အခန်း (၁၄၇-၁၄၈)
Vol. 11 Ch. 147-148
အပိုင်း(၁၄၇)
ဝှစ်...
ယီရင်သည် အဖြူရောင် ဓားကို ကိုင်ဆောင်ထားသည့် အနက်နှင့် အနီရောင် အရိပ်တစ်ခု အဖြစ်မှနေ၍ ချက်ချင်းပင် ငြိမ်သက်သွား၏။ သူမ၏ ရွှေအဆင့် သင်္ကေတ လင်းလက်သွားသည်။ လင်းတုန်း၏ ဝိညာဉ်အာရုံများမှာ ပိတ်၏နေဆဲ ဖြစ်သော်လည်း သူ၏ ကိုယ်တွင်းသို့ မမြင်ရသော စွမ်းအားလှိုင်း တစ်ခု ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရသည်။
၎င်းမှာ သူမ ယခင်က ပြသခဲ့ဖူးသော နည်းစနစ် တစ်ခု ဖြစ်သည့် အဆုံးမဲ့ ဓား ပင်ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူမသည် အင်အားကို လျှော့ချမထားခဲ့ပေ။
ဝိညာဉ်အကြွင်းအကျန်သည် သူ့ထံမှ လွင့်စဉ်သွားပြီး ပုံသဏ္ဍာန်မဲ့ အပိုင်းအစ တစ်ထောင်ခန့် အဖြစ်သို့ ပြိုကွဲသွားလေသည်။ သူ၏ အနောက်မှ မိစ္ဆာ သားရဲမှာလည်း အသံပင် မထွက်လိုက်ရဘဲ အသားတုံး သွေးအိုင် တစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့ပြင် အီသန်သည် ထိုသွေးနှင့် အသားစများကို ရှောင်ရှားရန် ရှေ့သို့ လျင်မြန်စွာ လှမ်းတက်လိုက်လေသည်။
ဝိညာဉ်အကြွင်းအကျန်က ဖမ်းဆုပ်ထားခဲ့သော လင်းတုန်း ၏ လက်မောင်းများပေါ်တွင် ပြတ်ရှရာ ငါးခု ခြောက်ခုခန့် ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့သည် မိုးကြိုးပစ်ခံရပြီးနောက် လောင်ကျွမ်းလာသော မီးတောက်များကဲ့သို့ ပူလောင်နေသော်လည်း သူကတော့ ယီရင် ကိုသာ စိုက်ကြည့်နေခဲ့သည်။ သူမက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ပုံမှန် အသက်ရှူနှုန်း ပြန်ရလာမှ စကားပြောလိုက်သည်။
"အားလုံး အဆင်ပြေရဲ့လား..."
လင်းတုန်းသည် စကားတစ်ခွန်းမျှ မဆိုဘဲ ခေါင်းညိတ်ပြလိုက်ရာ သူမလည်း ရှေ့သို့ ဆက်ပြေးသွားလေသည်။
လင်းတုန်းသည် သူ့ကိုယ်သူ ရှက်ရွံ့သလို ခံစားနေရရင်း လက်နက်ကို ကောက်ယူလိုက်သည်။ သံမဏိအဆင့် ခန္ဓာကိုယ်၏ စွမ်းအားကို အထင်ကြီးလွန်းသွားသဖြင့် သိုင်းပညာ ၏ ပြင်းထန်လှသော အင်အားကို သူ မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။ ကျင့်ကြံသူ တစ်ဦး၏ လက်နက်တိုက် ထဲရှိ လက်နက်များ အားလုံးတွင် ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည် အားအနည်းဆုံးသော အရာများထဲတွင် ပါဝင်လေသည်။ ယခုအခါ သူသည် ဖမ်းဆုပ်နိုင်စွမ်း အားဖြင့် ယီရင် နှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိကောင်း ရှိနိုင်သော်လည်း၊ သူမကတော့ သူမ၏ စိတ်ဆန္ဒဖြင့်ပင် သူ့ကို အပိုင်းပိုင်း ခုတ်ထစ်နိုင်စွမ်း ရှိပေသည်။
၎င်းမှာ သူ့ကို အသိတရား ရသွားစေသော သတိပေးချက် တစ်ခု ဖြစ်သော်လည်း တစ်နည်းအားဖြင့်တော့ လွတ်လပ်သွားသလို ခံစားရစေသည်။
မကြာမီမှာပင် သူတို့သည် ဝက်အူရစ် လှေကား၏ အဆုံးသို့ ရောက်ရှိသွားကြသည်။ ယခုအချိန်တွင် ဆက်တိုက် တိုက်ခိုက်ခံရမှုများကြောင့် သူတို့၌ ထိခိုက်နစ်နာမှုများ ရှိလာပြီ ဖြစ်သည်။ သူ လက်လှမ်းမီသလောက် ဝိညာဉ်အကြွင်းအကျန်များကို ခုခံနိုင်မည့် နည်းစနစ် များ မရှိသဖြင့် မာဒြာ ကို များများစားစား အသုံးမပြုခဲ့ရပေ။ သို့သော် ယီရင် မှာမူ သိသိသာသာ အားနည်းနေပြီ ဖြစ်သည်။ ပတ်ဝန်းကျင် အခြေအနေများက သူ့ကို လုံးဝ မထိခိုက်စေသည့်အလား လေချွန်နေဆဲဖြစ်သော အီသန် နှင့် မတူဘဲ သူတို့ နှစ်ဦးစလုံးမှာ ဒဏ်ရာများ ရရှိထားကြလေသည်။
နောက်ဆုံးတွင် သူတို့၏ အနောက်ဘက်မှ ဝိညာဉ်အကြွင်းအကျန်များ၏ ဟိန်းဟောက်သံများနှင့်အတူ တံခါးတစ်ချပ် ထံသို့ ရောက်ရှိသွားကြသည်။
၎င်းသည် ယခင်တံခါးများကဲ့သို့ပင် လေးလံသော ကျောက်ပြားကြီး တစ်ခု ဖြစ်သော်လည်း ဤတံခါးပေါ်တွင်တော့ ရှုပ်ထွေးလှသော နံရံဆေးရေးပန်းချီ တစ်ခုကို ထွင်းထုထားလေသည်။ ၎င်းကို အပိုင်းလေးပိုင်း အညီအမျှ ခွဲခြားထားပြီး တစ်ပိုင်းစီတွင် မတူညီသော အထွတ်အမြတ် သားရဲ တစ်ကောင်စီကို ပုံဖော်ထားသည်။ လျှပ်စီးများ လက်နေသော တိမ်တိုက်ပေါ်မှ မြွေပုံစံ နဂါးတစ်ကောင်၊ သရဖူ ဆောင်းထားသော ကျားတစ်ကောင်၊ လိပ်ခွံ ပါရှိသော ကျောက်စစ်သည်တော် တစ်ဦး နှင့် မီးတောက်နေသော ဖီးနစ်ငှက် တစ်ကောင် တို့ ဖြစ်ကြသည်။
ယီရင်သည် တံခါးပေါ်သို့ သူမ၏ လက်ဖဝါးကို တင်ရန် ရှေ့သို့ တက်သွား၏။ ထိုမြင်ကွင်းကို ကြည့်ရင်း သူ အေးခဲသွားလေသည်။ သူ ဤအရာကို ယခင်က မြင်ဖူးလေသည်။
တစ်ခဏကြာပြီးနောက် ယီရင်သည် တံခါးပေါ်မှ သူမ၏ လက်ကို ဖယ်ရှားလိုက်ပြီး သူမ၏ ဓားကို အသင့်ပြင်လိုက်သည်။
"ဒါက ပဟေဠိ တစ်မျိုးမျိုးပဲ ဖြစ်ရမယ်... အစီအရင်က သူ့အလိုလို ဆက်သွားနေတယ်... ပြီးတော့ ဒီနား တစ်ဝိုက်မှာ မြှုပ်နှံထားတဲ့ သော့တစ်ချောင်း ရှိရမယ်..."
နောက်ဘက် လှေကားဆီမှ ဝိညာဉ်အကြွင်းအကျန် များ၏ အူသံများ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာသည်။ ထို့နောက် သူမ၏ ဓားသွားများတွင် စွမ်းအားများ စုစည်းလာလေသည်။
"နောက်ကို တစ်လှမ်း ဆုတ်လိုက်..."
"နေပါဦး..."
လင်းတုန်းက အော်ဟစ်လိုက်ပြီးနောက် ယဉ်ကျေးစွာ ချောင်းဟန့်လိုက်သည်။
"ငါ ဆိုလိုတာက.. အင်း.. မကန့်ကွက်ဘူး ဆိုရင် ခဏလောက် စောင့်ပေးပါဦး... ငါတို့ ဒါကို အရင်က မြင်ဖူးသလားလို့..."
အီသန်သည် လှေကားထစ် တစ်ခုပေါ်တွင် ထိုင်ချလိုက်သည်။ ထို့နောက် သူ၏ လက်မများကိုကစားနေလေတော့သည်။
အောက်ဘက်မှ စူးရှသော အော်ဟစ်သံများက ပို၍ ကျယ်လောင်လာသည်။ ထို့နောက် ကြက်သွန်နီ အရွယ်အစားခန့်ရှိသော ခရမ်းရောင် ဝိညာဉ်အကြွင်းအကျန် တစ်ကောင်သည် အီသန် ၏ ဘေးရှိ နံရံထဲမှ အတင်း တိုးထွက်လာလေသည်။ ထိုအရာ အပြည့်အဝ ထွက်မလာခင်မှာပင် သူက နောက်သို့ကန်ထုတ်လိုက်လေသည်။
ယီရင်သည် နောက်သို့ တစ်လှမ်း ဆုတ်လိုက်ပြီး တံခါးကို ကြည့်လိုက်သည်။
"နင် ပြောတာ မှန်တယ်လို့ ငါ ထင်တယ်... အဲဒါက ဘိုးဘေး ဂူသင်္ချိုင်း ထဲက ပန်းချီကားနဲ့ အတော်လေးကို တူနေတာပဲ..."
သူမက ပြောလိုက်ပြီး သူမ၏ ဓားကို နောက်သို့ ပြန်ဆွဲလိုက်သည်။ ဓားသွား၏ အနားသတ်သည် ပတ်လည်တွင် အပူငွေ့များ စုဝေးနေသကဲ့သို့ ပုံပျက်သွားလေသည်။ ထို့နောက် သူမက ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။
လင်းတုန်း သူမကို တားဆီးဖို့ စဉ်းစားလိုက်သေးသော်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုသော အလိုအလျောက် တုံ့ပြန်မှု ဗီဇက သူ့ကို တွန့်ဆုတ်သွားစေခဲ့သည်။ ထို့ကြောင့် သူ ငြိမ်၍သာ နေလိုက်သည်။ ထို့နောက်... ယီရင်က သူမ၏ ဓားနည်းစနစ်ကို သုံးကာ တံခါး မျက်နှာပြင်ကို ရိုက်ခွဲလိုက်တော့သည်။
ဘုန်း...
ပိတ်လှောင်နေသော လှေကားခွင် နေရာလေးထဲတွင် နားကွဲမတတ် ကျယ်လောင်လှသော စွမ်းအားလှိုင်း တစ်ခု ရိုက်ခတ်သွားလေသည်။ တစ်စုံတစ်ယောက်က သူ၏ ခေါင်းပေါ်တွင် ခေါင်းလောင်းကို လာတီးလိုက်သကဲ့သို့ သူ၏ နားထဲတွင် အူထွက်သွားသည်။ တိုက်ခိုက်မှုနှင့်အတူ မာဒြာ နှင့် အော်ရာ များသည် ရှေ့သို့ ဒလဟော စီးဆင်းသွားလေသည်။ သူမ၏ လုပ်ဆောင်ချက်ကို နောက်ကျိနေသော ရေထဲမှ ကြည့်နေရသကဲ့သို့ သူ၏ မြင်ကွင်းမှာ မှုန်ဝါးသွားတော့သည်။
မြင်ကွင်း ပြန်လည် ရှင်းလင်းသွားသောအခါ ကျောက်စအသေးလေး တစ်ခုသာ ကြမ်းပြင်ပေါ်တွင် လည်ပတ်နေသည်ကို တွေ့လိုက်ရသည်။ ကျန်သည့်အပိုင်းများတွင်မူ တံခါးမှာ လုံးဝ အကောင်းပကတိ အတိုင်း ရှိနေဆဲပင် ဖြစ်သည်။
လင်းတုန်းသည် သူမကို တံခါးအား ဆက်လက် မဖျက်ဆီးစေရန် ဤအချိန်လေးတွင် တားဆီးသင့်ပေသည်။ ၎င်းသည် အမည်မသိ အစီအရင် တစ်ခုနှင့် ချိတ်ဆက်နေပြီး၊ အကယ်၍ သူတို့သာ အစီအရင် စက်ဝန်းကို နှောင့်ယှက်မိပါက အမိုးတစ်ခုလုံး သူတို့ ခေါင်းပေါ် ပြိုကျလာနိုင်လေသည်။ သို့သော် သူ နောက်ဘက်သို့ အမှတ်မထင် လှမ်းကြည့်မိသွားသည်။
မိစ္ဆာ သားရဲ များသည် လှေကားပေါ်သို့ ကုတ်ဖဲ့ရင်း တစ်ကောင်နှင့် တစ်ကောင် အလုအယက် တက်လာကြလေသည်။ ခေါင်းပေါင်းများစွာ ပါရှိသော ယိုယွင်းနေသည့် အသားတုံးကြီး တစ်ခုကဲ့သို့ ရောထွေးနေပုံ ရလေသည်။
ယီရင်သည် သူမ၏ ခြေထောက်များကို မြေပြင်ပေါ်တွင် ခိုင်မြဲစွာ ရပ်ထားလိုက်သည်။ သူမ၏ ရွှေအဆင့် သင်္ကေတသည် တိုက်ခိုက်ရန် ပြင်ဆင်နေသော မြွေတစ်ကောင်ကဲ့သို့ နောက်သို့ ဆုတ်သွားလေသည်။ ထို့နောက် သူမက ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ အရောင်အဆင်းကင်းမဲ့နေသော ဓား မာဒြာ များသည် သူမ၏ ပတ်လည်တွင် လှိုင်းထနေလေသည်။
ထို့ကြောင့် လင်းတုန်း သူ့အနေဖြင့် ယီရင်ကို သင်တုန်းဓားသွားများဖြင့် ပြုလုပ်ထားသော လှောင်အိမ် တစ်ခုထဲမှနေ၍ ကြည့်နေရသကဲ့သို့ ဖြစ်နေလေသည်။ သူမက စွမ်းအားများကို စုစည်းလိုက်စဉ် တံခါးကို စိုက်ကြည့်လိုက်လေသည်။ ထိုအကြည့်များ၏ စွမ်းအားဖြင့်ပင် တံခါးကို ဖျက်ဆီးပစ်တော့မည့် အလား အာရုံစူးစိုက်ထားလေသည်။
လင်းတုန်းသည် သူ့ကိုယ်သူ စဉ်းစားချိန် အများကြီး မပေးတော့ဘဲ ဖြတ်တောက်ထားသော ဝိညာဉ်အကြွင်းအကျန် အစိတ်အပိုင်းကို ကောက်ယူလိုက်သည်။ ထို့နောက် ပြေးဝင်လာသော သားရဲ အုပ်ကြီးဆီသို့ ချိန်ရွယ်လိုက်လေသည်။ သူ၏ မာဒြာ များသည် လက်နက်တစ်လျှောက် စီးဆင်းသွားပြီး အမြုတေ ဆီသို့ တဖြည်းဖြည်း ရောက်ရှိသွားလေသည်။
"အကောင်ကြီးကို ပစ်..."
အီသန်က အော်ဟစ်လိုက်သော်လည်း နားအူနေသော လင်းတုန်း အတွက်မူ တီးတိုးသံ လေးကဲ့သို့သာ ကြားလိုက်ရသည်။ ထိုအဝါရောင် ဆံပင်များနှင့် လူသည် ယခုအခါ မတ်တတ်ရပ်နေပြီ ဖြစ်သည်။ သို့သော်လည်း... အမှန်တကယ်တွင်မူ သူ၏ ပခုံးကို ကျယ်ဝန်းသော နံရံတစ်နေရာတွင် မှီထားကာ လုံးဝ အေးအေးဆေးဆေး ရှိနေလေသည်။
လင်းတုန်းက နားထောင်ကာ အကြီးမားဆုံး မိစ္ဆာ သားရဲ ဆီသို့ ချိန်ရွယ်မှုကို ပြောင်းလဲလိုက်သည်။ ၎င်းသည် တောင့်တင်းသော ကြွက်သားများ ပါရှိသည့် ဝက်ဝံ တစ်ကောင်နှင့် တူသော ပုံပျက်ပန်းပျက် ခရမ်းရောင် သတ္တဝါကြီး ဖြစ်သည်။ လက်မောင်းမှ သွေးကြောများကို မြင်ရလောက်အောင် နီးကပ်လာသောအခါ ထို မိစ္ဆာ သားရဲ ကြီးသည် ၎င်း၏ နောက်ခြေထောက်များဖြင့် မတ်တတ်ရပ်လိုက်လေသည်။ ၎င်းသည် လင်းတုန်း အပေါ်သို့ နှင်းမုန်တိုင်း တစ်ခုကဲ့သို့ ပြုတ်ကျလာတော့မည့် အလား ထင်ရလေသည်။
လင်းတုန်း ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး တောက်ပသော အစိမ်းရောင် အဆိပ်ဆူးကို လှံတစ်ချောင်းကဲ့သို့ ထိုးစိုက်လိုက်သည်။
တစ်ချိန်တည်း၌ သူသည် အမြုတေ ကို အသက်သွင်းလိုက်လေသည်။ လက်နက်ကို ဆက်လက် အားဖြည့်ရန် နည်းနည်းသာ လိုအပ်တော့သောကြောင့် ပို၍ အားနည်းသော အမြုတေ ဖြစ်သည့် ကြေးအဆင့်ကို သူ အသုံးပြုလိုက်သည်။ ထိုသို့ အသက်သွင်းလိုက်မှုက သူ၏ အမြုတေ ကို ခမ်းခြောက်သွားစေသည်။ အကယ်၍ ထိုအရာကသာ သူ၏ တစ်ခုတည်းသော မာဒြာ ရင်းမြစ် ဖြစ်ခဲ့ပါက သူ ချက်ချင်း လဲကျသွားမည် ဖြစ်သည်။
လင်းတုန်း သူ၏ သံမဏိအဆင့် အမြုတေမှ ချက်ချင်း ဆွဲယူသုံးစွဲလိုက်သည်။ ထို့ကြောင့် အမြုတေ အသက်ဝင်လာချိန်တွင်ပင် သူ၏ ခြေထောက်များကို ခိုင်မြဲစွာ ရပ်တည်ထားနိုင်ခဲ့သည်။
မှိုင်းဝေနေသော အစိမ်းရောင် ပုံတူပွား သုံးခုသည် အဆိပ်ဆူး၏ အစစ်အမှန် မဟုတ်သော မိတ္တူများကဲ့သို့ သူ၏ ထိုးနှက်မှု ပတ်လည်တွင် လင်းလက်ကာ ထွက်ပေါ်လာလေသည်။ ၎င်းမှာ သူက ဆူးတစ်ချောင်းတည်း အစား ဆူးလေးချောင်းဖြင့် ထိုးစိုက်လိုက်သည်နှင့် တူနေလေသည်။
ဝက်ဝံကြီးသည် သူ၏ လက်နက်ပေါ်သို့ ပြုတ်ကျလာခဲ့သော်လည်း ဖန်တီးထားသော ဆူးတစ်ချောင်းက ၎င်း၏ သားရေထဲသို့ စိုက်ဝင်သွားသည်။ အခြားတစ်ချောင်းက ဝိညာဉ်အကြွင်းအကျန် တစ်ကောင်၏ ခေါင်းကို ထိမှန်သွားပြီး၊ အစစ်အမှန် ဆူးကမူ ဝက်ဝံကြီး၏ ဝမ်းဗိုက်ထဲသို့ ပို၍ နက်ရှိုင်းစွာ စိုက်ဝင်သွားလေသည်။ စတုတ္ထမြောက် ထိုးနှက်ချက်မှာ လွဲချော်သွားပြီး ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။ သို့သော် လင်းတုန်းသည် ဆူး စိုက်ဝင်သွားသည်နှင့် တစ်ပြိုင်နက် သူ့ကိုယ်သူ နောက်သို့ ပစ်ချကာ ဆုတ်ခွာလိုက်လေသည်။
အဆိပ်သည် ဝက်ဝံကြီးကို နာကျင်မှုများဖြင့် ဖုံးလွှမ်းသွားစေရန် အချိန်တစ်ခဏသာ ယူလိုက်ရသည်။ ထိုအခါ ၎င်းသည် ရူးသွပ်သွားကာ လက်ဝါးများကို ရမ်းကားလာပြီး အလွန် ကျယ်လောင်စွာ ဟိန်းဟောက်လေသည်။ လင်းတုန်းသည် နားအူနေသည့် ကြားမှပင် ထိုအသံက နားကို နာကျင်စေလောက်အောင် ကျယ်လောင်လှသည်။ ၎င်းသည် ကူးစက်မှုကို ကိုက်ထုတ်ပစ်ရန် ကြိုးစားနေသကဲ့သို့ မေးရိုးများကို ဆောင့်ကာ စက်ဝိုင်းပုံစံ လှည့်ပတ်နေလေသည်။ ထိုအခါ အခြားသော ဝိညာဉ်အကြွင်းအကျန် များနှင့် မိစ္ဆာ သားရဲ များ အားလုံးက ၎င်းအပေါ်သို့ အုံကျလာကြတော့သည်။
သွေးသံရဲရဲဖြင့် ပြတ်တောက်နေသော ခြေလက်အင်္ဂါ တစ်ခု လင်းတုန်း ၏ ခြေရင်းသို့ ကျလာချိန်မှာပင်၊ လက်တစ်ဖက်က သူ၏ ဝတ်ရုံ နောက်ကျောမှ ဖမ်းဆွဲကာ လှေကားပေါ်သို့ ဆွဲတင်လိုက်လေသည်။
အီသန်သည် လင်းတုန်း ၏ အဝတ်အစားများကို ညွှန်ပြရင်း သူ၏ ကိုယ်ပိုင် အင်္ကျီလက်အိုးကို ဆွဲကိုင်ပြကာ ခေါင်းခါပြလိုက်သည်။
ငှားထားသော ဝတ်စုံတွင် သွေးများ မပေကျံစေရန်အတွက် အီသန်က သူ့ကို ဒုက္ခထဲမှ ဆွဲထုတ်ပေးချင်သည် ဆိုလျှင်လည်း လင်းတုန်း ညည်းညူနေမည် မဟုတ်ချေ။
***
အပိုင်း(၁၄၈)
ဘုန်း...
လင်းတုန်း ကောင်းကင် အသက်မရှူနိုင်သေးခင်မှာပင် ရုတ်တရက် ပေါက်ကွဲမှု တစ်ခုက သူ၏ အရိုးများကို တုန်ခါသွားစေသည်။ ထို့ကြောင့် သူသည် မျက်လုံးများကို လက်တစ်ဖက်ဖြင့် ကာကွယ်ကာ လှည့်ထွက်လိုက်လေသည်။ လွင့်ပျံလာသော ဖုန်တိမ်တိုက် များကြားမှ ကျောက်တုံး အပိုင်းအစများက သူ့ကို လာမှန်လေသည်။ ထို့နောက် ကျန်နေသော တံခါး တစ်ဝက်မှာ တိမ်းယိမ်းသွားပြီး ရေခဲမြစ် တစ်ခု ပြိုကျသည့် အရှိန်အဟုန်ဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျလာလေသည်။
ယီရင် တစ်ယောက် ဒူးများ ခွေကျသွားပြီး မြေပြင်ပေါ်သို့ အမောတကောဖြင့် လဲကျသွားလေသည်။ အီသန် နှင့် လင်းတုန်း တို့သည် သူမ အနီးသို့ ပြေးသွားကြသည်။ ထို့နောက် စကားပြောနေစရာ မလိုဘဲ တစ်ယောက်က လက်တစ်ဖက်စီ ဖမ်းဆွဲကာ သူမကို အခြားတစ်ဖက်ရှိ အခန်းထဲသို့ ဆွဲသွင်းလိုက်ကြသည်။
ထိုနေရာသည် အဆုံးတွင် တံခါးပေါက် တစ်ခု ပွင့်နေသော ကျယ်ဝန်းပြီး ထူးခြားမှု မရှိသည့် စင်္ကြံလမ်း တစ်ခု ဖြစ်သည်။ အလယ်တည့်တည့်တွင်တော့ အစီအရင် စက်ဝန်း တစ်ခု ရှိနေလေသည်။
မိစ္ဆာ သားရဲ များသည် တစ်ကောင်နှင့် တစ်ကောင် ကြာရှည်စွာ ဆက်လက် သတ်ဖြတ်နေကြမည် မဟုတ်ချေ။ သို့သော် လင်းတုန်းသည် ကြမ်းပြင်ပေါ်ရှိ အဆင့်မြင့် အစီအရင် စက်ဝန်းကို အားကျဖွယ် ငေးကြည့်ရန် အချိန်အနည်းငယ် ယူလိုက်လေသည်။ စက်ဝန်းတွင် အနည်းဆုံး အလွှာဆယ်လွှာခန့် ပါရှိသည်။ မှော်သင်္ကေတ များနှင့် အမှတ်အသား လိုင်းများက အလယ်ရှိ လွတ်ဟာနေသော နေရာတစ်ခုကို ရစ်ပတ်ထားလေသည်။
ယီရင်သည် လမ်းတစ်ဝက်တွင် သူမဘာသာ ပြန်လည် မတ်တတ်ရပ်နိုင်ပြီး ကိုယ်ပိုင် အင်အားဖြင့် ပြေးလာနိုင်ခဲ့သည်။ လင်းတုန်း နှင့် အီသန် တို့သည် အစီအရင် စက်ဝန်း၏ အနားသတ်တစ်လျှောက်မှကမန်းကတန်း ပြေးသွားကြသည်။ ထိုစက်ဝန်းသည် အထွတ်အမြတ် သားရဲ များနှင့် ဝိညာဉ်အကြွင်းအကျန် များကို ပိုမို သက်ရောက်မှု ရှိနိုင်သော်လည်း သူတို့ထဲမှ မည်သူကမျှ အလယ်မှ ဖြတ်မပြေးရဲကြချေ။
အပြင်ဘက်ဆုံး စက်ဝန်းများသည် နံရံနှင့် ထိကပ်နေလေသည်။ ထို့ကြောင့် သူတို့သည် မှော်သင်္ကေတ များပေါ်မှ ပြေးလွှားနေရ၏။ ခြေလှမ်းတိုင်းက လင်းတုန်း ၏ ခြေဖဝါးများမှတစ်ဆင့် တုန်ခါမှု အနည်းငယ်ကို ပေးပို့နေလေသည်။ ကြမ်းပြင်ဆီသို့ ဆွဲချခံရသကဲ့သို့ ကျင့်စဉ်လည်ပတ်နေသော သူ၏ မာဒြာ များမှာလည်း တုန်ယင်နေလေသည်။
သူ ဆက်လက် အားတင်း ပြေးလွှားလိုက်ရာ စက္ကန့်ပိုင်းအတွင်းမှာပင် သူတို့ သုံးဦးစလုံး ပွင့်နေသော တံခါးပေါက် ထံသို့ ရောက်ရှိသွားကြသည်။ အမှန်တကယ်ပင် အခြားတစ်ဖက်တွင် တံခါးတစ်ချပ် ရှိနေလေသည်။ ၎င်းသည် ယခင် ကျောက်ပြားများထက် ပို၍ ရိုးရှင်းသော တံခါးအမျိုးအစား ဖြစ်သည်။ မှိုင်းတိုက်နေသော မီးခိုးရောင် သတ္တုဖြင့် ပြုလုပ်ထားပြီး အစီအရင် စက်ဝန်း အမြောက်အမြားဖြင့် ထူပိန်းစွာ ဖုံးအုပ်ထားလေသည်။ ၎င်းကို ပွင့်လျက်သား ဟထားခဲ့ပြီး အောက်ခြေရှိ ဖုန်တက်နေမှု အခြေအနေအရ ထိုအတိုင်း ရှိနေခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်ကြောင်း ခန့်မှန်းရလေသည်။
ယီရင် နှင့် လင်းတုန်း တို့သည် အတူတကွ အားကုန်တွန်းလိုက်ကြသည်။ ထိုအခါ ယီရင်ကို ဤနေရာတွင် ကူညီပေးနိုင်လောက်အောင် သူ စွမ်းအားပြည့်ဝနေပြီ ဖြစ်ကြောင်း တွေးမိကာ လင်းတုန်းသည် ဂုဏ်ယူဝင့်ကြွားမှု တစ်ခုကို မထိန်းချုပ်နိုင်အောင် ဖြစ်သွားခဲ့သည်။
လေးလံသော တံခါးကြီးသည် ဝုန်းခနဲ ပိတ်သွားလေသည်။ ၎င်း၏ အစီအရင် များသည် ပတ်ဝန်းကျင်ရှိ အော်ရာ များထံမှ စွမ်းအင်များကို စုပ်ယူလိုက်သောကြောင့် ခဏတာမျှ လင်းလက်သွားကြသည်။ သူနှင့် ယီရင် တို့သည် ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး ဖုန်ထူသော လေများကို အငမ်းမရ ရှူသွင်းလိုက်ကြသည်။ ထို့နောက် သူတို့ အသက်ရှင်ကျန်ရစ်မှုကို အပြည့်အဝ ခံစားနေကြလေသည်။
အီသန်ကတော့ ခါးထောက်လျက် တစ်ဖက်တွင် ရပ်နေလေသည်။
"ငါ ပြောရရင်တော့.. ဒါက တော်တော်လေး အထင်ကြီးစရာကောင်းတာပဲ..."
လင်းတုန်းသည် သူ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်သည်။ ထို့နောက် မှော်သင်္ကေတ အလင်းရောင်များ ဖြစ်လောက်မည့် လိမ္မော်ရောင် မီးအိမ်များဖြင့် လင်းထိန်နေသော နေရာတစ်ခုကို မြင်တွေ့လိုက်ရသည်။ ထိုအလင်းရောင်များ၏ တောက်ပမှုကို လျှော့ချရန်အတွက် စက္ကူ ကာရံများဖြင့် ဖုံးအုပ်ထားရာ ၎င်းမှာ ကောင်းမွန်သော အစီအစဉ် တစ်ခု ဖြစ်လေသည်။
အချို့မီးများမှာ မျက်စိကျိန်းလောက်အောင် အလွန်အမင်း တောက်ပလွန်းနေပြီး အချို့မှာမူ စိတ်အနှောင့်အယှက် ဖြစ်ဖွယ် စည်းချက်တစ်ခုဖြင့် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေကြသည်။ ၎င်းတို့သည် ရှေးဟောင်း အပျက်အစီး ၏ အစီအရင် မှ စုပ်ယူထားသော သက်စောင့် အော်ရာ များဖြင့် အသက်ဝင်နေခြင်း ဖြစ်ရပေမည်။
သို့သော်... အစီအရင် ပျက်စီးနေခြင်း ဖြစ်နိုင်သလို နောက်ဆုံး အသက်ဝင်ခဲ့သည်မှာ အလွန် ကြာမြင့်နေပြီ ဖြစ်ခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။ အလင်းရောင်မှာ မညီမညာ ဖြစ်နေပြီး အခန်း၏ တစ်ဝက်ခန့်ကို ပုံစံမကျသော အရိပ်များဖြင့် ဖုံးလွှမ်းထားလေသည်။
ထိုအခန်းသည် ရှေးဟောင်း အပျက်အစီး တစ်ခုတွင် တွေ့ရမည်ဟု သူ မျှော်လင့်ထားသောအရာနှင့် မတူဘဲ ချမ်းသာသောကလန် တစ်ခု၏ စာကြည့်တိုက် တစ်ခုနှင့် ပို၍ တူနေလေသည်။ အရောင်အသွေး စုံလင်သော ကြမ်းခင်းများပေါ်တွင် ဖုန်တက်နေသော ကော်ဇောများနှင့် လှပစွာ ထွင်းထုထားသော စားပွဲများကို ခင်းကျင်းထားသည်။ ထိုစားပွဲများထဲမှ တစ်ခုပေါ်တွင် ကျောက်စိမ်း ရုပ်တုငယ်များ စုဆောင်းထားရှိသည်။ ၎င်းတို့အနက် တစ်ခုမှာ ခြင်္သေ့ခေါင်းနှင့် အက်ကွဲနေသော နဂါးတစ်ကောင် ဖြစ်ပြီး ကျန်ရုပ်တုများမှာမူ ပို၍ ထူးဆန်းကာ အရုပ်ဆိုး အကျည်းတန်လှသော သတ္တဝါများ ဖြစ်ကြသည်။
မှန်ဖုံးထားသော သေတ္တာ တစ်ခုအတွင်း၌ ငွေတစ်ဝက် နှင့် ရွှေသံမဏိ တို့ဖြင့် ပြုလုပ်ထားသော ကိရိယာ အချို့ကို ခင်းကျင်းပြသထားသည်။ ထို့ပြင် လင်းတုန်း မမှတ်မိသော ပိုမို ထူးခြားဆန်းပြားသည့် ပစ္စည်းများကိုလည်း တွေ့ရသော်လည်း နေရာ တစ်ဝက်ခန့်မှာ အလွတ်များ ဖြစ်နေကြသည်။
သီးသန့် ထွင်းထုထားသော စင်များပေါ်တွင် စာအုပ်များကို ဖွင့်လျက်သား တင်ထားသည်။ ၎င်းတို့၏ ကွေးကောက်နေသော စာမျက်နှာများပေါ်တွင် နားလည်ရခက်သော ပုံကြမ်းများနှင့် စာလုံးများကို ရေးဆွဲထားလေသည်။ စာအုပ်များမှာ အိုမင်းဟောင်းနွမ်းမှုကြောင့် အညိုရောင် သန်းနေပြီ ဖြစ်သည်။ အကယ်၍ သူသာ ထောင့်တစ်နေရာကို လေမှုတ်လိုက်ပါက ထိုစက္ကူများသည် ဆွေးမြည့် ပြိုကွဲသွားလိမ့်မည်ဟု လင်းတုန်း သေချာပေါက် ယုံကြည်နေလေသည်။
မျက်နှာကျက်မှ ငွေရောင် ချိတ်တစ်တန်း တွဲလောင်းကျနေသည်။ ၎င်းတို့ကို မည်သည့် ရည်ရွယ်ချက်ဖြင့် အသုံးပြုကြောင်း သူ မစဉ်းစားနိုင်ချေ။ ၎င်းတို့သည် အရွယ်အစား အမျိုးမျိုး ရှိကြသော်လည်း ချိတ်များပေါ်တွင် လွတ်ဟာနေသော လေထုမှလွဲ၍ ဘာတစ်ခုမှ ရှိမနေခဲ့ချေ။
မာဒြာ ဖြင့် ပြုလုပ်ထားသည့် ရှည်လျားသော ဓားရှည်ကြီး တစ်လက်သည် နံရံ အလယ်ခန့်ရှိ ဘောင်တစ်ခုပေါ်တွင် ရှိနေသည်။ ၎င်းတွင် သွေးကဲ့သို့ နီရဲနေသော လက်ကိုင်ရိုး ပါရှိပြီး အဆုံးတွင် တောက်ပနေသော ရွှေရောင် ဓားသွား တစ်ခု တပ်ဆင်ထားလေသည်။ ၎င်း၏ စွမ်းအားများကို ချိတ်ပိတ်ရန်နှင့် အငွေ့ပျံ မသွားစေရန်အတွက် အစီအရင် စက်ဝန်း တစ်ခုက ပတ်လည် ရစ်ပတ်ထားလေသည်။ ထိုလက်နက်၏ အောက်ဘက် နံရံပေါ်တွင် ပုံတစ်ခုကို တိုက်ရိုက် ရေးဆွဲထားသည်။ ၎င်းမှာ စက်ဝိုင်းပုံ တစ်ခု ဖြစ်ပြီး တစ်ဝက်မှာ အလွတ်ဖြစ်နေကာ ကျန်တစ်ဝက်မှာမူ ရှုပ်ထွေးပြီး လိမ်ယှက်နေသော မျဉ်းကြောင်းများ ကွန်ရက်ဖြင့် ဖွဲ့စည်းထားလေသည်။
လင်းတုန်းသည် အခန်းအတွင်းရှိ အစိတ်အပိုင်းများကို တစ်ခုတည်း အဖြစ် ပေါင်းစပ် နားလည်သွားသည်အထိ အချိန်အတော်ကြာအောင် စိုက်ကြည့်နေမိသည်။
ဤနေရာသည် ဝိညာဉ်ပန်းပဲဆရာ တစ်ဦး၏ အလုပ်ရုံ တစ်ခု ဖြစ်သည်။ ထိုအချက်ကို သူ သိလိုက်ရသည်နှင့် တစ်ပြိုင်နက် မတ်တတ်ရပ်လိုက်ပြီး အနီးရှိ စားပွဲတစ်ခုဆီသို့ ပြေးသွားကာ မွှေနှောက် ရှာဖွေလေတော့သည်။ သူသည် အံဆွဲ အနည်းငယ်ကို ဆွဲဖွင့်ကြည့်ခဲ့သော်လည်း ဖြစ်နိုင်ခြေရှိသော အရာ ဘာတစ်ခုမှ မတွေ့ရချေ။ ထို့ကြောင့် သူသည် နောက်ထပ် စားပွဲတစ်ခုဆီသို့ ရွှေ့သွားလိုက်သည်။
ထို့နောက်တွင်တော့ လင်းတုန်း တစ်ယောက် ရွှေရောင် ကြိုးများဖြင့် အစီအရင် များ ဖန်တီးထားသော ချိတ်ပိတ်ထားသည့် အနက်ရောင် သစ်သား ကျမ်းလိပ် အပုံကြီးထဲတွင် အလုအယက် ရှာဖွေနေလေတော့သည်။
ယီရင်သည် သူ၏ ဘေးသို့ လျှောက်လာပြီး သိချင်စိတ် ပြင်းပြနေသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"လှံကို ရှာနေတာလား..."
"နင် စိတ်မရှိဘူး ဆိုရင် အခန်းရဲ့ ဟိုတစ်ဖက်ကို တာဝန်ယူပေးပါလား..."
သူက ကျမ်းလိပ်များကို ဘေးသို့ဖယ်ကာ ကြမ်းပြင်ပေါ်ရှိ သေတ္တာ တစ်လုံးထဲတွင် ရှာဖွေရင်း ပြောလိုက်သည်။
"ဒီနေရာမှာ ဝိညာဉ်ပန်းပဲဆရာ တစ်ယောက် အလုပ်လုပ်ခဲ့တာ..."
"နင် ဆိုလိုတာကို ငါ သဘောမပေါက်ဘူး..."
ယီရင်က ပြောသည်။
လင်းတုန်း၏ မျက်လုံးများက အခြား တစ်နေရာသို့ ရောက်ရှိသွားသည်။
လှပစွာ ထွင်းထု အရောင်တင်ထားပြီး သူ၏ အရပ်အမောင်းခန့် မြင့်မားသော သေတ္တာ တစ်လုံး...
၎င်းက သူ၏ မျက်စိကို ဖမ်းစားသွားသည်။ အခန်းထဲရှိ အခြားအရာ အများစုကဲ့သို့ပင် ၎င်းပေါ်တွင် ဖုန်အလွှာ တစ်ထပ် ဖုံးအုပ်နေသည်။ သို့သော် အခြားတစ်ဖက်မှ ကြည့်လျှင် ဝေ့ကလန် တွင် သူတို့ အသုံးပြုလေ့ရှိသော အဝတ်ဗီရို မျိုးနှင့် လုံးဝ တူညီနေလေသည်။ သို့ရာတွင် ပို၍ ကျယ်ဝန်းပေသည်။ သူ၏ လက်နှစ်ဖက်ကို တတ်နိုင်သမျှ ဆန့်ထုတ်လိုက်လျှင်ပင် လက်ချောင်းထိပ်များဖြင့် ဘေးနှစ်ဖက်စလုံးကို ထိနိုင်မည် မဟုတ်ချေ။ သူသည် ယီရင် ကို အဖြေမပေးခင်မှာပင် ဗီရိုဆီသို့ ပြေးသွားကာ တံခါးများကို ကျယ်ဝန်းစွာ ဖွင့်ဟလိုက်လေသည်။
အဖြူရောင် အလင်းတန်း တစ်ခုသည် အတွင်းမှ ပေါက်ကွဲထွက်လာသည်။ အသစ်တဖန် အာရုံခံစားမှု ကောင်းလာသော သူ၏ မျက်လုံးများထဲသို့ နာကျင်မှု တစ်ခု ဖြတ်ပြေးသွားသည်။ ထို့ကြောင့် သူသည် မျက်စိကျိန်းလောက်သော အလင်းရောင်ကို ဖယ်ရှားရန် မျက်တောင်ခတ်လိုက်ရသည်။ သူ ပြန်လည် မြင်တွေ့နိုင်ချိန်တွင်တော့ ယီရင်သည် သူ၏ အရှေ့တွင် ရပ်နေခဲ့ပြီ ဖြစ်သည်။ သူမသည် သူနှင့် အန္တရာယ် ရှိလာနိုင်သော အရင်းအမြစ် ကြားသို့ ဝင်ရောက် နေရာယူပေးခဲ့ခြင်း ဖြစ်သည်။
သို့သော် ၎င်းသည် သားကောင်ကို စောင့်ဆိုင်းနေသော ကာကွယ်ရေး မှော်ပစ္စည်း တစ်ခု မဟုတ်ခဲ့ချေ။ တံခါးများကို ဆွဲမဖွင့်မီ ထိုဖြစ်နိုင်ခြေကို သူ အမှန်တကယ် စဉ်းစားသင့်ပေသည်။ ၎င်းသည် ဗီရို၏ တစ်ဖက်မှ အခြား တစ်ဖက်သို့ ရောက်ရှိလောက်အောင် ရှည်လျားသော တောက်ပနေသည့် မာဒြာချောင်း တစ်ခု ဖြစ်သည်။ ၎င်းကို ထွင်းထုထားသော သစ်သား ထောက်တိုင် တစ်စုံဖြင့် ထိန်းထားလေသည်။ သူ လာယူမည့်အချိန်ကို စောင့်ဆိုင်းနေသကဲ့သို့ ထိုလက်နက်ကို မျက်လုံး အမြင့်အောက် အနည်းငယ်တွင် ချထားလေသည်။
ထိုအရာမှာ လက်နက်တစ်ခု ဖြစ်သည်။ ရှေးဟောင်း ဝိညာဉ်ပန်းပဲဆရာ များက မာဒြာ ဖြင့် အပြစ်အနာအဆာကင်းစင်စွာ ဖန်တီးထားသော လှံတစ်ချောင်း ဖြစ်သည်။ ၎င်းသည် ကြယ်များ၏ အလင်းရောင်ဖြင့် တောက်ပနေပြီး အစွမ်းထက်သော လက်နက်တစ်ခု အဖြစ် အခဲဖွဲ့ထားသည်။ အရေပြားပေါ်သို့ ရိုက်ခတ်လာသော ထိုလက်နက်၏ စွမ်းအားများကို သူ ခံစားနေရလေသည်။
ယီရင်၏ အသက်ရှူသံများ တဖြည်းဖြည်း ငြိမ်သက်သွားသည်။ အီသန် ပင်လျှင် လာရောက် ကြည့်ရှုရန် လျှောက်လာရင်း တိုးတိုးလေး လေချွန်လိုက်လေသည်။
"ငါ့ အဘိုး ခေတ်တုန်းက ဝိညာဉ်ပန်းပဲဆရာ တွေဟာ အသုံးဝင်မှုလိုမျိုးပဲ အလှအပကိုလည်း တန်ဖိုးထားခဲ့ကြတယ်..."
သူက လှံ၏ လက်ကိုင်ရိုး တစ်လျှောက် လက်ကို မထိဘဲ ရွှေ့လိုက်သည်။
"အစီအရင်ဟာ လက်နက်ရဲ့ အကွေးအကောက် တွေအတိုင်း စီးဆင်းနေပြီး အော်ရာ ကိုတောင် အနုပညာ လက်ရာတစ်ခု ဖြစ်အောင် လမ်းညွှန်ပေးထားတယ်.. အရမ်းကို လှပလွန်းတယ်..."
လင်းတုန်းသည် လက်ကိုင်ရိုးပေါ်ရှိ အဖြူရောင် အောက်ခံတွင် အဖြူရောင် ဆေးသုတ်ထားသကဲ့သို့ ဖြစ်နေသော အစီအရင် လိုင်း အနည်းငယ်ကို ခဲယဉ်းစွာ မြင်တွေ့နိုင်လေသည်။ သို့သော် ထိုလှံသည် သူ၏ အာရုံကို အချိန်အတော်ကြာ ဖမ်းစားထားခဲ့ပြီး ဖြစ်သည်။ သူသည် ဒူးထောက်ချလိုက်ပြီး သေတ္တာ၏ အောက်ခြေရှိ အံဆွဲများကို ရှာဖွေလေတော့သည်။
အစစ်အမှန် ရတနာသည် ဤအောက်တွင် ရှိနေသင့်သည်။
***