← Chapters

အခန်း (၆၄၇-၆၄၈)

Vol. 48 Ch. 647-648

အခန်း (၆၄၇-၆၄၈)

Vol. 48 Ch. 647-648

အခန်း ၆၄၇: ရေကာကွယ်ပုလဲ၏ အကျိုးသက်ရောက်မှု၊ အသက်ရှင်ကျန်ရစ်သူများ နှင်ထုတ်ခံရခြင်း

ရှီခုန်း၏စကားကို ကြားလိုက်ရသောအခါ ရှောင်းယီသည် ရုတ်တရက်ရယ်မောလိုက်ပြီး ပြောလိုက်သည်။

“ဒါကို ခင်ဗျားတကယ်ပဲ စိုးရိမ်စရာမလိုဘူး။”

ရှီခုန်းက ရှောင်းယီအား နားမလည်နိုင်စွာ ကြည့်လိုက်သည်။

ထို့နောက် ရှောင်းယီသည် ရေကာကွယ်ပုလဲတစ်လုံးထုတ်ယူကာ ပြောလိုက်သည်။

“ဒါကို စားလိုက်... ခင်ဗျား ရေထဲကနေ ဘယ်တော့မှ ပြန်မတက်ချင်တော့ဘူးဆိုရင်တောင် ရေအောက်မှာ စိတ်ကြိုက် လွတ်လွတ်လပ်လပ် လှည့်လည်သွားလာနိုင်လိမ့်မယ်။”

“ဘာ ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။”

ရှီခုန်းက မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။

“ဖြစ်နိုင်ချေရှိ၊မရှိ သိချင်ရင် စမ်းကြည့်လိုက်လေ။”

ရှောင်းယီက ပြန်ပြောလိုက်၏။

ထို့နောက် ရှီခုန်းသည် ရေကာကွယ်ပုလဲတစ်လုံးကို ယူလိုက်ပြီး သံသယအနည်းငယ်ဖြင့် မျိုချလိုက်သည်။

ရေကာကွယ်ပုလဲကို စားလိုက်ပြီးနောက် ရှီခုန်းသည် ရုတ်တရက် သူ့ရှေ့ရှိ ပင်လယ်ရေနှင့် အတိုင်းမသိရင်းနှီးကျွမ်းဝင်မှုတစ်ခုကို ခံစားလိုက်ရပြီး ရှောင်းယီကို တုန်လှုပ်စွာကြည့်လိုက်သည်။

ရှောင်းယီက ပင်လယ်ကို လက်ညိုးထိုးပြပြီး ပြောလိုက်သည်။

“စမ်းကြည့်လိုက်”

ရှီခုန်းသည် ပင်လယ်ထဲသို့ တိုက်ရိုက်ခုန်ချလိုက်လေသည်။ ယခင်က ရေမငုပ်ခင် လေကောင်းလေသန့် အပြည့်အဝရှူသွင်းရန် လိုအပ်သော်လည်း ဤအကြိမ်တွင် သူသည် မည်သည့်ပြင်ဆင်မှုမျှမပြုဘဲ ရေထဲသို့ငုပ်လျှိုးလိုက်သည်။

ရှီခုန်းသည် ရေထဲ၌ အသက်မရှူရဲသေးချေ။ အဆုံးတွင် ရေများကို မျိုချရသည်မှာ သက်တောင့်သက်သာမရှိလှပေ။

ရှောင်းယီသည်လည်း ကိုယ်ကျပ်ဝတ်စုံကို လဲလှယ်ဝတ်ဆင်ပြီး ရေထဲသို့ ခုန်ဆင်းလာခဲ့သည်။ ရှီခုန်း၏မျက်နှာသည် အသက်ရှူကြပ်မှုကြောင့် နီရဲနေပြီဖြစ်ကြောင်း မြင်လိုက်သောအခါ “အသက်ရှူကြည့်လိုက်ပါ” ဟုပြောလိုက်သည်။

ရှီခုန်းသည် ရှောင်းယီ၏စကားလုံးများကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။ သူသည် သူ၏စိတ်ကို အနည်းငယ်ပြေလျော့ရန် ကြိုးစားလိုက်ပြီး အနည်းငယ်အသက်ရှူကြည့်လိုက်သည်။

ရေများ သူ၏နှာခေါင်းထဲသို့ မဝင်လာခဲ့ဘဲ ထိုအစား လေအေးအေးလေးသာဝင်လာခဲ့ပြီး ယခင်က အသက်ရှူကြပ်ခြင်းကြောင့် ဖြစ်နေပေါ်သော ပူအိုက်မှုကို သက်သာစေခဲ့သည်။

“တကယ်အလုပ်ဖြစ်တယ်။”

ရှီခုန်းက သူ၏ဝိုင်းစက်သွားသောမျက်လုံးများကို ကျယ်ကျယ်ဖွင့်ကာ ထပ်မံ၍ရှူသွင်းလိုက်သည်။ ၎င်းသည် ယခင်ကကဲ့သို့ပင် ရေများမျိုချမိခြင်းကို ခံစားရခြင်းမရှိဘဲ လေကိုသာလျှင် ရှူရှိုက်မိခဲ့သည်။

ထို့နောက် ရှီခုန်းသည် နောက်ဆုံးတွင် လွတ်လွတ်လပ်လပ်အသက်ရှူရဲသွားခဲ့သည်။ ၎င်းသည် ကုန်းမြေပေါ်ကကဲ့သို့ အတိအကျတူပြီး မသက်မသာခံစားရခြင်းမျိူးမရှိကြောင်း တွေ့ရှိခဲ့ရသည်။

“သွားကြရအောင် တည်နေရာကူးပြောင်းခြင်းအစီအရင်ကို သွားကြည့်မယ်။”

ရှောင်းယီက ပြောလိုက်ပြီး ရေအောက်ကို ကူးခတ်သွားခဲ့သည်။

သို့သော် ရှီခုန်းသည် သူ ကုန်းမြေပေါ်တွင်လမ်းလျှောက်နေသကဲ့သို့ ခံစားနေရပြီး ရေအောက်သို့ လမ်းလျှောက်သွားကာ တည်နေရာကူးပြောင်းခြင်းအစီအရင်ရှိရာသို့ ရောက်ရှိလာခဲ့သည်။

“ကျွန်းပိုင်ရှင် ဒီပုလဲက အရမ်းအစွမ်းထက်တယ်။”

ရှီခုန်းက စိတ်မလှုပ်ရှားဘဲ မနေနိုင်ခဲ့ချေ။

“တကယ်ကို အရမ်းအစွမ်းထက်တယ်။ ကျုပ် ဒါကို ရေသူမမျိုးနွယ်ဆီက ရခဲ့တာ။ ပြီးတော့ တော်တော်လေးအသုံးတည့်တယ်။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

ရှီခုန်းလည်း ခေါင်းညိတ်လိုက်မိသည်။

“ဒီဟာနဲ့ဆိုရင် အရင်ကလိုပဲ တည်နေရာကူးပြောင်းတဲ့အချိန်ကို ကျုပ်ထိန်းထားနိုင်တယ်။ သင်္ဘောတစ်စင်းလောက်တော့ ဒီမှာထားဖို့ အထူးစီစဉ်ရမယ်။”

အဆုံးတွင် ရှီခုန်းသည် စားရန်၊ သောက်ရန်၊ အညစ်အကြေးစွန့်ပစ်ရန် လိုအပ်ပေသည်။ သူသည် အမြဲတမ်းပင်လယ်ထဲတွင် စိမ်နေပြီး ကြမ်းတမ်းသည့်ပင်လယ်စာများကို မစားနိုင်ချေ။

“အင်း ရတယ် ပြဿနာမရှိဘူး။ ကျုပ်တို့ ဒီမှာ စခန်းချကြတာပေါ့။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဒါဆို ကျွန်းပိုင်ရှင်ကို ကျေးဇူးတင်ပါတယ်။”

ရှီခုန်းက ပြန်ဖြေလိုက်သည်။

“စကားမစပ် အလုပ်သင်တွေရော အခြေအနေဘယ်လိုရှိလဲ။”

ရှောင်းယီက မေးလိုက်သည်။

“အားလုံးက အရမ်းတော်ကြတယ်။ ဒါပေမယ့် အချိန်တော့လိုသေးတယ်။”

ရှီခုန်းက တွေးတောပြီး ပြောလိုက်သည်။

“ကောင်းပြီ နောက်မှ သူတို့တစ်ယောက်ချင်းစီကို ရေကာကွယ်ပုလဲတစ်လုံးစီပေးမယ်။ ဒါမှ ရေအောက်မှာ တည်နေရာကူးပြောင်းခြင်းရဲ့ခံစားချက်ကို သူတို့လည်း လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်လိမ့်မယ်။ ရေသူတွေဘက်က ပတ်ဝန်းကျင်ကလည်း ဒီလိုပဲ။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့”

ရှောင်းယီတို့နှစ်ဦး သင်္ဘောပေါ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သည် တဗြီးဗြီးမြည်သံသံများ ထုတ်လွှင့်နေခဲ့သည်။

ရှေ့တန်းအခြေအနေပြောင်းလဲသွားပြီ။

“ကျွန်းပိုင်ရှင် ကျုပ်တို့အဖွဲ့က ဒေသခံစစ်တပ်နဲ့ ရင်ဆိုင်ခဲ့ရပြီး လူနှစ်ယောက်စတေးခံခဲ့ရပါတယ်။ အခုအားလုံးဆုတ်ခွာလာနေပါပြီ။”

“ကျွန်းပိုင်ရှင် အခြားအသက်ရှင်ကျန်ရစ်သူအဖွဲ့တွေလည်း ဒေသခံစစ်တပ်နဲ့ ရင်ဆိုင်ခဲ့ရတယ်။ အသေအပျောက်မသိရပေမယ့် သူတို့မအောင်မြင်ခဲ့ပါဘူး။ အခု လူတိုင်းဆုတ်ခွာလာနေပါပြီ။”

“ကျွန်းပိုင်ရှင် ဒေသခံစစ်တပ်က ကမ်းခြေကိုရောက်လာပြီ၊ ကျုပ်တို့အားလုံး နှင်ထုတ်ခံခဲ့ရတယ်။ လူတွေအားလုံးက မြို့ပြန်ကျောက်တွေသုံးပြီး ပြန်သွားကြပြီ။ ဒီတည်နေရာကူးပြောင်းခြင်းအခြေစိုက်စခန်းချတဲ့ လှေတွေလည်း စတင်ဆုတ်ခွာနေကြပါပြီ။”

ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ သတင်းအချက်အလက်များကိုကြည့်ပြီး မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။

“လက်ရှိအခြေအနေဘယ်လိုလဲ။”

“ကျွန်းပိုင်ရှင်ကို အစီရင်ခံပါတယ်။ တစ်ဖက်လူမှာ သင်္ဘောမရှိပါဘူး။ အဲ့ဒါကြောင့် ကျုပ်တို့ဆုတ်ခွာနေတာကို ကြည့်ရုံပဲကြည့်နေနိုင်ပါတယ်။ ဒါပေမယ့် သူတို့က ကမ်းခြေမှာ စခန်းချထားကြတယ်။”

“ကောင်းပြီ ဒါဆို မင်းတို့ ချူဖုန်းမြို့ရဲ့မူလနေရာကို တန်းပြီးဆုတ်ခွာလာခဲ့။”

ရှောင်းယီက ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့”

ထိုအချိန်တွင် ဆီးနှင်းသစ်ရွက်မြို့၏မှော်ဆရာသည် သူ၏ရှေ့ရှိ ရေပြင်ကျယ်ကြီးကို တုန်လှုပ်စွာကြည့်နေခဲ့သည်။ သူသည် ချူဖုန်းမြို့သို့ ယခင်ကရောက်ရှိခဲ့ဖူးသည်။ ဤနေရာသည် ချူဖုန်းမြို့နှင့် အတော်အတန်ဝေးကွာနေသေးသော်လည်း သူသည် ပင်လယ်ကိုပင် မြင်နေရပြီဖြစ်သည်။

“နတ်ဘုရားက အပြင်လူတွေက ငါတို့ရဲ့မွေးရပ်မြေကို ကျူးကျော်နေတယ်လို့ ပြောခဲ့တယ်။ အဲ့ဒါကြောင့် သူတို့ကို ဒီတိုက်ကြီးပေါ် ထပ်ပြီးတက်ခွင့်ပြုလို့မရဘူး။”

မှော်ဆရာ စိတ်ထဲတွင် ဆုံးဖြတ်ချက်ချလိုက်သည်။

“မှော်ဆရာ ကျုပ်တို့ အခုဘာလုပ်ရမလဲ”

သူ၏လက်အောက်ငယ်သားတစ်ဦးက မေးလိုက်သည်။

မှော်ဆရာသည် အနည်းငယ်စဉ်းစားတွေးတောလိုက်ပြီးနောက် ပြောလိုက်သည်။

“အခုချက်ချင်း မြို့တိုင်းကို သတင်းပို့ဖို့ လူတွေစေလွှတ်လိုက်။ အပြင်လူတွေ ကျူးကျော်ဝင်ရောက်လာလို့ ပင်လယ်ရေက မြန်မြန်မြင့်တက်လာနေပြီ။ သူတို့ကို ပင်လယ်ထဲမှာ ပိတ်ဆို့ထားရမယ်။ မဟုတ်ရင် ငါတို့အားလုံး နစ်မြုပ်သွားလိမ့်မယ်။”

“ဟုတ်ကဲ့”

ထိုလူကတုံ့ပြန်ပြီးနောက် ထွက်ခွာသွားခဲ့သည်။

မှော်ဆရာ ပင်လယ်ကိုကြည့်ရင်း တစ်ကိုယ်တည်းတွေးနစ်သွားခဲ့သည်။

“ဒီကိစ္စက လူတိုင်းပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ ဒီလောက်နေရာအကျယ်ကြီးကို မြို့တစ်မြို့နှစ်မြို့တည်းနဲ့ ခုခံလို့မရဘူး။”

ထိုစဉ် ရှောင်းယီသည် လှေငယ်လေးဖြင့် ရှေ့တန်းသို့ ထပ်မံရောက်ရှိလာခဲ့ပြီး ဒေသခံအဖွဲ့များစွာ ကမ်းခြေတွင် တပ်စွဲထားကြောင်း တွေ့မြင်လိုက်ရသည်။

ကျန်းယွင်ထျန်းသည် အခြားလှေသေငယ်လေးတစ်စင်းကို လှော်ခတ်ပြီး ရှောင်းယီထံသို့ ရောက်လာကာ ပြောလိုက်သည်။

“ကျွန်းပိုင်ရှင် ဒီစည်းမျဉ်းက တကယ်စိတ်ဝင်စားစရာကောင်းတယ်။ မင်းကြည့်လိုက် ငါတို့အားလုံးကို နှင်ထုတ်ခဲ့တဲ့ ဒီဒေသခံတွေကို မြင်လိုက်တာနဲ့ ရေပြင်က ချက်ချင်းရပ်တန့်သွားပြီ။”

ရှောင်းယီက ခေါင်းညိတ်လိုက်သည်။ သူသည် ခုနကတည်းက စနစ်၏သတိပေးချက်ကို ကြည့်ခဲ့ပြီးဖြစ်သည်။

“အသက်ရှင်ကျန်ရစ်သူများစွာ နှင်ထုတ်ခံလိုက်ရသောကြောင့် ပင်လယ်ရေ၏ တိုက်ကြီးအားနစ်မြုပ်မှုအရှိန်သည် သိသိသာသာ နှေးကွေးသွားသည်။”

စနစ်၏သတိပေးချက်က ရပ်တန့်သွားသည်ဟု မပြောခဲ့ချေ။ ဆိုလိုသည်မှာ ဤတိုက်ကြီးသည် နောက်ဆုံးတွင် ရေမြုပ်သွားလိမ့်မည်သာဖြစ်၏။ သို့သော်လည်း သူတို့က ဤဖြစ်စဉ်ကို အရှိန်မြှင့်ရန် ရောက်လာကြခြင်းဖြစ်သည်။

ဤသည်မှာ တိုက်သစ်ကြီးရှိ အင်အားစုများအား အသက်ရှင်ကျန်ရစ်သူများ၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များကို လုယူရာ၌ ၎င်းတို့အား အကောင်းဆုံးကြိုးစားရန် တွန်းအားပေးနေခြင်းဖြစ်သည်။ သို့မဟုတ်ပါက ၎င်းတို့တွင် အနာဂတ်၌ နေရာစရာနေရာရှိတော့မည်မဟုတ်ချေ။

တစ်ချိန်တည်းမှာပင် တိုက်သစ်ကြီးရှိ ရတနာသေတ္တာများသည်လည်း အသက်ရှင်ကျန်ရစ်များကို ဆွဲဆောင်နေခဲ့သည်။ ၄ ရက်၊ ၅ ရက်တည်းဖြင့် သူတို့သည် အုတ်မြစ်ကျောက်ပမာဏများစွာနှင့် ထုတ်လုပ်မှုပုံကြမ်းအမျိုးမျိုးကို အမြောက်အမြားရိတ်သိမ်းနိုင်ခဲ့ကြသည်။

ဥပမာအားဖြင့် လျူယွမ်လုံတို့ ယခင်က တွေ့ခဲ့သော စွမ်းအင်ပုံဆောင်ခဲသတ္တုကြောတစ်ခု၏မြေပုံကဲ့သို့ ရှားပါးပစ္စည်းအချို့ပင် ရှိသေးသည်။

အသက်ရှင်ကျန်ရစ်သူများသည် ဤမြင့်မားသည့်အထွက်နှုန်းရှိသောနေရာကို လုံးဝလက်လွှတ်ခံမည်မဟုတ်ပေ။ ၎င်းတို့သည် အများဆုံးအားဖြင့် အပိုင်းအစများအဖြစ် ကွဲထွက်ကာ တိုက်သစ်ကြီးအတွင်းသို့ လျှို့ဝှက်ဝင်ရောက်ပြီး ရတနာသေတ္တာများကို ဆက်လက်၍ လိုက်လံရှာဖွေကြပေလိမ့်မည်။

ရှောင်းယီသည် ဝေးလံသောကမ်းရိုးတန်းကို လှမ်းကြည့်ရင်း ပြောလိုက်သည်။

“ရေပြင်က ရပ်တန့်မသွားသေးဘူး။ ဒါပေမယ့် သိသိသာသာ နှေးကွေးသွားတယ်။ ဒီတိုက်ကြီးက နောက်ပိုင်းမှာ ပင်လယ်ပြင်ကြီးဖြစ်လာဦးမှာပဲ။”

ကျန်းယွင်ထျန်းသည် အနည်းငယ်ကြောင်အသွားခဲ့ပြီးနောက် ပြုံးကာ ပြောလိုက်သည်။

“အရမ်းကောင်းတဲ့လှုပ်ရှားမှုပဲ။”

ရှောင်းယီက ခေါင်းညိတ်ပြီး လှေပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ကြည့်လိုက်သောအခါ ဂရုထဲတွင် ထိုအကြောင်း ဆွေးနွေးနေကြပြီဖြစ်သည်။

“ဒီပင်လယ်ရေမြင့်တက်မှုနှုန်းက အရမ်းကြောက်စရာကောင်းတယ်။ အဲ့တုန်းက ကျုပ်တို့ ကုန်းမြေပေါ်က အစောင့်အရှောက်သားရဲတွေနဲ့ တိုက်နေတာ။ နောက်လည်းကျရော ရတနာသေတ္တာတွေက ရေထဲမြုပ်သွားရောလေ။”

“ဟုတ်တယ် ဒါပေမယ့် ကမ်းခြေမှာ ဒေသခံအဖွဲ့တွေ ဘာလို့ဒီလောက်တောင်များနေရတာလဲ။ ရတနာသေတ္တာအတွက် ငါတို့နှစ်ရက်ပဲတိုက်ခိုက်ခဲ့ရသေးတယ်။ သူတို့က ငါတို့ကိုနှင်ထုတ်လိုက်ပြီ။ ဘယ်လောက်တောင် နစ်နာလိုက်သလဲ။”

“အစကတည်းက တည်နေရာကူးပြောင်းပြီး ဘာလို့မလာခဲ့တာလဲ။ အခုမှ အခြားသူတွေကို အပြစ်မတင်နဲ့။”

“ဟားဟား ဒီနေ့တွေမှာ ကျုပ်တို့ အုတ်မြစ်ကျောက်တွေ အများကြီးရိတ်သိမ်းနိုင်ခဲ့တယ်။ အရမ်းမိုက်တယ်။ နောက်ပိုင်းမှာ ကျုပ်တို့မဟာမိတ်အဖွဲ့က ဒီတိုက်သစ်ကြီးထဲကို လျှို့ဝှက်ဝင်ရောက်ဖို့ အဖွဲ့တွေ ဆက်ပြီးစီစဉ်ရမယ်။”

“ကျုပ်တို့ရောပဲ။ လက်တွေ့အသုံးဝင်တဲ့ ထုတ်လုပ်မှုပုံကြမ်းတွေ၊ ပုံစံကွက်တွေလည်း အများကြီးရှိတယ်။”

“ခင်ဗျားရဲ့ပုံစံကွက်က ကျွန်တော်ရခဲ့တဲ့ဟာလောက် ကောင်းလို့လား။ 【ဖလင့်လော့ခ်(flintlock)ရိုင်ဖယ်ပုံစံကွက်】 (B အဆင့်) ၁။”

အခန်း ၆၄၈: မီးခတ်ကျောက်၊ လျှပ်စစ်ဓာတ်အားပေးစက်

“ချီးပဲ မင်းက ဖလင့်လော့ခ်ရိုင်ဖယ်ပုံကြမ်းကို ရှာတွေ့ခဲ့တာပဲ။ ညီအစ်ကို မင်းရဲ့စျေးနှုန်းကိုပြောလိုက် ပြီးရင် ကျုပ်ကိုရောင်းလိုက်တော့။”

“ခင်ဗျား ဘာတွေတွေးနေတာလဲ။ ဒါက ရောင်းဖို့မဟုတ်ဘူး။ နောင်လာမယ့်အချိန်တွေမှာ ကျုပ်ထုတ်လုပ်နိုင်ခဲ့ရင် ဂရုနဲ့ ဈေးကွက်ခန်းမ နှစ်ခုစလုံးမှာ စာရင်းသွင်းမယ်။ အဲဒီအချိန်ကျမှ ကျုပ်ကို လာပြီးအားပေးကြပေါ့။”

“အာ ကျုပ် မေးချင်ရှိတာက ‘ဖလင့်လော့’ ဆိုတာက ဘာကိုဆိုလိုတာလဲ။”

“ရှင်းရှင်းပြောရရင်... အခု လူတိုင်းလက်ထဲမှာရှိနေတဲ့ မီးသွေးကျည်ဆန်သုံးသေနတ်တွေက ပစ်ခတ်ဖို့အတွက် မီးညှိတဲ့ကိရိယာတစ်ခု လိုအပ်တယ်။ ဒါကိုတော့ ခင်ဗျားတို့အားလုံး အခုလောက်ဆို သိထားကြပြီးသားဖြစ်မှာပါ။”

“ဟုတ်တယ် မီးညှိရတာက တော်တော်လေးမအဆင်ပြေဘူး။

“ပြီးတော့ ဒီဖလင့်လော့ခ်သေနတ်မှာ ကျုပ်တို့ရဲ့ အရင်ကမ္ဘာက ခေတ်မီသေနတ်တွေရဲ့ အရိပ်အယောင်တွေ ရှိနေပြီ။ သူက မီးခတ်ကျောက်နဲ့ ယမ်းမီးကူးပေါက်ကို ရိုက်ခတ်ပြီး ယမ်းမှုန့်ကို လောင်ကျွမ်းစေမယ့် မီးပွားတွေ ထွက်အောင်လုပ်ပြီး ပစ်ခတ်ရတာမျိုးပဲ။ ဒီနည်းပညာဆိုင်ရာ ဝေါဟာရတွေရဲ့ အဓိပ္ပာယ်ကို အရမ်းကြီး အာရုံစိုက်နေဖို့ မလိုဘူး။ အတိုချုပ်ပြောရရင် ဖလင့်လော့ခ်သေနတ်က ပစ်ခတ်တဲ့ လုပ်ငန်းစဉ်ကို ရိုးရှင်းစေတယ်၊ မီးကူးနှုန်းနဲ့ ပစ်ခတ်မှု တိကျမှုကို ပိုကောင်းစေတယ်။ ပြီးတော့ အသုံးပြုရတာလည်း လွယ်ကူတယ်။ အခု နားလည်သွားကြပြီလား။”

“နားလည်ပြီ နားလည်ပြီ။ အခုလူတွေက မီးသွေးကျည်ဆန်သုံးသေနတ်တွေသုံးရတာ မကျင့်သားရသေးတဲ့ အကြောင်းရင်းက အဆင်မပြေလို့ပဲ။ လေးနဲ့မြားလောက်တောင် သုံးရမလွယ်ဘူး။”

“ဟုတ်တယ် တစ်စုံတစ်ယောက်က ဒီပုံစံကွက်ကို ဝယ်ချင်တာ အံ့အားသင့်စရာမဟုတ်တော့ဘူး။ ဒီဟာက အရမ်းအသုံးဝင်တယ်။

“ဟားဟား ကျုပ် ဒီပုံစံကွက်ကို ဘယ်တော့မှရောင်းမှာမဟုတ်ဘူး။ လူတိုင်းပဲ သီးသန့်စာတိုတွေပို့ပြီး စျေးကမ်းလှမ်းစရာမလိုပါဘူး။ ဈေးဘယ်လောက်မြင့်မြင့် ကျုပ်ရောင်းမှာမဟုတ်ဘူး။

မျှော်လင့်ထားသည့်အတိုင်း ထိုရှင်းပြချက်ကို ကြားလိုက်ရပြီးနောက် တစ်ချို့လူများသည် ဖလင့်လော့ခ်ရိုင်ဖယ်ပုံစံကွက်ပိုင်ရှင်ဆီသို့ ချက်ချင်းပင် သီးသန့်စာတိုများပေးပို့ကာ ရယူချင်ကြသည်။

သို့သော် သူတို့သာ မိုက်မဲနေခြင်းမျိုးမဟုတ်လျှင် ဤအရာကို မည်သူမျှ ရောင်းမည်မဟုတ်ချေ။ ဤအရာသည် ရွှေဥများကို အဆက်မပြတ်ဥနိုင်သော ကြက်မတစ်ကောင်ဖြစ်သည်။

ရှောင်းယီပင် ထိုစိတ်ကူးရှိသော်လည်း သူ့တွင် ဖလင့်လော့ခ်ပစ္စတိုပုံစံကွက်ရှိပြီးသားဖြစ်သောကြောင့် သူမလုပ်ခဲ့ခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဒေသခံသုံ့ပန်းများ၏ကျွန်းပေါ်ရှိ သွေးကြောများကိုတူးဖော်ရန် သတ္တုတူးဖော်စက်များ လိုအပ်သောကြောင့် ချင်းဖန်နှင့် ၎င်းတို့၏ကျွန်းပေါ်ရှိ မီးခတ်ကျောက်တူးဖော်ခြင်းကို လက်ဖြင့်သာလုပ်ဆောင်နိုင်ခဲ့သည်။ ၎င်းသည် အလွန်နှေးကွေးလှပေသည်။

တူးဖော်ပြီးနောက် သန့်စင်မှုမှာလည်း မမြင့်မားလှချေ။ သတ္တုအရည်ကျိုသန့်စင်စက်သည် မဟာမိတ်အဖွဲ့အတွင်း၌ ရှိမနေခဲ့ချေ။ ထို့ကြောင့် ဖလင့်လော့ခ်ပစ္စတိုကို မထုတ်လုပ်ရသေးပေ။

“ညီအစ်ကို မြန်မြန်ကြည့်လိုက်စမ်းပါ ဘာကုန်ကြမ်းတွေလိုအပ်လဲ။ ဂရုထဲမှာ ကျုပ်တို့အားလုံး ပံ့ပိုးကြရအောင်။ ဒါနဲ့ဆိုရင် ကျုပ်တို့ အဲ့ဒီဒေသခံတွေကို စိုးရိမ်စရာမလိုတော့ဘူး။

“ဟုတ်တယ် ဟုတ်တယ်။ မြန်မြန်ကြည့်လိုက်။”

“ကျုပ်ကြည့်ပြီးပြီ။ အခြားပစ္စည်းတွေကိုတော့ အလွယ်တကူရနိုင်တယ်။ ဒါပေမယ့် မီးခတ်ကျောက်လိုအပ်တယ်။ တစ်ယောက်ယောက်ရဲ့ကျွန်းမှာ အဲ့ဟာရှိလား။”

“မီးခတ်ကျောက်ဆိုတာ ဘယ်လိုကျောက်မျိုးလဲ။”

“အဲ့ဒါက မီးကျောက်လို့လူသိများတဲ့ သာမန်ဆီလီကာကျောက်တစ်မျိုးပဲ။ သူက သိပ်သည်းပြီး မာကျောတယ်။ အရောင်က မီးခိုးရောင်နက်နက်ဖြစ်ပြီးတော့ ကွဲသွားရင် ခရုပတ်ပုံစံမျိုး ဖြစ်တတ်တယ်။ ဒါပေမယ့် ကျုပ်တို့ကျွန်းတွေလည်း အသစ်ပြန်လည်ဖြစ်ပေါ်ပြီး ဆင့်ကဲဖြစ်စဉ်လိုအပ်တယ်။ တိုက်သစ်ကြီးမှာတော့ ရှာကြည့်လို့ရလောက်တယ်။”

“အပေါ်ကလူက ကျွမ်းကျင်သူတစ်ယောက်ပဲ။ ကျုပ်တို့မဟာမိတ်အဖွဲ့ကိုဝင်ပြီး ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ စိတ်ဝင်စားလား။ ခင်ဗျားကို မဟာမိတ်အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင်နေရာပေးပါ့မယ်။

“ဟေ့ ညီအစ်ကို ကျုပ်တို့မဟာမိတ်အဖွဲ့ကလူတွေကို ဒီလိုပေါ်တင်ကြီး ဆွဲဆောင်တာတော့ မကောင်းဘူးနော်။

“ခင်ဗျား ဒီလိုတော့ ပြောလို့မရဘူးလေ။ ကျုပ်က သူ့ကို ပိုကောင်းတဲ့အခြေအနေတွေ ပေးနိုင်တယ်။ ပြီးတော့ ခင်ဗျားကချည်း သူ့ကို ချုပ်ကိုင်ထားလို့မရဘူး။”

“ကျစ် ခင်ဗျားက ကျုပ်တို့မဟာမိတ်အဖွဲ့ရဲ့အခြေအနေတွေ မကောင်းဘူးဆိုတာ ဘယ်လိုသိတာလဲ။”

“ဒါကတော့ သက်ဆိုင်သူက ဘယ်လိုမြင်သလဲဆိုတဲ့အပေါ်မှာပဲ မူတည်တာပေါ့။ ဒါနဲ့ စကားမစပ် လူသစ်ခေါ်စာလေးတစ်ခု ပြောပါရစေ။ ကျုပ်တို့ရဲ့ ‘ဖေးထျန်း မဟာမိတ်အဖွဲ့’ မှာ တွင်းထွက်သတ္တုတွေကို ခွဲခြားစိတ်ဖြာနိုင်စွမ်းရှိတဲ့ ဘူမိဗေဒပညာရှင်တွေ အရေးပေါ် လိုအပ်နေပါတယ်။ တကယ်ကျွမ်းကျင်တဲ့ အရည်အချင်းသာရှိမယ်ဆိုရင် ကျုပ်တို့ မဟာမိတ်အဖွဲ့က လူတိုင်းကို ကြိုဆိုပါတယ်။ ကျုပ်တို့ဘက်ကလည်း အခြားဘယ်နေရာထက်မဆို သာလွန်ကောင်းမွန်တဲ့ ခံစားခွင့်တွေ ပေးသွားမှာပါ။”

“ဒါဆို ငါတို့မဟာမိတ်အဖွဲ့ကလည်း ကြော်ငြာတစ်စောင်ထုတ်မယ်။”

“လူအတော်များများက စာချုပ်မှာလက်မှတ်ရေးထိုးထားကြတာ။ ခင်ဗျားတို့ပေးတဲ့အခြေအနေတွေက ပိုကောင်းနေတယ်ဆိုရင်တောင် သူတို့က စာချုပ်ရဲ့ကန့်သတ်ချက်တွေကနေ လွတ်မြောက်အောင်မလုပ်နိုင်ဘူး။”

ထိုသတိပေးချက်ကြောင့် မဟာမိတ်အဖွဲ့အများအပြားသည် အစစ်အမှန်ပါရမီရှင်များ၏စိတ်နှလုံးကို နည်းမျိုးစုံဖြင့် စည်းရုံးသိမ်းသွင်းပြီး ၎င်းတို့စိတ်ကြိုက် အခွင့်အရေးကောင်းများပါဝင်သည့် စာချုပ်များတွင် ‘မိမိသဘောဆန္ဒအလျောက်’ လက်မှတ်ရေးထိုးလာကြစေရန် ကြိုးပမ်းဆောင်ရွက်လာကြတော့သည်။

ရှောင်းယီက စဉ်းစားကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။

“တိုက်သစ်ကြီးကို ဆက်ပြီးစူးစမ်းရှာ‌ဖွေချင်သေးတယ်ဆိုရင် အဆင့်မြင့်အဖွဲ့ခေါင်းဆောင်တစ်ယောက်ရှိရမယ်။ အနည်းဆုံး A အဆင့်ထက်မနိမ့်ရဘူး။ မဟုတ်ရင် အရမ်းအန္တရာယ်များသွားလိမ့်မယ်။”

“အာ သူဌေး စူးစမ်းရှာဖွေဖို့အတွက် အဆင့်မြင့်ကျွမ်းကျင်သူတွေ လိုအပ်တာလား။”

“အေး ကျုပ်တို့မဟာမိတ်အဖွဲ့မှာ ခုထိ A အဆင့်ဝန်ထမ်းတွေ မရှိသေးဘူးလေ။”

“ကျုပ်တို့က ခိုးဝင်ကြမှာပဲဟာ။ ဒီတိုက်ကြီးက ကြီးမားလွန်းတယ်ဆိုတော့ ပြဿနာမရှိသင့်ဘူးလို့ ထင်တယ်။”

ရှောင်းယီက ခေါင်းခါလိုက်ပြီး အုပ်စုထဲတွင် ဆက်ပြောလိုက်သည်။

“ဒီတစ်ခါ ကျုပ်တို့ကို တိုက်ကြီးပေါ်က ဒေသခံတွေက သတိထားမိသွားကြပြီ။ ကျုပ်တို့ရဲ့ဝင်ရောက်စွက်ဖက်မှုက ပင်လယ်ရေကို မြန်မြန်မြင့်တက်လာစေပြီး တိုက်ကြီးကိုရေလွှမ်းစေတယ်ဆိုတာကို သူတို့လည်း သိထားသင့်တယ်။ သူတို့မှာ အုတ်မြစ်ကျောက်တွေမရှိဘူး။ အဲ့ဒါကြောင့် ဒါက သူတို့ရဲ့ သေခြင်း၊ရှင်ခြင်းနဲ့ ဆက်စပ်နေတာ။ သူတို့က တကယ်ပဲ ကာကွယ်မှုအလွှာတွေချထားပြီး ကျုပ်တို့ကို အလွယ်တကူ ထပ်ပြီးဝင်ခွင့်ပေးတော့မှာမဟုတ်ဘူး။ ခင်ဗျားတို့ အန္တရာယ်ကိုချိန်ဆသင့်တယ်။”

“အဲဒီလိုဆိုရင် ဒေသခံတွေက ကျုပ်တို့တိုက်သစ်ကြီးထဲ ဝင်လာတာကို သေချာပေါက်ကာကွယ်ကြမှာပဲ။ နောက်ပိုင်းမှာ ရတနာသေတ္တာတွေရဖို့ ခက်ခဲလာလိမ့်မယ်။”

“အိုး ဒီလိုဆိုရင် ကျုပ်တို့မဟာမိတ်အဖွဲ့တော့ လက်လျှော့ရတော့မှာပဲ။ ကျုပ်တို့အဆင့်က သိပ်မမြင့်ဘူး။ ကျုပ်တို့အဆင့်တက်တဲ့အထိ စောင့်ရတော့မယ်။”

“စကားပုံတောင်ရှိသေးတာပဲ။ ‘ကံကောင်းခြင်းက သတ္တိရှိတဲ့သူကို ကူညီသည်’ တဲ့။ ကျုပ်တို့မဟာမိတ်အဖွဲ့ကတော့ သေချာပေါက်စမ်းသပ်ကြည့်ရမယ်။”

“ခင်ဗျားတို့ တကယ်ပဲ တိုက်သစ်ကြီးကို ဆက်ပြီးကျူးကျော်ဖို့ ရွေးချယ်မယ်ဆိုရင် ခင်ဗျားတို့ကိုယ် ခင်ဗျားတို့ကာကွယ်ရမယ်။ သူတို့က ကျုပ်တို့ကို မောင်းထုတ်ချင်ရုံတင်မဟုတ်ဘဲ ကျုပ်တို့ကျွန်းကိုပါ သိမ်းယူချင်နေတာ။ အဲဒီအရာက သူတို့အတွက် အရမ်းအရေးကြီးတယ်။”

ရှောင်းယီက နောက်ဆုံးအနေဖြင့် သတိပေးလိုက်သည်။

“အဲဒီလိုဆိုရင် ကျုပ်တို့နဲ့ တိုက်ကြီးပေါ်က ဒေသခံတွေက နောက်ဆုံးမှာ စစ်ဖြစ်ကြလိမ့်မယ်။”

“ဒါက ရှောင်လွှဲလို့မရဘူး။ ဒီကမ္ဘာရဲ့သဘာဝကို မင်းမသိလို့လား။”

“အိုး ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ရတာ မကောင်းလို့လား။

“တည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်တဲ့ လူမျိုးတွေတော့ရှိမှာပါ။ ငါတို့ မတွေ့ရသေးရုံပါပဲ။”

“မဖြစ်နိုင်ဘူး မင်းက သမန်းဝံပုလွေမျိုးနွယ်အကြောင်း ပြောနေတာလား။”

“အဲဒီလိုလူမျိုးကတော့ ဖြစ်နိုင်မယ်မထင်ဘူး။ ချူဖုန်းမြို့ကို သမန်းဝံပုလွေတွေ တိုက်ခိုက်တာကို မြင်ပြီးကတည်းက သူတို့က လူသားဆန်တာထက် တိရစ္ဆာန်ဗီဇက ပိုကဲနေတယ်လို့ ကျုပ်ခံစားရတယ်။”

“သမန်းဝံပုလွေတွေရှိရင် နတ်သူငယ်တွေလည်းရှိလောက်မလား။ နတ်သူငယ်မျိုးနွယ်က အလှတရားတွေနဲ့ ပြည့်နှက်နေတယ်လို့ ဆိုကြတယ်။ နတ်သူငယ်တစ်ကောင်လောက်သာ ရှာတွေ့ရင် ဟီးဟီးဟီး...။

“ခင်ဗျား ဒီထက်ပိုပြီးလမ်းမလွှဲလို့မရဘူးလား။ အဲ့ဒီမျိုးနွယ် ရှိ၊မရှိမပြောနဲ့ ခင်ဗျား နတ်သူငယ်‌တစ်ကောင်နဲ့ ‘ဟီးဟီးဟီး’ လုပ်ရဲရင် နတ်သူငယ်မျိုးနွယ်ရဲ့ အနက်ရောင်စာရင်းထဲရောက်သွားလိမ့်မယ်။”

“အမှန်တိုင်းပြောရရင် ဒေသခံတွေက ကျုပ်တို့ကို ဒီလောက်ရန်လိုနေတာမျိုး မဟုတ်ရင် ဒီကမ္ဘာက အရမ်းကောင်းတယ်လို့ ကျုပ်ထင်မိတယ်။”

“ဟုတ်တယ် နေထိုင်မှုအဆင့်အတန်းက အရင်ကမ္ဘာနဲ့ လိုက်လျောညီထွေဖြစ်မယ်ဆိုရင် ပိုပြီးတောင်ပြည့်စုံသွားဦးမယ်။”

“နေထိုင်မှုအဆင့်အတန်းအကြောင်း ပြောရမယ်ဆိုရင် မနေ့က ကျုပ်တို့ပစ္စည်းသေတ္တာထဲကနေ လျှပ်စစ်ဓာတ်အားပေးစက်ရခဲ့တယ်။ လျှပ်စစ်ခေတ်ရောက်လာပြီထင်တယ်။”

“ကျုပ်တို့မဟာမိတ်အဖွဲ့မှာလည်း လျှပ်စစ်ဓာတ်အားပေးစက်နည်းနည်းရှိတယ်။ ကျုပ်တို့တကယ်ပဲ လျှပ်စစ်မီးလိုအပ်တယ်လို့ထင်တယ်။ ဒါပေမယ့် လျှပ်စစ်ပစ္စည်းတွေ မရှိသေးဘူး။ မီးသီးလေးတစ်လုံးလောက်ဖြစ်ဖြစ် ရှိရင်ကောင်းမယ်။ ညတိုင်း မီးပုံကြီးတွေနဲ့ပဲ နေနေရတယ်။ မီးငြိမ်းသွားတာနဲ့ အဆုံးမရှိတဲ့ အမှောင်ထုထဲ ကျရောက်သွားရော။”

“ဟူး ဒီလိုရှေးခေတ်ဘဝမျိုးက အစပိုင်းမှာ စိတ်ဝင်စားစရာကောင်းတယ်ဆိုပေမယ့် ဒီလိုဘဝမျိုးမှာနေထိုင်ရတာကို တကယ်သည်းမခံနိုင်ဘူး။ မဖြစ်တော့ဘူး မနက်ဖြန်ကျရင် ကျုပ် သူဌေးရဲ့အပန်းဖြေစခန်းကိုသွားပြီး ခေတ်မီဘဝကို နှစ်ရက်တိတိခံစားရမယ်။”

“ဟုတ်တယ်။ ဘာပဲဖြစ်ဖြစ် လက်တလောရထားတဲ့ အမြတ်အစွန်းတွေက လုံလောက်နေပြီ။ နှစ်ရက်လောက်တော့ အနားယူလို့ရတယ်။”

“သူဌေး ခင်ဗျား ဘယ်လိုလုပ်ပြီး အဆင့်မြင့်အဆောက်အအုံအတော်များများကို ရခဲ့တာလဲဆိုတာ နည်းနည်းလောက်ဖွင့်ပြလို့ရမလား။”

“လက်နဲ့...”

ရှောင်းယီသည် ထိုမေးခွန်းကိုမြင်လိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။

လူတိုင်း ဆွံ့အသွားကြ၏။

“သူဌေးက လက်ရှိနေသ၍ ဖြစ်နိုင်တယ်လို့ ဆိုလိုလိုက်တာပဲ။”

“သူဌေးကတော့ ဗာဆိုင်းလမ်းပေါ် တက်သွားပြီ။ ပြန်ဆင်းလာဖို့ လမ်းမမြင်တော့ဘူး။”

“အမလေး... ဒဏ်ရာအပြင်းအထန်ရသွားပြီ။ သွေးတစ်သောင်းလောက် လျော့သွားသလိုပဲ။”

All Chapters