← Chapters

သူ တွေ့ပြီ..

Vol. 17 Ch. 232

သူ တွေ့ပြီ..

Vol. 17 Ch. 232

စုမင်နှင့် ကျီချဲတို့ အမေးအဖြေ လုပ်နေသည်အား ဟူကျီသည် မိန်းမော တွေဝေနေသော အမူအရာဖြင့် ဘေးမှထိုင်ကြည့် နေခဲ့သည်။ ကျီချဲ၏ ယခင်ပုံစံနှင့် ယခုပုံစံကြားရှိ ပြောင်းလဲမှုကို မြင်လိုက်ချိန်တွင် သူ့အပြုအမူများကိုပင် ပြန်မစဉ်းစားပဲ မနေနိုင်တော့ပေ။

‘အငယ်ဆုံး ညီလေးက သေချာပေါက်ကို ကောင်းကောင်း လှည့်စားနိုင်တာပဲ။ ငါ ဒါကို သေချာပေါက် သင်ထားရမယ်’

ဟူကျီသည် စုမင်၏ စကားလုံး တစ်လုံးစီတိုင်းနှင့် လုပ်ရပ်များကို သူ့ခေါင်းထဲတွင် မှတ်သားလိုက်ပြီး သူသင်ယူပြီးပြီဟု ယုံကြည်သွားသည်နှင့် သူ့မျက်နှာထက်တွင် ဂုဏ်ယူသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ကောင်းကင်ဘုံ တံခါးဝ ... ကြီးမြတ်သော ဆီးနှင်းဖုံးလွင်ပြင်တွေ ... အဲဒါ လုံးဝကို အဓိပ္ပာယ်မရှိတာပဲ။ ညီငယ်လေး မင်းစစ်မာရှင်းကို သဘောမကျဘူးဆိုရင် ငါမင်းအတွက် သူ့ကိုသင်ခန်းစာ ပေးပေးမယ်။ ငါတို့ သူ့ကို မနိုင်ဘူးဆိုရင် နဝမတောင်ထွတ်ဆီ ပြန်ပြေးလာပြီး အစ်ကိုနှစ်ကို ရှာလိုက်ရုံပဲ”

ဟူကျီ၏ စကားများကို ကြားလိုက်ချိန်တွင် နွေးထွေးမှု တစ်ခုသည် စုမင်ရင်ထဲ၌ ပေါက်ဖွားလာခဲ့သည်။

“စကားမစပ် ညီငယ်လေး မင်းဘာလို့ ငါ့ဆီလာခဲ့တာလဲ။ မင်းသာ ရောက်မလာခဲ့ရင် ငါက အပြင်ထွက်တော့မလို့။ ငါ တောင်ကနေ မထွက်ရတာ ရက်တော်တော် ကြာသွားပြီ။ အပြင်ကလူတွေ သူတို့အဘိုးဟူကို လွမ်းနေမှာ စိုးရိမ်မိတယ်”

ဟူကျီသည် ဘူသီးခြောက်ဝိုင်အိုးကို ကောက်ကိုင်ကာ အနည်းငယ် လှုပ်ခါလိုက်သည်။ ထိုအထဲတွင် ဝိုင်သိပ်မကျန်တော့ပေ။

“အဲဒါ အစ်ကိုသုံးက အေးခဲကောင်းကင် ကလန်နဲ့ အကျွမ်းတဝင် ရှိတယ်ဆိုလို့။ ကျွန်တော့်စိတ်ကို လေ့ကျင့်တဲ့ အချိန်ကျရင် ပုံမှန်အခြေခံ တစ်ခုခုကို သုံးသင့်တယ်လို့ အစ်ကိုနှစ်က ပြောတယ်။ အဲဒါကြောင့် ကျွန်တော် ကျောင်းတော်ရဲ့ အသုံးအဆောင်ပစ္စည်း သိုလှောင်ခန်းမကိုသွားပြီး စာရွက်တချို့ သွားယူချင်လို့”

“ဒါပေမဲ့ ကျွန်တော် မသွားခင်၊ ဆရာ့ဆီက ကလန်ဆရာသခင်ရဲ့ တံဆိပ်ပြားကို သွားငှားရဦးမယ်”

စုမင်က ပြုံးကာ ပြောလိုက်သည်။

“ကလန်ဆရာသခင်ရဲ့ တံဆိပ်ပြားလား။ မင်းဆရာ့ဆီက သွားယူနေစရာ မလိုပါဘူး။ ငါ့ဆီမှာ အဲဒါတွေ တော်တော်များများ ရှိတယ်”

ဟူကျီသည် ပြောနေရင်းမှပင် ဂူအတွင်းရှိ ပစ္စည်းများကို မွှေနှောက်ရှာဖွေကာ တံဆိပ်ပြားပုံစံ ခရမ်းရောင်ရေခဲ အပိုင်းအစတစ်ခုကို ထုတ်ယူလာသည်။

“ဒီမှာ၊ အဲဒါ တစ်ခု ... ဆရာ့မှာ အဲဒါတွေ အများကြီးရှိတယ်။ ငါနောက်ဆုံးအကြိမ် အဲဒီကိုသွားတုန်းက နည်းနည်းလောက်ယူပြီး ပြန်လာတာ။ ယူထားလိုက် တခြားလူတွေကို ခြောက်လို့ရတယ်”

ဟူကျီသည် စကားပြောနေရင်းဖြင့် လက်ထဲရှိ တံဆိပ်ပြားကို စုမင်ထံ ပစ်ပေးလာသည်။

စုမင် အံ့အားသင့်မှင်တက် သွားမိသည်။ သူ ထိုအရာကို ဖမ်းလိုက်ချိန်တွင် သူ့ကိုယ်အတွင်းသို့ အေးစိမ့်မှုတစ်ခု ဝင်ရောက် လှည့်ပတ်လာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။ ထိုအရာလေး၏ ပုံပန်းသွင်ပြင်အရ၊ ၎င်းကို အသေးစိတ်ကောင်းမွန်စွာ ထွင်းထုထားပြီး အတုဟု မထင်ရပေ။

သို့သော် သူတစ်ယောက်တည်းသာ အံ့အားသင့်မှင်တက် သွားခဲ့ရခြင်းမဟုတ်ပဲ ကျီချဲသည်လည်း အလားတူပင် ဖြစ်သည်။ ထိုတံဆိပ်ပြားသည် မည်သည့်အရာ ဖြစ်ကြောင်း သူသိလိုက်ချိန်တွင် အသက်ပြင်းပြင်း ရှူရှိုက်လိုက်မိပြီး ဟူကျီ၏ စကားလုံးများကြောင့် မယုံကြည်နိုင်သော အခြေအနေ တစ်ခုအတွင်း ကျရောက်သွားခဲ့ရသည်။

‘နဝမတောင်ထွတ် ... ဒီတော့ ဒါက နဝမတောင်ထွတ်ပေါ့...’

ကျီချဲ၏နှလုံးသားက ထိတ်လန့် တုန်လှုပ်သွားရ၏။

“သွားကြစို့။ အသုံးအဆောင်ပစ္စည်း သိုလှောင်ခန်းမနဲ့ ငါရင်းနှီးတယ်။ ငါ အရင်က အဲဒီက လူအများကြီးကို သင်ခန်းစာ ပေးခဲ့ဖူးတယ်”

ဟူကျီသည် ရင်ဘတ်ကို ပုတ်ပြကာ စုမင်ကိုသွားကြရန် ပြောလိုက်သည်။ သို့သော် သူသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် ခနွလှမ်းပြီးသည်နှင့် ပြန်လှည့်လာကာ သူ့ကိုငေးကြည့်နေသော ကျီချဲထံ လျှောက်လာခဲ့သည်။

“ဟေး ... လူလိမ်ကောင်၊ မင်း အဘိုးဟူက သွားတော့မယ်။ မင်းက အစ်ကိုနှစ် ငါတို့ကို ပေးထားတဲ့ ‘သက်ရှိ အရာလေး’ ပဲ။ ငါတို့နောက်က လိုက်လာဖို့သတိရ။ အစ်ကိုနှစ်က မင်းစွမ်းအားတွေကို ချိပ်ပိတ်ထားခဲ့ပေမဲ့ အငယ်ဆုံးညီငယ်လေး အပြင်ထွက်တဲ့အချိန်ကျ ကာကွယ်ပေးရမယ်လို့ သူပြောထားခဲ့တယ်။ အဲဒီတော့ မင်းအဲဒီလိုလုပ်ရမယ်။ ငါ့ကို ထပ်မလိမ်နဲ့တော့။ အဲဒီလိုမှ မဟုတ်ရင်တော့ အိပ်မက်တွေထဲမှာ ငါက မင်းကို သင်ခန်းစာ ထပ်ပေးရမှာပဲ”

ကျီချဲသည် အလွန်အမင်း မကျေမနပ်ဖြစ်သွားပြီး အလျင်အမြန် ပြန်ပြောလိုက်မိသည်။

“ဒါပေမဲ့ ... ငါ့စွမ်းအားတွေက ချိပ်ပိတ် ခံထားရတာလေ။ ငါက ငါ့ဘာသာ မပျံနိုင်ဘူး...”

“ပါးစပ်ပိတ်ထားစမ်း။ မင်းအဘိုးဟူက မင်းကို အပြင်ခေါ်သွားပေးမယ်။ ပြီးရင်လေထဲကို ပစ်လိုက်မယ်။ မင်း ဘယ်လို ပျံရမလဲဆိုတာ မသိရင်တော့၊ မင်း ပြုတ်ကျပြီး သေသွားလိမ့်မယ်။ ပြီးကာမှ မင်းကို မကယ်ဘူးဆိုပြီး ငါ့ကို အပြစ်လာမတင်နဲ့”

ဟူကျီက ပြောပြီးသည်နှင့် ကျီချဲကိုမကာ စုမင်အား လှမ်းကြည့်လိုက်သည်။ ထို့နောက် ကိုယ်ကိုကိုင်း၍ လိုဏ်ဂူအပြင်သို့ အရင် ထွက်သွားလေသည်။

အပင်များနှင့် ဖုံးအုပ်ခံထားရကာ ဒေါသထွက်နေသော အမူအရာဖြင့် ကိုင်မြှောက်ခံထားရသော ကျီချဲကို မြင်လိုက်ချိန်တွင် သူပြုံးလိုက်မိပြီး နောက်ကလိုက်သွားမိ၏။

သူတို့သုံးဦးသည် အလင်းတန်းများ အသွင်ဖြင့် နဝမတောင်ထွတ်မှ ထွက်ကာ အဝေးတွင်တည်ရှိသော ကောင်းကင်ဘုံ တံခါးဝအောက်ရှိ တောင်ထွတ်ကိုးလုံး၏ အလယ်ဗဟိုထံ ဦးတည်လိုက်ကြသည်။ ထိုနေရာတွင် အဆောက်အဦများစွာရှိပြီး အလွန်ခမ်းနား ကြီးကျယ်ဟန် ပေါ်နေခဲ့သည်။

အဆောက်အဦများသည် ကျောက်စိမ်းများမှ တည်ဆောက်ထားဟန် ပေါ်ပြီး ခမ်းနားကြီးကျယ်သော အရှိန်အဝါတစ်ခုအား ထုတ်လွှတ်လျက် ရှိသည်။ အဆောက်အဦများ၏ အတွင်းအပြင်တွင် မရေမတွက်နိုင်သော လူများ သွားလာနေကြပြီး သက်ဝင်လှုပ်ရှား နေချေသည်။

လေထဲတွင် ဦးဆောင် ပျံသန်းလာသော ဟူကျီသည် နဝမတောင်ထွတ် ဧရိယာအား ကျော်သည်နှင့် သူ့ညာလက်ကို ဖြေလျှော့လိုက်သည်။ သူသည် ကျီချဲကို ပစ်လိုက်ရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ဟေး၊ ငါအခု မင်းကို ပြုတ်ကျခွင့် ပြုလိုက်ပြီနော်”

သူဇောက်ထိုး ပြုတ်ကျနေချိန်တွင် ကျီချဲမျက်နှာက ဖြူရော်သွားခဲ့သည်။ သို့သော် သူ ပေ၁၀၀၀ခန့် ပြုတ်ကျပြီးသည်နှင့် အံ့အားသင့် ဝမ်းမြောက်သော အမူအရာတစ်ခုက သူ့မျက်နှာထက်၌ ရုတ်ခြည်း ဖြစ်ပေါ်လာခဲ့သည်။ သူ၏ ပြုတ်ကျနေသော ခန္ဓာကိုယ်က ရုတ်တရက် ရပ်တန့်သွားပြီး လေထဲသို့ ပျံတက်လိုက်သည်။

သို့သော် မကြာခင်မှာပင် သူ့မျက်နှာထက်ရှိ ပျော်ရွှင်မှုသည် စိတ်သောက ရောက်မှုအဖြစ် ပြန်လည်ပြောင်းလဲ သွားခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် စုမင်၊ ဟူကျီတို့နှင့် သိပ်မဝေးသော နေရာတွင်သာ နေနိုင်ပြီး ထိုသို့မဟုတ်လျှင် သူ့စွမ်းအားများက နောက်တစ်ကြိမ် ပြန်လည် ချိပ်ပိတ်ခံလိုက်ရသည်ကို သိလိုက်ရသောကြောင့်ပင် ဖြစ်သည်။

သူ ကြိုးစားကြည့်စရာပင် မလိုပေ။ အကယ်၍ သူသာ စုမင်နှင့် ဟူကျီကို တိုက်ခိုက်မည်ဆိုလျှင် သူ၏ ယာယီကင်းလွတ် ခံထားရသော စွမ်းအားသည် နောက်တစ်ကြိမ် ချက်ချင်း ပြန်လည်ချိပ်ပိတ် ခံရလိမ့်မည်ကိုလည်း သူသိနေပေသည်။

“ဟမ့်၊ မင်းအဘိုးဟူရဲ့ ရှေ့မှာ ဘယ်လိုတောင် ဟန်ဆောင်ရဲတာလဲ။ အဲဒါက အခု ထွက်လာပြီ မဟုတ်လား။ မင်း ဘာကြည့်နေတာလဲ။ မြန်မြန်လုပ်ပြီး ငါတို့နောက်က လိုက်ခဲ့”

ဟူကျီထံမှ အကြည့်တစ်ချက်နှင့်ပင် ကျီချဲသည် တိတ်ဆိတ်စွာ သက်ပြင်းချလိုက်မိပြီး စုမင်နောက်မှ လိုက်ပါသွားလိုက်သည်။

ဟူကျီ၏ အပြုအမူများနှင့် စကားလုံးများကို စုမင် ကြည့်လိုက်မိချိန်တွင် သူ့အပြုံးက ပိုမိုကျယ်ပြန့် လာခဲ့ရသည်။

“ညီငယ်လေး၊ အဲဒါ အဌမတောင်ထွတ်ပဲ။ အဌမတောင်ထွတ်က အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်။ အဲဒီမှာ လူတွေအများကြီး ရှိတဲ့အပြင် အဲလူတွေက အရမ်းသတိကြီးတာပဲ။ သူတို့က တစ်ခုခုကို ဖုံးကွယ်ထား သလိုမျိုးပဲ”

“ဒါပေမဲ့ ငါက နဝမတောင်ထွတ်မှာ ဉာဏ်အကောင်းဆုံး အဘိုးဟူပဲလေ။ ဒီကမ္ဘာပေါ်မှာ ငါ့မျက်လုံးအောက်ကနေ ဖုံးကွယ်ထားနိုင်တဲ့ လျှို့ဝှက်ချက် တစ်ခုမှ မရှိဘူး။ အစ်ကိုနှစ် လုပ်တာတွေကိုတောင် ငါသိသေးတာပဲ”

“ငါက အဌမတောင်ထွတ်က ဝင်္ကပါကို မျက်စိ မှိတ်ပြီးတော့တောင် ဖြတ်သန်းနိုင်တယ်။ စိတ်ဝင်စားဖို့ ကောင်းတဲ့ အရာတွေအများကြီးကို ငါတွေ့ခဲ့ဖူးတယ်။ အတိတ်တုန်းက မိန်းကလေးကနေ ယောက်ျားလေးယောင် ဆောင်ထားတဲ့ တူတပည့်လေး တစ်ယောက်ကိုတောင် ငါတွေ့ခဲ့ဖူးတယ်။ ပြီးတော့ သူမအဝတ်တွေ ချွတ်နေတာကိုတောင် ငါမြင်ဖူးတယ်...”

ပြောဆိုနေရင်းဖြင့် ဟူကျီ၏မျက်လုံးများသည် ပျော်ရွှင်မှုကြောင့် တောက်ပနေလေသည်။

“အဲဒါ သတ္တမတောင်ထွတ်။ အဲဒီက တပည့်တွေ အကုန်လုံးကတော့ အားနည်းတယ်။ ထူးဆန်းတဲ့ ဝင်္ကပါကလည်း အားနည်းတယ် ဆိုပေမဲ့ အဲဒီက တပည့်တွေက အရမ်းဂရုစိုက်လွန်းတာ စိတ်မကောင်းစရာပဲ။ အတိတ်တုန်းက ငါ အဖမ်းခံရတော့မလိုဖြစ်တဲ့ အကြိမ်အနည်းငယ်တောင် ရှိဖူးတယ် ... တချို့အကြိမ်တွေဆိုရင် ငါ အဖမ်းခံခဲ့ရပေမဲ့ လွတ်မြောက်နိုင် လောက်အောင် မြန်တယ်လေ။ စိတ်မကောင်းစရာက ... ငါ အရိုက်ခံရတိုင်း အစ်ကိုနှစ်က မကူညီပဲ ဘေးမှာပဲ ရပ်ကြည့်နေခဲ့တာ...”

“အဲဒါက ဒုတိယတောင်ထွတ်ပဲ။ ကျီချဲနေတဲ့ နေရာဆိုလည်း ဟုတ်တယ်။ ဟမ့်၊ သူတို့လည်းပဲ သူတို့ လျှို့ဝှက်ချက်တွေကို ဒီအဘိုးဟူရဲ့ မျက်လုံးအောက်ကနေ ဖုံးမထားနိုင်ပါဘူး။ အတိတ်တုန်းက ငါ...”

ဟူကျီ၏ ကြွားဝါမှုများနှင့် ပတ်သက်၍ စုမင် သိပ်စဉ်းစားမနေပေ။ သူ အတန်ငယ် ထူးဆန်းသော အကြောင်းအရာများကို ကြားရချိန်၌ စဉ်းစားနေမိချိန်တွင် ဘေးမှ ကျီချဲသည်တော့ ခါးသီးစွာရယ်မောနေ ခဲ့မိချေသည်။

ဒုတိယတောင်ထွတ်ရှိ လူများကြားတွင် ကောလဟာလ တစ်ခုရှိ၏။ ထိုသည်မှာ ညဘက်တွင် အပြင်သို့ထွက်သူ တပည့်များသည် တစ်စုံတစ်ယောက်က သူတို့အား စောင့်ကြည့်နေသည်ဟု ခံစားရလိမ့်မည်ဟူ၍ပင် ... သူတို့သည် နောက်ပိုင်းမှသာ ထိုအရာအား ဟူကျီ လုပ်နေခြင်းဖြစ်ကြောင်း သိရှိခဲ့ရလေသည်။

ဤလူသည် သူအားသည့် အချိန်တိုင်းတွင် တောင်ထွတ်များ၌ ပေါ်လာကာ ချောင်ကျသော နေရာများတွင် ပုန်းကွယ်ရင်း အခြားတပည့်များကို စောင့်ကြည့်ကာ ကျိတ်ရယ်နေတတ်သည်။ အေးခဲကောင်းကင်ကလန် အတွင်းရှိ လူတိုင်းနီးပါး ထိုအကြောင်းကို သိကြချေသည်။

ဟူကျီသည် အေးခဲကောင်းကင် ကလန်အတွင်းမှ သူ၏အောင်မြင်မှုများ၊ အခြားသူများကို ချောင်းရင်းမှ သူသိလာရသည့် လျှို့ဝှက်ချက်များကို ဆက်ပြောရင်းဖြင့် သူတို့သုံးဦးသည် အမွှေးတိုင်တစ်တိုင် ထွန်းစာအချိန်ခန့် ပျံသန်းလာခဲ့ပြီးချိန်တွင် ကောင်းကင်ဘုံတံခါးဝ အောက်တွင်တည်ရှိသော တောင်ထွတ်ကိုးခု၏ အလယ်ဗဟိုသို့ ရောက်ရှိခဲ့ကြသည်။

မြေပြင်ရှိ များစွာသော အဆောက်အဦများထဲမှ တစ်ခုဆီသို့ ဟူကျီက ဦးဆောင်သွားပြီး လေထဲမှ အလျင်အမြန် ဆင်းသက်လိုက်သည်။ ထိုနေရာတွင် အဆောက်အဦများအတွင်း ဝင်ထွက်သွားလာ နေကြသော တပည့်များထဲမှ အချို့သည် ဟူကျီ၏ လမ်းကြောင်းတွင် ရှိနေခဲ့ကြသည်။ သူတို့သည် ဟူကျီကို တွေ့လိုက်သည်နှင့် ထူးဆန်းသော အမူအရာများဖြင့် လမ်းပေါ်မှ အလျင်အမြန် ဖယ်ပေးလိုက်ကြချေသည်။ ဤဆင်ခြင်တုံတရား မရှိသော လူကို ဒေါသမထွက်စေချင်ပေ။ မဟုတ်လျှင် ထိုသူသည် သူတို့ တောင်ထွတ်များသို့ ခိုးကြောင်ခိုးဝှက် လာရောက်ကာ သူတို့ကို ချောင်းကြည့်ခံရခြင်းနှင့် အဆုံးသတ်သွား ပေလိမ့်မည်။

အထူးသဖြင့် အမျိုးသမီး တပည့်များပင်ဖြစ်ပြီး သူတို့သည် ဟူကျီအား တွေ့လိုက်သည်နှင့် အံတကြိတ်ကြိတ် ဖြစ်သွားကြပေလိမ့်မည်။ သူတို့ထဲမှ အချို့သည် ဟူကျီထံသို့ ပျံသန်းသွားရန် ပြင်လိုက်ကြသော်လည်း သူ့နောက်မှ ကျီချဲပါလာသည်ကို တွေ့လိုက်ရချိန်၌ မဆိုင်းမတွပင် နောက်ဆုတ်သွားမိ ကြချေသည်။

ကျီချဲသည် ကြီးမြတ်သော ဆီးနှင်းဖုံး လွင်ပြင်များတွင် အဆင့် ၉ချိတ်သဖြင့် အေးခဲကောင်းကင် ကလန်ထဲ၌ ကျော်ကြားချေသည်။

ကျီချဲသည် ဖစ်ပျက်နေသော အရာများကို မြင်လိုက်ရချိန်တွင် ဟူကျီသည် သူ့အား အဘယ်ကြောင့် ဤနေရာသို့ ခေါ်လာခဲ့ခြင်းဖြစ်သည်ကို ရုတ်တရက် နားလည်သွားမိ၏။

စုမင်သည်လည်း နားလည်သွားပြီး ရန်စွာသော အမူအရာဖြင့် ပျံသန်းသွားနေသည့် ဟူကျီထံ ရယ်မောရင်း လှမ်းကြည့်လိုက်မိသည်။

“ဟမ်၊  မင်းတို့ မာန်စွမ်းအားရှင် ကလေးလေးတွေ ဘာကိုကြည့်နေကြတာလဲ”

“မင်းတို့ ဆက်ကြည့်နေမယ်ဆိုရင် ခုည ငါမင်းတို့ အခန်းတွေထဲကို ခိုးဝင်လာပြီး ငါ ကြည့်ချင်သလောက် စောင့်ကြည့်နေမှာနော်”

“ဟေး ... တူမတပည့်လေး၊ မင်းအဘိုးဟူကို ရှင်းရှင်းလင်းလင်း တွေ့နေတာတောင် လာမနှုတ်ဆက်ပဲ နေရဲတယ်ပေါ့။ ကျီချဲတောင် ငါ့နောက်က ပျံလာတာ မမြင်ဘူးလား”

ဟူကျီသည် လမ်းတစ်လျှောက် အော်ဟစ်လာခဲ့ပြီး သူ့စကားလုံးများကြောင့် ကျီချဲ၏ မျက်နှာအမူအရာက ပိုမိုနက်မှောင်လာ ခဲ့လေသည်။ စုမင်သည်တော့ ဤအခြေအနေထဲတွင် သူ ငိုရမည်လား၊ ရယ်ရမည်လား ဆိုသည်ကို မသိတော့ပါချေ။

ဟူကျီသည် ရန်စွာသော အမူအရာဖြင့် တောင်ထွတ်ကိုးခု အလယ်ရှိ အဆောက်အဦများ ပတ်ဝန်းကျင်၌ လှည့်ပတ် ပျံသန်းနေသည်ကို မြင်လိုက်ချိန်တွင် ကျီချဲသည် ထိုဖိအားကို ဆက်လက် မခံနိုင်တော့ပဲ စုမင်ထံ ခပ်တိုးတိုး ပြောဆိုလိုက်သည်။

“အမ် ... စု ... ဆရာဦးလေး စု ... ဆရာဦးလေးဟူက အရင်တုန်းက အသုံးအဆောင်ပစ္စည်း သိုလှောင်ရာခန်းမကို ၈ခေါက်လောက် ရောက်ဖူးတယ်”

သူသည် ပြောဆိုရင်းမှ သိပ်မဝေးသည့် နေရာတွင်ရှိသော ခန်းမတစ်ခုကို ညွှန်ပြလိုက်သည်။

စုမင် ဟန်လုပ်ကာ ချောင်းဟန့်လိုက်မိသည်။ ထို့နောက် ခန်းမထံတစ်ချက် လှမ်းကြည့်လိုက်ပြီးမှ အေးခဲကောင်းကင် ကလန်၏ တပည့်များကို အော်ဟစ်နေသော သူ့ရှေ့မှဟူကျီထံ လှမ်းကြည့်လိုက်ကာ ပြုံးရယ်ရင်း ပြောလိုက်သည်။

“အစ်ကိုသုံး၊ ကျွန်တော်တို့ အသုံးအဆောင်ပစ္စည်း သိုလှောင်ရာ ခန်းမဆီကို သွားကြမယ်ဆိုရင်ရော ... အစ်ကို လျှောက်ပတ်သွားချင် သေးတယ်ဆိုရင်၊ ကျီချဲကိုနောက်မှ အစ်ကိုနဲ့အတူသွားဖို့ ကျွန်တော် ပြောလိုက်မယ်လေ။ ကျွန်တော်က ... တောင်ကို ပြန်ပြီး လေ့ကျင့်ဖို့လိုသေးတယ်”

ထိုစကားကို ကြားလိုက်ရချိန်တွင် ဟူကျီသည် စိတ်မပျော်ရွှင်ဟန်ဖြင့် လှည့်ကြည့်လာခဲ့သည်။

“ညီငယ်လေး၊ ငါက ယောင်ပေပေ လုပ်နေရတာ ကြိုက်တယ်လို့ ဘယ်သူက ပြောတာလဲ။ ငါ့ညီငယ်လေးကို အသုံအဆောင်ပစ္စည်း ခန်းမဆီ ခေါ်လာပေးရတာက ငါ့အတွက် အရမ်းအရေးကြီးတဲ့ ကိစ္စပဲ။ ငါက နေရာရှာမတွေ့ သေးရုံလေးတင်ပါ။ ကြည့်ပါရစေဦး ... ဟမ် ... အသုံးအဆောင်ပစ္စည်း သိုလှောင်ရာခန်းမက အဲဒီမှာပဲ...”

ဟူကျီသည် အံ့သြနေသော အမူအရာဖြင့် သိပ်မဝေးသော နေရာတွင်ရှိသည့် သိုလှောင်ရာခန်းမကို ညွှန်ပြလိုက်သည်။

ဟူကျီသည် စကားပြောနေရင်းဖြင့် သိုလှောင်ခန်းမရှေ့သို့ ရောက်လာခဲ့သည်။ သို့သော် ခန်းမ၏တံခါးက ပိတ်ထားလေသည်။ ခန်းမအတွင်းမှ လူများသည် ဟူကျီဖြတ်သွားသည်ကို မြင်ခဲ့စဉ်က တံခါးကို အလျင်အမြန် ပိတ်လိုက်ကြခြင်း ဖြစ်ကြောင်း စုမင် သတိရလိုက်မိ၏။

“ဖွင့်စမ်း၊ အဘိုးဟူ ရောက်နေတယ်ကွ။ ငါ ဒီနေ့ တစ်ယောက်ယောက်ကို ရိုက်ဖို့ဒီလာခဲ့တာ မဟုတ်ဘူး။ မင်းတို့ တံခါးကို အခုမဖွင့်ဘူးဆိုရင်တော့၊ ငါ ဒေါသ ထွက်လာတော့မှာနော်”

ဟူကျီသည် တံခါးဆီသို့ လျှောက်သွားကာ ကန်ပစ်ရန် ခြေထောက်ကို မြှောက်လိုက်သည်။

မကြာခင်မှာပင် တံခါးပွင့်သွားပြီး စိတ်ဆိုးနေသော အမူအရာနှင့် ချောမောသော လူတစ်ယောက် ပေါ်လာခဲ့သည်။ ထိုလူသည် မျက်မှောင်ကြုတ်နေပြီး သူ့မျက်နှာ ထက်တွင်တော့ ရှင်းလင်းစွာပင် စိတ်သောက ရောက်နေသော အမူအရာမျိုး ရှိနေခဲ့သည်။

တံခါးနောက်တွင် ရပ်နေသော အမျိုးသားသည် ဟူကျီကိုကြည့်ကာ တစ်စုံတစ်ခုပြောရန် ပါးစပ်ဟလိုက်သည်။

“ဟမ် ... မင်းက ဒီနေ့ ဒီရောက်နေတာကိုး။ ဒီတော့ အဲဒါကြောင့် တံခါးပိတ်ထားတာပဲ။ ညီငယ်လေး၊ သူမက ငါပြောတဲ့ သူမကိုယ်သူမ ယောက်ျားလေးယောင် ဆောင်တယ်ဆိုတဲ့ တစ်ယောက်ပဲ။ ငါ မြင်ခဲ့တယ်...”

အမျိုးသား၏ အမူအရာသည် မယုံနိုင်လောက်အောင်ပင် မည်းမှောင်သွားပြီး မျက်နှာထက်တွင် သွေးကြောများသည်ပင် ပေါက်ထွက်တော့မည်ကဲ့သို့ ထွက်ပေါ်လာခဲ့ကြသည်။

အံ့အားသင့်နေသော အမူအရာဖြင့် အေယ်ဟစ်နေဆဲဖြစ်သည့် ဟူကျီ၏နောက်ကျောကို စုမင် အလျင်အမြန် ပြန်ဆွဲလိုက်ရင်း အမျိုးသားကို တောင်းတောင်းပန်ပန် ပြုံးပြလိုက်ရသည်။

“တူတပည့်လေး၊ ငါ လာခဲ့တဲ့ အကြောင်းရင်းက...”

စုမင်သည် စကားပြော မပြီးသေးခင်မှာပင် မျက်နှာထက်၌ အာရုံစူးစိုက်သော အမူအရာတစ်ခု ဖြစ်ပေါ်သွားရသည်။ အနီးအနားမှ အံ့အားသင့်စွာ အော်ဟစ်သံများကို သူကြားလိုက်ရခြင်းကြောင့် ဖြစ်သည်။ စုမင်ရှေ့တွင် ရပ်နေသော အမျိုးသားသည်ပင် အယူသည်း၍ လေးစားအားကျသော အမူအရာဖြင့် စုမင်နောက်ဘက်ရှိ လေထဲသို့ မော့ကြည့်နေချေသည်။

“ခုနစ်ရောင်ခြယ် အလင်း ... စီနီယာအစ်ကိုကြီး စစ်မာ ပြန်လာပြီ”

“ငါတို့ မှားစရာအကြောင်း မရှိဘူး။ အဲဒါ အစ်ကိုကြီးစစ်မာရဲ့ ခုနစ်ရောင်ခြယ်တောင်ပဲ။ ကြည့်လိုက် ... တောင်ပေါ်မှာထိုင်နေတာ စီနီယာအစ်ကိုကြီး စစ်မာမဟုတ်လား။ ဟမ် ... သူ့ဘေးမှာ ကောင်မလေး တစ်ယောက် ထိုင်နေပါလား ... အဲဒီကောင်မလေးကို ကြည့်ရတာ ... ရင်းနှီးနေသလိုပဲ”

“အဲဒါ တကယ့်ကို အစ်ကိုကြီးစစ်မာပဲ”

အော်ဟစ်သံများသည် သူ့ပတ်ဝန်းကျင် နေရာအနှံ့မှ ထွက်ပေါ်လာခဲ့သည်။ သူတို့ရှိနေသော နေရာသို့ လာနေသည့် ကောင်းကင်ကိုပင် ဖြတ်သန်းလျက် စူးရှစွာ တောက်ပနေသော ခုနစ်ရောင်ခြယ် အလင်းကို သူ့မျက်လုံးထောင့်မှ စုမင်မြင်လိုက်ရသဖြင့် သူဖြည်းညင်းစွာ လှည့်ကြည့်လိုက်မိသည်။

***

All Chapters