နားလည်ခဲ့ပြီ
Vol. 17 Ch. 227
ကျီချဲမျက်နှာထက်တွင် ထိတ်လန့် တုန်လှုပ်ဟန်များ ဖြစ်ပေါ်လာသည်။ သူသည် ရုတ်ခြည်း ဖြူဖျော့သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် အလိုအလျောက် ဆုတ်လိုက်မိသည်။ ထို့နောက် ပါးစပ်အပြည့် သွေးတစ်လုတ် အန်ပြီးချိန်တွင် အလျင်အမြန် ပြန်ဆုတ်ကာ တောင်ပေါ်မှ ချက်ချင်း ထွက်ခွာသွားရန် လေထဲသို့ ပျံတက်လိုက်သည်။
သူ့နှလုံးသည် ရင်ဘတ်မှ ပေါက်ထွက်တော့မည်ကဲ့သို့ ခုန်လှုပ်နေကာ သူ့အတွေးများ အားလုံးနေရာတွင် ထိတ်လန့် ကြောက်ရွံ့မှုများကသာ အစားထိုးသွားခဲ့ပြီ ဖြစ်သည်။ အေးခဲကောင်းကင် ကလန်၏ နဝမတောင်ထွတ်တွင် ယခုလို ကြောက်မက်ဖွယ် ကောင်းသူတစ်ဦး ရှိနေလိမ့်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ထား ခဲ့ဖူးပေ။
ထိုကြောက်မက်ဖွယ် ကောင်းသော လက်များသည် အသက်၊ ဘဝတို့ကိုပင် ထိန်းချုပ်နိုင်ဟန်ရပြီး သူ့အရိုးအသားထဲမှပင် ထိတ်လန့် တုန်လှုပ်မှုကို ခံစားနေရလေသည်။ ထို့အပြင် ၎င်းလက်များကြောင့် သူလှုပ်ရှားလိုက်သည့် အခိုက်အတန့်မှာပင် မိမိကိုယ်ကို ပြင်းထန်စွာ ဒဏ်ရာရသွားအောင် ကိုယ်တိုင် ပြုလုပ်လိုက်မိသလို ဖြစ်သွားခဲ့၏။
“သူက ဒီအတိုင်း ထွက်သွားချင်တာလား...”
စုမင်၏ အစ်ကိုနှစ်သည် ကျီချဲအား အပြုံးတစ်ခုဖြင့် ဆက်ကြည့်နေခဲ့သည်။ သူ့အပြုံးသည် နူးညံ့သိမ်မွေ့နေကာ ထိုအထဲတွင် မည်သည့်ဒေါသနှင့် ပျော်ရွှင်မှု အရိပ်အယောင်တို့မှ ရှိမနေခဲ့ပေ။ သို့သော် သူစကား ပြောလိုက်ချိန်တွင် နဝမတောင်ထွတ်မှ အပင်အားလုံးသည် တစ်ချိန်တည်းလိုလို လှုပ်ယမ်းတုန်ခါ သွားကြချေသည်။
“အရင်တစ်ခေါက်တုန်းက မင်း နဝမတောင်ထွတ်ရဲ့ နောက်ဆုံးစည်းကို မထိခဲ့လို့ ငါဘာမှ မလှုပ်ရှားခဲ့ဘူး။ ဟူကျီ အရိုက်ခံရတယ်ဆိုတာ အရေးမကြီးဘူး။ သူ့မှာ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ရှိလို့ အရိုက်ခံရရင်တောင် ခဏနားပြီး အိပ်လိုက်တာနဲ့ ပိုကောင်းလာလိမ့်မယ်”
စုမင်၏ အစ်ကိုနှစ်သည် အပြုံးလေးတစ်ခုဖြင့် ဆက်ပြောနေချိန်တွင် နဝမတောင်ထွတ်မှ အပင်များသည် ယိမ်းထိုးတုန်ခါ နေခဲ့ကြပြီး ထိတ်လန့် တုန်လှုပ်ဖွယ် အရှိန်အဝါတစ်ရပ် ပျံ့နှံ့ထွက်ပေါ်လာသည်။ ထိုဖိအားထဲတွင် အဆုံးမရှိသော အသက်စွမ်းအားများ ပါဝင်နေပြီး ၎င်းတို့သည် နဝမတောင်ထွတ်ရှိ အပင်များထံမှ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာနေခြင်း ဖြစ်သည်။
ကျီချဲအမူအရာတို့က အပြင်းအထန် ပြောင်းလဲသွားသလို ပြေးနေရင်းမှပင် နှလုံးသားအတွင်း၌ ညည်းညူလိုက်မိသည်။ နဝမတောင်ထွတ်မှ အခြားသူများ အားလုံးသည် အမှိုက်များ ဖြစ်နေလျှင်တောင် သူ့ရှေ့မှ ထိုလူသည်တော့ အမှိုက်မဟုတ်ပေ...
ထိုလူသည် မွန်းစတား တစ်ကောင်ကဲ့သို့ ထိတ်လန့် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
“အသက်တစ်ကြိမ် ရှူချိန်နဲ့တင် အပင်တွေ အကုန်လုံးရဲ့ ခွန်အားကို သူဆွဲထုတ်လိုက် နိုင်တယ် ... ဒါ ... ဒါက သာမန် မာန်ပညာရပ်မျိုး မဟုတ်ဘူး ... အဲဒါက...”
ကျီချဲ အသက်ကိုပြင်းပြင်း ရှူလိုက်မိသည်။ သူနောက်သို့ ပြန်ဆုတ်နေရင်းဖြင့် နှင်းမုန်တိုင်းမှ ဖြစ်ပေါ်လာသော ဧရာမ မျက်နှာကြီးသည် သူ့နောက်တွင် စုဝေးလာကာ စုမင်၏အစ်ကိုနှစ်ကို ခပ်တိုးတိုး ဟိန်းဟောက်လိုက်သည်။
“ဒါပေမဲ့ ဒီတစ်ခေါက်တော့ မင်းက ငါ့အပင်တွေ အများကြီးကို ဖျက်ဆီးခဲ့တယ်၊ ဟူကျီရဲ့ ဘူးသီးခြောက် ဝိုင်အိုးကိုလည်း ခွဲခဲ့ပြီးတော့ ငါ့ရဲ့ အငယ်ဆုံး ဂျူနီယာ ညီလေးကိုတောင် ထိခိုက်အောင် လုပ်ဖို့လာခဲ့တယ် ... အဲဒါတွေက ... မကောင်းဘူးလေ...”
အစ်ကိုနှစ်က သက်ပြင်းဖွဖွချသည်။
‘မကောင်းဘူး’ဟု သူပြောလိုက်သည့် အခိုက်အတန့်မှာပင် နဝမတောင်ထွတ်မှ အပင်အားလုံးသည် လေထဲသို့ လွင့်မျောလာကာ ဖော်ပြရန် မတတ်နိုင်သော အမြန်နှုန်းဖြင့် ကောင်းကင်နှင့် မြေပြင်အား ဖုံးအုပ်လျက် ကျီချဲထံ တိုးဝင်သွားကြသည်။
ကျီချဲ ထိတ်လန့်သွားရသည်။ သူ့နောက်မှ ဆီးနှင်းလူ မျက်နှာကြီးသည် ကျီချဲကို ဝန်းရံသွားကာ ဆုတ်ခွာနေရင်းမှ ပြန်လည်တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။ သို့သော် ထိုဆီးနှင်းလူ မျက်နှာကြီးသည် မရေမတွက်နိုင်သော အပင်များဖြင့် ထိမိသွားသည်နှင့် ကျယ်လောင်သော ပေါက်ကွဲသံ တစ်ချက်နှင့်အတူ ပေါက်ကွဲ ထွက်သွားချေသည်။
ကမ္ဘာလောကကြီးသည်ပင် တုန်ခါသွားပြီး မရေမတွက်နိုင်သော ဆီးနှင်းမှုန်များအဖြစ် ပြောင်းလဲကာ အောက်သို့ ကျဆင်းလာခဲ့သည်။ တစ်ချိန်တည်းမှာပင် ၎င်းလူမျက်နှာကြီး အတွင်းမှ ကျီချဲသည်လည်း နောက်တစ်ကြိမ် သွေးအန်လိုက်ရပြန်၏။ သူ့မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားပြီး သူနောက်သို့ ထပ်မဆုတ်နိုင်ခင်မှာပင် အပင်များသည် သူ့ထံတည့်တည့် တိုးဝင်လာကာ သူ့အား ဝန်းရံသွားကြသည်။ ၎င်းတို့အထဲမှ အချို့ဆိုလျှင် သူ့ခန္ဓာကိုယ် အတွင်းသို့ပင် ဝင်ရောက်လာကြသဖြင့် ကျီချဲ၏ပုံစံသည် အပင်များဖြင့် ပြုလုပ်ထားသော လူတစ်ဦးကဲ့သို့ ဖြစ်ပေါ်သွားလေသည်။
သူထိတ်လန့် တုန်လှုပ်သွားကာ လဲပြိုတော့မည့် အချိန်မှာပင် သူ့အား အပင်များဖြင့် ထုပ်ပိုးခံလိုက်ရပြီး နဝမတောင်ထွတ်ဆီ ပြန်ဆွဲခေါ်ခံလိုက်ရ၏။
“ငါ မင်းကိုမသတ်ဘူး။ အဲဒီအစား အပြစ်ပဲပေးမှာပါ။ နဝမတောင်ထွတ်မှာပဲ ငါ့ညီသုံးရဲ့ ဝိုင်အိုးကို ပြန်ပြင်ပေးလိုက်။ ပြီးရင် ငါ့အပင်တွေကို ညညကျ ဘယ်သူ ခိုးနေလဲဆိုတာ ကူပြီးစစ်ဆေးပေး။ တခြားအချိန်တွေမှာ တောင်ထဲက တခြားသူတွေပြောတာ နားထောင် ... ဥပမာ ငါတို့ အငယ်ဆုံးညီလေး တောင်ကနေအပြင်ကို ထွက်သွားတဲ့ အချိန်တွေမှာ လုံခြုံမှုရှိတာ သေချာအောင် လုပ်ပေးတာမျိုးပေါ့”
အစ်ကိုနှစ်သည် သူ၏ နူးညံ့သိမ်မွေ့သော အပြုအမူကို ဆက်လက် ထိန်းသိမ်းထားပြီး ပြုံးရင်းရှင်းပြသည်။
“အဲဒါတွေကို သုံးနှစ်လုပ်ပေးရမယ်”
ထိုအချိန်မှာပင် ဟူကျီသည် ကျယ်လောင်စွာ အော်ဟစ်ရင်း လိုဏ်ဂူအတွင်းမှ ထွက်လာခဲ့သည်။ သူသည် အပင်များဖြင့် ဖုံးအုပ်ခံထားရ သော်လည်း သတိလစ်မနေသော ကျီချဲကို ဆွဲယူကာ ရက်စက် ကြမ်းကြုတ်သော အပြုံးတစ်ခုဖြင့် ဆွဲမြှောက်လိုက်သည်။
“လူရှုပ်ကောင်၊ မင်းကများ ဒီအဘိုးဟူရဲ့ ဝိုင်အိုးကို ခွဲရဲတယ်ပေါ့လေ။ မင်း စောင့်နေ။ ပြီးရင် ငါမင်းကို ဘယ်လို လုပ်မလဲဆိုတာ မင်း စောင့်ကြည့်နေလိုက်။ သေစမ်းကွာ၊ ငါမင်းကို ငါ့အိပ်မက်ထဲ ဆွဲသွင်းပြမယ်”
ကျီချဲ၏ မျက်လုံးများထဲတွင် ဒေါသတို့ ရှိနေသော်လည်း သူ့ခွန်အားများ အားလုံးကို ဆုံးရှုံးထားပြီး ဖြစ်သည်။ သူ ယခင်က အမှိုက်ဟု ယူဆထားခဲ့သော ဟူကျီ၏ ဆွဲမြှောက်ခြင်းကို ခံလိုက်ရချိန်တွင် အရှက်တကွဲ ခံစားချက် တစ်ခုသည် သူ့တစ်ကိုယ်လုံး ပျံ့နှံ့သွားခဲ့သည်။
ထိုအချိန်မှာပင် အလင်းတန်းနှစ်ခုသည် ကောင်းကင်မှ ရောက်ရှိလာခဲ့သည်။ ၎င်းတို့သည် ဖန်းချန်းလန်နှင့် သူမ အဖော်ပင်ဖြစ်သည်။ သူမတို့နှစ်ဦးသည် လေထဲတွင်ရပ်နေရင်း ခဏတာ အံ့အားသင့် မှင်တက်နေ ခဲ့ကြချေသည်။
“ငါတို့မှာ ဧည့်သည်တွေ ရှိတာပဲ။ မင်းတို့က အငယ်ဆုံး ညီငယ်လေးဆီ လာလည်ကြတာလား”
အစ်ကိုနှစ်သည် ပိုမိုနူးညံ့သိမ်မွေ့စွာ ပြုံးလျက် ကောင်းကင်မှ အမျိုးသမီးနှစ်ဦးကို လှမ်းကြည့်လိုက်သည်။
ဖန်းချန်းလန်သည် ခဏတာ အံ့အားသင့်နေပြီးမှ စုမင်၏အစ်ကိုနှစ်ထံ လျင်မြန်စွာ ဦးညွှတ်အရိုအသေ ပြုလိုက်မိသည်။
“ဒုတိယစီနီယာ အစ်ကို ကို ... နှုတ်ဆက်ပါတယ်”
သူမဘေးမှ အမျိုးသမီး၏ မျက်နှာ အမူအရာသည်တော့ ပြတ်သားနေခဲ့သည်။ သူမသည် စုမင်ဘေးတွင် ရပ်နေသော နူးညံ့သိမ်မွေ့သော အမူအရာရှိသည့် အစ်ကိုနှစ်ကို ကြည့်လိုက်သည်။ ထို့နောက် အဝေးရှိ ဟူကျီ၏ ဆွဲမြှောက်ကိုင်ထားသည်ကို ခံနေရသော ကျီချဲထံ လှမ်းကြည့်လိုက် မိသော်လည်း စကားတစ်ခွန်းမှ မပြောခဲ့ပေ။
“ဒီလို ချောမောလှပတဲ့ အမျိုးသမီးတွေကို နဝမတောင်ထွတ်မှာ တွေ့ရခဲတယ်။ ကြည့်ရတာ ငါတို့အငယ်ဆုံး ညီလေးက အမျိုးသမီးတွေနဲ့ ပတ်သက်လို့ ကံကောင်းပုံပဲ ... ဒါပေမဲ့ မင်းတို့က အချိန်ဆိုးကိုမှ ရောက်လာကြတာ။ သူက အခုလောလောဆယ် ကျင့်ကြံနေတယ်။ မင်းတို့က ဘာလို့ ငါ့ကိုကူညီပြီး သူ့ကိုဂရုစိုက်ရင်း ဒီမှာပဲ စောင့်မနေကြတာလဲ”
အစ်ကိုနှစ်က မျက်လုံးတစ်ဖက် မှိတ်ပြကာ ရယ်မောလိုက်သည်။
ထိုရယ်မောသံ တစ်သံနှင့်ပင် ဖန်းချန်းလန်၏ မျက်နှာသည် ရှက်ရွံ့မှုကြောင့် နီမြန်းသွား ခဲ့ရလေသည်။
“အဲဒါက ထင်နေသလို မဟုတ်ပါဘူး။ အဲဒါက...”
သူမက အလျင်အမြန် ရှင်းပြလိုက်မိသည်။
ထိုအချိန်တွင် သူမဘေးမှ ဘဲဥပုံမျက်နှာနှင့် အမျိုးသမီးသည်တော့ အစ်ကိုနှစ်ကို အေးစက်စက် စိုက်ကြည့်ကာ နောက်လှည့်ပြီး အဝေးသို့ လျှောက်ထွက်သွား လေသည်။
ဖန်းချန်းလန်သည် ခဏတာ တုံ့ဆိုင်းနေပြီးမှ မျက်လုံးများမှိတ်ကာ တရားထိုင်နေသော စုမင်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမ၏ ဒေါသကြီးသော စီနီယာအစ်မကို လှမ်းကြည့်ပြီးမှ အစ်ကိုနှစ်ကို အားတုံ့အားနာဟန်ဖြင့် လှမ်းကြည့်မိသည်။
“စုမင်က အန္တရာယ်မရှိဘူး ဆိုတော့ ... ကျွန်မ ... ကျွန်မ အရင်ပြန်နှင့် ပါတော့မယ်။ သူနိုးလာတဲ့ အခါကျရင် သူ့ကိုပြောပေးပါ ဒုတိယစီနီယာ အစ်ကို...”
ဖန်းချန်းလန်သည် ထိုသို့ပြောနေရင်းမှ အစ်ကိုနှစ် မျက်နှာပေါ်ရှိ စနောက်လိုဟန် အမူအရာကို မြင်လိုက်ချိန်တွင် နောက်တစ်ကြိမ် ရှက်ရွံ့သွားရပြန်၏။ ထို့နောက် သူမသည် အလျင်အမြန် ထွက်ခွာသွားပြီး နောက်မှ တစ်စုံတစ်ရာ လိုက်လာဟန်ဖြင့် သူမ၏ စီနီယာ အစ်မနောက်သို့ အလောတကြီး လိုက်ပါသွားလေသည်။
အစ်ကိုနှစ်သည် ထွက်ခွာသွားသော ပုံရိပ်နှစ်ခုကိုကြည့်ကာ ခေါင်း ခါယမ်းလိုက်မိပြီးမှ စုမင်ကို လှည့်ကြည့်လိုက်သည်။ ထို့နောက် သူလှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် သူ့မျက်လုံးတို့ ရုတ်ခြည်း ကျဉ်းမြောင်းသွားရပြီး အဝေးရှိ ကောင်းကင်သို့ နောက်တစ်ကြိမ် လှမ်းကြည့်လိုက်မိ ပြန်သည်။
ခရမ်းရောင်နှင့် အနီရောင် ရောစပ်ထားသော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးသည် တည်ငြိမ်သော အမူအရာဖြင့် အဝေးမှ လျှောက်လာနေသည်။ အဘိုးအိုသည် တစ်ဦးတည်း ဖြစ်သော်ငြား သူနီးကပ်လာသည်နှင့်အမျှ သူ့ပတ်ဝန်းကျင်မှ လေများက အေးခဲသွားခဲ့ကြသည်။ ဖိနှိပ်နိုင်သော အရှိန်အဝါ တစ်ခုသည် ပျံ့နှံ့ထွက်ပေါ်လာပြီး နဝမတောင်ထွတ်ပေါ်ရှိ အပင်များနှင့် ရေခဲများအား ဖုံးလွှမ်းသွားခဲ့သည်။
“အား ... ငါသိနေတယ်။ ငါအငယ်တစ်ယောက်ကို ရိုက်လိုက်တာနဲ့ အကြီးတစ်ယောက်က ချက်ချင်း ပေါ်လာတော့တာပဲ။ ဒီတစ်ခုကိုတော့ ကျွန်တော် မကိုင်တွယ် နိုင်တော့ဘူးနော် ဆရာ။ ဆရာကိုယ်တိုင် လုပ်မှပဲရတော့မယ်”
အစ်ကိုနှစ်သည် ပြုံးကာ စုမင်ဘေး၌ ထိုင်ချလိုက်သည်။
“အငယ်ဆုံး ညီငယ်လေးရေ၊ မင်းရောက်လာရုံ ရှိသေးတယ် တခြားလူတွေကို ဘယ်လိုတောင် ဒေါသထွက်အောင် လုပ်ထားရတာလဲ ... ဟမ် ... မင်းက နိုးနေပြီလား...”
စုမင်ကို ကြည့်လိုက်ချိန်တွင် အစ်ကိုနှစ်၏ မျက်နှာထက်၌ စိတ်ရှုပ်သော အမူအရာတစ်ခု ပေါ်လာခဲ့သော်လည်း သူသည် ချက်ချင်းပင် ပြန်ပြုံးလိုက်သည်။ ထိုအပြုံးထဲတွင်တော့ ဖုံးကွယ်ထားသော စိတ်အားထက်သန်မှုများ ပါဝင်နေခဲ့သည်။
“မင်းစိတ်ကို ရှင်းရှင်းလင်းလင်း ထားနိုင်ဖို့ ဘယ်လိုနည်းလမ်းမျိုး ရှာတွေ့ခဲ့တာလဲဆိုတာ ငါတကယ် သိချင်မိတယ်...”
အစ်ကိုနှစ်က တီးတိုးရေရွတ် လိုက်သည်။
သူ့ဘေးတွင်တော့ မြူမှုန် အစုအဝေးလေးများသည် စုမင်၏ မွေးညင်းပေါက်များမှ စိမ့်ထွက်လာကာ သူ့ပတ်ဝန်းကျင်တွင် တဖြည်းဖြည်း ပျံ့နှံ့လာခဲ့သည်။ ထိုမြူများသည် ပုံရိပ်ယောင် အခြေအနေ တစ်ခုအဖြစ် ပျံ့နှံ့နေရင်းမှ တဖြည်းဖြည်း ပုံပေါ်လာနေချေသည်။
စုမင်စိတ်ထဲတွင် သူမြင်နေရသော ကမ္ဘာကို ဖုံးကွယ်ထားသော မြူများသည် တဖြည်းဖြည်း ပါးလွှာလာနေပြီး သူ့အမြင်အာရုံကို ဆက်လက် ဖုံးကွယ်ထားခြင်း မခံရတော့ပဲ မြူခိုးများနောက်မှ ကမ္ဘာကိုမြင်လာရပြီ ဖြစ်သည်၊
သုမြင်နေရသည်မှာ ကမ္ဘာတစ်ခုတော့ မဟုတ်ပေ ... ၎င်းမှာ ပန်းချီကားတစ်ချပ် ဖြစ်သည်။ ထိုပန်းချီကားသည် တောင်တန်းများ၊ ရေများ၊ မြက်ပင်၊ သစ်ပင်များနှင့် လူများဖြင့် တဖြည်းဖြည်း ပြည့်လာနေသေည်။
တဖြည်းဖြည်းဖြင့် ထိုးထွင်းသိမြင် နားလည်မှု တစ်မျိုးသည် သူ့စိတ်ထဲ၌ ဖြစ်ပေါ်လာခဲ့သည်။
“ငါ့ရဲ့အဖြေက အရာရာတိုင်းကို ငါ့ဘာသာ ဖန်တီးမယ်။ ငါကသာ ... ဖန်တီးမှုပဲ...”
စုမင် တီးတိုးရေရွတ် လိုက်မိသည်။
သူ နားလည်သွားခဲ့ချေပြီ...
ပြင်ပကမ္ဘာရှိ ကောင်းကင်တွင် ခရမ်းရောင်ဝတ်ရုံနှင့် အဘိုးအိုသည် တည်ငြိမ်စွာဖြင့် နီးကပ်လာခဲ့ပြီ ဖြစ်သည်။ သူသည် နဝမ တောင်ထွတ်အထက် လေထဲတွင် ရပ်တန့်လိုက်၏။ သူသည် ထိုနေရာတွင်ရပ်ကာ မည်သည့် စိတ်ခံစားမှု အရိပ်အယောင်မှ မပါဝင်သော မျက်လုံးများဖြင့် နဝမ တောင်ထွတ်ထိပ်တွင် ရပ်နေသော ထျန်းရှဲ့ကျီကို ငေးစိုက်ကြည့် လိုက်သည်။
“ထျန်းရှဲ့ကျီ၊ ငါ့တပည့်ကို လွှတ်ပေးလိုက်ပါ”
အဆိုပါ ခရမ်းရောင် ဝတ်ရုံနှင့်လူ၏ ခပ်တိုးတိုးဖြင့် လေးနက်တည်ကြည်သော အသံသည် လေထဲတွင် ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
***