နေနတ်ဘုရား၏ တာဝန်
Vol. 72 Ch. 752
“ယွမ်ဟိုင် (ယွမ်ပင်လယ်) ဟုတ်လား”
နေနတ်ဘုရား ပြောလိုက်သည့် ထိုနေရာအမည်ကို ထန်ထျန်း အနည်းငယ် စိမ်းနေပြီး တစ်ခါမှ မကြားဖူးပေ။
“ဟုတ်တယ်”
နေနတ်ဘုရားက ခေါင်းညိမ့်ပြပြီး “အဲ့ဒီနေရာက ပျောက်ဆုံးကုန်းမြေ တစ်ခုပဲ မူလ အနန္တကမ္ဘာ ထဲကနေ လုံးဝ ကွဲထွက်သွားပြီး ဟင်းလင်းပြင်ထဲမှာ မျောလွင့်နေတဲ့ ကုန်းမြေ တစ်ခုပေါ့”
“အဲ့ဒီလို နေရာအများစုကတော့ အခုဆို စွန့်ပစ်မြေ အတိ ဖြစ်နေပါပြီ၊ ပိုဆိုးတာကတော့ ဟင်းလင်းပြင်ရဲ့ စွမ်းအားတွေကြားထဲမှာ ပျက်စီးပျောက်ကွယ်သွားကြတာပေါ့”
“ယွမ်ဟိုင် တည်ရှိတဲ့ အဲ့ဒီကုန်းမြေကတော့ နည်းနည်း ထူးခြားတယ်၊ ဒါကြောင့် အစိတ်အပိုင်း တချို့က ကျန်ရစ်နေခဲ့တာ”
ထန်ထျန်း သဘောပေါက်သွားသည်၊ အခြေအနေက ဒီလိုကိုး။
ထိုသို့ဆိုလျှင် ရှေးဟောင်းစစ်မြေပြင် ကလည်း ပျောက်ဆုံးကုန်းမြေ တစ်ခုဟု ဆိုနိုင်ပေသည်။
“ကောင်းပြီ”
“အဲ့ဒီကို ဘာသွားလုပ်ရမှာလဲ”
ထန်ထျန်းက မေးလိုက်သည်။
နေနတ်ဘုရားက “ယွမ်ဟိုင်က ထူးခြားတဲ့ နေရာတစ်ခုလို့ ငါ ခုနက ပြောခဲ့တာက ဘာလို့လဲဆိုတော့ အဲ့ဒီနေရာက မူလချီလင် ဝိညာဉ်ရဲ့ သေ ဆုံးရာနေရာ ဖြစ်နေလို့ပဲ”
“ချီလင်ဝိညာဉ် သေ ဆုံးသွားပြီးတဲ့နောက် သူ့ရဲ့ ခန္ဓာကိုယ်က ဟင်းလင်းပြင် စွမ်းအားတွေရဲ့ တိုက်စားမှုအောက်မှာ ပျက်စီးသွားပြီး အောက်ခြေမမြင်ရတဲ့ အနက်ရောင် ပင်လယ်ကြီးတစ်ခု ဖြစ်လာခဲ့တယ်”
“အဲ့ဒီပင်လယ်က ထူးဆန်းပြီး ခန့်မှန်းရ ခက်တယ်၊ သက်ရှိတွေအတွက်တော့ နိမိတ်မကောင်းမှုတွေ ပြည့်နှက်နေတဲ့ သေမင်းတမန် နယ်မြေတစ်ခုပဲ”
“ဒါပေမဲ့ အဲ့ဒီလိုပဲ တန်ဖိုးရှိတဲ့ ရတနာအချို့လည်း ထွက်ပေါ်တတ်လို့ ကျင့်ကြံသူ အများကြီးကို ဆွဲဆောင်နေတာပေါ့”
“မင်း ဒီတစ်ခေါက် သွားရမှာက ယွမ်ဟိုင်ရဲ့ အနက်ရှိုင်းဆုံး နေရာမှာရှိတဲ့ ရတနာတစ်ခုကို သွားရှာဖို့ပဲ”
“ချီလင်မျက်လုံး”
ထန်ထျန်း မှင်တက်သွားပြီး “ချီလင်ဝိညာဉ်ရဲ့ ခန္ဓာကိုယ်က ပျက်စီးသွားပြီလို့ မင်းပြောခဲ့တယ် မဟုတ်လား”
နေနတ်ဘုရားက ရှင်းပြသည်။ “ခန္ဓာကိုယ်က ပျက်စီးသွားတာ မှန်ပေမဲ့ ချီလင်မျက်လုံးကတော့ သူ့ရဲ့ အဓိက အစိတ်အပိုင်းပဲ၊ နှစ်ပေါင်း ဘီလီယံ ချီ ကြာရင်တောင် သူ့ရဲ့ တောက်ပမှုက မှေးမှိန်မသွားဘူး”
“အဲ့ဒါက ယွမ်ဟိုင်ရဲ့ အနက်ရှိုင်းဆုံးမှာ အမြဲ မြှုပ်နှံထားတာ၊ ကျိကျွင်း ထက် မြင့်တဲ့လူတွေ အများကြီး သွားရှာဖူးပေမဲ့ အခုထိ ဘယ်သူမှ ရှာမတွေ့ကြသေးဘူး”
ပြောရင်း သူက သေးသွယ်သော်လည်း စွမ်းအားများ ပြည့်နှက်နေသော အနီနက်ရောင်ရင့်ရင့် အမွေးတစ်ပင်ကို ထုတ်ယူလိုက်သည်။
“အဲ့ဒါက ချီလင်မျက်လုံးကို ငါ ဝှက်ထားလို့ပဲ”
“ဒီ ချီလင်နှုတ်ခမ်းမွေး ကို သုံးရင် ချီလင်မျက်လုံးရှိတဲ့ နေရာကို မင်းရှာတွေ့လိမ့်မယ်၊ အဲ့ဒီကျမှ သွားယူလိုက်ရုံပဲ”
ထန်ထျန်းက နေနတ်ဘုရား လက်ထဲမှ ချီလင်နှုတ်ခမ်းမွေးကို လှမ်းယူလိုက်ရာ ၎င်းက အခြားအရာတစ်ခုနှင့် အားနည်းစွာ ဆက်နွယ်နေသည်ကို ချက်ချင်း ခံစားလိုက်ရသည်။
သို့သော် ထိုဆက်သွယ်မှုမှာ အလွန်ပင် မရေမရာ ဖြစ်နေသဖြင့် အလုံအလောက် နီးကပ်လာမှသာ တိကျသော လမ်းညွှန်မှုကို ပေးနိုင်မည်ဟု ခန့်မှန်းရသည်။
“ဒီတာဝန်က တကယ့်ကို ရိုးရှင်းတာပဲ”
ထန်ထျန်းက ချီလင်နှုတ်ခမ်းမွေးကို သိမ်းလိုက်ပြီး “ဒါဆိုရင် ဒါက တခြားလူတွေကို မျက်စိလည်အောင် လုပ်ထားတဲ့ အယောင်ပြ တာဝန်တစ်ခုပဲလား”
“ချီလင်မျက်လုံးကို ရပြီးရင် ငါက ကြယ်ကမ္ဘာ ကို သွားရမှာလား”
နေနတ်ဘုရားက သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီး “ဒီအတောအတွင်း ပြန်သွားပြီးတဲ့နောက် ငါ အရင်က ဖြစ်ပျက်ခဲ့တာတွေကို ပြန်စဉ်းစားကြည့်တယ်”
“ငါတို့ဘက်မှာ ကျွင်းချန်ချင်းက သစ္စာဖောက်တစ်ယောက် ထည့်ထားတာ တကယ် ဖြစ်နိုင်တယ်၊ ပြီးတော့ အဲ့ဒီလူရဲ့ အဆင့်အတန်းကလည်း လုံးဝ မနိမ့်ဘူး”
“ကြယ်နှလုံးသား ကို ရှာဖွေတာက ငါတို့ အနိုင်ရဖို့အတွက် အဓိက သော့ချက်ပဲ၊ ဒါကြောင့် သေချာပေါက် ဂရုစိုက်ရမယ်”
ထန်ထျန်း ခေါင်းညိမ့်လိုက်သည်၊ ကျွင်းချန်ချင်းကို ရင်ဆိုင်သည့် ကိစ္စတွင် မည်မျှပင် ဂရုစိုက်ပါစေ အပိုမဖြစ်နိုင်ပေ။
“ဒါပေမဲ့ ဒီတာဝန်ကိုတော့ မင်း မေ့မထားနဲ့ဦး”
နေနတ်ဘုရားက ဆက်ပြောသည်။ “ငါက ချီလင်မျက်လုံးကို တကယ် လိုအပ်တာ၊ မင်း ငါ့ဆီ ပြန်ယူမလာပေးဘဲ မနေနဲ့”
“စိတ်ချရအောင် ငါ မင်းကို ပေးတဲ့ တာဝန်က တခြားလူတွေနဲ့ အတူတူပဲ”
“ချီလင်နှုတ်ခမ်းမွေးလို လမ်းညွှန်မှုမျိုးကိုလည်း တခြားလူ တချို့ကို ငါ ပေးထားတယ်”
“ဒါပေမဲ့ ကွာခြားတာကတော့ ယွမ်ဟိုင်ရဲ့ အနက်ရှိုင်းဆုံးမှာ ကြယ်ကမ္ဘာ ဆီကို တိုက်ရိုက်သွားလို့ရတဲ့ ဝင်ပေါက်တစ်ခု ရှိတယ်၊ ချီလင်မျက်လုံးကို ရှာတွေ့ပြီးရင် မင်း အဲ့ဒီကနေ ကြယ်ကမ္ဘာ ကို သွားရမယ်”
“ဒီဝင်ပေါက်ကို ငါကလွဲရင် ဘယ်သူမှ မသိဘူး၊ သတင်းပေါက်ကြားမှာကို လုံးဝ စိတ်ပူစရာ မလိုဘူး”
ထန်ထျန်းက နားလည်ကြောင်း ခေါင်းညိမ့်ပြလိုက်သည်။
ကြယ်နှလုံးသားကို ချောမွေ့စွာ ရရှိနိုင်ရန်အတွက် နေနတ်ဘုရားမှာ နည်းလမ်းအမျိုးမျိုးကို စဉ်းစားထားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ကိစ္စများစွာကို သူသည် ဟိုးအရင်ကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။
သူ အရင်က ပြောခဲ့သလိုပင်၊ ဤနှစ်ပေါင်း သန်းချီသော အချိန်ကို သူက အိပ်စက်ရင်း ကုန်ဆုံးခဲ့ခြင်း မဟုတ်ပေ။
ဖြစ်နိုင်သည်မှာ ကျွင်းချန်ချင်းကို တစ်ဖန် ပြန်လည် အနိုင်ယူနိုင်မည့် အခွင့်အရေး အမှန်တကယ် ရှိနေနိုင်ပါသည်။
“စိတ်ချပါ၊ ဒီတာဝန်ကို ငါ အစွမ်းကုန် ကြိုးစားပြီး ပြီးမြောက်အောင် လုပ်ပါ့မယ်”
ထန်ထျန်းက အလေးအနက် ပြောလိုက်သည်။
နေနတ်ဘုရားက ခေါင်းညိမ့်ပြပြီး ထန်ထျန်း၏ ပခုံးကို ပုတ်လိုက်သည်။
“မင်း ကပ်ဘေးရိပ်သိမ်းသူ ဆိုတဲ့ အဆင့်အတန်းကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ မင်းမှာ အဲ့ဒါကို ရှောင်လွှဲလို့ရတဲ့ နည်းလမ်းမရှိဘူး”
“တကယ်တော့ ရွေးချယ်ခွင့်ရှိမယ်ဆိုရင် ငါလည်း ဒီလို မြင့်မြတ်လှတဲ့ နေနတ်ဘုရား ဆိုတာကြီးကို မလုပ်ချင်ပါဘူး”
“ဒါပေမဲ့ ငါ့မှာ နည်းလမ်းမရှိဘူး...”
“ဒါပေမဲ့ ဒီလောကမှာ ဘယ်သူ့မှာကော နည်းလမ်းရှိလို့လဲ”
“ကမ္ဘာ့အရှင် လောက် အစွမ်းထက်တဲ့လူတောင် နောက်ဆုံးမှာ သူ့ရဲ့ ကံကြမ္မာကို သူကိုယ်တိုင် လုံးဝ ဆုပ်ကိုင်မထားနိုင်ခဲ့ဘူး...”
“အမှန်အတိုင်း ပြောရရင် မင်းကတော့ ဒီချုပ်နှောင်မှုတွေကနေ ရုန်းထွက်နိုင်မယ့် နည်းလမ်းကို ရှာတွေ့ပြီး ကိုယ့်ကံကြမ္မာကို ကိုယ်ကိုယ်တိုင် ဆုပ်ကိုင်နိုင်တဲ့ စစ်မှန်တဲ့လူတစ်ယောက် ဖြစ်လာဖို့ ငါ တကယ် မျှော်လင့်မိတယ်”
ပြောပြီးနောက် နေနတ်ဘုရားက ရုတ်တရက် ပြုံးလိုက်သည်။
ထန်ထျန်းအနေဖြင့် နေနတ်ဘုရား၏ ဤကဲ့သို့သော အပြုံးမျိုးကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။
သူ၏ ချောမောသော မျက်နှာ၊ လွင့်ပျံနေသော မီးနီရောင် ဆံပင်ရှည်များနှင့်အတူ သူက မြင့်မြတ်လှသော နေနတ်ဘုရား မဟုတ်တော့ဘဲ ဘေးအိမ်က တက်ကြွလန်းဆန်းသော ကောင်လေးတစ်ယောက်နှင့်ပင် တူသွားတော့သည်။
နှမြောစရာကောင်းသည်မှာ ထိုခဏတာ အချိန်လေးမှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။
“ကဲ... သွားတော့”
နေနတ်ဘုရားက ယွမ်ဟိုင်ဆီသို့ သွားမည့် လမ်းညွှန်ချက်များ ပါရှိသော နေ ခရစ်စတယ် တစ်ခုကို ထန်ထျန်းအား ပေးလိုက်သည်။
“ငါ နောက်တစ်ယောက်ကို သွားအကြောင်းကြားရဦးမယ်”
“ဒီကောင်စုတ် သစ္စာဖောက်ကြောင့် ငါ့ရဲ့ အစီအစဉ်တွေက အဝေးကြီး ပတ်နေရတယ်”
“ငါသာ အဲ့ဒီကောင်ကို ရှာတွေ့လို့ကတော့ နေနတ်ဘုရား မီးတောက် ထဲမှာ ထည့်ပြီး နှစ်ပေါင်း ကုဋေ ဘီလီယံ ချီ လောက် ကင်ပစ်မယ်”
နေနတ်ဘုရားက မကျေမချမ်းနှင့် ပြောလိုက်သည်။
ပြောပြီးသည်နှင့် သူက ဟင်းလင်းပြင်ကို တိုက်ရိုက် ဖြတ်သန်းကာ ထန်ထျန်း၏ ရှေ့မှ ပျောက်ကွယ်သွားခဲ့သည်။
ထန်ထျန်း ခဏမျှ ငြိမ်သက်စွာ ရပ်နေပြီးနောက် ပုံရိပ်ယောင်ကမ္ဘာအတွင်းသို့ ပြန်ဝင်လာခဲ့သည်။
ဖန်တီးခြင်း မျှော်စင်၏ ထိပ်ဆုံးထပ်တွင် တစ်ဦးတည်း ရပ်နေရင်း ယခုအကြိမ်တွင် ဝမ်ကန်းတို့ကို ခေါ်ရန် သူ မရွေးချယ်ခဲ့ပေ။
ပြီးခဲ့သည့် ရက်များအတွင်း တွေ့သင့်သည့် လူများကို တွေ့ခဲ့ပြီးပြီဖြစ်သလို စီစဉ်စရာရှိသည်များကိုလည်း စီစဉ်ပြီးခဲ့ပြီ ဖြစ်သည်။
သူတို့၏ တာဝန်မှာ အလွန်ပင် ရှင်းလင်းလှသည်၊ ထျန်းရှထုန် ကုန်သွယ်ရေးအသင်းနှင့် ပုံရိပ်ယောင်ကမ္ဘာကို ကောင်းမွန်စွာ စီမံခန့်ခွဲပြီး သူတို့၏ ဘဝကို အဆင်ပြေစွာ ဖြတ်သန်းသွားရန်ပင် ဖြစ်သည်။
ဒါဆို သူ့ တာဝန်ကကော
ထန်ထျန်း မသိပေ။
၎င်းမှာ ရှင်းလင်းခြင်း မရှိပေ။
ကပ်ဘေးရိပ်သိမ်းသူ၊ အမှန်တကယ်တွင် မည်သည့် ကပ်ဘေးကို ရင်ဆိုင်ရမည်နည်း၊ ထိုကပ်ဘေးကြီးအတွင်း သူက မည်သည့် အခန်းကဏ္ဍမှ ပါဝင်ရမည်နည်း။
ဒါတွေအားလုံးက မသိခြင်း များသာ ဖြစ်သည်။
ဤအဆင့်အတန်းကိုပင် သူက အမြဲတမ်း သံသယရှိနေခဲ့သည်။
အကယ်၍ အမှန်တကယ်သာ ဖြစ်ခဲ့လျှင် ကမ္ဘာ့အရှင် က ဘာကြောင့် သူ့ကို ရွေးချယ်ခဲ့တာလဲ။
စဉ်းစားနေရင်းနှင့် ထန်ထျန်းက တာဝန်တစ်ခုကို ထမ်းဆောင်ထားသော အခြားသော တည်ရှိမှုတစ်ခုကို ရုတ်တရက် သတိရလိုက်သည်။
“ကြောင်လေး၊ မင်း စောင့်နေတဲ့ အခွင့်အရေးက အခုထိ ပေါ်မလာသေးဘူးလား”
ထန်ထျန်းက မေးလိုက်သည်။
မကြာမီမှာပင် ကြောင်လေး၏ ပုံရိပ်ယောင်က ထန်ထျန်း၏ ပခုံးပေါ်တွင် ပေါ်လာခဲ့ပြီး အောက်ဘက်ရှိ စည်ကားလှသော လမ်းမများကို အတူတူ ငုံ့ကြည့်နေသည်။
သို့သော် အရင်က သူ့အတွက် အလွန်ပင် ဆွဲဆောင်မှု ရှိခဲ့သော စည်ကားသာယာသည့် မြင်ကွင်းများမှာ ယခုအခါ ဆွဲဆောင်နိုင်ခြင်း မရှိတော့ပုံရသည်။
“မသိဘူး”
“အဲ့ဒါ ဘယ်တော့ ပေါ်လာမလဲဆိုတာ ငါလည်း မသိဘူး”
ကြောင်လေးက ပြောလိုက်သည်။
ထန်ထျန်းက သူ့ကို လှည့်ကြည့်လိုက်ရာ သူ၏ မျက်လုံးများအတွင်း၌ အရင်ကကဲ့သို့ မျှော်လင့်တောင့်တသော အရိပ်အယောင်များကို မတွေ့ရတော့ပေ။
၎င်းအစား ခုခံလိုစိတ် အနည်းငယ် ရှိနေသည်ကို တွေ့လိုက်ရသည်။