ဝက်ဝံနက်ကို သတ်ဖြတ်ခြင်း
Vol. 96 Ch. 959
မည်သို့ပင်ဆိုစေကာမူ သူမနတ်ဆိုးသုတ်သင်ရေးဌာနသို့ ပထမဆုံးဝင်ရောက်စဉ်က မုန့်ကလည်း သူမကို ဤနည်းလမ်းအတိုင်းပင်ကာကွယ်ပေးခဲ့ဖူးပါသည်။
"..."
ထိုအခိုက်အတန့်၌ မျှော်လင့်မထားသော အပြောင်းအလဲတစ်ခုက သူမ၏အစီအစဉ်အားလုံးကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်၏။
ယဲ့ကျင်းက ဝတ်စုံနက်နှင့်ပုံရိပ်ကို အသေအချာ စိုက်ကြည့်နေရင်း သူမ၏မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
တစ်ဖက်လူမှာမူ ရှောင်တိမ်းရန်အတွေးမရှိဘဲ မူလနေရာ၌ပင် ရပ်မြဲရပ်နေဆဲဖြစ်လေ၏။
ကျောက်စိမ်းနဂါးမှာ ခြံဝင်းအတွင်းသို့ချက်ချင်းပင် ထိုးဆင်းလာတော့သည်။ တောက်ပလှသော နဂါးအကြေးခွံများကြားမှတစ်ဆင့် ဓားကို ကိုင်ဆောင်ထားသော ပုံရိပ်မှာ တိုက်ခိုက်မှုတစ်ခု စတင်လိုက်သည်ကို ဝေဝါးစွာမြင်တွေ့နိုင်ပါသည်။
ကြီးမားလှသောဟိန်းဟောက်သံကြီးနှင့်အတူ နဂါးလက်သည်းမှာ ဓားအိမ်အပေါ်သို့ ပြင်းထန်စွာရိုက်ချလိုက်သည်။
မိုးမြေ၏ဝိညာဉ်စွမ်းအင်များကို အချိန်အကြာကြီး စုဆောင်းထားရသော တိုက်ကွက်ဖြစ်သဖြင့် ၎င်း၏စွမ်းအားမှာစကားလုံးဖြင့် ဖော်ပြရန်ပင် မဖြစ်နိုင်အောင် ပြင်းထန်လှပေသည်။
ရှေးဟောင်းဓားအိမ်မှာ ခုခံနိုင်ရန်ကြိုးစားသော်လည်း၊တစ်ခုတည်းအဖြစ် ပြန်လည်ပေါင်းစည်းသွားကာ ပြင်းထန်စွာရိုက်ထုတ်ခြင်း ခံလိုက်ရပြီး လွင့်စင်သွားတော့သည်။
ဤအချိန်တွင် ယဲ့ကျင်းက သူမ၏ဓားရှည်ကို အပြင်းအထန်ဝှေ့ယမ်းကာ သွေးရောင်ပုံစံမန္တန်စာလုံးများကို ရိုက်ခွဲနေသော်လည်း အချိန်နှောင်းသွားခဲ့ပြီဖြစ်သည်။
ကျောက်စိမ်းနဂါးအတွင်း၌ကွယ်ဝှက်ထားသော ဓားရှည်မှာ ရှန်းယီထံသို့ ရုတ်တရက် ထိုးစိုက်သွားသည်ကို သူမအနေဖြင့် အကူအညီမဲ့စွာသာကြည့်နေရုံသာ ရှိတော့သည်။
သူမ၏ အမူအရာများမှာ ချက်ချင်းထုံထိုင်းသွားခဲ့ပါသည်။
ယဲ့ကျင်းက ဤလုပ်ဖော်ကိုင်ဖက်သစ်က သူမ၏စကားကို အဘယ်ကြောင့် နားမထောင်သည်ကို နားမလည်နိုင်ခဲ့ပေ။
ရွှေရောင်အလင်းတန်းတစ်ခု သူမ၏မျက်လုံးထဲသို့ ဝင်ရောက်မလာခင်အချိန်ထိပင်။
ဓားအိမ်၏အကာအကွယ်ကို ထိုးဖောက်ပြီးနောက် ကျောက်စိမ်းနဂါးဘိုးဘေး၏မျက်နှာတွင် အပြုံးတစ်ခုထွက်ပေါ်လာ၏။ သူက ဤလူ၏အသက်ကို ချန်ထားပြီး အမျိုးသမီး ဓားကျင့်ကြံသူကို ခြိမ်းခြောက်ရန်အတွက် လက်ကိုပင် အနည်းငယ် ပြန်ရုပ်ထားသေးသည်။
သို့သော် တစ်ခဏအကြာတွင် သတ္တုချင်းထိခိုက်မိသည့် ကြည်လင်သော ဒင် ဆိုသည့် အသံမှာ သူ၏နားစည်ဘေးတွင် မြည်ဟည်းသွားခဲ့၏။
ရှန်းယီ၏ဆံပင်များမှာ အနည်းငယ်လွင့်ပျံသွားပြီး သူ့ထံသို့ ထိုးစိုက်လာသောဓားရှည်ကို ငုံ့ကြည့်လိုက်သည်။ သူ၏ဝတ်စုံနက်မှာ စုတ်ပြဲသွားသော်လည်း သူ၏ကြွက်သားများကြားတွင် ရွှေရောင်အလင်းတန်းများအရှိန်အဟုန်ဖြင့် စီးဆင်းနေခဲ့သည်။
သူ၏ခန္ဓာကိုယ်အတွင်းရှိ ကြာပလ္လင်မှာ သူ၏ခြေလက်များနှင့် ဆက်သွယ်သွားပြီး ဖော်ပြ၍မရနိုင်သောစွမ်းအားများ ပေါက်ကွဲထွက်လာ၏။
ရွှေရောင်အရေပြားနှင့် ထိတွေ့နေသော ဓားသွားမှာ ထိုးဖောက်နိုင်ခြင်းမရှိသည့်အပြင်၊ တကျိကျိအသံတစ်ခု ထွက်ပေါ်လာပြီးနောက်တစ်လက်မချင်းစီ ကွဲအက်သွားတော့သည်။
ခရက် ခရက်
ဤကဲ့သို့ထင်ရှားသော လက္ခဏာမှာ ရှင်းပြနေစရာပင် မလိုတော့ပေ။ အခင်းဖြစ်နေရာတွင် ရှိနေသူ မည်သူမဆို သူ၏အထောက်အထားကို မှတ်မိနိုင်ကြပါသည်။
ဗောဓိဂိုဏ်းမှ လောကခရီးသည်ကျင့်ကြံသူ
ယဲ့ကျင်းက သူမ၏နီမြန်းသောနှုတ်ခမ်းလွှာကို အနည်းငယ်ဟလိုက်ပြီး အံ့သြမှုကို ထိန်းချုပ်ရန် မျက်တောင်ခတ်လိုက်မိသည်။ လမ်းစဥ်သုံးသွယ်အားဖိနှိပ်ရန် ရည်ရွယ်ထားသော နတ်ဆိုးသုတ်သင်ရေးဌာနအတွင်း၌ လောကခရီးသည်ကျင့်ကြံသူတစ်ဦး ရုတ်တရက်ထွက်ပေါ်လာခြင်းပင်။
သူမ၏စိတ်က ခဏတာအတွင်း ဤကိစ္စရပ်များကို လိုက်မမီနိုင်အောင် ဖြစ်သွားခဲ့သည်။
ကျောက်စိမ်းနဂါးဘိုးဘေး၏ပြုံးနေသော မျက်နှာမှာ ချက်ချင်းပင်ထိတ်လန့်တုန်လှုပ်မှုသို့ ပြောင်းလဲသွားခဲ့၏။ မသေမျိုးဂိုဏ်းသုံးဂိုဏ်း၏အမိန့်အရ ဂိုဏ်းကြီးအချို့မှတပည့်များကို ကိုင်တွယ်ခြင်းမှာ ပြဿနာမရှိသော်လည်း၊ လမ်းစဉ်သုံးသွယ်၏ အခြားသော တပည့်တစ်ဦးကိုမူ သူ ကျူးလွန်ရဲခြင်း မရှိပေ။
"သခင်ကြီး ဒါက နားလည်မှုလွဲတာပါ"
သူက အသံနိမ့်နိမ့်ဖြင့်ဟိန်းဟောက်လိုက်ပြီး သူ၏ဓားကိုပင်ပြန်သိမ်းရန် ကြိုးစားလိုက်၏။
သို့သော် အနည်းငယ် နောက်ကျသွားခဲ့ပြီဖြစ်သည်။
ရွှေရောင်အလင်းများဖြာထွက်နေသော ထိုလက်ချောင်းရှည်ကြီးမှာ သူမသိလိုက်မီမှာပင် သူ၏လက်ကောက်ဝတ်ပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။
လက်ချောင်းထိပ်များမှတစ်ဆင့် ကပ်ဘေးဒုက္ခသုံးသွယ်၏စွမ်းအင်များမှာ ဂယက်ထလျက်ရှိနေသည်။
ကျောက်စိမ်းနဂါးဘိုးဘေး ဒုတိယမြောက်စကားလုံးကိုမပြောနိုင်မီမှာပင် သူ၏ဖြစ်တည်မှုတစ်ခုလုံးမှာ ထိုကြီးမားလှသောစွမ်းအားအတွင်းသို့ ဝါးမြိုခံလိုက်ရ၏။
ရှန်းယီက သူ၏လက်ကို အေးအေးလူလူပင် ဝှေ့ယမ်းလိုက်ရာ၊ ကျောက်စိမ်းနဂါးတစ်ခုလုံးမှာ အူသံနှင့်အတူ လွင့်စင်သွားပြီး ယဲ့ကျင်းကိုဘေးမှ ဖြတ်ကျော်ကာ အပေါ်မှဆင်းသက်လာသော ဝက်ဝံနက်ကြီးထံသို့ ပြင်းထန်စွာ သွားရောက် ရိုက်မိတော့သည်။
ကျောက်စိမ်းနဂါး၏ငိုညည်းသံနှင့်အတူ မိုးကြိုးပစ်သည့်အလားတိုက်မိသံကြီး ထွက်ပေါ်လာပြီး၊ ဧရာမဝက်ဝံနက်ကြီးမှာ ကြိုးပြတ်သွားသော ရုပ်သေးရုပ်ကဲ့သို့ အနောက်ဘက်သို့ လွင့်ထွက်သွားသည်။
"ဝုန်း"
ပြင်းထန်လှသော တိုက်ခိုက်မှုအောက်တွင် ဝက်ဝံနက်မှာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ကွဲကြေတော့မည့်အလား ရင်တစ်ခုလုံးအောင့်တက်သွားသည်။
၎င်းက မြေပြင်ပေါ်တွင်အကြိမ်အနည်းငယ် လိမ့်သွားပြီးနောက်၊ သွေးရောင်မန္တန်စာလုံးများကို အသုံးပြုကာ ထွက်ပြေးရန်အလိုအလျောက် ကြိုးစားလိုက်၏။
သူ ရင်ဆိုင်နေရသည်မှာ ဗောဓိဂိုဏ်းမှ လောကခရီးသည်ကျင့်ကြံသူ ဖြစ်သည်။ သူကဲ့သို့ဝိညာဉ်သားရဲတစ်ကောင်အနေဖြင့် ပြစ်မှားရဲသော ပုဂ္ဂိုလ်မျိုး မဟုတ်ပေ။
"ဟူး။"
ရှန်းယီက သူ၏လက်ဝါးဖြင့် အနည်းငယ်ထပ်မံစမ်းသပ်လိုက်သည်။ ကျောက်စိမ်းဖြူကြံ့တံဆိပ်တုံးကို အသုံးမပြုဘဲနှင့်မူ ထိုမသေမျိုးတောင်ကို သူ အမှန်တကယ် မထိန်းချုပ်နိုင်သေးပေ။
သို့သော် ထိုတောင်မှာ ပြီးခဲ့သည့်အကြိမ်က နိုးထလာခဲ့ပြီးနောက်တွင် သက်မဲ့အရာတစ်ခုအဖြစ် ရှိနေစဉ်ကနှင့် မတူတော့ဘဲ၊ သူ၏ကိုယ်ပိုင် မသေမျိုးနိယာမကို အနည်းငယ် မြှင့်တင်ပေးနိုင်စွမ်း ရှိနေသည်။
ရှန်းယွဲကျန်းချင်ထျန်း
မျက်စိဖြင့်မမြင်နိုင်သော စွမ်းအားတစ်ခုမှာ ဝက်ဝံနက်၏ခန္ဓာကိုယ်ကို ချက်ချင်းပင်လွှမ်းခြုံသွားပြီး ၎င်း၏လှုပ်ရှားမှုကို ခဏတာရပ်တန့်သွားစေခဲ့သည်။
"ဟမ်။"
ယဲ့ကျင်းမှာ နတ်ဆိုးသုတ်သင်ရေးဌာနအတွင်းသို့ လောကခရီးသည်ကျင့်ကြံသူတစ်ဦး ခိုးဝင်နေသည်ကိုသိလိုက်ရသဖြင့် အံ့သြနေဆဲဖြစ်သော်လည်း၊ နောက်တစ်ခဏတွင် သူက အခြားသောမသေမျိုးကျင့်စဉ်တစ်ခုကို အသုံးပြုနေသည်ကို မြင်လိုက်ရပြန်သည်။
ယင်းက သူမ၏မှိုင်တွေတွေ ဖြစ်နေသော အမူအရာကို ပို၍ပင်ကြောင်အမ်းအမ်းဖြစ်သွားစေ၏။
ဒါက ဟုတ်ရောဟုတ်သေးရဲ့လား။
သူမ ကြောင်အမ်းနေသည့် အခိုက်အတန့်မှာပင် ရှန်းယီက မူလနေရာမှပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
စုတ်ပြဲနေသော ဝတ်စုံနက်ကြားမှတစ်ဆင့် ထွက်ပေါ်လာသော ရွှေရောင်အလင်းတန်းမှာ ယခင်က ဓားအလင်းရောင်ကဲ့သို့ ထက်မြက်ခြင်း မရှိသော်လည်း၊ ၎င်းကိုယ်တိုင်ကပင် ကမ္ဘာကြီးကို လင်းထိန်သွားစေနိုင်စွမ်းရှိပါသည်။
ရှန်းယီက ဝက်ဝံနက်၏အပေါ်တွင် ဝဲပျံနေရင်း သူ၏ခြေထောက်ကို အောက်သို့ ပြင်းထန်စွာဆောင့်ချလိုက်လေ၏။
ရွှေရောင်အလင်းတန်းများစီးဆင်းနေသမျှ မရေမတွက်နိုင်သောမန္တန်များကို ရိုက်ခွဲနိုင်စွမ်းရှိပေလိမ့်မည်။
မူးဝေနေသော ကျောက်စိမ်းနဂါးဘိုးဘေး မည်သည့်မန္တန်ကိုပင်ဖန်တီးပါစေ၊မည်သည့် တုံ့ပြန်မှုမျှ မရှိခဲ့ပေ။
ဤအရာကတော့ ဘေးထွက်လမ်းစဉ်ကျင့်ကြံသူများကို လွှမ်းမိုးထားနိုင်သည့် စစ်မှန်သော လမ်းစဉ်သုံးသွယ်၏ကျွမ်းကျင်မှုပင်။
သူ၏ဖိနပ်အောက်တွင် ကျောက်စိမ်းနဂါးမှာ ရုတ်တရက်ပေါက်ကွဲသွားပြီး၊ သူ၏ခြေထောက်က ဝါးပင်ကိုဓားဖြင့်ခွဲခြမ်းလိုက်သကဲ့သို့ ဝက်ဝံနက်၏ကိုယ်တွင်းအင်္ဂါများထဲသို့ ထိုးဖောက်ဝင်ရောက်သွားစေသော ပြင်းထန်သည့်ကန်ချက်တစ်ခုဖြင့် ၎င်း၏ဧရာမ ပုံရိပ်ကြီးကို လေထဲသို့လွင့်စင်အောင်ကန်လိုက်သည်။
သူ၏လက်သီးမှာ ရွှေရောင်မြားတစ်စင်းကဲ့သို့ပင်၊ တစ်ခဏအတွင်းမှာပင် ၎င်း၏ခန္ဓာကိုယ်ကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ထိုးနှက်လိုက်တော့သည်။
လောကခရီးသည်လမ်းစဥ်ကျင့်ကြံသူ၏ အာဏာစက်ပြင်းထန်မှုမှာ ဤအခိုက်အတန့်တွင် အပြည့်အဝ ပေါ်လွင်နေပေသည်။
ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ဖြင့် နတ်ဆိုးများကို နှိမ်နင်းခြင်းပင်။
လေထဲတွင်ထိုးနှက်ခံနေရသော ဝက်ဝံနက်မှာ အသက်ရှူပင်မဝတော့ဘဲ အနောက်သို့ လွင့်ထွက်နေရင်း "သခင်ကြီး ကျွန်တော်က ချင်းမိန်ဘိုးဘေးရဲ့တပည့်က မွေးမြူထားတဲ့ ဝိညာဉ်သားရဲပါ၊ ကျေးဇူးပြုပြီး သက်ညှာပေးပါ"
သူက သူ၏သခင်အဆင့်အတန်းကို ထုတ်ဖော်ပြောဆိုရန်ပင်အချိန်မဖြုန်းရဲတော့ဘဲ ချင်းမိန်ဘိုးဘေး၏အမည်ကို တိုက်ရိုက် အသုံးပြုလိုက်တော့သည်။
လမ်းစဉ်သုံးသွယ်မှ တပည့်များနှင့် ရင်ဆိုင်ရချိန်တွင် အစစ်အမှန်မသေမျိုး တစ်ပါးသာလျှင် သူတို့ကိုရပ်တန့်စေနိုင်မည် မဟုတ်ပါလား။
"..."
ယဲ့ကျင်းက သူမ၏ဓားရိုးကို ပို၍ တင်းကြပ်စွာဆုပ်ကိုင်ထားလိုက်၏။
လမ်းစဉ်သုံးသွယ်ကို ဆန့်ကျင်ရန် ယနေ့အထိ မည်သည့်ဆန္ဒမျှမထုတ်ပြခဲ့သော၊သူတို့ထဲမှ လူတစ်ဦးပင်ဖြစ်နေနိုင်သသည့် ဤလုပ်ဖော်ကိုင်ဖက်သစ်အကြောင်းကို သူမရုတ်တရက်သတိရသွားသည်။
ဤအရာကို သူမကိုပဲ လုပ်ခွင့်ပေးသင့်သည်။
သို့သော်လည်း သူမဘာမှသတိမပေးနိုင်ခက်မှာပင် ရှန်းယီက အရာအားလုံးကိုလျစ်လျူရှုထားပုံရသည်ကို သူမ တွေ့လိုက်ရစ။ သူ၏ခြေထောက်မှာ ဓားသွားတစ်ခုကဲ့သို့ ညကောင်းကင်ယံကို ဖြတ်သန်းသွားပြီး ဝက်ဝံနက်၏ဦးခေါင်းကို ပြတ်တောက်သွားအောင်ပြင်းထန်စွာ ဖြတ်ကန်လိုက်တော့သည်။
တိုးတိတ်သော ကွဲအက်သံနှင့်အတူ သွေးစီးကြောင်းများပန်းထွက်လာပြီး သူ၏ဖြူဖျော့ကာချောမောသောမျက်နှာကို စွန်းထင်သွားစေခဲ့သည်။
သူက... စိတ်ထဲပြင်ဆင်ထားဖို့တောင် မလိုအပ်ခဲ့ဘူးပဲ။
[အဆင့်-၇ ဝက်ဝံနက်ကို သတ်ဖြတ်ခဲ့သည်။ စုစုပေါင်းသက်တမ်း ကပ်ဘေးဒုက္ခ ၁၂ ခု၊လက်ကျန် သက်တမ်းမှာ ကပ်ဘေးဒုက္ခ ၄ ခုဖြစ်သည်။]