သွေးလွှမ်းလနှင့် နက်မှောင်တောင် ရုပ်ပုံ
Vol. 17 Ch. 229
စုမင် မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် သူ့မျက်လုံးများ အတွင်း၌ တောက်ပသော အလင်းတဖြာ ဖြစ်ပေါ်လာခဲ့သည်။ သို့သော် ထိုအလင်းသည် ချက်ချင်း ပြန်လည် မှိန်ဖျော့ပျောက်ကွယ် သွားသည်။ တစ်ချိန်တည်းမှာပင် သူ့ကိုယ်ပေါ်၌ စုဝေးနေသော ထူထဲသည့် နှင်းများသည်လည်း လွင့်ပျံလာကာ သူ့ကိုဝန်းရံရင်း ဖြည်းညင်းစွာ စတင်လှည့်ပတ် လာခဲ့သည်။
သူ့ဘေးတွင် ထိုင်နေသော အစ်ကိုနှစ်သည်လည်း အပြုံးလေးတစ်ခုဖြင့် စုမင်ကို သေချာစိုက်ကြည့် နေလေသည်။
ထိုအချိန်တွင် ဂုဏ်ယူနေသော အမူအရာဖြင့် တံဆိပ်ပြားကို ပြန်လည် သိမ်းဆည်းလိုက်သော ထျန်းရှဲ့ကျီသည်လည်း ပြောင်းလဲမှုများကို သတိပြုမိလိုက်ကာ စုမင်ထံ လှမ်းကြည့်လာခဲ့သည်။ ထိုလူငယ်လေးသည် ယခင်ပုံစံနှင့် အလွန်ခြားနားသွားဟန် ပေါ်နေသဖြင့် ထျန်းရှဲ့ ကျီမျက်နှာ အမူအရာတို့ တဖြည်းဖြည်း လေးနက်လာရသည်။
တစ်ချိန်တည်းမှာပင် မူလက သူ့လိုဏ်ဂူထဲတွင် ထိုင်နေသော ဟူကျီသည်လည်း အပြင်သို့ လျှောက်ထွက်လာခဲ့သည်။ သူသည် လိုဏ်ဂူ အပြင်တွင်ရပ်လျက် တောင်စောင်းရှိ စင်မြင့်ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။
နဝမတောင်ထွတ် အောက်ဘက် ရေခဲအလွှာထဲရှိ ရေကန်ဆီမှလည်း ထိုအရပ်မျက်နှာသို့ပင် အာရုံစူးစိုက်သော အကြည့်တစ်ခု ထွက်ပေါ်လာခဲ့သည်။
စုမင် မျက်လုံးများသည် ပွင့်ဟလာခဲ့သော်လည်း သူ့အကြည့်ထဲတွင်တော့ အေးဆေး တည်ငြိမ်မှုများသာ ရှိနေခဲ့သည်။ ထိုတည်ငြိမ်မှုသည် သူယခင်က တည်ငြိမ်ရန် ကြိုးစားကာ နေခဲ့ပုံနှင့်တော့ ကွဲပြားခြားနား နေလေသည်။ ယခုအချိန်တွင် သူ့စိတ်ထဲ၌ ငြိမ်သက်မှု တစ်ခုတည်းသာ ရှိနေခဲ့သည်။ ထိုငြိမ်သက်မှုသည် သူ့ရှေ့တွင် တောင်များပြိုကာ မြေများ အက်ကွဲသွားလျှင်ပင် အနှောင့်အယှက် ခံရလိမ့်မည် မဟုတ်ပေ။
သူ့အား ယခုလို တည်ငြိမ်အေးချမ်းသော အခြေအနေထဲတွင် နေထိုင်နိုင်ရန် ပြုလုပ်ပေးနေသော အရာများသည် သူ့ရှေ့ရှိ ဆီးနှင်းပွင့်များပင် ဖြစ်သည်။ ထိုဆီးနှင်းပွင့်များသည် သူ့ပတ်လည်တွင် လွင့်မျောကခုန် နေကြသည်။ ထို့နောက် စုမင်သည် ညာဘက်လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်သည်နှင့် ၎င်းတို့သည် ချက်ချင်း စုဝေးလာကြပြီး စုမင် လက်ချောင်းများ အတွင်း၌ ဆီးနှင်းစုတ်တံ တစ်ချောင်းအသွင် ပြောင်းလဲသွား ခဲ့ကြသည်။
စုမင် စုတ်တံကို ကိုင်လိုက်ပြီးချိန်တွင် သူ့ရှေ့ရှိလေထဲတွင် စုတ်ချက် တစ်ချက်ကို ရေးဆွဲလိုက်သည်။
သူနောက်ထပ် စုတ်ချက်အနည်းငယ် ထပ်မံရေးဆွဲလိုက်ပြီး စုတ်တံအဖျား ဖြတ်သွားသော နေရာတိုင်းတွင် ဆီးနှင်းများ လွင့်မျောလာကြသည်။ စုတ်ချက် တစ်ချက်စီတိုင်းတွင် သူ့ရှေ့ရှိလေထုသည် ပန်းချီဆွဲရန် အောက်ခံအစ တစ်ခုသဖွယ် ပြောင်းလဲလာပြီး ထိုအောက်ခံစပေါ်တွင် တောင်တစ်လုံး၏ ရုပ်ပုံကပေါ်လာခဲ့သည်။
တောင်ပုံ၏ မျဉ်းကြောင်းများသည် နှင်းများမှ ပုံပေါ်လာခြင်းဖြစ်ကာ လေထဲတွင် လွင့်မျောနေချေသည်။ ထိုအရာသည် သာမန်ရုပ်ပုံကားချပ် တစ်ခုနှင့် တူသော်လည်း တစ်စုံ တစ်ယောက်သည်သာ ၎င်းရုပ်ပုံကို အချိန်ကြာမြင့်စွာ အာရုံစိုက် ကြည့်မည်ဆိုလျှင် ထိုတောင်က အသက်ဝင်နေသည်ဟု သူတို့ စတင်ခံစားလာရလိမ့်မည် ဖြစ်သည်။
ဤတောင်ကို ဆွဲလိုက်ချိန်တွင် စုမင်နှလုံးသားသည် တည်ငြိမ်အေးချမ်းသော အခြေအနေအတွင်း ရှိနေခဲ့သည်။ ထိုတည်ငြိမ် အေးချမ်းမှုသည် သူယခင်က တစ်ခါမှ မခံစားခဲ့ဖူးသော အေးချမ်းမှုမျိုး ဖြစ်သည်။ ထိုအေးချမ်းမှုသည် သူနက်မှောင်တောင်က ထွက်လာခဲ့ချိန်မှစ၍ သူ့နှလုံးသားထဲတွင် ထပ်မံဖြစ်ပေါ် မလာတော့သော အရာလည်းဖြစ်သည်။
ထိုတည်ငြိမ် အေးချမ်းသော အခြေအနေထဲတွင်၊ အစ်ကိုနှစ်သည် သူ့အနောက်တွင် ထိုင်နေသည်ကို လည်းကောင်း၊ ဟူကျီသည် သူ့ထံသို့ အဝေးမှ လှမ်းကြည့်နေသည် ကိုသော်လည်းကောင်း၊ အကြီးဆုံး အစ်ကိုကြီးသည် တောင်အောက်ရှိ ရေကန်အတွင်းမှ သူ့အား စိုးရိမ်စွာ လှမ်းကြည့်နေခြင်းကို လည်းကောင်း၊ တောင်ထိပ်မှ ဝတ်ရုံဖြူနှင့် အဘိုးအိုကို လည်းကောင်း သူသတိမပြုမိခဲ့ပါချေ။
သူ့အာရုံများ အားလုံးသည် သူ့ညာလက်အတွင်းမှ စုတ်တံနှင့် သူ့နှလုံးသားထဲတွင် အဆွဲသားချင်ဆုံးသော မြင်ကွင်းအား ပုံဖော်ဆွဲသားနေသော ဆီးနှင့်ပွင့်များ ပေါ်တွင်သာ ရောက်ရှိနေခဲ့လေသည်။
သူသည် ကြားခံအခြေအနေ တစ်ခုအတွင်း ကျရောက်နေခြင်း မဟုတ်သော်လည်း ထိုအခြေအနေအတွင်း ကျရောက်နေသည့် ပုံစံမျိုးပင် ဖြစ်သည်။ သူသည် ၎င်းထူးဆန်းသော အခြေအနေအတွင်းသို့ ဝင်ရောက်ရန် သူ့မျက်လုံးများကို ပိတ်မထားသော်ငြား သူသည် ထိုအခြေအနေထဲတွင် နက်ရှိုင်းစွာ နစ်မြုပ်နေပြီး ၎င်းအခြေအနေနှင့် ရောနှောပေါင်းစပ်နေ သကဲ့သို့ပင်...
“ဖန်တီးမှု ... ရုပ်ပုံ ဖန်တီးမှု ... အဲဒါ သူငါ့ကိုပေးတဲ့ အဖြေပဲ...”
ခရမ်းရောင်ဝတ်ရုံဖြင့် အဘိုးအိုနှင့် ရင်ဆိုင်ခဲ့ရချိန်က ထျန်းရှဲ့ကျီ၏ အရူးတစ်ယောက်သဖွယ် အပြုအမူသည် သဲလွန်စပင်မကျန်ပဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထိုအစား သူ၏ လေးယောက်မြောက် တပည့်ကို ကြည့်နေချိန်တွင် ဖော်ပြရန်မတတ်နိုင်သော ဉာဏ်ပညာ ပြည့်ဝနေဟန် လေထုတစ်ခုသည်သာ ထျန်းရှဲ့ကျီကို ရစ်သိုင်းလွှမ်းခြုံ ထားလေသည်။
“ငါ့အကြီးဆုံးတပည့် နားလည်ခဲ့တာက အသံဖန်တီးမှုပဲ။ အဲဒါကြောင့်ပဲ သူ့ပတ်ဝန်းကျင်က ဆူညံသံတွေနဲ့ ဝေးကွာပြီး တိတ်တိတ်ဆိတ်ဆိတ် နေနိုင်ဖို့အတွက် သူ့ကိုယ်သူ သီးသန့်ခွဲနေဖို့ ရွေးချယ်ခဲ့တာ။ ဆူညံသံတွေအားလုံးကို ဖယ်ရှားလိုက်နိုင်တဲ့ အချိန်မှာ သူ့နှလုံးသားထဲမှာ ကျန်ခဲ့တာက တိတ်ဆိတ်မှုပဲ။ ဒါကြောင့် သူက ဖန်တီးမှုရဲ့အသံ လမ်းကြောင်းကို လျှောက်လှမ်းနေတာ”
“ငါ့ ဒုတိယတပည့် နားလည်ခဲ့တာက ပန်းပွင့် ဖန်တီးမှု။ သူက သူ့ဖန်တီးမှုအဖြစ် ပန်းပွင့်တွေနဲ့ အပင်တွေကိုသုံးတယ်။ ပြီးတဲ့နောက်တော့ သူ့လက်တွေက ဖန်တီးမှုရဲ့လက်များ အဖြစ် ပြောင်းလဲလာခဲ့ကြပြီး အဲဒါကြောင့်ပဲ သူက ရှင်သန်ခြင်း၊ သေဆုံးခြင်းကို ထိန်းချုပ်နိုင်လာတာ”
“တတိယတပည့် နားလည်ခဲ့တာကတော့ ဖန်တီးမှုဆိုတဲ့ စကားလုံး ကိုယ်တိုင်ကိုပဲ။ အိပ်မက် မက်တာကကို ဖန်တီးမှုဖြစ်နေတာ...”
“ငါ့ရဲ့ စတုတ္ထမြောက် တပည့်က လေးခုမြောက် ပြောင်းလဲမှု အမျိုးအစားကို ထိုးထွင်သိမြင်နိုင် ခဲ့လိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး ... ရုပ်ပုံ ဖန်တီးမှုတဲ့လား...”
ထျန်းရှဲ့ကျီသည် ခပ်တိုးတိုး ရေရွတ်လိုက်ရင်း သူ့မျက်လုံးများက စူးရှတောက်ပလာ ခဲ့ကြချေသည်။
စင်မြင်ပေါ်တွင်တော့ စုမင်သည် သူဆွဲသားထားသော တောင်ကြီးကို ကြည့်လိုက် ဆက်ဆွဲသားလိုက်ဖြင့် ပြုလုပ်နေခဲ့သည်။ စုတ်ချက် တစ်ချက်စီတိုင်းတွင် တောင်ကြီး၏ တောင်ထွတ်ငါးခုက ပိုမို ရှင်းလင်းပြတ်သားလာ ခဲ့ကြချေသည်။ သူသည် နက်မှောင်တောင်ကို ဆွဲသားခဲ့ခြင်းပင် ဖြစ်သည်။
နက်မှောင်တောင်ကို ဆွဲသားပြီးချိန်တွင် စုမင်မျက်နှာပေါ်မှ တောင်တန်း အမှတ်အသားက တောက်ပနေဟန်ဖြင့် ခပ်ရေးရေး ထွက်ပေါ်လာခဲ့ပြီး စုမင်စွမ်းအားသည် ပြောင်းလဲတော့မည့် အရိပ်အယောင်မျိုး ပြသလာခဲ့သော်လည်း သူကတော့ ထိုအကြောင်းကို သိပင်မသိခဲ့ပေ။
စုမင်သည် တောင်ကြီးကို ဆွဲသားပြီးသည်နှင့် ၎င်းတောင်ကြီးကို ဖြတ်လျက် မျဉ်းကြောင်းရှည် တစ်ကြောင်းကို သူ့လက်အတွင်းမှ ဆီးနှင်းစုတ်တံဖြင့် ချက်ချင်း ဆွဲသားလိုက်သည်။ ထိုမျဉ်းကြောင်း ရှည်ကြီးသည် ထိတ်လန့် ကြောက်မက်ဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်သည်။ ၎င်းသည် ချွန်ထက်သော ဓားရှည် တစ်ချောင်းနှင့်တူပြီး ထိတ်လန့်ဖွယ် ကောင်းသော သတ်ဖြတ်လိုသည့် အသိတစ်ခုအား ထုတ်လွှတ်နေချေသည်။
ထိုသတ်ဖြတ်လိုသည့်အသိ ထွက်ပေါ်လာချိန်၌ ထျန်းရှဲ့ကျီ၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် စုမင်ကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သော အစ်ကိုနှစ်၏ အမူအရာသည်လည်း လေးနက်တည်ကြည် သွားသလို လိုဏ်ဂူအပြင်တွင် ရပ်နေသော ဟူကျီ၏ တုံ့ပြန်မှုသည်လည်း အလားတူပင်ဖြစ်သည်။
သီးသန့်နယ်မြေ အတွင်းမှ အစ်ကိုကြီးသည်ပင် ထိုမျဉ်းကြောင်းရှည်ကို သတိပြုလိုက်မိသည်နှင့် သူ၏အသက်ရှူသံတို့ လျင်မြန်လာ ခဲ့ရလေသည်။
‘ဘယ်လိုတောင် မယုံနိုင်ဖွယ်ကောင်းတဲ့ သတ်ဖြတ်ချင်စိတ်လဲ’
စုမင်ကတော့ ထိုအရာကို သတိမပြုမိခဲ့ပေ။ သူသည် သူ့နှလုံးသား နောက်ကိုသာလိုက်လျက် သူ့ကိုယ်ပိုင်ဘဝကို ဆွဲသားထားသော ရုပ်ပုံတစ်ခုကိုသာ တည်ငြိမ်စွာ ဖန်တီးနေခဲ့ချေသည်။
မျဉ်းရှည်၏ အဆုံးသတ်သို့ သူ့စုတ်တံ ရောက်ရှိသွားသောအခါ သူ့ကိုယ်ပေါ်ရှိ မာန်အမှတ်အသားထဲမှ နက်မှောင်တောင် မျိုးနွယ်စုပုံကိုပင် သူဖြည်းညင်းစွာ စတင်ရေးဆွဲလိုက်သည်။ သူ့အရှေ့တွင် ပန်းများ၊ သစ်ပင်များနှင့် အိမ်များ တဖြည်းဖြည်း ဖြစ်ပေါ်လာကြပြီး လေထဲမှ၎င်းတို့သည် သူ့မာန်အမှတ်အသား နှင့်အတူ စတင်တောက်ပ လာကြချေသည်။
အချိန်တို့ မည်မျှ ကုန်ဆုံးသွားကြောင်း စုမင်မသိခဲ့ပေ။ သို့သော် နက်မှောင်တောင် တစ်ခုလုံးကို သူဆွဲသားပြီးချိန်မှာတော့ သူ့လက်အတွင်းမှ စုတ်တံသည်လည်း လှုပ်ရှားနေရာမှ ရပ်တန့်သွားလေသည်။
သူ့အရှေ့ရှိလေထဲမှ ရုပ်ပုံတွင် တောင်တန်းများ၊ အပင်များ၊ ကျောက်တုံးများ၊ သစ်များ၊ အိမ်များ အတူတကွ စုဝေးပါဝင်နေပြီး ခြံစည်းရိုးများပင် ခတ်ထားကာ မျိုးနွယ်စုတစ်ခု၏ ပြီးပြည့်စုံသော ရုပ်ပုံတစ်ခုအသွင် ဖြစ်ပေါ်နေခဲ့ချေသည်။
၎င်းသည် သူ့မာန်အမှတ်အသားနှင့် အတူတူပင်ဖြစ်သည်။
သို့သော် ပုံဆွဲနေခြင်းသည် ရပ်တန့်နေပြီ ဖြစ်သော်လည်း စုမင်လက်ကတော့ ဆက်မြှောက်ထားဆဲ ဖြစ်သည်။ သူနောက်ထပ် ဘာဆက်ဆွဲရမည်မှန်း မသိတော့သည့် ပုံစံမျိုးပင်ဖြစ်သည်။ သူ့မျက်လုံးများသည် တည်ငြိမ်အေးငြိမ်းနေဆဲ ဖြစ်သော်လည်း ထိုတည်ငြိမ်မှု၏ အနက်ရှိုင်းဆုံး အပိုင်းထဲတွင်တော့ ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေသော အမူအရာတစ်ခု ရှိနေခဲ့သည်။
အချိန်တို့ကြာမြင့်စွာ ကုန်ဆုံးသွားသည်...
“အသံ ဖန်တီးမှု၊ ပန်းမန် ဖန်တီးမှု၊ ဖန်တီးမှုနဲ့ ရုပ်ပုံဖန်တီးမှု ... အဲဒါတွေအကုန်လုံးက ဘာမှမရှိတာကနေ တစ်စုံတစ်ခုကို ဖန်တီးလိုက်တာမျိုးပဲ ... တိတ်ဆိတ်မှုထဲမှာ တုန်လှုပ်ခြောက်ချားမှု ရှိသလို၊ မှန်တစ်ချပ် အတွင်းမှာလည်း နယ်ပယ်တစ်ခု ရှိနေနိုင်တာပဲ ... အငယ်ဆုံးလေး၊ ငါထင်တာတော့ ဒီပုံထဲမှာ လိုနေတဲ့ တစ်စုံတစ်ရာ ရှိနေတယ်...”
အစ်ကိုနှစ်၏ နွေးထွေးကြင်နာသော အသံသည် စုမင်နားထဲသို့ ပျံ့လွင့်လာခဲ့သည်။
စုမင်သည် တိတ်ဆိတ်နေခဲ့ပြီး ကောင်းကင်ကပင် တဖြည်းဖြည်း မှောင်လာခဲ့ချေသည်။ ကောင်းကင်တွင် လမင်းကြီး ထွက်ပေါ်လာပြီး လရောင်သည် မြေပြင်ပေါ်သို့ ဖြာကျနေကာ ငွေရောင်အလင်းတို့ တောက်ပနေခဲ့သဖြင့် ကြည့်မိသူတိုင်းကို စိတ်အေးချမ်းသွား စေနိုင်လေသည်။
ယခုည၌ နဝမတောင်ထွတ်ပေါ်တွင် မည်သူမှ အိပ်မပျော်ကြချေ။ သူတို့အားလုံးသည် စုမင်ကိုသာ ဆက်လက်စောင့်ကြည့် နေမိကြသည်။ ဤနေ့သည် စုမင်အတွက် မယုံနိုင်လောက်အောင်ပင် အရေးကြီးသော နေ့တစ်နေ့ဖြစ်ကြောင်း သူတို့အားလုံး သိနေပေသည်။ အထူးသဖြင့်တော့ စုမင်သည် သူ့စိတ်ကိုကြည်လင်စွာ ထားနိုင်မည့် နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့ပြီ ဆိုသော်လည်း သူသည် အတန်ငယ် လမ်းပျောက်နေဆဲပင် ဖြစ်ပြီး သူ့နားလည် သဘောပေါက်မှုက မပြည့်စုံသေးသောကြောင့် ဖြစ်သည်။
ဤအရာသည် စုမင်အတွက် အရေးကြီးသော အချိန်အခိုက်အတန့်ပင် ဖြစ်သည်။
ဤအရာကို နဝမတောင်ထွတ်မှ မဟုတ်ပဲ အေးခဲကောင်းကင် ကလန်မှဆိုလျှင် လူအနည်းငယ်သာ နားလည်နိုင်ပေ လိမ့်မည်။ သို့သော် နဝမတောင်ထွတ်မှ လူများသည်တော့ လမ်းကြောင်း တစ်ခုကိုသာ လျှောက်လှမ်းကြပြီး ထိုလမ်းကြောင်းသည်လည်း အခြားသူများနှင့် ကွဲပြားခြားနားချေသည်။ ထို့ကြောင့်ပင် ဤလမ်းကြောင်းအတွက် ပထမဆုံး နားလည် သဘောပေါက်မှုသည် မည်မျှ အရေးကြီးကြောင်း သူတို့သိနေခဲ့ကြခြင်း ဖြစ်သည်။
ကောင်းကင်မှ အမှောင်ထုသည် စတင်ပြောင်းလဲလာကာ အဝေးရှိ မိုးကုပ်စက်ဝိုင်းတွင် အလင်းရောင်တို့ တစ်ဖန်ပြန်ပေါ်လာခဲ့ပြီ ဖြစ်သည်။ လမင်းကြီးသည်ပင် အဝေးသို့ပြန်လည် ပုန်းကွယ်သွားတော့မည့် အချိန်တွင် လေထဲ၌ အချိန်ကြာမြင့်စွာ ရပ်တန့်နေခဲ့သော စုမင်၏ ညာလက်သည် ရုတ်ခြည်းဆိုသလို နောက်တစ်ကြိမ် စတင်လှုပ်ရှား လာခဲ့သည်။
စုမင်၏ ညာလက်စတင် လှုပ်ရှားသွားသည်နှင့် တောင်ပေါ်မှ ထျန်းရှဲ့ကျီ၏ အမူအရာသည်လည်း လေးနက်သွားသည်။ အစ်ကိုကြီး၊ အစ်ကိုနှစ်နှင့် အစ်ကိုသုံးတို့၏ မျက်နှာများ ထက်တွင်လည်း တူညီသော အမူအရာများ ဖြစ်ပေါ်လာကြသည်။
စုမင်ညာလက်သည် လှုပ်ရှားသွားကာ နက်မှောင်တောင် ရုပ်ပုံအထက် လေထုထဲတွင် စက်ဝိုင်းတစ်ခု ရေးဆွဲလိုက်သည်ကို သူတို့ မြင်လိုက်ကြရသည်။
ထိုစက်ဝိုင်းသည် ရိုးရိုးရှင်းရှင်းလေးပင် ဖြစ်ပြီး စုတ်ချက် တစ်ချက်တည်းဖြင့်သာ ဆွဲသားထားသည်။ သို့သော် ထိုတစ်ချက်တည်းသော စုတ်ချက်ကို အဆုံးသတ်ရန်တော့ တစ်ညတာလုံး အချိန်ယူခဲ့ရလေသည်။ ထိုစက်ဝိုင်းကို ဆွဲသားပြီးသည်နှင့် စုမင်ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ရီသွားပြီး သူ့မျက်နှာထက်တွင် နက်မှောင်တောင် အမှတ်အသားအပြင် စက်ဝိုင်းတစ်ခုက ဖြည်းညင်းစွာ ဖြစ်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ပေါက်ကွဲသံ တစ်ချက်နှင့်အတူ စုမင်ကိုယ်အတွင်းမှ စွမ်းအားများသည်လည်း စတင်လှည့်ပတ် လာကြသည်။ ထိုတစ်ခဏတွင် ၎င်းတို့သည် အမြင့်ဆုံးအမှတ်သို့ ရောက်ရှိသွားဟန်ဖြင့် စုမင်စွမ်းအားများသည် ရုပ်နယ်လွန်ကနဦး အဆင့်၏ ထိပ်ဆုံးသို့ ရောက်ရှိသွားသည့် လက္ခဏာများ စတင်ပြသလာခဲ့သည်။ သူသည် ရုပ်နယ်လွန် အလယ်ဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းခန့်သာ လိုတော့သည်ဟု ခံစားနေရ၏။
ထိုအချိန်တွင် စုမင် ဖန်တီးလိုက်သော စက်ဝိုင်းသည် စူးရှသော အလင်းတစ်ခုဖြင့် စတင်တောက်ပ လာခဲ့သည်။ ထိုအလင်းသည် အနီရောင်ဖြစ်ပြီး ၎င်းစက်ဝိုင်းသည် လောင်ကျွမ်းနေရာမှ လတစ်ခုအသွင် ပြောင်းလဲသွား သကဲ့သို့ပင်...
သွေးလွှမ်းလ...
လောင်ကျွမ်းနေသော သွေးလွှမ်းလ...
ထိုအရာသည် စုမင်တစ်ယောက် ကြားခံ အခြေအနေထဲတွင် ရှိနေခဲ့စဉ်က ပထမဆုံး ခံစားမိခဲ့သော မာန်အမှတ်အသား ဖြစ်သည်။ သူ၏ ယခု ပထမဆုံး တည်ငြိမ် အေးချမ်းနေသော အခြေအနေတွင်လည်း ၎င်းသည် အောက်ခံစပေါ်၌ ဆွဲသားခံရလေသည်။
သွေးလွှမ်းလကို သူဆွဲသားပြီးသည်နှင့် အောက်ခံစအတွင်းမှ အရှိန်အဝါသည် ချက်ချင်း ပြောင်းလဲသွားပြီး နက်မှောင်တောင်နှင့် သွေးလွှမ်းလရုပ်ပုံကြီး အဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိတ်လန့် တုန်လှုပ်ဖွယ် သတ်ဖြတ်လိုသည့် အသိတစ်ခုသည်လည်း နက်မှောင်တောင်နှင့် သွေးလွှမ်းလရုပ်ပုံထံမှ ထွက်ပေါ်လာခဲ့ပြီး ၎င်းအသိ၏ အင်အားသည် အစ်ကိုနှစ်၏ မျက်နှာ အမူအရာကိုပင် လေးနက်သွားစေသည်။
လိုဏ်ဂူအပြင်တွင် ရပ်နေသော ဟူကျီသည်လည်း တုန်ယင်သွားပြီး စကားအနည်းငယ်ကို ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။
အစ်ကိုကြီးသည်တော့ ခဏတာ တိတ်ဆိတ်နေခဲ့ပြီးမှ သက်ပြင်းဖွဖွ ချလိုက်မိသည်။
“ကြည့်ရတာ နဝမတောင်ထွတ်က ဆက်ပြီး အေးအေးချမ်းချမ်း ရှိနေတော့မယ် မထင်ဘူး ... ဒါပေမဲ့ သူက ငါ့ရဲ့ အငယ်ဆုံး ညီငယ်လေးပဲလေ ... အဲဒါ အဆင်ပြေမှာပါ”
သွေးလွှမ်းလနှင့် နက်မှောင်တောင်ရုပ်ပုံ ပေါ်လာချိန်တွင် စုမင်သည် တုန်ယင်သွားပြီး သူ့စွမ်းအားများက ယခင် အကန့်အသတ်တို့ကို ချိုးဖျက်သွားခဲ့သည်။ သူ့ခန္ဓာကိုယ် အတွင်းတွင် တဝုန်းဝုန်းအသံများ ပဲ့တင်ထပ်သွားကာ သူ့ကျင့်ကြံဆင့်သည်လည်း ရုပ်နယ်လွန် ကနဦးဆင့်မှ ရုပ်နယ်လွန် အလယ်ဆင့်သို့ ရောက်ရှိသွားတော့သည်။
ထိုးထွင်းသိမြင်မှုတစ်ခု၊ ရုပ်ပုံတစ်ခုနှင့် သွေးလွှမ်းလတစ်ခု ... ထိုအရာများသည် စုမင်မာန် အမှတ်အသားကို ပြောင်းလဲသွားစေပြီး သူ၏ ကျင့်ကြံခြင်းတွင် အဆင့်ချိုးဖျက် တက်ရောက် သွားစေသည်။
“ငါ့တပည့်တွေက ဘာစွမ်းရည်၊ ဘာပညာရပ်တွေမှ မလိုဘူး။ သူတို့စိတ်ကို ရှင်းလင်းအောင် ထားနိုင်မယ့် နည်းလမ်းတစ်ခု ရှာတွေ့သွားတာနဲ့ ကမ္ဘာလောကကြီးထဲမှာ တည်ရှိနေတဲ့ ဖန်တီးမှုရဲ့ စည်းမျဉ်းတွေကို နားလည်သွားဖို့ လိုတယ်...”
ထျန်းရှဲ့ကျီ၏ စကားလုံးများသည် စုမင်စိတ်ထဲတွင် ပြန်လည် ထွက်ပေါ်လာခဲ့သည်။ ထျန်းရှဲ့ကျီသည် သူ့အား သင်ကြားပေးရန် ကြိုးစားခဲ့ခြင်း ဖြစ်ကြောင်း စုမင်နောက်ဆုံးတော့ နားလည်သွားခဲ့ရသည်။
ဤအရာသည် စိတ်ကို လေ့ကျင့်ခြင်းနှင့် လုံးဝပင် မတူကွဲပြားသော လမ်းကြောင်းတစ်ခု ဖြစ်သည်။
နဝမတောင်ထွတ်သည် မည်သည့် စွမ်းရည်များကိုမှ မလေ့ကျင့်သလို မည်သည့် နတ်ဘုရား စွမ်းရည်များကိုမှလည်း မသင်ကြားကြပေ။ သို့သော် သူတို့သည် သူတို့၏စိတ်များကို အချိန်ယူကာ ကျင့်ကြံကြခြင်းပင် ဖြစ်သည်။
ထျန်းရှဲ့ကျီသည် တောင်ထိပ်တွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ အချိန်အတော်ကြာပြီး နောက်တွင်တော့ သူသည် ဖြည်းညင်းစွာ လှည့်ထွက်သွားပြီး ချိပ်ပိတ်ထားသော ခန်းမဆီသို့ လျှောက်လှမ်း သွားလေသည်။ သူ့ပုံစံသည် ကြက်သေသေနေဟန် ပေါ်သော်လည်း သူ၏ ခြေလှမ်းများသည်တော့ မယိမ်းမယိုင် တည်ငြိမ်နေခဲ့သည်။
သူ လှည့်ထွက်သွားသဖြင့် သူ့မျက်နှာထက်ရှိ ဝမ်းနည်းနေသော်လည်း စိတ်ဓာတ် ကြံ့ခိုင်နေသော အမူအရာကို မည်သူတစ်ဦး တစ်ယောက်ကမှ မတွေ့မြင်နိုင်ခဲ့ပါချေ။
‘ဆရာ၊ ကျွန်တော်တို့ မာန်စွမ်းအားရှင်တွေ လျှောက်တဲ့ လမ်းကြောင်းက မှားယွင်းနေတယ် ဆိုတာ ကျွန်တော် သက်သေပြမယ် ... ဆရာ မှားတယ် ... ဆရာတို့အားလုံးက မှားနေကြတာ...’
ထျန်းရှဲ့ကျီ ထွက်ခွာသွားပြီး နောက်တွင် စုမင် မျက်လုံးများအတွင်းမှ တည်ငြိမ်အေးချမ်းမှု များသည်လည်း ပျောက်ကွယ်သွားကာ သူ့အရှေ့ရှိ ရုပ်ပုံကြီးသည် နှင်းများအဖြစ် ပြန်လည် ပြောင်းလဲသွားပြီး နဝမတောင်ထွတ်နှင့် စင်မြင့်ပေါ်သို့ ပြန့်ကျဲသွားကြသည်။ စုမင် အမှန်တကယ် ပြန်လည် နိုးထလာခဲ့ပြီ ဖြစ်သည်။
“အငယ်ဆုံးလေး၊ မင်းက နေရာကောင်းတစ်ခု ရထားတာပဲ။ မင်း စင်မြင့်ပေါ်မှာ ငါ့ပန်းတွေထဲက တချို့တစ်ဝက်ကို စိုက်ရင် မင်းစိတ်မဆိုးဘူး မဟုတ်လား”
စုမင် နိုးလာချိန်တွင် သူ့နားထဲသို့ အစ်ကိုနှစ်၏ နွေးထွေးကြင်နာသော အသံက ဝင်ရောက်လာခဲ့သည်။
စုမင် ခဏတာအံ့အားသင့် မှင်တက်သွားပြီးမှ သူ့အနောက်သို့ မည်သည့် အချိန်တည်းက ရောက်နေခဲ့မှန်း မသိသော အစ်ကိုနှစ်ကို ချက်ချင်း လှည့်ကြည့်လိုက်မိသည်။ ထို့နောက် သူ အလျင်အမြန် မတ်တတ်ရပ်လိုက်ကာ ယခုအချိန်တွင် သူ့စင်မြင့်ပေါ်၌ ပြည့်နှက်နေသော အပင်များကို ငုံ့ကြည့်လိုက်မိသည်။
“အာ ... အစ်ကိုနှစ်၊ ကျွန်တော် တရားထိုင်ဖို့ တစ်နေရာလောက်တော့ ချန်ထားပေးလို့ ရမလား...”
“အိုး ... ကောင်းပြီလေ။ ငါမင်းအတွက် နေရာသေးသေးလေး ချန်ထားပေးမယ်...”
အစ်ကိုနှစ်က သူ့ကို မျက်လုံးတစ်ဖက် မှိတ်ပြကာ နူးညံ့စွာ ပြုံးပြလာသည်။
“အိုး ... ဟုတ်သားပဲ။ မင်း စကားလုံးတွေကို နားလည်အောင် ကြိုးစားနေတုန်းက ငါမင်းအတွက် အသက်ရှိနေတဲ့ အရာလေးတစ်ခု ဖမ်းထားပေးတယ်။ အဲဒါလေးက မင်းအစ်ကိုသုံးနဲ့ အတူရှိနေတယ်။ အချိန်ရရင် တစ်ချက်လောက် သွားကြည့်လိုက်ဦး”
“ပြီးတော့ တူမတပည့် ချောချောလေး တစ်ယောက်လည်း မင်းကို လာရှာသေးတယ်။ မင်း သူမနဲ့ထပ်တွေ့ခဲ့ရင် သူ့ဘေးက လုံမလေးရဲ့ နာမည်ကို ငါ့အတွက် မေးပေးဖို့ သတိရနော်”
***