အခန်း (၁၅၉-၁၆၀)
Vol. 12 Ch. 159-160
အပိုင်း(၁၅၉)
အဖြူရောင် အရာဝတ္ထုလေးသည် သူ၏ လက်မ လက်သည်းခွံထက် မကြီးသော ခရုပတ်အသေးလေး တစ်ခုဖြစ်သည်။ သို့သော် ၎င်းသည် တစ်ဝက်တစ်ပျက် အရည်ပျော်နေသော ဖယောင်းခရုခွံကဲ့သို့ ပုံပန်းပျက်ယွင်းနေ၏။ အဖြူရောင်ပေါ်တွင် အခြားသော သက်တံရောင် အရောင်များက အစက်အပြောက်များအဖြစ် ရှိနေသည်။ သွေးများလည်း ရွှဲနစ်နေ၏။ သို့သော် သူသည် ညှပ်ဖြင့် ထိုအရာကို လှမ်းယူလိုက်လေသည်။
ပထမဆုံး အကြိမ် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ထို အမြုတေ သည် မိုးရေထဲမှ မြေဖြူခဲကဲ့သို့ အရည်ပျော်ကျသွားလေတော့သည်။
ဖစ်ရှာ ဂီရှာ က သူ၏ ခေါင်းဘေးဘက်ကို ရိုက်ချလိုက်၏။ သံမဏိအဆင့် သို့ သူ မတက်လှမ်းမီကသာဆိုလျှင် သူမ၏ ရိုက်ချက်က သူ့ကို သေစေနိုင်လောက်ပေသည်။
"မင်း ဘာမှနားမလည်တဲ့ မာဒြာ ကို သွားမထိနဲ့လေ..."
သူမက လက်ညှိုးရမ်းကာ သတိပေးလိုက်သည်။
"အရမ်း အန္တရာယ်များတယ်..."
သူမ ပြောသည်ကို ကြားကြောင်း ပြသသည့်အနေဖြင့် လင်းတုန်း ခေါင်းညိတ်ပြလိုက်၏။ သို့သော် သူသည် ထိုကိစ္စကို ဒီအတိုင်း လွှတ်မထားနိုင်ပေ။
"ဒါပေမဲ့ လေးစားရပါတဲ့ ဖစ်ရှာ... အရင်တုန်းက အဲဒီလိုမျိုး တစ်ခုကို ကျွန်တော် မြင်ဖူးသလိုပဲ..."
တကယ်တော့ သူ၏ ကျောပိုးအိတ်ထဲရှိ အရာက ထိုကဲ့သို့သော ပစ္စည်းပင် ဖြစကြောင်း သူ သံသယဖြစ်မိသည်။ သူ၏ အဖြူရောင် ခရုပတ် အမြုတေ မှာ ကြီးမားပြီး အပြစ်အနာအဆာ ကင်းစင်၏။ မိစ္ဆာ သားရဲ ထဲမှ အရာမှာမူ သေးငယ်ပြီး အခြားအရောင်များ ရောယှက်နေလေသည်။ သို့သော် ၎င်းတို့သည် တူညီသော ပုံဆောင်ခဲများ ဖြစ်နိုင်သည်ဟု သူ ထင်မြင်မိသည်။ ကျင်း ဘိုးဘေး၏ လှံတွင် အသုံးပြုထားသည့် အရာမျိုးပင် ဖြစ်၏။ ၎င်းက မာဒြာ များကို ခိုးယူနိုင်စွမ်း ရှိလေသည်။
သူမက သူ့ကို ထပ်မံ၍ ရိုက်ချလိုက်ပြန်သည်။ ယခုတစ်ကြိမ်တွင်မူ ခေါင်း၏ အခြားတစ်ဖက်ကို ရိုက်လိုက်ခြင်း ဖြစ်၏။
"မင်းက တစ်ခု မြင်ဖူးတယ်ပေါ့... ငါက တစ်ထောင်မက မြင်ဖူးတယ်... ဒီတောထဲမှာ တစ်သက်လုံး အမဲလိုက်လာခဲ့တာ... ငါ့အတွက် အံ့သြစရာတွေ ရှိနေဦးမယ်လို့ မင်းထင်နေလား..."
သူမက အလောင်းရှိရာဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။
"မိစ္ဆာ သားရဲ က တိရစ္ဆာန်တစ်ကောင်ကို စားလိုက်ရင် အသားတွေက အစာအိမ်ထဲ ရောက်သွားတယ်... သူက ဝိညာဉ်အကြွင်းအကျန် ကို စားလိုက်ရင်တော့ မာဒြာ က အဲဒီနေရာကို ရောက်သွားတာပဲ..."
လင်းတုန်း မျက်နှာ ဝင်းလက်သွား၏။
“တကယ်လို့ ဒါက ကျင်းဘိုးဘေးရဲ့ လှံလိုမျိုး မာဒြာ ကို ခိုးယူပြီး အသုံးချနိုင်တယ်ဆိုရင် ဒါဟာ ရတနာတစ်ခု မဟုတ်ဘူးလား... မိစ္ဆာ သားရဲ တိုင်းမှာ လှံအသစ်တစ်ချောင်း လုပ်ဖို့ ပစ္စည်းတွေ ရှိနေတာပဲလေ...”
စကားလုံး တစ်လုံးချင်းစီတိုင်း၌ လင်းတုန်း၏ စိတ်ဓာတ်များက တက်ကြွလာခဲ့၏။ သူ ကိုယ်တိုင် ပြုလုပ်ထားသည့် အဖြူရောင်လှံ တစ်ချောင်းဖြင့် ကျင်းလုံ နှင့် ယှဉ်ပြိုင်ရန် သိုင်းပြိုင်ကွင်းပေါ်တွင် ရပ်နေသည့် မိမိကိုယ်ကို စိတ်ကူးယဉ်ကြည့်မိလေသည်။ ခိုးယူထားသော မာဒြာ များဖြင့် ပြည့်လျှံနေမည့် အမြုတေ တစ်ခုလည်း ပါဝင်ပေလိမ့်မည်။
ဂီရှာ သည် မည်သည့်အရာကိုမျှ မကိုင်တွယ်ထားသော်လည်း သူမ၏ ဝတ်ရုံရှေ့ဘက်တွင် လက်ကို ခါထုတ်လိုက်၏။
"ငါ့ အဖွားခေတ်တုန်းကတော့ အဲဒီလိုမျိုး လုပ်ဖို့ ကြိုးစားခဲ့ဖူးတယ်... အဲဒီ အမြုတေ တွေကို သုံးပြီး လက်နက်တွေလုပ်ကြတယ်... ပြီးတော့ သူတို့သတ်လိုက်တဲ့ သူတွေဆီကနေ စွမ်းအားတွေကို ယူကြတာပေါ့... ဒါပေမဲ့ အဲဒီအရာက သူတို့... သူတို့ဖြစ်သွားသလိုမျိုးပဲ လူတွေကိုလည်း အလားတူ ဖြစ်စေခဲ့တယ်... အဲဒီလက်နက်တွေကို သုံးတဲ့သူတိုင်းက အရုပ်ဆိုးပြီး ပုံပန်းပျက်ယွင်းနေတဲ့ ဘီလူးသရဲတွေ ဖြစ်သွားကြတာပဲ..."
သူမ တစ်ချက် တုန်လှုပ်သွားလေသည်။
"တကယ်လို့ ငါတို့ကိုယ်တိုင်သာ ကျင်း ဘိုးဘေးရဲ့ လှံကို လုပ်နိုင်မယ်ဆိုရင် ဒါကို ဘာလို့ ဒီလောက်တောင် အဖိုးတန်တယ်လို့ သတ်မှတ်ကြတော့မလဲ... ဟုတ်တယ်မလား..."
ထူးကဲသော ရှေးဟောင်း အပျက်အစီး ၏ အပေါ်ဆုံးထပ်ရှိ ဝိညာဉ်ပန်းပဲ ဖိုမှ သူ ဘာတွေ ယူလာခဲ့သည်ကို သူမ မသိသည်မှာ သေချာလှသည်။
"ဒါပေမဲ့ ဖစ်ရှာ ဂီရှာ... ကျွန်တော့်မှာ လှံကို ဖန်တီးခဲ့တဲ့ သူတွေရဲ့ မှတ်စုတွေ ရှိတယ်လေ..."
လင်းတုန်းသည် စကားပြောနေရင်း ဖစ်ရှာဂီရှာ အံ့အားသင့်သွားမည့် အမူအရာကို စောင့်စားလျက် ကြည့်နေခဲ့၏။
သို့ရာတွင် မျက်နှာအမူအရာ အနည်းငယ်မျှ မပြောင်းလဲဘဲ သူမ၏ အပြင်ဝတ်ရုံ အိတ်ကပ်ထဲသို့ နှိုက်ကာ သစ်သား စာရွက်စာတမ်းဘူး တစ်ခုကို ထုတ်ယူလိုက်သည်။
"မင်း ဆိုလိုတာက ဒီမှတ်စုတွေကိုလား... ဟုတ်တယ်... ဟိုတစ်ညက မင်း အပြင်မှာ ထားခဲ့တာလေ... ဒါတွေက ရှေးဟောင်းပစ္စည်းတွေမို့ မင်း ပိုပြီး ဂရုစိုက်သင့်တယ်..."
လင်းတုန်း၏ လက်များပေါ်တွင် သွေးတွေ ပေကျံမနေပါက ၎င်းတို့ကို လှမ်းယူလိုက်မည် ဖြစ်၏။
"တောင်းပန်ပါတယ်... ကျွန်တော် အရမ်း စိတ်လောသွားလို့ပါ..."
"အင်း... ဒါတွေက တကယ့်ကို အံ့မခန်းပဲ... သူတို့က မင်းအတွက် နှစ်ပေါင်းများစွာ လေ့လာစရာတွေနဲ့ စိတ်ကူးဉာဏ်တွေကို ပေးစွမ်းနိုင်လိမ့်မယ်..."
သူမက အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်လေသည်။
"တစ်နေ့နေ့ပေါ့လေ... အရင်ဆုံးတော့ မင်း အခြေခံတွေကို သင်ယူရဦးမယ်..."
စိတ်ပျက်မှုကနေ အထိတ်တလန့် ဖြစ်မှုအဖြစ်သို့ ကူးပြောင်းသွားခဲ့၏။ လှံနှင့် ပတ်သက်သော ဗဟုသုတကို ကျင်းလုံ အား ပြန်လည်ရင်ဆိုင်ရန် အနိုင်ကတ် တစ်ကတ်အဖြစ် အသုံးပြုချင်ခဲ့ခြင်း ဖြစ်သည်။
"ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ... လေးစားရပါတဲ့ ဖစ်ရှာ... အဲဒီမှတ်စုတွေအတိုင်း လက်နက်တစ်ခု ဖန်တီးဖို့ ကျွန်တော် မျှော်လင့်ထားခဲ့တာပါ..."
"တကယ်လို့ ကလေးငယ်တစ်ယောက်က သူ့ကိုယ်ပိုင် ဓားတစ်လက်ကို သွန်းလုပ်ချင်တယ်ဆိုရင် သူ့ရဲ့ စိတ်ဝင်စားမှုကို အားပေးသင့်သလား... ဟင်... မသင့်ဘူးလေ... မင်း ကိုယ်တိုင် ဝိညာဉ်ပန်းပဲဆရာ တစ်ယောက်အနေနဲ့ မတ်တပ်ရပ်နိုင်ပြီဆိုတဲ့ အချိန်ကျမှ ဒါတွေကို မင်းဆီ ပြန်ပေးမယ်... အဲဒီမတိုင်ခင်တော့ မရဘူး..."
လင်းတုန်းသည် ငြင်းခုန်ချင်ခဲ့သော်လည်း ခေါင်းကို နောက်တစ်ချက် အရိုက်ခံရရုံမှလွဲ၍ ဘာမျှ အကျိုးထူးမည် မဟုတ်ချေ။ ထို့အပြင် မိစ္ဆာ သားရဲ ၏ အလောင်းပေါ်တွင် ဒူးထောက်နေရသော စက္ကန့်တိုင်းတွင် အနံ့အသက်မှာလည်း ပို၍ ဆိုးရွားလာနေလေသည်။ မလိုလားသော်လည်း သူသည် ထိုအကြောင်းအရာကို လက်လျှော့လိုက်ရတော့၏။
သူ ဘေးရှိ ဗန်းပေါ်သို့ ညှပ်ကို ချထားလိုက်သည်။ ထို့နောက် အသက်ပြင်းပြင်း ရှူနိုင်ရန်အတွက် ယိမ်းယိုင်စွာဖြင့် ထွက်လာခဲ့လေသည်။ ပေပွမှုနှင့် အနံ့အသက်ဆိုးများကို ရှောင်ရှားနိုင်ရန် ပစ္စည်းများကို ခပ်လှမ်းလှမ်းတွင် ထားရစ်ခဲ့ကြ၏။ လင်းတုန်း၏ ပစ္စည်းများကို သူ ပုံမှန် လွယ်ထားလေ့ရှိသည့် ကြီးမားသော ကျောပိုးအိတ်ထဲတွင် ထည့်ထားပြီး ဂီရှာ၏ ပစ္စည်းများကိုမူ ပြောင်လက်နေသော သစ်သားသေတ္တာ တစ်လုံးထဲတွင် ပိတ်လှောင်ထားလေသည်။
တစ်နေရာတွင် လင်းတုန်း ရပ်လိုက်သည်။ သွေးပေနေသော လက်အိတ်များကို ချွတ်ကာ သူ၏ လက်များကို ဆေးကြောရန် ဖြစ်၏။ သူ၏ ဝိညာဉ် စွမ်းအင် အနည်းငယ်ဖြင့် သစ်ပင်တစ်ပင်တွင် ရိုက်နှက်ထားသော အပြာရောင် မှော်ပစ္စည်း အတုံးလေး တစ်ခုကို အသက်သွင်းလိုက်လေသည်။
သေတ္တာထဲမှ အပြာရောင် အရည်များ စီးကျလာ၏။ ၎င်းသည် အတွင်းဘက်ရှိ အမြုတေ မှ ရေအဖြစ် ဖန်တီးထားသော မာဒြာ များ ဖြစ်သည်။ စစ်မှန်သော ရေ မဟုတ်သော်လည်း ဤညစ်ညမ်းနေသော သွေးများကို ဆေးကြောရန်အတွက်မူ အဆင်ပြေလှသည်။
ဂီရှာ ထပ်ခါတလဲလဲ သတိပေးခဲ့သကဲ့သို့ပင် ၎င်းသည် အကြမ်း ကိရိယာလေး တစ်ခုသာဖြစ်ပြီး မှော်ပစ္စည်း ဟု ခေါ်ဆိုရန်ပင် မထိုက်တန်လှပေ။ သို့သော် ၎င်းက အလုပ်ဖြစ်လေသည်။ ဖြူစင်သော ရေကန် ကျောင်းတော် မှ တပည့်များသည် ဤဒေသရှိ အခြားသူများထက် အရေအတွက် ပိုများပြားသဖြင့် လူသူကင်းမဲ့သော တောရိုင်းမြေ တွင် ရေ မာဒြာ မှာ အတွေ့ရများသော အရာတစ်ခု ဖြစ်နေ၏။
အနီးအနားရှိ သစ်ပင်အများစုမှာ လုံးဝ အမည်းရောင် မဟုတ်လျှင်တောင် အနက်ရောင် ပုပ်ဟပ်နေသော အကွက်များ အနည်းဆုံး ရှိနေကြသည်။ တောရိုင်းတိရစ္ဆာန်များမှာလည်း အလားတူ ရောဂါမျိုး ကူးစက်ခံနေရပုံ ရ၏။ ထို့ကြောင့် သန့်စင်သော ရေသည် အစွမ်းထက်သည့် သိုင်းပညာ ကျောင်းတော် တစ်ခုကို ထောက်ပံ့ပေးနိုင်လောက်အောင် တန်ဖိုးကြီးမားသော ကုန်စည်တစ်ခု ဖြစ်နေရသည့် အကြောင်းရင်းကို လင်းတုန်း နားလည်နိုင်ပေသည်။
သူ လက်ဆေးပြီးသွားချိန်တွင် ဂီရှာသည် မိစ္ဆာ အမြုတေ ကို ဆေးကြောပြီးဖြစ်ကာ ပိုလျှံနေသော ကြွက်သားများကိုလည်း ဖယ်ရှားပြီးဖြစ်လေသည်။ ၎င်းကို အထင်အရှား မြင်တွေ့နေရပြီ ဖြစ်၏။ ၎င်းမှာ အနီရင့်ရောင်နှင့် လိမ္မော်ရောင် ဖျော့ဖျော့ အလွှာများ ရောယှက်နေသည့် အဝါရောင် မာဒြာ ဖြင့် ဖွဲ့စည်းထားသော ဆူးချွန်ပါသည့် ပုံဆောင်ခဲ တစ်ခုပင် ဖြစ်လေတော့သည်။
အခြားသော အမြုတေ မာဒြာ အများစုသည် များသောအားဖြင့် တစ်ဆက်တည်းသော အရောင်တစ်မျိုးတည်းသာ ဖြစ်လေ့ရှိ၏။ သို့သော် ဤကမောက်ကမ ရောနှောနေမှုက မိစ္ဆာ သားရဲ များနှင့် လိုက်ဖက်နေပုံရသည်။ ၎င်းတို့သည် ဆန့်ကျင်ဘက်ဖြစ်နေသော အော်ရာ အများအပြားကို ထုတ်လွှတ်နေကြသည်။ မတူညီသော စွမ်းအားများသည် ၎င်းတို့၏ အတွင်း၌ စစ်ခင်းနေကြသည့်အလား ထင်မှတ်ရပေသည်။
လင်းတုန်း သည် ဗန်းကို လှမ်းယူလိုက်ရင်း ဖစ်ရှာ ဂီရှာ ကို ကျေးဇူးတင်စကား ဆိုလိုက်၏။
"ကျွန်တော့်ကို ဒီလောက်ထိ လမ်းညွှန်ပေးချင်တာ သေချာရဲ့လား... အမြုတေ ကို ဆေးကြောပေးတာက ကျွန်တော့်ကို လက်တွဲခေါ်နေတယ်လို့တောင် သတ်မှတ်လို့ရတယ်နော်..."
၎င်းမှာ ပေါ့ပေါ့ပါးပါး နောက်ပြောင်လိုက်ခြင်းသာ ဖြစ်ပေသည်။ အီသန်က လင်းတုန်း ကို ဂီရှာ နှင့်အတူ ဝိညာဉ်ပန်းပဲ ပညာရပ် လေ့ကျင့်ရန် စေလွှတ်လိုက်စဉ်က ဤသို့ ပြောကြားခဲ့ဖူးသည်။
"ကိစ္စမရှိဘူးဆိုရင် သူ့ကို သိပ်ပြီး လမ်းမညွှန်ပေးပါနဲ့... လက်ဆွဲမခေါ်ဘဲ လမ်းမလျှောက်တတ်တဲ့ သူမျိုးကို ကျွန်တော် မလိုချင်လို့ပါ..."
ယခုအချိန်အထိ ဂီရှာ သည် အဆင့်နိမ့် အရှင်သခင် ၏ ညွှန်ကြားချက်များကို အလေးအနက်ထားခဲ့၏။ သူမ၏ ကိုယ်ပိုင် သေတ္တာကိုပင် တောထဲသို့ ကိုယ်တိုင် သယ်ဆောင်ခြင်း မပြုဘဲ လင်းတုန်း ကိုသာ သယ်ခိုင်းခဲ့သည်။ သို့သော် လွန်ခဲ့သော နှစ်ရက်ခန့် အမဲလိုက်စဉ်အတွင်း သူမ အနည်းငယ် သက်သောင့်သက်သာ ရှိလာပုံရပေသည်။ ထို့ကြောင့် သေးငယ်သော နောက်ပြောင်မှုလေးတစ်ခုက ကျန်ရှိနေသေးသော တင်းမာမှုများကို လျော့ကျသွားစေနိုင်မည်ဟု သူ တွေးထင်ခဲ့မိ၏။
သိသိသာသာပင် သူ၏ တွေးထင်မှု မှားယွင်းသွားခဲ့လေသည်။
သူမ၏ မျက်နှာ မှုန်ကုပ်သွား၏။ ထို့နောက် သူမသည် ဗန်းဖြင့် သူ့ကို တွန်းထုတ်လိုက်ရာ သူ နောက်သို့ ယိမ်းထိုး သွားလေသည်။ သူမသည် အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သော်လည်း အဆင့်မြင့် ရွှေအဆင့် တစ်ယောက် ဖြစ်နေဆဲပင် ဖြစ်၏။ သူကမူ သံမဏိအဆင့် သာ ရှိသေးသည်။
"မင်းက ငါ့ကို အဆင့်နိမ့် အရှင်သခင် ဆီ တိုင်ချင်တယ်ပေါ့လေ... မင်းက သူ့ရဲ့ အချိန်တွေကို ဖြုန်းတီးချင်နေတာလား... ကောင်းပြီလေ... နောက်ထပ် ငါ မင်းကို ကူညီမလားဆိုတာ စောင့်ကြည့်လိုက်စမ်း..."
အီသန် သည် အနီးအနားတွင် ပုန်းအောင်း၍ နားထောင်နေသည်ဟု သံသယရှိသည့်အလား သူမသည် လေထဲသို့ လှည့်ကာ အော်ဟစ်လိုက်လေသည်။
"လက်တစ်ချောင်းတောင် ထပ်မကူညီတော့ဘူး... ကြားလား... သက်ပြင်းတစ်ချက်တောင် မကူညီဘူး..."
"ခွင့်လွှတ်ပေးပါ လေးစားရပါတဲ့ ဖစ်ရှာ... ခွင့်လွှတ်ပေးပါ... ဒီလူက စော်ကားလိုတဲ့ ရည်ရွယ်ချက် မရှိခဲ့ပါဘူး..."
"စော်ကားတယ်ပေါ့... မစော်ကားဘူး ဟုတ်လား... မင်းကို ကူညီဖို့အတွက်နဲ့ ငါက အဆင့်နိမ့် အရှင်သခင် ရဲ့ ဆူပွက်နေတဲ့ ရေနွေးအိုးထဲ အကျခံနိုင်မလားဆိုတာ ကြည့်လိုက်စမ်း... မိစ္ဆာ သားရဲ တစ်ကောင်က မင်းရဲ့ ခြေချောင်းတွေကို လာကိုက်ရင်တောင် ငါက မင်းကို မီးထဲကနေ ဆွဲထုတ်ပေးမလားဆိုတာ စောင့်ကြည့်လိုက်... သူ့ကို ကူညီစရာမလိုဘူးလို့ ရှင်ပဲ ပြောခဲ့တာလေလို့ အဲဒီလိုပဲ ငါ သူ့ကို ပြောလိုက်မယ်..."
သူမက အသံကို နှိမ့်ကာ ထပ်ပြောလိုက်၏။
"... ပြီးတော့ မင်းကို ဒီလူ ဟိုလူ လို့ ပြောတာတွေ ရပ်လိုက်ဖို့ ငါ ပြောထားတယ်နော်... အဲဒါက ငါ့ကို စော်ကားတာပဲ..."
***
အပိုင်း(၁၆၀)
လင်းတုန်း ဘာမှ ထပ်မပြောဝံ့တော့ချေ။ ဂီရှာကို အပေါ်ယံမျှသာ အရိုအသေပေးလိုက်ပြီးနောက် သေတ္တာဘက်သို့ လှည့်ကာ ဖွင့်လိုက်လေသည်။
အပေါ်ဆုံးအထပ်တွင် ဂီရှာ၏ မှော်အစေခံ (ပင့်ကူခြေထောက် မှော်ပစ္စည်း) မှ လွဲ၍ အသုံးအများဆုံး ဝိညာဉ်ပန်းပဲဆရာ ကိရိယာများအားလုံး ရှိနေ၏။ ထိုပင့်ကူ မှော်ပစ္စည်းသည် မိစ္ဆာ သားရဲ ၏ ခန္ဓာကိုယ်အတွင်းမှ အမြုတေ ရှိရာ နေရာကို ရှာဖွေပေးနိုင်သည်။ ထိုကဲ့သို့သော အကူမှာ မှော်ပစ္စည်း တစ်ခု ဖန်တီးရာတွင် မှန်းဆရသည့် အပိုင်းများစွာကို လျှော့ချပေးနိုင်လိမ့်မည် ဖြစ်၏။ သို့သော် သူ ကိုယ်တိုင် မှော်အစေခံ တစ်ခုကို မဖန်တီးနိုင်မချင်း ၎င်းကို အသုံးပြုခွင့် ရရှိမည် မဟုတ်ပေ။
ကိရိယာများ အားလုံးတွင် ရွှေရောင်သံမဏိ သို့မဟုတ် ငွေတစ်ဝက် အစိတ်အပိုင်းများ ပါဝင်ကြသည်။ ရွှေရောင် မျက်နှာပြင်များသည် တောက်ပနေပြီး ငွေရောင် မျက်နှာပြင်များတွင်မူ ကြယ်ပွင့်များ မြုပ်နှံထားသည့်အလား ရှိနေ၏။ ၎င်းတို့ကို ထူးခြားသော သတ္တုများဖြင့် အပြည့်အဝ ပြုလုပ်ထားခြင်း မဟုတ်သော်လည်း သေတ္တာထဲတွင် ရှိနေသော ပမာဏသည် အထွတ်အမြတ် တောင်ကြား ၌ဆိုလျှင် ကြီးမားသော စည်းစိမ်တစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။ ဤနေရာတွင်မူ ထိုပစ္စည်းများမှာ ပို၍ပင် ရှားပါးလှရာ ဂိုဏ်းတစ်ခု၏ ရတနာများအဖြစ်ပင် သတ်မှတ်နိုင်လောက်၏။
ဤခရီးတွင် ဖစ်ရှာတို့က ဂီရှာအား ထိုပစ္စည်းများကို ယူဆောင်ခွင့် ပြုခဲ့သည်မှာ သူ ကံကောင်း၍ ဖြစ်သည်။ သို့ရာတွင် လင်းတုန်း ၏ အနောက်တွင် အီသန် အာရီလီယပ်စ် ရှိနေသဖြင့် သူတို့တွင် ရွေးချယ်စရာ မရှိခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။
ကိရိယာများကို မရွေးချယ်မီ လင်းတုန်းသည် လင်ဗန်း အတွင်းရှိ မိစ္ဆာသားရဲ အမြုတေကို ယူကာ အတွင်းသို့ သူ၏ မာဒြာ များကို စီးဆင်းစေလိုက်၏။ ၎င်းသည် သူ၏ အမြုတေ များထဲမှ တစ်ခုကို ခမ်းခြောက်လုနီးပါးအထိ စုပ်ယူသွားခဲ့သည်။ လက်ဆစ်ခန့် အရွယ်အစားရှိသော ရွှေရောင်အလင်းတန်း တစ်ခုသည် အမြုတေ ထဲမှ ပေါက်ကွဲထွက်လာ၏။ ၎င်းသည် သစ်ရွက်များနှင့် မြေကြီးများကို ဖောက်ထွင်းသွားကာ သစ်ပင်ကို ဝင်ဆောင့်သွားလေသည်။ ထို့နောက် သစ်ခေါက်တစ်ပိုင်းကို ပဲ့ကျသွားစေခဲ့သည်။
"တိုက်ခိုက်သူ အမြုတေ ပဲ..."
ဂီရှာ က ချက်ချင်း ပြောလိုက်သည်။
"ဘာ အမျိုးအစားလဲ..."
"မြေကြီး ဖြစ်မယ်..."
လင်းတုန်း က ပြောလိုက်၏။ ထိုအရောင်က သူ့ကို မြေကြီး အော်ရာ ဟု အမှတ်ရစေသဖြင့် သူ၏ အလိုအလျောက် သိစိတ်အတိုင်းသာ ဖြေဆိုလိုက်ခြင်း ဖြစ်သည်။
"အင်အား လည်း ဖြစ်နိုင်တယ်... လေ နည်းနည်းလည်း ပါမလားပဲ... တကယ်လို့ ခင်ဗျားရဲ့ မှော်အစေခံ နဲ့ တစ်ချက်လောက် ကြည့်ပေးမယ်ဆိုရင် ကျွန်တော်တို့ သေချာ သိရမှာပါ..."
"သေချာတော့ မဟုတ်ဘူး... မှော်အစေခံ က မင်း စစ်ဆေးခိုင်းတာကိုပဲ စစ်ဆေးပေးတာလေ... အတွေ့အကြုံကိုတော့ အစားထိုးလို့ မရဘူး... ကဲ... ဒီ အမြုတေ ကို မင်း ဘာလုပ်မလဲ..."
အခြေခံအားဖြင့် မှော်ပစ္စည်း ဆိုသည်မှာ လုပ်ဆောင်မှု တစ်ခုတည်းသာ ထည့်သွင်းထားသော ရုပ်သေးရုပ် တစ်ခုပင် ဖြစ်၏။ အမြုတေသည် ထိုလုပ်ဆောင်မှုပင် ဖြစ်သည်။ အစီအရင်များက အသေးစိတ် အချက်အလက်များကို ပြုပြင်ပြောင်းလဲပေးနိုင်စွမ်း ရှိကြ၏။ သို့သော် မှော်ပစ္စည်း တစ်ခု၏ စွမ်းဆောင်ရည် အများစုကို ၎င်း၏ အခွံတွင် ရှိသော အသက်မဲ့ ဒြပ်ဝတ္ထု၏ စွမ်းအားနှင့် အလယ်ဗဟိုရှိ အမြုတေ ကသာ အဓိက အဆုံးအဖြတ် ပေးလေသည်။
လင်းတုန်း သည် သူ၏ ကျောပိုးအိတ်ထဲသို့ လက်နှိုက်ကာ လွန်ခဲ့သော သုံးညကမှ ဂီရှာ ပေးထားသည့် စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်၏။ စာအုပ်၏ အမည်မှာ ဝိညာဉ်များ၏ ပေါင်းစပ်ခြင်း ပင် ဖြစ်သည်။ ထိုစာအုပ်သည် အထွတ်အမြတ် တောင်ကြား မှ အခြားစာအုပ်များကဲ့သို့ မှော်ပစ္စည်း ဖြင့် ပုံနှိပ်ထားခြင်း မဟုတ်ဘဲ လက်ဖြင့် ရေးသားထားခြင်း ဖြစ်၏။ သို့သော် ရှေးဟောင်း ဝိညာဉ်ပန်းပဲ ဆရာကြီးများ၏ လေ့လာတွေ့ရှိချက်များသည် သူ့အတွက် များစွာ စိတ်ဝင်စားဖွယ် ကောင်းနေခဲ့သည်။
"ကျွန်တော့်မှာ အသေးစိတ် လေ့လာဖို့ အချိန်မရသေးပါဘူး... ဒါပေမဲ့ စိတ်ကူးတစ်ခုတော့ ရထားတယ်... ကြည့်လေ... ဒီမှာ သတ်မှတ်ထားတဲ့ အချိန်တစ်ခု မရောက်မချင်း အလုပ်မလုပ်နိုင်တဲ့ တိုက်ခိုက်သူ မှော်ပစ္စည်း တစ်ခုအကြောင်း ဖော်ပြထားတယ်... မြှားခေါင်းတစ်ခုပေါ်မှာ အဝိုင်းတစ်ဝိုင်း ထည့်လိုက်မယ်ဆိုရင်..."
"ပစ်လွှတ်ရေး ကိရိယာ..."
ဖစ်ရှာ ဂီရှာ က ကြားဖြတ်ပြောလိုက်လေသည်။
"ငါ့ မေးခွန်းမှာ အဖြေမှန် မရှိဘူးလို့ မင်း ထင်နေတာလား... ရှိတယ်လေ... အဖြေမှန်က အခြေခံ ပစ်လွှတ်ရေး ကိရိယာ မှော်ပစ္စည်း ပဲ..."
လင်းတုန်း တွေဝေသွား၏။
"အဲဒါ အလုပ်ဖြစ်မယ်ဆိုတာ သေချာပါတယ်... ဒါပေမဲ့ အမြုတေ ကလည်း အဲဒီအခြေခံ ရည်ရွယ်ချက်ကို လုပ်ဆောင်ပေးနေပြီပဲလေ..."
ပစ်လွှတ်ရေး ကိရိယာ မှော်ပစ္စည်း ဆိုသည်မှာ တိုက်ခိုက်သူ အမြုတေ တစ်ခုကို ထည့်သွင်းထားသော ခွက်တစ်ခုထက် အနည်းငယ်မျှသာ ပိုပေသည်။
မှော်ပစ္စည်းများနှင့် ပတ်သက်လာလျှင် ပစ်လွှတ်ရေး ကိရိယာများသည် ငြီးငွေ့စရာ ကောင်းလှ၏။ ၎င်းတို့သည် အမြုတေ၏ စွမ်းရည်ကို မည်သည့်နည်းနှင့်မျှ ပိုမို အားကောင်းလာစေရန် ပြုလုပ်ပေးနိုင်ခြင်း မရှိပေ။ လင်းတုန်း၏ အမြင်အရဆိုလျှင် တိုက်ခိုက်သူ အမြုတေ တစ်ခုကို အစီအရင် ဖြင့် ချိတ်ပိတ်ထားသော သေတ္တာတစ်လုံးထဲတွင် သိမ်းထားပြီး လိုအပ်သည့်အချိန်မှသာ ထုတ်ယူအသုံးပြုခြင်းက ပိုကောင်းပေလိမ့်မည်။
ဂီရှာသည် သူမ၏ အပြင်ဝတ်ရုံ အိတ်ကပ်ထဲသို့ လက်နှိုက်ကာ ဒုတိယမြောက် စာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်လေသည်။ ထိုစာအုပ်၏ အမည်မှာ ကြေးအဆင့် များအတွက် ဝိညာဉ်ပန်းပဲ ပညာ ပင် ဖြစ်၏။ မျက်နှာဖုံးတွင် ပြုံးရွှင်နေသော သစ်ပင်တစ်ပင်က ခင်မင်ဖွယ်ကောင်းသော ဝိညာဉ်အကြွင်းအကျန် တစ်ခုနှင့် လက်ချင်းချိတ်ထားသည့် ပုံကို ရေးဆွဲထားသည်။
"မင်းရဲ့ စာအုပ်အသစ်တွေထဲက တစ်အုပ်ကို မေ့နေခဲ့တယ် မဟုတ်လား... ငါတို့ မထွက်လာခင် ငါ ယူလာမိလို့ ကံကောင်းသွားတယ်..."
သူမက သူ့ထံသို့ လှမ်းပစ်ပေးလိုက်ရာ သူသည် အတင်းပြုံးပြလိုက်ရ၏။
"ကျွန်တော့်ရဲ့ ပေါ့ဆမှုကို ပြင်ဆင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဖစ်ရှာ ဂီရှာ..."
"အင်း... အဲဒီအထဲမှာ ပစ်လွှတ်ရေး ကိရိယာ အတွက် ညွှန်ကြားချက်တွေကို မင်း တွေ့ရလိမ့်မယ်..."
လင်းတုန်းသည် စာအုပ်ကို ဖွင့်လိုက်၏။ ကလေးငယ်များက ရိုးရှင်းသော မှော်ပစ္စည်း များကို တပ်ဆင်နေသည့် ကြီးမားသော သရုပ်ဖော်ပုံများကို ကျော်လှန်လိုက်လေသည်။ ၎င်းက သူ မာဒြာ ကို ပထမဆုံးအကြိမ် ဖန်တီးနိုင်ခဲ့သည်မှာ လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်ကမှ ဖြစ်ကြောင်း ခါးသီးစွာ သတိပေးနေခြင်းပင် ဖြစ်၏။
အမှန်တကယ်တွင် သူသည် ဤကလေးငယ်များ၏ အဆင့်၌သာ ရှိနေသေးသည်ဟု သူ့ကိုယ်သူ ယူဆမိသည်။ သို့သော် သူသည် ကျင့်ကြံခြင်း၏ အခြားသော ကဏ္ဍတိုင်း၌ မိမိကိုယ်ကို တွန်းအားပေးနေခဲ့၏။ ဝိညာဉ်ပန်းပဲဆရာ တစ်ယောက်အနေဖြင့် အဘယ်ကြောင့် ဤနေရာမှသာ အစအဆုံး ပြန်လည်စတင်နေရပါသနည်း။
သို့ရာတွင် ဂီရှာ ၏ တင်းမာသော အကြည့်များက လျော့ကျမသွားခဲ့ချေ။ ထို့ကြောင့် သူ သက်ပြင်းချလိုက်ပြီး သူမ၏ သေတ္တာဆီသို့ ပြန်လျှောက်သွားလေသည်။ မြေကြီး ဝိညာဉ်အကြွင်းအကျန် တစ်ခု၏ လက်သည်းကို ထုတ်ယူလိုက်၏။ ၎င်းကို မြေကြီးနှင့် နီးကပ်စွာ ကိုင်ထားပါက အသက်ဝင်နေသကဲ့သို့ တွန့်လိမ်လှုပ်ရှားနေဆဲ ဖြစ်သည်။ ၎င်းသည် ဤလက်နက်အတွက် အကောင်းဆုံးသော ကိုယ်ထည်တစ်ခု ဖြစ်လာပေလိမ့်မည်။
ရွှေရောင်သံမဏိ ခွဲစိတ်ဓား တစ်ချောင်းဖြင့် သူသည် ၎င်းကို ခွဲဖွင့်လိုက်ပြီး အမြုတေ ကို အတွင်းသို့ ထည့်သွင်းလိုက်လေသည်။
ထို့နောက် ထိုချောင်ကျိကျိ ဖြစ်နေသော အစိတ်အပိုင်းများပေါ်သို့ သူ၏ ဝိညာဉ်ကို ဖြတ်သန်းစီးဆင်းစေလိုက်၏။ စွမ်းအားများကို အသက်မဲ့ ဒြပ်ဝတ္ထု အတွင်းသို့ စိမ့်ဝင်သွားစေသည်။ အာရုံစူးစိုက်မှုနှင့် အတူ အသက်ပြင်းပြင်း အနည်းငယ် ရှူသွင်းလိုက်ခြင်းဖြင့် သူသည် ဝိညာဉ်အကြွင်းအကျန် အစိတ်အပိုင်းများကို ထိန်းချုပ်လိုက်လေသည်။
ဝိညာဉ်အကြွင်းအကျန်၏ အစိတ်အပိုင်း တစ်ခုအဖြစ် ရှိနေစဉ်ကကဲ့သို့ပင် လက်သည်းသည် တစ်ဖန်ပြန်လည် တောက်ပလာခဲ့၏။ သူ၏ ဝိညာဉ် စွမ်းအင်များက အသက်မဲ့ ဒြပ်ဝတ္ထု နှင့် အမြုတေ နှစ်ခုစလုံးကို တန်းတူညီမျှ ပြည့်နှက်သွားပြီး စွမ်းအားများ ထည့်သွင်းပေးလိုက်သည်ကို လင်းတုန်း ခံစားလိုက်ရသည်။
ထို့နောက်တွင် သူသည် ၎င်းတို့ကို တစ်သားတည်းဖြစ်အောင် ပေါင်းစပ်လိုက်လေတော့သည်။
လက်သည်းသည် ကျုံ့ဝင်သွားကာ သိပ်သည်းသွားပြီး ပုံပန်းသဏ္ဍာန် အနည်းငယ် ပြောင်းလဲသွား၏။ အမြုတေသည် လက်သည်း၏ ဒြပ်သားထဲသို့ ပျော်ဝင်သွားလေသည်။ အတွင်းဘက်၌ အသေအချာ ချိတ်ပိတ်သွားသဖြင့် အရာအားလုံးမှာ တစ်ဆက်တစ်စပ်တည်း ဖြစ်သွားလေတော့သည်။
ဤမျှသာ ဖြစ်လေတော့သည်။
ယခုအခါ ၎င်းသည် လက်သည်းများ တပ်ဆင်ထားသော တောက်ပသည့် အဝါရောင် တုတ်တံတစ်ချောင်း ဖြစ်လာခဲ့၏။ မာဒြာ များ ထောက်ပံ့ပေးလိုက်ပါက မာကျောသော စွမ်းအင် ပေါက်ကွဲမှုတစ်ခုကို ပစ်လွှတ်ပေးမည် ဖြစ်သည်။ ၎င်းသည် ကြီးကျယ်ခမ်းနားလှသော လက်နက်တစ်ခုတော့ မဟုတ်ပေ။ သို့ရာတွင် အောင်မြင်မှုတစ်ခုအဖြစ်တော့ သတ်မှတ်နိုင်စွမ်း ရှိလေသည်။
အထွတ်အမြတ် တောင်ကြား ရှိ ဝိညာဉ်ပန်းပဲဆရာ များအားလုံးသည် ဖန်တီးသူ များ ဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် မှော်ပစ္စည်း တစ်ခုကို ဖန်တီးသည့် လုပ်ငန်းစဉ်မှာ ဖန်တီးခြင်း နှင့် ဆင်တူသောကြောင့် ဖြစ်၏။ စွမ်းအားများကို ထိန်းချုပ်ပြီး ပုံသဏ္ဍာန် ဖော်ဆောင်ပေးရခြင်း ဖြစ်သည်။
လင်းတုန်း သည် အသက်မဲ့ ဒြပ်ဝတ္ထု ကို ဓားတစ်လက်၊ သေတ္တာတစ်လုံး သို့မဟုတ် အခြားမည်သည့် အရာနှင့်မဆို တူညီစေရန် ပြန်လည် ပုံသွင်းနိုင်စွမ်း ရှိပေသည်။ သို့သော် သူ အလုပ်ရှုပ်မခံခဲ့ချေ။ ၎င်းမှာ ပစ်လွှတ်ရေး ကိရိယာ တစ်ခုသာ ဖြစ်လေသည်။
မှော်ပစ္စည်း တစ်ခု ဖန်တီးရာတွင် ဖန်တီးခြင်း စွမ်းရည်ထက် ကိုက်ညီမှုက ပို၍ လိုအပ်ကြောင်း လင်းတုန်း သင်ယူခဲ့ရ၏။ အချို့သော မာဒြာ အမျိုးအစားများသည် ကောင်းစွာ ပေါင်းစပ်နိုင်ခြင်း မရှိကြချေ။ ထိုသို့သော အခြေအနေမျိုးတွင် ဝိညာဉ်ပန်းပဲ လုပ်ငန်းစဉ်သည် အသုံးမဝင်သော ထုတ်ကုန်တစ်ခုကို ဖြစ်ပေါ်စေနိုင်သည်။ သို့မဟုတ်ပါက သေစေနိုင်လောက်သော အမှားအယွင်း တစ်ခုကိုလည်း ဖြစ်ပေါ်စေနိုင်ပေသည်။
သန့်စင်သော မာဒြာ သည် အရာအားလုံးနှင့် ကိုက်ညီမှု ရှိ၏။ သို့သော် ၎င်းသည် အားနည်းလှပေသည်။ ၎င်းက မည်သည့်အရာကိုမျှ ထပ်မံ အားဖြည့်ပေးနိုင်ခြင်း မရှိချေ။ ဖစ်ရှာ ဂီရှာ ၏ မာဒြာ မှာမူ ဆွဲဆောင်နိုင်စွမ်း ရှိလေသည်။ ဆိုလိုသည်မှာ ၎င်းသည် အရာဝတ္ထုများကို အချင်းချင်း ပေါင်းစည်းသွားအောင် တိုက်ရိုက် ဆွဲငင်ပေးနိုင်ခြင်း ဖြစ်၏။ ထို့ကြောင့် သူမသည် အသက်မဲ့ ဒြပ်ဝတ္ထု နှင့် အမြုတေ များကို အခက်အခဲ မရှိဘဲ ပေါင်းစပ်နိုင်စွမ်း ရှိသည်။ သူမ၏ မာဒြာ သည် အခြားအရာ အများစုနှင့်လည်း ကိုက်ညီမှု ရှိနေဆဲပင် ဖြစ်၏။ အန္တရာယ်ကင်းစွာဖြင့် သူမ ပြန်လည် ဖန်တီးခြင်း မပြုနိုင်သော စွမ်းအား အနည်းငယ်သာ ရှိပေသည်။ သို့သော် ထိုအရာများ ပါဝင်နေချိန်တွင် တိကျစွာ ခွဲခြားသိရှိနိုင်ရန် သူမ၌ မှော်အစေခံ တစ်ခု ရှိနေလေသည်။
သန့်စင်သော မာဒြာ သည် မည်သည့် မှော်ပစ္စည်း အတွက်မဆို အကောင်းဆုံးတော့ မဟုတ်ချေ။ ဝိုင်ထဲသို့ ရေရောလိုက်သကဲ့သို့ မာဒြာ ၏ မူလစွမ်းအားများကို အားနည်းသွားစေသည်။ သို့ရာတွင် ၎င်းသည် မည်သည့်အရာနှင့်မဆို အလုပ်ဖြစ်သည်ကတော့ သေချာလှ၏။
လင်းတုန်း သည် သူ ရနိုင်သမျှ အခွင့်အရေးတိုင်းကို အရယူမည် ဖြစ်သည်။
***