အခန်း (၅၂၇-၅၂၈)
Vol. 50 Ch. 527-528
အခန်း (၅၂၇)။
ထူထပ်လှသော အမှောင်ထုအတွင်း၌ သူ မည်သည့်အရာကိုမျှ မခံစားရတော့ချေ။
သူ၏ အတွေးစများပင်လျှင် မင်အိုးတစ်ခုထဲသို့ ကျဆင်းသွားသကဲ့သို့ ဖြစ်နေပြီး ဘာကိုမျှ အာရုံမရနိုင်တော့။ ဤသည်မှာ ‘ဆန်းကြယ်ကောင်းကင်ဘုံခန်းမ’ ၏ မဟူရာဆန်းကြယ် ကမ္ဘာထဲသို့ ဟုန်ယွိ ပထမဆုံး ခြေလှမ်းလှမ်းလိုက်စဉ် ခံစားလိုက်ရသည့် ခံစားချက်ပင် ဖြစ်သည်။
လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို ညဘက်တွင် အကြည်လင်ဆုံး မြင်တွေ့ရတတ်သည်။ သို့သော် ဤ မဟူရာဆန်းကြယ်ကမ္ဘာထဲတွင်မူ သူ ဘာကိုမျှ ရှင်းရှင်းလင်းလင်း မမြင်ရချေ။
ထူထပ်လှသော အမှောင်မူလစွမ်းအင် စီးကြောင်းများသည် လေထုထဲ၌ ပြည့်နှက်နေ၏။ သို့သော် ၎င်းသည် အနည်းငယ်မျှပင် စိတ်မသက်မသာ ဖြစ်မှုကို မပေးစွမ်းချေ။ ထိုအစား တည်ငြိမ်ခြင်း၊ အေးချမ်းခြင်းနှင့် အားအင်ပြန်လည်ပြည့်ဖြိုးခြင်း ခံစားချက်ကိုသာ ပေးစွမ်း လေသည်။
ဤအမှောင်ထုထဲတွင် လွင့်မျောနေသော စိတ်ဝိညာဉ်သည် အနှိုင်းမဲ့ အေးချမ်းနေပြီး မည်သည့် သတ်ဖြတ်လိုစိတ်မှ မရှိတော့ချေ။
ဟုန်ယွိသည် မိမိကိုယ်ကိုယ် ကောင်းကင်နှင့် မြေကြီး မဖန်ဆင်းမီက ‘ကမ္ဘာဦးဥခွံ’ ထဲသို့ ပြန်ရောက်သွားသလို ခံစားနေရသည်။ ၎င်းသည် ကောင်းကင်နှင့် မြေကြီး၏ မူလ စွမ်းအင်ကို မွေးမြူပေးနေသကဲ့သို့ပင်။
“ဒီအမှောင်ကမ္ဘာက ကျင့်ကြံဖို့အတွက် သိပ်ကောင်းတာပဲ၊ ငါ့ရဲ့ ‘သူတော်စင်ပေါင်းစုံခန်းမ’ နဲ့ နှိုင်းယှဉ်ရင်တောင် သူက ထူးခြားတဲ့ နက်နဲမှုမျိုး ရှိနေတယ်။ အရာအားလုံးဟာ အမှောင်ထုထဲမှာ မွေးဖွားရှင်သန်နေကြပြီး ထက်မြက်မှုတွေကို ဖုံးကွယ်ထားကြတယ်...”
ဤအမှောင်ကမ္ဘာထဲသို့ ခြေချလိုက်သည်နှင့် ဟုန်ယွိသည် ဤနေရာမှာ ကျင့်ကြံခြင်း အတွက် အလွန်သင့်တော်ကြောင်း အတွေးတစ်ချက်ဖြင့် သိလိုက်သည်။
သာမန်လူတစ်ယောက် ဤနေရာသို့ ရောက်လာပါက ချက်ချင်းပင် စိတ်အေးချမ်းသွားမည် ဖြစ်ပြီး မည်သည့် အာရုံနောက်စရာ အတွေးမျိုးမှ ရှိတော့မည် မဟုတ်ချေ။ ၎င်းမှာ မိခင်၏ ဝမ်းဗိုက်ထဲမှာ ရှိနေရသလို အေးချမ်းမှုမျိုးဖြစ်ပြီး စိတ်ကို တည်ငြိမ်အောင် ထားရန်နှင့် စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်ထဲမှ ထွက်ခွာစေရန် အလွန်လွယ်ကူလှသည်။
ဤနေရာတွင် ပြင်ပကမ္ဘာ၏ အပျော်အပါးများ မရှိသဖြင့် လူ၏ စိတ်ဓာတ်ကို ပျက်ပြားစေ ရန်လည်း မစွမ်းနိုင်ချေ။
ထို့ပြင် တာအိုကျင့်စဉ်ကို စတင်ကျင့်ကြံသူတစ်ဦးအတွက် ဤအမှောင်ကမ္ဘာမှာ မည်သည့် အန္တရာယ်မှ ရှိမည်မဟုတ်ချေ။ ထိုအစား အမှောင်ထဲတွင် ပိုမိုသန်မာလာစေပြီး ညဘက် လှည့်လည်သွားလာနိုင်သည့် စွမ်းရည်ကို ပေးစွမ်းနိုင်သည်။
အမှောင်ထုသည် ကျင့်ကြံသူ၏ စိတ်ဝိညာဉ်ကို ကာကွယ်ပေးလိမ့်မည်။ ဤနေရာသည် ကျင့်ကြံသူများအတွက် မြင့်မြတ်သော နယ်မြေပင် ဖြစ်သည်။
သိုင်းပညာနှင့် နှိုင်းယှဉ်လျှင် တာအိုကျင့်စဉ်၏ အခက်ခဲဆုံးအပိုင်းမှာ အစပိုင်းဖြစ်ကြောင်း သိထားရမည်။ အချို့သောသူများသည် တစ်သက်လုံး ကျင့်ကြံသော်လည်း စိတ်ကို တည်ငြိမ်အောင်ပင် မထားနိုင်ကြချေ။ သို့သော် ဤအမှောင်ကမ္ဘာထဲတွင်မူ စိတ်ကို လျင်မြန်စွာ တည်ငြိမ်စေနိုင်ပြီး စိတ်ဝိညာဉ် ခန္ဓာပြင်ပထွက်ရာတွင်လည်း ဘေးအန္တရာယ် မရှိနိုင်ချေ။
ဖျောက်….၊
ပြင်းထန်သော မှော်စွမ်းအား လှိုင်းအချို့မှာ အမှောင်ထဲမှ ဖြတ်သန်းလာကြသည်။ ဝင်ပေါက်တွင် ထူးခြားသည့်အရာတစ်ခုခု ရှိနေသည်ကို သူတို့ သတိထားမိသွားပုံရပြီး လာရောက်စစ်ဆေးခြင်း ဖြစ်သည်။ သို့သော် ဟုန်ယွိက မည်သူနည်း။ သူတို့ကို အမိဖမ်းခွင့် ပေးလိမ့်မည် မဟုတ်ချေ။ သူသည် ဟွမ်ယန်ယန်ကို ဆွဲကာ ခန္ဓာကိုယ်ကို လိမ်ဖယ်၍ ရှောင်တိမ်းလိုက်သဖြင့် ထိုစွမ်းအားလှိုင်းများမှာ ဟင်းလင်းပြင်ကိုသာ ဖြတ်သန်းသွားကြ တော့သည်။
“မဟူရာဆန်းကြယ်ကမ္ဘာရဲ့ စွမ်းအားအကြောင်း ကျွန်မ အကြိမ်ကြိမ် ကြားဖူးတယ်။ ဒီနေ့ တော့ ကိုယ်တိုင် မြင်တွေ့လိုက်ရပြီပဲ။ ဒီကမ္ဘာထဲမှာ ဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်ရ ဘူး၊ မင်အိုးထဲ ကျသွားသလိုပဲ။ အခု ဟုန်ယွိ... ရှင် ဘာဆက်လုပ်မှာလဲ၊ ဒီကမ္ဘာက တော်တော်ကြီးပုံရတယ်။”
ဟွမ်ယန်ယန်သည် ဟုန်ယွိ၏ ခန္ဓာကိုယ် သုံးပေပတ်လည်အတွင်း၌ အကာအကွယ် အပြည့်ဖြင့် ရှိနေသည်။ သူမ၏ လက်ချောင်းများကိုပင် မမြင်ရလောက်အောင် မှောင်နေသ ဖြင့် သူမ ဘာမှ မလုပ်နိုင်ချေ။
ချီ…၊
ဟွန်ယန်ယန်သည် သူမလက်ညှိုးကို ဆန့်ထုတ်လိုက်ရာ လက်ထိပ်တွင် မီးတောက်လေး တစ်ခု ဖြစ်ပေါ်လာသည်။ သူမသည် ‘တောက်ပသောမီးလျှံ’ ကို အသုံးပြု၍ အမှောင်ထုကို ဖယ်ရှားကာ ပတ်ဝန်းကျင်ကို လင်းထိန်စေရန် ကြိုးစားလိုက်သည်။ သို့သော် မီးတောက် လေး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ အမှောင်ထုမှာ ရုတ်တရက် လှုပ်ခတ် သွားတော့သည်။
မူလက တည်ငြိမ်နေသော ‘အမှောင်အစစ်မှန်စွမ်းအင်’ များသည် အလင်းအနည်းငယ်ကို မြင်သည်နှင့် တစ်ပြိုင်နက် အမျက်ထွက်သွားကြသည်။
ဝူး... ဝူး... ဝူး...
ကြီးမားလှသော အမည်းရောင် ဝဲဂယက်များသည် ယာကရှာများ၊ သရဲတစ္ဆေများ၊ အသူရာ များ၊ မိစ္ဆာနတ်ဘုရားများ၊ အမည်းရောင် ဓားများ၊ လှံများ၊ မြားများ၊ မြွေနက်များ၊ ဝံပုလွေ နက်များနှင့် အခြား ကြောက်မက်ဖွယ် သားရဲများအဖြစ် စုစည်းသွားကြသည်။ လက်နက် ပေါင်းစုံမှာ အလင်းတိုင်ကို ဝါးမျိုရန် ရှေ့သို့ တိုးဝင်လာကြပြီး ထူးဆန်းသော ရယ်သံများမှာ လည်း တစ်ဆက်တည်း ထွက်ပေါ်လာသည်။ သူတို့သည် အလင်းကို ဖန်တီးနေသော ဖီးနစ်မီးတောက်ကို လုံးဝ ဝါးမျိုပစ်ချင်နေကြခြင်းပင်။
အမှောင်စွမ်းအင်၏ အသွင်ပြောင်းလဲမှုမှာ ကြီးမားလှသည်။ ယခုလေးတင် အေးချမ်းလှ သော အဖွားအိုကြီးကဲ့သို့ ဖြစ်နေသော်လည်း ယခုမူ လူသားစားမည့် အဖွားအိုကြီးအဖြစ် ပြောင်းလဲသွားခဲ့ပြီ။
“မကောင်းတော့ဘူး၊ ဒီအမှောင်ကမ္ဘာထဲမှာ အမှောင်အစစ်မှန် စွမ်းအင်အားလုံးက စိတ်ဝိညာဉ် အသိစိတ် ရှိနေကြတာပဲ။ တကယ်လို့, ခင်ဗျားက အမှောင်ထုနဲ့ ပေါင်းစပ်ချင် တယ်ဆိုရင် သူက ခင်ဗျားကို အေးအေးဆေးဆေး နေခွင့်ပေးမယ်။ ဒါပေမဲ့ ခင်ဗျားက အမှောင်ထုကို ဖျက်ဆီးမယ်ဆိုရင်တော့ သူက ဒီကမ္ဘာရဲ့ စွမ်းအားအားလုံးကို နှိုးဆော်ပြီး ခင်ဗျားကို လုံးဝ ချေမှုန်းပစ်လိမ့်မယ်။”
ဤသည်ကို မြင်လိုက်ရသဖြင့် ဟုန်ယွိ၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ ဟွမ်ယန်ယန်သည် မတော်တဆ ဤကမ္ဘာ၏ စွမ်းအားကို နှိုးဆော်လိုက်မိပြီဖြစ်ကြောင်း သူ သိလိုက်သည်။
အလင်းမရှိလျှင် ဘာမှမဖြစ်သော်လည်း အလင်းရှိလာသည်နှင့် အခြေအနေမှာ ကြောက်စရာ ကောင်းသွားတော့သည်။
သို့သော် အခြေအနေက ဤသို့ဖြစ်လာပြီဆိုမှတော့ အခြားနည်းလမ်း မရှိတော့ချေ။ ထိုယာကရှာများနှင့် မိစ္ဆာနတ်ဘုရားများ ပြေးဝင်လာသည့် ခဏတွင် ဟုန်ယွိသည် ရုတ်တရက် ဟစ်ကြွေးလိုက်သည် - “သူတော်စင်အားလုံး၏ အဆီအနှစ်၊ ပညာအဆီအနှစ် ”
သူ၏ ခန္ဓာကိုယ်မှ သန့်စင်သော အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာသည်။
ဤသန့်စင်သော အလင်းသည် ဗေရောစနဗုဒ္ဓ၏ အဆုံးမဲ့အလင်း မဟုတ်ဘဲ ဟုန်ယွိ ‘သူတော်စင်ပေါင်းစုံခန်းမ’ တွင် စုစည်းခဲ့သော ‘မဟာအဆီအနှစ်’ ပင် ဖြစ်သည်။ အဆီအနှစ် အများအပြားမှာ ကောင်းကင်ယံရှိ ခန်းမကြီးထဲတွင် ကျန်ရှိနေခဲ့သော်လည်း ဟုန်ယွိ၏ အတွေးစများမှာ ၎င်းနှင့် ပေါင်းစပ်နေဆဲ ဖြစ်သည်။
ရုတ်တရက် ဟုန်ယွိကို ဗဟိုပြု၍ ကြီးမားလှသော ပုံဆောင်ခဲအလင်းတန်းများ တဟုန်ထိုး ခုန်ထွက်လာပြီး ကမ္ဘာတစ်ခုလုံးမှာ ရုတ်တရက် လင်းထိန်သွားတော့သည်။
ဟွမ်ယန်ယန်သည် အရုဏ်မတက်မီ အမှောင်ဆုံးအချိန်၌ နေရောင်ခြည်တစ်ခုသည် မိုးကုတ်စက်ဝိုင်းမှ ရုတ်တရက် ခုန်ထွက်လာပြီး ကမ္ဘာမြေကို လင်းထိန်စေလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
ယာကရှာများနှင့် မိစ္ဆာများ အားလုံးမှာ ပေါက်ကွဲပျက်စီးသွားကြတော့သည်။
ကမ္ဘာတစ်ခုလုံးသည် ၎င်း၏ မူလပုံစံကို ရုတ်တရက် ထုတ်ဖော်ပြသလာသည်။
သူတို့အောက်ဘက် ပေတစ်ထောင်ခန့် အကွာတွင် အမည်းရောင် ဂြိုဟ်ကြီးတစ်လုံး လည်ပတ်နေသည်။ ထိုဂြိုဟ်ပေါ်တွင် မြစ်များ၊ ပန်းများ သို့မဟုတ် သစ်ပင်များ မရှိဘဲ ထူထပ်လှသော အမှောင်ထုသာ ရှိသည်။
သို့သော် ထိုဂြိုဟ်ပေါ်ရှိ အမှောင်ထုများ ပွင့်ဟသွားချိန်တွင် ၎င်းသည် ထူထပ်သော တိမ်တိုက်နက်ကြီးများအဖြစ် ပြောင်းလဲသွားပြီး လူများ နေထိုင်ကျင့်ကြံနိုင်ရန် နေရာ ပေးထားသည်။ ၎င်းသည် အလတ်စား ကမ္ဘာငယ်လေးတစ်ခုနှင့် တူလှသည်။
ဤဂြိုဟ်ကမ္ဘာသည် ‘ရှေးဟောင်းနဂါးသင်္ချိုင်း’ လောက် မကြီးမားသော်လည်း ၎င်းသည် တော်ဝင်ချန် အင်ပါယာ၏ ပြည်နယ်တစ်ခုစာလောက်တော့ ကြီးမားသေးသည်။ ၎င်းသည် အဆပေါင်းများစွာ သေးငယ်သွားအောင် လုပ်ထားသည့် ဂြိုဟ်တုလေးတစ်ခုနှင့်ပင် တူနေ ပြီး ၎င်းပေါ်တွင် အမည်းရောင် နန်းတော်များစွာ ရှိနေသည်။ ၎င်းမှာ အစစ်အမှန်နှင့် ပုံရိပ်ယောင်ကြား ရောထွေးနေသကဲ့သို့ပင်။
ဤဂြိုဟ်သည် တော်ဝင်ချန်၏ ပြည်နယ်တစ်ခုစာ ကြီးမားလှသဖြင့် ၎င်းကို တာအို မှော်ရတနာ လက်နက်တစ်ခုအနေနှင့် ကြည့်မည်ဆိုလျှင် အလွန်တရာ ကြီးမားလွန်းလှ သည်။ ၎င်းသည် ‘ဖန်ဆင်းသင်္ဘော’ ထက်ပင် အဆပေါင်းများစွာ ပို၍ ကြီးမားသေးသည်။
သို့သော် ဟုန်ယွိ သေချာကြည့်လိုက်သောအခါ ထိုအမည်းရောင် မြေပြင်မှာ ထူထပ်လှသော တိမ်တိုက်များဖြင့်သာ ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။ ၎င်း၏ အနှစ်သာရ အစစ်အမှန်မှာမူ ဖန်ဆင်းလှေ သို့မဟုတ် သူတော်စင်ပေါင်းစုံခန်းမ တို့လောက်သာ ရှိပေမည်။ ထိုအနှစ်သာရမှ ထွက်ပေါ်နေသော စွမ်းအားမှာမူ ဖန်ဆင်းခြင်း သင်္ဘောထက် မနိမ့်လှပေ။
တစ်နည်းအားဖြင့် ပြောရလျှင် အောက်ဘက်က ဂြိုဟ်ကမ္ဘာတုလေးမှာ ဟုန်ယွိသည် ‘သူတော်စင်ပေါင်းစုံခန်းမ’ ကို လေဟာနယ်ထဲ၌ ပူဇော်ပြီးနောက် ထူထပ်တောက်ပသော စွမ်းအားများကို ထုတ်လွှတ်လိုက်ခြင်းနှင့် တူညီသည်။ ၎င်းသည် မိုင်ပေါင်း နှစ်ရာ၊ သုံးရာ ခန့်ရှိသော ဤကဲ့သို့ ဂြိုဟ်တုလေးမျိုးကို ဖန်တီးပေးနိုင်သည်။
ဤမျှများပြားလှသော အလင်းတန်းများကို ထုတ်လွှတ်ခြင်းမှာ တိုက်ခိုက်ရေးစွမ်းအား အနေဖြင့် မကြီးမားသော်လည်း လူများကို နေရာချထားရန်အတွက်တော့ အသုံးဝင်လှ သည်။
ဟုန်ယွိက အမှောင်ထုကို ဖယ်ရှားလိုက်သဖြင့် နန်းတော်များ ပေါ်လာသလို ဆန်းကြယ် ကောင်းကင်ဘုံခန်းမ၏ ဤသီးသန့်ကမ္ဘာငယ်လေး၏ အနှစ်သာရကိုလည်း သူ မြင်တွေ့ လိုက်ရသည်။
“ဒါဟာ ‘အမှောင်ကြယ်တစ်စင်းပဲ’၊ ကောလာဟလတွေအရ ဒါဟာ ‘ရှေးဦး ရွှမ်တျန်းတာအို သခင်’ ရဲ့ အသက်နှောင်ဖွဲ့ရတနာတဲ့။ ရှေးခေတ် သူတော်စင် ဧကရာဇ်တွေတောင်မှ ဒီ ‘အမှောင်ကြယ်’ ကို သိပ်ကြောက်ရတာ။ ဆန်းကြယ်ကောင်းကင်ဘုံခန်းမရဲ့ သီးသန့် ကမ္ဘာက ‘အမှောင်ကြယ်’ တစ်လုံးနဲ့ ဖွဲ့စည်းထားတာကိုး။”
ကောင်းကင်ယံ၌ ပျံသန်းနေရင်း အောက်ဘက်က ‘အမှောင်ကြယ်’ လေးကို ကြည့်ကာ ဟုန်ယွိသည် ‘ဒိုင်ဇင်ဘုရားကျောင်း’က ရှေးဟောင်း လျှို့ဝှက်ကျမ်းစာများထဲမှ မှတ်တမ်း များကို သတိရလိုက်သည်။
‘ယွမ်’ နှင့် ‘ဆန်းကြယ်ကောင်းကင်’ (ရွှမ်) တို့မှာ ကမ္ဘာဦးရန်ဘက်များ ဖြစ်ကြသည်။ ထို ‘ယန်နတ်ဘုရား’ အဆင့် ကျွမ်းကျင်သူကြီး နှစ်ဦးမှာ မီးနှင့် ရေကဲ့သို့ပင် မတည့်ကြချေ။ ‘ဆန်းကြယ်ကောင်းကင် တာအိုသခင်’ သည် သူတော်စင်ဧကရာဇ် မဖြစ်ခဲ့ဖူးသော်လည်း သူ၏ မှော်စွမ်းအားမှာ အနည်းငယ်မျှ မနိမ့်ကျလှဘဲ ‘ဧကရာဇ်ဖန်’ နှင့်ပင် အဆင့်အတန်း တူညီခဲ့သည်။
ဒိုင်ဇင်ဘုရားကျောင်း၏ လျှို့ဝှက်ကျမ်းစာများထဲတွင် ဆန်းကြယ်ကောင်းကင်ဘုံခန်းမနှင့် ပတ်သက်သမျှ အားလုံးကို မှတ်တမ်းတင်ထားသဖြင့် ဟုန်ယွိအနေဖြင့် ရှေးအကျဆုံး အကြောင်းအရာများနှင့် မစိမ်းလှချေ။
“ချန်ပီယံမြို့စား”
ဟုန်ယွိ အမှောင်ထုကို ဖယ်ရှားပြီး ‘အမှောင်ကြယ်’ ကို ရှာတွေ့လိုက်သည်နှင့် တစ်ပြိုင် နက် ထိုကြယ်ပေါ်ရှိ လူများကလည်း သူတို့ကို အမှန်တကယ် မြင်တွေ့သွားကြပြီ ဖြစ်သည်။
မြေကမ္ဘာတုန်လှုပ်စေမည့် အငွေ့အသက်များကို ပိုင်ဆိုင်ထားသော အမည်းရောင် ပုံရိပ် နှစ်ခုမှာ ကောင်းကင်ယံသို့ ပျံတက်လာကြသည်။ သူတို့မှာ မိစ္ဆာပေါင်း ၁၆၀၀၀ ၏ ဘုရင် များ နိုးထလာသကဲ့သို့ အမှောင်ကြယ်ထံမှ ထူထပ်လှသော အနက်ရောင် အခိုးငွေ့များကို သယ်ဆောင်လာကြသည်။ ရေပုံးတစ်လုံးစာလောက် ထူပြီး မီတာ ရာနှင့်ချီ ရှည်လျားသော အမည်းရောင် သက်တံတစ်ခုမှာ ထိတ်လန့်ဖွယ် အရှိန်အဝါဖြင့် ထွက်ပေါ်လာသည်။
ထို့နောက် ထိုအမည်းရောင် ပုံရိပ်ကြီးနှစ်ခုမှာ ဟုန်ယွိ၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။ သူတို့မှာ လူသားများနှင့် မတူဘဲ အရပ်အမောင်း မြင့်မားလှသော မိစ္ဆာကြီးများ ဖြစ်ကြ သည်။ သူတို့သည် ဆန်းကြယ်ကောင်းကင်ဘုံခန်းမ၏ မဟာနတ်ဘုရား နှစ်ပါးဖြစ်သည့် ‘မဟူရာကောင်းကင် နတ်ဆိုးနတ်ဘုရား’ နှင့် ‘မဟာဖျက်ဆီးခြင်း နတ်ဘုရား’ တို့ပင်။
တစ်ချိန်တည်းမှာပင် အခြား ပုံရိပ်ငယ်အချို့လည်း ‘အမှောင်ကြယ်’ ထံမှ ပျံတက်လာကြ သည်။ စုစုပေါင်း လေးယောက်ဖြစ်ပြီး ဝတ်ရုံနက်များကို ဝတ်ဆင်ထားကြသည်။ သူတို့မှာ ဟုန်ယွိ တောရိုင်းဒေသတွင် ‘စကြဝဠာအိတ်’ ကို လုယူစဉ်က တွေ့ခဲ့ရသော ‘နာလန် ယန်လူ’ နှင့် ‘နာလန်ဟိုင်’ တို့ ဖြစ်ကြသည်။ အခြားနှစ်ယောက်မှာမူ သူ မသိသောလူများ ဖြစ်ကြသည်။
သို့သော် သူတို့မှာ ဆန်းကြယ်ကောင်းကင်ဘုံခန်းမ၏ ခန်းမလေးခုမှ ဂိုဏ်းချုပ်များ ဖြစ်ကြ ပြီး အနည်းဆုံး တစ္ဆေအင်မော်တယ်အဆင့်များ ဖြစ်ကြသည်မှာ ထင်ရှားသည်။
“ချန်ပီယံမြို့စား၊ မင်း တကယ်ပဲ ဒီ ‘မဟူရာဆန်းကြယ်ကမ္ဘာ’ ထဲကို ဝင်နိုင်တာပဲ။ ကြည့်ရ တာ မင်းရထားတဲ့ မူလဝိညာဉ်နတ်ဘုရားနဲ့ မုန့်ရှန်းကျီတို့ရဲ့ အကူအညီက မနည်းဘူးထင် တယ်။ မင်းရဲ့ မှော်စွမ်းအားတွေက ဒီလောက် မြန်မြန်ဆန်ဆန်ကြီး တိုးတက်လာတာကိုး။”
နာလန်ယန်လူ ပျံတက်လာသည်နှင့် ဟုန်ယွိနှင့် ဟွမ်ယန်ယန်ကို မြင်လိုက်ရသဖြင့် သူမက မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။
“အို... လျှို့ဝှက်ဆန်းကြယ်လှတဲ့ ‘အစစ်မှန် ဖီးနစ်မိန်းကလေး’ လည်း ရောက်နေတာပဲ လား။ မင်းက ‘ချင်ပြည်နယ်’ ကို တာဝန်ယူရပြီး အပြင်မထွက်ဘူး မဟုတ်လား။ ဒီတစ်ခါ ဆန်းကြယ်ကောင်းကင်ဘုံခန်းမရဲ့ ကြီးမားလှတဲ့ အကျိုးအမြတ်တွေက မင်းကို ဆွဲဆောင် လိုက်တာလား။”
ဟုန်ယွိသည် ယခုအခါ ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်ကို အသုံးပြုထားပြီး ဘေးတွင်လည်း ဟွမ်ယန်ယန် ရှိနေသဖြင့် သူ၏ မည်သူမည်ဝါဖြစ်ကြောင်းမှာ အတည်ပြုပြီးသား ဖြစ်နေ သည်။ မည်သူမှ ငြင်းဆန်၍ မရနိုင်ချေ။
“ဟွန့်...၊ ကောင်းကင်မြွေဘုရင်မ ဘယ်မှာလဲ။ နာလန်အန်းဟွမ်က သေသွားပြီ၊ အဲဒီ ရှင်းမူ က ဘယ်မှာလဲ။” ဟုန်ယွိသည် သူ့ရှေ့က ကျွမ်းကျင်သူများကို ကြည့်ကာ အေးစက်စွာ ပြုံးရင်း မေးလိုက်သည်။ သူ လှုပ်ရှားမှု မပြုသေးဘဲ အခြေအနေကို စောင့်ကြည့်နေသည်။ ဤ ‘အမှောင်ကြယ်’ ၏ နက်ရှိုင်းသော နေရာတွင် ခန့်မှန်းရခက်သော စွမ်းအားတစ်ခု ရှိနေ သည်ကို သူ ခံစားမိနေသည်။
ထိုစွမ်းအားက သူ့ကို အန္တရာယ်ရှိကြောင်း သတိပေးနေသည်။
“မင်းက ငါတို့ရဲ့ ‘မဟူရာဆန်းကြယ်ကမ္ဘာ’ ထဲက ဒီ ‘အမှောင်ကြယ်’ ပေါ်ကို ရောက်နေ တာတောင် ဒီလောက် မာန်တက်နေတုန်းပဲလား။ ဒီနေရာမှာ ငါတို့ရဲ့ တာအိုပညာရပ်တွေ က ဆယ်ဆလောက် ပိုပြီး အစွမ်းထက်တယ်ဆိုတာ မင်းမသိဘူးလား။ ပြီးတော့ မင်းရဲ့ ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ က ငါတို့ရဲ့ ဝိညာဉ်တွေကို မဖျက်ဆီးနိုင်ဘူး၊ ဘာလို့လဲဆို တော့ ငါတို့ရဲ့ဝိညာဉ်တွေကို အမှောင်စွမ်းအားတွေက ကာကွယ်ပေးထားလို့ပဲ။ ဒါပေမဲ့ မင်းနဲ့ ဒီဖီးနစ်မလေးကတော့ ဒီနေ့ လွတ်မှာ မဟုတ်ဘူး။”
မဟူရာကောင်းကင် နတ်ဆိုးနတ်ဘုရားက ရယ်မောလိုက်ပြီး - “ဒါပေမဲ့ မင်းနဲ့ အဲဒီဟုန်ယွိ ကလည်း ပြန်လည်စေ့စပ်လို့မရနိုင်တဲ့ မဟာရန်သူတွေ ဖြစ်နေတော့ ငါတို့ ပူးပေါင်းလို့ရပါ တယ်။ မင်းက ကောင်းကင်မြွေဘုရင်မ ‘ရှင်းမူ’ ကို လိုချင်တယ်ဆိုရင် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။”
“ဧကရာဇ် နာလန်က ဆန်းကြယ်ကောင်းကင်ဘုံခန်းမ အပြင်မှာ စစ်တပ်တွေ ချထားပြီးပြီ။ သူက ဒီအခွင့်အရေးကို သုံးပြီး ဆန်းကြယ်ကောင်းကင်ဘုံခန်းမ တစ်ခုလုံးကို တော်ဝင် မိသားစုရဲ့ လက်အောက်ကို သွင်းဖို့နဲ့ အာဏာတွေ၊ ရင်းမြစ်တွေကို သိမ်းပိုက်ဖို့ ကြိုးစားနေ တာ။ မင်းတို့တွေကတော့ ဒီမှာ အေးအေးဆေးဆေး ကျင့်ကြံနေနိုင်တုန်းပဲလား...”
ဟွမ်ယန်ယန်က ဝင်ပြောရန် ပါးစပ်ပြင်လိုက်သော်လည်း ဟုန်ယွိက လက်ကာပြလိုက်ပြီး သူမကို တားလိုက်သည်။ ထို့နောက် သူက ထပ်မံ မေးမြန်းလိုက်သည် - “ကောင်းကင်မြွေ ဘုရင်မ ‘ရှင်းမူ’ ရယ်၊ ယိုလော့ထျန်းနဲ့ ကျီရှန်းထျန်းတို့ရော ဘယ်မှာလဲ။”
အခန်း (၅၂၈)။
"ချန်ပီယံနယ်စား... မင်းရဲ့ မောက်မာရိုင်းစိုင်းတဲ့ သဘာဝကတော့ အခုထိ မပြောင်းသေးပါ လား။ ဒီမဟူရာဆန်းကြယ် ကမ္ဘာထဲမှာ၊ ဒီအမှောင်ကြယ်ရဲ့ ပတ်ပတ်လည်မှာ ငါတို့ရဲ့ တာအိုပညာရပ်တွေနဲ့ မှော်စွမ်းအားတွေက ကောင်းကင်အထိ ထိုးတက်သွားမယ်ဆိုတာကို မင်း မယုံသေးတဲ့ပုံပဲ။ မင်းမှာလည်း ‘ဖန်ဆင်းခြင်းဘူးသီး’ ဆိုတဲ့ ကမ္ဘာငယ်လေး တစ်ခု ရှိတာပဲလေ။ ကမ္ဘာငယ်လေးတွေရဲ့ လျှို့ဝှက်နက်နဲမူကို မင်းလည်း သိသင့်တာပေါ့၊"
ကျီရှန်းထျန်း၊ ကောင်းကင်မြွေဘုရင်မ ရှင်းမူနှင့် ယိုလော့ထျန်းတို့ ဘယ်ရောက်ကုန်သလဲ ဟု ဟုန်ယိက အေးစက်စွာ မေးမြန်းလိုက်သည်ကို ကြားသောအခါ၊ မဟူရာကောင်းကင် နတ်ဆိုးနတ်ဘုရားက ယုတ်မာသော အပြုံးဖြင့် တစ်ချက်ရယ်လိုက်ပြီး ကောက်ကျစ်သော စကားဖြင့် ပြန်လည် ပြောဆိုလာသည်။
"မဟာမဟူရာကောင်းကင်... သူ့ကို ဘာလို့ အချိန်ဖြုန်းပြီး စကားပြောနေတာလဲ၊ သူ့ကို အရင်ဖမ်းလိုက်၊ ပြီးမှ ငါးကြီးတွေ အစာဟပ်လာတာကို စောင့်ကြတာပေါ့။"
မဟာဖျက်ဆီးခြင်းနတ်ဘုရား၏ လက်ဝါးထဲတွင် အဖြူရောင် အလင်းတန်းများ လင်းလက် လာပြီး ကျောက်စည်ကြီးကို တီးခတ်လိုက်သကဲ့သို့ လေးလံသော တုန်ခါသံများ ထွက်ပေါ် လာသည်။ တစ်ချိန်တည်းမှာပင် တစ်ချိန်တည်းမှာပင် သူသည် ပြင်းထန်သော တိုက်ခိုက် ရေးနှင့် ဖျက်ဆီးရေး စွမ်းအားများကို ထုတ်ဖော်လိုက်သည်။
"ငါးကြီးတွေ အစာလာဟပ်မှာကို စောင့်မယ် ဟုတ်လား။ ချန်ပီယံမြို့စားတောင်မှ မင်းတို့ အတွက် ငါးကြီးမဟုတ်သေးဘူးလား။ ဒီလောကမှာ ချန်ပီယံမြို့စားထက် ပိုကြီးတဲ့ ငါးဆို လို့ ဖန်ဆင်းခြင်းသင်္ဘောပေါ်က ချန်ဧကရာဇ် ယန်ဖန်နဲ့ ဟုန်ရွှန်ကျိတို့ပဲ ရှိတော့တယ်။ ဒီအမှောင်ကြယ်ကမ္ဘာက အစွမ်းထက်တယ်ဆိုပေမဲ့ ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမထဲ မှာ ဒီလို နက်နဲတဲ့ ရတနာကို ထိန်းချုပ်နိုင်သူ တစ်ယောက်မှ မရှိပါဘူး။ မင်းတို့က ‘ဖန်ဆင်းခြင်းသင်္ဘော’ ကို ဘယ်လိုယှဉ်မှာလဲ။ ဒီ ‘အမှောင်ကြယ်’ ဟာ ဖန်ဆင်းရှင် တစ်ပါး ရဲ့ လက်ထဲမှာ ရှိနေရင်တောင် ‘ဖန်ဆင်းခြင်းသင်္ဘော’ ထက် အနည်းငယ် အားနည်းနေဦး မှာပဲ။ အလွန်ဆုံးရှိလှ ငါ့ရဲ့ ‘သူတော်စင်ပေါင်းစုံခန်းမ’ နဲ့ ယှဉ်နိုင်လောက်ရုံပဲ ရှိမှာပါ။"
ဖျက်ဆီးခြင်းနတ်ဘုရား၏ စကားကို ကြားလိုက်ရသောအခါ ဟုန်ယွိ၏ နှလုံးသားက သိမ့်ခနဲ တုန်ခါသွားပါသည်။
“ဒါ့အပြင် ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမက အခုအချိန်မှာ အတွင်းအပြင် ရန်သူတွေ ဝိုင်းနေတာလေ။ ဒီနတ်ဘုရား အသေးအမွှားလေးတွေက ဘယ်လိုလုပ် ဒီမှာ ခြုံခိုတိုက်ခိုက် ဖို့ ပြင်ဆင်နိုင်မှာလဲ။ ထောင်ချောက်တစ်ခုလား။”
ဖျက်ဆီးခြင်း နတ်ဘုရားနှင့် မဟူရာကောင်းကင် နတ်ဆိုးနတ်ဘုရားတို့မှာ အစွမ်းထက်ကြ သော်လည်း သူတို့ကို အဆင့်လေး မိုးကြိုးကပ်ဘေး ပညာရှင်အဆင့်လောက်သာ သတ်မှတ်၍ ရသည်။ တာအိုပညာရပ်များ၏ နက်နဲမှုအပိုင်းတွင်မူ သူတို့သည် အဆင့်လေး မိုးကြိုးကပ်ဘေး ပညာရှင်များကဲ့သို့ သိမ်မွေ့နက်နဲခြင်း မရှိချေ။ သူတို့၏ တကယ့် တိုက်ခိုက်ရေး စွမ်းရည်မှာ အဆင့်သုံး မိုးကြိုးကပ်ဘေး အထွတ်အထိပ်အဆင့် လောက်သာ ရှိပေမည်။
ဤမဟူရာဆန်းကြယ် ကမ္ဘာထဲတွင် ‘အမှောင်ကြယ်’ အစစ်မှန် စွမ်းအင်၏ အကူအညီဖြင့် ဆိုလျှင်ပင် သူတို့၏ တိုက်ခိုက်ရေးစွမ်းအားမှာ အဆင့်ငါး မိုးကြိုးကပ်ဘေး အဆင့်လောက် သာ ရှိလိမ့်မည်။ အဆင့်ခြောက် မိုးကြိုးကပ်ဘေး ကျော်ဖြတ်ထားသည့် ပုဂ္ဂိုလ်တစ်ဦးနှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။
လက်ရှိ ဟုန်ယွိအနေဖြင့် ကျိုးထိုက်ကျူကဲ့သို့ ကျွမ်းကျင်သူမျိုး (၄) (၅) ယောက်လောက် ပေါင်းတိုက်လျှင်ပင် သူ့ကို မည်သို့မျှ မလုပ်နိုင်သည့်အပြင် သူ၏ လက်ချက်ဖြင့်ပင် သေဆုံး သွားရပေလိမ့်မည်။ သူ့ကို အမှန်တကယ် ယှဉ်ပြိုင်လိုလျှင် ‘ဖန်ဆင်းရှင်’ သခင် အဆင့်ရှိမှ သာ ဖြစ်နိုင်ပေလိမ့်မည်။
သို့ဖြစ်ရာ ဤမျှသော စွမ်းအားမှာ သူ့အတွက် အမှုထားစရာ မရှိပေ။
"ကောင်းကင်ဖျက်ဆီးခြင်း ဓားချက်၊"
ဟုန်ယွိ စဉ်းစားနေစဉ်မှာပင် ဖျက်ဆီးခြင်းနတ်ဘုရားက ရုတ်တရက် စတင် လှုပ်ရှားလိုက် ပြီ ဖြစ်သည်။ ထူထပ်လှသော အမှောင်ကြယ်၏ စွမ်းအင်များနှင့် သူ၏ နတ်ဘုရားစွမ်းအား များ ပေါင်းစပ်သွားပြီး ပေအနည်းငယ်ရှည်သော ဓားစွမ်းအင်တစ်ခု ဖြစ်ပေါ်လာကာ အဆက်မပြတ် လင်းလက်နေ၏။ ၎င်းမှာ နတ်ဘုရားစွမ်းအားနှင့် သဘာဝစွမ်းအားတို့၏ အပြည့်စုံဆုံး ပေါင်းစပ်မှုပင် ဖြစ်သည်။
ရွှမ်း.....
ထိုဓားအလင်းတန်းသည် ဟင်းလင်းပြင်ကို တိုက်ရိုက် ဖြတ်ကျော်သွားပြီး စစ်ပွဲ၏ ပြင်းထန် သော သတ်ဖြတ်လိုစိတ်များကို သယ်ဆောင်ကာ ဟုန်ယွိ၏ ရှေ့မှောက်သို့ ချက်ချင်း ရောက်ရှိလာသည်။
"အဆင့်မရှိတဲ့ ပညာလေးနဲ့၊ ငါ့ရှေ့မှာ လာပြီး ထုတ်ပြရဲတယ်ပေါ့။"
ဟုန်ယွိက နှာခေါင်းရှုံ့လိုက်သည်။ သူက လက်ညှိုးနှင့် လက်ခလယ်ကို ဆန့်ထုတ်လိုက်ရာ မှော်ပညာနှင့် သိုင်းပညာတို့ ပေါင်းစပ်သွားပြီး “စီးဆင်းလေညှင်းဓား” ဓားသိုင်းကို ထုတ်ဖော်လိုက်သည်။ လေကြိုးမျှင်လေးများသည် ပင့်ကူအိမ်ကဲ့သို့ ‘ကောင်းကင် ဖျက်ဆီး ခြင်းဓားချက်’ ကို ရစ်ပတ်နှောင်ဖွဲ့လိုက်လေသည်။
ထို့နောက် ဟုန်ယွိက သူ၏ လက်ချောင်းနှစ်ချောင်းကို လိမ်ယှက်လိုက်ရာ မဟာကမ္ဘာ တံဆိပ်၏ အသွင်ပြောင်းလဲထားသော ပုံစံတစ်ခု ထွက်ပေါ်လာသည်။
ဖျစ်.....၊
ဓားစွမ်းအင်မှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကြေမွသွားတော့သည်။
ဘုန်း....
ဓားစွမ်းအင် ကြေမွသွားသည်နှင့် တစ်ပြိုင်နက် ၎င်းအတွင်းရှိ စွမ်းအားများသည် ဖျက်ဆီး ခြင်း နတ်ဘုရားနှင့် တိုက်ရိုက်ဆက်နွယ်နေသဖြင့် ထိုနတ်ဘုရားမှာ ချက်ချင်းပင် နာကျင် စွာ ညည်းညူလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်မှာ ခေါင်းလောင်းကြီးတစ်ခု ထိုးနှက်ခံလိုက်ရ သကဲ့သို့ တုန်ခါသွားပြီး အတွင်းမှ နတ်ဘုရားစွမ်းအားများ ပွက်လောရိုက် လှုပ်ခါသွားသည့် အသံများ ထွက်ပေါ်လာသည်။
"ဒီလိုဆိုမှတော့ မင်းတို့ ဒီလောက် မာန်မတက်အောင် ငါ သင်ခန်းစာလေး တစ်ခု ပေးရတော့မှာပေါ့။"
ဟုန်ယွိသည် ဓားစွမ်းအင်ကို ချေမှုန်းပြီးနောက် ရပ်မနေဘဲ ကြာပန်းတစ်ပွင့်ကို နင်းကာ လျှပ်တစ်ပြက်အတွင်း ဖျက်ဆီးခြင်းနတ်ဘုရား၏ ရှေ့မှောက်သို့ ရောက်သွားပြီး သူ၏ လက်ညှိုးဖြင့် ထပ်မံ ထိုးနှက်လိုက်ပြန်သည်။ သူ၏ လက်ညှိုးပေါ်တွင် ဖန်ဟွမ် အသက် ဝိညာဉ်ဓား၏ အလင်းတန်းနှင့် သူ၏ အတွေးစများ ပေါင်းစပ်သွားကာ မည်သူမျှ မသိနိုင် သော အမှောင်စွမ်းအားတစ်ခုအဖြစ် စုစည်းသွားလေသည်။
"မဟူရာကောင်းကင် လက်သည်း။"
မဟူရာကောင်းကင် နတ်ဆိုးနတ်ဘုရားသည် အသင့်ပြင်ထားပြီးသား ဖြစ်သဖြင့် ဟုန်ယွိ လှုပ်ရှားလိုက်သည်နှင့် သူက မဆိုင်းမတွ တုံ့ပြန်လိုက်သည်။ သူ၏ လက်နှစ်ဖက်ဖြင့် ဆွဲကုတ်လိုက်ရာ သူ၏ အမည်းရောင် လက်သည်းများကြားမှ အမည်းရောင် အလင်းတန်း (၅) ခု ထွက်ပေါ်လာပြီး ဟုန်ယွိ၏ ဦးခေါင်းနှင့် မျက်နှာကို တိုက်ရိုက် ခြစ်ဆွဲလိုက်သည်။
ဖျက်ဆီးခြင်း နတ်ဘုရားမှာမူ ချက်ချင်း နောက်သို့ ဆုတ်သွားသည်။ အမှောင်ကြယ်၏ အနီးအနားတွင် ဤနတ်ဘုရား နှစ်ပါးစလုံး၏ အရှိန်ဟုန်၊ စွမ်းအားနှင့် ဝိညာဉ်တို့၏ ခိုင်ခံ့မှုတို့မှာ နှစ်ဆခန့် တိုးမြင့်လာသည်။ ဆန့်ကျင်ဘက်အနေဖြင့်မူ ဟင်းလင်းပြင်ထဲက အမည်းရောင် အခိုးအငွေ့များသည် ဟုန်ယွိ၏ မှော်စွမ်းအားနှင့် လှုပ်ရှားမှုများကို တားဆီး နှောင့်ယှက်နေသည်။ တစ်ဖက်က အိမ်ကွင်းတွင် အသာစီးရနေပြီး အခြားတစ်ဖက်ကမူ အကန့်အသတ်များဖြင့် ဖြစ်နေသည်။
သို့သော် ဟုန်ယွိကမူ ထိုအရာကို ဂရုမစိုက်ပါ။ သူ၏ အစွမ်းထက်သော စွမ်းအားဖြင့်ဆို လျှင် သူဆန္ဒရှိသလို သွားလာနိုင်သည်သာ။ သို့သော် သူ သတိထားရမည်မှာ ပြင်းထန်သည့် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုအချို့ကိုပင်။ ထို့ကြောင့် သူသည် အနည်းငယ် သတိထားကာ အင်အား ထိန်ချန်ထားသည်။
"ကျွင်းထျန်းဘီး….၊ ကြာပန်းတစ်ထောင်။" (ကျွင်းထျန်းဘီး) အင်အားစု နှစ်ခု (ဥပမာ - Yin နဲ့ Yang၊ အလင်းနဲ့ အမှောင်) ကို တစ်ဖက်စောင်းနင်း မဖြစ်စေဘဲ ဟန်ချက်ညီညီ ထိန်းညှိ ပစ်လိုက်သည့် အဓိပ္ပာယ်ပါ။)
မဟူရာကောင်းကင် နတ်ဆိုးနတ်ဘုရား၏ လက်သည်းများကို ရင်ဆိုင်ရသောအခါ ဟုန်ယွိ က အလျှော့မပေးဘဲ လက်နှစ်ဖက်ကို လှုပ်ခါလိုက်သည်။ ဖရိုဖရဲ အလင်းတန်းများ ပါသော ဘီးလုံးကြီးတစ်ခု သူ့လက်ထဲမှ ထွက်လာပြီး မဟူရာကောင်းကင် နတ်ဆိုးနတ်ဘုရား၏ လက်သည်းများကို ပြင်းထန်စွာ ဖြတ်တောက်ပစ်လိုက်လေသည်။
ဖတ်….
မဟူရာကောင်းကင် နတ်ဆိုးနတ်ဘုရား၏ ထက်ရှလှသော လက်သည်းများသည် အမှန်ပင် အဖြတ်ခံလိုက်ရ၏။ ထို့နောက် ဟုန်ယွိက သူ၏ လက်ချောင်းဆယ်ချောင်းလုံးကို ခါထုတ် လိုက်ရာ ဘုန်း ဘုန်း ဘုန်း ဆိုသော အသံများနှင့်အတူ ကြာပန်းပေါင်း တစ်ထောင် ပွင့်အာလာသကဲ့သို့ လေလှိုင်းများ ထွက်ပေါ်လာပြီး မဟူရာကောင်းကင် နတ်ဆိုး နတ်ဘုရားကို ဝိုင်းရံထားလိုက်လေသည်။
"အား…..."
စူးရှသော ဓားစွမ်းအင်များသည် မဟူရာကောင်းကင် နတ်ဆိုးနတ်ဘုရား၏ ခန္ဓာကိုယ်ထဲ သို့ ထိုးစိုက်သွားသဖြင့် သူသည် အလွန်တရာ စူးရှသည့် အော်ဟစ်သံကြီးဖြင့် အော်ဟစ် လိုက်ရသည်။ သူသည် လွင်ပြင်ကျယ်ထဲက အထီးကျန်ဝံပုလွေတစ်ကောင်ကဲ့သို့ ဖြစ်သွား ရပြီး သူ၏ မျက်ဝန်းထဲက အနှစ်မဲ့သည့် အကြည့်က မြင်ရသူများကို ရင်တုန်စေသည်။
"မင်းမှာ ‘အမှောင်ကြယ်စွမ်းအင်’ အကာအကွယ် ရှိနေရင်တောင် အဲဒါက မင်းကို တကယ် ကာကွယ်ပေးနိုင်မယ်လို့ ထင်နေတာလား။"
ဟုန်ယွိသည် ချီဓားဖြင့် ‘ကြာပန်းတစ်ထောင်’ ပညာရပ်ကို သုံးပြီး မဟူရာကောင်းကင် နတ်ဆိုးနတ်ဘုရားကို အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် လုပ်လိုက်သည်။ ဤနတ်ဘုရား၏ ခန္ဓာကိုယ်က အပိုင်းပိုင်း ကွဲထွက်ပြီး ပြန်စုစည်းနိုင်သည့် စွမ်းအား မရှိခဲ့လျှင်၊ ‘အမှောင် ကြယ်စွမ်းအင်’ က သူ၏ အတွေးစတိုင်းကို ကာကွယ်မပေးထားလျှင် သူသည် ယခုချိန်တွင် လုံးဝ သေဆုံးသွားလောက်ပြီ ဖြစ်သည်။
"မဟူရာကောင်းကင် နတ်ဆိုးနတ်ဘုရား... ဒီစွမ်းအင်က မင်းကို ကာကွယ်ပေးနိုင်မယ်လို့ တကယ် ထင်နေတာလား၊ အမှောင်ကြယ်က ရွှမ်ထျန်းတာအိုသခင်ရဲ့ ရတနာဖြစ်ပေမဲ့ အသုံးပြုတဲ့သူပေါ်မှာပဲ မူတည်တယ်။ ဖန်ဆင်းရှင် တစ်ယောက်ရဲ့ စွမ်းရည်မရှိဘဲနဲ့ မင်းက ဒီရတနာရဲ့ မှော်စွမ်းအားကို သုံးနိုင်မယ်လို့ ထင်နေတာလား၊ ဒီနေ့ မင်းကို ငါ ထိန်းချုပ် မယ်။ မင်းကို တာအိုလက်နက်တစ်ခုအဖြစ် ပြန်လည်သန့်စင်မယ်။ ဆန်းကြယ်ကောင်းကင် ဘုံခန်းမက မင်းကို ဘယ်သူ လာကယ်မလဲဆိုတာ ကြည့်ကြတာပေါ့။"
ဟုန်ယွိ၏ အသံမှာ မာန်ပါပြီး အေးစက်လှ၏။ မဟူရာကောင်းကင် နတ်ဆိုးနတ်ဘုရားမှာ နတ်ဘုရားတစ်ပါး ဖြစ်သည့်အတွက် သူ့ကို ထိန်းချုပ်ပြီး ‘မဟာလေဟာနယ် လက်ဝါး’ ထဲ တွင် ထည့်သွင်းလိုက်လျှင် ထိုပညာရပ်၏ စွမ်းအားက နှစ်ဆခန့် တိုးလာမည် ဖြစ်သည်။
"အဲဒီလိုလား။"
ဟုန်ယွိ၏ ဓားစွမ်းအင်များက နတ်ဆိုးနတ်ဘုရားကို ဝါးမျိုပြီး အပိုင်းပိုင်းဖြတ်တော့မည့် အခိုက်အတန့်မှာပင် အေးစက်စက် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ တြိဂံပုံစံ ဓားစွမ်းအင်တစ်ခုသည် ဟင်းလင်းပြင်ကို ထိုးဖောက်ပြီး ဟုန်ယွိ၏ နဖူးဆီသို့ ပြေးဝင်လာ သည်။ ထိုဓားစွမ်းအင်တွင် မျက်နှာပြင် သုံးဖက်ရှိပြီး တစ်ဖက်စီတွင် “အပြစ်ပေးခြင်း”၊ “သတ်ဖြတ်ခြင်း” နှင့် “ပျက်သုဉ်းခြင်း” ဆိုသော ငွေရောင်စာလုံးကြီး (၃) လုံး ရေးထိုးထား သည်။ ထိုစာလုံး (၃) လုံးမှာ ဘုံသုံးပါးကို ကိုယ်စားပြုလေသည်။
၎င်းမှာ ‘ဘုံသုံးပါး ကောင်းကင်ဓား’ ပင် ဖြစ်သည်။
"ယုဝမ်မူ။"
ဘုံသုံးပါး ကောင်းကင်ဓားမှာ အလွန်အစွမ်းထက်သောကြောင့် ဟုန်ယွိလည်း မပေါ့ဆရဲ ပေ။ သူ၏ စိတ်ဝိညာဉ်က ဘာမှမဖြစ်ပေမယ့် ချန်ပီယံနယ်စား၏ ခန္ဓာကိုယ် ပျက်စီးသွား လျှင်မူ ဒုက္ခရောက်ပေလိမ့်မည်။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ဓားစွမ်းအင် တစ်ခု ထွက်ပေါ်လာပြီး ဘုံသုံးပါး ကောင်းကင်ဓားနှင့် ထိပ်တိုက်တွေ့ကာ ချက်ချင်း ပျက်စီးသွားလေသည်။
ဝူး... ဝူး... ဝူး...
အစွမ်းထက်သော ကျွမ်းကျင်သူ အများအပြား မဟူရာဆန်းကြယ်ကမ္ဘာထဲသို့ ဆင်းသက် လာကြသည်။ သူတို့၏ အရှိန်အဝါများမှာ ဤကမ္ဘာနှင့် တစ်သားတည်း ဖြစ်နေပြီး သူတို့၏ တာအိုပညာရပ်များကလည်း အဆပေါင်းများစွာ ပို၍ အစွမ်းထက်နေကြသည်။
၎င်းတို့မှာ ဧကရာဇ် နာလန်ယိဟုန်၊ ယုဝမ်မူ၊ ဥဒေါင်းဘုရင်နှင့် စစ်သူကြီးငါးဦးတို့ပင် ဖြစ်သည်။ ထူးခြားသည်မှာ သူတို့ ရောက်လာသည်ကို ဟုန်ယွိ ကြိုတင် မသိလိုက်ခြင်းပင်။ ၎င်းမှာ ဤကမ္ဘာက သူတို့ကို လမ်းပြ၍ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း သိသာလှသည်။
"ယန်အန်း... မင်းက အရမ်းကို မာန်တက်နေတာပဲ။"
ယုဝမ်မူက ဟုန်ယွိကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ "ငါတို့က ချန်ဧကရာဇ် ယန်ဖန် ရောက်လာတာကို စောင့်ချင်တာ၊ ဒါပေမဲ့ အခုတော့ မင်းကို အရင်ဆုံး ဖမ်းရတော့မှာပေါ့။"
"ဒါဆို ဒါက ထောင်ချောက်ပေါ့၊ မင်းတို့က နာလန်အန်းဟွမ် သေဆုံးသွားတယ်ဆိုတဲ့ သတင်းကို သုံးပြီး ဒီထောင်ချောက်ကို ဆင်ထားတာလား။"
ဟုန်ယွိက သူ့ကို ဝိုင်းထားသော ကျွမ်းကျင်သူများကို ကြည့်ပြီး မေးလိုက်သည်။
"မှန်တယ်... ရန်သူက ငါတို့ကို ကျားတစ်ကောင်လို စောင့်ကြည့်နေတဲ့အချိန်မှာ ငါတို့ ယွန်မင်နိုင်ငံက အချင်းချင်း ဘယ်လိုလုပ် သတ်ဖြတ်နေမှာလဲ။"
ဧကရာဇ် နာလန်က ဟုန်ယွိကို ကြည့်ပြီး ပြောလိုက်သည် - "မျိုးနွယ်စု အကြီးအကဲတို့... ထွက်လာခဲ့ကြပါတော့။"
ဟားဟား... ဟားဟားဟားဟား…
အောက်ဘက်ရှိ အမှောင်ကြယ်နှင့် တိမ်တိုက်များမှ ဖန်တီးထားသော နန်းတော်ဆီမှ ရယ်သံကြီးများ ထွက်ပေါ်လာသည်။ အမည်းရောင် သက်တံပေါင်း တစ်ဒါဇင်ကျော် ကောင်းကင်သို့ ထိုးတက်လာသည်။ ထိုသက်တံတစ်ခုချင်းစီထဲတွင် ‘ဖန်မိသားစု’၊ ‘ဝမ်မိသားစု’ နှင့် အခြား သူတော်စင်မိသားစုတို့၏ အကြီးအကဲများကဲ့သို့ အရှိန်အဝါမျိုးကို ပိုင်ဆိုင်ထားသော ကျွမ်းကျင်သူများ ပါဝင်နေသည်။
သူတို့၏ စိတ်ဝိညာဉ်စွမ်းအား လှိုင်းများမှာ မိသားစုကြီးလေးခု၏ ခေါင်းဆောင် ၄ ယောက် လောက် မပြင်းထန်သော်လည်း ‘အမှောင်ကြယ်စွမ်းအင်’ ၏ အကူအညီဖြင့် ဆိုလျှင်မူ အားမနည်းလှပေ။ အထူးသဖြင့် ၎င်းတို့ထဲမှ တစ်ယောက်၊ နှစ်ယောက်မှာ မိသားစုကြီး လေးခု၏ ခေါင်းဆောင်လေးယောက်နှင့် အဆင့်တူလေသည်။
ယွန်မင်နိုင်ငံ၏ မိသားစုကြီး (၉) ခုမှာ မုရုန်၊ အိုရန်၊ ရှန်ကွမ်း၊ စီမာ၊ တုကု၊ ကုန်း၊ နန်ကုန်း၊ တုမ့်မူနှင့် ဟွမ်ဖူတို့ ဖြစ်ကြသည်။ အခြေခံအားဖြင့် ယွန်မင်နိုင်ငံကို ဤမိသားစုများဖြင့် စုပေါင်းထားခြင်း ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း (၅၀၀၀) က ယွန်မင်သည် ဧကရာဇ် ‘ကု’ တည်ထောင်ခဲ့သော မင်းဆက်တစ်ခု ဖြစ်သည်။ နောက်ပိုင်းတွင် ဧကရာဇ် ‘မင်’ က နယ်မြေချဲ့ထွင်ပြီး နှစ်ပေါင်း ထောင်ချီသော သမိုင်းကြောင်းရှိသည့် ဤမိသားစုကြီးများကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ သူတို့၏ အခြေခံမှာ အလယ်ဗဟိုပြည်နယ်များရှိ သူတော်စင် မိသားစုကြီးများ လောက် မကြွယ်ဝသော်လည်း သူတို့၏ စွမ်းအားမှာမူ လုံးဝ အားမနည်းလှပေ။
"မိသားစု၊ မြင့်မြတ်နယ်မြေနဲ့ မင်းဆက်... ဒီအင်အားစု သုံးခုဟာ မီးနဲ့ ရေလို မတည့်ကြဘူး၊ ဒါပေမဲ့ အခုတော့ မင်းတို့အားလုံးက တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းနေကြပြီပဲ။ မင်းတို့ကို အခုလို စည်းလုံးသွားအောင် လုပ်ဆောင်နိုင်တဲ့ အနှိုင်းမဲ့ အစွမ်းထက်သူ တစ်ယောက်ယောက်တော့ ရှိရမယ်။ အမှောင်ကြယ်ရဲ့ ပိုင်ရှင်... ထွက်လာခဲ့စမ်း။"
ရုတ်တရက် ဟုန်ယွိ၏ မျက်လုံးများက ဝင်းခနဲ လင်းလက်သွားခဲ့သည်။
"လူငယ်လေး... မင်းက တော်တော်လေး ဉာဏ်ကောင်းတာပဲ..."
ရှေးဦး ကမ္ဘာဦးခေတ်မှ ဆင်းသက်လာသကဲ့သို့သော အသံတစ်ခု ထွက်ပေါ်လာသည်။ ရုတ်တရက် ‘မူလစွမ်းအင်’ ထက် ပိုမိုပြင်းထန်သော စိတ်ဝိညာဉ် စွမ်းအားလှိုင်းတစ်ခု ဟင်းလင်းပြင်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
အောက်ဘက်ရှိ ‘အမှောင်ကြယ်’ သည် ပြင်းထန်စွာ တုန်ခါသွားပြီး အမည်းရောင် အခိုး အငွေ့များသည် တဖြည်းဖြည်း စုစည်းသွားတော့သည်။ နောက်ဆုံးတွင် ကြယ်ကြီး တစ်ခု လုံး ပျောက်ကွယ်သွားပြီး ဝတ်ရုံနက်ဝတ်ထားသော တာအိုပညာရှင် တစ်ဦးအဖြစ် ပြောင်းလဲသွားကာ လူတိုင်းကို ကာကွယ်ပေးရန် အဆုံးမဲ့ အမှောင်ထုကို ထုတ်လွှတ်လိုက် လေသည်။
ဤတာအိုပညာရှင်မှာ ‘အမှောင်ဧကရာဇ် တာအိုသခင်’ ပင် ဖြစ်သည်။ သူသည် ဆန်းကြယ် ကောင်းကင်ဘုံခန်းမ၏ ပထမဆုံးသော ဂိုဏ်းချုပ်၊ ရှေးခေတ် ယန်နတ်ဘုရား ‘ရွှမ်’ ၏ ဆက်ခံသူ ဖြစ်သည်။ ထို့ပြင် သူသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက စစ်နတ်ဘုရား ‘ရှန့်’ နှင့် တိုက်ခိုက်ခဲ့ပြီး အထွတ်အထိပ် လူသားအင်မော်တယ် စစ်နတ်ဘုရားကို ကျဆုံးအောင် လုပ်ဆောင်ခဲ့သူလည်း ဖြစ်သည်။
မိုးကြိုးကပ်ဘေး (၈) ကြိမ် ကျော်ဖြတ်ထားသော ကျွမ်းကျင်သူ၊ ‘ဖန်ဆင်းရှင်’ သခင် အဆင့် ရှိ ပုဂ္ဂိုလ်ကြီး….။
‘အမှောင်ကြယ်’ တစ်ခုလုံးက သူ့ကို အသက်ပြန်သွင်းပေးခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ် သူက ‘အမှောင်ကြယ်’ တစ်ခုလုံးကို အသုံးချ၍ သူ့ကိုယ်သူ အသက်ပြန်သွင်းခဲ့ခြင်းလည်း ဖြစ်နိုင်လေသည်။