← Chapters

ချီလင်အမျိုးသမီး

Vol. 72 Ch. 757

ချီလင်အမျိုးသမီး

Vol. 72 Ch. 757

ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းနေသော အဝါရောင်မြူများကြားတွင် အားနည်းသော အလင်းရောင်လေး လင်းနေသည့် လှေငယ်တစ်စင်းက ဖြည်းညှင်းစွာ ဖြတ်သန်းခုတ်မောင်းနေသည်။

အဝါရောင်မြူများက အလွန်အန္တရာယ်များလှရာ ကျိတာအိုအရှင် အထွတ်အထိပ် အဆင့်ရှိသူများပင် ထိုထဲမှ ဘေးကင်းရန်မလွယ်ကူပေ။

သို့သော် အချိန်မရွေး ငြိမ်းသွားနိုင်ပုံရသည့် ထိုမီးအလင်းရောင်အောက်တွင်မူ လှေငယ်လေးမှာ တစ်စုံတစ်ရာ တိုက်စားခံရခြင်းမရှိဘဲ ဘေးကင်းလုံခြုံနေခဲ့သည်။

မီးခိုးရောင်ဝတ်ရုံနှင့် ကူးတို့သမားက သင်္ဘောပဲ့ပိုင်းတွင် ရပ်ကာ တက်ကို အေးအေးလူလူ လှော်ခတ်နေသည်။

ထန်ထျန်းကတော့ သင်္ဘောဦးတွင် ရပ်လျက် အဆုံးမဲ့ အဝါရောင်မြူများ ဖုံးလွှမ်းနေသည့် ယွမ်ဟိုင်ပင်လယ်ပြင်ကို ကြည့်နေသည်။

ရှင်းယူမှာမူ ထန်ထျန်း၏ ဘေးတွင် ပုံလျက်သား ထိုင်နေပြီး သူ၏မျက်နှာမှာ သေလူတစ်ယောက်ကဲ့သို့ ပြာနှမ်းနေတော့သည်။

အတန်ကြာ ခုတ်မောင်းပြီးနောက် ထန်ထျန်းက လှည့်ကြည့်လိုက်ပြီး ရှင်းယူအပေါ် အကြည့်ရောက်သွားသည်။

“သိပ်ပြီး မကြောက်ပါနဲ့၊ မင်းကို ဘေးကင်းကင်းနဲ့ ပြန်ပို့ပေးပါ့မယ်”

သူက ပြုံးလျက် ပြောလိုက်သည်။

ရှင်းယူက မျက်ခွံကို အနိုင်နိုင်ပင့်ကာ ထန်ထျန်းကို တစ်ချက်ကြည့်ပြီးနောက် တိုးတိုးလေး ပြော၏။ “အမှန်အတိုင်း ပြောရရင်... အရှင်တောင်မှ ဘေးကင်းကင်းနဲ့ ပြန်နိုင်ပါ့မလား မသေချာဘူး”

“ကျွန်တော်...”

“ဘာပဲဖြစ်ဖြစ် ကျွန်တော် မြင်ဖူးသမျှ သရဲသင်္ဘောကို စီးတဲ့ ဝူကျိ ကျိတာအိုအရှင်တွေက ပြန်လာတဲ့အခါ သွေးအလိမ်းလိမ်းနဲ့ ခန္ဓာကိုယ် အပိုင်းအစတွေပဲ ကျန်တော့တာ”

“ဘယ်သူမှ ချွင်းချက်မရှိဘူး”

သူက သူ့ကိုယ်သူ သေရတော့မည်ဟု ထင်နေပုံရသဖြင့် အရင်ကကဲ့သို့ ကြောက်ရွံ့ရိုသေမှုများ မရှိတော့ဘဲ လေသံမာမာဖြင့် ပြောလိုက်ခြင်းဖြစ်သည်။

သို့သော် ထန်ထျန်းက ဂရုမစိုက်ပေ။

ငါက မင်းအတွက် လမ်းပြလုပ်ပေးတာကို၊ မင်းကတော့ ငါ့ကို အတင်းအကျပ် သေတွင်းထဲ ခေါ်လာတယ်

ရှင်းယူအနေဖြင့် ဆဲမလွှတ်သည်မှာပင် သူ၏ စိတ်ဓာတ် သန်မာ လှပြီဟု ဆိုရမည်။

အမှန်စင်စစ် သူလည်း မဆဲရဲပေ။

ဒါပေမဲ့ ထန်ထျန်းက သူ့ကို သေတွင်းထဲ ခေါ်လာခြင်း မဟုတ်ဘဲ လမ်းကြုံရင်း ကံကောင်းမှု တစ်ခုခု ပေးချင်နေခြင်းသာ ဖြစ်သည်။

အစက ကူးတို့သင်္ဘောကို မြင်လိုက်ရကတည်းက ထန်ထျန်းသည် ထိုထဲမှ ပုံမှန်မဟုတ်သော အော်ရာတစ်ခုကို ခံစားမိခဲ့သည်။

နောက်ပိုင်းတွင် သေချာစွာ အတည်ပြုပြီးနောက် ကူးတို့သမား၏ သရုပ်မှန် ကို သူ အကြမ်းဖျင်း ခန့်မှန်းမိသွားခြင်းဖြစ်သည်။

ဤခရီးစဉ်မှာ မည်သည့် အန္တရာယ်မှ ရှိလိမ့်မည် မဟုတ်ပေ။

ကူးတို့သင်္ဘောက ရှေ့သို့ ဆက်သွား နေသည်။

အချိန်မည်မျှ ကုန်ဆုံးသွားသည်မသိ၊ ရုတ်တရက် ရှေ့တွင် ပိတ်ဖုံးနေသော အဝါရောင်မြူများက လုံးဝ ပျောက်ကွယ်သွားတော့သည်။

အနက်ရောင် ပင်လယ်ပြင်ကြီးက ထန်ထျန်း၏ မျက်စိရှေ့တွင် ပေါ်လာသည်။ ၎င်းမှာ အလွန်ကြီးမားသော မှန်နက်ကြီးတစ်ချပ်ကဲ့သို့ ငြိမ်သက်နေပြီး ကူးတို့သင်္ဘောနှင့် ထန်ထျန်း၏ ပုံရိပ်ကို ထင်ဟပ်နေစေသည်။

ကူးတို့သင်္ဘော ဖြတ်သန်းသွားသည့် နေရာ၌သာ လှိုင်းကြက်ခွပ်လေးများ ဖြစ်ပေါ်ပြီး ထန်ထျန်း၏ ပုံရိပ်ကို ဖြည်းဖြည်းချင်း တွန့်လိမ်သွားစေသည်။

သူတို့၏ ခေါင်းပေါ်ရှိ ကောင်းကင်ယံ၌မူ တောက်ပသော ကြယ်တာရာနဂါးငွေ့တန်းကြီး ရှိနေသည်။

ယွမ်ဟိုင်ပင်လယ်၏ ထင်ဟပ်မှုအောက်တွင် ကြယ်အားလုံးက ပင်လယ်ပြင်နှင့် တစ်ဆက်တည်း ဖြစ်နေသကဲ့သို့ ရှိနေပြီး ကြယ်များ ဝန်းရံထားသည့် ပင်လယ်ပြင်ထက်တွင် ခုတ်မောင်းနေရသည်မှာ အလွန်ပင် လှပလွန်းလှသည်။

စိတ်ဓာတ်ကျနေသော ရှင်းယူပင်လျှင် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အလိုအလျောက် ထရပ်မိပြီး မျက်လုံးများထဲတွင် အံ့ဩခြင်းများ ပြည့်နှက်သွားသည်။

“ယွမ်ဟိုင်မှာ ဒီလိုမြင်ကွင်းမျိုး ရှိနေတာလား”

သူက အံ့ဩတကြီး ပြောလိုက်သည်။

ထန်ထျန်းက မေး၏။ “အရင်က မင်း ပင်လယ်ထွက်တဲ့အခါ ဒီလိုမြင်ကွင်းမျိုး မတွေ့ဖူးဘူးလား”

ရှင်းယူက ခေါင်းခါလျက် “ကျွန်တော် ယွမ်မြို့တော်မှာ နေခဲ့တာ နှစ်ပေါင်း တစ်သောင်းကျော်ပြီ”

“ပင်လယ်ထွက်ခဲ့တဲ့ အကြိမ်ရေလည်း မရေမတွက်နိုင်ဘူး”

“ဒါပေမဲ့ ဒီလောက်နှစ်တွေအတွင်း ယွမ်မြို့တော်မှာရော၊ ယွမ်ဟိုင်ပေါ်မှာရော ကြယ်တစ်လုံးတောင် မမြင်ဖူးခဲ့ဘူး”

“ဒီနေရာက အလင်းမဲ့ ကမ္ဘာကြီးလေ”

“ဒါပေမဲ့ အခုတော့... အလင်းမဲ့ကမ္ဘာလို့ ခေါ်ဖို့တောင် မသင့်တော်တော့ဘူးထင်တယ်”

ထန်ထျန်း ခေါင်းညိမ့်လိုက်သည်။

ဤနေရာမှ ကြယ်အလင်းတန်းများက အလွန်တောက်ပလှရာ မဟာကမ္ဘာကြီးတွင် မြင်ရသည်ထက်ပင် ပို၍ လင်းလက်နေသည်။ အလင်းမဲ့ကမ္ဘာဟု မည်သို့ ခေါ်နိုင်တော့မည်နည်း။

သို့သော် ရှင်းယူက အံ့ဩမှုများ ပြီးဆုံးသွားသည့်အခါ သူ၏ စိတ်အခြေအနေမှာ ပို၍ပင် နိမ့်ကျသွားပြန်သည်။

“သရဲသင်္ဘောကို စီးမှ ဒီလိုမြင်ကွင်းမျိုးကို မြင်ရတာပဲ”

“ဒါပေမဲ့ နှစ်ပေါင်း ထောင် ချီအောင် ဘယ်သူမှ ဒီအကြောင်းကို ထုတ်မပြောခဲ့ကြဘူး”

“ဒါက ဘာကို ဆိုလိုသလဲဆိုတော့...”

“ဒါကို မြင်ဖူးတဲ့သူတွေ ဘယ်သူမှ ပြန်မရောက်လာကြလို့ပဲ...”

ထန်ထျန်း တိတ်ဆိတ်သွားသည်။

ထိုအချက်က ယုတ္တိရှိနေသည် မဟုတ်ပါလား။

သို့သော် သူ အများကြီး ရှင်းမပြတော့ပေ။ ရှင်းပြနေလျှင်လည်း ရှင်းယူက ယုံမည်မဟုတ်ရာ အချိန်ကုန်ခံ စကားမပြောတော့ခြင်း ဖြစ်သည်။

အချိန်တန်လျှင် အလိုလို သိသွားပေလိမ့်မည်။

ကူးတို့သင်္ဘောက ကြယ်ပင်လယ်ထဲတွင် ခေတ္တမျှ ဆက်သွား နေသည်။

ရုတ်တရက် ထန်ထျန်းနှင့် ရှင်းယူ၏ နောက်ဘက်တွင် အသက်ရှူသံသဲ့သဲ့ ထွက်ပေါ်လာသည်။

ရှင်းယူက ရုတ်တရက် လှည့်ကြည့်လိုက်ပြီး အော်ဟစ်ကာ ခြေလှမ်းများ ယိုင်နဲ့သွားပြီး သင်္ဘောပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

ထန်ထျန်းလည်း လှည့်ကြည့်လိုက်ရာ ကူးတို့သမားက သူတို့၏ နောက်သို့ မည်သည့်အချိန်က ရောက်နေသည်မသိ။

မီးခိုးရောင်ဝတ်ရုံအောက်မှ မျက်နှာကို မမြင်ရသော်လည်း သွေးရောင်လွှမ်းနေသော သူ၏ မျက်လုံးနှစ်လုံးကတော့ အလွန် ကြောက်စရာကောင်းလှသည်။

“မင်း သွားချင်တဲ့နေရာကို ရောက်တော့မယ်”

ကူးတို့သမားက ပြောလိုက်သည်။

ထန်ထျန်းက အသာအယာ ခေါင်းညိမ့်လိုက်ပြီး ထူးထူးခြားခြား တုံ့ပြန်မှု မရှိပေ။

ကူးတို့သမား ကြိုရောက်နေသည်ကို သူ သိနှင့်ပြီးသား ဖြစ်သည်။

ထန်ထျန်း ခေါင်းညိမ့်လိုက်သည်နှင့် သူတို့စီးနင်းလာသော သင်္ဘောဦးပိုင်းက ရုတ်တရက် အောက်သို့ စိုက်ဆင်းသွားပြီး သင်္ဘောပဲ့ပိုင်းမှာ ကောင်းကင်သို့ မြောက်တက်သွားသည်။

မတ်စောက်လှသော ရေတံခွန်ကြီးတစ်ခုမှ ထိုးဆင်းလိုက်သကဲ့သို့ပင်။

အမှန်တကယ်လည်း ထိုသို့ပင် ဖြစ်သည်။

သို့သော် ထိုးဆင်းသွားသည်မှာ ရေတံခွန်မဟုတ်ဘဲ အောက်ခြေမမြင်ရသည့် နက်မှောင်သော ချောက်နက်ကြီးတစ်ခု ဖြစ်သည်။

ထိုချောက်နက်မှာ ယွမ်ဟိုင်ပင်လယ်၏ အလယ်တွင် ရှိနေသော်လည်း ပင်လယ်မျက်နှာပြင်မှာ အလွန်ပင် ငြိမ်သက်ချောမွေ့လွန်းသဖြင့် အဝေးမှကြည့်လျှင် လုံးဝမမြင်ရဘဲ ချောက်ထဲသို့ ကျခါနီးမှသာ သတိပြုမိနိုင်သည်။

မကြာမီမှာပင် သူတို့က ချောက်နက်ကြီးထဲသို့ တိုက်ရိုက် ထိုးဆင်းသွားကြတော့သည်။

လေပြင်းများ တိုက်ခတ်လာပြီး ကြောက်မက်ဖွယ် ဖရိုဖရဲအော်ရာများက သင်္ဘောပတ်ပတ်လည်တွင် ရူးသွပ်စွာ သောင်းကျန်းနေသည်။

ရှင်းယူက ထိတ်လန့်တုန်လှုပ်နေသော မျက်နှာဖြင့် သင်္ဘောနံရံကို အသေအလဲ ဆုပ်ကိုင်ထားမိသည်။ ဤလေပြင်းထဲသို့ လွင့်စင်သွားမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

ဤနေရာမှ ဖရိုဖရဲအော်ရာများက အဝါရောင်မြူထဲကထက် အဆပေါင်း ထောင်ချီ၍ ပိုမိုပြင်းထန်လှရာ သင်္ဘော၏ အကာအကွယ်မှ ထွက်သွားသည်နှင့် ချက်ချင်းပင် ပြာအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

ထန်ထျန်းနှင့် ကူးတို့သမားမှာမူ ပုံမှန်အတိုင်းပင် သင်္ဘောဦးတွင် ရပ်လျက် သင်္ဘောကြီး ချောက်ထဲသို့ ကျဆင်းနေသည်ကို ငြိမ်သက်စွာ ကြည့်နေကြသည်။

ကျဆင်းသည်မှာ ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့သည်။

ရုတ်တရက် အသံကျယ်ကြီးတစ်ခုနှင့်အတူ ကူးတို့သင်္ဘောက ချောက်အောက်ခြေသို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။

ယိမ်းထိုးနေသော မီးအလင်းရောင်မှာ ပြင်းထန်စွာ လှုပ်ခါသွားပြီး လုံးဝငြိမ်းသွားလုနီးပါး ဖြစ်ခဲ့သော်လည်း နောက်ဆုံးတွင်တော့ တည်ငြိမ်စွာ ပြန်လည်လင်းလက်လာပြီး သင်္ဘောပတ်လည်ရှိ အကန့်အသတ်ရှိသော နေရာလေးကိုသာ အလင်းပေးထားနိုင်သည်။

ပတ်ဝန်းကျင်မှာ ဟာလာဟင်းလင်း ဖြစ်နေသည်။

ထန်ထျန်းက သူ၏ ဝိညာဉ်အာရုံကို ဖြန့်ကျက်လိုက်ရာ ဤနေရာသည် အလွန်ထူးခြားသော နေရာလွတ် နယ်မြေတစ်ခု အတွင်း ရောက်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။

ထိုနယ်မြေအတွင်း၌ ဘာမှမရှိသော်လည်း ပတ်ဝန်းကျင်တစ်ခုလုံးကို အလွန်အင်အားကြီးမားသော အစီအရင်များဖြင့် ဖုံးအုပ်ထားပြီး ပြင်ပလောကနှင့် လုံးဝ ဖြတ်တောက်ထားသည်။

ကျိကျွင်းတစ်ပါး ဖြစ်နေလျှင်တောင် သူ့၏ ကိုယ်ပိုင်ကမ္ဘာနှင့် ဆက်သွယ်ထားသော လမ်းကြောင်းမှတစ်ဆင့် ဤနေရာမှ ထွက်ပြေးရန် မဖြစ်နိုင်ပေ။

ခေတ္တမျှ အကဲခတ်ပြီးနောက် ထန်ထျန်းက ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ဒါဆို... ဒါက အဲ့ဒီလူတွေ အထဲထိ စူးစမ်း တာကို တားဆီးထားတဲ့ မင်းရဲ့ နည်းလမ်းပေါ့”

ကူးတို့သမားက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လက်တစ်ချက် ဝှေ့လိုက်ရာ ဘေးနားရှိ ရှင်းယူမှာ အပြင်ဘက်သို့ တွန်း ခြင်း ခံလိုက်ရသည်။

ထို့နောက် သူက ခေါင်းပေါ်မှ မီးခိုးရောင်ဝတ်ရုံကို ဖယ်ရှားလိုက်သည်။

အလွန်လှပပြီး သေသပ်သော မျက်နှာတစ်ခု ထန်ထျန်း၏ ရှေ့မှောက်တွင် ပေါ်လာသည်။

ကူးတို့သမားမှာ အမျိုးသမီးတစ်ဦး ဖြစ်နေခြင်းပင်။

သို့သော် သူမက လူသားမျိုးနွယ် မဟုတ်ပုံရပေ။

သူမ၏ ပါးပြင်နှစ်ဖက်တွင် သေးငယ်နုနယ်သော အကြေးခွံလေးများမှာ သဘာဝအလျောက် ရှိနေသည်။

သူမ၏ မျက်လုံးများမှာ သွေးရောင်ဖြစ်သော်လည်း မီးခိုးရောင်ဝတ်ရုံ မရှိတော့သည့်နောက်တွင်မူ ကြောက်စရာမကောင်းတော့ပေ။

သို့သော် အာရုံအဖမ်းစားဆုံးမှာ သူမ၏ ဦးခေါင်းပေါ်ရှိ နက်မှောင်သော ဦးချိုရှည်တစ်စုံပင် ဖြစ်သည်။

အကယ်၍ မှားမသွားဘူးဆိုလျှင် ၎င်းမှာ ချီလင်ဦးချို တစ်စုံပင် ဖြစ်ပေလိမ့်မည်။

“ချီလင်မျက်လုံးကို ယူဖို့ ကြိုးစားတဲ့သူတွေ အများကြီးပဲ”

“ကျွန်မ အဖေ ရဲ့ ဂူဗိမာန်ကို သေချာ စောင့်ရှောက်ရမယ်”

သူမ၏ အသံမှာ နူးညံ့သော်လည်း တောင်ကြီးတစ်လုံးကဲ့သို့ ခိုင်မာလှသည်။

ထန်ထျန်းက တိတ်ဆိတ်သွားပြီး မေးလိုက်သည်။ “စောင့်နေတာ ဘယ်လောက်ကြာပြီလဲ”

ချီလင်အမျိုးသမီးက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ဖြေလိုက်သည်။ “အဖေ သေဆုံးသွားတဲ့ နေ့ကစပြီး တွက်မယ်ဆိုရင်...”

“နှစ်ပေါင်း သန်း ၂၀ ရှိပါပြီ”

All Chapters