အခန်း (၁၅၇-၁၅၈)
Vol. 12 Ch. 157-158
အပိုင်း(၁၅၇)
အဝါရောင် ဆံပင်နှင့် လူ၏ တက်ကြွရွှင်လန်းနေသော ဟန်ပန်သည် ယီရင်၏ အကြိုက်နှင့် အမြဲတမ်း ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။ သူနှင့် လေ့ကျင့်ခဲ့သော နှစ်ပတ်တာ ကာလအတွင်းတွင် သူမ အနည်းငယ် အသားကျလာခဲ့သော်လည်း၊ ယခုအခါ အရင်က စိတ်အနှောင့်အယှက် ဖြစ်မှုသည် လက်သည်းအောက်ရှိ သစ်သားစူး တစ်ခုကဲ့သို့ ပြန်လည် တိုးဝင်လာခဲ့လေသည်။ ဒေါသများလည်း အတူ ပါလာလေသည်။
"ဒါဆို ရှင်က သူ့ကို သွေးထွက်အောင် ထောင်ချောက်ဆင်နေတာပေါ့..."
စွပ်စွဲချက်ကို ဖုံးကွယ်ရန် မကြိုးစားတော့ဘဲ သူမက ပြောလိုက်သည်။
အီသန်က လက်ချောင်းထိပ်များကို တစ်ခုနှင့်တစ်ခု ထိခတ်ကာ ခေါက်လိုက်သည်။
"မဟူရာ မီးတောက် အင်ပါယာ ရဲ့ တောင်ဘက် အစွန်အဖျားက ဝေးလံခေါင်သီတဲ့ တောင်တန်းတွေပေါ်မှာ လျှို့ဝှက် မျက်လုံး ကျောင်းတော် လို့ခေါ်တဲ့ မြေကြီးစွမ်းအင်သုံး ကျင့်ကြံသူ ဂိုဏ်းငယ်လေး တစ်ခု ရှိတယ်... ပြီးတော့ သူတို့က အနုပညာရှင် စစ်စစ်တွေပဲ... သူတို့ရဲ့ ကျောက်ဆစ်ရုပ်တု တွေက ဈေးကွက်ထဲမှာ သန်းနဲ့ချီပြီး အရောင်းအဝယ် ဖြစ်ကြတယ်... သူတို့ရဲ့ လမ်းစဉ် ကို လေ့ကျင့်ဖို့အတွက် အဲဒီကျောင်းတော်က တပည့်တွေဟာ တောင်စောင်းပေါ်က ကျောက်တုံး ကျောက်ဆောင်တိုင်းရဲ့ အော်ရာ ကို နှစ်နဲ့ချီပြီး လေ့လာကြရတယ်... ပြီးပြည့်စုံတဲ့ ကုန်ကြမ်းပစ္စည်း ကို ရှာတွေ့မှသာ သူတို့က စ ထွင်းထုကြတာ..."
သူက လက်နှစ်ဖက်ကြားတွင် ကျောက်တုံးတစ်တုံးကို ကိုင်ထားသကဲ့သို့ သူ၏ လက်များကို လှုပ်ရှားလိုက်သည်။ "တစ်ခါတုန်းက ငါ သူတို့ဆီကို အလည်အပတ်သွားပြီး သူတို့ရဲ့ လုပ်ငန်းစဉ်ကို လေ့လာခွင့်ရမယ့် ကံကောင်းမှုမျိုး ကြုံခဲ့ဖူးတယ်... ငါ့အမြင်မှာတော့ သူတို့က တစ်နေကုန် ကျောက်တုံးတွေကို ထိုင်ကြည့်နေကြသလိုပဲ... ဒါနဲ့ သူတို့ ဘာကို ရှာနေတာလဲလို့ ငါ မေးကြည့်လိုက်တယ်... အဲဒီတော့ သူတို့က အလှပဆုံး အပြစ်အနာအဆာ တွေကို ရှာနေတာပါလို့ ပြန်ဖြေကြတယ်..."
ယီရင်သည် မျက်မှောင်ကြုတ်လိုက်ရင်း ခပ်ပြတ်ပြတ် မေးလိုက်၏။
"ဒီဇာတ်လမ်းထဲမှာ လင်းတုန်းက ကျောက်တုံး တစ်တုံးပေါ့လေ..."
အီသန်က ခေါင်းညိတ်လိုက်သည်။
"ပြီးတော့ သူ့မှာ အရမ်းကို လှပတဲ့ အပြစ်အနာအဆာ တစ်ခု ရှိနေတယ်... သူက မွေးကတည်းက အရမ်း အားနည်းခဲ့တာလေ... ဒါကြောင့် အားနည်းသူတွေ အသက်ရှင် ရပ်တည်တဲ့ နည်းလမ်းအတိုင်း သူ သင်ယူခဲ့ရတယ်... လှည့်စားတာတွေ၊ အပေးအယူ လုပ်တာတွေနဲ့ ဝိညာဉ်အကြွင်းအကျန်ကြီးတွေ ပြည့်နှက်နေတဲ့ကမ္ဘာကြီးထဲမှာ အံခဲပြီး ဖြတ်သန်းခဲ့ရတာပဲ..."
သူက ကျေနပ်အားရစွာ ပြုံးလိုက်သည်။
"တကယ်လို့ သူ့ကို ဝိညာဉ်အကြွင်းအကျန်ကြီး တစ်ကောင် ဖြစ်လာအောင် ငါ ဖန်တီးချင်တယ် ဆိုရင်၊ အဲဒီ အပြစ်အနာအဆာ ကိုပဲ ငါ အသုံးပြုရလိမ့်မယ်..."
"အဲဒါက ရှင့်ရဲ့ ရည်ရွယ်ချက်ပေါ့.. ဟုတ်လား... သူ့ကို ဝိညာဉ်အကြွင်းအကျန်ကြီး တစ်ကောင် ဖြစ်လာအောင် လုပ်ဖို့လေ..."
ယီရင်သည် အီသန်၏ မိသားစုနှင့် ပူးပေါင်းရန် စိတ်ယိမ်းနေခဲ့ပြီ ဖြစ်သည်။ ထိုကဲ့သို့သော အခွင့်အရေးမျိုးကို အရူးတစ်ယောက်သာ လက်လွှတ်ခံလိမ့်မည်ဟု လင်းတုန်း အား သူမ ပြောခဲ့စဉ်က လိမ်ပြောခဲ့ခြင်း မဟုတ်ချေ။ သို့သော် ယခုအခါတွင်တော့ လင်းတုန်း တွန့်ဆုတ်နေခဲ့သည့် အကြောင်းရင်းကို သူမ နားလည်သွားလေပြီ။
အီသန်သည် အပြုံးများလွန်းနေသည်။
"ရှင်က ကျွန်မတို့ နှစ်ယောက်စလုံးကို လက်ဆောင်တစ်ခု ပေးဖို့ ရည်ရွယ်ထားပုံ ရတယ်..."
ယီရင်က ပြောလိုက်ရင်း သူမ၏ ဓားလက်တံဆီသို့ မာဒြာ များကို လည်ပတ်စီးဆင်းစေလိုက်သည်။ သူမ ၎င်းကို အသုံးပြုရန် အစီအစဉ် မရှိသော်လည်း ၎င်းက သူမကို အခြေအနေအပေါ် ထိန်းချုပ်နိုင်စွမ်း ရှိသည်ဟူသော ခံစားချက်ကို ပေးစွမ်းလေသည်။
"ဒါပေမဲ့ အဲဒီ လက်ဆောင်တွေရဲ့ နောက်ကွယ်က အကြောင်းရင်းကို မသိရရင် အဲဒီ လက်ဆောင်တွေကို ကျွန်မ မကြိုက်ဘူး..."
သူ၏ အပြုံးတွင် လွမ်းဆွေးတမ်းတမှု အရိပ်အယောင်တစ်ခု ရောယှက်သွားပြီး သူမ၏ ပခုံးပေါ်မှကျော်ကာ အဝေးတစ်နေရာသို့ ငေးကြည့်နေလေသည်။
"ဘာလို့လဲ သိချင်လို့ပေါ့..."
သူက ထပ်မေးလိုက်သည်။
"အဲဒါက ဖမ်းရခက်တဲ့ သားရဲ တစ်ကောင်လိုပဲ.. အတိအကျ သတ်မှတ်ဖို့ ခက်ခဲလှတယ်... မွေးကတည်းက စွမ်းအား အရမ်း နည်းပါးလွန်းနေတာဟာ လူတစ်ယောက် ကြုံတွေ့နိုင်တဲ့ အဆိုးရွားဆုံး ပြဿနာတော့ မဟုတ်ဘူးလို့ပဲ ငါ ရိုးရိုးရှင်းရှင်း ပြောလိုက်ပါရစေ..."
ဤစကားလမ်းကြောင်းသည် မည်သည့်နေရာသို့ ဦးတည်နေသည်ကို ယခု သူမ သိရှိသွားလေပြီ။ ထို့ကြောင့် သူမ၏ ကျောဘက်ရှိ သံမဏိ လက်ရုံးကို ပြန်လည် ရုတ်သိမ်းလိုက်သည်။ သူမ၏ ဆရာဖြစ်သူကလည်း လွန်ခဲ့သော အချိန်အတော်ကြာက ဤကဲ့သို့ အလားတူ စကားမျိုးကို သူမအား ပြောကြားခဲ့ဖူးလေသည်။
"မွေးကတည်းက စွမ်းအား အရမ်း များလွန်းသူတွေ အပေါ်မှာ ကံကြမ္မာက ပိုပြီး ရက်စက်တတ်တယ်..."
သူက ပြောလိုက်သည်။
"အဆင့်နိမ့် ရွှေအဆင့် တစ်ထောင်မှာ တစ်ယောက်ကပဲ အဆင့်မြင့် ရွှေအဆင့် ကို ရောက်တယ်လို့ ငါ ကြားဖူးတယ်... အစစ်အမှန် ရွှေအဆင့် ကို တက်လှမ်းတဲ့ နေရာမှာလည်း အဲဒီအတိုင်းပဲ... အစစ်အမှန် ရွှေအဆင့် နဲ့ အဆင့်နိမ့် အရှင်သခင် ကြားမှာဆိုရင်ရော.. တစ်သောင်းမှာ တစ်ယောက်ပဲလေ..."
သူသည် သူမ၏ အရှေ့တွင် အမှန်တရား တစ်ခုကို ဖြန့်ကျက်ပြသလိုက်သည့်အလား လက်ဟန်ခြေဟန်ဖြင့် ပြသလိုက်သည်။
"အဓိပ္ပာယ် ဖွင့်ဆိုရရင်တော့.. အဆင့်တစ်ခု တက်လှမ်းသွားတိုင်း မင်းသိတဲ့ လူတိုင်းကို နောက်ချန်ထားရစ်ခဲ့ပြီး နောက်ဆုံးမှာတော့ သူတို့အားလုံးကို အပြီးအပိုင် ကျော်လွန်သွားတယ် ဆိုတဲ့ သဘောပဲ... အဲဒါက ကျင့်ကြံခြင်း လမ်းစဉ် ရဲ့ သဘာဝတရားပဲလေ.. အောင်မြင်မှုရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ပဲ..."
၎င်းမှာ သူမ ကောင်းစွာ သိရှိထားသော အမှန်တရား တစ်ခု ဖြစ်သည်။ သူမသည် ယခုအချိန်တွင် သာမန်ထက် အနည်းငယ်မျှသာ ပိုကောင်းပိုနေမည် ဖြစ်သော်လည်း ၎င်းမှာ သူမ စတင်ခဲ့သော နေရာ မဟုတ်ချေ။ သူမ အဆုံးသတ်ရမည့် နေရာလည်း မဟုတ်ပေ။
ကောင်းကင်ဘုံက သူမအပေါ် သနားညှာတာမှု ပေးသနားလောက်အောင် ကြင်နာသည်ဖြစ်စေ၊ မကြင်နာသည်ဖြစ်စေ၊ သူမသည် အလယ်အလတ် အဆင့်တွင်သာ အချိန်ကြာမြင့်စွာ နေထိုင်ရမည့် ကံကြမ္မာမျိုး မရှိခဲ့ချေ။
"အဲဒါက ကျွန်မရဲ့ အတွေ့အကြုံ ဆိုတာကိုတော့ လက်ခံပါတယ်..."
ယီရင်က ပြောလိုက်သည်။
"ဒါပေမဲ့ ဘယ် လမ်းစဉ်ကမှ လူနှစ်ယောက် အတူလျှောက်ဖို့ လုံလောက်အောင် မကျယ်ဝန်းဘူးလို့ ကျွန်မ ဆရာက အမြဲပြောလေ့ရှိတယ်..."
သူမ စကားပြောနေစဉ်မှာပင် အီသန်၏ အပြုံးများ ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက်... သူသည် သူမကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းများလား ဟု တွေးတောမိလောက်အောင် အလွန် ပြင်းထန်သော အကြည့်မျိုးဖြင့် စိုက်ကြည့်နေလေသည်။
" အဲဒါက ငါ ဖြေရှင်းချင်နေတဲ့ ပြဿနာ အတိအကျပဲ... ငါလျှောက်မယ့် လမ်းရဲ့ ခြေလှမ်းတိုင်းမှာ ငါနဲ့အတူ လျှောက်လှမ်းမယ့် လူတွေကို ငါ ရှာဖွေနေခဲ့တာ..."
"ဘယ်ကိုလဲ..."
သူမက မေးလိုက်သည်။
"အဆုံးသတ် အထိပေါ့..."
သူသည် ထိုစကားကို လေထဲတွင် တန်းလန်း ချန်ရစ်ထားခဲ့သည်။ စင်ကြယ်သော ဂီတ သံစဉ် တစ်ခုကဲ့သို့ ရိုးသားသော တောင့်တမှုများဖြင့် ပဲ့တင်ထပ်နေလေသည်။ ကျင့်ကြံခြင်း လမ်းစဉ် ၏ အဆုံးသတ်။ ၎င်းသည် ဒဏ္ဍာရီ တစ်ခု၏ အဓိပ္ပာယ် ဖွင့်ဆိုချက် တစ်ခုဖြစ်ပြီး လမ်းစဉ် တိုင်းက ရှာဖွေနေကြသော်လည်း မည်သူမျှ မရောက်ရှိနိုင်သော ပန်းတိုင်တစ်ခု ပင်ဖြစ်သည်။
"လင်းတုန်းက အမီလိုက်နိုင်မယ်လို့ ရှင် ထင်နေတာလား..."
ထိုကောင်လေးထံတွင် ကောင်းကင်ဘုံ ဧည့်သည် တစ်ဦး အကြောင်း ဇာတ်လမ်းတစ်ပုဒ် ရှိနေသည်။ သို့သော် ယီရင်ကတော့ အကယ်၍ တစ်နေ့နေ့တွင် သူသာ ရွှေအဆင့် သို့ ရောက်ရှိသွားမည် ဆိုပါက ၎င်းသည်ပင် တစ်သက်စာအတွက် အံ့မခန်း ဂုဏ်ယူစရာ ဖြစ်နေပြီဟု ထင်မြင်မိလေသည်။
အီသန်က ပခုံးကို အနည်းငယ် တွန့်ပြလိုက်သည်။
"သူက လောင်းကြေးတစ်ခုပါပဲ.. အဲဒါကိုတော့ ငါ ဝန်ခံပါတယ်... ဒါပေမဲ့ တကယ်လို့ ဒီလောင်းကြေးသာ အောင်မြင်သွားခဲ့ရင်တော့၊ မင်းက သူ့ကို အမီလိုက်နိုင်ပါ့မလား ဆိုတာကိုပဲ ငါ ပိုပြီး စိုးရိမ်မိတယ်..."
ယီရင်က သူ့ကို စိုက်ကြည့်နေလေသည်။
"သေချာတာပေါ့.. မင်းရဲ့.. ဖိတ်ခေါ်မထားတဲ့ ဧည့်သည် နဲ့ မင်း သဘောတူညီမှု တစ်ခု မရယူနိုင်သရွေ့ပေါ့လေ..."
ခါးပတ်တစ်ခုကဲ့သို့ ခါးတွင် ရစ်ပတ်ထားသော သွေးရောင် ဝိညာဉ်အကြွင်းအကျန် ထံသို့ လက် ရောက်မသွားစေရန် ယီရင် ထိန်းချုပ်ထားလိုက်သည်။ သူ သိသည်။ သူ သိနေခဲ့ပြီးမှ သူမကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။
"ကျွန်မမှာ ဆရာ တစ်ယောက် ရှိပြီးသားပါ..."
နောက်ဆုံးတွင် သူမက ပြောလိုက်သည်။
"ရှင့်ကို ဆရာလို့ ကျွန်မ ခေါ်မှာ မဟုတ်ဘူး..."
"အီသန် ဆိုရင် အဆင်ပြေပါတယ်..."
သူက ပြောလိုက်သည်။ ထို့နောက် သူ ပြုံးလိုက်လေသည်။
***
အပိုင်း(၁၅၈)
တောင်းဆိုထားသော အချက်အလက် - အနက်ရောင် မီးတောက် လမ်းစဉ်။
[သတိပေးချက် - ကြီးမားသော သွေဖည်မှုများကို တွေ့ရှိရပါသည်။ အစီရင်ခံစာ၏ တိကျမှန်ကန်မှုမှာ ထိခိုက်လျက်ရှိ၏။ လုပ်ဆောင်ချက်များ ပြန်လည်ကောင်းမွန်စေရန် ကမ္ဘာစဉ် ၁၁၀ နှင့် ပြန်လည်ဆက်သွယ်ရန် အကြံပြုအပ်ပါသည်။]
အစီရင်ခံစာကို စတင်နေပါသည်...
ရာစုနှစ် ငါးခုကျော်တိုင်တိုင် မဟူရာ မီးတောက် မိသားစုသည် တားဆီးမရနိုင်သော အင်အားဖြင့် ၎င်းတို့၏ အင်ပါယာကို စိုးမိုးအုပ်ချုပ်ခဲ့ကြသည်။ မဟူရာ မီးတောက် ကျင့်ကြံသူ တစ်ဦးတစ်ယောက်နှင့် ရင်ဆိုင်ရမည့်အစား ဂိုဏ်းတစ်ဂိုဏ်းလုံးက လက်နက်ချ အညံ့ခံကြပေလိမ့်မည်။
အင်ပါယာ၏ နယ်မြေသမျှတွင် သူပုန်တို့၏ ခြေကုပ်စခန်းများနှင့် ပြိုင်ဘက် ကျောင်းတော်များသည် အမိုက်မှောင် မီးတောက်များအတွင်း ပြာကျခဲ့ရ၏။ မည်သူမျှ မဟူရာ မီးတောက်တို့ကို မဆန့်ကျင်ရဲကြပေ။ ပုန်ကန်သည်ဟု သင်္ကာမကင်းဖြစ်ခံရရုံဖြင့် ဖျက်ဆီးခံရမည်မှာ သေချာနေသောကြောင့် ဖြစ်သည်။
အစွန်းအထင်းမဲ့ ဒိုင်းလွှား လမ်းစဉ်သည် ကာကွယ်ရေးတွင် အထူးကျွမ်းကျင်ပြီး လက်တစ်ထောင် လမ်းစဉ်မှာမူ စွယ်စုံရမှုတွင် ထူးချွန်လှသည်။ တိမ်တိုက် တူ လမ်းစဉ်ကို လျင်မြန်မှုနှင့် အင်အားကြောင့် လေးစားကြ၏။ ထို့အတူ ငွေရောင် ကျက်သရေ လမ်းစဉ်မှာလည်း ၎င်း၏ သေသပ်လှပမှုကြောင့် ကျော်ကြားသည်။ ပန်းပွင့်ဝါ မိသားစု၏ လမ်းစဉ်များစွာသည် အင်ပါယာတစ်ခွင်လုံးအတွက် ရိက္ခာများ စိုက်ပျိုးပေးကာ မိုးရွာသွန်းစေသည်။ ကျောက်စိမ်း မျက်လုံး လမ်းစဉ်မှာမူ ကုသရေးတွင် ပြိုင်ဘက်ကင်းလှပေသည်။
အနက်ရောင် မီးတောက် လမ်းစဉ်ကို ရှေးဟောင်း နဂါးများထံမှ ခိုးယူခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် စစ်မှန်သော ဖျက်ဆီးခြင်း ပညာရပ်ပင် ဖြစ်ပေသည်။
သို့သော် သာမန်လူသားများသည် နဂါးများ၏ စွမ်းအားနှင့် မကိုက်ညီကြချေ။ တဖြည်းဖြည်းချင်းပင် မဟူရာ မီးတောက် မိသားစုသည် ကျဆင်းလာခဲ့၏။ ၎င်းတို့၏ စိတ်နှင့် ခန္ဓာကိုယ်များသည် မိမိတို့ ကျင့်ကြံသော ပညာရပ်များ၏ ဖျက်ဆီးခြင်း စွမ်းအားကြောင့် တိုက်စားခံလာရသည်။ အဆုံးတွင် အင်ပါယာ၏ အချက်အချာကျသော နေရာမှ နိုင်ငံသားများပင်လျှင် အင်ပါယာမိသားစုအား အမှတ်သင်္ကေတများနှင့် ဒဏ္ဍာရီများအဖြစ်သာ မှတ်ယူလာကြတော့သည်။
အင်ပါယာ၏ နေ့စဉ်လုပ်ငန်းဆောင်တာ များစွာကို မဟူရာ မီးတောက်တို့၏ ရိုးရာ အစေခံများဖြစ်သော နာရူ ကလန်ထံသို့ လွှဲပြောင်းပေးအပ်လာရသည်။ ၎င်းတို့သည် သစ္စာရှိသော ဂုဏ်သတင်း၊ တောက်ပသော မြရောင် အတောင်ပံများနှင့်အတူ မဟူရာ မီးတောက် အင်ပါယာ၏ မျက်နှာစာ ဖြစ်လာခဲ့၏။ ထိုအခါ လူအများကလည်း ၎င်းတို့ကို ပိုမိုသိရှိလာကာ ယုံကြည်အားထားလာကြသည်။
လွန်ခဲ့သော နှစ်ငါးဆယ်ခန့်၊ မဟူရာ မီးတောက် မိသားစုမှာ ပြာကျကာ ဒဏ္ဍာရီအဖြစ် ပျောက်ကွယ်သွားချိန်တွင် နာရူတို့သည် ထီးနန်းကို တိတ်တဆိတ် ဆက်ခံခဲ့ကြသည်။
ပထမဆုံးသော နာရူ ကလန် ဧကရီသည် ထိုအချိန်မှစ၍ သီးသန့် ကျင့်ကြံခြင်းသို့ ဝင်ရောက်သွားခဲ့ပြီး ယခုအခါ သူမ၏ သားတော်က အင်ပါယာကို အုပ်စိုးလျက်ရှိသည်။
မဟူရာ မီးတောက် မိသားစုနှင့် ပတ်သက်၍မူ အများစုမှာ ဆယ်စုနှစ်များစွာကပင် သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။ ၎င်းတို့၏ ကိုယ်ပိုင် မာဒြာ များက အတွင်းပိုင်းမှနေ၍ တဖြည်းဖြည်း စားသုံးသွားခဲ့ခြင်း ဖြစ်၏။ ကျန်ရစ်နေသေးသည့် မဟူရာ မီးတောက်များမှာ [အချက်အလက် ရှာမတွေ့ပါ]...
အကယ်၍ ၎င်းတို့၏ မိသားစုနှင့် လမ်းစဉ်သာ ပြန်လည်ရှင်သန်လာပါက နောက်ဆက်တွဲ အကျိုးဆက်များမှာ—
အဆက်အသွယ် ပြတ်တောက်သွားပါသည်။
အဆက်အသွယ် ပြန်လည်ရယူနေပါသည်...
အဆက်အသွယ် ရယူခြင်း ကျရှုံးပါသည်။
[နတ်ဘုရားပုခက် နှင့် ပတ်သက်သော သိမ်းဆည်းထားသည့် အချက်အလက်များကို ရယူနိုင်ဆဲ ဖြစ်ပါသည်။ သို့ရာတွင် လက်ရှိ အခြေအနေများကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် အနာဂတ်အတွက် ခန့်မှန်းတွက်ချက်ခြင်းများကို ကမ္ဘာစဉ် ၁၁၀ နှင့် အဆက်အသွယ် ပြန်လည်မရရှိမချင်း ပိတ်ထားမည် ဖြစ်သည်။]
အစီရင်ခံခြင်း ပြီးဆုံးပါပြီ။
...
ရွှေရောင်သံမဏိ ညှပ်ကို ကိုင်ဆောင်ထားရင်း လင်းတုန်း သည် ပုံပန်းပျက်ယွင်းနေသော ဝံပုလွေ အသေကောင်ပေါ်သို့ ငုံ့ကိုင်းထားလေသည်။
ထိုမိစ္ဆာသားရဲ သည် ခွဲစိတ်ခံထားရပြီး ပုပ်ပွနေသည့်အလား ပုံပေါက်နေ၏။ ၎င်း၏ အရေခွံမှာ သွေးရောင်လွှမ်းနေပြီး ရောဂါရနေသော အနက်ရောင် အကွက်များဖြင့် ပြည့်နှက်နေသည်။ သို့သော် မသေဆုံးခင်ကပင် ဤအတိုင်း ရှိနေခဲ့ခြင်း ဖြစ်ပေသည်။ ထိုအကောင်သည် မကိုက်ညီသော အစိတ်အပိုင်းများကို စုပေါင်းတွဲစပ်ထားပြီး ချွတ်ယွင်း၍ ရောဂါများပြည့်နှက်နေသော ဖန်တီးမှုတစ်ခုနှင့် တူလှသည်။
မျက်နှာတစ်ဝက်ကို ရေမွှေးဆွတ်ထားသော အဝတ်ဖြင့် ဖုံးအုပ်မထားပါက အနံ့အသက်ဆိုးများကြောင့် သူ သတိလစ်သွားနိုင်ပေသည်။ သို့တိုင်အောင် သူသည် ပါးစပ်မှတစ်ဆင့်သာ အသက်ရှူရန် ကြိုးစားနေရ၏။
လင်းတုန်းသည် ထိုသတ္တဝါ၏ နံရိုးတစ်လျှောက်ကို ခွဲစိတ်ထားပြီးဖြစ်ကာ အတွင်းပိုင်းကို မြင်ရစေရန် အရေခွံများကို နောက်သို့ ဆွဲ၍ တွယ်ချိတ်ထားသည်။ သူသည် အသားများနှင့် အရွတ်ကြောအလွှာများကို လွှဖြင့် ဖြတ်တောက်ခဲ့ရ၏။ လက်အိတ်စွပ်ထားသော သူ၏ လက်များတွင်လည်း ညစ်ညမ်းသော သွေးစက်များ ပေကျံနေလေသည်။
ယခုအခါတွင် သူသည် မိမိကိုယ်ကို တည်ငြိမ်စေရန် အသက်ပြင်းပြင်းရှူသွင်းရင်း ရေမွှေးနံ့များကြောင့် အသက်ရှူမကျပ်စေရန် ကြိုးစားနေရသည်။
ဖစ်ရှာ ဂီရှာက သူ့အပေါ်မှနေ၍ သဘောမကျဟန်ဖြင့် မိုးကြည့်နေ၏။ ဂီရှာသည် သူ မြင်ဖူးသမျှထဲတွင် အသက်အကြီးဆုံးသူ ဖြစ်နိုင်ပေသည်။ ကျင့်ကြံသူ ဝတ်ရုံထဲတွင် ထည့်သွင်းထားသော တွန့်လိပ်နေသည့် အရေတွန့်ပုံကြီးတစ်ခုနှင့်ပင် တူနေသေးသည်။ သူမ၏ မီးခိုးရောင် ဆံပင်များကို ခေါင်းပေါ်တွင် တင်းကျပ်စွာ ထုံးဖွဲ့ထား၏။ ထို့အပြင် မာဒြာ များဖြင့် ပြုလုပ်ထားသည့် စက်ယန္တရားခြေတံ ရှစ်ချောင်းက ဝတ်ရုံအောက်မှ ထွက်ပေါ်နေကာ သူ၏ ပခုံးပေါ်မှ ကျော်ကြည့်နိုင်လောက်အောင် အမြင့်သို့ ပင့်တင်ပေးထားလေသည်။
"ဂရုစိုက်စမ်း... ဖြည်းဖြည်းလုပ်စမ်းပါ..."
သူမက ညွှန်ကြားလေသည်။
"မင်းသာ အမြုတေကို ထောင့်ချိုးအမှားကနေ သွားထိမိရင် လက်ဖက်ရည်ပန်းကန်လုံးလို အကွဲအက်လေးတွေ ဖြစ်သွားလိမ့်မယ်..."
လင်းတုန်းသည် တောင်းပန်သည့် အနေဖြင့် ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်ပြီးနောက် သူ၏ လက်ကို ဒဏ်ရာအပေါက်ထဲသို့ ထိုးသွင်းလိုက်၏။
အိမ်မှာတုန်းကတော့ သူသည် ဖခင်ဖြစ်သူ အမဲလိုက်ရာမှ ရလာသော အသားများကို ဆေးကြောသန့်စင်ရာတွင် ကူညီပေးခဲ့ဖူးသည်။ သို့သော် ဤအလောင်းမှာမူ မသေဆုံးမီကပင် ပုပ်ပွနေခဲ့ခြင်းဖြစ်ရာ လင်းတုန်း မှာ ပျို့အန်မလာစေရန် မနည်းထိန်းချုပ်နေရလေသည်။
သူသည် နံရိုးများကြားသို့ လက်ချောင်း နှစ်ချောင်းခန့်သာ ထိုးသွင်းနိုင်ခဲ့၏။ သို့သော် ထိုလက်ချောင်းများသည် ထက်မြက်ပြီး မာကျောသော အစွန်းအစများနှင့် ချက်ချင်းဆိုသလို သွားရောက် ထိတွေ့မိလေသည်။ တစ်စုံတစ်ယောက်က ကွဲအက်နေသော မှန်စများကို လက်သီးဆုပ်ခန့် အစုအဝေးတစ်ခုအဖြစ် ကော်ဖြင့် ကပ်ထားသည့်အလား ခံစားလိုက်ရသည်။ သူသည် အမြုတေ လေး ကွဲကြေသွားမည်ကို စိုးရိမ်သဖြင့် လက်ချောင်းများဖြင့်ပင် မထိဝံ့မရဲ ဖြစ်နေခဲ့သည်။
ထို့နောက် သူသည် ခွဲစိတ်ထားသော အပေါက်ကို ဖွင့်ဟထားလျက် သူ၏ လက်ကို ပြန်လည် ရုပ်သိမ်းလိုက်၏။
"ဝိညာဉ်အကြွင်းအကျန် တစ်ခုထဲမှာဆိုရင်တော့ အမြုတေ ကို ဖယ်ရှားရတာ ပိုလွယ်ကူလိမ့်မယ်..."
ဖစ်ရှာ ဂီရှာ က လက်နောက်ပစ်လျက် ဘေးမှနေ၍ စောင့်ကြည့်ရင်း ပြောလိုက်သည်။
"ဖြတ်တောက်စရာ ကြွက်သားတွေမှ မရှိတာ... ဟုတ်တယ်မလား... ဖယ်ရှားရတာ လွယ်တယ်... လွယ်တယ်... အရမ်းကို လွယ်ကူတယ်... ဒါပေမဲ့ မိစ္ဆာ သားရဲ တွေကတော့ သူတို့ရဲ့ ဝိညာဉ် တွေကို ခန္ဓာကိုယ်ထဲမှာပဲ သိမ်းထားကြတယ်... ရွံစရာကောင်းတဲ့ ကောင်စုတ်လေးတွေ... ဒါကြောင့် သူတို့က ဝိညာဉ်အကြွင်းအကျန် တွေ ချန်မထားခဲ့ကြဘူး... သူတို့ရဲ့ သိုင်းပညာတွေက ဒီလိုမျိုးပဲ သူတို့ရဲ့ ကလီစာတွေနဲ့အတူ ကြီးထွားလာကြတာပဲ..."
သူမသည် အီသန်က လင်းတုန်းကို ခေါ်မသွားမီ သင်ခန်းစာများကို တတ်နိုင်သမျှ များများ ရိုက်သွင်းပေးရန် ကြိုးစားနေခြင်း ဖြစ်သည်။ သို့မှသာ ထိုအဆင့်နိမ့် အရှင်သခင် က သူမအနေဖြင့် လင်းတုန်း၏ ပညာရေးကို လစ်လျူရှုထားသည်ဟု အပြစ်မတင်နိုင်မည် ဖြစ်၏။ လင်းတုန်း အနေဖြင့် ထိုကြိုးပမ်းမှုကို ကျေးဇူးတင်မိသော်လည်း အလောင်းတစ်ခုထဲမှ သိမ်မွေ့လှသော မာဒြာ အပိုင်းအစလေးကို ဖယ်ရှားရန် ကြိုးစားနေချိန်တွင် ဤသို့ နားထောင်နေရခြင်းက အာရုံလွဲစေသော အရာတစ်ခု ဖြစ်နေလေသည်။
ညှပ်ကို ထိုးသွင်းလိုက်ရင်း သူသည် အမြုတေ ကို ခိုင်မြဲစွာ ဖမ်းဆုပ်လိုက်သည်။ မာဒြာ သည် ရုပ်ဝတ္ထုပစ္စည်းများနှင့် ထိတွေ့ရာတွင် ခန့်မှန်းရခက်သော တုံ့ပြန်မှုများ ဖြစ်ပေါ်တတ်၏။ သို့ရာတွင် ရွှေရောင်သံမဏိ မှာမူ ထူးခြားသော ဒြပ်စင်တစ်ခု ဖြစ်ပေသည်။ သူ၏ ညှပ်သည် အလင်းရောင်နှင့် မထိတွေ့မီအချိန်အထိ ရိုးရိုးရွှေများနှင့်သာ တူနေသော်လည်း အလင်းနှင့် ထိတွေ့သွားသောအခါတွင်မူ စင်ကြယ်သော အဖြူရောင်အဖြစ် တောက်ပသွားလေသည်။
ရွှေရောင်သံမဏိ သည် မည်သည့် မာဒြာ အမျိုးအစားကိုမဆို ခိုင်မြဲစွာ ဖမ်းဆုပ်ထားနိုင်သည်။ ထို့ကြောင့်ပင် ၎င်းကို ဝိညာဉ်ပန်းပဲဆရာ တို့၏ ကိရိယာများနှင့် ရန်လိုသော ဝိညာဉ်အကြွင်းအကျန် များကို ကာကွယ်ရန်အတွက် မကြာခဏ အသုံးပြုလေ့ရှိကြခြင်း ဖြစ်၏။ သူသည် အမြုတေ လေးကို ခိုင်မြဲစွာ ကိုင်ထားလိုက်သည်။ အလွန်အမင်း ညှစ်မိ၍ ကွဲကြေမသွားစေရန်လည်း ဂရုစိုက်ရလေသည်။
ထို့နောက် သူသည် မိစ္ဆာ သားရဲ ၏ ကိုယ်တွင်းရှိ ပိတ်မိနေသော အမြုတေ နံဘေးသို့ သူ၏ လက်ချောင်း နှစ်ချောင်းကို ထပ်မံ ထိုးသွင်းလိုက်ပြန်သည်။ ထို့နောက် ချွဲကျိနေသော ကြွက်သား အစုအဝေးတစ်ခုကို ဆွဲညှစ်လိုက်လေတော့သည်။
ထို့နောက် သူသည် မာဒြာ ကို လှည့်ပတ်၍ သူ၏ လက်ချောင်းများကို အားဖြည့်ကာ အမြုတေ မှ ဆွဲခွာလိုက်၏။ ၎င်းသည် ပူနွေးနေသော ပေါင်မုန့်ကို ဖဲ့ယူလိုက်ရသကဲ့သို့ပင် ဖြစ်သည်။
သံမဏိအဆင့် သို့ မတက်လှမ်းမီ လွန်ခဲ့သော တစ်ပတ်ခန့်ကဆိုလျှင် သူသည် ဤကဲ့သို့ အသားများကို လွယ်ကူစွာ ဆုတ်ဖြဲနိုင်မည် မဟုတ်ပေ။ ထို့အပြင် မိစ္ဆာ သားရဲ မှာလည်း သေဆုံးနေပြီ ဖြစ်၏။ ထို့ကြောင့် ၎င်း၏ ကိုယ်ပိုင် မာဒြာ စွမ်းအင်များဖြင့် ကိုယ်ခန္ဓာကို အားဖြည့်ထားနိုင်ခြင်း မရှိတော့ချေ။
အမြုတေ နှင့် ပတ်ဝန်းကျင်ရှိ ခန္ဓာကိုယ်ကြားမှ ဆက်သွယ်မှု မှန်သမျှကို အကုန်အစင် ဆွဲဖြဲပြီးနောက်တွင် သူသည် ညှပ်ကို နေရာအနှံ့သို့ အနည်းငယ် စောင်းငဲ့ကြည့်လိုက်သည်။ လွတ်လပ်စွာ ရွေ့လျားနိုင်ပြီဖြစ်ကြောင်း သေချာစေရန် ဖြစ်၏။ ထိုအခါမှသာ အမြုတေ ကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်လေသည်။
၎င်းသည် ထစ်ချိုင့်နေသော ဆူးချွန်များဖြင့် ဖွဲ့စည်းထားသည့် အလုံးတစ်လုံး ဖြစ်သည်။ သွေးများနှင့် ကြွက်သားစများအောက်တွင် ၎င်း၏ အဝါရောင်ကို မသဲမကွဲသာ မြင်တွေ့ရလေသည်။
ဤကဲ့သို့သော အမြုတေ၏ မာဒြာ သည် ရုပ်ခန္ဓာနှင့် မည်သို့ တုံ့ပြန်မည်ကို သူ သေချာမသိပေ။ သို့သော် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ တွန့်ခနဲ ဖြစ်သွားခဲ့သည်။ ဤအရာသည် သက်ရှိသတ္တဝါ တစ်ကောင်၏ အတွင်းတွင် ရှိနေခဲ့ခြင်း ဖြစ်၏။ သားရဲ လှုပ်ရှားလိုက်တိုင်း အလွန်အမင်း နာကျင်မှုကို ဖြစ်ပေါ်စေခဲ့မည်မှာ သေချာလှသည်။
သို့ရာတွင် ဝံပုလွေ သေဆုံးသွားသည့် အချိန်မှသာ အမြုတေ အဖြစ် ဖန်တီး ဖြစ်တည်လာခြင်းလည်း ဖြစ်နိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ လင်းတုန်း အနေဖြင့် မိစ္ဆာ သားရဲ တစ်ကောင်၏ ဝေဒနာကို ဂရုစိုက်နေမည်တော့ မဟုတ်ချေ။
သွေးများ ရွှဲနစ်နေသော အမြုတေ ကို ဖစ်ရှာ ဂီရှာ ပြင်ဆင်ပေးထားသော ဗန်းပေါ်သို့ သူ ချထားလိုက်သည်။ ထိုစဉ် သူ၏ မျက်လုံးထဲတွင် တစ်စုံတစ်ခုကို သတိထားမိသွား၏။ သူသည် ဝံပုလွေ၏ အလောင်းဘက်သို့ ပြန်လှည့်ကာ ညှပ်ကို ထပ်မံ ထိုးသွင်းလိုက်လေသည်။
အမြုတေ ရှိနေခဲ့ဖူးသော စိုစွတ်နေသည့် နေရာ၏ နောက်ကွယ်တွင် တစ်စုံတစ်ခုက တလက်လက် တောက်ပနေလေသည်။ အရိုးဟု သတ်မှတ်ရန် မဖြစ်နိုင်လောက်အောင် အလွန်တောက်ပပြီး သန့်စင်နေသော အဖြူရောင် အစက်အပြောက်လေး တစ်ခုပင် ဖြစ်၏။ သူသည် ကြွက်သားအချို့ကို ဖယ်ရှားလိုက်သည်။ နံရိုးများကို ရှောင်ရှားနိုင်ရန်အတွက် သူ၏ ကိုယ်ဟန်ကို အနေအထားမကျစွာ ယိမ်းယိုင်ထားရလေသည်။
***