အခန်း (၅၂၉-၅၃၀)
Vol. 50 Ch. 529-530
အခန်း (၅၂၉)။
ဟုန်ယွိသည် အမှောင်ဧကရာဇ် တာအိုသခင်နှင့် ယခင်က တစ်ကြိမ် ဆုံတွေ့ဖူးခဲ့သည်။ ထိုစဉ်က ကျီရှန်းထျန်းသည် သူ့အား ‘အမှောင်မန္တလာ အတားအဆီး’ အစီအရင်ကို လေ့လာနိုင်စေရန် အဆင့်ရှစ် မိုးကြိုးကပ်ဘေးရှိ နတ်ဘုရားအသိစိတ်ကို ထုတ်ဖော်ပြသခဲ့ သည်။ ထိုစဉ်က အမှောင်ဧကရာဇ် တာအိုသခင်၏ စိတ်ဝိညာဉ် အမှတ်အသားသည် ရုတ်တရက် နိုးထလာပြီး ဟုန်ယွိ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် ဟုန်ယွိက ‘သေမင်းအလင်း နတ်ဘုရားလှံ’ ထဲတွင် ကိန်းအောင်းနေသော စစ်နတ်ဘုရား ‘ရှန့်’ ၏ သူရဲကောင်းဝိညာဉ်ကို နှိုးဆွလိုက်သဖြင့် နှစ်ဦးစလုံး အတူတူ ပျက်သုဉ်းသွားခဲ့ ရသည်။
သို့သော် ထိုစဉ်က အမှောင်ဧကရာဇ် တာအိုသခင်မှာ စိတ်ဝိညာဉ် အမှတ်အသားမျှသာ ဖြစ် ပြီး ယခုကဲ့သို့ စွမ်းအားမျိုး မရှိခဲ့ပေ။
ဤအမှောင်ဧကရာဇ် တာအိုသခင်မှာ ရှေးဦး ကမ္ဘာဦးခေတ်ကတည်းက အမှောင်ထုကို အစစ်အမှန် ထိန်းချုပ်မောင်းနှင်သူ ဖြစ်ပုံရသည်။ သူသည် အမှောင်ထုထဲမှ မွေးဖွားလာသူ ဖြစ်ပြီး တစ်လောကလုံးနှင့် နယ်ပယ်ပေါင်း တစ်သောင်းကို ထူထပ်သော အမှောင်ထုထဲသို့ ဆွဲသွင်းနိုင်သူ ဖြစ်သည်။
သူ၏ နတ်ဘုရားတန်ခိုးမှာ ငရဲကဲ့သို့ ကြောက်မက်ဖွယ်ကောင်းပြီး၊ သူ၏ နတ်ဘုရား ကျေးဇူးတော်မှာ သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းလှသည်။
အလွန်တရာ လွှမ်းမိုးနိုင်စွမ်းကြီးမားသော မှော်စွမ်းအင်လှိုင်းများသည် မည်သည့်ဖုံးကွယ်မှု မျှ မရှိဘဲ ဟင်းလင်းပြင် တစ်ခုလုံးကို ရိုက်ခတ်သွားပြီး အဆုံးမရှိသော လေဟာနယ်များနှင့် ကမ္ဘာလွှာများကို ထိုးဖောက်ကာ အမည်မသိ တည်ရှိမှုများကိုပါ ထိန်းချုပ်ထားလေသည်။ မူလဝိညာဉ်နတ်ဘုရားပင်လျှင် ယခုကဲ့သို့ စွမ်းအားမျိုး မရှိခဲ့ပေ။
ဤကဲ့သို့သော စွမ်းအားက ဟုန်ယွိကို များစွာ တုန်လှုပ်စေသည်။
သို့သော် ဟုန်ယွိသည် ဤကဲ့သို့သော စွမ်းအားမျိုးကို ဟင်းလင်းပြင် လေဟာနယ် မုန်တိုင်း ထဲတွင် တစ်ကြိမ် ခံစားဖူးခဲ့သည်။ ၎င်းမှာ ဧရာမ ဖန်ဆင်းခြင်းသင်္ဘောကြီး ဟင်းလင်းပြင် ကို ထိုးခွဲကာ (၁၈) ထပ်မြင့်သော စစ်နတ်ဘုရားသင်္ဘောအဖြစ် သူ၏ ရှေ့မှောက်တွင် ထွက်ပေါ်လာစဉ်က ဖြစ်သည်။
အမှောင်ကြယ်သည် အမှောင်ဧကရာဇ် တာအိုသခင်အဖြစ် ပြောင်းလဲသွားပြီး အမှောင် ဧကရာဇ်တာအိုသခင်သည်လည်း အမှောင်ကြယ်ကို အမှီပြုကာ အသက်ပြန်ဝင်လာခြင်း ဖြစ်သည်။ လူနှင့် မှော်ရတနာမှာ တစ်သားတည်း ဖြစ်နေချေပြီ။ လူက ရတနာ၊ ရတနာက လူ၊ ဤမျှ ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မည်သူ ထင်ထားပါမည် နည်း။ ၎င်းသည် ဖန်ဆင်းခြင်းသင်္ဘော၏ စွမ်းအားနှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။
ဤအမှောင်ဧကရာဇ် တာအိုသခင် တစ်ဦးတည်းသာလျှင် ရည်မှန်းချက်ကြီးသော ယွန်မင် တော်ဝင်မိသားစု၊ ယွန်မင်၏ မိသားစုကြီး (၉) ခု၊ မှူးမတ်များနှင့် ဆန်းကြယ်ကောင်းကင် ဘုံခန်းမတို့ကို စုစည်းပေးနိုင်မည် ဖြစ်သည်။ သူတို့သည် သံမဏိပြားကဲ့သို့ စည်းလုံးကာ အစွမ်းထက်သော ရန်သူကို နှိမ်နင်းရန် ရွှေငါးမျှားချိတ်များကို ချထားခဲ့ကြခြင်း ဖြစ်သည်။
‘မကောင်းတော့ဘူး။ အခု အမှောင်ဧကရာဇ် တာအိုသခင် အသက်ပြန်ဝင်လာပြီဆိုတော့ ကျီရှန်းထျန်းနဲ့ ကောင်းကင်မြွေဘုရင်မတို့ ဘာဖြစ်သွားပြီလဲ။ သူတို့တွေ ရက်ရက်စက်စက် တိုက်ခိုက်ခံလိုက်ရပြီလား။ အထူးသဖြင့် ကျိရှန်းထျန်းပဲ...’
ပြင်းထန်လှသော အန္တရာယ်နှင့် ရင်ဆိုင်နေရစဉ်တွင်ပင် ဟုန်ယွိသည် ကျီရှန်းထျန်းကို သတိရသွားမိသည်။
"ဟယ်... ဒါ အမှောင်ဧကရာဇ် တာအိုသခင်ပါလား..."
ပြင်းထန်သော မှော်စွမ်းအားလှိုင်းများ ရိုက်ခတ်သွားသောအခါ လျှို့ဝှက်ဆန်းကြယ်သော ဟွမ်ယန်ယန်၏ ခန္ဓာကိုယ်မှာ တုန်ခါသွားသည်။ သူမတွင် ရှေးဟောင်းဖီးနစ် သွေးမျိုးဆက် ရှိနေပြီး လျှို့ဝှက်နည်းစနစ်များစွာ ရှိသော်လည်း ဖန်ဆင်းရှင်သခင်တစ်ဦးကို၊ အထူးသဖြင့် အမှောင်ဧကရာဇ်ကဲ့သို့ ဖန်ဆင်းရှင်သခင်မျိုးကို ခုခံနိုင်စွမ်း မရှိကြောင်း ခံစားလိုက်ရ သည်။
စွမ်းအားကွာခြားချက်က ကြီးမားလွန်းလှသည်။ အဆင့်ခြောက် မိုးကြိုးကပ်ဘေး အဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦးပင်လျှင် ဤတာအိုသခင်၏ ရှေ့တွင် ခုခံနိုင်စွမ်း မရှိသလို ထွက်ပြေးရန်ပင် မဖြစ်နိုင်ပေ။
အထူးသဖြင့် အမှောင်ဧကရာဇ် တာအိုသခင်အပြင် အဆင့်လေး မိုးကြိုးကပ်ဘေး ကျွမ်းကျင်သူများနှင့် အဆင့်တူသည့် မဟာနတ်ဘုရားနှစ်ပါးလည်း ရှိနေသေးသည်။
ထို့ပြင် မိသားစုကြီး (၉) ခု၏ အကြီးအကဲများ၊ စစ်သူကြီး (၅) ဦး၊ မိုးကြိုးကပ်ဘေး ၄ ကြိမ် ကျော်ဖြတ်ထားသော မဟာနတ်ဆိုးအင်မော်တယ် (၈) ပါးထဲတွင် အစွမ်းအထက်ဆုံးဖြစ် သည့် ဥဒေါင်းဘုရင် ရှင်းရွှမ်၊ ဧကရာဇ် နာလန်နှင့် ဧကရာဇ်အကြံပေး ယုဝမ်မူတို့လည်း ရှိနေကြသည်။
မုရုန်၊ အိုရန်၊ ရှန်ကွမ်း၊ စီမာ၊ တုကု၊ ကုန်း၊ နန်ကုန်း၊ တုမ့်မူနှင့် ဟွမ်ဖူ၊ ဤမျိုးနွယ်စုကြီး ကိုးခု၏ ခေါင်းဆောင်များမှာ အနည်းဆုံး မိုးကြိုးကပ်ဘေးအဆင့် ကျွမ်းကျင်သူများ ဖြစ်ကြ သည်။ သူတို့အထဲတွင် တုမ့်မူ၊ ဟွမ်ဖူနှင့် ကုန်းမိသားစု၏ ခေါင်းဆောင်များမှာ ဥဒေါင်း ဘုရင်နှင့် ရှဲ့ဝန်ယွမ်တို့ကဲ့သို့ အစွမ်းထက်သော တည်ရှိမှုများ ဖြစ်သည်။
အထွတ်အထိပ် လူသားအင်မော်တယ်၊ ဆေဘာသူတော်စင် ဂွန်ယန်ယုသည်လည်း ကုန်းရန်မိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး ကမ္ဘာလောကကြီးကို လွှမ်းမိုးနိုင်သည့် ပါရမီရှင်တစ်ဦး ဖြစ်သည်။
…
"ကောင်းတယ်... ကောင်းတယ်….၊ ကောင်းတယ်….. အရမ်းကောင်းတာပဲ။ ဒါဟာ ယွန်မင် နိုင်ငံရဲ့ အနှစ်သာရတွေ အားလုံးပဲ မဟုတ်လား။ တော်ဝင်ချန် အလယ်ပိုင်း ပြည်နယ်တွေ လောက် မကြွယ်ဝပေမဲ့ သူတို့က စည်းလုံးကြတယ်။ ဒီလောက်များပြားတဲ့ ကျွမ်းကျင်သူ တွေ ဒီမှာ ခြုံခိုနေမှတော့ ဘယ်သူပဲ ထောင်ချောက်ထဲ ဆင်းဆင်း၊ လွတ်မြောက်ဖို့ လုံးဝ မဖြစ်နိုင်ဘူး။ ဖန်ဆင်းရှင်သခင်တစ်ယောက်တောင် လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။"
ဟုန်ယွိသည် အမှောင်ဧကရာဇ် တာအိုသခင်၏ ပြန်လည်နိုးထလာသော အနိုင်းမဲ့ တန်ခိုး စွမ်းအားကို ကြည့်နေသော်လည်း လုံးဝ မလှုပ်ရှားပေ။ သူ၏ ခန္ဓာကိုယ်ကို ရိုက်ခတ်နေ သော ပြင်းထန်သော မှော်စွမ်းအင်လှိုင်းများကြောင့် သူ၏ ဝတ်ရုံမှာ တဖျတ်ဖျတ် လွင့်နေ သည်။
ဤမျှများပြားသော ကျွမ်းကျင်သူများ စုဝေးနေခြင်းသည် အလယ်ပိုင်း ကောင်းကင်နိုင်ငံ နှင့် မနှိုင်းယှဉ်နိုင်သော်လည်း၊ အလယ်ပိုင်း ကောင်းကင်နိုင်ငံသည် ဤကမ္ဘာကြီး၏ ဗဟို ချက်၊ တာအို၏ မြစ်ဖျားခံရာနှင့် သူတော်စင်တို့၏ နေရပ်ဖြစ်သည်။ ယွန်မင်နိုင်ငံနှင့် အနောက်ဘက်ဒေသတို့ မည်မျှပင် အစွမ်းထက်ပါစေ၊ အလယ်ပိုင်း ကောင်းကင်နိုင်ငံနှင့် နှိုင်းယှဉ်ပါက ဘာမှမဟုတ်ချေ။
အလယ်ပိုင်း ကောင်းကင်နိုင်ငံရှိ အင်အားစုများသည် စည်းလုံးညီညွှတ်မူ မရှိကြဘဲ အချင်းချင်း သတ်ဖြတ်နေကြကာ၊ ရန်သူများ ဖြစ်နေသောကြောင့်သာ ဖြစ်သည်။ အကယ်၍, သူတို့သာ စည်းလုံးညီညွတ်ခဲ့ပါက ဤကမ္ဘာကြီးကို တစ်ခုတည်းအဖြစ် စုစည်း နိုင်ခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။
"မင်းက ချန်ပီယံနယ်စားလား။ မင်း မဟူရာ ဆန်းကြယ်ကမ္ဘာထဲ ဒီလို ခြေစုံပစ် ဝင်လာမှ တော့ မပြန်တော့ဘဲ ဒီမှာပဲ ထာဝရ နေသွားလိုက်ပါလား..."
အမှောင်ဧကရာဇ် တာအိုသခင်က ဆိုလိုက်ရင်း သူ၏ မျက်လုံးနှစ်လုံးဖြင့် ဟုန်ယွိကို စိုက်ကြည့်လိုက်သည်။ ထိုခဏ၌ ဟုန်ယွိသည် သူ၏ အတွေးစများအားလုံးကို ထူထပ်သော အမှောင်ထုကြီးက လွှမ်းမိုးသွားသကဲ့သို့ ခံစားလိုက်ရပြီး၊ ရှေ့မှောက်ရှိ အရာအားလုံးမှာ မည်းမှောင်သွားတော့သည်။
"ဉာဏ်ပညာမီးလျှံ... သူတော်စင်တို့၏ အနှစ်သာရ။"
ဟုန်ယွိ၏ စိတ်ထဲရှိ အတွေးစတိုင်းသည် နိုးကြားလာပြီး၊ ခန္ဓာကိုယ်ထဲမှ လူသား အင်မော် တယ် စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ ရှေ့မှ အမှောင်ထုမှာ ချက်ချင်း ပြိုကွဲသွားပြီး ဤလောကကြီးမှာ ပြန်လည် ကြည်လင်လာချေပြီ။
"ဒါက ‘ပျက်သုဉ်းခြင်း ဆန်းကြယ်ကောင်းကင်မျက်လုံး’ ပေါ့လေ... ဒါပေမဲ့ ငါ့ကို တစ်ခုခု လုပ်နိုင်ဖို့တော့ မလုံလောက်သေးဘူး။" ဟုန်ယွိက အမှောင်ဧကရာဇ် တာအိုသခင်၏ ဖိနှိပ်မှုကို တွန်းလှန်ပြီးနောက် ပြောလိုက်သည်။ သို့သော် သူ၏ စိတ်ထဲတွင်မူ သတိကြီးစွာ ထားနေမိသည်။
အမှောင်ဧကရာဇ် တာအိုသခင်သည် ‘ပျက်သုဉ်းခြင်း ဆန်းကြယ်ကောင်းကင်မျက်လုံး’ကို အသုံးပြုလိုက်ကြောင်း သူ ပြောနိုင်သည်။ ၎င်းမှာ စမ်းသပ်ရုံမျှသာ ဖြစ်သော်လည်း ၎င်း၏ စွမ်းအားမှာ အတိုင်းအဆမရှိ ပြင်းထန်လှသည်။
"တာအိုအရှင်သခင်... ကျွန်တော့်ကို သူ့ကို နှိမ်နင်းခွင့်ပေးပါ၊ တာအိုအရှင်သခင်က မြင့်မြတ်လွန်းပါတယ်၊ ဒီလိုလူမျိုးအတွက် ကိုယ်တိုင် လှုပ်ရှားစရာ မလိုပါဘူး။" ယုဝမ်မူက ရုတ်တရက် ကြားဖြတ် ပြောဆိုလိုက်သည်။
"ယုဝမ်မူ... မင်းက ၆ ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီး ‘ကောင်းကင်ဘုံ တက်လှမ်းခြင်း တာအိုသခင်’ရဲ့ အစစ်မှန် အမွေအနှစ်တွေအပြင် ငါ့ရဲ့ ‘ဆန်းကြယ် ကောင်းကင် လျှို့ဝှက်ပညာ’ ကိုပါ ရရှိထားလို့ အရင်က ‘ရေခဲဝိညာဉ် တာအိုသခင်’ ထက် တောင် ပိုအစွမ်းထက်နေပေမဲ့... မင်းရှေ့က ဒီလူငယ်ကိုတော့ မင်း အနိုင်မတိုက်နိုင်ဘူး..."
အမှောင်ဧကရာဇ် တာအိုသခင်က လက်ကို ဝှေ့ယမ်းကာ ကောင်းကင်ယံကို မော့ကြည့် လိုက်ပါသည်။ သူ၏ အကြည့်မှာ အဆုံးမဲ့သော ဟင်းလင်းပြင် အလွှာပေါင်းများစွာကို ထိုးဖောက်ကာ အပြင်ဘက် ကောင်းကင်ယံရှိ သူတော်စင်ပေါင်းစုံခန်းမ ရှိရာသို့ တိုက်ရိုက် စိုက်ကြည့်လိုက်သည်။
ဟုန်ယွိ၏ စိတ်ဝိညာဉ် ကိုယ်ပွားမှာလည်း ထိုအကြည့်ကို ခံစားလိုက်ရသဖြင့် တုန်လှုပ် သွားသည်။ အမှောင်ဧကရာဇ် တာအိုသခင်သည် ဤသူတော်စင်ပေါင်းစုံခန်းမ ရှိရာကိုပါ သိရှိသွားချေပြီ။ သို့သော် ဟုန်ယွိအနေဖြင့် မအံ့ဩတော့ပေ။ သူတော်စင်ပေါင်းစုံခန်းမ သည် အမှောင်ဧကရာဇ် တာအိုသခင်ကဲ့သို့ ပုဂ္ဂိုလ်မျိုးထံမှ ပုန်းကွယ်နိုင်နေမည်ဆိုပါမှသာ ထူးဆန်းနေပေလိမ့်မည်။
"အဲဒီလိုလား... တာအိုအရှင်သခင်…"
အမှောင်ဧကရာဇ် တာအိုသခင်၏ စကားကို ကြားလိုက်ရသောအခါ ယုဝမ်မူ၏ ခန္ဓာကိုယ် မှာ အနည်းငယ် လှုပ်ရှားသွားပြီး ခေါင်းကိုမော့ကာ အနည်းငယ် နှာခေါင်းရှုတ်လိုက်သည်။ သူသည် အံ့မခန်း ပါရမီရှင်တစ်ဦး ဖြစ်ပြီး မုန့်ရှန်းကျီ၏ လက်ချက်ဖြင့်ပင် သေဆုံးခြင်း မရှိခဲ့သော လူတစ်ယောက်အနေဖြင့် ဤကဲ့သို့သော စကားများကို မည်သို့ သည်းခံနိုင်ပါ မည်နည်း။
...
"ဒီမှာပဲ နေခဲ့တော့။"
အမှောင်ဧကရာဇ် တာအိုသခင်သည် ယုဝမ်မူ၏ မကျေနပ်မှုကို ဂရုမစိုက်ပေ။ သူကဲ့သို့ တည်ရှိမူမျိုးသည် မည်သူကိုမျှ ဂရုမစိုက်ပေ။
အမှောင်ဧကရာဇ် တာအိုသခင်သည် သူ၏ မဟူရာရောင် မျက်လုံးများဖြင့် ဟုန်ယွိကို ထပ်မံ ကြည့်လိုက်သည်။ ထို့နောက် ညဥ့်မှောင်ထုကဲ့သို့ နက်မှောင်လှသော သူ၏ ဝတ်ရုံလက်မောင်းစကို ရုတ်တရက် ဝှေ့ယမ်းလိုက်လေသည်။
ချက်ချင်းဆိုသလိုပင် အရာအားလုံးကို လွှမ်းမိုးနိုင်သည့် အဆုံးမဲ့ အမှောင်ထုကြီး တရကြမ်း တိုးဝင်လာသည်။ ထိုအမှောင်ထု လေလှိုင်းများ ဆောင်ကြဉ်းလာသည့် လေတိုးသံမှာ မာကြောလှသော သံမဏိကိုပင် ဆွဲဖြဲပစ်နိုင်လောက်အောင် ပြင်းထန်လှသည်။ ၎င်း၏ အငွေ့အသက်မှာ ‘အလယ်ဗဟိုမြေဓာတ် ဟင်းလင်းပြင် မဟာစွမ်းအင်’ ၏ ‘မဟာ အသက် စွမ်းအား’နှင့်ပင် ယှဉ်နိုင်လေသည်။
ဤပြင်းထန်လှသော အမှောင်ထု လေလှိုင်းများကြားတွင် လူသားအင်မော်တယ် တစ်ဦးပင် ဘာမျှမတတ်နိုင်ဘဲ ခုခံရန် လမ်းမရှိပေ။ ရှေ့တွင် အရာအားလုံး မည်းမှောင်သွားပြီး ပြင်းထန်သော လေလှိုင်းများက မြှားတံများကဲ့သို့ ထိုးထွက်လာကာ၊ ဓားများကဲ့သို့ ဆွဲဖြဲ လျက် မိုးခြိမ်းသံများကဲ့သို့ ဟိန်းထွက်လာသည်။ အတိုင်းအဆမရှိသော အမှောင်ထု လေလှိုင်းများသည် ဧရာမ ကျောက်တုံးကြီးကဲ့သို့ လက်သီးတစ်ချက်အဖြစ် စုစည်းသွား သည်။ ၎င်းမှာ ‘နတ်ဘုရားရှစ်ပါး အမှောင်ဧကရာဇ် လက်သီး’ ပင် ဖြစ်ပြီး၊ ကောင်းကင်နှင့် မြေကြီးကို လွှမ်းမိုးကာ ဟုန်ယွိဆီသို့ ပြင်းထန်စွာ တိုးဝင်လာတော့သည်။
ထိုပြင်းထန်သော လေလှိုင်းများကြားတွင် သိုင်းသူတော်စင် အဆင့် ကျွမ်းကျင်သူ တစ်ရာ ခန့်၏ စွမ်းအားမျိုး ကိန်းအောင်းနေပုံရသည်။
ဘုန်း… ဘုန်း…
ဟုန်ယွိသည် သူ၏ အကာကွယ် အလင်းတန်းကို ချက်ချင်း အသက်သွင်းလိုက်သော်လည်း၊ အမှောင်ထုထဲမှ မိုးရွာသကဲ့သို့ တရစပ် ကျရောက်လာသော လက်သီးချက်များကြောင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ကြေမွတော့မလို ခံစားလိုက်ရသည်။
"သတိထား…၊ ဒါက ‘မဟူရာပျက်သုဉ်းခြင်း မုန်တိုင်းလက်သီး’ပဲ၊ ယင်ယန်ဖရိုဖရဲလက်သီး ထက် အဆပေါင်းများစွာ ပိုပြင်းထန်တယ်။" ဟုန်ယွိက ဘေးမှ ဟွမ်ယန်ယန်ကို အော်ဟစ် သတိပေးလိုက်သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။
ဝေါ့… ဟွမ်ယန်ယန်သည် ဟုန်ယွိ၏ အကာကွယ် အလင်းတန်းအတွင်း ရှိနေသော်လည်း ထိုပြင်းထန်သော တုန်ခါမှုကြောင့် သွေးတစ်လုတ် အန်လိုက်ရသည်။
ထိုသို့ ပျက်သုဉ်းခြင်း မုန်တိုင်းလက်သီးကြီး ကျရောက်လာသည့် ခဏ၌ပင် ထူထပ်လှသော အမှောင်ထုမုန်တိုင်းထဲမှ လက်ဝါးတစ်ဖက် ထွက်ပေါ်လာသည်။ ထိုလက်ဝါးမှာ နှလုံးပုံစံ လက်သီးဆုပ်အသွင် ပြောင်းလဲသွားပြီး၊ ထိုလက်ဝါးဆီမှ နားကွဲလုမတတ် ဟိန်းသံကြီး ထွက်ပေါ်လာသည်။
ဒုတ်... ဒုတ်... ဒုတ်... ဒုတ်...
ဤသည်မှာ ကောင်းကင်ဘုံ၏ နှလုံးခုန်သံပင် ဖြစ်သည်။
"ဆန်းကြယ်မဟူရာပန်း၊ ကောင်းကင်နှလုံးသား တံဆိပ်တော်။"
ဟုန်ယွိသည် ကောင်းကင်ဘုံ၏ နှလုံးခုန်သံကဲ့သို့ တုန်ခါနေသော ထိုသွေးသားလက်ဝါးကို ကြည့်ပြီး ဤသည်မှာ သိုင်းပညာနှင့် တာအိုမှော်ပညာတို့ ပေါင်းစပ်ထားသည့် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသည့် ပညာရပ်တစ်ခု ဖြစ်ကြောင်း သိလိုက်သည်။ ၎င်းသည် အမှောင်ဧကရာဇ် လက်ချောင်း ပညာရပ်ထက် သာလွန်ပြီး ‘ဗုဒ္ဓတံဆိပ်တော်’များနှင့် အဆင့်တူညီလေသည်။
"ဆန်းကြယ်မဟူရာပန်း၊ ကောင်းကင်နှလုံးသား တံဆိပ်တော်။"
ဒိုင်ဇင်ဘုရားကျောင်း ၏ ရှေးခေတ် သူတော်စင် ဧကရာဇ်တွင် ‘ဗုဒ္ဓတံဆိပ်တော်’ ရှိသကဲ့ သို့၊ ရွှမ်ထျန်းတာအိုသခင်တွင်လည်း အနှိုင်းမဲ့ သိုင်းတာအိုကို ပိုင်ဆိုင်ထားလေသည်။ သို့သော် ထိုအနှိုင်းမဲ့ သိုင်းပညာမှာ လက်ဆင့်ကမ်းအမွေအဖြစ် ကျန်ရစ်ခဲ့ခြင်း မရှိဘဲ အမှောင်ဧကရာဇ် တာအိုသခင်သာလျှင် သိရှိထားခြင်း ဖြစ်သည်။
ထိုလက်ဝါးသည် ဟုန်ယွိ၏ အကာကွယ် အလင်းတံတိုင်းကို ဖိနှိပ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ဟုန်ယွိသည် သူ၏ စိတ်ဝိညာဉ်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး အတွေးစတိုင်း ပေါက်ကွဲထွက်တော့မည့်အတိုင်း ခံစားလိုက်ရကာ၊ သူ၏ ခန္ဓာကိုယ်ပင် သွေးမြူများအဖြစ် ပေါက်ကွဲသွားနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားသည်။
ဂျွတ်… ဂျွတ် ...
ဟုန်ယွိ၏ အကာကွယ် အလင်းတံတိုင်းမှာ အက်ကွဲယိုစိမ့်လာပြီး ကောင်းကင်နှလုံးသား တံဆိပ်တော်၏ စွမ်းအားကြောင့် ပျက်စီးတော့မည့် အခြေအနေသို့ ရောက်ရှိနေသည်။
‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ ၏ ဓားဝိညာဉ်ပင် သူ၏ စိတ်ဝိညာဉ်မှ ကွဲကွာသွားတော့မလို ဖြစ်နေချေပြီ။
...
"ကံကောင်းလို့ ငါ ဒီကိုမလာခင်မှာ ‘မဟာအဆီအနှစ်’ တွေကို စုစည်းနိုင်ခဲ့လို့ပဲ၊ မဟုတ်ရင် ဒီနေ့ ငါမသေရင်တောင် အသားစလွှာတွေ ကွာကျသွားလိမ့်မယ်။ ဒီလိုဖြစ်လာပြီဆိုမှတော့ အမှောင်ဧကရာဇ် တာအိုသခင်... ကျုပ်ကို အပြစ်မတင်နဲ့တော့။"
ထိုအချိန်တွင် ဟုန်ယွိသည် အနည်းငယ်မျှ မတွန့်ဆုတ်တော့ပေ။ သူ၏ ခန္ဓာကိုယ်ထဲရှိ လူသားအင်မော်တယ် စွမ်းအင်များ၊ သွေးနှင့် ဝိညာဉ်တို့သည် ပြင်းထန်စွာ လှည့်ပတ်လာ ပြီး သူ၏စိတ်ဝိညာဉ်နှင့် ပေါင်းစပ်ထားသော ကမ္ဘာဦး ဘိုးဘေးတို့၏ မဟာအဆီအနှစ်များ ကို ထုတ်ဖော်လိုက်သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ယံရှိ သူတော်စင်ပေါင်းစုံခန်းမမှ ဟုန်ယွိ၏ ကိုယ်ပွား သည်လည်း ခန်းမဆောင်အတွင်းရှိ မဟာအဆီအနှစ်များကို အစွမ်းကုန် အသက်သွင်း လိုက်လေသည်။
ဝုန်း... ဝုန်း... ဝုန်း... ဝုန်း... ဝုန်း...
ကောင်းကင်ယံရှိ သူတော်စင်ပေါင်းစုံခန်းမမှ သူတော်စင်အားလုံးတို့၏ အနှစ်သာရနှင့် အလင်းတန်း အားလုံးသည် ဟင်းလင်းပြင် အတားအဆီးများကို ချက်ချင်း ထိုးဖောက်ကာ အမှောင်ကြယ်ရှိရာ ဟင်းလင်းပြင်သို့ တိုက်ရိုက် ထိတွေ့သွားသည်။ ၎င်းမှာ ထူထပ်လှ သော အမှောင်ထုကို ထိုးခွဲကာ တိုက်ရိုက် ပေါက်ကွဲသွားတော့သည်။
ချက်ချင်းပင် ထိုဟင်းလင်းပြင်တစ်ခုလုံး၏ အမှောင်ထုမှာ အချိန်နှင့် ဟင်းလင်းပြင်၊ ဖန်ဆင်းခြင်းနှင့် ပျက်စီးခြင်း၊ နိယာမတရားနှင့် ကံကြမ္မာတရားများ ပါဝင်သော ထိုအလင်း တန်းကြောင့် တုန်ခါသွားပြီး နေရာအနှံ့ ပေါက်ကွဲထွက်ကုန်သည်။
"ဟင်…"
အမှောင်ဧကရာဇ် တာအိုသခင်၏ အံ့ဩသံမှာ ဟင်းလင်းပြင်ထဲတွင် ပဲ့တင်ထပ်သွားသည်။ ‘ကောင်းကင်နှလုံးသား တံဆိပ်တော်’ မှာ ပြန်လည် ရုပ်သိမ်းသွားပြီး၊ အမှောင်မုန်တိုင်းကြီး မှာလည်း ချက်ချင်း ပျောက်ကွယ်သွားကာ ဧရာမ ညဥ့်ဦးယံ ကန့်လန့်ကာကြီးအဖြစ် ပြောင်းလဲသွားပြီး ရောက်ရှိနေသည့် ကျွမ်းကျင်သူများကို ချက်ချင်း အကာအကွယ် ပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် သူတော်စင်ပေါင်းစုံခန်းမမှ မဟာအဆီအနှစ်များသည် ဟုန်ယွိ၏ ဦးခေါင်းပေါ်သို့ စီးဆင်းလာပြီး သူ၏ စိတ်ဝိညာဉ်နှင့် ပြင်းထန်စွာ ပေါင်းစပ်စီးဆင်းသွား သည်။
ခဏချင်းမှာပင် ဟုန်ယွိ၏ အတွေးစတိုင်းမှာ ပွင့်ထွက်လာပြီး၊ တစ်ခုချင်းစီမှာ မီတာ ပေါင်းများစွာ ကျယ်ပြန့်လာကာ အတိုင်းအဆမရှိ ကြီးမားလာသည်။
တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်ရှိ အပ်စိုက်မှတ် တစ်ရာကျော်မှ အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး မီတာရာချီ၊ ထောင်ချီအထိ ပျံနှံ့သွားကာ သူ့အား အလင်း လူသား တစ်ဦးအဖြစ် ပြောင်းလဲသွားစေသည်။
မဟာအဆီအနှစ်များကို စုပ်ယူပြီးနောက် သူ၏ အရှိန်အဝါမှာ အမှောင်ဧကရာဇ် တာအိုသခင်နှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာပြီ ဖြစ်သည်။
"ဝမ်းယွမ်... ကမ္ဘာဦးခေတ်... တစ်ကမ္ဘာက တစ်သံသရာ။ ငါဟာ ဝမ်းယွမ်တစ်ခုကို မကျော် လွန်နိုင်သေးပေမဲ့၊ ကမ္ဘာတစ်ခုနဲ့ သံသရာတစ်ခုကိုတော့ ထိန်းချုပ်နိုင်တယ်။ ဘာမှမရှိရာ ကနေ ငါ ဖန်ဆင်းမယ်၊ ယန်နတ်ဘုရားက ကမ္ဘာကို ဖန်တီးတယ်။ အဲဒီကမ္ဘာမှာ အချိန်နဲ့ ဟင်းလင်းပြင်၊ ပျက်စီးခြင်းနဲ့ ပြန်လည်မွေးဖွားခြင်း၊ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း၊ စွမ်းအားနဲ့ နိယာမ၊ အကြောင်းနဲ့အကျိုးဆိုတဲ့ နတ်ဘုရားတန်ခိုး ရှစ်မျိုး ပါဝင်တယ်။ အဲဒီနတ်ဘုရား တန်ခိုးရှစ်မျိုးက ကမ္ဘာတစ်ခုကို ဖန်တီးဖို့ လုံလောက်တယ်..."
ဟုန်ယွိ၏ အတိုင်းအဆမရှိ ကျယ်ပြန့်နေသော အတွေးစတိုင်းမှ ကျယ်လောင်သော အသံကြီးများ ထွက်ပေါ်လာသည်။
ထိုအသံအတွင်းတွင် ကြယ်တာရာများ ပေါက်ကွဲသွားသည့် အသံမှာ အဝေးတိုင်အောင် ပဲ့တင်ထပ်နေပြီး၊ ထိုအသံသည် ‘ဘုံသုံးပါး မူလစွမ်းအင်အမြောက်သံ’ နှင့် တူသော်လည်း ထိုအမြောက်ထက် “ဖန်ဆင်းခြင်း” စိတ်ဆန္ဒများ ပိုမိုပါဝင်နေသည်။
ပျက်စီးခြင်းနောက်တွင် ဖန်ဆင်းခြင်း။
ဟုန်ယွိ၏ အတွေးစတိုင်းမှာ ပြင်းထန်စွာ ပေါက်ကွဲလာပြီး ကမ္ဘာဦးဘိုးဘေးတို့၏ မဟာ အဆီအနှစ်များကို အသုံးပြုကာ စီစဉ်ပြောင်းလဲလျက် ဧရာမအဟာအစီအရင်ကြီး တစ်ခု သို့မဟုတ် ကမ္ဘာတုန်လှုပ်စေမည့် မှတ်တမ်းတစ်ခုကို ရေးသားနေသကဲ့သို့ပင်။
ဤမှတ်တမ်းမှာ ကမ္ဘာတစ်ခု တည်ဆောက်ပုံ၊ နတ်ဘုရားတန်ခိုးရှစ်မျိုး စုစည်းမှုနှင့် ကောင်းကင်၊ မြေကြီး၊ လေ၊ မိုးကြိုး၊ ရေ၊ မီး၊ တောင်တန်းနှင့် ရေအိုင်များ ပေါင်းစပ်မှုမှ တဆင့် ကမ္ဘာကြီးကို ဖန်တီးခြင်းအကြောင်း မှတ်တမ်းတင်နေခြင်း ဖြစ်သည်။
ဟုန်ယွိ၏ အတွေးစ ၆၀,၀၀၀ တိုင်းသည် မဟာအဆီအနှစ် တစ်ခုစီကို ထိန်းချုပ်ထားပြီး၊ ထိုအနှစ်သာရများကို ဆန်းကြယ်သော စာလုံးများ၊ တုန်လှုပ်ဖွယ် နတ်ဘုရားမှော် သင်္ကေတများနှင့် ဖန်ဆင်းခြင်း၏ အကျိုးအပြစ်များအဖြစ် ပြောင်းလဲလိုက်သည်။
အတိတ်က ပညာရှင် သူတော်စင်တစ်ရာ ပဲ့တင်ထပ်စေသည့် ပျံ့နှံ့သွားခဲ့သော ထိုဆောင်းပါးမှာ ဟုန်ယွိ၏ အတွေးစတိုင်းဆီသို့ ပြန်လည် စုစည်းလာပြန်သည်။
ဤအခိုက်အတန့်တွင် ဟုန်ယွိသည် တာအိုပညာရပ်များကို အသုံးပြုကာ ကမ္ဘာဦး ဘိုးဘေး တို့၏ မဟာအဆီအနှစ်များဖြင့် ဆောင်းပါးတစ်ပုဒ်ကို ရေးသားလိုက်သည်။ ထိုဆောင်းပါး မှာ သူတော်စင်တစ်ရာတို့၏ ပဲ့တင်ထပ်သံထက် ပိုမိုခမ်းနားပြီး ရှေးဦးခေတ် ကတည်းက တစ်ခါမျှ မတည်ရှိဖူးသေးသည့် ခန့်ညားထည်ဝါသော အငွေ့အသက်ကို ပိုင်ဆိုင်ထားသည့် ဆောင်းပါးတစ်ပုဒ် ဖြစ်သည်။
"အမှောင်ဧကရာဇ် တာအိုသခင်၊ သူတော်စင်တွေရဲ့ မဟာအဆီအနှစ်၊ ဉာဏ်ပညာ အဆီနှစ်တို့နဲ့ ရေးသားထားတဲ့ ကျုပ်ရဲ့ဒီဆောင်းပါးဟာ မှော်ပညာ တစ်ခုပဲ။ ကျုပ် ဒါကို ခင်ဗျားအတွက် လက်ဆောင် ပေးလိုက်မယ်၊ ဝမ်းယွင်တစ်ခု... ကမ္ဘာဦးခေတ်... တစ်ကမ္ဘာ က တစ်သံသရာ။ ဒီတိုက်ကွက်ကို ‘ကမ္ဘာဦးအစ’လို့ ခေါ်မယ်။"
ဟုန်ယွိ၏ အတွေးစများဖြင့် ရေးသားထားသော ထိုစာလုံးအားလုံးသည် ဆောင်းပါးတစ်ပုဒ် အဖြစ် ပေါင်းစည်းသွားပြီး အမှောင်ဧကရာဇ် တာအိုသခင်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင် တိုက်ခိုက်လိုက်လေတော့သည်။
၎င်းမှာ ယန်နတ်ဘုရား တစ်ပါး၏ ကမ္ဘာဦး ဖန်ဆင်းခြင်းကို မှတ်တမ်းတင်ထားသော ဆောင်းပါး ဖြစ်သလို၊ အလွန်တရာ နက်နဲလှသော မဟာအစီအရင် နတ်ဘုရားစွမ်းရည် လည်း ဖြစ်ပေသည်။
အခန်း (၅၃၀)။
ဟုန်ယွိ၏ တိုက်ကွက်က ကမ္ဘာဦးဘိုးဘေး မဟာအဆီအနှစ်များကို ခွဲထုတ်ပြီး၊ သူ၏ အတွေးစတိုင်းကို ထိန်းချုပ်ကာ အဆုံးမဲ့သော စာလုံးများကို ရေးသားပြီး ‘ကမ္ဘာဦး ဖန်ဆင်း ခြင်း မှတ်တမ်း’ တစ်ခုကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။ ၎င်းသည် ပညာရှင် သူတော်စင် တစ်ရာက တစ်ညီတစ်ညွတ်တည်း သီကျူးနေကြသကဲ့သို့ ရှိပြီး၊ ကောင်းကင်နှင့် မြေကြီး ကြားရှိ မရေတွက်နိုင်သော ဟင်းလင်းပြင်လွှာများ အတွင်းမှ အလယ်အလတ်ကမ္ဘာ များကို လှုပ်ခတ်စေကာ ကျယ်ပြောလှသည့် ဝေဝေဝါးဝါး လှိုင်းဂယက်များကို ဖြစ်ပေါ်စေသည်။
ယန်နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦးသည် အထွတ်အထိပ်သို့ ရောက်ရှိပြီး အတိုင်း အဆမဲ့ စွမ်းအားများကို စုဆောင်းထားနိုင်သော်လည်း ဝမ်းယွမ်ကို ဖောက်ထွက်ပြီး နိဗ္ဗာန နယ်ပယ်သို့ မရောက်ရှိနိုင်သေးပေ။ သူတို့၏ နောက်ဆုံးသက်တမ်းကုန်ဆုံးချိန် ရောက်လာ သည့်အခါ ဧရာမ ကြယ်ကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားပြီး အလယ်အလတ်ကမ္ဘာ တစ်ခု ကို အမှန်တကယ် ဖန်တီးကာ ကမ္ဘာတစ်ခုကို တည်ဆောက်လိုက်ကြသည်။
ဤသည်မှာ ကမ္ဘာဦးအစ နတ်ဘုရားစွမ်းရည်ပင် ဖြစ်သည်။
ဟုန်ယွိသည် ဗုဒ္ဓသင်္ကန်းတော်အတွင်း၌ နိဗ္ဗာနနယ်ပယ်၏ လမ်းစဉ်ကို နားလည် သဘော ပေါက်ခဲ့သည်။ ‘မဟာဝဇိရပညာပါရမီ’ ကျမ်း၌လည်း ကမ္ဘာဦးဖန်ဆင်းခြင်းလမ်းစဉ် အချို့ ကို မှတ်တမ်းတင်ထားသည်။ တစ်ချိန်တည်းမှာပင် သူသည် ‘ဇမ္ဗူမဟာအစီအရင်’ နဂါး တန်ခိုးစွမ်းအား အမျိုးမျိုး၊ ဖန်ဟွမ်အသက်ဝိညာဉ်ဓားတို့ကို စုစည်းကာ၊ သူတော်စင် ပေါင်းစုံတို့၏ မဟာအဆီနှစ်နှင့် တောက်ပသော ဉာဏ်ပညာမီးလျှံတို့ကို သူ နားလည် သဘောပေါက်ထားသည့် မဟာအစီအရင် ဆောင်းပါးကြီးအတွင်းသို့ ထည့်သွင်းလိုက် သည်။ သူသည် ထိုစွမ်းအားကို ပေါက်ကွဲထုတ်ဖော်လိုက်သောအခါ ထိုမဟာအဆီနှစ်၏ နတ်ဘုရားအလင်းမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားလေသည်။
အမှောင်ဧကရာဇ် တာအိုသခင် မည်မျှပင် အစွမ်းထက်ပါစေ၊ သူသည် ယန်နတ်ဘုရား အဆင့်သို့ မရောက်သေးသရွေ့ ဤ ‘ကမ္ဘာဦးဖန်ဆင်းခြင်း’ စွမ်းအားကို ခုခံနိုင်လိမ့်မည် မဟုတ်ကြောင်း ဟုန်ယွိ ယုံကြည်မူ အပြည့်ရှိသည်။
ဤသည်မှာ မှော်ပညာနှင့် သိုင်းပညာပေါင်းစပ်သည့် လမ်းစဉ်သက်သက် မဟုတ်တော့ ပေ။
ဤသည်မှာ မှော်ပညာ၊ သိုင်းပညာနှင့် စာပေပညာတို့ ပေါင်းစပ်ထားသော စွမ်းအား ဖြစ်သည်။
ဟုန်ယွိသည် သူ့ဆောင်းပါး၏ အနှစ်သာရ၊ ခန့်ညားထည်ဝါသော အရှိန်အဝါနှင့် ပညာရှင် သူတော်စင်တစ်ရာတို့ တစ်ညီတစ်ညွတ်တည်း ဟစ်ကြွေးသံများကို သူတော်စင်ပေါင်းစုံ ခန်းမ၏ အနှစ်သာရ၊ ဉာဏ်ပညာမီးလျှံများကို အသုံးပြုကာ၊ ရှေးဟောင်း နတ်ဘုရား စွမ်းရည် တစ်ခုကို ရေးသားလိုက်သည်။ ၎င်းမှာ ယန်နတ်ဘုရားအဆင့် ကျွမ်းကျင်သူ တစ်ဦး ကမ္ဘာတစ်ခုကို ဖန်ဆင်းနေသည့် မြင်ကွင်းကို စာလုံးများဖြင့် ဖော်ညွှန်းရန်၊ ချီးမွမ်းရန်နှင့် ဖော်ပြရန် ကြိုးစားခြင်း ဖြစ်သည်။
ယန်နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦး ကမ္ဘာတစ်ခုကို ဖန်ဆင်းသည့် အခိုက်အတန့် သည် နိဗ္ဗာနနယ်ပယ်ကို ကျော်လွန်ရန် နောက်ဆုံး တိုက်ပွဲဝင်ခြင်းပင် ဖြစ်သည်။ ထိုအခိုက်အတန့်သည် မည်မျှ ကြီးကျယ်ခမ်းနားလိုက်မည်နည်း၊ မည်မျှ သူရဲကောင်း ဆန်လိုက်မည်နည်း၊ ကမ္ဘာမြေကို တုန်လှုပ်စေကာ စကြဝဠာကြီးကို မည်မျှ ရိုက်ခတ်စေ လိုက်မည်နည်း။
အကယ်၍ ဤမြင်ကွင်းကို စာလုံးများဖြင့် အမှန်တကယ် မှတ်တမ်းတင် ဖော်ပြနိုင်ခဲ့လျှင် ၎င်းသည် မည်မျှကြီးကျယ်ခမ်းနားသည့် မော်ကွန်းတင် ကဗျာရှည်ကြီး၊ မည်မျှ ခမ်းနား သည့် မှတ်တမ်းရှည်ကြီး ဖြစ်သွားမည်နည်း။
ဆောင်းပါးတစ်ပုဒ်၏ အနှစ်သာရမှာလည်း သိုင်းပညာနှင့် တူညီသည်။ ကောင်းမွန်သော ဆောင်းပါးတစ်ပုဒ်သည် တောက်ပစွာ လင်းလက်နေပြီး စာလုံးတိုင်းမှာ ကျောက်မျက် ရတနာများနှင့် တူသည်။ သူတော်စင်တို့၏ ရေးသားချက်များသည် မိစ္ဆာဝိညာဉ်များကို မောင်းထုတ်နိုင်စွမ်း ရှိသည်။
ဟုန်ယွိ၏ စာပေပါရမီမှာ ပြောနေစရာပင် မလိုပေ။ သူ၏ အတွေးစတိုင်းမှာ အစွန်းကုန် ပြည့်စုံနေပြီ ဖြစ်သည်။
ဤအချိန်တွင် သူသည် ယန်နတ်ဘုရားတစ်ပါးမှ ကမ္ဘာတစ်ခုကို ဖန်ဆင်းကာ နိဗ္ဗာန နယ်ပယ်ကို ကျော်လွန်ရန် နောက်ဆုံး တိုက်ပွဲဝင်နေသည့် အခိုက်တန့်မှ အံ့ဩဖွယ်ဖြစ်ရပ်၊ သူရဲကောင်းဆန်မူ၊ ခန့်ညားထည်ဝါပြီး တုန်လှုပ်ဖွယ် ခံစားချက်များကို ဆောင်းပါးအတွင်း သို့ ပေါင်းထည့်ထားသည်။ တစ်ချိန်တည်းမှာပင် လူသားအင်မော်တယ် ကိုယ်ပွား၏ သိုင်းဆန္ဒနှင့် ‘ပါရမီတံတား’ ကိုပါ ပေါင်းစပ်ထည့်သွင်းထားသည်။
ဤအရာအားလုံးမှာ အတိုင်းအဆမဲ့လှသည်။
အတိုင်းအဆမဲ့၊ အတိုင်းအဆမဲ့၊ လုံးဝကို အတိုင်းအဆမဲ့လှသည်။
နောက်ဆုံးတွင် သူသည် "ကမ္ဘာဦးတည်ဆောက်ခြင်းခေတ်" ကို ရေးသားပြီးစီးသွားသည်။ မှော်ပညာ၊ သိုင်းပညာနှင့် စာပေစွမ်းအင်ဆိုသည့် မဟာနတ်ဘုရားစွမ်းရည် သုံးခုမှာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကာ ‘အလယ်ခေတ်’ ပညာရှင် သူတော်စင်များ၏ အဆင့်သို့ တိုက်ရိုက် ချဉ်းကပ်သွားခဲ့သည်။
အလယ်ခေတ် ပညာရှင် သူတော်စင်ကြီးများ ကြား၌ပင် ထူးခြားဆန်းကြယ်သော နတ်ဘုရား စွမ်းရည်နှင့် အတိုင်းအဆမဲ့ မှော်စွမ်းအားကို ပိုင်ဆိုင်ထားသည့် ထိပ်တန်း ပါရမီရှင် အနည်းငယ်သာ စာပေပညာ၊ သိုင်းပညာနှင့် တာအိုပညာတို့ကို တစ်ပြိုင်နက် တည်း ကျင့်ကြံနိုင်ကြသည်။ သူတို့သည် တစ်ခုနှင့်တစ်ခု အားဖြည့်ပေးကာ တုန်လှုပ်ဖွယ် နည်းစနစ်များကို ပေါင်းစပ်ဖန်တီးခဲ့ကြသည်။ သို့သော် ထိုနည်းစနစ်များမှာ တစ်ခုပြီး တစ်ခု ပျောက်ကွယ်သွားကြကုန်ကြပြီ။ အကြောင်းမှာ စာပေပညာ၊ စစ်ပညာနှင့် တာအို ပညာတို့ကို တစ်ပြိုင်နက် ကျင့်ကြံနိုင်သူ အလွန်နည်းပါးလွန်းသောကြောင့် ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ဟုန်ယွိသည် ထိုကဲ့သို့လူမျိုး ဖြစ်နေပြီး၊ သူသည် ယန်နတ်ဘုရား အဆင့် ကျွမ်းကျင်သူတစ်ဦး၏ နိဗ္ဗာနနယ်ပယ်အတွက် နောက်ဆုံး ကြိုးစားရုန်းကန်မူ ဖြစ်သော ကမ္ဘာဖန်ဆင်းခြင်းနှင့် လွတ်မြောက်ခြင်းတို့ကိုပါ မှတ်တမ်းတင်နိုင်ခဲ့သည်။
ဤ ‘ကမ္ဘာဦးအစ’ နက်နဲသော နတ်ဘုရားစွမ်းရည်ကို ထုတ်ဖော်လိုက်သည့် အခိုက်အတန့် တွင် ဟုန်ယွိသည် သူစုဆောင်းထားသမျှ ဗဟုသုတ အားလုံးကို ခြုံငုံ၍ အပြည့်အဝ ပေါင်းစပ်နိုင်ခဲ့ပြီဟု ဆိုနိုင်သည်။ ၎င်းသည် ကမ္ဘာတစ်ခုအား ဖန်ဆင်းရှင်သခင်တစ်ဦး၏ ဖန်ဆင်းခြင်းပင် ဖြစ်သည်။
အကယ်၍, ဟုန်ယွိသည် ယခုအချိန်တွင် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်မည်ဆိုပါက ‘ဖန်ဆင်းခြင်းတံခါး’ ကို ရိုက်ခွဲကာ ‘ဖန်ဆင်းရှင်’ သခင် တစ်ဦး ဖြစ်လာနိုင်ရန် ငါးဆယ် ရာခိုင်နှုန်း အခွင့်အရေး ရှိနေပြီဟု ဆိုနိုင်သည်။
ဟုန်ယွိသည် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီး ‘ဖန်ဆင်းရှင်’ တစ်ဦး ဖြစ်လာရန် ကြိုးစား ရာတွင် လမ်းစဉ်တစ်ခု (Dao) ကို ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ လောကကြီး၏ ဖန်ဆင်းခြင်းလမ်းစဉ်ပင် ဖြစ်သည်။
သို့သော် ထိုလမ်းစဉ်မှာ အလွန်ပင် အန္တရာယ်ကြီးလှသည်။ ထိုဖန်ဆင်းခြင်း လမ်းစဉ်မှ လွတ်မြောက်ရန် လမ်းမရှိသကဲ့သို့၊ ကျရှုံးခဲ့ပါက သူ၏ စိတ်ဝိညာဉ်မှာ လုံးဝ ပျက်သုဉ်းသွား နိုင်ရန် ရာခိုင်နှုန်း (၅၀) အခွင့်အရေးရှိနေသည်။
သို့သော် ဟုန်ယွိအနေဖြင့် ထိုဖန်ဆင်းခြင်းတံခါးကို အသာအယာ တွန်းဖွင့်ပြီး ခိုးကြောင် ခိုးဝှက် ဝင်ရောက်မည့်သူ မဟုတ်ပေ။ ထိုသို့ပြုလုပ်မည့်အစား သူသည် ထိုတံခါးကြီးကို ဗုံးကြဲသကဲ့သို့ အပြင်းအထန် ရိုက်ခွဲဖွင့်လှစ်ကာ၊ ခေါင်းမော့ ရင်ကော့လျက် ဂုဏ်သိက္ခာ ရှိရှိ ရဲရဲဝံ့ဝံ့ လှမ်းဝင်သွားမည့်လူ ဖြစ်သည်။
ထို့ကြောင့် ဟုန်ယွိသည် ဆက်လက်၍ အသိပညာများ စုဆောင်းရန်၊ စွမ်းအင်များ ထပ်မံ စုဆောင်းရန် လိုအပ်နေပါသေးသည်။
...
အမှောင်ဧကရာဇ် တာအိုသခင်၏ မှော်ပညာနှင့် သိုင်းပညာလမ်းစဉ်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ‘မဟူရာ ပျက်သုဉ်းခြင်း မုန်တိုင်းလက်သီး’ ဖြစ်စေ၊ ‘ဆန်းကြယ် မဟူရာပန်း ကောင်းကင်နှလုံးသား တံဆိပ်တော်’ ဖြစ်စေ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ၊ အထွက်အထိပ် အဆင့်ခြောက် မိုးကြိုးကပ်ဘေး ပညာရှင်များကိုပင် တစ်ခဏ အတွင်း သတ်ဖြတ်နိုင်စွမ်း ရှိသည်။
သို့သော် အမှောင်ဧကရာဇ်တာအိုသခင်တွင် ‘စာပေစွမ်းအင်’ ကင်းမဲ့နေသည်။
ဟုန်ယွိ၏ ‘ကမ္ဘာဦးဖန်ဆင်းခြင်း မှတ်တမ်း’ သည် ယန်နတ်ဘုရားတစ်ပါး ကမ္ဘာတစ်ခုကို ဖန်ဆင်းသည့် ကြီးကျယ်ခမ်းနားသည့် စိတ်လှုပ်ရှားဖွယ် အခိုက်အတန့်ကို အစစ်အမှန် အတိုင်း မှတ်တမ်း မတင်နိုင်သေးသော်လည်း၊ ၎င်းသည် စာပေပညာ၊ သိုင်းပညာနှင့် မှော်ပညာတို့ ပေါင်းစပ်ထားသော မဟာနတ်ဘုရား စွမ်းရည်တစ်ခု ဖြစ်သည်။ နိဗ္ဗာန နယ်ပယ် မှော်ရတနာအချို့၏ စွမ်းအားသည် ‘ဖန်းဆင်းခြင်းသင်္ဘော’ ကိုပင် ခုခံနိုင်ရာ၊ အမှောင်ဧကရာဇ် တာအိုသခင်ကို မခုခံနိုင်စရာ အကြောင်းမရှိပေ။
...
ထို့အပြင် အမှောင်ဧကရာဇ် တာအိုသခင်သည် ပြန်လည် ဝင်စားရန်အတွက် ‘အမှောင် ကြယ်’ ကို အသုံးပြုခဲ့ရခြင်းကို ကြည့်လျှင် သူသည် ယခင်က ‘စစ်နတ်ဘုရား’ နှင့် တိုက်ပွဲ တွင် ပြန်လည်ကုစား၍ မရနိုင်သော ဒဏ်ရာများ ရရှိခဲ့ပုံရသည်။ မဟုတ်ပါက ဖန်ဆင်းရှင် တစ်ဦး၏ စိတ်ဝိညာဉ်သည် ဝမ်းယွမ်တစ်ခုအတွင်း တည်မြဲနေမည်ဖြစ်ရာ နှစ်ပေါင်း သုံးထောင်အကြာတွင် သူသည် မူလအတိုင်း ပြန်လည်ကောင်းမွန်နေသင့်ပြီ ဖြစ်သည်။
"ယန်နတ်ဘုရားရဲ့ အထွတ်အထိပ်ဆိုတာ နိဗ္ဗာနနယ်ပယ်ကို ဖြတ်ကျော်ဖို့ နောက်ဆုံး ရုန်းကန်မှုပဲ။ ကမ္ဘာတစ်ခုအဖြစ် အသွင်ပြောင်းပြီး ကမ္ဘာသစ်တစ်ခု ဖန်တီးတာကို လူ ဘယ်နှစ်ယောက် မြင်ဖူးလဲ၊ အမှောင်ဧကရာဇ် တာအိုသခင်... ခင်ဗျားရော မြင်ဖူးလား၊ ခင်ဗျား မမြင်ဖူးသေးရင် ကျုပ်နားလည်သဘောပေါက်ထားတဲ့ ‘ကမ္ဘာဦး ဖန်ဆင်းခြင်း မှတ်တမ်း’ ကို မြည်းစမ်းကြည့်ပါဦး။ ခင်ဗျား မြင်ဖူးတယ်ဆိုရင်လည်း ကျုပ်ရဲ့ ‘ကမ္ဘာဦး ဖန်ဆင်းခြင်း မှတ်တမ်း’ က မှန်လား၊ မှားလားဆိုတာ ကျုပ်ကို လမ်းညွှန်ပြသပေးပါဦး။"
စုစည်းထားသော "ကမ္ဘာဦးအစ" ဆောင်းပါးမှာ အလင်းတန်းများအဖြစ် ပြောင်းလဲကာ ရှေ့သို့ တရကြမ်း အပြင်းအထန် တိုက်ခိုက်လိုက်ချိန်တွင် ဟုန်ယွိ၏ ကျယ်လောင်လှသော အသံက ပဲ့တင်ထပ်သွားသည်။ တစ်ချိန်တည်းမှာပင် ဤအခွင့်အရေးကို အသုံးချ၍ ဧရာမ "သူတော်စင်ပေါင်းစုံခန်းမ" သည် ဟင်းလင်းပြင် ကို ရိုက်ခွဲကာ ထိုနေရာသို့ ဆင်းသက်လာ သည်။ ဟုန်ယွိနှင့် ဟွမ်ယန်ယန် တို့သည်လည်း ချက်ချင်းပင် ခန်းမအတွင်းသို့ ဝင်ရောက် လိုက်ကြသည်။...
သို့သော် ဟုန်ယွိ၏ စကားသံများသည် ‘‘ကမ္ဘာဦး ဖန်ဆင်းခြင်း’ ဆောင်းပါး သို့မဟုတ် ထိုနက်နဲသော နတ်ဘုရားအစီအရင်၏ စွမ်းအားအောက်တွင် လုံးဝ ဖုံးလွှမ်းသွားသည်။
အမှောင်ဧကရာဇ် တာအိုသခင်မှလွဲ၍ ကျန်ရှိသော ဧကရာဇ်နာလန်နှင့် ယုဝမ်မူတို့မှာ ထိုအသံကို မကြားနိုင်တော့ပေ။ အကြောင်းမှာ တိုက်ပွဲ၏ အကျိုးသက်ရောက်မှု မရှိစေရန် အမှောင်ဧကရာဇ် တာအိုသခင်က သူတို့အား အမှောင်ကြယ် အတွင်းသို့ ထည့်သွင်းကာ အကာအကွယ် ပေးထားသောကြောင့် ဖြစ်သည်။
ဟုန်ယွိ၏ "ကမ္ဘာဦးအစ" တိုက်ကွက်မှာ သာမန်လူများ ကိုင်တွယ်နိုင်သော အရာမဟုတ် တော့ပေ။
အမှောင်ဧကရာဇ် တာအိုသခင် ကိုယ်တိုင်ပင်လျှင် ထိုတိုက်ကွက်ကို ခံယူပါက၊ ဖြစ်ပေါ် လာမည့် နောက်ဆက်တွဲ ရိုက်ခတ်မှုမှာ မိုးကြိုးကပ်ဘေး ကျွမ်းကျင်သူတစ်ဦးကို ဖျက်ဆီး ပစ်နိုင်ပြီး သိုင်းသူတော်စင် တစ်ဦးကို အပိုင်းပိုင်း ဆွဲဖြဲပစ်ရန် လုံလောက်လေသည်။
လျှပ်တပြက် အတွင်းမှာပင် အလင်းတန်းများသည် အမှောင်ဧကရာဇ် တာအိုသခင်၏ ရှေ့မှောက်သို့ ပျံသန်းရောက်ရှိသွားသည်။ ၎င်းတို့သည် သူ၏ ဝတ်ရုံနက်ပွကြီးကို ဆွဲဖြဲပစ် လိုက်ပြီးနောက် သူ၏ တစ်ကိုယ်လုံးမှ အမှောင်ငွေ့များ တရကြမ်း ထွက်ပေါ်လာစေသည်။
တစ်ချိန်တည်းမှာပင် ကမ္ဘာဦး ဖန်ဆင်းခြင်းဆောင်းပါးမှ များပြားလှသော စာလုံးများ၊ သင်္ကေတများနှင့် တောက်ပလှသော အလင်းတန်းများသည် ပြင်းထန်စွာ ပြန့်ကားသွားပြီး အမှောင်ဧကရာဇ် တာအိုသခင်၏ ခန္ဓာကိုယ်ကို စက်လုံးကြီးတစ်ခုအဖြစ် လုံးဝ ပတ်ပတ် လည် ပိတ်ဆို့ထားလိုက်သည်။
"ကမ္ဘာဦးအစ" ဆောင်းပါးဖြင့် ဖွဲ့စည်းထားသော စက်လုံးကြီးသည် ကြယ်တစ်လုံး၏ ရှေ့ပြေးပုံစံနှင့် အလွန်တူလှသည်။
ဝုန်း… ဝုန်း… ဝုန်း….၊
အချိန်ပင် ကုန်ဆုံးသွားခြင်း မရှိတော့သည့် အလား၊ "ကမ္ဘာဦး ဖန်းဆင်းခြင်း" ဆောင်းပါး အစီအရင်ကြီးက အမှောင်ဧကရာဇ် တာအိုသခင်ကို ရစ်ပတ်ပိတ်ဆို့ကာ စက်လုံးတစ်ခု ဖြစ်သွားသည့် ခဏ၌ပင် ထိုစက်လုံးကြီးမှာ ရုတ်တရက် ထပ်မံ တုန်ခါလာပြန်သည်။ စက်လုံးကြီးတစ်ခုလုံးမှာ ကမ္ဘာတုန်စေမည့် ပြောင်းလဲမှုကြီး ဖြစ်ပေါ်လာပြီး ဖော်ပြ၍ မရနိုင်သော၊ နားလည်ရန်ခက်ခဲသော ဧရာမ စွမ်းအားကြီးများ မွေးဖွားလာကာ အသွင် ပြောင်းလဲသွားသည်။
ရှူး... ရှူး... ရှူး...
စက်လုံးကြီးအတွင်းမှ မြေ၊ ရေ၊ လေ၊ မီးတို့ ပြင်းထန်စွာ လှုပ်ခတ်နေသကဲ့သို့ အသံများ ထွက်ပေါ်လာသည်။ ကမ္ဘာ့အပေါ်ယံလွှာကြီး ပြင်းထန်စွာ လှုပ်ရှားနေသကဲ့သို့ပင်။ ချော်ရည်ပူများ စတင် စီးဆင်းလာပြီး ကမ္ဘာသစ်တစ်ခု စတင်ဖြစ်တည်လာသကဲ့သို့ ခံစားရ သည်။
အမှောင်ဧကရာဇ် တာအိုသခင်မှာ ထိုစက်လုံးအတွင်း၌ ပိတ်မိနေပြီး ကမ္ဘာကြီး၏ ဗဟိုချက် ဖြစ်သွားသကဲ့သို့ ဖြစ်နေသည်။
ထို့နောက် တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာသည်။ "ကမ္ဘာဦး ဖန်ဆင်းခြင်း" ဆောင်းပါး မဟာ အစီအရင်မှာ အစစ်အမှန် ကြယ်တစ်လုံးအဖြစ် ပြောင်းလဲသွားပုံရသည်။ နောက်ဆုံးတွင် ဇီဝစွမ်းအားများ ပေါက်ကွဲထွက်လာပြီး အမှောင်နယ်မြေတစ်ခုလုံး ချက်ချင်း ပြိုလဲသွား တော့သည်။ အမှောင်ထုနှင့် ဆန်းကြယ်သော ကမ္ဘာကြီးမှာ ဟုန်ယွိ၏ ‘ဖန်ဆင်းခြင်း’ တိုက်ကွက်ကြောင့် အစိတ်စိတ် အမွှာမွှာ ပြိုကွဲသွားရလေသည်။
‘ဘုံသုံးပါး မူလစွမ်းအင် အမြောက်’ မှာ ကြယ်တစ်လုံး ပေါက်ကွဲခြင်း ဖြစ်သော်လည်း၊ ဟုန်ယွိ၏ ‘ကမ္ဘာဦး ဖန်ဆင်းခြင်း’ အစီအရင်မှာမူ ကြယ်တစ်လုံး ဖြစ်တည်လာခြင်း ဖြစ်သည်။ ယန်နတ်ဘုရား ကျွမ်းကျင်သူတစ်ဦးသည် သူ၏ နောက်ဆုံးတိုက်ပွဲတွင် နိဗ္ဗာန နယ်ပယ်ကို ဖြတ်ကျော်ရန် အစွမ်းကုန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။
ကြီးထွားခြင်း စွမ်းအားမှာ ဖျက်ဆီးခြင်း စွမ်းအားထက် ပိုမိုကြီးမားကာ ရှုပ်ထွေးလှသည်။
ထို့ကြောင့် ဖန်ဆင်းခြင်း စွမ်းအားမှာ ‘ဘုံသုံးပါး မူလစွမ်းအင် အမြောက်’ ၏ စွမ်းအားကိုပင် ခပ်သဲ့သဲ့ ကျော်လွန်နေသည်။
ဟုန်ယွိသည် ကြယ်တစ်လုံး ဖြစ်တည်လာသည့် ခဏ၌ အတွင်းတွင် ပိတ်မိနေသော အမှောင်ဧကရာဇ် တာအိုသခင်မှာ ဖုန်မှုန့်များအဖြစ် ပျောက်ကွယ်သွားပြီဟုပင် ခံစားလိုက် ရသည်။ ဤမျှကြီးမားသော စွမ်းအား၊ ဤမျှ မြင့်မြတ်သော စိတ်ဆန္ဒ၊ မှော်ပညာ၊ သိုင်းပညာနှင့် စာပေပညာတို့ ပေါင်းစပ်ထားသော အနှိုင်းမဲ့လမ်းစဉ်ကို ဖန်ဆင်းရှင် သခင် တစ်ဦးပင်လျှင် ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် နောက်တစ်ခဏတွင် ဟုန်ယွိ ခန့်မှန်းချက် မှားယွင်းသွားသည်။
သူသည် ဖန်ဆင်းရှင်သခင် အဆင့်သို့ မရောက်သေးသည့်အတွက် အမှောင်ဧကရာဇ်၏ တာအိုသခင်၏ နယ်ပယ်ကို အမှန်အတိုင်း မခန့်မှန်းနိုင်ခဲ့ပေ။
"ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်... လူငယ်လေး၊ ကံကောင်းတာက မင်းဟာ ဖန်ဆင်းရှင်တစ်ယောက် မဟုတ်သေးတာပဲ။ မင်းသာ ဖန်ဆင်းရှင်ဆိုရင် ငါဟာ ဒီတိုက်ကွက်ကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားမှာပဲ။ ကမ္ဘာဦး ဖန်ဆင်းခြင်း... တကယ့်ကို ကောင်းမွန်တဲ့ တိုက်ကွက်ပဲ။ ငါ အခု ဒဏ်ရာရသွားပေမဲ့ အဲဒါက ဘာမှ မဟုတ်ပါဘူး။ မင်းက ဖန်ဆင်းရှင်သခင်တစ်ဦး မဟုတ်ဘဲနဲ့ ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တာကိုတော့ မင်း ဂုဏ်ယူသင့်ပါတယ်။"
ကမ္ဘာဦး ဖန်ဆင်းခြင်းဆောင်းပါး အစီအရင်မှ ကြယ်တစ်ခု ဖြစ်တည်လာချိန်၌ ပြင်းထန် သော တုန်ခါမှုကြောင့် အမှောင်နယ်မြေမှာ ပျက်စီးသွားရသည်။ ဟုန်ယွိသည် အမှောင် ဧကရာဇ် တာအိုသခင် ဖုန်မှုန့်ဖြစ်သွားပြီဟု ထင်မှတ်နေချိန်မှာပင် ကြယ်အတွင်းမှ အမှောင်ဧကရာဇ် တာအိုသခင်၏ အေးစက်သော စကားသံ ထွက်ပေါ်လာသည်။
ဘုန်း…..
ကမ္ဘာဦး ဖန်ဆင်းခြင်းဆောင်းပါးဖြင့် ဖန်တီးထားသော ကြယ်မှာ အစိတ်စိတ် အမွှာမွှာ ပေါက်ကွဲသွားပြီး အလင်းတန်းများနှင့် လေလှိုင်းများ နေရာအနှံ့ ပျံနှံ့သွားသည်။ ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး သူ၏ အတွေးစများမှာ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ရောက်ရှိလာသည်။ တစ်ချိန်တည်းမှာပင် အမှောင်ဧကရာဇ် တာအိုသခင်လည်း ပြန်လည် ထွက်ပေါ်လာသည်။
သူ၏ ‘ပျက်သုဉ်းခြင်း ဆန်းကြယ်ကောင်းကင်မျက်လုံး’က ဟုန်ယွိဆီသို့ ဦးတည်လာသည်။
"သွားစို့"
ဤတစ်ကြိမ်တွင် ဟုန်ယွိ မတွန့်ဆုတ်တော့ပေ။ သူသည် သူတော်စင်ပေါင်းစုံခန်းမကို အသက်သွင်းလိုက်ပြီး ဟင်းလင်းပြင်ကို ဖောက်ထွက်ကာ ချက်ချင်း ထွက်ခွာလိုက်သည်။
...
အမှောင်နယ်မြေကြီး ပြိုလဲသွားသည်နှင့် ဟုန်ယွိသည် အပြင်ဘက် အစစ်အမှန် ကမ္ဘာသို့ ပြန်လည် ရောက်ရှိလာသည်။ သူသည် ဆန်းကြယ်ကောင်းကင်ဘုံခန်းမ၏ ဗဟိုခန်းမ ဆောင်အတွင်း ရောက်ရှိနေခြင်း ဖြစ်သည်။ ၎င်းမှာ ရွှမ်ထျန်းတာအိုသခင်၏ ရုပ်တုတည် ရှိရာ ခန်းမဆောင်ပင် ဖြစ်သည်။
ဧရာမ ဟင်းလင်းပြင် စွမ်းအားများသည် အရပ်ရပ်သို့ ရိုက်ခတ်သွားပြီး ခဏချင်းမှာပင် ထိုခန်းမ ဆောင်ကြီးမှာ ပျက်စီးသွားသည်။ ၎င်းမှာ နတ်ဘုရားတံဆိပ်တော်နှင့် ပေါက်ကွဲ မီးလျှံအဆောင်ဓား အစင်းတစ်ရာ ပေါက်ကွဲသွားသကဲ့သို့ပင်။ ခန်းမဆောင်ကြီးမှာ ချက်ချင်းပင် အပျက်အစီးများ ဖြစ်သွားရသည်။
ဆန်းကြယ်ကောင်းကင်ဘုံခန်းမ ရှေ့ရင်ပြင်ရှိ စစ်သည်များမှာ မြေကြီးတုန်ခါသွားမှုကို ခံစားလိုက်ရပြီး သူတို့ဘဝတွင် တစ်ခါမျှ မမြင်ဖူးသော မြင်ကွင်းကို မြင်လိုက်ရသည်။ ခန်းမ၏ အလယ်ဗဟို ခန်းမဆောင်မှာ ရုတ်တရက် ပေါက်ကွဲသွားပြီး အမိုးများနှင့် ကျောက်တုံးကြီးများ ကောင်းကင်ယံသို့ လွင့်ပျံသွားသည်။
ဧကပေါင်းများစွာ ကျယ်ဝန်းသော ခန်းမဆောင်ကြီးမှာ ခဏချင်းမှာပင် ပျောက်ကွယ်သွား သည်။
ထို့နောက် မူလခန်းမဆောင်ထက် ဆယ်ဆမျှ ပိုမိုကြီးကျယ်ခမ်းနားသော နန်းတော်ကြီး တစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ ကောင်းကင်ယံသို့ ပြင်းထန်စွာ ထိုးတက်သွားပြီး တိမ်တိုက်များကြားထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားတော့သည်။
"ဘယ်လိုလဲ၊ အဆင်ပြေရဲ့လား" ဟုန်ယွိက ကောင်းကင်ယံမှနေ၍ ဟွမ်ယန်ယန်ကို မေးလိုက်သည်။
သူတို့သည် ဧရာမ သူတော်စင်ပေါင်းစုံခန်းမကို စီးနင်းလျက် အမှောင်နယ်မြေမှ ဖောက်ထွက်လာခဲ့ခြင်း ဖြစ်သည်။ ဟွမ်ယန်ယန်မှာ ခန်းမအတွင်း၌ ကြောက်စိတ် မပြေသေးဘဲ မျက်နှာမှာ ဖြူဖျော့နေပြီး ပါးစပ်ထောင့်တွင်လည်း သွေးအနည်းငယ် ရှိနေ သည်။ သို့သော် သူမသည် ဒဏ်ရာပြင်းပြင်းထန်ထန် မရရှိဘဲ တုန်ရီနေသော အသံဖြင့် "ကျွန်မတို့ တကယ်ပဲ လွတ်လာပြီလား။" ဟု မေးလိုက်သည်။
"ထွက်ပြေးလာတာ မဟုတ်ဘူး။ ကျွန်တော် သွားချင်ရင် ဒီကမ္ဘာပေါ်မှာ ကျွန်တော့်ကို တားနိုင်တဲ့လူ မရှိသေးဘူး။ ကျွန်တော်သာ ဖန်ဆင်းရှင်အဆင့်အထိ ကျင့်ကြံထားနိုင် မယ်ဆိုရင် ဒီ ‘ကမ္ဘာဦးအစ’ တိုက်ကွက်ဟာ အမှောင်ဧကရာဇ် တာအိုသခင်ကို သေချာ ပေါက် အနိုင်ယူနိုင်လိမ့်မယ်။ ဒီတစ်ခေါက် ဆန်းကြယ်ကောင်းကင်ဘုံခန်းမကို လာရတာ အန္တရာယ်များပေမဲ့ အမှောင်ဧကရာဇ် တာအိုသခင်ကိုလည်း ကျေးဇူးတင်ရမယ်။ သူ့ရဲ့ ကြီးမားတဲ့ ဖိအားသာမရှိရင် ကျွန်တော် ဒီ ‘မဟာဝဇိရပညာပါရမီ’ လမ်းစဉ်ကို လုံးဝ နားလည်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ဒီလို ‘ကမ္ဘာဦးဖန်းဆင်းခြင်း’ ဆောင်းပါးမျိုးနဲ့ နက်နဲ တဲ့ ပညာရပ်ကိုလည်း ရေးသားနိုင်မှာ မဟုတ်ဘူး။ အခုဆိုရင် ကျွန်တော်ဟာ ဖန်ဆင်းရှင် သခင် တစ်ယောက် ဖြစ်ဖို့ ခြေတစ်လှမ်း ပိုနီးစပ်သွားပြီ။" ဟုန်ယွိက ဂုဏ်ယူစွာ ပြောလိုက် သည်။
သူပြောနေစဉ်မှာပင် ဧရာမ "သူတော်စင်ပေါင်းစုံခန်းမ" မှာ ဟင်းလင်းပြင် လေဟာနယ် မုန်တိုင်းများကြား၌ အမြင့် မီတာ သိန်းချီသို့ ပျံတက်သွားပြီ ဖြစ်သည်။
အမှောင်ဧကရာဇ် တာအိုသခင်သည် ဆန်းကြယ်ကောင်းကင်ဘုံခန်းမကို တာဝန် ယူထား သည့်အတွက် ဆန်းကြယ်ကောင်းကင်ဘုံခန်းမမှာ တောင်ကြီးတစ်လုံးကဲ့သို့ ခိုင်မာနေပြီး အင်အားစုအားလုံး စည်းလုံးနေသည်။ ထို့ကြောင့် ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမမှ ရတနာများကို ရယူနိုင်ရန် မျှော်လင့်ချက် မရှိတော့ပေ။
ဟုန်ယွိက သာမန်ကာလျှံကာ ပြောလိုက်သော်လည်း အမှန်တကယ်တွင်မူ ယခုတစ်ခေါက် မှာ အလွန်အန္တရာယ်ကြီးလှသည်။
"ဘာပဲဖြစ်ဖြစ် ကျွန်မတို့ အန္တရာယ်ကနေ ကင်းလွတ်သွားပြီ။ အမှောင်ဧကရာဇ် တာအို သခင် ပြန်လည် နိုးထလာပြီဆိုတော့ မြို့စားရဲ့ အခြေခံအုတ်မြစ်တွေ အန္တရာယ်ရှိနေပြီ။" ဟွမ်ယန်ယန်က ပြောလိုက်သည်။
"အဲဒါကလည်း အဲဒီလို မဖြစ်နိုင်သေးပါဘူး။ ဒီနေ့ အမှောင်ဧကရာဇ် တာအိုသခင်ဟာ ကျွန်တော့်ရဲ့ နက်နဲတဲ့ ပညာရပ်ကို မြင်သွားပြီ။ သူက တော်ဝင်ချန် တော်ဝင်မိသားစုရဲ့ ‘ဖန်းဆင်းခြင်းသင်္ဘော’ ကိုလည်း စိုးရိမ်နေမှာပဲ။ သူ ဘာလို့ အဆင်ခြင်မဲ့ လုပ်မှာလဲ။ ကမ္ဘာကြီးဟာ ခဏလောက်တော့ ငြိမ်းချမ်းနေဦးမှာပါ။ ဒါပေမဲ့ ခင်ဗျားပြောတဲ့ အန္တရာယ် ကနေ ကင်းလွတ်သွားပြီ ဆိုတာတော့ မသေချာသေးဘူး။"
ဟုန်ယွိက ပြောပြောဆိုဆိုနှင့် သူတော်စင်ပေါင်းစုံခန်းမကို ထိန်းချုပ်ကာ အခြားတစ်နေ ရာသို့ ရှောင်တိမ်းလိုက်သည်။ သူ ရှောင်တိမ်းလိုက်သည့် ခဏမှာပင် သေးငယ်သော မဟူရာ ကြယ်တစ်လုံးမှာ ဟင်းလင်းပြင်ကို ဆွဲဖြဲလျက် သူရှိခဲ့သည့် နေရာသို့ ပြင်းထန်စွာ ရောက်ရှိလာသည်။ နောက်ဆုံးတွင် ၎င်းသည် သူတော်စင်ပေါင်းစုံခန်းမကို ပစ်မှတ်ထား ကာ ဝင်တိုက်လိုက်တော့သည်။
ဤမဟူရာ ကြယ်ကလေးမှာ ‘အမှောင်ကြယ်’ ပင် ဖြစ်သည်။ အမှောင်ဧကရာဇ် တာအို သခင်သည် ၎င်းကို အသုံးပြု၍ သူတော်စင်ပေါင်းစုံခန်းမကို တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
အမှောင်ဧကရာဇ် တာအိုသခင်သည် ဟုန်ယွိ၏ "ကမ္ဘာဦးအစ" တိုက်ကွက်ကြောင့် အနည်းငယ် အရှုံးပေးလိုက်ရသလို ဖြစ်သွားပြီး ဟုန်ယွိကိုပါ လွတ်မြောက်သွားစေခဲ့ရာ၊ ဤမျှ အစွမ်းထက်လှသော ဖန်ဆင်းရှင်သခင် တစ်ဦးအနေဖြင့် သူ့အား ဒီအတိုင်း လွှတ်ပေး ရန် ဆန္ဒမရှိပေ။
မဟူရာ ‘အမှောင်ကြယ်’ သည် ဟင်းလင်းပြင်အတွင်း အလင်းအမြီးတန်းကြီးဖြင့် သူတော်စင်ပေါင်းစုံ ခန်းမဆီသို့ ပြေးဝင်လာသည်။ ၎င်းမှာ ဥက္ကာခဲကြီးတစ်ခု ကမ္ဘာမြေကို ဝင်တိုက်သကဲ့သို့ ပြင်းထန်လှပြီး လမ်းတစ်လျှောက်ရှိ ဟင်းလင်းပြင်များမှာလည်း ပျက်စီး ရှုပ်ထွေးကုန်သည်။
အမှောင်ကြယ်ကြောင့် ဖြစ်ပေါ်လာသော ဧရာမ လေလှိုင်းကြီးမှာ မိုင်ပေါင်းများစွာ ပတ်လည်ရှိ ဥက္ကာခဲငယ်များကို ပေါက်ကွဲသွားစေရန် လုံလောက်လေသည်။ သို့သော် မည်သည့်အရာကမျှ အမှောင်ကြယ်ကို မတားဆီးနိုင်ပေ။
"ငါ့ရဲ့ သူတော်စင်ပေါင်းစုံခန်းမဟာ ‘ကောင်းကင်မြို့တော်’ က ‘မူလကြေးနီအနှစ်သာရ’ တွေနဲ့ စုစည်းထားတာဆိုတော့ ကြံ့ခိုင်မူအရ ‘ဖန်ဆင်းခြင်းသင်္ဘော’ နဲ့တောင် ယှဉ်နိုင်နေ ပြီ။ ခင်ဗျားရဲ့ အမှောင်ကြယ်ဟာ ‘ဖန်ဆင်းခြင်းသင်္ဘော’ ထက် ပိုကြံ့ခိုင်မယ်လို့ ကျုပ် မယုံဘူး။ ဒါကို ကျုပ် စမ်းသပ်ကြည့်ရမှာပဲ။"
ဟုန်ယွိသည် ရှောင်တိမ်းခြင်း မပြုတော့ဘဲ သူတော်စင်ပေါင်းစုံခန်းမကို အရှိန်မြှင့်ကာ အမှောင်ကြယ်ဆီသို့ ဦးတည် ဝင်တိုက်လိုက်လေတော့သည်။
ဘုန်း….
အမှောင်ကြယ်နှင့် သူတော်စင်ပေါင်းစုံခန်းမ ဟူသော နတ်ဘုရား ရတနာနှစ်ခုမှာ ဟင်းလင်းပြင်အတွင်း ပြင်းထန်စွာ ထိပ်တိုက် ရင်ဆိုင်မိသွားလေတော့သည်။
စာစဉ် (၅၀)။ ပြီးပါပြီ။