← Chapters

မောက်မာလိုက်တဲ့ လူကလေး...

Vol. 17 Ch. 228

မောက်မာလိုက်တဲ့ လူကလေး...

Vol. 17 Ch. 228

“ငါက မင်းရဲ့ ဆရာဦးလေးနော်”

“ဘယ်လိုတောင် မောက်မာလိုက်တဲ့ လူကလေးလဲ ... မင်းဆရာက ငါ့အဆင့်အတန်း အကြောင်း မင်းကို ပြောမပြထားဘူးလား။ ကောင်းကင်က လူအိုကြီးတွေကလွဲလို့ အေးခဲကောင်းကင် ကလန်ထဲမှာ ငါ့ထက်ပိုမြင့်တဲ့ အဆင့်အတန်းတစ်ခု ရှိသေးလို့လား ...  မင်းတို့ အကြီးအကဲချုပ်ကတောင် ငါ့ကို ဆရာဦးလေးလို့ ခေါ်ရတယ်။ မင်းရဲ့ ဝါစဉ်ကြီးမှုက အကြီးအကဲချုပ်နဲ့ တူတူလောက်ပဲရှိတာ။ ငါ့ကို ဘယ်လို နှုတ်ဆက်ရမလဲဆိုတာ မင်းမသိဘူးလား”

“ကောင်လေး၊ မင်းထက် ဝါစဉ်ကြီးတဲ့လူတွေကို စိတ်မကျေမနပ် ဖြစ်စေခြင်းအားဖြင့် မင်းဘယ်စည်းမျဉ်းတွေ ချိုးဖောက်လိုက်မိပြီလဲ ဆိုတာ ငါမင်းကို ပြောပြမယ်။ မင်းက ကျောင်းတော်ရဲ့ ဒုတိယ၊ ပဉ္စမနဲ့ သတ္တမမြောက် စည်းကမ်းချက်တွေကို ချိုးဖောက်လိုက်တာပဲ”

နဝမတောင်ထွတ်ပေါ်တွင် ထျန်းရှဲ့ကျီသည် သန်းဝေလိုက်ရင်းမှ ပျင်းရိငြီးငွေ့စွာ ပြောလာသည်။ သူ့အသံသည် တော်ရိလျော်ရိနိုင်စွာ ထွက်ပေါ်လာပြီး ခရမ်းရောင်ဝတ်ရုံနှင့် အဘိုးအို၏ အသံကဲ့သို့ လေးနက်တည်ငြိမ်နေခြင်း မရှိသလို အဝေးသို့လည်း ပျံ့လွင့်သွားခဲ့ခြင်း မရှိပေ။

လေထဲမှ ခရမ်းရောင်ဝတ်ရုံနှင့် အဘိုးအိုသည် နဝမတောင်ထွတ်ပေါ်ရှိ ထျန်းရှဲ့ကျီကို တည်ငြိမ်စွာ ငေးစိုက်ကြည့်နေဆဲ ဖြစ်သည်။ အကယ်၍ လုံးဝလိုအပ်နေခြင်း ကြောင့်သာ မဟုတ်လျှင် ဤနဝမတောင်ထွတ်သို့ သူလာလိမ့်မည် မဟုတ်ပေ။ ၎င်းမှာ သူသည် ထျန်းရှဲ့ကျီနှင့် ပတ်သက်သော ကောလဟာလများကို လေးစားမှုရှိသောကြာင့် မဟုတ်ပဲ အမှန်တကယ်ပင် ကျောင်းတော် အတွင်းတွင် ထျန်းရှဲ့ကျီ၏ အဆင့်အတန်းသည် အလွန်မြင့်မားနေ သောကြောင့် ဖြစ်သည်။

သူ ခဏတာ တိတ်ဆိတ်သွားပြီးမှ လက်သီး လက်ဝါးထပ်ကာ ထျန်းရှဲ့ကျီကို နှုတ်ဆက်လိုက်မိ၏။

“ဆရာဦးလေးကို ယွဲ့လောင်ကျီ နှုတ်ဆက်ပါတယ်”

“အင်း ... ဒါကမှ ဟုတ်သေးတယ်။ ငါ ဒီတောင်ကိုရောက်လာတဲ့ အချိန်တုန်းက မင်းကို မွေးပြီးပြီလား ဆိုတာတောင် သံသယဖြစ်မိတယ်။ မင်းက အဲဒီလောက် မရိုင်းစိုင်းပါဘူး။ နောက်တစ်ခေါက်ဆို ပိုပြီးအာရုံစိုက်၊ နားလည်လား”

ထျန်းရှဲ့ကျီသည် မုတ်ဆိတ်ကို ကိုင်လိုက်ရင်းမှ ခရမ်းရောင်ဝတ်ရုံနှင့် အဘိုးအိုကို ခေါင်းညိတ်ပြသည်။

“ဒါဆို ... ကျွန်တော့် တပည့်ကို ပြန်ပေးလို့ရမလား ဆရာဦးလေး။ ကျွန်တော် သူ့ကို ပြန်ခေါ်သွားချင်ပါတယ်”

ခရမ်းရောင် ဝတ်ရုံရှည်နှင့် အဘိုးအိုက ထပ်မံပြောဆိုလိုက်သည်။ သူသည် ထျန်းရှဲ့ကျီ၏ စကားများကို မကြားလိုက်သကဲ့သို့ပင် တည်ငြိမ်နေဆဲ ဖြစ်သည်။

“အိုး ... မင်းရဲ့ ဒုတိယစီနီယာ အစ်ကိုက မင်းတပည့်ကို ပေးတဲ့အပြစ်ဒဏ်နဲ့ ပတ်သက်ပြီး သဘောမတူဘူးလား”

ထျန်းရှဲ့ကျီသည် အံ့အားသင့်ဟန် အမူအရာတစ်ခု ပြုလုပ်လိုက်သည်။

အဘိုးအိုသည် တိတ်ဆိတ်နေဆဲပင် ဖြစ်သည်။ နဝမတောင်ထွတ်မှ လူများ၏ အဆင့်အတန်းသည် ထျန်းရှဲ့ကျီကြောင့် အလွန်အမင်း မြင့်တက်နေသည် ဆိုသော အချက်ကိုတော့ သူလက်ခံရ ပေလိမ့်မည်။ ဥပမာဆိုရလျှင်၊ သူ့တပည့်ကို ဒဏ်ရာရစေခဲ့သော အမျိုးသားသည်... အမှန်တကယ်တော့ သူနှင့်ဝါစဉ် အတူတူပင် ဖြစ်သည် ... သို့သော် သူသည် စီနီယာအစ်ကိုလား၊ ဂျူနီယာ ညီလေးလား ဆိုသည်ကိုတော့ အတိအကျပြောနိုင်ရန် ခက်ခဲပေသည်။

“ထျန်းရှဲ့ကျီ၊ ငါ့မှာ မင်းနဲ့ကစားနေဖို့ အချိန်မရှိဘူး။ ငါ မင်းကို တစ်ခုပဲမေးမယ်၊ မင်းကျီချဲကို သွားခွင့်ပြုမှာလား”

အဘိုးအိုသည် မျက်မှောင် ကြုတ်လိုက်ပြီး သူ့အမူအရာက ဖြည်းဖြည်းချင်း အေးစက်လာခဲ့သည်။ သူသည် လေးစားမှုအား ပြသထားပြီး ဖြစ်သဖြင့် ယခုအချိန်တွင် သူဤကဲ့သို့ ပြောဆိုလျှင်တောင် မည်သူကမှ သူ့အမှားကို ရှာတွေ့လိမ့်မည် မဟုတ်ပေ။

“ဟမ် ... မင်းက ငါ့ကိုကြောက်အောင် ခြောက်နေတာလား ... ငါသူ့ကိုလွှတ်ပေးမှာ မဟုတ်ဘူး။ မလွှတ်ပေးဘူး ... မလွှတ်ပေးဘူး ... မလွှတ်ပေးနိုင်ဘူး...”

ထျန်းရှဲ့ကျီသည် အဘိုးအိုကို ပြန်လည်စိုက်ကြည့်ကာ အပေါ်စီးမှ ပြောဆိုလိုက်သည်။

အဘိုးအို၏ မျက်နှာသည် မည်းမှောင်သွားကာ အေးစက်စက် လှောင်ပြောင်သံတစ်သံ ပြုလုပ်လိုက်သည်။

အဘိုးအိုက တိုက်ခိုက်ခြင်း မပြုခဲ့ပေ။ သို့သော် သူ၏ ထိုအေးစက်စက် လှောင်ပြောင်သံ တစ်သံတည်းကပင် မိုးထစ်ချုန်းသံကဲ့သို့ ထွက်ပေါ်လာကာ နဝမတောင်ထွတ် တစ်ခုလုံးကို တုန်ခါသွားစေသည်။ ရာသီဥတုသည်ပင် ပြောင်းလဲသွားကာ တိမ်စိုင်များ နိမ့်ဆင်းလာသလို၊ လေပြင်းများလည်း တိုက်ခတ်လာပြီး နဝမတောင်ထွတ်ပေါ်ရှိ ရေခဲများတွင်လည်း သေးငယ်သော အက်ကြောင်းများ ပျံ့နှံ့ဖြစ်ပေါ်လာခဲ့သည်။

ထျန်းရှဲ့ကျီ မျက်လုံးများက ပြူးကျယ်သွားကာ တောင်ထိပ်ပေါ်တွင် ရပ်နေရာမှ နောက်သို့ခြေလှမ်း အနည်းငယ်ခန့် အလျင်အမြန် ဆုတ်လိုက်ရပြီး စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။ ထိုအော်ဟစ်သံသည် အလွန်စိတ်သာကရောက်နေဟန်ပေါ်ကာ ကြားလိုက်ရသူများ အနေဖြင့် သူ့အားသနားသွားစေရန် လုံလောက်နေပေသည်။

ဟူကျီသည် သူ့လိုဏ်ဂူအတွင်းသို့ ပြန်ရောက်နေပြီ ဖြစ်သည်။ သူသည် အချိန်ကြာမြင့်စွာ တည်းကပင် ကျီချဲကို သူနှင့်အတူ ခေါ်ဆောင်လာကာ ဘေးသို့ပစ်ချထားခဲ့ပြီး ပျော်ရွှင်စွာ ရယ်မောလျက် အရက် စသောက်နေခဲ့ခြင်း ဖြစ်သည်။

သူ့နားထဲတွင် ထျန်းရှဲ့ကျီ၏ စူးရှစွာအော်ဟစ်သံကို ကြားလိုက်ရချိန်တွင် သူ့အထက်ရှိ ကျောက်သားနံရံကို ဟူကျီ မော့ကြည့်လိုက်မိပြီး သူ့မျက်နှာထက်တွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ဆက် ဟန်ဆောင်နေလိုက် လူအိုကြီးရေ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒါ ခင်ဗျားလုပ်နိုင်တဲ့ အကောင်းဆုံး ဆိုတော့လည်း ... မင်းရဲ့အဘိုးဟူက ... အာ မဟုတ်ဘူး ... အဘိုးဟူရဲ့ မိသားစုထဲက တခြားဘယ်သူကမှ ခင်ဗျားခုနေ့ အဖြူရောင် ဝတ်ထားတာကို မသိဘူးလို့ ထင်မနေနဲ့”

ထိုစူးရှစွာ အော်ဟစ်သံသည် နဝမတောင်ထွတ် တစ်ခုလုံး ပျံ့လွင့်သွားပြီး စုမင်ဘေးတွင် ထိုင်နေသော အစ်ကိုနှစ်၏ နားများထဲသို့လည်း အလားတူပင် ကျရောက်သွားသည်။ သို့သော် အစ်ကိုနှစ်သည် ဘာတစ်ခုမှ မကြားလိုက်သကဲ့သို့ပင် ခေါင်းကိုငုံ့ကာ သူ့ရှေ့မှအပင်များနှင့်သာ ဆက်ကစားနေချေသည်။

“ဆရာ အခုနေ့အဖြူရောင် ဝတ်ထားတာကို ကျွန်တော် မြင်ခဲ့တယ်...”

အစ်ကိုနှစ်သည် သူ၏နူးညံ့ကြင်နာဟန် အမူအရာဖြင့်ပင် ခေါင်းခါယမ်းလိုက်ရင်း သူ့ရှေ့မှအပင်များနှင့် တီးတိုးပြောဆို လိုက်သည်။

တစ်ချိန်တည်းမှာပင် နဝမတောင်ထွတ် အောက်ဘက် ရေခဲပြင်ထဲရှိ အက်ကြောင်းများ အနက်ပိုင်းထဲတွင် တည်ရှိသော ရေကန်ထဲတွင်လည်း မူလက တိတ်ဆိတ် ငြိမ်သက်နေသော ထိုနေရာ၌ ခပ်တိုးတိုးရေရွတ်သံ တစ်ခု ထွက်ပေါ်လာသည်။

“ဆရာက ခုနေ့ အဖြူရောင် ဝတ်ထားတယ် ထင်တယ်။ ဟုတ်တယ်မလား...”

ထိုအသံသည် အစ်ကြီးဆုံး အစ်ကိုကြီး၏ အသံဖြစ်သည်။

နဝမတောင်ထွတ်ပေါ်တွင် ထျန်းရှဲ့ကျီသည် အော်ဟစ်ကာ နောက်ဆုတ်နေရင်းမှ ခရမ်းရောင်ဝတ်ရုံနှင့် အဘိုးအိုသည် သူ့ထံ လျှောက်လာနေသည်ကို မြင်လိုက်ချိန်တွင် ထပ်မံအော်ဟစ် လိုက်ပြန်သည်။

“ရှောင်ဟူ၊ ငါ့ကို ကယ်ပါ။ ငါမင်းဆီက ဝိုင်ကို ထပ်မတောင်းတော့ဘူးလို့ ကတိပေးပါတယ်...”

ဟူကျီသည် လိုဏ်ဂူထဲတွင် သောက်နေရင်းဖြင့် သူ့ရှေ့တွင် လဲလျောင်းနေသော ကျီချဲကို ငေးစိုက်ကြည့် လိုက်သည်။ သူသည် ကျီချဲခေါင်းကို ဖြတ်ရိုက်လိုက်သည်။ ရိုက်လိုက်သော အားသည် အလွန်ပြင်းသဖြင့် ကျီချဲတစ်ယောက် ရုတ်တရက် ထိတ်လန့်သွားရ လေသည်။ ထို့နောက် သူသည် အလွန်အမင်း ဒေါသထွက်စွာဖြင့် ဟူကျီကို စိုက်ကြည့်လိုက်မိ၏။

“ဟမ် ... မင်းက အဘိုးဟူကိုများ ဘယ်လိုတောင် စိုက်ကြည့်ရဲရတာလဲ။ ငါ မင်းကို သတ်ပစ်မယ်”

ဟူကျီသည် သူ့ဆရာ၏ ဒုက္ခရောက်စွာ အော်ဟစ်နေသံကို မစဉ်းစားမိရန် နည်းလမ်းတစ်ခု ရှာတွေ့သွားပုံရသည်။ သူသည် လက်ကိုဆန့်ကာ ကျီချဲ၏ခေါင်းကို နောက်တစ်ကြိမ် ဖြတ်ရိုက်လိုက် ပြန်သည်။

ထျန်းရှဲ့ကျီသည် ထိုစကားတို့ကို အော်ဟစ်ပြီးချိန်၌ အဘိုးအိုသည် သူ့အနီးသို့ နီးကပ်လာပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ အဘိုးအိုသည် နဝမတောင်ထွတ် ပေါ်သို့ပင် ဆင်းသက်လိုက်ပြီ ဖြစ်၏။ ထိုသူသည် တောင်ပေါ်သို့ ခြေချလိုက်ချိန်မှာပင် နဝမတောင်ထွတ်ဆီမှ ကျယ်လောင်သော မြည်ဟည်းသံကြီး ထွက်ပေါ်လာခဲ့သည်။

“နှစ်လေး၊ နှစ်လေး ... ငါမင်းကို သတိပေးနေတာနော်။ မင်း ငါ့ကိုမကယ်ရင်၊ တောင်ပေါ်က မင်းအပင်တွေ အကုန်လုံးကို ဆွဲနှုတ်ပစ်မယ်”

စုမင်ဘေးတွင် ထိုင်နေသော အစ်ကိုနှစ်သည် ဘာမှမကြားဟန်ဖြင့် သူ့ရှေ့ရှိအပင်များကို ကိုင်တွယ်နေရင်း ညင်သာစွာ ခပ်တိုးတိုး ပြောလိုက်သည်။

“လုပ်လေ၊ နှုတ်ပစ်ပေါ့။ ဆရာနှုတ်ပြီးရင် ကျွန်တော်က ပန်းအသစ်တွေ ပြန်စိုက်ရုံပဲ။ အဲဒါက အဆင်ပြေသွားမှာပါ ... ဟုတ်တယ်မလား အငယ်ဆုံးလေး”

အစ်ကိုနှစ်သည် ပြုံးလိုက်ရင်း စုမင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

ဒုတိယတောင်ထွတ်မှ လာသော ခရမ်းရောင်ဝတ်ရုံနှင့် အဘိုးအိုသည် ထျန်းရှဲ့ကျီ အော်ဟစ်နေသည်ကို အေးစက်စွာ စိုက်ကြည့်နေခဲ့၏။ ထို့နောက် သူသည် မျက်မှောင်ကြုတ်ကာ ရှေ့သို့လျှောက်သွားရန် ညာခြေကို မြှောက်လိုက်သည်။

“ပထမဆုံးတပည့်ကြီး၊ မင်းက ဘာလို့ ဒီအချိန်မှာတောင် သီးသန့်နေနေ ရသေးတာလဲ။ မင်းကိုယ်မင်း သီးသန့်တံခါးပိတ် ကျင့်ကြံဖို့လောက်ပဲ မင်းသိတာလား။ မင်းသာ ထွက်မလာရင် မင်းဆရာက သေရတော့မယ်။ မဟုတ်လို့ကတော့ ဝိုင်ကို နွေးအောင်လုပ်ပေးဖို့ ရှောင်ဟူကို မင်းဆီနေ့တိုင်း လွှတ်လိုက်မှာနော်”

နဝမတောင်ထွတ် အောက်ရှိ ရေကန်သည် တိတ်ဆိတ်နေဆဲ ဖြစ်သည်။ အကြီးဆုံး အစ်ကိုကြီးသည် ထိုနေရာကို သူ၏ သီးသန့်နယ်မြေအဖြစ် ရွေးချယ်ခဲ့ခြင်းမှာ သူသည် ကျင့်ကြံခြင်းထဲတွင် နစ်မြုပ်နေဟန်ဖြင့် မည်သည့်အရာကိုမှ မကြားသကဲ့သို့ ဟန်ဆောင်လိုခြင်း ကြောင့်လည်း ဖြစ်ချေသည်။

သို့သော် ထျန်းရှဲ့ကျီအသံသည် အလွန်စိတ်သောက ရောက်ဖွယ် ကောင်းသဖြင့် ခဏကြာပြီးနောက်တွင် ရေကန်အတွင်းမှ သက်ပြင်းချသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။

“ဆရာ ... ပတ်ဝန်းကျင်ကို အရူးလုပ်မနေပါနဲ့တော့...”

ထိုစကားသံသည် ရေကန်အတွင်းမှ ထွက်ပေါ်လာပြီး အပြင်သို့ ပျံ့နှံ့သွားသည်။ ချက်ချင်း ဆိုသလိုပင် ထိုအသံသည် နဝမတောင်ထွတ် တစ်ခုလုံးကို ပဲ့တင်ထပ် ပျံ့နှံ့သွားကာ ဟူကျီနားထဲသို့ပါ ရောက်ရှိသွားပြီး သူ၏ ကျီချဲကို နောက်တစ်ချက် ထပ်ရိုက်ရန်ပြင်နေမှုအား ရပ်တန့်သွားစေသည်။

အစ်ကိုနှစ်သည်လည်း ထိုအသံကို ကြားလိုက်သည်နှင့် သူ့မျက်လုံးများထဲတွင် စူးရှသော အကြည့်တစ်ခု ရုတ်ခြည်း ဖြစ်ပေါ်လာခဲ့သည်။

အဆိုပါအသံသည် ထျန်းရှဲ့ကျီထံ လျှောက်သွားနေသော အဘိုးအိုဆီသို့လည်း ရောက်ရှိသွားသည်။ အဘိုးအို၏ ခြေလှမ်းများသည် တုံ့ဆိုင်းရပ်တန့်သွားပြီး သူ့နှလုံးသားက အထိန်းအကွပ်မဲ့စွာ ခုန်လာခဲ့သည်။ မည်သည့်နေရာက ထွက်ပေါ်လာမှန်း မသိသော အပူလှိုင်းတစ်ခုသည် သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပြီး သူ့ပတ်ဝန်းကျင်ရှိ လေထုသည် ထိုအပူလှိုင်းကြောင့် စတင်ကာတွန့်လိမ် ပုံပျက်လာသဖြင့် အဘိုးအို၏အမူအရာပင် ပြောင်းလဲသွားရသည်။

သို့သော် ထိုအရာများသည် သူ့ကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။ ၎င်းတို့သည် သူ့ပတ်ဝန်းကျင်သို့ လှိုင်းတစ်ခုသဖွယ် ပျံ့နှံ့လာသော ထိုအသံကြောင့်ပင်ဖြစ်ပြီး ၎င်းကြောင့် သူပင် ထိတ်လန့်တုန်လှုပ် သွားရချေသည်။

လေထု၏ တွန့်လိမ် ပုံပျက်မှုများထံမှ သားရဲရိုင်းတို့၏ ခပ်တိုးတိုး ဟိန်းဟောက်သံများကိုပင် သူကြားလိုက်ရ သော်လည်း အခြားသူများကတော့ ထိုပုံပျက်မှုများကိုပင် မမြင်ကြရပါချေ။ အဘိုးအို တစ်ဦးတည်းသာ ထိုအရာကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရခြင်း ဖြစ်သည်။ ထိုအသံကြောင့် အဘိုးအို၏ မျက်နှာ အမူအရာက လေးနက်သွားခဲ့သည်။

“ဖန်တီးမှုရဲ့ အသံ”

အဘိုးအို၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။

သို့သော် ထိုအသံသည် ခဏတာသာ ဖြစ်ပေါ်လာခဲ့ပြီး ဖြည်းညင်းစွာ မှိန်ဖျော့ပျောက်ကွယ် သွားခဲ့သည်။ အဘိုးအိုပတ်ဝန်းကျင်မှ တွန့်လိမ်ပုံပျက်မှု များသည်လည်း သဲလွန်စပင်မကျန်ခဲ့ပဲ လိုက်ပါပျောက်ကွယ် သွားကြသည်။

ထျန်းရှဲ့ကျီသည် ထိုအသံကို ကြားလိုက်ချိန်တွင် သူ့မျက်နှာထက်၌ အံ့အားသင့်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သို့သော် ထိုအသံ ပြန်လည်ပျောက်ကွယ် သွားချိန်တွင်တော့ ဒေါသထွက်နေသော အမူအရာအဖြစ် ပြန်လည် ပြောင်းလဲသွားလေသည်။

“လူလိမ်လူကောက်တွေ ... မင်းတို့ သုံးယောက်လုံးက လူလိမ်လူကောက်တွေပဲ။ အဲဒီလိုမှန်းသာ သိခဲ့ရင် ငါ မင်းတို့ကို တပည့်အဖြစ် မခေါ်ခဲ့ဘူး။ အခုလို အရေးကြီးတဲ့ အချိန်မှာတောင် မင်းတို့က ဘယ်လိုများ ကိုယ့်ဆရာကိုယ် မကူညီပဲ နေနိုင်ရက်ကြတာလဲ။ မင်းတို့က ငါ့ကို ဒေါသထွက်အောင် လုပ်နေကြတာပဲ”

“ဟေး ဂျူနီယာလေး။ ငါ့လက်ကိုသုံးရအောင် တွန်းအားမပေးနဲ့နော်။ ငါမင်းကို ပြောလိုက်မယ်။ ငါသာ တစ်ချက်လေး လှုပ်ရှားလိုက်တာနဲ့ မင်းခွေးတစ်ကောင်လို အမြီးကုပ်ပြီး ပြန်ပြေးရလိမ့်မယ်နော်”

ထျန်းရှဲ့ကျီသည် ညာလက်ကိုမြှောက်ကာ အင်္ကျီရင်ဘတ်ထဲသို့ နှိုက်လိုက်ပြီးနောက် ခရမ်းရောင်ဝတ်ရုံနှင့် အဘိုးအိုကို ကြည့်နေသော သူ့အကြည့်များသည် တဖြည်းဖြည်း တင်းမာခက်ထန် လာခဲ့သည်။

သူ့မျက်နှာထား ပိုမိုတင်းမာခက်ထန် လာသည်နှင့်အမျှ ခြိမ်းခြောက်နိုင်သော ဖိအားတစ်ခုသည်လည်း သူ့ခန္ဓာကိုယ်ထဲတွင် တဖြည်းဖြည်း စုဝေးလာသဖြင့် ဖန်တီးမှု၏ အသံကြောင့် ထိတ်လန့်နေဆဲ ဖြစ်သော အဘိုးအို၏ အမူအရာသည်ပင် တင်းကျပ်လာရ လေသည်။

သူသည် နဝမတောင်ထွတ်ကို သိပ်အလေးမထားသလို ယခုအကြိမ်သည် နဝမတောင်ထွတ်သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းလည်း ဖြစ်သည်။ သို့သော် ယခုသူကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကြောင့် အေးခဲကောင်းကင် ကလန်တွင် ပျံ့နှံ့နေသော နဝမတောင်ထွတ် အကြောင်း ကောလဟာလများအား ပြန်သတိရလိုက် မိချေသည်။

ခရမ်းရောင်ဝတ်ရုံနှင့် အဘိုးအိုသည် ခဏတာ တိတ်ဆိတ်နေပြီးမှ အသံတိုးတိုးဖြင့် ပြောဆိုလိုက်သည်။

“ဆရာဦးလေး၊ ကျွန်တော့်တပည့်ကို လွှတ်ပေးမယ်ဆိုရင် ကျွန်တော်တို့ ချက်ချင်း ထွက်သွားပါ့မယ်။ ပြီးတော့ ဒီကိုလည်း နောက်တစ်ခေါက် ထပ်မလာတော့ပါဘူး။ အဲဒီလိုမဟုတ်ရင်တော့ မင်းနဲ့ပတ်သက်တဲ့ ကောလဟာလတွေက မှန်လားဆိုတာကို စစ်ဆေးကြည့်ရမှာပေါ့။ ဖန်တီးမှုရဲ့အသံက တစ်ခုတည်းဆိုတော့ အဲဒါကို စိတ်ပူစရာ မလိုဘူးလေ”

ပြောပြီးသည်နှင့် ခရမ်းရောင်ဝတ်ရုံနှင့် အဘိုးအိုသည် ထျန်းရှဲ့ကျီထံ လျှောက်သွားလိုက်သည်။ သူ့ခြေလှမ်းတို့သည် မလျင်မြန်သော်လည်း သူရွေ့လျားလိုက် ချိန်တိုင်းတွင် သူ့ခန္ဓာကိုယ်မှ ပျံ့နှံ့ထွက်ပေါ်လာသော ဖိအားကတော့ ပိုမိုသန်မာလာခဲ့သည်။ ပုံရိပ်ယောင်ရုပ်ပုံ တစ်ခုသည်လည်း ကောင်းကင်တွင် ဝိုးတဝါး ဖြစ်ပေါ်လာကာ လျင်မြန်စွာ အကောင်အထည် ပေါ်လာခဲ့လေသည်။

“မင်းက ငါ့ကိုဒီလို လုပ်ခိုင်းတာနော်။ ငါ့ရဲ့ အဖိုးတန်တဲ့ ရတနာလေးကို ကြည့်လိုက်”

ထျန်းရှဲ့ကျီသည် နောက်သို့ နောက်တစ်ကြိမ် ထပ်ဆုတ်လိုက်ပြီး ရင်ဘတ်အတွင်းမှ လက်ကို အလျင်အမြန် ဆွဲထုတ်လိုက်သည်။ သူ့လက်ထဲတွင် ပစ္စည်းတစ်ခု ပါလာခဲ့သည်။ ထိုအရာမှာ တံဆိပ်ပြားတစ်ခုပင် ဖြစ်သည်။

“မောက်မာတဲ့ လူလေး၊ ဒါ ဘာလဲဆိုတာ မင်းသိလား”

ထျန်းရှဲ့ကျီ အော်ဟစ်လိုက်သည်နှင့် ခရမ်းရောင်ဝတ်ရုံနှင့် အဘိုးအိုသည် ရုတ်ခြည်း ရပ်တန့်လိုက်ပြီး ထျန်းရှဲ့ကျီလက်ထဲမှ ပလိတ်ပြားကို ငေးစိုက်ကြည့် လိုက်မိသည်။ ထိုပလိတ်ပြားသည် ခရမ်းရင့်ရောင်ရှိကာ စစ်မှန်သော အေးစိမ့်မှုတစ်ခုကို ထုတ်လွှတ်လျက် ရှိသည်။ ၎င်းသည် အတုတစ်ခုနှင့် မတူသလို အေးခဲကောင်းကင် ကလန်အတွင်းရှိ မည်သူကမှလည်း ထိုပလိတ်ပြားကို အတုလုပ်ရဲလိမ့်မည် မဟုတ်ပေ...

ထျန်းရှဲ့ကျီ၏ အဆင့်အတန်းအား ပြန်လည် သတိရလိုက်မိချိန်တွင် အဘိုးအို၏ အမူအရာတို့ အကြီးအကျယ် ပြောင်းလဲသွား ခဲ့ရချေသည်။ သူသည် နောင်တရသလိုလို၊ မှိုင်တွေငေးငိုင် သွားပြီးနောက် စိတ်ပိုင်းဖြတ် လိုက်ဟန်မျိုး ဖြစ်ပေါ်လာပြန်သည်။ ထိုစိတ်ခံစားချက်များသည် ရောထွေးသွားပြီး နောက်ဆုံးတွင်တော့ ရောရှုပ်နေသော ခံစားချက်များဖြင့် ပြည့်နှက်နေသည့် သက်ပြင်းရှည်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွား ခဲ့တော့လေသည်။

ထို့နောက် သူ လက်သီးနှင့် လက်ဝါးထပ်ကာ ထန်းရှဲ့ကျီကို လေးလေးနက်နက် ဦးညွှတ်အရိုအသေ ပြုလိုက်သည်။

“အေးခဲကောင်းကင် ကလန်ရဲ့ တပည့် တလောင်ကျီက ကလန်ဆရာသခင်ရဲ့ တံဆိပ်ပြားကို နှုတ်ဆက်ပါတယ်။ တံဆိပ်ပြားပိုင်ရှင်ရဲ့ အဆင့်အတန်းက ကလန်ဆရာသခင် ကိုယ်တိုင်ရဲ့ အဆင့်အတန်းနဲ့ အတူတူပါပဲ။ ဒါကြောင့် ကျွန်တော် အဲဒါကိုလက်ခံပါတယ်”

“ဟမ့်၊ ငါဒီတံဆိပ်ပြား ထုတ်ရအောင်အထိ မင်းကများ ဖိအားပေးရဲသေးတယ်။ ငါ မင်းကိုပြောပြမယ်။ အတိတ်တုန်းက ငါ ဒီတံဆိပ်ပြားကိုသုံးပြီး နဝမတောင်ထွတ်ကို ယူထားခဲ့တာ ဆိုတဲ့အကြောင်း မင်းဆရာက မင်းကို ပြောမပြဘူးလား”

“အား ... ဘာပဲဖြစ်ဖြစ်ပါ။ မင်းက မင်းဆရာရဲ့ အချစ်ဆုံးတပည့် မဟုတ်လောက်ဘူး။ မဟုတ်ရင် သူက အခုလို အရေးကြီးတဲ့အကြောင်း မင်းကိုသေချာပေါက် ပြောပြထားမှာပေါ့။ မင်းက နည်းနည်းသနားဖို့ ကောင်းတာပဲ။ ဒီတော့ ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ ... ငါ့ကို ကျောက်ဒင်္ဂါး သန်းနည်းနည်းလောက် ပေးလေ။ အဲဒီလိုဆိုရင် ငါက မင်းအပြစ်ကို မမြင်ချင်ယောင် ဆောင်ပေးလိုက်မယ်”

ထျန်းရှဲ့ကျီသည် ခေါင်းကိုမော့ ရင်ကိုကော့ကာ မာနထောင်လွှားစွာ ပြောဆိုလိုက်သည်။

ခရမ်းရောင်ဝတ်ရုံနှင့် အဘိုးအို၏ အသက်ရှူသံတို့က လျင်မြန်သွားရသည်။ တဖြည်းဖြည်းဖြင့် သူ့မျက်နှာထက်တွင် သွေးကြောများ ထွက်ပေါ်လာသော်လည်း ထျန်းရှဲ့ကျီလက်ထဲမှ တံဆိပ်ပြားကို မြင်လိုက်ချိန်တွင် ထိုဒေါသတို့အား ပြန်လည်မျိုသိပ်ကာ ထျန်းရှဲ့ကျီကို လက်သီးလက်ဝါးထပ်၍ အရိုအသေ ပေးလိုက်ရသည်။

“ဟုတ်ကဲ့ပါ ဆရာ”

ထိုသို့ပြောပြီးသည်နှင့် သူသည် ရုတ်ခြည်း လှည့်ထွက်သွားပြီး အလင်းတန်း တစ်ခုအသွင်ဖြင့် နဝမတောင်ထွတ်မှ ချက်ချင်း ထွက်ခွာသွားလေသည်။ သူသာ အနည်းငယ်ခန့် ဆက်နေမိလျှင် သူ့နှလုံးသားထဲမှ ဒေါသထွက်၍ စိတ်ဆင်းရဲသော ခံစားချက်အား ဆက်လက် မထိန်းချုပ်နိုင်မည်ကို သူစိုးရိမ်နေမိ၏။

သူနှင့် ဝါစဉ်တူသူများသည် အဘယ်ကြောင့် နဝမတောင်ထွတ်ဆီ သွားခဲသည်ကို နောက်ဆုံးတော့ သူနားလည်သွားခဲ့ရပြီ ဖြစ်သည်။ အထူးသဖြင့်တော့ တောင်ထွတ်သခင်များပင် ဖြစ်သည်။ ၎င်းတို့အထဲမှ အများစုသည် နဝမမြောက် တောင်ထွတ်ကို ကွေ့ပတ်သွားရန်သာ ရွေးချယ်ကြပေ လိမ့်မည်။

တလောင်ကျီသည် အခြားအရာများကို သိပ်သတိမပြုမိခဲ့ပေ။ သူသည် အေးခဲကောင်းကင် ကလန်အတွင်းမှ အစွမ်းထက် မာန်စွမ်းအားရှင် တစ်ဦးဖြစ်ကာ ဒုတိယတောင်ထွတ်၏ အဖွဲ့ဝင်တစ်ဦး ဆိုသော်လည်း ဒုတိယတောင်ထွတ်၏ အရှင်သခင်တော့ မဟုတ်ပေ။ ထို့ပြင် သူ၏အချိန်အများစုကို အေးခဲကောင်းကင်မဟာ မျိုးနွယ်စုကြီးတွင်သာ နေထိုင်ခဲ့ခြင်းဖြစ်ပြီး ကျောင်းတော်သို့ မကြာသေးခင်ကမှ ပြန်ရောက်လာခြင်းလည်း ဖြစ်သည်။

နဝမတောင်ထွတ်မှ တလောင်ကျီ ထွက်ခွာသွားချိန်တွင် စင်မြင့်ပေါ်၌ တင်ပျဉ်ခွေ ထိုင်နေသော စုမင်၏ မျက်လုံးတို့ ဖြည်းညင်းစွာ ပြန်ပွင့်လာခဲ့ချေသည်။

***

All Chapters