← Chapters

အေးခဲကောင်းကင် လိုဏ်ဂူ

Vol. 17 Ch. 231

အေးခဲကောင်းကင် လိုဏ်ဂူ

Vol. 17 Ch. 231

“မကြောက်ပါနဲ့”

စုမင် ခပ်ဖျော့ဖျော့ ထပ်ပြုံးလိုက်သည်။ ထို့နောက် တည်ငြိမ်စွာ ထိုင်ချလိုက်ကာ ညာလက်ဖြင့် ရင်ဘတ်အတွင်းမှ ပစ္စည်းအနည်းငယ်ကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်သည်။

စုမင်၏ အပြုအမူများသည် ကျီချဲ၏အာရုံကို ဆွဲဆောင်သွား နိုင်ရုံသာမက စိတ်ကိုပါ သက်ရောက်သွားစေပြီး ဟူကျီသည်လည်း မယုံနိုင်လောက်အောင်ပင် သိချင်စိတ် ဖြစ်လာရသည်။ သူသည် သေချာကြည့်ရန် မျက်လုံးများကိုပင် ကျယ်ကျယ်ဖွင့်လိုက် မိချေသည်။

၎င်းတို့သည် သားရဲအရိုးတစ်ခုနှင့် ဆေးဖက်ဝင် အပင်အချို့ ဖြစ်သည်။

ဟူကျီသည် စုမင်ဆွဲထုတ်လာသော အရာများကို မြင်လိုက်ချိန်တွင် စိတ်ပျက်သွားပြီး ခပ်တိုးတိုး စတင်ရေရွတ် လိုက်မိသည်။ သူသည် မူလက ထိုအရာများကို ကြည့်လိုစိတ် မရှိခဲ့ပေ။ သို့သော် ထိုအရာများကို မြင်လိုက်ချိန်တွင် ကျီချဲ၏ အမူအရာသည် အပြင်းအထန် ပြောင်းလဲသွားကြောင်း တွေ့လိုက်ရချိန်၌ သူ ရုတ်တရက်ဆိုသလို အံ့အားသင့် သွားရလေသည်။

“မင်း ဘာလုပ်ချင်တာလဲ”

ဤအရာသည် ဖမ်းဆီးခံရပြီး နောက်ပိုင်းတွင် ပထမဆုံးအနေဖြင့် ကျီချဲ စကားစပြောလာခြင်း ဖြစ်သည်။ သူ့အသံသည် အက်ကွဲနေသော်လည်း ထိုအသံထဲတွင် ကြောက်ရွံ့မှုများ ပါဝင်နေပြီး သူ အမှန်တကယ်ပင် ထိတ်လန့်နေပြီ ဖြစ်၏။ ထိုကြောက်ရွံ့မှုသည် သူ့နှလုံးသားထဲမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ဟူကျီနှင့် ရင်ဆိုင်ခဲ့ရစဉ်က ကြောက်ရွံ့မှုထက် များစွာသာလွန် နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထိုသားရဲအရိုးနှင့် ဆေးဖက်ဝင် အပင်များကို မြင်လိုက်ချိန်တွင် စုမင်ဆိုလိုသော ‘ပစ္စည်း’ဆိုသည်ကို သူရုတ်တရက် နားလည်သွားသောကြောင့် ဖြစ်သည်။ စုမင်များထဲတွင် သားရဲအရိုးသည် ပစ္စည်းတစ်ခုဖြစ်ပြီး ဆေးဖက်ဝင် အပင်များသည် ပါဝင်ပစ္စည်းများ ဖြစ်ကြသည်။ ထို့အပြင် သူသည် ကျီချဲကိုလည်း ပစ္စည်းတစ်ခုသဖွယ် ဆက်ဆံနေခဲ့ခြင်း ဖြစ်သည်။

ဤနားလည်မှုနှင့် အကြောက်တရားတို့ကြောင့် ကျီချဲတစ်ယောက် စကားပြောလာရ တော့သည်။

“ဟမ်၊ မင်း လူလိမ် လူကောက်ကောင် ... မင်းက စကားပြောနိုင်တယ်ပေါ့ ... ဒါဆို မင်းအဘိုးဟူ မေးခွန်းတစ်ခု မေးတုန်းကကျ ဘာလို့ ပြန်မပြောခဲ့တာလဲ။ အိပ်မက်ထဲမှာ ရှိနေတုန်းကတောင် မင်း ဘာလို့ စကားမပြောခဲ့တာလဲ”

စုမင် ဘာမှ မပြောရသေးခင်မှာပင် ဟူကျီ မျက်လုံးများသည် ဒေါသကြောင့် ပြူးကျယ်လာခဲ့သည်။ သူသည် ရှေ့သို့ တစ်လှမ်းလှမ်းကာ ကျီချဲကို နောက်တစ်ကြိမ် ပြင်းထန်စွာ ရိုက်ချလိုက်သည်။

“မင်းကများ ငါ့ကို လိမ်ရဲတယ်ပေါ့ ... ငါ့ကို လိမ်တဲ့လူတွေကို ငါအမုန်းဆုံးပဲ”

ဟူကျီသည် သူ့အား အကြိမ်အနည်းငယ်ခန့် ဒေါသတကြီး ထပ်ရိုက်လိုက်ပြီးမှ စုမင်ထုတ်ယူလာသော အရာများကို လှည့်ကြည့်လိုက်သည်။

“ညီ၄၊ ဒီအရိုးနဲ့ အပင်တွေက ဘာအတွက်လဲ”

ဟူကျီသည် စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကို ကုတ်လိုက်သည်။

“အစ်ကိုသုံး၊ အစ်ကိုကတော့ ဒါတွေကို သိမှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော် နဝမတောင်ထွတ်ကို မဝင်ရခင်တုန်းက ကိုယ့်ဘာသာ ဆေးလုံးတွေကို ဖော်စပ်ခဲ့တာ ... သူ့ခန္ဓာကိုယ်က ကောင်းမွန်တဲ့ အခြေအနေထဲမှာ ရှိတယ်။ သူက ဆေးတစ်ခု ဖန်တီးဖို့အတွက် ပြီးပြည့်စုံနေတယ်”

စုမင်က ညင်ညင်သာသာပြုံးကာ ဆေးဖက်ဝင် အပင်အုံတစ်ခုကို ဆွဲယူလိုက်သည်။ သူသည် စကားပြောနေရင်းမှပင် ကျီချဲ၏ ခန္ဓာကိုယ်ကို သေချာကြည့်လိုက်ပြီး မျိုးစေ့တချို့ကို ထပ်မံထုတ်ယူ လိုက်ပြန်သည်။ ထို့နောက် ကျီချဲရင်ဘတ်ကို လက်ချောင်းဖြင့် ထိုးဖောက်လိုက်သည်။ ဒဏ်ရာမှ သွေးများ ထွက်လာသည်နှင့် ကျီချဲ၏အသားထဲသို့ မျိုးစေ့ကို ဖိသိပ်ထည့်လိုက်သည်။

စုမင် ကျီချဲ ခန္ဓာကိုယ်ပေါ်မှ အခြားနေရာများကိုလည်း ဆက်တိုက်ဆိုသလို လျင်မြန်စွာ ထိုးဖောက်လိုက်သည်။

ကျီချဲ နာကျင်မှုကို သိပ်မခံစားရသော်လည်း သူ့ရင်ဘတ်ထံမှ ထုံကျင်မှုက တဖြည်းဖြည်း တိုးလာခဲ့သည်။ သူခေါင်းငုံ့ကြည့်လိုက် မိချိန်တွင် ရင်ဘတ်ပေါ်ရှိ မျိုးစေ့သည် ထူးဆန်းစွာပင် အလျင်အမြန် ကြီးထွားလာနေသည်ကို မြင်ရသဖြင့် ကြောက်ရွံ့တုန်လှုပ် သွားရ၏။

ထိုမျိုးစေ့ ကြီးထွားလာနေသည်ကို မြင်လိုက်ရချိန်တွင် ကျီချဲ၏အမူအရာက အလွန်အမင်း ပြောင်းလဲသွားခဲ့သည်။ ဤစိတ်ခံစားချက် အပြောင်းအလဲသည် စုမင်တို့ အစ်ကိုနှစ်၏ ဖန်တီးမှုလက်များနှင့် ရင်ဆိုင်ခဲ့စဉ်က ထက်တော့ အားနည်းလိမ့်မည် မဟုတ်ပေ။ ဆေးဖက်ဝင် အပင်များသည် ၎င်းတို့ ရှင်သန်ကြီးထွား နိုင်ရန်အတွက် သူ၏သွေးနှင့် အသက်စွမ်းအားများကို အထောက်အကူအဖြစ် စုပ်ယူနေသည်ကို သူရှင်းလင်းစွာ ခံစားမိနေသည်။

အပင်တို့၏ အမြစ်များသည်ပင် သူ့ခန္ဓာကိုယ် တစ်လျှောက် ဖြည်းညင်းစွာ ပျံ့နှံ့လာနေကြပြီ ဖြစ်သည်။ တစ်စုံတစ်ရာသည် သူ့အသားများကိုဖြတ်ကာ ရှင်သန်ကြီးထွားနေသော နာကျင်မှုကို သူလျစ်လျူရှုထား နိုင်သော်လည်း အမည်မဖော်နိုင်သော ကြောက်ရွံ့မှုကြောင့် သူ့အသက်ရှူသံများ လျင်မြန်လာရလေသည်။ သူ့မျက်လုံးများထဲတွင် မည်သည့်အခါကမှ ဖြစ်ပေါ်ခဲ့ဖူးခြင်း မရှိသော ကြောက်ရွံ့မှု တစ်ခုသည်လည်း စုမင်ကို ကြည့်နေချိန်၌ ဖြစ်ပေါ်လာခဲ့ချေသည်။

စုမင်သည် ကျီချဲ၏ ခန္ဓာကိုယ်မှ သွေးအချို့ကို ထုတ်ယူကာ သားရဲအရိုးပေါ်သို့ အစက်ချလိုက် ချိန်တွင်တော့ ကျီချဲ၏ ထိုကြောက်ရွံ့မှုသည် အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိသွားလေသည်။

ကျီချဲသည် အလျင်အမြန် မေးမြန်းလိုက်မိသည်။

“မင်း ဘာလုပ်ချင်နေတာလဲ”

စုမင်သည် ကျီချဲကို တစ်ချက် မော့ကြည့်လိုက်သည်။ ထို့နောက် ခပ်ဖျော့ဖျော့လေး ပြုံးကာ ပြန်ဖြေလာ၏။

“ဆေးလုပ်နေတာလေ”

“ဘာဆေးလဲ”

ကျီချဲတစ်ယောက် တုန်ယင်သွားမိသည်။

ဟူကျီသည် ဖြစ်ပျက်နေသော အရာများကို သေချာအာရုံစိုက်ကြည့် နေခဲ့သော်လည်း သူ့မျက်နှာထက်တွင် စိတ်ရှုပ်ထွေးမှုများ ရှိနေခဲ့သည်။ သို့သော် ကျီချဲ၏ အမူအရာကို မြင်လိုက်ရသော အခါ၌ သူစုမင်ကို အနည်းငယ် လေးစားသွားမိ၏။

‘အငယ်ဆုံးလေးက တော်တယ် ... နည်းနည်းလောက် လှုပ်ရှားလိုက်ရုံနဲ့တင် ဒီလူက ကြောက်သွားပြီ။ ငါက လိမ္မာပါးနပ်ဖို့ နည်းနည်းလောက် သင်ယူဖို့လိုသေးတယ်’

ဟူကျီသည် လေးနက်စွာ တွေးတောရင်း ခေါင်းညိတ်လိုက်မိသည်။

“ဆေးလုပ်တဲ့ နည်းလမ်းက လွယ်လွယ်လေးပါပဲ။ ငါလိုတာ အကုန်လုံးက ရှင်လျက်နဲ့သေနေတဲ့ လူတစ်ယောက်ပဲ။ ငါက သူ့ကိုယ်ထဲမှာ အပင်တချို့ စိုက်မယ်။ ပြီးရင် သူ့သွေးနဲ့ အသက်စွမ်းအားကို ငါ့အပင်တွေအတွက် အာဟာရအဖြစ် သုံးမယ်။ အပင်တွေ လုံးဝရင့်မှည့်သွားတာနဲ့ ရှင်လျက်နဲ့ သေနေတဲ့လူက ဒီဆေးဖန်တီးဖို့အတွက် အရေးကြီးဆုံးပစ္စည်း ဖြစ်လာလိမ့်မယ်။ အဲဒါကို ဆေးလူသားလို့ခေါ်တယ်။ မင်းဖြစ်လာမယ့် အရာပေါ့...”

“ပြီးရင်တော့ ငါက ဆေးဖန်တီးဖို့အတွက် သေဆုံးခြင်း အငွေ့အသက် နည်းနည်းလိုလိမ့်မယ်။ ဆေးလုံး ဖြစ်တည်လာတာနဲ့ ဆေးလူသားကလည်း သေသွားလိမ့်မယ်။ ဆေးလူသား သေဆုံးသွားတဲ့ အချိန်ဆိုရင် ဆေးလုံးက အဆင်သင့်ဖြစ်ပြီ”

“မစိုးရိမ်ပါနဲ့။ ငါ အရင်က တစ်ခါလုပ်ဖူးလို့ လုပ်ငန်းစဉ်နဲ့ ရင်းနှီးနေပါပြီ။ မင်းအရမ်းကြီး မနာကျင်ရအောင် ငါ သေချာလုပ်ပေးပါ့မယ်”

စုမင်က အပြုံးလေးတစ်ခုဖြင့် ဆက်ပြောသည်။

သူသည် ဆေးဖက်ဝင်အပင် အနည်းငယ်ကို ထပ်မံထုတ်ယူကာ ၎င်းတို့ကို ကျီချဲ ခန္ဓာကိုယ်ထဲတွင် စိုက်ပျိုးလိုက်သည်။ ဆေးဖက်ဝင် အပင်များနှင့် သူ့ရှေ့ရှိ ‘ပစ္စည်း’လေး ပျက်စီးသွားမည်ကို စိုးရိမ်နေဟန်ဖြင့် သူ့အပြုအမူများက ညင်သာနေခဲ့လေသည်။

သို့သော် ကျီချဲသည်တော့ စုမင်၏ အပြုအမူများနှင့် စကားများကြောင့် ရုတ်ခြည်း ဖြူရော်သွားရ၏။ စုမင်ကို သူရှုမြင်ပုံနှင့် ပတ်သက်၍ ထိတ်လန့် ကြောက်ရွံ့သည်ဟုပင် ဆက်လက်ဖော်ပြ၍ မရတော့ပေ။ သူသည် ကြောက်ရွံ့စိတ်ကြောင့် အေးခဲသွားရသလိုပင်...

စုမင်ဘေးတွင် ထိုင်နေသော ဟူကျီသည်ပင် ထိုစကားများကို ကြားလိုက်ရချိန်၌ အသက်ပြင်းပြင်း ရှူရှိုက်မိသွားရသည်။ ထို့ပြင် စုမင်အား ကြည့်နေသည့် သူ့မျက်လုံးများ ထဲတွင်လည်း ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

‘အစ်ကိုကြီးက အမြဲတမ်း သီးသန့်တံခါးပိတ်နေပြီး လိပ်တစ်ကောင်လိုပဲ ... အစ်ကိုနှစ်ကတော့ အပင်တွေစိုက်ရတာကို ကြိုက်တယ်။ ဒါပေမဲ့ ညသန်းခေါင်ကျရင် အဲဒီအပင်တွေကို သူကိုယ်တိုင်ပဲ ပြန်ခိုးတယ် ... ဆရာကတော့ ... သူ့အကြောင်းကိုက မေ့ထားလိုက်တော့ ... အသစ်ရောက်လာတဲ့ အငယ်ဆုံးလေးကတော့ ဒီတောင်မှာ ငါ့အပြင် တခြားသာမန်ဖြစ်တဲ့ တစ်ယောက်တည်းသော လူလို့ တွေးထားခဲ့တာ...’

‘သူ့မှာ ဒီလိုထူးဆန်းတဲ့ အပြုအမူမျိုး ရှိနေလိမ့်မယ်လို့ ဘယ်သူက သိခဲ့မှာတဲ့လဲ။ လူတစ်ယောက်ကို ပစ္စည်းတစ်ခုလို ဆက်ဆံတယ်။ ပြီးတော့ အဲဒီလိုကို ဆေးဖက်ဝင် အရည်တစ်ခုအဖြစ် ပြောင်းပြီး သောက်ချတယ်...’

ဟူကျီ တုန်လှုပ်သွားကာ သက်ပြင်းရှည်ကြီး ချလိုက်မိသည်။

သူ၏ အငယ်ဆုံးညီလေးနှင့် ပတ်သက်၍ ဘယ်လို ဖော်ပြသင့်သည် ဆိုသည်ကို သူစဉ်းစားပြီးသွားပြီ ဖြစ်သည်။

“မင်း ... မင်းအစ်ကိုနှစ်က ငါ့လွတ်လပ်မှုထဲက သုံးနှစ်ပဲယူခဲ့တာ။ သုံးနှစ်ကြာပြီးရင် ငါ့ကို ပြန်လွှတ်ပေးမယ်လို့ သူပြောခဲ့တယ်”

ကျီချဲ အလျင်အမြန် ပြောဆိုလိုက်သည်။

“ရပါတယ်။ အဲဒီသုံးနှစ်ကနေ ထာဝရအဖြစ်ပြောင်းဖို့ အစ်ကိုနှစ်ကို ပြောလိုက်တာပေါ့”

စုမင်က ပြုံးရင်းပြောလာသည်။ စုမင်ခေါင်းသည် မော့မလာခဲ့ပဲ သူသည် ကျီချဲ ခန္ဓာကိုယ်တွင်သာ သွေးသံရဲရဲ အပေါက်များဖြစ်အောင် ထိုးဖောက်ရင်း အပင်များကို ဆက်လက် စိုက်ပျိုးနေခဲ့လေသည်။

“ငါ ... ငါတို့က တစ်ကျောင်းတည်းသားတွေ။ မင်း ဒီလိုလုပ်လို့မရဘူး။ မင်း ... မင်း ... ငါ့ဆရာက မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး...”

ကျီချဲသည် ပြုံးနေဆဲဖြစ်သော စုမင်အား ကြည့်နေရင်းဖြင့် သူ့ကြောက်ရွံ့မှုများက အမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။ သူ့အတွက်တော့ ဤမျက်နှာသည် ကမ္ဘာပေါ်ရှိ သူမြင်ဖူးခဲ့သမျှ အရာအားလုံးထဲတွင် ကြောက်စရာ အကောင်းဆုံး မြင်ကွင်း ဖြစ်လာပေလိမ့်မည်။

စစ်မာရှင်းသည် ဤသို့ ပြန်လာသောလမ်းတွင် ရောက်နေပြီ ဖြစ်သော်လည်း စုမင်ထံမှ ထိုပစ္စည်းကိုယူရန် အဘယ်ကြောင့် သူ့ကိုပြောဆိုခဲ့ရဆဲ ဖြစ်သနည်းဆိုခြင်းကို သူ ရုတ်တရက် နားလည်သွားမိသည်။

“ရပါတယ်။ ငါ့မှာလည်း ဆရာရှိတာပဲ”

စုမင်ခေါင်းက မော့မလာသေးပေ။ သူသည် အခြား ဆေးဖက်ဝင် အပင်တစ်ခုကို လေးနက်စွာ ထုတ်ယူလိုက်ပြီး ၎င်းကို ကျီချဲ ခန္ဓာကိုယ်ပေါ်တွင် မည်သည့်နေရာ၌ စိုက်ပျိုးရမည်ကု စဉ်းစားနေဟန်ဖြင့် ခဏတာ တုံ့ဆိုင်းနေခဲ့သည်။

ကြောက်ရွံ့နေရင်းမှပင် ကျီချဲသည် အံကြိတ်ကာ စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။

‘သေစမ်း၊ စစ်မာရှင်းက ငါ သူ့ကို အကြွေးပြန်ဆပ်ဖို့ ပြောခဲ့တာမှ မဟုတ်တာ။ သူက ငါ့ကိုမီးထဲ တွန်းပို့လိုက်တာပဲ။ ဒီစုမင်က စွမ်းအားသာ မကောင်းရင် မကောင်းမယ်။ သူ့ဆီကနေ ငါခံစားနေရတဲ့ ကြောက်စရာ ကောင်းတာကတော့ အတုမဖြစ်နိုင်ဘူး။ ဒီလူက ... သေချာပေါက်ကို သာမန်မဟုတ်ဘူး။  သူ့စွမ်းအားကို အခြေခံပြီး သူ့ကို ဝေဖန်လို့မရဘူးပဲ’

“အဲဒါ စစ်မာရှင်းပဲ။ သူက ငါ့ကို မင်းဆီသွားပြီး ခေါင်းလောင်းကို ယူလာပေးဖို့ ပြောခဲ့တာ”

သူအလျင်အမြန် ပြောဆိုလိုက်မိသည်။

စုမင်သည် အပင်များကို ညာလက်ထဲတွင် ကိုင်ထားရင်းဖြင့် ဖြည်းညင်းစွာ မော့ကြည့်လိုက်၏။ စုမင်၏ အမူအရာသည် တည်ငြိမ်နေဆဲပင် ဖြစ်သည်။ သို့သော် ကျီချဲ မျက်လုံးထဲတွင်တော့ ထိုတည်ငြိမ်မှုသည် မုန်တိုင်းမလာခင် ငြိမ်သက်နေမှု တစ်ခုလိုပင် ဖြစ်သည်။

စုမင် ညာဘက်မျက်လုံးထဲတွင် အနီရောင် အရိပ်အမြွက်ကို ကျီချဲ မြင်လိုက်ရချေသည်။ ထိုအနီရောင်သည် သတ်ဖြတ်လိုသော အသိပင်ဖြစ်သည်။ ထိုသတ်ဖြတ်လိုသော အသိသည် စုမင် ခန္ဓာကိုယ်အပြင်သို့ ထွက်မလာခဲ့သော်လည်း ၎င်းပေါ်လာချိန်မှာပင် လိုဏ်ဂူတစ်ခုလုံး အေးစက်သွားခဲ့သည်။

ကျီချဲသည် တုန်လှုပ်သွားပြီး စုမင်၏ ညာမျက်လုံးကို ထပ်မံ မကြည့်ရဲတော့ပေ။

သူ့ဘေးမှ ဟူကျီသည်လည်း တုန်လှုပ်စွာဖြင့် အသက်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။ သူ့ညီငယ်လေးသည် ထိုတစ်ခဏ အတွင်းမှာပင် ယခင်ပုံစံမှ လုံးဝ ပြောင်းလဲသွားသည်ကို သူလည်း ခံစားလိုက်ရလေသည်။

“စစ်မာရှင်း ဘယ်မှာလဲ”

စုမင် မနှေးမမြန်ပင် မေးလိုက်သည်။

သူ့အသံသည် ယခင်နှင့်အတူတူပင် ဖြစ်သော်လည်း ကျီချဲ နားထဲတွင်တော့ မိုးခြိမ်းသံသဖွယ် မြည်ဟည်းသွားခဲ့သည်။ လျှပ်စီးအလင်းတန်း အချို့သည်ပင် သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းသွားခဲ့ပြီး ခဏအကြာတွင် ပြန်လည် ပျောက်ကွယ်သွား ခဲ့ကြလေသည်။

ကျီချဲ တုန်ယင်စွာဖြင့် အလျင်အမြန် ရှင်းပြလိုက်မိသည်။

“သူက ကျောင်းတော်ကို ပြန်လာနေပြီ။ ငါထင်တာတော့ နောက်နှစ်ရက်လောက် ဆိုရင် ပြန်ရောက်လာလိမ့်မယ် ... အတိတ်တုန်းက ငါကသူ့ဆီမှာ အကြွေးတစ်ခု တင်ခဲ့တယ်။ အဲဒါကြောင့် သူက ငါ့ကို ဒီလာဖို့ စာတစ်စောင်ပို့ခဲ့တာ။ ငါ သူ့ကို ငြင်းလို့မရခဲ့ဘူး။ ငါ မင်းကို ဒေါသထွက်စေဖို့ မရည်ရွယ်ခဲ့ပါဘူး”

သူ အဘယ်ကြောင့် ယခုလိုများစွာ ရှင်းပြနေမိသည်အား သူ့ကိုယ်သူပင် နားမလည်နိုင်ပေ။ သို့သော် ယခု သူရှင်းလင်းမထားမိလျှင် ယခုတစ်ကြိမ် နဝမတောင်ထွတ်၌ သူမသေခဲ့လျှင်တောင် အနာဂတ်တွင် ကြီးစွာဒုက္ခ ရောက်နိုင်သေးသည်ဟု သူခိုင်မာစွာ ခံစားနေမိချေသည်။

ဤအရာသည် သူ၏မသိစိတ်က သူ့ကို ပြောပြနေခြင်းပင်။ ဤအရာသည် စုမင်နှင့် ရင်ဆိုင်ရချိန်တွင် ပင်ကိုသိစိတ်အရ သူခံစားနေမိသော အရာပင်ဖြစ်သည်။

စုမင်သည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ သူ့ညာလက်အတွင်းတွင် အနီရောင် အလင်းတစ်ဖြာသည် ရုတ်ခြည်း တောက်ပသွားပြီး တည်ငြိမ်စွာ မေးလာခဲ့သည်။

“စစ်မာရှင်းရဲ့ အခုလက်ရှိ ကျင့်ကြံဆင့်က ဘယ်လောက်မှာလဲ”

“သူက အဝေးကိုရောက်နေတာ နှစ်တွေအကြာကြီးပဲ။ သူထွက်သွားတဲ့ အချိန်တုန်းက ရုပ်နယ်လွန် ပြည့်စုံဆင့်ကို ရောက်နေပြီ။ သူ့ရဲ့လက်ရှိ ကျင့်ကြံဆင့်ကိုတော့ ငါမတွေ့ရသေးလို့ သေချာမသိဘူး ... ဒါပေမဲ့ သူသာ ရိုးရေစတေး နယ်ပယ်ကို ရောက်နေပြီဆိုရင်တော့ သူက အေးခဲကောင်းကင် လိုဏ်ဂူထဲကို ဝင်ဖို့ နည်းလမ်းတစ်ခု သေချာပေါက်ရှာပြီး အဲဒီနေရာမှာ ငါတို့ ဘိုးဘေးတွေထားခဲ့တဲ့ သိစိတ်ဆန္ဒတွေကို အာရုံခံနိုင်ဖို့ ကြိုးစားလိမ့်မယ်”

“ပြီးရင်တော့ သူက ရိုးရေစတေး ကနဦးဆင့်မှာတင်ပဲ ခန္ဓာကိုယ်မှာရှိတဲ့ အရိုးတွေအားလုံးကို ပြောင်းလဲနိုင်တဲ့ အခွင့်အရေး တစ်ခုကိုရလာပြီး တစ်ချက်တည်းနဲ့ ရိုးရေစတေးနယ်ပယ် ကြီးမြတ်သော ပြည့်စုံဆင့်ကို ရောပ်သွားလိမ့်မယ်”

“အဲဒီလိုဖြစ်နိုင်တဲ့ အခွင့်အရေးက အရမ်းနည်းတယ် ဆိုပေမဲ့ ငါသိတာကတော့ အဲဒီလိုလုပ်နိုင်ခဲ့တဲ့ လူသုံးယောက် ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ အကယ်၍ သူသာ အေးခဲကောင်းကင် လိုဏ်ဂူထဲမှာ ဘိုးဘေးတွေရဲ့ အရိုးတွေကို တကယ် ရှာတွေ့နိုင်ခဲ့မယ် ဆိုရင်တော့ သူလည်းအဲဒီလို လုပ်နိုင်သွားလိမ့်မယ်...”

“သူက အစတည်းက အေးခဲကောင်းကင် ကလန်ရဲ့ ထူးချွန်တပည့်ဆိုပြီး ကျော်ကြားခဲ့တာ။ ပြီးတော့ စတုတ္ထမမြောက် မာန်နတ်ဘုရားအ ဖြစ်လာနိုင်ဆုံးသူ ဆိုပြီးတော့လည်း ကောလဟာလတွေ ထွက်နေတာ ... အေးခဲကောင်းကင် ကလန်ထဲမှာ သူ့မိတ်ဆွေတွေ အများကြီးရှိတယ်။ နဝမ တောင်ထွတ်ကလွဲလို့ တခြားတောင်ထွတ် ရှစ်ခုလုံးက သူ့မိတ်ဆွေတွေနဲ့ပဲ ပြည့်နေတာ”

“သူသာ မင်းရန်သူ ဖြစ်လာရင်တော့ ... မင်း သတိထားတာ အကောင်းဆုံးပဲ...”

ကျီချဲအသံသည် ဂူထဲတွင် အချိန်အတော်ကြာ ပဲ့တင်ထပ်နေခဲ့သည်။

“အေးခဲကောင်းကင် လိုဏ်ဂူဆိုတာ ဘာလဲ”

ထိုနာမည်အား စုမင် ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

“အသေးစိတ်တော့ ငါမသိဘူး။ ဒါပေမဲ့ ငါ ကြားဖူးတာတော့ အေးခဲကောင်းကင် ကလန်ရဲ့ ကြီးမြတ်သော ဆီးနှင်းဖုံးလွင်ပြင်တွေက အေးခဲကောင်းကင် လိုဏ်ဂူပေါ်မှာ ဆောက်ထားတာတဲ့။ အဲဒါ အမှန်ဆိုရင်တော့ ... ငါတို့ ခြေထောက်အောက်က အဆုံးမရှိတဲ့ ရေခဲရေတွေရဲ့ အနက်ရှိုင်းဆုံး အပိုင်းတွေက အေးခဲကောင်းကင် လိုဏ်ဂူပဲ ဖြစ်လိမ့်မယ်”

“နောက်ဆုံးကျတော့၊ နဝမတောင်ထွတ် ဆိုတာကလည်း အေးခဲကောင်းကင် ကလန်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေတုန်းပဲလေ...”

ကျီချဲက ပြောသည်။

သူသည် ပြောပြီးသည်နှင့် ခဏတာ တွန့်ဆုတ်သွားခဲ့သည်။ ထို့နောက် သူ့ကိုယ်ပေါ်ရှိ ဆေးဖက်ဝင် အပင်များကို ကြည့်လိုက်ပြီးနောက်တွင် အံကြိတ်ကာ ထပ်ပြောလာ၏။ ဤတစ်ကြိမ်တွင်တော့ သူ့အသံသည် တီးတိုး ပြောဆိုသံလေးသဖွယ် တိုးကျသွားခဲ့လေသည်။

“တကယ်လို့ ငါသာ မင်းနေရာမှာ ဆိုရင်တော့ သူနဲ့ အငြိုးအတေးတွေကို သူအေးခဲကောင်းကင် လိုဏ်ဂူထဲ မဝင်ခင် စာရင်းရှင်းမှာပဲ။ အဲဒီလိုမှ မဟုတ်ရင်တော့ ... သူ အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ အရေးမပါတော့ဘူး။ သူ အေးခဲကောင်းကင် လိုဏ်ဂူကနေ ပြန်ထွက်လာနိုင်သရွေ့ ကောင်းကင်ဘုံ တံခါးဝကို ဝင်ရောက်ခွင့် ရလာလိမ့်မယ်။ သူသာ ကောင်းကင်ဘုံ တံခါးဝထဲ ဝင်ပြီးသွားတာနဲ့ သူ့အဆင့်အတန်းက ကြီးမြတ်သော ဆီးနှင်းဖုံး လွင်ပြင်တွေပေါ်က ငါတို့နဲ့ လုံးဝ ကွာခြားသွားပြီပဲ”

“အဲဒီအချိန်ရောက်လာရင် သူမင်းကို သတ်လိမ့်မယ် ... နဝမတောင်ထွတ်က ကောင်းကင်ဘုံ တံခါးဝကို ဆန့်ကျင်နိုင်တဲ့ ခွန်အား မရှိသေးသရွေ့၊ မင်းက သေချာပေါက်ကို သေရမှာပဲ”

စုမင် ခဏတာ တိတ်ဆိတ်နေပြီးမှ မေးလိုက်မိသည်။

“ကောင်းကင်ဘုံ တံခါးဝလား”

“ကြီးမြတ်သော ဆီးနှင်းဖုံး လွင်ပြင်တွေနဲ့ ကောင်းကင်ဘုံ တံခါးဝဆိုပြီး အေးခဲကောင်းကင် ကလန်ကို အပိုင်းနှစ်ပိုင်း ပိုင်းထားတယ်။ ကောင်းကင်ဘုံ တံခါးဝက လူတွေကိုသာပဲ အေးခဲကောင်းကင် ကလန်ရဲ့ ပင်မအချက်အချာ အူတိုင်လို့ ယူဆလို့ရတာ ... ကောင်းကင်ဘုံ တံခါးဝကို ဝင်ရောက်ခွင့် အမွေအနှစ်က လွဲလို့ ကောင်းကင်ဘုံ တံခါးဝကို ဝင်ရောက်ခွင့်ရနိုင်တဲ့ တစ်ခုတည်းသော တခြားနည်းက ရှာမန်၁၀၀၀ရဲ့ ဦးခေါင်းတွေကိုရပြီး အေးခဲကောင်းကင် လိုဏ်ဂူထဲ ဝင်ရောက်ချိန်မှာ မသေဆုံးရဘူး။ အဲဒီအခြေအနေ နှစ်ခုကို ပြည့်စုံအောင်မြင်မှပဲ မင်းကောင်းကင်ဘုံ တံခါးဝကို ဝင်ရောက်နိုင်မှာ”

***

All Chapters