မရဏလမ်းကို အတူတကွလျှောက်ခြင်း
Vol. 96 Ch. 955
နဂါးငွေ့တန်းသဖွယ် တိမ်ခိုးတိမ်ငွေ့များနှင့် စိမ်းအုံ့နေသောထင်းရှူးပင်များစွာရှိသည့် ကျောက်စိမ်းနဂါးဂိုဏ်း၏တောင်ခြေ၌...
မသေမျိုးအသွင်အပြင်ရှိသော အပြင်စည်း အကြီးအကဲနှစ်ဦးက မျက်မှောင်ကြုတ်လျက် ရပ်နေကြပါသည်။ သူတို့၏လက်ထဲတွင် သွေးများပေကျံကာနီညိုရောင်သန်းနေသည့် ဖိတ်စာတစ်စောင်ရှိနေသော်လည်း ထိုအပေါ်ရှိ မသေမျိုးတံဆိပ်တုံးမှာမူ တောက်ပနေဆဲဖြစ်လေ၏။
ထိုကဲ့သို့သော တံဆိပ်တုံးမျိုးမှာ မသေမျိုးခုံရုံးနှင့် တိုက်ရိုက်ပတ်သက်နေသူများ သို့မဟုတ် မသေမျိုးသုံးပါးဂိုဏ်း၏တပည့်ရင်းများဖြစ်သော အစစ်အမှန်ဂိုဏ်းသားများသာ အသုံးပြုနိုင်ခြင်း ဖြစ်သည်။
သို့သော်လည်း သူတို့ရှေ့ရှိ လူသုံးဦးကို ကြည့်လိုက်လျှင်..
အမျိုးသားမှာ စုတ်ပြတ်နေသောဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး မျက်နှာမှာမှုန်ကုပ်နေခဲ့သည်။ အံများကိုတင်းတင်းကြိတ်ထားကာ အသက်ရှူသံများမှာလည်း ဖရိုဖရဲနှင့်အားနည်းနေပြီး ဒဏ်ရာတစ်ခုကို အတင်းဖိထားရသည်။
သူ့အား အလားတူစုတ်ပြတ်နေသော်လည်း ပြောမပြတတ်အောင်ဆွဲဆောင်မှုရှိနေဆဲဖြစ်သည့် မိန်းကလေးတစ်ဦးက ညင်သာစွာတွဲကူထားလေ၏။
မိန်းကလေး၏မျက်နှာပေါ်တွင် မျက်ရည်စီးကြောင်းရာများ ထင်ကျန်နေပြီး သူမ၏နှုတ်ခမ်းနီနီလေးကို ကိုက်ထားရှာပါသည်။ သူမ၏မျက်လုံးများမှာမူ ကပ်ဆိုးကြီးတစ်ခုကိုခုလေးတင် ကြုံတွေ့ထားရသကဲ့သို့ အသက်မဲ့စွာဖြင့် လေဟာနယ်ကိုသာ စိုက်ကြည့်နေတော့သည်။
"ဆိုလိုတာက မင်းတို့ဂိုဏ်းက ကပ်ဘေးတစ်ခုနဲ့ ကြုံလိုက်ရလို့၊အဲဒါကို ရှောင်တိမ်းရင်းနဲ့ ငါတို့ ကျောက်စိမ်းနဂါးဂိုဏ်းမှာ ခိုလှုံပြီးဒဏ်ရာတွေ လာကုချင်တာပေါ့လေ"
ပိန်ပါးသော အပြင်စည်းအကြီးအကဲက ပါရမီရှင် လူငယ်နှစ်ဦးကိုကြည့်ရင်း မျက်ခုံးပင့်လိုက်လေသည်။
"စိတ်ချပါ..."
မုန့်ရှို့ဝမ်က နှုတ်ခမ်းထောင့်မှသွေးများကို သုတ်ရင်း အက်ကွဲကွဲအသံဖြင့် ပြောလိုက်၏။
"သုံးလကနေ ငါးလထက် ပိုမကြာစေရပါဘူး။ ကျွန်တော်နဲ့ ကျွန်တော့်ညီမလေး ဒဏ်ရာတွေ သက်သာသွားတာနဲ့ချက်ချင်း ထွက်သွားပါ့မယ်။ကျောက်စိမ်းနဂါးဂိုဏ်းရဲ့ ကျေးဇူးကိုလည်း ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး..."
သူ စကားပြောနေရင်း ရုတ်တရက်ချောင်းအကြိမ်ကြိမ် ဆိုးလိုက်သည်ဖြစ်ရာ သူ၏ကိုယ်ပေါ်ရှိ ပစ္စည်းလေးများအနည်းငယ် လှုပ်ခါသွားလေသည်။
သိုလှောင်မှော်ရတနာပင်ဖြစ်စေ၊ ခါးရှိ ကျောက်စိမ်းခါးပတ်ကြိုးပင်ဖြစ်စေ အားလုံးမှာ သာမန်မဟုတ်သောရတနာများသာဖြစ်ကြသည်။
ချက်ချင်းပင် အပြင်စည်းအကြီးအကဲ နှစ်ဦးလုံး၏အကြည့်များက ထိုအရာများထံသို့ ရောက်ရှိသွားကြလေ၏။
သူတို့နှစ်ဦး ခေတ္တမျှကြောင်အမ်းသွားကြပြီးနောက် တစ်စုံတစ်ရာမှားယွင်းနေကြောင်း သတိထားမိသွားကာ အကြည့်များကိုတခြားသို့ အတင်းလွှဲလိုက်ပြီး အချင်းချင်းအဓိပ္ပာယ်ပါပါကြည့်လိုက်ကြသည်။
"..."
ထို့နောက် သူတို့က မသိမသာလေး ခေါင်းခါပြလိုက်ကြ၏။
သူတို့တွင် ဖိတ်စာပေါ်ရှိ မသေမျိုးတံဆိပ်တုံးဟူသော သက်သေရှိပေသည်။ ဤကဲ့သို့သော အင်အားကြီးဂိုဏ်းမှ ပါရမီရှင်များကိုအချိန်အနည်းငယ်မျှပေးလိုက်ရုံဖြင့် တန်ဖိုးကြီး လက်ဆောင်များရရှိမည်ဖြစ်ပြီး အကယ်၍ ပြဿနာများလိုက်လာခဲ့လျှင်လည်း ၎င်းတို့ကို ပြန်လည်အပ်နှံလိုက်ရုံသာဖြစ်သည်။
နားထောင်ကြည့်ရသည်မှာ အတော်လေး ကောင်းမွန်လှ၏။
သို့သော် မကြာသေးခင်က ဂိုဏ်းအတွင်း၌အရေးကြီးသောကိစ္စရပ်များ ရှိနေခဲ့သည်။ အကယ်၍အတုအယောင်နှင့် အစစ်အမှန်ကို မခွဲခြားနိုင်ပါကပေါ့ပေါ့ဆဆမနေခြင်းက အကောင်းဆုံးပင်။
အကြီးအကဲ နှစ်ဦးက ယဉ်ကျေးစွာငြင်းဆိုရန်ပြင်လိုက်သည့်အချိန်မှာပင် ဝတ်ရုံဖြူနှင့် အမျိုးသားက သွေးများကို နောက်ထပ်တစ်လုပ်ထပ်မံအန်ချလိုက်ပြန်သည်။
ထိုအခါ အစိမ်းရောင်ဝတ် မိန်းကလေးက ချက်ချင်းသတိဝင်လာပြီးမျက်ရည်များ ဝဲတက်လာကာ...
"အစ်ကို"
သူမက သူ့အားအတင်းပြန်တွဲလိုက်ပြီးနောက် အကြီးအကဲနှစ်ဦးကို လှည့်ကြည့်လိုက်ပါသည်။ သူမက သိုလှောင်အိတ်ထဲမှ မွှေးပျံ့၍လှပသော သစ်သားသေတ္တာလေးတစ်လုံးကို ကမန်းကတန်း ထုတ်ယူလိုက်ပြီး ငိုသံစွက်နေသောအသံဖြင့် ပြောလိုက်သည်။
"ဒါကအသက်ရှည်စေတဲ့ရတနာပါ။ ကျောက်စိမ်းနဂါးဘိုးဘေးကြီးအတွက် ကျွန်မတို့ပြင်ဆင်လာတဲ့ လက်ဆောင်လေးပါ။ ကျေးဇူးပြုပြီးသနားညှာတာတဲ့အနေနဲ့ကျွန်မတို့ကို ထပ်ပြီးဒုက္ခမရောက်အောင် ကယ်တင်ပေးပါရှင်၊ ကျွန်မတို့ တစ်သက်လုံး ကျေးဇူးဆပ်ပါ့မယ်"
မိန်းကလေးကို ဤကဲ့သို့သောအခြေအနေမျိုးဖြင့် မြင်တွေ့လိုက်ရခြင်းနှင့် ဆေးဘက်ဝင်အနံ့အသက်လေးကြောင့် အပြင်စည်းအကြီးအကဲနှစ်ဦးလုံး သတိလက်လွတ်တံတွေးမြိုချမိသွားကာ နောက်တစ်ကြိမ်ဝေခွဲမရဖြစ်သွားကြပြန်သည်။
ထိုမြင်ကွင်းကို ကြည့်ရင်း မုန့်ရှို့ဝမ်က သူ၏နှုတ်ခမ်းကို အုပ်လိုက်ကာမျက်လုံးထဲတွင်တော့ကျေနပ်မှုအရိပ်အယောင်လေးဖြတ်ပြေးသွားလေ၏။
ဤမိန်းကလေး လမ်းတွင်လေ့ကျင့်လာခဲ့သည်မှာ မဆိုးလှပေ။ သူမ၏မျက်နှာအမူအရာနှင့် လေသံမှာ ယခင်တစ်ကြိမ်ကထက်များစွာ ပိုမို ပီပြင်နေလေသည်။
ထင်သည့်အတိုင်းပင်ပိန်ပါးသော အကြီးအကဲက သက်ပြင်းကိုဖြည်းဖြည်းချင်းချလိုက်ပါသည်။
လက်ဆောင်လေးဆိုသည်မှာ ဂိုဏ်းချုပ်အတွက် ဖြစ်သော်လည်း ဤနှစ်ဦး၏ရက်ရောမှုအရဆိုလျှင် သူတို့၏လက်မှလွတ်ကျလာမည့် အစအနလေးများကပင် မိမိတို့အတွက်စံစားရန် လုံလောက်နေပေမည်။
သူက အကာအကွယ်အစီအရင်ကိုဖွင့်ပေးရန် စဉ်းစားလိုက်သည့်အချိန်မှာပင် သူ၏လုပ်ဖော်ကိုင်ဖက်က သူ့အားရုတ်တရက်ဆွဲဖမ်းလိုက်လေ၏။
အခြားအကြီးအကဲတစ်ဦးက ဤမောင်နှမ နှစ်ဦးအား သေချာစွာစိုက်ကြည့်ပြီးနောက်တိတ်ဆိတ်နေသော တတိယလူထံသို့ အကြည့်များကို ဖြည်းဖြည်းချင်း ရွှေ့သွားလေသည်။
သူက ဖုန်များပေကျံနေသလို အနက်ရောင်ဝတ်ရုံမှာ ပို၍ပင်ညစ်ပတ်နေသည်ကို မြင်တွေ့လိုက်ရပါသည်။
"ညီလေး"
အပြင်စည်းအကြီးအကဲက စကားစလိုက်သည်နှင့် မုန့်ရှို့ဝမ်နှင့် ယဲ့ကျင်းတို့၏ရင်များ ရုတ်တရက် ဒိတ်ကနဲခုန်သွားကြ၏။
ရှန်းယီက လမ်းတစ်လျှောက်လုံး သူတို့နှင့်စကားတစ်ခွန်းမျှမပြောဘဲမျက်စိမှိတ်ကာ အိပ်ချင်ယောင်ဆောင်လာခဲ့ခြင်းဖြစ်သည်။
"သူက ကျွန်တော့်ရဲ့တာအိုအစောင့်အရှောက်ပါ။ ကျင့်ကြံနေတုန်း မတော်တဆမှုဖြစ်သွားလို့ စကားမပြောနိုင်တော့ပါဘူး"
မုန့်ရှို့ဝမ်က ကိုယ်ကိုမတ်မတ်ပြင်လိုက်ရင်း အက်ကွဲနေသောအသံဖြင့် ဝင်ပြောလိုက်လေသည်။
"..."
ယခင်က လောဘတက်နေခဲ့သော ပိန်ပါးသည့် အကြီးအကဲ၏အမူအရာမှာ သိမ်မွေ့စွာပြောင်းလဲသွားလေသည်။
အခြား အကြီးအကဲ၏အကြည့်မှာလည်း ချက်ချင်းမှောင်မည်းသွားပြီးဘာမှပြန်မပြောဘဲ တတိယလူ၏မျက်နှာကို သေချာစစ်ဆေးရန် ရှေ့သို့ တိုးလာခဲ့၏။
ထိုအရာများက အရေးမကြီးပေ။
မျက်လုံးများက ဘယ်တော့မှ လိမ်မည်မဟုတ်ပေ။
ထိုအတွေးနှင့်အတူ သူက ထိုနက်မှောင်သော မျက်လုံးများထဲသို့ စူးစိုက်ကြည့်လိုက်ပြီး ထိတ်လန့်မှု သို့မဟုတ် ပုံမှန်မဟုတ်သည့် အရိပ်အယောင်လေး တစ်ခုလောက်များရှိနေမလားဟု ရှာဖွေနေလေသည်။
မုန့်ရှို့ဝမ်၏လက်များက တဖြည်းဖြည်း လက်သီးဆုပ်အဖြစ် ပြောင်းသွားလေသည်။ ကျောက်စိမ်းနဂါးဂိုဏ်းက မကြာသေးခင်အတွင်း ဤမျှလောက်အထိ သတိကြီးနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
၎င်းမှာ သူ၏ယခင်က ခန့်မှန်းချက်များကို ပိုမို သေချာသွားစေလေသည်။
သူတို့အနေဖြင့် အတွင်းသို့ဝင်ရန် အခြားနည်းလမ်းကို စဉ်းစားရတော့မည်ဖြစ်ပုံရသည်။
တစ်ချိန်တည်းမှာပင် ယဲ့ကျင်း၏ဖြူဖွေးသော လက်ချောင်းလေးများက သူမ၏ဓားရိုးပေါ်သို့ ဖြည်းညှင်းစွာ ရောက်ရှိသွားလေသည်။
သို့သော် အကြီးအကဲထံမှ ၎င်းတို့၏အကြံအစည်ကို ဖော်ထုတ်မည့်စကားသံကို မကြားလိုက်ရပေ။
အကြီးအကဲက အနည်းငယ် တုန်လှုပ်သွားပြီး တိတ်ဆိတ်သွားလေသည်။
လူငယ်လေး၏မျက်လုံးများထဲတွင် မည်သည့် အကြောက်တရား၊မည်သည့် ထိတ်လန့်မှုမျိုးကိုမျှ သူ မတွေ့ရပေ။
ထိုအစား သူအနားသို့ ကပ်သွားချိန်တွင် ဖုန်များပေနေသော်လည်း ချောမောနေဆဲဖြစ်သော ထိုမျက်နှာပေါ်၌ မွေးရာပါအထင်အမြင်သေးမှုများက ဖြတ်ပြေးသွားခဲ့၏။
ထိုနက်ရှိုင်းသော မျက်လုံးများထဲတွင်၊ လူငယ်လေးက မည်မျှပင်ဖုံးကွယ်ရန်ကြိုးစားနေပါစေ၊ မာနကြီးမှု၊အထင်အမြင်သေးမှုများအပြင်၊ အာဏာရှိသူတစ်ဦးကဲ့သို့ သက်ရှိပေါင်းများစွာ၏ သေခြင်းရှင်ခြင်းကို ချယ်လှယ်နေကျဖြစ်သည့် အရှိန်အဝါမျိုးများရှိနေခြင်းကြောင့် အကြီးအကဲအနေဖြင့် သူတို့၏တာအိုသားတော်နှင့်ပင် ဆင်တူနေသကဲ့သို့ ခံစားလိုက်ရလေသည်။
ဒဏ်ရာအပြင်းအထန်ရ၍ ထွက်ပြေးနေရလျှင်ပင် ဤလူက သူ၏စိတ်ထဲ၌ မိမိကဲ့သို့ သာမန်ကျင့်ကြံသူများကို အဖက်ပင် လုပ်မည့်ပုံမပေါ်ပေ။
ဤကဲ့သို့သော ဟန်ပန်မျိုးမှာ သရုပ်ဆောင်၍ ရနိုင်ခြင်း မရှိပေ။
တာအိုအစောင့်အရှောက် ဆိုသည်မှာ အလကားပင်။
သူက ယခုလေးတင် ဤမောင်နှမနှစ်ဦးအား မေးခွန်းထုတ်နေခဲ့၏။ မည်မျှပင် ငယ်ရွယ်၍ အတွေ့အကြုံသူဆိုစေကာမူ၊ ငွေမြင်လျှင် လူတိုင်း လောဘတက်တတ်သည် ဆိုသည်ကိုတော့ ၎င်းတို့ နားလည်သင့်ပေသည်။
ထွက်ပြေးနေရပြီး ဒဏ်ရာအပြင်းအထန်ရနေသော်လည်း သူတို့၏တန်ဖိုးကြီးပစ္စည်းများကို ဖုံးကွယ်ရန်ပင် မစဉ်းစားကြဘူးလော။
ယခုအချိန်မှာတော့ အရာအားလုံးက ရှင်းလင်းသွားတော့သည်။
ပါရမီရှင်မောင်နှမဆိုသည်မှာ အယောင်ပြသက်သက်သာဖြစ်ပြီး၊ တကယ့် ပုန်းခိုလိုသည့် သူမှာ ဤမြင်းဆွဲသည့် ကောင်လေးအဖြစ် ဟန်ဆောင်ထားသူပင်။
"ညီလေး... ခရီးလမ်းမှာ ပင်ပန်းလာပြီပဲ၊ ကျေးဇူးပြုပြီးဂိုဏ်းထဲကို လိုက်ခဲ့ပါ"
အပြင်စည်းအကြီးအကဲက ပြုံး၍ပြောလိုက်၏။ သူက နောက်သို့ပြန်ဆုတ်ရင်း အစောက စကားကို ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ ကြိုပြီးရှင်းရှင်းလင်းလင်းပြောထားပါရစေ၊ မင်းတို့ဒဏ်ရာကုသဖို့ တိတ်ဆိတ်တဲ့နေရာတစ်ခုရှာပေးလို့ရမလားဆိုတာကိုတော့ ဂိုဏ်းကို တင်ပြပေးမယ်။ ဒါပေမဲ့ ဂိုဏ်းအချင်းချင်းပဋိပက္ခတွေ ပါလာမယ်ဆိုရင်တော့၊ ကျောက်စိမ်းနဂါးဂိုဏ်းက ဝင်စွက်ဖက်မှာ မဟုတ်ဘူးနော်"