အခန်း (၆၃၉-၆၄၀)
Vol. 47 Ch. 639-640
အခန်း ၆၃၉ ဝန်ကြီးလိပ်၊ သုတ်သင်ရေးစခန်းတည်ဆောက်ခြင်း
“သတိပေးချက်- အလွန်အမင်းအန္တရာယ်ရှိသော ပစ်မှတ်တစ်ခု ချဉ်းကပ်လာနေပါတယ်။ ကျေးဇူးပြု၍ အဝေးကိုရှောင်တိမ်းပါ။”
စနစ်၏သတိပေးချက်ကို ကြားလိုက်ရသောအခါ ရှောင်းယီသည် လုံးဝမတွန့်ဆုတ်ဘဲ လင်းနီကျိအား ချက်ချင်းပင် တိုးတိုးပြောလိုက်သည်။
“ကျုပ်တို့ကို ဒီကနေ မြန်မြန်ခေါ်သွား။”
လင်းနီကျိ ကြောင်အသွားခဲ့သည်။
သူတို့ အခုမှရောက်လာတာမဟုတ်လား။ ဘာလို့ထွက်သွားမှာလဲ။
သူသည် ပဟေဠိဖြစ်နေသော်လည်း ရှောင်းယီ၏စိုးရိမ်သောမျက်နှာကို မြင်လိုက်ရသောအခါ လင်းနီကျိသည် ရှောင်းယီနှင့် တပိုင်ကို ဆုပ်ကိုင်ပြီး ချက်ချင်းပင် အဝေးသို့ ဆုတ်ခွာသွားခဲ့သည်။
သူတို့သည် အဝေးရှိ သန္တာကျောက်တန်းနောက်တွင် ပုန်းအောင်းလိုက်ပြီးနောက် အလွန်ကြီးမားသော ပင်လယ်လိပ်ကြီးတစ်ကောင်သည် ၎င်းတို့အခုလေးတင် ပုန်းနေခဲ့သော နေရာကို ဖြတ်သန်းသွားခဲ့သည်။
“ဝန်ကြီးလိပ် (SSS အဆင့်) - မူလက အရှေ့ပင်လယ်နဂါးနန်းတော်၏ ဝန်ကြီးလိပ်ဖြစ်ပြီး ပြင်ပအင်အားစုများက အတင်းအကျပ်ထိန်းသိမ်းထားသည်။ အသိဉာဏ်ကင်းမဲ့ပြီး အင်အားကျဆင်းနေသည်။ ရွေ့လျားနေသောပစ်မှတ်အားလုံးကို တက်ကြွစွာတိုက်ခိုက်လိမ့်မည်။ သို့သော် ၎င်း၏မြင်ကွင်းအတွင်းမှ ထွက်ခွာသွားပါက လွတ်မြောက်နိုင်သောအခွင့်အရေးရှိသည်။ သို့သော် ၎င်း၏ခံစစ်မှာ မယုံနိုင်စရာကောင်းလောက်အောင်ခိုင်မာပြီး လက်ရှိအိမ်ရှင်၏တိုက်ခိုက်မှုသည် ၎င်း၏ကာကွယ်မှုကို ချိုးဖျက်၍မရနိုင်ပါ။ ၎င်း၏တိုက်ခိုက်မှုအင်အားသည်လည်း မနိမ့်ကျပါ။ အန္တရာယ်အဆင့် - အလွန်အမင်းအန္တရာယ်ရှိသည်။”
သူ၏ဘေးနားတွင်ရှိနေသော လင်းနီကျိသည်လည်း ထိုပင်လယ်လိပ်ကြီးကို မြင်လိုက်ရသောအခါ အလွန်အမင်း တည်ကြည်လေးနက်သွားပြီး ရှောင်းယီနှင့် အခြားသူများကို နောက်သို့ ပိုမိုဆွဲခေါ်သွားကာ ဂရုတစိုက်စောင့်ကြည့်နေခဲ့သည်။
လုံလောက်သောအကွာအဝေးတစ်ခုသို့ ဆုတ်ခွာပြီးနောက်မှသာ လင်းနီကျိသည် စိတ်အေးသွားကာ သက်ပြင်းချရင်း ပြောလိုက်သည်။
“ဒီပင်လယ်လိပ်က အရမ်းအားကောင်းတယ်။”
“ဒါက SSS အဆင့်ပဲ။ ပြီးတော့ ပင်လယ်လိပ်တစ်ကောင်လည်းဖြစ်တယ်။ အလွန်ခိုင်မာတဲ့ခံစစ်ရှိတဲ့သတ္တဝါမျိုးပဲ။ အခုအချိန်မှာ ကျုပ်တို့မှာ သူ့ကိုကိုင်တွယ်ဖို့အတွက် နည်းလမ်းမရှိဘူး။ သူ့ရဲ့တိုက်ခိုက်ရေးစွမ်းအားကလည်း မနိမ့်ကျဘူး။ ကျုပ်တို့ရဲ့ ဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်နေတုန်းပဲ။”
ရှောင်းယီက အကူညီမဲ့စွာ ပြန်ပြောလိုက်သည်။
လင်းနီကျိ၏မျက်လုံးများသည် ပိုမိုတုန်လှုပ်ခြောက်ခြားခဲ့သည်။
“မင်းက အဲ့ဒီပင်လယ်လိပ်ရဲ့အဆင့်ကို မြင်နိုင်တာလား။”
ရှောင်းယီက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်။ အခု ကျုပ်တို့ နန်းတော်အနီးတဝိုက်မှာ ဒီလိုအဆင့်မျိုးရှိတဲ့သတ္တဝါဘယ်နှစ်ကောင်ရှိလဲဆိုတာ မသိသေးဘူး။ အဲ့ဒါကြောင့် အခုအချိန်ထိ အပြင်ဘက်မှာ အသစ်ဖြစ်ပေါ်တဲ့ ပုစွန်စစ်သားတွေ၊ ကဏန်းဗိုလ်ချုပ်တွေကို ဆက်တိုက်ရှင်းလင်းရမယ်။ အနည်းဆုံးတော့ သူတို့ကို ယခင်က အမွေအနှစ်နယ်မြေကို ဝိုင်းရံတိုက်ခိုက်တဲ့အရွယ်အစားအထိ ဖွဲ့စည်းခွင့်ပေးလို့မရဘူး။”
“ဒါပေမယ့် မင်းလည်း ကျုပ်တို့မျိုးနွယ်ရဲ့အဆင့်ကို မြင်တွေ့ခဲ့ရမှာပါ။ ကျုပ်တို့အတွက် ဒါတွေကို ရှင်းလင်းဖို့ဆိုတာ အရမ်းခက်ခဲတယ်။ အထူးသဖြင့် SS အဆင့် နှစ်ကောက်၊ သုံးကောင်လောက် စုစည်းလိုက်ရင် ကျုပ်တို့ဘာမှမတတ်နိုင်တော့ဘူး။”
လင်းနီကျိက ခက်သီးနေသောမျက်နှာအမူအယာဖြင့် ပြန်ပြောလိုက်သည်။
ရေသူမျိုးနွယ်၏ အမြင့်ဆုံးအဆင့်မှာ လက်ရှိတွင် လင်းနီကျိတစ်ယောက်တည်းသာဖြစ်ပြီး အခြားသူများသည် A အဆင့်အောက်ဖြစ်ကာ S အဆင့်သည်မူ အမှန်တကယ် ဝေးကွာလှပြီး တစ်ဦးမျှပင်မရှိပေ။
“ဒါကို ကျုပ်နားလည်ပါတယ်။ ဒါတွေကို ရှင်းလင်းဖို့ အထူးအဖွဲ့တစ်ဖွဲ့ကို ကျုပ်စီစဉ်ပေးမယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“တကယ်လား။ ကျုပ် တကယ်ကို ကျေးဇူးအများကြီးတင်ပါတယ်။”
လင်းနီကျိက သူ၏လက်နှစ်ဖက်ကိုယှက်ကာ ပြောလိုက်သည်။
ရှောင်းယီသည် အနည်းငယ်စဉ်းစားကြည့်လိုက်ပြီးနောက် မနေနိုင်ဘဲမေးလိုက်မိသည်။
“ကျုပ်အရမ်းသိချင်မိတယ်။ ခင်ဗျားတို့မျိုးနွယ်တည်ရှိနေခဲ့တာ နှစ်ပေါင်းများစွာရှိခဲ့ပြီ။ အဆင့်မြင့်ရေသူတွေ ဘာလို့ဒီလောက်တောင်နည်းနေရတာလဲ။”
“ဒါက အရမ်းရှည်တဲ့ဇာတ်လမ်းတစ်ခုပါ။ ငါတို့ သွားရင်း ပြောကြရအောင်။”
လင်းနီကျိက ရှောင်းယီနှင့် တပိုင်ကို ပြန်ခေါ်သွားရင်းပြောလိုက်သည်။
ရေသူမျိုးနွယ်၏သမိုင်းကို နှစ်ပေါင်းထောင်ချီ၍ ပြန်လည်ခြေရာခံနိုင်သည်။ အစပိုင်းတွင် အဆင့်သတ်မှတ်ထားသော အစားအစာများစွာရှိခဲ့ပြီး ၎င်းတို့ကို ပင်လယ်၏နေရာတိုင်းလိုလိုတွင် တွေ့ရှိနိုင်ခဲ့သည်။
ထိုအချိန်က S အဆင့်များသည် ခွေးများကဲ့သို့ ပုံမှန်သာဖြစ်ပြီး SS အဆင့်များသည်လည်း နေရာတိုင်းတွင်ရှိသည်။ SSS အဆင့်များစွာရှိပြီး SSS အဆင့်ထက် သာလွန်သောတည်ရှိမှုတစ်ခုပင် ရှိခဲ့ဖူးသည်။
“SSS အဆင့်ထက် ကျော်လွန်တဲ့တည်ရှိမှုလား။”
ရှောင်းယီ၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
“ဒါက စနစ်ရဲ့အပ်ဒိတ်(update)လား။ အဆင့်အကန့်အသတ်ကို ထပ်ပြီးမြှင့်တင်လိုက်တာလား။”
လင်းနီကျိသည် ကြောင်အသွားခဲ့သော်လည်း ဤအပြင်လူများ၏ တစ်ခါတရံ သူနားမလည်သည့်စကားများပြောသည်ကို သူနားရေဝနေပြီဖြစ်သည်။
“ဟုတ်တယ်။ အဲ့ဒါက အခြားနယ်ပယ်တစ်ခုလို့ဆိုကြပေမယ့် ကျုပ်တို့မျိုးနွယ်ရဲ့သမိုင်းက မပြည့်စုံဘူး။ မှတ်တမ်းတွေကလည်း မရေရာဘူး။”
လင်းနီကျိက ပြန်ဖြေလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်လိုက်၏။
“ဆက်ပြောပါ။”
“ဒါပေမယ့် နောက်ပိုင်းမှာ အဲ့ဒီအဆင့်သတ်မှတ်ထားတဲ့အစားအစာတွေက တဖြည်းဖြည်းနည်းပါးသွားပြီး ပျောက်ကွယ်သွားခဲ့တယ်။ နောက်ပိုင်းမှာ တစ်ခါတစ်ရံ ပေါ်လာတတ်ပေမယ့် အရေအတွက်က အရမ်းနည်းတယ်။”
“တစ်ခါတစ်ရံမှာလား။ အဲ့ဒီအချိန်ကာလအပိုင်းအခြားက တိတိကျကျ သတ်မှတ်ချက်ရှိလား။။”
ရှောင်းယီက လင်းနီကျိ၏စကားကို ကြားဖြတ်မေးလိုက်သည်။
“မသေချာဘူး။ ဥပမာပြောရရင် လွန်ခဲ့တဲ့နှစ်လအတွင်းမှာ အဆင့်အစားအစာတွေ ထပ်ပြီးပေါ်ပေါက်လာခဲ့တယ်။”
လင်းနီကျိက ပြန်ဖြေလိုက်သည်။
“လွန်ခဲ့တဲ့နှစ်လကလား။”
ရှောင်းယီက တွေးတောရင်း မေးလိုက်သည်။
“နန်းတော်နဲ့အတူ ပေါ်လာခဲ့တာလား။”
လင်းနီကျိသည် အနည်းငယ် မှင်တက်သွားခဲ့သည်။
“အဲ့လိုဖြစ်ပုံပဲ။”
ငါတို့ရောက်လာတာက ဒီပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေခဲ့တာလား။
ရှောင်းယီသည် သူ့ကိုယ်သူတွေးမိလိုက်သော်လည်း ဤမေးခွန်း၏အဖြေကို သူရှာမတွေ့နိုင်ခဲ့ပေ။
လင်းနီကျိက ဆက်လက်ပြောလိုက်သည်။
“အဆင့်သတ်မှတ်ထားတဲ့အစားအစာတွေ များများစားစားမရှိတာကြောင့် ရေသူတိုင်းက အဆင့်မြင့်အစားအစာတွေစားပြီး သူတို့ရဲ့အဆင့်ကို ဆက်တိုက်မြှင့်တင်လို့မရခဲ့ဘူး။ အဲ့ဒါကြောင့် ကျုပ်တို့မျိုးနွယ်ထဲက အဆင့်မြင့်တိုက်ခိုက်ရေးစွမ်းအားက တဖြည်းဖြည်းနည်းပါးလာခဲ့တယ်။”
“ခင်ဗျားရဲ့အရင်က SSS အဆင့် မျိုးနွယ်ဝင်တွေကရော။”
ရှောင်းယီက မေးလိုက်သည်။
“သူတို့အားလုံး ကွယ်လွန်သွားကြပါပြီ။”
လင်းနီကျိက မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ပြန်ဖြေလိုက်သည်။
“သူတို့က အဆင့်မြင့်တယ်ဆိုပေမယ့် သူတို့ရဲ့သက်တမ်းက အကန့်သတ်ရှိနေတုန်းပဲ။”
နတ်ဘုရားလိပ်ပင်လျှင် သူ၏အဆုံးသတ်ရှိသည်။ ပျံသန်းနေသောမြွေတစ်ကောင်သည် တိမ်များကိုစီးနေသော်လည်း အဆုံး၌ ဖုန်မှုန့်များသာ ဖြစ်သွားခဲ့ရသည်။
သူ၏ရုပ်ခန္ဓာသည် SS အဆင့်သို့ ရောက်ရှိပြီးကတည်းက ရှောင်းယီသည် သူ၏အခြေအနေသည် အလွန်ကောင်းမွန်ပြီး သူသည် ကြာရှည်စွာအသက်ရှင်နိုင်မည်ဟု ခံစားခဲ့ရသည်။ သို့သော်လည်း အဆုံးမဲ့လှသည့်အချိန်နှင့်နှိုင်းယှဉ်ပါက သူ၏ဘဝသည် နောက်ဆုံးတွင် အဆုံးသတ်တစ်ခုရှိလိမ့်မည်သာဖြစ်သည်။
ရှောင်းယီက ခေါင်းညိတ်ကာ ဆက်မေးလိုက်သည်။
“ခင်ဗျားတို့ရဲ့တည်နေရာကူးပြောင်းခြင်းအစီအရင်က နန်းတော်ကနေ ဘယ်လောက်ဝေးလဲ။”
“ကီလိုမီတာ သုံးရာလောက်ပေါ့။”
လင်းနီကျိက ပြန်ဖြေလိုက်သည်။
“ကျုပ်အဖွဲ့တစ်ဖွဲ့စီစဉ်ပေးမယ်ဆိုရင် ခင်ဗျားတို့ရဲ့တည်နေရာကူးပြောင်းခြင်းအစီအရင်ကို သုံးဖို့လိုလိမ့်မယ်။ အဲဒါကြောင့် တစ်နေရာကူးပြောင်းခြင်းအစီအရင်ဘက်မှာ အခြေစိုက်စခန်းတစ်ခုထူထောင်ဖို့လိုတယ်။ တစ်ခုက အစီအရင်ကို ကာကွယ်ဖို့၊ နောက်တစ်ခုက နန်းတော်ရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ပဲ။”
ရှောင်းယီက ဆက်ပြောလိုက်သည်။
“အဲ့ဒါက ပြဿနာမရှိသင့်ဘူး။ အရင်က တစ်ဖက်လူက ကျုပ်တို့ရေသူမျိုးနွယ်ကို ဖျက်ဆီးခဲ့တုန်းက SSS အဆင့်တွေမရှိခဲ့ဘူး။ အဲ့ဒီ SSS အဆင့် ပုစွန်စစ်သည်တွေ၊ ကဏန်းဗိုလ်ချုပ်တွေကလည်း ဒီနားမှာ လှည့်ပတ်နေတာမျိုး မရှိဘူး။ အဲ့ဒီပင်လယ်လိပ်လိုပဲ သူတို့က နန်းတော်အနီးမှာပဲ လှည့်ပတ်ကြတယ်။ အဲဒီလိုဆိုရင် ဒီမှာ သုတ်သင်ရေးစခန်းထူထောင်တာက သင့်တော်ပါတယ်။”
လင်းနီကျိက သဘောတူလိုက်သည်။
“ခင်ဗျားသဘောတူတယ်ဆိုရင် ပြင်ဆင်ထားလိုက်ပါ။ ကျုက်လည်း ပြန်ပြီးစီစဉ်ရမယ်။”
ရှောင်းယီက ပြောလိုက်သည်။
“မတော်ဆတတစ်ခုခုဖြစ်လာခဲ့ရင် တပိုင်က ဒီမှာနေပြီး ခင်ဗျားတို့ကို အရင်ကူညီပေးထားလိမ့်မယ်။”
တပိုင်က ခေါင်းညိတ်ပြလိုက်သည်။
“ပင်လယ်ထဲမှာ ကျုပ်ရဲ့အရှိန်က အရမ်းနှေးတယ်။ မင်းတို့ထဲက ဘယ်သူ ကျုပ်ကိုခေါ်သွားပေးနိုင်မလဲ။ ဒါက အရှိန်မြှင့်ပေးနိုင်တယ်။”
ရှောင်းယီက မေးလိုက်သည်။
“ကောင်းပြီ ကျုပ်ကိုယ်တိုင်ခေါ်သွားပေးပါ့မယ်။”
လင်းနီကျိက တုံ့ပြန်လိုက်သည်။
“အမွေအနှစ်နယ်မြေကိုတော့ ဒီကတပိုင်ကို အပ်နှံထားပါရစေ။”
“စိတ်မပူပါနဲ့။ ကျုပ် ပြောလိုက်မယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။”
“ရပါတယ်။”
လင်းနီကျိသည် တပ်စုတစ်စုကို ဦးဆောင်ကာ ရှောင်းယီအား ရေသူမျိုးနွယ်၏ တည်နေရာကူးပြောင်းခြင်းအစီအရင်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
အမွေအနှစ်နယ်မြေနှင့် တည်နေရာကူးပြောင်းခြင်းအစီအရင်ကြား အကွာအဝေးသည် မဝေးလှချေ။ လင်းနီကျိသည် ရှောင်းယီအား အရှိန်အပြည့်ဖြင့် ခေါ်ဆောင်သွားပြီး မိနစ်နှစ်ဆယ်ခန့်အကြာတွင် အစီအရင်တည်ရှိရာသို့ ရောက်ရှိလာခဲ့သည်။
“ဒီမှာ အခြေစိုက်စခန်းဆောက်လုပ်ခြင်းက အစီအရင်တစ်ခုလုံးကို လွှမ်းခြုံထားသင့်တယ်။ ပုစွန်စစ်သားတွေနဲ့ ကဏန်းဗိုလ်ချုပ်တွေက တည်နေရာကူးပြောင်းခြင်းအစီအရင်ကို မဖျက်ဆီးဘူးလို့ထင်ရပေမယ့် နောက်ပိုင်းမှာ ဖျက်ဆီးမလားဆိုတာကို ဘယ်သူမှမပြောနိုင်ဘူး။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့ ကျုပ် နားလည်ပါပြီ။ ကျုပ် ဒီမှာ အခြေစိုက်စခန်းဆောက်လုပ်ရေးကို သေချာစဉ်းစားဆုံးဖြတ်လိုက်ပါ့မယ်။”
လင်းနီကျိက ခေါင်းညိတ်ပြလိုက်သည်။
ထိုအချိန်တွင် တည်နေရာကူးပြောင်းခြင်းအစီအရင်သည် မှိန်ဖျော့နေပြီး ရှီခုန်းသည် တည်နေရာကူးပြောင်းခြင်းအစီအရင်၏ချိတ်ဆက်မှုကို အချိန်တိုင်း ထိန်းသိမ်းထားခြင်းမရှိပေ။ တစ်ခုမှာ စွမ်းအင်ပုံဆောင်ခဲများကို အသုံးပြုရသောကြောင့်ဖြစ်ပြီး အခြားတစ်ခုမှာ သူ၏စိတ်ဝိဉာည်စွမ်းအားများကို အသုံးပြုရသောကြောင့်ဖြစ်သည်။
ရှီခုန်းသည် ရှောင်းယီတို့ ပြန်မလာမချင်း ချိတ်ဆက်အမှုကို သုံးနာရီတစ်ကြိမ် မိနစ်နှစ်ဆယ်ကြာ အသက်သွင်းရမည်ဟု ညှိထားခဲ့ပြီးသားဖြစ်သည်။ ရှောင်းယီက ပြန်လာချင်လျှင် တိုက်ရိုက်အသက်သွင်းထားသည့် တည်နေရာကူးပြောင်းခြင်းအစီအရင်ထဲသို့ ဝင်လိုက်ရုံပင်။
ရေသူမျိုးနွယ်၏ တည်နေရာကူးပြောင်းခြင်းအစီအရင်ကိုမူ အသက်သွင်းထားပြီးဖြစ်သည်။ ယခု ဤနည်းလမ်းဖြင့်သာ လည်ပတ်ရမည်ဖြစ်သည်။
ရှောင်းယီ ခဏစောင့်နေပြီးနောက် တည်နေရာကူးပြောင်းခြင်းအစီအရင်မှ အစိမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ သူသည် အကြာကြီးတွန့်ဆုတ်မနေဘဲ တည်နေရာကူးပြောင်းခြင်းအစီအရင်ထဲသို့ ဝင်သွားလိုက်လေသည်။
အခန်း ၆၄၀: ဒေသခံတပ်ဖွဲ့နှင့် ထပ်မံတွေ့ဆုံခြင်း၊ အိမ်မွေးတိရစ္ဆာန်တပ်မတော်
နောက်အခိုက်အတန့်တွင် ရှောင်းယီ၏ပုံရိပ်သည် ချူဖုန်းမြို့၏ တည်နေရာကူးပြောင်းခြင်းအစီအရင်ပေါ်တွင် ထွက်ပေါ်လာခဲ့သည်။
အစီအရင်၏အနားတွင်ရှိနေသော ရှောင်ပိုင်သည် လူတစ်ဦးပေါ်လာသည်ကို တွေ့လိုက်ရသည်နှင့် ချက်ချင်းထရပ်လိုက်သော်လည်း ရှောင်းယီဖြစ်ကြောင်းမြင်သောအခါ ပြန်၍လဲလျောင်းလိုက်သည်။
“ဟူး”
သူ့ဆီတွင် ကိုယ်ကျပ်ဝတ်စုံရှိသောကြောင့် ရေထဲတွင်အသက်ရှူနိုင်သော်လည်း ရှောင်းယီသည် အမြဲတမ်းဖိအားသက်ရောက်မှုကို ခံစားနေခဲ့ရပြီး ကုန်းမြေပေါ်သို့ပြန်ရောက်ခြင်းက သူ့ကို သက်သောင့်သက်သာဖြစ်စေခဲ့သည်။
“ကျွန်းပိုင်ရှင် စူးစမ်းလေ့လာသူတစ်ဦးက ဒေသခံစစ်သားတွေနဲ့ ရင်ဆိုင်တွေ့ခဲ့ပါတယ်။”
ရှောင်းယီ သက်ပြင်းဆုံးအောင်မချနိုင်မီမှာပင် ရှုံးတိ၏အသံသည် သူ့ဘေးရှိ လက်ကိုင်ဖုန်းထဲမှ ထွက်ပေါ်လာခဲ့သည်။
လူတစ်ဦးသည် တည်နေရာကူးပြောင်းခြင်းစီအရင်ကို ကြည့်ရှုနေသည်မှာ သိသာထင်ရှားပြီး ရှုံးတိသည် ရှောင်းယီပြန်လာသည့်သတင်းကို ချက်ချင်းပင် သိရှိသွားခဲ့သည်။
ရှောင်းယီသည် ကိုယ်ကျပ်ဝတ်စုံကိုချွတ်ပြီး ဝေါ်ကီတော်ကီကိုကောက်ယူကာ မေးလိုက်သည်။
“ရှုံးတိ အသေးစိတ်အခြေအနေကိုပြော။”
ရှုံးတိ၏ရှင်းပြချက်အရ စူးစမ်းရှာဖွေရေးအဖွဲ့တစ်ခုသည် သံခမောက်များ ဝတ်ဆင်ထားသော တပ်တစ်ခုနှင့် ရင်ဆိုင်တွေ့ခဲ့ရကြောင်း နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
ကံကောင်းထောက်မစွာပင် ထိုတပ်မတော်၏အဆင့်မှာ အလွန်မြင့်မားခြင်းမရှိသောကြောင့် သတင်းအချက်အလက်များဖလှယ်မှုပြီးနောက် အသီးသီး ဆုတ်ခွာလာခဲ့ကြသည်။
“အဲဒီစူးစမ်းရေးအဖွဲ့ကို ဆက်သွယ်လို့ရလား။”
ရှောင်းယီက မေးလိုက်သည်။
“ဟုတ်ကဲ့ သူတို့ကို မြို့တော်ဝန်အိမ်တော်မှာ အရှင့်ကိုစောင့်နေဖို့ ပြောထားပြီးပါပြီ။”
ရှုံးတိက ပြန်ဖြေလိုက်သည်။
“ကောင်းပြီ”
ရှောင်းယီသည် ဖုန်းချလိုက်ပြီးနောက် ချက်ချင်းပင် မြို့တော်ဝန်အိမ်တော်သို့ လျှောက်သွားလိုက်သည်။
မြို့တော်ဝန်အိမ်တော်တွင် ကျန်းရွှဲ့သည် ထိုစူးစမ်းရှာဖွေရေးအဖွဲ့ကို စစ်ဆေးမေးမြန်းနေခဲ့သည်။ ကျန်းယွင်ထျန်းသည် သူကိုယ်တိုင် တပ်တစ်ခုကို ဦးဆောင်ပြီး ရတနာသေတ္တာများအား အမဲလိုက်ရန် ထွက်ခွာသွားခဲ့သောကြောင့် ကျန်းရွှဲ့က ချူဖုန်းမြို့အား ယာယီကြီးကြပ်ရန် တာဝန်ယူထားခဲ့သည်။
“ကျွန်းပိုင်ရှင်”
ကျန်းရွှဲ့သည် ရှောင်းယီကိုမြင်သောအခါ ချက်ချင်းပင်ထရပ်ပြီး နှုတ်ဆက်လိုက်သည်။
“အသုံးဝင်တဲ့သတင်းအချက်အလက်တွေရှိလား။”
ရှောင်းယီက ခေါင်းညိတ်ပြပြီး မေးလိုက်သည်။
“လက်ရှိအချိန်မှာတော့ တစ်ဖက်လူက မြောက်ဘက်ကုန်းတွင်းပိုင်းကနေ ချဉ်းကပ်လာနေတယ်လို့ ကျွန်မတို့သိရှိထားပါတယ်။ သူတို့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ သံခမောက်တွေက အရမ်းအဆင့်မြင့်ပြီး ခိုင်မာတယ်။ သူတို့လက်ထဲမှာရှိတဲ့ B အဆင့် လေးနဲ့ မြားတွေက သူတို့ရဲ့ကာကွယ်မှုကို ချိုးဖျက်လို့မရအောင်လုပ်ထားတယ်။ တခြားတစ်ဖက်မှာလည်း မီးသွေးကျည်ဆံသုံးသေနတ်တွေပါရှိပြီးတော့ သူတို့ရဲ့ဖော်ပြချက်အရ သူတို့က ချူဖုန်းမြို့ရဲ့ အလင်းရောင်မြင်းစီးတပ်တွေနဲ့ အတော်လေးဆင်တူတယ်။”
ကျန်းရွှဲ့က ပြန်ဖြေလိုက်သည်။
ရှောင်းယီသည် သူတို့ထံသို့ လျှောက်သွားပြီး မေးလိုက်သည်။
“ခင်ဗျားတို့ အဲ့လူတွေနဲ့ ဘယ်မှာတွေ့ခဲ့တာလဲ။ မြေပုံပေါ်မှာ ညွှန်ပြပေးလို့ရမလား။”
“ကျုပ်တို့ အကြမ်းဖျင်းတည်နေရာကို ပြောပေးနိုင်ပေမယ့် တိတိကျကျတော့ မဖော်ပြနိုင်ပါဘူး။”
အဖွဲ့ခေါင်းဆောင်က ပြန်ဖြေလိုက်သည်။
စူးစမ်းရှာဖွေရေးအဖွဲ့များသည် ယခုအခါ ယေဘုယျဦးတည်ချက်တစ်ခုဖြင့် စူးစမ်းရှာဖွေနေခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် သတ်မှတ်ထားသည့်အကွာအဝေးကိုသာ ခန့်မှန်းနိုင်ပေသည်။
“အကြမ်းဖျင်းသိရရင်လည်း အဆင်ပြေပါတယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ကျုပ်နဲ့လိုက်ခဲ့ပါ။”
အဖွဲ့ခေါင်းဆောင်ကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီခေါ်သွားပြီး ရှောင်းယီက မြေပုံစာမျက်နှာကို ဖွင့်လိုက်သောအခါ အဖွဲ့ခေါင်းဆောင်က နေရာတစ်ခုကို လက်ညိုးထိုးပြရင်း ပြောလိုက်သည်။
“ကျုပ်တို့ဒီကနေ အနောက်မြောက်ဘက်ကို သွားခဲ့တယ်။ အကြမ်းဖျင်းအားဖြင့် ဒီဦးတည်ချက်အတိုင်း ကုန်းတွင်းပိုင်း ကီလိုမီတာ ၅၀၊ ၆၀ လောက်ကို စူးစမ်းရှာဖွေခဲ့တယ်။ အဲ့ဒီနေရာလောက်မှာ ဒေသခံအဖွဲ့နဲ့ ရင်ဆိုင်ခဲ့ရတာ။”
“ကောင်းပြီ သတင်းအချက်အလက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ ပစ္စည်းထောက်ပံ့ရေးဌာနကိုသွားပြီး ယွမ် ၁၀၀၀၀ ဆုချီးမြှင့်တာကို လက်ခံနိုင်တယ်။ ဒါမှမဟုတ် ဘယ်အဆင့်မှာရှိတဲ့အစားအစာကိုမဆို တူညီတဲ့တန်ဖိုးအတိုင်းကို လက်ခံနိုင်တယ်။”
ရှောင်းယီက သူတို့ကိုပြုံးပြကာ ပြောလိုက်သည်။
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် သူဌေး။”
အဖွဲ့ခေါင်းဆောင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ယွမ် ၁၀၀၀၀ သည် အုတ်မြစ်ကျောက်တစ်ရာနှင့် ညီမျှကြောင်း သိထားရမည်ဖြစ်သည်။ အုတ်မြစ်ကျောက်များနှင့် လဲလှယ်၍မရသော်လည်း ယီရန်ပင်း၏ကျွန်းပေါ်တွင် ကောင်းမွန်သောပစ္စည်းများစွာကို ဝယ်ယူရန်အသုံးပြုနိုင်သည်။
ပြန်ရောက်လာပြီးနောက် အဖွဲ့ခေါင်းဆောင်သည် ထိုအကြောင်းကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်၌ ချက်ချင်းပင် ထုတ်ဖော်ပြသလိုက်လေသည်။
“ဟားဟား အရမ်းမိုက်တယ်။ ဒီတစ်ခါ ဒေသခံအဖွဲ့နဲ့ ရင်ဆိုင်မိခဲ့တာက တကယ်ကို ငွေထုပ်ကြီးတစ်ထုပ် ကောက်လိုက်တာပဲ။”
“ဟမ် တိုက်သစ်ကြီးမှာ ဒေသခံအဖွဲ့တစ်ဖွဲ့နဲ့ ရင်ဆိုင်ခဲ့ရတာလား။”
တစ်စုံတစ်ဦးက စိတ်ဝင်တစား မေးလိုင်သည်။
“ဟုတ်တယ် တိုက်သစ်ကြီးမှာပဲ။ ကျုပ်တို့ စူးစမ်းရှာဖွေနေတုန်း ဒေသခံအဖွဲ့တစ်ခုနဲ့ တွေ့ခဲ့တာ။ သူတို့က အတော်လေးအားကောင်းတယ်။”
“ခင်ဗျားတို့ သူတို့အားလုံးကို ဖမ်းမထားလိုက်ဘူးလား။”
“ကျုပ်မှာ အဲ့ဒီလိုအင်အားမျိုးမရှိဘူး။ အဲ့ဒီအဖွဲ့နဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အသေးစိတ်အချက်အလက်တွေအားလုံးကို ယီရန်ပင်းသူဌေးကို ပြောပြလိုက်ရုံပဲ။ ပြီးတော့ သူဌေးက ယွမ် ၁၀၀၀၀ ဆုချီးမြှင့်လိုက်တယ်။ ဒါက အုတ်မြစ်ကျောက်တစ်ရာနဲ့ လဲလှယ်လို့ရတဲ့ ပမာဏပဲ။”
“ဘာ သောက်ရမ်းမိုက်တယ် ဘရို။ နောက်ပိုင်း ကျုပ်တို့လည်း ဒေသခံအဖွဲ့နဲ့တွေ့ခဲ့ရင် ယီရန်ပင်းကို အစီရင်ခံရမယ်။”
“ဟုတ်တယ် ဒီပိုက်ဆံက အလကားရတဲ့ပိုက်ဆံတွေနဲ့အတူတူပဲ။”
“ကျစ် ဘာတွေအိပ်မက်မက်နေကြတာလဲ။ ဒီတစ်ခါ သူတို့ဆုရခဲ့တာက သူတို့က ဒေသခံတွေရဲ့ခြေရာကို ပထမဆုံးရှာတွေ့ခဲ့ပြီး ယီရန်ပင်းကို အသုံးဝင်တဲ့သတင်းအချက်အလက်တစ်ချို့ပေးနိုင်ခဲ့လို့ပဲ။ နောက်တစ်ခါထပ်ရှာတွေ့ရင် တန်ဖိုးက အရမ်းကြီးမှာမဟုတ်တော့ဘူး။”
“အိုး ဒါလည်း အဓိပ္ပါယ်ရှိတယ်။ ဒါပေမယ့် ပထမဆုံးရှာတွေ့ခဲ့တဲ့သူက ဘာလို့ကျုပ်မဟုတ်ရတာလဲ။”
“မေးခွန်းထုတ်စရာရှိတာက ခင်ဗျားအနေနဲ့ စူးစမ်းရှာဖွေခရီးမှာ ပါဝင်ခဲ့တာလား။”
“မဟုတ်ပါဘူး။ ကျုပ်က ဂရုထဲက လူထုရဲ့အမြင်ကို စောင့်ကြည့်ဖို့ တာဝန်ယူထားတာ။”
“အိမ်မှာအိပ်နေရင်းနဲ့ ချမ်းသာချင်တာလား။ အိပ်မက်ပဲ ဆက်မက်နေလိုက်။”
“ဒါဆို ကျုပ်ကိုမနှောက်ယှက်ကြနဲ့။ ကျုပ် ခဏလောက် အိပ်ပါရစေ။”
ဤဖြစ်ရပ်အပြီးတွင် စူးစမ်းရှာဖွေသူများ ပိုမိုများပြားလာပြီး ၎င်းတို့၏မဟာမိတ်အဖွဲ့မှ မလိုအပ်သောပစ္စည်းများကို ယီရန်ပင်းထံသို့ ယူဆောင်လာကာ ဆုလာဘ်အချို့ရရှိရန် ကြိုးပမ်းခဲ့ကြသည်။
အန်းယွဲ့သည် ထိုအချက်ကို တွေ့ရှိလိုက်ရပြီးနောက် စူးစမ်းရှာဖွေမှုအတွင်း တွေ့ရှိခဲ့ကြသော ပစ္စည်းအမျိုးမျိုးနှင့် သတင်းအချက်အလက်များကို စုဆောင်းရန်အတွက် ဆိုင်တစ်ဆိုင်ကို အထူးစီစဉ်ပေးခဲ့သည်။
ထိုဆိုင်တွင် လဲလှယ်ရန် ယူဆောင်လာသော ပစ္စည်းအားလုံးနှင့် သတင်းအချက်အလက်များအား ၎င်းတို့၏တန်ဖိုးကို ဆုံးဖြတ်ရန် စိစစ်အကဲဖြတ်ပြီး ဒစ်ဂျစ်တယ်ငွေကြေးကို အသုံးပြု၍ ရောင်းဝယ်ဖောက်ကားမည်ဖြစ်သည်။
ရှောင်းယီသည် သူ၏ကျွန်းသို့ပြန်သွားပြီး ရှောင်ရှန်း၊ သားရဲဘုရင်နှင့် ဝမ်ချိုင်တို့ကို ခေါ်ယူခဲ့သည်။
“မင်းတို့ကို SS အဆင့်ကို အမြန်ဆုံးမြှင့်တင်နိုင်ဖို့အတွက် မင်းတို့ကို ပင်လယ်ကြမ်းပြင်ကို သွားပြီးစမ်းသပ်ခိုင်းဖို့ ဆုံးဖြတ်လိုက်ပြီ။”
ရှောင်းယီက ပြောလိုက်သည်။
ဝမ်ချိုင်နှင့် အခြားနှစ်ဦးသည် ရှောင်းယီအား ထူးဆန်းသည့်အကြည့်များဖြင့် ကြည့်ကာ သူ၏စကားကြောင့် အံ့အားသင့်သွားခဲ့ကြသည်။
သူတို့သုံးဦးစလုံးသည် စမ်းသပ်မှုများပြုလုပ်ရန်မဆိုထားနှင့် ပင်လယ်ထဲတွင် အချိန်ကြာကြီး ရှင်သန်နိုင်သော တိရစ္ဆာန်များမဟုတ်ကြပေ။
“ပင်လယ်ထဲမှာ ရှင်သန်နိုင်ဖို့အတွက်က ငါ့မှာပစ္စည်းကိရိယာတွေရှိတယ်။ အဲ့ဒါကြောင့် မင်းတို့ဒါကို စိုးရိမ်စရာမလိုဘူး။”
ရှောင်းယီသည် ၎င်းတို့၏စိုးရိမ်မှုများကို ရှင်းရှင်းလင်းလင်းမြင်နေရသောကြောင့် ရှင်းပြလိုက်၏။
“ဝုတ် ဝုတ်”
ဝမ်ချိုင်က ပထမဆုံးတုံ့ပြန်ခဲ့သည်။ ၎င်းသည် S အဆင့်တွင် ရှိနေခဲ့သည်မှာ အလွန်ကြာမြင့်နေခဲ့ပြီဖြစ်သည်။ ယခင်က သူနှင့်အဆင့်တူဖြစ်ခဲ့သည့် တပိုင်သည်ပင် လွန်ခဲ့ရက်များအတွင်း SS အဆင့်ကို တက်ရောက်ခဲ့ပြီဖြစ်သည်။
ကျန်နှစ်ယောက်ကလည်း တုံ့ပြန်လိုက်ကြသည်။
မိမိ၏အဆင့်ကို မြှင့်တင်နိုင်ခြင်းသည် သက်ရှိအားလုံး၏ရည်မှန်းချက်ဖြစ်သည်။
ရှောင်းယီသည် ဝမ်ချိုင်နှင့် အခြားသူများအား ကိုယ်ကျပ်ဝတ်စုံများ ဝတ်ဆင်စေခဲ့သော်လည်း သူသည် ၎င်းတို့အား ရေကာကွယ်ပုလဲများကို မပေးခဲ့ချေ။ ရေကာကွယ်ပုလဲများကို စားသုံးခြင်းသည် ကာကွယ်မှုကို တိုးမြှင့်ပေးနိုင်ခြင်းမရှိဘဲ ကိုယ်ကျက်ဝတ်စုံများသည် ပိုမိုယုံကြည်စိတ်ချရပေသည်။ အသက်ဘေးကင်းရေးကသာ ပထမဦးစားပေးဖြစ်သည်။
ထို့နောက် သူသည် ၎င်းတို့ကို တစ်နေရာကူးပြောင်းခြင်းအစီအရင်မှတစ်ဆင့် ရေသူမျိုးနွယ်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
“ကျွန်းပိုင်ရှင် ပြန်လာပြီလား။”
တည်နေရာကူးပြောင်းခြင်းအစီအရင်ကို စောင့်ကြည့်နေသော လင်းနီကျိက ဝမ်းသာအားရဖြင့် နှုတ်ဆက်လိုက်လေသည်။
ရှောင်းယီက အနည်းငယ်ခေါင်းညိတ်ပြလိုက်သည်။
ရှောင်းယီ၏အနောက်တွင် အိမ်မွေးတိရစ္ဆာန်များနှင့်တူသော နောက်လိုက်သုံးဦးသာရှိကြောင်း မြင်လိုက်ရသောအခါ လင်းနီကျိ၏နဖူးလိုင်းများ လုံးဝစုကျုံ့သွားခဲ့သည်။
သူသည် နောက်ထပ်တပ်ဖွဲ့များကို ခဏနေလျှင် တည်နေရာကူးပြောင်းခြင်းအစီအရင်ဖြင့် ပေးပို့ပေးလာလိမ့်မည်ဟု ထင်ခဲ့သော်လည်း ရှောင်းယီနှင့် အခြားသူများ တည်နေရာကူးပြောင်းခြင်းအစီအရင်ထဲမှ ပြန်ထွက်လာပြီးနောက် တည်နေရာကူးပြောင်းခြင်းအစီအရင်မှာ မှိန်ဖျော့သွားခဲ့သည်။
ထိုအရာသည် ဤနေရာသို့ လူများထပ်မံရောက်ရှိလာတော့မည်မဟုတ်ကြောင်း သိသာထင်ရှားနေပေသည်။
ရှောင်းယီသည် လင်းနီကျိ၏ရှုပ်ထွေးမှုနှင့် သံသယများကို နားလည်ဟန်ရှိပြီး ရှင်းပြလာခဲ့သည်။
“မျိုးနွယ်စုခေါင်းဆောင်လင်း စိတ်မပူပါနဲ့။ ဒီရှင်းလင်းသုတ်သင်ရေးလုပ်ငန်းက အဓိကအားဖြင့် အဆင့်မြင့်တိုက်ခိုက်ရေးစွမ်းအားပေါ်မှာပဲ မူတည်တာပါ။ အခြားအဆင့်တွေရဲ့ တိုက်ခိုက်ရေးစွမ်းအားတွေ ဒီကို ရောက်လာမယ်ဆိုရင်တောင် သိပ်အသုံးမဝင်ဘူး။ ကျုပ်ရဲ့အိမ်မွေးတိရစ္ဆာန်တွေက S အဆင့်နဲ့ အထက်အဆင့်တွေချည်းပါပဲ။”
လင်းနီကျိက ခေါင်းညိတ်လိုက်သည်။
“ကျွန်းပိုင်ရှင်ပြောတာ မှန်ပါတယ်။ ဒါဆို မင်းကိုပဲ ဒုက္ခပေးရတော့မယ်။”
“ဒီမှာ အခြေစိုက်စခန်းဆောက်လုပ်ပြီးပြီလား။”
ရှောင်းယီက မေးလိုက်သည်။
“ဒါက ဘယ်လိုလုပ်ပြီး ဒီလောက်မြန်အောင်လုပ်နိုင်မှာလဲ။ ကျုပ်တို့ စတင်ဆောက်လုပ်နေပါပြီ။ ဒါပေမယ့် သုံး၊လေးရက်လောက်တော့ ကြာလိမ့်မယ်။”
လင်းနီကျိ ကူကယ်ရာမဲ့စွာဖြင့် ပြန်ဖြေလိုက်သည်။
“ကောင်းပြီ။ ဒါဆို သူတို့ကို အခု စပြီးသုတ်ရှင်းလင်းခိုင်းလိုက်တော့မယ်။ ခင်ဗျားမှာ လူပိုတွေရှိတယ်ဆိုရင် သူတို့ကိုရှာဖွေဖို့တာဝန်ယူခိုင်းလိုက်ပါ။ ကျုပ်ရဲ့အိမ်မွေးတိရစ္ဆာန်တွေက သတ်ဖြတ်ဖို့ တာဝန်ယူလိမ့်မယ်။ ဒါက ပိုပြီးထိရောက်တယ်။ ကျုပ်တို့က ကုန်းမြေပေါ်မှာနေတယ်ဆိုတာ ခင်းဗျားလည်းသိမှာပါ။ အဲ့ဒါကြောင့် ဒီနေရာမှာ အချိန်အကန့်အသတ်နဲ့ပဲနေလို့ရတယ်။ အချိန်ပြည့်မနေနိုင်ဘူး။”
ရှောင်းယီက ပြောလိုက်သည်။
“ကျုပ် နားလည်ပါတယ်။”
လင်းနီကျိက ပြန်ပြောလိုက်ပြီး ဝမ်ချိုင်နှင့် အခြားသူများနောက်သို့ လိုက်သွားရန် တပ်စုတစ်ခုကို စီစဉ်ပေးလိုက်သည်။