ထူးဆန်းသော နတ်ဆိုးသုတ်သင်ရေးဌာန
Vol. 96 Ch. 952
"မသေမျိုးမိတ်ဆွေရှန်း... ဒီနွမ်းပါးတဲ့ဘုန်းကြီးလေးအနေနဲ့ ဟိုရွှေရောင်စာအုပ်ကိုပြန်အပ်ဖို့လိုသေးတာမို့၊ဒီမှာ အကြာကြီး မနေတော့ပါဘူး။"
အပြင်ဘက်တွင် ဆရာတော် ကျစ်ခုန်းက လာရောက်နှုတ်ဆက်သည်။
အင်ပါယာမင်းဆက်မှ လူများက လောကီရေးရာတွင် အလွန်ပါးနပ်ကြ၏။ အကျိုးကျေးဇူးကြီးကြီးမားမားမရလျှင် နတ်ဆိုးကောင်တစ်ကောင်ကို မည်သူကယုံကြည်ကြမည်နည်း။
ဝိညာဉ်အလင်းကြွက်နတ်ဆိုးမှာ သူ့ကိုကပ်ဘေးဒုက္ခဝေဒနာများအား ဝေမျှပေးနိုင်သည့်အပြင် အရေးကြီးသော ရွှေရောင်ကျမ်းစာအုပ်အားလည်း ရှာဖွေပေးခဲ့သည်။
ရွှေမှာတန်ဖိုးရှိသော်လည်း ၎င်းပေါ်တွင်ထွင်းထုထားသောစာများက ပို၍ပင်တန်ဖိုးကြီးပါသေးသည်။
ထိုအရာမှာ မပြည့်စုံသော်လည်း ရှန်းယီအား ကပ်ဘေးဒုက္ခများကိုဖြတ်ကျော်စဉ် သူ၏ဝိညာဉ်ကို ကာကွယ်ရန်နှင့် မိုးမြေ၏သဘောတရားကိုနားလည်စေခဲ့သည့် ကပ်ဘေးဒုက္ခသုံးသွယ်ကြာပန်းပလ္လင်နည်းစနစ်ပင် ဖြစ်ပေသည်။
ယခုအခါ ထိုအရာတို့ကို အကုန်ပြန်သိမ်းခြင်းမှာ ဆရာတော်ကျစ်ခုန်းက လွန်စွာကပ်စေးနဲနေခြင်း မဟုတ်ပေ။
ဤကဲ့သို့သောကျင့်စဉ်မျိုးမှာ အတွေ့အကြုံရှိသော ကျင့်ကြံသူများပင် သတိမထားပါက လမ်းလွဲသွားနိုင်ရာ သာမန်လူများကမပြည့်စုံသောအရာကို လက်ဝယ်ထားရှိပါက ပို၍ပင်အန္တရာယ်များနိုင်သည်။
အကယ်၍ ကျမ်းစာများလေ့ကျင့်နေစဉ်အတွင်း လောဘကိုမထိန်းချုပ်နိုင်ဘဲ လိုအပ်သည်ထက် ပို၍ကြည့်မိပါက အကျိုးဆက်မှာမှန်းဆ၍ပင် ရနိုင်မည်မဟုတ်ပေ။
၎င်းအပြင်...
ဘုန်းကြီးလေး ကျစ်ခုန်းက ခေါင်းကိုအနည်းငယ် မော့ကာကြည့်လိုက်ရာ သူ၏အကြည့်မှာ အမိုးကို ဖောက်ထွက်၍ကောင်းကင်ယံရှိ ခန့်ညားထည်ဝါသော ဧကရာဇ်ချီများထံ စူးစိုက်ရောက်သွားလေသည်။
သူ၏စိတ်ထဲတွင် စိုးရိမ်စိတ်တစ်ခုက တိတ်တဆိတ်ရိုက်ခတ်သွားခဲ့၏။
မကြာသေးမီက ဗောဓိဂိုဏ်းကဲ့သို့သော ဂိုဏ်းကြီးများအတွင်း၌ပင် ဤကဲ့သို့သောကျင့်စဉ်ခိုးယူမှုများပြားလာခဲ့ရာ ဂိုဏ်းအစောင့်အရှောက်ဘုန်းကြီးများ အားလုံးတစ်ပြိုင်နက်တည်းအိပ်ပျော်နေကြသကဲ့သို့ပင်။
သူက သာမန်ကျင့်ကြံသူတစ်ဦးသာဖြစ်သဖြင့် မကြာခဏဖြစ်ပွားနေသော မတော်တဆမှုများအကြောင်းကိုမသိရှိသော်လည်း ဤလှပသော သေမျိုးလောကကြီးကို မနှောင့်ယှက်မိစေရန်သာ သူ မျှော်လင့်မိလေ၏။
"ဆရာတော် ကျစ်ခုန်းကို နှုတ်ဆက်ပါတယ်"
ရှန်းယီကလည်း ပြန်လည်အရိုအသေပေးလိုက်သည်။ မြေစောင့်မသေမျိုး၏သတိပေးချက်မရှိလျှင်ပင် သူက ဆရာတော် ကျစ်ခုန်းနှင့် အလွန်အမင်းနီးစပ်အောင်လုပ်လိမ့်မည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ ဗောဓိဂိုဏ်းမှကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ခဲ့ပြီးကာစဖြစ်ရာဂိုဏ်းအတွင်းသို့ ဝင်ရောက်လိုသည်ဖြစ်စေ၊တစ်ခုခု ရယူလိုသည်ဖြစ်စေ၊ကိစ္စရပ်များအားလုံးတည်ငြိမ်အေချမ်းသွားသည်အထိအချိန်စောင့်ဆိုင်းသင့်ပေသည်။
ဤအချက်ကြောင့်လည်း ရှန်းယီက အကျိုးခံစားခွင့်များကိုမမေးမြန်းဘဲ နတ်ဆိုးသုတ်သင်ရေးဌာနသို့ ဝင်ရောက်ခဲ့သည့် အကြောင်းရင်းဖြစ်သည်။
အကယ်၍ ထိုဘုန်းကြီးများက သူ့ကိုလိုက်ရှာလာပါက ဂိုဏ်းကြီးသုံးခုကိုဆန့်ကျင်ရန် တည်ထောင်ထားသည့် နတ်ဆိုးသုတ်သင်ရေးဌာနမှလွဲ၍ အခြားသောအင်အားစုအများစုမှာ သူ့ကို ဖမ်းဆီးအပ်နှံရန်သာကြိုးပမ်းကြပါလိမ့်မည်။
"ဟူး..."
ဆရာတော် ကျစ်ခုန်း တည်းခိုခန်းမှထွက်ခွာသွားသည်ကိုကြည့်ပြီးနောက် ရှန်းယီက လှည့်၍ သူ၏ အခန်းအတွင်းသို့ ပြန်ဝင်လာခဲ့သည်။
သူ တံခါးပိတ်ရန်လက်လှမ်းလိုက်စဉ် ဝိညာဉ်အလင်းကြွက်နတ်ဆိုး၏အလျှင်စလိုသော သတိပေးချက်ကြောင့် သူ၏ခန္ဓာကိုယ်မှာ ရုတ်တရက်တောင့်တင်းသွားခဲ့၏။
"သခင်... သတိထား"
ရှန်းယီ၏အကြည့်များမှာ နက်မှောင်သွားပြီး နောက်သို့လှည့်ကြည့်လိုက်ပါသည်။
သူ၏ကုတင်ပေါ်တွင် အစိမ်းရင့်ရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည်လူရိပ်တစ်ခု ထွက်ပေါ်လာခဲ့၏။ သူမက ဖြူဝင်းသောခြေတံများကိုပေါ့ပေါ့ပါးပါးပင် ချိတ်၍ထိုင်နေလေသည်။
ထိုအမျိုးသမီး၏ရုပ်ရည်မှာ ကျော့ရှင်းလှပပြီး ရှန်းယီကို စိတ်ဝင်တစားကြည့်နေခဲ့၏။ သူမ၏အောက်တွင်မူ မသေမျိုးကြိုးဖြင့် တင်းကြပ်စွာ ချုပ်နှောင်ခံထားရပြီး အဆောင်စာလုံးများဖြင့် ပါးစပ်ပိတ်ခံထားရသော အဖြူရောင် ဝတ်စုံဝတ်အမျိုးသားတစ်ဦးရှိနေသည်။
သူက တစ်ကိုယ်လုံးချွေးများ ရွှဲနစ်နေကာ တုန်ယင်နေပြီး သူ၏ညည်းတွားသံများမှာ အသနားခံနေသည့်အလား ထွက်ပေါ်နေလေသည်။
"ရှင်က မြေစောင့်မသေမျိုးအကြံပြုထားတဲ့ နတ်ဆိုးသုတ်သင်သူလား"
ရှန်းယီ၏ပြန်လည်ဖြေကြားမှုကို မစောင့်ဘဲ ထိုအမျိုးသမီးက အလွန်ထူးခြားသော အငွေ့အသက်များရှိသည့်ဓားရှည်တစ်လက်ကို လှမ်းပစ်ပေးကာ သူမကိုယ်သူမ မိတ်ဆက်လိုက်၏။
"ကျွန်မက ယဲ့ကျင်း... ကျန်းယန်စီရင်စုရဲ့ နတ်ဆိုးသုတ်သင်ရေးအရာရှိပဲ။သူ့ကို ခေါင်းဖြတ်လိုက်၊ ဒါဆိုရင် ကျွန်မရှင့်ကိုလက်ခံမယ်"
ထိုစကားကိုကြားသောအခါ ကြမ်းပြင်ပေါ်ရှိ အဖြူရောင်ဝတ်စုံဝတ်အမျိုးသားက အသည်းအသန် ရုန်းကန်တော့သည်။ တုန်ခါသံများ ကျယ်လောင်လာပြီး သူ၏ညည်းတွားသံများမှာလည်း ပိုမိုစူးရှလာခဲ့၏။
သုံးရက်တိုင်တိုင်စောင့်ဆိုင်းခဲ့ပြီးနောက် နောက်ဆုံးတွင် နတ်ဆိုးသုတ်သင်ရေးဌယနမှ လူ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
သို့သော် ရှန်းယီက သူ၏လက်ထဲရှိ ဓားကို တစ်ချက်မျှသာကြည့်လိုက်ပြီး "သူက ဘယ်သူလဲ" ဟု မေးလိုက်သည်။
"အဲဒါက ရှင်နဲ့ ဘာဆိုင်လို့လဲ"
ယဲ့ကျင်းက သူမ၏လက်ဖဝါးများကို ကုတင်စောင်းတွင်ထောက်ကာ ကိုယ်ကို အနည်းငယ်မတ်လိုက်သည်။
သူမ၏လေသံမှာ ယခင်ကထက် ပို၍အေးစက်သွားပြီး "ရှင့်မှာ မွေးရာပါသတ်ဖြတ်ခြင်းကံကြမ္မာ ပါလာတယ်လို့ မြေစောင့်မသေမျိုးက ပြောတယ်၊ ကျင့်ကြံသူတစ်ယောက်ကိုသတ်ရတာ ရှင့်အတွက် မခက်ခဲသင့်ပါဘူး"
"သူက ဘယ်သူလဲ"
ရှန်းယီက ဘာမှမသိသလိုဟန်ဆောင်ကာ သူ၏မေးခွန်းကိုပင် ထပ်မံမေးမြန်းလိုက်၏။
ယဲ့ကျင်းက ခဏမျှတိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင်ထရပ်ကာ ထိုလူငယ်၏ဘေးတွင် လှည့်ပတ်ကာလျှောက်လှမ်းနေလိုက်သည်။
"သူက ဂိုဏ်းသုံးခုထဲကတစ်ဂိုဏ်းရဲ့တပည့်ပဲ၊ ငါတို့ နတ်ဆိုးသုတ်သင်ရေးဌာနကို ဝင်ချင်လို့တဲ့။ ဒါက သူ့ရဲ့သစ္စာခံမှု ပြသခြင်းပဲပေါ့"
မည်သို့ပင်ဖြစ်စေ သူက တာအိုနယ်ပယ် ကျင့်ကြံသူတစ်ဦးသာဖြစ်သည်။
အခြားနေရာများတွင်မူ သူက အောင်မြင်သော တာအိုပညာရှိတစ်ဦးဖြစ်နိုင်သော်လည်း အင်ပါယာမင်းဆက်တွင် နတ်ဆိုးသုတ်သင်သူဖြစ်လာရန်အတွက်မူ သူ၏အရည်အချင်းမှာ အနည်းငယ် လိုအပ်နေသေးသည်။
သို့သော် သူက ကျန်းယန်စီရင်စု မြေစောင့်မသေမျိုး၏အကြံပြုချက်ကိုရရှိထားသဖြင့် သူ့တွင် ထူးခြားသောအရည်အချင်း တစ်ခုခုရှိရပေမည်။ အကယ်၍ သူကမသန်မာဘူးဆိုလျှင်ပင် အနည်းဆုံးတော့ အလွန်သတ္တိရှိသူဖြစ်ရလိမ့်မည်။
"..."
ရှန်းယီက ဓားကိုပေါ့ပေါ့ပါးပါးပင် ကိုင်ထားရင်း ထိုအမျိုးသား၏ဘေးသို့ လျှောက်သွားလိုက်သည်။
ဓားထံမှ အေးစက်သောအလင်းရောင်တလက်လက်ထလာသည်နှင့်အမျှ ထိုအမျိုးသားက ထိတ်လန့်တကြားမော့ကြည့်လိုက်ပြီး သူ၏မျက်ဝန်းများတုန်ယင်နေကာ ရှန်းယီ၏ ချောမောသောမျက်နှာထံသို့ စိုက်ကြည့်နေခဲ့မိသည်။
သူက ရှန်းယီ၏မျက်နှာပေါ်တွင် ကရုဏာနှင့် သက်ဆိုင်သောမည်သည့်ခံစားချက်ကိုမျှ မတွေ့ရဘဲ သတ်ဖြတ်ခြင်းအပေါ်လျစ်လျူရှုထားသော အမူအရာကိုသာ မြင်တွေ့လိုက်ရလေ၏။
သို့သော် သူ၏လည်ပင်းကို ဓားဖြင့် ပိုင်းဖြတ်လိုက်သည့်ပြင်းထန်သောနာကျင်မှုကို သူ မခံစားလိုက်ရပေ။ သူ၏နားထဲတွင် ကြည်လင်သောအသံတစ်ခုကိုသာ ကြားလိုက်ရပါသည်။
"သူဘာအပြစ် လုပ်ထားလို့လဲ"
ရှန်းယီက ဓားဖျားကိုအနည်းငယ်ကြွလိုက်ရင်း ထိုအမျိုးသား၏နဖူးထံသို့ ချိန်ရွယ်လိုက်သည်။
"မေးခွန်းတွေများလှချည်လား"
ယဲ့ကျင်းက စိတ်မရှည်စွာဖြင့်မျက်ခုံးပင့်လိုက်ရာ သူမ၏လှပသောမျက်နှာမှာ ပို၍အေးစက်လာခဲ့သည်။
"နတ်ဆိုးသုတ်သင်သူတစ်ယောက်အနေနဲ့ ရှင့်ရဲ့ အထက်လူကြီးခိုင်းတာကိုပဲလုပ်စမ်းပါ။ ကျွန်မတို့က သတ်ခိုင်းရင်သတ်လိုက်၊သူက ကျင့်ကြံခြင်းတွေ အကုန်ဖျက်ဆီးခံထားရပြီးသားပဲ၊ဒါက လွယ်လွယ်လေးပါ၊ဘာလို့ ဒီလောက်တောင် လေရှည်နေရတာလဲ"
"ဒါမှမဟုတ် ရှင်က ဂိုဏ်းတွေကိုရန်မစရဲတာလား"
သူမက သူမ၏အသံကို နှိမ့်လိုက်ပြီး အထင်သေးသောအမူအရာဖြင့် သူ၏ရှင်းပြချက်ကို စောင့်ဆိုင်းနေလေသည်။
နောက်တစ်ခဏတွင် ယဲ့ကျင်း၏အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့၏။
ထိုလူငယ်က လက်ကိုပေါ့ပေါ့ပါးပါးဝေ့ယမ်းလိုက်သည်နှင့် ဓားက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူမ၏ဓားအိမ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားသည်ကို သူမ မြင်တွေ့လိုက်ရသည်။
"ဒါက ဘာသဘောလဲ"
ယဲ့ကျင်းက ဓားရိုးကိုတင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။
ရှန်းယီက ဘာမှပြန်မပြောဘဲ သူ၏ဝတ်ရုံလက်များကိုယမ်းလိုက်ကာ ဧည့်သည်ကို ပြန်လွှတ်သည့် အမူအရာဖြင့် လက်တစ်ဖက်ကိုမြှောက်ပြလိုက်လေသည်။
"သေချာ စဉ်းစားဦးနော်၊ ရှင့်မှာ အခွင့်အရေး တစ်ကြိမ်ပဲ ရှိတာ..."
ယဲ့ကျင်းက တစ်ခုခုဆက်ပြောရန် ကြိုးစားလိုက်သော်လည်း ထိုလူငယ်ကသက်ပြင်းတစ်ချက်ကို တိုးတိုးလေးချလိုက်ကာ ကြမ်းပြင်ပေါ်ရှိ အမျိုးသားကို ဆွဲယူ၍ တံခါးအပြင်ဘက်သို့ ပစ်ထုတ်လိုက်သည်ကို သူမ မြင်လိုက်ရသည်။
"ပြန်တော့... လိုက်မပို့တော့ဘူး"
ရှန်းယီက အလုပ်တစ်ခုလိုအပ်သည်မှာအမှန်ပင် ဖြစ်ပြီး အလုပ်ကြမ်းများကိုလုပ်ရန်ဝန်ရန်လည်းမလေးပေ။
သို့သော် အခြေခံအချက်မှာ သူက အင်ပါယာမင်းဆက်အပေါ် ကောင်းမွန်သောအမြင်ရှိနေသေးပြီး အလုပ်ကြမ်းဟူသည်မှာလည်း မသေမျိုးခုံရုံးအား အသိမပေးဘဲအန္တရာယ်ပေးနေသောကျင့်ကြံသူအုပ်စုများကို အမြစ်ပြတ်သုတ်သင်ခြင်းမျိုးသာ ဖြစ်ရပေလိမ့်မည်။