အခန်း (၆၂၁-၆၂၂)
Vol. 46 Ch. 621-622
အခန်း ၆၂၁ - တည်နေရာကူးပြောင်းခြင်း မဖွင့်လှစ်ခင် အရင်အမြတ်ထုတ်မယ်
“ဂုဏ်သိက္ခာရှိတဲ့ ယီရန်ပင်းက ဖောက်သည်ကြီးတစ်ယောက်ကို ဒီလိုမျိုးအမြတ်သေးသေးလေးအတွက် အဆုံးရှုံးခံမှာမဟုတ်ပါဘူး။”
ဂျေဘီက ယုံကြည်မှုရှိရှိဖြင့် ပြောလိုက်သည်။
ထို့အပြင် ဤအုတ်မြစ်ကျောက် ၁၀၀၀၀၀ သည် ရှောင်းယီအား သူ၏ကောင်းမွန်သည့်သဘောထားကို ပြသရန်လည်းဖြစ်သည်။ အကယ်၍ သူသည် မြေပုံအသစ် (လူပုပြည်ထောင်စုကို ရည်ညွှန်းခြင်း) သို့ အမြန်ဆုံးဝင်ရောက်နိုင်ပါက ရရှိလာမည့်အကျိုးအမြတ်များသည် အုတ်မြစ်ကျောက် ၁၀၀၀၀၀ ဖြင့် တိုင်းတာနိုင်၍ပင် ရနိုင်လိမ့်မည်မဟုတ်ဟု ဂျေဘီက ယုံကြည်ထားသည်။
ရှောင်းယီသည် သူ၏ဦးခေါင်းကို အနည်းငယ်ညိတ်ပြီး ဆက်လက်ပြောလိုက်သည်။
“ချူဖုန်းမြို့မှာ ငါပိုင်တဲ့ တည်နေရာကူးပြောင်းခြင်းအစီအရင်တစ်ခုရှိတယ်။ အဲ့ဒါက လူပုတွေဆီကို သွားတဲ့လမ်းပဲ။ လူပုတွေရဲ့ ငါတို့အပြင်လူတွေအပေါ် သဘောထားကို မသိရသေးတဲ့အတွက် လမ်းကြောင်းကိုတော့ ယာယီပိတ်ထားတယ်။ မင်းက အရမ်းရိုးသားနေမှတော့ နောက်ထပ်သတင်းတစ်ခုကို အပိုပေးလိုက်မယ်။ ငါတို့ ရှားနိုင်ငံက အသက်ရှင်ကျန်ရစ်သူတွေက ငါးဖမ်းပိုက်နဲ့ ဘီလူးတွေရဲ့ ခြေသလုံးရိုးတစ်ခုကို ဖမ်းမိခဲ့ဖူးတယ်။”
“ဒီကမ္ဘာကြီးက ဒီလောက်ထိ အံ့ဩစရာကောင်းတယ်လား။”
ဂျေဘီ၏မျက်လုံးများ တောက်ပသွားခဲ့သည်။
မတူညီသည့်မျိုးနွယ်စုများကြောင့် သူသည် စိတ်မသက်မသာဖြစ်နေရမည့်အစား ပိုပြီးပင် စိတ်လှုပ်ရှားနေခဲ့သည်။
“တိုက်သစ်ကြီးကို စူးစမ်းရှာဖွေဖို့ အခွင့်အရေးကို ရှေ့တိုးပေးလို့ မရဘူးလား။”
ဂျေဘီက မေးလိုက်သည်။
“ငါပြောတဲ့စကားကို ငါတည်အောင်လုပ်ရမယ်။ မနက်ဖြန်ကျရင် ဆက်သွယ်လိုက်ပါ့မယ်။”
ဂျေဘီသည် သက်ပြင်းရှည်ကြီးချလိုက်ပြီး နောက်ဆုံးအနေဖြင့် တိုက်တွန်းလိုက်လေသည်။
“ခင်ဗျား လူပုပြည်ထောင်ကိုသွားတဲ့လမ်းကြောင်းကို ဖွင့်တဲ့အခါ ကျုပ်ကို အမြန်ဆုံးအသိပေးဖို့ မမေ့ပါနဲ့။”
“စိတ်မပူပါနဲ့။ သေချာပေါက် သတိပေးလိုက်ပါ့မယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
စကားပြောဆိုမှု ပြီးဆုံးသွားသောအခါ ရှောင်းယီ စတင်တွေးတောကြည့်လိုက်သည်။
အကယ်၍ သူသည် ဂျေဘီအား တည်နေရာကူးပြောင်းခြင်းခွင့်ကို ဖွင့်ပေးလိုက်ပါက ထိုအမှတ်ကို သူတစ်ဦးတည်း ထိန်းချုပ်ထားနိုင်တော့မည် မဟုတ်ပေ။
ဤနောက်ဆုံးအခွင့်အရေးကို အသုံးချပြီး အုတ်မြစ်ကျောက်များ ထပ်မံရှာဖွေရပေလိမ့်မည်။
ထို့နောက် စကားပြောခန်းကို ယီထျန်းဂရုသို့ ပြောင်းလိုက်ပြီး ရှောင်းယီက စာတစ်စောင်ပို့လိုက်သည်။
“မိတ်ဆွေများခင်ဗျား ကျုပ်တို့အဖွဲ့ရဲ့ ဆွေးနွေးညှိနှိုင်းမှုအရ မနက်ဖြန် ညနေ ၆ နာရီမှာ တိုက်သစ်ကြီးရဲ့ တည်နေရာကူးပြောင်းခြင်းအမှတ်ကို ရောင်းတော့မှာဖြစ်ပါတယ်။ လူတိုင်းပဲ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေပါတဲ့ သင်္ဘောတွေကို ဖလှယ်လို့ရပါပြီ။ အဲ့ဒါကြောင့် နောက်ပိုင်းမှာ ကျုပ်တို့ရဲ့ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကနေတစ်ဆင့် တည်နေရာကူးပြောင်းစရာမလိုတော့ပါဘူး။”
“ဘာတွေဖြစ်နေတာလဲ။ သူဌေးက ရုတ်တရက်ကြီး တစ်ဦးတည်းပိုင် တည်နေရာကူးပြောင်းခြင်းအမှတ် ထိန်းချုပ်မှုကို ဘာလို့ စွန့်လွှတ်လိုက်တာလဲ။”
“ဂျေဘီကြောင့်ပဲဖြစ်ရမယ်။ ယီရန်ပင်းသူဌေးက တည်နေရာကူးပြောင်းခြင်းအမှတ်ကို ဂျေဘီကို ရောင်းပြီးတာနဲ့ တိုက်သစ်ကြီးကို သွားဖို့အတွက် ရွေးချယ်စရာတွေ ပိုများလာမှာပဲ။”
“အမြဲတမ်း အမြတ်ပဲထုတ်တတ်တဲ့ ယီရန်ပင်းသူဌေးက ဒါကို စွန့်လွှတ်လိုက်လိမ့်မယ်လို့ ဘယ်သူကထင်မိမှာလဲ။”
“သူက အဲ့ဒါကို အုတ်မြစ်ကျောက်ဘယ်လောက်နဲ့ ရောင်းဖို့ စီစဉ်ထားသလဲဆိုတာ ကျုပ်မသိဘူး။ ကျုပ်မှာ အုတ်မြစ်ကျောက်မလောက်မှာကိုပဲ ကြောက်မိတယ်။”
“ခင်ဗျားတို့အားလုံး ဝယ်ပြီးတဲ့အခါ ခင်ဗျားတို့ရဲ့ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြုပြီး ကျုပ်ရဲ့သင်္ဘောကို ဖလှယ်လို့ရမလား။ နည်းနည်းလောက်စျေးချိုမယ်ဆိုရင် လူတော်တော်များများက ဒါကိုရွေးချယ်ကြလိမ့်မယ်လို့ ကျုပ်ထင်တယ်။”
“ဒါပေါ့ ခင်ဗျားတို့လုပ်နိုင်ပါတယ်။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
ဤအခြေအနေကို ရှောင်လွှဲ၍မရနိုင်ကြောင်း သူသိထားပြီးဖြစ်သည်။ တည်နေရာကူးပြောင်းခြင်းအမှတ်ကို ဖွင့်ပြီးသည်နှင့် သူတို့စိတ်ရှည်သည်းခံနိုင်သ၍ ရှောင်းယီထက် စျေးပိုချိုသည့် မဟာမိတ်အဖွဲ့ကို တည်နေရာကူးပြောင်းရန်အတွက် အမြဲတမ်းရှာဖွေနိုင်ပေသည်။
“အာ...သူဌေး၊ ခင်ဗျားစကားပြောတဲ့ပုံစံက နည်းနည်းထူးဆန်းနေတယ်လို့ ကျုပ်ခံစားနေရတယ်။”
ရှောင်းယီက ဆက်ပြောလိုက်သည်။
“ခင်ဗျားတို့ ကျုပ်ဆီက ဝယ်မယ်ဆိုရင် လူတိုင်းရဲ့ တည်နေရာကူးပြောင်းခြင်းအမှတ်ကို ချူဖုန်းမြို့ရဲ့ ဆိပ်ကမ်းအနီးမှာ စီစဉ်ပေးမယ်။ တိုက်ကြီးရဲ့ ဒေသခံတွေရဲ့ တိုက်ခိုက်မှုနဲ့ ကြုံရရင်လည်း ယီရန်ပင်းမဟာမိတ်အဖွဲ့ရဲ့ အကာအကွယ်ပေးမှုကို ရရှိလိမ့်မယ်။”
“ငါသိနေတယ်။ နောက်ထပ်အခြေအနေတွေ ရှိရဦးမယ်ဆိုတာ။ ကျုပ်တို့အဖွဲ့က ယီရန်ပင်းသူဌေးနောက်ကို လိုက်ချင်ပါတယ်။”
“ကောင်းလိုက်တဲ့လူ။ သူက တကယ်ကို အမြတ်ထုတ်တတ်တဲ့သူပဲ။ ဒါက အဖြေမှန်ရွေးရတဲ့မေးခွန်းပုံစံမျိုးမဟုတ်ဘူး။”
(Multiple – choice questions: အဖြေတွေအများကြီးပေးထားတဲ့ထဲက အဖြေမှန်တစ်ခုကို ရွေးချယ်ရတဲ့မေးခွန်းပုံစံပါ။)
ချူဖုန်းမြို့ကို သိမ်းပိုက်ထားနိုင်သည့် ယီရန်ပင်းမဟာမိတ်အဖွဲ့ဟာ သေချာပေါက် အင်အားကြီးရပေလိမ့်မည်။ သူတို့၏ကာကွယ်မှုနှင့်ဆိုလျှင် တိုက်သစ်ကြီးပေါ်ရှိ ဤတည်နေရာကူးပြောင်းခြင်းအမှတ်သည် အနည်းဆုံး ၎င်းတို့၏လုံခြုံရေကို အာမခံပေးနိုင်ပေသည်။
ထို့ကြောင့် အနည်းဆုံး ၇၀% သော မဟာမိတ်များသည် ရှောင်းယီထံမှ တည်နေရာကူးပြောင်းခြင်းအမှတ်ကို ဝယ်ယူရန် ရွေးချယ်ကြပေလိမ့်မည်။
“သူဌေး ဒီကုန်ကျစရိတ်က ဈေးကြီးလွန်းနေမလား။ ကျုပ်တို့အဖွဲ့မှာ အုတ်မြစ်ကျောက်မလုံလောက်မှာကို စိုးရိမ်မိတယ်။”
“မကြီးပါဘူး၊ အုတ်မြစ်ကျောက် ၁၀၀ တည်းပါပဲ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
ဤစျေးနှုန်းက အရမ်းမမြင့်သင့်ပေ။ မဟုတ်လျှင် ငွေပေးချေမှုနှုန်းက အရမ်းနည်းသွားပေလိမ့်မည်။ ထို့ပြင် အုတ်မြစ်ကျောက် ၁၀၀ သည် တိုက်သစ်ကြီးကို စတင်စူးစမ်းရှာဖွေနေပြီဖြစ်သည့် မဟာမိတ်အဖွဲ့အများစုအတွက် ထုတ်ယူလာနိုင်သည့်ပမာဏဖြစ်ပေသည်။
C အဆင့်ရတနာသေတ္တာ ၅ လုံးက အုတ်မြစ်ကျောက် ၁၀၀ ထုတ်ပေးနိုင်သည်။ မဟာမိတ်အဖွဲ့အများစုသည် C အဆင့် ရတနာသေတ္တာ အနည်းဆုံး ၁၀ လုံးခန့် တွေ့ကြုံခဲ့ရသည်ချည်းပင်။
“အုတ်မြစ်ကျောက် ၁၀၀ က အဖွဲ့လေးဖွဲ့ကို တည်နေရာကူးပြောင်းတာနဲ့ ညီမျှတယ်။ ဒီစျေးနှုန်းက အဆင်ပြေနေပါသေးတယ်။”
“ဟုတ်တယ်။ ပြီးတော့ ယီရန်ပင်းအဖွဲ့ရဲ့ ကာကွယ်မှုကိုလည်း ရရှိနိုင်တယ်။ ပြဿနာမရှိဘူး။ ဒါက လက်မခံနိုင်လောက်အောင်အထိလည်း အရမ်းမဆိုးပါဘူး။”
“ဈေးကြီးနေတုန်းပဲဆိုပေမယ့် ဒါက တကယ်ပဲ သိပ်တော့မဆိုးလှဘူး။”
လူတိုင်းက အလွန်ဆိုးရွားသည့်မှတ်ချက်များ ပေးမလာကြောင်း မြင်လိုက်ရသောအခါ ရှောင်းယီ အနည်းငယ်စိတ်သက်သာရာ ရသွားခဲ့သည်။
ညစာစားပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်လာခဲ့သည်။ အချို့သောကျွန်းများက သားရဲအဓိကရုဏ်းများကို မဖြေရှင်းနိုင်ကြသေးပုံပင်။
“ဆိုးလိုက်တာ။ ကျုပ် ၂ရက်၊ ၃ ရက်လောက် ပြင်းပြင်းထန်ထန်ကြိုးစားထားခဲ့ရတာ အခုတော့ အစကို ပြန်ရောက်သွားပြီ။ လယ်ကွင်းထဲက အရာတွေက မှည့်ခါနီးနေပြီကို အခုတော့ ပျက်စီးသွားခဲ့ပြီ။”
“ဟုတ်တယ်။ ကျုပ်တို့လည်း အတူတူပါပဲ။ သူတို့ကို တွန်းလှန်နိုင်ခဲ့ပေမယ့် လယ်ကွင်းထဲက ကောက်ပဲသီးနှံ အထွက်နှုန်း တစ်ဝက်ကျော်လောက် လျော့ကျသွားခဲ့တယ်။”
“သားရဲအဓိကရုဏ်းတွေက အဲ့လောက်တောင် ပြင်းထန်တယ်လား။ နောက်ပိုင်း ကျုပ်တို့လည်း တောထဲက သားရဲအသစ်တွေ မွေးဖွားလာတာကို သတိမလျော့ဘဲ စောင့်ကြည့်ရတော့မယ့်ပုံပဲ။”
“ဒါပေမယ့် ကံကောင်းချင်တော့ သူတို့က တစ်ကြိမ်ဖျက်ဆီးပြီး ထွက်ခွာသွားခဲ့တယ်။ သူတို့က လူတွေကိုလည်း တိုက်ခိုက်တယ်ဆိုပေမယ့် ပုန်းနေမယ်ဆိုရင်တော့ သူတို့ဝင်မရဘဲ လက်လျှော့သွားကြတယ်။”
“အင်း...သစ်တောထဲမှာ အသစ်မွေးဖွားလာတာတွေ အရမ်းများလွန်းတော့ သူတို့ရဲ့ အစားအစာအတွက် ပြဿနာဖြစ်လာတဲ့ပုံပဲ။ အဲ့ဒါကြောင့် အစားအစာရဖို့ ကျုပ်တို့ကို တိုက်ခိုက်ကြတာ။”
“ဒီကမ္ဘာကြီးရဲ့ စည်းမျဉ်းတွေက တကယ်ပဲ လူတွေကို စိတ်ချလက်ချနေခွင့်မပေးဘူး။ ကျုပ်တို့အတွက် ခက်ခဲလွန်းတယ်။”
“တကယ်တော့ သိပ်လည်းမဆိုးပါဘူး။ ကျုပ်တို့လိုပေါ့။ ဒီသားရဲအဓိကရုဏ်းကို အပြည့်အဝ တွန်းလှန်နိုင်ခဲ့ပြီးတဲ့နောက် အဆင့်မြင့်အစားအစာတွေ အများကြီးရခဲ့တယ်လေ။”
“ဟုတ်တယ် သားရဲအဓိကရုဏ်းတွေက ဒုက္ခပေးတယ်ဆိုပေမယ့် အဆင့်မြင့်အစားအစာတွေလည်း ပြန်ပေးတာပဲ။”
“နောက်ဆုံးမှာတော့ ကိုယ့်ရဲ့ကိုယ်ပိုင်အင်အားကို တိုးတက်အောင်လုပ်ဖို့ပဲ လိုတယ်။ ဒါမှမဟုတ် အာဏာပေါ့။ သားရဲအဓိကရုဏ်းတွေကို ကိုင်တွယ်ဖို့ လူအင်အား လိုအပ်တယ်။ လူအင်အားနည်းရင် တကယ်ကို ခုခံကာကွယ်လို့မရနိုင်ဘူး။”
“ဟုတ်တယ်၊ အဆင့်မြင့်အစားအစာတွေက အခုချိန်မှာ မရှားပါးတော့ဘူး။ ကျုပ်တို့ရဲ့ကိုယ်ပိုင်အင်အားကလည်း တဖြည်းဖြည်းချင်း တိုးတက်လာနေတယ်။ တစ်ချိန်တည်းမှာပဲ တိုက်သစ်ကြီးပေါ်မှာ အဆင့်မြင့်လက်နက်တွေကို ရှာဖွေတွေ့ရှိနိုင်ဖို့ ကျုပ်မျှော်လင့်မိတယ်။”
“လက်နက်အကြောင်းပြောရရင် မနေ့က ကျုပ်တို့ရဲ့မဟာမိတ်အဖွဲ့က မြားလှည်းထုတ်လုပ်မှုပုံစံတစ်ခုရခဲ့တယ်။ အဲ့ဒါက အဝေးကနေတိုက်ခိုက်တဲ့နေရာမှာ ကြီးမားတဲ့လူသတ်လက်နက်ကြီးတစ်ခုပဲ။”
“အမ် ခင်ဗျားဘာလို့ စောစောမပြောခဲ့တာလဲ။ ခင်ဗျားသာ စောစောပြောခဲ့ရင် ကျုပ်တို့ အဲ့ဒါကိုငှားပြီးရင်ဆိုင်ခဲ့မှာပေါ့။ ဒါဆို တောထဲက သားရဲတွေလည်း ကျုပ်တို့လယ်ကွင်းတွေကို ဖျက်ဆီးခွင့်ရခဲ့မှာမဟုတ်ဘူး။”
“အာ ကျုပ်လည်း လူတိုင်း ရထားတယ်လို့ ထင်ခဲ့တာ။ ပြီးတော့ ကျုပ်တို့ ရခဲ့တာက ပုံစံကွက်တစ်ခုမဟုတ်ဘူးလေ။ အဲ့ဒါကြောင့် ထုတ်မပြဖြစ်ခဲ့တာ။ နောက်ပိုင်း သားရဲအဓိကရုဏ်းနဲ့ ထပ်ပြီးကြုံတွေ့ရရင် ကျုပ် ခင်ဗျားကို ငှားပေးပါ့မယ်။”
“နေပါစေ ကျုပ်မှာ ငှားချင်စိတ်မရှိဘူး။ သားရဲအဓိကရုဏ်းနဲ့လည်း ထပ်မတွေ့ချင်တော့ဘူး။”
“ကောင်းပြီ ကောင်းပြီ တိုက်သစ်ကြီးဆီသွားပြီး အခွင့်အလမ်းတွေ မြန်မြန်ရှာဖွေကြရအောင်။”
ရှောင်းယီသည် ထိုစာများကို ဖတ်ရှုပြီးနောက် ရွှမ်းယွမ်ကျွန်းရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ရှာဖွေကာ စာတစ်စောင်ပို့လိုက်သည်။
“အဲ့ဒီက သားရဲအဓိကရုဏ်းကို ဖြေရှင်းပြီးပြီလား။”
“ကျွန်းပိုင်ရှင်ကို အစီရင်ခံပါတယ်။ ဖြေရှင်းပြီးပါပြီ။ ဝမ်ချိုင်နဲ့ ဟွားဖန်တို့က အရမ်းကြမ်းလွန်းတယ်။”
ချူရှန်းက ချက်ချင်းပြန်ဖြေလာခဲ့သည်။
“ကျွန်းပိုင်ရှင်မသိလို့ပါ။ ဝမ်ချိုင်နဲ့ ဟွားဖန်တို့ သားရဲလှိုင်းထဲမှာ ခေါက်တုံ့ခေါက်ပြန် ပြေးနေတာကို ရွှမ်းယွမ်ကျွန်းက ဒေသခံတွေမြင်တော့ သူတို့ရဲ့မျက်လုံးတွေဆိုတာ ကျွတ်ထွက်တော့မလိုပဲ။”
“ဟုတ်ပါပြီ သူတို့ကရော အန္တရာယ်ကင်းရဲ့လား။”
ရှောင်းယီက မေးလိုက်သည်။
“ဒါပေါ့။ ကျုပ်တို့ရဲ့ ကောင်းကောင်းလေ့ကျင့်ထားတဲ့ တပ်ဖွဲ့ကိုမြင်ပြီးကတည်းက သူတို့မှာ ခုခံတွန်းလှန်မယ့် စိတ်ကူးတွေ မရှိကြတော့ဘူး။ ဝမ်ချိုင်ရဲ့ ခြိမ်းခြောက်မှုအပြင် ကျွန်းပိုင်ရှင်ရဲ့ ဂုဏ်သတင်းကြောင့် သူတို့တွေ အခု အရမ်းကိုမှအန္တရာယ်ကင်းပြီး စိတ်ချမ်းသာနေကြပါပြီ။”
ချူရှန်းက ပြန်ဖြေလိုက်သည်။
“ကောင်းပြီ မင်းတို့ အဲ့ဒီနေရာကို သေချာအာရုံစိုက်ပြီး သူတို့ကျွန်းပေါ်မှာ ထူးခြားတဲ့ ထုတ်ကုန်တွေ အသစ်ဖြစ်ပေါ်နေလားဆိုတာ ကြည့်ထားကြ။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။
“စိတ်ချပါ။ ကျုပ်တို့ ဒီနေရာကို အမြဲစောင့်ကြည့်နေပါတယ်။”
ချူရှန်းက ပြန်ဖြေလိုက်သည်။
သက်တောင့်သက်သာရှိလှသော ယီရန်ပင်းမဟာမိတ်အဖွဲ့နှင့် ဝေးကွာနေသေးသော်လည်း ချူရှန်းသည် ဤနေရာ၌ သူကိုယ်သူ အုပ်ချုပ်ရေးမြို့စားတစ်ယောက်လို ခံစားနေရသည်။
ရွှမ်းယွမ်မဟာမိတ်ဘက်တွင် သူက လူကြီးဖြစ်သည်။ အဖွဲ့အစည်းတစ်ခုကို ဖွံ့ဖြိုးတိုးတက်ပြီး အားကောင်းအောင် တည်ဆောက်ပေးရမည့်အကြောင်းကို တွေးကြည့်ရုံဖြင့်ပင် စိတ်လှုပ်ရှားစရာကောင်းနေပြီဖြစ်သည်။
အခန်း ၆၂၂ လင်းရှား သတိရလာခြင်း၊ အဝတ်အစား အဆင့်အဆင့်မြှင့်တင်ခြင်းကတ်
ဝမ်ချိုင်နှင့် ဟွားဖန်တို့ကို ပြန်ပို့လိုက်ပြီးနောက် ရှောင်းယီ သူတို့ကို ကြည့်လိုက်သည်။ သူတို့သည် S အဆင့်အတိုင်းပင် ရှိနေသေးပြီး အဆင့်မတက်သွားခဲ့ပေ။
စဉ်းစားကြည့်လျှင် ၎င်းသည် အဆင့်အမြင့်ဆုံးမှာ A အဆင့် သားရဲလှိုင်းသာဖြစ်ခဲ့သည်။ ထို့ကြောင့် သူတို့နှစ်ယောက်အတွက် အမှန်တကယ်ဖိအားမရှိခဲ့ပေ။
A အဆင့်သားရဲများကို ကိုင်တွယ်ဖြေရှင်းလိုက်သည်နှင့် ကျန်ရှိသောအရာများကို ရွှမ်းယွမ်ကျွန်းပေါ်တွင် တပ်စွဲထားသော စစ်သည်များက ကိုင်တွယ်ဖြေရှင်းနိုင်ပေသည်။
ရှောင်းယီသည် မတ်တပ်ထရပ်လိုက်ပြီး လသာဆောင်သို့ လျှောက်သွားလိုက်သည်။ လရောင်၏အလင်းသည် ကြည်လင်အေးမြနေပြီး ပင်လယ်ကမ်းစပ်မှလာနေသော အသံများအား သဲ့သဲ့ကြားနေရသည်။ အပန်းဖြေစခန်းသည် လူများဖြင့် စည်ကားနေဆဲပင်။
ထိုစဉ် အနောက်ဘက်မှ တစ်စုံတစ်ဦးချဉ်းကပ်လာသည့် ခြေသံများ ထွက်ပေါ်လာခဲ့သည်။ ထိုခြေလှမ်းသံပေါ်မူတည်၍ ရှောင်းယီသည် ထိုလူမှာ အန်းရန်ဖြစ်ကြောင်း သိလိုက်လေသည်။
အန်းရန်သည် ရှောင်းယီအား အနောက်ဘက်မှ ပွေ့ဖက်လိုက်ပြီး သူမ၏မျက်နှာကို ရှောင်းယီ၏ကျောကုန်းတွင် ဖိကပ်ထားကာ ပြောလိုက်သည်။
“ငါတို့တွေ အမြဲလိုလို ရှေ့ကိုတွန်းထုတ်ခံနေရသလို ခံစားနေရတယ်။ ခဏလေးတောင် အနားယူချိန်မရှိခဲ့ဘူး။”
ရှောင်းယီသည် အန်းရန်၏လက်ကို ဆုပ်ကိုင်ကာ ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်၊ အရင်ကမ္ဘာမှာသာ ဆက်ရှိနေဦးမယ်ရင် အခုချိန်လောက်ဆို အကင်ဆိုင်တစ်ခုခုမှာ ညစာစားနေကြလောက်ပြီ။”
“အွန်း”
အန်းရန်က ညင်သာစွာ ပြောလိုက်သည်။
“အရင်ဘဝမှာဆိုရင် နင် ငါ့ကို ဘယ်တော့မှလာမတွေ့တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။”
“အာ အဲ့ဒါက အတိတ်မှာပြီးသွားခဲ့ပြီပဲမဟုတ်လား။”
ရှောင်းယီက မလုံမလဲဖြင့် ပြန်ဖြေလိုက်သည်။
အန်းရန်က ပြုံးကာ မေးလိုက်၏။
“ငါတို့ ပြန်သွားနိုင်မယ်လို့ နင်ထင်လား။”
“ပြန်သွားဖို့လား။”
ရှောင်းယီသည် အနည်းငယ်အံ့အားသင့်သွားပြီးနောက် ခေါင်းခါပြလိုက်သည်။
“ငါမသိဘူး။ အရင်ဆုံး အသက်ရှင်ကျန်ရစ်နိုင်အောင်လုပ်ပြီး နောက်ကွယ်ကလက်မည်းကြီးကို ရှာကြည့်ရအောင်။”
“အင်း နင်နဲ့သာ အတူရှိနေနိုင်မယ်ဆိုရင် ပြန်သွားနိုင်တာပဲဖြစ်ဖြစ်၊ ပြန်မသွားနိုင်တာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။”
အန်းရန်က ပြောလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။
“ဒါပေမယ့် ဘာပဲပြောပြော ငါတို့ နှစ်တွေအကြာကြီး အဲဒီမှာနေထိုင်ခဲ့ကြတာ။ ပြီးတော့ စိတ်လွတ်ကိုယ်လွတ် နေထိုင်ခဲ့ကြတယ်။ ဒါက လူတွေကို ပြန်မတွေးဘဲနေနိုင်အောင် ဖြစ်စေတယ်။”
“ပွက်”
ရုတ်တရက် ဘေးနားရှိ ရေကူးကန်ထဲမှ ရေသံတစ်သံ ကြားလိုက်ရသည်။ ရှောင်းယီနှင့် အန်းရန်တို့သည် အံ့အားသင့်သွားပြီး ထိုနေရာသို့ လှည့်ကြည့်မိလိုက်ကြ၏။
ရေထဲသို့ဝင်ပုန်းသွားသော မျက်နှာဖြူဖတ်ဖြူရော်ဖြစ်နေသေးသည့် လင်းရှားကို သူတို့မြင်လိုက်ကြရလေသည်။
ရှောင်းယီ ပြုံးလိုက်မိပြီး အန်းရန်၏လက်ကို ဆွဲကိုင်ကာ ရေကူးကန်ဆီသို့ လျှောက်သွားလိုက်သည်။
“ငါတို့ မင်းကိုတွေ့နေပြီပဲ။ ဘာလို့ ပုန်းနေသေးတာလဲ။”
လင်းရှားသည် မတတ်သာဘဲ ရေထဲမှ ပြန်ပေါ်လာခဲ့ရသည်။ သူမ၏ဖြူဖတ်ဖြူရော်ဖြစ်နေသေးသောမျက်နှာမှာမူ အနည်းငယ်နီရဲနေခဲ့သည်။
“ကျွန်မ ခိုးနားထောင်နေတာ မဟုတ်ပါဘူး။”
လင်းရှားက ရှက်ဝဲဝဲဖြင့် ပြောလိုက်သည်။
“မင်းမြင်သွားလည်းဘာမှမဖြစ်ပါဘူး။ ငါတို့က မကောင်းတာတစ်ခုခု လုပ်နေတာမှဟုတ်တာ။”
ရှောင်းယီက သဘောထားကြီးစွာဖြင့် ပြောလိုက်သည်။
အန်းရန်သည် သူ့ကို မျက်စောင်းထိုးကာ ကြည့်လိုက်ပြီး လင်းရှားအား မေးလိုက်သည်။
“နင် အခု ဘယ်လိုခံစားနေရလဲ။”
ရှောင်းယီက ဘာသာပြန်ရန် ကူညီပေးလိုက်သည်။
“အတော်လေး သက်သာသွားပါပြီ။”
လင်းရှားက ပြန်ဖြေလိုက်သည်။
“အင်း ဒါကောင်းတယ်။ ဒီမှာ မင်းရဲ့အကူအညီကို လိုအပ်နေတယ်။”
ရှောင်းယီက ပြောလိုက်သည်။
အန်းရန် ရှောင်းယီ၏ခါးကို ဆွဲဆိတ်လိုက်၏။
“သူမက အခုမှနေပြန်ကောင်းလာတုန်းရှိသေးတယ်လေ။ နင်က တကယ်ပဲ ဘယ်လိုတန်ဖိုးထားရကောင်းမှန်း မသိဘူးလား။”
“ကောင်းပါပြီကွာ။ မင်း နောက်ထပ် နှစ်ရက်လောက် အနားယူလိုက်ပါ။ နှစ်ရက်ကြာရင် မင်းရဲ့အကူအညီကို လိုလာလိမ့်မယ်။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
လင်းရှားသာ ထို SS အဆင့်မှော်ဆရာ၏ လျှို့ဝှက်တိုက်ခိုက်မှုကို မတားဆီးခဲ့ပါက ထိုအချိန်က သူတို့သည် အမှန်တကယ်ပင် အန္တရာယ်ထဲသို့ ကျရောက်သွားခဲ့မည်ဖြစ်သည်။
မည်သည့်ပြင်ဆင်ချိန်မျှမရလိုက်ဘဲ လူတိုင်း ဖမ်းဆီးခံလိုက်ရပေလိမ့်မည်။
အဆင့်တူတိုက်ခိုက်မှုကို ခံရပြီးနောက် သူတို့သည် စက္ကန့်အနည်းငယ်အတွင်း ပြန်လည်ကောင်းမွန်လာနိုင်သော်လည်း ထိုစက္ကန့်အနည်းငယ်အတွင်း မှော်ဆရာက သူတို့အား အကြိမ်ပေါင်းများစွာ သတ်ပစ်နိုင်ပေသည်။
ရှောင်းယီနှင့် အခြားသူများအတွက် လင်းရှား၏ ဝင်ရောက်တားဆီးပေးခဲ့မှုကို အသက်ကိုကယ်တင်ခဲ့သည့် ကျေးဇူးတစ်ခုဟုပင် ခေါ်ဆိုနိုင်ပေသည်။
“နင့်ရဲ့လက်အောက်ခံဖြစ်လာတာနဲ့ တကယ်ကို သေတဲ့အထိ အသုံးချခံရတော့တာပဲ။”
အန်းရန်က သူ့ကို မျက်စောင်းထိုးကာကြည့်ရင်း ပြောလိုက်သည်။
“မဟုတ်တာ...လင်းရှားနဲ့ ငါက တရားမျှတတဲ့ ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးပဲ ရှိတာပါကွာ။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
“ပူးပေါင်းဆောင်ရွက်မှုလား။ တရားမျှတမှုလား။ ငါတော့ မမြင်မိပါဘူး။”
အန်းရန်က အကြင်နာကင်းမဲ့စွာ ပြန်ဖြေလိုက်သည်။
“ကျွန်မ ကျွန်းပိုင်ရှင်ရဲ့ လက်အောက်ခံဖြစ်ချင်ပါတယ်။ အနည်းဆုံးတော့ ကျွန်းပိုင်ရှင်က သူ့ရဲ့လက်အောက်ငယ်သားတွေကို ကူညီဖို့အတွက် သူ့စွမ်းအားရှိသမျှ လုပ်ပေးတယ်။”
လင်းရှားက ညင်သာစွာ ဖြတ်ပြောလိုက်သည်။
ထိုစကားကိုကြားလိုက်ရသောအခါ ရှောင်းယီသည် သူ၏စ,နောက်နေသည့်ဟန်ပန်ကို ရုတ်သိမ်းလိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။
“လင်းရှား အရင်က မင်းနဲ့ပတ်သက်ပြီး ငါတကယ်ပဲ သတိထားခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာ ငါတို့က မိတ်ဆွေတွေပဲ။ မင်း နည်းနည်းနေပြန်ကောင်းလာရင် မင်းရဲ့ရေသူမျိုးနွယ်ကို ကူညီဖို့အကြောင်း ဆွေးနွေးကြတာပေါ့။”
“တကယ်လား။ ဒါဆို အခုလည်းလုပ်လို့ရပါတယ်။”
လင်းရှားက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“မရဘူး။ မင်းကောင်းကောင်းအနားယူသင့်တယ်။ ဘယ်ကိစ္စမဆို မနက်ဖြန်မှ ဖြည်းဖြည်းချင်း ပြောလို့ရပါတယ်။ ပြီးတော့ မင်းကိုကူညီဖို့အတွက် ငါဘက်မှာလည်း ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့လိုသေးတယ်။”
ရှောင်းယီက ပြောလိုက်သည်။
လင်းရှားက ခေါင်းညိတ်ပြလိုက်သည်။
“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”
“ရပါတယ်။”
ထို့နောက် ရှောင်းယီသည် အန်းရန်ကိုခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့သည်။
“နင် လင်းရှားရဲ့ နဖူးပေါ်ကချွေးတွေကို မမြင်ဘူးမဟုတ်လား။”
အန်းရန်က ပြောလိုက်သည်။
“ငါ ဘယ်လိုလုပ်ပြီးမမြင်ဘဲနေမှာလဲ။ သူမက အရမ်းအားနည်းနေသေးတာတောင် တင်းခံပြီး ရေသူမျိုးနွယ်အကြောင်း ငါ့ကိုဆက်ပြောချင်နေတုန်းပဲ။ သူတို့ရဲ့အခြေအနေက တကယ်ကို အရေးပေါ်ဖြစ်နေပြီထင်တယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
အန်းရန်က ခေါင်းညိတ်လိုက်သည်။
“ဒါပေမယ့် သူတို့ရဲ့စစ်မြေပြင်က ရေထဲမှာပဲ။ ငါတို့ကူညီချင်ရင်တောင် ကူညီနိုင်တဲ့အခန်းကဏ္ဍတွေက အလွန်အမင်းကန့်သတ်ခံရမှာပဲမဟုတ်လား။”
“အင်း တခြားနယ်ပယ်တွေကနေပဲ ကူညီထောက်ပံ့ပေးကြတာပေါ့။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“သူတို့က ငါတို့ဆီကနေ အရမ်းဝေးသင့်တယ်မဟုတ်လား။”
အန်းရန်က မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။
“ဒီကမ္ဘာမှာ နေရာနှစ်ခုက နီးစပ်တယ်ရယ်လို့ မရှိပါဘူး။ ဒါပေမယ့် ဒီမှာ မြို့ပြန်ကျောက်တွေ၊ ဦးတည်ချက်ကျောက်တွေနဲ့ တည်နေရာကူးပြောင်းခြင်းအစီအရင်တွေရှိတယ်။ အဲ့ဒါကြောင့် အခုချိန်မှာ အကွာအဝေးကို စိုးရိမ်စရာမလိုဘူး။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“နင်ပြောချင်တာက ချူဖုန်းမြို့က တည်နေရာကူးပြောင်းခြင်းအစီအရင်ကိုသုံးပြီး ရေသူတွေရှိတဲ့ ယွမ်ပင်လယ်ကို တည်နေရာကူးပြောင်းမလို့လား။”
အန်းရန်က သတိပြုမိသွားခဲ့၏။
ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။
“မှန်တယ်...။ တည်နေရာကူးပြောင်းခြင်းအစီအရင်မရှိဘဲနဲ့ ဒီလောက်ဝေးတဲ့အကွာအဝေးကိုသွားမယ်ဆိုရင် ငါတို့ရောက်သွားတဲ့အခါ အရမ်းနောက်ကျသွားလိမ့်မယ်။”
“နင် ကောင်းကောင်းအနားယူလိုက်ပါ။ မနက်ဖြန်ကျရင် ထပ်ပြီးအလုပ်များတော့မယ်လို့ ငါထင်တယ်။”
အန်းရန်က ထိုသို့ပြောပြီး ထွက်သွားရန် ပြင်လိုက်သည်။
ရှောင်းယီသည် ထွက်သွားတော့မည့် အန်းရန်အား ဖမ်းကိုင်လိုက်၏။
“မင်းက ငါ့တံခါးဝကိုရောက်လာပြီးမှ ထွက်ပြေးချင်သေးတာလား။”
“အာ...။”
အန်းရန် အံ့အားသင့်သွား၏။ ထို့နောက် တံခါးကို လော့ချလိုက်လေသည်။
ရှောင်းယီနှင့် အန်းရန်တို့သည် အနားမယူခင် အချိန်အကြာကြီး လူးလှိမ့်နေခဲ့ကြပြီး ရေကူးကန်ထဲက လင်းရှားအား ဒုက္ခပေးခဲ့သည်။
နောက်တစ်နေ့၌ လင်းရှားသည် မျက်လုံးအောက်တွင် ညိုမည်းနေသောအကွက်များနှင့်အတူ ရေကူးကန်ထဲမှ ထွက်လာခဲ့သည်။ ရှောင်းယီက သူမကိုတွေ့သောအခါ နှုတ်ဆက်လိုက်၏။
“မောင်နင်း...မင်း ညဘက်တွေ ကောင်းကောင်းအနားယူသင့်တယ်။ မျက်ကွင်းတွေတောင်ညိုနေပြီ။”
ထိုစကားကိုကြားလိုက်ရသောအခါ လင်းရှား၏မျက်နှာမှာ အနည်းငယ်နီရဲသွားပြီး ရှောင်းယီအား မျက်လုံးလှန်ကြည့်ကာ စိတ်ထဲမှာ စောဒကတတ်လိုက်မိ၏။
‘ရှင့်ကြောင့်သာမဟုတ်ရင် ကျွန်မမျက်လုံးအောက်မှာ အညိုကွက်တွေဖြစ်လာမှာတဲ့လား။’
ထို့နောက် အန်းရန်သည် ရှောင်းယီကို မျက်စောင်းထိုးလိုက်ပြီး မနက်စာပြင်ဆင်ရန် အောက်ထပ်ကို ဆင်းသွားခဲ့သည်။
“စနစ် လက်မှတ်ထိုးဝင်မယ်။”
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ်- အဝတ်အစားအဆင့်မြှင့်တင်ခြင်းကတ် ၁၂။”
“ဟမ်...”
ရှောင်းယီ၏မျက်နှာပေါ်တွင် မေးခွန်းသင်္ကေတတစ်ခု ထွက်ပေါ်လာခဲ့သည်။
အဝတ်အစားအဆင့်မြှင့်တင်ခြင်းကတ်လား။ ဒါက ဘာအသုံးဝင်လို့လဲ။
ပိုမိုနွေးထွေးစေခြင်း သို့မဟုတ် ကာကွယ်မှုကို အလွန်တိုးမြှင့်ပေးခြင်းလော။ သို့မဟုတ် ဓားများ၊ သေနတ်ဖြင့် ပစ်ခတ်ခံရမှုများကို တားဆီးနိုင်ခြင်းလော။
“အဝတ်အစားအဆင့်မြှင့်တင်ခြင်းကတ်: အဝတ်အစား၏အဆင့်ကို တစ်ဆင့်မြှင့်တင်ပေးနိုင်သည်။ အမြင့်ဆုံးမှာ SSS အဆင့်အထိဖြစ်သည်။”
သို့သော် အဆင့်မြှင့်တင်ရန်အတွက် ကတ်အရေအတွက်ကို မြင်လိုက်ရသောအခါ ရှောင်းယီသည် စနစ်က သူ့ကို မည်သည့်အရာအား အဆင့်မြှင့်တင်စေချင်နေသည်ကို ချက်ချင်းနားလည်သွားခဲ့သည်။
စတုတ္ထအပတ်မတိုင်မီက သူသည် အဝတ်အစားဆုလာဘ်ကို တစ်ကြိမ်ရရှိခဲ့ဖူးသည်။ ထိုတစ်ကြိမ်တည်းသာဖြစ်သည်။
“ကိုယ်ကျပ်ဝတ်စုံ (SS အဆင့်): အထူးကျုံ့နိုင်၊ဆန့်နိုင်သော ပစ္စည်းဖြင့်ပြုလုပ်ထားသည်။ လူတစ်ကိုယ်လုံးကို လွှမ်းခြုံနိုင်သည်။ လူ့ခန္ဓာကိုယ်၏အရွယ်အစားကို လိုက်လျောညီထွေဖြစ်စေသည်။ ကိုယ်ကျပ်ဝတ်စုံအတွင်း အပူချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေးထားသည်။ အံ့သြဖွယ်ကောင်းသော ကာကွယ်မှုရှိသည်။ မိမိဘာသာ သန့်စင်နိုင်သည်။”
“အသုံးပြုရန်အတွက် အားသွင်းရန်လိုအပ်သည်။ အားအပြည့်သွင်းပြီးနောက် တစ်ကြိမ်လျှင် ၁၂ နာရီအသုံးပြုနိုင်သည်။”
သို့သော်လည်း သူသည် ထိုစဉ်က နှစ်ဆအခြေအနေတွင် ရှိနေခြင်းကြောင့် ချီးမြှင့်ထားသောဆု ၆ ခုက ၁၂ ခု ဖြစ်လာခဲ့ခြင်းဖြစ်သည်။
နောက်ပိုင်း သူ၏အင်အားများ တိုးတက်လာပြီး အဆောက်အဦးများ ပိုမိုအဆင့်မြင့်လာသည်နှင့်အမျှ ထိုကိုယ်ကျပ်ဝတ်စုံများကို မလိုအပ်တော့ပေ။
ဟုတ်ပါသည်။ အဓိကအကြောင်းရင်းမှာ ဆောင်းရာသီ မရောက်သေးသောကြောင့်ပင်။ အကယ်၍ ဆောင်းရာသီသည် အလွန်အမင်း အေးနေဆဲဖြစ်ပါက ဤပစ္စည်းမှာ အသုံးဝင်နေဆဲပင်။
သို့သော် မကြာခင်က ကုန်ဆုံးသွားခဲ့သည့် နွေရာသီအခြေအနေပေါ်မူတည်ကြည့်ရင် စတုတ္ထအပတ်ကဲ့သို့ အဆိုးရွားဆုံးရာသီဥတုမျိုး ကြုံတွေ့ရလိမ့်မည်ဟု သူမထင်ပေ။
ထိုမျှမအေးတော့ပါက ယခုအချိန်တွင် ဤကိုယ်ကျပ်ဝတ်စုံများကို အဆင့်မြှင့်ခြင်းက အနည်းငယ်အပိုလုပ်နေခြင်းမဟုတ်ပါလော။
စနစ်၏ရည်ရွယ်ချက်ကို သူမသိသော်လည်း ရှောင်းယီသည် အဆင့်မြှင့်တင်ခြင်းကတ်တစ်ခုကို ထုတ်ယူလိုက်ပြီး ကိုယ်ကျပ်ဝတ်စုံတစ်ခုကို SSS အဆင့်အထိ အဆင့်မြှင့်တင်လိုက်လေသည်။