အခန်း (၆၃၃-၆၃၄)
Vol. 47 Ch. 633-634
အခန်း ၆၃၃ - တိုက်ပွဲသတင်း ပျံ့နှံ့သွားခြင်း၊ လူတိုင်း တုန်လှုပ်အံ့အားသင့်ကြခြင်း
ကျန်းယွင်ထျန်းသည် အကူအညီမဲ့စွာ ခေါင်းခါလိုက်မိသည်။
“သူတို့ရဲ့ ကိုယ့်ကိုယ်ကိုဖောက်ခွဲနိုင်တဲ့ စွမ်းရည်နဲ့ဆိုရင် ကျန်တဲ့သမန်းဝံပုလွေတွေကို တကယ်ပဲ မထိန်းထားနိုင်တော့ဘူး။”
ရှောင်းယီသည်လည်း အနည်းငယ် ခေါင်းညိတ်လိုက်သည်။
“လိုက်စရာမလိုတော့ဘူး။ B အဆင့်သမန်းဝံပုလွေတစ်ကောင်ရဲ့ ကိုယ့်ကိုယ်ကိုဖောက်ခွဲမှုကတောင် ငါ့ကိုတားဆီးနိုင်ခဲ့တယ်။ အကယ်၍ အကောင်ရေအနည်းငယ်သာ တစ်ပြိုင်နက်တည်းဖောက်ခွဲလိုက်တာ ဒါမှမဟုတ် ပိုပြီးအဆင့်မြင့်တဲ့ကောင်က ကိုယ့်ကိုယ်ကိုဖောက်ခွဲခဲ့ရင် ငါတို့မှာ အခွင့်အရေးလုံးဝမရှိဘူး။ မေ့လိုက်တော့။ သူတို့ ခဏလောက်တော့ ငြိမ်သွားလိမ့်မယ်။ ဒါပေမယ့် အစောင့်တွေကိုတော့ နေရာချထားဦး။ သတိမလျော့စေနဲ့။”
“ဟုတ်ကဲ့ ကျွန်းပိုင်ရှင်။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်ပြီး ရှောင်းယီ၏အမိန့်အတိုင်း လိုက်နာဆောင်ရွက်ခဲ့သည်။
ရှောင်းယီနှင့် သမန်းဝံပုလွေများအကြား တိုက်ပွဲသည် နာရီဝက်ခန့်သာ ကြာမြင့်ခဲ့သော်လည်း ထိုမြင်ကွင်းသည် အနောက်ဘက်ရှိ ကြည့်ရှုသူတိုင်းကို အံ့အားသင့်တုန်လှုပ်စေခဲ့သည်။
“သမန်းဝံပုလွေက ဘာဖြစ်လို့ ရုတ်တရက်ကြီး ပေါက်ကွဲသွားတာလဲ။ ယီရန်ပင်းသူဌေးရဲ့ အမြောက်ဆံထက် နည်းနည်းပဲအားပျော့တယ်။”
“ဟုတ်တယ်။ ကြောက်စရာကောင်းလိုက်တာ။ သူဌေးက အချိန်မီသတိထားမိခဲ့တာ ကံကောင်းတယ်။ မဟုတ်ရင် သူကိုလည်း ပေါက်ကွဲထွက်သွားစေလိမ့်မယ်။”
“သူဌေးက ဘယ်လိုသတိထားမိသွားတာလဲ။ ဘာသတိပေးချက်မှ မရှိခဲ့ဘူးလေ။”
“ဟုတ်တယ်။ အဲ့ကောင်က ချက်ချင်းပေါက်ကွဲသွားတာ။ တစ်ခုတည်းသော နိမိတ်လက္ခဏာက အူသံပဲဖြစ်ရမယ်။”
“အူသံလား။ အဲ့ဒါက သမန်းဝံပုလွေဘာသာစကားလေ။ သူဌေးက သမန်းဝံပုလွေစကားကို နားလည်တယ်လို့တော့ လာမပြောနဲ့။”
“မဟုတ်ပါဘူး။ သူက တစ်ခုခုထူးဆန်းနေတာကို ခံစားမိလောက်တဲ့အထိ နီးကပ်နေလို့ပဲဖြစ်ရမယ်။ ဥပမာ စွမ်းအားတွေ ရုတ်ချည်းတိုးလာတာမျိုးပေါ့။”
ရှောင်းယီသာ ၎င်းတို့၏စကားကို ကြားခဲ့ပါက ပြောစရာစကားမရှိဖြစ်သွားခဲ့မည်ဖြစ်သည်။
သူသည် ဘာမျှမခံစားခဲ့ရချေ။ သူသည် သမန်းဝံပုလွေခေါင်းဆောင်၏အမိန့်ကို ကြားလိုက်ရပြီး အနီးဆုံးရှိ ကျန်းယွင်ထျန်းအား မသိစိတ်ဖြင့် တွန်းထုတ်လိုက်ခြင်းသာဖြစ်သည်။
သမန်းဝံပုလွေ၏ မိမိကိုယ်ကိုဖောက်ခွဲမှုသည် တဒင်္ဂအတွင်း ဖြစ်ပွားသွားခဲ့ခြင်းဖြစ်သည်။ ခေါင်းဆောင်၏အမိန့်ကိုသာ မကြားခဲ့ရပါက ရှောင်းယီသည် သူ့ကိုယ်သူသာ ကယ်တင်နိုင်မည်ဖြစ်ပြီး ကျန်းယွင်ထျန်းကို ဂရုစိုက်ရန် အချိန်ရှိခဲ့မည်မဟုတ်ပေ။
တိုက်ပွဲပြီးဆုံးပြီး နာရီဝက်အကြာတွင် ချူဖုန်းမြို့၏စစ်ပွဲအတွင်း ပိတ်ဆို့မှုများကို ရုပ်သိမ်းလိုက်သည်။
ခရီးသွားလာမှု ကန့်သတ်ချက်များ မရှိတော့သောကြောင့် တိုက်ပွဲသတင်းသည် အလျင်အမြန်ပင် ပျံ့နှံ့သွားခဲ့တော့လေသည်။
ယီထျန်းဂရု၏ စကားဝိုင်းသည် နောက်ထပ်တစ်ကြိမ် အလျင်အမြန်ပေါက်ကွဲထွက်လာခဲ့ပြန်သည်။
“မင်းတို့ မမြင်ခဲ့ဘူး။ ယီရန်ပင်းသူဌေးမှာ တကယ်ပဲ ပေါက်ကွဲနိုင်တဲ့အမြောက်ဆံတွေရှိတယ်။ ငါတို့အရင်ကမ္ဘာက အမြောက်တွေလိုပဲ။”
“ဘာလဲ။ ပေါက်ကွဲနိုင်တဲ့အမြောက်ဆံတွေလား။ မဖြစ်နိုင်ဘူး။ ငါတို့က သံတုံးတွေနဲ့ ပစ်နေတုန်းပဲရှိသေးတယ်လေ။”
“သူပြောတာ မှန်တယ်။ ကျုပ်လည်း မြင်ခဲ့တယ်။ ကျုပ်တို့အများကြီး မြင်ခဲ့တယ်။ တစ်ချက်ပစ်လိုက်တာနဲ့ သမန်းဝံပုလွေခြေထောက်တွေဆိုတာ မိုးပေါ်မှာ ဝဲပျံနေရောပဲ။”
“တကယ်လား။ သူဌေး ကျေးဇူးပြုပြီး ကျုပ်တို့ကို နည်းနည်းလောက်ရောင်းပေးပါ။ ကျုပ်တို့ အမြင့်ဆုံးဈေးနဲ့ပေးပါ့မယ်။”
“ကျုပ်တို့လည်းလိုချင်တယ်။”
“+၁၀၀၈၆”
သို့သော် ရှောင်ယီသည် ယခုအချိန်တွင် သူ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ရှိမနေသောကြောင့် ထိုတောင်းဆိုမှုများကို လွတ်သွားခဲ့သည်။ သူမြင်ခဲ့လျှင်ပင် အမြောက်ဆံများကို ရောင်းချရန် အစီအစဉ်မရှိသေးချေ။
“ဖြည်းဖြည်းလုပ်ပါ လူတိုင်းပဲ။ သူဌေးက အလုပ်ရှုပ်နေတယ်။ သူက အခုလေးတင် တိုက်ပွဲဝင်ထားရတာ။ သူတို့ကို အနားယူခွင့်ပေးလိုက်ပါဦး။”
“မှန်တယ် ဒါပေမယ့် သူ့ရဲ့တပ်ဖွဲ့တွေက အရမ်းစည်းကမ်းရှိတယ်။ ငါတို့အရင်ကမြင်ဖူးတဲ့ စစ်ရေးပြပွဲက တပ်သားတွေလိုပဲ။ သူတို့ရဲ့လှုပ်ရှားမှုတိုင်းက ပြီးပြည့်စုံပြီး လိုက်လျောညီထွေဖြစ်နေတယ်။”
“ဟုတ်တယ်။ သူ ဘယ်လိုလေ့ကျင့်ပေးတာလဲဆိုတာကို ကျုပ်သေလောင်အောင်သိချင်နေတာ။”
“ဒါက မထူးဆန်းပါဘူး။ သူတို့ကို ကြိုးစားလေ့ကျင့်ပေးလိုက်ရင် ခင်ဗျားလည်း အတူတူပဲရလာလိမ့်မယ်။ အဲ့ဒီသမန်းဝံပုလွေတွေ ဘယ်လိုတိုက်ခိုက်တာလဲဆိုတာကိုပဲ ခင်ဗျားစူးစမ်းသင့်တယ်။”
“ဟုတ်တယ်။ သူတို့အသွင်ပြောင်းလဲပြီးတဲ့နောက်မှာ သူတို့က ရူးလောက်အောင်ကို မြန်လွန်းတယ်။ ကျုပ်အနေနဲ့ သေချာပေါက်လိုက်မမီနိုင်ဘူး။”
“ခင်ဗျားရဲ့အဆင့်က ဘယ်လောက်လဲဆိုတာ မေးလို့ရမလား။”
“ကျုပ်ရဲ့အဆင့်က သိပ်မမြင့်ပါဘူး။ B အဆင့်လေးပါ။”
“B အဆင့်လေးပဲဟုတ်လား။ ခင်ဗျားက ကျုပ်တို့ကို လှောင်နေတာလား။”
“B အဆင့်ကတောင် သူတို့ရဲ့အရှိန်ကို လိုက်မမီနိုင်ဘူးလား။ အဲ့ဒီသမန်းဝံပုလွေတွေအားလုံးက အဲဒီလောက်တောင် အဆင့်မြင့်တာလား။”
“သိပ်တော့မသေချာဘူး။ အသွင်ပြောင်းလဲပြီးတဲ့နောက် သူတို့ရဲ့အရှိန်က အများကြီးတိုးလာတယ်။ မနေ့ညက လပြည့်ညလည်းဖြစ်တယ်လေ။ ဒါက အပိုဆုတစ်ခုဖြစ်နိုင်တယ်။ အဲ့ဒါကြောင့် အဆင့်တူမုဆိုးတွေက သူတို့ကို လိုက်မမီနိုင်ဘူး။”
“ဟမ်။ လပြည့်ညက အပိုဆုလား။ အရင်ကမ္ဘာက ဒဏ္ဍာရီတွေလိုမျိုးလား။”
“ယီရန်ပင်းရဲ့စစ်သားတွေပြောနေတာကို ကျုပ်ရေးတေးတေးကြားခဲ့ရတာပါ။”
“အနောက်တိုင်းသမန်းဝံပုလွေဒဏ္ဍာရီနဲ့ အရမ်းဆင်တယ်။ ဒီဒဏ္ဍာရီတွေက အမှန်တကယ်ဖြစ်နိုင်လောက်မလား။”
“ဒီအဆင့်မှာ တစ်စုံတစ်ယောက်က နတ်ဘုရားတွေရှိတယ်လို့ပြောရင်တောင် ကျုပ်ယုံကြည်လိုက်မယ်။”
“ဟုတ်တယ်။ ဒါပေမယ့် တစ်ခုတော့ကွာတယ်။ ဒီမှာရှိတဲ့ သမန်းဝံပုလွေတွေက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲနိုင်တယ်။ အရင်ကမ္ဘာက ဇာတ်လမ်းတွေမှာ ဒါကိုမပြောထားခဲ့ဘူး။”
“ဒါပေမဲ့ သမန်းဝံပုလွေဂိမ်းထဲမှာတော့ သူတို့က ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်(self-destruct)လို့ ရတယ်။ အဲဒီလို သေပေးလိုက်တာနဲ့ လူတိုင်းကို စကားပြောခွင့် ပိတ်ပင်လိုက်ပြီး ချက်ချင်းပဲ ညအချိန်ကို ရောက်သွားစေတယ်လေ။”
“ရှီး... အခု ကျုပ်တို့က သမန်းဝံပုလွေဂိမ်းကိုတောင် ကိုးကားနေရပြီ။ ဒီကမ္ဘာကသတ္တဝါတွေကို အရင်ဒဏ္ဍာရီတွေနဲ့ မဆုံးဖြတ်နိုင်တဲ့ပုံပဲ။”
“ဒါဆို ကိုယ့်ကိုယ်ကိုဖောက်ခွဲမှုက ဘယ်လောက်အစွမ်းထက်လဲ။”
“အရမ်းပဲ...။ ယီရန်ပင်းသူဌေးကိုတောင် လိုက်လံဖမ်းဆီးမှုအလယ်မှာ ရပ်တန့်စေခဲ့တာ။ သူ့ရဲ့တုံ့ပြန်မှုအရဆိုရင် သူတောင် ဆက်မသွားရဲတော့တာဖြစ်နိုင်တယ်။”
“အဲ့ဒါက ကြောက်စရာကောင်းလို့လား။ အရင်က ခန့်မှန်းချက်တွေအရ သူဌေးကို အနည်းဆုံး S အဆင့် လို့ ယူဆထားတယ်။ S အဆင့်ကတောင် မလိုက်ဖမ်းနိုင်ဘူးလား။”
“အဲ့ဒီသမန်းဝံပုလွေတွေက တကယ်ကြမ်းလွန်းတယ်။ ယီရန်ပင်းမဟာမိတ်အဖွဲ့က သူတို့ကို ခုခံနိုင်လိုက်တာ ကံကောင်းတယ်။ ဒီလိုမဟုတ်ရင် နောက်ဆက်တွဲအကျိုးဆက်တွေကို စိတ်ကူးကြည့်လို့တောင်မရဘူး။”
“အဲ့ဒီတိုက်ပွဲကို ကြည့်ပြီးတော့ ကျုပ် ကိုယ့်ကိုယ်ကိုယ် ဆက်တိုက်သုံးသပ်မိနေတယ်။ အကယ်၍ ကျုပ်ရဲ့မဟာမိတ်သာ ဒီတိုက်ခိုက်မှုကို ကြုံရရင်... ရလဒ်က မဖြေရှင်းနိုင်ဘူး။ ဘယ်လိုမှ တားဆီးနိုင်မှာမဟုတ်ဘူး။”
“ယီရန်ပင်းမဟာမိတ်အဖွဲ့ရဲ့ ကာကွယ်ပေးမှုအတွက် အသက်ထက်မက ကျေးဇူးတင်ပါတယ်။”
စကားပြောခန်းကို ဖတ်ကြည့်ပြီးနောက် ရှောင်းယီထံမှ တည်နေရာကူပြောင်းမှတ်အသုံးပြုခွင့်ကို မဝယ်ရသေးသူအချို့သည် ရှေ့ထွက်ကာ ဝယ်ယူခဲ့ကြသည်။
ထိုစဉ် ရှောင်းယီသည် ရှီခုန်းဘက်သို့ ထပ်မံရောက်ရှိလာခဲ့သည်။
“တစ်ခုခုထူးခြားတာရှိလား။”
“မရှိပါဘူး။ လက်ရှိအရှိန်အဟုန်နဲ့ဆိုရင် မနက်ဖြန်မှာ ချိတ်ဆက်မှုကို အတင်းအကျပ်လုပ်နိုင်လိမ့်မယ်။”
ရှီခုန်းက ပြန်ဖြေလိုက်သည်။
“လုပ်တာကောင်းတယ်။”
“ဒါက ဘာမှမဟုတ်ပါဘူး... ဒါပေမယ့် ကျုပ်စိုးရိမ်နေတုန်းပဲ။”
ရှိခုန်းကဆိုသည်။ သူသည် နတ်ဆိုးများဆီသို့ တည်နေရာကူးပြောင်းမှုချိတ်ဆက်ခြင်း၏ မမျှော်လင့်ထားသော အန္တရာယ်ကို ဆိုလိုနေခြင်းပင်။
ရှင်းရှင်းလင်းလင်းပင် ရှီခုန်းသည် ရှောင်းယီအား နတ်ဆိုးများက သုတ်သင်ပစ်လိုက်မည်ကို မလိုလားချေ။ အဘယ်ကြောင့်ဆိုသော် နောက်ထပ် အရက်ကောင်းများ မရှိတော့မည်ကို စိုးရိမ်သောကြောင့်သာဖြစ်သည်။
“ခင်ဗျားစိတ်ချပါ။ ကျုပ် ပိုပြီးအဆင့်မြင့်တဲ့ ကာကွယ်ရေးတပ်သားတွေကို နေရာချထားခဲ့ပါမယ်။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
ရှီခုန်းက ခေါင်းခါကာ နောက်ထပ်မပြောတော့ပေ။ ချူဖုန်းမြို့ကို သိမ်းပိုက်နိုင်သော တပ်ဖွဲ့တစ်ခုသည် ထိုသို့ဆိုးရွားသည့်အမှားမျိုးကို သေချာပေါက် လုပ်လိမ့်မည်မဟုတ်ချေ။
ချူဖုန်းမြို့၏ဆိပ်ကမ်းသို့ ပြန်ရောက်လာသောအခါ ရှောင်းယီက လင်းရှားအား ပြောလိုက်သည်။
“လင်းရှား နောက်ထပ်တစ်ညတော့ သည်းခံပေးပါဦး။ ချိတ်ဆက်မှုက ချောချောမွေ့မွေ့သွားနေပါတယ်။”
“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”
လင်းရှားက ခေါင်းညိတ်ပြပြီး ပင်လယ်ထဲသို့ ပြန်လည်ခုန်ဝင်သွားခဲ့သည်။
ထို့နောက် ရှောင်းယီသည် မြို့ပြန်ကျောက်ကို အသုံးပြု၍ သူ၏အိပ်ခန်းသို့ပြန်သွားပြီး အချိန်ကိုကြည့်လိုက်သည်။ ည ၁၁ နာရီကျော်သွားပြီးဖြစ်၏။ သူသည် သူ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို စစ်ဆေးလိုသည့်ဆန္ဒကို တွန်းလှန်ကာ အိပ်ရာပေါ်သို့ လှဲချလိုက်သည်။
အထိမ်းအမှတ်ကျောက်တိုင်ကို စစ်ဆေးခြင်းသည် အိပ်ရာမဝင်မီ ဖုန်းကြည့်နှင့်တူပြီး လူကိုစွဲလမ်းစေသည်။
မနက်ဖြန် သူသည် ရေသူမျိုးနွယ်ဆီသို့ သေချာပေါက်သွားရမည်ဖြစ်သည်။ ထို့ကြောင့် သူ၏အထွတ်အထိပ်အခြေအနေ၌ ရှိနေရန်လိုအပ်ပေသည်။
နောက်နေ့မနက်တွင် ရှောင်းယီသည် လန်းဆန်းတက်ကြွစွာ နိုးထလာခဲ့သည်။ အာရုံမတက်မီ အလင်းရောင်မှိန်မှိန်ဖျော့ဖျော့ကို မြင်လိုက်ရသောအခါ သူသည် လသာဆောင်ပေါ်သို့ ခြေတစ်လှမ်းတင်ကာ ခါးဆန့်လိုက်လေသည်။
“စနစ် လက်မှတ်ထိုးဝင်မယ်။”
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ်: ...
အခန်း ၆၃၄ – အဆောက်အဦးအဆင့်မြှင့်တင်ခြင်း ကတ်၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - အဆောက်အဦးအဆင့်မြှင့်တင်ခြင်းကတ် ၁။”
“အဆောက်အဦးအဆင့်မြှင့်တင်ခြင်းကတ်: မည်သည့်လုပ်ဆောင်ချက်ဆိုင်ရာ အဆောက်အဦးကိုမဆို တစ်ဆင့်မြှင့်တင်ပေးသည်။ အများဆုံး SSS-အဆင့်အထိဖြစ်သည်။”
ရှောင်းယီသည် ထိုဆုလာဘ်ကို မြင်လိုက်ရသောအခါ အနည်းငယ်တွေးတောလိုက်ပြီး စိတ်ကူးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
“စနစ် စူပါပေါင်းစပ်ခြင်းစက်နဲ့ ခြံဝင်းနှစ်ခုကို ပေါင်းစပ်လို့ရနိုင်လား။”
ရှောင်းယီက မေးလိုက်သည်။
“ရပါတယ်။ ဒါပေမယ့် သီးနှံအားလုံးကို အရင်ရိတ်သိမ်းပြီး မွေးမြူရေးတိရစ္ဆာန်အားလုံးကို ပြောင်းရွှေ့ဖို့ အကြံပြုပါတယ်။”
စနစ်က သတိပေးလိုက်သည်။
ရှောင်းယီသည် ခေါင်းညိတ်လိုက်ပြီး ဖုန်းကိုကောက်ယူကာ ယွမ်နွန်အား ဖုန်းခေါ်လိုက်သည်။
“လောင်ယွမ် ခြံထဲကသီးနှံတွေကို ရိတ်သိမ်းပြီးရင် အခု ထပ်မစိုက်နဲ့ဦး။”
ရှောင်းယီက ပြောလိုက်သည်။
ယွမ်နွန် အံ့အားသင့်သွားခဲ့သည်။
“တစ်ခုခုဖြစ်သွားလို့လား။”
“မဟုတ်ဘူး ခြံဝင်းကို အဆင့်မြှင့်ချင်လို့ပါ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ကောင်းပြီ။”
ယွမ်နွန်က ပြန်ဖြေလိုက်သည်။
“မွန်းလွဲပိုင်းလောက်ဆိုရင် လယ်ကွင်းတွေကို ရှင်းပြီးလောက်ပါပြီ။”
“ကောင်းတယ်။ ကြက်ဘဲတိရစ္ဆာန်တွေကို အရင်ကြိုပြီး ပြောင်းထားပေးပါဦး။”
ရှောင်းယီက သတိပေးလိုက်သည်။
“လုပ်လိုက်ပါ့မယ်။”
ဤအရာများကို စီစဉ်ပြီးနောက် ရှောင်းယီသည် သူ၏ကိုယ်ပိုင်ကျွန်းဆီသို့ အာရုံပြောင်းလိုက်သည်။
“ပင်လယ်ရေ အုတ်မြစ်ကျောက်ကို တိုက်စားနေပါသည်...”
“နောက်ထပ် ရက်သတ္တပတ်ရဲ့ နောက်ဆုံးနေ့ကို ပြန်ရောက်လာပြန်ပြီပဲ။”
ရှောင်းယီ ရုတ်တရက် သတိပြုမိလိုက်သည်။
ယီထျန်းဂရုသည်လည်း စကားသံများဖြင့် တဝီဝီမြည်နေခဲ့သည်။
“ဒါက နဝမအပတ်ရဲ့ နောက်ဆုံးနေ့ပဲ။ ငါဒီလောက်ကြာအောင် အသက်ရှင်ကျန်နေနိုင်ခဲ့တာကို ယုံတောင်မယုံနိုင်ဘူး။”
“ဟုတ်တယ်။ သဲလွန်စအသစ်တွေ ဒါမှမဟုတ် ပြောင်းလဲမှုသစ်တစ်ခုလောက် ရှိမလားလို့ သိချင်မိတယ်။”
“ကျုပ်ကတော့ သဲလွန်စတွေကို မျှော်လင့်မနေတော့ဘူး။ အသုံးဝင်တဲ့ လုပ်ဆောင်ချက်အသစ်တချို့ကိုပဲ မျှော်လင့်မိတယ်။”
“အမှန်ပဲ။ အုတ်မြစ်ကျောက် ရေတိုက်စားမှုက သတင်းအသစ်တစ်ခုလို မခံစားရတော့ဘူး။”
“မင်းရဲ့ပါးစပ်ပုတ်ကြီးကို ပိတ်ထားလိုက်စမ်းပါ။ အကယ်၍ ကမ္ဘာ့စည်းမျဉ်းတွေက တစ်ရက်ကို အုတ်မြစ်ကျောက်တစ်လုံးအဖြစ် ပြောင်းလဲသွားရင် ငါတို့ဒုက္ခရောက်သွားလိမ့်မယ်။”
“သစ်တုံးခေါက်ပြီး ဒီစည်းမျဉ်းကို ဘယ်တော့မှမပြောင်းလဲပါစေနဲ့လို့ ဆုတောင်းကြရအောင်။ ငါတို့မှာ စိုးရိမ်စရာတွေ အများကြီးရှိတယ်။”
“ဒါက ပြောရခက်တယ်။ အခုချိန်မှာ အုတ်မြစ်ကျောက်ရင်းမြစ်အသစ်တွေ ရှိနေပြီ။ သူတို့က အုတ်မြစ်ကျောက်တွေ မီးရှုံ့ပစ်ဖို့ နည်းလမ်းရှာကြလိမ့်မယ်။”
“ဆိုးလိုက်တာ။ ခင်ဗျားတို့ပြောတာ ကြားရတော့မှ တိုက်သစ်ကြီးပေါ်က ရတနာသေတ္တာတွေက ကမ္ဘာ့စည်းမျဉ်းတွေ ချထားတဲ့ ထောင်ချောက်တစ်ခုလို ခံစားလိုက်ရတယ်။”
“ဘယ်သူသိမှာလဲ။”
“ဟူး ငါတို့ ခဏလောက်တောင် အနားယူလို့မရဘူးလားကွာ။”
“ကျုပ်တို့ နေ့စဉ်အုတ်မြစ်ကျောက်အပိုတွေ ရနေတာပဲ။ ကျွန်းကိုကြီးထွားအောင်လုပ်ပြီး ကမ္ဘာ့စည်းမျဉ်းတွေ ဘာနဲ့ပဲပစ်ပစ် ဒလိမ့်ဒလိမ့်နဲ့ လိုက်သွားလိုက်ရုံပေါ့။”
“ဟုတ်တယ်။ ခင်ဗျားညည်းညူနေတဲ့အချိန်အတွင်းမှာ ကျုပ်တို့အဖွဲ့က ရတနာသေတ္တာနှစ်လုံး ထပ်တွေ့ပြီးသွားပြီ။”
“ကျုပ်တို့က ညည်းညူနေရုံပါပဲ။ စိတ်အပန်းဖြေစရာမရှိရင် ဘဝကြီးက ပျင်းစရာကောင်းတယ်လေ။ စကားပြောခန်းထဲမှာတော့ ကျုပ်တို့ကို ညည်းညူခွင့်ပေးကြပါဗျာ။”
“အမှန်ပဲ။ သူဌေးရဲ့အပန်းဖြေစခန်းက တစ်ရက်ကို ဧည့်သည်တစ်ရာပဲလက်ခံတာ။ ဒါက အရမ်းနည်းလွန်းတယ်။”
“ကျုပ် အပန်းဖြေစခန်းကို သွားပြီးကတည်းက ကျုပ်ရဲ့ကိုယ်ပိုင်ကျွန်းက လူတွေနေထိုင်ဖို့ မသင့်တော်ဘူးလို့ ခံစားခဲ့ရတယ်။”
“ကျုပ်တို့လုပ်နိုင်တာ ဘာမှရှိဘူး။ အဲ့ဒီလိုမျိုး အဆင့်မြင့်ပုံကြမ်းတွေလည်း မရနိုင်ဘူး။ ရရင်တောင် မဆောက်နိုင်ဘူး။”
“ဒါဆို သူဌေးကကျတော့ ဘယ်လိုလုပ်နိုင်ခဲ့တာလဲ။”
“မေ့လိုက်ပါတော့။ အဲ့အကြောင်း ဆက်တွေးနေတာထက် ရတနာသေတ္တာနောက်တစ်လုံး ကြိုးစားရှာတာက ပိုကောင်းတယ်။”
စကားပြောခန်းကို ဖတ်ပြီးနောက် ရှောင်းယီသည် ချူဖုန်းမြို့သို့ တည်နေရာကူးပြောင်းရန် ပြင်လိုက်သော်လည်း ရှုံးတိက သူ့ထံသို့ စာပို့လာခဲ့သည်။
“ကျွန်းပိုင်ရှင် ဒီမှာ ပင်လယ်ရေမျက်နှာပြင်က မြင့်တက်နေပုံရပါတယ်။”
ရှုံးတိက ပြောလာခဲ့သည်။
“ဟမ်”
ရှောင်းယီ နားမလည်နိုင်ဖြစ်သွားခဲ့သည်။
“ဒီရေက ပုံမှန်ပါပဲ။”
“ချူဖုန်းမြို့ဆိပ်ကမ်းက ဒေသခံတွေကို ကျုပ်မေးကြည့်ပြီးပြီ။ ဒါက ပုံမှန်ဒီရေတက်ချိန်မဟုတ်ပါဘူး။”
ရှုံးတိက ပြန်ဖြေလာခဲ့သည်။
“အို...”
ရှောင်းယီက အံ့အားသင့်သွားပြီး ပြန်ဖြေလိုက်သည်။
“ငါ လမ်းမှာရောက်နေပြီ။”
ဤသို့ပြောပြီးနောက် သူသည် မြို့ပြန်ကျောက်ကို အသက်သွင်းကာ ရှုံးတိ၏သင်္ဘောပေါ်သို့ ရောက်ရှိလာခဲ့သည်။
“ကျွန်းပိုင်ရှင် ကျုပ်နောက်လိုက်ခဲ့ပါ။”
ရှုံးတိက ပြောလိုက်ပြီး သူ့ကို ဆိပ်ကမ်းအပြင်ဘက်ရှိ ပင်လယ်ပြင်ပေါ်တွင် ပေါ်နေသော တံတားငယ်တစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
“ရေမျက်နှာပြင်က ဒီတံတားကနေ တစ်မီတာအောက်မှာပဲ ရှိနေခဲ့တာ။ အခုဆို ၆၀ စင်တီမီတာလောက်ပဲ ကျန်တော့တယ်။”
ရှောင်းယီ ပင်လယ်ထဲကို ကြည့်လိုက်စဉ် စနစ်၏သတိပေးချက်က ချက်ချင်းမြည်ဟီးလာခဲ့သည်။
“အသက်ရှင်ကျန်ရစ်သူများ စီးဝင်မှုများပြားသောကြောင့် ဤတိုက်ကြီးသည် ပိုမိုလျင်မြန်ဆန်စွာ နစ်မြုပ်နေသည်။ ပင်လယ်ရေမျက်နှာပြင်သည် ယခုထိ ၃၃.၃၃ စင်တီမီတာ မြင့်တက်လာပြီဖြစ်ပြီး ယနေ့တစ်မီတာ မြင့်တက်လာမည်ဟု ခန့်မှန်းရသည်။”
ထိုသတိပေးချက်ကို ဖတ်ရှုပြီးနောက် ရှောင်းယီ၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
“ဒါက ဘာကိုဆိုလိုတာလဲ။ ငါတို့ တိုက်သစ်ကြီးကို တွေ့ရှိခြင်းက ဒါကို ပိုမြန်အောင် နစ်မြုပ်စေတာခဲ့လား။”
သူကတွေးလိုက်မိသည်။
“အသက်ရှင်ကျန်ရစ်သူတစ်ဦးက ပထမဆုံးရတနာသေတ္တာကို တွေ့ရှိခဲ့တဲ့အခိုက်မှာ အရှိန်မြှင့်တင်ခြင်းကို စတင်ခဲ့ခြင်းဖြစ်ပါတယ်။”
“ဒီစည်းမျဉ်းက အသက်ရှင်ကျန်ရစ်သူတွေနဲ့ ဒေသခံတွေကို ရန်သူတွေဖြစ်အောင် အတင်းဖိအားပေးနေတာပဲ။”
ရှောင်းယီက ထိုသို့ပြောလိုက်ပြီး တစ်စုံတစ်ရာကို တွေးမိသွားသည်။
“ဒီမြင့်တက်လာတဲ့ ရေက အသက်ရှင်ကျန်ရစ်သူကျွန်းတွေကိုပါ သက်ရောက်စေမှာလား။”
ဤစည်းမျဉ်းမရှိလျှင်တောင် အသက်ရှင်ကျန်ရစ်သူများနှင့် ဒေသခံများအကြား ပဋိပက္ခဖြစ်နိုင်ခြေရှိသော်လည်း အကယ်၍ ဤမြင့်တက်မှုသည် အသက်ရှင်ကျန်ရစ်သူများကိုလည်း သက်ရောက်မည်ဆိုပါက ကိုးရိုးကားယားဖြစ်သွားမည်ဖြစ်သည်။
“မဟုတ်ပါဘူး။ အုတ်ကျောက်တွေကို ရေတိုက်စားခြင်း သို့မဟုတ် ဖျက်ဆီးခံရခြင်းသာဖြစ်နိုင်ပြီး မည်သည့်အခါမျှ နစ်မြုပ်စေနိုင်မည်မဟုတ်ပါ။”
စနစ်က ပြန်ဖြေလာခဲ့သည်။
ဒါက သတင်းကောင်းတစ်ခုပဲ။
ရှောင်းယီ တွေးလိုက်မိသည်။
“ဒါဆို အုတ်မြစ်ကျောက်က တစ်ချိန်ထက်တစ်ချိန် ပိုပြီးအရေးပါလာလိမ့်မယ်။ ဒီတိုက်ကြီးပေါ်က မြို့တွေ ဒါမှမဟုတ် နိုင်ငံတွေက အသက်ရှင်သန်နိုင်ဖို့အတွက် ဒါကိုပဲ မှီခိုလာရလိမ့်မယ်။ ဒါပေမယ့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မရှိရင် သူတို့အတွက် အသုံးမဝင်ဘူး။ ဒီလိုအချိန်မျိုးမှာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတာက သူတို့ကို ငါတို့ရဲ့ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေ သိမ်းပိုက်ဖို့ ဖိအားပေးနေတာပဲ။ ဒါက ကမ္ဘာ့စည်းမျဉ်းတွေရဲ့ လောဂျစ်ပဲဖြစ်ရမယ်။”
စနစ်က စကားပြန်မပေးခဲ့ပေ။ သူသည် စနစ်က အလိုက်သင့်သဘောတူနေသည်ဟု ခံစားလိုက်ရသည်။
“တော်တော် အကြံပက်စက်တာပဲ။”
ရှောင်းယီက တိုးတိုးလေး ပြောလိုက်လိုက်ပြီး ရှုံးတိအား လှည့်ပြောလိုက်သည်။
“ပင်လယ်ရေမျက်နှာပြင်က တကယ်ပဲ မြင့်တက်နေတယ်။ စူးစမ်းရှာဖွေမှုတွေကို အရှိန်မြှင့်ရမယ်။”
တိုက်ကြီးပေါ်ရှိ ကမ်းရိုးတန်းမြို့များစွာသည် ရေလွှမ်းမိုးခြင်းခံထားရပြီး ရှစ်နာရီအတွင်း စင်တီမီတာ ၃၀ ကျော် မြင့်တက်လာမှုသည် ကမ်းခြေအနီးရှိ မြို့ငယ်အချို့ကို နစ်မြုပ်သွားစေရန် လုံလောက်ပေသည်။
“နားလည်ပါပြီ။”
ရှုံးတိက ပြန်ဖြေလိုက်သည်။
ထို့နောက် ရှောင်းယီသည် ချူဖုန်းမြို့သို့ ဦးတည်ကာ လျှောက်သွားခဲ့သည်။ ကျန်းယွင်ထျန်းသည် မြို့တော်ဝန်အိမ်တွင် တစ်ညအိပ် နေထိုင်နေခဲ့သည်။
“မနေ့ညက တစ်ခုခုမျှော်လင့်မထားတာမျိုး ရှိခဲ့သေးလား။”
ရှောင်းယီက မေးလိုက်သည်။
ကျန်းယွင်ထျန်းက ခေါင်းခါလိုက်သည်။
“သမန်းဝံပုလွေတွေက ခဏလောက်တော့ နှိမ့်ချနေသင့်တယ်။”
ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“တပ်ဖွဲ့တွေ ပိုလွှတ်ပြီး ဒီတိုက်ကြီးပေါ်က ရတနာသေတ္တာအားလုံးကို တတ်နိုင်သမျှမြန်မြန်စုဆောင်းလိုက်ပါ။”
“ဘာဖြစ်သွားလို့လဲ။”
ကျန်းယွင်ထျန်းသည်လည်း တစ်ခုခုမှားယွင်းနေသည်ကို ခံစားလိုက်ရသည်။
“ပင်လယ်ရေမျက်နှာပြင်က မြင့်တက်လာနေတယ်။ တိုက်ကြီးက ရေလွှမ်းနေပြီ။”
ရှောင်းယီက ပြောလိုက်သည်။
ကျန်းယွင်ထျန်း၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
“တကယ်ကြီးလား။”
“အတည်ပြုပြီးပြီ။”
ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“ငါတို့ကျွန်းတွေကရော။”
ကျန်းယွင်ထျန်း မျက်မှောင်ကျုံ့သွား၏။
“မထိခိုက်ပါဘူး။ ဒါပေမယ့် ငါတို့က ဒီတိုက်ကြီးရဲ့ အဓိကပစ်မှတ်ဖြစ်လာလိမ့်မယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
ကျန်းယွင်ထျန်း အသက်ပြင်းပြင်းရှူသွင်းလိုက်မိ၏။ သူသည် အချိန်အနည်းငယ်တွေးတောလိုက်ပြီးနောက် ပဓာနကျသောအချက်ကို နားလည်သွားခဲ့သည်။
“ဒီနောက်ကွယ်က လက်မဲကြီးက တော်တော်ရက်စက်တာပဲ။ ဘယ်နည်းနဲ့မဆို ငါတို့ကို ဒေသခံတွေနဲ့ စစ်ဖြစ်အောင် ဖိအားပေးနေတယ်။”
ကျန်းယွင်ထျန်းက အော်ဟစ်လိုက်သည်။
“ဟုတ်တယ်။ အဲ့ဒါကြောင့် မင်း အဖွဲ့တွေကို ဦးဆောင်ပြီး ရတနာသေတ္တာတွေ ပိုရှာပေးဖို့လိုတယ်။ အချိန်က ကုန်ဆုံးလာနေပြီ။”
ရှောင်းယီကလည်း သဘောတူလိုက်သည်။