အခန်း (၁၅၅-၁၅၆)
Vol. 12 Ch. 155-156
အပိုင်း(၁၅၅)
ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသည့် သစ်သားစူးများ မစူးစေရန် မာဒြာ များကို ခြေထောက်သို့ ပို့လွှတ်ရင်း ယီရင် ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။ သူမ ဘာကိုမှ မယုံနိုင်ချေ။ အကယ်၍ ဖစ်ရှာများက သူမကို ကုသပေးနေသည် ဆိုလျှင် တစ်ခုခု မှားယွင်းနေသောကြောင့် ဖြစ်ရပေမည်။ လှုပ်ရှားလိုက်သည်နှင့် ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက စူးခနဲ နာကျင်လာသည်။ ထိုနာကျင်မှုကြောင့် သူမ ဒယိမ်းဒယိုင် ဖြစ်သွားကာ နံရံကို ဖမ်းကိုင်လိုက်ရလေသည်။
ဖျပ်... ဖျပ်... ဖျပ်...
အပြင်ဘက်ရှိ မြက်ခင်းပြင်ပေါ်တွင် ခြေသံများ ထွက်ပေါ်လာသည်။ ထို့ကြောင့် သူမသည် သူမ၏ ရွှေအဆင့် သင်္ကေတ မှ သံမဏိ ဓားသွားအတွင်းသို့ မာဒြာ များကို စုစည်းလိုက်လေသည်။ ၎င်းသည် သူမ ဆရာ၏ ဓားလောက် အသုံးဝင်သော ကြားခံနယ် မဟုတ်သော်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် လှိုင်းထနေသော ဓား နည်းစနစ် တစ်ခုကိုတော့ ဖန်တီးနိုင်စွမ်း ရှိသေးသည်။
အကယ်၍ လက်နက်စစ်စစ် တစ်ခုကိုသာ ရှာတွေ့နိုင်ပါက မဟာမိတ် အဖွဲ့အစည်း ငါးခု ၏ စခန်းမှနေ၍ ဖောက်ထွက်နိုင်မည့် အခွင့်အရေး ရှိလိမ့်မည်ဟု သူမ တွက်ဆထားလေသည်။ သို့သော် ထိုသို့ လုပ်ဆောင်လိုက်ပါက လင်းတုန်း ဘာဖြစ်သွားသည်ကို မသိရဘဲ လူသူကင်းမဲ့သော တောရိုင်းမြေ ကြီးထဲတွင် သူမ တစ်ယောက်တည်း ကျန်ရစ်ခဲ့မည် ဖြစ်သည်။ အီသန် ကိုလည်း မသိရတော့ပေ။ သို့သော် ထို အဝါရောင် ဆံပင်နှင့် လူ အသက်သေဆုံးသွားခဲ့လျှင်လည်း သူမသည် မလိုအပ်ဘဲ မျက်ရည်ကျနေမည် မဟုတ်ချေ။
တံခါး ပွင့်လာ၏။ သူမ၏ ပခုံးပေါ်တွင် အသင့်ရွယ်ထားသော ဓားသွားသည် အောက်သို့ ခုတ်ချရန် ပြင်ဆင်နေလေသည်။
လင်းတုန်း ၏ အသံ ပျံ့လွင့်လာသည်။
"ယီရင်.. ငါက ယုံကြည်မှု မရှိတဲ့ပုံ မပေါက်ချင်ပါဘူး.. ဒါပေမဲ့.. ကျေးဇူးပြုပြီး ငါ့ကို မခုတ်ပါနဲ့..."
ခြေထောက်များမှ ခွန်အားများ ယိုစိမ့်ထွက်သွားသဖြင့် မြေပြင်ပေါ်သို့ ထိုင်ချလိုက်ရင်း ယီရင် သက်ပြင်းချလိုက်သည်။ သူမသည် နံရံကို မှီကာ ပြန်ပြောလိုက်သည်။
"နောက်ထပ် ခြေနှစ်လှမ်းလောက် တိုးလာရင် နင့်ကို အသားကင်လို ခုတ်ထစ်ပစ်လိုက်မိမှာ..."
"အဲဒါကြောင့် ငါ စောင့်နေတာပေါ့..."
သူသည် တံခါးဝမှ ခေါင်းပြူကာ ရှက်ကိုးရှက်ကန်း အပြုံးတစ်ခုကို ပြသလိုက်သည်။ အလွန် အားနည်းသူ တစ်ယောက်အတွက် သူ၏ အရပ်က မြင့်လွန်းနေဆဲပင်။
"နင့်ဘာသာနင် အပြင်ထွက်ပြီး အကြောင်းစုံ မရှာခင် ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကို ငါ ရှင်းပြမယ်လို့ တွေးလိုက်တာ..."
"သူတို့က ငါ့မေးခွန်းတွေကို သေချာနဲ့ မြန်မြန် ဖြေမယ်ဆိုရင် သူတို့အတွက် ဘာအန္တရာယ်မှ မရှိပါဘူး..."
အမှန်တကယ်တော့ ယခုအခြေအနေတွင် သူမ၏ ခွန်အားဖြင့် ခြိမ်းခြောက်နိုင်စွမ်း ရှိသူမှာ ဖစ်ရှာ စခန်းထဲတွင် လင်းတုန်း တစ်ယောက်တည်းသာ ရှိနိုင်ပေသည်။ သူမ၏ ဝိညာဉ်သည် လေတိုက်ခံနေရသော ဖယောင်းတိုင် တစ်တိုင်ကဲ့သို့ ခံစားနေရပြီး၊ ခန္ဓာကိုယ်မှာလည်း နုနယ်သော အသားများ ထည့်ထားသည့် အိတ်တစ်လုံးကဲ့သို့ ဖြစ်နေလေသည်။ ထို့ပြင် သူမ၏ ဖိတ်ခေါ်မထားသော ဧည့်သည် (အနီရောင်ကြိုး) ကလည်း ၎င်း၏ လှောင်အိမ်ကို တွန်းကန်နေလေပြီ။ သူမသည် ခန္ဓာကိုယ်နှင့် အမြဲတမ်း ဒွန်တွဲလျက် ရှိနေသည့် အနီရောင် ခါးပတ်ပေါ်သို့ လက်တစ်ဖက်ကို တင်ထားလိုက်သည်။ ၎င်းကို ရှုပ်ထွေးသော ဖဲကြိုးပုံစံ ချည်နှောင်ထားဆဲ ဖြစ်သည်။ ထိုပုံစံမှာ ၎င်း၏ စွမ်းအားကို ချုပ်နှောင်ရန် သူမ၏ ဆရာက ဒီဇိုင်းဆွဲထားခြင်း ဖြစ်လေသည်။
၎င်းသည် သူမ၏ လက်ဖဝါးအောက်တွင် အနည်းငယ် တွန့်လိမ်သွားပြီး ချိတ်ပိတ်ထားမှုကို တွန်းကန်နေလေသည်။ လောလောဆယ်တွင် အန္တရာယ် မရှိသော်လည်း ၎င်း၏ကန့်သတ်ချက်များသည် အချိန်ကြာလာသည်နှင့်အမျှ အားနည်းလာမည် ဖြစ်သည်။
သဲနာရီထဲမှ သဲများ ကျဆင်းနေသကဲ့သို့...။
အမွှေးတိုင် တစ်တိုင် တဖြည်းဖြည်း လောင်ကျွမ်းသွားသကဲ့သို့ပင်...။
သူမတွင် အသက်ရှင်သန်ရန် နှစ်မည်မျှ ကျန်ရှိနေသေးသည်ကို သေချာ မသိနိုင်ချေ။ သို့သော်လည်း... သူမ၏ ဧည့်သည်ကို သူမ၏ ကိုယ်ပိုင် စွမ်းအားဖြင့် ဖိနှိပ်ထားနိုင်လောက်အောင် လုံလောက်စွာ အဆင့်မတက်နိုင်ခဲ့ပါက...
သူမသည် သူမ ဟုတ်တော့မည် မဟုတ်ချေ။
အခုမှ စဉ်းစားကြည့်တော့ တစ်စုံတစ်ယောက်က သူမကို အဝတ်အစား လဲပေးခဲ့သည်။ ဆိုလိုသည်က တစ်စုံတစ်ယောက်သည် သူမ၏ ခါးတွင် ချည်ထားသော 'ကြိုး' ကို သေချာ မြင်တွေ့ခဲ့ရပြီး ၎င်းကို မကလိရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းက ထူးခြားသော ဉာဏ်ပညာကို ပြသနေသည်။ ကျင့်ကြံသူ အများစုသည် ဝက်ဝံ တစ်ကောင် အိပ်နေသလား ဆိုတာကို သိရအောင် အတင်း ထိုးဆွကြည့်တတ်ကြသည်။
လင်းတုန်းသည် သူမ၏ မျက်နှာချင်းဆိုင်တွင် ဒူးထောက် ထိုင်လိုက်သည်။ အခန်းထဲတွင် ထိုင်ခုံနှင့် အနီးစပ်ဆုံး တူသော အရာမှာ လက်မခန့် ထူသော သစ်သားစ တစ်ခုသာ ရှိလေသည်။ သူသည် သူ့ကိုယ်သူ သေချာစွာပြင်ဆင်လိုက်ပြီး ကျောကို မတ်မတ်ထားကာ သပ်ရပ်စွာ ထိုင်လိုက်လေသည်။
ယီရင်၏ မျက်လုံးများသည် သူ၏ အဝတ်အစားများပေါ်တွင်ကပ်ငြိသွားလေသည်။ သူသည် ဒေသအလိုက် နာမည်အမျိုးမျိုး ခေါ်ဝေါ်ကြသော ပုံမှန် ကျင့်ကြံသူ ဝတ်စုံကို ဝတ်ဆင်ထားသည်။ လက်မောင်းများကို လွတ်လပ်စွာ လှုပ်ရှားနိုင်သော ကျယ်ဝန်းသည့် လက်အိုးများ၊ လှုပ်ရှားမှု နည်းစနစ် များ အသုံးပြုရာတွင် အဆင်ပြေစေရန် ခြေမျက်စိအထိ တွဲလောင်းကျနေသော အနားသတ်များနှင့် ခါးတွင် ချည်နှောင်ထားသော အဝတ် ခါးပတ် တစ်ခုတို့ ဖြစ်ကြသည်။
ပုံမှန်အားဖြင့် ကျင့်ကြံသူ၏ ဂိုဏ်း သို့မဟုတ် ကလန်သည် ဝတ်ရုံ၏ ပုံစံများနှင့် အရောင်များကို သတ်မှတ်ပေးလေ့ရှိပြီး ဤအချက်ကပင် ယီရင် ၏ အာရုံကို ဖမ်းစားသွားခဲ့ခြင်း ဖြစ်သည်။ လင်းတုန်း၏ ဝတ်ရုံမှာ အချို့နေရာများတွင် အပြာရင့်ရောင် ဖြစ်ပြီး အချို့နေရာများတွင် အဖြူရောင် ဖြစ်နေသည်။ ထို့ပြင် နှလုံးသားပေါ်တွင် လက်ဖဝါး အရွယ်အစားရှိသော အမည်းရောင် လခြမ်းပုံ တစ်ခုကို ရေးမှတ်ထားလေသည်။ သူမ အရင်က မြင်ဖူးသည်။ ၎င်းက မဟာမိတ် အဖွဲ့အစည်း ငါးခု မှ ကျင့်ကြံသူ များကို ရူးသွပ်သွားစေခဲ့သည်။
အာရီလီယပ်စ် မိသားစု...
‘ဒါဆို ဖစ်ရှာ တွေနဲ့ သဲမြွေပွေး တွေ စိုးရိမ်ခဲ့သလိုပဲ သူတို့ ရောက်လာကြပြီပေါ့... လင်းတုန်းကလည်း သူတို့ရဲ့ အရောင်တွေကို ဝတ်ဆင်ထားတယ်... သူ တစ်ယောက်ယောက်နဲ့ ပူးပေါင်းလိုက်တာပဲ...’
သူမ သတိလစ်နေစဉ် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ အကြောင်း သူ၏ ရှင်းပြချက်က မြင်ကွင်းကို ရှင်းလင်းစွာ ပုံဖော်ပေးခဲ့သည်။
အီသန်သည် အဆင့်နိမ့် အရှင်သခင် တစ်ယောက် ဖြစ်သည်။ ထိုအချက်မှာ ယုံကြည်ရန် အလွယ်ကူဆုံး အပိုင်း ဖြစ်ကြောင်း သူမ တွေ့ရှိခဲ့သည်။ သူသည် အဆင့်မြင့် ရွှေအဆင့် များကို သူ့မျက်လုံးနှင့် မတန်သည့်အလား အမြဲတမ်း ဆက်ဆံလေ့ရှိသည်။ ထို့ပြင် ရှေးဟောင်း အပျက်အစီး ထဲတွင် လေ့ကျင့်နေစဉ် အချို့အချိန်များ၌ သူမ၏ ဆရာကို သတိရစေသော အရိပ်အယောင် တစ်ခုကို သူ့ထံတွင် သူမ ဖမ်းမိခဲ့ဖူးလေသည်။
အဆင့်နိမ့် အရှင်သခင် တစ်ယောက် အဆင့်နှင့် ဓားသူတော်စင် ၏ နေရာတွင် ဝင်ရောက် နေရာယူနိုင်မည် မဟုတ်သော်လည်း၊ ဤကဲ့သို့ ဝေးကွာသော ဒေသမျိုးတွင်တော့ အင်ပါယာ တစ်ပါးကဲ့သို့ စိုးမိုးနိုင်မည် ဖြစ်သည်။
ဟုတ်သည်။ အီသန်သည် အဆင့်နိမ့် အရှင်သခင် တစ်ဦး ဖြစ်ကြောင်းကို သူမ မျှော်လင့်ထားနိုင်သည်။ သို့သော် သူမ လက်မခံနိုင်လောက်အောင် ခက်ခဲနေသော အခြား အချက်အချို့ ရှိနေသေးသည်။
"နင်က ခရယ်ကို သတ်ပစ်လိုက်တယ်ပေါ့... အဆင့်မြင့် ရွှေအဆင့် တစ်ယောက်ကိုလေ..."
လင်းတုန်းသည် ရှေးဟောင်း ဝိညာဉ်ပန်းပဲ ဖန်တီးရာ အလုပ်ရုံတွင် သူ ရှာဖွေတွေ့ရှိခဲ့သော အမြုတေ အကြောင်း ရှင်းပြကာ သူမ၏ အမေးကို ရှောင်လွှဲသွားလေသည်။ သူ၏ ပါဝင်မှုအပေါ် သူ့ကိုယ်သူ ရှက်ရွံ့နေသကဲ့သို့ ပြောဆိုနေသော်လည်း သူ၏ မျက်လုံးများနှင့် စကားလုံးများတွင် ဂုဏ်ယူဝင့်ကြွားမှုများ ကိန်းအောင်းနေလေသည်။
သံမဏိအဆင့် တစ်ယောက်က အဆင့်မြင့် ရွှေအဆင့် တစ်ယောက်ကို အနိုင်ယူလိုက်ခြင်းမှာ မည်သည့် အခြေအနေမျိုးတွင်မဆို နေမင်းကြီးက အစိမ်းရောင် ထွက်လာသကဲ့သို့ ဖြစ်သည်။ ၎င်းသည် သူ၏ မြေးများကို ဂုဏ်ယူစွာ ပြောပြနိုင်မည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပေသည်။
ထိုအချက်က သူ၏ ဇာတ်လမ်းထဲမှ ဒုတိယမြောက် လက်ခံရ ခက်ခဲသော အချက်ကို ရှင်းပြနိုင်ကောင်း ရှင်းပြနိုင်ပေမည်။ နာမည်ကြီး အဆင့်နိမ့် အရှင်သခင် ဖြစ်သော အီသန် အာရီလီယပ်စ်က သူ့ကို လိုချင်နေခြင်း ပင်ဖြစ်သည်။
"သူက ဒီကို လူသစ်စုဆောင်းဖို့ လာတာတဲ့..."
လင်းတုန်းက ရှင်းပြသည်။
"ပြီးတော့ သူက ငါတို့ကို.. သင့်တော်မယ်လို့ ထင်နေတယ်..."
တစ်စုံတစ်ခုက သူ၏ မျက်နှာပေါ်တွင် ခဏတာ ဖြတ်ပြေးသွာသည်ကို ယီရင် မြင်ရသည်။ တွန့်ဆုတ်နေခြင်းလည်း ဖြစ်နိုင်ပေသည်။ သို့သော် အဆင့်နိမ့် အရှင်သခင် တစ်ယောက်၏ ကိုယ်ပိုင် ဖိတ်ကြားမှုမျိုးတွင် တွန့်ဆုတ်နေစရာ ဘာရှိမည်နည်း။ သံမဏိအဆင့် တစ်ယောက် အနေဖြင့် အီသန် ကဲ့သို့ လူမျိုးနှင့် စကားပြောဆိုခွင့် ရခြင်းကပင် ဘဝငါးဆက်စာလောက် ကံကောင်းခြင်း ဖြစ်သည်။သူ ဘာကို စိုးရိမ်နေသနည်း။
သို့သော်... ပို၍ အရေးကြီးသော မေးခွန်းတစ်ခု ရှိနေသည်။
ယီရင်သည် သူမကိုယ် သူမ အကြာကြီး အိပ်ပျော်မသွားခဲ့ဘူးဟု ထင်မိသည်။ အကယ်၍ သူမသာ ရက်ပေါင်းများစွာ အိပ်ပျော်သွားခဲ့ပါက ဆာလောင်မှု၊ ရေငတ်မှုနှင့် ဆီးအိမ်အတွင်း ပြင်းထန်သော ဖိအားများကို ခံစားရမည် ဖြစ်သည်။ သို့သော် တိုက်ပွဲတစ်ခု အပြီးတွင် ရှင်းလင်း ထင်ရှားစွာ ခံစားရလေ့ရှိသော အားနည်းနေမှုမှလွဲ၍ သူမသည် နာရီအနည်းငယ်မျှသာ အိပ်ပျော်သွားခဲ့သကဲ့သို့ ခံစားနေရလေသည်။
"ငါ ဘယ်လောက်ကြာကြာ သတိလစ်သွားတာလဲ..."
သူမက မေးလိုက်သည်။
"ခြောက်နာရီလောက်ပဲ ရှိပါသေးတယ်..."
သူက ပြောလိုက်ရာ ထိုကိစ္စ ပြတ်သွားလေသည်။ သို့သော် ၎င်းက သူ၏ ဇာတ်လမ်းတွင် နောက်ထပ် ဟာကွက် အသစ်တစ်ခုကို ဖန်တီးလိုက်ပြီး ထိုအချက်ကို သူမ အနည်းငယ်မျှ လွတ်သွားလုနီးပါး ဖြစ်သွားခဲ့သည်။
"နင်က မြေခွေးတစ်ကောင်လို ကံကောင်းတာပဲ..."
သူမက ပြောလိုက်သည်။
"ခရယ်က နင့်ကို ဓားရှရာ တစ်ချက်လေးတောင် မရအောင် လုပ်မသွားဘူးလား..."
သူက ပခုံးကို လက်ဖြင့်ဖိရင်း အပြစ်ရှိသကဲ့သို့ သူမကို ကြည့်လိုက်သည်။
"ငါက ဘာခြစ်ရာမှ မရဘဲ လွတ်လာတယ်လို့ ပြောချင်တာ မဟုတ်ပါဘူး... သူက ဖန်တီးထားတဲ့ လှံတစ်ချောင်းနဲ့ ဒီနေရာကို အပေါက်ဖောက်သွားတာ..."
နာကျင်နေသည့်အလား သူ ပွတ်သပ်နေသော ပခုံးကို သူမ စိုက်ကြည့်လိုက်သည်။ လင်းတုန်းသည် ဖောက်ထွင်းခံလိုက်ရသည်ဟု ချဲ့ကားပြောဆိုနေခြင်း ဖြစ်လျှင်ပင် (တကယ်တမ်း ထိုသို့ ဖြစ်ဟန်တော့ မတူချေ) သူသည် အဆင့်မြင့် ရွှေအဆင့် တစ်ဦး၏ ဖန်တီးသူ နည်းစနစ် ဖြင့် တိုက်ခိုက်ခံခဲ့ရသည်မှာ တစ်ရက်ပင် မပြည့်သေးချေ။
"အဆင့်နိမ့် အရှင်သခင် တွေမှာ အရမ်းကောင်းတဲ့ ဆေးဝါးတွေ ရှိမှာပေါ့.. ငါ ခန့်မှန်းရသလောက်တော့..."
"နင့်ကို ကုသပေးခဲ့တာကတော့ ဖစ်ရှာ တွေ အဓိကပါပဲ..."
ပခုံးကို ပွတ်သပ်နေဆဲ ဖြစ်သော လင်းတုန်းက ပြောလိုက်သည်။
"အီသန်က ဘာမှ သိပ်မလုပ်ပါဘူး.. ဒါပေမဲ့ သူတို့ကတော့ အီသန် ကို အစေခံဖို့ အသေအလဲ ကြိုးစားနေကြတာ... တကယ်လို့ နင် နိုးလာရင် ရှောင်နေသင့်တယ်လို့ ငါ မပြောခဲ့ဘူးဆိုရင် သူတို့ အခုထိ ဒီထဲမှာ ရှိနေလောက်ဦးမယ်..."
"ငါ့အတွက် ငါ စိတ်မပူပါဘူး..."
ယီရင်က ပြောလိုက်သည်။
"နင် အဲဒီ လက်မောင်းကို ဘယ်လို လှုပ်နေတာလဲ... နင်က သေပြီး မြေမြှုပ်ခံရတော့မယ့် အခြေအနေကနေ ခြောက်နာရီ အတွင်းမှာ ထပြီး ခုန်ပေါက်နေနိုင်တယ်ပေါ့..."
လင်းတုန်း မျက်မှောင်ကြုတ်လိုက်သည်။
"ငါ့မှာ အခု သံမဏိ ခန္ဓာကိုယ် ရှိနေပြီလေ.. နင့်လိုပဲ..."
"ငါနဲ့ မတူဘူး..."
ကျင်းလုံသည် စွမ်းအားပိုင်းတွင် သူမထက် သာလွန်သော်လည်း သူမ၏ ကျွမ်းကျင်မှုမှာမူ သူမကစားနိုင်သည့် အမြင့်ဆုံး ဖဲချပ် ဖြစ်သည်။ တိုက်ရိုက် ထိမှန်မှု အများစုကို ရှောင်လွှဲနိုင်ခဲ့သဖြင့် သူမသည် ဒဏ်ရာ အသေးစားများစွာသာ ရရှိခဲ့သော်လည်း၊ ဖောက်ထွင်းသွားသော ဓားဒဏ်ရာမျိုးတော့ မရှိခဲ့ချေ။ သို့တိုင်အောင် သူမသည် ကုသပေးသူ တစ်ဦး၏ အရေးပေါ် ဂရုစိုက်မှုကို လိုအပ်ခဲ့ပြီး၊ တစ်ပတ် သို့မဟုတ် နှစ်ပတ်ခန့်အထိ သူမ၏ ဓားကို ကိုင်တွယ်နိုင်လောက်အောင် အင်အားပြည့်ဝဦးမည် မဟုတ်ချေ။
၎င်းမှာ ပုံမှန် ဘဝတစ်ခု၏ အစိတ်အပိုင်း အဖြစ် ထင်ရှား မှန်ကန်ပေသည်။ သူမသည် ပြင်းထန်သော ဒဏ်ရာတစ်ခုခု မရဘဲ သူမ၏ လမ်းစဉ် အပေါ် ခြေတစ်လှမ်း လှမ်းနိုင်ခဲ့သည်မှာ ခဲယဉ်းလှသည်။ သို့သော် လင်းတုန်းကတော့ သူ၏ ဒဏ်ရာကို တစ်ရက်ခန့် အတွင်း လမ်းလျှောက်ရင်း ပျောက်ကင်းအောင် လုပ်နိုင်ခဲ့လေသည်။
သူမ၏ မှတ်ဉာဏ်ထဲတွင် တောမီးလောင်ရာမှ တွားသွား ထွက်လာသကဲ့သို့ သွေးများနှင့် အမည်းရောင် ရွှံ့များ ပေကျံနေသော ပုံရိပ်တစ်ခု ဖြတ်ပြေးသွားလေသည်။
ထိုစဉ်က လင်းတုန်း သေဆုံးသွားပြီဟု သူမ ရတနာ တစ်ပုံကြီး လောင်းကြေးထပ်ရဲသည်။ ထိုတန်ဖိုး အတွက် အီသန်၏ အရေပြားများ ဆုတ်ခွာ၍ ပြန်ယူရန်လည်း ပြင်ဆင်ထားခဲ့သည်။
သို့သော်လည်း လင်းတုန်းသည် သံမဏိအဆင့်သို့ အောင်အောင်မြင်မြင် တက်လှမ်းသွားခဲ့လေသည်။ သူက မည်ကဲ့သို့ ခန္ဓာကိုယ်မျိုး ရရှိသွားသနည်း။
***
အပိုင်း(၁၅၆)
လင်းတုန်း တစ်ယောက် ယီရင်၏ တုန့်ပြန်မှုက ထူးဆန်းနေသည်ကို ရိပ်မိသွားခဲ့၏။ သူ၏ အသံမှာ တုန်ယင်သွားလေသည်။
"ယီရင်... အဲ့တာ တစ်ခုခု မှားနေလို့လား... ငါ စိတ်ပူသင့်လား..."
သူမသည် သူ၏ ပြီးပြည့်စုံသော ကိုယ်ဟန်အနေအထားကို ယိမ်းယိုင်သွားစေရန် ခြေထောက်ဖြင့် ခပ်ဖွဖွကန်လိုက်သည်။
"နင့်ရဲ့ အဆင့်နိမ့် အရှင်သခင် အသစ်က အဲဒါကို ဖြေရှင်းပေးနိုင်ပါတယ်..."
သူ မျက်နှာမဲ့သွားလေသည်။
"တောင်းပန်ပါတယ်... နင် မနိုးခင်မှာပဲ သူ့ရဲ့ ဖိတ်ကြားချက်ကို ငါ လက်ခံလိုက်ပြီ..."
"နင် လက်မခံဘူးဆိုရင်တော့ ငါ နင့်ခေါင်းကို ခွဲရမှာပဲ..."
ယီရင်က ပြောလိုက်သည်။ ၎င်းသည် အရူးတစ်ယောက်သာ ငြင်းပယ်မည့် အခွင့်အရေးမျိုး ဖြစ်သည်။
သို့သော် ထိုအချက်က အကျည်းတန်သော မေးခွန်းတစ်ခုကို ကျန်ရစ်စေခဲ့သည်။ သူမကိုရော ဘယ်မှာ ထားခဲ့မည်နည်း။
နှင်းများမှလွဲ၍ ဘာမှမရှိသော၊ သူမမှလွဲ၍ မည်သူမျှ မရှိသော အဆုံးမဲ့ ဆောင်းရာသီ သစ်တောကြီး တစ်ခုသည် သူမ၏ အာရုံထဲတွင် ပြန်လည် ပေါ်လာခဲ့သည်။
"မဟုတ်ပါဘူး.. နင့်ကို ငါ ဒီထက်ပိုပြီး အလေးထား သင့်ပါတယ်..."
သူသည် အနည်းငယ် ကိုင်းညွတ်ကာ ထိုင်လျက်ပင် အရိုအသေ ပေးလိုက်သည်။
"ငါ့ကို ခွင့်လွှတ်ပါဟာ..."
သူမက နံရံကို လက်တစ်ဖက်ဖြင့် ထောက်ကာ အတင်း မတ်တတ်ရပ်လိုက်သည်။
"အဲဒီအတွက် စိတ်မပူပါနဲ့... သံမဏိအဆင့် တွေက အစောင့်အရှောက် မပါဘဲ အပြင်ထွက်ခွင့် ရှိပါတယ်... နင်လည်း အဆင့်နိမ့် အရှင်သခင် နဲ့အတူ အေးအေးချမ်းချမ်း အခြေချနိုင်မှာပါ..."
ဆရာဖြစ်သူ၏ ဓားမှာ သစ်သားအိမ်ထဲတွင် မရှိချေ။ သူမ ၎င်းကို လိုအပ်နေသည်။ သင် တစ်ယောက်တည်း ရှိနေချိန်တွင် အရင်ဆုံး လက်နက်ကို ရှာဖွေရမည် ဖြစ်သည်။
လင်းတုန်းက စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း ချက်ချင်းပင် ပြန်ပိတ်သွားလေသည်။ တိတ်ဆိတ်မှုသည် ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံသွား၏။
သူ နောက်သို့ ဆုတ်သွားပြီး ပြတင်းပေါက်ကို ပြူးကျယ်သော မျက်လုံးများဖြင့် ကြည့်လိုက်ချိန်အထိပင်...။ သူမကလည်း လှည့်ကြည့်လိုက်ပြီး ဓားလက်တံကို အသင့်ပြင်ကာ မာဒြာ များကို စုစည်းလိုက်လေသည်။
ပြတင်းပေါက် တံခါးမှာ အနည်းငယ် ပွင့်နေပြီး တောက်ပသော မျက်လုံးတစ်လုံးက အထဲသို့ ချောင်းကြည့်နေလေသည်။ ၎င်းကို အဝါရောင် ဆံပင်အချို့နှင့် လက်မဝက်ခန့် ရှိသော အပြုံးတစ်ခုက ဝန်းရံထားလေသည်။
မျက်နှာသည် ပြတင်းပေါက်မှ ပျောက်ကွယ်သွားပြီး နောက်တစ်စက္ကန့်တွင် အီသန် အာရီလီယပ်စ်သည် တံခါးကိုကန်ဖွင့်လိုက်လေသည်။
"နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ် အသဲလေးတို့.. ဒါပေမဲ့ စကားလုံးတိုင်းကို မတော်တဆ ကြားသွားခဲ့လို့ပါ...”
ယီရင်၏ ဝိညာဉ်သည် အရိုးကပ်သည်အထိ ခမ်းခြောက်နေခဲ့သည် ဆိုလျှင်တောင်မှ၊ အဆင့်နိမ့် အရှင်သခင် အဆင့် တစ်ယောက် ဆယ်ပေခန့် အကွာတွင် ရှိနေသည်ကို သူမ အာရုံမခံမိခဲ့ခြင်းမှာ မယုံနိုင်စရာပင် ဖြစ်သည်။ အနည်းဆုံးတော့ သူသည် ထိုနေရာတွင် စက္ကန့်အနည်းငယ်ထက် ပို၍ ရှိနေခဲ့ခြင်း မဖြစ်နိုင်ချေ။ သို့မဟုတ်ပါက သူမသည် သူမ၏ ကိုယ်ပိုင် စွမ်းဆောင်ရည်များ အပေါ် ယုံကြည်မှု လုံးဝ ဆုံးရှုံးသွားပေလိမ့်မည်။
"ဘယ်လောက်တောင် ကြာပြီလဲ နားထောင်နေတာ..."
သူမက ဓားသွားပုံစံ ရွှေအဆင့် သင်္ကေတကို ပြန်မချပဲ မေးလိုက်သည်။
အီသန်က တွေးတောဟန်ဖြင့် မေးစေ့ကို ပုတ်လိုက်သည်။
"လွန်ခဲ့တဲ့.. လေးပတ်လောက်ကတည်းကပါ..."
သူက ပြောလိုက်ပြီး လင်းတုန်းကို လှမ်းကြည့်ကာ ပြောပြလိုက်သည်။
"ကဲ.. မင်းက ဘယ်လောက်ပဲ ထူးခြားပြီး အထူးတလည် ဖြစ်နေပါစေ၊ ငါက မင်းတစ်ယောက်တည်းကိုပဲ လိုချင်တယ်ဆိုတဲ့ အထင်မျိုး ဘယ်ကနေ ရလာတာလဲ..."
လင်းတုန်း၏ မျက်နှာတွင် ဇဝေဇဝါ ဖြစ်မှုများကိုသာ ပြသနေသော်လည်း သူသည် အရိုအသေ ပေးရန်အတွက် မတ်တတ်ရပ်လိုက်လေသည်။ သူ၏ သံမဏိအဆင့် ရင်ထိုးသည် လည်ပင်းမှ တွဲလောင်း ကျနေလေသည်။
"ကျွန်တော့်ကို ခွင့်လွှတ်ပါ အဆင့်နိမ့် အရှင်သခင်..."
ယီရင် အနေဖြင့် လင်းတုန်း တစ်ယောက် ဘာအတွက် တောင်းပန်နေမှန်း သူ့ကိုယ်သူပင် သိမည်မဟုတ်ကြောင်း ငွေပုံနှင့် မြက်ခြောက်ပုံ လောင်းကြေးထပ်ရဲလေသည်။
"သေချာတာပေါ့.. မင်းက ရတနာ တစ်ပါးပါ..."
အီသန်က လင်းတုန်း ၏ ပခုံးပေါ်သို့ လက်တစ်ဖက် တင်လိုက်ရင်း ပြောလိုက်သည်။ ထို့နောက် သူ၏ အခြား လက်တစ်ဖက်သည် မြွေတစ်ကောင်ကဲ့သို့ ထွက်လာပြီး ယီရင် ကိုပါ ဖမ်းဆုပ်လိုက်လေသည်။ သူမသည် သူ့ကို ထိုးစိုက်မိမည့် ဆဲဆဲတွင် ဓားလက်တံကို ရပ်တန့်လိုက်ရသည်။
"ဒါပေမဲ့ ငါက ရတနာ တစ်ပါးတည်းကို ရှာနေတာ မဟုတ်ဘူး... အစုံလိုက် လိုချင်တာ..."
ယီရင်နှင့် လင်းတုန်းတို့ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြသည်။ သူမသည် အပြင်ပန်းတွင် မည်သည့် လက္ခဏာမှ မပြသသော်လည်း သူမ၏ နှလုံးသားမှာ ပြေလျော့သွားသကဲ့သို့ ခံစားလိုက်ရသည်။ နောက်ဆုံးတော့ သူမ တစ်ယောက်တည်း ရုန်းကန်နေရတော့မည် မဟုတ်ချေ။ အနည်းဆုံးတော့ အချိန်တို အတွင်းမှာပေါ့လေ။
"ယီရင်ရေ... ဒါဆို ငါတို့ တစ်စုံပေါ့နော..."
လင်းတုန်းက ပြောလိုက်သည်။
"ဒီလိုပဲ ထင်ရတာပဲ..."
သူမက ပြန်ဖြေလိုက်သည်။ ထို့နောက်... သူ့ကို ပြုံးပြလိုက်ရာ သူသည် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို ပွတ်သပ်နေလေသည်။
အီသန်က လည်ချောင်း ရှင်းလိုက်သည်။
"ကဲ..."
သူက ပြောလိုက်သည်။
"တစ်စုံဖြစ်ဖြစ် တစ်ရှင်းပဲ ဖြစ်ဖြစ်... အဲဒီထဲက တစ်ဝက်ကတော့ မှော်ပစ္စည်း တွေထဲကို အမြုတေ တွေ ထည့်သွင်းနေရမှာလေ..."
လင်းတုန်းသည် ခေါင်းညိတ် အရိုအသေ ပေးလိုက်သည်။
"တောင်းပန်ပါတယ် အဆင့်နိမ့် အရှင်သခင်... ယီရင် နိုးလာတဲ့ အချိန်မှာ ရင်းနှီးတဲ့ မျက်နှာတစ်ခုကို လိုအပ်မယ်လို့ ကျွန်တော် ထင်မိလို့ပါ..."
"မင်းက သဘောကောင်းတာပဲ.. သေချာတာပေါ့.. ကြင်နာတတ်တာကို ငါ မကန့်ကွက်ပါဘူး... အဲဒီ ကြင်နာမှုက မင်းကို အသက်ရှင်စေလိမ့်မယ်လို့ ထင်ရင်ပေါ့လေ... နောက်တစ်နှစ် ကြာလို့ အဆင့်မြင့် ရွှေအဆင့် တစ်ယောက်က မင်းရဲ့ ကိုယ်တွင်းကလီစာ တွေနဲ့ နံရံတွေကို အလှဆင်တဲ့ အချိန်ကျရင်လေ..."
လင်းတုန်း၏ ခေါင်းသည် မော့လာပြီး အီသန် ထံသို့ စူးစိုက်ကြည့်လိုက်သည်။
"ဂုဏ်သရေရှိ အဆင့်နိမ့် အရှင်သခင် ကြီး.. ခင်ဗျားရဲ့ စဉ်းစားပေးမှု အတွက် ကျေးဇူးတင်ပါတယ်.. ဒါပေမဲ့ လမ်းညွှန်မှု တစ်ခုလောက်တော့ တောင်းဆိုပါရစေ... တစ်နှစ် အတွင်းမှာ အဆင့်မြင့် ရွှေအဆင့် တစ်ယောက်ကို ကျွန်တော် ဘယ်လို အနိုင်ယူနိုင်မှာလဲ..."
သူ၏ အသံမှာ နောက်တစ်နပ်အတွက် တောင်းရမ်းနေသော ငတ်မွတ်နေသူ တစ်ယောက်၏ အသံနှင့် တူနေလေသည်။
"မှန်ကန်တဲ့ အခြေအနေ အောက်မှာဆိုရင် ပုရွက်ဆိတ် တစ်ကောင်က ရှေးဟောင်း သစ်ပင်ကြီး တစ်ပင်ကို လဲကျစေနိုင်တယ်..."
အီသန်က ပြောလိုက်သည်။
"ဒါကြောင့် သေချာပေါက် ဖြစ်နိုင်တာပေါ့... ဒါပေမဲ့ ဒီအရာက..."
သူ တွန့်ဆုတ်သွားလေသည်။
"အမှန်အတိုင်းပြောရရင် ငါက 'မင်းဘဝရဲ့ အဆိုးရွားဆုံး နှစ်တစ်နှစ်' လို့ ပြောမလို့ပဲ.. ဒါပေမဲ့ မင်းက အရမ်း ငယ်သေးတယ်လေ... ဒီလိုပဲ ပြောလိုက်ပါရစေ.. တကယ်လို့ မင်းဟာ ဒီနှစ်ကုန်တဲ့ အချိန်မှာ အဆုတ်တွေ သွေးထွက်တဲ့အထိ မအော်ဟစ်ဘဲ ငါ့နာမည်ကို ကြားနိုင်သေးတယ် ဆိုရင်၊ ငါ ငါ့အလုပ်ကို သေချာ မလုပ်ခဲ့ဘူးလို့ပဲ သတ်မှတ်ရလိမ့်မယ်..."
လင်းတုန်း ၏ မျက်နှာမှာ ဖြူရော်သွားသော်လည်း သူ၏ အသံကတော့ ခိုင်မာနေဆဲ ဖြစ်သည်။
"ကြင်နာမှု အတွက် ကျေးဇူးတင်ပါတယ် အဆင့်နိမ့် အရှင်သခင်..."
သူသည် အီသန် ကိုရော ယီရင် ကိုပါ ခေါင်းညိတ်ပြလိုက်ပြီး သစ်သားအိမ်ငယ်လေး ထဲမှ ထွက်ခွာသွားလေသည်။
အီသန်သည် လက်ပိုက်လျက် သူ ထွက်သွားသည်ကို ကြည့်နေလေသည်။ တံခါး ပိတ်သွားသောအခါ သူက တဟိဟိ ရယ်မောလိုက်သည်။
"ဟိဟိ... မင်း သူ့ကို သတိမပေးလိုက်ဘူးနော်..."
ယီရင်သည် အဆင့်နိမ့် အရှင်သခင်ကို အလောင်းတစ်ခုမှ ထွက်ပေါ်လာသော အဆိပ်ပြင်းသည့် ဝိညာဉ်အကြွင်းအကျန် တစ်ကောင်ကို စောင့်ကြည့်သည့် ပုံစံမျိုးဖြင့် ကြည့်လိုက်သည်။
"ဘာအကြောင်းကိုလဲ..."
"သူ့ရဲ့ တွေးထင်ထားမှု တွေထဲက.. ဟာကွက်ကို မင်း သတိထားမိတယ် ဆိုတာ ငါ သိပါတယ်..."
သူမသည် တွန့်ဆုတ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူက သူမကို အကဲခတ်မိနေပြီ ဖြစ်သဖြင့် ဟန်ဆောင်နေရန် အကြောင်းမရှိတော့ချေ။
"တစ်နှစ်နေရင် ကျင်းလုံ ဟာ အဆင့်မြင့် ရွှေအဆင့် မဟုတ်တော့ဘူးလေ..."
အီသန်သည် ကြီးကျယ်ခမ်းနားသော လက်ဆောင်တစ်ခု ရရှိလိုက်သည့် လူတစ်ယောက်၏ ပျော်ရွှင်မှုမျိုး တောက်ပစွာဖြင့် သူ၏ လက်နှစ်ဖက်ကို ကျယ်ဝန်းစွာ ဆန့်ထုတ်လိုက်သည်။
"အဆုံးမဲ့ ဓား သူတော်စင် အပေါ် ငါ့ရဲ့ လေးစားမှုတွေက တိုးလာရုံပဲ ရှိတော့တယ်... သူက မင်းကို သူ့ရဲ့ တပည့်အဖြစ် ရွေးချယ်ခဲ့တုန်းက သူကိုယ်တိုင် အထက်မြက်ဆုံး လူတစ်ယောက် ဖြစ်ကြောင်း သက်သေပြခဲ့တာပဲ..."
ယီရင်က လင်းတုန်း ထွက်သွားရာဘက်ကို လှမ်းကြည့်လိုက်သည်။
"ပုရွက်ဆိတ်တွေ၊ သစ်ပင်တွေ အကြောင်း ရှင် ကြိုက်သလို ပြောလို့ ရပါတယ်.. ဒါပေမဲ့ လင်းတုန်း ဟာ အစစ်အမှန် ရွှေအဆင့် တစ်ယောက်ကိုတော့ အနိုင်မရနိုင်ဘူးလို့ ကျွန်မ ငြင်းဆိုချင်တယ်... တစ်နှစ် အတွင်းမှာတော့ မဖြစ်နိုင်ဘူး..."
အီသန်က လက်ညှိုး တစ်ချောင်းကို ထောင်ပြလိုက်သည်။
"အစစ်အမှန် ရွှေအဆင့် ဒါမှမဟုတ် အဲဒီထက် ပိုမြင့်တာပေါ့... အခု သူက သူ့ ဘိုးဘေး ရဲ့ လှံကို ကိုင်ဆောင်ထားတယ် ဆိုတာ သတိရပါဦး... ဒါပေမဲ့ တခြားပိုင်းမှာတော့ မင်းပြောတာ မှန်ပါတယ်.. လင်းတုန်း သေချာပေါက် နိုင်မှာ မဟုတ်ဘူး... သူ မနိုင်နိုင်ဘူးလေ... ဒါပေမဲ့ သူ ဘယ်လိုပဲဖြစ်ဖြစ် တိုက်ရမှာပဲ... စိတ်လှုပ်ရှားစရာ ကောင်းတယ် မဟုတ်လား..."
***