ဖြုန်းတီးမပစ်နဲ့
Vol. 17 Ch. 230
“တူမတပည့် ချောချောလေး တစ်ယောက်လား...”
စုမင်သည် ယခုလေးတင် နိုးလာခြင်းဖြစ်၍ ဤအချိန်တွင် သူ့ခေါင်းကို သိပ်အလုပ်ပေး၍ မရပေ။ ထို့ကြောင့် တူမတပည့်ဟူသော စကားလုံးများကို ကြားလိုက်ရချိန်၌ သူ အံ့အားသင့်မှင်တက် သွားရချေ၏။
“အရမ်း လှတယ်။ သူမက အမျိုးသမီး တစ်ယောက်ပဲ”
အစ်ကိုနှစ်သည် ကြင်နာစွာပြုံးပြကာ ခေါင်းညိတ်ပြလာ၏။
“အာ ... သူမနာမည်က ဘာတဲ့လဲ”
ထျန်းရှဲ့ကျီ၏ အဆင့်အတန်းကို စုမင် သတိရလိုက်မိပြီး သူ့မျက်နှာထက်တွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အစ်ကိုနှစ်က ခေါင်းကုတ်လိုက်သည်။ ထို့နောက် ခဏတာခန့် အလေးအနက် စဉ်းစားပြီးနောက်တွင် သက်ပြင်းချလိုက်ပြီး ပြောလာခဲ့သည်။
“သူမကို ဘယ်လို ခေါ်တာပါလိမ့် ... ဟမ်။ နေပါဦး သူမနာမည်က ဘာပါလိမ့် ... အငယ်ဆုံး ဂျူနီယာညီလေးရေ၊ ငါက သူမဘေးမှာပါလာတဲ့ လုံမလေးကိုပဲ အာရုံစိုက်နေမိတာနဲ့ သူ့နာမည်ကိုမေ့သွားတယ်”
စုမင်သည် သူ၏မေ့တတ်ဟန်ပေါ်သော အစ်ကိုနှစ်ကို ကြည့်လိုက်ပြီး နွေးထွေးမှုတစ်ခုက သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားခဲ့ရသည်။ သူသည် ယခုလေးတင် နိုးလာသော်လည်း သူထိုထူးဆန်းသော အခြေအနေအတွင်းသို့ ဝင်ရောက်မသွားခင် စင်မြင့်ထက်တွင် ထိုင်နေခဲ့စဉ်က သု့အစ်ကိုနှစ်သည် ထိုနေရာတွင် ရှိမနေသေးသည်ကိုတော့ သူ ရှင်းရှင်းလင်းလင်းပင် မှတ်မိနေသေးသည်။
သို့သော် ယခုတော့ သူ့အစ်ကိုနှစ်က သူ့နောက်မှာ ထိုင်နေခဲ့သည်။ သူ ထိုနေရာတွင် ထိုင်နေသည်မှာ မည်မျှကြာပြီမှန်း စုမင်စိတ်ကူး၍ပင် မရပေ။ ဤအရာသည် တိတ်တဆိတ် ဂရုစိုက်ခြင်းပင် ဖြစ်သည်။ ထိုနွေးထွေးမှုကြောင့် စုမင်ရင်ထဲ၌ပင် ခံစားသွားရ၏။
သူ မတ်တတ် ထရပ်လိုက်မိပြီး တောင်ထိပ်ဆီသို့ အလိုအလျောက် မော့ကြည့်လိုက်မိသည်။ တစ်ချက် ကြည့်ရုံနှင့်ပင် ထိုနေရာတွင် လူတစ်ဦးသည် အဝေးသို့ ဖြည်းညင်းစွာ လျှောက်သွားနေသည်ကို သူမြင်လိုက်ရသည်။ ထိုပုံရိပ်သည် ရေခဲတောင်ကြောင့် တဖြည်းဖြည်း ကွယ်ပျောက်သွားခဲ့ပြီး စုမင် ထိုလူကိုဆက်မမြင်ရတော့ပေ။
သို့သော် အကြည့်လေး တစ်ချက်ပင် ဆိုသော်လည်း ထိုအိုမင်းနေသော နောက်ကျောသည် စုမင် မျက်လုံးထဲတွင်တော့ ရင်းနှီးကျွမ်းဝင်နေဆဲပင် ဖြစ်သည်။
“ကျေးဇူးတင်ပါတယ် အစ်ကိုနှစ်”
စုမင်အကြည့်ကို တောင်ထိပ်ဆီမှ ပြန်လွှဲလိုက်ပြီး အစ်ကိုနှစ်အား လှမ်းကြည့်လိုက်သည်။ အစ်ကိုနှစ်၏ နာမည်ကို သူမသိသော်လည်း ‘ဒုတိယအစ်ကို’ ဟူသော အမည်နာမကိုတော့ သူ့နှလုံးသားထဲတွင် နက်ရှိုင်းစွာ ထည့်သွင်းထားလိုက်ပြီ ဖြစ်သည်။
“ငါတို့က ညီအစ်ကိုတွေပဲ။ ငါတို့ကြားမှာ အချင်းချင်း ကျေးဇူးတင်နေစရာ မလိုပါဘူး။ ပြီးတော့ ငါဘာမှ မလုပ်ခဲ့ပါဘူး။ ဒီအတိုင်း မင်းစင်မြင့်ပေါ်မှာ ပန်းလေးနည်းနည်းပဲ စိုက်ခဲ့တာ”
အစ်ကိုနှစ်သည် စုမင်ကို ပြုံးပြရင်းဖြင့် ပျင်းရိစွာ ကျောဆန့်လိုက်သည်။
“ငါ လွန်ခဲ့တဲ့ ရက်နည်းနည်းလောက် တည်းက မအိပ်ခဲ့ရတာဆိုတော့ သွားအိပ်တော့မယ်။ အငယ်ဆုံး ဂျူနီယာညီလေး ငါ့အတွက် မေးပေးဖို့မမေ့နဲ့နော်”
ထိုသို့ပြောပြီးသည်နှင့် အစ်ကိုနှစ်က မျက်လုံးတစ်ဖက်ကို မှိတ်ပြလိုက်သည်။ သူသည် ဤအကြောင်းကို စုမင်အား အကြိမ်ကြိမ် သတိပေးနေမိသဖြင့် အနည်းငယ် ရှက်ရွံ့နေဟန်ဖြင့် သူ့ပါးပြင်ထက်တွင် အနည်းငယ် အနီရောင် သန်းနေလေသည်။
“အိုး ဟုတ်သားပဲ။ မင်းစိတ်ကို ရှင်းလင်းစေဖို့ မင်းသုံးတဲ့နည်းလမ်းက ရုပ်ပုံတွေဖန်တီးခြင်း အခြေအနေပဲ။ အဲဒါကြောင့် အဲနယ်ပယ်ထဲမှာ မင်းကိုယ်မင်း အချိန်အတော်ကြာ နစ်မြုပ်ထားဖို့တော့ လိုလိမ့်မယ်။ မင်း စောစောက လေထဲမှာ ဆွဲသားခဲ့တဲ့ အချိန်တုန်းက မင်းကိုယ်ထဲမှာ သိုလှောင်ထားတဲ့ စွမ်းအားတွေကို သုံးခဲ့တယ်။ မင်းစွမ်းအားတွေကို စုစည်းပြီး ရေးဆွဲတာက မကောင်းဘူး...”
“အဲဒါက မင်းစွမ်းအားတွေကို ဖြန့်ကြက်ပြီးမှ ပြန်စုဝေးတာလို့ ခေါ်တယ်။ မင်း အဲဒါကို ခဏခဏ မသုံးသင့်ဘူး။ မင်းနှလုံးသား တည်ငြိမ်စေဖို့ အဲဒါကို သုံးလို့မရဘူး။ အဲဒါကြောင့် အဲဒါကိုသုံးပြီး မင်းစိတ်ကို လေ့ကျင့်ဖို့ မသင့်တော်ဘူး။ ငါ့ပန်းတွေကိုပဲ ကြည့်။ သူတို့တွေ ကြီးထွားဖို့ ငါဘယ်တုန်းကများ ငါ့စွမ်းအားတွေကို သုံးခဲ့ဖူးလဲ...။ သဘာဝအတိုင်းပဲလုပ်ပါ။ အဲဒါမှပဲ မင်းစိတ်ကို ကြည်ကြည်လင်လင် ရှင်းရှင်းလင်းလင်း ထားနိုင်မှာ”
အစ်ကိုနှစ်သည် ဟန်လုပ်ကာ ချောင်းဟန့်လိုက်ရင်း စုမင်ကို ထပ်မံအကြံပေးလာ၏။
“ဒီလိုဆိုရင်ရော ... မင်းအစ်ကိုသုံးက အေးခဲကောင်းကင် ကလန်ရဲ့ ဖွဲ့စည်းပုံနဲ့ အကျွမ်းတဝင် ရှိတယ်။ မင်းကို ကျောင်းတော်ရဲ့ အသုံးအဆောင်ပစ္စည်း သိုလှောင်ခန်းဆီ ခေါ်သွားပေးခိုင်းလိုက်။ ငါမှတ်မိတာတော့ အဲဒီနေရာမှာ အေးခဲကောင်းကင် ကလန်က သိမ်းထားတဲ့ ပန်းချီဆွဲတဲ့ အောက်ခံစတွေ ရှိတယ်။ အဲဒါတွေက နည်းနည်းတော့ ဈေးကြီးတဲ့ဘက် ရောက်ပေမဲ့ မင်းဆရာ့ဆီကို သွားပြီး သူ့ဆီက ကလန်ဆရာသခင်ရဲ့ တံဆိပ်ပြား တောင်းလိုက်။ အဲဒီလိုဆို မင်းပိုက်ဆံ တစ်ပြားမှ ကုန်မှာမဟုတ်ဘူး”
စုမက်မျက်နှာထက်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာချိန်တွင် အစ်ကိုနှစ်သည် လှည့်ထွက်သွားပြီး ဖြစ်ကာ စင်မြင့်၏ အခြားဘက်ခြမ်းရှိ တောင်ပေါ်လမ်းသို့ လျှောက်သွားနေပြီ ဖြစ်သည်။ သူ့ပုံစံသည် သဘာဝအတိုင်းပင် တင့်တယ် ခန့်ညားနေကာ ဆံပင်တို့က လေတွင်လွင့်မျောနေပြီး စုမင်မြင်ကွင်းထဲမှ တဖြည်းဖြည်း ပျောက်ကွယ်သွား ခဲ့သည်။
အစ်ကိုနှစ် ထွက်ခွာသွားသည်ကို ကြည့်နေချိန်တွင် စုမင် နှလုံးသားအတွင်းမှ နွေးထွေးမှုသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။ နဝမတောင်ထွတ်ပေါ်ရှိ ကျောက်တုံး ကျောက်စိုင်များနှင့် သူ့ပတ်ဝန်းကျင်ကို စုမင် လှည့်ပတ်ကြည့် လိုက်မိသည်။ သူ့နှလုံးသားထဲတွင် အိမ်ဟူသော ဝိုးတဝါးခံစားချက် တစ်ခုက ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာခဲ့ချေသည်။
ဖြစ်နိုင်သည်မှာ အချိန်တို့ ကုန်လွန်လာလျှင် ဤနေရာရှိလူများနှင့် သူလုံးဝ ပေါင်းစည်းသွားသည်အထိ ထိုခံစားချက်သည် ပိုမိုနက်ရှိုင်း သန်မာလာပြီး ဤနေရာကို သူ၏ ဒုတိယအိမ် အဖြစ်ပင် ဆက်ဆံမိ သွားလောက်ပေလိမ့်မည်။
စုမင် သူ့လိုဏ်ဂူထဲတွင် နောက်တစ်ရက်ခန့် ထပ်မံတရားထိုင် ပြီးသည်နှင့် မွန်းတည့်ချိန်တွင် သူ့ကိုယ်အတွင်းရှိ ရုပ်နယ်လွန် အလယ်ဆင့်၏ ထိန်းညှိနိုင်သွားပြီ ဖြစ်သည်။ ထို့နောက် သူအပြင်သို့ နောက်တစ်ကြိမ် ပြန်ထွက်လာခဲ့သည်။
ဤတစ်ကြိမ်တွင် သူ၏ ကျင့်ကြံဆင့် တိုးတက်မှုကို စုမင် သိပ်နားမလည် နိုင်ခဲ့ပေ။ သူ ရောထွေးနေဆဲပင် ဖြစ်သော်လည်း သူ့ကျင့်ကြံဆင့် တိုးတက်လာခြင်း၏ အဓိကသော့ချက်သည် သူ့စိတ်ကို လေ့ကျင့်ခြင်းကြောင့် ဖြစ်သည်ကိုတော့ သူသိနေဆဲဖြစ်သည်။
‘စိတ်ကို လေ့ကျင့်ခြင်း ... မင်းရဲ့ ကိုယ်ပိုင် ဖန်တီးမှုပုံစံကို နားလည်နိုင်ဖို့ မင်းစိတ်ကို ရှင်းရှင်းလင်းလင်း ထားတဲ့ အခြေအနေတစ်ခု…’
ယခုပျောက်ကွယ်နေ သော်လည်း နက်မှောင်တောင် အမှတ်အသားအပြင် ထပ်တိုး ဖြစ်ပေါ်လာခဲ့သည့် မျက်နှာထက်ရှိ သွေးလွှမ်းလ တည်ရှိရာနေရာသို့ စုမင် ထိကြည့်လိုက်မိသည်။
သွေးလွှမ်းလသည် အတန်ငယ် ထူးဆန်းသော နေရာတွင်တည်ရှိနေခြင်း ဖြစ်သည်။ ၎င်းသည် စုမင်၏ ညာဘက် မျက်လုံးထဲတွင်ပင် ဖြစ်သည်။
‘ညာဘက်မျက်လုံးထဲက သွေးလွှမ်းလ...’
စုမင် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သူ့အမူအရာက တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။ သူသည် တောင်တက်လမ်း တစ်လျှောက် ဆင်းလာခဲ့ပြီး သိပ်မကြာခင်မှာပင် သူ့ရှေ့တွင် လိုဏ်ဂူတစ်ခု ပေါ်လာခဲ့ချေသည်။
သူလိုဏ်ဂူအနီးသို့ မရောက်သေးခင်မှာပင် အရက်နံ့တို့ရလိုက်ပြီး လိုဏ်ဂူအတွင်းမှ ဟောက်သံကို ကြားလိုက်ရသည်။ ထိုဟောက်သံများသည် မိုးခြိမ်းသံများသဖွယ် မြည်ဟည်းနေကြခြင်း ဖြစ်သည်။ စုမင် လိုဏ်ဂူအပြင်ဘက်၌ ရပ်လိုက်ချိန်တွင် ခဏတာ ရပ်တန့်လိုက်မိသည်။ အမှန်တော့ အစ်ကိုနှစ်ပြောခဲ့သော သက်ရှိအရာ ဆိုသည်မှာ မည်သည့်အရာ ဖြစ်ကြောင်း သူလာကြည့်ခြင်း ဖြစ်သည်။
ထိုအရာက အတန်ငယ် နားလည်ရန် ခက်ခဲချေသည်။ သို့သော် ယခု သူဤနေရာသို့ ရောက်နေပြီဖြစ်၍ အစ်ကိုသုံး၏ လိုဏ်ဂူထဲသို့သာ ဝင်ရှာကြည့်ရန် ဆုံးဖြတ်လိုက်ပြီး သူ့ကိုယ်ကို ငုံ့ကိုင်းကာ တံခါးမှ ဖြတ်ဝင်သွားလိုက်သည်။
သူလိုဏ်ဂူထဲသို့ ဝင်လိုက်မိချိန်တွင် ဟောက်သံသည် နားအူမတတ် ကျယ်လောင်စွာဖြင့် လိုဏ်ဂူအတွင်း ပဲ့တင်ထပ် နေချေသည်။ ဟူကျီသည် သိပ်မဝေးသော နေရာတွင် လဲလျောင်းနေပြီး သူ့ပါးစပ်ထောင့်စွန်းမှ သွားရေစီးကြောင်း တစ်ခု စီးကျလျက်ရှိ၏။ သူသည် အိပ်မက်ထဲတွင် ပျော်စရာတစ်စုံတစ်ခု ပြုလုပ်နေဟန်ဖြင့် သူ့မျက်နှာထက်တွင် ယစ်မူးပျော်ရွှင်သော အမူအရာတစ်ခု ရှိနေခဲ့သည်။
သူ့ဘေးတွင် အပင်များ ဖုံးအုပ်နေသော လူတစ်ဦး လဲလျောင်းနေပြီး ထိုလူ၏ ညာလက်သည် အိပ်မောကျနေသော ဟူကျီ၏ ဖမ်းဆုပ်ခြင်းကို ခံထားရသည်။ ထိုသူ၏ မျက်နှာထက်တွင် အပင်အနည်းငယ်သာ ရှိသဖြင့် သူ့မျက်နှာထက်မှ နာကျင်နေသည့် အမူအရာကို စုမင် မြင်နေရလေသည်။
ထိုလူသည်လည်း မျက်လုံးများကို ပိတ်ထားကာ အိပ်မက်ထဲတွင် နက်ရှိုင်းစွာ နစ်မြုပ်နေဟန်ရပြီး ထိုအိပ်မက်ထဲတွင် သူသဘောမကျသော တစ်စုံတစ်ရာအား ပြုလုပ်နေရဟန် ပေါ်လေသည်။
သူ့ခန္ဓာကိုယ်သည် ရံဖန်ရံခါဆိုသလို အကြိမ်အနည်းငယ်ခန့် တုန်ယင်သွားတတ်သည်။
ဤတစ်ကြိမ်သည် ဟူကျီ၏လိုဏ်ဂူထဲသို့ စုမင် ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။ အပင်များထဲတွင် ဖုံးအုပ်ခံထားရသောလူကို သူတွေ့လိုက်ချိန်တွင် အံ့အားသင့်သွား မိသော်လည်း ထိုအကြောင်းနှင့် ပတ်သက်၍ သိပ်စဉ်းစားမနေမိပေ။ ထိုအရာသည် ဟူကျီ၏ ကျင့်ကြံမှုအတွက် ထူးခြားမှု တစ်ခုဟုသာ ရိုးရိုးရှင်းရှင်း တွေးလိုက်မိသည်။
အစ်ကိုသုံးသည် နက်ရှိုင်းစွာ အိပ်မောကျနေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရချိန်တွင် စုမင် သူ့ဘေး၌သာ တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။ သူ ဟူကျီကို သွားမနှောင့်ယှက်ပဲ ထိုင်စောင့်နေရန်သာ ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
အချိန်တို့ ကုန်လွန်သွားပြီး နာရီပေါင်းများစွာ ကုန်ဆုံးသွားခဲ့သည်။ အပြင်ဘက်ရှိ ကောင်းကင်သည် တဖြည်းဖြည်း မှောင်မည်းလာကာ နေဝင်ရီတရောအချိန် ရောက်ခါနီးတွင် ဟူကျီ၏ ဟောက်သံများသည် ၎င်းတို့၏ အကျယ်ဆုံး အနေအထားသို့ ရောက်ရှိသွားကြသည်။ သို့သော် ထိုတစ်ခဏလေးမှာပင် ၎င်းဟောက်သံတို့က တိခနဲ ရပ်သွားကြလေသည်။
ဟူကျီသည် မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး မျက်လုံးကိုပွတ်ကာ ပါးစပ်ထောင့်မှ သွားရေများကို သုတ်ပစ်လိုက်သည်။ ထို့နောက်မှသာလျှင် သူသည် သိပ်မဝေးသည့် နေရာတွင် ထိုင်နေသော စုမင်ကို တွေ့လိုက်ရလေသည်။
“ဟားဟား ... မင်းရောက်နေတာပဲ”
ဟူကျီက ကျယ်လောင်စွာ ရယ်မောရင်း ပြောသည်။ ထို့နောက် သူ့ဆံပင်များကိုသပ်ကာ သူ့ဘေးရှိဝိုင် တစ်အိုးကိုဆွဲကာ ပါးစပ်အပြည့် တစ်ငုံခန့် မော့သောက်လိုက်သည်။
“အိပ်လို့ ကောင်းခဲ့တာပဲ။ မင်း လူလေး၊ ငါ့ကို မနာခံပဲ နေခွင့် ဘယ်သူကမင်းကို ပေးထားလို့လဲ”
ဟူကျီသည် ဝိုင်အိုးကိုပြန်ချကာ အပင်များကို ပြုလုပ်ထားသောလူကို ဖြတ်ရိုက်ရင်း ပြောလိုက်သည်။
“မင်း ဘာလို့ ဆက်အိပ်နေသေးတာလဲ။ ထတော့”
ထိုရိုက်ချက် တစ်ချက်တည်းဖြင့် အပင်များနှင့် ပြုလုပ်ထားသောလူသည် တုန်ယင်သွားပြီး မျက်လုံးများ ပွင့်လာခဲ့သည်။ သူ့မျက်လုံးများထဲသို့ ပထမဆုံး ဝင်လာသော အရာသည် သူ့မျက်နှာရှေ့တွင် ရောက်နေကာ သူ့အားရက်စက် ကြမ်းကြုတ်စွာ ကြည့်နေသော ဟူကျီပင်ဖြစ်သည်။
သူသည် ဟူကျီကို မြင်လိုက်သည်နှင့် သိသိသာသာပင် တုန်လှုပ်သွားပြီး သူ့မျက်နှာထက်တွင် ဒေါသနှင့် ကြောက်ရွံ့မှုများ ပေါ်လာခဲ့သည်။
“ဟမ့် ဒီတော့ ... မင်း အဘိုးဟူနဲ့ အတူတူအိပ်ရတာ ဘယ်လိုခံစားရလဲ”
ဟူကျီမျက်နှာထက်တွင် ဂုဏ်ယူသော အမူအရာတစ်ခု ရှိနေသည်။ ထို့နောက် သူသည် အပင်များ ဖုံးအုပ်နေသော လူကို ညာလက်ဖြင့် နောက်တစ်ကြိမ် ရိုက်ချလိုက်ပြန်သည်။
ဟူကျီအဝေးသို့ ဖယ်သွားချိန်တွင် အပင်များဖြင့်လူသည် နံဘေးတွင်ထိုင်ကာ သူ့ကိုတည်ငြိမ်စွာ ကြည့်နေသော စုမင်ကို ချက်ချင်း မြင်လိုက်ရသည်။ စုမင် တွေ့လိုက်ရချိန်တွင် သူ့မျက်လုံးများထဲ၌ စိတ်ရှုပ်ထွေးမှုများ ပေါ်လာခဲ့သည်။ ထိုစိတ်ရှုပ်ထွေးမှု များသည် စိတ်ဆင်းရဲခြင်း၊ နောင်တရခြင်း၊ စိတ်မပျော်ရွှင်ခြင်းများ အဖြစ် အဓိပ္ပာယ် ကောက်၍ရချေသည်။
“အစ်ကိုသုံး၊ သူက ဘယ်သူလဲ”
အပင်များနှင့်လူကို စုမင်တည်ငြိမ်စွာ စိုက်ကြည့်မိပြီး ထိုလူ၏ မျက်လုံးများထဲမှ စိတ်ရှုပ်ထွေးနေသော အမူအရာကို မြင်လိုက်ချိန်၌ အံ့အားသင့် သွားရလေသည်။
“ဟမ်၊ မင်းမသိဘူးလား ... အိုး၊ ဟုတ်သားပဲ။ မင်းက ထိုးထွင်းသိမြင် နိုင်အောင် ကြိုးစားနေခဲ့တာကိုး။ ဒီလူက ကျီချဲလို့ခေါ်တယ်။ ပြီးတော့ သူက အရမ်းအစွမ်းထက်တယ်။ မင်း ကျင့်ကြံနေတုန်းက သူကမင်းကို အန္တရာယ် ပေးချင်ခဲ့တာ။ ဒါပေမဲ့ သူက ကံမကောင်းရှာဘူး။ သူက ငါ့ဘူးသီးခြောက်ကို ခွဲမပစ်သင့်ဘူး။ အစ်ကိုနှစ် အပင်တွေကို တက်နင်းဖို့ဆို ပိုတောင် မလုပ်သင့်သေးတယ်။ နောက်ဆုံးတော့ အစ်ကိုနှစ်က သူ့ကိုဖမ်းပြီး ငါတို့ကို ပေးမယ်လို့ ပြောခဲ့တာပဲ”
ဟူကျီက ကျယ်လောင်စွာ ရယ်မောလိုက်သလို သူ့မျက်နှာထက်ရှိ ဂုဏ်ယူနေသော အမူအရာသည်လည်း ပိုမိုထင်ရှားလာ ခဲ့ချေသည်။ သူသည် ထရပ်ကာ ကျီချဲခေါင်းကို ဘန်းခနဲ တစ်ချက် ပြင်းပြင်းထန်ထန် ထပ်ရိုက်ချလိုက် ပြန်သည်။
ကျီချဲသည် ယခင်တည်းက ဟူကျီထံမှ အရိုက်ခံနေရခြင်း ဖြစ်သော်လည်း ယခုလိုစုမင်ရှေ့၌ အရိုက်ခံလိုက်ရ ချိန်တွင်တော့ သူ့နှလုံးသားအတွင်းရှိ ဒေါသများက ပိုမိုသန်မာလာ ခဲ့သည်။ အကယ်၍ ထိုကြောက်စရာ ကောင်းသော ဖန်တီးမှု၏ လက်များသာ ရှိမနေခဲ့လျှင် စုမင်နှင့် ဟူကျီဆိုသည်မှာ သူ့အတွက်တော့ ဘာမှမဟုတ်ပေ။ သို့သော် ယခုတော့...
“အိုး...”
စုမင်အမူအရာက တည်ငြိမ်နေဆဲပင် ဖြစ်သည်။
“ဒါဆို သူက အစ်ကိုနှစ်ပြောတဲ့ ‘အသက်ရှိနေတဲ့အရာလေး’ ပဲ ဖြစ်ရမယ်” စုမင် ဖြည်းဖြည်းချင်း ပြောဆိုလိုက်သည်။
“အာ၊ ဆိုတော့ အစ်ကိုနှစ်က မင်းကိုဒီအကြောင်း ပြောပြီးပြီပေါ့။ အမှန်ပဲ။ သူက အဲဒီ ‘အသက်ရှိနေတဲ့ အရာလေး’ ပဲ။ ဒါပေမဲ့ အငယ်ဆုံးလေး၊ မင်း ငါ့ဆီကနေ သူ့ကို လုမယူရဲဘူး မဟုတ်လား။ ငါ အခုထိ သူနဲ့ ကစားမပြီးသေးဘူး။ ငါ သူ့ကို ငါ့အိပ်မက်တွေထဲ အကြိမ် အနည်းငယ်လောက် ထပ်ခေါ်ပြီးတာနဲ့ မင်းကို ပေးပါ့မယ်။ မင်း ... လူလိမ် လူကောက်ကောင်၊ မင်းကများ ငါ့ဝိုင်အိုးကို ခွဲရဲတယ်ပေါ့”
ဟူကျီသည် ကျီချဲကို လှမ်းကြည့်လိုက်ပြီး နောက်တစ်ကြိမ် ထပ်ရိုက်ရန် လက်ကို မြှောက်လိုက်ပြန်သည်။
“အစ်ကိုသုံး၊ ခဏနေပါဦး။ ကျွန်တော် သူ့ကို မေးခွန်းလေးနည်းနည်း မေးချင်လို့”
စုမင် ထရပ်ကာ ကျီချဲထံ လျှောက်သွားလိုက်သည်။ ထို့နောက် ကျီချဲရှေ့တွင် ရပ်လိုက်ကာ အပင်များ ဖုံးလွှမ်းလျက် လဲလျောင်းနေသော ထိုသူကို ငုံ့ကြည့်လိုက်သည်။
ကျီချဲသည် စုမင်အား အေးစက်စွာ ပြန်စိုက်ကြည့်လာပြီး သူ့မျက်လုံးများထဲ၌ စက်ဆုပ်ရွံရှာမှုများ တဖြည်းဖြည်း ဖြစ်ပေါ်လာခဲ့သည်။ သူသည် ဟူကျီထံတွင် ဖမ်းဆီးကာ အရှက်ခွဲခံထားရသည် ဆိုသော်လည်း အစွမ်းထက် မာန်စွမ်းအားရှင် တစ်ယောက်အနေနှင့် သူ့တွင်လည်း ကိုယ်ပိုင်မာနရှိ၏။ သူ့မျက်လုံးထဲတွင်တော့ ထိုလူများထဲတွင် စုမင်သည် အားအနည်းဆုံးလူ ဖြစ်ပြီး ပုရွက်ဆိတ်လေး တစ်ကောင်ကဲ့သို့ အားနည်းသူဖြစ်သည်။ ဆင်တစ်ကောင်သည် ဖမ်းဆီးခံထား ရလျှင်တောင် ပုရွက်ဆိတ် တစ်ကောင်ကိုတော့ ဘယ်သောအခါမှ ဂရုစိုက်လိမ့်မည် မဟုတ်ပေ။
စုမင် ငုတ်တုတ်ထိုင်ချကာ ကျီချဲကိုကြည့်ရင်း တည်ငြိမ်စွာ မေးလိုက်သည်။
“အခုလေးတင် ငါက အေးခဲကောင်းကင် ကလန်ကို ရောက်လာတာ။ ဒီတော့ ငါ့ကို အာရုံစိုက်နေတဲ့သူ ဘယ်သူမှ မရှိသင့်ဘူး။ မင်း နဝမတောင်ထွတ်မှာ ငါ့ကိုလာရှာရတဲ့ အကြောင်းရင်းက ... စစ်မာရှင်းကြောင့်ပဲ ဖြစ်လိမ့်မယ်။ ဟုတ်တယ်မလား”
စုမင်၏စကားများကို မကြားလိုက်ဟန်ဖြင့် ကျီချဲ၏ အကြည့်သည် အေးစက်ကာ စက်ဆုပ်ရွံရာဟန် ပေါ်နေဆဲဖြစ်သည်။
“အစ်ကိုသုံး၊ အစ်ကိုနှစ်က သူ့စွမ်းအား ဘယ်လောက်များများကို ချိပ်ပိတ်ထားတာလဲ”
စုမင်၏ အမူအရာသည် တည်ငြိမ်နေဆဲပင် ဖြစ်ကာ အေးအေးဆေးဆေးပင် မေးမြန်းလိုက်သည်။
“လုံးဝကို ချိပ်ပိတ်ထားတာ။ ငါတို့က သူနဲ့ကစားပြီးရင် သူ့စွမ်းအား နည်းနည်းလောက်ကို ဖြေလျော့ပေးဖို့ အစ်ကိုနှစ်ကို ပြောရမယ်။ အဲဒီလိုက ပိုပြီးပျော်ဖို့ ကောင်းလိမ့်မယ်”
ဟူကျီသည် လက်များကို ပွတ်သပ်ရင်း သု့မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာခဲ့သည်မှာ သူ ယခင်က ဤအရာမျိုး တွေ့ကြုံခဲ့ဖူးသလိုပင်...
ဟူကျီစကားများကို ကြားလိုက်ချိန်တွင် ကျီချဲအမူအရာသည် လုံးဝပြောင်းလဲသွား သော်လည်း အံကြိတ်လိုက်ပြီး သူ့ကိုယ်သူ ဖိအားပေးကာ တည်ငြိမ်နေစေ လိုက်သည်။ သို့သော် သူ၏ဟူကျီထံ မကြာခဏ လှမ်းကြည့်နေသော အကြည့်များကြောင့် ကျီချဲသည် ဟူကျီကို ကြောက်ရွံ့နေကြောင်း စုမင် ပြောနိုင်ချေသည်။
သို့သော် ရှင်းလင်းစွာပင် သူသည် စုမင်ကိုတော့ ကြောက်ရွံ့နေခြင်း မရှိပေ။
“ဒါက ရှားပါးတဲ့ပစ္စည်း တစ်ခုပဲ။ ငါ အဲဒါကို အခုဖြုန်းတီး မပစ်သင့်ဘူး...”
စုမင်သည် ကျီချဲကို လှမ်းကြည့်ကာ ပြုံးပြလိုက်သည်။ ထိုအပြုံးသည် အလွန်ဖျော့တော့နေပြီး ဖျော့တော့လွန်းသဖြင့် လေပြေညင်းလေး တစ်ခုသဖွယ်ပင် လုံးဝအန္တရာယ်မရှိဟု ထင်မြင်သွားစေ နိုင်လေသည်။
သို့သော် ကျီချဲတစ်ယောက် ထိုစကားလုံးများကို ကြားလိုက်ချိန်တွင်တော့ သူ့နှလုံးသားက တုန်ယင်သွားရသည်။ အမျိုးအမည် မသိသော အကြောင်းရင်း တချို့ကြောင့် ထို ‘ပစ္စည်း’ ဟူသော စကားလုံးလေးကြောင့် စုမင်၏ ဖျော့တော့သော အပြုံးသည် ဟူကျီထက်ပင် ပိုမိုကြောက်မက်ဖွယ် ကောင်းသွားချေသည်။
စုမင်အပြုံးကြောင့် ကျီချဲ၏ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်ဟု ခံစားလိုက်ရသည်။ ဤအရာသည် သူဟူကျီနှင့် ရင်ဆိုင်တွေ့ခဲ့ရစဉ်ကနှင့် လုံးဝကွဲပြားခြားနား နေခဲ့သည်။ သူ့အတွက်တော့ ဟူကျီ၏ အပြုအမူများသည် လုံးဝကြိုတင်မခန့်မှန်း နိုင်သော်လည်း သူ့ကို ဘာလုပ်တော့မည် ဆိုသည်လောက်ကိုတော့ လုံလောက်စွာခန့်မှန်း၍ ရဆဲပင်ဖြစ်သည်။ သူသည် ဟူကျီကို ကြောက်ရွံ့ကောင်း ကြောက်ရွံ့နိုင်သော်လည်း ထိုကြောက်ရွံ့မှုသည် သူ့အိပ်မက်ထဲမှ ဆိုးသွမ်းမှုများကြောင့်သာ ဖြစ်ပြီး အမှန်တကယ်တွင် သူသည် ဟူကျီအပေါ် အကြီးအကျယ် အထင်သေးနေဆဲပင် ဖြစ်သည်။
သို့သော် စုမင်ကတော့ သူ့ကို လုံးဝမတူကွဲပြားသော ခံစားချက်တစ်မျိုး ပေးစွမ်းနေသည်။ စုမင် ဘာလုပ်ရန် ရည်ရွယ်နေသည်ကို သူ သဘောမပေါက်သလို၊ ထို’ပစ္စည်း’ ဆိုသော စကားလုံးသည် သူ့ခေါင်းထဲတွင် ဆက်လက် ပဲ့တင်ထပ်နေပြီး ပိုမိုထိတ်လန့်လာ မိလေသည်။
***