အခန်း (၁၆၁-၁၆၂)
Vol. 12 Ch. 161-162
အပိုင်း(၁၆၁)
အထွတ်အမြတ် တောင်ကြား တွင် ဖန်တီးသူ တိုင်းက သူတို့ကိုယ်သူတို့ ဝိညာဉ်ပန်းပဲ ပညာနှင့် ပတ်သက်၍ တစ်ခုခု သိထားသည်ဟု ထင်မှတ်နေကြ၏။ အဘယ်ကြောင့်ဆိုသော် မှော်ပစ္စည်း တစ်ခု ဖန်တီးခြင်းမှာ အတော်လေး လွယ်ကူသောကြောင့် ဖြစ်သည်။ သို့သော် ဘေးကင်းလုံခြုံမှု ရှိစေရန် ဖန်တီးခြင်းမှာမူ မလွယ်ကူလှပေ။ အချိန်တိုင်းတွင် ရည်ရွယ်ထားသည့်အတိုင်း အလုပ်လုပ်နိုင်ပြီး တတ်နိုင်သမျှ ကာလကြာရှည်စွာ အသုံးခံမည့် အရာမျိုး ဖြစ်ရန် လိုအပ်လေသည်။
မမျှော်လင့်ထားသော တုံ့ပြန်မှုများကို ရှောင်ရှားနိုင်ရန် အသက်မဲ့ ဒြပ်ဝတ္ထု နှင့် အမြုတေ တို့ကို တိကျစွာ တိုင်းတာရမည် ဖြစ်၏။ ကုန်ကြမ်းများကို မှန်ကန်စွာ ကိုင်တွယ်ရမည် ဖြစ်ပြီး ဝိညာဉ်အကြွင်းအကျန် ကိုလည်း စနစ်တကျ ခွဲစိတ်ရပေမည်။ ထို့အပြင် လုပ်ဆောင်ချက်များကို အစီအရင် များဖြင့် မည်သို့ ပြုပြင်ပြောင်းလဲရမည်ကိုလည်း သိရှိထားရန် လိုအပ်လှသည်။
အကယ်၍... ပစ်လွှတ်ရေး ကိရိယာ တစ်ခုကို ဖန်တီးနေခြင်း မဟုတ်လျှင်ပေါ့လေ။
ဂီရှာ က သဘောကျဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။
"မင်းရဲ့ လှုပ်ရှားမှုက မြန်ဆန်တယ်... ယုံကြည်မှုလည်း ရှိတယ်... ဒါ ကောင်းတယ်... နောက်ထပ် တစ်ပတ် နှစ်ပတ်လောက် နေရင်တော့ ငါတို့ နောက်ထပ် အဆင့်တွေကို တက်ကြမယ်..."
လင်းတုန်း တစ်ယောက် အသံထဲတွင် စိတ်ပျက်မှု အများစုကို ဖုံးကွယ်ထားရန် ကြိုးစားရင်း မေးလိုက်သည်။
"တစ်ပတ် တောင်လား..."
သိမ်းငှက်က ကြွက်ကို သုတ်ချီလိုက်သကဲ့သို့ ဂီရှာ ၏ လက်က သူ၏ နောက်စေ့ကို နောက်တစ်ကြိမ် ရိုက်ချလိုက်ပြန်လေသည်။ ဤတစ်ကြိမ်တွင်မူ တကယ်ကို စပ်ဖျင်းသွားခဲ့၏။
"မင်းရဲ့ မျက်လုံးတွေကို အနာဂတ်မှာ မထားဘဲ ပစ္စုပ္ပန်မှာပဲ ထားစမ်းပါ..."
သူမ၏ ပင့်ကူ ခြေတံများက ရွေ့လျားသွားကာ သူ့ကို ကျောခိုင်းလိုက်လေသည်။
"လေးစားရပါတဲ့ ဖစ်ရှာ... ခင်ဗျားရဲ့ လမ်းညွှန်မှုတွေက တန်ဖိုးဖြတ်မရပါဘူး..."
လင်းတုန်း က ပြောလိုက်၏။ အမှန်တကယ်တွင်မူ လွန်ခဲ့သော ရက်အနည်းငယ် မတိုင်မီအထိ သူမသည် သူ့ကို များများစားစား သင်ပေးခဲ့ခြင်း မရှိချေ။ အီသန် ထံမှ သူ၏ ထောက်ခံချက်က သူ့ကို အစေခံ အဆင့်မှ ကျောင်းသား အဆင့်သို့ တိုးမြှင့်ပေးလိုက်ပုံ ရသည်။
"ခင်ဗျားရဲ့ ဉာဏ်ပညာကို ကျွန်တော် ဦးညွှတ်ပါတယ်..."
သူမသည် ပခုံးပေါ်မှနေ၍ ကျော်လှမ်းကာ သူမ၏ ချိတ် လက်ကိုင်ရိုးပေါ်သို့ လက်တင်လိုက်၏။ ဖစ်ရှာ ဂိုဏ်းဝင် အားလုံးကဲ့သို့ပင် သူမသည် အတွင်းဘက်၌ ထက်မြက်သော ဓားသွားပါရှိသည့် ဧရာမ ငါးမျှားချိတ်ကြီး တစ်ခုကို လက်နက်အဖြစ် ကိုင်ဆောင်ထားလေသည်။ သူမ၏ လက်နက်ကို ရွှေရောင်သံမဏိ ဖြင့် မွမ်းမံထား၏။ ထိုလက်နက်ဖြင့် ဝိညာဉ်အကြွင်းအကျန် အမျိုးအစားပေါင်းစုံကို သူမ ခွဲစိတ်နေသည်ကို လင်းတုန်း ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးလေသည်။
"မင်းက ဖြောင့်ဖြောင့် မတ်တပ်မရပ်နိုင်သေးခင်မှာ ပြေးချင်နေတာပဲ..."
ဂီရှာ က ခိုင်မာစွာ ပြောလိုက်သည်။
"မင်း ဘယ် လမ်းစဉ် ကိုမှ အဆင့်တွေ ကျော်ပြီး သွားလို့ မရဘူး..."
သူသည် ကျော်ဖြတ်နိုင်သမျှ အဆင့်တိုင်းကို ကျော်ဖြတ်ခဲ့၏။ အထွတ်အမြတ် တောင်ကြား မှ ထွက်ခွာလာကတည်းက သူ မျှော်မှန်းထားသည်ထက်ပင် ပို၍ အောင်မြင်မှုများ ရရှိခဲ့လေသည်။
သို့ရာတွင် ထိုအကြောင်းကို သူ အသံထွက်၍ မပြောခဲ့ချေ။
"လေးစားရပါတဲ့ ဖစ်ရှာ က ဉာဏ်ပညာ ကြီးမားလှပါတယ်..."
"အင်း... မင်းက မျက်ကန်းပဲ..."
"ဟုတ်ပါတယ် ဖစ်ရှာ ဂီရှာ..."
"အို... မင်း ဒါကို သိတယ်ပေါ့..."
"ဟုတ်ပါတယ် ဖစ်ရှာ ဂီရှာ..."
"အဲဒါက ငါ့အတွက်တော့ ထူးဆန်းနေတယ်... ကိုယ် မျက်ကန်းမှန်း သိတဲ့လူက အလစ်အငိုက် မခံရအောင် သူ့ပတ်ဝန်းကျင်ကို အရမ်း ဂရုစိုက်သင့်တယ်လေ..."
တစ်စုံတစ်ခုက လင်းတုန်း ၏ ခြေကျင်းဝတ်ကို ဆွဲဖမ်းလိုက်ရာ သူ ဟန်ချက်ပျက်သွားလေတော့သည်။ သံမဏိ ခန္ဓာကိုယ်ကို မပိုင်ဆိုင်ခင်က ဆိုလျှင် မာကျောသော မြေကြီးနှင့် မေးစေ့ ဆောင့်မိခြင်းက နာကျင်မှုကြောင့် မျက်စိပြာသွားစေနိုင်ပြီး သွားတစ်ချောင်းလည်း ကျိုးသွားနိုင်ပေသည်။ ယခုမူ မေးရိုးကို လာရောက် ရိုက်ခတ်သော ဖိအားကိုသာ ခံစားလိုက်ရ၏။ ထို့နောက် သူ့အား မည်သည့်အရာက ဖမ်းဆွဲထားသည်ကို မြင်ရစေရန် သူ ချက်ချင်းပင် လှည့်ကြည့်လိုက်လေသည်။
ခရမ်းရောင် မာဒြာ ကြိုးတစ်ချောင်း...
၎င်းသည် ပင့်ကူမျှင်ကဲ့သို့ သူ၏ ခြေကျင်းဝတ်တွင် ကပ်ငြိနေသည်။ ၎င်းသည် သစ်ပင်များကြားတွင် ပုန်းကွယ်နေသော ခရမ်းရောင် အလင်းရောင်ရှိသည့် ပုံသဏ္ဍာန်တစ်ခုထံသို့ ဆန့်တန်းသွား၏။ ဝိညာဉ်အကြွင်းအကျန် အားလုံးကဲ့သို့ပင် ၎င်းသည် စုတ်တံချက်များ စုစည်းထားသည့်အလား ပုံပေါ်နေသည်။ တစ်စုံတစ်ယောက်က ဆေးခြယ်၍ ဖန်တီးထားသည့်နှယ် ဖြစ်၏။
ဤအကောင်သည် အရပ်ရှည်သည်။ လူသားများနှင့် မတူသော ရှည်လျားသည့် ခြေလက်များ ရှိပြီး ဟောင်းလောင်းပေါက် ဖြစ်နေသော ငါးမျက်နှာမျိုး ပိုင်ဆိုင်ထား၏။ ပါးလွှာပြီး အရေပြားချင်း ဆက်နေသော ၎င်း၏ လက်ချောင်းများထိပ်တွင် လက်သည်းများ ရှိနေသည်။ ၎င်း၏ ဟာလာဟင်းလင်း ဖြစ်နေသော ခရမ်းရောင် မျက်လုံးများက လင်းတုန်း ထံသို့ စိုက်ကြည့်နေလေသည်။
လင်းတုန်း၏ နှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်နေ၏။ သို့သော်လည်း... မာဒြာ များ ထိန်းချုပ်မှု ကင်းမဲ့မသွားစေရန် အသက်ရှူနှုန်းကို ညီညာတည်ငြိမ်အောင် အာရုံစိုက်ထားရသည်။ လွန်ခဲ့သော ရက်သတ္တပတ်များက ဆိုလျှင် ဤသို့ ရုတ်တရက် တိုက်ခိုက်ခံရမှုကြောင့် သူ အထိတ်တလန့် ဖြစ်သွားခဲ့မည်မှာ သေချာလှသည်။
သို့ရာတွင်... ၎င်းသည် အီသန် က သူ့ကို ကျောက်တုံး အပျက်အစီးများကြားတွင် နှစ်ပတ်ကြာအောင် တစ်ယောက်တည်း ပိတ်လှောင်မထားမီက အခြေအနေသာ ဖြစ်သည်။ အထိတ်တလန့် ဖြစ်ခြင်းကို တိုက်ပွဲပြီးဆုံးသည်အထိ ဆိုင်းငံ့ထားနိုင်ပေသည်။
ဝိညာဉ် အကြွင်းကျန်သည် ကိုက်နှစ်ဆယ်ကျော်ခန့် ကွာဝေးနေသေးသော်လည်း သူ့ကို ဖမ်းမိနေပြီ ဖြစ်၏။ သူ၏ ခြေကျင်းဝတ်တွင် ချည်နှောင်ထားသော ခရမ်းရောင်ကြိုးသည် ဝိညာဉ်အကြွင်းအကျန် ၏ ဆန့်တန်းထားသော လက်ဆီသို့ တန်းဆက်နေလေသည်။
လင်းတုန်း သည် သူ၏ လက်ကို မာဒြာ များဖြင့် ပြည့်နှက်စေကာ ကြိုးပေါ်သို့ ဗလာလက်ဝါး ဖြင့် ရိုက်ချလိုက်၏။ သို့သော် ကြိုးသည် တစ်ချက် တုန်ခါသွားရုံသာ ရှိလေသည်။ ၎င်းသည် သူ၏ ခြေကျင်းဝတ်တွင် ဆက်လက် မြဲမြံစွာ ကပ်ငြိနေသည်။
ဝိညာဉ်အကြွင်းအကျန် ထံမှ ပူဖောင်း ပေါက်ကွဲသွားသကဲ့သို့ အသံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် ထိုကြိုးသည် လင်းတုန်း ကို သစ်တောကြမ်းပြင်ပေါ်မှနေ၍ စတင် ဆွဲငင်သွားလေတော့သည်။
သူ၏ အသက်ရှူသံများမှာ ပြတ်တောင်းပြတ်တောင်း ဖြစ်လာ၏။ အသက်ရှူ နည်းလမ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်ရန် ပိုမို အခက်တွေ့လာခဲ့သည်။ သူသည် ကြိုးကို ကိုင်ကာ ဆွဲရန် ကြိုးစားလိုက်သောအခါတွင် သူ၏ လက်သည် မာဒြာ ကြိုးကို ဖြတ်သန်းသွားလေသည်။
ဂီရှာ သည် သူ၏ ဘေးတွင် ရွေ့လျားနေ၏။ သူမ၏ ပင့်ကူ မှော်ပစ္စည်း ၏ ခြေတံများသည် သူ၏ ဆွဲငင်ခံရသော အရှိန်နှင့် ကိုက်ညီအောင် လိုက်ပါလာခဲ့သည်။
"မင်းက မင်းကိုယ်မင်း အထင်ကြီးလွန်းနေတယ်... ဒါ အဲဒီရလဒ်ပဲ... ကျောက်စိမ်းအဆင့် တစ်ယောက်သာဆိုရင် ဒီကောင် လာနေတာကို သိမှာပဲ..."
"လေးစားရပါတဲ့ ဖစ်ရှာ..."
မြေကြီးပေါ်တွင် ကျန်ရစ်နေသော ရွှေရောင်သံမဏိ ကိရိယာ တစ်ခုဆီသို့ လှမ်းမီရန် အားယူ ကြိုးစားရင်း လင်းတုန်း က အသံထွက်လာ၏။
"ကျွန်တော့်ကို ကူညီပါဦး..."
"ဒီလိုတောထဲမှာ သံမဏိအဆင့် ကလေးတစ်ယောက်ဟာ ကြွက်တစ်ကောင်ထက် ပိုတဲ့ မာနမရှိသင့်ဘူး... ယုန်တစ်ကောင်ထက် ပိုတဲ့ သတ္တိလည်း မရှိသင့်ဘူး... ဒါပေမဲ့ မင်းရဲ့ မျက်လုံးတွေက အနာဂတ်မှာပဲ ရောက်နေတယ်... မင်းက အဝေးကြီးမှာရှိတဲ့ ပန်းတိုင်ကိုပဲ စိုက်ကြည့်နေတော့ မင်း ခြေထောက်ရှေ့က ထောင်ချောက်တွေကို မမြင်တော့တာပေါ့..."
အင်အား အားလုံးကို စုစည်းလိုက်ပြီးနောက် လင်းတုန်း သည် သူ၏ လက်မောင်းများကို အားဖြည့်လိုက်၏။ ထို့နောက် သူ၏ လက်များကို ပျော့အိနေသော မြေကြီးထဲသို့ နစ်ဝင်သွားအောင် ထိုးစိုက်ချလိုက်လေသည်။ ဝိညာဉ်အကြွင်းအကျန် သည် သူ့ကို မြေကြီးပေါ်မှနေ၍ ဆက်လက် ဆွဲငင်သွားခဲ့သည်။ မြေကြီးပေါ်တွင် ထွန်ကြောင်းနှစ်ကြောင်း ပေါ်လာပြီးနောက်မှသာ သူ၏ ဆွဲငင်ခံရသော အဟုန် ရပ်တန့်သွားလေတော့သည်။
ဂီရှာ သည်လည်း ရပ်တန့်သွားကာ ပေါ့ပေါ့ပါးပါး စကားဆိုနေဆဲ ဖြစ်၏။
"ဒါက ဝိညာဉ်ပန်းပဲဆရာ တွေအတွက်သာ မကဘူး၊ ကျင့်ကြံသူ အားလုံးအတွက် သင်ခန်းစာပဲ... ဆင်ကို မြိုချဖို့ ကြိုးစားတဲ့ မြွေက နင်ပြီး သေရုံပဲ ရှိမှာပေါ့..."
လင်းတုန်း သည် ဂီရှာ ၏ သင်ကြားပြသမှုများထက် သူ့ကို စားသောက်ရန် ကြိုးစားနေသော ဝိညာဉ်အကြွင်းအကျန် ကိုသာ ပို၍ အာရုံစိုက်နေမိပေသည်။ သို့သော် သူမ၏ သင်ခန်းစာက သူ၏ လက်ရှိ အခြေအနေနှင့် မည်သို့ သက်ဆိုင်နေကြောင်းကိုမူ သူ နားမလည်နိုင်ခဲ့ပေ။ ထို့အပြင် ယခုအချိန်မှ ထိုစကားများကို ပြောဆိုရန် လိုအပ်နေပါသလော။
သူသည် မြေပြင်ပေါ်တွင် မှောက်လျက်သား ဖြစ်နေ၏။ သူ၏ လက်မောင်းများကို ဆန့်တန်းကာ မြေကြီးကို အသည်းအသန် ဖမ်းဆုပ်ထားရသည်။ ပခုံးများမှာလည်း အလွန်အမင်း နာကျင်နေသဖြင့် တုန်ယင်လာခဲ့လေပြီ။
ဂီရှာသည် သူမ၏ ချိတ်ကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်သည်ကို သူ မျက်လုံးထောင့်မှနေ၍ မြင်လိုက်ရ၏။ ထို့နောက် သူမသည် ၎င်းကို အလင်းရောင်တွင် အကဲခတ် စစ်ဆေးနေလေသည်။ သိသာထင်ရှားစွာပင် သူမသည် သူ့ကို ကူညီရန် အလောတကြီး ဖြစ်မနေခဲ့ချေ။
"မင်းက အမြဲတမ်း အဆင့်တွေကို ကျော်ဖြတ်ဖို့ ကြိုးစားနေတာပဲ မဟုတ်လား... လှည့်စားဖို့ပေါ့... ဒါက ပေါ့ဆမှုပဲ၊ ဒီအကျင့်က မင်းကို အခုထက် ပိုဆိုးတဲ့ ဒုက္ခတွေထဲ ရောက်သွားစေလိမ့်မယ်..."
လင်းတုန်း က အမောတကောဖြင့် ဆိုလိုက်၏။
"ကျွန်တော် နားလည်ပါပြီ ဖစ်ရှာ ဂီရှာ... ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်ပေးပါဦး..."
တစ်စုံတစ်ခုက သူ၏ ညာဘက် တင်ပါးကို ဖမ်းဆွဲလိုက်ပြီးနောက် ဇက်ပိုးကို ထပ်မံ ဖမ်းဆွဲလိုက်ပြန်သည်။ ခရမ်းရောင် ဝိညာဉ်အကြွင်းအကျန် ထံမှ နောက်ထပ် ပင့်ကူမျှင်များ ဆန့်တန်းထွက်ပေါ်လာခြင်းပင် ဖြစ်၏။
"မင်း နားလည်ရင်လည်း နားလည်မှာပေါ့၊ နားမလည်တာလည်း ဖြစ်နိုင်တယ်..."
ဖစ်ရှာ ဂီရှာ က သူမ၏ ဘယ်ဘက်လက်ဖြင့် ရှေ့သို့ လှမ်းဆွဲလိုက်သည်။ ထိုအခါ သူမ၏ လက်ချောင်းများနှင့် ဝိညာဉ်အကြွင်းအကျန် ကြားတွင် ခရမ်းရောင် ကြိုးတစ်ချောင်း ထွက်ပေါ်လာလေသည်။
"ဘယ်လိုပဲဖြစ်ဖြစ်၊ မင်းကို အန္တရာယ်ကနေ ငါ ကယ်တင်ပေးခဲ့တယ်ဆိုတာကို အဆင့်နိမ့် အရှင်သခင် ဆီ မပြောပြနဲ့နော်..."
သူမသည် ကြိုးကို အားကုန် ဆွဲလိုက်ရာ ဝိညာဉ်အကြွင်းအကျန် မှာ အလေးချိန် လုံးဝမရှိသည့်အလား ခြေမကိုင်မိဘဲ လွင့်စဉ်သွားလေသည်။ သူမ၏ ခရမ်းရောင်ကြိုး တိုဝင်သွားသည်နှင့်အမျှ ၎င်းသည် မြေပြင်ပေါ်တွင် လိမ့်ထွက်လာခဲ့၏။ သူမ၏ ခြေရင်းသို့ ရောက်သည် အထိ ဆွဲငင်ခံရချိန်တွင် သူမသည် ရွှေရောင်သံမဏိ ချိတ်ဖြင့် ဝိညာဉ် ၏ လည်ပင်းကို ပိုင်းဖြတ်လိုက်လေတော့သည်။
***
အပိုင်း(၁၆၂)
တောက်ပသော ခရမ်းရောင် အဆီအနှစ် အမှုန်အမွှားများသည် သွေးများကဲ့သို့ လေထဲသို့ ပန်းထွက်သွား၏။ ထို့နောက် ဝိညာဉ်အကြွင်းအကျန် ၏ ခေါင်းသည် ပြုတ်ကျသွားလေသည်။
လင်းတုန်း ကို ဆွဲငင်ထားသော အင်အားများ လွတ်ကင်းသွားလေသည်။ သူသည် မြေပြင်ပေါ်သို့ ပျော့ခွေကျသွား၏။ သူ၏ လက်မောင်းများနှင့် ပခုံးများမှာလည်း သက်သာရာရမှုကြောင့် အော်ဟစ်လိုက်မိမတတ် ဖြစ်သွားရ၏။
"ဒီလူက ဖစ်ရှာ ဂီရှာ ကို ရိုသေစွာ ကျေးဇူးတင်ပါတယ်..."
"လာပြန်ပြီ နင့်မေ ဒီလူ..."
သူမက ပြောလိုက်၏။
"ငါတို့ မပြန်ခင် ဒီနေ့ မင်း ဘာတွေ သင်ယူခဲ့ရသလဲ ဆိုတာ ငါ့ကို ပြောစမ်း..."
"ကျွန်တော် ပေါ့ဆခဲ့ပါတယ်... ဖြည်းဖြည်းနဲ့ ဂရုတစိုက် တက်လှမ်းရမယ့်အစား ရှေ့ကို အတင်းခုန်တက်ဖို့ ကြိုးစားပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းခဲ့တာပါ..."
"အင်း... မင်း သင်ခန်းစာ ရသွားရင် ပြီးတာပါပဲ..."
သူ အမှန်တကယ် ဘာသင်ယူခဲ့ရသနည်း ဆိုသည်ကိုတော့ သူမအား သူ မပြောပြခဲ့ချေ။ သူသာ ကျောက်စိမ်းအဆင့် ဖြစ်နေပါက ဝိညာဉ်အကြွင်းအကျန် ချဉ်းကပ်လာသည်ကို သိရှိနိုင်မည် ဖြစ်၏။ ထို့အပြင် အဆင့်မြင့် ရွှေအဆင့် ဖြစ်သော သူမကမူ ယင်ကောင်တစ်ကောင်ကို ရိုက်ချလိုက်သကဲ့သို့ ထိုအရာကို အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သည်။
၎င်းသည်သာ အစစ်အမှန် သင်ခန်းစာ ဖြစ်လေသည်။ အကယ်၍ သင်သာ လုံလောက်သော စွမ်းအားရှိနေပါက မည်သည့်အရာကိုမဆို ပြီးမြောက်အောင်မြင်နိုင်ပေလိမ့်မည်။
...
ကျင်းလုံက သူမ၏ လက်ကို ခပ်ဖွဖွ ဆုပ်ကိုင်ထားစဉ်တွင် ကျင်းချန်တစ်ယောက် မျက်လုံးများတွင် မျက်ရည်များ ရစ်သိုင်းနေ၏။
"ငါ့ဘေးမှာ တိုက်ပွဲဝင်ရင်း ခရယ် သေဆုံးသွားခဲ့တယ်... သူက လျင်လျင်မြန်မြန်နဲ့ ရဲရဲဝံ့ဝံ့ပဲ ထွက်သွားခဲ့တာပါ... သူက သူရဲကောင်းတစ်ယောက်လို သေဆုံးသွားခဲ့တယ်..."
သူက သူမကို ပြောလိုက်လေသည်။
"အဆင့်နိမ့် အရှင်သခင် က... သူ့ကို သတ်လိုက်တာလား..."
ညီမလေးက မေးလိုက်သည်။ သူမသည် အသံထွက်လာစေရန် အားယူနေရ၏။ အသက်ရှူလိုက်တိုင်း ရင်ဘတ်ပေါ်ရှိ မမြင်ရသော ဝန်ထုပ်ဝန်ပိုးကြီးကို ရုန်းကန်နေရလေသည်။
ကျင်းလုံသည် သူမ၏ လက်ကို အနည်းငယ် ပို၍ တင်းကျပ်စွာ ညှစ်လိုက်၏။ သို့သော် သူမကို မနာကျင်စေရန် သူ၏ အင်အားကို ထိန်းချုပ်ထားလေသည်။
"သူ ခေါ်လာတဲ့ ကောင်လေး တစ်ယောက်ပါ... သံမဏိအဆင့် လေး တစ်ယောက်တည်းရယ်..."
ကျင်းချန် ၏ မျက်လုံးများ ပြူးကျယ်သွား၏။ လက်ကို မြှောက်ရန် ကြိုးစားလိုက်သကဲ့သို့ သူမ၏ လက်ရုံးများက တုန်ခါသွားလေသည်။
"သံမဏိအဆင့် လား..."
"အင်း... သူက သတ္တိကြောင်တဲ့ကောင်လို တိုက်ခိုက်ခဲ့တာ... အနောက်ကနေ ခိုးလာတဲ့ လက်နက်နဲ့ တိုက်သွားတာ... တခြား အဆင့်မြင့် ရွှေအဆင့် တစ်ယောက်တောင် ခရယ် နဲ့ ရင်ဆိုင်ရရင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး..."
မျက်ရည်များ ထပ်မံ စီးကျလာပြီး ကျင်းချန် သည် နှာခေါင်းရှုံ့ကာ ငိုရှိုက်လိုက်၏။
"သခင်လေးခရယ် ..."
သူမသည် ကျန်သော စကားလုံးများကို ဆက်ပြောနိုင်စွမ်း မရှိတော့ချေ။
ကျင်းလုံက သူမ၏ အိပ်ရာခင်းကို သပ်ရပ်သွားအောင် ပြင်ပေးလိုက်သည်။
"နင့်ကို အစကတည်းက ငါ ပြောပြမလို့ပါပဲ... ဒါပေမဲ့ ငါ ပြင်ဆင်စရာတွေ အများကြီး ရှိနေခဲ့လို့ပါ..."
သူက အောက်သို့ ငုံ့ကာ အစီအရင် များ ချိတ်ပိတ်ထားသော သေတ္တာတစ်လုံးကို ဖွင့်လိုက်၏။ ထိုအထဲမှ သူ၏ အံ့သြဖွယ် လက်ဆောင်ကို ထုတ်ယူလိုက်လေသည်။ ၎င်းမှာ ဘိုးဘေး လှံ ပင် ဖြစ်၏။ အဖြူရောင် မာဒြာ ဖြင့် ပြုလုပ်ထားပြီး အလင်းရောင်များ တောက်ပနေသော လှံရိုးပေါ်တွင် အစီအရင် မျဉ်းကြောင်းများကို ခပ်ဖွဖွ ရေးခြစ်ထားလေသည်။ ကျင်းချန် သည် သေချာ မြင်ရစေရန် အိပ်ရာပေါ်တွင် မတ်မတ်ထိုင်နိုင်ရန် အသည်းအသန် ကြိုးစားအားယူလိုက်၏။
သူမက ထိုအရာကို ထိတွေ့ရန် လက်ချောင်းများကို မဝံ့မရဲ ဆန့်တန်းလိုက်စဉ် သူက ပြောလိုက်သည်။
"ထူးကဲသော ရှေးဟောင်း အပျက်အစီး ရဲ့ အပေါ်ဆုံးထပ်က ရလာတာ..."
သူမသည် ခွင့်ပြုချက် တောင်းခံသည့်အနေဖြင့် သူ့ကို ကြည့်လိုက်၏။ သူ ခေါင်းညိတ်ပြလိုက်သည့် အချိန်မှသာ သူမ၏ လက်ကို လှံပေါ်သို့ တင်လိုက်လေသည်။
"နွေးနေတာပဲ..."
"ဒါက တခြားသူတွေဆီက မာဒြာ တွေကို ငါ့ဆီကို စုပ်ယူပေးနိုင်တယ်..."
ကျင်းလုံ က ပြောလိုက်ရာ သူမသည် သူမ၏ လက်များကို ချက်ချင်း ပြန်ရုပ်လိုက်၏။
"ရပါတယ်... ရပါတယ်... နင် ကိုင်လို့ ရပါတယ်... ဒါက ငါ အနိုင်ယူလိုက်တဲ့ ကလန် ဝင် တစ်ယောက်ချင်းစီတိုင်းအတွက် ငါ ပိုပြီး အင်အားကြီးလာလိမ့်မယ်လို့ ဆိုလိုတာပါ..."
"ဒါဆိုရင် သခင်လေး ခရယ် အတွက် လက်စားချေပေးမှာလား..."
သူမက တိုးညှင်းစွာ မေးလိုက်သည်။
အဖိုးတန်လှသော မာဒြာ များ ပျောက်ကွယ်မသွားစေရန် သူသည် လှံကို သေတ္တာထဲသို့ ပြန်ထည့်ကာ ချိတ်ပိတ်လိုက်လေသည်။ လှံပေါ်ရှိ အစီအရင် များက မာဒြာ လျော့ပါးသွားခြင်းကို တားဆီးပေးထား၏။ သို့သော် သဲမြွေပွေး ဝိညာဉ်ပန်းပဲဆရာ များက မည်မျှအထိ ကာကွယ်ပေးနိုင်မည်ကို အတိအကျ မပြောနိုင်ခဲ့ချေ။ ဂရုစိုက်သည်က အမြဲတမ်း အကောင်းဆုံး ဖြစ်ပေသည်။ အကယ်၍ သူ ဤလက်နက်ကို ဆုံးရှုံးသွားပါက အစားထိုးစရာ ရှိမည် မဟုတ်ပေ။
"အဆင့်နိမ့် အရှင်သခင် သာ မရှိခဲ့ဘူးဆိုရင် အဲဒီနေရာမှာတင် ငါ လက်စားချေခဲ့ပြီးပြီ..."
သူက သူမ၏ လက်မောင်းကို ခပ်ဖွဖွ ပုတ်ပေးလိုက်၏။
"ဒါပေမဲ့ အာရီလီယပ်စ် မိသားစု က လုံးဝ ဂုဏ်သိက္ခာမဲ့တဲ့ သူတွေတော့ မဟုတ်ဘူး... နောက်တစ်နှစ်ကြာရင် ငါ သူ့ကို သိုင်းပြိုင်ကွင်းမှာ ရင်ဆိုင်ခွင့် ပြုထားတယ်..."
သူမ၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှုများ ဖုံးလွှမ်းသွား၏။ သို့သော် စကားမပြောနိုင်မီ အသက်ပြင်းပြင်း အကြိမ်အနည်းငယ် ရှူလိုက်ရလေသည်။
"အခု အင်ပါယာ ဆီကို ပြန်သွားမလို့လား... ဒါပေမဲ့ ငါတို့က... ငါတို့က..."
သူမ အသက်ရှူခြင်းကို အာရုံစိုက်နေချိန်တွင် သူက စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပေးနေခဲ့၏။
"... ငါတို့က ထွက်သွားကြတော့မလို့လေ... နင်က... နင်က... ပြန်သွားချင်သေးလို့လား..."
ငါ ပြန်သွားတာ သူတို့ကို သတ်ဖြတ်ပစ်ဖို့အတွက်ပဲ ဟု ကျင်းလုံ တွေးလိုက်မိ၏။ သို့သော် သူက တည်ငြိမ်စွာပင် ပြောလိုက်သည်။
"ကျင်း ကလန် မှာ ဆေးဆရာတွေနဲ့ ဝိညာဉ်ပန်းပဲဆရာ တွေ ရှိတယ်... သူတို့ရဲ့ ဘဏ္ဍာတိုက်တွေကိုသာ ဖောက်ထွင်းနိုင်ရင် ငါကိုယ်တိုင် နင့်ကို ကုသပေးနိုင်ကောင်း ကုသပေးနိုင်လိမ့်မယ်... အဲဒါမှ အဆင်မပြေသေးဘူးဆိုရင်တောင် နာရူ ဒါမှမဟုတ် ကိုတိုင်း တို့ရဲ့ အကူအညီကို ငါ ရနိုင်တယ်... ဒါမှမဟုတ်ရင်လည်း ကျောင်းတော် တွေထဲက တစ်ခုခုဆီကပေါ့... ကျောက်စိမ်း မျက်လုံး ရဲ့ ဆေးလုံးတွေက သေခါစလူကိုတောင် အသက်ပြန်ရှင်စေနိုင်တယ်လို့ ပြောကြတယ်လေ..."
သူမ၏ အပြုံးသည် နာကျင်မှုနှင့် ခါးသီးမှုတို့ကြောင့် ပုံပျက်နေလေသည်။
"ငါတို့... ထွက်သွားနိုင်မယ်လို့... နင် မထင်ဘူးလား..."
မဖြေဆိုမီ စဉ်းစားဖို့ အချိန်ရစေရန် သူသည် သူမ၏ လက်မောင်းကို ပုတ်ပေးလိုက်၏။
"ငါ့ကိစ္စတွေ ပြီးသွားတဲ့အခါကျရင် ငါတို့နောက်ကို လိုက်မယ့်သူ တစ်ယောက်မှ ကျန်တော့မှာ မဟုတ်ဘူး..."
သူ ရည်ရွယ်ထားသည်ထက် စကားဝိုင်းသည် ပို၍ မှောင်မိုက်သွားခဲ့၏။ သို့သော်လည်း ထို့နောက်တွင်တော့ တစ်နာရီခန့်ကြာအောင် သူတို့သည် အစားအသောက်များ၊ အတင်းအဖျင်းများနှင့် ခရယ် နှင့် ပတ်သက်သော အမှတ်တရများ စသည့် ပေါ့ပေါ့ပါးပါးနှင့် ပျော်ရွှင်ဖွယ်ကောင်းသော အကြောင်းအရာများကို ပြောဆိုဖြစ်ခဲ့ကြသည်။ အားအင်ကုန်ခမ်းမှုကြောင့် သူမ အိပ်ပျော်သွားသောအခါ သူသည် သူ၏ သေတ္တာကို ကောက်ကိုင်ကာ အပြင်သို့ ထွက်လာခဲ့လေတော့သည်။
ကျင်းလင် သူ၏ ကျရှုံးမှု အမာရွတ်များ ထင်ဟပ်နေသော သူမကို အနောက်တွင် ချန်ရစ်ထားခဲ့၏။ သူမ၏ ခန္ဓာကိုယ်သည် လုံးဝ ကျန်းမာနေသည်။ နှစ်ပေါင်းများစွာ အားနည်းမှုနှင့် အထီးကျန်မှုတို့ကြောင့်သာ ထိခိုက်ပျက်စီးနေခဲ့ခြင်း ဖြစ်၏။ နေထိုင်ကောင်းသော နေ့ရက်များတွင် သူမ၏ အပြုံးသည် အလွန်တရာ ကျယ်ပြန့်ပြီး ပွင့်လင်းလှပေသည်။ ထိုအပြုံးက တစ်စုံတစ်ခု မှားယွင်းနေသည်ဆိုသည်ကိုပင် သူ့အား မေ့လျော့သွားစေလုမတတ် ဖြစ်စေ၏။
သို့သော် သူမ၏ ဝိညာဉ် ကမူ အမှန်တကယ် ဖြစ်ပျက်နေသည်များကို ပြောပြနေခဲ့သည်။
ကျင်းလုံ မရည်ရွယ်ဘဲ သူ၏ ဝိညာဉ် အာရုံခံစားမှုကို သူမထံသို့ ဖြန့်ကြက်လိုက်မိ၏။ သူ၏ စိတ်အာရုံထဲတွင် သူမ၏ ဝိညာဉ် ကို လင်းလက်သွားစေခဲ့သည်။ သူမ၏ စိတ်ဝိညာဉ် အတွင်းသို့ ဝင်ရောက် သောင်းကျန်းသွားခဲ့သော ဘီလူးသရဲကြီး ချန်ရစ်ခဲ့သည့် အပျက်အစီးများကို သူ ခေတ္တမျှ ငေးကြည့်နေမိသည်။
သူမ၏ ခန္ဓာကိုယ် အနှံ့အပြားတွင် သန့်စင်ညီညာသော ကွင်းဆက်များအဖြစ် ပြန့်နှံ့နေသင့်သည့် မာဒြာ လမ်းကြောင်းများသည် လိမ်ကောက်ကာ ကျိုးပဲ့နေခဲ့၏။ လမ်းကြောင်းများ၏ တစ်ဝက်ခန့်သည် မှေးမှိန်ကာ ပိတ်ဆို့နေသည်။ ကျန်တစ်ဝက်မှာမူ မာဒြာ များ မှားယွင်းသော နေရာများတွင် စုပုံနေသဖြင့် အလွန်အမင်း တောက်ပနေလေသည်။ သူမ၏ အမြုတေ သည် အက်ကွဲကြောင်း ကွန်ရက်များဖြင့် ရစ်ပတ်ခံထားရ၏။ ကျိုးပဲ့နေသော မီးအိမ်တစ်ခုကဲ့သို့ အလင်းရောင်များ ယိုစိမ့်ထွက်ကျနေလေသည်။
ပျက်စီးနေသော သူမ၏ ဝိညာဉ် ထဲသို့ မာဒြာ အနည်းငယ်မျှ စိမ့်ဝင်သွားသောကြောင့်သာ သူမ မနည်း လှုပ်ရှားနိုင်နေခြင်း ဖြစ်သည်။ ထိုမျှလောက်ပင်လျှင် အံ့ဖွယ်တစ်ပါး ဖြစ်နေခဲ့ပြီ ဖြစ်၏။ မတော်တဆမှု ဖြစ်ပွားပြီးနောက် ဆေးဆရာများက တစ်ပတ်တိတိ နေ့မနား ညမနား ကုသပေးခဲ့ရသည့် ရလဒ်ပင် ဖြစ်လေသည်။
တရားခံသည် ယခုအချိန်အထိပင် သူ၏ အမြုတေ အတွင်း၌ ခွေလိပ်၍ ရှိနေဆဲ ဖြစ်သည်။ ဝိညာဉ်အကြွင်းအကျန် ၏ မာဒြာသည် တဖြည်းဖြည်း ပျော်ဝင်သွားစဉ် သူ၏ ကိုယ်ပိုင် မာဒြာ များနှင့် ရောယှက်နေ၏။ ၎င်း၏ မှတ်ဉာဏ်များနှင့် ခံစားချက်များသည် သူ၏ စိတ်အာရုံ နောက်ကွယ်တွင် ပုန်းအောင်းနေလေသည်။ သူ အစစ်အမှန် ရွှေအဆင့် သို့ ရောက်ရှိချိန်တွင်တော့ ထိုအရာကို အပြည့်အဝ ချေဖျက်နိုင်ပြီ ဖြစ်ပေလိမ့်မည်။
၎င်းသည် သူ စိတ်ကူးနိုင်သမျှထဲတွင် အပြည့်စုံဆုံးနှင့် အတိကျဆုံးသော လက်စားချေမှုပင် ဖြစ်ပေသည်။
ဝိညာဉ်အကြွင်းအကျန် သည် မတူညီသော လမ်းစဉ် မှ ဖြစ်နေသောကြောင့် သူသည် ကျင်း ကလန် ၏ ပင်မ မျိုးနွယ်စုမှ နှင်ထုတ်ခံခဲ့ရ၏။ သူ၏ ညီမဖြစ်သူတွင် ထောက်ပံ့မည့်သူ တစ်ဦးတစ်ယောက်မျှ မကျန်ရှိတော့သောကြောင့် သူမကိုပါ သူ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
ကလန် အနေဖြင့် သူမကို ပုံမှန်အခြေအနေရောက်အောင် ကုသပေးနိုင်စွမ်း ရှိခဲ့ကြသည်။ ရှားပါးသော ပစ္စည်းအချို့ ကုန်ကျနိုင်သော်လည်း သူတို့ လုပ်ပေးနိုင်ခဲ့ကြ၏။ သို့သော် သူမသည် သူတို့အတွက် မည်သည့် တန်ဖိုးမျှ မရှိသောကြောင့် သူတို့ မလုပ်ပေးခဲ့ကြချေ။
၎င်းကပင် ကလန် ၏ သစ္စာရှိမှု အတိုင်းအတာကို သူ့အား ပြသလိုက်ခြင်း ဖြစ်၏။ သူကကော အဘယ်ကြောင့် သူတို့အပေါ် ပြန်လည် သစ္စာရှိနေရမည်နည်း။
***