင်းကိုကြည့်ကာ အူနေကြ သည်။ သူတို့၏ အူသံများမှာ အလွန်ပင် ခြောက်ခြားဖွယ်ကောင်းပြီး နတ်ဘုရားများနှင့် ဝိညာဉ်များကိုပင် တုန်လှုပ်စေလောက်အောင် ထိတ်လန့်ဖွယ် ကောင်းလှသည်။
လသာသောညတွင် မြက်ခင်းပြင်ပေါ်က ဝံပုလွေတို့၏ အူသံမှာ ဝိညာဉ် တစ္ဆေသရဲ အားလုံး ကို မောင်းထုတ်ရန် လုံလောက်ပေသည်။ မည်သည့် မိစ္ဆာဝိညာဉ်မှ ပြဿနာရှာရန် မဝံ့ရဲကြ ချေ။ ဝံပုလွေဟူသည်မှာ မကောင်းဆိုးဝါးများကို တွန်းလှန်ရန် မွေးဖွားလာသူများ ဖြစ်သလို တစ်နည်းအားဖြင့် ၎င်းတို့ကိုယ်တိုင်ကပင် မကောင်းမှု၊ ရက်စက်မှု၊ ကြမ်းတမ်းမှုနှင့် ယုတ်မာမှုတို့၏ ပြယုဂ်များ ဖြစ်ကြသည်။
သောင်းနှင့်ချီသော ဝံပုလွေများ တစ်ပြိုင်နက်တည်း အူသံမှာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ အထူးသဖြင့် မြက်ခင်းပြင်ပေါ်က ကြမ်းကြုတ်ဆုံး ရွှေဝံပုလွေကြီးများ ဖြစ်နေသောကြောင့်ပင်။ သူတို့ကို တိုက်ခိုက်ရန် မဆိုထားနှင့်၊ သူတို့၏ အူသံကို ကြားရရုံ မျှဖြင့် လူတစ်ယောက်မှာ စိတ်ဓာတ်ပျက်ပြားသွားစေနိုင်သည်။
ရွှေဝံပုလွေ တပ်မတော်သည် ထိုသို့သော ရွှေဝံပုလွေပေါင်း သောင်းနှင့်ချီ၍ မွေးမြူထား သည်။ ၎င်းတို့အတွက် နေ့စဉ် အသားကျွေးရမည့် ကုန်ကျစရိတ်မှာ မတွေးဝံ့စရာ ပမာဏ ဖြစ်သော်လည်း သူတို့သည် မွေးမြူထားနိုင်ဆဲ ဖြစ်သည်။ ဤအချက်က ယွန်မင်တော်ဝင် မိသားစုတွင် မည်မျှလောက်သော ချမ်းသာကြွယ်ဝမှုနှင့် အရင်းအမြစ်များ ရှိနေကြောင်း သက်သေပြနေသည်။
“ယုဆန်... ‘ရှန်ရှင်းမြို့စား’ က သူ့စစ်တပ်ကို ဦးဆောင်ပြီး အနောက်ဘက်တံခါးကနေ မြို့ထဲဝင်လာပြီ။ သူတို့ သိပ်မြန်တာပဲ။”
ရွှေဝံပုလွေ တပ်မတော် မြို့ထဲသို့ ဝင်လာစဉ်မှာပင် မြင်းစီးသမား အနည်းငယ်မှာ မြို့တံခါး သို့ နောက်ဘက်မှ ရောက်ရှိလာကြသည်။ တစ်ဦးမှာ ရွှေရောင်ဝတ်ရုံကို ဆင်မြန်းထားပြီး ဝံပုလွေသားရေဖြင့် ပြုလုပ်ထားသော ရွှေရောင်ဖိနပ်ကို ဝတ်ဆင်ထားသည်။ သူသည် ‘မဟူရာနတ်ဆိုးချီလင်မြင်း’ ကို စီးနင်းထားပြီး သူ၏ ကိုယ်ပေါ်မှ သမုဒ္ဒရာကဲ့သို့ ကျယ်ပြော ကာ ငရဲကဲ့သို့ နက်ရှိုင်းသော သတ်ဖြတ်လိုသည့် အရှိန်အဝါများ ထွက်ပေါ်နေ၏။
သူသည် ခန့်ညားထည်ဝါသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ မြင်းပေါ်မှ နေ၍ စစ်တပ်ကို ဦးဆောင်လာပုံမှာ စစ်သေနာပတိချုပ် တစ်ဦး၏ အရှိန်အဝါမျိုး အပြည့်ရှိ နေသည်။ မဟူရာဝံပုလွေဘုရင် ‘ဘီရှီဟွာ’ နှင့် နှိုင်းယှဉ်လျှင် သူက ပို၍ နက်ရှိုင်းသော ရဲစွမ်းသတ္တိမျိုး ရှိနေပုံရသည်။
“စစ်သေနာပတိချုပ်... ရှန်ရှင်းမြို့စားက အမြဲတမ်း မြန်ဆန်တတ်တာပဲ။ သူ့ရဲ့ ‘ဖေးယန် တပ်မတော်’ အရင်ဆုံး ရောက်လာတာ မဆန်းပါဘူး။”
ထိုအမျိုးသား၏ ဘေးတွင် ‘မဟူရာနတ်ဆိုးချီလင်မြင်း’ ကို စီးနင်းထားသော အမျိုးသမီး တစ်ဦး ရှိနေသည်။ သူမ၏ ကျောတွင် ဓားရှည်တစ်လက် လွယ်ထားပြီး ဆံပင်ကို ဖဲကြိုးဖြင့် စည်းနှောင်ထားသည်။ သူမသည် သံချပ်ကာ ဝတ်ဆင်မထားဘဲ အစိမ်းနုရောင် ဂါဝန်ကို သာ ဆင်မြန်းထားသဖြင့် တာအိုကျင့်ကြံသူ အမျိုးသမီးတစ်ဦးနှင့် တူလှသည်။
ဤလူလတ်ပိုင်း အမျိုးသားမှာ အခြားသူမဟုတ်၊ ရွှေဝံပုလွေ တပ်မတော်၏ စစ်သေနာပတိ ချုပ် ‘မုရုန်ချောင်’ ပင် ဖြစ်သည်။ သူသည် ‘ဟန်ရှင်းမြို့စား’ ဘွဲ့ကိုလည်း ရရှိထားသူ ဖြစ်သည်။
စစ်သေနာပတိချုပ် ‘မုရုန်ချောင်’သည် ယွန်မင်နိုင်ငံ၏ မုရုန်မျိုးနွယ်စုမှ ထူးချွန်သော တပည့်တစ်ဦးဖြစ်သလို တိုက်ရိုက်မျိုးဆက်လည်း ဖြစ်သည်။ ‘မုရုန်ယန်’နှင့် နှိုင်းယှဉ်လျှင် သူက ပို၍ မျိုးရိုးစစ်မှန်သူ ဖြစ်သည်။
“ရှန်ရှင်းမြို့စားနဲ့ သွားတွေ့ရအောင်။ ပြီးတော့ သူ့ရဲ့ ဖေးယန်တပ်မတော်ကိုလည်း ကြည့်ရ သေးတာပေါ့။ ခဏနေရင် ‘ကျန့်ဝူမြို့စား’ ရဲ့ ‘ကျန့်ဝူတပ်မတော်’ ရယ်၊ ‘ဝူကျီမြို့စား’ ရဲ့ ‘ရှေးဟောင်းမိစ္ဆာ တပ်မတော်’ ရယ် ရောက်လာကြလိမ့်မယ်။ ငါတို့ စစ်သေနာပတိချုပ် ငါးယောက် မဆုံဖြစ်တာ အတော်ကြာပြီပဲ။ ဘီရှီဟွာအတွက်တော့ နှမြောစရာပဲ။” မုရုန်ချောင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ဘီရှီဟွာက မိုးကြိုးကပ်ဘေးအတွင်းမှာ ပေါ့ဆသွားလို့ သူ့ရဲ့ စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို သူများလုယူတာ ခံလိုက်ရတာလေ။ နှစ်ပေါင်းရာနဲ့ချီတဲ့ သူ့ကျင့်စဉ်တွေလည်း အလဟဿ ဖြစ်သွားရတယ်။ ‘သံမဏိဗုဒ္ဓ’ မြင်းတပ်ကိုလည်း အထိတ်တလန့်ဖြစ်စေပြီး ဆုံးရှုံးမှုတွေ အတော်များခဲ့တယ်။ ဒီတစ်ခါ ဧကရာဇ်က သံမဏိဗုဒ္ဓမြင်းတပ်ကို ဦးဆောင်ဖို့ ဘယ်သူ့ကို လွှတ်လိုက်မလဲ မသိဘူးနော်။” ရှင်းယုဆန်က ဆိုသည်။
မုရုန်ချောင်သည် စစ်တပ်အတွင်းမှနေ၍ ဆန်းကြယ်ကောင်းကင်ဘုံ မြို့တော်၏ အလယ် ဗဟိုဆီသို့ မြင်းကို ဒုန်းစိုင်းစီးသွားတော့သည်။ သူသည် ကီလိုမီတာ ဒါဇင်ပေါင်းများစွာ ကျယ်ဝန်းသော မြေညီကွင်းပြင်ကြီးဖြစ်သည့် ဆန်းကြယ်ကောင်းကင်ဘုံခန်းမ၏ အလယ် ဗဟိုဆီသို့ ဦးတည်သွားခြင်း ဖြစ်သည်။
လမ်းတစ်လျှောက်တွင် သတ်ဖြတ်လိုသော အငွေ့အသက်များနှင့် ဝံပုလွေ တစ်ထောင်၏ အူသံများမှာ လေထုအတွင်း ပြည့်နှက်နေတော့သည်။
ဆန်းကြယ်ကောင်းကင်ဘုံခန်းမ၏ အရှေ့ဘက်တွင် လူတစ်သိန်းကျော်ဆံ့သည့် ကြီးမား ကျယ်ဝန်းသော ရင်ပြင်ကြီးတစ်ခု ရှိသည်။ ၎င်းမှာ ဆန်းကြယ်ကောင်းကင်ဘုံခန်းမ၏ တပည့်ပေါင်း သောင်းနှင့်ချီ၍ စုဝေးကြ၊ လေ့ကျင့်ကြပြီး ‘ဆန်းကြယ်ကောင်းကင် တာအို သခင်’ (ရွှမ်တျန်းတာအိုသခင်) ကို ပူဇော်ကြသည့် နေရာဖြစ်သည်။
သို့သော် ယခုအခါတွင်မူ အကြောင်းရင်း တစ်စုံတစ်ရာကြောင့် ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမ တစ်ခုလုံး ဖရိုဖရဲ ဖြစ်နေသည်။ တပည့်အားလုံးမှာ သူတို့၏ အခန်းများထဲတွင် ပုန်းအောင်းနေကြပြီး အပြင်မထွက်ရဲကြချေ။ ထို့ကြောင့် စစ်တပ်သည် မြို့အတွင်းသို့ အတားအဆီးမရှိ ဝင်ရောက်လာနိုင်ကာ ပင်မရင်ပြင်ကြီး၏ ရှေ့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။
ရွှေဝံပုလွေ တပ်မတော်၏ စစ်သေနာပတိချုပ် မုရုန်ချောင် ရင်ပြင်သို့ ရောက်လာချိန်တွင် အနောက်ဘက်မှ အခြားအဖွဲ့တစ်ဖွဲ့ ရောက်လာသည်။ ၎င်းမှာ ရှန်ရှင်းမြို့စား၏ ဖေးယန် တပ်မတော် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အခြားအဖွဲ့ သုံးဖွဲ့သည်လည်း ထမင်းတစ်နပ် စားချိန်အတွင်းမှာပင် ရင်ပြင်သို့ အသီးသီး ရောက်ရှိလာကြသည်။ တစ်ဖွဲ့စီတွင် လူပေါင်း သောင်းနှင့်ချီ ပါဝင် သည်။ အထူးသဖြင့် အဖွဲ့တစ်ဖွဲ့မှာ မြင်းတပ်သက်သက်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သူတို့အားလုံးမှာ မျက်နှာကို ဖုံးအုပ်ထားသော အနက်ရောင် ဝတ်ရုံများကို ဆင်မြန်းထား ကြရာ အမှောင်ထုအတွင်းမှ ထွက်ပေါ်လာသည့် မိစ္ဆာအုပ်စုနှင့် တူလှသည်။ သူတို့ စီးနင်း လာသော မြင်းများမှာလည်း သံမဏိဖြင့် ပြုလုပ်ထားသကဲ့သို့ မထိုးဖောက်နိုင်သော အကြေးခွံများဖြင့် ဖုံးအုပ်ထားကြသည်။
၎င်းမှာ ဤကမ္ဘာပေါ်တွင် အစွမ်းထက်ဆုံး မြင်းတပ်ဖြစ်သည့် ‘သံမဏိဗုဒ္ဓ’ မြင်းတပ်ပင် ဖြစ်သည်။
ယခုအချိန်တွင် ဤတပ်မတော်ကို ဦးဆောင်လာသူမှာ ဝတ်ရုံနက်ကို လွမ်းခြုံထားသော လျှို့ဝှက်ဆန်းကြယ်သူ တစ်ဦးဖြစ်ပြီး လက်ထဲတွင် ပုဆိန်ကြီး တစ်လက်ကို ကိုင်ဆောင် ထားသည်။ ထိုပုဆိန်ကြီးမှာ ဘီရှီဟွာ၏ ‘ပျက်သုဉ်းခြင်း ပုဆိန်’နှင့် တစ်ပုံစံတည်းပင်။
ယွန်မင်နိုင်ငံ၏ အထူးတပ်ဖွဲ့ ငါးခုဖြစ်သော ရွှေဝံပုလွေ တပ်မတော်၊ ဖေးယန်တပ်မတော်၊ ကျန့်ဝူတပ်မတော်၊ ရှေးဟောင်းမိစ္ဆာ တပ်မတော်နှင့် သံမဏိဗုဒ္ဓ မြင်းတပ်မတော်တို့သည် သူတို့၏ စစ်သေနာပတိချုပ်များနှင့်အတူ ဆန်းကြယ်ကောင်းကင်ဘုံမြို့ကို ဖြတ်ကျော်ကာ ရင်ပြင်ရှေ့တွင် စုဝေးမိကြပြီ။ သူတို့သည် ဤမြင့်မြတ်နယ်မြေ၊ မြို့တော်နှင့် ခန်းမကြီးကို ထိန်းချုပ်ရန် ရောက်လာကြခြင်း ဖြစ်သည်။
ဤစစ်တပ် ငါးခုလုံး မြို့ထဲဝင်လာစဉ် မည်သည့် အတားအဆီးမျှ မတွေ့ခဲ့ရခြင်းမှာ အလွန် ပင် ထူးဆန်းလှသည်။ ဆန်းကြယ်ကောင်းကင်ဘုံခန်းမကဲ့သို့သော မြင့်မြတ်နယ်မြေသည် လုံခြုံရေး အလွန်တင်းကျပ်လှပြီး အမာခံတပည့်ပေါင်း သောင်းနှင့်ချီ ရှိသည်။ ယွန်မင် တော်ဝင်မိသားစုအနေဖြင့် ဤမျှ လွယ်လွယ်ကူကူ ထိန်းချုပ်နိုင်ရန်မှာ မဖြစ်နိုင်သလောက် ပင်။
ယွန်မင် မြက်ခင်းပြင်ကြီးတွင် ‘နတ်ဘုရားများ၏ဩဇာ’ သည် ‘ဘုရင်အာဏာ’ ထက် ပို၍ မြင့်မားကြောင်း သိထားရမည်။ ဤနေရာတွင် ဘုရင်ဩဇာအာဏာက အရာအားလုံးထက် ပိုမိုမြင့်မားသည့် အလယ်ဗဟို ပြည်နယ်များနှင့် မတူချေ။
အနောက်ဘက် ဒေသတွင်ဆိုလျှင် ‘ဟွာလျှို’နိုင်ငံ၏ စစ်တပ်သည် ‘အနှစ်သာရနတ်ဘုရား ကျောင်းတော်’ ကို ဝိုင်းရံရန် ကြိုးစားပါက နိုင်ငံ၏ စစ်တပ်ကပင် ပြန်လည် ပုန်ကန်ပြီး ဘုရင်ကို သေဒဏ်ပေးလိမ့်မည် ဖြစ်သည်။
ဝှူး... ဝှူး... ဝှူး...
စစ်သေနာပတိချုပ် ငါးဦးသည် သူတို့၏ တပ်မှူးများနှင့်အတူ ရင်ပြင်ထဲတွင် တစ်ဦးကို တစ်ဦး မျက်နှာချင်းဆိုင် ရပ်နေကြစဉ်၊ အမှောင်ထုအတွင်းရှိ ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမ၏ တံခါးကြီးကို စိုက်ကြည့်နေကြသည်။ မည်သူမျှ အရင်ဆုံး ဝင်ရန် မဝံ့ရဲကြစဉ်မှာ ပင် ကောင်းကင်ယံ၌ အလင်းတန်းအချို့ ပေါ်ပေါက်လာသည်။
ပထမဆုံးမှာ ကြီးမားလှသည့် ‘ခွန်ပန်သန့်စင်ပုံရိပ်’ ဖြစ်သည်။ ဧကရာဇ် နာလန်ယိဟုန် သည် ထိုပုံရိပ်၏ ဗဟိုတွင် တည်ငြိမ်စွာ ရပ်နေ၏။ သူ၏ ဘေးတွင် ငှက်မွေးဝတ်ရုံ၊ ကြယ်တာရာ သရဖူနှင့် ကြိုးကြာဝတ်ရုံကို ဆင်မြန်းထားသော လူငယ်တစ်ဦး ရှိနေသည်။ သူ၏ အရှိန်အဝါမှာ ‘ဟုန်ရွှန်ကျိ’ နှင့် ဆင်တူလှသည်။
ထိုလူငယ်ကို မြင်လိုက်ရသည်နှင့် ရှင်းယုဆန် အပါအဝင် စစ်သေနာပတိချုပ် ငါးဦးလုံးမှာ တုန်လှုပ်သွားကြသည်။ သူတို့မှာ မြင်းပေါ်မှ ဆင်းကာ ဒူးတစ်ဖက် ထောက်လိုက်ကြတော့ သည်။ တစ်ပြိုင်နက်တည်းမှာပင် ရင်ပြင်ရှိ စစ်သည်တော် သောင်းပေါင်းများစွာသည် လည်း ဒူးထောက်လိုက်ကြသည်။
“ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်... ဧကရာဇ်အကြံပေး ယုဝမ်မူကို ဂါရဝပြုပါ တယ်...”
ရှင်းလင်းလှသည်မှာ ထိုလူငယ်သည် မိုးကြိုးကပ်ဘေး ၆ ကြိမ် ကျော်ဖြတ်ထားသည့် ရည်မှန်းချက်ကြီးမားပြီး ရက်စက်တတ်သည့် ဧကရာဇ်အကြံပေး ‘ယုဝမ်မု’ ပင် ဖြစ်သည်။ သူသည် တစ်ခါက မုန့်ရှန်းကျီထံတွင် ရှုံးနိမ့်ခဲ့ဖူးသော်လည်း ‘ဆန်းကြယ်ကောင်းကင် ပြန်လည်မွေးဖွားခြင်း ပညာ’ ကို အသုံးပြု၍ ပြန်လည်ရှင်သန်လာခဲ့ကာ ယခုအခါ တစ်ဆင့် မြင့်ပြီး အနှိုင်းမဲ့ ပညာရှင်တစ်ဦး ဖြစ်လာခဲ့သည်။
သူ၏ ‘ဘုံသုံးပါး ကောင်းကင်ဓား’ မှာ မဟာကျိုးတည်ထောင်သူ ကျိုးထိုက်ကျူ၏ ‘အစွန်းရောက် ဧကရာဇ် ပြောင်းပြန်စီးဆင်းခြင်း’ ပညာထက် မနိမ့်ကျချေ။
ဧကရာဇ် နာလန်ယိဟုန်နှင့် ယုဝမ်မူတို့အပြင် ထိုပုံရိပ်ပေါ်တွင် အခြားလူအချို့လည်း ရှိနေ သေးသည်။ တစ်ဦးမှာ ဉဒေါင်းဘုရင် ‘ရှင်းရွှမ်’ ဖြစ်ပြီး ကျန်ရှိသူများမှာ လျှော်တေ ဝတ်ရုံများကို ဆင်မြန်းထားသော ထူးဆန်းသည့် တာအိုသခင်များ ဖြစ်ကြသည်။ သူတို့ သည် တော်ဝင်မိသားစုက ပျိုးထောင်ထားသည့် တာအိုကျွမ်းကျင်သူများ သို့မဟုတ် ဧကရာဇ် နာလန်ကိုယ်တိုင် ဖိတ်ခေါ်ထားသော ပြင်ပမှ အကူအညီများ ဖြစ်နိုင်သည်။
တခဏအတွင်းမှာပင် ယွန်မင်တော်ဝင်မိသားစု၏ အရေးပါသော ပုဂ္ဂိုလ်အားလုံးနီးပါး ဆန်းကြယ်ကောင်းကင်ဘုံခန်းမ ရှေ့တွင် စုဝေးမိသွားကြပြီ။
ဤအချိန်တွင် ဟုန်ယွိသည် သူ၏ အထွက်အထိပ် တာအိုပညာကို အသုံးပြု၍ ဆန်းကြယ် ကောင်းကင်ဘုံခန်းမ အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။ သူသည် ကျောက်စိမ်း မြို့တော်ရှိ နန်းတော်ထက် ပိုမိုကြီးမားပြီး ရှုပ်ထွေးလှသော ဤနန်းတော်ကြီးအတွင်း လျှောက်လှမ်းနေ၏။ သူသည် အလွန်သိမ်မွေ့သော အတွေးစများကို အသုံးပြု၍ မည်သူမျှ မသိအောင် အရာအားလုံးကို အာရုံခံနေသည်။
တစ်ချိန်တည်းမှာပင် ဆန်းကြယ်ကောင်းကင်ဘုံခန်းမ၏ အပြင်ဘက်က လှုပ်ရှားမှုအားလုံး မှာ ဟုန်ယွိ၏ စိတ်အာရုံထဲသို့ ရောက်ရှိနေသည်။
“ကျီရှန်းနဲ့ ကောင်းကင်မြွေဘုရင်မတို့ ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမထဲမှာ ရှိနေမလား။ ကျီရှန်းကတော့ ဘာအဆက်အသွယ်မှ မထားခဲ့ဘဲ ထွက်သွားတာပဲ။ အခု ယွန်မင်တော်ဝင် စစ်တပ်က အပြင်မှာ ရောက်နေပြီ၊ ဒါပေမဲ့ ခန်းမထဲမှာ အစွမ်းထက် ဘယ်အင်အားစုကိုမှ မတွေ့ရသေးပါလား။ သူတို့ ဘယ်သွားကြတာလဲ။ တစ်နေရာရာမှာ စုနေကြတာလား။ ဧကရာဇ် နာလန်ကလည်း ခန်းမထဲကို တိုက်ခိုက်လိုပုံမရဘူး၊ သူ တစ်ခုခုကို စောင့်နေပုံပဲ... ဟင်…၊ ဟိုမှာ မှော်စွမ်းအားတွေ အပြင်းအထန် လှုပ်ခတ်နေတာပဲ။”
ဟုန်ယွိသည် အာရုံခံ ရှာဖွေနေရင်း၊ ဆန်းကြယ်ကောင်းကင်ဘုံခန်းမ၏ နက်ရှိုင်းရာသို့ တဖြည်းဖြည်း ဝင်ရောက်သွားသည်။ သူသည် တားမြစ်ချက်များနှင့် အစီအရင် ဝင်္ကပါ ပေါင်း မည်မျှကို ဖြတ်ကျော်ခဲ့ရသည် မသိတော့ချေ။ ရုတ်တရက် ပြင်းထန်သော မှော်စွမ်းအားတစ်ခုက ဟုန်ယွိ၏ စူးစမ်းမှုကို ပိတ်ဆို့လိုက်သည်။
ဟုန်ယွိသည် ဟင်းလင်းပြင်ကို အနည်းငယ် ခွဲထုတ်လိုက်ပြီး ထိုမှော်စွမ်းအားရှိရာ ခန်းမ အတွင်းသို့ လှမ်းဝင်လိုက်သည်။
ခန်းမတစ်ခုလုံးတွင် နတ်ဘုရားရုပ်ထုများကို ထွင်းထုထားသည်။ ၎င်းတို့အထဲတွင် မဟူရာ ကောင်းကင်နတ်ဘုရား၊ ဖျက်ဆီးခြင်းနတ်ဘုရား၊ ‘ကျီရှန်းထျန်း’ (မင်္ဂလာနတ်သမီး) နှင့် ကပြနေသော အမျိုးသမီးတစ်ဦးတို့ ပါဝင်သည်။ သူမမှာ ‘ယိုလဲ့ထျန်း’ (ပျော်ရွှင်ခြင်း နတ်သမီး) ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဗဟို၌ တာအိုသခင်တစ်ဦး ရှိနေသည်။ ၎င်းမှာ မည်သည့် ရုပ်ထုမှန်း မသိရသော်လည်း မှောင်မည်းနေပြီး ထူထပ်သော အနက်ရောင်အလင်းတန်းများ ဝန်းရံ ထားသဖြင့် ပုံပန်းသဏ္ဌာန်ကို မသဲမကွဲသာ မြင်ရသည်။
ထိုတာအိုသခင်၏ အောက်တွင် “ဆန်းကြယ်ကောင်းကင်” ဟူသည့် စာလုံးနှစ်လုံးပါသော မှတ်တမ်းကျောက်စာတိုင် တစ်ခု ရှိသည်။
“ဒါက ဆန်းကြယ်ကောင်းကင်ဘုံခန်းမရဲ့ တည်ထောင်သူ တာအိုသခင် ဆန်းကြယ် ကောင်းကင် (ရွှမ်တျန်းတာအိုသခင်) ပဲ။” ဟုန်ယွိသည် ထိုရုပ်ထုကို ကြည့်ရင်း တစ်စုံ တစ်ခုကို ခံစားလိုက်ရသည်။ ပြင်းထန်သော မှော်စွမ်းအား လှုပ်ခတ်မှုများမှာ ဤရုပ်ထုဆီမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
တခဏမျှ စဉ်းစားပြီးနောက် ဟုန်ယွိက လက်ညှိုးဖြင့် ညွှန်လိုက်သည်။ အနက်ရောင် အလင်းတန်းတစ်ခုသည် သူ၏လက်ထဲတွင် အနက်ရောင် မန္တလာပန်း တစ်ပွင့်အဖြစ် စုစည်းသွားပြီး ထိုရုပ်ထု၏ လက်ထဲသို့ ပျံဝင်သွားခဲ့သည်။ ရုတ်တရက် ထူထပ်သော အမှောင်ထုကြီး တစ်ခု ထွက်ပေါ်လာပြီး ဟုန်ယွိကို အခြားကမ္ဘာတစ်ခုဆီသို့ ခေါ်ဆောင် သွားတော့သည်။
၎င်းမှာ ဆန်းကြယ်ကောင်းကင်ဘုံခန်းမ၏ ကိုယ်ပိုင်ဟင်းလင်းပြင် ‘ကမ္ဘာငယ်လေး’ပင် ဖြစ်သည်။
‘အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်း’ပင်လျှင် သူတို့၏ ကိုယ်ပိုင် ကမ္ဘာငယ်လေး ရှိနေသေးလျှင်၊ ဆန်းကြယ်ကောင်းကင်ဘုံခန်းမလို မြင့်မြတ်နယ်မြေတစ်ခုမှာ ဤသို့သော အခြေခံ အုတ်မြစ် မရှိစရာ အကြောင်းမရှိချေ။
“ဒါက မဟူရာဆန်းကြယ်ကမ္ဘာလား။”
အခြားကမ္ဘာတစ်ခုသို့ ခြေချလိုက်သည်နှင့် အမှောင်ထုအတွင်း၌ ဟုန်ယွိသည် ‘ရှေးဟောင်း နဂါးသင်္ချိုင်း’ ကဲ့သို့ ကျယ်ပြောမှုကို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ပြင်းထန် သော မှော်စွမ်းအားအချို့က သူ့ကို အာရုံခံမိသွားပြီး စစ်ဆေးရန် ရောက်ရှိလာကြတော့ သည်။