← Chapters

အခန်း (၁၆၅-၁၆၆)

Vol. 12 Ch. 165-166

အခန်း (၁၆၅-၁၆၆)

Vol. 12 Ch. 165-166

အပိုင်း(၁၆၅)

အစောင့်များ ချထားသော သစ်သားတံတိုင်း အဝင်ဝကို ဖြတ်သန်း၍ မဟာမိတ် အဖွဲ့အစည်း ငါးခု ၏ စခန်းအတွင်းသို့ ဝင်ရောက်လာချိန်တွင် သူတို့၏ စကားဝိုင်း ရပ်တန့်သွား၏။ သူတို့သည် ကြမ်းတမ်းသော သစ်သားများနှင့် သာမန် ကျောက်တုံးများကို အလျင်စလို စုပေါင်းဆောက်လုပ်ထားသည့် အဆောက်အအုံများကို ကျော်လွန်ကာ မာကျောသော မြေသားလမ်းတစ်လျှောက် လျှောက်လှမ်းလာခဲ့ကြသည်။

သူတို့ နှစ်ယောက်တည်းသီးသန့် ပြန်လည် မရှိမီ အချိန်အနည်းငယ် ရလိုက်သဖြင့် လင်းတုန်း အတွက် စဉ်းစားရန် အချိန်အနည်းငယ် ရသွားခဲ့သည်။ ဂီရှာ သည် အသံထွက်၍ မပြောရန် ကြိုးစားနေသော်လည်း အီသန်သည် သူမကို ထိတ်လန့်စေခဲ့၏။ လင်းတုန်း ပြောလိုက်သော စကားတစ်ခွန်းကြောင့် သူမ အသတ်ခံရမည်ကို သူမ အလွန်အမင်း ကြောက်ရွံ့နေခဲ့ခြင်း ဖြစ်သည်။

ဖစ်ရှာ ဂီရှာ သည် အဆင့်မြင့် ရွှေအဆင့် တစ်ယောက်ဖြစ်ပြီး သူ့ကို လက်နှင့် မထိဘဲ ရေစို အဝတ်စ တစ်စလို လိမ်ညှစ်ပစ်နိုင်စွမ်း ရှိကြောင်း လင်းတုန်း သိထား၏။ သို့သော် သူမသည် သူ၏ အဖွားအရွယ်ခန့် ရှိပြီဖြစ်ကာ အရပ်လေးပေသာသာ အဘွားအို တစ်ယောက်သာ ဖြစ်နေဆဲပင် ဖြစ်သည်။ သူမ တုန်တုန်ရီရီနှင့် ကြောက်ရွံ့နေသည်ကို မြင်သောအခါ သူ၏ နှလုံးသားက နူးညံ့သွားခဲ့လေသည်။

"သူ့ဆီကို သတင်းတွေ သယ်မသွားပါဘူးလို့ ကျွန်တော် ကျိန်ဆိုပါတယ်..."

လင်းတုန်း က ပြောလိုက်၏။

"ကျွန်တော့်ဆီကနေ ဘာမှ သူ ကြားရမှာ မဟုတ်ပါဘူး..."

သူမက အရာအားလုံးကို ဖွင့်ပြောပြစရာ မလိုတော့သဖြင့် သိသိသာသာ သက်သာရာရသွားကာ သူ့ကို ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်လိုက်၏။ ထို့နောက် သူမက ခပ်တိုးတိုး ရယ်မောလိုက်လေသည်။

"သူက အာရီလီယပ်စ် တစ်ယောက်လေ..."

သူမက ခြောက်ကပ်ကပ် ပြောလိုက်သည်။

"တကယ်လို့ ကောလာဟလတွေကသာ အမှန်ဆိုရင် သူက ဘယ်လိုပဲဖြစ်ဖြစ် ကြားမှာပဲ..."

လင်းတုန်းသည် ရောယောင်၍ ရယ်မောလိုက်သော်လည်း သူမက တစ်ဝက်ခန့် အတည်ပြောနေပုံ ရသည်။

ထိုအရာက သူမ၏ ကြောက်ရွံ့မှုများကို သူ့အား ပြန်လည် စဉ်းစားလာစေ၏။ အကယ်၍ အီသန် သည် တကယ်ပဲ ထိုမျှ အန္တရာယ်များနေမည်ဆိုလျှင် သူ၏ ဖိတ်ခေါ်မှုအား သူ ပြန်လည် စဉ်းစားသင့်ပေသည်။

နောက်တစ်ချက် ပြန်စဉ်းစားကြည့်လျှင်လည်း ဤကိစ္စမျိုးတွင် ဖစ်ရှာ ဂီရှာထက် သူ ပို၍ အတွေ့အကြုံရှိသည်ဟု ဆိုနိုင်ပေသည်။

အီသန်သည် အဆင့်နိမ့် အရှင်သခင် တစ်ယောက်ဖြစ်ပြီး လင်းတုန်း မတွေးဝံ့လောက်အောင် စွမ်းအားကြီးမားသူ ဖြစ်နိုင်၏။ သို့သော် သူသည် ဆူရီရယ် ကို သူ၏ ကိုယ်ပိုင် မျက်လုံးများဖြင့် မြင်တွေ့ခဲ့ဖူးလေသည်။ သူမသည် အဆင့်နိမ့် အရှင်သခင်ထက် မည်မျှအထိ အဆင့်မြင့်သည်ကို သူ သေချာ မသိပေ။ သို့သော် အီသန် သည် သူမကို လုံးဝ ယှဉ်နိုင်မည် မဟုတ်ကြောင်းတော့ သူ သေချာ သိနေခဲ့သည်။

"သူက ကောင်းကင်ဘုံ က ဆင်းသက်လာတာမှ မဟုတ်တာ..."

လင်းတုန်း က အနည်းငယ် ပြုံးလျက် ပြောလိုက်၏။

"သူက အရာအားလုံးကို မမြင်နိုင်ပါဘူး..."

"အရာအားလုံးတော့ မဟုတ်ဘူးပေါ့..."

ရုတ်တရက် အီသန်၏ အသံထွက်ပေါ်လာ၏။ လင်းတုန်း ဆတ်ခနဲ နောက်ခုန်ဆုတ်လိုက်လေရာ လမ်းဘေးရှိ သစ်သားနံရံတစ်ခုနှင့် ဝင်တိုက်မိသွားလေသည်။

ဖစ်ရှာ ဂီရှာ မှာမူ ပို၍ ပြေပြစ်စွာဖြင့် သူမ၏ ပင့်ကူ မှော်ပစ္စည်း ပေါ်မှ ခုန်ဆင်းကာ ဒူးထောက်ချလိုက်၏။ ထို့နောက် မြေပြင်ပေါ်တွင် နဖူးကို ဖိကပ်ထားလိုက်လေ၏။

သူတို့၏ ပတ်ဝန်းကျင် တစ်ဝိုက်ရှိ အသက်အရွယ်စုံ ကျင့်ကြံသူ များ အားလုံးသည်လည်း မြေပြင်ပေါ်သို့ ပြားပြားဝပ်သွားကြ၏။ အစပိုင်းတွင် လူအနည်းငယ်သာ အီသန် ကို မြင်တွေ့ခဲ့သော်လည်း တဖြည်းဖြည်းနှင့် လူများစွာက သတိထားမိလာကြသည်။ အသက်တစ်ရှိုက်စာ အချိန်အတွင်းမှာပင် လူ နှစ်ဒါဇင်ခန့် ပါဝင်သော ကျဲပါးနေသည့် လူအုပ်ကြီး တစ်ခုလုံးသည် ခေါင်းငုံ့ကာ ဒူးထောက်သွားကြလေတော့သည်။ လင်းတုန်း နှင့် အီသန် တို့သာလျှင် မတ်တပ်ရပ်လျက် ကျန်ရစ်နေခဲ့၏။

ဤနေရာသည် မဟာမိတ် အဖွဲ့အစည်း ငါးခု စခန်း၏ ဖစ်ရှာ အပိုင်းဖြစ်သောကြောင့် လူအများစုမှာ ဖစ်ရှာ များ သို့မဟုတ် သူတို့၏ မဟာမိတ်များ ဖြစ်ကြသည်။ သို့သော် ဤလူများ အားလုံးက အီသန် ကို မြင်မြင်ချင်း မှတ်မိနေကြသည်ကို မြင်ရခြင်းမှာ စိတ်အနှောင့်အယှက် ဖြစ်စရာပင်။ လွန်ခဲ့သော ရက်အနည်းငယ်ကမူ အီသန်သည် ဤထက် အဆတစ်ရာမက ကြီးမားသော စည်ကားနေသည့် လူအုပ်ကြီးထဲတွင် မည်သည့် အနှောင့်အယှက်မျှ မရှိဘဲ ဖြတ်သန်းသွားနိုင်ခဲ့လေသည်။

အီသန် အနေဖြင့် လမ်း၏ အလယ်တည့်တည့်တွင် အစကတည်းက စောင့်နေခဲ့သည့်အလား ရပ်နေ၏။ သေချာသည်မှာ သူသည် လွန်ခဲ့သော တစ်စက္ကန့်က ထိုနေရာတွင် မရှိနေခဲ့ချေ။ သူ၏ အဝါရောင် ဆံပင်များသည် ပခုံးများအထိ ကျဆင်းနေပြီး အပြုံးမှာလည်း ကျယ်ပြန့်ကာ ရွှင်လန်းနေလေသည်။ သူသည် သူစိမ်းများ မရှိနေသည့်အလား လင်းတုန်း နှင့် ဂီရှာ တို့ကိုသာ စိုက်ကြည့်နေခဲ့သည်။ ယနေ့တွင် သူသည် လှိုင်းလုံးများကြားတွင် ခုန်ပေါက် ကစားနေသော ရွှေရောင် ငါးရုပ်များ ပန်းထိုးထားသည့် စိမ်းပြာရောင် အပြင်ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။

"တန်ဖိုးမရှိတဲ့ အစေခံ က အဆင့်နိမ့် အရှင်သခင် ကို ဂါရဝပြုပါတယ်..."

ဂီရှာ က ပြောလိုက်ရာ လူအုပ်ကြီးထဲမှ သဘောတူညီသော တီးတိုးရွတ်ဆိုသံများ ထွက်ပေါ်လာလေသည်။

"အဆင့်နိမ့် အရှင်သခင် ..."

လင်းတုန်း က အလျင်စလို အရိုအသေပေးလိုက်ရင်း ပြောလိုက်၏။

"ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ... ကျွန်တော်... လန့်သွားလို့ပါ..."

အီသန် သည် ထိုစကားများကို လက်ကာပြကာ ငြင်းပယ်လိုက်၏။

"ခွင့်လွှတ်ပေးစရာ မလိုပါဘူး... မင်းတို့ကို သွေးတွင်း တွေဆီ ပို့လိုက်မယ်..."

ဂီရှာသည် ဒူးထောက်လျက် တုန်ယင်သွား၏။ လင်းတုန်းမှာမူ အီသန် နောက်နေကြောင်း သိလေရာ အခြားလူများ၏ အမူအရာကို ကြည့်ရင်း အနေခက်စွာ ရယ်မောလိုက်လေသည်။

အဆင့်နိမ့် အရှင်သခင် က သူတို့၏ တုံ့ပြန်မှုများကို အကဲခတ်လျက် ကြည့်လိုက်ပြီးနောက် အဆုံးတွင် ပခုံးတွန့်လိုက်၏။

"ဟာသတိုင်းက အချိန်ကိုက် နှစ်သက်ခံရတာ မဟုတ်ပါဘူးလေ... ပြောပါဦး ဝိညာဉ်ပန်းပဲဆရာ ဂီရှာ... ဒီက ငါ့ညီလေးကို ငါ ခဏ ငှားသွားလို့ ရမလား... ငြင်းချင်ရင်လည်း လွတ်လွတ်လပ်လပ် ငြင်းနိုင်ပါတယ်... ဒါပေမဲ့ နည်းနည်းလေး ငြင်းဆန်တာနဲ့ မင်းရဲ့ အလောင်းကို အလံတိုင်ပေါ် ချိတ်ဆွဲထားမှာတော့ အသေအချာပါပဲ..."

"အဆင့်နိမ့် အရှင်သခင် ရဲ့ ဆန္ဒအတိုင်းပါပဲ..."

ဂီရှာ က မြေပြင်ပေါ်မှနေ၍ ပြောလိုက်၏။ သူမ၏ မျက်နှာသည် မြေကြီးတွင် ဖိကပ်ထားဆဲ ဖြစ်သည်။ သူမ၏ တုန်ယင်မှုသည် ပို၍ သိသာလာခဲ့လေပြီ။

သူစိမ်းများထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ အသံတစ်သံပင် မထွက်ရဲကြချေ။

လင်းတုန်းသည် မျက်နှာပိုးသေစေရန် မျက်နှာကို လက်ဖြင့် တစ်ချက် သပ်ချလိုက်၏။ ထို့နောက် အသံကို နှိမ့်၍ ပြောလိုက်လေသည်။

"ကျေးဇူးပြုပြီး အဆင့်နိမ့် အရှင်သခင် ..."

သည်ထက် ပိုစနေလျှင် အဘွားကြီး နှလုံးရောဂါ ရချေတော့မည်။

အီသန် ၏ မျက်လုံးများ ပြူးကျယ်သွား၏။

"သူက အရာရာကို အရမ်း အလေးအနက်ထားလို့ ငါ အပြစ်တင်ခံရတော့မလို့လား... အဲ... ကောင်းပါပြီ၊ ရပါတယ်..."

သူသည် ဖစ်ရှာ ဂီရှာ ၏ ဘေးတွင် ဒူးထောက်လိုက်ပြီး အလွန် နူးညံ့သော အသံဖြင့် ပြောလိုက်လေသည်။

"ငါ တောင်းပန်ပါတယ် ဝိညာဉ်ပန်းပဲဆရာ... ကျေးဇူးပြုပြီး ထပါ၊ ပြီးတော့ ငါ့ကို မျက်နှာချင်းဆိုင် စကားပြောပါ..."

ထို့နောက် သူက အသံကို မြှင့်လိုက်၏။

"မင်းတို့ အားလုံးလည်း မတ်တပ်ရပ်ပြီး ကိုယ့်လမ်းကိုယ် သွားကြတော့...”

ရွှေအဆင့် ကျင့်ကြံသူ များ၏ အမြန်နှုန်းဖြင့် လူအုပ်ကြီးသည် ချက်ချင်း ပျောက်ကွယ်သွား၏။ လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး သူတို့အားလုံးကို လွင့်စဉ်သွားစေသည့်အလား ဖြစ်ပေသည်။

ဂီရှာ သည် မတ်တပ်ရပ်လိုက်သော်လည်း သူ့ကို မျက်နှာချင်း မဆိုင်ဝံ့ချေ။

"ဒီနေ့ ခင်ဗျားပြောခဲ့တာတွေ၊ ဒါမှမဟုတ် အခုပြောမယ့် အရာတွေအတွက် ခင်ဗျားကို အပြစ်ပေးမှာ မဟုတ်ဘူးလို့ အဆင့်နိမ့် အရှင်သခင် တစ်ယောက်အနေနဲ့ ငါ ကတိပေးတယ်..."

အီသန် က စိတ်မရှည်စွာဖြင့် ပြောလိုက်၏။

"ကဲ... ငါ့ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာစမ်းပါ အဆင့်မြင့် ရွှေအဆင့် ..."

အဆုံးတွင် သူမသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး သူ၏ မျက်လုံးများကို ဆုံကြည့်လိုက်လေသည်။

"လေးစားရပါတဲ့ အဆင့်နိမ့် အရှင်သခင် ရဲ့ ကရုဏာအတွက် ကျေးဇူးတင်ပါတယ်... ကျွန်မ ဘယ်လို အလုပ်အကျွေးပြုရမလဲ ဆိုတာကို အမိန့်ရှိပါ..."

အီသန်က လင်းတုန်း ဘက်သို့ လှည့်ကြည့်လိုက်၏။

"သူတို့ကို ဘာလုပ်ရမလဲ ဆိုတာ တိုက်ရိုက် ပြောလိုက်တာက ဘယ်လောက်တောင် ပိုမြန်သွားလဲ ဆိုတာ မင်း မြင်တယ် မဟုတ်လား... ဒေါသထွက်စရာကောင်းတယ်... ငါ့ဘဝရဲ့ လက်ကျန်အချိန်တွေ တစ်လျှောက်လုံး အရာအားလုံးကို အမိန့်တစ်ခုလိုမျိုး ဖွဲ့စည်းမပြောချင်တော့ဘူး..."

"အဆင့်နိမ့် အရှင်သခင် အတွက်တော့ ခက်ခဲတဲ့ပုံပါပဲ..."

လင်းတုန်း က ဂရုတစိုက် ပြောလိုက်၏။

"ဟုတ်တယ်... အဆုံးအစမရှိတဲ့ ကျွန်ခံမှုတွေနဲ့ ချက်ချင်း နာခံမှုတွေက ငါ့ကို ပင်ပန်းနွမ်းနယ်စေတယ်... ဒါပေမဲ့ ငါ့ကို 'အီသန်' လို့ မခေါ်ဘဲ တခြားနာမည်တစ်ခုခု ထပ်ခေါ်မယ်ဆိုရင်တော့ မင်းကို လင်းနို့တွေ အပြည့်ရှိတဲ့ ဂူတစ်ခုထဲမှာ အိပ်ခိုင်းရလိမ့်မယ်..."

သူသည် မေးစေ့ကို ပွတ်သပ်ကာ ခဏမျှ စဉ်းစားလိုက်၏။

"မင်း သဘောကျမယ်ဆိုရင် ငါ့ကို အရင်ကလို 'အစ်ကိုကြီး' လို့ ခေါ်နိုင်ပါတယ်... အင်း... အဲဒါဆိုရင်တော့..."

"ကျေးဇူးတင်ပါတယ် အီသန် ..."

လင်းတုန်း က စကားဖြတ်ပြောလိုက်လေသည်။

"အင်း... ကဲ... ငါ ပြောခဲ့သလိုပဲ၊ ဖစ်ရှာ ဂီရှာ ... ခင်ဗျားရဲ့ တပည့်ကို တစ်နာရီ ဒါမှမဟုတ် ခြောက်နာရီလောက် ငါ ငှားသွားရလိမ့်မယ်... သူ့ကို တစ်စုံလုံး အတိုင်းဖြစ်ဖြစ်၊ အပိုင်းပိုင်းအစစ ဖြစ်ဖြစ် ခင်ဗျားဆီ ငါ ပြန်ပို့ပေးပါ့မယ်..."

"အဆင့်နိမ့် အရှင်သခင် ရဲ့ ဆန္ဒအတိုင်းပါပဲ..."

"ပြီးတော့ ငါ ခင်ဗျားကို မေးစရာတစ်ခုလည်း ရှိသေးတယ်..."

***

အပိုင်း(၁၆၆)

အီသန်သည် ကိုယ်ဟန်ကို မတ်မတ်ထားလိုက်ပြီး ဝိညာဉ်ပန်းပဲဆရာ အဘွားအိုကို စိုက်ကြည့်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်လေသည်။

"ဒီနေရာမှာ ခင်ဗျား ချမှတ်မယ့် ဘယ်ဆုံးဖြတ်ချက်အတွက်မဆို ခင်ဗျားကို အပြစ်ပေးမှာ မဟုတ်ဘူးလို့ ငါ့ရဲ့ ကတိစကားနဲ့ ငါ့ မိသားစုရဲ့ ဂုဏ်သိက္ခာကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်... မကြာခင်... အဲ... ဒီနေ့လည်း ဖြစ်ချင်ဖြစ်မယ်၊ အင်ပါယာထဲက ငါ့ရဲ့ အိမ်တစ်လုံးဆီကို ငါတို့ ထွက်ခွာကြတော့မယ်... လင်းတုန်း ရဲ့ ဝိညာဉ်ပန်းပဲဆရာ ဆရာတစ်ယောက်အနေနဲ့ ခင်ဗျားသာ လိုက်ပါလာခဲ့မယ်ဆိုရင် ငါ ဂုဏ်ယူမိမှာပါ၊ ဒါပေမဲ့ ခင်ဗျားအနေနဲ့ ငြင်းဆန်ပြီး ကိုယ့်ဂိုဏ်းနဲ့ပဲ ကိုယ် နေရစ်ခဲ့ဖို့လည်း လွတ်လပ်ခွင့် ရှိပါတယ်... ဘာ နောက်ဆက်တွဲ အကျိုးဆက်မှ ရှိလာမှာ မဟုတ်..."

"ကျွန်မ ငြင်းပါတယ်..."

ဂီရှာ က ချက်ချင်းပင် ပြောလိုက်၏။ သူမသည် လင်းတုန်း ကို တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ချေ။ သူမသည် ဤသို့ ငြင်းဆိုမည်ကို သူ မျှော်လင့်ပြီးသား ဖြစ်သော်လည်း သူ၏ ရင်ထဲတွင်တော့ နာကျင်သွားရဆဲ ဖြစ်သည်။

အီသန် က လက်ခုပ်တီးလိုက်၏။

"ပြတ်သားတဲ့ ဆုံးဖြတ်ချက်ပဲ... အံ့သြစရာပဲ... ဒါဆိုရင်လည်း နှုတ်ဆက်ပါတယ်..."

လင်းတုန်းကို လမ်းပြရန် သူသည် လက်တစ်ဖက်ကို ဆန့်တန်းလိုက်ပြီး လမ်းတစ်လျှောက် ဆက်လျှောက်ရန် ဟန်ပြင်ကာ လှည့်လိုက်၏။

သို့သော် ဂီရှာ မှာမူ ကပျာကယာ ပြေးထွက်သွားခဲ့လေပြီ။ သစ်သားတံခါး တစ်ချပ် ပိတ်သံကို ကျယ်လောင်စွာ ကြားလိုက်ရသည်။ သူမသည် အနီးအနားရှိ အဆောက်အအုံ တစ်ခုခုထဲသို့ ဝင်ပြေးသွားလေသလားဟု လင်းတုန်း တွေးမိလိုက်၏။

"သူ့ အသက်အရွယ်နဲ့ဆိုရင်တော့ တော်တော်လေး ဖျတ်လတ်တာပဲ... သူ့အတွက် ကောင်းပါတယ်လေ... အသက်ကြီးလာတာနဲ့အမျှ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေကို လူတိုင်း ဆက်လုပ်နိုင်ကြတာမှ မဟုတ်တာ... ကျန်းမာတဲ့ ဝိညာဉ် က ကျန်းမာတဲ့ ခန္ဓာကိုယ်ထဲမှာပဲ ရှင်သန်တာလေ..."

လင်းတုန်း သည် သူ၏ ကျောပိုးအိတ်ကို နေရာကျအောင် ပြင်လွယ်လိုက်ပြီး ပခုံးများပေါ်သို့ ပင့်တင်လိုက်၏။

"ခင်ဗျား စိတ်မရှိဘူးဆိုရင် လေ့ကျင့်မှုတွေ မဆက်ခင်မှာ ကျွန်တော် ရေချိုးခွင့်လေး ရချင်ပါတယ်... တောထဲမှာ နေလာတာ သုံးရက်ရှိပြီ၊ ပြီးတော့ ရေကလည်း ရှားတယ်လေ..."

အီသန် သည် သိသာထင်ရှားသော စိတ်ပျက်မှု အမူအရာဖြင့် သူ့ဘက်သို့ လှည့်လာ၏။

"ဒီလောက် စိတ်မပါတပါ ဆုံးဖြတ်ချက်မျိုးနဲ့ နောက်တစ်နှစ်နေရင် အစစ်အမှန် ရွှေအဆင့် တစ်ယောက်ကို မင်း အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား... ရေချိုးဖို့အတွက် တန်ဖိုးရှိတဲ့ လေ့ကျင့်ရေး အချိန်တွေကို မင်း ဘယ်လောက်တောင် ဖြုန်းတီးဖို့ စီစဉ်ထားတာလဲ..."

လင်းတုန်း က အလျင်စလို အရိုအသေပေးလိုက်လေသည်။

"ခွင့်လွှတ်ပါ... ကျေးဇူးပြုပြီး... ကျွန်တော် အချိန်မတော် စကားပြောမိသွားတယ်..."

"မဟုတ်ပါဘူး... မင်းကို ငါ စနေတာပါ... ဒါပေမဲ့ ရွှံ့တွေပေကျံနေတဲ့ တိရစ္ဆာန်လေးလို ဖြစ်နေတဲ့ မင်းကိုယ်မင်း အခု ဆပ်ပြာသုံးပြီး မဖြုန်းတီးသင့်သေးဘူး... ဒီလေ့ကျင့်ခန်းကို တစ်ရက်လုပ်ပြီးတာနဲ့ မင်း တစ်ကိုယ်လုံး ချွေးတွေနဲ့ ရွှဲနစ်နေလိမ့်မယ်... သွေးတွေလည်း ပါချင် ပါလာနိုင်တယ်..."

လမ်းလျှောက်နေစဉ် အီသန် သည် နောက်ထပ် ခဏမျှ စဉ်းစားလိုက်ပြန်၏။

"တကယ်တော့ သွေးထွက်မယ်လို့ မျှော်လင့်ထားတာက အကောင်းဆုံးပဲ..."

အီသန်သည် သူ့ကို မဟာမိတ် အဖွဲ့အစည်း ငါးခု ၏ နယ်မြေတစ်ခွင်လုံးကို ဖြတ်ကျော်ကာ လမ်းပြခေါ်ဆောင်သွားခဲ့၏။

ထိုစခန်းမှာ ထူးကဲသော ရှေးဟောင်း အပျက်အစီးကြီး မြေပြင်အောက်မှ ပေါ်ထွက်လာပြီးနောက်တွင် ရုတ်တရက် ပေါ်ပေါက်လာခဲ့သော ဟောင်းနွမ်းပျက်စီးလုနီးပါး စခန်းတစ်ခု ဖြစ်သည်။ ကျောက်တုံးများနှင့် သစ်သားများကို စုပေါင်းတည်ဆောက်ထားသော အဆောက်အအုံများသည် သစ်ပင်ကြီးတစ်ပင်၏ အခြေရှိ အမြစ်များကဲ့သို့ အပျက်အစီးကြီး၏ အောက်ခြေကို မှီတွယ်နေကြလေသည်။

ဟိုတစ်ခါ ခရယ်နှင့် ကိစ္စ ဖြစ်ပြီး ကတည်းက လင်းတုန်း သည် ထိုအထဲသို့ တစ်ခါမျှ ပြန်မရောက်ခဲ့တော့ချေ။ နောက်ထပ် မည်သည့်အခါမှ ပြန်မသွားရရန်လည်း သူ အပြင်းအထန် ဆုတောင်းနေခဲ့၏။ အမှောင်ထုထဲတွင် ဆယ့်ငါးရက်တိတိ ပိတ်မိနေခြင်းက တစ်သက်စာအတွက် လုံလောက်နေခဲ့ပြီ ဖြစ်သည်။

ထိုပိရမစ်ကြီးသည် အလွန်တရာ ကြီးမားလွန်းရကား ပတ်ဝန်းကျင် မိုင်ပေါင်းများစွာရှိ အခြားအရာအားလုံးကို သေးငယ်သွားစေ၏။ ဆင့်ပွားစီတန်းထားသော ကျောက်တုံးများနှင့် ပြုလုပ်ထားသည့် တောင်ကြီးတစ်လုံးနှင့်ပင် တူနေပေသည်။ ၎င်း၏ အောက်ဆုံးအထပ်သည် ကျန်ရှိနေသော စခန်းတစ်ခုလုံးထက်ပင် နေရာပိုယူထားပြီး အပေါ်ဆုံးအထပ်မှာမူ တိမ်များကိုပင် ပွတ်တိုက်နေလေသည်။ ယခုအခါ အပေါ်ဆုံးထပ်ရှိ ဝိညာဉ်ပန်းပဲ ဖိုကြီး ပွင့်သွားပြီဖြစ်ရာ အပျက်အစီး ကို စွမ်းအင်ပေးနေသော အစီအရင် များသည် ညီမျှခြေအခြေအနေသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ၎င်းတို့သည် မိုင်ပေါင်းများစွာ အဝေးမှ သက်စောင့် အော်ရာ များကို စုပ်ယူရန် မလိုအပ်တော့ချေ။ ထို့အစား အနီးနား ပတ်ဝန်းကျင်မှ တည်ငြိမ်စွာ စီးဆင်းလာသော အော်ရာ အနည်းငယ်ကိုသာ မှီခိုနေတော့သည်။

လင်းတုန်း ၏ ကြေးအဆင့် အမြင်အာရုံတွင်မူ ပိရမစ်၏ ကျောက်တုံးတိုင်းသည် နူးညံ့စွာ တောက်ပနေသော ရွှေရောင် လျှပ်စီးတုံးလေးများအဖြစ် ပုံပေါ်နေ၏။ ၎င်းသည် ကျောက်တုံးကိုယ်၌တွင် ရှိနေသော မြေကြီး အော်ရာ ပင် ဖြစ်ပေလိမ့်မည်။ ခြေအောက်ရှိ မြေကြီးထဲတွင် စီးဆင်းနေသော စွမ်းအားမျိုးပင် ဖြစ်သော်လည်း ပို၍ သိပ်သည်းစူးရှနေခြင်း ဖြစ်သည်။ လင်းတုန်း မြေကြီးထဲသို့ ငုံ့ကြည့်လိုက်တိုင်း တောက်ပကာ ပေါက်ကွဲနေသော လျှပ်စီးတန်းများဖြင့် ပြည့်နှက်နေသည့် အဝါရောင် သမုဒ္ဒရာကြီး တစ်ခုကို စိုက်ကြည့်နေရသကဲ့သို့ မူးဝေသော ခံစားချက်ကို ရရှိနေလေသည်။

အော်ရာသည် ကမ္ဘာကြီး တစ်ခုလုံးကို အရောင်အသွေးများဖြင့် ခြယ်မှုန်းထား၏။ လေသည် မှုန်ဝါးဝါး အစိမ်းရောင်အဖြစ် တိုက်ခတ်နေပြီး နေရောင်ခြည်သည် မြေကြီးထက် ပို၍ ရင့်မှည့်သော ရွှေရောင် ဖြစ်နေလေသည်။ ပိရမစ် ဘေးရှိ ကျယ်ပြန့်သော ရေကန်ကြီးသည်လည်း တောက်ပသော အပြာနှင့် အစိမ်းရောင် ရေလှိုင်းများဖြင့် တောက်ပနေ၏။ လူတစ်ဦးချင်းစီတိုင်းသည် တောက်ပသော အစိမ်းရောင်နှင့် သွေးရောင်လွှမ်းသော အနီရောင်များ ကြီးစိုးနေသည့် အရောင်အစုအဝေး တစ်ခုစီ ဖြစ်နေကြလေသည်။

၎င်းသည် အက်ကွဲနေသော သက်တံများ ရှိသည့် ကမ္ဘာကြီးတစ်ခုကို စိုက်ကြည့်နေရသည်နှင့် တူနေလေသည်။

ခေါင်းကိုက် မလာမီ လင်းတုန်း သည် သူ၏ အာရုံများကို ပိတ်ပစ်လိုက်ရ၏။ မည်သည့် အော်ရာ ကိုမဆို အာရုံစိုက်လိုက်ခြင်းက ထိုအော်ရာ ၏ သဘာဝနှင့် ပတ်သက်သော အချက်အလက်များကို သူ့အား ပေးစွမ်းနိုင်သည်။ ထို့ကြောင့် သူ၏ အော်ရာ အမြင်ကို ဖွင့်ထားခြင်းသည် နေမင်းကြီးကို စိုက်ကြည့်ကာ စာအုပ်ပေါင်း တစ်ရာကို တစ်ပြိုင်နက်တည်း ဖတ်နေရသည်နှင့် တူနေ၏။ စက္ကန့်ပိုင်းအတွင်း ခေါင်းကိုက်လာမည်မှာ သေချာလေသည်။

အပျက်အစီးမှ အကျိုးကျေးဇူးများကို ရှာဖွေရန် စုရုံးရောက်ရှိလာခဲ့ကြသည့် ထောင်ပေါင်းများစွာသော ကျင့်ကြံသူများသည် ပိရမစ် ကြီးက အော်ရာများအား စုပ်ယူခြင်း ရပ်တန့်သွားသည်နှင့် တစ်ပြိုင်နက် ထွက်ခွာသွားခဲ့ကြပြီ ဖြစ်၏။

ယခုအခါ သုံးရက်မျှသာ ကြာသေးသော်လည်း အသစ်ဆောက်လုပ်ထားသော ဤအဆောက်အအုံများ၏ ထက်ဝက်ခန့်မှာ စွန့်ပစ်ခံထားရလေပြီ။ မဟာမိတ် စခန်း တစ်ခွင်လုံးသို့ ဆက်သွယ်ထားသော မြေသားလမ်းများအားလုံးမှာ လူသူကင်းမဲ့လုနီးပါး ဖြစ်နေသည်။ လွန်ခဲ့သော ရက်သတ္တပတ်ဝက်ခန့်ကလို လူများဖြင့် ပြည့်ကျပ်နေခြင်း မရှိတော့ချေ။

သို့သော် သတင်းများက မြန်ဆန်စွာ ပြန့်နှံ့သွားခဲ့ပြီး ဖြစ်၏။ လမ်းပေါ်တွင် သူတို့ မြင်တွေ့ရသူတိုင်းသည် အီသန်ကို မြင်သည်နှင့် အရိုအသေပေးကြပြီး သူ ဖြတ်သွားချိန်တွင် လေးစားမှုဖြင့် တီးတိုးရွတ်ဆိုကြလေသည်။ များသောအားဖြင့် အဆင့်နိမ့် အရှင်သခင် အနေဖြင့် မနှစ်မြို့မှု ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် စက္ကန့်ပိုင်းအတွင်း သူတို့၏ လမ်းမှ ဖယ်ရှားသွားတတ်ကြသည်။

အီသန်ကမူ လူတိုင်းကို ဆက်လက် လစ်လျူရှုထားခဲ့၏။ သူသည် လင်းတုန်းနှင့် စကားပြောရင်း လမ်းလျှောက်လာခဲ့၏။ ရံဖန်ရံခါတွင်တော့ သူသည် ဘေးနားရှိ ပြတင်းပေါက်ဘောင်မှ ဖုန်များကို သပ်ချရန် ရပ်လေ့ ရှိသည်။ တစ်ခါတစ်ရံတွင်လည်း သူ အမြဲတမ်း ယူဆောင်သွားလေ့ရှိပုံရသော အနက်ရောင် သံကတ်ကြေးဖြင့် ချုံပုတ်တစ်ခုမှ သစ်ကိုင်းတစ်ကိုင်းကို ညှပ်ထုတ်ရန် ရပ်တန့်တတ်လေသည်။ အခြားလူများ အရိုအသေပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ အခြားမည်သူ့ကိုမျှ သူ လှည့်မကြည့်ခဲ့ချေ။ ထိုအချက်ကြောင့်ပင် သူစိမ်းများစွာက သက်သာရာရသွားသည့် အမူအရာများ ဖြစ်ပေါ်သွားကြလေသည်။

လင်းတုန်းကမူ အမှန်ကို ပိုသိနေခဲ့၏။ အီသန် သည် ကြည့်ရန် မလိုအပ်သောကြောင့် သူတို့ကို မကြည့်ခဲ့ခြင်းသာ ဖြစ်ပေသည်။

နောက်ဆုံးတွင်... သူတို့သည် ဖစ်ရှာ နယ်မြေ၏ အစွန်အဖျားသို့ ရောက်ရှိလာကြ၏။ ထိုနေရာတွင် သစ်သားအဆောက်အအုံ အစုအဝေးတစ်ခု ရှိနေသည်။ ၎င်းတို့သည် တစ်ရက်တည်းဖြင့် ဆောက်လုပ်ထားပြီး မြန်ဆန်စွာပင် စွန့်ပစ်ခံထားရသည့်အလား ပုံပေါ်နေလေသည်။ တစ်ဝက်တစ်ပျက် လုပ်လက်စ ခြံစည်းရိုးတစ်ခုပေါ်တွင် သံမှိုပုံးတစ်ပုံးကို တင်ထား၏။ မြက်ခင်းပြင်ထဲတွင်လည်း လက်ရွေးပေါ် တစ်ခုကို ပစ်ချထားလေသည်။

အီသန်က အကြီးဆုံး အဆောက်အအုံဆီသို့ လက်ညှိုးညွှန်ပြလိုက်၏။ ထိုအဆောက်အအုံသည် လောလောလတ်လတ် ခုတ်ထစ်ထားသော သစ်သားနံ့များ ရနေပြီး လွှစာမှုန့်များနှင့် သစ်သားစများကြားတွင် တည်ရှိနေလေသည်။

"ကြည့်လိုက်စမ်း... မင်းရဲ့ လေ့ကျင့်ရေး ခန်းမ အသစ်ပဲ... အလုပ်သမားတွေက မနေ့ညကမှ စဆောက်ပြီး အပြီးသတ်ထားတာ..."

သူက ပြောလိုက်သည်။ ၎င်းသည် ကျီ တစ်ခုသာ ဖြစ်၏။ ဖစ်ရှာ ဂီရှာ ၏ ဝိညာဉ်ပန်းပဲ ဖိုနှင့် ပုံစံတူနီးပါး ဖြစ်သော်လည်း ဤအဆောက်အအုံကိုမူ ဆေးသုတ်ထားခြင်း မရှိပေ။

အီသန်က အဘယ်ကြောင့် အဆောက်အအုံသစ်များ ဆောက်လုပ်ခိုင်းနေရသနည်း။ သူတို့ မကြာမီ ထွက်ခွာကြတော့မည် မဟုတ်ပါလော။

"အထဲမှာ ဘာတွေရှိလဲဆိုတာကို ကျွန်တော် သိချင်နေပြီ..."

လင်းတုန်းက ပါးနပ်စွာဖြင့် စုံစမ်းလိုက်၏။

"ဟုတ်လား... အဲဒါ ထူးဆန်းတာပဲ... တတ်နိုင်သမျှ စိတ်ဝင်စားစရာ မကောင်းအောင်လို့ ငါ တမင် ဒီဇိုင်းဆွဲထားတာလေ..."

အီသန်သည် ရွေးပေါ်နှင့် သံမှိုပုံးကို ကောက်ယူလိုက်ပြီး အခြား ကိရိယာ အစုအဝေးတစ်ခု၏ ဘေးတွင် ချထားလိုက်လေသည်။

"ယီရင် ရဲ့ တုံ့ပြန်မှုကတော့ အများကြီး ပိုပြီး ဖျော်ဖြေမှုပေးနိုင်မယ်လို့ ငါ ယုံကြည်တယ်..."

လင်းတုန်းက ဘာမှ ပြန်မပြောပဲ ကျီဆီသို့သာ ချဉ်းကပ်သွားလေသည်။ ဘေးဘက်တွင် လူဝင်ထွက်ရန် ပြုလုပ်ထားသော သာမန် အရွယ်အစား တံခါးတစ်ချပ် ရှိ၏။ အလယ်ဗဟိုတွင်မူ တိရစ္ဆာန်များအတွက် ရည်ရွယ်ထားသော တံခါးကျယ်ကြီးများ ရှိနေသည်။

သို့သော် ၎င်းကို လေ့ကျင့်ရေး ခန်းမအဖြစ် လွန်ခဲ့သော တစ်ရက်ကမှ တည်ဆောက်ခဲ့ခြင်း ဖြစ်ပါလျှင် အဘယ်ကြောင့် ဤနေရာတွင် တိရစ္ဆာန်များ ရှိနေရမည်နည်း။

တစ်စက္ကန့်ခန့် တွေဝေသွားပြီးနောက် လင်းတုန်းသည် သူ၏ ကျောပိုးအိတ်ကို မတင်လိုက်၏။ ထို့နောက် တိရစ္ဆာန် တံခါးကြီးကို လက်နှစ်ဖက်ဖြင့် အားယူကာ ဆွဲဖွင့်လိုက်လေသည်။

***

All Chapters