← Chapters

အခန်း (၆၃၁-၆၃၂)

Vol. 47 Ch. 631-632

အခန်း (၆၃၁-၆၃၂)

Vol. 47 Ch. 631-632

အခန်း ၆၃၁: သမန်းဝံပုလွေများ တိုက်ခိုက်ခြင်း၊ တိုက်ပွဲကို စောင့်ကြည့်ခြင်း

“ဒီသမန်းဝံပုလွေတွေ ဒီညတကယ်ပဲ ရူးသွပ်သွားကြတော့မှာလား။”

ကျန်းယွင်ထျန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

သမန်းဝံပုလွေများသည် ရူးသွပ်မှုမရှိဘဲနှင့်ပင် ကာကွယ်ရန် ခက်ခဲနေပြီးသားဖြစ်ပြီး အကယ်၍ ၎င်းတို့သာ ရူးသွပ်သွားပါက တိုက်ခိုက်ရန် ပို၍ပင် ခက်ခဲသွားမည်မဟုတ်လော။

“ကြိုတင်ကာကွယ်ထားတာ ပိုကောင်းတယ်။ ငါတို့ ကောင်းကောင်းပြင်ဆင်ထားရမယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ကင်းထောက်တွေဆီက ဘာသတင်းတွေရထားသေးလဲ။”

“နောက်ဆုံးသတင်းအရတော့ အားလုံးပုံမှန်ပဲ။”

ကျန်းယွန်ထျန်းက ပြန်ဖြေလိုက်သည်။

ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ငါတို့ကမ္ဘာရဲ့ဒဏ္ဍာရီတွေကို ဒီကမ္ဘာမှာ မကျင့်သုံးကြဖို့ မျှော်လင့်တယ်။”

“အစီရင်ခံပါတယ်။ ကျွန်းပိုင်ရှင်၊ နည်းပြ ကင်းထောက်တွေက ဝံပုလွေတွေ ရုတ်တရက် ရူးသွပ်သွားပြီး ကျုပ်တို့ဆီကို ပြေးလာနေတယ်လို့ သတင်းပို့လာပါတယ်။”

စစ်သားတစ်ယောက် ပြေးလာပြီး အစီရင်ခံလာခဲ့သည်။

“မျှော်လင့်ထားသလိုပဲ။”

ကျန်းယွင်ထျန်းက ချက်ချင်း အမိန့်ပေးလိုက်သည်။

“ကင်းထောက်တွေအားလုံးကို ပြန်ခေါ်လိုက်။”

“ဟုတ်ကဲ့”

ထိုဆက်သွယ်ရေးတပ်ဖွဲ့ဝင်က တုံ့ပြန်လိုက်သည်။

ကျန်းယွင်ထျန်းသည် မပြီးဆုံးသေးသော ထောင်ချောက်များကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်း အော်ဟစ်လိုက်သည်။

“ကျန်တာတွေကို မတူးတော့နဲ့။ ဆူးတွေကို အမြန်နေရာချလိုက်။၊ ပြီးရင် ကာကွယ်ရေးနေရာတွေဆီ ဆုတ်ခွာမယ်။ အမြောက်တွေအကုန်လုံးကို ထုတ်ထား။”

“ဟုတ်ကဲ့”

လူတိုင်းက တုံ့ပြန်လိုက်ကြသည်။

“ဒီည ထပ်ပြီးအလုပ်ရှုပ်ရတော့မယ့်ပုံပဲ။ သမန်းဝံပုလွေတွေ ဒီနေ့ ချူဖုန်းမြို့ကို လာတိုက်ခိုက်တာက ချူဖုန်းမြို့က လက်ပြောင်းလိုက်ပြီး အုတ်မြစ်မတည်မငြိမ်ဖြစ်နေတယ်ဆိုတာကို သူတို့သိနေလို့ပဲ ဖြစ်ရမယ်။”

ရှောင်းယီက ပြောလိုက်သည်။

“အဲ့ဒါကြောင့် သူတို့ရဲ့ တိုက်ခိုက်မှုအင်အားကို ဒီနေ့ မြှင့်တင်ပေးလိုက်တာပဲ။”

ကျန်းယွင်ထျန်းက ခေါင်းညိတ်လိုက်သည်။

“ဒါပေမယ့် အရမ်းကြီးစိုးရိမ်နေစရာမလိုပါဘူး။ အခုမြို့မှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိတယ်။ ဒါ့အပြင် ငါတို့ဘက်ကလည်း ကြိုတင်ပြင်ဆင်ထားတယ်။ ဒီသမန်းဝံပုလွေတွေ ဒီတစ်ကြိမ်မှာ သေချာပေါက် ဘာမှရမသွားစေရဘူး။”

“အင်း သူတို့ရဲ့ တိုက်ခိုက်မှုအင်အားက ရုတ်တရက် အများကြီးတိုးလာတော့ ငါတို့ရဲ့ ခုခံကာကွယ်သူတွေ သတိမမူမိဘဲ ကျင့်သားမရဖြစ်နေမှာကိုပဲ စိုးရိမ်မိတယ်။ သူတို့သာ မြို့ထဲဝင်လာမယ်ဆိုရင် နောက်ဆက်တွဲအကျိုးဆက်တွေက စိတ်ကူးကြည့်လို့တောင် မရနိုင်ဘူး။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဒါက ဘာမှမဟုတ်ပါဘူး။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“ငါ မြို့ရိုးပေါ်ကို ထပ်သွားပြီး သူတို့ကို သတိပေးလိုက်မယ်။”

“ပြီးတော့ တစ်ယောက်ယောက်ကို တိုက်သစ်ကြီးကို စူးစမ်းရှာဖွေဖို့လာတဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ချူဖုန်းမြို့အပြင်ဘက်မှာ ပေါ်မလာဖို့ ပြောလိုက်ပါ။ အခုချိန်က အရမ်းအန္တရာယ်များတယ်။ ဆိပ်ကမ်းမှာရှိတဲ့သူတွေလည်း အပြင်ထွက်မလာသင့်ဘူး။ ဆိပ်ကမ်းအတွင်းမှာရှိရင် သံချပ်ကာသင်္ဘောက သူတို့ကို လုံခြုံအောင် ကာကွယ်ပေးထားနိုင်တယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့”

မကြာမီ တစ်စုံတစ်ဦးသည် ထိုအမိန့်အား လက်ဆင့်ကမ်းပေးခဲ့သည်။ အချို့သောလူများသည် ညဘက်တွင်ပင် တိုက်သစ်ကြီးကို ကြိုးစား၍စူးစမ်းရှာဖွေနေသော်လည်း ပိုများသောသူများသည် ၎င်းတို့၏သင်္ဘောများဆီသို့ ပြန်လာရန် သို့မဟုတ် ချူဖုန်းမြို့အတွင်းတွင် အနားယူရန် ရွေးချယ်ခဲ့ကြသည်။

ယခုအချိန်တွင် သူတို့သည် လွတ်လပ်စွာ တည်နေရာကူးပြောင်းနိုင်ပြီဖြစ်သဖြင့် အလျင်မလိုတော့ချေ။ ထို့အပြင် ညဘက်တွင် အနည်းငယ်အန္တရာယ်ရှိနေသေးသည်။

ယခင်က ညဘက်စူးစမ်းသောအဖွဲ့များသည် ညဘက်တွင် သားရဲများစွာနှင့် ကြုံတွေ့ခဲ့ရပြီး သေဆုံးဒဏ်ရာရသူများ များပြားခဲ့သည်။

ယီထျန်းဂရုတွင် ဤသတင်းများကို လက်ခံရရှိပြီးနောက် ဆွေးနွေးငြင်းခုံမှုများ ချက်ချင်းပင် စတင်ခဲ့လေသည်။

“သမန်းဝံပုလွေတွေက မြို့ကို ထပ်ပြီးတိုက်ခိုက်ပြန်ပြီလား။ ငါ တကယ်သွားကြည့်ချင်မိတယ်။”

“ဟုတ်တယ်။ ဒါက သူဌေးကြီးရဲ့ စွမ်းအားကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုနိုင်ဖို့ အခွင့်ကောင်းတစ်ခုပဲ။”

“ကျုပ်တို့မဟာမိတ်အဖွဲ့ရဲ့ အဖွဲ့နှစ်ဖွဲ့က ချူဖုန်းမြို့မှာ အနားယူနေတယ်။ အခု သူတို့က သူဌေးရဲ့စွမ်းအားကို တိုက်ရိုက်မျက်မြင်ကိုယ်တွေ့ ကြည့်ရှုနိုင်တော့မယ်။”

“ကျုပ် အခု တည်နေရာကူးပြောင်းလို့ ရနိုင်လောက်မလား။”

“ရတာပေါ့။ ဒါပေမယ့် ဆိပ်ကမ်းကနေတော့ ထွက်ခွာလို့မရဘူး။ ကျုပ် စောစောက ကြိုးစားကြည့်ပြီးပြီ။ အခုတော့ လှေငယ်ပေါ်မှာပဲ ခွေနေရတယ်။”

“ကျုပ် ချူဖုန်းမြို့က ညီအစ်ကိုတွေကို တကယ်ပဲမနာလိုဖြစ်မိတယ်။”

ချူဖုန်းမြို့အတွင်းရှိ ရုတ်တရက်လှုပ်ရှားမှုများသည် မြို့တွင်းရှိ အသက်ရှင်ကျန်ရစ်သူများ၏အာရုံကိုလည်း ဆွဲဆောင်သွားခဲ့သည်။

“ဘာတွေဖြစ်နေတာလဲ။”

“မသိဘူး။ ဘာလို့ တစ်ယောက်ယောက်ကို မေးမကြည့်တာလဲ။”

“သူတို့ကို ကြည့်လိုက်ဦး။ သူတို့က မင်းရဲ့မေးခွန်းကို ဖြေမယ်ထင်လို့လား။”

“ဒါဆို ငါတို့ မြို့ရိုးဘက်ကို တစ်ချက်လောက်သွားကြည့်သင့်လား။”

“ငါတို့ ကန်ချခံလိုက်ရမှာပေါ့ကွ။”

“သူတို့ ကြည့်ခွင့်မပြုရင် ငါတို့ပြန်လာမယ်လေ။ ဘာပဲပြောပြော ငါတို့မှာလည်း အလုပ်မှမရှိတာ။”

“မင်း ပြောတာမှန်တယ်။ သွားကြရအောင်။”

အသက်ရှင်ကျန်ရစ်သူအဖွဲ့များသည် အတူတကွ မြို့ရိုးဆီသို့ လျှောက်သွားခဲ့ကြသည်။

“ရပ်...တိုက်ပွဲအတွင်း မြို့တွင်းအစောင့်တပ်တွေမဟုတ်ရင် မြို့ရိုးပေါ်တက်ခွင့်မရှိဘူး။”

စစ်သားတစ်ယောက်က သူတို့ကို တားဆီးလိုက်သည်။

“ဘယ်လိုတိုက်ပွဲမျိုးဖြစ်နေတာလဲ။”

တစ်စုံတစ်ဦးက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“ပြောခွင့်မရှိဘူး။”

ထိုစစ်သားက အမူအရာကင်းမဲ့စွာ ပြန်ဖြေလိုက်သည်။

“သူတို့က လျှိုထားတာပဲ။”

သူတို့သည် မကျေမနပ်ဖြစ်သွားသော်လည်း အတင်းအကြပ်မလုပ်ရဲချေ။

ယီရန်ပင်း၏အဖွဲ့သည် အင်အားကြီးမားသော ရွှမ်းယွမ်မဟာမိတ်အဖွဲ့ကို တစ်ရက်တည်းဖြင့် ရှုံးနိမ့်စေခဲ့ခြင်းဖြစ်သည်။ သူတို့သည် ၎င်းတို့ကို မစော်ကားရဲကြပေ။

ရှောင်းယီသည် ထိုနေရာရှိ လူအုပ်ကြီးကို မြင်လိုက်ရကာ အနည်းငယ်တွေးတောပြီး ထိုနေရာသို့ လျှောက်သွားလိုက်သည်။

ထိုစစ်သားသည် ရှောင်းယီကို မြင်လိုက်ရသောအခါ ချက်ချင်း ဦးညွတ်လိုက်လေသည်။

“ကျွန်းပိုင်ရှင်။”

ထိုအသက်ရှင်ကျန်ရစ်သူများသည် ရှောင်းယီအား အံ့အားသင့်စွာ ကြည့်မိလိုက်ကြသည်။ နာမည်ကြီးယီရန်ပင်းသည် ဤမျှငယ်ရွယ်နေလိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ကြချေ။

“ခင်ဗျားတို့ ဒီတိုက်ပွဲကို ကြည့်ချင်တယ်ဆိုရင် မြို့ရိုးအနီးက ပွဲကြည့်မျှော်စင်ကနေ ကြည့်လို့ရပါတယ်။ ဒါပေမယ့် တစ်ခုတည်းသော လိုအပ်ချက်က ကျုပ်တို့တိုက်ပွဲကို ဝင်ရောက်မစွက်ဖက်ရဘူး။”

ရှောင်းယီက ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် သူဌေးကြီး၊ ကျုပ်တို့က ခင်ဗျားရဲ့ဂုဏ်သရေကို မျက်မြင်ကိုယ်တွေ့ကြည့်ချင်ရုံပါပဲ။ ကျုပ်တို့ ဒုက္ခပေးမှာမဟုတ်ပါဘူး။”

ထိုလူများက တစ်ယောက်ပြီးတစ်ယောက် တုံ့ပြန်ခဲ့ကြသည်။

ရှောင်းယီသည် သူတို့ကို ခေါင်းညိတ်ပြပြီး မြို့ရိုးဆီသို့ ပြန်လျှောက်သွားခဲ့သည်။

“ကျွန်းပိုင်ရှင် ကင်းထောက်တစ်ယောက်က အသက်စတေးခဲ့ရတယ်။ သမန်းဝံပုလွေတွေက ရူးသွပ်ပြီးနောက် သူတို့ရဲ့အရှိန်က အရမ်းမြန်လွန်းတယ်။”

ကျန်းယွင်ထျန်း၏မျက်နှာမှာ အနည်းငယ်မှောင်နေခဲ့သည်။

စစ်ပွဲအတွင်း သေဆုံးမှုများကို ရှောင်လွှဲ၍မရကြောင်း သူသိထားသော်လည်း သူ၏ကိုယ်ပိုင်စစ်သားများ စတေးခံရသည်ကို ကြားလိုက်ရသောအခါ သူ၏စိတ်များ လေးလံနေဆဲပင်။

ထိုအခါ ရှောင်းယီက သူ၏ရွှမ်းယွမ်ဓားကို ဆွဲထုတ်ပြီး ပြောလိုက်သည်။

“ဒါဆို နောက်ထပ်အသက်တွေ စတေးခံရမှာကို ရှောင်ရှားဖို့ ကြိုးစားကြတာပေါ့။”

ကျန်းယွင်ထျန်းက ခေါင်းညိတ်လိုက်သည်။

လပြည့်ည၏အလင်းရောင်သည် လင်းထိန်နေပြီး မြို့ရိုးရှေ့ရှိ မြေကွက်ကို ထွန်းညှိပေးနေခဲ့သည်။

ထိုစဉ် အဝေးရှိသစ်တောထဲမှ ရုတ်ရုတ်သဲသဲအသံများ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ဧရာမသမန်းဝံပုလွေကြီးတစ်ကောင် ထွက်ပေါ်လာပြီး သူ၏နောက်မှ သန်မာသော သမန်းဝံပုလွေများစွာ တစ်ကောင်ပြီးတစ်ကောင် ပေါ်ထွက်လာခဲ့သည်။

“အာဝူး....”

ဧရာမသမန်းဝံပုလွေကြီးသည် တိုက်စစ်ဆင်သံပမာ အူသံပေးလိုက်သည်။

ထို့နောက် သမန်းဝံပုလွေအုပ်ကြီးသည် ချက်ချင်းပင် မြို့ရိုးဆီသို့ ပြေးဝင်လာကြတော့လေသည်။

၎င်းတို့တွင် ဝံပုလွေအသွင်ရှိသော်လည်း စစ်မှန်သောဝံပုလွေများနှင့် အနည်းငယ်သော ကွဲပြားခြားနားမှုများကို ခွဲခြားသိမြင်နိုင်သေးသည်။ ဥပမာအားဖြင့် ‌၎င်းတို့၏ခြေထောက်များဖြစ်သည်။ ဝံပုလွေအဖြစ်အသွင်းပြောင်းပြီးနောက် စစ်မှန်သောဝံပုလွေခြေထောက်များသည် သမန်းဝံပုလွေများ၏ခြေထောက်များကဲ့သို့ ထူထဲလာမည်မဟုတ်ချေ။

သူတို့၏ခြေသည်းများမှာမူ ပို၍ပင်ကွဲပြားသေးသည်။ သမန်းဝံပုလွေတစ်ကောင် ဝံပုလွေအဖြစ် အသွင်ပြောင်းပြီးနောက် ၎င်းတို့၏ခြေသည်းများသည် လူသားလက်များ၏ပုံစံကို ရေးတေးတေးထိန်းသိမ်းထားပြီး ၎င်း၏ရှေ့ခြေနှင့် နောက်ခြေများတွင် ခြေချောင်းငါးချောင်းစီ ပါရှိသည်။ စစ်မှန်သောဝံပုလွေများတွင်မူ ရှေ့ခြေသည်းငါးချောင်းနှင့် နောက်ခြေသည်းလေးချောင်းသာရှိပေသည်။

သမန်းဝံပုလွေများသည် ကြောက်ရွံ့မှုကင်းမဲ့စွာ ထိုးစစ်ဆင်လာသည်ကို ကြည့်ရှုရင်း ကျန်းယွင်ထျန်းသည်လည်း အမိန့်ပေးလိုက်၏။

“အမြောက်တွေ သမန်းဝံပုလွေအုပ်ရှေ့ ၁၀ မီတာအကွာ နေရာလွတ်ကို ဖုံးပစ်ရမယ်။ အမြောက်တွေ ပစ်.....။”

ဝုန်း ဝုန်း ဝုန်း

အမြောက်သံများ ချက်ချင်းပင် ဟိန်းထွက်လာခဲ့သည်။ နေ့ခင်းဘက်တွင် သမန်းဝံပုလွေများကို ကြောက်ရွံ့စေနိုင်သော အမြောက်များ၏အသံသည် ယခုအခါတွင် ထိရောက်မှုမရှိတော့ချေ။

သမန်းဝံပုလွေများသည် မြို့ရိုးဆီသို့ ဆက်လက်၍အလျင်အမြန်ပြေးလာနေဆဲပင်။

သို့သော် အမြောက်ဆံများ ဆိုက်ရောက်ပြီးနောက် ဖြစ်ပေါ်လာသော ပေါက်ကွဲမှုများသည် ၎င်းတို့၏တပ်ဖွဲ့ကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်သည်။

ပေါက်ကွဲမှု၏အလယ်ဗဟိုရှိ သမန်းဝံပုလွေများသည် တိုက်ရိုက်ပင် အပိုင်းပိုင်း ဖြတ်တောက်ခံလိုက်ရကာ နေရာတင်ပင် သေဆုံးသွားစေခဲ့သည်။ ပေါက်ကွဲမှုအချင်းဝက်အတွင်းရှိ သမန်းဝံပုလွေများသည် ပျံသန်းလာသော အမြောက်ဆံအစအနများကြောင့် ဒဏ်ရာများဖြင့် ဖုံးလွှမ်းသွားပြီး သွေးများအလွန်အကျွံ စီးကျနေခဲ့သည်။

သို့သော် ရှောင်းယီသည် ပြင်းထန်စွာဒဏ်ရာရသွားသော သမန်းဝံပုလွေများသည် ၎င်းတို့၏ဒဏ်ရာများကြောင့် နာကျင်မှုအား ခံစားရပုံမပေါ်သည်ကို သတိပြုမိသွားခဲ့သည်။ မြေပြင်ပေါ်တွင် အကြိမ်ကြိမ်ပေါက်ကွဲပြီး လူးလိမ့်နေရသော်လည်း ၎င်းတို့သည် ပြန်ထရပ်ကာ မြို့ရိုးဆီသို့ ဆက်တိုက်ပြေးလာနေကြဆဲပင်။

ကျန်းယွင်ထျန်းသည် အမြောက်များဖြင့် တစ်ကြိမ်သာ ပစ်ခတ်နိုင်ကြောင်းတွေ့ရှိလိုက်ရသောအခါ တုန်လှုပ်သွားခဲ့သည်။ သမန်းဝံပုလွေများသည် ရိုးရှင်းစွာပင် လွန်စွာမြန်ဆန်လွန်းလှသည်။

“လူတိုင်း မြို့ရိုးပေါ်တက်ကြ။”

သမန်းဝံပုလွေများသည် မြို့ရိုးမှ မီတာ ၁၀၀ အကွာသို့ ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ ကျန်းယွင်ထျန်းက ညွှန်ကြားလိုက်သည်။

အမြောက်ပစ်ခတ်သူများသည် ၎င်းတို့၏ခါးတွင် ကြိုးများချည်နှောင်ထားပြီးဖြစ်ကာ ကျန်းယွင်ထျန်း၏အမိန့်ဖြင့် မြို့ရိုးပေါ်ရှိ စစ်သားများသည် ၎င်းတို့အားလုံးကို ချက်ချင်းပင် ဆွဲတင်လိုက်ကြသည်။

“ဒုံးကျည်တွေ၊ လက်နက်အေးတွေ၊ တိုက်ခိုက်မှုအကြိမ်ရေကို ထိန်းသိမ်းထား။ သေနတ်အဖွဲ့ ဖရိုဖရဲဖြစ်နေတဲ့ဟာတွေကို ဖြေရှင်းလိုက်။”

ကျန်းယွင်ထျန်းက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့”

သူထိုသို့ပြောနေစဉ်အတွင်း သမန်းဝံပုလွေများသည် ၎င်းတို့ကြိုတင်တူးဖော်ထားသော ထောင်ချောက်များပေါ်သို့ ခြေချလိုက်ပြီးဖြစ်သည်။

ပထမဆုံး သမန်းဝံပုလွေသည် ထောင်ချောက်ထဲသို့ ပြုတ်ကျသွားပြီး အတွင်းရှိ ဆူးချွန်များဖြင့် ထိုးသတ်ခြင်းခံလိုက်ရသည်ကို မြင်လိုက်ရသော်လည်း အခြားသမန်းဝံပုလွေများသည် ခဏတာမျှပင် ရပ်တန့်မသွားခဲ့ချေ။ သူတို့သည် ထုတ်ဖော်ခံလိုက်ရပြီဖြစ်သော ထောင်ချောက်ကို ရိုးရှင်းစွာပင် ပတ်သွားပြီး မြို့ရိုးဆီသို့ အားပြင်းစွာ ပြေးဝင်လာနေဆဲဖြစ်သည်။

အခန်း ၆၃၂: မရိုက်နိုင်ရင် ဆုတ်ခွာမယ်၊ သမန်းဝံပုလွေများ မိမိကိုယ်ကို ဖောက်ခွဲခြင်း

သမန်းဝံပုလွေများသည် ၎င်းတို့၏အသက်ဖြင့် စမ်းသပ်ခံလိုက်ရပြီးနောက် ၎င်းတို့သည် ကျန်းယွင်ထျန်းနှင့် အခြားသူများ တူးထားသော ထောင်ချောက်ဧရိယာကို ဖြတ်ကျော်ခဲ့ကြသည်။

သို့သော် ထိုစဉ် မရေမတွက်နိုင်သော ဝါးမြားများသည် မြို့ရိုးပေါ်မှ ပျံသန်းထွက်လာနှင့်ပြီးဖြစ်သည်။

ဖောက် ဖောက်

မြို့ရိုးပေါ်ရှိ လူများသည် လုံးဝပစ်မှတ်ထားနေရန် မလိုအပ်ချေ။ ၎င်းတို့သည် ကျန်းယွင်ထျန်း၏ ညွှန်ကြားချက်များအတိုင်း ရှေ့ရှိနေရာလွတ်ထဲသို့ ပစ်ခတ်ရန်သာ လိုအပ်သည်။

ဟုတ်ပါသည်။ ထိုအစောင့်တပ်သားများသည် မည်သည့်ဝံပုလွေကိုမျှ ပစ်မှတ်ထားရန် မဖြစ်နိုင်ချေ။

မြို့ရိုးပေါ်ရှိ လေးသမားများကို လှိုင်းသုံးလှိုင်းခွဲထားပြီး အဆက်မပြတ်မြားမိုးရွာသွန်းမှုကို လုံးဝအောင်မြင်စေခဲ့သည်။ ဘေးတစ်ဖက်ရှိ မြားလှည်းများနှင့်အတူ ထိုသမန်းဝံပုလွေများသည် ဤမြားမိုးရွာသွန်းမှုကို အမှန်တကယ်ပင် မထိုးဖောက်နိုင်ခဲ့ချေ။

မနက်တုန်းက ရှောင်းယီဘက်တွင် ဒုတိယနေ့တွင်မှ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သောကြောင့် ၎င်းတို့သည် မြားများ အမြောက်အမြားကို သယ်ဆောင်လာခဲ့ခြင်းမရှိချေ။

ထို့ကြောင့် မြားမိုးရွာသွန်းမှု လှိုင်းအနည်းငယ်ပြီးနောက် ဝါးမြားများ၏ လက်ကျန်ပမာဏမှာ ကုန်ဆုံးသွားခဲ့ပြီး သမန်းဝံပုလွေများနှင့် အနီးကပ်သာ တိုက်ခိုက်နိုင်ခဲ့သည်။

ယခုအခါတွင်မူ လုံးဝကွဲပြားခြားနားသွားပြီဖြစ်သည်။ မြို့ထဲတွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိနေပြီး ကျွန်းမှ အမျိုးမျိုးသော ခဲယမ်းမီးကျောက်များကို အဆက်မပြတ် လဲလှယ်နိုင်ပြီဖြစ်သည်။

ဝါးမြားများ၏ လက်ကျန်ပမာဏသည် အကန့်အသတ်မရှိသော်လည်း ကျွန်းပေါ်ရှိ သံသည် သံချပ်ကာသင်္ဘောများ ထုတ်လုပ်မှုကြောင့် အတန်ငယ်ရှားပါးနေခဲ့သည်။ သို့သော်လည်း ၎င်းတို့သည် မနက်ခင်းက သယ်ဆောင်လာခဲ့သည်ထက် များစွာပိုများနေဆဲဖြစ်သည်။

သူတို့ရှေ့တွင်ရှိသော ဤသမန်းဝံပုလွေထောင်ဂဏန်းအနည်းငယ်သည် ထိုဝါးမြားများကို အမှန်တကယ်ပင် ကုန်ခန်းအောင်မလုပ်နိုင်ချေ။

မျှော်စင်တွင် ရှိနေသော အခြားမဟာမိတ်အဖွဲ့များ၏ အသက်ရှင်ကျန်ရစ်သူများမှာမူ တုန်လှုပ်သွားခဲ့ကြသည်။ ထိုတုန်လှုပ်မှုမှာ မြားမိုးရွာသွန်းမှုကြောင့်မဟုတ်ဘဲ အမြောက်များကြောင့်ဖြစ်သည်။

မြားလှည်းပုံစံများနှင့် ဖမ်းမိထားသော ဒေသခံများ လုံလောက်ပါက မည်သည့်မဟာမိတ်အဖွဲ့မဆို မြားမိုးရွာသွန်းမှုကို အောင်မြင်အောင် လုပ်ဆောင်နိုင်ပေသည်။

သို့သော် ယီရန်ပင်း၏အမြောက်များသည် ၎င်းတို့မြင်ဖူးသည့် အမြောက်များနှင့် လုံးဝကွဲပြားပေသည်။

“သူဌေးကြီးရဲ့ အမြောက်တွေက ငါတို့သိမ်းပိုက်ထားတဲ့ အမြောက်တွေထက် ပိုပြီးရှုပ်ထွေးပုံရတယ်။”

“အမှန်ပဲ။ အမြောက်ဆံတွေကလည်း အများကြီးအဆင့်မြင့်တယ်။ ငါတို့သိမ်းပိုက်ထားတဲ့ အမြောက်တွေက သံတုံးတွေကိုပဲ ပစ်နိုင်တာ။ အဲ့ဒါတွေက ဘယ်လိုလုပ်ပြီး ပေါက်ကွဲနိုင်မှာလဲ။”

“ယီရန်ပင်းမဟာမိတ်အဖွဲ့က ရွှမ်းယွမ်မဟာမိတ်အဖွဲ့ကို တစ်ရက်တည်းနဲ့ ဖြေရှင်းနိုင်တာ အံ့သြစရာမရှိတော့ဘူး။ ဒီလိုအမြောက်ဆံမျိုးသာရှိရင် ကျုပ်လည်း ရွှမ်းယွမ်မဟာမိတ်အဖွဲ့ကို တစ်ရက်တည်းနဲ့ ဖြေရှင်းနိုင်တယ်။”

“ဟမ့် မင်းတွေးတာ အရမ်းများလွန်းနေပြီ။ မင်းမှာ ဒီလိုဟာမျိုးရှိတယ်ဆိုရင်တောင် မင်းမကိုင်တွယ်နိုင်ဘူး။”

“ဘာလို့လဲ”

“ပထမဆုံးအချက် အမြောက်ဆံတွေက အကန့်အသတ်ရှိတယ်။ ကျွန်းပေါ်က မြေတစ်လက်မစီတိုင်းကို တကယ်ထိအောင်မပစ်နိုင်ဘူး။ ဒုတိယအချက် ကျွန်းဧရိယာက ပိုကြီးလာလေ သင်္ဘောပေါ်က အမြောက်ရဲ့အခန်းကဏ္ဍက အရမ်းသေးသွားလေပဲ။ ကမ်းခြေနားကို ပို့ပြီးမှ အသုံးပြုလို့ရလိမ့်မယ်။ နောက်ဆုံးအနေနဲ့ အခု ဘယ်ကျွန်းမှာ မြေအောက်ခိုလှုံရေးနေရာတွေ မရှိလို့လဲ။”

“မှန်တယ် ယီရန်ပင်းရဲ့ အမြောက်ဆံတွေက တကယ့်ကို လူသတ်စက်ကြီးပဲ။ ဒါပေမယ့် ဒါတစ်ခုတည်းကိုပဲ အားကိုးမယ်ဆိုရင်တော့ မလုံလောက်သေးဘူး။ ကျွန်းကိုသွားပြီး သိမ်းပိုက်ဖို့အတွက် လူတွေလိုသေးတယ်။ အဆင့်မြင့်တိုက်ပွဲဝင်စွမ်းအားမရှိရင် မဖြစ်နိုင်ဘူး။ ယီရန်ပင်းရဲ့အဆိုအရ အဲ့ဒီမြေးလေးရွှမ်းယွမ်က ရှေးဟောင်းသိုင်းပညာမိသားစုရဲ့ အကူအညီကိုလည်း တောင်းခဲ့သေးတယ်။ အနည်းဆုံးတော့ သူတို့က S အဆင့် ဆရာကြီးတွေလို့ ယူဆရမယ်။ ဒါပေမယ့်လည်း သူတို့ တစ်ရက်တောင် မခုခံနိုင်ခဲ့ဘူး။ ဒါက ယီရန်ပင်းမဟာမိတ်အဖွဲ့က အရမ်းအင်အားကြီးတယ်ဆိုတာကို ပြသနေတာပဲ။”

ပတ်ဝန်းကျင်ရှိ လူများသည်လည်း ခေါင်းညိတ်လိုက်ကြသည်။

၎င်းတို့သည် စိတ်ထဲတွင် မတတ်သာဘဲ တွေးမိလိုက်ကြသည်။

“အစက မြေအောက်ခုံလှုံရေးစခန်းတွေက သဘာဝဘေးအန္တရာယ်တွေကို ခုခံဖို့ပဲဆိုပေမယ့် ဒီလိုအပိုလုပ်ဆောင်ချက်မျိုး ရှိလာလိမ့်မယ်လို့ မျှော်လင့်မထားခဲ့မိဘူး။”

သမန်းဝံပုလွေတပ်ဖွဲ့၏ နောက်ဘက်တွင် အလွန်ကြီးမားသည့် ဧရာမသမန်းဝံပုလွေကြီးသည် ၎င်း၏သွေးဆာနေသည့်မျက်လုံးများအတွင်း၌ ကြည်လင်ပြတ်သားမှုတစ်ခုကို ထိန်းသိမ်းထားဆဲဖြစ်သည်။

ထိုကြည်လင်ပြတ်သားမှုသည် သူ၏မျက်လုံးများအား အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားစေခဲ့သည်။

မြို့ရိုးပေါ်ရှိ မြားမိုးရွာသွန်းမှုသည် လုံးဝမရပ်တန့်ဘဲ ဆက်လက်ရွာသွန်းနေဆဲပင်။

“အာဝူး....”

ထိုသမန်းဝံပုလွေသည် ထပ်မံအူသံပေးလိုက်ပြီး ခေါင်းကိုတစ်ဖက်လှည့်ကာ သစ်တောထဲသို့ ထွက်ပြေးသွားတော့လေသည်။

အသက်နှင့်ရင်း၍ ချူဖုန်းမြို့ဆီသို့ ထိုးစစ်ဆင်နေကြသော သမန်းဝံပုလွေများသည်လည်း ချက်ချင်းပင် နောက်လှည့်ကာ အဝေးသို့ ထွက်ပြေးကြတော့သည်။

“တိုက်ခိုက်မှုကို ရပ်လိုက်တော့။”

ရှောင်းယီက အော်ပြောလိုက်ပြီး သူ၏ရွှမ်းယွမ်ဓားကို ဆွဲထုတ်ကာ မြို့ရိုးပေါ်မှ တိုက်ရိုက်ခုန်ချလိုက်သည်။

မြို့ရိုးပေါ်ရှိ စစ်သားများသည် ချက်ချင်းပင် ပစ်ခတ်မှုကို ရပ်တန့်လိုက်ပြီး တစ်ပြိုင်နက်တည်း သူတို့၏လက်မောင်းများကို ထုထောင်းလိုက်ကြလေသည်။

စောစောက မိနစ်အနည်းငယ်သာ ပစ်ခတ်ခဲ့သော်လည်း အကြိမ်ရေမှာ အလွန်များလွန်းပြီး ရပ်တန့်လိုက်သောအခါ သူတို့၏လက်မောင်းများ အနည်းငယ်နာကျင်နေခဲ့သည်။

ကျန်းယွင်ထျန်းသည် ၎င်းတို့၏တုံ့ပြန်မှုကို ကြည့်ရှုလိုက်ပြီး စိတ်ထဲတွင် တွေးလိုက်မိသည်။

‘နောက်ပိုင်းမှာ လက်အရှိန်ကို ပိုပြီးလေ့ကျင့်ပေးဖို့ လိုအပ်သေးပုံပဲ။’

“အမြောက်တပ်သားတွေ နေရာယူကြ။ သမန်းဝံပုလွေတွေ ထွက်ပြေးနေတဲ့ဘက်ကို မီတာတစ်ဆယ်ထပ်တိုးပြီး အမြောက်တွေနဲ့ လွှမ်းခြုံပြီးပစ်...။”

ကျန်းယွင်ထျန်းသည် ထိုသို့အမိန့်ပေးလိုက်ပြီး မြို့ရိုးအောက်သို့ခုန်ချကာ ရှောင်းယီနောက်သို့ ပြေးလိုက်သွားခဲ့သည်။

ဝုန်း ဝုန်း

အမြောက်သံများ ထပ်မံဟိန်းထွက်လာခဲ့သည်။

အမြောက်ဆံများသည် သမန်းဝံပုလွေများ ထွက်ပြေးသွားသော ဦးတည်ချက်သို့ ချက်ချင်းကျဆင်းသွားပြီး ပြင်းထန်သော ပေါက်ကွဲမှုများသည် မြေပြင်ထက်တွင် ကြီးမားသည့်တွင်းပေါက်ကြီးများကို ဖြစ်ပေါ်စေခဲ့သည်။

အသက်လုပြေးနေသော သမန်းဝံပုလွေများသည် ချက်ချင်းပင် ရပ်တန့်သွားပြီး လူစုခွဲကာ ဘေးတစ်ဖက်သို့ ပြေးသွားကြတော့သည်။

ရှောင်းယီက ပြေးနေရင်း ပြောလိုက်သည်။

“အရှင်တစ်ကောင်လောက် ဖမ်းမိရင် အကောင်းဆုံးပဲ။”

“ဟုတ်ကဲ့။”

ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်သည်။

အရှင်တစ်ကောင်ကို ဖမ်းမိပါက သမန်းဝံပုလွေများအကြောင်း သတင်းအချက်အလက်အချို့ကို ရရှိရန် အခွင့်အရေးရှိမည်ဖြစ်သည်။

သူတို့နှစ်ဦးသည် ထွက်ပြေးနေသော သမန်းဝံပုလွေများထံသို့ အလျင်အမြန် ချဉ်းကပ်သွားပြီး အနောက်ဘက်ရှိ အမြောက်ပစ်ခတ်မှုများလည်း ရပ်တန့်သွားခဲ့သည်။

ထိုသမန်းဝံပုလွေများသည် လူနှစ်ယောက်သာ နောက်မှလိုက်လာသည်ကို မြင်လိုက်ရသောအခါ ၎င်းတို့ထဲမှငါးကောင်သည် ချက်ချင်းပင် ရပ်တန့်သွားပြီး ၎င်းတို့၏နီရဲ‌နေသောမျက်လုံးများဖြင့် ရှောင်းယီနှင့် ကျန်းယွင်ထျန်းအား စူးစိုက်ကာ ကြည့်လိုက်သည်။

“ကံကောင်းတာပဲ။ ဒီငါးကောင်ထဲမှာ အမြင့်ဆုံးအဆင့်က A အဆင့်ပဲရှိတယ်။ ကျန်လေးကောင်က B အဆင့်ပဲ။”

ရှောင်းယီက ပြောလိုက်သည်။

“မင်းရဲ့ဒဏ်ရာက မပျောက်သေးဘူး။ ငါ့ကို ကာပဲကာထားပေး။”

ထိုသို့ပြောရင်းဖြင့် ရှောင်းယီသည် ရှေ့သို့ပြေးဝင်သွားခဲ့ပြီး ကျန်းယွင်ထျန်းသည်လည်း အစွမ်းပြရန် မကြိုးစားခဲ့ချေ။ သူ၏ဒဏ်ရာများမှာ လုံးဝမပျောက်ကင်းသေးပေ။ အသွင်ပြောင်းလဲပြီးနောက် A အဆင့် သမန်းဝံပုလွေ၏အရှိန်သည် လပြည့်ည၏အပိုဆုနှင့်အတူ ဤအချိန်တွင် ကျန်းယွင်ထျန်းအား အနည်းငယ် ကျော်လွန်သွားခဲ့သည်။

သမန်းဝံပုလွေငါးကောင်သည် ရှောင်းယီအား အတူတကွတိုက်ခိုက်လိုက်ကြသော်လည်း ရှောင်းယီနှင့် နီးကပ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ရွှမ်းယွမ်ဓား၏စွမ်းအားကြောင့် တုန်လှုပ်သွားကြပြီး ၎င်းတို့၏အရှိန်သည်လည်း အနည်းငယ်နှေးကွေးသွားခဲ့သည်။

အဆင့်အရ ရှောင်းယီသည် ၎င်းတို့ထက် အဆင့်ပိုမြင့်ပြီးသားဖြစ်ပြီး ပို၍သိသာထင်ရှားသော အားသာချက်များရှိသည်။ ထို့နောက် သူသည် ရွှမ်းယွမ်ဓား၏ဓားပြားကို အသုံးပြု၍ ၎င်းတို့အား တိုက်ရိုက်ရိုက်နှက်လိုက်တော့လေသည်။

သူသည် ၎င်းတို့အနက်မှ အနည်းငယ်ကို သတိလစ်သွားစေရန် မျှော်လင့်ထားခဲ့ပြီး ၎င်းတို့ကို ပြန်လည်ခေါ်ဆောင်သွားမည်ဖြစ်သည်။

ဘမ်း ဘမ်း ဘမ်း ဘမ်း ဘမ်း

ဝံပုလွေငါးကောင်သည် ချက်ချင်းပင် ရိုက်နှက်ခံလိုက်ရသော်လည်း ၎င်းတို့သည် မြေပြင်ပေါ်တွင် လှိမ့်သွားပြီး ၎င်းတို့၏မူးဝေသွားသောခေါင်းများကို ခါယမ်းကာ ပြန်ထရပ်လာခဲ့ကြသည်။

“ဒီလောက်တောင် အရိုက်ခံနိုင်တယ်လား။”

ရှောင်းယီ အနည်းငယ်အံ့အားသင့်သွားခဲ့သည်။ သူသည် သူ၏ခွန်အား အားလုံးကို အသုံးမပြုခဲ့သော်လည်း သူ၏တိုက်ခိုက်မှုသည် A အဆင့်အောက် ပစ်မှတ်များကို သတိလစ်သွားစေရန် လုံလောက်ပေသည်။

ဤအချိန်တွင် သမန်းဝံပုလွေခေါင်းဆောင်သည်လည်း ဤနေရာရှိ တိုက်ပွဲကို သတိပြုမိသွားခဲ့သည်။ သူ၏အာရုံခံစားမှုသည် ပိုမိုထက်မြက်ပြီး ရှောင်းယီကို ကြည့်နေသော သူ၏မျက်လုံးများထဲတွင် ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေခဲ့သည်။ သူသည် သမန်းဝံပုလွေငါးကောင်အား ဟစ်အော်လိုက်လေသည်။

ရှောင်းယီသည် ၎င်း၏အဓိပ္ပာယ်ကို နားလည်သွားခဲ့သည်။

“သူ့ကို အနိုင်မတိုက်နိုင်ရင် A အဆင့် မင်းပြန်ဆုတ်လာခဲ့။ B အဆင့်တစ်ကောင် မင်းအရင်ဆုံး ဖောက်ခွဲပစ်လိုက်။”

ထိုစကားများကို ကြားလိုက်ရသည်နှင့် ရှောင်းယီသည် ချက်ချင်းပင် B အဆင့် ဝံပုလွေတစ်ကောင်အနီးသို့ ရောက်တော့မည့် ကျန်းယွင်ထျန်းဆီသို့ ပြေးသွားပြီး ဘေးသို့တွန်းထုတ်လိုက်လေသည်။

ဘမ်း

ကျန်းယွင်ထျန်းသည် သူတွန်းထုတ်ခံလိုက်ရသည်ကိုသာ သိလိုက်ပြီး ထိတ်လန့်တုန်လှုပ်ဖွယ်လှိုင်းတစ်ခု ရောက်ရှိလာခဲ့သည်ကို ခံစားလိုက်ရသည်။ သူသည် ဒဏ်ရာမရခဲ့သော်လည်း သူ၏မျက်နှာပေါ်တွင် သွေးများဖြင့် ပက်ဖျန်းခံလိုက်ရသည်။

ရှောင်းယီသည်လည်း ကျန်းယွန်ထျန်းကို တွန်းထုတ်ပြီးနောက် ရိုက်ခတ်လာသည့်လှိုင်းကြောင့် လွှင့်ပစ်ခံလိုက်ရပြီး မြေပြင်ပေါ်တွင် နှစ်ကြိမ်တိုင်တိုင် လူးလိမ့်သွားခဲ့ရသည်။

ဤကဲ့သို့ပေါက်ကွဲမှုမျိုး၏ပြင်းထန်မှုသည် ကြိုတင်ပြင်ဆင်ထားခဲ့သော ရှောင်းယီအား မထိခိုက်စေနိုင်ပေ။ အကယ်၍ သူ့တွင် တယ်လီပသီစွမ်းရည်ရှိပြီး ဝံပုလွေခေါင်းဆောင်၏စကားကို နားလည်နိုင်ခြင်းမရှိပါက သူသည် မိမိကိုယ်ကိုဖောက်ခွဲမှုကြောင့် ဒဏ်ရာရသွားနိုင်ပေသည်။

ရှောင်းယီသည် သူ၏ခန္ဓာကိုယ်ပေါ်ရှိ အသားစများကို ခါချလိုက်၏။

“ဒါက ဘာလဲ။ သမန်းဝံပုလွေတွေက တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲနိုင်တယ်လား။ ဒါက Werewolf Killing လား။”

ကျန်းယွင်ထျန်းသည် ရှောင်းယီနားသို့ အလျင်အမြန်လျှောက်လာပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

“ကျွန်းပိုင်ရှင် မင်း အဆင်ပြေရဲ့လား။”

“ငါ အဆင်ပြေတယ်။”

ရှောင်းယီက လက်ခါပြလိုက်သည်။

ရှောင်းယီ အမှန်တကယ် အဆင်ပြေနေသည်ကို မြင်လိုက်ရသောအခါ ကျန်းယွင်ထျန်းသည် မြေပြင်ပေါ်ရှိ အသားအစအနများကို သံသယဖြင့်ကြည့်ကာ မေးလိုက်သည်။

“သူတို့က ဖောက်ခွဲရေးပစ္စည်းတွေသယ်လာတာလား။”

ရှောင်းယီက ခေါင်းခါပြလိုက်သည်။

ထိုသို့မိမိကိုယ်ကိုဖျက်ဆီးပြီးနောက် ၎င်းသည် ရှောင်းယီနှင့် ကျန်းယွင်ထျန်း၏လိုက်လံဖမ်းဆီးမှုကို ဟန့်တားနိုင်ခဲ့ပြီး ထိုသမန်းဝံပုလွေများသည် သစ်တောထဲသို့ဝင်ရောက်ပြီး အလျင်အမြန် ပျောက်ကွယ်သွားခဲ့တော့လေသည်။

All Chapters