အခန်း (၁၄၉-၁၅၀)
Vol. 11 Ch. 149-150
အပိုင်း(၁၄၉)
အမှိုက်သရိုက် တစ်ပုံတစ်ပင်ကြားတွင် မွှေနှောက် ရှာဖွေပြီးနောက် လင်းတုန်းသည် ဆင်စွယ်ရောင် သေတ္တာ တစ်လုံးကို ထုတ်ယူလိုက်သည်။ ၎င်းသည် သူ၏ ဖြန့်ထားသော လက်နှစ်ဖက် ပေါင်းထားသည်ထက် ပို၍ ကျယ်ဝန်းလှသည်။ အနက် တစ်လက်မခန့်သာ ရှိသော်လည်း ၎င်းသည် သူ မျှော်လင့်ထားသည်ထက် ပို၍ လေးလံနေလေသည်။ အဖုံးပေါ်တွင် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသော သစ်ရွက် ပုံစံများကို ထွင်းထုထားလေသည်။
လင်းတုန်း အဖုံးကို ဂရုတစိုက် မ,တင်လိုက်သည်။ အတွင်းတွင် မှတ်စုများ မရှိသကဲ့သို့ တောက်ပသော အရောင်ရှိသည့် အမြုတေ များလည်း မရှိချေ။ ရင်ထိုးများသာ ရှိသည်။ ထို့ကြောင့် သူသည် ၎င်းကို ဘေးသို့ လွှင့်ပစ်လိုက်ရန်ပင် နီးပါး ဖြစ်သွားခဲ့သည်။
ထိုအချိန်တွင် ရုတ်တရက် သူ အသက်ရှူပင် ရပ်သွားလေသည်။ ထိုရင်ထိုးများသည် အထွတ်အမြတ် တောင်ကြား မှ ရင်ထိုးများထက် အနည်းငယ် သေးငယ်သော်လည်း အခြားသော အချက်များမှာမူ လက်တွေ့အားဖြင့် တူညီနေကြသည်။ သေတ္တာထဲတွင် ရင်ထိုး ရှစ်ခု ရှိနေပြီး တစ်ခုစီတိုင်းတွင် ဖန်တီးသူ တစ်ဦး၏ သင်္ကေတ ဖြစ်သော တူ တစ်လက်ကို ရေးမှတ်ထားလေသည်။
ပထမအတန်းတွင် ကြေးအဆင့်၊ သံမဏိအဆင့်၊ ကျောက်စိမ်းအဆင့် နှင့် ရွှေအဆင့် ရင်ထိုး တစ်ခုစီ ပါရှိသည်။ ၎င်းကိုတော့ သူ မျှော်လင့်ထားခဲ့သည်။ သို့သော် ဒုတိယအတန်းတွင်မူ ငွေတစ်ဝက် မှသည် ရွှေသံမဏိ အထိသာမက သူ ခွဲခြားမသိနိုင်သော ပစ္စည်းများဆီသို့ပါ ရွှေ့လျားသွားလေသည်။ ၎င်းတို့အနက် တစ်ခုမှာ မီးတောက်ကဲ့သို့ နီရဲနေပြီး အခြားတစ်ခုမှာမူ ဖန်တီးထားသော ကောင်းကင်ယံ အစိတ်အပိုင်း တစ်ခုကဲ့သို့ အလွန် ရင့်မှည့်သော အပြာရောင် ဖြစ်လေသည်။
သူသည် တုန်ယင်နေသော လက်တစ်ဖက်ကို ဆန့်ထုတ်ကာ သံမဏိအဆင့် ရင်ထိုးကို ကောက်ယူလိုက်သည်။ သူ၏ လက်ထဲတွင် ထိုအရာက ငှက်မွှေးတစ်ခုထက်ပင် ပေါ့ပါးနေသော်လည်း၊ ဖန်ဖြင့် ပြုလုပ်ထားသည့်အလား သူက ဂရုတစိုက် ကိုင်တွယ်နေလေသည်။ သူသည် သူ၏ မဟူရာ ပိုးသား ဖဲကြိုး၏ အစွန်းတစ်ဖက်ကို အပေါ်ပိုင်းရှိ ကွင်းလေးထဲသို့ ညင်သာစွာ သွင်းလိုက်လေသည်။
"ကဲ.. မင်း ဘာရှာတွေ့လဲ ကြည့်ရအောင်..."
အီသန်က ပြောလိုက်၏။ ယီရင်ကလည်း ပိုမို သေချာစွာ မြင်ရစေရန် သူ၏ ပခုံးပေါ်မှ ကျော်ကြည့်လိုက်သည်။ လင်းတုန်းကတော့ သူတို့ကို လုံးဝ အာရုံမစိုက်ခဲ့ချေ။
သူသည် သံမဏိအဆင့် ရင်ထိုးကို လည်ပင်းတွင် ဆွဲလိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။
ခဏအကြာတွင် အီသန်က လည်ချောင်း ရှင်းလိုက်သည်။
"ဒီ ပုရွက်ဆိတ်အုံကတော့ အသေအချာကို အကန်ခံလိုက်ရပြီ..."
သူက ပြောလိုက်သည်။
"မကြာခင်မှာပဲ ငါတို့ရဲ့ အစားအစာကို အခြား ပုရွက်ဆိတ်တွေနဲ့ ခွဲဝေစားသောက်ရတော့မယ် ထင်တယ်..."
လင်းတုန်းသည် တွေးတောနေမှုမှ ရုတ်တရက် နိုးထလာခဲ့သည်။
"မိစ္ဆာ သားရဲ တွေလား..."
"ပိုဆိုးတယ်.. လူတွေပဲ..."
သဲမြွေပွေးတို့သည် ရှေးဟောင်း အပျက်အစီး ကို ဖြတ်သန်းကာ လမ်းစ ရှာတွေ့သွားခြင်း ဖြစ်ရပေမည်။ ဖစ်ရှာ များ သို့မဟုတ် အာရီလီယပ်စ် မိသားစု ဖြစ်နေလျှင်လည်း သိပ်ထူးခြားမည် မဟုတ်ဟု သူ ထင်မြင်မိသည်။ မည်သူပင် ဖြစ်ပါစေ သူတို့သည် ဤနေရာကို ပြောင်သလင်းခါအောင် ယူဆောင်သွားကြမည် ဖြစ်သည်။
လင်းတုန်းသည် ဆင်စွယ်ရောင် သေတ္တာကို သူ၏ ကျောပိုးအိတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် နေရာရစေရန် အခြား လိုအပ်သော ပစ္စည်းအချို့ကို ရွှေ့ပြောင်းလိုက်ပြီးနောက် ဗီရို၏ အောက်ခြေ အံဆွဲထဲသို့ ပြန်လည် မွှေနှောက် ရှာဖွေလေတော့သည်။
ဤအံဆွဲထဲတွင်တော့ သူ ရှာဖွေနေသော အရာကို နောက်ဆုံးတွင် တွေ့ရှိသွားလေသည်။
အစီအရင် များ မှတ်သားထားသော သေတ္တာ တစ်လုံး အတွင်းရှိ ပိုးသား အနားကွပ်တွင် အခွက် သုံးခု ပါရှိသည်။ ၎င်းအပေါက်များထဲမှ တစ်ခုမှာ အလွတ် ဖြစ်နေသော်လည်း ကျန်နှစ်ခုတွင်တော့ အမြုတေ တစ်စုံ ရှိနေလေသည်။ ၎င်းတို့သည် တောက်ပသော အဖြူရောင် ရှိကြပြီး လှံကဲ့သို့ပင် နားလည်ရခက်သော ပစ္စည်းများဖြင့် ပြုလုပ်ထားကာ ဝက်အူရစ် ဖောက်စက်များနှင့် ပုံစံတူလေသည်။
သူသည် အမြုတေ များ အနီးရှိ မှတ်စုများကို လျင်မြန်စွာ ဖတ်ရှုလိုက်သည်။
"မျိုးဆက် ဆယ့်လေးသည် ကျွန်ုပ်တို့ မျှော်လင့်ထားသော အရည်အသွေးများ အားလုံးကို ပြသနေသည်"
သူ ဆက်လက်၍ ဖတ်ရှုလိုက်သည်။
"ကျင့်ကြံသူ တစ်ယောက်စီတွင် အမြုတေ တစ်ခုတည်းသာ ပါဝင်သော်လည်း ၎င်းသည် မာဒြာ ကို အဆင့်မြင့်မားသော စွမ်းဆောင်ရည်ဖြင့် စုပ်ယူကာ အသုံးချနိုင်စွမ်း ရှိကြောင်း ပြသနေသည်။ အကယ်၍ ကျင့်ကြံသူ တစ်ဦးက အလားတူ နည်းစနစ် များကို ကျင့်ကြံနိုင်မည် ဆိုပါက ကျွန်ုပ်တို့၏ စွမ်းဆောင်ရည်မှာ နှစ်ဆ တိုးလာနိုင်ပေသည်။"
နောက်စာမျက်နှာကိုတော့ အလျင်စလို ရေးခြစ်ထားပုံရသည်။ စက္ကူပေါ်တွင် စာလုံးများကို ပေါ့ဆစွာ ရေးသားထားမှု အရ ထိုသို့ ခန့်မှန်းရသည်။
"ကျရှုံးသွားသော နမူနာများသည် အောင်မြင်မှု၏ သော့ချက် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ၎င်းတို့သည် တစ်ကောင်နှင့် တစ်ကောင် အပြန်အလှန် စားသောက်ကြသည်နှင့်အမျှ ၎င်းတို့၏ အော်ရာ များသည် ပြောင်းလဲသွားကြပြီး ကျွန်ုပ်တို့ ခန့်မှန်းထားသည်ထက် များစွာ ပိုမို လျင်မြန်စွာ ကြီးထွားလာကြသည်။ သီအိုရီ အရဆိုလျှင် ဤကြီးထွားမှုအတွက် အမြင့်ဆုံးကန့်သတ်ချက် ဟူ၍ မရှိပေ။ သို့သော် ဝိညာဉ်သည် ရုပ်ခန္ဓာကို ပုံပျက်သွားစေသည်။ ထပ်မံ လေ့လာရန် လိုအပ်သေးသည်။ ၎င်းသည် အဓိက ရည်မှန်းချက် အောင်မြင်ရေးဆီသို့ ဦးတည်သွားနိုင်ပေသည်။"
လင်းတုန်းသည် ထိုမှတ်စုများကို သူ၏ ကျောပိုးအိတ်ထဲသို့ ထည့်လိုက်ပြီး ဆက်လက် ဖတ်ရှုနေလေသည်။ အညွှန်းစာများက သူတွေးထားသည်ကို အတည်ပြုပေးနေသည်။ ဤအရာများသည် ကျင်းကလန် ၏ လှံ အသည်းနှလုံးတွင် ရှိသော အမြုတေ များ ဖြစ်ကြသည်။ သားကောင်များထံမှ မာဒြာ များကို စုပ်ယူသည့် ယန္တရားများပင် ဖြစ်သည်။
ကျင်းကလန် အနေဖြင့် သူတို့၏ လှံကို ပြန်လည် ရရှိသွားနိုင်ပေသည်။ ၎င်းသည် အစွမ်းထက်လှသည် ဆိုသော်ငြားလည်း လက်နက် တစ်လက်တည်းသာ ဖြစ်လေသည်။
ထိုကဲ့သို့သော လက်နက်များကို ပြုလုပ်ရန် သင်ယူခြင်းကသာ.. အစစ်အမှန် ကံထူးခြင်း ဖြစ်ပေသည်။
သေချာသည်က လင်းတုန်းသည် သူ၏ ကိုယ်ပိုင် စွမ်းဆောင်ရည်များနှင့် ပတ်သက်၍ ထိုမျှလောက် မြင့်မားသော မျှော်မှန်းချက် မျိုး မရှိခဲ့ချေ။ သူသည် အမြုတေ များနှင့် မှတ်စုများထံမှ တတ်နိုင်သမျှ သင်ယူလေ့လာသွားမည် ဖြစ်သည်။ ထို့ပြင် နောက်ပိုင်း လေ့လာဆန်းစစ်ရန်အတွက် အမြုတေ တစ်ခုကိုပင် သိမ်းဆည်းထားကောင်း သိမ်းဆည်းထားမည် ဖြစ်သည်။ သို့သော် ဝိညာဉ်ပန်းပဲဆရာ တစ်ဦးအတွက်တော့ ဤကဲ့သို့သော အသိပညာမျိုးက ခြေထောက်တစ်ဖက်ထက်ပင် ပို၍ တန်ဖိုးရှိလှပေသည်။ ဖစ်ရှာ ဂီရှာ ဆိုလျှင် ဤကဲ့သို့သော အရာအတွက် ဖစ်ရှာ ဂိုဏ်း တစ်ခုလုံးကိုပင် ရောင်းစားပစ်လိုက်မည် ဖြစ်သည်။
အမြုတေ များနှင့်အတူ သိမ်းဆည်းထားသည်မှာ အရောင်တင်ထားသော အနက်ရောင် မြစ်ကျောက်စရစ်ခဲ သုံးခု ဖြစ်သည်။ ၎င်းတို့ တစ်ခုစီတိုင်းတွင် လင်းတုန်း ခွဲခြား မသိနိုင်သော အလွန်သေးငယ်သည့် အစီအရင် စက်ဝန်း တစ်ခုစီ မှတ်သားထားလေသည်။ အကြောင်းကြောင်းကြောင့် လိုရမယ်ရ သူသည် ၎င်းတို့ကိုပါ သိမ်းဆည်းလိုက်သည်။ ထိုအချိန်တွင်ပင် နားကွဲမတတ် ကျယ်လောင်လှသော ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာကာ သူ့ကို အနှောင့်အယှက် ပေးလိုက်လေသည်။
အခန်း၏ အခြား တစ်ဖက်ရှိ တံခါး၊ တစ်နည်း ဆိုရသော်... သူတို့ ဝင်ရောက်လာခဲ့သော နေရာ၏ မျက်နှာချင်းဆိုင်တွင် ရှိသော တံခါးမှာ ကွေးညွတ်ကာ အတွင်းဘက်သို့ ပြိုကျလာခဲ့သည်။ သားမွေးများ ဝတ်ဆင်ထားသော သဲမြွေပွေး နှစ်ဦးသည် အစိမ်းရောင် မာဒြာ များဖြင့် ရစ်ခွေနေသော လက်နက်များကို ကိုင်ဆောင်ကာ တံခါး၏ တစ်ဖက်တစ်ချက်စီမှ ဝင်ရောက်လာကြသည်။ လှံများကို ကိုင်ဆောင်ကာ တောက်ပသော ဆံပင်များနှင့် အပြာရောင် ဝတ်ရုံများကို ဝတ်ဆင်ထားသည့် ကျင်းကလန် အဖွဲ့ဝင်များက သူတို့၏ အနောက်မှ လိုက်ပါလာကြသည်။ ထို့နောက် သတိထားနေပုံရသော ဖစ်ရှာ အနည်းငယ်လည်း လိုက်ပါလာကြသည်။
ထို့နောက် အနီရောင် ပတ်စည်းထားသော ကျင်းလုံ ၏ ဦးခေါင်း ထွက်ပေါ်လာသည်။ သူသည် လှံကို နှိမ့်ကိုင်ထားပြီး လှံသွားကို မြေပြင်ဆီသို့ ချိန်ရွယ်ထားလေသည်။ ဂိုဏ်း၏ အမွေဆက်ခံသူ ဖြစ်သော ခရယ်ကတော့ လူလည်ကျသည့် အပြုံးမျိုးဖြင့် သူ၏ အနောက်မှ လိုက်လာခဲ့သည်။
"လူစုခွဲ..."
ကျင်းလုံက အမိန့်ပေးလိုက်သည်။
"လှံကို အရင်ဆုံး ယူ.. ပြီးတော့..."
အမိန့်၏ ကျန်ရှိနေသော အပိုင်းများက သူ၏ ပါးစပ်မှ ထွက်မလာနိုင်ခဲ့တော့ချေ။ ယီရင်သည် ဓား မာဒြာ လှိုင်းတစ်ခုကို သူ့ထံသို့ ရိုက်ခတ်လိုက်သည်။ သူမ၏ အမြုတေသည် သင်တုန်းဓားကဲ့သို့ ပါးလွှာနေသော်လည်း မုန်တိုင်းတစ်ခု၏ ဒေါသမျိုး ပါဝင်နေလေသည်။
သဲမြွေပွေး များထဲမှ တစ်ဦးက သူ၏ ပုဆိန်သွားပေါ်ရှိ မာဒြာ ဖြင့် သူမ၏ မာဒြာ ကို ရင်ဆိုင်လိုက်သည်။ အစိမ်းရောင် စွမ်းအားများက သူမ၏ နည်းစနစ် ကို စားပစ်လိုက်လေသည်။ သို့သော် ထိုအင်အားက သူ့ကို နောက်သို့ တစ်လှမ်း ဆုတ်သွားစေသေးသည်။
သူ ရပ်တန့်မသွားခင်မှာပင် ယီရင်သည် သူမ၏ ဓားကို မြှောက်လိုက်သည်။ အဖြူရောင် ဓားသွားသည် ခေါင်းလောင်း တစ်လုံးကဲ့သို့ မြည်ဟည်းသွားလေသည်။
ထိုအခါ အခန်းထဲရှိ ဓားသွားတိုင်းက ပြန်လည် တုံ့ပြန်လာကြသည်။ မှန်များ ကွဲအက်သွားပြီး မီးများ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားသည်။ လေထုထဲတွင် အက်ကွဲနေသော သစ်သားစများနှင့် စုတ်ပြဲနေသော စက္ကူမုန်တိုင်းများ ပြည့်နှက်သွားလေသည်။
ခွမ်း...
လှံ၏ ပြခန်း မှန်သေတ္တာကြီး ပေါက်ကွဲသွားချိန်မှာပင် တစ်စုံတစ်ရာက ဆံပင်ကို နောက်သို့ ဆွဲလိုက်သဖြင့် လင်းတုန်း၏ မြင်ကွင်းမှာ အမည်းရောင် အတိ ဖြစ်သွားလေသည်။
ယီရင်၏ အုပ်ချုပ်သူ နည်းစနစ် ထံမှ ပေါက်ကွဲထွက်လာသော ဓား အော်ရာ များသည် သူ့ကို သတ်ပစ်လိုက်နိုင်လောက်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် အစွမ်းထက်သော ဓားလက်နက်နှင့် အလွန် နီးကပ်စွာ ဝပ်နေခဲ့သောကြောင့် ဖြစ်သည်။ လင်းတုန်း ရုန်းကန်ကာ မတ်တတ်ထရပ်လိုက်ပြီး သူ၏ ကျောပိုးအိတ်ကို ဘေးသို့ ချထားလိုက်သည်။ ထို့နောက် အီသန် ကို တုန်ရီနေသော အသံဖြင့် ကျေးဇူးတင်စကား ပြောလိုက်လေသည်။
"ဘာပြဿနာမှ မရှိပါဘူး..."
အီသန်က ပြောလိုက်သည်။ သူသည် ဆောင်းရာသီတွင် နှင်းများ ကျဆင်းလာသကဲ့သို့ သူ၏ ပတ်လည်တွင် လွင့်ကျလာသော စက္ကူစုတ်များကို ကြည့်ရှုနေလေသည်။
"အကူအညီမဲ့နေတဲ့ သူတွေကိုကယ်တင်ရတာ ဂုဏ်ယူစရာ တစ်ခုပါ..."
သဲမြွေပွေး များထဲမှ တစ်ဦးမှာ သွေးများ ထွက်နေပြီး နံရံတွင် မှီကာ မတ်တတ်ရပ်ရန် ရုန်းကန်နေရသည်။ သို့သော် လင်းတုန်း အခြားသူများကို မမြင်လိုက်ရခင်မှာပင် ကြယ်တာရာ အစုအဝေး တစ်ခုသည် အပျက်အစီးများ ကြားမှ လင်းလက်စွာ ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့သည် မြားအုပ်ကြီး တစ်ခုကဲ့သို့ ယီရင် ထံသို့ ပေါက်ကွဲ ထွက်ပေါ်လာလေသည်။
ယီရင် လက်နက်ကို ရှုပ်ထွေးသော အကွေးအကောက်များ အဖြစ် ယက်ကန်းယက်သကဲ့သို့ လှည့်ပတ်လိုက်၏။ ထိုအခါ သူမ၏ ဓားတွင် တောက်ပသော အနားသတ် တစ်ခု စုစည်းသွားပြီး ထိုနည်းစနစ် ကို လေထဲတွင်ပင် ရိုက်ချလိုက်သည်။ သို့သော် သူမ၏ ချောင်ချိနေသော အင်္ကျီလက်အိုးများ အတွင်းသို့ အလင်းတန်းများ ဖောက်ထွင်းဝင်ရောက်သွားသဖြင့် သူမ၏ ဝတ်ရုံတွင် နောက်ထပ် စုတ်ပြဲရာများ ထပ်မံ ဖြစ်ပေါ်သွားခဲ့သည်။ အလင်းတန်း တစ်ခုသည် သူမ၏ အနီရောင် ခါးပတ်မှ ဖဲကြိုးကို ထိုးခွဲသွားလေသည်။ ထိုအခါ ပြတ်ရှရာမှ အနီရောင် အဆီအနှစ် အမှုန်အမွှားများသည် မီးခိုးများကဲ့သို့ ထွက်ပေါ်လာပြီးနောက် ၎င်းသည် ပြန်လည် ပြည့်စုံသွားကာ သူ့အလိုလို ပိတ်သွားလေသည်။
လင်းတုန်းသည် ဒူးထောက်ကာ ပြန်လည် ထိုင်ချလိုက်ပြီး သူ၏ အဆိပ်ဆူး လက်နက်ကို ရရန် ကြမ်းပြင်ပေါ်တွင် အလုအယက် ရှာဖွေလေတော့သည်။ ကျင်း ဘိုးဘေး ၏ လှံကို ရှာဖွေရန် သူ စဉ်းစားမိသေးသည်။
သို့သော် အပျက်အစီးများ ကြားတွင် ထိုအရာကို သူ အမြင်အာရုံမှ ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင် အခန်းထဲတွင် သူ ခိုးကြောင်ခိုးဝှက် သွားလာနေစဉ် သူ့ကိုယ်သူ ကာကွယ်ရန် တစ်ခုခု လိုအပ်နေပေသည်။ သံမဏိအဆင့် သို့ ရောက်နေပြီ ဖြစ်သော်လည်း ဝင်ရောက် တိုက်ခိုက်ရန်မှာတော့ မဖြစ်နိုင်သော ကိစ္စဖြစ်သည်။ အကယ်၍ သူသာ ကျင်းလုံ ၏ နည်းစနစ် နှင့် ယီရင် ၏ နည်းစနစ် ကြားတွင် ညပ်သွားခဲ့ပါက သူ၏ သံမဏိအဆင့် ခန္ဓာကိုယ် မှ ကျန်ရစ်မည့် တစ်ခုတည်းသော အရာမှာ သူ၏ ရင်ထိုးသာ ဖြစ်လိမ့်မည်။
သို့သော် ဤနေရာသည် လျှို့ဝှက် ပရောဂျက် တစ်ခု၏ အစိတ်အပိုင်းများ အားလုံး အပြည့်အစုံ ပါဝင်နေသော ရှေးဟောင်း ဝိညာဉ်ပန်းပဲဆရာ ၏ အလုပ်ရုံ တစ်ခု ဖြစ်သည်။ သဲမြွေပွေး များကို ပြန်လည် တိုက်ခိုက်ရန် သူ အသုံးပြုနိုင်မည့် မှော်ပစ္စည်း တစ်ခုခုတော့ ရှိရပေမည်။ သူသည် အဆိပ်ဆူးကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ စင်္ကြံလမ်း တစ်လျှောက် တွားသွားလိုက်သည်။ ထို့နောက် သူ အရင်က သတိထားမိခဲ့သော ဓားသွားများ တပ်ဆင်ထားသည့် ဓားရှည် မှော်ပစ္စည်း ကို ရရန် နံရံတွင် ရှာဖွေကြည့်လိုက်လေသည်။
သူသည် ၎င်းကို တိုက်ခိုက်ရန်အတွက် အသုံးပြုနိုင်မည် မဟုတ်ချေ။ သို့သော် အာရုံလွှဲရန် အတွက်မူ ကောင်းစွာ အသုံးဝင်နိုင်ပေသည်။
ထိုအခိုက်တွင်ပင် သူ၏ လက်နက်ပေါ်သို့ ဖိနပ်တစ်ရံက ပြင်းထန်စွာ နင်းချလိုက်လေသည်။
***
အပိုင်း(၁၅၀)
လင်းတုန်း၏ အကြည့်တို့သည် သားမွှေးဖိနပ်မှတစ်ဆင့် ဝတ်ရုံသဖွယ် ခြုံထားသော အနက်ရောင် သားရေထည်ဆီသို့ မြင့်တက်သွားပြီး နောက်ဆုံးတွင် ခရယ်၏ မျက်နှာထံသို့ ဆိုက်ရောက်သွားတော့သည်။ သဲမြွေပွေး အနွယ်ဝင်ဖြစ်သူ ခရယ်သည် သေဒဏ်ကျအကျဉ်းသားတစ်ဦးကို ကြည့်နေသော ပါးကွက်သား တစ်ယောက် ကဲ့သို့ လင်းတုန်းကို အထက်စီးမှ တည်တည်ငြိမ်ငြိမ် ငုံ့ကြည့်နေ၏။
သူသည် မည်သည့်နည်းစနစ်ကိုမျှ အသုံးမပြုသေးသဖြင့် စကားပြောလိုဟန် ရှိသည်ဟု လင်းတုန်း တွေးမိသည်။ လင်းတုန်းတွင် သူအလိုရှိသော အရာတစ်ခု ရှိနေ၏။ ၎င်းမှာ လှံရှိရာနေရာနှင့် ထိုလှံ၏ အခြေခံ အမြုတေပင် ဖြစ်သည်။ ဤအချက်သည် လင်းတုန်းအတွက် အသာစီးရနိုင်သော အချက်ပင် ဖြစ်၏။ အကယ်၍ သူသည် ခရယ်ကို ကျင်းလုံနှင့် ပူးပေါင်းမသွားအောင် တားဆီးထားနိုင်ပါက ယီရင်အနေဖြင့် အချိန်အတော်ကြာအောင် တောင့်ခံထားနိုင်ပေလိမ့်မည်။
လင်းတုန်း၏ အတွေးစတို့သည် သူ့ နဖူးပြင်ပေါ်သို့ ကျရောက်လာသော ခရယ်၏ ဖိနပ်အဖျားကြောင့် ပြတ်တောက်သွားရသည်။
ဘုတ်...
သူသည် နောက်ပြန်လန်လျက် လွင့်ထွက်သွားပြီးနောက် ကြေးနှင့် ပြုလုပ်ထားသော သစ်သားစားပွဲတစ်ခုဆီသို့ လျှောတိုက်လျက် ကျရောက်သွားတော့သည်။ နာကျင်မှုသည် သူထင်ထားသလောက် ပြင်းထန်ခြင်း မရှိသော်လည်း တုန်ခါနေသော မောင်းတစ်လုံးကဲ့သို့ ရှိနေဆဲပင်။
လင်းတုန်းသည် မွေးကင်းစ သမင်ငယ်တစ်ကောင်ကဲ့သို့ ယိမ်းထိုးလျက် ပြန်လည်ထရပ်လိုက်သည်။ မျက်လုံးထောင့်မှ တောက်ပသော အစိမ်းရောင်ကို မြင်လိုက်ရသဖြင့် ဝိညာဉ်အကြွင်းအကျန် လက်နက်ကို မြဲမြဲဆုပ်ကိုင်ထားနိုင်ဆဲဖြစ်ကြောင်း သူ သတိပြုမိလိုက်သည်။ ဤသည်မှာ အနည်းဆုံးတော့ အကျိုးရှိလှပေသည်။
ခရယ်က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်၏။
"သံမဏိအဆင့်ပါလား... မင်းကို ကြေးအဆင့်လို့ ငါထင်နေတာ..."
လင်းတုန်းသည် သူ၏လက်နက်ကို အောက်သို့ချလိုက်ပြီး အခြားလက်တစ်ဖက်တွင် မည်သည့်အရာမျှ မရှိကြောင်း ဖြန့်ပြလိုက်လိုက်သည်။
"ဂုဏ်သရေရှိလှတဲ့ အဆင့်မြင့် ရွှေအဆင့်ကြီးခင်ဗျာ... ကျွန်တော်ကတော့ နိမ့်ကျလှတဲ့ သံမဏိအဆင့် ကျင့်ကြံသူတစ်ယောက်ပါပဲ... ကျွန်တော်တို့ကြားမှာ ဘာရန်ငြိုးမှ မရှိတာမို့ သွေးမြေကျစရာ အကြောင်းမရှိဘူးလို့ ထင်ပါတယ်... "
ခရယ်သည် စကားတစ်လုံးချင်းစီကို ခေါင်းညိတ်၍ နားထောင်ပေးနေပြီးနောက် အစေခံတစ်ဦးကို ထွက်သွားရန် လက်ဟန်ပြသကဲ့သို့ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ လေထုထဲတွင် အစိမ်းရောင် မာဒြာ သုံးစက် ပေါ်ပေါက်လာပြီး လင်းတုန်းထံသို့ စင်ထွက်လာတော့သည်။
လင်းတုန်းသည် ဝိညာဉ်အကြွင်းအကျန် အစိတ်အပိုင်းဖြင့် အလျင်အမြန် ကာကွယ်လိုက်သော်လည်း တိုက်ခိုက်သူ နည်းစနစ်သည် သူ၏ လက်မောင်းအရေပြားပေါ်သို့ ကျရောက်သွားကာ ပူပြင်းလှသော မီးလျှံများကဲ့သို့ လောင်မြိုက်သွားတော့သည်။
လင်းတုန်းသည် အော်ဟစ်ခြင်းမပြုမိစေရန် အံကို တင်းတင်းကြိတ်ထားလိုက်၏။ လက်နက်ကို မြဲမြဲဆုပ်ကိုင်ရင်း ခရယ်ကို စူးစိုက်ကြည့်လိုက်သည်။ တကယ့်သဲမြွေပွေးအစစ်၏ အကိုက်ခံရမှုသည် ယခုထက် အဆပေါင်း ရာနှင့်ချီ၍ ပိုမိုဆိုးရွားခဲ့သည် မဟုတ်ပါလား။ သူသည် ထိုအတွေးကိုသာ အာရုံစိုက်ထားလိုက်သည်။
သို့သော် ခရယ်သည် ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ထိုလူငယ်ခေါင်းဆောင်၏ အနက်ရောင် ဝတ်ရုံသည် စွန့်ပစ်ထားသော အရိပ်တစ်ခုကဲ့သို့ လေထဲတွင် လွင့်ပါနေဆဲဖြစ်၏။ ၎င်းက ကြမ်းပြင်ပေါ်သို့ပင် မကျရောက်သေးသော်လည်း ခရယ်မှာမူ ထိုနေရာ၌ မရှိတော့ပေ။
ဘုန်း...
လင်းတုန်း ထိုအခြင်းအရာကို သတိပြုမိနေစဉ်မှာပင် ကျောပြင်သို့ တစ်စုံတစ်ခုက အရှိန်အဟုန်ဖြင့် ဝင်ဆောင့်တော့သည်။ သူသည် ရှေ့ရှိ စားပွဲပေါ်သို့ ပြိုလဲကျသွားပြီး ခိုင်ခံ့သော သစ်သားပြားကို သူ၏ဦးခေါင်းဖြင့် တိုက်မိလျက်သား ဖြစ်သွားရသည်။
စူးရှသော အစိမ်းရောင် မာဒြာတံကျင်တစ်ခုသည် သူ၏ ပုခုံးအတွင်းသို့ စိုက်ဝင်သွားရာ လင်းတုန်းမှာ ပြင်းထန်လှသော နာကျင်မှုကြောင့် အသက်ရှူပင် ရပ်တန့်မတတ် ဖြစ်သွားရသည်။ သံမဏိအဆင့် ခန္ဓာကိုယ်သစ်ကို ရရှိခဲ့သည်မှာ နာရီအနည်းငယ်သာ ရှိသေးသော်လည်း ယခုတော့ သူ ဖျက်ဆီးပစ်မိပြီ ဖြစ်သည်။
နာကျင်မှုမှ လွတ်မြောက်ရန် ရုန်းကန်ထလိုက်သော်လည်း အစိမ်းရောင် မြူခိုးများက သူ၏ဦးခေါင်းကို လွှမ်းခြုံထားသည်။ အသက်ရှူလိုက်သည့်အခါ ပါးစပ်အတွင်း၌ သတ္တုအရသာကို ခံစားရပြီး အဆုတ်ထဲတွင် မီးလောင်နေသကဲ့သို့ ပူလောင်လှသည်။
ခရယ်သည် ဖိနပ်သံ တဖျတ်ဖျတ်ဖြင့် ထွက်ခွာသွားပြီး လင်းတုန်းမှာမူ ပျက်စီးနေသော စားပွဲအပျက်အစီးများကြားတွင် သဲမြွေပွေး မာဒြာဖြင့် ဖန်တီးထားသော လှံဖြင့် အထိုးခံထားရလျက် မှောက်လျက်သား ကျန်ရစ်ခဲ့တော့သည်။
"ကြေးအဆင့်ကောင်တော့ သေပြီ..."
ခရယ်က ပျင်းရိပျင်းတွဲ ပြောလိုက်သည်။
"အော်... သူက သံမဏိအဆင့်ကို ရောက်သွားခဲ့တာပဲ မဟုတ်လား..."
"ဟုတ်တာပေါ့..."
အီသန်က သူငယ်ချင်းတစ်ဦးနှင့် စကားစမြည် ပြောနေသကဲ့သို့ သာယာသော လေသံဖြင့် ပြန်ပြောလိုက်သည်။
"တကယ်လို့ သူ သေသွားခဲ့ရင်လည်း အဲဒါက သူ့ရဲ့ အရည်အချင်း မရှိမှုကိုပဲ အပြစ်တင်ရမှာပေါ့..."
"ကျုပ်လည်း... သဘောတူပါတယ်... ခင်ဗျားက ကျုပ် ထင်ထားတာထက် ပိုပြီး အပြောအဆို ယဉ်ကျေးသားပဲ..."
နာကျင်မှုနှင့် အောက်ဆီဂျင် ပြတ်လတ်မှုကြောင့် ထိုအသံများသည် ဝေဝါးနေသော်လည်း လင်းတုန်းသည် ကြိုးစား၍ နားစွင့်နေမိသည်။ လွန်ခဲ့သော နှစ်ပတ်အတွင်း ခံစားခဲ့ရသော နာကျင်မှုများနှင့် နှိုင်းယှဉ်လျှင် ယခုအခြေအနေမှာ ဘာမျှမဟုတ်ပေ။ ဤနာကျင်မှုသည် သူနှင့် ရင်းနှီးနေပြီးသားပင် ဖြစ်သည်။
အမှန်စင်စစ် နာကျင်မှုတို့သည် လျင်မြန်စွာ ပျောက်ကွယ်နေခြင်းပင်။
"ကျုပ်တို့ တစ်ခုခု သဘောတူညီချက် ယူကြရင် ဘယ်လိုလဲ..."
ခရယ်က ဆက်ပြောလိုက်သည်။ သူ၏အသံသည် နောက်ကွယ်မှ ကျယ်လောင်သော ပေါက်ကွဲသံကြောင့် ဖုံးကွယ်လုနီးပါး ဖြစ်သွားရသည်။ ယီရင်နှင့် ကျင်းလုံတို့ တိုက်ခိုက်နေကြသည်မှာ သေချာလှသည်။
"ခင်ဗျားရဲ့ အရည်အချင်းကို ကျုပ် မြင်ပြီးပြီ... ကျုပ်အဖေဆီကို တိုက်ရိုက် အစီရင်ခံပေးနိုင်ပါတယ်..."
အခန်းထဲတွင် နောက်ထပ် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသဖြင့် သူ ခေတ္တမျှ ရပ်လိုက်ပြီးမှ...
"တကယ်တော့ ကျုပ်တို့ တစ်ယောက်နဲ့တစ်ယောက် သေသေချာချာ မိတ်မဆက်ရသေးဘူးပဲ... ကျုပ်က သဲမြွေပွေး အနွယ်ဝင် အဆင့်မြင့် ရွှေအဆင့် ကျင့်ကြံသူ ခရယ်ပါ... ကျုပ် အဖေကတော့ အစစ်အမှန် ရွှေအဆင့် ကျင့်ကြံသူ ဖြစ်သလို ခေါင်းဆောင်ကြီး ဂိုကရင် ဖြစ်ပါတယ်..."
"ကျွန်တော့် နာမည်ကတော့ အီသန်ပါ..."
လင်းတုန်း၏ ပုခုံးကို စားပွဲနှင့် တွဲလျက် ထိုးစိုက်ထားသော မာဒြာလှံသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီ ဖြစ်ရာ သူ ပြန်ထရန် လုံလောက်သွားပြီ ဖြစ်သည်။ လေရှူရ ခက်ခဲသောကြောင့် ခေါင်းထဲတွင် မူးဝေလာပြီး ဘေးသို့ ယိမ်းထိုးလျက် အသက်ကို အဝရှူလိုက်ရသည်။
သွေးကြောထဲရှိ ပူလောင်သော အဆိပ်အတောက်များသည် နွေးထွေးသော ခံစားမှုအဆင့်ထိ လျော့ပါးသွားပြီ ဖြစ်သည်။ ထိုးနှက်ချက် ဒဏ်ရာသည်ပင် ဆိုးဆိုးရွားရွား နာကျင်ခြင်း မရှိတော့ပေ။ သို့သော် သူ၏ ဘယ်ဘက်လက်မောင်းမှာမူ အသုံးမဝင်ဘဲ တွဲလောင်းကျနေဆဲဖြစ်သလို ခန္ဓာကိုယ်မှ သွေးစက်များမှာလည်း မြေပြင်ပေါ်သို့ တစ်စက်စက် ကျဆင်းနေဆဲပင်...။
သူသည် နာကျင်မှုကြောင့် ကြမ်းပြင်ပေါ်တွင် သတိလစ်နေသင့်သော ဒဏ်ရာမျိုး ရရှိထားခြင်း ဖြစ်သော်လည်း အသက်တစ်ခါ ရှူလိုက်တိုင်း မာဒြာတို့သည် ဝိညာဉ် သွေးကြောများအတွင်း စီးဆင်းသွားပြီး နာကျင်မှုကို တစ်ဆင့်ချင်း လျော့ပါးစေသည်။
အမှန်စင်စစ် သူ၏ မာဒြာတို့သည် အသားစများထဲသို့ စိမ့်ဝင်သွားပြီး သွေးများက ဝါးမြိုပစ်လိုက်သကဲ့သို့ ပျောက်ကွယ်သွားခြင်းပင် ဖြစ်သည်။ သူ၏ သံမဏိအဆင့် အမြုတေသည်လည်း အံ့သြဖွယ် ကောင်းလောက်အောင် လျင်မြန်စွာ အားကုန်လာနေတော့သည်။
အသွေးဖြင့် ထုဆစ် ဖန်တီးထားသော သံမဏိ ခန္ဓာကိုယ်ပင်...။ သဲမြွေပွေးတို့သည် သူတို့၏ ကိုယ်ပိုင် အဆိပ်များကို ပြန်လည် ခုခံရန်အတွက် ဤခန္ဓာကိုယ်မျိုးကို အသုံးပြုကြသည်။ ခရယ်သည် လင်းတုန်းတွင် ထိုခန္ဓာကိုယ်ရှိနေသည်ကို မသိရှိပေ။
သဲမြွေပွေး မင်းသားလေးသည် လင်းတုန်းကို ကျောပေးလျက် ရပ်နေပြီး လက်တစ်ဖက်တွင် လက်စူးတစ်ခုနှင့် အခြားလက်တစ်ဖက်တွင် သူ၏ သားမွှေးဝတ်ရုံကို ကိုင်ထားသည်။ သူ၏ ပုခုံးကို ကျော်၍ ကြည့်လိုက်လျှင် ကျင်းလုံသည် ဓားကို အားပြုလျက် ရပ်နေရသော ယီရင်ထံသို့ လျှောက်လှမ်းသွားသည်ကို မြင်နေရသည်။
"တကယ်လို့ ခင်ဗျားမှာ ဘာကျောင်းတော်မှ မရှိဘူးဆိုရင် အီသန်... ခင်ဗျားလို ကျွမ်းကျင်တဲ့ ကျင့်ကြံသူမျိုးကို သဲမြွေပွေးတွေက ဝမ်းသာအားရ ကြိုဆိုမှာပါ..."
လင်းတုန်းသည် ပျက်စီးနေသော ဗီရိုဆီသို့ အပြေးသွားလိုက်ပြီး အပျက်အစီးများပေါ်တွင် ဒူးထောက်ချလိုက်သည်။ သူသည် အနာတရဖြစ်မှုကို ဂရုမစိုက်ဘဲ ဗီရိုအဖုံးကို အတင်းဆွဲဖွင့်လိုက်ကာ ခရယ်၏ လှုပ်ရှားမှုကို တစ်ချက်ချင်း စောင့်ကြည့်နေ၏။ အကယ်၍ ခရယ်သာ နောက်လှည့်ကြည့်လိုက်လျှင် လင်းတုန်း သေရပေလိမ့်မည်။
အီသန်က နံရံကို အေးအေးလူလူ မှီထားရင်း ခရယ်ကို ပြုံးပြလိုက်၏။
"ကျုပ်က ကျောင်းသားသစ်တွေ လာရှာတာပါ... ကိုယ်တိုင် အဖွဲ့ဝင်ဝင်ဖို့ ရည်ရွယ်ချက် မရှိပါဘူး..."
လင်းတုန်းသည် ဘေးရှိ အမှိုက်ပုံကြားတွင် လှံကို တစ်လက်တည်းဖြင့် စမ်းသပ်ရှာဖွေနေ၏။ သူ အဆိပ်ဆူးကို အရင်ဆုံး ကိုင်မိလိုက်သည်။ ဤအရာနှင့်ပင် ဖြစ်အောင်လုပ်ရတော့မည်။ သူ၏ လက်ချောင်းများသည် လက်ကိုင်ရိုးအစား အစိမ်းရောင် အဆိပ်အတောက်များပေါ်သို့ ထိမိသွားသဖြင့် အက်ဆစ်နှင့် ထိသကဲ့သို့ ပူလောင်သွားသော်လည်း ဤနာကျင်မှုမှာ မုန်တိုင်းနှင့် ယှဉ်လျှင် လေပြေမျှသာ ရှိတော့သည်။ သူသည် ထိုအဆိပ်ဆူးကို ဘေးချထားလိုက်ပြီး လက်နှစ်ဖက်လုံးကို အသုံးပြုကာ အစီအရင်ပါသော သေတ္တာကို မယူလိုက်သည်။
အတွင်း၌ အဖြူရောင် ဝိညာဉ်အမြုတေ နှစ်ခု ရှိနေသည်။ တစ်ခုကို အိတ်ကပ်အတွင်းသို့ ထည့်လိုက်ပြီး ကျန်တစ်ဖက်ဖြင့် အဆိပ်ဆူးကို ပြန်လည် ကောက်ယူလိုက်သည်။
"အထူးသဖြင့် ခင်ဗျား တို့လို အားနည်းတဲ့ အဖွဲ့အစည်းထဲကိုတော့ လုံးဝ မဝင်နိုင်ဘူးဗျာ..."
အီသန်က ထပ်လောင်းပြောလိုက်သည်။
ခရယ်၏ ပြန်လည် တုံ့ပြန်လိုက်သော အသံမှာ ဆောင်းရာသီ လေအေးကဲ့သို့ စိမ့်တက်နေ၏။
"မိတ်ဆွေ... ခင်ဗျား စကားမှားသွားပြီ ထင်တယ်..."
"မမှားပါဘူး... တကယ်လို့ ကျုပ်သာ ခင်ဗျားတို့ အဖွဲ့ဝင်ဖြစ်နေရင် ... အဲ... တကယ်တော့ မဟုတ်တဲ့အတွက် ဂုဏ်ယူမိပါတယ်... ခုနက စကားကို ပြန်ဆက်ရအောင်... တကယ်လို့ ကျုပ်သာ ခင်ဗျားတို့ အဖွဲ့ဝင်ဖြစ်နေရင် ခင်ဗျားအတွက် ကျုပ် တော်တော်လေး ရှက်မိမှာပဲ... ဘယ်လို အဆင့်မြင့် ရွှေအဆင့် ကျင့်ကြံသူမျိုးက သံမဏိအဆင့် တစ်ယောက်ကိုတောင် သေအောင် မသတ်နိုင်တာလဲ..."
ခရယ်၏ ကျောရိုးများ တောင့်တင်းသွားပြီး သူသည် နောက်သို့ စတင်လှည့်လိုက်သည်။
ဘုန်း...
***