အခန်း (၆၄၉-၆၅၀)
Vol. 48 Ch. 649-650
အခန်း ၆၄၉ - အဆင့်မြင့်နယ်မြေထဲတွင် အဆင့်တက်ခြင်းသည် ထိရောက်မှုရှိသော်လည်း မဟာမိတ်အဖွဲ့တစ်ခုမှာမူ ပျက်စီးသွားခဲ့ရသည်။
ထိုအချိန်တွင် ရှီခုန်းဆီမှ စာတစ်စောင် ပို့လာခဲ့သည်။
“တပိုင်တို့ ပြန်ရောက်လာပြီ။”
ထိုသတင်းကိုရလိုက်သောအခါ ရှောင်းယီသည် ချက်ချင်းပင် မြို့ပြန်ကျောက်ကို အသုံးပြုပြီး တည်နေရာကူးပြောင်းခြင်းအစီအရင်သို့ ပြန်ရောက်လာပြီး တပိုင်တို့အား သွားတွေ့ကာ မေးလိုက်သည်။
“အခြေအနေ ဘယ်လိုရှိလဲ။”
ရှောင်ရှန်းသည် ချက်ချင်းပင် စတင်၍ ပေါက်ပေါက်ဖောက်တော့လေသည်။
ရှောက်ရှန်း၏ ပြောစကားအရ သူတို့သည် တည်နေရာကူးပြောင်းခြင်းအစီအရင်မှ ကီလိုမီတာ ၅၀ အတွင်းရှိ ပုစွန်စစ်သည်များနှင့် ကဏန်းဗိုလ်ချုပ်များအားလုံးကို ရှင်းလင်းပြီးဖြစ်ပြီး အသစ်ပြန်လည်ဖြစ်ပေါ်လာသည့် သတ္တဝါများသည် တည်နေရာကူးပြောင်းခြင်းအစီအရင်နားသို့ အရမ်းမြန်မြန် လှည့်လည်သွားလာမည် မဟုတ်ကြောင်း သိလိုက်ရလေသည်။
လင်းနီကျိကလည်း ရေရေကာကွယ်ပုလဲ ၃ လုံးကို ပြန်ယူသွားရန် သူတို့အား တောင်းဆိုခဲ့သည်။
“ရေထဲမှာ တိုက်ခိုက်ရတာ ဘယ်လိုခံစားရလဲ။”
ရှောင်းယီက မေးလိုက်သည်။
“ခုခံမှုက အရမ်းများတယ်။ လေ့ကျင့်ရတာက အရမ်းပြင်းတာပဲ။ ငါ အဆင့်ချိုးဖျက်ဖို့ နီးနေပြီလို့တောင် ခံစားနေရတယ်။”
ရှောင်ရှန်းက ပြန်ဖြေလိုက်သည်။
ဝမ်ချိုင်နှင့် သားရဲဘုရင်တို့သည်လည်း ရှောင်ရှန်း၏စကားကို သဘောတူညီကြောင်း ခေါင်းညိတ်ပြလိုက်ကြသည်။
“အဲဒီလိုဆိုရင် မနက်ဖြန်ကျရင် ဆက်လုပ်ကြတာပေါ့။ ရေကာကွယ်ပုလဲတွေလည်း ရိတ်သိမ်းလို့ရနိုင်လောက်တယ်။”
ရှောင်းယီက ထိုသို့ပြောပြီး သူတို့လေးယောက်ကို ကျွန်းပေါ်သို့ ပြန်သွားကာ အနားယူခိုင်းလိုက်သည်။
ထို့နောက် ရှောင်းယီသည် ရှေ့တန်းသို့ ပြန်လာပြီး ကမ်းခြေပေါ်ရှိ ဒေသခံများ စခန်းချနေပုံကို ကြည့်ရှုလိုက်သည်။ ရန်သူဘက်မှ သင်္ဘောများ မဆောက်ရသေးသောကြောင့် အချိန်တိုအတွင်း စစ်မဖြစ်နိုင်ဟု ထင်ရသည်။
“ရှုံးတိ မင်းဒီမှာ စောင့်ကြည့်ထား။ ပုံမှန်မဟုတ်တာ တွေ့ရင် ငါ့ကို အချိန်မီအသိပို့။ လူနည်းနည်းလောက် အလှည့်ကျကင်းလှည့်ခိုင်းပြီး ဂရုတစိုက်နဲ့ အနားယူကြ။”
“ဟုတ်ကဲ့”
ရှုံးတိက တုံ့ပြန်လိုက်သည်။
ရှောင်းယီသည် ကျန်းယွင်ထျန်းကို ခေါ်ဆောင်ကာ တည်နေရာကူးပြောင်းပြီး အတူတကွ ကျွန်းသို့ ပြန်လာခဲ့ကြသည်။
“ဒီနှစ်ရက်အတွင်း လုံလောက်အောင် လှုပ်ရှားခဲ့ပြီးပြီဆိုတော့ ကောင်းကောင်း အနားယူလိုက်ပါဦး။”
ရှောင်းယီက ကျန်းယွင်ထျန်းအား ပြောလိုက်သည်။
ကျန်းယွင်ထျန်းက ခေါင်းညိတ်ပြီး ပြန်လျှောက်သွားခဲ့သည်။
ရှောင်းယီသည်လည်း သူ၏အိပ်ခန်းထဲသို့ ပြန်လာကာ တိုက်ရိုက်လှဲအိပ်လိုက်တော့သည်။
သူ ဘယ်လောက်ကြာကြာ အိပိပျော်သွားခဲ့မှန်းမသိခင် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ သတိပေးအသံကြောင့် နိုးလာခဲ့ရပြီး ချက်ချင်းပင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြေးသွားလိုက်သည်။
“ကျွန်းပိုင်ရှင် မဟာမိတ်အဖွဲ့တစ်ခု ဖျက်ဆီးခံလိုက်ရပါပြီ။”
ရှုံးတိထံမှ စာသည် အလွန်တိုတောင်းသော်လည်း တုန်လှုပ်စရာပင်။
ရှောင်းယီ အချိန်ကို ကြည့်လိုက်သည်။ အချိန်သည် ည ၂ နာရီကျော်နေပြီဖြစ်ပြီး သူသည် ၃ နာရီခန့် အိပ်ပျော်နေခဲ့သည်။
စဉ်းစားပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှ မေးလိုက်သည်။
“အခြေအနေအသေးစိတ်ကို စုံစမ်းလို့ရခဲ့လား။”
“အဲဒီမဟာမိတ်အဖွဲ့က တိုက်ကြီးဆီ စူးစမ်းရှာဖွေရေးအဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့တယ်။ ဒေသခံတွေက သူတို့ကို ဖမ်းမိသွားခဲ့တယ်။ သူတို့(ဒေသခံ)က သူတို့ကိုယ်ပေါ်က မြို့ပြန်ကျောက်တွေကို သုံးပြီး သူတို့ရဲ့မဟာမိတ်အဖွဲ့ဆီကို သွားခဲ့ကြတယ်။ S အဆင့်မှော်ဆရာတစ်ယောက်လောက် သွားခဲ့တာဖြစ်နိုင်တယ်။ သူတို့ရဲ့မဟာမိတ်အဖွဲ့က လုံးဝမခုခံနိုင်ဘဲ ဖျက်ဆီးခံလိုက်ရတယ်။”
“ငါကြိုတင်ပြီး သတိပေးထားသားပဲ ဟင်း...။”
ရှောင်းယီက သက်ပြင်းချကာ မေးလိုက်သည်။
“အခြားမဟာမိတ်အဖွဲ့တွေရော ဒီအကြောင်းကို သိပြီးကြပြီလား။”
“အခြေခံအားဖြင့်တော့ လူတိုင်းသိနေကြပါပြီ။”
ရှုံးတိက ပြောလိုက်သည်။
ရှောင်းယီ ခေါင်းညိတ်လိုက်သည်။
“ဖျက်ဆီးခံလိုက်ရတဲ့ မဟာမိတ်အဖွဲ့ရဲ့ တိုက်ကြီးပေါ်က တည်နေရာကူးပြောင်းအမှတ်ကို အာရုံစိုက်ထား။ ဒေသခံတွေက သဲလွန်စတွေနောက်ကိုလိုက်ပြီး လှေငယ်လေးတွေပေါ်ကို တည်နေရာကူးပြောင်းလာမလားဆိုတာ မသိနိုင်ဘူး။ မင်းတို့ စောင့်ကြည့်ထားဖို့လိုတယ်။”
“ကျုပ်တို့ အဖွဲ့တစ်ဖွဲ့ စီစဉ်ထားပါတယ်။ အဲ့ဒီတည်နေရာကူးပြောင်းမှုအမှတ်မှာပေါ်လာတဲ့ ဘယ်သူ့ကိုမဆို တွေ့တာနဲ့ တိုက်ရိုက်ပစ်ခတ်တိုက်ခိုက်ကြမှာပါ။”
ရှုံးတိက ပြန်လည်ဖြေကြားလိုက်သည်။
ရှောင်းယီသည် အနည်းငယ်စဉ်းစားကြည့်ပြီးနောက် ချက်ချင်းပင် ဝမ်ချိုင်ကို ခေါ်ယူလိုက်သည်။ အနည်းဆုံး S အဆင့်တစ်ယောက်ရှိခြင်းက ပို၍ဘေးကင်းပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် ဝမ်ချိုင်၏ လည်ပင်းကြိုးအတွင်း၌လည်း ရူးသွပ်ဆေးတစ်လုံးရှိသောကြောင့် SS အဆင့်နှင့် တွေ့ရလျှင်ပင် ချက်ချင်း သတ်ဖြတ်ခံရမည် မဟုတ်ပေ။
ထိုအရာအားလုံးကို စီစဉ်ပြီးနောက် ရှောင်းယီသည် ယီထျန်းဂရုဆီသို့ ပြောင်းကြည့်လိုက်သည်။
“အဲ့လောက်တောင် ကြောက်စရာကောင်းတာလား။ မှော်ဆရာတစ်ယောက်တည်းနဲ့ မဟာမိတ်အဖွဲ့တစ်ခုလုံးကို တိုက်ရိုက် ဖျက်ဆီးလိုက်တယ်ပေါ့။”
“အဓိကအကြောင်းအရင်းက ရုတ်တရက် ဖြစ်သွားလို့ပဲ။ သူတို့က စူးစမ်းရှာဖွေရေးအဖွဲ့တွေရဲ့ကိုယ်ပေါ်က မြို့ပြန်ကျောက်တွေကို သုံးပြီး မဟာမိတ်အဖွဲ့ရဲ့ ကျွန်းတစ်ကျွန်းပေါ်ကို တည်နေရာကူးပြောင်းသွားခဲ့တာ။ အဲဒီမှာရှိတဲ့ လူတွေကို ဖြေရှင်းပြီးတာနဲ့ မဟာမိတ်အဖွဲ့ရဲ့ တခြားကျွန်းတွေပေါ်ကို တည်နေရာကူးပြောင်းဖို့အတွက် မြို့ပြန်ကျောက်တွေ ရသွားပြီး ချက်ချင်း ချေမှုန်းပစ်လိုက်တယ်လေ။”
“သေစမ်း ဒီတော့ မြို့ပြန်ကျောက်ကို ကြိုတင်ပြီးနေရာချထားလို့မရတော့ဘူး။ သုံးတဲ့အချိန်ကျမှ နေရာချသင့်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် နေရာချတာက အချိန်အများကြီးယူတာမဟုတ်ဘူး။ မဟုတ်ရင် အန္တရာယ်များတယ်လို့ ခံစားရတယ်။”
“ဟုတ်တယ် ဘယ်သူ တည်နေရာကူးပြောင်းလာမှာလဲဆိုတာ လုံးဝမသိနိုင်ဘူး။”
“အင်း သူဌေးကြီးရဲ့ သတိပေးချက်က အဓိပ္ပာယ်ရှိတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ ရတနာတွေကြောင့် မျက်စိလည်သွားခဲ့တာပဲ။”
“ငါတို့ တိုက်ကြီးကို စူးစမ်းရှာဖွေမယ့်အဖွဲ့ကို တကယ်ပဲ ဂရုတစိုက် စီစဉ်ဖို့ လိုအပ်နေပြီထင်တယ်။”
ရှောင်းယီက အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်သည်။
“တိုက်ကြီးပေါ်က ဒေသခံတွေက မဟာမိတ်အဖွဲ့တစ်ခုကို သိမ်းပိုက်ထားပြီးပြီဆိုတော့ အခု သူတို့က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နဲ့ အုတ်မြစ်ကျောက်ရဲ့ လုပ်ဆောင်ချက်တွေကို သိသွားလောက်ပြီ။ ဒီသတင်းသာပျံ့နှံ့သွားမယ်ဆိုရင် သူတို့က ကျုပ်တို့ကို အရူးအမူးတိုက်ခိုက်လာလိမ့်မယ်။ သူတို့ကို ယီရန်ပင်းမဟာမိတ်အဖွဲ့တစ်ခုတည်းနဲ့ မတားဆီးနိုင်ဘူး။ လူတိုင်း ပူးပေါင်းပြီး တည်နေရာကူးပြောင်းခြင်းစခန်းနေရာမှာ အနည်းဆုံး စစ်သင်္ဘောလုံလောက်အောင် ထားသင့်တယ်လို့ အကြံပြုချင်တယ်။”
“နားလည်ပါပြီ။ ကျုပ်တို့မဟာမိတ်အဖွဲ့က စစ်သင်္ဘော ၃ စီးကို ချက်ချင်းလွှဲပြောင်းလိုက်ပါ့မယ်။”
“ကျုပ်ရောပဲ...။”
တစ်ချိန်တည်းမှာပင် မဟာမိတ်အဖွဲ့အားလုံးသည် ရှောင်ယီ၏စကားကို တုံ့ပြန်လာကြပြီး သူတို့၏ စစ်သင်္ဘောများကို ဖလှယ်ခဲ့ကြသည်။
ပင်လယ်ပြင်ပေါ်တွင် မည်းနက်နေသော သင်္ဘောများ၏ဧရိယာကျယ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ခင်ဗျားတို့ရဲ့ ထောက်ခံမှုအတွက် ကျေးဇူးတင်ပါတယ်။ အခု တည်နေရာကူးပြောင်းမှတ်တွေအားလုံးကို မူလနေရာတွေဆီ ပြန်ပြီးရွှေ့ပြောင်းကြပါ။ ရေတိမ်ပိုင်းကို စစ်သင်္ဘောတွေ မဝင်နိုင်ဘူး။”
ရှောင်းယီက ရှုံးတိ၏ တုံ့ပြန်မှုမှ သိရှိထားသောကြောင့် သတိပေးလိုက်သည်။
“ဟုတ်ကဲ့ ကျုပ်တို့ ရုပ်သိမ်းလိုက်ပါပြီ။”
“ကျုပ် အခုချက်ချင်း ရုပ်သိမ်းလိုက်မယ်။ အဲ့ဒီဒေသခံတွေ အရမ်းကြမ်းလွန်းတယ်။”
“သူဌေးကြီးရဲ့ အမိန့်ကို တင်းတင်းကျပ်ကျပ်လိုက်နာရမယ်။”
ထိုအခိုက်တွင် ရှုံးတိတို့ စောင့်ကြည့်နေသော ဖျက်ဆီးခံရသည့် မဟာမိတ်အဖွဲ့၏ တည်နေရာကူးပြောင်းအမှတ်တွင် ရုတ်တရက် လူတစ်ဦး ထွက်ပေါ်လာခဲ့သည်။
အနည်းငယ်မျှပင် မတွန့်ဆုတ်ဘဲ ရှုံးတိသည် ထိုလူအား ပစ်ခတ်တိုက်ခိုက်ရန် ချက်ချင်းအမိန့်ပေးလိုက်သည်။ တစ်ချိန်တည်းတွင် လေးမြားအားလုံးနှင့် မီးသွေးကျည်ဆန်သုံးသေနတ်များသည် ထွက်ပေါ်လာသော ပုံရိပ်ဆီသို့ ပျံသန်းသွားကြတော့သည်။
ထိုအမျိုးသားသည် ဇကာပေါက်ဖြစ်သည်အထိ တန်း၍ပစ်ခတ်ခြင်းခံလိုက်ရလေသည်။ ထိုအခါမှသာ လူတိုင်းသည် ထိုလူမှာ ဒေသခံတစ်ဦးဖြစ်ကြောင်း သိလိုက်ရလေသည်။
မဟာမိတ်အဖွဲ့ကို သိမ်းပိုက်ပြီးနောက် မှော်ဆရာသည် နောက်ဆုံးတွင် ပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုပြဿနာမှာ သူတို့သည် တိုက်ကြီးသို့ မည်သို့ပြန်ရမည်နည်းဆိုသည့် ပြဿနာပင်ဖြစ်ပေသည်။
ဤမဟာမိတ်အဖွဲ့သည် တိုက်ကြီးနှင့် အတော်အတန် ဝေးကွာနေသေးသဖြင့် လှေဖြင့် အရောက်သွားရန်မှာ အချိန်အကြာကြီးယူရမည်ဖြစ်သည်။ ထို့ကြောင့် မဟာမိတ်အဖွဲ့မှ တိုက်ကြီးသို့ တည်နေရာကူးပြောင်းရန်အတွက် အန္တရာယ်ထဲသာ တိုးဝင်ရမည်ဖြစ်သည်။
မှော်ဆရာသည် ဆီးနှင်းသစ်ရွက်မြို့၏မှော်ဆရာထံမှ သတင်းကို ရရှိထားပြီးဖြစ်သည်။ တိုက်ကြီးဆီသို့ စူးစမ်းရှာဖွေရန် ရောက်လာကြသော နိုင်ငံခြားသားများထဲတွင် အနည်းဆုံး S အဆင့်လူတစ်ဦးရှိသည်ဟု သိရှိထားခဲ့ပြီး ထိုနေရာသို့ သူကိုယ်တိုင်တည်နေရာကူးပြောင်းခြင်းမပြုဘဲ A အဆင့်လက်အောက်ငယ်သားတစ်ဦးကိုသာ စေလွှတ်ခဲ့သည်။
ရလဒ်အနေဖြင့် သူပေါ်လာသည်နှင့် တစ်ပြိုင်နက် ဇကာပေါက်ဖြစ်သွားခဲ့ရသည်။
မှော်ဆရာသည် မည်သည့်တုံ့ပြန်မှုကိုမှ ပြန်မရတော့သောကြောင့် သူ၏ A အဆင့် လက်အောက်ငယ်သားသည် သေဆုံးသွားပြီဖြစ်ကြောင်း သိရှိလိုက်ရလေသည်။
နောက်ထပ် တိုက်ကြီးဆီသို့ မည်သို့ပြန်ရမည်နည်း။
ဤသည်မှာ မှော်ဆရာအတွက် ကြီးမားသော ပြဿနာတစ်ခုဖြစ်လာခဲ့သည်။ ဆက်သွယ်ရေးသည်ပင် ပြဿနာတစ်ခုဖြစ်နေခဲ့လေသည်။
ဤအသစ်သိမ်းပိုက်ထားသော မဟာမိတ်အဖွဲ့ကို လုံးဝစွန့်ပစ်၍မရချေ။ အထူးသဖြင့် အုတ်မြစ်ကျောက်၏ အခန်းကဏ္ဍကို သိရှိခဲ့ရပြီးနောက် မှော်ဆရာသည် တိုက်ကြီးပေါ်ရှိ ခိုင်မာသောငွေကြေး၏ ပို၍အရေးကြီးသော အခန်းကဏ္ဍကို ချက်ချင်းပင် နားလည်သွားခဲ့သည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နှင့် အုတ်မြစ်ကျောက်ရှိနေသရွေ့ တိုက်ကြီးရေလွှမ်းမိုးသွားမည်ကို စိုးရိမ်စရာမလိုတော့ပေ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ အမျိုးမျိုးသော လုပ်ဆောင်ချက်များသည်လည်း အံ့အားသင့်စရာများဖြစ်နေသည်ကို မပြောလိုသေးပေ။
သို့သော် သူ၏လက်အောက်ငယ်သားများနှင့် အဖွဲ့များအားလုံးသည် တိုက်ကြီးပေါ်တွင် ရှိနေပြီး တိုက်ကြီးသို့ ပြန်သွားရမည်ဖြစ်သည်။
လှေဖြင့်လှော်ခတ်သွားရန်မှာ လက်တွေ့မကျလှပေ။ ယခုအတွက် တည်နေရာကူးပြောင်းခြင်းအစီအရင်တစ်ခုကို ရှာတွေ့နိုင်ရန်သာ ဆုတောင်းနိုင်တော့သည်။ ဤအကြိမ်လာရာတွင် သူတို့သည် တည်နေရာကူးပြောင်းပေးသူတစ်ဦးကို ခေါ်ဆောင်လာခဲ့သော်လည်း ကံဆိုးစွာပင် အသက်ရှင်ကျန်ရစ်သူများ၏ကျွန်းတွင် တည်နေရာကူးပြောင်းခြင်းအစီအရင် မရှိချေ။
ရှောင်းယီသည် လူတိုင်းအား ပြင်ဆင်ခိုင်းပြီးနောက် အနည်းငယ်တွေးတောပြီး ရှုံးတိဘေးသို့ တိုက်ရိုက်တည်နေရာကူးပြောင်းသွားလိုက်သည်။
“ဖျက်ဆီးခံလိုက်ရတဲ့ မဟာမိတ်အဖွဲ့ရဲ့ စခန်းက ဘယ်မှာလဲ။”
ရှောင်းယီက မေးလိုက်သည်။
ရှုံးတိသည် ချက်ချင်းပင် မဝေးလှသော လှေငယ်တစ်စင်းကို လက်ညှိုးထိုးပြလိုက်သည်။ ထိုလှေငယ်အနီးတွင် အခြားလှေများမရှိပေ။ အနည်းငယ်ဝေးသော နေရာတွင် လှေငယ်ငယ်များစွာ ဝိုင်းရံထားပြီး ထိုလှေငယ်များပေါ်ရှိလူများသည်လည်း ထိုလှေငယ်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေကြသည်။
လှေပေါ်တွင် ဖြူကောင်ဖြစ်သွားသောလူကို မြင်လိုက်ရသောအခါ ရှောင်းယီ မျက်မှောင်ကျုံ့သွားပြီး မေးလိုက်သည်။
“ဒေသခံတွေ တည်နေရာကူးပြောင်းလာဖို့ ကြိုးစားခဲ့တာလား။”
“ဟုတ်ပါတယ်။ ခုနကပဲ ကျုပ်တို့ စုပြီး ပစ်သတ်လိုက်တာပါ။”
ရှုံးတိက ပြန်လည်ဖြေကြားလိုက်သည်။
အခန်း ၆၅၀ - အထူးဉာဏ်ရည်မြင့် ဓာတ်ခွဲခန်း၊ တန်ပြန်တိုက်ခိုက်မှု
ရှောင်းယီက ခေါင်းညိတ်ပြီး ဆက်မေးလိုက်သည်။
“အဲ့ဒီစခန်းရဲ့ လက်အောက်ခံက ဘယ်မှာလဲ။”
ရှုံးတိသည် ရှောင်းယီနှင့်အတူ တစ်ခြားသင်္ဘောတစ်စင်းပေါ်သို့ ခုန်တက်လာကာ အမျိုးသားတစ်ဦးကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
“ကျွန်းပိုင်ရှင် သူပါပဲ။”
ထိုလူသည် ရှောင်းယီကို မြင်သည်နှင့် ချက်ချင်းပြောလိုက်သည်။
“ခင်ဗျားက ယီရန်ပင်းသူဌေးပဲဖြစ်ရမယ်။ ကျုပ်တို့ကို လက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
ရှောင်းယီက လက်ခါပြကာ မေးလိုက်သည်။
“မင်းတို့မဟာမိတ်အဖွဲ့က ဘယ်မှာလဲ။ မြေပုံပေါ်မှာ ပြပေးပါ။”
ထိုလူသည် ချက်ချင်းပင် အနီးအနားရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိမြေပုံတွင် တည်နေရာကို မှတ်သားပြလိုက်သည်။
မဟာမိတ်အဖွဲ့၏ကိုဩဒိနိတ်ရရှိပြီးနောက် ရှောင်းယီ သည် မျက်မှောင်အနည်းငယ်ကျုံ့သွားသော်လည်း ဘာမှမပြောဘဲ သူ့ကျွန်းသို့ တိုက်ရိုက်ပြန်၍တည်နေရာကူးပြောင်းကာ ကျန်းယွင်ထျန်းကို နှိုးလိုက်သည်။
“ကျွန်းပိုင်ရှင် ဘာမှားနေလို့လဲ။”
ကျန်ယွင်ထျန်းက နားမလည်ဟန်ဖြင့် မေးလိုက်သည်။
အချိန်သည် မနက် ၂ နာရီ၊ ၃ နာရီအချိန်ဖြစ်သည်။ အရေးတကြီးကိစ္စရှိမှသာ ဤအချိန်ကြီး လာနှိုးမည်ဖြစ်သည်။
“မဟာမိတ်အဖွဲ့တစ်ခု ချေမှုန်းခံလိုက်ရပြီ။”
ရှောင်းယီက ပြန်ဖြေလိုက်ပြီး အခြေအနေကို အကျဉ်းချုပ်ရှင်းပြလိုက်သည်။
ကျန်းယွင်ထျန်းက တဒင်္ဂစဉ်းစားလိုက်ပြီးနောက် မေးလိုက်သည်။
“သူတို့ အဲ့ဒီမဟာမိတ်အဖွဲ့ကို သိမ်းပိုက်ပြီးတာနဲ့ ချက်ချင်းပြန်ပြီးတိုက်ခိုက်မယ်လို့ ဆိုလိုလိုက်တာလား။”
“ဟုတ်တယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ဒေသခံတွေလက်ထဲရောက်နေတော့ နောက်ပိုင်းမှာ ငါတို့အတွက် အန္တရာယ်ရှိလာလိမ့်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ကောင်းပြီ ငါ စစ်သားတွေစုဆောင်းလိုက်မယ်။ နောက်ဆယ်မိနစ်လောက်နေရင် ထွက်ခွာလို့ရပြီ။”
ထိုသို့ပြောပြီးနောက် ကျန်းယွင်ထျန်းသည် စစ်တန်းလျားသို့ တိုက်ရိုက်ဦးတည်သွားလိုက်သည်။
ရှောင်းယီသည်မူ အပျော်စီးရွက်သင်္ဘောပေါ်သို့ တက်သွားပြီး ထိုမဟာမိတ်အဖွဲ့၏တည်နေရာဆီသို့ ဦးတည်မောင်းနှင်လိုက်သည်။
ထိုမဟာမိတ်အဖွဲ့သည် ခရီးအဖြောင့်အတိုင်း ကီလိုမီတာဆိုလျှင် ကီလိုမီတာ ၂၀၀၀ ခန့်သာ ဝေးသော်လည်း ရေလမ်းကြောင်းအတိုင်းသွားပါက အပျော်စီးရွက်သင်္ဘောသည် ကီလိုမီတာ ၃၀၀၀ ခန့် သွားရမည်ဖြစ်သည်။ ရေကြောင်းလမ်းအမြန်နှုန်း၏အကျိုးကျေးဇူးဖြင့်ပင် ဤခရီးသည် ၄ နာရီကျော်ခန့် ကြာမည်ဖြစ်သည်။
အပျော်စီးရွက်သင်္ဘော ရေကြောင်းလမ်းတစ်လျှောက် မောင်းနှင်နေစဉ် ရှောင်းယီက တီးတိုးရေရွတ်လိုက်သည်။
“စနစ် လက်မှတ်ထိုးဝင်မယ်။”
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ်- အထူးဉာဏ်ရည်မြင့် ဓာတ်ခွဲခန်း (SSS အဆင့်) ၁။
“ဟမ်”
ရှောင်းယီသည် ထိုဆုလာဘ်အား အံ့အားသင့်စွာ စိုက်ကြည့်နေမိသည်။
အထူးဉာဏ်ရည်မြင့် ဓာတ်ခွဲခန်း (SSS အဆင့်)- ခေတ်အမီဆုံးသိပ္ပံစမ်းသပ်ကိရိယာများနှင့် ပြည့်နှက်နေပြီး အသိပညာအရပ်ရပ်တွင် စမ်းသပ်မှုများပြုလုပ်နိုင်ကာ ရလဒ်များကို အစုလိုက်ထုတ်လုပ်မှုသို့ လက်တွေ့အသုံးချနိုင်သော ပရော်ဖက်ရှင်နယ် ဉာဏ်ရည်တုဓာတ်ခွဲခန်းစက်ရုပ် ၅၀ ပါရှိသည့် အလွန်အဆင့်မြင့်သော စမ်းသပ်ခန်းတစ်ခု။”
“ဒါက သုတေသနလုပ်ဖို့လား။”
ရှောင်းယီသည် စိတ်ရှုပ်စွာတွေးမိလိုက်သော်လည်း သူသည် ယခုအချိန်တွင် ကျွန်းပေါ်တွင် ရှိမနေသေးသောကြောင့် နေရာချထားနိုင်ခြင်းမရှိချေ။ ပြန်ရောက်သည်အထိ စောင့်ရမည်ဖြစ်သည်။
လေးနာရီကြာပြီးနောက် ရှောင်းယီသည် သိမ်းပိုက်ခံထားရသော မဟာမိတ်အဖွဲ့နှင့် အနီးဆုံးရေကြောင်းလမ်းသို့ ရောက်ရှိလာခဲ့ပြီး သံချပ်ကာစစ်သင်္ဘော ၃ စီးကို လဲလှယ်ကာ ကျန်ယွန်ကျန်းနှင့် အခြားသူများကို သူ့ဘက်သို့ တည်နေရာကူးပြောင်းပေးလိုက်သည်။
ဤနေရာမှနေ၍ သံချပ်ကာစစ်သင်္ဘောများဖြင့် မဟာမိတ်အဖွဲ့အနီးသို့ ပိုမိုနီးကပ်စွာ မောင်းနှင်ရမည်ဖြစ်သည်။ ရေကြောင်းလမ်းအတွင်းမှ ခွဲထွက်လိုက်ပါက အပျော်စီးရွက်သင်္ဘောသည် အလွန်အန္တရာယ်များလာပေလိမ့်မည်။
နွားရိုင်းများသည် အင်ဂျင်ခန်းရှိ ဂီယာများအား ဆွဲဆန့်လိုက်လေသည်။ သံချပ်ကာစစ်သင်္ဘော ၃ စင်းသည် ရှေ့သို့ ပစ်ထုတ်လိုက်သည့် မြားတစ်စင်းနှယ် ပြေးထွက်သွားခဲ့သည်။ ၎င်းသည် အပျော်စီးရွက်သင်္ဘောနှင့်ယှဉ်လျှင် လိုက်မမီနိုင်သေးသော်လည်း အလတ်စားနှင့် အကြီးစား ရွက်သင်္ဘောများထက် အလွန်လျင်မြန်လှပေသည်။
မကြာမီ သူတို့သည် မဟာမိတ်အဖွဲ့၏ ပြင်ပကျွန်းငယ်အနီးသို့ ရောက်ရှိလာခဲ့ကြသည်။
မှော်ဆရာတွင် မြို့ပြန်ကျောက် ၅ ခုသာ ရှိသောကြောင့် လက်ရှိတွင် သူသည် ၃ ခုကိုသာ အသုံးပြုနိုင်ပေသည်။ တစ်ခုသည် ကိုယ်တိုင်အတွက်ဖြစ်ပြီး ကျန်တစ်ခုက A အဆင့်လက်အောက်ငယ်သားအတွက်နှင့် နောက်ဆုံးတစ်ခုက တည်နေရာကူးပြောင်းပေးသူအတွက်ဖြစ်သည်။
ကျန် ၂ ခုကိုမူ တိုက်ကြီးပေါ်ရှိ မှော်ဆရာ၏ တပ်မတော်နှင့်အတူ ထားရှိခဲ့သည်။
သူ၏ A အဆင့်လက်အောက်ငယ်သားကို အခြေစိုက်စခန်းမှ တိုက်ကြီးဆီသို့ ပြန်လည်ဆက်သွယ်နိုင်ခြင်းရှိ၊မရှိ စမ်းသပ်ရာတွင် စတေးခဲ့ရပြီးဖြစ်သဖြင့် ယခု မဟာမိတ်အဖွဲ့တစ်ခုလုံးတွင် လူ ၂ ဦးသာ ကျန်ရှိတော့သည်။
လူနှစ်ယောက်တည်းဖြင့် ကျွန်းတိုင်းကို စောင့်ကြည့်နိုင်မည် မဟုတ်ချေ။ မှော်ဆရာသည် အသက်ရှင်ကျန်ရစ်သူများအားလုံးကို သတ်ပစ်လိုက်ပြီး ကျန်ရှိနေသော ဒေသခံများမှာလည်း ခုခံခြင်းမပြုကြချေ။
ထိုကျွန်းငယ်ပေါ်ရှိ ဒေသခံများသည် သံချပ်ကာစစ်သင်္ဘော ၃ စင်းကို တွေ့မြင်သွားသည်နှင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် ချက်ချင်းပင် မှော်ဆရာထံ အစီရင်ခံလိုက်ကြလေသည်။
မှော်ဆရာသည် မဟာမိတ်အဖွဲ့၏ ပင်မကျွန်းပေါ်တွင် ရှိနေပြီး ထိုသတင်းကိုရရှိလိုက်သည်နှင့် မသုံးရသေးသော မြို့ပြန်ကျောက်တစ်ခုကို အသုံးပြုကာ အပြေးရောက်လာခဲ့သည်။
“မှော်ဆရာကြီး ကြည့်ပါဦး သင်္ဘောအမည်းကြီး ၃ စင်းက ကျုပ်တို့ဆီ တည့်တည့်လာနေပါတယ်။”
မှော်ဆရာသည် ပင်လယ်ပြင်ပေါ်ရှိ သင်္ဘောများကို ကြည့်ကာ အေးစက်စွာပြောလိုက်သည်။
“အင်း နောက်ဆုံးတော့ တစ်ယောက်ယောက် ရောက်လာပြီပေါ့။”
သူသည် ဤမဟာမိတ်အဖွဲ့အား သိမ်းပိုက်ပြီးသည့်အချိန်ကတည်းက အသက်ရှင်ကျန်ရစ်သူများ ရောက်လာမည်ကို သိရှိထားခဲ့သည်။ သို့သော် ဤမျှမြန်ဆန်စွာ ရောက်လာလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။
သူသည် ပင်လယ်ထဲရှိ သင်္ဘောများ၏ အမြန်နှုန်းကို ရင်းနှီးကျွမ်းဝင်သည်။ သူတို့ အလွန်နီးကပ်နေခြင်းမရှိပါက ဤကဲ့သို့လျင်မြန်စွာ ရောက်ရှိလာနိုင်မည် မဟုတ်ချေ။
“ကျွန်းပိုင်ရှင် ကျုပ်တို့ အမြောက်နဲ့တိုက်မှာလား။ ဒါမှမဟုတ် ကမ်းခြေပေါ်ကို တက်ပြီးတိုက်မှာလား။”
ကျန်းယွင်ထျန်းက မေးလိုက်သည်။
“အရင်ဆုံး အညံ့ခံခိုင်းလိုက်။ ငြင်းရင် အမြောက်နဲ့ပစ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“နားလည်ပါပြီ။”
ထို့နောက် ကျန်းယွင်ထျန်းသည် အမျိုးသားတစ်ဦးကို ခေါ်ပြီး ကမ်းခြေသို့ အော်ပြောခိုင်းလိုက်သည်။
“ရှေ့ကကျွန်းပေါ်က လူတွေ လက်နက်ချပြီး အညံ့ခံကြ။ မဟုတ်ရင် ငါတို့ ပစ်ရလိမ့်မယ်။”
ထိုစကားကိုကြားသောအခါ မှော်ဆရာက အေးစက်စွာ ရယ်မောလိုက်သည်။
“သူတို့ကို လျစ်လျူရှုထားလိုက်။ အကာအကွယ်အောက်မှာနေကြ။”
ခဏကြာအောင်စောင့်ဆိုင်းပြီးနောက် တုံ့ပြန်မှုမရှိသောအခါ ကျန်းယွင်ထျန်းက အမိန့်ပေးလိုက်သည်။
“အမြောက်တပ် တိုက်ခိုက်မယ်..”
ဝုန်း ဝုန်း ဝုန်း
အမြောက်သံများ မိုးချိန်းသံကဲ့သို့ ထပ်မံမြည်ဟီးလာခဲ့သည်။
ကျယ်လောင်လှသောအသံကြီးသည် ကမ်းခြေရှိ ဒေသခံများကို တဒင်္ဂအံ့အားသင့်သွားစေခဲ့သော်လည်း နောက်အခိုက်တွင် ပို၍ကျယ်လောင်သည့် ပေါက်ကွဲသံများက သူတို့ကို ထိတ်လန့်ခြောက်ခြားစေခဲ့သည်။
အန္တရာယ်ကို သတိမူမိသွားသော မှော်ဆရာသည် ဤအရေးကြီးသည့်အခိုက်အတန့်တွင် နောက်သို့ခုန်ချလိုက်ပြီး ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသွားခဲ့သော်လည်း အသက်အန္တရာယ်တော့ မရှိခဲ့ချေ။
ပထမဆုံးအကြိမ် ပစ်ခတ်ပြီးနောက် အားနည်းလှသော ကမ်းခြေရှိခံစစ်အကာအရံများ ပြိုကွဲသွားကာ ဒေသခံများစွာ ဒဏ်ရာရပြီး သွေးထွက်သံယိုဖြစ်လျက် ကျန်ရစ်ခဲ့ကြသည်။
ဤငရဲကဲ့သို့မြင်ကွင်းကြီးကို မြင်တွေ့လိုက်ကြရသောအခါ ဒေသခံများ၏စိတ်ဓာတ်များသည် လုံးဝပြိုလဲသွားပြီး အော်ဟစ်ကြတော့သည်။
“ကျုပ်တို့ အညံ့ခံပါတယ် ကျုပ်ကိုမသတ်ပါနဲ့။”
ထိုစဥ် ပုံရိပ်တစ်ခုသည် မီးခိုးများထဲမှ ကျွန်းအတွင်းပိုင်းသို့ ပြေးဝင်သွားခဲ့သည်။
“မှော်ဆရာ (S အဆင့်)- မီးတိမ်တိုက်မြို့၏မှော်ဆရာ...”
“S အဆင့်တည်းလား။”
ရှောင်းယီသည် သူ၏လက်ကိုမြှောက်ပြကာ ဒုတိယအကြိမ် ပစ်ခတ်တော့မည့်လှုပ်ရှားမှုများကို ရပ်တန့်စေလိုက်သည်။
“တပ်သားတွေ ဆင်းလာခဲ့”
“ဟုတ်ကဲ့ပါ အရှင်”
သံချပ်ကာစစ်သင်္ဘော ၃ စင်းသည် ကမ်းခြေဆီသို့ တိုက်ရိုက်ဦးတည်ကာ မောင်းနှင်လာပြီး မည်သည့်ခုခံမှုမျှ မကြုံတွေ့ခဲ့ရချေ။
ကမ်းခြေသို့ရောက်ရှိလာပြီးနောက် ရှောင်းယီသည် ရူးသွပ်ဆေးတစ်လုံးကို လက်ထဲတွင် ကိုင်ဆောင်ကာ အတွင်းဘက်သို့ ပြေးဝင်သွားခဲ့သည်။
ရုတ်တရက် အားပျော့သည့် စိတ်ဝိဉာည်တိုက်ခိုက်မှုလှိုင်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ၎င်းသည် ရှောင်းယီအား လုံးဝမထိခိုက်စေခဲ့ပေ။
“မကောင်းတော့ဘူး။ ဒီလူရဲ့ S အဆင့်က ငါ့ထက်ပိုမြင့်တယ်။”
မှော်ဆရာသည် ပုန်းနေရာမှ ခုန်ထွက်ပြီး ထွက်ပြေးတော့လေသည်။
“ပေါ်လာပြီဆိုမှတော့ ဒီမှာပဲ နေလိုက်တော့။”
ရှောင်းယီသည် ရွှမ်းယွမ်ဓားကို ဆွဲထုတ်ကာ ဟန့်တားရန်အတွက် ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားခဲ့သည်။
“ဟမ့် အပြင်လူ ငါ မင်းကို လက်နက်ချဖို့အကြံပေးလိုက်မယ်။ မီးတိမ်တိုက်မြို့ကို စိန်ခေါ်တာက မင်းတတ်နိုင်တဲ့အရာမဟုတ်ဘူး။”
မှော်ဆရာက သတိပေးလိုက်သည်။
ရှောင်းယီက နှာခေါင်းရှုံ့လိုက်သည်။
“ဒါဆို ငါသွားရှာလိုက်မယ်။”
ထို့နောက် သူက တိုက်ခိုက်လိုက်သည်။ မှော်ဆရာသည် သူ့ထက်တစ်ဆင့်နိမ့်ပြီး ခုခံရန်အခွင့်အရေးမရှိခဲ့ဘဲ လှုပ်ရှားမှုအနည်းငယ်အတွင်း အဖမ်းခံလိုက်ရလေသည်။
ရှောင်းယီသည် အပျော်စီးရွက်သင်္ဘောကို ပြန်ပို့ပေးလိုက်ပြီးနောက် ကျွန်းတိုင်းကို ရှင်းလင်းလိုက်ပြီး မီးတိမ်တိုက်မြို့သား တစ်ယောက်သာ ချန်ထားခဲ့လေသည်။ ထိုလူမှာ မှော်ဆရာ ခေါ်ဆောင်လာခဲ့သော တည်နေရာကူးပြောင်းပေးသူဖြစ်သည်။
“အခြေစိုက်စခန်းမှာ သေဆုံးသွားတဲ့သူနဲ့ဆိုရင် စုစုပေါင်း ၃ ယောက်ပဲရှိသေးတယ်။ ဒါပေမယ့် မြို့ပြန်ကျောက်က ၅ ခုရှိရမယ်။ ဒါက ပြဿနာပဲ။”
ရှောက်ယီက မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။
“ပျောက်ဆုံးနေတဲ့ မြို့ပြန်ကျောက် ၂ ခုက ချိန်ကိုက်ဗုံးတွေပဲ။ အကယ်၍ SSS အဆင့်မှော်ဆရာ တစ်ယောက်သာ တည်နေရာကူးပြောင်းလာခဲ့ရင် ငါတို့ အဆုံးသတ်သွားလိမ့်မယ်။”
ကျန်းယွင်ထျန်းက စိုးရိမ်စွာ ပြောလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်လိုက်ပြီး မှော်ဆရာအနားသို့ ချဉ်းကပ်ကာ ပြောလိုက်သည်။
“စာချုပ်ချုပ်လိုက် မဟုတ်ရင် သေ...။”
“ငါ့ကို စာချုပ်ချုပ်ချင်တာလား။ အိပ်မက်မက်နေလိုက်။ မီးတိမ်တိုက်မြို့ရဲ့ ကလဲ့စားချေမှာကို စောင့်နေလိုက်စမ်း။”
မှော်ဆရာက အော်ဟစ်လိုက်လေသည်။