လူကောင်းလုပ်ရတာ ခက်တယ်
Vol. 72 Ch. 756
အနက်ရောင် ကူးတို့သင်္ဘောတစ်စင်းက အဝါရောင်မြူများထဲမှ ယိမ်းထိုးလျက် ခုတ်မောင်းလာသည်။
၎င်းအပေါ်မှ မီးအလင်းရောင်မှာ အလွန်မှိန်ဖျော့သော်လည်း ငြိမ်းသတ်မထားပေ။ ထိုအလင်းက ပြင်ပမှ ထူးဆန်းကာ ဖရိုဖရဲဖြစ်နေသော အော်ရာအားလုံးကို အပြင်ဘက်တွင် တားဆီးထားပေးသည်။
မကြာမီမှာပင် ၎င်းက ဆိပ်ကမ်းဘေး၌ ဆိုက်ကပ်လိုက်သည်။
ကုန်းကုန်းကွကွ ပုံရိပ်တစ်ခုက သင်္ဘောခန်းထဲမှ အေးအေးလူလူ ထွက်လာသည်။ သူ၏တစ်ကိုယ်လုံးကို ဟောင်းနွမ်းနေသော မီးခိုးရောင် ဝတ်ရုံရှည်ကြီးဖြင့် ဖုံးအုပ်ထားပြီး သင်္ဘောဦးတွင် ကိုယ်ကိုကိုင်းကာ ထိုင်လိုက်သည်။ လူများ ရောက်လာမည်ကို စောင့်ဆိုင်းနေသည့်ပုံပင်။
သို့သော် ကျင့်ကြံသူ အများစုမှာမူ ထိုသင်္ဘောကို မြင်လိုက်ရသည်နှင့် မျက်နှာများ ပျက်သွားကြပြီး တစ်ယောက်ပြီးတစ်ယောက် ဝေးဝေးသို့ ရှောင်ဖယ်သွားကြတော့သည်။
အချို့ဆိုလျှင် မတော်တဆ ထိတွေ့မိမည်ကိုပင် ကြောက်လန့်နေသကဲ့သို့ နောက်လှည့်ကာ အလျင်အမြန် ထွက်ခွာသွားကြသည်။
“အရှင်... ကျွန်တော်တို့လည်း မြန်မြန်သွားကြရအောင်”
ရှင်းယူက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
သို့သော် ထန်ထျန်းကမူ မလှုပ်မယှက်ဘဲ ထိုကူးတို့သင်္ဘောကို ခေတ္တမျှ အကဲခတ်ပြီးနောက် မေးလိုက်သည်။ “ဒီသင်္ဘောက ပင်လယ်မကူးနိုင်ဘူးလား”
ရှင်းယူက အသံတိုးတိုးဖြင့် “ကူးနိုင်ပါတယ်”
“ဒါ့အပြင် သူက အဝါရောင်မြူတွေ ပေါ်လာပြီးရင်တောင် ပင်လယ်ကူးနိုင်တဲ့ တစ်စင်းတည်းသော သင်္ဘောပဲ”
“ဒါပေမဲ့...”
“သူ့နာမည်က ‘သရဲ သင်္ဘော’ တဲ့”
“ဒီသင်္ဘောကို စီးတဲ့သူတွေထဲမှာ ဘယ်သူမှ ကောင်းကောင်းမွန်မွန် အဆုံးသတ်ခဲ့တာ မရှိဘူး”
ထန်ထျန်းက မေးသည်။ “သွားပြီးရင် ပြန်မလာတော့ဘူးလား”
ရှင်းယူက ခေါင်းခါပြသည်။ “မဟုတ်ဘူး”
“သရဲသင်္ဘောက အကြိမ်တိုင်း ပြန်ရောက်လာတယ်၊ ဒါပေမဲ့ အဲ့ဒီပေါ်မှာ ပါသွားတဲ့သူတွေကတော့... တစ်ချို့တစ်လေ ပဲ ပြန်ပါလာတတ်တာ”
“နှစ်ပေါင်း ထောင် ချီပြီး ဒီလိုပဲ ဖြစ်လာတာ၊ ဘယ်သူမှ ချွင်းချက်မရှိဘူး၊ ကျိကျွင်းတွေတောင်မှပဲ”
“အဲ့ဒါက ယွမ်ဟိုင်ရဲ့ အကြီးမားဆုံး နိမိတ်ဆိုးတွေထဲက တစ်ခုပဲ”
“အရှင် ကျွန်တော်နဲ့ တွေ့တာ ကံကောင်းသွားတယ်၊ အခြေအနေကို မသိဘဲ ဒီသင်္ဘောပေါ်ကို ဇွတ်တက်လိုက်မိရင်တော့ တကယ်ကို...”
“အာ... ကျွန်တော်က အရှင့်ရဲ့ ခွန်အားကို သံသယဝင်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ အရင်က တကယ်ကို ကြောက်စရာကောင်းတဲ့ ကိစ္စတွေ အများကြီး ဖြစ်ခဲ့ဖူးလို့ပါ”
“အရင် ထွက်သွားကြရအောင်၊ ကျွန်တော် အရှင့်အတွက် နားခိုဖို့ နေရာကောင်းတစ်ခု ရှာပေးမယ်၊ မနက်ဖြန်ကျရင် အသင့်တော်ဆုံး ကူးတို့သင်္ဘောတစ်စင်း သေချာပေါက် ရှာပေးပါ့မယ်”
ထန်ထျန်းက အသာအယာ ခေါင်းညိမ့်လိုက်သည်။
“ကောင်းပြီ၊ သွားကြစို့”
ထို့နောက် သူတို့က ဟုန်ကျန်း၏ ကူးတို့သင်္ဘောထံမှ ထွက်လာခဲ့ကြသည်။
သို့သော် မည်သူမျှ သတိမထားမိလိုက်သည်မှာ ထန်ထျန်း ထွက်သွားချိန်တွင် ဟုန်ကျန်း၏သင်္ဘောပေါ်မှ ငြိမ်းသွားခဲ့သော မီးအိမ်မှာ အလွန်သေးငယ်သော အလင်းရောင်တစ်ချက် လင်းလက်သွားပြီးနောက် ပြန်လည် ပျောက်ကွယ်သွားခြင်းပင် ဖြစ်သည်။
ဒါက ထန်ထျန်းက သူ့ကို အကွက်ချချင်သည့်အတွက် ပေးလိုက်သည့် သေးငယ်သော အပြစ်ပေးမှုတစ်ခု ဖြစ်သည်။
နောက်တစ်ကြိမ် သူ ပင်လယ်ထွက်သည့်အခါမှ သိပေလိမ့်မည်။
အသက်ဘေး မစိုးရိမ်ရသော်လည်း သူ့အတွက်တော့ ဘယ်တော့မှ မေ့နိုင်မည်မဟုတ်သော အမှတ်တရတစ်ခု ဖြစ်သွားပေလိမ့်မည်။
ဟုန်ကျန်းရှိရာမှ ထွက်လာပြီးနောက် ထန်ထျန်းတို့နှစ်ဦးက ဆိပ်ကမ်းဘေးအတိုင်း လျှောက်လာခဲ့ကြသည်။
သို့သော် ရှင်းယူက မကြာမီမှာပင် ပုံမှန်မဟုတ်သော အခြေအနေတစ်ခုကို သတိပြုမိသွားသည်။
ထန်ထျန်း လျှောက်လှမ်းနေသော အရပ်မျက်နှာမှာ သရဲသင်္ဘော ဆိုက်ကပ်ထားသည့် တည်နေရာ ဖြစ်နေသောကြောင့်ပင်
အစပိုင်းတွင် သူက တိုက်ဆိုင်မှုဟု ထင်ခဲ့သော်လည်း ထန်ထျန်းက သရဲသင်္ဘောနှင့် ပို၍ နီးကပ်လာသည်ကို မြင်သောအခါ ရှင်းယူမှာ ထိတ်လန့်သွားတော့သည်။
“အရှင်”
“ထွက်ရမယ့်လမ်းက ဟိုဘက်မှာပါ”
ရှင်းယူက အလျင်အမြန် သတိပေးလိုက်သည်။
သို့သော် ထန်ထျန်းက အသာအယာ ပြုံးလိုက်ပြီး ပြော၏။ “ငါ အချိန်မရှိဘူး”
“ဒီသင်္ဘောက ပင်လယ်ထွက်နိုင်တယ်ဆိုမှတော့ မနက်ဖြန်အထိ စောင့်နေစရာ မလိုတော့ဘူး”
“သွားပြီး သူ့ကို စကားပြောကြည့်ရအောင်”
ထန်ထျန်း၏ စကားကို ကြားလိုက်ရချိန်တွင် ရှင်းယူ၏ ဦးနှောက်မှာ ဝုန်းခနဲ ဖြစ်သွားတော့သည်။ သူ စောစောက ပြောခဲ့သမျှကို ထန်ထျန်း နားထောင်နေသည်ဟု သူ ထင်ခဲ့မိသည်။
တကယ်တော့... တစ်ဖက်နားက ဝင်ပြီး တစ်ဖက်နားက ပြန်ထွက်သွားတာကိုး
သူက စိုးရိမ်တကြီးဖြင့် ထပ်မံ တားဆီးရန် ပြင်သော်လည်း ထန်ထျန်းက လက်မြှောက်ကာ တားလိုက်သည်။
မတတ်သာသည့်အဆုံး သူလည်း မျက်နှာကို တင်းထားပြီး ထန်ထျန်း၏ နောက်မှ လိုက်လာခဲ့ရသည်။
မကြာမီမှာပင် သူတို့၏ ပုံရိပ်များက ဆိပ်ကမ်းရှိ အခြားသော ကျင့်ကြံသူများ၏ အာရုံစိုက်မှုကို ရရှိသွားသည်။
“ဟားဟား... နောက်ထပ် သေတွင်းထဲ ဆင်းမယ့် လူသစ်တွေပဲ”
“မီးလင်းနေတာက ပင်လယ်ထွက်လို့ရတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ၊ တစ်ဆိပ်ကမ်းလုံးမှာ သရဲသင်္ဘောတစ်စင်းပဲ မီးလင်းနေတာဆိုတော့ ဝေခွဲမရဖြစ်အောင် လုပ်တဲ့နေရာမှာတော့ တကယ် ထိရောက်တယ်”
“သူတို့ကို သတိပေးသင့်သလား”
“ဟင် မင်းက ဘယ်တုန်းက ဒီလောက် စိတ်ကောင်းရှိသွားတာလဲ”
“ဟားဟား... ငါက သတိပေးချင်တာက ဒီသင်္ဘောက ‘ရေစက်ရှိသူ’ ကိုပဲ တင်တာပါ၊ အဲ့ဒီသင်္ဘောရဲ့ ရွေးချယ်ခံရတာက ကံကောင်းခြင်း တစ်မျိုးပဲလို့ ပြောမလို့ပါ”
“ဟားဟားဟား...”
လူအများက အဝေးမှနေ၍ လှောင်ပြောင်နေကြသည်။
သို့သော် မကြာမီမှာပင် တစ်စုံတစ်ယောက်က ရှင်းယူ၏ ပုံရိပ်ကို မှတ်မိသွားသည်။
“အဲ့ဒါ ရှင်းယူဆိုတဲ့ ပါးနပ်တဲ့ အဘိုးကြီး မဟုတ်လား ဘယ်လိုဖြစ်လို့ သူ ဖြစ်နေရတာလဲ၊ သူက သရဲသင်္ဘောရဲ့ အကြောင်းကို မသိတာလား”
“ဒါကတော့...”
“အင်း... ခုနက ငါ ရှင်းယူကို သတိထားမိတယ်၊ သူနဲ့အတူ ပါလာတဲ့လူက သာမန်မဟုတ်ပုံပဲ၊ သူ့ရှေ့မှာ ရှင်းယူက အလွန် နှိမ့်ချနေတာ၊ ကြည့်ရတာ အတင်းအကျပ် အခိုင်းခံနေရတဲ့ ပုံစံမျိုးပဲ”
“ဒါဆိုရင် အဲ့ဒီလူက...”
“ဟားဟား... ကျိကျွင်း ဖြစ်ရင်ရော ဘာဖြစ်မှာလဲ၊ သရဲသင်္ဘောက ကျိကျွင်းတွေရဲ့ ခြေလက် အပိုင်းအစတွေကိုပဲ ပြန်တင်လာခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့တာပဲ”
“သရဲသင်္ဘောရှေ့မှာတော့ အနိုင်မခံအရှုံးမပေးတဲ့ ယုံကြည်ချက်က ကျိကျွင်းတွေအတွက် အားနည်းချက် ဖြစ်သွားတာပဲ”
“အကယ်၍ ရှင်းယူသာ အတင်းအကျပ် အခေါ်ခံရပြီး သရဲသင်္ဘောပေါ် တက်သွားရမယ်ဆိုရင်တော့ ငါတို့ သူ့အတွက် ကြိုပြီး ဝမ်းနည်းပေးရုံပဲ ရှိတော့မှာပေါ့”
လူအများက ဝိုင်းဝန်း ဆွေးနွေးနေကြသော်လည်း အားလုံးက ဘေးကြည့် ကြည့်နေကြရုံသာ။
လူအများ၏ စောင့်ကြည့်မှုအောက်တွင် ထန်ထျန်းတို့နှစ်ဦးက သရဲသင်္ဘော၏ ရှေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
မီးခိုးရောင်ဝတ်ရုံနှင့် ကူးတို့သမားမှာ သင်္ဘောဦးတွင် ထိုင်မြဲထိုင်နေပြီး ရောက်လာသူများအပေါ် မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။
“ပင်လယ်ထွက်မှာလား”
ထန်ထျန်းက မေးလိုက်သည်။
“မင်း သွားချင်တဲ့နေရာကို ငါ လိုက်ပို့ပေးနိုင်တယ်”
အက်ကွဲပြီး နားဝင်မချိုသော အသံတစ်ခု ဝတ်ရုံအောက်မှ ထွက်ပေါ်လာသည်။ သဲပွတ်သံကဲ့သို့ အလွန် စူးရှလှသည်။
ထိုစဉ် ရှင်းယူက ထန်ထျန်းကို ဝိညာဉ်အာရုံဖြင့် လှမ်းပြောသည်။ “အရှင်... သူ့ကို မယုံပါနဲ့”
“သူက လူတိုင်းကို ဒီလိုပဲ ပြောနေတာ၊ လူတိုင်း သွားချင်တဲ့နေရာက အတူတူပဲ ဖြစ်ပါ့မလား”
သို့သော် ဝမ်းနည်းစရာမှာ ထန်ထျန်းက မည်သည့် လှုပ်ရှားမှုမျှ မရှိပေ။
“ဘယ်လောက်လဲ”
သူက တိုက်ရိုက်ပင် မေးလိုက်သည်။
ကူးတို့သမားက လက်ချောင်း တစ်ချောင်း ထောင်ပြလိုက်သည်။
“ကောင်းကင်တာအို ကျောက်စိမ်း ခရစ်စတယ် တစ်တုံး”
ထန်ထျန်းက ရယ်မောလိုက်ပြီး “ဒီလောက်တောင် ဈေးပေါတာလား”
ထို့နောက် သူက လှည့်၍ ရှင်းယူကို ပြုံးလျက် ပြောသည်။ “ဒီလောက် တွက်ခြေကိုက်တာကို မင်းက ငါ့ကို ဘာလို့ မပြောတာလဲ”
ရှင်းယူက ငိုချင်လျက် လက်တို့ ဆိုသလို အပြုံးမျိုးဖြင့် ဘာပြန်ပြောရမှန်း မသိတော့ပေ။
အကိုကြီးရာ... တခြားလူတွေက ၁၀ ဘီလီယံ၊ ၂၀ ဘီလီယံ တောင်းနေတာ၊ ဒီမှာ တစ်တုံးတည်း တောင်းနေတာလေ
မျက်စိကန်းနေရင်တောင် ဒါက တစ်ခုခု မှားနေပြီဆိုတာ သိနိုင်တာပဲကို
သို့သော် ထန်ထျန်းက ကောင်းကင်တာအို ကျောက်စိမ်း ခရစ်စတယ် တစ်တုံးကို တိုက်ရိုက် ထုတ်ပေးလိုက်ပြီး အရောင်းအဝယ် ပြုလုပ်လိုက်သည်။
ရှင်းယူမှာ စိတ်ထဲတွင် ခေါင်းကိုသာ တရစပ် ခါယမ်းနေမိသည်။ သူ အစွမ်းကုန် ကြိုးစားခဲ့ပြီးပြီ၊ သို့သော် ထန်ထျန်းက သေတွင်းထဲ ဇွတ်ဆင်းနေမှတော့ သူလည်း ဘာမှ မတတ်နိုင်တော့ပေ။
သူ့ကိုပါ အတင်းခေါ်မသွားရင် တော်ပါပြီ။
သို့သော် လက်တွေ့မှာမူ... သင် ဘာကို ကြောက်သလဲ၊ အဲ့ဒါကပဲ ရောက်လာတတ်စမြဲပင်။
အရောင်းအဝယ် ပြီးသွားပြီးနောက် ထန်ထျန်းက ရှင်းယူကို တစ်ချက်ကြည့်ပြီး မေးလိုက်သည်။ “လူနှစ်ယောက်ဆိုရင်ကော ဘယ်လောက်လဲ”
ရှင်းယူမှာ ကျောက်ရုပ်ကဲ့သို့ အေးခဲသွားတော့သည်။
ကူးတို့သမားမှာလည်း ခေတ္တမျှ ငြိမ်သွားပြီးနောက် ပြောလိုက်သည်။ “အတူတူပဲ”
ထန်ထျန်းက ပြုံးလိုက်ပြီး ရှင်းယူကို ပြောသည်။ “တကယ်ကို ကောင်းတာပဲ”
“ဒါဆို ငါတို့ အတူတူ သွားကြတာပေါ့”
ရှင်းယူမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး အသိစိတ်မဲ့စွာဖြင့် ထွက်ပြေးရန် ပြင်လိုက်သည်။
သို့သော် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ခုခံ၍မရသော စွမ်းအားတစ်ခုက လွှမ်းခြုံထားသဖြင့် တစ်လက်မမျှပင် မလှုပ်ရှားနိုင်ကြောင်း တွေ့လိုက်ရသည်။
နောက်ဆုံးတွင် ရှင်းယူ၏ အလွန်အမင်း မျှော်လင့်ချက်မဲ့နေသော မျက်ဝန်းများအောက်၌ သူက ထန်ထျန်းနှင့်အတူ မီးခိုးရောင်ဝတ်ရုံ ကူးတို့သမား၏ သရဲသင်္ဘောပေါ်သို့ အတင်းအကျပ် တင်ဆောင်ခြင်း ခံလိုက်ရတော့သည်။
ရှင်းယူမှာ စကားမပြောနိုင်သော်လည်း သူ၏ စိတ်ထဲတွင်မူ ရူးသွပ်မတတ် အော်ဟစ်နေမိသည်။
အကိုကြီးရာ... ကျွန်တော် အစက အရှင့် ကို တစ်ခွန်း ဆဲမိတာကလွဲရင် ကျန်တာတွေ အကုန်လုံးကို အစွမ်းကုန် လုပ်ပေးခဲ့တာပါ
ကျွန်တော်က အရှင့်ကို အသည်းနှလုံးပုံပေးခဲ့တာကို၊ အရှင်ကတော့ ကျွန်တော့် အသည်းနှလုံးကို ထုတ်ပစ်ဖို့ လုပ်နေပြီ
လူကောင်းလုပ်ရတာ တကယ်ကို ခက်ပါလား
လူ့လောကကြီးက တကယ်ကို မရိုးသားတော့ဘူး
သို့သော် ဝမ်းနည်းစရာမှာ သူ မည်မျှပင် အော်ဟစ်နေပါစေ ထန်ထျန်း၏ စိတ်ကို မပြောင်းလဲနိုင်ခဲ့ပေ။
နှစ်ဦးသား သင်္ဘောပေါ်သို့ ရောက်ပြီးနောက် ကူးတို့သမား၏ မောင်းနှင် မှုဖြင့် သရဲသင်္ဘောက တယိမ်းတယိုင်နှင့် ဆိပ်ကမ်းမှ ထွက်သွားခဲ့သည်။
မကြာမီမှာပင် ထိုသင်္ဘောက အဝါရောင်မြူ များကြားထဲ၌ ပျောက်ကွယ်သွားတော့သည်။