ငါတို့ တစ်ခုခုမှားသွားပုံပဲ
Vol. 96 Ch. 958
ညအမှောင်ထုက ထူထပ်လေးလံနေပြီး ကောင်းကင်တွင် ကြယ်တစ်ပွင့်မျှပင်မမြင်ရချေ။
ပတ်ဝန်းကျင်ကမ္ဘာကြီးမှာ အရိပ်များအောက်တွင် နစ်မြုပ်နေပြီး အေးစက်သောလေပြင်းက ထိုသူ၏ အသက်ရှူသံနှင့်အတူ ထပ်တူကျစွာတိုက်ခတ်လာသည်။
ကျောက်စိမ်းနဂါး ရတနာနယ်မြေ၏ဂိုဏ်းချုပ်အနေဖြင့်၊ သူ၏သတ်ဖြတ်လိုစိတ်များ အရှိန်အဟုန်ပြင်းစွာတက်ကြွလာသည့်အခိုက်တွင် ရတနာမြေတစ်ခုလုံးသည် ဤခြံဝင်းငယ်လေးအပေါ် ရန်ငြိုးဖွဲ့လာသကဲ့သို့ပင်။
အနီးအနားရှိ မန္တန်အစီအရင်ပြားများမှာ ဖြည်းညှင်းစွာ တုန်ခါနေခဲ့သည်။ အစပိုင်းတွင် ဤပြင်ပလူများကို စောင့်ကြည့်ရန်ရည်ရွယ်ထားသော မဟာအစီအရင်က ယခုအခါခြံပြင်ပရှိပုံရိပ်နှစ်ခု၏တည်ရှိမှုကိုလည်း ဖုံးကွယ်ပေးထားသည်။
တိတ်ဆိတ်နေသောအိမ်အတွင်း၌
ဖယောင်းတိုင်မီးမှာ အနည်းငယ်လှုပ်ခါနေပြီး ယဲ့ကျင်း၏လှပသောမျက်နှာကို ထင်ဟပ်နေစေသည်။
ကြေးမုံပြင်ထဲတွင် ထိုမျက်နှာ၏အမူအရာမှာ အလျင်အမြန်ပျောက်ကွယ်သွားပြီး၊ ယခင်ကကဲ့သို့ပင်အမူအရာကင်းမဲ့နေသော်လည်း ထိုင်းမှိုင်းခြင်းမရှိတော့ဘဲ ထက်ရှသောအစွန်းတစ်ဖက်ကို ထုတ်ဖော်လာပါသည်။
သူမက ကြေးမုံပြင်ကို တိတ်ဆိတ်စွာစိုက်ကြည့်နေပြီး၊ နောက်တစ်ခဏတွင် သူမ၏လက်ချောင်းများမှာ စားပွဲတင်ခုံပေါ်သို့ မြှောက်လိုက်ပါသည်။
ချက်ချင်းပင်၊စားပွဲပေါ်ရှိ ဓားက အလင်းတန်းနှစ်ခုအဖြစ်ပြောင်းလဲသွားသည်။ ဓားက သူမ၏ လက်ဝါးထဲသို့ ရောက်ရှိသွားပြီး၊ ဓားအိမ်မှာ ခြောက်ခုအဖြစ် ကွဲထွက်သွားကာ ရှန်းယီ၏ပတ်ပတ်လည်တွင် ဝဲပျံယှက်နွယ်ရင်း သူ့ကို အကာအကွယ်ပေးထားလိုက်၏။
"အပြင်ကို မထွက်လာနဲ့"
ယဲ့ကျင်းက အခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင် သူမ၏အသံမှာလည်း တည်ငြိမ်နေခဲ့သည်။
မုန့်ရှို့ဝမ် မရှိလျှင်ပင်၊ သူမက အရာအားလုံးကို ကိုယ်တိုင် ကိုင်တွယ်နိုင်စွမ်း ရှိပါသည်။
ထိုအမျိုးသမီးက အေးအေးလူလူထရပ်လိုက်ရာ သူမ၏အစိမ်းရောင် ဂါဝန်မှာ လွင့်ပျံနေပြီး၊ အင်္ကျီလက်ရှည်များကို လိပ်တင်လိုက်ကာ မသေမျိုးဓားဖြင့် တည့်တည့်ထိုးလိုက်သည်။
ဝုန်း
တစ်ချိန်တည်းမှာပင်၊ ကြီးမားထွားကျိုင်းသော ဝက်ဝံလက်ဝါးကြီးတစ်ခုက နံရံတစ်ဝက်ကို ထိုးဖောက်ကာ အတွင်းဘက်သို့ရဲဝံ့စွာလှမ်းဖမ်းလိုက်သည်။
ဝက်ဝံနတ်ဆိုးမှာ အတွင်းရှိလူက ကြိုတင်တုံ့ပြန်လာလိမ့်မည်ဟုမမျှော်လင့်သောကြောင့် အံ့သြသွားပြီး၊ အမြန်ပင် ဖမ်ဆုပ်ရာမှ ရိုက်ချခြင်းသို့ ပြောင်းလဲလိုက်သည်။
သူ၏လက်ဝါးမှ နတ်ဆိုးစွမ်းအားများစွာကို စုစည်းလိုက်ပြီး ဟိန်းဟောက်နေသောသွေးပင်လယ်ကဲ့သို့ ကြက်သွေးရောင်များတောက်လောင်လာသည်။
ပထမဆုံးတိုက်ခိုက်မှုမှာပင် ၎င်းက အစစ်အမှန်မသေမျိုးတစ်ပါးနှင့် မနိမ့်ကျသော ခွန်အားကို ပြသခဲ့သည်။
သေမျိုးလောကမှ ယုတ်ညံ့သော သတ္တဝါတစ်ကောင်မှာ ဤကဲ့သို့စွမ်းရည်မျိုးကို မည်သို့ပိုင်ဆိုင်နိုင်သနည်း။
ထို့ပြင် ထိုကြမ်းတမ်းသောရိုက်ချက်အတွင်း၌ နက်နဲသောလျှို့ဝှက်ချက်အရိပ်အယောင်တစ်ခု ပါဝင်နေသည်မှာ ထင်ရှားသဖြင့်၊၎င်းမှာ မသေမျိုးတစ်ပါး၏ခြေရင်းမှ သတ္တဝါတစ်ကောင် ဖြစ်နေနိုင်ပါသည်။
သို့သော်လည်း၊ ယဲ့ကျင်း၏မျက်နှာမှာ ပြောင်းလဲခြင်းမရှိဘဲ သူမ၏ဓားဖြားမှာ မတုန်မလှုပ်ဖြင့် ဝက်ဝံလက်ဝါးဆီသို့ တည့်တည့်ဦးတည်နေပါသည်။
ထိပ်တိုက်တွေ့လိုက်သည့်အခိုက်တွင်၊ ကြက်သွေးရောင် သွေးပင်လယ်မှာ ဟိန်းဟောက်ကာပေသုံးဆယ်ခန့်ရှိထက်ရှသည့် ဓားထိပ်ကို ဝါးမြိုရန် ကြိုးစားလိုက်သည်။
သို့သော် ဓာထိပ်ဖြားထံမှ ထွက်ပေါ်လာသော အဖြူရောင်အလင်းတန်းမှာ မိုးကြိုးပစ်ချသကဲ့သို့သွေးပင်လယ်ကိုရိုက်ခွဲလိုက်ပြီး၊ မှောင်မိုက်သော ညအမှောင်ကို ထိုးဖောက်ကာကျောက်စိမ်းနဂါးဂိုဏ်း၏အတွင်းစည်းတစ်ခုလုံးကို နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားစေခဲ့၏။
ရွှစ်
ထူထဲသောအသားကို ထက်ရှသောဓားဖြင့် လှီးဖြတ်လိုက်သံနှင့်အတူ သားရဲဟိန်းသံ ထွက်ပေါ်လာသည်။
ဝက်ဝံနတ်ဆိုးက သူ၏ညာဘက်လက်ဝါးကို ရင်ဘတ်ထက်သို့ ချက်ချင်းပြန်ရုပ်လိုက်သည်။ သူ၏မျက်လုံးများထဲတွင် ထိတ်လန့်မှုနှင့် မရေရာမှုများပြည့်နှက်လျက် အတွင်းဘက်သို့ ကြည့်လိုက်၏။
"မင်းရဲ့ဆရာက ဘယ်သူလဲ၊ မင်းက ဘယ်မသေမျိုးရဲ့မျိုးဆက်လဲ"
ဤကဲ့သို့အဆင့်ရှိသော ကျင့်ကြံသူတစ်ဦးက သာမန်မျှသာဖြစ်သော ကျန်းယန်စီရင်စုအတွင်း၌ ပုန်းကွယ်နေလိမ့်မည်ဟု မည်သူထင်ပါမည်နည်း။
"..."
ယဲ့ကျင်း ဓားကိုကိုင်ဆောင်ရပ်နေပြီး ပြန်လည်ဖြေကြားရန် စိတ်ကူးမရှိပေ။
သူမက ရှန်းယီကိုသာ တစ်ချက်လှမ်းကြည့်လိုက်၏။ ထိုကဲ့သို့သော ရုတ်တရက်ဖြစ်ရပ်နှင့် ရင်ဆိုင်ရသော်လည်း သူကထိတ်လန့်ခြင်းမရှိဘဲ တစ်စုံတစ်ရာကို တိတ်ဆိတ်စွာစိုက်ကြည့်နေသည်ကို တွေ့ရပါသည်။
မဆိုးပါဘူး။
ရှန်းယီ ဘာကိုစဉ်းစားနေမှန်း သူမ မသိသော်လည်း၊သူ အခြာနေရာသို့ ထွက်မသွားသရွေ့ အဆင်ပြေသည်။
သူမ၏ဓားအိမ်များက သူ့ကိုကောင်းစွာ အကာအကွယ်ပေးထားကြောင်း အတည်ပြုပြီးနောက်၊ယဲ့ကျင်းက ဝက်ဝံနက်ထံသို့ သူမ၏ အကြည့်ကို ပြန်လည်ပြောင်းလိုက်၏။
ဤနတ်ဆိုးသားရဲက ကျောက်စိမ်းနဂါးဂိုဏ်းအတွင်းတိုက်ခိုက်ခြင်းမှာ ကျောက်စိမ်းနဂါးဘိုးဘေး၏ခွင့်ပြုချက်ရရှိထားသည်မှာ အသေအချာပင်။
ယင်းက သူမအနေဖြင့် အစစ်အမှန်မသေမျိုးနှစ်ပါး၏တည်ရှိမှုကို တစ်ချိန်တည်းရင်ဆိုင်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။
သူမကြောက်ရွံ့ခြင်း မရှိသော်လည်း၊ တိုက်ပွဲ ကြာရှည်သွားပါက သူမ၏လုပ်ဖော်ကိုင်ဖက်သစ်အပေါ် ဘေးအန္တရာယ်တစ်စုံတစ်ရာကျရောက်မည်ကိုသာ စိုးရိမ်မိသည်။
သူမအနေဖြင့် တစ်ဦးကို အရင်ဆုံးသတ်ဖြတ်နိုင်ရန် လျင်မြန်ပြတ်သားစွာတိုက်ခိုက်ရမည်။
ချက်ချင်းပင် သူမ၏ဓားသွားမှာ တောက်ပလာပြီး မိုးမြေကိုလင်းထိန်သွားစေသည်။
ထိုအမျိုးသမီး၏သိမ်မွေ့သော လှုပ်ရှားမှုများက ဝက်ဝံနက်၏မျက်လုံးထဲသို့ ဝင်ရောက်သွားပါသည်။ ၎င်းက မတ်တတ်ရပ်လိုက်ပြီး သူ၏လက်ဝါးပေါ်မှ သွေးရည်ကြည်များကို ခါထုတ်လိုက်၏။
"မင်း စကားမပြောချင်ရင်လည်း ရတယ်၊ ငါလည်း နားမထောင်ချင်ပါဘူး"
ဤစကားများနှင့်အတူ သူက မြေပြင်ကိုပြင်းထန်စွာနင်းချလိုက်ရာ၊သူ၏အောက်ရှိ တောင်တန်းများပင် တုန်ခါသွားတော့သည်။
"ခုနကကိစ္စကအတည်မဟုတ်သေးဘူး၊ ပြန်စကြရအောင်"
ဝက်ဝံနက်က သူ၏ကိုယ်ဟန်ကို ပြင်လိုက်၏။ နတ်ဆိုးစွမ်းအားများမှာ သူ၏ခြေဖဝါးအောက်မှနေ၍ပင့်ကူအိမ်ကဲ့သို့ ပျံ့နှံ့သွားပြီးမြေပြင်ပေါ်တွင် ကြီးမားဆန်းပြားသောပုံစံတစ်ခုဖြစ်ပေါ်လာသည်။
နှိုင်းယှဉ်ကြည့်လျှင် ယဲ့ကျင်း၏တုံ့ပြန်မှုမှာ အလွန်ရိုးရှင်းပုံရပါသည်။ သူမက ရှေ့သို့ တစ်လှမ်းတိုးလိုက်ရုံသာရှိသေးသော်လည်း၊ မြေပြင်ပေါ်ရှိ သွေးရောင်ပုံစံများမှာ သူမ၏ဝတ်ရုံစကို ထိလိုက်သည်နှင့် ချက်ချင်းကွဲကြေသွားတော့သည်။
သူမ၏ရှည်လျားသောပုံရိပ်က လေထဲသို့ ခုန်တက်သွားပြီး၊ သူမ၏ဓားရှည်ဖြင့် ဒုတိယအကြိမ် ထိုးလိုက်သည်။
ဝက်ဝံနတ်ဆိုးမှာ သူ၏မျက်လုံးများမှာ ထက်ရှသောဓားထိပ်ဖြင့် ထိုးဖောက်ခံရတော့မည့်အလား ခံစားနေရပြီး အသက်ကို ပို၍ပင်ပြင်းပြင်းရှူနေရသည်။ မြေပြင်မှမြင့်တက်လာသော သွေးရောင်ပုံစံများက ဓား၏အလင်းရောင်ကြောင့် ချက်ချင်း ကွဲကြေသွားသော်လည်း၊ ၎င်းတို့က ယဲ့ကျင်း၏လှုပ်ရှားမှုကို အနည်းငယ် နှေးကွေးသွားစေရန် စွမ်းဆောင်နိုင်ခဲ့ပါသည်။
ထိုအရာကိုအခွင့်ကောင်းယူကာ ဝက်ဝံနက်၏ဧရာမခန္ဓာကိုယ်ကြီးမှာ အခြားတစ်နေရာတွင် ချက်ချင်းပြန်ပေါ်လာပြီး သူ၏မျက်နှာတွင် အပြုံးတစ်ခု ပျံ့နှံ့သွားခဲ့သည်။
"မင်းရဲ့ အနောက်ကို ကြည့်လိုက်စမ်း"
ဓားကျင့်ကြံသူများက သူတို့၏တားဆီး၍မရသော အရှိန်အဟုန်ဆုံးရှုံးသွားခြင်းကို မုန်းတီးကြသည်။
သို့သော် ယဲ့ကျင်းတွင် အခြားသူများကိုကာကွယ်ပေးသည့် အတွေ့အကြုံတကယ်ကိုမရှိပေ။ သူမက အမြဲတစေ မုန့်ရှို့ဝမ်နောက်သို့သာလိုက်နေခဲ့ရပြီး၊ သူ မရှိလျှင်ပင် သူမ၏ကိုယ်ပိုင် တာဝန်များကိုသာ အာရုံစိုက်ရန်လိုအပ်ခဲ့သည်။
ယခုတစ်ကြိမ်တွင် ပထမဆုံးအကြိမ်ဖြစ်သည်။
သူမက သွေးရောင်ပုံစံအနည်းငယ်ကို ထပ်မံခုတ်ဖြတ်လိုက်သော်လည်း၊အနောက်သို့ လှည့်ကြည့်ခြင်းကို မတားဆီးနိုင်ခဲ့ပေ။
နောက်ဘက် ညကောင်းကင်ယံမှ ရုတ်တရက် နဂါးဟိန်းသံကို ကြားလိုက်ရပါသည်။
ပင်လယ်နက်အတွင်းမှ ထွက်ပေါ်လာသော ကျောက်စိမ်းနဂါးတစ်ကောင်ကဲ့သို့၊ ၎င်းက အစကတည်းက မိုးမြေ၏ဝိညာဉ်စွမ်းအင်များကို ဝါးမြိုနေခဲ့ပြီး ၎င်း၏ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို အသင့်ပြင်ထားခဲ့ခြင်းဖြစ်သည်။
ယခုတော့ သူမထံသို့တားဆီး၍မရသော အရှိန်အဟုန်ဖြင့်ပြေးဝင်လာနေပြီး၊ ထိာအရာမှာ မည်သည့် သာမန်လူသားမျှမယှဉ်နိုင်သော ကြီးမားသည့် အင်အားစုတစ်ခုပင်။
အား
ကျောက်စိမ်းနဂါးက ယဲ့ကျင်းကို တိုက်ခိုက်ခြင်း မဟုတ်ဘဲ၊ ဓားအိမ်ခြောက်ခုကို ပစ်မှတ်ထားလိုက်ခြင်း ဖြစ်သည်။
အပြင်စည်းအကြီးအကဲများ၏တင်ပြချက်အရ၊ ဤသုံးဦးအနက်မြင်းကိုဆွဲလာသော ကောင်လေးမှာ အဆင့်အတန်းအမြင့်ဆုံးဖြစ်ပါသည်။
ယဲ့ကျင်း၏ယခင် လုပ်ဆောင်ချက်များဖြစ်သော အကာအကွယ်အတွက် အစောပိုင်းက အာရုံပျံ့လွင့်သွားခြင်း သို့မဟုတ် တိုက်ပွဲအတွင်းခဏတာ လှမ်းကြည့်ခြင်းတို့က ကျောက်စိမ်းနဂါးဘိုးဘေးအား ဤအချက်ကို ပို၍ယုံကြည်သွားစေရန်သာ လုပ်ဆောင်ခဲ့သလိုဖြစ်သွား၏။
"ရှောင်လိုက်"
တစ်ချက်ကြည့်ရုံဖြင့် ယဲ့ကျင်းက သူမ၏ဓားအိမ်များက ဤကျောက်စိမ်းနဂါးကို မတားဆီးနိုင်ကြောင်း ဆုံးဖြတ်လိုက်နိုင်သည်။
သူမက ခုခံရန်အတွက်ပြတ်ပြတ်သားသားလှည့်လိုက်ပြီး သူမ၏ကျောပြင်ကို ဝက်ဝံနက်ထံသို့ ဖော်ပြလိုက်သည်။
ပြင်းထန်သော ထိုးနှက်ချက်တစ်ခုကို ခံယူရလျှင်ပင်၊သူမအနေဖြင့် အသာစီးပြန်လည်ရယူရန်အလားအလာ ရှိနေသေးသည်။
တိုက်ပွဲအတွင်းတွင် ယဲ့ကျင်း၏စိတ်က ဖြစ်စဉ်တစ်ခုလုံးကို သေချာစွာတွက်ချက်လိုက်ပြီး အလွန်တိုတောင်းသောအချိန်အတွင်း အဖြေတစ်ခုကို လျင်မြန်စွာရရှိခဲ့၏။
အစမှအဆုံးအထိ၊ သူမက သူမ၏လုပ်ဖော်ကိုင်ဖက်သစ်ကို ကယ်တင်ရန်လိုအပ်ခြင်းရှိမရှိကို တစ်ခါမျှထည့်သွင်းစဉ်းစားခြင်း မရှိခဲ့ပေ။