ယွမ်မြို့တော်
Vol. 72 Ch. 753
ကြောင်လေးက သူ၏ မှတ်ဉာဏ်များကို အပြည့်အဝ ပြန်လည်ရရှိပြီးကတည်းက သူ၏ စိတ်ခံစားချက်များမှာ သိသိသာသာ ပြောင်းလဲသွားသည်ကို ထန်ထျန်း သတိပြုမိခဲ့သည်။
ထိုစဉ်က သဘာဝမိခင် သေ ဆုံးသွားခြင်းနှင့် ပြန်မလာနိုင်တော့ခြင်းတို့ကြောင့် ကြောင်လေးတွင် ရှောင်လွှဲမရသော စိတ်ဒဏ်ရာများ ရသွားခြင်းဖြစ်မည်ဟု သူ ထင်ခဲ့သည်။
သို့သော် မကြာသေးမီကမူ ကိစ္စမှာ ထိုမျှ မရိုးရှင်းကြောင်း သူ တွေ့ရှိခဲ့ရသည်။
အချိန်ကြာလာသည်နှင့်အမျှ ကြောင်လေး၏ စိတ်ဓာတ်မှာ ပို၍ ပို၍ ကျဆင်းလာပြီး လျိုလီကမ္ဘာထဲသို့ပင် မသွားတော့ဘဲ ခရစ်စတယ် ခေါင်းတလားရှေ့တွင် ငြိမ်သက်စွာ ထိုင်ကာ ငေးငိုင်နေတတ်သည်။ တစ်ခါတစ်ရံ ရက်ပေါင်းများစွာ ကြာတတ်ပြီး ကုရှောင်းရွှယ်နှင့် ဂန်ဂန်တို့ လာခေါ်လျှင်ပင် ဘာတုံ့ပြန်မှုမှ မရှိပေ။
ထိုအပြုအမူမှာ အလွန်အမင်း လွမ်းဆွတ်တမ်းတခြင်းကြောင့် ဖြစ်ပေါ်လာသည့် ပုံစံမျိုး ဖြစ်သော်လည်း ကြောင်လေး ပြသနေသည့် စိတ်ခံစားချက်မှာမူ ထိုသို့ မဟုတ်ပေ။
သူက ခဏခဏ ငေးငိုင်နေတတ်ပြီး မျက်လုံးနှစ်ဖက်စလုံးမှာ မရေမရာဖြစ်ကာ ဗလာကျင်းနေသည့် လွင့်မျောမှုများနှင့် ပြည့်နှက်နေသည်။
တစ်ဖန် ငေးငိုင်နေပြန်သော ကြောင်လေးကို ကြည့်ပြီး ထန်ထျန်းက မေးလိုက်သည်။ “မင်းက... အဲ့ဒီအချိန် ရောက်လာမှာကို မလိုလားဘူး ထင်တယ်”
ကြောင်လေးက ခေါင်းငုံ့ကာ ခေတ္တ တိတ်ဆိတ်နေပြီးမှ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ “ဒါက သဘာဝကျပါတယ်”
“အဲ့ဒီအချိန် ရောက်လာရင် ငါ သေသွားနိုင်တယ်၊ အရူးပဲ အဲ့ဒီလိုမျိုးကို မျှော်လင့်နေမှာပေါ့”
“ဒါ့အပြင်...”
“ဘာပဲဖြစ်ဖြစ် ငါ့သခင်က ပြန်မလာနိုင်တော့ဘူးလေ”
ထန်ထျန်း တိတ်ဆိတ်သွားသည်၊ သဘာဝမိခင်၏ ကိစ္စမှာ ကြောင်လေးအတွက် အကြီးမားဆုံးသော ရိုက်ခတ်မှု ဖြစ်နေဆဲပင်။
သူက ကြောင်လေး၏ ခေါင်းကို အသာအယာ ပွတ်ပေးလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ “ကိစ္စမရှိပါဘူး”
“အခြေအနေက အဲ့ဒီအဆင့်အထိ ရောက်ချင်မှ ရောက်မှာပါ၊ ငါတို့မှာ ကျွင်းချန်ချင်းကို ရင်ဆိုင်ဖို့ နည်းလမ်းတွေ ရှိပါသေးတယ်”
“မင်းလို ကောင်လေးတစ်ယောက် အနစ်နာခံစရာ မလိုဘဲ ပြီးသွားရင်လည်း ပြီးသွားမှာပေါ့”
“မင်းက အရင်လိုပဲ စားစရာရှိတာ စား၊ ကစားစရာရှိတာ ကစားနေလိုက်ပါ”
ထိုနှစ်သိမ့်စကားများက ကြောင်လေး၏ စိတ်ကို သက်သာရာ မရစေခဲ့ပေ။
သူက ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့်ရင်း ရေရွတ်လိုက်သည်။ “အရမ်း ခက်ခဲလွန်းတယ်”
“ကျွင်းချန်ချင်းက... အရမ်း အစွမ်းထက်လွန်းတယ်၊ ဒီကိစ္စက ဘယ်သူမဆို စဉ်းစားထားတာထက် အဆပေါင်းများစွာ ပိုခက်တယ်”
“ဘယ်လိုမှ မဖြစ်နိုင်တဲ့အထိ ခက်ခဲတာ...”
ထန်ထျန်း အံ့အားသင့်သွားပြီး “မင်းက ငါတို့ထက်တောင် ဘာလို့ ပိုပြီး စိတ်ပျက်နေရတာလဲ”
“နေနတ်ဘုရားတို့ကို မယုံရင်တောင် ကမ္ဘာ့အရှင် ရှိသေးတာပဲ”
“သူက အထွတ်အထိပ် အခြေအနေမှာ ရှိနေတဲ့ ကျွင်းချန်ချင်းကိုတောင် လွယ်လွယ်လေး အနိုင်ယူ နိုင်ခဲ့တာ၊ တခြား နောက်ကွယ်က အစီအစဉ်တွေ ရှိမှာပေါ့”
“မင်းကိုယ်တိုင်ကလည်း အဲ့ဒီထဲက တစ်ခုပဲလေ”
“သူ အားကောင်းကောင်းနဲ့ ပြန်ရောက်လာရင် ကျွင်းချန်ချင်းကို အေးအေးဆေးဆေး ရှင်းပစ်မှာပါ”
ကြောင်လေးက ခေါင်းကို တစ်ဖန် ခါယမ်းလိုက်သော်လည်း ဘာစကားမှ ထပ်မပြောတော့ဘဲ မပြောင်းလဲသည့် ပုံစံအတိုင်း ရှိနေသည်။
ခေတ္တမျှ ငြိမ်သက်စွာ နေပြီးနောက် သူက ကမ္ဘာအသစ်ထဲသို့ ပြန်သွားခဲ့သည်။
ထန်ထျန်း တိုးတိုးလေး သက်ပြင်းချလိုက်မိသည်။
သူ ပြောတာ မမှားပေ၊ ကြောင်လေးက ကမ္ဘာ့အရှင်နှင့် သဘာဝမိခင်တို့ ချန်ထားခဲ့သည့် အစီအစဉ်တစ်ခု ဖြစ်သည်။
သို့သော် ယခုမူ သူကိုယ်တိုင်ပင် ရုတ်တရက် ဤမျှအထိ စိတ်ပျက်အားငယ်နေပြီ ဖြစ်သည်။
ကြည့်ရသည်မှာ ကျွင်းချန်ချင်းက ဤကမ္ဘာကြီးအပေါ် ပေးထားသည့် ဖိအားမှာ သူ ထင်ထားသည်ထက် ပို၍ ကြီးမားနေပုံရသည်။
ထန်ထျန်း အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။
ကျွင်းချန်ချင်းကို ရင်ဆိုင်ရန် မည်မျှပင် ခက်ခဲပါစေ၊ သူတို့ဘက်က ကြိုးစားကြည့်ရမည်သာ ဖြစ်သည်။
အရင်ဆုံး နေနတ်ဘုရား၏ တာဝန်ကို အောင်မြင်အောင် လုပ်ပြီး ကြယ်နှလုံးသားကို ရယူနိုင်လျှင် လက်ရှိ ကျွင်းချန်ချင်းကို ထိပ်တိုက်ရင်ဆိုင်နိုင်မည့် ခွန်အားမျိုး ရရှိလာပေလိမ့်မည်။
လမ်းက ဝေးသော်လည်း သွားလျှင် ရောက်နိုင်ပါသည်။
ခွက်ထဲမှ နောက်ဆုံးကျန်သော ကျောက်စိမ်းဖြူဝိုင် ကို သောက်ပြီးနောက် ထန်ထျန်းက ခွက်ကို သိမ်းလိုက်ပြီး ဖန်တီးခြင်း မျှော်စင်အတွင်းမှ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားခဲ့သည်။
.....
အတိုင်းအဆမဲ့ ဟင်းလင်းပြင်အတွင်း၌
ဟင်းလင်းပြင် စွမ်းအားများက တလိမ့်လိမ့် တက်လာပြီး အရာရာကို ဖျက်ဆီးကာ ချေမှုန်းနေသည်။
ဟင်းလင်းပြင်ထဲသို့ ကံဆိုးစွာ ကျရောက်လာသည့် မည်သည့်အရာမဆို အချိန်ကြာလာသည်နှင့်အမျှ ဝါးမျိုခြင်း ခံရပြီး အဆုံးမဲ့ ဟင်းလင်းပြင်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားရသည်။
ဒါက အချိန် မည်မျှကြာမလဲ ဆိုသည့်အပေါ်မှာသာ မူတည်သည်။
အသေးအဖွဲ အရာလေးများမှာ ဟင်းလင်းပြင်ထဲသို့ ဝင်လာသည့် ခဏမှာပင် လုံးဝ ပျောက်ကွယ်သွားနိုင်သည်။
ကြီးမားသော အရာများမှာမူ အချိန် အနည်းငယ် ပိုခံနိုင်ပေလိမ့်မည်။
ဟင်းလင်းပြင်ထဲတွင် ရှိနေသည့် အကြီးမားဆုံးသော အရာများမှာ အနန္တကမ္ဘာကြီး ထဲမှ လွင့်ထွက်လာသည့် ကမ္ဘာ့ အပိုင်းအစများ ဖြစ်သည်။
ထိုအပိုင်းအစများမှာ အရွယ်အစား အမျိုးမျိုး ရှိကြပြီး အချို့မှာ ပျက်စီးနေသော အမှိုက်ပုံကြီးများသာ ဖြစ်သော်လည်း အချို့မှာမူ ကမ္ဘာ့နိယာမ အချို့ကို သယ်ဆောင်ထားဆဲ ဖြစ်သည်။
ကမ္ဘာ့နိယာမများက ဟင်းလင်းပြင် စွမ်းအား၏ တိုက်စားမှုကို ခုခံနိုင်ရန် ကူညီပေးသဖြင့် အချိန် ပိုကြာကြာ တည်ရှိနေနိုင်သည်။
ယွမ်ဟိုင် ဆိုသည်မှာ ကြီးမားလှသော၊ နိယာမ အစိတ်အပိုင်းများကို သယ်ဆောင်ထားသော ကမ္ဘာ့ အပိုင်းအစတစ်ခု ဖြစ်သည်။
သို့သော် ၎င်းသယ်ဆောင်ထားသည်မှာ ရိုးရိုး ကမ္ဘာ့နိယာမများ မဟုတ်ဘဲ မူလချီလင် ဝိညာဉ် သေ ဆုံးပြီးနောက် ၎င်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် နိယာမများ ဖြစ်သည်။
အနန္တကမ္ဘာကြီး၏ မူလဝိညာဉ်များမှာ အလွန်ပင် အစွမ်းထက်လှသည်၊ အစောဆုံး မွေးဖွားလာသည့် မူလဝိညာဉ်များထဲမှ တစ်ခုဖြစ်သော ချီလင်ဝိညာဉ်မှာ အလွန် အင်အားကြီးမားရာ ၎င်း သေ ဆုံးသွားသည့် ခန္ဓာကိုယ်မှာပင် ဤကမ္ဘာငယ်လေးကို အချိန်အကြာကြီး တည်ရှိနေနိုင်ရန် ထောက်ပံ့ပေးနိုင်သည်။
သို့သော် ၎င်းထုတ်လွှတ်ပေးသည်မှာ ပြီး ပြည့်စုံသော ကမ္ဘာ့နိယာမများ မဟုတ်သဖြင့် ယွမ်ဟိုင် တည်ရှိရာ ကမ္ဘာ့ အပိုင်းအစအတွင်းရှိ ပတ်ဝန်းကျင်မှာ သက်ရှိများ နေထိုင်ရန် မသင့်တော်ပေ။
ယွမ်ဟိုင်နှင့် နီးကပ်သော နေရာအနည်းငယ်မှာသာ ကျင့်ကြံသူများ ခေတ္တ နေထိုင်နိုင်သည့် နေရာလေး ဖြစ်ပေါ်လာသည်။
သို့သော် ဤနေရာတွင် ရေရှည်နေထိုင်မည့် ကျင့်ကြံသူများမှာ အနည်းဆုံး ချန်ရှန်းတာအို အထက် အဆင့်ရှိသူများသာ ဖြစ်ရမည်။
ဤနေရာရှိ အဓိက လူအုပ်စုမှာ ကျန့်တာအို နှင့် ကျိတာအို အဆင့်ရှိ ကျင့်ကြံသူ များ ဖြစ်ကြပြီး သူတို့က ကမ္ဘာကြီးထဲတွင် ရှာမတွေ့နိုင်သော အဆင့်မြင့် ကျင့်ကြံခြင်း အရင်းအမြစ် များကို ယွမ်ဟိုင်အတွင်း သွားရှာကြခြင်း ဖြစ်သည်။
တစ်ခါတစ်ရံ ကျိကျွင်း များပင် ရောက်လာတတ်ကြသည်၊ ချီလင်ဝိညာဉ်မှာ အထွတ်အထိပ် တည်ရှိမှုတစ်ခု ဖြစ်သဖြင့် ကျိကျွင်း အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကို ရှာတွေ့နိုင်ကောင်း ရှာတွေ့နိုင်သောကြောင့် ဖြစ်သည်။
ယွမ်မြို့တော်က ယွမ်ဟိုင် ကမ္ဘာတွင် အကြီးမားဆုံးသော ကျင့်ကြံသူများ စုဝေးရာ နေရာဖြစ်ပြီး ကိုးပုံတစ်ပုံသော ကျင့်ကြံသူများမှာ ဤနေရာတွင် စုဝေးနေကြသည်။
ဤနေရာက ကမ္ဘာကြီးမှ ယွမ်ဟိုင်သို့ လာရောက်သည့် ဆိုက်ရောက်ရာ နေရာလည်း ဖြစ်ရာ အလွန်ကြီးမားသော တည်နေရာကူးပြောင်း အစီအရင် ပေါ်တွင် အဝေးမှ ရောက်လာသော ပုံရိပ်အချို့ကို ရံဖန်ရံခါ မြင်တွေ့ရတတ်သည်။
သို့သော် ဤနေရာရှိ လူအားလုံးမှာ အလျင်စလို သွားလာနေကြပြီး မည်သူ ရောက်လာသည်ကို အလေးမထားကြဘဲ သူတို့ ကိစ္စနှင့် သူတို့ အလုပ်ရှုပ်နေကြသည်။
ထို့ကြောင့် လမ်းမပေါ်တွင် လူတစ်ယောက် ရုတ်တရက် ပေါ်လာခြင်းကို မည်သူမျှ သတိမထားမိကြပေ။
ထန်ထျန်းအနေဖြင့် တည်နေရာ ကူးပြောင်း အစီအရင် ကို သုံးရန် မလိုအပ်ပေ၊ အရင်က ဝူယွဲ့ ချောက်ကမ်းပါး သွားတုန်းကသာ ခွန်အားကို ဖုံးကွယ်ရန် လိုအပ်ခဲ့ခြင်း ဖြစ်သည်။
ယခုမူ ဖုံးကွယ်ရန် မလိုတော့သဖြင့် တည်နေရာအမှတ် ရသည်နှင့် တိုက်ရိုက် လာခဲ့လိုက်ရုံသာ ဖြစ်သည်။
ယွမ်မြို့တော်၏ လမ်းမပေါ်တွင် ရပ်နေရင်း သူ့ကိုယ်သူ လူနေထိုင်ခြင်း မရှိသော၊ အားလပ်ရက် အငွေ့အသက် မရှိသော စွန့်ပစ်မြို့ဟောင်းတစ်ခုသို့ ရောက်နေသကဲ့သို့ ခံစားရသည်။
ထို့အပြင် ညအချိန်လည်း ဖြစ်သည်။
ယွမ်မြို့တော် တည်ရှိရာ ကမ္ဘာတွင် မည်သည့် နေ့ အလင်းမှ မရှိပေ၊ ကြယ်များကိုပင် မမြင်ရဘဲ ဝူယွဲ့ချောက်ကမ်းပါး ထက်ပင် ပို၍ မှောင်မိုက်နေသည်။
မှုန်ဝါးဝါး အလင်းရောင် အနည်းငယ်မှာ အချို့သော အထူး အလင်းကျောက်တုံးများမှ သဘာဝအတိုင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။
စွမ်းဆောင်ရည် ကျဆင်းနေသည့် မီးသီးလေးများကဲ့သို့ မှေးမှိန်ပြီး မရေမရာ ဖြစ်နေသည်။
ဤကမ္ဘာမှာ ပျက်စီးယိုယွင်းနေသည်။
ထို့အပြင် အလွန် ထူးခြားသော စွမ်းအားတစ်ခုက ဝိညာဉ်အာရုံကို နှောင့်ယှက်ထားသဖြင့် ထန်ထျန်း၏ ဝိညာဉ်အာရုံမှာပင် အဝေးကြီးသို့ မရောက်နိုင်ဘဲ ယွမ်မြို့တော် တစ်ခုလုံးကိုပင် လွှမ်းခြုံနိုင်ခြင်း မရှိပေ။
၎င်းမှာ ချီလင်ဝိညာဉ်၏ စွမ်းအားကြောင့် ဖြစ်သည်။
ထန်ထျန်း မချီးကျူးဘဲ မနေနိုင်ပေ၊ ပင်မကမ္ဘာ၏ ထိုစဉ်က ကမ္ဘာ့ဝိညာဉ်များမှာ တကယ်ပင် အစွမ်းထက်လှသည်။
သို့သော် မကြာမီမှာပင် သူက ယွမ်ဟိုင်၏ တည်နေရာ ကို မသိကြောင်း သတိပြုမိသွားသည်။
ခဏမျှ စဉ်းစားပြီးနောက် သူက လမ်းသွားလမ်းလာ ကျိတာအိုအရှင် တစ်ယောက်ကို တားကာ ယဉ်ကျေးစွာ မေးလိုက်သည်။ “ဒီက မိတ်ဆွေ... ယွမ်ဟိုင်က ဘယ်ဘက်မှာလဲဆိုတာ သိပါရစေ”
ထို ကျိတာအိုအရှင် က ထန်ထျန်းကို အထက်အောက် အကဲခတ်ပြီးနောက် မယဉ်မကျေး ပြောလိုက်သည်။ “လစ်စမ်း”
“ငါ့ကို ထပ်နှောင့်ယှက်ရင် မင်းကို သတ်ပစ်မယ်”
ထန်ထျန်းက အနည်းငယ် ပြုံးလိုက်သည်။
ခဏအကြာတွင်...
“အရှင်... ကျွန်တော် လမ်းပြပါ့မယ်...”
ထို ကျိတာအိုအရှင် မှာ ကြောက်ရွံ့တုန်ရင်နေသော လေသံဖြင့် ပြောလိုက်သည်။
သူ့တစ်ကိုယ်လုံးမှာလည်း ချွေးပြန်နေတော့သည်။