အခန်း (၁၅၁-၁၅၂)
Vol. 11 Ch. 151-152
အပိုင်း(၁၅၁)
ဘုန်း...
လင်းတုန်းသည် သူ၏ တောက်ပသော အစိမ်းရောင် အဆိပ်ဆူးဖြင့် ခရယ်ကို အရှိန်ပြင်းပြင်း ဝင်ဆောင့်လိုက်ရာ အဆိပ်ဆူးအဖျားသည် ခရယ်၏ နံရိုးများအတွင်းသို့ စိုက်ဝင်သွားတော့သည်။ သွေးများ စင်ထွက်လာပြီး လင်းတုန်းသည် သူ၏ ကျန်ရှိသမျှ မာဒြာအားလုံးကို ထိုလက်နက်အတွင်းသို့ သွန်းလောင်းထည့်လိုက်သည်။ စွမ်းအင်တို့သည် သဲကန္တာရထဲမှ မိုးရေကဲ့သို့ စုပ်ယူခြင်း ခံလိုက်ရပြီး အမြုတေမှာ စတင် အလုပ်လုပ်တော့သည်။
အစိမ်းရောင် အဆိပ်ဆူး၏ ဝိညာဉ် ပုံရိပ်ယောင် သုံးခု ပေါ်ပေါက်လာပြီး ခရယ်ကို မတူညီသော ဘက်ပေါင်းစုံမှ ထိုးစိုက်လိုက်တော့သည်။ ၎င်းတို့သည် နက်နက်ရှိုင်းရှိုင်း ထိုးဖောက်နိုင်ခြင်း မရှိဘဲ ပွတ်ရုံမျှသာ ရှိသော်လည်း အဆိပ်များ ထွက်ရှိရန်အတွက်မူ လုံလောက်လှပေသည်။ ထိုအချက်ကို လင်းတုန်း ကိုယ်တွေ့ သိရှိပြီးသားပင် ဖြစ်တော့သည်။
သို့သော်လည်း ထိုအချက်မှာ အရေးမပါလှ...။ ခရယ် တွင်လည်း ကိုယ်ပိုင် သံမဏိ ခန္ဓာကိုယ် တစ်ခု ရှိနေလေသည်။ ထို့ကြောင့် လင်းတုန်းသည် ယခုထက် ပိုမိုကောင်းမွန်သော တိုက်ခိုက်ရန် အခွင့်အရေးကို ရှာဖွေနိုင်မည်ဟု မျှော်လင့်ထားခဲ့သည်။ သို့သော်လည်း... အီသန်က သူ့ကို စကားများဖြင့် ဖော်ထုတ်တော့မည့်အလား ခြိမ်းခြောက်ကာ အလောတကြီး လုပ်ဆောင်စေခဲ့သည်။ ထို့ကြောင့် သူ ရနိုင်သော ထောင့်မှနေ၍ အခွင့်အရေး ယူခဲ့ရခြင်း ဖြစ်သည်။
ရလဒ်အနေဖြင့် ခရယ်သည် ချက်ချင်းပင် သူ့ကိုယ်သူ ပြန်လည် ထိန်းချုပ်သွားနိုင်ခဲ့သည်။ နာကျင်မှုကြောင့် သူ၏ မေးရိုးများ တင်းမာသွားသော်လည်း သူသည် ပွန်းပဲ့ရုံမျှသာ ရှိခဲ့သည်။ သူ၏ လက်သီးပတ်လည်တွင် မာဒြာ များ စုစည်းလာသည်။ ထို့နောက် လင်းတုန်း ကို အခိုးအငွေ့ထွက်နေသော အရိုးပုံကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားစေမည့် နည်းစနစ် ဖြင့် တိုက်ခိုက်ရန် လှည့်လာလေတော့သည်။
ထောင့်ပိတ်မိနေသော တိရစ္ဆာန် တစ်ကောင်၏ အသည်းအသန် ဖြစ်မှုမျိုးဖြင့် လင်းတုန်းသည် အိတ်ကပ်ထဲမှ ဝက်အူရစ် ဖောက်စက်ပုံစံ အဖြူရောင် အမြုတေ ကို ဆွဲထုတ်ကာ အောက်သို့ ထိုးစိုက်လိုက်လေသည်။
အဖြူရောင် ဝက်အူရစ်သည် သွေးနှင့် ထိတွေ့သွားသောအခါ မျက်စိကျိန်းလောက်အောင် လင်းလက်သွားသည်။ ထို့နောက် အရက်သမား တစ်ယောက်က ပုလင်းကို အငမ်းမရ မော့သောက်လိုက်သကဲ့သို့ လင်းတုန်း ၏ သံမဏိအဆင့် အမြုတေ ကို ခမ်းခြောက်သွားစေသည်အထိ စုပ်ယူလိုက်လေသည်။
သဲမြွေပွေး မာဒြာ များသည် ခရယ် ၏ နောက်ကျောရှိ ဒဏ်ရာမှ ပန်းထွက်လာကြသည်။ ၎င်းတို့ကို ဝက်အူရစ်ပေါ်တွင် ပြေးလွှားနေသော တောက်ပသည့် အစိမ်းရောင် လိုင်းများအဖြစ် ထင်ရှားစွာ မြင်တွေ့နိုင်လေသည်။ သို့သော် ခရယ် ကိုယ်တိုင်ကတော့ လှုပ်ရှားခြင်း မရှိချေ။ သူသည် အတက်ရောဂါ ရရှိသူ တစ်ယောက်ကဲ့သို့ တောင့်တင်းသွားပြီး မျက်လုံးများမှာ သဘာဝမကျလောက်အောင် ပြူးကျယ်နေလေသည်။ သူ၏ လက်သီးပေါ်ရှိ နည်းစနစ် မှာ ညှိုးနွမ်းကာ ပျောက်ကွယ်သွားလေသည်။
မာဒြာ များသည် အမြုတေ ထဲသို့ စီးဝင်သွားကြသည်။ အဖြူရောင် ဝက်အူရစ်သည် အစိမ်းရောင် လှိုင်းများ ထနေပြီး အချိန်ကြာလာသည်နှင့်အမျှ ပိုမို တောက်ပကာ ပြည့်ဝလာလေသည်။ ၎င်းသည် ပိုမို အခဲဖြစ်လာပြီး ဆေးခြယ်ထားသော အရာတစ်ခုနှင့် မတူတော့ဘဲ အစစ်အမှန် ဆန်လာလေသည်။ အသက်တစ်ရှူစာ အချိန်အတွင်းမှာပင် ၎င်းသည် အဆိပ်ပြင်းသော အစိမ်းရောင် ခရုခွံ တစ်ခုကဲ့သို့ အသေးစိတ်ကျကာ မာကျောလာလေသည်။
ထို့နောက် ၎င်းသည် ပေါက်ကွဲသွားလေတော့သည်။
လက်တစ်ဖက် ဆုံးရှုံးရမည့် အန္တရာယ်မှ ရှောင်ရှားရန် လင်းတုန်းသည် အမြုတေ ကို အချိန်မီ လွှတ်ချလိုက်သည်။ သို့သော် အစိမ်းရောင် အလင်းတန်းသည် သေဆုံးတော့မည့် ကြယ်တစ်လုံးကဲ့သို့ ပေါက်ကွဲထွက်လာပြီး သူသည် နောက်သို့ လွင့်စဉ်သွားလေသည်။ တစ်ချိန်တည်းမှာပင် အက်ဆစ်ကဲ့သို့ ပူလောင်စေသော အရာတစ်ခုက သူ့ကို လာစင်လေသည်။
အင်းဆက်များက ဝါးမြိုနေသည်ဟု ခံစားရလောက်အောင် ပြင်းထန်လှသော ဝေဒနာကြီးကြောင့် သူ၏ မြင်ကွင်းမှာ မှုန်ဝါးသွားပြီး စိတ်အာရုံကလည်း လိုက်မမီနိုင်တော့ချေ။ သူ ခဏလောက် သတိလစ်သွားသည်ဟု ထင်မိသော်လည်း သူ သေချာ မသိတော့ချေ။
သူ သတိပြန်ရလာသောအခါ နာကျင်မှု အနည်းငယ် လျော့ကျသွားသည်မှလွဲ၍ ဘာမှ ပြောင်းလဲမသွားခဲ့ချေ။ သူ၏ အရေပြားမှာ နီရဲကာ နုနယ်နေသော်လည်း၊ မာဒြာ အကြွင်းအကျန်များ ပျောက်ကွယ်သွားသည်နှင့်အမျှ ကျန်းမာသော အရေပြားများက အစားထိုး နေရာယူလာလေသည်။
သူ့တွင် မတ်တတ်ရပ်ရန် ခွန်အား မရှိတော့ပေ။ သူ၏ ဝိညာဉ် မှာ တစ်စုံတစ်ယောက်က အကြိမ်ကြိမ် ညှစ်ထားသော အဝတ်စုတ် တစ်ခုကဲ့သို့ ခံစားနေရသည်။ မာဒြာ များ လုံးဝ ကုန်ခန်းသွားသောအခါမှာတော့ သူ၏ ကုသမှုမှာ နောက်ဆုံးတွင် ရပ်တန့်သွားလေတော့သည်။
သူ လှုပ်ရှားနိုင်သည်မှာ မျက်လုံးများသာ ဖြစ်ပြီး၊ ခရယ် ကို ရှာဖွေရန် မျက်လုံးများကို အတတ်နိုင်ဆုံးကစားကာ ကြည့်လိုက်လေသည်။
သဲမြွေပွေး အမွေဆက်ခံသူသည် မြေပြင်ပေါ်တွင် သွေးသံရဲရဲဖြင့် လုံးထွေးကာ လဲကျနေလေသည်။ သူ၏ ခြေထောက်များ တဆတ်ဆတ် တုန်နေသည်။ ၎င်းတို့သည် သေခါနီး နောက်ဆုံး ရုန်းကန်မှုလား၊ သို့မဟုတ် မတ်တတ်ထရပ်ကာ လင်းတုန်း ကို အပြီးတိုင် အဆုံးသတ်ပစ်တော့မည်လား ဆိုသည်ကို လင်းတုန်း မခွဲခြားတတ်တော့ချေ။
အဝါရောင် ဆံပင်များက သူ၏ မြင်ကွင်းကို ဖုံးလွှမ်းသွားပြီး အီသန်က သူ့ကို မျက်မှောင်ကြုတ် ကြည့်လိုက်သည်။
"အဲ့ဒါက တော်တော် ဈေးကြီးတဲ့ ဝတ်ရုံကွ..."
သူသည် လင်းတုန်း၏ ဘေးတွင် ကျနေသော မီးလောင်နေသည့် ပန်းရောင် အဝတ်စုတ် တစ်ခုကို ကောက်ယူလိုက်၏။ အီသန် မ,တင်လိုက်စဉ်မှာပင် ၎င်းမှာ ဆွေးမြည့် ပြိုကွဲသွားလေသည်။
လင်းတုန်းက ဩရှရှ အသံဖြင့် တောင်းပန်စကား ဆိုလိုက်သည်။ အီသန်က နောက်ထပ် ဝတ်ရုံ တစ်ခုကို ထုတ်ယူလိုက်သည်။ ဤတစ်ခုမှာ မိုးပြာရောင် ဖြစ်ပြီး ခရမ်းရောင် ငှက်များက သူတို့၏ အတောင်ပံများကို ဖြန့်ကျက်ထားသော ပုံစံ ပါရှိသည်။ ထို့နောက် ၎င်းကို သူ၏ ကိုယ်ပေါ်သို့ ခြုံပေးလိုက်သည်။
"ဒါကြောင့် ငါက အမြဲတမ်း အပိုတစ်ခု ဆောင်ထားတာပေါ့..."
ယခုအခါ လှံကိုင်ဆောင်ထားသော ကျင်းကလန် အဖွဲ့ဝင်များသည် သူတို့ကို ဝန်းရံထားပြီး အော်ဟစ် နေကြသည်။
ထိုအချိန်တွင် သဲမြွေပွေး နှစ်ဦးမှာလည်း ခရယ်၏ ဘေးတွင် ဒူးထောက် လဲကျသွားကြလေသည်။ ဖစ်ရှာ အချို့မှာ လက်ထဲတွင် ချိတ်များကို ကိုင်ဆောင်ကာ လင်းတုန်း အပေါ်သို့ မိုးကာ ရပ်နေကြ၏။ လင်းတုန်းသည် ဖစ်ရှာ ဂီရှာနှင့် အချိန် အတော်ကြာ နေဖူးသော်လည်း သူတို့ထဲမှ မည်သူ့ကိုမှ မသိချေ။
ထိုအချိန်တွင်ပင် ကြယ်ရောင် တစ်ချက် လင်းလက်သွားပြီး ယီရင်သည် နောက်သို့ လွင့်စဉ်သွားလေသည်။ ကျင်းလုံသည် လှံကို အသင့်ပြင်ကာ သူမထံသို့ ခြေသံလုံလုံဖြင့် လျှောက်သွားခဲ့သော်လည်း၊ အနီရောင် အဝတ်ဖြင့် စည်းထားသည့် သူ၏ ဦးခေါင်းသည် အနံ့တစ်ခုခုကို ရလိုက်သကဲ့သို့ လှည့်လာလေသည်။
သူ၏ ပုံရိပ် ပျောက်ကွယ်သွားပြီးနောက် ကျင်းကလန် အဖွဲ့ဝင်များကို ကျော်လွှား ခုန်ဆင်းကာ ခရယ် ၏ ဘေးတွင် ဆင်းသက်လိုက်လေသည်။ သူသည် သဲမြွေပွေး များကို လမ်းမှ တွန်းဖယ်လိုက်ပြီး၊ လဲကျနေသော အမွေဆက်ခံသူ၏ အမြုတေ ပေါ်သို့ သူ၏ လက်ဖဝါးကို တင်လိုက်လေသည်။
ကျင်းလုံ၏ လက် အောက်သို့ ပြုတ်ကျသွားပြီး သူ၏ ပခုံးများ လျော့ကျသွားသောအခါ၊ လင်းတုန်းသည် ထွက်ပြေးရန် ခွန်အားများကို အသည်းအသန် လိုလားတောင့်တမိလေတော့သည်။
အနီရောင် မျက်နှာဖုံး နှင့် လူသည် လက်တစ်ဖက်တွင် လှံကို ဆုပ်ကိုင်ထားလျက် ဝိညာဉ်အကြွင်းအကျန် တစ်ကောင်ကဲ့သို့ မတ်တတ်ရပ်လာ၏။ သူ၏ မျက်လုံးများက လင်းတုန်း အပေါ်သို့ စူးစိုက်ကျရောက်လာလေတော့သည်။
ကျင်းလုံ၏ လက်နက်သည် လင်းတုန်း ၏ မျက်လုံးနားသို့ အလွန်ကပ်လာလေသည်။ ထို့ကြောင့် တောက်ပနေသော လှံသွားသည် သူ၏ မြင်ကွင်း တစ်ခုလုံးကို အလင်းရောင်များဖြင့် ဖုံးလွှမ်းသွားစေသည်။
"သူ့ အမြုတေက ကြေမွသွားပြီ... ဝိညာဉ်အကြွင်းအကျန် တောင် ကျန်ခဲ့မှာ မဟုတ်တော့ဘူး... မင်း သူ့ကို ဘာလုပ်လိုက်တာလဲ..."
စကားလုံးတိုင်းသည် မနည်း ထိန်းချုပ်ထားရသော ဒေါသများဖြင့် တုန်ခါနေလေသည်။ လင်းတုန်း ၏ မျက်လုံးများသည် သူ၏ ခေါင်းနှင့် လက်မအနည်းငယ်မျှသာ ကွာဝေးတော့သည့် အလင်းစက်ကလေး ထံတွင်ကပ်ငြိနေလေသည်။
"တကယ်လို့ ကျွန်တော် ခင်ဗျားကို ပြောပြရင်..."
သူ စကားစလိုက်သော်လည်း အသံများက ထွက်မလာတော့ချေ။
"ငါ မင်းကို အသက်ရှင်ခွင့် ပေးမှာ မဟုတ်ဘူး..."
ကျင်းလုံက အေးတိအေးစက် ပင် ပြောလိုက်သည်။
"မင်းကို အမြန်လည်း သတ်ပေးမှာ မဟုတ်ဘူး... မင်း အခု ငါ့မေးခွန်းတွေကို ဖြေရမယ်၊ ဒါမှမဟုတ် နောက်မှ ဖြေရမယ်၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့ ကံကြမ္မာကတော့ နည်းနည်းလေးတောင် ပြောင်းလဲသွားမှာ မဟုတ်ဘူး... မင်း ငါ့သူငယ်ချင်းကို သတ်ခဲ့တယ်..."
သူက ဘေးရှိ သဲမြွေပွေး အချို့ကို ခေါင်းညိတ်ပြလိုက်သည်။
"သူ့ကို အိတ်စွပ်လိုက်စမ်း..."
လင်းတုန်းသည် ရုန်းကန်လိုက်သော်လည်း ဘာမှ ထူးခြားမလာခဲ့ချေ။ ၎င်းမှာ သူ၏ အရေပြားကို ခွေးတောက်ဖက် များဖြင့် ပွတ်တိုက်နေသကဲ့သို့သာ ခံစားရစေသည်။ သွေးဖြင့်ဖန်တီးထားသော ခန္ဓာကိုယ်က သူ့ကို ကုသပေးမှု မပြီးဆုံးခင်မှာပင် သူ၏ မာဒြာ များ ကုန်ခန်းသွားခဲ့သည်။ ထို့ကြောင့် အဆိပ်များသည် သူ၏ သွေးကြောများနှင့် အရေပြားပေါ်တွင် တဝဲလည်လည် ရှိနေဆဲ ဖြစ်သည်။ တစ်စုံတစ်ယောက်က သူ၏ ဒဏ်ရာကို နှင်းခဲများဖြင့် ဖုံးအုပ်ထားသကဲ့သို့ သူ၏ ပခုံးမှာ ထုံကျင်ကာ ဝေဝါးသော နာကျင်မှု တစ်ခု အဖြစ်သို့ ရောက်ရှိသွားလေသည်။
သူတို့ သူ့ကို အိတ်စွပ်ပြီးသည်နှင့် ဘာတွေ ဆက်လုပ်နိုင်သလဲ ဆိုသည်ကို သူ၏ စိတ်ကူးထဲတွင် တွေးတော ကြောက်ရွံ့နေမိသည်။ ယီရင်ကလည်း သူမ လဲကျသွားသော နေရာမှ ပြန်မထလာသေးချေ။ သူမ သေသွားပြီလော။ သူမ၏ ဝိညာဉ်အကြွင်းအကျန် တော့ ထွက်ပေါ်မလာသေးပေ။ သို့သော် သူမသည် သူ့ကို ကူညီနိုင်မည့် အခြေအနေတွင် ရှိနေမည် မဟုတ်ချေ။ သူကလည်း သူမကို ကူညီနိုင်မည် မဟုတ်ပေ။
သူ့တွင် မျှော်လင့်ချက် တစ်ခုတည်းသာ ကျန်တော့သည်။
အီသန်ပင်။
***
အပိုင်း(၁၅၂)
အီသန်သည် သူ ဝတ်ဆင်ထားသည့် အဖြူနှင့် အပြာရောင် အဝတ်အစားများ၏ တရှပ်ရှပ် မြည်သံနှင့်အတူ လင်းတုန်း ၏ အရှေ့သို့ ဝင်ရပ်လိုက်သည်။
"တခြား အခြေအနေမျိုးမှာဆိုရင်တော့ မင်း သူ့ကို သတ်တာကို ငါ လွှတ်ထားပေးမှာပါ... ငါက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရမယ် ဆိုတာကို အခိုင်အမာ ယုံကြည်သူ တစ်ယောက်လေ... ဒါပေမဲ့ ဒီကိစ္စကတော့ နည်းနည်းလေး မတရားသလို ဖြစ်နေတယ်..."
ကျင်းလုံသည် သူ၏ အကြည့်များကို အီသန် ထံသို့ ပြောင်းရွှေ့လိုက်သည်။ အော်ရာ များပင်လျှင် သူ၏ ပြင်းထန်မှုအပေါ် တုံ့ပြန်လာကြလေသည်။ အဆင့်မြင့် ရွှေအဆင့် ကို ဝန်းရံထားသော အလင်းကွင်း တစ်ခုကို မြင်တွေ့ရရန် လင်းတုန်း အနေဖြင့် သူ၏ ကြေးအဆင့် အာရုံများကို ဖွင့်ရန်ပင် မလိုတော့ချေ။ သူ၏ ခြေရင်း ပတ်လည် ကြမ်းပြင်တွင်လည်း မမြင်ရသော ဓားသွားများက ခြစ်ရာများ ထင်ကျန်သွားစေသည်။
"ငါက ကျင်းလုံ.. ကျင်းကလန် ရဲ့ အဆင့်မြင့် ရွှေအဆင့် ပဲ... မင်းကိုယ်တိုင်လည်း အဆင့်မြင့် ရွှေအဆင့် တစ်ယောက်၊ ဒါမှမဟုတ် အစစ်အမှန် ရွှေအဆင့် တစ်ယောက်တောင် ဖြစ်နိုင်တယ်လို့ ငါ သံသယရှိတယ်... ဒါပေမဲ့ ဒါကိုတော့ သိထားလိုက်... တကယ်လို့ မင်း အခု ငါ့ရှေ့မှာ ဝင်ရပ်မယ်ဆိုရင်တော့ သဲမြွေပွေး ဂိုဏ်းနဲ့ ကျင်းကလန် တစ်ခုလုံးကို ရန်သူအဖြစ် သတ်မှတ်လိုက်တာပဲ..."
"သူတို့က နှင်ထုတ်ခံရသူ တစ်ယောက်ကို အဲဒီလောက်တောင် ဂရုစိုက်ကြတာလား..."
အီသန်က မေးလိုက်သည်။ သူ၏ အသံမှာ သိချင်စိတ် ပြင်းပြနေပုံရသည်။
ကျင်းလုံသည် တစ်စက္ကန့်မျှပင် တုံ့ဆိုင်းမသွားခဲ့ချေ။
"ငါ့အတွက်လား.. မဟုတ်ဘူး... သူတို့ရဲ့ ဂုဏ်သိက္ခာအတွက်လား.. ဒါကတော့ အရာရာပဲ... မင်းက သံမဏိအဆင့် တစ်ယောက်အတွက် ကလန်ဝင် တစ်ယောက်ရဲ့ အရှေ့မှာ ဝင်ရပ်ခဲ့တာလေ... ဒါကြောင့် သူတို့ မျက်နှာပန်းလှဖို့အတွက် မင်းကို သတ်ပစ်မှပဲ ရလိမ့်မယ်... ဘေးဖယ်လိုက်စမ်း၊ မဟုတ်ရင်တော့ မင်းရဲ့ အိမ်ကို သွေးတွေနဲ့ ရေလောင်းပြီး မြေကြီးကို ဆားတွေနဲ့ ကြဲပစ်လိုက်မယ်..."
အဆိုးရွားဆုံး အချက်မှာ သူ၏ စကားလုံးတိုင်းသည် အေးစက်ကာ ပြတ်သားလွန်းနေခြင်း ပင်ဖြစ်သည်။ ကျင်းလုံ ၏ အနောက်ရှိ ကျင်းကလန် ဝင်များသည် နေရာရွှေ့ကာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သို့သော် သူတို့သည် သူတို့၏ လှံများကို အောက်သို့ မချခဲ့ကြချေ။ သဲမြွေပွေး တို့သည် သူတို့၏ သွားများဖြင့်ပင် သွေးထွက်အောင် ကိုက်ဖြတ်တော့မည့် အသွင် ရှိနေကြသည်။ ဖစ်ရှာ များပင်လျှင် မျက်မှောင်ကြုတ် ကြည့်နေကြလေသည်။
ထိုအချိန်တွင် အီသန်သည် သူ၏ အပြင်ဝတ်ရုံ အိတ်ကပ်များထဲတွင် တစ်စုံတစ်ခုကို မွှေနှောက် ရှာဖွေနေလေသည်။
"ဘယ်အချက်ကိုမှ ငါ သဘောမတူတာ မရှိပါဘူး..."
သူက ပြောလိုက်သည်။
"ပြီးတော့ နာမည်ကြီး ကျင်းကလန် ရဲ့ ဂုဏ်သိက္ခာကိုလည်း သေချာပေါက် ငါ မစော်ကားချင်ပါဘူး..."
သူသည် အပြာရောင် ဝတ်စုံနှင့် လှံကိုင်စစ်သည်များကို ဦးညွှတ်လိုက်သည်။
"ဒါပေမဲ့လည်း.. တကယ်တော့ ဒါက ငါ့အမှားပါပဲ... စောစောက ငါ့ကိုယ်ငါ သေချာ မိတ်မဆက်ရသေးဘူး..."
သူက အပြင်ဝတ်ရုံ ထဲမှ ရှုပ်ထွေး သပ်ရပ်စွာ ပုံဖော်ထားသော ရွှေရောင် ရင်ထိုး တစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းသည် အထွတ်အမြတ် တောင်ကြား တွင် အသုံးပြုသော ရင်ထိုးများထက် ပိုကြီးပြီး များစွာ ပို၍ လှပတင့်တယ်လေသည်။ လက်ဖြင့် ကိုင်ဆောင် ပြသရန် ရည်ရွယ်ထားသကဲ့သို့ ထိုအရာတွင် တွဲလောင်းချည်ထားသော ပိုးသား ဖဲကြိုး ပါမလာခဲ့ချေ။
အရှေ့ဘက်တွင် ဘာပုံ နှိပ်ထားသည်ကို လင်းတုန်း မမြင်ရချေ။ သို့သော် ထိုအရာက ကျင်းကလန် ဝင်များကို မျက်နှာ ဖြူရော်သွားစေပြီး သူတို့၏ လက်နက်များကို ဘေးသို့ လွှင့်ပစ်လိုက်စေသည်။ သဲမြွေပွေး များပင်လျှင် လေပြင်း တစ်ခုက နောက်သို့ တွန်းထုတ်လိုက်သကဲ့သို့ တစ်လှမ်း ဆုတ်သွားကြလေသည်။
"ငါ့နာမည်က အီသန် အာရီလီယပ်စ်.. အာရီလီယပ်စ် မိသားစု ရဲ့ အမွေဆက်ခံသူ.. အနက်ရောင်မီးတောက် အင်ပါယာ မှာ တာဝန်ထမ်းဆောင်နေတဲ့ အဆင့်နိမ့် အရှင်သခင် တစ်ယောက်.. ပြီးတော့ အသက်ရှင်သမျှထဲမှာ အတော်ဆုံး သန့်ရှင်းရေးသမား ပါ... ဒီလူငယ်လေးက ငါ့ကလန်ရဲ့ ကိုယ်စားလှယ် တစ်ယောက် ဖြစ်ပြီး ငါ့ရဲ့ စောင့်ရှောက် ကာကွယ်မှု အောက်မှာ အလုပ်လုပ်နေတာ... သူ့ကို ထိခိုက်နစ်နာစေမယ့် ဘယ်လို လုပ်ရပ်မျိုးကိုမဆို ငါ့ကို ဆန့်ကျင်တဲ့ လုပ်ရပ်အဖြစ် သတ်မှတ်မယ်..."
အီသန်သည် ကိုယ်ကို လျှော့ချလိုက်ပြီး ရွှေရောင် ရင်ထိုးကို ဝတ်ရုံထဲသို့ ပြန်ထည့်လိုက်သည်။ သို့သော် မထည့်ခင်လေးတွင် လင်းတုန်းသည် ရင်ထိုးထဲတွင် နက်ရှိုင်းစွာ မြှုပ်နှံထားသော အဖြူရောင်ပေါ်မှ အမည်းရောင် လခြမ်းပုံ တစ်ခုကို ရုတ်တရက် မြင်လိုက်ရသည်။ ၎င်း၏ အနားသတ်များတွင်လည်း နီလာရတနာများ တပ်ဆင်ထားလေသည်။
လင်းတုန်းသည် နောက်ဆုံးတွင် ပြန်လည် အသက်ရှူနိုင်သွားသည်။ သူ ဘယ်အချိန်ကတည်းက အသက်အောင့်ထားမိမှန်းပင် သေချာ မမှတ်မိတော့ချေ။ နောက်ဆုံးတော့ သူ့အတွက် အိတ်စွပ်ခံရမည့် ကိစ္စ ရှိလာမည် မဟုတ်တော့ပေ။
သို့သော် ကျင်းလုံ ၏ လှံသည် ယိမ်းယိုင်မသွားခဲ့ချေ။
"အာရီလီယပ်စ် မိသားစုက ရောက်လာဖို့ တစ်ရက် လိုသေးတယ်..."
ရေကန်တစ်ခုကဲ့သို့ ငြိမ်သက်ကာ သံမဏိကဲ့သို့ အေးစက်နေသော အသံဖြင့် သူက ပြောလိုက်သည်။
"ဘယ် အဆင့်နိမ့် အရှင်သခင် မှ ကိုယ့်ကလန်ထက် ကြိုပြီး မလှုပ်ရှားဘူး... ပြီးတော့ သူတို့က လျှို့ဝှက် လှုပ်ရှားစရာ အကြောင်းလည်း မရှိဘူး... အာရီလီယပ်စ် အဆင့်နိမ့် အရှင်သခင် သာဆိုရင် မဟာမိတ် အဖွဲ့အစည်း ငါးခု လုံးကို ထိန်းချုပ်ပြီး သူ လိုချင်တာ မှန်သမျှကို အမိန့်ပေးနေလောက်ပြီ..."
ဘာကိုမှ ဂရုမစိုက်သည့် အသွင်ဖြင့် အီသန်သည် အနီးအနားရှိ အပျက်အစီးများ ရှိရာသို့ လျှောက်သွားကာ ခါးကို ကိုင်းလိုက်သည်။ ထို့နောက် သူသည် တောက်ပနေသော အဖြူရောင် လှံတစ်ချောင်းကို ယူဆောင်ကာ ပြန်ထွက်လာခဲ့သည်။ ထိုလှံသည် သူ၏ လက်ထဲတွင် စုစည်းထားသော ကြယ်ရောင်များကဲ့သို့ လင်းလက်နေလေသည်။
"ငါ လိုချင်တဲ့ အရာကိုက..."
အီသန်က ပြောလိုက်သည်။
"အမိန့်ပေးပြီး ယူလို့ မရဘူးလေ..."
ကြီးထွားမှု မပြည့်ဝသေးသော ငါးတစ်ကောင်ကို ရေကန်ထဲသို့ ပြန်ပစ်ချလိုက်သည့် လူတစ်ယောက်ကဲ့သို့ သူသည် လှံကို သူ ယူလာခဲ့သော အပျက်အစီးများ ကြားထဲသို့ ပြန်လွှင့်ပစ်လိုက်လေသည်။
မျက်လုံးတိုင်းက ကျင်း ဘိုးဘေး ၏ လှံ ပျံသန်းသွားသော လမ်းကြောင်းကို လိုက်ကြည့်နေချိန်တွင် အီသန်သည် ကျင်းလုံ နှင့် မျက်နှာချင်းဆိုင် ဖြစ်ရန် နေရာရွှေ့လိုက်လေသည်။
ထိုအချိန်တွင် တစ်စုံတစ်ခုက လင်းတုန်း ၏ ဝိညာဉ် ပေါ်သို့ ဖိချလိုက်လေသည်။
၎င်းသည် သူ၏ စိတ်ဝိညာဉ် ကို ရှာဖွေ စစ်ဆေးခံနေရသည့် ခံစားချက်မျိုးနှင့် တူသော်လည်း အဆပေါင်း တစ်သောင်းခန့် ပိုမို ပြင်းထန်လေသည်။ ပေါင်တစ်ထောင်ခန့် အလေးချိန်ရှိသော အရာတစ်ခုက သူ၏ အမြုတေ အပေါ်သို့ ဖိချလိုက်သကဲ့သို့ သူ၏ မာဒြာ များကို လေးလံသွားစေသည်။ ထို့ကြောင့် သူသည် မြေကြီးထဲသို့ ဖိနှစ်ခံနေရသကဲ့သို့ ခံစားလိုက်ရပြီး အသက်ရှူရ ကြပ်လာလေသည်။
ကျန်လူများ အားလုံးမှာမူ ပို၍ ဆိုးရွားစွာ ခံစားနေရပုံ ပေါ်သည်။ သူ့ပတ်လည်ရှိ ရွှေအဆင့် အများအပြားမှာ ဒူးထောက် ကျသွားကြပြီး အချို့မှာ အော်ဟစ်နေကြသည်။ ကျန်သူများမှာ ရေအောက်တွင် အသက်ရှူရန် ကြိုးစားနေရသကဲ့သို့ အသက်ရှူကြပ်နေကြလေသည်။ ကျင်းကလန် ဝင်များသည် နာကျင်နေသည့်အလား သူတို့၏ တောက်ပသော သံမဏိရောင် ဆံပင်များကို ဆွဲကိုင်ထားကြသည်။ သဲမြွေပွေး တစ်ယောက်ချင်းစီ၏ လက်မောင်းတွင်ကပ်တွယ်နေသော ဝိညာဉ်အကြွင်းအကျန် အသေးစားလေးများမှာလည်း ရူးသွပ်သွားကြလေသည်။ ၎င်းတို့သည် အသံများ မြည်လာကာ အတွင်းသို့ ဝင်ရောက်ရန် ကြိုးစားနေသည့်အလား သူတို့ သခင်များ၏ အသားအရေထဲသို့ လိမ်ယှက် တိုးဝင်နေကြလေသည်။
ကျင်းလုံ၏ လှံသည် ရုတ်တရက် ပေါင်တစ်ထောင်ခန့် အလေးချိန် စီးသွားသကဲ့သို့ ယိမ်းယိုင်သွားပြီးနောက် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ ၎င်းသည် လင်းတုန်း ၏ ပါးပြင်ကို ပြတ်ရှသွားရန် ဆံခြည်တစ်မျှင်စာသာ လိုတော့သည့် အနေအထားသို့ ရောက်ရှိသွားခဲ့သည်။
လေးလံသော အလေးချိန် တစ်ခုကို ဆန့်ကျင် တွန်းတင်ရသည့်အလား အနီရောင် ပတ်စည်းထားသော ဦးခေါင်းတစ်ခုသည် တဖြည်းဖြည်း မော့လာခဲ့သည်။ ကျင်းလုံသည် အီသန် ၏ မျက်လုံးများကို စိုက်ကြည့်နိုင်သည်အထိ မော့ကြည့်လိုက်လေသည်။
"မင်း သိလား.. မင်း ငါ့ကို စော်ကားတာ ဒါ တစ်ကြိမ်မက ရှိနေပြီ... ငါ သိကျွမ်းတဲ့ တခြား အဆင့်နိမ့် အရှင်သခင် တချို့ဆိုရင် မင်းကို တစ်လလောက် အချိန်ယူပြီး တစ်စစီ ဆွဲဖြဲပစ်လိမ့်မယ်... တချို့ကတော့ မင်းကို ရှင်းရှင်းလေး အစဖျောက် ပစ်လိုက်လိမ့်မယ်...”
ဖိအားကြီးသည် ရုတ်တရက် ပျောက်ကွယ်သွားသည်။ ထိုအခါ လင်းတုန်း မှစ၍ ကျင်းလုံ အထိ လူတိုင်းသည် တစ်ပြိုင်နက်တည်း အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ကြလေသည်။
"ဒါပေမဲ့ ငါက ဟာသဉာဏ်ရွှင်ပြီး ခွင့်လွှတ်တတ်တဲ့ စိတ်ထားရှိတယ်လို့ နာမည်ကြီးတယ်လေ..."
အီသန်က ကျင်းလုံ ၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
"မင်းက သူငယ်ချင်း တစ်ယောက်ကို ဆုံးရှုံးလိုက်ရတာဆိုတော့.. မင်းရဲ့ ဆုံးဖြတ်ချက်တွေ နည်းနည်းပါးပါး မှားယွင်းသွားတာကို ခွင့်လွှတ်ပေးလို့ ရပါတယ်... ပြီးတော့ ဒီက လင်းတုန်း အပေါ် ကလဲ့စားချေဖို့ အခွင့်အရေးကိုလည်း မင်း ရရှိသွားတာပေါ့..."
မျက်လုံးတိုင်းသည် အီသန် ထံသို့ မယုံကြည်နိုင်စွာဖြင့် လှည့်ကြည့်လာကြသည်။ လင်းတုန်း ၏ မျက်လုံးများပင် ပါဝင်လေသည်။
"သူက ခင်ဗျား မိသားစုရဲ့ အစိတ်အပိုင်း တစ်ခုလေ..."
ကျင်းလုံက သတိထားကာ ပြောလိုက်သည်။
"ဖန်လုံအိမ်ထဲက ပန်းတစ်ပွင့်ဟာ တောရိုင်းထဲက ပန်းတစ်ပွင့်ရဲ့ ထက်ဝက်လောက်တောင် ဘယ်တော့မှ မလှပနိုင်ဘူးလေ... အဲဒါ မှန်တယ်လို့ မင်း မထင်ဘူးလား... အဲဒါက အန္တရာယ်ရဲ့ တွန်းအားကြောင့်လို့ ငါထင်တယ်... ဘယ်အရာကမှ ခြိမ်းခြောက်မခံရဘဲနဲ့ သူ့ရဲ့ အမြင့်ဆုံး အလားအလာကို မရောက်နိုင်ဘူး..."
သူက လက်ညှိုးကို မေးစေ့စွန်းတွင် တင်ကာ စဉ်းစားဟန် ပြလိုက်သည်။
"ငါ့ကို သူနဲ့ တစ်နှစ် အချိန်ပေးပါ... ငါ့ရဲ့ တစ်နှစ်တာ သင်ကြားမှု အပြီးမှာ သူက မင်းရဲ့ ပြိုင်ဘက် မဖြစ်လာဘူး ဆိုရင်တော့ သူ့ကိုယ်သူပဲ အပြစ်တင်ရမှာပေါ့... အဲဒါက မင်းအတွက် တရားမျှတတယ်လို့ ထင်လား..."
"သူက သံမဏိအဆင့် ပဲ ရှိသေးတယ်..."
ကျင်းလုံက ပြောလိုက်သည်။
"ကျွန်တော် သူ့ကို အခုပဲ သတ်ပစ်လိုက်တာက ပိုကောင်းလိမ့်မယ်..."
"အဲ့တာကတော့ သူ့ကံကြမ္မာပဲ... ငါ့ဆန္ဒကို လိုက်လျောပေးတဲ့ အတွက် လျော်ကြေး အနေနဲ့ ငါ ဒီနေရာကို အရိုးအရင်းကျန်တဲ့အထိ အကုန်မယူတော့ဘူး၊ ပြီးတော့ ခြင်ဆီကိုပါ ရအောင် ချိုးဖျက်ပြီး ရှာဖွေတာမျိုးလည်း လုပ်မှာ မဟုတ်ဘူး... လူတိုင်းဟာ တူးဖော်ရေး ကြိုးပမ်းမှုမှာ သူတို့ရဲ့ ပါဝင်ကူညီမှု အစီအစဉ်အလိုက် သူတို့ ထိုက်တန်တဲ့ ရတနာတွေကို ရရှိကြလိမ့်မယ်..."
ကျင်းလုံ ၏ နောက်တွင်ရှိသော ကျင့်ကြံသူ များသည် ထိုစကားကြောင့် မျက်နှာများ ဝင်းလက်သွားကြသည်။ အထူးသဖြင့် ဖစ်ရှာ များသည် သူတို့၏ ချိတ်များကို တညီတညွတ်တည်း သိမ်းဆည်းလိုက်ကြပြီး အီသန် ကို ဦးညွှတ်လိုက်ကြလေသည်။
"ပထမဆုံး ရောက်လာသူတွေ အနေနဲ့..."
အီသန်က ပြောလိုက်သည်။
"ငါ့ မိသားစုရဲ့ အဖွဲ့ဝင်သစ်တွေက သူတို့ရဲ့ ဆုလာဘ်တွေကို အရင် ရွေးချယ်လိမ့်မယ်..."
သူက ဘေးဘက်သို့ လှမ်းကြည့်လိုက်သည်။
"ယီရင်က အခုလောလောဆယ် ငါတို့နဲ့ မပူးပေါင်းနိုင်တဲ့အတွက် သူ့ ကိုယ်စား ငါပဲ ရွေးချယ်ပေးလိုက်မယ်..."
သူသည် အနီးရှိ စားပွဲတစ်ခုပေါ်သို့ လက်လှမ်းကာ အိတ်တစ်လုံးကို ကျပန်း ဆွဲယူလိုက်လေသည်။ ၎င်းကို မ,တင်လိုက်သောအခါ ချွင်ခနဲ အသံထွက်လာသည်။
"ကဲ.. လင်းတုန်း..."
***