အခန်း (၆၄၃-၆၄၄)
Vol. 48 Ch. 643-644
အခန်း ၆၄၃ တောတွင်းတိုက်ပွဲ
“ဦးလေးအန်း ချူဖုန်းမြို့ရဲ့ နေထိုင်သူတွေကို အခုချက်ချင်း စပြီးလွှဲပြောင်းပေးမယ်။ အသေးစိတ်စီစဉ်မှုတွေကို ခင်ဗျားပဲဆုံးဖြတ်လိုက်ပါ။”
ရှောင်းယီက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှ အန်းယွဲ့အား မက်ဆေ့ချ်ပို့လိုက်သည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အထူးစောင့်ကြည့်နေသူများရှိပြီး ရှောင်းယီ၏မက်ဆေ့ချ်ကို လက်ခံရရှိပြီးနောက် ထိုလူသည် ချက်ချင်းပင် အန်းယွဲ့အား သွားခေါ်လာကြသည်။
“ကောင်းပြီ ချူဖုန်းမြို့က အားကောင်းတဲ့ရန်သူတွေနဲ့ ထပ်ပြီးရင်ဆိုင်ရပြန်ပြီလား။”
အန်းယွဲ့က ပုံမှန်အတိုင်း မေးလိုက်သည်။
“မဟုတ်ဘူး။ ပင်လယ်ရေက ချူဖုန်းမြို့ကို လွှမ်းမိုးတော့မယ်။ အဲ့ဒါကြောင့် မြန်မြန်ပြီးအောင်လုပ်ရမယ်။”
ရှောင်းယီက ရိုးရိုးရှင်းရှင်းပင် ရှင်းပြလိုက်သည်။
“အာ...”
အန်းယွဲ့သည် ထိုအရာမှာ အနည်းငယ်မယုံကြည်နိုင်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။
“ကျုပ်ပြန်ရောက်မှ ခင်ဗျားကို ဖြည်းဖြည်းချင်းရှင်းပြမယ်။ အခုတော့ ဒီလူတွေကို အရင်ဆုံး စိတ်အေးအောင်လုပ်ပေးရမယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ကောင်းပြီ”
အန်းယွဲ့က တုံ့ပြန်လိုက်၏။
ခေါ်ဆိုမှုကို အဆုံးသတ်လိုက်ပြီးနောက် ရှောင်းယီသည် အနည်းငယ်စဉ်းစားကြည့်လိုက်ပြီး အာခါတက်ကေးမြင်း(Akhal-Teke horse)ကို သစ်တောထဲသို့ တစ်ယောက်တည်းစီးသွားခဲ့သည်။
သူသည် သစ်တောအစွန်းတွင် မရပ်တန့်ဘဲ တိုက်ရိုက်နက်ရှိုင်းရာသို့ ဝင်သွားခဲ့သည်။
ကျန်းယွင်ထျန်းနှင့် သူ၏အဖွဲ့မှ ချန်ထားခဲ့သော ခြေရာများနောက်ကိုလိုက်ကာ ရှောင်းယီသည် ကျန်းယွင်ထျန်းတို့တပ်ဖွဲ့အနီးသို့ မြန်မြန်ဆန်ဆန် ချဉ်းကပ်လာခဲ့သည်။
ထိုအချိန်တွင် ကျန်းယွင်ထျန်းသည် တပ်ဖွဲ့ကို ဦးဆောင်ကာ အပြင်ဘက်သို့ ပြန်လည်ဆုတ်ခွာနေခဲ့သည်။
ပြန်လည်ဆုတ်ခွာနေစဉ်အတွင်း ကျန်းယွင်ထျန်းသည် ဤရှားပါးအခွင့်အရေးကို အသုံးချကာ တောတွင်းတိုက်ပွဲအတွေ့အကြုံများကို သူ၏လက်အောက်ငယ်သားများထံသို့ သွတ်သွင်းနေခဲ့သည်။
“သစ်တောထဲမှာ မင်းတို့ကိုယ်ကိုယ် ဘယ်လိုကွယ်ဝှက်ရမယ်ဆိုတာကို သင်ယူရမယ်။ မင်းတို့နှစ်ယောက်က နောက်မှာနေခဲ့ပြီး နောက်က လိုက်တဲ့သူတွေ မင်းတို့ကို မတွေ့အောင်လုပ်ရမယ်။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
နာမည်ခေါ်ခံလိုက်ရသည့် လူနှစ်ယောက်သည် ချက်ချင်းပင်တုံ့ပြန်ပြီး ကိုယ့်ကိုယ်ကိုယ် စတင်ဖုံးကွယ်လိုက်ကြသည်။
သူတို့၏ခန္ဓာကိုယ်ပေါ်တွင် မြက်ပင်များ၊ နွယ်ပင်များ အများကြီးရှိနေပြီးသားဖြစ်ပြီး ဤနေရာတွင် ပုန်းခိုရန်ဆိုသည်မှာ သူတို့၏ဖုံးကွယ်မှုနှင့် လိုက်ဖက်သည့်နေရာတစ်ခုကို ရှာဖွေရမည်ဖြစ်သည်။
သူ၏လူများရှာဖွေတွေ့ရှိခဲ့သောနေရာများသည် အခြေခံအားဖြင့် အရည်အချင်းပြည့်မီကြောင်း မြင်လိုက်ရသောအခါ ကျန်းယွင်ထျန်းသည် အနည်းငယ်ခေါင်းညိတ်လိုက်ပြီး အခြားသူများကို အကွာအဝေးတစ်ခုဆီသို့ ဦးဆောင်ခေါ်သွားကာ ပုန်းအောင်လိုက်လေသည်။
သူတို့နောက်သို့လိုက်လာနေသော ဒေသခံများသည် ဖြည်းဖြည်းချင်း စစ်သားနှစ်ဦးပုန်းအောင်းနေသည့်နေရာသို့ ချဉ်းကပ်လာခဲ့ကြသည်။
ယခင်က ချုံခိုတိုက်ခိုက်မှုများအပြီးတွင် ထိုဒေသခံများသည် ၎င်းတို့လိုက်နေသောအဖွဲ့သည် မရိုးရှင်းကြောင်းသိရှိပြီးဖြစ်သောကြောင့် အလွန်သတိထားနေခဲ့ကြသည်။
ကျန်းယွင်ထျန်းသည် အဝေးတစ်နေရာမှ စောင့်ကြည့်ရင်း ဒေသခံတစ်ဦးသည် စစ်သားတစ်ဦး၏ပုန်းအောင်းရာနေရာသို့ လျှောက်သွားပြီး ထိုလူ၏ကျောကုန်းအား နင်းမိသွားသည်ကို မြင်လိုက်ရသည်။
သို့သော် ထိုစစ်သားသည် လုံးဝမတုံ့ပြန်ခဲ့ဘဲ ဒေသခံသည်လည်း သတိမထားမိခဲ့ပေ။
“မဆိုးဘူး ပျိုးပင်ကောင်းတစ်ခုပဲ။”
ကျန်းယွင်ထျန်းက တစ်ကိုယ်တည်းတွေးလိုက်မိသည်။
ထိုလူများသည် ကျန်းယွင်ထျန်းနှင့် သူ၏အဖွဲ့ဖြတ်သန်းခဲ့သောနေရာကို ဖြတ်သန်းသွားပြီး အနီးအနားတွင်ပုန်းအောင်းနေသော စစ်သားနှစ်ဦးကိုပင် သတိမထားမိခဲ့ကြပေ။
သူတို့ဖြတ်သွားပြီးနောက် စစ်သားနှစ်ဦးသည် ထရပ်လိုက်ပြီး ၎င်းတို့၏ဝှက်ထားသော လေးနှင့်မြားများကို ထုတ်ကာ နောက်မှလိုက်သွားခဲ့သည်။
ဤအကြိမ်တွင် ကျန်းယွင်ထျန်းတို့နောက်သို့ လိုက်လာသောအဖွဲ့သည် လူအယောက် ၂၀ ပါဝင်သောအဖွဲ့တစ်ခုဖြစ်သည်။
ကျန်းယွင်ထျန်းသည် လူလေးယောက်သာခေါ်ဆောင်လာခဲ့သော်လည်း လေးယောက်စလုံးသည် B အဆင့်ချည်းဖြစ်သည်။
ဒေသခံအဖွဲ့သည် ၎င်းတို့ပိုင်နက်အတွင်းသို့ ဝင်ရောက်လာသည်ကို မြင်လိုက်ရသောအခါ ကျန်းယွင်ထျန်းသည် ပြတ်ပြတ်သားသားပင် သူ၏လေးကိုဆွဲတင်ပြီး မြားတစ်ချောင်းပစ်လွှတ်လိုက်လေသည်။ အခြားလူနှစ်ဦးသည်လည်း ချက်ချင်းပင် တူညီသောလုပ်ဆောင်ချက်များ ပြုလုပ်ခဲ့ကြသည်။
“ဆွစ် ဆွစ် ဆွစ်”
တစ်ချည်တည်းဖြင့် ကျန်းယွင်ထျန်းနှင့် သူ၏အဖွဲ့သည် ရန်သူသုံးဦးကို ဖယ်ရှားပစ်လိုက်သည်။
“သတိထားကြ ရန်သူက ငါတို့ညာဘက်မှာရှိတယ်။”
ဒေသခံအဖွဲ့ထဲမှ လူတစ်ဦးက အော်ဟစ်လိုက်သည်။
ထိုဒေသခံများသည် ချက်ချင်းပင် သစ်ပင်များနောက်သို့ ပုန်းအောင်းလိုက်ပြီး ဝါးမြားများထွက်လာသော ဦးတည်ဘက်သို့ ၎င်းတို့၏ပြောင်းချောသေနတ်များဖြင့် ကြမ်းတမ်းစွာ ပစ်ခတ်ကြတော့သည်။
ကျန်းယွင်ထျန်းသည် သူ၏လူများအား ချက်ချင်းပင် လက်ဝဲဘက်သို့ ခေါ်ဆောင်သွားခဲ့သည်။
“အမြန်ပစ်...”
ကျန်းယွင်ထျန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ထို့နောက် ဒေသခံများနောက်တွင် ပုန်းအောင်းနေသော လူနှစ်ဦးသည် သစ်ပင်နှစ်ပင်ပေါ်သို့ တက်သွားပြီး အမြင့်မှနေ၍ ဒေသခံများအား ပစ်ခတ်ကြတော့သည်။
အမြန်ပစ်ဆိုသည်မှာ ဆက်တိုက်ပစ်ခတ်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။
သူတို့အားလုံးသည် B အဆင့်လေးနှင့် မြားများရှိပြီး ခါးတွင်လည်း S အဆင့် လက်ပစ်ဒူးလေးတစ်ခုပါရှိသည်။
သူတို့ ပြောင်းချောသေနတ်များ မသုံးရသည့်အကြောင်းရင်းမှာ လက်ရှိသေနတ်များကို ပြန်လည်တပ်ဆင်ရသည်မှာ အလွန်ခက်ခဲသောကြောင့်ပင်။ တူညီသည့်ကျွမ်းကျင်မှုအဆင့်ရှိသူများနှင့် ပြောင်းချောသေနတ်တစ်လက်အား ပြန်လည်တပ်ဆင်သည့်အချိန်တွင် လေးနဲ့မြားသည် ဝါးမြားသုံးချောင်းခန့် ပစ်ခတ်နိုင်ပေသည်။
ပြင်းအား၏အားသာချက်အရဆိုပါက ပြောင်းချောသေနတ်က အနည်းငယ်ပို၍အားကောင်းပေသည်။
လက်ပစ်ဒူးလေးကို ထည့်ပေါင်းလိုက်မည်ဆိုလျှင်မူ ပြောင်းချောသေနတ်သည် ပို၍အားနည်းသွားပေလိမ့်မည်။
ကျန်းယွင်ထျန်း၏အော်သံကို ကြားလိုက်ရသောအခါ ထိုဒေသခံများ ထိတ်လန့်သွားခဲ့ကြသည်။ ယခင် ဤအသံထွက်လာခဲ့စဉ်က အခြေအနေအရ ရန်သူ၏တိုက်ခိုက်မှုများသည် မုန်တိုင်းကဲ့သို့ ရောက်လာလိမ့်မည်ဟု ဆိုလိုခြင်းဖြစ်သည်။
နောက်အခိုက်တွက် ဝါးမြားများသည် လက်ဝဲဘက်မှ ပျံထွက်လာပြီး နောက်ထပ်လူသုံးယောက်ကို ထပ်မံသတ်ပစ်လိုက်ပြန်သည်။ ထိုဒေသခံများသည် ၎င်းတို့၏နေရာများကို ထပ်မံရွှေ့ပြောင်းလိုက်စဉ်၌ နောက်ကျောဘက်မှ ဝါးမြားများ ပျံသန်းလာနေသည်ကို သတိပြုမိခဲ့ကြသည်။
ထိုအချင်းအရာသည် သူတို့ကို ဆိုးဆိုးရွားရွား ထိတ်လန့်စေခဲ့သည်။ သူ့တို့သည် သူတို့၏လက်နက်များကိုပစ်ချကာ တစ်ဖက်သို့ ထွက်ပြေးသွားကြတော့လေသည်။
ကျန်းယွင်ထျန်း၏လူငါးဦးသည် တိုတောင်းသောအကွာအဝေးတစ်ခုအထိ ဆက်လိုက်ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့ကြသည်။
ဤအဖွဲ့သည် သူတို့နောက်သို့ လိုက်နေသည့် အသေးစားအဖွဲ့လေးတစ်ခုသာဖြစ်ပြီး သူတို့နောက်သို့ လိုက်နေသော ဒေသခံအဖွဲ့များ အများကြီးကျန်ရှိနေသေးသည်။
“နောက်ပိုင်းမှာ ရတနာသေတ္တာရှာရတာက ဒီလောက်လွယ်ကူတော့မှာမဟုတ်ဘူး။”
ကျန်းယွင်ထျန်းက သက်ပြင်းရှိုက်ကာ ပြောလိုက်သည်။
“နည်းပြ တစ်စုံတစ်ယောက်က ကျုပ်တို့နားကို အရမ်းမြန်မြန် ချဉ်းကပ်လာနေပါတယ်။”
ကင်းထောက်တာဝန်ခံစစ်သားတစ်ဦးက တိုးတိုးလေးပြောလိုက်သည်။
ကျန်းယွင်ထျန်းသည် ချက်ချင်းပင် သူ၏လက်ကိုမြှောက်ပြလိုက်ပြီး လူတိုင်းကို ရှေ့ဆက်မသွားဘဲ နေရာတွင်သာရပ်နေရန် အချက်ပြလိုက်သည်။
“ဒါက မြင်းခွာသံလား။”
သေချာနားထောင်ပြီးသည့်နောက် ကျန်းယွင်ထျန်းက မျက်မှောင်ကျုံ့ကာ မရေမရာဖြင့် တီးတိုးရေရွလိုက်သည်။
အခြားအဖွဲ့ဝင်များက ခေါင်းညိတ်လိုက်ကြသည်။ သူတို့လည်း ထိုအသံကို ကြားလိုက်ရလေသည်။
“ဝှစ်ရှ်”
မြင်းတစ်ကောင် ချုံပုတ်ထဲမှ ခုန်ထွက်လာပြီးနောက် မူလကတင်းမာနေသော ကျန်းယွင်ထျန်းသည် မြင်းစီးလာသူကိုမြင်လိုက်ရသောအခါ ချက်ချင်းပင် ပြေလျော့သွားခဲ့သည်။
“ဒါက ကျွန်းပိုင်ရှင်ပဲ။”
ကျန်းယွင်ထျန်းက ပြုံးကာပြောလိုက်ပြီး သူတို့ပုန်းနေသည့်နေရာမှ ထွက်လာခဲ့သည်။
ကျန်းယွင်ထျန်းကို မြင်လိုက်ရသောအခါ ရှောင်းယီသည် ရပ်တန့်လိုက်ပြီး မြင်းပေါ်မှဆင်းကာ မေးလိုက်သည်။
“လူတိုင်း အဆင်ပြေကြရဲ့လား။”
“အဆင်ပြေပါတယ် ကျုပ် သူတို့ကို လေ့ကျင့်ရေးတောင် ဆင်းခိုင်းလို့ရသေးတယ်။”
ကျန်းယွင်ထျန်းက ပြုံးကာ ပြန်ဖြေလိုက်သည်။
“ဒါဆို သူတို့ရဲ့အခြေအနေတွေကို မေးမြန်းဖို့ သုံ့ပန်းတစ်ယောက်လောက် ဖမ်းမိထားသေးလား။”
ရှောင်းယီက ခေါင်းညိတ်ပြီး ဆက်မေးလိုက်သည်။
“မရှိဘူး။ တစ်ဖက်လူက ကျုပ်တို့နောက်ကို လိုက်နေတာမို့လို့ သုံးပန်းဖမ်းမိရင်တောင် စစ်ဆေးမေးမြန်းဖို့ အချိန်မရှိဘူး။ ပြီးတော့ အဲ့ဒါက ကျုပ်တို့အရှိန်ကိုလည်း နှေးကွေးစေလိမ့်မယ်။”
ကျန်းယွင်ထျန်းက ရှင်းပြလိုက်သည်။
“ဒါပေမယ့် ကျွန်းပိုင်ရှင် ဒီမှာရှိနေပြီဆိုတော့ ပြဿနာမရှိတော့ဘူး။”
“ကောင်းပြီ မင်းတို့အရင် နောက်ဆုတ်နေလိုက်ပါ။ ငါသုံ့ပန်းတစ်ယောက် ဖမ်းပြီးရင် မင်းတို့နဲ့ လာပူးပေါင်းမယ်။”
ရှောင်းယီက သူ့ဘေးက အာခါတက်ကေးမြင်းကို ပုတ်ခတ်ရင်း ပြောလိုက်သည်။
အာခါတက်ကေးမြင်းသည် ကျန်းယွင်ထျန်းနှင့် သူ၏တပ်ဖွဲ့နောက်သို့ လိုက်သွားခဲ့သည်။
ရှောင်းယီသည် သူတစ်ယောက်တည်း ရှေ့ဆက်သွားပြီး မကြာခင်မှာပင် သူသည် ဒေသခံအဖွဲ့တစ်ဖွဲ့ကို တွေ့ဆုံခဲ့ရသည်။ အမြင့်ဆုံးအဆင့်သည် B အဆင့်ဖြစ်သော အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ကျန်သည့်သူများမှာ C အဆင့်ဖြစ်သည်။
တွန့်ဆုတ်မနေဘဲ ရှောင်းယီသည် ချုံထဲမှခုန်ထွက်ပြီး အဖွဲ့ခေါင်းဆောင်ကို ဖမ်းဆီးလိုက်လေသည်။ အချိန်မှာ ညအချိန်ဖြစ်ပြီး အဆင့်ကွာခြားမှုများလွန်းသောကြောင့် အခြားသူများမှာ လုံးဝမတုံ့ပြန်နိုင်ခဲ့ကြပေ။
“ခုနတုန်းက ဘာဖြစ်သွားတာလဲ။ လေပြင်းတစ်ခုတိုက်သွားသလိုပဲ။”
“သွားပြီ ငါတို့အဖွဲ့ခေါင်းဆောင် မရှိတော့ဘူး။”
“မြန်မြန်ဆုတ်ကြရအောင်။ အဖွဲ့ခေါင်းဆောင်က အရမ်းအားကောင်းတယ်။ ဒါပေမယ့် သူတောင် ဘာတုံ့ပြန်မှုမရှိဘဲ ဖမ်းဆီးခံလိုက်ရတာ။ ငါတို့က သူတို့ရဲ့ပြိုင်ဘက်တွေ မဟုတ်ဘူး။ ပြန်သွားပြီး အစီရင်ခံကြမယ်။”
“ဟုတ်တယ် ဟုတ်တယ် ပြန်သွားပြီး အစီရင်ခံကြရအောင်။”
ကျန်ရှိနေသေးသော ဒေသခံများသည် အခြားတစ်ယောက်ထွက်လာပြီး လူများအား ဖမ်းဆီးမည်ကို ကြောက်ရွံ့ကာ အလျင်အမြန် ပြန်ပြေးသွားကြသည်။
ရှောင်းယီသည် ကျန်းယွင်ထျန်းနှင့် အခြားသူများကို အမြန်ဆုံး လိုက်မိသွားပြီး သူတို့ရှေ့သို့ အဖွဲ့ခေါင်းဆောင်ကို ပစ်ချလိုက်သည်။
ကျန်းယွင်ထျန်းက ရှေ့တက်ပြီး ထိုလူကိုဆုပ်ကိုင်ကာ ၎င်း၏အပေါ်နှုတ်ခမ်းနှင့် နှာခေါင်းအောက်က ချိုင့်နေရာကို ဖိနှိပ်လိုက်လေသည်။ ထို့နောက် အဖွဲ့ခေါင်းဆောင်က ဖြည်းဖြည်းချင်း သတိရလာခဲ့သည်။
“မင်း...မင်းဘယ်သူလဲ။”
အဖွဲ့ခေါင်းဆောင်သည် အနည်းငယ်ကြက်သေသေသွားပြီးနောက် ရှောင်းယီနှင့် အခြားသူများအား မြင်လိုက်ရသောအခါ ချက်ချင်းပင် အသံကျယ်ကျယ်နှင့် အော်မေးလိုက်လေသည်။
ထိုအခါ ရှောင်းယီက ပြုံးကာ ပြန်မေးလိုက်သည်။
“မင်း ငါတို့နောက်ကို ဒီလောက်ကြာအောင် လိုက်နေတာတောင် ငါတို့ဘယ်သူလဲမေးနေတာလား။ မင်း ငါတို့က ဘယ်သူမှန်းမသိဘဲနဲ့ ဘာလို့ငါတို့နောက်ကို လိုက်နေတာလဲ။”
အဖွဲ့ခေါင်းဆောင်က ရှောင်းယီကို အံ့အားသင့်စွာကြည့်လိုက်မိသည်။ သူသည် ဤဘာသာစကားကို ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်သော်လည်း တစ်ဖက်လူ၏ဆိုလိုရင်းကို နားလည်နေခဲ့သည်။ ထိုအရာမှာ အံ့သြစရာပင်။
အခန်း ၆၄၄: နှိပ်စက်ညှင်းပန်းပြီး သင်ခန်းစာပေးခြင်း၊ အသက်ရှင်ကျန်ရစ်သူအဖွဲ့နှင့် ရင်ဆိုင်တွေ့ခြင်း
“ဟမ့် ငါမမှားဘူးဆိုရင် မင်းတို့က အပြင်လူတွေပဲဖြစ်ရမယ်။”
အဖွဲ့ခေါင်းဆောင်က အေးစက်စွာဖြင့် ပြန်ပြောလာခဲ့သည်။
“မင်းကိုကြည့်ရတာတော့ ဥာဏ်ကောင်းတဲ့ပုံပဲ။ ဒါဆိုရင် ငါတို့ အပိုစကားတွေပြောမနေတော့ဘူး။ ပြောစမ်း မင်းတို့က ဘယ်မြို့၊ ဘယ်ဂိုဏ်းကလဲ။”
ရှောင်းယီက ပြောလိုက်သည်။
“အဟက် မင်းတို့က သူခိုးတစ်အုပ်ပဲ၊ ငါ့ဆီကသတင်းနှိုက်ဖို့ စဉ်းတောင်မစဉ်းစားနဲ့။”
တပ်ဖွဲ့ခေါင်းဆောင်က ပြက်ရယ်ပြုကာ ပြောလိုက်သည်။
ရှောင်းယီက ပခုံးတွန့်ပြီး ကျန်းယွင်ထျန်းကိုကြည့်ကာ ပြောလိုက်တော့လေသည်။
“အစ်ကိုကျန်း ဒါတော့ မင်းအပေါ်မူတည်သွားပြီ။ နောက်ထပ် ခေါင်းမာတဲ့တစ်ကောင်ပဲ။”
ကျန်းယွင်ထျန်းက ခေါင်းညိတ်လိုက်ပြီး သူ၏လက်အောက်ငယ်သားများကို ခေါ်ကာ ပြောလိုက်သည်။
“သွားကြရအောင် ဒီနေ့ ရန်သူရဲ့ပါးစပ်ကို ဘယ်လိုဖွင့်ရမယ်ဆိုတာ မင်းတို့ကို သင်ပေးမယ်။”
“ဟုတ်ကဲ့”
အခြားလေးယောက်က တုံ့ပြန်လိုက်ကြသည်။
ထို့နောက် ကျန်းယွင်ထျန်းသည် သူ၏ဓားမြှောင်ကို ဆွဲထုတ်ပြီး ပြောလိုက်သည်။
“ဆိုရိုးစကားအရ လက်ချောင်းဆယ်ချောင်းက နှလုံးသားနဲ့ဆက်နွယ်နေပြီး လက်ချောင်းဆယ်ချောင်းကို ဖျက်ဆီးခြင်းက မင်းကို ချက်ချင်းမသေစေနိုင်တာမို့လို့ နှိပ်စက်ညှင်းပန်းဖို့အတွက် ကောင်းမွန်တဲ့နေရာပဲ။ ဒီနေရာမှာ လှည့်ကွက်တွေအများကြီးရှိတယ်။ ငါတို့ ဖြည်းဖြည်းချင်းလုပ်ကြတာပေါ့။”
ထို့နောက် ကျန်းယွင်ထျန်းသည် တစ်ဖက်လူ၏လက်ချောင်းတစ်ချောင်းကိုဆုပ်ကိုင်ပြီး သူ၏ဓားမြှောင်ကို လက်သည်းအောက်သို့ တူးဆွလိုက်လေသည်။
“အား...”
အဖွဲ့ခေါင်းဆောင်က စူးစူးဝါးဝါးအော်ဟစ်လိုက်ရ၏။
လ၏အလင်းရောင်ဖြင့် အခြားစစ်သားလေးဦးသည် ကျန်းယွင်ထျန်းက အဖွဲ့ခေါင်းဆောင်၏လက်သည်းအား လုံးဝကော်ထုတ်လိုက်သည်ကို မြင်လိုက်ကြရသည်။
“ဟစ်”
သူတို့ ပင့်သက်ရှိုက်မိလိုက်ကြ၏။ သူတို့သည် အကျဉ်းသားများအား ဤကဲ့သို့ စစ်ဆေးမေးမြန်းသည့်နည်းလမ်းကို ကြားဖူးသော်လည်း လက်တွေ့မမြင်ဖူးခဲ့ကြပေ။
ယနေ့ မျက်မြင်ကိုယ်တွေ့မြင်လိုက်ရသောအခါ ၎င်းသည် အမှန်တကယ်ကြမ်းကြုတ်ရက်စက်လှပြီး လူမဆန်ပေ။
ကျန်းယွင်ထျန်းက အေးဆေးတည်ငြိမ်စွာ ပြောပြလိုက်သည်။
“လက်သီးဆုပ်ထားရင် သူ့လက်သည်းတွေကို တစ်ချောင်းချင်းစီ ဖြည်းဖြည်းချင်းဆွဲထုတ်တာက ပိုကောင်းတယ်။ ဒါက အရမ်းမြန်တဲ့အတွက် သူက နာကျင်မှုကို ခဏလေးပဲ ခံစားရမှာ။”
ထိုစကားများကို ကြားလိုက်ရသောအခါ အခြားစစ်သားလေးဦးသည် သူတို့၏စအိုဝများပင် အနည်းငယ်တင်းကျပ်သွားခဲ့ကြသည်။
ရှောင်းယီသည် အော်ဟစ်နေသော အဖွဲ့ခေါင်းဆောင်ကို ကြည့်ပြီးမေးလိုက်သည်။
“မင်းပြောမှာလား မပြောဘူးလား။ သူ့မှာ မင်းအတွက် အသုံးပြုနိုင်တဲ့ လှည့်ကွက်တွေ အများကြီးကျန်သေးတယ်။ ဆက်ပြီးစမ်းကြည့်ချင်သေးလား။”
“မင်း... အိပ်မက်မက်... နေလိုက်။”
အဖွဲ့ခေါင်းဆောင်က တစ်လုံးချင်းစီ ပြန်ပြောလာခဲ့သည်။
ရှောင်းယီသည် ထိုလူကိုကြည့်ကာ အနည်းငယ်ခေါင်းညိတ်လိုက်ပြီး ကျန်းယွင်ထျန်းအား ဆက်လုပ်ရန် လက်ဟန်ပြလိုက်သည်။
ထို့နောက် ကျန်းယွင်ထျန်းသည် အခြားစစ်သားလေးဦးအား ညှင်းပန်းနှိပ်စက်မှုဆိုသည်မှာ အဘယ်နည်းဆိုသည်ကို ပြသခဲ့လေသည်။
အဖွဲ့ခေါင်းဆောင်၏အော်ဟစ်သံနှင့်အတူ စစ်သားလေးဦးသည် သူတို့၏နည်းပြမှာ လူသားအယောင်ဆောင်ထားသော မကောင်းဆိုးဝါးတစ်ကောင်ဖြစ်ပြီး သူ့လက်ထဲသို့ရောက်သွားပါက သေခြင်းသည်ပင် ဇိမ်ခံရာရောက်လိမ့်မည်ဟု ခံစားလိုက်ရသည်။
မိနစ် ၂၀ ခန့် နှိပ်စက်ညှင်းပန်းပြီးနောက် အဖွဲ့ခေါင်းဆောင်သည် နောက်ဆုံးတွင် လက်လျှော့လိုက်လေသည်။
“ငါ... ငါပြောမယ်”
အဖွဲ့ခေါင်းဆောင်က အင်အားအားလုံး ကုန်ခမ်းသွားပုံရသည်။
“ဘယ်ဂိုဏ်းကလဲ။”
ရှောင်းယီက ရှေ့တက်ပြီး မေးလိုက်သည်။
“ငါတို့က... ဆီးနှစ်သစ်ရွက်မြို့ကပါ။”
အဖွဲ့ခေါင်းဆောင်၏စကားက ရှောင်းယီအား အံ့အားသင့်စေခဲ့သည်။
“ဆီးနှင်းသစ်ရွက်မြို့လား။ မင်းတို့ ဘာလုပ်ဖို့စီစဉ်နေတာလဲ။”
ရှောင်းယီက သူ၏မျက်လုံးများကို မှေးကျဉ်းကာ မေးလိုက်သည်။
“တိုက်ခိုက်ဖို့... ချူဖုန်းမြို့ကို။”
ရှောင်းယီ မျက်ခုံးပင့်လိုက်မိသည်။
“မင်းတို့က အပြန်အလှန်ကုန်သွယ်ရေးမြို့တွေမဟုတ်ဘူးလား။ ဘာလို့ တိုက်ခိုက်မှာလဲ။”
“ငါ... မသိဘူး။ ဒါက... အထက်ကအမိန့်ပဲ။ ချူဖုန်းမြို့ရဲ့... မြို့တော်ဝန်က အံ့ဩစရာကောင်းတဲ့အရာတစ်ခုကို ရရှိခဲ့တယ်။ အဲ့ဒါကို ငါတို့မှော်ဆရာက... စိတ်ဝင်စားနေတယ်။”
“အဲ့ဒါက ဘာလဲဆိုတာ မင်းသိလား။”
ရှောင်းယီက ဆက်မေးလိုက်သည်။
အဖွဲ့ခေါင်းဆောင်က ခေါင်းခါလိုက်ပြီးနောက် ခေါင်းတစ်ဖက်စောင်းကျသွားကာ သတိလစ်သွားခဲ့လေသည်။
“သူ့ကိုနှိုးပြီး ဆက်ပြီး စစ်ဆေးချင်သေးလား။”
ကျန်းယွင်ထျန်းက မေးလိုက်သည်။
ရှောင်းယီက ခေါင်းခါပြီး ပြန်ဖြေလိုက်သည်။
“သူက ဒီလောက်ပဲသိတယ်။ ဒါပေမယ့် ငါတို့ လက်ရှိရတဲ့သတင်းအချက်အလက်တွေက လုံလောက်ပြီ။”
“ဘယ်ဂိုဏ်းကလဲ”
ကျန်းယွင်ထျန်းက သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။
“ဆီးနှင်းသစ်ရွက်မြို့။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“သူတို့က ချူဖုန်းမြို့ကို တိုက်ဖို့လာခဲ့တာ။ ဆီးနှင်းသစ်ရွက်မြို့ရဲ့မှော်ဆရာက ချူဖုန်းမြို့က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရထားတာကို သိသွားတာဖြစ်လိမ့်မယ်။”
သို့မဟုတ်ပါက ဆီးနှင်းသစ်ရွက်မြို့အား ချူဖုန်းမြို့ကို တိုက်ခိုက်ရန်အတွက် အားတက်သရောလှုပ်ရှားလာအောင် လှုံ့ဆော်ရန်ခက်ခဲလိမ့်မည်ဖြစ်သည်။
ကမ်းရိုးတန်းမြို့တစ်မြို့၏ ပင်လယ်စာများအတွက်နှင့် ဒီလောက်ထိ ဖြစ်နိုင်စရာအကြောင်းမရှိချေ။
ထိုအချိန်တွင် ပြန်လည်ထွက်ပြေးသွားခဲ့ကြသော ဒေသခံစစ်သားများသည် ကြိုးတုတ်ခံထားရပြီး ဆီးနှင်းသစ်ရွက်မြို့၏မှော်ဆရာ ရှေ့သို့ ခေါ်ဆောင်လာခြင်းခံခဲ့ရသည်။
“မှော်ဆရာ ဒီအဖွဲ့က တကယ်ပဲ တိုက်ပွဲမဝင်ဘဲ ထွက်ပြေးခဲ့တယ်။ ကျေးဇူးပြုပြီး သူတို့ကိုပြစ်ဒဏ်ချမှတ်ပေးပါ အရှင်။”
“ဘာဖြစ်ခဲ့တာလဲဆိုတာ ပြောပြစမ်း”
မှော်ဆရာက ထိုလူများကိုကြည့်ပြီး မေးလိုက်သည်။
“မှော်ဆရာ ကျေးဇူးပြုပြီးနားလည်ပေးပါ။ ကျုပ်တို့က အခြေအနေကို အစီရင်ခံဖို့ ပြန်လာခဲ့တာပါ။ ကျုပ်တို့ အရမ်းအားကောင်းတဲ့ ရန်သူတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကျုပ်တို့ တုံ့ပြန်ဖို့အချိန်တောင်မရလိုက်ဘဲ သူတို့က ကျုပ်တို့ရဲ့အဖွဲ့ခေါင်းဆောင်ကို ဖမ်းဆီးနိုင်ခဲ့တယ်။ ကျုပ်တို့က သူတို့ရဲ့ပြိုင်ဘက်တွေမဟုတ်ဘူး။ ပြိုင်ဘက်က အနည်းဆုံး S အဆင့်မှာရှိတယ်လို့ သံသယရှိပါတယ်။”
ဒေသခံတစ်ဦးက ချက်ချင်းရှင်းပြလိုက်သည်။
“အနည်းဆုံး S အဆင့်လား”
မှော်ဆရာက မျက်ခုံးပင့်လိုက်မိ၏။
“ဒါဆို အဲဒီမှာ ဘယ်နှစ်ယောက်ရှိလဲ။”
“သူတို့က အရမ်းမြန်လွန်းတယ်။ ကျုပ်တို့ ဘာကိုမှရှင်းရှင်းလင်းလင်းမမြင်နိုင်ခဲ့ဘူး။”
“ဒါဆိုရင် မင်းက မင်းတို့ ဘာမှမမြင်ခဲ့ဘူးလို့ ပြောလိုက်တာပေါ့။ ဒါဆို ဘာကိုအစီရင်ခံမှာလဲ။”
မှော်ဆရာက ဆက်မေးလိုက်သည်။
ထိုဒေသခံများသည် တုန်လှုပ်ခြောက်ခြားသွားကာ အော်ဟစ်ကြတော့သည်။
“မှော်ဆရာ ကျေးဇူးပြုပြီး ကျုပ်တို့အသက်ကို ချမ်းသာပေးပါ။”
မှော်ဆရာသည် ၎င်းတို့ကို လျစ်လျူရှုကာ လက်ဟန်ပြလိုက်သည်။ သူလက်ဟန်ပြလိုက်သည်နှင့် အစောင့်တပ်သားများသည် ထိုစစ်သားအားလုံးကို ချက်ချင်းပင် ဆွဲထုတ်သွားပြီး သတိပေးရန်အတွက် ခေါင်းဖြတ်သတ်ပစ်ရန် ပြင်လိုက်လေသည်။
“အပြင်လူတွေရဲ့ ကျွမ်းကျင်သူတွေ ရောက်လာကြပုံပဲ။ သူတို့က သတင်းအချက်အလက်တွေ စုဆောင်းဖို့ ပြင်ဆင်နေကြတာလား။ ချူဖုန်းမြို့က အပြင်လူတွေနဲ့ ပေါင်းစည်းလိုက်တာလား၊ ဒါမှမဟုတ် သူတို့လက်အောက်ကို ကျရောက်သွားခဲ့တာလား။”
မှော်ဆရာက တစ်ကိုယ်တည်း တွေးတောနေခဲ့သည်။
အချိန်တစ်ခုကြာအောင် စဉ်းစားပြီးနောက် မှော်ဆရာက အမိန့်ပေးလိုက်သည်။
“ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက် ဒီညတစ်ညလုံး ခရီးဆက်မယ်။”
“ဟုတ်ကဲ့”
ဆီးနှင်းသစ်ရွက်မြို့၏တပ်ဖွဲ့သည် အရှိန်အပြည့်ဖြင့် စတင်ခရီးဆက်ခဲ့ကြသည်။
ရှောင်းယီသည် ကျန်းယွင်ထျန်းတို့လူငါးဦးကို ဦးဆောင်ကာ ဘေးတစ်ဖက်သို့ ဆက်သွားပြီး အနီးအနားရှိ S အဆင့် ရတနာသေတ္တာများကို စတင်ရှာဖွေခဲ့ကြသည်။
ပိုမိုခရီးရောက်စေရန်အတွက် ရှောင်းယီသည် စစ်သားလေးဦးအား တိုက်ရိုက် ခွဲထုတ်လိုက်လေသည်။ ပထမဆုံးအနေဖြင့် ရတနာသေတ္တာများရှာဖွေရာတွင် အရှိန်မြှင့်တင်ရန်ဖြစ်ပြီး ဒုတိယအနေဖြင့် ဆီးနှင်းသစ်ရွက်မြို့တပ်ဖွဲ့ ချဉ်းကပ်လာခြင်းရှိ၊မရှိအား စောင့်ကြည့်ရန်အတွက် ကင်းထောက်များအဖြစ် ဆောင်ရွက်ရန်ဖြစ်သည်။
တစ်နာရီအတွင်း ရှောင်းယီနှင့် သူ၏အဖွဲ့သည် S အဆင့်ရတနာသေတ္တာရှစ်ခုကို ရိတ်သိမ်းနိုင်ခဲ့သည်။ အချိန်အများစုသည်မူ ရှာဖွေရာ၌ ကုန်ဆုံးခဲ့လေသည်။ ၎င်းတို့ကို ရှာတွေ့ပြီးနောက် ရှောင်းယီက တိုက်ရိုက်ပင် ချက်ချင်းသတ်ပစ်လိုက်သည်။
ရှောင်းယီနှင့်သူ၏အဖွဲ့ S အဆင့် ရတနာသေတ္တာများအား အဆက်မပြတ်ရှာဖွေနေစဉ် အသက်ရှင်ကျန်ရစ်သူအဖွဲ့တစ်ခုသည် ၎င်းတို့အနီးသို့ ချဉ်းကပ်လာခဲ့သည်။
“အစီရင်ခံပါတယ် ကျွန်းပိုင်ရှင်။ အသက်ရှင်ကျန်ရစ်သူအဖွဲ့တစ်ဖွဲ့ ကျုပ်တို့ဆီကို ချဉ်းကပ်လာနေပါတယ်။”
စစ်သားတစ်ဦးက ပြေးလာပြီး အစီရင်ခံခဲ့သည်။
“သူတို့ပုံစံက နည်းနည်းရှက်စရာကောင်းနေသလိုပဲ။”
“သွားကြရအောင် တစ်ချက်လောက်သွားကြည့်ကြမယ်။”
ရှောင်းယီက ထိုသို့ပြောလိုက်ပြီး သူ၏လူများအား ထိုအဖွဲ့ဆီသို့ ခေါ်သွားခဲ့သည်။
ရှောင်းယီတို့အဖွဲ့ ထိုအဖွဲ့ရှေ့၌ ဝံကြွားစွာ ပေါ်လာခဲ့ပြီးနောက် တစ်ဖက်အဖွဲ့သည် သူတို့ကို မြင်လိုက်ရသောအခါ အလွန်အမင်း သတိကပ်သွားခဲ့ကြသည်။
“မင်းတို့ ဘယ်သူတွေလဲ။ ငါတို့လမ်းကို ဘာလို့ပိတ်ထားတာလဲ။”
တစ်ဖက်လူက မေးလာခဲ့သည်။
“ငါက ယီရန်ပင်းပါ။ မင်းတို့ ဘာဖြစ်လာကြတာလဲ။”
ရှောင်းယီက ရှေ့တစ်လှမ်းတိုးကာ ပြောလိုက်သည်။
“မင်းက ယီရန်ပင်းလား။ ဟမ့် နောက်ထပ်အယောက်ဆောင်တွေ ထပ်ရောက်လာပြန်ပြီ။”
တစ်ဖက်လူက အေးစက်စွာပြောလိုက်သည်။
ရှောင်းယီက ကြောင်အ၊သွား၏။
“တစ်ယောက်ယောက်က ငါ့လိုမျိုး အယောက်ဆောင်နေတာလား။”
“ဟမ့် မင်း တိုက်ချင်ရင် တိုက်စမ်းပါ ငါမကြောက်ဘူး။ ငါ့လက်ထဲက ပစ္စည်းတွေကို လိုချင်ရင် ငါ့အလောင်းကို အရင်ဖြတ်ကျော်နိုင်မှရမယ်။”
တစ်ဖက်လူက ၎င်းတို့၏လက်နက်များကို ထုတ်ပြီးသားဖြစ်သည်။
ထိုအခါ ရှောင်းယီက ခေါင်းခါကာ ပြောလိုက်သည်။
“ငါတို့အားလုံးက အသက်ရှင်ကျန်ရစ်သူတွေပဲလေ။ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်မနေသင့်ဘူး။ ငါက တကယ်ပဲ ယီရန်ပင်းပါ၊ မင်းတို့ အရင်က အတုတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်မယ်။”
“ဟမ့် မင်းက အစစ်အမှန်ဆိုတဲ့ကြောင်း ဘယ်လိုသက်သေပြနိုင်လို့လဲ။”
တစ်ဖက်လူက မယုံကြည်သေးချေ။
“စိတ်မပူပါနဲ့ ငါ မင်းကို သက်သေပြမယ်။”
ရှောင်းယီက ပြန်ပြောလိုက်၏။ သူ၏စကားမဆုံးမီ ရှောင်းယီ၏ပုံရိပ် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
ဆန့်ကျင်ဘက်ရှိအဖွဲ့သည် ရုတ်ချည်းထိတ်လန့်တုန်လှုပ်သွားခဲ့၏။ ပြီးနောက် ရှောင်းယီသည် သူ၏မူလနေရာသို့ ပြန်ရောက်လာပြီး သူ၏လက်ထဲ၌ ၎င်းတို့တွင် တစ်ပြေးညီတပ်ဆင်ထားသော ဓားမြှောင်တစ်ချောင်းကို ကိုင်ထားခဲ့သည်။
“ဒီလိုဆို ငါသက်သေပြနိုင်သွားပြီလား။”
ရှောင်းယီက မေးလိုက်သည်။
ဤအချိန်တွင် ဆန့်ကျင်ဘက်အဖွဲ့သည် လုံးဝနားလည်သဘောပေါက်ခဲ့ပြီဖြစ်သည်။ သူတို့ရှေ့ရှိလူသည် သူတို့အတွက် အဆင့်မြင့်လွန်းလှပြီး ၎င်းတို့သည် သူတို့လူများကိုသတ်ပြီး ရတနာများကို လုယူချင်ပါက ဤကဲ့သို့ အဓိပ္ပါယ်မရှိသည့်စကားများကို ပြောနေစရာလုံးဝမလိုအပ်ပေ။
တစ်ဖက်အဖွဲ့မှ လူတစ်ဦးက လက်အုပ်ချီကာ ပြောလိုက်၏။
“ကျုပ် မျက်စိကန်းပြီး ထိုက်တောင်ကြီးကို မမြင်ခဲ့ပါဘူး။ သခင်ကြီး ခွင့်လွှတ်ပေးပါ။”
ရှောင်းယီက လက်ခါပြပြီး ဓားမြှောင်ကို ၎င်းတို့ထံပြန်အပ်ကာ မေးလိုက်သည်။
“မင်းတို့က ဘာရတနာတွေ ရှာတွေ့ခဲ့လို့ အသက်ရှင်ကျန်ရစ်သူတွေကိုတောင်မှ စိတ်ဝင်စားစေခဲ့တာလဲ။”