ထူးဆန်းသော နတ်ဆိုးသုတ်သင်ရေးဌာန ၃
Vol. 96 Ch. 954
"ရော့"
ယဲ့ကျင်းက နောက်မှလိုက်လာရင်း သပ်ရပ်လှပစွာထုတ်ထားသော ပန်ကိတ်ထုပ်လေးကို ရှန်းယီထံ ကမ်းပေးလိုက်၏။ သူမ၏မျက်လုံးများထဲတွင်မူ စားချင်စိတ်ကို မနည်းထိန်းထားရသည့် အရိပ်အယောင်များနှင့် ခေါင်းမာသောအမူအရာတို့က အထင်းသားပေါ်လွင်နေလေသည်။
...
ရှန်းယီက ပေါ့ပေါ့ပါးပါးပင်လှမ်းယူလိုက်လေသည်။
ထိုအရာကို မြင်လိုက်ရသောအခါ ယဲ့ကျင်းက နောက်ဆုံးတွင် တိုးညှင်းစွာသက်ပြင်းချလိုက်မိတော့သည်။ သူမအမြင်တွင်တော့ ဤသည်မှာ လုပ်ဖော်ကိုင်ဖက်သစ်က သူမ၏တောင်းပန်မှုကို လက်ခံလိုက်ခြင်းပင်။
...
ကျန်းယန်စီရင်စု၏ အပြင်ဘက်...
သွေးကွက်များစွန်းထင်းကာ ဟောင်းနွမ်းစုတ်ပြတ်နေသည့် ရထားလုံးတစ်စီးက ကျဉ်းမြောင်းသော လမ်းငယ်လေးအတိုင်း ခရီးဆက်နေလေ၏။
ယခင်က မြင်းပုလေးဖြင့် ခရီးသွားခဲ့ဖူးသော အတွေ့အကြုံရှိထားသဖြင့် ရှန်းယီက ဤသို့ ခရီးသွားရခြင်းကို အသားကျနေပြီဖြစ်သည်။ နေရာရွှေ့ပြောင်းခြင်းမန္တန်ကို သုံးသလိုမမြန်ဆန်သော်လည်း ပို၍သက်တောင့်သက်သာရှိသလို အခြားသူများ၏အာရုံစိုက်မှုကိုလည်း မခံရပေ။
ယဲ့ကျင်းက ရထားလုံးထောင့်တွင်ထိုင်ရင်း ကြေးမုံပြင်တစ်ခုကိုကိုင်ကာ သနားစရာကောင်းသော အမူအရာမျိုးထွက်လာရန်ကြိုးစားနေပြီး ပါးစပ်မှလည်း အဓိပ္ပာယ်မရှိသောစကားများကို တတွတ်တွတ် ရေရွတ်နေလေသည်။
"မင်းရော လေ့ကျင့်ချင်သေးလား"
မုန့်ရှို့ဝမ်က ရှန်းယီကိုလှမ်းကြည့်ပြီး လေးနက်စွာ သတိပေးလိုက်၏။
"မင်း သရုပ်ဆောင်စရာတော့ မလိုပါဘူး၊ ဒါပေမဲ့ ငါတို့အယောင်ဆောင်ထားတာကိုတော့ မပျက်စေနဲ့နော်"
ထို့နောက် သူက အတိုချုပ်ရှင်းပြလိုက်ပါသည်။
"ကျောက်စိမ်းနဂါးတောင်တန်းမှာ မိုးမရွာတာ ခြောက်လလောက်ရှိနေပြီ။ မသေမျိုးခုံရုံးဆီကနေလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဧကရာဇ်နန်းတော်ဆီကို ကျောက်စိမ်းအမိန့်စာဘာတစ်ခုမှ ရောက်မလာဘူး။ ဒါကြောင့် အနီးအနားက မသေမျိုးဂိုဏ်းတစ်ခုခုနဲ့ ပတ်သက်နေမယ်လို့ ငါတို့သံသယရှိတယ်၊ အဲဒါကို သွားစုံစမ်းမလို့"
"မိုးရွာတဲ့ကိစ္စကိုပါ နတ်ဆိုးသုတ်သင်ရေးဌာနက စီမံရတာလား"
ရှန်းယီက မျက်လုံးကို အနည်းငယ်စောင်းငဲ့ကြည့်ကာ မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ မုန့်ရှို့ဝမ်က ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ပြတင်းပေါက်အပြင်ဘက်ကို လှည့်ကြည့်ကာခပ်ဖျော့ဖျော့ ပြုံးရင်း ပြောလိုက်လေသည်။
"ဌာနကိုးခုထဲမှာ ငါတို့ဌာနကို ဘာကြောင့် တည်ထောင်ခဲ့ရလဲဆိုတာ မင်းသိလား"
သူ၏အကြည့်များက မြောက်ဘက်ဆီသို့ရောက်သွားပြီး သူ့ဘာသာစကားဆက်ပြောနေခဲ့သည်။
"လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက မြောက်ပိုင်းပြည်နယ်မှာရှိတဲ့ပြည်နယ်ကြီးတစ်ခုက မသေမျိုးအရာရှိ တစ်ယောက်ကို ပြစ်မှားမိခဲ့တယ်။အဲဒီမှာ မိုးမရွာတာနှစ်ပေါင်းခြောက်ရာတောင်ကြာခဲ့တယ်။စည်ကားသိုက်မြိုက်ခဲ့တဲ့နေရာတစ်ခုကနေ ငတ်မွတ်ခေါင်းပါးတဲ့နယ်မြေတွေအဖြစ် ပြောင်းလဲသွားပြီး၊နောက်ဆုံးတော့ လုံးဝကို လူသူကင်းမဲ့တဲ့ ဖုန်းဆိုးမြေကြီးဖြစ်သွားခဲ့တာ။ အခုဆိုရင် အဲဒီနေရာရဲ့နာမည်ကိုတောင် ဘယ်သူမှ မမှတ်မိကြတော့ဘူး"
"သေချာတာပေါ့၊ မင်းလိုလူတစ်ယောက်အတွက်တော့နှစ်ခြောက်ရာဆိုတာ မျက်တောင်တစ်ခတ်စာလောက်ပဲရှိတာပါ။ ကပ်ဘေးဒုက္ခတွေကျရောက်လာရင်တောင်တိမ်တွေစီးပြီး လွတ်အောင် ပြေးနိုင်သေးတယ်လေ"
"ဒါပေမဲ့ လူတိုင်းက မင်းလိုကျင့်ကြံနိုင်စွမ်းမျိုးရှိကြတာမှ မဟုတ်တာ"
"အဲဒီအချိန်ကစပြီး ဧကရာဇ်နန်းတော်က ဌာနသစ်တစ်ခုကို တည်ထောင်ခဲ့တယ်။ ဒါကြောင့်လည်း အခု ငါတို့တွေနန်းတော်ကပေးတဲ့ လစာကို ခံစားနေရတာပေါ့"
မုန့်ရှို့ဝမ်က စကားကိုအတိုချုပ်အဆုံးသတ်လိုက်ပြီးနောက်ကိုပြန်လှည့်လာခဲ့သည်။
"ဒါကိုတည်ထောင်ခဲ့ရတာ အဓိကကမိုးရွာသွန်းမှု ကိစ္စကြောင့်ပဲဆိုတော့၊ တကယ်တော့ အလားတူ ပြဿနာတွေအားလုံးက ငါတို့ရဲ့စီမံခန့်ခွဲမှုအောက်ကို ရောက်လာတာပေါ့"
"ဒါပေမဲ့ မင်း စိတ်ပူစရာတော့ မလိုပါဘူး"
ရှန်းယီက ဘာမှဝင်မပြောဘဲ ငြိမ်နေသည်ကို မြင်သောအခါ သူကရယ်မောပြီး နောက်ပြောင်လိုက်ပြန်သည်။
"တကယ်လို့ ဒါဟာ မသေမျိုးခုံရုံးရဲ့ ဆန္ဒအစစ်အမှန်သာ ဆိုရင်၊ငါတို့လို အောက်ခြေဝန်ထမ်းတွေ စုံစမ်းဖို့အလှည့်ကျလာမှာ မဟုတ်ဘူး။အခုဟာက ပြဿနာရှာနေတဲ့ကောက်ကျစ်တဲ့ သူခိုးဂျပိုးနည်းနည်းလောက်ပဲ ဖြစ်ဖို့များပါတယ်"
"ကျောက်စိမ်းနဂါးဂိုဏ်းကို တည်ထောင်ခဲ့တဲ့သူက တစ်ချိန်တုန်းက မသေမျိုးဂိုဏ်းသုံးဂိုဏ်းက စီနီယာတစ်ယောက်ဆီမှာ ပညာသင်ခဲ့ဖူးတယ်။ သူက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အစစ်အမှန် မသေမျိုးနယ်ပယ်ကို ရောက်ရှိသွားခဲ့တာ။ဒီမသေမျိုးဂိုဏ်းရဲ့မျိုးဆက်က အဲဒီစီနီယာနဲ့ အနည်းငယ်တော့ အဆက်အသွယ်ရှိနေနိုင်တယ်။ ဒါကြောင့် မလိုအပ်ရင်တော့ပြဿနာကို မကြီးကျယ်စေချင်ဘူး။ အရင်ဆုံး ငါတို့ ကိုယ်ပိုင်အမှတ်အသားတွေကိုပြောင်းပြီး လျှို့ဝှက်စုံစမ်းကြည့်ကြတာပေါ့"
"ငါနဲ့ သူက ဂိုဏ်းတွင်းရှုပ်ထွေးမှုကြောင့် ထွက်ပြေးလာရတဲ့ မသေမျိုးဂိုဏ်းက ပါရမီရှင်တွေပေါ့။မင်းကတော့... ငါတို့အတွက် မြင်းဆွဲပေး၊အလုပ်ကြမ်းလုပ်ပေးရတဲ့ ကောင်လေးတစ်ယောက်အနေနဲ့ဟန်ဆောင်လိုက်ရင် ဘယ်လိုလဲ"
"စိတ်မပူပါနဲ့၊ သိပ်မခက်ပါဘူး။ စကားကိုနည်းနည်းပဲပြော၊ အခြေအနေကို များများလေ့လာ၊ သေချာလေ့ကျင့်ထားပြီး သူများတွေရိပ်မိမသွားစေနဲ့ပေါ့"
မုန့်ရှို့ဝမ်က ဤလူငယ်လေးအပေါ်သူ လွန်စွာမှ ညှာတာပေးထားပြီဟု ခံစားနေရသည်။ ကောင်လေးက အနည်းငယ်မျှဂရုစိုက်လိုက်သည်နှင့် ဤမျှရိုးရှင်းသော အလုပ်လေးကပြဿနာရှိလာနိုင်မည် မဟုတ်ပေ။
ထိုသို့ပြောရင်း သူက ကြေးမုံတစ်ခုကို ကမ်းပေးလိုက်လေသည်။
"ကျေးဇူးပါ... ဒါပေမဲ့ မလိုပါဘူး"
သို့သော် ရှန်းယီက ကြေးမုံကိုရှုပ်ထွေးသော အကြည့်တစ်ချက်ဖြင့်ကြည့်လိုက်ပြီး ခေါင်းခါပြကာ အိပ်ချင်ယောင်ဆောင်နေလိုက်တော့သည်။
အကယ်၍ ဆရာတော် ကျစ်ခုန်းသာ ဤနေရာ၌ရှိနေမည်ဆိုလျှင်၊ယခုလေးတင် ကြည့်လိုက်သော ရှန်းယီ၏အကြည့်မှာ လွန်ခဲ့သောရက်အနည်းငယ်က သူ့ကိုရော အခြားသူများကိုပါကြည့်ခဲ့သည့် အကြည့်မျိုးနှင့် တစ်ထေရာတည်း တူညီနေကြောင်းကို သတိထားမိမည်မှာ အသေအချာပင်။
"ကျွစ်.."
နောက်ဆုံးတွင် မုန့်ရှို့ဝမ်ကလည်း မျက်လုံးကိုမလွှဲနိုင်တော့ဘဲ မြေစောင့်မသေမျိုးက သူ့ထံသို့ မည်သည့် လူစားမျိုးကြီးကိုထိုးအပ်လိုက်သည်ကို နားမလည်နိုင်အောင် ဖြစ်သွားရတော့သည်။
မွေးရာပါသတ်ဖြတ်ခြင်းကံကြမ္မာပါတယ်လား။ ရည်မှန်းချက်ကြီးမားတယ်ဆိုလား။ ဗောဓိဂိုဏ်းက ကျင့်ကြံသူတွေတောင်အထင်ကြီးရတယ်ဆိုပဲ။
မင်ကျိရန် တစ်ယောက်မြေစောင့်ဘုရားကျောင်းမှာ အနေကြာလွန်းလို့ မှတ်ဉာဏ်တွေများချို့ယွင်းလာပြီလား။
ဤလူငယ်တွင် အနည်းငယ်ဉာဏ်ကောင်းသည်မှာ မမှားပေ။ သို့သော် သူ၏ကျင့်ကြံခြင်း၊ သူ၏စိတ်နေစိတ်ထားနှင့်၊ ဧကရာဇ်ချီကိုပင် ဂရုမစိုက်သည့် အနေအထားများအရကြည့်လျှင် သူက နတ်ဆိုးသတ်သင်သူဟူသော နေရာနှင့် မည်သို့သင့်တော်မည်နည်း။
"ထားလိုက်တော့၊မင်း သဘောအတိုင်းပဲ လုပ်တော့"
မုန့်ရှို့ဝမ်က သူ့နှာခေါင်းကိုပွတ်လိုက်ရင်း လိုအပ်လာပါက ဤလူငယ်လေး၏ဇာတ်ကွက်တွင် ဆွံ့အနားမကြားဟူသော အချက်လေးတစ်ခု ထပ်ပေါင်းထည့်ပြီးဖြစ်သလိုပင် ကျော်ဖြတ်ရတော့မည်ဟု တွေးလိုက်မိတော့သည်။