← Chapters

အခန်း (၁၆၇-၁၆၈)

Vol. 12 Ch. 167-168

အခန်း (၁၆၇-၁၆၈)

Vol. 12 Ch. 167-168

အပိုင်း(၁၆၇)

ကျွီ...

တံခါး အတွင်းဘက်တွင် ယီရင်သည် တင်ပျဉ်ခွေ ထိုင်နေ၏။ အဖြူရောင် ဓားသွား ပါရှိသော ဓားတစ်လက်ကို ဒူးပေါ်တွင် တင်ထားလေသည်။ သူမသည် လင်းတုန်း နှင့် ရွယ်တူခန့်ဖြစ်ပြီး အသက်ဆယ့်ခြောက်နှစ်ခန့် ရှိပြီ ဖြစ်၏။ လင်းတုန်း သည် သက်သောင့်သက်သာရှိသော ယဉ်ကျေးမှု လူ့အဖွဲ့အစည်းကြားတွင် ကြီးပြင်းလာခဲ့ရသော်လည်း၊ ယီရင် ကမူ အဆုံးမဲ့ ဓားတိုက်ပွဲများကြားတွင် ကြီးပြင်းလာခဲ့ရသည့်အလား ပုံပေါ်နေလေသည်။

သူမ၏ မျက်နှာနှင့် လက်များပေါ်ရှိ ဖြူရော်နေသော အမာရွတ်များသည် ဓားသွားများ၏ ဒဏ်ရာဒဏ်ချက်များ ဖြစ်၏။ သူမ ဝတ်ဆင်ထားသော ကျောက်မီးသွေးရောင် ကျင့်ကြံသူ ဝတ်ရုံ၏ စုတ်ပြဲနေသော အစွန်းများကလည်း ထိုအချက်ကို သက်သေပြနေသည်။ သူမသည် သူမ၏ ဆံပင်များကို ဓား မာဒြာ ဖြင့် ဖြတ်တောက်ထား၏။ ထို့ကြောင့် မျက်လုံးများပေါ်နှင့် ပခုံးများအထက်ရှိ ဆံပင်စွန်းများသည် လုံးဝ ဖြောင့်တန်းနေလေသည်။

သူမ၏ ခါးတွင် ချည်နှောင်ထားသော ကြိုးကတော့ သွေးရောင် ဖြစ်၏။ သို့သော် လင်းတုန်း သည် ၎င်းကို တိုက်ရိုက် မကြည့်ဝံ့ချေ။ ထိုခါးပတ်တွင် သက်ရှိတစ်ခုခု ကိန်းအောင်းနေသကဲ့သို့ ထင်ရသည်။ မည်သည့်အချိန်တွင်မဆို တွားသွား၍ ထွက်ပြေးသွားနိုင်မည့်အလားပင်။

သူမ၏ ရွှေအဆင့် သင်္ကေတသည် ပခုံးနောက်ဘက်မှ ထွက်ပေါ်နေ၏။ ကင်းမြီးကောက်၏ အဆိပ်ဆူးကဲ့သို့ ဓားသွားတစ်ခုဖြင့် အဆုံးသတ်ထားသော ငွေရောင် လက်တံကြီး တစ်ခု ဖြစ်သည်။ ကြမ်းပြင်ပေါ်တွင် ကျင့်ကြံနေသည့် အနေအထားဖြင့် ထိုင်နေစဉ်မှာပင် သူမသည် အသက်အန္တရာယ် ပေးနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းနေ၏။ တိုက်ပွဲထဲသို့ ပြန်လည် ဝင်ရောက်ရန် အသင့်ပြင်ထားသည့်အလား ပုံပေါ်နေလေသည်။

သူမသည် လင်းတုန်း ကို နှုတ်ဆက်သည့်အနေဖြင့် ခေါင်းတစ်ချက် ညိတ်ပြလိုက်၏။ သို့သော် စကားပြောသောအခါတွင်မူ အီသန် ကိုသာ ဦးတည်လိုက်လေသည်။

"အချိန်တွေ ဖြုန်းတီးနေတာပဲ... ကျွန်မ ဆက်ကျင့်နေရမလား၊ ဒါမှမဟုတ် ဒီကောင်တွေကို စပြီး ရိုက်နှက်ကြတော့မလား..."

သူမသည် သူမ၏ အနောက်ဘက်သို့ လက်မဖြင့် ညွှန်ပြလိုက်၏။ လင်းတုန်းသည် သူမ၏ ပခုံးပေါ်မှနေ၍ ကျော်ကြည့်လိုက်လေသည်။ ခေါင်မိုးကို ထောက်ခံထားသော တိုင်များမှလွဲ၍ ကျီ တစ်ခုလုံးသည် နံရံတစ်ဖက်မှ အခြားတစ်ဖက်အထိ ဟာလာဟင်းလင်း ဖြစ်နေသည်။ ထို နေရာလွတ် အကျယ်ကြီးထဲတွင် သစ်သား အရုပ် ဆယ့်ရှစ်ရုပ်ကို စက်ဝိုင်းပုံစံ စီစဉ်ထားလေသည်။

၎င်းတို့သည် လူပုံစံ အကြမ်းထည် ကောက်ကြောင်းများသာ ဖြစ်၏။ ဦးခေါင်းနှင့် ကိုယ်ထည်ပိုင်းအတွက် ကြမ်းတမ်းသော ပုံသဏ္ဍာန်များကို ဖန်တီးထားပြီး သစ်သားပြားများကို လက်များအဖြစ် ထိုးထွက်နေစေသည်။ ၎င်းတို့တွင် ခြေထောက်များ မပါရှိချေ။ ကြမ်းပြင်အောက်သို့ ရိုက်သွင်းထားသော တိုင်တစ်တိုင်တည်းသာ ပါရှိလေသည်။

သို့သော်... လင်းတုန်း ၏ အာရုံကို ဆွဲဆောင်သွားပြီး အနီးကပ်ကြည့်ရန် ရှေ့သို့ တိုးသွားစေခဲ့သည်မှာ ထိုသစ်သားပြားများပေါ်တွင် ထွင်းထုထားသော မှော်သင်္ကေတ များပင် ဖြစ်၏။ သစ်သားရုပ်များကို အတော်လေး ကျယ်သော အစီအရင် စက်ဝိုင်း တစ်ခု၏ ပတ်လည်တွင် စီစဉ်ထားခြင်း ဖြစ်သည်။ ၎င်းသည် သူ မြင်ဖူးသမျှထဲတွင် အရှုပ်ထွေးဆုံးသော စက်ဝိုင်းများထဲမှ တစ်ခု ဖြစ်လေသည်။

သစ်သားရုပ်များကို ဝန်းရံထားသော အစီအရင် မျဉ်းကြောင်း နှစ်ကြောင်း ရှိ၏။ အတွင်းဘက်တွင် တစ်ကြောင်းနှင့် အပြင်ဘက်တွင် တစ်ကြောင်း ဖြစ်သည်။ မှော်သင်္ကေတ များကို သေးငယ်ပြီး သိပ်သည်းစွာ ထွင်းထုထား၏။ သင်္ကေတ တစ်ခုစီတိုင်းသည် သူ၏ လက်မ အရွယ်အစားခန့်သာ ရှိလေသည်။ သူ မှတ်မိသော မှော်သင်္ကေတ တစ်ခုစ နှစ်ခုစကို ရွေးချယ် သိရှိနိုင်သော်လည်း၊ ဤကဲ့သို့သော စက်ဝိုင်းမျိုးမှာမူ သူ၏ နားလည်နိုင်စွမ်းထက် များစွာ ကျော်လွန်နေခဲ့လေပြီ။

ဟိုဘက်အစွန်တွင် များစွာ ပို၍ သေးငယ်သော ဒုတိယ စက်ဝိုင်းတစ်ခုက ထပ်လျက် ရှိနေ၏။ ၎င်းသည် လူတစ်ယောက်တည်းသာ ရပ်နိုင်လောက်အောင် ကြီးမားပြီး အလယ်ဗဟိုတွင် သစ်သား စင်မြင့်တစ်ခု ရှိလေသည်။ ၎င်းတို့သည် ထိန်းချုပ်ရေး ခလုတ်များ ဖြစ်မည်ဟု လင်းတုန်း ခန့်မှန်းမိ၏။

အီသန်သည် ခါးကို ထောက်လိုက်ပြီး ဂုဏ်ယူနေသော ဖခင်တစ်ယောက်၏ အပြုံးမျိုးဖြင့် ဆယ့်ရှစ်ရုပ်သော သစ်သားရုပ်များကို ကြည့်လိုက်လေသည်။

"ဒီအတွက် ဝိညာဉ်ပန်းပဲဆရာ ခြောက်ယောက်က လက်သမားတွေနဲ့အတူ တစ်ညလုံး အလုပ်လုပ်ခဲ့ရတာ... သူတို့ အရမ်းကောင်းတဲ့ အလုပ်တစ်ခုကို လုပ်ပြသွားတယ်လို့ ငါ ပြောရလိမ့်မယ်..."

မှော်သင်္ကေတ များကို မြန်ဆန်စွာ ထွင်းထုထားကြောင်း လင်းတုန်း သိမြင်နိုင်၏။ သို့တိုင်အောင် ၎င်းတို့ကို တစ်ညတည်းဖြင့် ပြီးစီးအောင် ပြုလုပ်ခဲ့သည် ဆိုခြင်းကို သူ လက်ခံရန် အခက်တွေ့နေဆဲ ဖြစ်လေသည်။

"ဒါက ငါ့ မွေးရပ်မြေက ရိုးရာ လေ့ကျင့်ရေး နည်းစနစ်တစ်ခုပဲ..."

အီသန်က ပြောရင်း သစ်သားရုပ် တစ်ရုပ်၏ ဘေးသို့ လျှောက်သွားကာ ရပ်လိုက်၏။

"ဒီလိုမျိုး ဆင်တူတဲ့ အပြင်အဆင်တွေကို တခြားနေရာတွေမှာ ငါ မြင်ဖူးပါတယ်... ဒါပေမဲ့ ဒီဒီဇိုင်းကိုတော့ ငါ ပိုပြီး သဘောကျတယ်... ယီရင်... မင်းရဲ့ ဆရာက မင်းကို ဒီလိုမျိုး အရာတွေနဲ့ လေ့ကျင့်ပေးခဲ့ဖူးလား..."

"သစ်သားလူ တစ်ရုပ်ပေါ်မှာ ဓားဆွဲထုတ်ဖို့ ဆရာက ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး..."

ယီရင် က ပခုံးတွန့်လျက် ပြောလိုက်၏။

"သွေးမထွက်ဘူး ဆိုရင် အဲဒါ လုံလောက်တဲ့ လေ့ကျင့်မှု မဟုတ်ဘူးတဲ့..."

"နောက်ထပ် နှစ်အနည်းငယ်ကြာရင် မင်းရဲ့ ဆရာ ကျေနပ်လောက်တဲ့အထိ မင်း သွေးတွေ ဖောက်ထုတ်ခဲ့ပြီးလောက်ပြီလို့ ငါ ထင်ပါတယ်လေ... အရမ်းစောပြီး စတင်ဖို့ မလိုပါဘူး..."

ယီရင်သည် ထိုချီးမွမ်းစကားကြောင့် ကျေနပ်သွားပုံ ရ၏။ သို့သော် လင်းတုန်း ကမူ နောက်ထပ် နှစ်အနည်းငယ်အတွင်း သူတို့အတွက် ဤအဆင့်နိမ့် အရှင်သခင်က မည်သည့်အရာများကို အတိအကျ စီစဉ်ထားသနည်းဟု တွေးတောနေခဲ့လေသည်။

အီသန် က ဆက်ပြောလေသည်။

"ဒီသစ်သားရုပ်တွေက သစ်သားတွေထက် ပိုတယ်ဆိုတာ မင်းတို့ တွေ့ရလိမ့်မယ်... အတွင်းဘက်မှာရှိတဲ့ မှော်ပစ္စည်း အသေးလေးတွေက သူတို့ကို ရွေ့လျားစေတယ်... ပြီးတော့ တိုက်ခိုက်ရေးမှာ အခြေခံ ခြေလှမ်းတွေကို လေ့ကျင့်ဖို့ သူတို့ကို အသုံးပြုကြတယ်..."

ယီရင်၏ မျက်နှာ ပျက်သွားပြီး စိတ်ပျက်သွားမှုက အထင်အရှား ပေါ်လွင်နေ၏။ လင်းတုန်း ကမူ စိတ်အားထက်သန်လာခဲ့လေသည်။

သူမအနေဖြင့် ဤမျှ ရိုးရှင်းသော ညွှန်ကြားချက်များကို လိုအပ်မည် မဟုတ်ပေ။ သို့သော် လင်းတုန်း သည် သစ်သားလူရုပ်များ၏ စက်ဝိုင်းအတွင်း သူ၏ အလှည့်ရောက်လာမည့် အချိန်ကို စောင့်မျှော်နေခဲ့၏။ သူသည် ကဏ္ဍများစွာတွင် လိုအပ်ချက်များ ရှိနေသေးသည်။ လက်နက်မဲ့ တိုက်ခိုက်ရေးမှာလည်း ထိုအထဲမှ တစ်ခုအပါအဝင် ဖြစ်၏။ ဝိညာဉ်မဲ့ တစ်ယောက်အနေဖြင့် သူသည် ဝေ့ ကလန် ၏ ရိုးရှင်းသော လေ့ကျင့်ခန်းများကိုသာ လေ့ကျင့်ရန် တိုက်တွန်းခံခဲ့ရသည်။ အစစ်အမှန် တိုက်ပွဲတစ်ခုအတွက် တစ်ခါမျှ လေ့ကျင့်သင်ကြားခဲ့ရခြင်း မရှိပေ။

အီသန် သည် ထိန်းချုပ်ရေး စက်ဝိုင်း၏ အလယ်ဗဟိုရှိ စင်မြင့်ဆီသို့ လျှောက်လှမ်းသွား၏။ စင်မြင့်ပေါ်တွင် သူ၏ လက်တစ်ဖက်ကို ရွေ့လျားနေစဉ် အခြားလက်တစ်ဖက်က ယီရင် ထံသို့ လက်ညှိုးညွှန်ပြလိုက်လေသည်။ "မင်း ဘယ်လို ခံစားနေရတယ်ဆိုတာ ငါ သိပါတယ်... ဒါပေမဲ့ စိတ်ရှည်ရှည်ထားပါ... ငါက အရေးကြီးတဲ့ အချက်တစ်ချက်ကို ပြသနေတာပါ..."

အီသန်၏ လက်နှင့် စင်မြင့်ကြားရှိ လေထုသည် လှိုင်းထသွား၏။ အီသန် ၏ ပတ်လည်ရှိ သေးငယ်သော စက်ဝိုင်းသည် အဖြူရောင်အဖြစ် လင်းလက်သွားသည်။ ထို့နောက် အလင်းရောင်များသည် ပို၍ ကြီးမားသော စက်ဝိုင်းအတွင်းသို့ စီးဆင်းသွားလေသည်။ မကြာမီတွင် ကျီ တစ်ခုလုံးသည် အရောင်ဖျော့ဖျော့ မှော်သင်္ကေတ အလင်းရောင်များဖြင့် လင်းထိန်သွားလေတော့သည်။

ရုတ်တရက် သစ်သားရုပ် တစ်ရုပ်သည် ၎င်း၏ ဝင်ရိုးပေါ်တွင် လည်ပတ်သွား၏။ အစောပိုင်းက မမြင်နိုင်ခဲ့သော မှော်သင်္ကေတ စက်ဝိုင်းတစ်ခုသည် ၎င်း၏ ဘယ်ဘက်လက်မောင်းပေါ်တွင် လင်းလက်လာခဲ့သည်။ ၎င်းမှာ အစိမ်းရောင် ဖြစ်၏။ ထို့နောက် ကိုယ်ထည်အောက်ပိုင်းတွင် အပြာရောင် လင်းလာပြီး မျက်နှာပေါ်တွင် အဖြူရောင် လင်းလာလေသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ထိုအလင်းရောင်များ မှေးမှိန်ပျောက်ကွယ်သွားခဲ့သည်။

"စက်ဝိုင်းတွေ လင်းလာတဲ့အချိန်မှာ အဲဒါတွေကို ရိုက်နှက်ရမယ်... ရိုးရှင်းတယ် မဟုတ်လား... တကယ်လို့ မင်းသာ မှန်ကန်စွာ လုပ်ဆောင်နိုင်ပြီး မင်းရဲ့ တိုက်ခိုက်မှုတွေမှာ လုံလောက်တဲ့ မာဒြာ တွေ ပါဝင်နေမယ်ဆိုရင် စက်ဝိုင်းတွေက ပျောက်ကွယ်သွားမယ့်အစား ဆက်ပြီး လင်းနေလိမ့်မယ်... သစ်သားရုပ် အားလုံးပေါ်က စက်ဝိုင်းသုံးခုစလုံး တစ်ပြိုင်နက်တည်း အသက်ဝင်နေပြီဆိုရင်တော့ မင်း နိုင်ပြီပဲ..."

သူ၏ လက်နှင့် ထိန်းချုပ်ရေး ခလုတ်များကြားရှိ လေထုသည် နောက်တစ်ကြိမ် လှိုင်းထသွားပြန်၏။ သစ်သားရုပ်များ အားလုံးထံမှ နားကွဲမတတ် ဆူညံသော ခေါင်းလောင်းသံများ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာလေသည်။ ၎င်းတို့ တစ်ရုပ်ချင်းစီသည် နေရာတွင်ပင် လည်ပတ်သွားကြ၏။ ထို့နောက် သူတို့၏ ခန္ဓာကိုယ်များပေါ်ရှိ စက်ဝိုင်းသုံးခုသည် ပျောက်ကွယ်သွားခြင်း မရှိတော့ဘဲ ဆက်လက်၍ တောက်ပနေလေတော့သည်။

အီသန် သည် ထိန်းချုပ်ရေး ခလုတ်များထံမှ နောက်သို့ ဆုတ်လိုက်၏။ သို့သော် ကြမ်းပြင်ပြားများပေါ်ရှိ စက်ဝိုင်းများမှာမူ ဆက်လက် လင်းလက်နေဆဲ ဖြစ်သည်။

သစ်သားရုပ်များသည် စက္ကန့်အနည်းငယ်မျှ တောက်ပနေခဲ့ကြ၏။ ၎င်းတို့၏ ကွင်းသုံးကွင်းမှာ တလက်လက် လင်းနေခဲ့ပြီးနောက် အဆုံးတွင် အမှောင်ကျသွားလေတော့သည်။

"ယီရင်... ဒီစနစ်က ဘယ်လို အလုပ်လုပ်သလဲ ဆိုတာကို လင်းတုန်း အတွက် မင်း သရုပ်ပြပေးနိုင်မလား... မင်း ဒီသစ်သားရုပ်တွေကို အနိုင်ယူတာကို ငါ မြင်ချင်လို့ပါ... ကျေးဇူးပြုပြီး တတ်နိုင်သမျှ မြန်မြန်လေး လုပ်ပေးပါ..."

ယီရင်သည် သစ်သားရုပ် နှစ်ရုပ်ကြားသို့ ဝင်ရောက်သွား၏။ သူမ၏ ဓားလက်တံကြီး သစ်သားခေါင်းတစ်ခုခုနှင့် မငြိမိစေရန် ပခုံးနှင့် နီးကပ်စွာ ကပ်ထားလိုက်လေသည်။

"သူတို့ လင်းလာတဲ့အချိန်မှာ ရိုက်ရုံပဲ မဟုတ်လား..."

"အချိန်ကိုက်တော့ မှန်ရမယ်... အကယ်၍ မင်း တစ်ခုခုကို လွဲချော်သွားခဲ့ရင် ပစ်မှတ်က ပြန်ပြီး မှောင်သွားလိမ့်မယ်... အဲဒီအခါ အစကနေ ပြန်လုပ်ရလိမ့်မယ်..."

သူမသည် ခေါင်းညိတ်ပြလိုက်ပြီး သစ်သားရုပ် တစ်ရုပ်ထံသို့ ချဉ်းကပ်သွား၏။

"ကျွန်မ ဘယ်လို စရမလဲ..."

သူမ အနီးသို့ ရောက်သွားချိန်တွင် လက်အဖြစ် အသုံးပြုထားသော သစ်သားပြားပေါ်၌ မှော်သင်္ကေတ များဖြင့် ဖွဲ့စည်းထားသည့် အစိမ်းရောင် စက်ဝိုင်းတစ်ခု လင်းလာလေသည်။ လင်းတုန်း သည် ထိုအလင်းရောင်ကို အပြည့်အဝ သတိမထားမိလိုက်မီမှာပင် ယီရင် သည် ၎င်း၏ အလယ်ဗဟိုတည့်တည့်သို့ ရိုက်နှက်လိုက်ပြီး ဖြစ်၏။ ရိုက်ချက်၏ အင်အားကြောင့် လက်မောင်းသည် နောက်သို့ လည်ထွက်သွားလေသည်။

ထို့နောက် အခြားလက်တစ်ဖက်သည် အသက်ဝင်လာကာ သူမ၏ နောက်စေ့ဆီသို့ ရမ်းထွက်လာလေတော့သည်။

သူမသည် ထိုတိုက်ခိုက်မှုကို ဘယ်ဘက်လက်ဖြင့် ဖမ်းဆုပ်လိုက်၏။ အပြာရောင် စက်ဝိုင်း ပေါ်လာသည့် တစ်ခဏအတွင်းမှာပင် သူမ၏ ညာဘက်လက်ဖြင့် သစ်သားရုပ်၏ ကိုယ်ထည်ကို ရိုက်နှက်လိုက်လေသည်။ သစ်သားလူရုပ်သည် ခေါင်းဖြင့် တိုက်ရန်အတွက် အလယ်မှနေ၍ ကိုင်းညွှတ်လာ၏။ သို့သော် လာနေသည်ကို မြင်နေရသည့်အလား သူမသည် ဘေးသို့ ရှောင်ထွက်သွားခဲ့သည်။ တစ်ပြိုင်နက်တည်းမှာပင် သူမ၏ ဓားလက်တံကြီးသည် အဖြူရောင် စက်ဝိုင်းကို တိုက်ခိုက်ရန် ရှေ့သို့ ရိုက်ခတ်သွားလေသည်။

ပထမ သစ်သားရုပ်ကို သူမ အနိုင်ယူလိုက်ပြီဖြစ်ကြောင်း အချက်ပြသော ခေါင်းလောင်းသံ ထွက်မလာမီမှာပင် သူမသည် ဒုတိယအရုပ်ဆီသို့ လှမ်းသွားနေပြီ ဖြစ်၏။

အကယ်၍ လင်းတုန်း သာ သံမဏိအဆင့် ခန္ဓာကိုယ်ကို မရရှိထားခဲ့ပါက သူမ၏ လှုပ်ရှားမှုများကို အမီလိုက်နိုင်မည် မဟုတ်ပေ။ တိုက်ခိုက်မှု သုံးချက်သည် လှုပ်ရှားမှု တစ်ခုတည်းကဲ့သို့ ပုံပေါ်နေပေလိမ့်မည်။ သူ၏ ကလန် ဝင်များက နံရံများကို ဖောက်ထွင်းအောင် ထိုးနှက်နိုင်ပြီး မြှားများကို ရှောင်တိမ်းနိုင်သည်ကို သူ မြင်တွေ့ခဲ့ဖူး၏။ သို့သော် မည်သူတစ်ဦးတစ်ယောက်မျှ ဤမျှ မြန်ဆန်ပြီး ဤမျှ လွယ်ကူစွာ လှုပ်ရှားနိုင်သည်ကို သူ တစ်ခါမျှ မမြင်ခဲ့ဖူးချေ။

မည်သို့ပင်ဆိုစေ အနီးကပ် မြင်တွေ့ခဲ့ရခြင်းမျိုး မဟုတ်ပေ။ သူသည် ယီရင် တိုက်ခိုက်သည်ကို ယခင်က ကြည့်ရှုခဲ့ဖူး၏။ သို့သော် သူမသည် တကယ့် စစ်မှန်သော တိုက်ပွဲထဲတွင် ရှိနေချိန်၌ သူမ၏ လှုပ်ရှားမှုများမှာ ပို၍ ကြမ်းတမ်းနေပုံ ရလေသည်။ တစ်နည်းအားဖြင့် ပို၍ သဘာဝကျနေ၏။ ယခုအခါတွင်မူ အကြိမ်တစ်ရာမက လေ့ကျင့်ထားသော ကကွက်တစ်ခုကို ကပြနေသည့်အလား ချောမွေ့ကာ ကျင့်သားရနေလေသည်။

***

အပိုင်း(၁၆၈)

"ဒါ သူ ပထမဆုံးအကြိမ် စမ်းလုပ်ကြည့်တာလား..."

လင်းတုန်းက မေးလိုက်၏။ ထိုအချိန်တွင် ယီရင် သည် မတူညီသော တိုက်ခိုက်မှု နှစ်ခုကို လက်တစ်ဖက်စီဖြင့် တားဆီးနေလျက် အစိမ်းရောင် စက်ဝိုင်းတစ်ခုကို လင်းလက်သွားစေမည့် ကန်ချက်တစ်ခုကို ပေးစွမ်းနေလေသည်။ သူမသည် သစ်သားရုပ် သုံးရုပ်ကို အနိုင်ယူပြီးသွားခဲ့ပြီ ဖြစ်၏။

"ဒီလောက်ကတော့ မျှော်လင့်ထားပြီးသားပါ..."

အီသန် သည် သူ၏ လက်သည်းများကို စစ်ဆေးနေရင်း ပြောလိုက်၏။

"ကျင်းလုံ ဆိုရင် ဒီလေ့ကျင့်ခန်းကို မျက်စိမှိတ်ပြီးတောင် ပြီးမြောက်အောင် လုပ်နိုင်လိမ့်မယ်..."

လင်းတုန်းသည် ဆူရီရယ် ၏ စကျင်ကျောက်လုံးလေး ရှိရာ အိတ်ကပ်ထဲသို့ လက်ကို လျှိုသွင်းလိုက်၏။ ၎င်းသည် သူ၏ လက်မ လက်သည်းခွံခန့် အရွယ်အစားရှိကာ ဖောက်ထွင်းမြင်ရသည့် ဖန်လုံးလေးဖြစ်ပြီး အတွင်း၌ အပြာရောင် ဖယောင်းတိုင် မီးတောက်လေး တစ်ခု လောင်ကျွမ်းနေလေသည်။ ၎င်း၏ နွေးထွေးမှုက သူ့ကို နှစ်သိမ့်မှု ပေးကာ စိတ်သက်သာရာ ရစေခဲ့သည်။

အီသန် သည် သူ့ကို ပြုံးပြလိုက်၏။

"စိတ်မပူပါနဲ့..."

သူက ပြောလိုက်သည်။

"ကောင်းကင်ဘုံ က မင်းဘက်မှာ ရှိပါတယ်..."

လင်းတုန်း လန့်ဖြတ်သွား၏။ အီသန် သည် ဆူရီရယ် အကြောင်းကို သိနေခဲ့သလော။ ဤဇာတ်လမ်း ပေါက်ကြားသွားမည်ကို လင်းတုန်း အထူးတလည် ကြောက်ရွံ့မနေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် မည်သူမျှ ယုံကြည်ကြမည် မဟုတ်သောကြောင့် ဖြစ်၏။ သို့သော် အီသန် က မည်သို့ သိရှိသွားခဲ့သနည်း။ ယီရင် က သူ့ကို ပြောပြခဲ့တာများလား။

အဆင့်နိမ့် အရှင်သခင်သည် စိတ်ကို ဖတ်နိုင်စွမ်း ရှိသလော။

“ဘာလို့လဲဆိုတော့ ကောင်းကင်ဘုံ က မင်းကို ငါ့ဆီ ပို့ဆောင်ပေးလိုက်လို့ပဲလေ..."

အီသန် က ဆက်ပြောလိုက်၏။

"ဒါဟာ အံ့ဖွယ်တစ်ပါး မဟုတ်ရင် ဘယ်ဟာမှ မဟုတ်တော့ဘူး..."

လင်းတုန်း သည် ဖြည်းညင်းစွာ သက်ပြင်းချလိုက်လေသည်။

ဆယ့်ရှစ်ခုမြောက် ခေါင်းလောင်းသံ ထွက်ပေါ်လာပြီးနောက် သစ်သားရုပ် အားလုံးသည် နူးညံ့စွာ တောက်ပနေကြ၏။ ယီရင်သည် အနောက်သို့ လျှောတိုက်ဆုတ်ခွာလာပြီး အလယ်ဗဟိုတွင် ရပ်တန့်လိုက်သည်။ သူမ၏ အသက်ရှူသံများမှာ အနည်းငယ် ပြတ်တောင်းပြတ်တောင်း ဖြစ်နေလေသည်။

"ဆယ့်ငါးစက္ကန့်..."

အီသန် က ကြေညာလိုက်၏။

"ပထမဆုံးအကြိမ် အတွက်တော့ မဆိုးပါဘူး... ဒီသစ်သားရုပ် တွေက မင်းကို ဒဏ်ရာရစေဖို့ထက် နှောင့်နှေးသွားစေဖို့အတွက်ပဲ သတ်မှတ်ထားတာပါ... ဒါပေမဲ့ တစ်ပတ် နှစ်ပတ်လောက် ကြာရင်တော့ သစ်တောထဲကို လေဖြတ်တိုက်သွားသလိုမျိုး မင်း ဒီလေ့ကျင့်ခန်းကို ဖြတ်ကျော်သွားနိုင်လိမ့်မယ်..."

"အမြန်ဆုံး ဘယ်လောက်ရနိုင်မလဲ..."

ယီရင် က မေးလိုက်၏။

"ဆယ့်နှစ်စက္ကန့်က အစီအရင် က လက်ခံနိုင်တဲ့ အနည်းဆုံး အချိန်ပဲ... မင်း အဲဒီအချိန်ကို ရောက်တဲ့အခါကျရင် ဒီထက် ပိုကောင်းတာတစ်ခုကို ငါ တည်ဆောက်ခိုင်းလိုက်မယ်..."

ယီရင် သည် လက်ပိုက်လိုက်၏။

"ရှင်ကကော ဘယ်လောက်မြန်လဲ..."

"အရမ်းကောင်းတဲ့ မေးခွန်းပဲ... ငါ ပြောခဲ့သလိုပဲ၊ ငါက ဒါနဲ့ အရမ်းတူတဲ့ လေ့ကျင့်ရေး ကွင်းမျိုးမှာ ကြီးပြင်းလာခဲ့တာပါ... ဒါပေမဲ့ မကြာသေးခင်ကမှ အာရီလီယပ်စ် ဝိညာဉ်ပန်းပဲဆရာ တွေကို နှစ်စက္ကန့်နဲ့ ပြီးနိုင်တဲ့ ကွင်းတစ်ခု တည်ဆောက်ခိုင်းထားတယ်..."

သူမက ပတ်ဝန်းကျင်ရှိ သစ်သားရုပ်များဘက်သို့ လက်ယမ်းပြလိုက်၏။

"တကယ်လို့ အစီအရင် ကသာ ခွင့်ပြုမယ်ဆိုရင် ရှင်က ဒါကို နှစ်စက္ကန့်အတွင်း ဖြတ်ကျော်နိုင်မယ်ပေါ့..."

ထိုမြင်ကွင်းကို ပုံဖော်ကြည့်ရန် ကြိုးစားရင်း လင်းတုန်း ၏ မျက်လုံးများ ပြူးကျယ်သွား၏။ သို့သော် ယီရင် ကမူ သံသယဝင်နေပုံ ရလေသည်။

အီသန် က ရယ်မောလိုက်၏။

"မင်းရဲ့ ဆရာကကော အဲဒီလောက် မလုပ်နိုင်ဘူးလား..."

"ရှင်က ကျွန်မ ဆရာ မှ မဟုတ်တာ..."

သူမက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်လေသည်။

သူသည် ထိန်းချုပ်ရေး ခလုတ်များဆီသို့ ရောက်ရှိနေပြီ ဖြစ်၏။ စက်ဝိုင်းက မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားစဉ် သစ်သားရုပ်များပေါ်ရှိ ရောင်စုံ စက်ဝိုင်းများသည် မှေးမှိန်ပျောက်ကွယ် သွားကြလေသည်။

"ဟုတ်ပါတယ်၊ ငါက သူ မဟုတ်ပါဘူး... ပြီးတော့ သူ့ကို တွေ့ခွင့်မရခဲ့တဲ့အတွက်လည်း ငါ ဝမ်းနည်းပါတယ်... မဟူရာ မီးတောက် အင်ပါယာ ထဲမှာ သူ့ကို သိတဲ့သူ သိပ်မများလှပေမယ့် ပြင်ပကမ္ဘာမှာတော့ သူက တော်တော်လေး နာမည်ကြီးပါတယ်..."

ပြင်ပကမ္ဘာ...

လင်းတုန်းသည် မဟူရာ မီးတောက် အင်ပါယာ ကိုပင် မမြင်ဖူးသေးချေ။ သို့တိုင်အောင် သူသည် ၎င်း၏ အလွန်သို့ ရောက်ရှိရန် စိတ်လောနေခဲ့ပြီ ဖြစ်၏။ ဆူရီရယ် ပြသခဲ့သော ကမ္ဘာကြီးသည် မဖြစ်နိုင်လောက်အောင် ကျယ်ဝန်းလှသည်။ ထို့အပြင် အီသန် သည် လင်းတုန်း တွေ့ဖူးသမျှ လူများအားလုံးထက် ထိုကမ္ဘာကြီးကို ပို၍ မြင်တွေ့ခဲ့ဖူးလေသည်။ ထိုအချက် တစ်ချက်တည်းကပင် အာရီလီယပ်စ် မိသားစု သို့ ဝင်ရောက်ခဲ့ခြင်းအတွက် သူ့ကို ကျေးဇူးတင်စေရန် လုံလောက်နေခဲ့လေပြီ။

အဆင့်နိမ့် အရှင်သခင်က စက်ဝိုင်းဆီသို့ လက်ညှိုးညွှန်ပြလိုက်၏။

"လင်းတုန်း... ငါ့ မိသားစုရဲ့ အဖွဲ့ဝင်သစ် တစ်ယောက်အနေနဲ့ မင်းကိုယ်မင်း သက်သေပြဖို့ ဒီတာဝန်ကို ငါ ပေးအပ်လိုက်တယ်လို့ သဘောထားလိုက်ပါ... ဒီအရာတွေက လေ့ကျင့်ရေး အရုပ်တွေ မဟုတ်ဘဲ ရန်သူတွေဖြစ်တယ်လို့ မင်း စိတ်ထဲ တွေးလိုက်... ပြီးတော့ ငါတို့ရဲ့ ကာကွယ်ရေးအတွက် မင်းကို ငါ တာဝန်ပေးထားတယ်လို့ မှတ်ယူလိုက်စမ်းပါ...”

လင်းတုန်းသည် အီသန်၏ နှုတ်ခမ်းထက်ရှိ အပြုံးကို ကျော်လွန်၍ ကြည့်လိုက်၏။ ဘာမှန်း သေချာမသိသော်လည်း ထိုအဆင့်နိမ့် အရှင်သခင်၏ စကားများထဲတွင် တစ်စုံတစ်ခု ဖုံးကွယ်နေလေသည်။ သို့တိုင်အောင် လေ့ကျင့်ရေး စက်ဝိုင်းနှင့် ပတ်သက်သော သူ၏ အမြင်ကို သူ ပြောင်းလဲလိုက်၏။

အကယ်၍ ၎င်းသည်သာ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကြားမှ စစ်မှန်သော အခြေအနေတစ်ခု ဖြစ်ခဲ့မည်ဆိုလျှင်၊ သူသည် ပိုမိုများပြားသော အချက်အလက်များကို လိုအပ်မည် ဖြစ်သည်။

သူသည် အစွန်းတစ်လျှောက် လမ်းလျှောက်သွားရင်း သစ်သားရုပ်များကို အကဲခတ် ကြည့်ရှုလိုက်၏။ သူ မျှော်လင့်ထားသည့်အတိုင်း ပစ်မှတ် စက်ဝိုင်းများကို မမြင်နိုင်ခြင်း မဟုတ်ပေ။ ၎င်းတို့ကို သစ်သား မျက်နှာပြင်ပေါ်တွင် ခပ်ဖွဖွ ရေးဆွဲထားခြင်းသာ ဖြစ်ပြီး အဝေးမှ ကြည့်ပါက ခွဲခြားသိမြင်နိုင်ရန် ခက်ခဲနေခြင်း ဖြစ်လေသည်။ ထိုအရုပ်ကို ကြမ်းပြင်ပေါ်ရှိ စက်ဝိုင်းထံမှ ညွှန်ကြားချက်များနှင့် စွမ်းအားများကို သယ်ဆောင်လာသော အခြားသော အစီအရင် များဖြင့် ဝန်းရံထား၏။ သူသည် အတွင်းဘက်ရှိ မှော်ပစ္စည်း များကို လေ့လာချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။ ဤမျှ အဆင့်မြင့်သော ကိရိယာများ မည်သို့ အလုပ်လုပ်သည်ကို နားမလည်နိုင်လျှင်တောင် အနည်းဆုံးတော့ တစ်ခုခု သင်ယူနိုင်မည်ဟု တွေးမိလေသည်။

အဆုံးတွင် သူ၏ ခြေလှမ်းများသည် အီသန် ၏ ဘေးသို့ ရောက်ရှိသွားလေသည်။

"စိတ်မရှိဘူးဆိုရင် ကျွန်တော် ရှင်းရှင်းလင်းလင်း သိပါရစေ... အရုပ်ပေါ်က စက်ဝိုင်းတွေကို လင်းလာအောင် လုပ်နိုင်သရွေ့၊ ကျွန်တော်က ရန်သူကို အနိုင်ရတယ်လို့ သတ်မှတ်လို့ ရမလား..."

"အဲဒီလိုပါပဲ..."

လင်းတုန်း ခေါင်းညိတ်လိုက်၏။ ထို့နောက် သူသည် ထိန်းချုပ်ရေး ခလုတ်များပေါ်သို့ လက်တစ်ဖက် ဆန့်တန်းလိုက်ပြီး ညွှန်ကြားချက် စက်ဝိုင်း တစ်ခုအတွင်းသို့ မာဒြာ များ စီးဆင်းသွားစေလိုက်လေသည်။

သစ်သား စင်မြင့်ပေါ်တွင် စက်ဝိုင်း ကိုးခုကို ထွင်းထုထားပြီး သူ အလိုရှိသော အရာကို ရှာဖွေရန် အချိန်အနည်းငယ် ယူလိုက်ရ၏။ ပထမတစ်ခုက သစ်သားရုပ် အချို့ကို လည်ပတ်သွားစေသည်။ ဒုတိယတစ်ခုက စက်ဝိုင်းကို မှောင်ကျသွားစေပြီး၊ တတိယတစ်ခုကမူ မြင်သာသော တုံ့ပြန်မှု ဘာမှ မရှိချေ။ သို့သော် စတုတ္ထမြောက် တစ်ခုကတော့ အလုပ်ဖြစ်သွားခဲ့သည်။ ခေါင်းလောင်းသံ ဆယ့်ရှစ်ချက် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာပြီး သစ်သားရုပ် အားလုံးပေါ်ရှိ ပစ်မှတ်များ အားလုံး လင်းလက်လာလေတော့သည်။

"အာရီလီယပ်စ် မိသားစု အတွက်တော့... အောင်ပွဲပဲ..."

လင်းတုန်း က ပြောလိုက်၏။ သူ၏ စကားများတွင် မလေးစားမှုများ ပါဝင်နေသည်ကို အီသန် မကြားစေရန် အရိုအသေပေးလိုက်သေး၏။ သို့သော် အီသန် က ခေါင်းညိတ်ရုံသာ ညိတ်ပြလေသည်။

"ငါးစက္ကန့်... ယီရင်... သူက မင်းကို ဆယ်စက္ကန့် အသာစီးနဲ့ အနိုင်ယူသွားတဲ့ပုံပဲ..."

ယီရင်၏ နားရွက်များ သိသိသာသာ နီရဲသွားသော်လည်း သူမ၏ လေသံမှာမူ ခြောက်ကပ်နေခဲ့၏။

"ကဲ... သူ့အတွက် ဂုဏ်ပြုပြီး အောင်ပွဲခံလိုက်ကြတာပေါ့... မှန်ကန်တဲ့ နည်းလမ်းနဲ့ သူ့ကို စမ်းလုပ်ခိုင်းကြည့်ပါလား၊ အသက်တစ်ရှိုက်စာ ထက် ပိုခံမလား ဆိုတာ ကြည့်ရအောင်..."

လင်းတုန်းသည် ဂုဏ်ယူဝင့်ကြွားနေသော အပြုံးကို မျက်နှာပေါ်တွင် မပေါ်လာစေရန် ထိန်းထားလိုက်၏။ ၎င်းသည် ဝင့်ကြွားရမည့် အချိန်မဟုတ်ပေ။

"ဟင့်အင်း... မလိုအပ်ပါဘူး၊ ငါက နင့်ကို ဘယ်တော့မှ မီမှာ မဟုတ်ဘူးဆိုတာ ငါ သိပါတယ်... ပြီးတော့ ရန်သူတွေ အားလုံးလည်း သေသွားပြီထင်တယ်..."

ထို့နောက်တွင်တော့ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။ အတည်ပြုချက် ရရှိရန် အီသန် ကို သူ လှမ်းကြည့်လိုက်သည်။ အီသန် ၏ အကြည့်များက ဝေးကွာသော နေရာတစ်ခုသို့ ရောက်ရှိနေပြီး ကျီ ၏ နံရံကို ခဏမျှ စိုက်ကြည့်နေခဲ့၏။ ထို့နောက် ရုတ်တရက် လန့်နိုးလာသည့်အလား ဖြစ်သွားလေသည်။

"အာ... ငါ တောင်းပန်ပါတယ်... ဧည့်သည်တွေ လာနေတဲ့ပုံပဲ၊ ဒါကြောင့် ငါ စီစဉ်ထားတာထက် ပိုမြန်မြန် အလုပ်လုပ်ရလိမ့်မယ်... လင်းတုန်း... ယီရင် အကြံပေးတဲ့အတိုင်း မင်း လုပ်ကြည့်ပါလား..."

လင်းတုန်း ၏ အပြုံးသည် တစ်ခါမျှ မရှိခဲ့ဖူးသည့်အလား ညှိုးနွမ်းပျောက်ကွယ်သွားလေတော့သည်။

ထွက်ပေါက်တစ်ခု ရရန် သူ၏ စိတ်ထဲတွင် အကြံထုတ်နေရင်း လင်းတုန်း သည် မဝံ့မရဲ လှုပ်ရှားလိုက်၏။ သူ၏ ကျောပိုးအိတ်ကို မြေပြင်ပေါ်သို့ ချကာ စက်ဝိုင်းအတွင်းသို့ ဝင်ရောက်သွားလေသည်။ အကြောင်းပြချက်များဖြင့် သူသည် မိမိကိုယ်ကို တည်ငြိမ်အောင် ပြုလုပ်လိုက်၏။ စိုးရိမ်ပူပန်စရာ ဘာမှမရှိပေ။ သေချာသည်မှာ သူသည် ယီရင် ၏ အချိန်ကို လိုက်မီနိုင်မည် မဟုတ်ချေ။ သို့သော် မည်သူကမျှလည်း မျှော်လင့်ထားခြင်း မရှိပေ။ သူမသည် အဆင့်နိမ့် ရွှေအဆင့် တစ်ယောက်ဖြစ်ပြီး သူကမူ သံမဏိအဆင့် သာ ရှိသေးသည်။ သူတို့သည် သူ လေ့ကျင့်ခန်း လုပ်နေသည်ကိုသာ မြင်ချင်ကြခြင်း ဖြစ်လေသည်။

လွန်ခဲ့သော ခဏအကြာကမူ သူသည် စမ်းသပ်ရန် စိတ်လှုပ်ရှားနေခဲ့၏။ အားထုတ်မှု အနည်းငယ်ဖြင့် သူသည် ထိုခံစားချက်အချို့ကို ပြန်လည် ခေါ်ယူလိုက်လေသည်။

မြေပြင်ပေါ်ရှိ ကျယ်ပြန့်သော မှော်သင်္ကေတ စက်ဝိုင်းသည် အဖြူရောင် လင်းလက်လာပြီး သစ်သားရုပ်များကို သရဲတစ္ဆေကဲ့သို့ ပုံပေါ်သွားစေ၏။ သူသည် စက်ဝိုင်း၏ အလယ်ဗဟိုတွင် ရပ်ကာ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်လေသည်။ တိုက်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် သူ၏ မာဒြာ များကို ပိုမို မြန်ဆန်စွာ လှည့်ပတ်လိုက်၏။ မာဒြာ များကို ခြေလက်များဆီသို့ စီးဆင်းသွားစေပြီး ဗလာလက်ဝါး သိုင်းကွက်အတွက် အသင့်ပြင်ထားလိုက်သည်။

"စမယ်..."

အီသန်က အော်ဟစ်လိုက်ရာ လင်းတုန်း သည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်လေသည်။ သစ်သား လက်မောင်း၏ အတွင်းဘက်တွင် အစိမ်းရောင် စက်ဝိုင်းတစ်ခု လင်းလာ၏။ သူသည် အင်အားလျော့ချထားသော ဗလာလက်ဝါး ဖြင့် ချက်ချင်း ရိုက်နှက်လိုက်လေသည်။ သိုင်းကွက်ကို အပြည့်အဝ အသုံးပြုလိုက်ပါက သူ့ကို လျင်မြန်စွာ အားကုန်သွားစေမည် ဖြစ်သည်။ သို့သော် ဤအရာသည် အစီအရင် ထဲသို့ မာဒြာ များ ထည့်သွင်းရန် လုံလောက်လေသည်။ သူ ရိုက်လိုက်ချိန်တွင် ပစ်မှတ်သည် လင်းလက်သွား၏။

ထိုအချိန်တွင်ပင် ဒုတိယ သစ်သား လက်မောင်းက သူ၏ နောက်စေ့ကို ရိုက်ချလိုက်ရာ သစ်သားပြား အသစ်များပေါ်သို့ မှောက်လျက်သား ပြုတ်ကျသွားလေတော့သည်။

‘ဒါက ဒီနေ့ ငါ ခေါင်းကို အရိုက်ခံရတာ ဒုတိယအကြိမ်ပဲ...’

သူ တွေးရင်း မတ်တပ်ရပ်နိုင်ရန် ရုန်းကန်ထလိုက်ရလေသည်။ အီသန် သည် ပြုံးဖြဲဖြဲ လုပ်နေဆဲဖြစ်ပြီး ယီရင် ကလည်း ကျေနပ်နေသော အပြုံးကို ပြုံးထားလေသည်။

"သတင်းကောင်းပဲ..."

အီသန် က ပြောလိုက်၏။

"မင်း ငါ့ အချိန်စံချိန်ကို ချိုးသွားပြီ..."

***

All Chapters