← Chapters

အခန်း (၆၄၁-၆၄၂)

Vol. 48 Ch. 641-642

အခန်း (၆၄၁-၆၄၂)

Vol. 48 Ch. 641-642

အခန်း ၆၄၁: ကုန်သွယ်ရေးအကြောင်းဆွေးနွေးညှိနှိုင်းခြင်း၊ သောက်ရမ်းကြမ်းသောအိမ်မွေးတိရစ္ဆာန်များနှင့် လေဟာနယ်ပါရမီ

ရှောင်းယီသည် တပိုင်ကိုပါ ခေါ်ယူပြီး ၎င်းတို့အား အတူတကွလှုပ်ရှားစေခဲ့သည်။ ဤအရာက ပိုမိုလုံခြုံစေမည်ဖြစ်သည်။

သူတို့ထွက်ခွာသွားပြီးနောက် လင်းနီကျိသည် သူ၏ရင်ဘတ်ထဲမှ ပုလဲတစ်လုံးကိုထုတ်ယူကာ ပြောလိုက်သည်။

“မင်းအရင်က ပြောခဲ့တဲ့ ပုလဲမျိုးကို ကျုပ် စောစောက သတ်လိုက်တဲ့ ပင်လယ်ကဏန်းတစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ တွေ့ခဲ့တယ်။”

ထိုပုလဲကို မြင်သောအခါ ရှောင်းယီသည် အနည်းငယ်စဉ်းစားပြီး မေးလိုက်သည်။

“မျိုးနွယ်စုခေါင်းဆောင်လင်း ကျုပ်မှာ ခင်ဗျားနဲ့ ဆွေးနွေးချင်တဲ့ လုပ်ငန်းတစ်ခုရှိတယ်။ ခင်ဗျား စိတ်ဝင်စားလား။”

“ဘာလုပ်ငန်းလဲ”

လင်းနီကျိက မှင်တက်သွားကာ မေးလိုက်သည်။

“ဒီပုလဲလေးတွေအကြောင်းပါ။ ခင်ဗျားတို့ရနိုင်သမျှအားလုံးကို ကျုပ်လိုချင်တယ်။ ကျုပ်က အဲ့ဒါကို အဆင့်မြှင့်အစားအစာတွေနဲ့ ပြန်ပြီးလဲလှယ်ပေးမယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဘာ မင်းက ဒီဟာကို အဆင့်မြှင့်အစားအစာတွေနဲ့ လဲလှယ်ချင်နေတာလား။”

လင်းနီကျိက မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

သူတို့မျိုးနွယ်တွင် အဆင့်မြှင့်အစားအစာများမှာ အလွန်နည်းပါးကြောင်း သိထားရမည်ဖြစ်သည်။ ထိုအရာများကို လူအနည်းငယ်ကသာ စားသုံးနိုင်ပေသည်။

မျိုးနွယ်စုခေါင်းဆောင်ဖြစ်သည့် သူ့ကိုယ်တိုင်ပင် သူ၏အဆင့်မြှင့်အစားအစာများကို အဆင့်၏အကန့်အသတ်သို့ ရောက်ရှိလုနီးပါးဖြစ်နေသော လူငယ်စစ်သည်များကို ပေးထားခဲ့ခြင်းဖြစ်သည်။

ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဟုတ်တယ်။ နောက်ကာလတွေမှာ နန်းတော်ထဲမှာတွေ့ရမယ့် အရာအားလုံးအပါအဝင် အကုန်လုံးကို အဆင့်မြှင့်အစားအစာတွေနဲ့ လဲလှယ်လို့ရတယ်။”

“အကန့်အသတ်မရှိဘူးလား။”

လင်းနီကျိက ထပ်မံအတည်ပြုလိုက်သည်။

“အကန့်အသတ်မရှိပါဘူး။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဒါပေါ့ ပမာဏက အရမ်းများနေမယ်ဆိုရင်တော့ ခင်ဗျားစောင့်ပေးရမယ်။”

“ကျုပ် မင်းကို အချိန်လုံလုံလောက်လောက်ပေးမယ်ဆိုရင် မင်း အဆင့်မြင့်အစားအစာတွေကို လုံလောက်အောင် ရှာပေးနိုင်မှာလား။”

လင်းနီကျိက ပြောလိုက်သည်။

“ရှာပေးနိုင်တယ်။”

လင်းနီကျိသည် ပင့်သက်ရှိုက်ပြီးနောက် ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ကာ ပြန်ဖြေလိုက်သည်။

“ကောင်းပြီ၊ ကျုပ်တို့စုဆောင်းထားတဲ့ ပုလဲတွေအားလုံးကို မင်းကိုပေးမယ်။”

“ဒါဆို ခင်ဗျား ဘယ်အဆင့်က အစားအစာကို လိုချင်လဲ။”

ရှောင်းယီက မေးလိုက်သည်။

“SS အဆင့်ကိုတော့ အခုချိန်မှာ မလိုအပ်သေးဘူးလို့ ကျုပ်ထင်တယ် မှန်ရဲ့လား။”

အဘယ်ကြောင့်ဆိုသော ဤပုစွန်စစ်သည်များနှင့် ကဏန်းဗိုလ်ချုပ်များအားလုံးက SS အဆင့် ဖြစ်နေသောကြောင့်ပင်။ ၎င်းတို့ကို သတ်လိုက်သည်နှင့် သူတို့ကို အသားနည်းနည်းတော့ ပေးနိုင်သည်။

“တကယ်တော့ အဲ့ဒါက သိပ်မလုံလောက်ပါဘူး။ အရင်ကသတ်ခဲ့တဲ့ အလောင်းကောင်တွေကို ပြန်မသယ်ဖို့ အချိန်မရှိဘူးခဲ့လေ။”

လင်းနီကျိက ပြောလိုက်သည်။

“ဒါပေမယ့် အခုတော့ အဆင်ပြေသွားပါပြီ။”

“ကောင်းပြီ နောက်ပိုင်းမှာ ဒီလိုအသားမျိုးတွေ ပိုပိုများလာမှာပါ။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

“လက်ရှိစျေးနှုန်းက ရေကာကွယ်ပုလဲတစ်လုံးကို C အဆင့် အစားအစာ ၈၀ ကီလိုဂရမ်လို့ ယာယီသတ်မှတ်ထားတယ်။ ဪ...ရေကာကွယ်ပုလဲဆိုတာက ခင်ဗျားလက်ထဲက ပုလဲကိုပြောတာပါ။ ပြီးတော့ အစားအစာအဆင့်ကို ခင်ဗျားဘက်က လွတ်လွတ်လပ်လပ် ရွေးချယ်လို့ရပါတယ်။ ပိုပြီးမြင့်တဲ့အဆင့်ကို လဲလှယ်ချင်တယ်ဆိုရင်တော့ ပမာဏကို တစ်ဝက်လျှော့ပေးရမယ်။ အဆင်ပြေလား။”

“အဲ့လောက်အများကြီးလား။ ဒါပေါ့ အဆင်ပြေပါတယ်။ အဆင်ပြေပါတယ်။”

လင်းနီကျိက ပြန်ဖြေပြီး ချက်ချင်းပင် လူအင်အားစုဆောင်းကာ သူကိုယ်တိုင် ထိုပုစွန်စစ်သည်များနှင့် ကဏန်းဗိုလ်ချုပ်များကို သတ်ဖြတ်ရန်ပြင်ဆင်လိုက်လေသည်။

၎င်းတို့ထဲမှတစ်ကောင်ကို သတ်ပစ်နိုင်ခြင်းသည် SS အဆင့်အသားကိုသာမကဘဲ ရေကာကွယ်ပုလဲကိုပါ ရရှိရန်လည်း အခွင့်အရေးရှိသည်။ ၎င်းသည် အရှုံးမရှိသည့် အခြေအနေဖြစ်သည်။

သူတို့မျိုးနွယ်အတွင်းရှိအဆင့်များသည် A အဆင့်နှင့် အောက်ဆင့်များသာဖြစ်ပြီး SS အဆင့်အစားအစာများ စားသုံးခြင်းက သက်ရောက်မှုမရှိသလောက်ဖြစ်သည်။ ၎င်းတို့သည် အနည်းငယ်အဆင့်နိမ့်သည့်အစားအစာများကို လိုအပ်နေဆဲပင်။

ယခင်က ရေသူများတွင် SS အဆင့်မှာ လင်းနီကျိတစ်ဦးတည်းသာ ရှိပေသည်။ ထို့ကြောင့် သူတို့သည် ၎င်းတို့ကို တစ်ကောင်ချင်းစီကိုသာ သတ်ဖြတ်နိုင်ပြီး အုပ်စုလိုက်ကြုံ့တွေ့ရသည့်အခါ ဘာမှမတတ်နိုင်ခဲ့ချေ။

ယခု တပိုင်နှင့် အခြားသူများနှင့်အတူရှိနေပြီဖြစ်ရာ ဖိအားမှာ အများကြီးလျော့နည်းသွားပြီဖြစ်သည်။

SS အဆင့်သည် တပိုင်တစ်ကောင်တည်းသာရှိသော်လည်း ရှောင်ရှန်းနှင့် အခြားသူများသည်လည်း SSS အဆင့်ကိုယ်ကျပ်ဝတ်စုံများ ဝတ်ဆင်ထားပြီး အဆင့်တက်ရန်အဆင်သင့်ဖြစ်နေပြီဖြစ်ရာ သူတို့ကို ပြိုင်ဘက်က ထိခိုက်ဒဏ်ရာရစေမည်ကို စိုးရိမ်စရာမလိုပေ။ ထို့ကြောင့် သူတို့၏တိုက်ခိုက်ရေးစွမ်းအားသည် လုံးဝမနိမ့်ကျချေ။

အုပ်စုလိုက်ကြီးနှင့် ရင်ဆိုင်မိလျှင်ပင် သူတို့သည် တိုက်ရိုက် တစ်ဟုတ်ထိုးပြေးဝင်သွားတတ်ကြပြီး သူတို့လေးကောင်လုံးသည် ၎င်းတို့၏ပြင်းထန်သောစွမ်းအားများကို စုစည်းကာ တစ်ကောင်းပြီးတစ်ကောင် ရှုံးနိမ့်စေခဲ့သည်။ အလွန်ခိုင်ခံ့သည့်ကာကွယ်မှုကို ပေးစွမ်းနိုင်သော ကိုယ်ကျပ်ဝတ်စုံများကြောင့် သူတို့သည် အခြားပုစွန်စစ်သည်များနှင့် ကဏန်းဗိုလ်ချုပ်များ၏ တိုက်ခိုက်မှုများကို တိုက်ရိုက်ပင်လျစ်လျူရှုထားခဲ့ကြသည်။

အိမ်မွေးတိရစ္ဆာန်လေးကောင်သည် ပြိုင်ဘက်၏တိုက်ခိုက်မှုက သူတို့ကို ဘာမှမလုပ်နိုင်ကြောင်း သိရှိပြီးနောက် သူတို့ဘက်မှစတင်ကာ တိုက်ရိုက်တိုက်ခိုက်ခဲ့ကြပြီး လမ်းတစ်လျှောက်လုံးကို နင်းချေခဲ့ကြသည်။

ဟုတ်ပါသည်။ ရှောင်းယီသည် ၎င်းတို့ကို တည်နေရာကူးပြောင်းခြင်းအစီအရင်မှ ကီလိုမီတာ ၂၀၀ အတွင်း အသစ်ပြန်လည်ဖြစ်ပေါ်လာသော ပုစွန်စစ်သည်များနှင့် ကဏန်းဗိုလ်ချုပ်များကိုသာ ရှင်းလင်းရန်နှင့် ဤအကွာအဝေးကို မကျော်လွန်သွားရန် ညွှန်ကြားထားခဲ့သည်။

ရေသူစစ်သည်များသည် ၎င်းတို့၏ပြင်းထန်သောစွမ်းဆောင်မှုကိုမြင်လိုက်ရပြီးနောက် ထိုအကြောင်း ဆွေးနွေးကြတော့သည်။

“ဒီအိမ်မွေးတိရစ္ဆာန်တွေက ဘာအမျိုးအစားတွေလဲ။ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အားကောင်းနိုင်ရတာလဲ။”

“ဟုတ်တယ်။ အထူးသဖြင့် အဲ့ဒီပင်လယ်ခွေးလေးပဲ။ သူက အဲ့ဒီပင်လယ်ပုစွန်ရဲ့ အကြိမ်ကြိမ် နောက်ပြန်ကန်ထုတ်ခံခဲ့ရတာတောင်မှ ကြည့်လိုက်စမ်း သူကပြန်ထပြီး ပြေးဝင်လာနေတုန်းပဲ။”

“သူတို့က ဒဏ်ရာရမှာမကြောက်ကြဘူးလား။ သူတို့က တကယ်ကို အားကောင်းလွန်းတယ်။”

ကံကောင်းထောက်မစွာဖြင့် ဝမ်ချိုင်သည် ၎င်းတို့၏စကားလုံးများကို နားမလည်နိုင်ခဲ့ပေ။ သူသာ နားလည်နိုင်ပါက ၎င်းသည် စစ်မှန်သော တရုတ်ကျေးလက်ခွေးဖြစ်ပြီး ပင်လယ်ခွေးမဟုတ်သည့်အချက်ကို ဆန္ဒပြလိမ့်မည်ဖြစ်သည်။

မထွက်ခွာခင် ရှောင်းယီက လင်းနီကျိကို ညွှန်ကြားခဲ့သည်။

“ပြဿနာတစ်ခုခုရှိရင် လင်းရှားကို ကျုပ်ဆီလွှတ်လိုက်ပါ။ လင်းရှားဖြစ်မှရမယ်ဆိုတာ မှတ်ထားပေးပါ။ အခြားသူတွေလာမယ်ဆိုရင် ထိခိုက်ဒဏ်ရာရသွားနိုင်တယ်။”

“နားလည်ပါပြီ။ ကျေးဇူးတင်ပါတယ်။”

လင်းနီကျိက ပြန်ဖြေလိုက်သည်။

ထို့နောက် ရှောင်းယီသည် တည်နေရာကူးပြောင်းခြင်းအစီအရင်ထဲသို့ တိုက်ရိုက်ဝင်သွားပြီး ချူဖုန်းမြို့သို့ ပြန်သွားခဲ့သည်။

“ရှီခုန်း ကျုပ် တည်နေရာကူးပြောင်းပေးသူအဖွဲ့တစ်ဖွဲ့ကို အမြန်ဆုံးလေ့ကျင့်ပေးဖို့လိုနေတယ်။ ခင်ဗျား ပူးပေါင်းဆောင်ရွက်ပေးရမယ်။”

ရှောင်းယီက ပြောလိုက်သည်။

လက်ရှိတွင် ရှိခုန်းတစ်ဦးတည်းသာရှိပြီး ၎င်းသည် မလုံလောက်သေးချေ။ ရှောင်းယီ၏စိတ်ကူးအရ တည်နေရာကူးပြောင်းပေးသူတစ်ယောက်ကို ရေသူမျိုးနွယ်ဘက်တွင်လည်း စီစဉ်ထားသင့်သည်။

သို့မှသာ နောင်တွင် ထိုနန်းတော်အနီးရှိ ဝန်ကြီးလိပ်သည် တည်နေရာကူးပြောင်းခြင်းအစီအရင်အနီးသို့ တိုက်ခိုက်လာပါက ၎င်းတို့သည် တည်နေရာကူးပြောင်းခြင်းအစီအရင်မှတစ်ဆင့် အချိန်မီ ထွက်ခွာလာနိုင်မည်ဖြစ်သည်။

SSS အဆင့်သို့ အဆင့်မတက်သေးမီ ရှောင်းယီသည် ထိုဝန်ကြီးလိပ်နှင့် ရင်ဆိုင်တိုက်ခိုက်မည်မဟုတ်ပေ။

သူ့လက်ထဲတွင် ရူးသွပ်ဆေးရှိသော်လည်း ရှောင်းယီအတွက် ဝန်ကြီးလိပ်ကို ဖမ်းဆီးရန်မှာ ခက်ခဲနေဆဲပင်။ ရူးသွပ်ဆေး၏တိုးတက်မှုသည် သိပ်ပြီးပြီးပြည့်စုံခြင်းမရှိသေးချေ။ စစ်မှန်သော SSS အဆင့်နှင့် ကွာခြားမှုရှိနေဆဲပင်။

ထို့အပြင် ဝန်ကြီးလိပ်သည် ခံစစ်၌ထင်ရှားသော သတ္တဝါတစ်ကောင်ဖြစ်သည်။ ဝန်ကြီးလိပ်ကို စိန်ခေါ်ရန်နှင့် အရှေ့ပင်လယ်နဂါးနန်းတော်ကို စူးစမ်းလေ့လာရန်အတွက် သူ SSS အဆင့်ကို ထိုးဖောက်နိုင်သည့်အထိ စောင့်ဆိုင်းရမည်ဖြစ်သည်။

“ပြဿနာမရှိပါဘူး။ ဒါပေမယ့် ကျုပ် တည်နေရာကူးပြောင်းပေးသူအဖြစ် လေ့ကျင့်ပေးဖို့အတွက် လေဟာနယ်စွမ်းအားပါရမီရှင်တွေလိုအပ်တယ်။”

ရှီခုန်းက ပြန်ဖြေလိုက်သည်။

“အဲ့ဒါကြောင့် ကျုပ်တို့မဟာမိတ်အဖွဲ့ထဲမှာ လေဟာနယ်စွမ်းအားပါရမီရှင်တွေမရှိဘူးဆိုရင် ကျုပ်လည်း ဘာမှလုပ်လို့မရဘူး။”

“လူတစ်ယောက်မှာ လေဟာနယ်စွမ်းအားပါရမီ ရှိ၊မရှိဆိုတာကို ဘယ်လိုသိနိုင်မလဲ။”

ရှောင်းယီက မေးလိုက်သည်။

“ကျုပ် စမ်းသပ်ကြည့်နိုင်ပါတယ်။”

ရှီခုန်းက ပြန်ဖြေလိုက်သည်။

“ဒါဆို လူတစ်ယောက်လောက်ရှာပြီး စမ်းသပ်မှုကို စလိုက်ကြရအောင်။”

ရှောင်းယီက ပြောလိုက်သည်။

“ကျွန်းပိုင်ရှင် မင်းနဲ့ စမယ်ဆိုရင်ရော...။”

ရှီခုန်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

ရှောင်းယီ ကြောင်အသွားခဲ့သည်။ သို့သော်လည်း သူက ပြုံးကာ ပြောလိုက်၏။

“ကောင်းပြီ ကျုပ်မှာ လေဟာနယ်ပါရမီ ရှိ၊မရှိ ကြည့်ကြတာပေါ့။”

ထို့နောက် ရှီခုန်းသည် ရှောင်းယီ၏ခေါင်းပေါ်သို့ သူ၏လက်ဝါးကို တင်လိုက်ပြီး အလွန်ထူးဆန်းသောခံစားချက်တစ်မျိုး ရှောင်းယီ၏စိတ်ထဲသို့ ဝင်ရောက်လာခဲ့သည်။

ခဏကြာပြီးနောက် ရှီခုန်းက တုန်လှုပ်စွာ ပြောလိုက်၏။

“မင်းမှာ တကယ်ကို လေဟာနယ်ပါရမီရှိနေတာပဲ။”

“ဒါဆို ကျုပ်က တည်နေရာကူးပြောင်းပေးသူ ဖြစ်လာနိုင်တယ်လို့ ဆိုလိုတာလား။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်တယ်။ ပြီးတော့ မင်းရဲ့လေဟာနယ်ပါရမီက ကျုပ်ထက်တောင်မြင့်သေးတယ်။”

ရှီခုန်းက ခေါင်းခါကာ ပြောလိုက်သည်။

“ကျုပ်ရဲ့ပါရမီကလည်း သိပ်မဆိုးတဲ့ပုံပဲ။”

ရှောင်းယီက အတော်လေး ကျေနပ်သွားခဲ့သည်။

ထို့နောက် ရှောင်းယီသည် ကျန်းယွင်ထျန်း လက်ရှိတွင် လေ့ကျင့်ပေးနေသော ဒေသခံစစ်သားတပ်ဖွဲ့တစ်ဖွဲ့ကို ခေါ်ယူကာ ရှီခုန်းအား ၎င်းတို့ကို စမ်းသပ်စေခဲ့သော်လည်း ၎င်းတို့တွင် လေဟာနယ်ပါရမီမရှိကြပေ။

ရှောင်းယီက မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။

“ခင်ဗျား အာရုံခံတဲ့နေရာမှာ အမှားလုပ်မိလိုက်တာတော့ မဟုတ်ဘူးမလား။”

“သေချာပေါက် မဟုတ်ဘူး။”

ရှီခုန်းက အလွန်ယုံကြည်မှုရှိရှိဖြင့် ပြောလိုက်သည်။

ရှောင်းယီသည် အနည်းငယ်စဉ်းစားကြည့်လိုက်ပြီး ချက်ချင်းပင် သူ့ကျွန်းက အသက်ရှင်ကျန်ရစ်သူတစ်ယောက်ကို ခေါ်ယူပြီး ရှီခုန်းအား စမ်းသပ်ခိုင်းခဲ့သည်။

မကြာမီ ရှီခုန်းက ပြုံးကာ ပြောလိုက်သည်။

“ဂုဏ်ယူပါတယ် ကျွန်းပိုင်ရှင်။ ဒီလူမှာ လေဟာနယ်ပါရမီရှိပါတယ်။”

“ငါတို့က အသက်ရှင်ကျန်ရစ်သူတွေမို့လို့ လေဟာနယ်ပါရမီရှိတာများလား။”

ရှောင်းယီက သူ့ဘာသာသူ တွေးမိလိုက်သည်။

ထို့နောက် ရှောင်းယီသည် အသက်ရှင်ကျန်ရစ်သူလေးဦးကို ထပ်မံခေါ်ယူကာ ရှီခုန်းကို ၎င်းတို့အား စမ်းသပ်စေပြီးနောက် ၎င်းတို့အနက် သုံးဦးတွင် လေဟာနယ်ပါရမီရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့ရာ တုန်လှုပ်သွားခဲ့ရသည်။

ဤရလဒ်သည် အသက်ရှင်ကျန်ရစ်သူအားလုံးတွင် လေဟာနယ်ပါရမီ မရှိကြောင်း ပြသနေခဲ့သည်။ သို့သော်လည်း ဖြစ်နိုင်ခြေမှာ ဒေသခံများထက် များစွာပိုမိုမြင့်မားပေသည်။

ဘယ်လိုပဲဖြစ်ဖြစ် လေဟာနယ်ပါရမီရှိခြင်းမှာ ကောင်းမွန်သောအရာတစ်ခုဖြစ်သည်။

ရှောင်းယီသည် ဤကွာခြားချက်ကို သူ၏စိတ်ထဲမှ ယာယီဖယ်ထားလိုက်ပြီး ရှီခုန်းအား ညွှန်ကြားလိုက်သည်။

“ဒီလူတွေကို ခင်ဗျားနဲ့အတူ ပထမဆုံး သင်ယူလေ့လာခွင့်ပေးလိုက်ပါ။ ပြီးလို့ ခင်ဗျားအချိန်ရရင် အခြားလူတွေကို ထပ်ပြီးစမ်းသပ်ရမယ်။ ခင်ဗျား သူတို့ကို သင်ပေးပြီးရင် ခင်ဗျားစိတ်ချလက်ချနဲ့ မန်နေဂျာလုပ်ပြီး နေ့တိုင်း ရှေ့တန်းကနေ တည်နေရာကူးပြောင်းပေးရတဲ့အလုပ်တွေ လုပ်စရာမလိုတော့ဘူး။”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”

ရှီခုန်း၏မျက်လုံးများ တောက်ပသွားခဲ့သည်။

သူ နေ့တိုင်း ဒီအလုပ်ကို လုပ်စရာမလိုဘူးဆိုရင် ဘားမှာ နေ့တိုင်း တွဲလွဲခိုနေလို့ ရမှာမဟုတ်ဘူးလား။

ထိုအကြောင်းကို တွေးမိလိုက်သောအခါ ရှီခုန်း စိတ်လှုပ်ရှားလာခဲ့လေသည်။ သို့သော်လည်း သူသည် တစ်စုံတစ်ခုကို တွေးမိသွားပြီး ထွက်ခွာသွားတော့မည့် ရှောင်းယီအား ရုတ်တရက်တားဆီးလိုက်လေသည်။

“ကျွန်းပိုင်ရှင် စွမ်းအင်ပုံဆောင်ခဲတွေ ကုန်ခါနီးနေပြီ။”

အခန်း ၆၄၂: အားမသွင်းနိုင်ဘူး၊ ရေကြီးခြင်း အရှိန်မြင့်လာခြင်း၊ ရင်ဆိုင်တွေ့ဆုံခြင်း

ရှောင်းယီ အနည်းငယ်တုန်လှုပ်သွားခဲ့သော်လည်း မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။

“လက်ရှိမှာ ဘယ်နှစ်ကြိမ်လောက် တည်နေရာကူးပြောင်းနိုင်သေးလဲ။”

“လက်ရှိသုံးစွဲမှုပေါ် မူတည်ပြီးပြောရရင် စွမ်းအားအပြည့်နဲ့ အကြိမ် ၂၀ လောက် ထပ်ပြီး တည်နေရာကူပြောင်းနိုင်ပါတယ်။”

ရှီခုန်းက ပြန်ဖြေလိုက်သည်။

“အကြိမ်တိုင်းမှာ ပစ်မှတ်နည်းမယ်ဆိုရင်တော့ နှစ်ကြိမ် ဒါမဟုတ် သုံးကြိမ်လောက် ပိုများနိုင်ပေမယ့် အများကြီးတော့ မပိုနိုင်ဘူး။”

“ချူဖုန်းမြို့မှာ စွမ်းအင်ပုံဆောင်ခဲတွေ ရှိသေးလား။”

ရှောင်းယီက မေးလိုက်သည်။

“ကျုပ်သိသလောက်တော့ မရှိတော့ဘူးထင်တယ်။”

ရှီခုန်းက ပြန်ဖြေလိုက်သည်။

“ဒါဆို ခင်ဗျားတို့ အရင်က ဒီပစ္စည်းကို ဘယ်မှာဝယ်ခဲ့တာလဲ။”

ရှောင်းယီက ဆက်မေးလိုက်သည်။

“ဆီးနှင်းသစ်ရွက်မြို့ကပါ။”

ရှီခုန်းက ပြန်ဖြေလိုက်သည်။

“နားလည်ပြီ။”

ထို့နောက် ရှောင်းယီသည် မြို့တော်ဝန်အိမ်တော်သို့ ပြန်သွားပြီး ဆုဝမ်အား B အဆင့်စွမ်းအင်ပြွန်တစ်ခု ပို့ပေးခိုင်းခဲ့သည်။ စွမ်းအင်ပြွန်သည် ထိုပုံဆောင်ခဲများကို အားပြန်သွင်းနိုင်ခြင်းရှိ၊မရှိ စမ်းသပ်ရန် လိုအပ်သည်။

စွမ်းအင်ပြွန်ရရှိပြီးနောက် ရှောင်းယီသည် ရှီခုန်းကိုရှာပြီး အသုံးပြုပြီးသား စွမ်းအင်ပုံဆောင်ခဲတစ်ခုကို တောင်းလိုက်သည်။

စွမ်းအင်ပြွန်ကို ပုံဆောင်ခဲအလွတ်အနီးတွင် ထားလိုက်သောအခါ ပုံဆောင်ခဲသည် ချက်ချင်းပင် အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။

“ဒါက အလုပ်ဖြစ်တယ်။”

ရှောင်းယီက စိတ်လှုပ်ရှားစွာပြောလိုက်သည်။

သို့သော်လည်း နောက်အခိုက်တွင် ကလစ်ဟူသည့်အသံတစ်ခု ကြားလိုက်ရပြီး ရှောင်းယီအား အလွန်မအမင်းအံ့အားသင့်သွားစေလောက်အောင်ပင် စွမ်းအင်ပုံဆောင်ခဲ ကွဲကြေသွားခဲ့ဖြစ်သည်။

“ဘယ်လိုလုပ်ပြီး ကွဲသွားတာလဲ။”

ရှောင်းယီက စိတ်ရှုပ်ထွေးစွာတွေးတောရင်း ပြောလိုက်သည်။

“စွမ်းအင်ပြွန်က အားပြန်သွင်းခြင်းမြန်ဆန်တယ်ဆိုပေမယ့် စွမ်းအင်ပုံဆောင်ခဲက သဘာဝအခြေအနေတွေအောက်မှာ တဖြည်းဖြည်းချင်းဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ သူက အချိန်တိုအတွင်း ဒီလောက်ပြင်းထန်တဲ့ စွမ်းအင်ရိုက်ခတ်မှုကို ခံနိုင်ရည်မရှိပါဘူး။”

စနစ်က အမှန်တကယ် တုံ့ပြန်လာခဲ့သည်။

“ဆိုတော့ ဒီလိုကိုး...။”

ရှောင်းယီ ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

“ဒါဆိုရင် ငါတို့ သွားဝယ်ရတော့မှာပဲ။”

ရှောင်းယီသည် ယာယီအားဖြင့် ဆီးနှင်းသစ်ရွက်မြို့ကို စဉ်းစားခြင်းမပြုတော့ပေ။ ချူဖုန်းမြို့အကြောင်းသည် ထိုနေရာသို့ သတင်းမပျံ့နှံ့သေးသော်လည်း ရှောင်းယီသည် တည်နေရာကူးပြောင်းခြင်းအစီအရင်ကို ရဲရဲဝံ့ဝံ့ မဖွင့်လှစ်နိုင်သေးချေ။

ဆီးနှင်းသစ်ရွက်မြို့၏ မှော်ဆရာရောက်လာပါက မည်သို့လုပ်မည်နည်း။ ထိုအရာက နောက်ထပ်ပြဿနာတစ်ခုဖြစ်လာပေလိမ့်မည်။

တကယ်တမ်းတွင် ရှောင်းယီမသိခဲ့သည်မှာ သမန်းဝံပုလွေများ မြို့ကိုတိုက်စဉ်က ဆီးနှင်းသစ်ရွက်မြို့၏ မှော်ဆရာသည် တည်နေရာကူးပြောင်းခြင်းအစီအရင်မှတစ်ဆင့် အမှန်တကယ် ရောက်ရှိလာခဲ့ခြင်းကိုပင်။

ရှီခုန်းသည် ဤနေရာရှိ တည်နေရာကူပြောင်းခြင်းအစီအရင်အား ပိတ်ထားခဲ့ခြင်းကြောင့်သာ မအောင်မြင်ခဲ့ခြင်းဖြစ်သည်။

ညနေခင်းအချိန်သို့ ရောက်ရှိလာခဲ့ပြီ။

ဂျေဘီသည် ရေထဲတွင်နစ်မြုပ်နေသော သူ၏အဆောက်အအုံအသစ်၏အစိတ်အပိုင်းများကို ကြည့်ရှုရင်း မြင့်တက်လာသောပင်လယ်ရေသည် အနည်းငယ်ပုံမှန်မဟုတ်ကြောင်း ခံစားမိလာခဲ့သည်။

“ဒီဟာက သီတင်းပတ်ရဲ့ နောက်ဆုံးနေ့ဖြစ်လို့ ပင်လယ်ရေက အုတ်မြစ်ကျောက်တွေကို တိုက်စားသွားတဲ့ပုံစံနဲ့ အတူတူပဲလား။”

ဂျေဘီသည် ထိုသို့တွေးမိလိုက်သော်လည်း ဤထင်မြင်ချက်နှင့်ပတ်သက်၍ သေချာမှုမရှိချေ။

ထိုအချိန်တွင် ရှုံးတိသည် ရှောင်းယီအား လာရောက်တွေ့ဆုံပြီး အစီအရင်ခံလာခဲ့သည်။

“ကျွန်းပိုင်ရှင် လက်ရှိအမြန်နှုန်းအရ ပင်လယ်ရေက ချူဖုန်းမြို့ကို ရက်နှစ်ရက်အတွင်း လွှမ်းမိုးသွားပါတော့မယ်။”

“အဲ့ဒီလောက်တောင် မြန်ရလား။”

ရှောင်းယီက အံ့အားသင့်စွာပြောလိုက်သည်။

ရှုံးတိက ခေါင်းညိတ်ပြပြီး ပြန်ဖြေလိုက်သည်။

“ပြီးတော့ နစ်မြုပ်မှုအရှိန်ကလည်း တိုးလာနေတယ်။ လက်ရှိအရှိန်အရဆိုရင် ကျုပ်တို့ အစီအစဉ်ချလို့မရနိုင်တော့ဘူး။”

“နားလည်ပြီ။”

ရှောင်းယီက တုံ့ပြန်လိုက်သည်။

ထိုအချိန်တွင် ချူဖုန်းမြို့သို့ဝင်ရောက်လိုသော အသက်ရှင်ကျန်ရစ်သူများသည်သည် ဆိပ်ကမ်းမှ ချူဖုန်းမြို့သို့သွားရာလမ်း၏တစ်ဝက်ခန့်သည် ပင်လယ်ရေဖြင့် ဖုံးလွှမ်းနေသည်ကို အံ့အားသင့်စွာ တွေ့ရှိခဲ့ကြသည်။

“ဒါက ဘာဖြစ်နေတာလဲ။ ဒီရေတက်နေတာလား။”

“ဒီရေတက်တာကလည်း ကြောက်စရာကောင်းလိုက်တာ။ ချူဖုန်းမြို့တောင် မြုပ်တော့မလိုပဲ။”

“ဟုတ်တယ်။ အရမ်းကြောက်စရာကောင်းတာပဲ။ မြန်မြန်သွားကြည့်ပြီး ပြန်သွားကြရအောင်။ ကျုပ်က ကုန်းမြေသားဆိုတော့ ဒါကိုမြင်ရတာ နည်းနည်းကြောက်မိတယ်။”

ထိုအသက်ရှင်ကျန်ရစ်သူများသာမက လူများစွာသည် ယီထျန်းဂရုအတွင်း၌ ရှောင်းယီအား မေးမြန်းနေပြီဖြစ်သည်။

“@ယီရန်ပင်း သူဌေး ဒီနေ့ရေတက်နေတာလား။ ပင်လယ်ရေက ဆိပ်ကမ်းကိုတောင် မြုပ်သွားပြီ။”

“ဟုတ်တယ် ပင်လယ်ရေက လမ်းပေါ်ကိုတောင် ရောက်နေပြီ။”

“ဟမ့် ဘာတွေရေကြီးခွင်ကျယ်လုပ်နေတာလဲ။ ငါတို့ရဲ့အုတ်မြစ်ကျောက်တွေတောင် တစ်ပတ်ကို တစ်ခုပျောက်ကွယ်နေတာ။ ရေတက်တာက ဘာထူးဆန်းလို့လဲ။”

ရှောင်းယီသည် လူတိုင်း၏ဆွေးနွေးမှုများကို မြင်တွေ့လိုက်ရပြီးနောက် ဤသတင်းကို လက်ရှိတွင် ထုတ်ပြန်ရန်အတွက် ချိန်ဆနေမိသည်။

သူ၏အဖွဲ့က တစ်ရက်စောနေပြီးသားဖြစ်သည်။ ထို့ကြောင့် အခြားသူများကိုလည်း အကျိုးအမြတ်အချို့ ခံစားခွင့်ပေးနိုင်ပေသည်။

သူတို့သောက်ခဲ့သည့်ဟင်းရည်က သူ့အိတ်ကပ်ထဲသို့ ပြန်ရောက်လာနိုင်ချေရှိသည်ကိုလည်း သိထားရမည်ဖြစ်သည်။

ထိုမက်ဆေ့ခ်ျအား သူမပို့နိုင်မီ သူ့ဆီသို့ ကင်းထောက်တစ်ဦး ရောက်လာခဲ့လေသည်။

“အစီရင်ခံပါတယ် ကျွန်ပိုင်ရှင်။ နည်းပြကျန်းဆီက အရေးပေါ်သတင်းရောက်လာပါတယ်။”

“ပြောပါ”

ရှောင်းယီက ပြန်ပြောလိုက်သည်။

“နည်းပြကျန်းတို့ဘက်မှာ ဒေသခံတပ်ဖွဲ့တစ်ခုနဲ့ ရင်ဆိုင်တွေ့ခဲ့ပါတယ်။ အဲ့ဒီတပ်က အနည်းဆုံး လူတစ်သောင်းလောက်ရှိပြီး လူတိုင်းမှာ ကောင်းမွန်စွာပြင်ဆင်လေ့ကျင့်ထားတဲ့ ပြောင်းချောသေနတ်တွေပါရှိပါတယ်။ နည်းပြကျန်းက အဖွဲ့ကို ခေါ်ဆောင်ပြီး ပြန်လည်ဆုတ်ခွာလာပါပြီ။”

ထိုကင်းထောက်က ပြန်ဖြေလာခဲ့သည်။

လူတစ်သောင်းပါရှိပြီး အားလုံး ပြောင်းချောသေနတ်များ သယ်ဆောင်ထားခြင်းသည် အမှန်တကယ် အင်အားကြီးမားသော အင်အားစုကို ကိုယ်စားပြုပေသည်။

ရှောင်းယီက မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။

“နည်းပြကျန်းက ဘယ်လောက်ဝေးဝေးထိ စူးစမ်းခဲ့တယ်ဆိုတာ မင်းသိလား။”

“မြောက်ဘက်သစ်တောထဲကို ကီလိုမီတာ ၃၀၀ နီးပါး နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ခဲ့ပါတယ်။”

ကင်းထောက်က ပြန်ဖြေလိုက်သည်။

စွမ်းဆောင်ရည်အလိုက် ယနေ့စေလွှတ်လိုက်သော အဖွဲ့အားလုံးသည် မြင်းများကိုအသုံးပြုခဲ့သည်။ ယဉ်ပါးပြီး လျင်မြန်စွာပြေးနိုင်သတ္တဝါအချို့ကိုလည်း ထိုစူးစမ်းရှာဖွေရေးအဖွဲ့များ အသုံးပြုရန်အတွက် ကျွန်းမှတည်နေရာကူးပြောင်း၍ ပို့ဆောင်ပေးခဲ့သည်။

မဟုတ်လျှင် သူတို့ခြေထောက်နှစ်ချောင်းကိုသာ အားကိုးပြီး ထိုလောက်နက်နက်ရှိုင်းရှိုင်း သွားနိုင်မည်မဟုတ်ပေ။

“ကျွန်းပိုင်ရှင် အခြားအဖွဲ့တစ်ဖွဲ့က ဒေသခံတပ်ဖွဲ့နဲ့ ရင်ဆိုင်ခဲ့ရကြောင်း အစီရင်ခံလာပါတယ်။”

ထိုအချိန်တွင် ကျန်းရွှဲ့က ရောက်လာကာ ပြောလာခဲ့သည်။

“ဦးတည်ချက်နဲ့ အကွာအဝေးကို သိလား။”

ရှောင်းယီက မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။

“အရှေ့မြောက်ဘက် ကီလိုမီတာ ၁၅၀ ခန့်ပါ။”

ကျန်းရွှဲ့က ပြန်ဖြေလိုက်သည်။

“ဒီကဒေသခံတွေက ငါတို့ရဲ့ဝင်ရောက်စွက်ဖက်မှုကို သတိထားမိသွားပြီလို့ ငါထင်တယ်။ ဒီသတင်းကို လူတိုင်းကို ပြောပြရမယ့်အချိန်ရောက်ပြီ။”

ရှောင်းယီက တစ်ကိုယ်တည်းတွေးလိုက်ပြီး ချက်ချင်းပင် ဂရုထဲသို့ မက်ဆေ့ခ်ျတစ်ခုကို တည်းဖြတ်ပြီး ပို့လိုက်သည်။

“လူတိုင်းပဲ ကျုပ်လက်ရှိရရှိထားတဲ့ နောက်ဆုံးသတင်းအရ ပင်လယ်ရေက တိုက်ကြီးကို နစ်မြုပ်စေပြီး အသက်ရှင်ကျန်ရစ်သူများစွာ နယ်မြေသစ်ထဲကို စီးဝင်လာတာနဲ့အမျှ ပင်လယ်ရေရဲ့တိုက်ကြီးအပေါ် နစ်မြုပ်မှုအရှိန်က ပိုပြီးမြန်ဆန်လာလိမ့်မယ်။ အဲ့ဒါကြောင့် လူတိုင်းပဲ အချိန်ရှိတုန်း စူးစမ်းရှာဖွေကြည့်ကြပါ။ ကျုပ်တို့ရဲ့အချိန်က ကန့်သတ်ချက်ရှိတယ်။ တစ်ချိန်တည်းမှာပဲ တိုက်သစ်ကြီးမှာရှိတဲ့ ဒေသခံတွေကိုလည်း သတိထားပါ။ သူတို့က ကျုပ်တို့ကို သတိထားမိသွားပြီ။ တောပိုနက်လေ ဒေသခံတွေက အားကောင်းလာနိုင်လေပဲ။ အဲ့ဒါကြောင့် လူတိုင်းသတိထားကြပါ။”

ထိုမက်ဆေ့ခ်ျကို မြင်လိုက်ကြသောအခါ လူတိုင်းတုန်လှုပ်သွားခဲ့ကြသည်။

“ဘုရားရေ ပင်လယ်ရေက အုတ်မြစ်ကျောက်တွေကို စားသွားတာကတင် ပုံမှန်ဟုတ်မနေတာကို အခု ဒေသခံတိုက်ကြီးကိုတောင် အလွတ်မပေးနိုင်တော့ဘူးလား။”

“သေစမ်း ငါတို့ နောက်ဆုံးမှ ရွှေတွင်းတစ်ခု တွေ့ခဲ့ရတာလေ။ အခု ထပ်မြုပ်ပြန်ပြီလား။”

“ဒီမှာညည်းညူနေမယ့်အစား တိုက်သစ်ကြီးထဲကို အဖွဲ့တွေပိုထည့်ဖို့ ဘာလို့မစီစဉ်ကြတာလဲ။ မြန်မြန်လုပ်ကြ။ မမြုပ်ခင် ဖွင့်လိုက်နိုင်တဲ့ ရတနာသေတ္တာတစ်ခုစီတိုင်းက အမြတ်တစ်ခုပဲ။”

“ဟုတ်တယ် မြန်မြန်လုပ်ကြ။ ဒီကမ္ဘာ့စည်းမျဉ်းတွေက ရှုပ်ထွေးနေတာ။ အရာအားလုံးက အရမ်းမြန်တယ်။”

ဂျေဘီသည်လည်း ဤသတင်းကိုရရှိခဲ့သည်။ သို့သော်လည်း ရှောင်းယီသည် မနက်စောစောကတည်းက သစ်တောအတွင်းသို့ အဖွဲ့များစွာစေလွှတ်ခဲ့သည်ကို သူသတိရမိလိုက်သောအခါ သူ၏ရင်ဘတ်သည် အနည်းငယ်တင်းကျပ်သွားခဲ့သည်။

“ဖက်ခ် ယီရန်ပင်းက ဒီသတင်းအသစ်ကို အချိန်အတော်ကြာကတည်းက သိထားတာပဲဖြစ်ရမယ်။”

ဂျေဘီသည် သူ့ရှေ့ရှိ စားပွဲခုံကို ဒေါသတကြီး ရိုက်ချလိုက်ပြီး အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားစေခဲ့သည်။

ဒေါသထွက်နေသော်လည်း ဂျေဘီသည် ချက်ချင်းပင် အမိန့်ထုတ်ပြန်လိုက်သည်။

“အသင်းထဲမှာ အခြေခံထောက်ပံ့ရေးဝန်ထမ်းတွေပဲ ကျန်ခဲ့ပြီး ကျန်တဲ့လူတွေအကုန်လုံး အခုချက်ချင်း တိုက်သစ်ထဲကို ထွက်ခွာကြ။ အဆင့်အနိမ့်ဆုံးဝန်ထမ်းတွေက အပြင်ဘက်ကို စူးစမ်းရှာဖွေပြီး အဆင့်မြင့်ဝန်ထမ်းတွေ ပိုနက်နက်သွားပြီး စူးစမ်းရှာဖွေရမယ်။”

တစ်စထက်တစ်စ မြင့်တက်လာသော ပင်လယ်ရေကို ကြည့်ရှုရင်း ဂျေဘီသည် ဤသစ်တောမှာ သုံးရက်အတွင်း ကြီးမားသောသမုဒ္ဒရာကြီးတစ်ခု ဖြစ်လာလိမ့်မည်ဟု အကြမ်းဖျင်းခန့်မှန်းမိလိုက်သည်။

အသက်ရှင်ကျန်ရစ်သူများစွာ စီးဝင်လာသည်နှင့်အမျှ ပင်လယ်ရေမြင့်တက်လာမှု၏အရှိန်သည်လည်း ပိုမိုမြန်ဆန်လာခဲ့သည်။

လူတိုင်းသည် သစ်တောအတွင်း အသစ်ပြန်လည်ဖြစ်ပေါ်လာသော ရတနာသေတ္တာများကို ရှာဖွေရန် ပြိုင်ဆိုင်နေကြသော်လည်း ဒေသခံများနှင့် ထိတွေ့မှုများလည်း ပိုမိုများပြားလာသည်။

သစ်တောထဲတွင် ပြင်းထန်သောတိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့ပြီး အသက်ရှင်ကျန်ရစ်သူများနှင့် ဒေသခံများအကြား အောင်ပွဲနှင့် ရှုံးနိမ့်မှုများ ကြုံတွေ့ခဲ့ရသည်။

သို့သော် ဒေသခံများတွင် လူဦးရေအလွန်များပြားပြီး လူတစ်ဦး၊နှစ်ဦးစတေးရသည်ကို စိုးရိမ်စရာမလိုသော်လည်း အသက်ရှင်ကျန်ရစ်သူများအတွက်မူ ထိုသို့စတေးရန်မှာ ၎င်းတို့၏အခြေခံလူဦးရေသည် တစ်ဦးဆိုလျှင် တစ်ဦးဆိုသလို လျော့နည်းသွားမည်ဖြစ်သည်။

All Chapters