← Chapters

အခန်း (၁၄၁-၁၄၂)

Vol. 11 Ch. 141-142

အခန်း (၁၄၁-၁၄၂)

Vol. 11 Ch. 141-142

အပိုင်း(၁၄၁)

လင်းတုန်း၏ ကျေးဇူးတင်စကားကို ကျေနပ်သွားဟန်ဖြင့် အီသန်က ပြုံးလိုက်သည်။

"မင်း ငါ့ကို ကြိုပြီးတော့တောင် ကျေးဇူးတင်ဖို့ ကောင်းတယ်... ဘာလို့လဲဆိုတော့ ဒါက မပြီးသေးလို့ပဲ..."

ယီရင်က ဘာမှ မပြောချေ။ ထို့အစား... သူ့ကို သနားကြင်နာသော အကြည့်ဖြင့် ကြည့်သည်။

"မင်းက မာဒြာ သွေးကြောတွေကို ခန္ဓာကိုယ် တစ်ခုလုံး အနှံ့ တွန်းပို့တဲ့ နေရာမှာ တစ်ဝက်ပဲ ပြီးသေးတယ်၊ အဲဒီတော့ အခုချက်ချင်း သံမဏိအဆင့် ကို တက်လှမ်းလိုက်မယ် ဆိုရင် မင်းရဲ့ အနာဂတ်ကို မင်းကိုယ်တိုင် ဖျက်ဆီးလိုက်သလို ဖြစ်သွားလိမ့်မယ်... အဆင့်နိမ့် ရွှေအဆင့် ကို ရောက်ဖို့ ခက်ခဲသွားမှာဖြစ်ပြီး၊ အဆင့်မြင့် ရွှေအဆင့် ကိုတော့ မင်း အသက်ကြီးမှပဲ ရောက်ကောင်း ရောက်နိုင်လိမ့်မယ်..."

ရွှေအဆင့် ကို ရောက်ရှိရန်မှာ သူ ရည်မှန်းရမည့် အနိမ့်ဆုံး အရာဖြစ်လာလိမ့်မည်ဟု လင်းတုန်း တစ်ခါမျှ မတွေးခဲ့ဖူးပေ။

"မင်း အဲဒါကို အဆုံးထိ လုပ်ပြီးသွားရင်တောင်၊ သာမန် အဆန်လုံး သံမဏိအဆင့် ကိုပဲ ရောက်ရှိမှာပါ... မင်းက ပါရမီ အရမ်းပါရင် ဒါမှမဟုတ် ကံကောင်းခဲ့ရင်တော့ အစစ်အမှန် ရွှေအဆင့် ရဲ့ အထွတ်အထိပ်ကို ရောက်ကောင်း ရောက်နိုင်တယ်... အဆင့်နိမ့် အရှင်သခင် ဆိုတာကတော့ ဝေးကွာတဲ့ အိပ်မက်တစ်ခု ဖြစ်သွားလိမ့်မယ်..."

"ရိုင်းစိုင်းသွားရင် ခွင့်လွှတ်ပါ၊ ဒါဆို နောက်ထပ် ရွေးချယ်စရာ တစ်ခု ရှိသေးတယ်လို့ ဆိုလိုတာလား..."

အီသန်၏ အပြုံးက ပိုမို ကျယ်ပြန့်သွားသည်။

"မင်းမှာ ပြီးပြည့်စုံတဲ့ သံမဏိအဆင့် ခန္ဓာကိုယ် တစ်ခု လိုအပ်တယ်..."

ထိုအသံကို လင်းတုန်း သဘောကျသွားသည်။

"ကျင့်ကြံသူ တွေက အဆင့်တိုင်းအတွက် ပြင်ဆင်ကြတယ်လို့ ယီရင် ပြောဖူးတယ်၊ ဒါပေမဲ့ ကျွန်တော့် မိသားစုမှာတော့ အဲဒီလို ထုံးစံမျိုး မရှိဘူးထင်တယ်... ကျွန်တော်တို့အတွက်ကတော့ သံမဏိအဆင့် ဆိုတာ သံမဏိအဆင့် ပါပဲ..."

"အင်း... မင်းမိသားစု သင်ပေးခဲ့တာနဲ့ ဆန့်ကျင်ဘက် အနေနဲ့ ပြောရရင် သံမဏိအဆင့် မှာ ပုံစံအမျိုးမျိုး ရှိတယ်... တကယ့်ကို အလေးအနက်ထားတဲ့ ကျင့်ကြံသူ တိုင်းက အဆင့်မတက်ခင် သူတို့ရဲ့ ခန္ဓာကိုယ်ကို လေ့ကျင့်ကြတယ်..."

အခြားသူများ အားလုံး အခြေခံ အသိအဖြစ် သတ်မှတ်ထားသော အရာတစ်ခုကို သူ လွတ်ဟင်းသွားခဲ့ကြောင်း လင်းတုန်း ထပ်မံ၍ ပြင်းပြင်းထန်ထန် သတိပြုမိလိုက်သည်။

"ကျွန်တော် လုပ်ရမယ့် အရာမှန်သမျှကို လုပ်ပါ့မယ်..."

သူက ပြောလိုက်သည်။ တစ်ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် သူ ဆက်မေးလိုက်သည်။

"ကျွန်တော် ဘာလုပ်ရမလဲ..."

"မင်းရဲ့ ဆရာက မင်းကို ဘယ်လို ပြင်ဆင်ပေးခဲ့လဲ ယီရင်..."

"ငါ အဲဒီတုန်းက အသက် ခုနစ်နှစ် ဒါမှမဟုတ် ရှစ်နှစ်လောက် ရှိမယ်ထင်တယ်..."

ယီရင်က စကားစမြည် ပြောသည့်ဟန်ဖြင့် ပြောသည်။

"ဆရာက ငါ့ကို အနက်ရောင် ရေကန်တစ်ခုထဲ ပစ်ချလိုက်တယ်၊ အဲဒါက မီးလိုပဲ ပူလောင်နေတာပဲ... ရေတွေက ငါ့ကိုယ်ထဲကို တိုက်ရိုက် ဖောက်ဝင်လာတာ ငါ သေချာပေါက် သေပြီလို့တောင် ထင်ခဲ့တာ... သုံးရက်နဲ့ သုံးညတိတိ ငါက ဒယ်အိုးပူပေါ်က တီကောင်လို လူးလှိမ့်နေခဲ့ရတယ်၊ ကျူရိုးလေး တစ်ချောင်းကနေ အသက်ရှူရင်းနဲ့ပေါ့... ပြီးမှ သူက ငါ့ကို ထွက်ခွင့်ပေးတယ်..."

သူမက လက်မောင်း တစ်ဖက်ကို ရိုက်ပြလိုက်သည်။

"သံမဏိမွေးဖွားခြင်း ခန္ဓာကိုယ် လို့ သူက ခေါ်တယ်... ရွှေအဆင့်ကို မကျော်မချင်းတော့ အဲဒီကနေ သိပ်ပြီး ထူးခြားတာကို မြင်ရမှာ မဟုတ်ဘူး၊ ဒါပေမဲ့ အဆင့်နိမ့် အရှင်သခင် ကို ရောက်သွားပြီဆိုရင်တော့၊ အဲဒါက သန့်စင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားအတွက်ကမ္ဘာပေါ်မှာ အကောင်းဆုံး သံမဏိ ခန္ဓာကိုယ် ဖြစ်လာလိမ့်မယ်... ငါ့ဆရာ ပိုင်ဆိုင်ခဲ့တဲ့ ခန္ဓာကိုယ် မျိုးပဲ..."

"သူက တကယ့်ကို ပညာရှိတဲ့သူပဲ..."

အီသန်က ပြောသည်။

"မင်းအတွက်ရော မင်းရဲ့ လမ်းစဉ် အတွက်ပါ အကောင်းဆုံး ရွေးချယ်မှုပဲ... ငါ့အလှည့်ကျတော့၊ ပြောရရင် ငါက လက်ထက် မျက်လုံးက ပိုမြန်ပြီး မွေးလာတာလေ... ငါ့ရဲ့ အာရုံခံနိုင်စွမ်းကို အမီလိုက်နိုင်ဖို့ တုံ့ပြန်မှု အမြန်နှုန်း လိုအပ်တယ်၊ ဒါကြောင့် ငါ့မိသားစုက ငါ့ကို မိုးပေါက် ခန္ဓာကိုယ် အတွက် လေ့ကျင့်ပေးခဲ့တယ်...ကဗျာဆန်တဲ့ နာမည်လေးလေ... မုန်တိုင်း မိုးစက်တွေကြားကနေ မစိုဘဲ လျှောက်သွားနိုင်တယ်လို့ ဆိုလိုတာ၊ ငါကတော့ အဲဒါ အမှန်လို့ တစ်ခါမှ မတွေ့ဖူးသေးဘူး..."

"အဲဒီအတွက် အစ်ကိုကြီးက ဘာလုပ်ခဲ့ရလဲ..."

လင်းတုန်းက မေးလိုက်သည်။

"ငါကကစားပွဲတွေကစားခဲ့ရတာ... ထွက်ပြေးသွားတဲ့ ငှက်တွေကို ဖမ်းတာ၊ တတ်နိုင်သမျှ အမြန်ဆုံး ပြေးတာ၊ ဘောလုံးတွေကို တုတ်နဲ့ ပြန်ရိုက်တာ၊ အဲဒီလိုမျိုးပေါ့..."

ယီရင် နှင့် လင်းတုန်း နှစ်ဦးစလုံးသည် အသက်ရှူကြိမ် အတော်ကြာသည်အထိ တိတ်ဆိတ်နေခဲ့ကြသည်။

"ငါ ဘာပြောနိုင်မလဲ... လူတိုင်းက တောရိုင်းထဲမှာ ဒုက္ခခံပြီး ကြီးပြင်းလာရတာမှ မဟုတ်တာ..."

သူက လင်းတုန်း အနားသို့ ပိုတိုးလာသည်။ သို့သော် ထိုသို့လုပ်စဉ် သူ၏ နှာခေါင်းကိုတော့ ပိတ်ထားလိုက်သည်။

"ငါတို့ဆီမှာ တစ်လ နှစ်လလောက် အချိန်ရှိရင်တော့ မင်းကို ရွေးချယ်ခွင့် ပေးလို့ရပါတယ်... ဒါပေမဲ့ မရှိဘူး၊ မင်းကို အရမ်းမြန်မြန် ရွှေ့ပေးဖို့ လိုတယ်... ဒီနေ့ဆိုရင်တော့ အကောင်းဆုံးပဲ၊ ဘာလို့လဲဆိုတော့ မနက်ဖြန်ဆိုရင် မင်း အရှင်လတ်လတ် အစားခံရဖို့ အခွင့်အရေးများသွားပြီလေ..."

"အကောင်းဆုံးပဲ..."

လင်းတုန်းက ပြောလိုက်သည်။

"ဟုတ်ကဲ့၊ ကျွန်တော် သဘောတူပါတယ်၊ အဲဒါက အကောင်းဆုံး ဖြစ်မယ်ထင်တယ်..."

"မင်းရဲ့ အချိန်ဇယားက လွတ်သွားမယ်လို့ ထင်ခဲ့တာ... ပုံမှန်အားဖြင့်တော့ ငါပြောခဲ့သလိုပဲ မင်းကို ရွေးချယ်စရာတွေ ပေးမှာပါ၊ ဒါပေမဲ့ အခုတော့ တစ်ရက်တည်းနဲ့ မာဒြာ သွေးကြောတွေ ထပ်ဖန်တီးပြီး မင်းကို သံမဏိအဆင့် အတွက် ပြင်ဆင်ပေးရမယ်... အဲဒါက ငါတို့ရဲ့ အခြေအနေတွေကို နည်းနည်း ကျဉ်းမြောင်းသွားစေတယ်၊ ဒါကြောင့် သွေးရည်ကျို သံမဏိ ခန္ဓာကိုယ် ကို ငါ အကြံပြုချင်တယ်..."

နာမည်ကို ကြားလိုက်ရသဖြင့် လင်းတုန်း တက်ကြွသွားသည်။ ၎င်းသည် ဒဏ္ဍာရီလာ နည်းစနစ် တစ်ခုနှင့် တူပြီး စွမ်းအားကြီးမားသော ကျင့်ကြံသူ တစ်ဦးနှင့် ထိုက်တန်မည့် အရာမျိုး ဖြစ်ဟန်တူသည်။

"ကျွန်တော်တို့ အဲဒါကို ဒီမှာ လုပ်လို့ရလား..."

"အဲဒါက သဲမြွေပွေး ဂိုဏ်းက သူတို့ရဲ့ လူသစ်တွေအတွက် သုံးတဲ့ဟာနဲ့ အတူတူပဲ..."

အီသန်က ပြောသည်။

"သူတို့ကတော့ အဲဒါကို သဲမြွေပွေး ခန္ဓာကိုယ် လို့ ခေါ်တာပေါ့လေ... နည်းစနစ်တွေကို နာမည်ပေးတဲ့နေရာမှာတော့ သူတို့က တကယ့်ကို လမ်းကြောင်းဟောင်းကြီးထဲမှာ ရောက်နေတယ်လို့ ငါ ပြောနိုင်တယ်... သူတို့က ကိုယ်ပိုင် အဆိပ်နဲ့ ကိုယ် သေမသွားအောင် အဲဒါကို သုံးကြတာလေ..."

"တကယ်လို့ အဲဒါက အဆိပ်ဒဏ်ကို ခံနိုင်ရည်ရှိစေတယ် ဆိုရင်တော့၊ ဘယ်လို အထောက်အကူ ဖြစ်မလဲဆိုတာ ကျွန်တော် နားလည်နိုင်ပါတယ်..."

လင်းတုန်းက ပြောလိုက်သည်။ ၎င်းမှာ 'သွေးရည်ကျို ခန္ဓာကိုယ်' ဟု ခေါ်ဆိုမည့် အရာတစ်ခုအတွက် သူ စိတ်ကူးထားသလောက် စိတ်လှုပ်ရှားဖွယ် မကောင်းလှပေ။ သို့သော် ၎င်းသည် လက်တွေ့ကျမည်ဟု သူ ခန့်မှန်းမိသည်။ အထူးသဖြင့် အပြင်သို့ ထွက်သည့်လမ်းတွင် နောက်ထပ် သဲမြွေပွေး ဝိညာဉ်အကြွင်းအကျန် များကို သူ ဖြတ်ကျော်ရဦးမည် ဆိုပါက ၎င်းက အလွန် အသုံးဝင်နိုင်သည်။

အီသန်သည် ထိုစကားကို ခဏတာ စဉ်းစားလိုက်သည်။

"အဆိပ်ဒဏ်ကို ခံနိုင်ရည်ရှိခြင်း ဆိုတာ တကယ်တော့ မဖြစ်နိုင်တဲ့ သဘောတရား တစ်ခုပဲ... ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့ ဘယ်ဒြပ်ပေါင်းမဆို အဆိပ်ပဲ၊ ပြီးတော့ အဲဒါတွေ အားလုံးအတွက် ဖြေရှင်းနည်း တစ်ခုတည်း ဆိုတာ မရှိဘူး... ဒီအရာက ဘာလုပ်ပေးမလဲဆိုရင် ခန္ဓာကိုယ်ရဲ့ ပြန်လည် ကုစားနိုင်စွမ်းနဲ့ ကာကွယ်နိုင်စွမ်းကို အရှိန်မြှင့်ဖို့ မင်းရဲ့ စိတ်ဝိညာဉ် ကို သဘာဝအတိုင်း ဆွဲယူအသုံးပြုပေးလိမ့်မယ်... အဲဒါက အဆိပ်၊ကပ်ပါးကောင်၊ ရောဂါဘေး၊ ရောဂါပိုးဝင်တာ၊ ပြီးတော့ တခြားအရာတွေအပြင် သေးငယ်တဲ့ ဒဏ်ရာတွေအတွက်ပါ မင်းကို ကူညီပေးနိုင်လိမ့်မယ်..."

ဤနေရာတွင် နာကျင်စွာ လဲလျောင်းနေရခြင်းနှင့် ယှဉ်လျှင် မည်သည့်အရာမဆို လင်းတုန်းအတွက် ကောင်းမွန်သည်ဟု ထင်ရသည်။

"အစ်ကိုကြီးက အဲဒါကို အကြံပြုတယ်ဆိုရင်၊ အစ်ကိုကြီးရဲ့ အကြံဉာဏ်ကို ရိုသေစွာ လက်ခံပါတယ်..."

အီသန်က လက်ချောင်း တစ်ချောင်းကို ထောင်ပြလိုက်သည်။

"မင်း သဘောမတူခင် ဒီခန္ဓာကိုယ်ကို ဖန်တီးဖို့ နည်းလမ်း နှစ်ခု ရှိတယ်ဆိုတာ မင်း သိထားသင့်တယ်၊ ဒါပေမဲ့ ငါတို့က မြန်တဲ့နည်းကို သုံးရလိမ့်မယ်... ပြီးတော့ မြန်တဲ့နည်းက အရမ်းကို ဆိုးရွားတယ်..."

ယီရင်၏ ဓားသည် အိမ်ထဲမှ ထွက်လာစဉ် သံမဏိ အသံတစ်ခု မြည်ဟည်းသွားသည်။ တစ်ခဏအကြာတွင် ပုလွေတစ်လက်မှ အသံမြင့် တစ်ခုကဲ့သို့ ဝိညာဉ်အကြွင်းအကျန် ၏ အော်သံ ထွက်ပေါ်လာသည်။

"ငါတော့ အလုပ်ပြန်လုပ်ရဦးမယ်..."

သူမက လင်းတုန်းကို တစ်ချက် ကြည့်ရင်း ပြောသည်။

"ဒါပေမဲ့ နင်က မြန်မြန် လုပ်ချင်တယ်ဆိုရင်တော့ အဲဒါက ရွှေလို တန်ဖိုးရှိတာပဲ..."

သူမသည် မြင်ကွင်းမှ ပျောက်ကွယ်သွားအောင် ပြေးထွက်သွား၏။ ဝိညာဉ်အကြွင်းအကျန်က ထပ်မံ အော်ဟစ်လိုက်သည်။

"အခုက မြန်တဲ့နည်းကို သုံးရမယ့် အချိန်ပဲလို့ ထင်တယ်..."

လင်းတုန်းက အီသန်ကို ပြောလိုက်ရာ၊ အီသန်က ခေါင်းညိတ်ပြသည်။

"ငါလည်း အဲဒီလိုပဲ ထင်တယ်..."

ထို့နောက် သူက လူးလွန့်နေသော သဲမြွေပွေး တစ်ကောင်ကို သူ၏ ကျောဘက်မှ ဆွဲထုတ်လိုက်သည်။

လင်းတုန်းက နောက်သို့ ဆုတ်လိုက်ပြီး ထိုသတ္တဝါနှင့် တတ်နိုင်သမျှ ဝေးဝေးနေရန် နံရံကို မှီထားလိုက်သည်။ ၎င်း၏ကင်းခြေများ ခြေထောက်များသည် လေထဲတွင်ကန်ကျောက်နေပြီး၊ မြွေကဲ့သို့သော ခေါင်းသည် အစွယ်များကို ပေါ်လွင်စေကာ ရှဲခနဲ အသံပြုနေသည်။ ၎င်း၏ အခွံမှာ ညိုဝါရောင် ဖြစ်ပြီး နေရောင်အောက်ရှိ သဲကန္တာရ၏ အရောင်နှင့် အတိအကျ တူညီသည်။

အီသန်သည် ၎င်းကို တည်ငြိမ်စွာ ကိုင်ထားပြီး စိတ်ဝင်စားဟန်ဖြင့် ကြည့်နေသည်။

"ဒါက ဒီဒေသက ပုံပျက်နေတဲ့ မိစ္ဆာသားရဲ တွေထဲက တစ်ကောင် မဟုတ်ဘူးဆိုတာ မင်းသိလား... ဒါက လုံးဝ သဘာဝကျတဲ့ အထွတ်အမြတ် သားရဲ တစ်ကောင်ပါ၊ ရုပ်ဆိုးနေရုံ သက်သက်ပဲ... ပထမ အဆင့်အနေနဲ့ မင်းကို အကိုက်ခံရမယ်... အဆိပ်က မင်းရဲ့ သွေးထဲ ရောက်သွားပြီဆိုရင်၊ မင်းရဲ့ မာဒြာ ကိုသုံးပြီး အဲဒါကို လမ်းကြောင်းပေးလို့ရတယ်... အဲဒီအခါ အဆိပ်က မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ လမ်းကြောင်းတွေ ဖောက်ပေးလိမ့်မယ်... နောက်ပိုင်းကျရင် အဲဒီလမ်းကြောင်းတွေ အတိုင်း မာဒြာ တွေ စီးဆင်းနိုင်သွားမှာပေါ့... မယုံနိုင်လောက်အောင် နာကျင်ရလိမ့်မယ်၊ ဒါပေမဲ့ မြန်တယ်... ပြီးတော့ သံမဏိအဆင့် ကို တက်လှမ်းတာနဲ့ ဒဏ်ရာတွေ ကျက်သွားလိမ့်မယ်... ဒါပေမဲ့ အဆိပ်တွေ ပျံ့နှံ့မသွားအောင် မင်းကိုယ်တိုင် လမ်းကြောင်းပေးရမယ်... ဆိုလိုတာက မင်း သတိလစ်သွားလို့ မရဘူး..."

လင်းတုန်း၏ ပါးစပ်မှာ အကြောက်တရားကြောင့် ဟသွားသော်လည်း၊ သူ ပြန်မပိတ်နိုင်တော့ပေ။

"ဒီထက်ပိုပြီး ရွံစရာကောင်းတာ ရှိသေးတယ်..."

အီသန်က ဆက်ပြောသည်။

"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သဲမြွေပွေး ဂိုဏ်း တွေ့ရှိခဲ့သလိုပဲ၊ မင်းက သဲမြွေပွေး ရဲ့ သွေးကိုလည်း သောက်ရမယ်... အဲဒါက မင်းရဲ့ ကိုယ်တွင်းအင်္ဂါတွေထဲ အဆိပ် ပျံ့နှံ့မှုကို နှေးကွေးစေပြီး ထိန်းချုပ်ရ ပိုလွယ်ကူစေတယ်... ပြီးတော့ သေနိုင်ခြေလည်း နည်းနည်း နည်းသွားတာပေါ့..."

***

အပိုင်း(၁၄၂)

ကျောပိုးအိတ်ကြီးကို အမြန်စမ်းရှာကာ လင်းတုန်းသည် မူလက အမြွှာကြယ် နှလုံးသား ဟု နာမည်ရပြီး ယခုအခါ သူ၏ ကိုယ်ပိုင် လမ်းစဉ် ကျမ်းစာအုပ် ဖြစ်နေသော အဝါရောင် စာရွက်များကို ဆွဲထုတ်လိုက်သည်။ ထို့နောက် စုတ်တံငယ် တစ်ချောင်းနှင့် သယ်ဆောင်ရလွယ်ကူသော မင်အိုး တစ်ခုကိုပါ ထုတ်လိုက်သည်။ သူသည် နောက်ပိုင်း စာမျက်နှာ တစ်ခုကို လှန်လိုက်ပြီး အီသန် မျှဝေခဲ့သော အသေးစိတ် အချက်အလက်များကို ဖြည့်စွက် ရေးမှတ်လိုက်သည်။ ဤလုပ်ရပ်က သူ့ကို စဉ်းစားရန် အချိန်ပေးပြီး၊ စုတ်ချက်တိုင်းက သူ၏ တုန်ယင်နေသော လက်များကို ငြိမ်သက်သွားစေသည်။ ရေးမှတ်နေစဉ် သူ၏ ကျိုးနေသော လက်ချောင်းများမှ နာကျင်မှုပင် ပျောက်ကွယ်သွားသည်။

ယီရင်သည် အဝေးတွင် တိုက်ခိုက်နေသော်လည်း အီသန်ကမူ စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်။

နောက်ဆုံးတွင် လင်းတုန်း မှတ်တမ်းတင်၍ ပြီးသွားပြီး သူ၏ စိတ်နှလုံးလည်း ငြိမ်သက်သွားသည်။ အကယ်၍ ဤအရာက ရှေ့ဆက်ရမည့် လမ်းစဉ် ဖြစ်ပါက သူ လျှောက်လှမ်းမည် ဖြစ်သည်။ ယခုမှ နောက်ကြောင်းပြန်လှည့်ရန်လည်းက ခရီးက ပေါက်လွန်းနေပြီ ဖြစ်သည်။

ပထမဆုံးအနေဖြင့် သူသည် ကျောပိုးအိတ်၏ သိုင်းကြိုး တစ်ချောင်းကို ယူကာ သွားကြားတွင် ကိုက်ထားလိုက်သည်။

"ကျွန်တော် အဆင်သင့်ဖြစ်ပါပြီ..."

သူက ပြောလိုက်သည်။ သူ၏ အသံမှာ ပျော့ပျောင်းသော သားရေစကို ကိုက်ထားသဖြင့် တိုးညင်းနေသည်။ မျက်စိကို တင်းကျပ်စွာ မှိတ်ထားရင်း သူသည် လက်ကောက်ဝတ်ကို ဆန့်ထုတ်လိုက်သည်။

"အသက်ရှူတာကို ဂရုစိုက်ပါ..."

အီသန်က ပြောသည်။

"လှည့်ပတ်ကျင့်ကြံလိုက်..."

လင်းတုန်း ထိုအတိုင်း လုပ်လိုက်စဉ်မှာပင် တစ်စုံတစ်ရာက သူ၏ လက်မောင်းကို ထိုးစိုက်လိုက်သကဲ့သို့ နာကျင်မှုက ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် အဆိပ်များ ဝင်ရောက်လာပြီး သူ၏ သွေးများ ပူလောင်လာသည်။

အီသန်ပြောသည့် နာကျင်မှုမှာ တကယ့်အဖြစ်မှန်ထက် များစွာ လျော့နည်းနေသည်ဟု ဆိုရမည်။

အဆိပ်သည် မာဒြာ ခုန်နှုန်းတိုင်းနှင့်အတူ သူ၏ သွေးကြောများထဲတွင် လှည့်ပတ်နေ၏။ အီသန်က ကြေးနီရောင် သွေးများကို သူ၏ တင်းကြပ်စွာ စေ့ထားသော သွားများကြားမှ လောင်းထည့်ပေးသည်။ လင်းတုန်းသည် သဲမြွေပွေး ၏ သွေးများ ပြည့်နေသော ပါးစပ်ဖြင့် သားရေကြိုးကို တင်းတင်းကိုက်ထားပြီး၊ မှတ်ဉာဏ်များကိုလည်း အားကုန်သုံး၍ မျိုသိပ်ထားလိုက်သည်။

သဲပုံစင်အလား ပြိုကျသွားသော အထွတ်အမြတ် တောင်ကြား၏ တောင်တန်းများ...

သူချစ်မြတ်နိုးရသည့် အရာအားလုံး ရေစီးနှင့်အတူ မျောပါသွားခြင်း...

ကလေးကမ္ဘာထဲမှ ဝိညာဉ်အကြွင်းအကျန်တစ်ကောင်အလား လီမာကု၊ ပြီးတော့ သူ့ကို အရုပ်အဟောင်းလေး တစ်ရုပ်လို သိမ်းဆည်းနိုင်ခဲ့သော ဆူရီရယ်...

သူတို့နှင့် နီးစပ်နိုင်ရန် ဤနာကျင်မှုသာ လိုအပ်ပါက၊ ၎င်းသည် အသေးအဖွဲ ပေးဆပ်မှုမျှသာ ဖြစ်သည်။

လင်းတုန်းသည် အဆိပ်များကို မာဒြာ မရောက်သေးသည့် နေရာတိုင်းသို့ တွန်းပို့လိုက်ပြီး သူ၏ ကြွက်သားများ၊ အရေပြားများ၊ အရိုးများ၏ အလယ်ဗဟိုအထိပင် အတင်းအကျပ် ဝင်ရောက်သွားစေသည်။ ၎င်းသည် အဆုံးမဲ့ အချိန်တစ်ခုအလား ထင်ရသော်လည်း သူထင်ထားသည်ထက် ပိုမိုမြန်ဆန်စွာ ပြီးဆုံးသွားခဲ့သည်။

သူ၏ နာကျင်နေသော မေးရိုးများ လျော့ရဲသွားပြီး သွေးစွန်းနေသော သားရေကြိုးမှာ သူ၏ သွားများကြားမှ ပြုတ်ကျသွားသည်။

ကောင်းနေသေးသော မျက်လုံးတစ်လုံးကို ဖွင့်ရန် ကြိုးစားလိုက်သော်လည်း မျက်ခွံများက အလိုက်မသိပေ။ ယခုမှ သတိထားမိသည်မှာ သူ၏ ခြေလက်များသည် သူ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ပေ။ အခြား တစ်စုံတစ်ယောက်က သူ့ကို ကြိုးနှင့်ဆွဲကာ စတင် လှုပ်ရှားခိုင်းနေသကဲ့သို့ သူ၏ လက်ချောင်းထိပ်များက တုန်ရီနေပြီး ကျောကော့နေသည်။

နောက်ဆုံးတွင် သူသည် မျက်လုံးကို အတင်းဖွင့်လိုက်၏။ သူ၏ ကိုယ်ပိုင် အသားအရေကို မြင်၍ အာရုံလွင့်သွားသည်။ သူ၏ အရေပြားတစ်လျှောက်တွင် အနက်ရောင် သွေးကြောများ ပေါ်လွင်နေပြီး သူ မြင်နိုင်သမျှ ကိုယ်ခန္ဓာ၏ နေရာတိုင်းတွင် မြေပုံတစ်ခုအလား လိုင်းများ ဖန်တီးထားသည်။

"ဒီလောက်ပဲလား..."

သူက အက်ကွဲသောအသံဖြင့် မေးလိုက်ရာ အီသန်က သူ့ကို တစ်ခဏမျှ စိုက်ကြည့်နေသည်။

ထို့နောက် သူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"မင်းပဲ ပြောလေ..."

ထိုလူက လက်ချောင်းတစ်ချောင်းဖြင့် သူ့ မျက်လုံးများမှ မျက်ရည်ကို သုတ်ရင်း နောက်ဆုံးတွင် ပြောလိုက်သည်။

"ငါတောင် မင်းရဲ့ ကိုယ်တွင်းအခြေအနေကို မင်းလောက် သေချာ မသိနိုင်ဘူးလေ..."

လင်းတုန်းသည် သူ၏ ကိုယ်ပိုင် အခြေအနေကို သိရှိနိုင်ရန် မာဒြာ ကို လှည့်ပတ်ကျင့်ကြံရင်း မျက်လုံးကို ပြန်မှိတ်လိုက်သည်။ အဆိပ်များသည် သူ၏ ခန္ဓာကိုယ်အတွင်း အမှန်တကယ်ပင် စိမ့်ဝင်သွားပြီ ဖြစ်သည်။ သို့သော် သူ မျှော်လင့်ထားသလောက် အပြည့်အဝတော့ မဟုတ်ပေ။

"နောက်ထပ် နည်းနည်းလောက် ထပ်ထည့်လို့ ရဦးမယ်ထင်တယ်..."

လင်းတုန်းက ပြောလိုက်သည်။ သူကိုယ်တိုင်ပင် သူ၏ ပါးစပ်မှ ထိုစကားများ ထွက်လာသည်ကို မယုံနိုင်အောင် ဖြစ်ရသည်။

အီသန်က ပခုံးတွန့်လိုက်သည်။

"ငါက သဲမြွေပွေး မှ မဟုတ်တာ။ သွေးရည်ကျို သံမဏိ ခန္ဓာကိုယ် အကြောင်း ငါ ဖတ်ဖူးရုံပဲ ရှိတာ။ ဒါပေမဲ့ မင်းက ဒါကို မလုံလောက်သေးဘူး ထင်ရင်တော့..."

သူက စုတ်ပြတ်နေသော သဲမြွေပွေး အလောင်းကို ဘေးသို့ ပစ်ချလိုက်ပြီး သူ၏ အပြင်ဘက် ဝတ်ရုံထဲသို့ လက်နှိုက်ကာ အသက်ရှင်နေသေးသော ဒုတိယ အကောင်ကို ထုတ်ယူလိုက်သည်။

လင်းတုန်းသည် ပထမအကြိမ်ကဲ့သို့ပင် နောက်သို့ ထပ်မံ ဆုတ်လိုက်သည်။

"အဲဒါတွေကို ဘယ်ကရလာတာလဲဆိုတာ ကျွန်တော့်ကို ပြောပြဖို့ စိတ်ကူးရှိလား..."

အီသန်က အားနေသော လက်တစ်ဖက်ဖြင့် သွေးရွှဲနေသော သားရေကြိုးကို လင်းတုန်း၏ ပါးစပ်ဆီသို့ မြှောက်ပေးလိုက်သည်။

"နောက်တစ်ကြိမ်..."

သူက ပြောလိုက်သည်။

လင်းတုန်းသည် ပျော့ပျောင်းသော သားရေကြိုးကို ထပ်မံ ကိုက်ထားလိုက်ပြီး မျက်စိကို တင်းကျပ်စွာ မှိတ်ထားလိုက်သည်။

...

ရှေးဟောင်း အပျက်အစီးများထဲတွင် အီသန် ရှာဖွေနိုင်သမျှ အထွတ်အမြတ် သားရဲငယ်လေး ငါးကောင်သာ ရှိသည်။ သူက လိုက်ဖမ်းနေမှန်း သိသွားသည်နှင့် တစ်ပြိုင်နက် ထိုအကောင်များက ထွက်ပြေးရန် စတင် ကြိုးစားခဲ့ပုံရသည်။

ပဉ္စမမြောက် အကောင်မှာမူ အသက်ရှင်လျက် ရှိနေဆဲဖြစ်ပြီး၊ သူ၏လက်ထဲတွင် လူးလွန့်နေကာ သူ၏လက်ကို လောင်ကျွမ်းသွားစေရန် မာဒြာများကို ထုတ်လွှတ်နေသည်။ သို့သော်လည်း သူက သူ၏ ကိုယ်ပိုင် စိတ်ဝိညာဉ်ဖြင့် ဖိနှိပ်ထားလေသည်။

ကျန်လေးကောင်မှာမူ သေဆုံးသွားခဲ့ပြီဖြစ်ကာ အဆိပ်များရော သွေးများပါ အကုန် စုပ်ယူခံလိုက်ရပြီ ဖြစ်သည်။ တွန့်လိမ်လျက် ကျိုးပဲ့နေသော ခန္ဓာကိုယ် အခွံများက သူ၏ခြေရင်းရှိ ကြမ်းပြင်ပေါ်တွင် ကျဆင်းနေသည်။

လင်းတုန်း၏ အခြေအနေမှာလည်း ထိုအသေကောင်များနှင့် တော်တော်လေး ဆင်တူနေပေသည်။ သူ၏ ခန္ဓာကိုယ်က ယခုအခါ သိပ်မလှုပ်ရှားနိုင်တော့ပေ။ သူ၏အရေပြားမှာ ရောင်ရမ်းနေသော အနက်ရောင် သွေးကြောများအောက်တွင် လုံးဝကို မြင်မရလောက်အောင် ဖြစ်နေသည်။ သဲမြွေပွေး သွေးများက သူ၏ သွားများကြားမှ စီးကျနေသကဲ့သို့ သူ၏ ကိုယ်ပိုင်သွေးများကလည်း သူ၏ နားရွက်များနှင့် မျက်လုံးထောင့်များမှ စီးကျနေပြီး သူ၏ ချွေးပေါက်များမှပင် ချွေးထွက်သကဲ့သို့ ယိုစိမ့်ထွက်နေသည်။

သူ တစ်ရက်ကျော်ကျော် ခံနိုင်ရည်ရှိခဲ့ခြင်းက အီသန်ကိုပင် အံ့အားသင့်သွားစေခဲ့သည်။ သူ၏ စံနှုန်းများက မြင့်မားလှသည်။ တကယ်တော့ အလွန်ကို မြင့်မားလွန်းလှပါသည်။ သို့သော်လည်း ဤ ကြေးအဆင့်လေးကတော့ သူ့ကို အံ့သြသွားစေဆဲပင် ဖြစ်သည်။

ယီရင်ကလည်း ကောင်းစွာ စွမ်းဆောင်နိုင်ခဲ့သည်။ သူမက တစ်ညလုံးနှင့် နောက်နေ့ အချိန်အများစုကို နားချိန်မရှိသလောက် တိုက်ခိုက်ခဲ့သည်။ ယခုဆိုလျှင် ပုံပျက်ပန်းပျက် မိစ္ဆာသားရဲ တစ်အုပ် အဆုံးသတ်နေပြီ ဖြစ်သည်။

အီသန်က လင်းတုန်းကို မျက်ခြည်မပြတ် စောင့်ကြည့်နေသော်လည်း ထိုအရာက သိပ်တော့ အရေးမကြီးလှပေ။

နောက်ဆုံး၌ မိစ္ဆာသားရဲ တစ်အုပ်ကို ရှင်းလင်းပြီးသွားပြီ ဖြစ်ရာ ယီရင်မှာ သူတို့ဘက်သို့ ပြန်လာခဲ့သည်။ သူမသည် အားနည်းလွန်း၍ ပခုံးများပင် လျှောကျနေကာ ဓားကို တရွတ်တိုက် ဆွဲလာသည်။ သူမက လှေကားပေါ်ရှိ သူတို့၏ အတားအဆီးကို ဖြတ်ကျော်လာပြီး လင်းတုန်း၏ အခြေအနေကို စစ်ဆေးရန် မျက်လုံးများက ရွေ့လျားသွားခဲ့သည်။

ရွှမ်း...

နောက်တစ်စက္ကန့်တွင် အီသန် တစ်ယောက် သူ၏ ကျောပြင်ထဲ တိုးဝင်လာမည့် ဓားဦးထိပ်၏ အန္တရာယ်မှ ရှောင်ရှားရန် ဘေးသို့ ဖယ်ရှောင်လိုက်သည်။

"ရှင် သူ့ကို သင်္ဂြိုဟ်လိုက်တာပဲ..."

သူမက ဟိန်းဟောက်လိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် ဒေါသမီးများ တောက်လောင်နေပြီး ဓားသွား၌ အော်ရာများ စုစည်းနေသည်။

အီသန်သည် လက်တစ်ဖက်တွင် အသက်ရှင်နေသည့် သဲမြွေပွေး တစ်ကောင်ကို ကိုင်ထားမှန်း ခဏတာ မေ့သွားပြီး အပြစ်ကင်းကြောင်း ပြသရန် လက်နှစ်ဖက်စလုံးကို မြှောက်လိုက်သည်။ ထိုအရာက အကောင်းဆုံး ပုံရိပ်ကိုတော့ ဖန်တီးမပေးနိုင်ပါချေ။

"သူက ငါ့ကို အဲဒီလို လုပ်ခိုင်းတာလေ..."

အီသန်ကကန့်ကွက်လိုက်သည်။

ယီရင်၏ ကျောဘက်မှ ဓားလက်တံက အနည်းငယ် လှုပ်ရှားသွားသည်။ အီသန်၏ လမ်းညွှန်မှုကြောင့် သူမ၏ ရွှေအဆင့် သင်္ကေတကို သုံးရသည်မှာ တကယ်ကို ပိုကောင်းလာပြီ ဖြစ်သည်။

"သူက ဒါကို တောင်းဆိုခဲ့တာလား..."

အခြားအခြေအနေမျိုးမှာ ဆိုလျှင်တော့ အီသန်လည်း ထိုအရာကို ယုံရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

“ငါလည်း သူ ခိုင်းတဲ့အတိုင်း လုပ်ပေးနေရတာပါ... ငါပြောတာ နင်ယုံမယ် ဆိုရင် ငါလည်း နင့်လိုပဲ တကယ် ကြောက်လန့် နေမိတာပါ”

ယီရင်၏ မျက်လုံးများက ရွံရှာမှုများဖြင့် ပြည့်နှက်သွားပြီး ဓားကို နောက်သို့ပြန်ဆွဲကာ မာဒြာများကို ဖြည့်သွင်းလိုက်သည်။ ထိုတိုက်ခိုက်မှုက... အနည်းဆုံးတော့ ရှောင်ရခက်ပေလိမ့်မည်။

***

All Chapters