← Chapters

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း(87)

ဗီဒီယိုမှတ်တမ်းထဲမှ သန့်ရှင်းရေးအမျိုးသားမှာ မနှစ်ကတည်းက သေဆုံးသွားပြီဖြစ်ကြောင်း ခိုင်ယဲ့ဘက်မှ ဖုန်းဆက်ပြောလာခဲ့သည်။

ယောင်ပင်းမှာ မှင်သက်သွားခဲ့ရ၏။

ဒါရိုက်တာချန်ကို သတ်ခဲ့သူမှာ တကယ်တမ်းတွင် သေဆုံးပြီးသည့်အလောင်းကောင် ဖြစ်နေသည်လား။

ဤသည်မှာ ယောင်ပင်း၏ မျှော်လင့်ချက်များထက် များစွာ ကျော်လွန်နေပေသည်။

သို့သော် ရှောင်ချင်းသည်လည်း အလောင်းတစ်ခု ဖြစ်ပြီး၊ ကျန်းရှောင်ပေသည်လည်း ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်ကာ သေဆုံးခဲ့သူဖြစ်ပေ၏။

သူတို့အနေဖြင့် လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ကြပြီး၊ ရှောင်ချင်းဆိုလျှင် သာမန်လူနှင့်ပင် မခြားနားချေ။

ထို့ကြောင့် လူသတ်သမားမှာ အလောင်းကောင်တစ်ယောက်ဖြစ်နေလျှင်ပင် မဖြစ်နိုင်သည့်အရာတော့ မဟုတ်ပေ။

သို့သော်လည်း အကယ်၍ သန့်ရှင်းရေးအမျိုးသားမှာ သေဆုံးနေပြီဆိုပါက နောက်ကွယ်မှ ကြိုးကိုင်သူကို ခြေရာခံရန်မှာ ပို၍ပင် ခက်ခဲသွားပေလိမ့်မည်။

လက်ရှိရှုထောင့်မှ ကြည့်လျှင် နောက်ကွယ်မှ ကြိုးကိုင်သူသည်က ထိုသန့်ရှင်းရေးအမျိုးသမီးအား အသုံးချ၍ ဒါရိုက်တာချန်ကို သတ်ခိုင်းခဲ့ပြီးနောက်၊ ချန်မိသားစု၏ ဆူပူသောင်းကျန်းမှုများကို ခွင့်ပြုပေးခဲ့သည်။

၎င်းမှာ ယောင်ပင်း၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခြင်းမှလွဲ၍ သူ့အား ထိရောက်သော နစ်နာမှုမျိုး မဖြစ်စေခဲ့ပေ။

သို့ဆိုလျှင် နောက်ကွယ်မှ ကြိုးကိုင်သူ၏ တကယ့်ရည်ရွယ်ချက်မှာ အဘယ်နည်း။

“ယောင်ပင်း”

“သခင်ကြီးကော်ကို အမြန်ကယ်ပေးပါဦး”

ယောင်ပင်း စဉ်းစားနေစဉ်မှာပင် မိုရှောက်ယောင်၏ စိုးရိမ်တကြီး အော်ဟစ်သံက သူ၏နောက်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

ယောင်ပင်း ထိတ်လန့်သွားပြီး ချက်ချင်းပင် နောက်သို့ လှည့်ကြည့်လိုက်လေသည်။

သူ၏နောက်ဘက်မှ အခြေအနေကို သေသေချာချာ မြင်လိုက်ရသောအခါ ယောင်ပင်းလည်း ထိတ်လန့်သွားခဲ့ရသည်။

လက်ရှိတွင် တုမင်ယွမ်၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းစွာ ပြောင်းလဲနေလေပြီ။

သူသည် သခင်ကြီးကော်၏ လည်ပင်းကို တင်းကျပ်စွာ ညှစ်ထားခဲ့သည်။

သခင်ကြီးကော်၏ မျက်နှာမှာ အသက်ရှူကျပ်မှုကြောင့် နီရဲနေပြီး သူ၏ခြေထောက်များမှာလည်း လေထဲတွင် ယောင်ယမ်းကန်ကျောက်နေရကာ စကားတစ်ခွန်းမျှပင် မပြောနိုင်တော့ပေ။

မိုရှောက်ယောင်က သူတို့အား ခွဲထုတ်ရန် အရှေ့သို့ ပြေးဝင်သွားသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရ၏။

တခြားသူများမှာတော့ ကြောက်လန့်တကြားဖြင့် မှင်သက်ကာ ရပ်ကြည့်နေမိကြပြီး မိုရှောက်ယောင်အား ကူညီရန်ပင် မေ့လျော့နေကြလေသည်။

“အစ်ကိုခိုင်... အဲဒီသန့်ရှင်းရေးသမားရဲ့ နောက်ကွယ်က အဆက်အသွယ်ကွန်ရက်ကို ထပ်ပြီး စုံစမ်းပေးပါဦး၊ တစ်ခုခု သိတာနဲ့ ကျွန်တော့်ကို ချက်ချင်း အသိပေးပါ”

ယောင်ပင်းက ခိုင်ယဲ့အား အလျင်အမြန် ပြောလိုက်ပြီးနောက် ဖုန်းချလိုက်လေသည်။

ထို့နောက် ချက်ချင်းပင် တုမင်ယွမ်၏ ဘေးသို့ ပြေးဝင်သွားကာ သူ၏ ဂုတ်ပိုးကို ပြင်းထန်စွာ ရိုက်ချလိုက်၏။

တုမင်ယွမ်၏ ခန္ဓာကိုယ်မှာ ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ ပြိုလဲကျသွားခဲ့လေသည်။

သခင်ကြီးကော်၏ ခန္ဓာကိုယ်မှာလည်း အားအင်ကုန်ခမ်းသွားကာ မြေပြင်ပေါ်သို့ ပြိုလဲလုနီးပါး ဖြစ်သွားခဲ့ရပေသည်။

“မစ္စတာကော်... ခုနက ဘာဖြစ်သွားတာလဲ”

ယောင်ပင်းက လျင်မြန်စွာ တုံ့ပြန်ကာ သခင်ကြီးကော် မလဲကျမီ ဖမ်းထိန်းလိုက်ပြီး ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။

“ကျွန်တော် ဖုန်းမကိုင်ခင်အထိ သူ အဆင်ပြေနေသေးတာပဲ၊ ဘာလို့ ရုတ်တရက်ကြီး ဒီလောက် ကြမ်းတမ်းသွားရတာလဲ”

လူသားတို့သည် ယန်ဖြစ်ပြီး၊ တစ္ဆေဝိညာဉ်တို့မှာ ယင်ဖြစ်၏။

ထို့ကြောင့် လူသားတို့တွင် ပုံသေအခြေအနေရှိသော်လည်း၊ တစ္ဆေတို့မှာတော့ ခန့်မှန်းရခက်လွန်းပေသည်။

ဝိညာဉ်တစ်ခုကို အနည်းငယ်မျှ ဆွပေးရုံဖြင့် အလွန်အမင်း ကြမ်းတမ်းသွားတတ်ပေသည်။

ထို့ထက်ပိုသည်မှာ ကျားစစ်ယွီသည်က လူသတ်ခံခဲ့ရသူ ဖြစ်သည်။

သူမကို ‘နှလုံးဖောက်ငရဲ’ မှ ဟေးပိုင်ဝူချန်ဝိညာဉ်ဖမ်းသူတို့ဖြင့် ဆင့်ခေါ်ထားခြင်း မဟုတ်ပါလား။

သခင်ကြီးကော်မှာ အသက်ကို လုရှူနေရပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေသော တုမင်ယွမ်အား စူးစိုက်ကြည့်နေခဲ့၏။ သူ၏မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေဆဲပင်။

သူသည်က သေတ္တာလေးရှိမည့်နေရာကိုသာ မေးမြန်းခဲ့ခြင်း ဖြစ်သော်လည်း ကျားစစ်ယွီမှာ ချက်ချင်းပင် ဒေါသထွက်သွားကာ သူ၏လည်ပင်းကို ညှစ်ခဲ့ခြင်း ဖြစ်ပေသည်။

တိုက်ခိုက်မှုမှာ ရုတ်တရက်ဆန်လွန်းလှသဖြင့် သခင်ကြီးကော်အနေဖြင့် ခုခံရန် အင်အားမရှိခဲ့ပေ။

ထို့အပြင် သူ၏ အိုမင်းရင့်ရော်နေသော အခြေအနေနှင့် တုမင်ယွမ်၏ ခန္ဓာကိုယ်ကို အသုံးပြုထားသော ကျားစစ်ယွီ၏ ကြီးမားသော အင်အားတို့ကြောင့် သခင်ကြီးကော်မှာ ပြန်လည်တိုက်ခိုက်နိုင်စွမ်း လုံးဝ မရှိခဲ့ပေ။

သူမသည်က ထိုသေတ္တာရှိရာနေရာကို ပြောပြရန် ငြင်းဆန်လိုနေဆဲဖြစ်ပုံရပေသည်။

သူသည်က ထိုအရာကို အနှစ်နှစ်ဆယ်တိုင်အောင် ရှာဖွေခဲ့သော်လည်း ယခုထက်တိုင် ရှာမတွေ့သေးချေ။

ထိုအချိန်တွင် သခင်ကြီးကော်မှာ သူ သေရတော့မည်ဟုပင် ထင်မှတ်ခဲ့မိသည်။

ကံကောင်းစွာဖြင့် ယောင်ပင်း အချိန်မီ ရောက်လာခဲ့လေ၏။

သို့မဟုတ်ပါက တုမင်ယွမ်က သူ့ကို အသေသတ်သွားပေလိမ့်မည်။

“ဘာမှမဟုတ်ပါဘူး”

သခင်ကြီးကော်က အမောတကောဖြင့် ခေါင်းခါပြကာ မရေမရာပင် ဖြေလိုက်သည်။

“ငါ့ရဲ့ မေးခွန်းက သူ့ကို ဆွပေးလိုက်သလို ဖြစ်သွားလို့ ထင်ပါတယ်”

သခင်ကြီးကော်သည်က ဤကိစ္စကို အသေးစိတ် မပြောလိုကြောင်း ထင်ရှားပေသည်။

သူ မပြောလိုသည့်အတွက် ယောင်ပင်းကလည်း ထပ်မံ၍ မမေးမြန်းတော့ပေ။

ယောင်ပင်းက တုမင်ယွမ်၏ မျက်လုံးများကို စစ်ဆေးကြည့်လျှင် ကြည်လင်နေသည်ကို မြင်ရသဖြင့် သခင်ကြီးကော်အား ပြောလိုက်သည်။

“အဘွားကော်ကို မြေအောက်အရာရှိတွေက ပြန်ခေါ်သွားပါပြီ၊ စိတ်မပူပါနဲ့တော့”

“ပြန်ခေါ်သွားပြီလား”

သခင်ကြီးကော်၏ တင်းမာနေသော အာရုံကြောများမှာ ရုတ်ခြည်းပြေလျော့သွားခဲ့ပြီး တိုးညင်းစွာ ရေရွတ်လိုက်၏။ ထို့နောက် သက်ပြင်းသဲ့သဲ့ ချလိုက်လေ၏။

“သွားရမဲ့ အချိန်တန်ပြီပေါ့”

သူ၏ အမူအရာမှာ ရှုပ်ထွေးနေပြီး လေသံမှာလည်း လေးလံနေခဲ့သည်။

ယောင်ပင်းက အလိုက်တသိဖြင့် ပြောလိုက်သည်။

“မစ္စတာကော်... ကျွန်တော်တို့ ဒီနေ့တော့ ခင်ဗျားကို အနှောင့်အယှက် မပေးတော့ပါဘူး”

သခင်ကြီးကော်က လက်ယမ်းပြလိုက်လေ၏။

“မာစတာယောင်... ငါကိုယ်တိုင် လိုက်မပို့နိုင်တော့တာ ခွင့်လွှတ်ပါ၊ အားလုံးပဲ ကိုယ့်ဘာသာကိုယ်ပဲ ထွက်သွားကြပါဦး”

သူသည်က ယခုလေးတင် ကျားစစ်ယွီ၏ လည်ပင်းညှစ်ခံရသဖြင့် သေလုမတတ် ဖြစ်ခဲ့ရပြီး ယခုထက်တိုင် အားပြန်မပြည့်သေးပေ။

တခြားသူများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ သခင်ကြီးကော်၏ ဆိုလိုရင်းမှာ တုမင်ယွမ်နှင့် သခင်လေးမာ တို့အပါအဝင် အားလုံး ထွက်သွားနိုင်သည်ဟူ၍ ဖြစ်နေသည်လား။

အကယ်၍ ထိုသို့ဆိုလျှင် ယောင်ပင်းက တုမင်ယွမ်နှင့် သခင်လေးမာ တို့၏ အသက်ကိုသာမက ၎င်းတို့၏ အနာဂတ်ကိုပါ ကယ်တင်ပေးလိုက်ခြင်းပင် မဟုတ်ပါလား။

“ဘာရပ်ကြည့်နေကြတာလဲ”

လူတိုင်း မှင်သက်နေသည်ကို မြင်သောအခါ ယောင်ပင်းက လေသံနှိမ့်၍ ငေါက်လိုက်လေသည်။

“ဘာလဲ... သခင်ကြီးကော်က မင်းတို့ကို လိုက်ပို့မှာကို စောင့်နေတာလား၊ မင်းတို့နှစ်ယောက်... တုမင်ယွမ်ကို မပြီးတော့ အပြင်ကို အမြန်ထွက်သွားကြစမ်း၊ သခင်ကြီးကော်ကို အနှောင့်အယှက် မဖြစ်စေနဲ့”

သူသည်က သခင်ကြီးကော်အပေါ် ယဉ်ကျေးစွာ ပြုမူနေခြင်း ဖြစ်ပေသည်။

ယောင်ပင်း၏ ဆူငေါက်သံကြောင့် အခြားသူများမှာ သတိပြန်ဝင်လာကြပြီး၊ သတိမေ့နေသော တုမင်ယွမ်အား အလျင်အမြန် မချီကာ ခန်းမဆောင်အပြင်ဘက်သို့ ကမန်းကတန်း ထွက်ခွာသွားကြတော့သည်။

မကြာမီတွင် အရှေ့ခန်းမဆောင်အတွင်း၌ သခင်ကြီးကော် တစ်ဦးတည်းသာ ကျန်ရှိတော့၏။

လူတိုင်း ထွက်သွားပြီးနောက် သခင်ကြီးကော်က အေးစက်စွာ ခေါ်လိုက်သည်။

“ကော်ယင်ပင်း”

ပုံရိပ်တစ်ခုမှာ ခန်းမဆောင်၏ ဘေးဘက်မှ လျင်မြန်စွာ ထွက်ပေါ်လာပြီး သခင်ကြီးကော်၏ ရှေ့သို့ လျှောက်လာလေသည်။

“သခင်ကြီး... ဘာများ အမိန့်ရှိပါသလဲ”

ယွင်ပင်းစံအိမ် အပြင်ဘက်တွင် :

လူအချို့သည် တုမင်ယွမ်အား ကားပေါ်သို့ တင်လိုက်ကြပြီးနောက် ယောင်ပင်းအား ၎င်းတို့နှင့်အတူ လိုက်ပါရန် ခေါ်ဆိုကြလေသည်။

မည်သို့ပင်ဖြစ်စေ ယောင်ပင်းက တုမင်ယွမ်နှင့် သခင်လေးမာတို့ကို ကယ်တင်ခဲ့သည် မဟုတ်ပါလား။

ယောင်ပင်းက ငြင်းဆန်လိုက်သည်။

“ဘတ်ကားမှတ်တိုင် တစ်ခုစာလောက်ပဲ ဝေးတာပါ၊ ငါ လမ်းလျှောက်သွားလို့ ရပါတယ်၊ ငါ့မှာ လုပ်စရာ ရှိသေးလို့ မလိုက်တော့ပါဘူး”

အကယ်၍သာ မိုရှောက်ယောင်၏ မျက်နှာကြောင့် မဟုတ်ပါက သူသည်က ဤနေရာတွင် ဆယ့်ငါးမိနစ်မျှပင် နေမည်မဟုတ်ပေ။

“ယောင်ပင်း... ဘတ်ကားပေါ်မှာ လူတွေပြည့်နေလိမ့်မယ်၊ ရှင့်အတွက် ကျွန်မတို့နေရာ ဖယ်ပေးလို့ ရပါတယ်၊ ရှင် ဘယ်ကို သွားမှာလဲ၊ ကျွန်မတို့ လိုက်ပို့ပေးပါ့မယ်”

မိုရှောက်ယောင်က ယောင်ပင်း၏ မျက်လုံးများကို စူးစိုက်ကြည့်ကာ ပြောခဲ့သည်။

“ရှင် ဒီနေ့ သူတို့နှစ်ယောက်ကို ကယ်ခဲ့တာလေ၊ သူတို့တွေ ရှင့်ကို သေသေချာချာ ကျေးဇူးမတင်ရသေးဘူးမလား”

မိုရှောက်ယောင်သည် ဤစကားကို အခြားသူများ ကြားစေရန် ရည်ရွယ်၍ ပြောဆိုခြင်း ဖြစ်၏။

သူမ၏ သူငယ်ချင်းများက ယောင်ပင်းအား နှိမ်ချကြသည်ကို သူမ သိရှိပေသည်။

သို့သော် ၎င်းတို့ ပြောဆိုနေကြသော ‘အသုံးမကျသူ’ ဟူသည်မှာ မည်သူမျှ မစော်ကားဝံ့သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သိစေချင်နေခဲ့သည်။

မိုရှောက်ယောင် စကားပြောလိုက်သည်နှင့် သခင်လေးမာက ချက်ချင်းပင် ဝင်ပြောလိုက်သည်။

“ဟုတ်တယ်၊ ဟုတ်တယ်... မာစတာယောင်... ကျွန်တော့်အသက်ကို ကယ်ခဲ့လို့ ကျေးဇူးတင်စကားတောင် မပြောရသေးဘူး! ဒီမှာ... ဒီနေ့ ခင်ဗျား ဘာစားချင်လဲ၊ ဘာလုပ်ချင်လဲသာ ပြောပါ၊ ကျွန်တော် အကုန် တာဝန်ယူပါတယ်”

“အားနာစရာ မလိုပါဘူး၊ ဒါကဘာမှမဟုတ်ပါဘူး”

ယောင်ပင်းက ယဉ်ကျေးစွာ ငြင်းပယ်လိုက်၏။

“ဒါနဲ့.. မင်းက ဟေးပိုင်ဝူချန်ဝိညာဉ်ဖမ်းသူတွေကို ဘယ်လို အမိန့်ပေးတာလဲ၊ ကျွန်တော့်ကိုရော သင်ပေးလို့ ရမလား၊ ကျွန်တော် ခင်ဗျားရဲ့ တပည့် လုပ်လို့ရမလား”

“ဒါက...”

“ကျွန်တော် သင်တန်းကြေး ပေးပါ့မယ်၊ သင်ပေးလို့ ရမလားဟင်”

“ငါ့မှာ တကယ်လုပ်စရာ ရှိလို့ပါ၊ အရင်သွားလိုက်ပါဦးမယ်”

ယောင်ပင်းသည်ကားသခင်ကြီးကော်၏ ဂုဏ်သရေရှိ ဧည့်သည်တစ်ဦး ဖြစ်သကဲ့သို့၊ ဟေးပိုင်ဝူချန်ဝိညာဉ်ဖမ်းသူတို့ကိုပင် အမိန့်ပေးနိုင်သူ ဖြစ်၍ သခင်လေးမာမှာ ယောင်ပင်းအား နတ်ဘုရားတစ်ပါးကဲ့သို့ အလွန်အမင်း ကိုးကွယ်သွားခဲ့လေပြီ။

ထို့ကြောင့် သူ့အား ဆရာတင်ရန် တကောက်ကောက် လိုက်လံပူဆာနေတော့သည်။

ထို့အပြင် သူ၏ ပူဆာပုံမှာလည်း ပထမတန်းစားပင် ဖြစ်ချေသည်။

ယောင်ပင်းမှာ မတတ်သာဘဲ အကြောင်းပြချက်တစ်ခု ပေးကာ ထွက်ခွာခဲ့ရလေသည်။

ကံကောင်းစွာဖြင့် မိုရှောက်ယောင်က သခင်လေးမာမှ ယောင်ပင်းနေညက်သို့တကောက်ကောက်လိုက်နေသည်ကိုမြင်သဖြင့် အကြောင်းပြချက်တစ်ခုဖြင့် ဆွဲခေါ်သွားခဲ့လေ၏။

မဟုတ်ပါက သခင်လေးမာ မည်မျှအထိ ထပ်မံ ပူဆာနေမည်ကို မည်သူမျှ မသိနိုင်ပေ။

“ဆရာ! ခင်ဗျားမှာ တစ်ခုခု လိုအပ်ရင် ကျွန်တော့်ကိုသာ ပြောလိုက်ပါ၊ မီးပင်လယ်ပဲ ဖြစ်ဖြစ်၊ ရေပင်လယ်ပဲ ဖြစ်ဖြစ်၊ သေရမယ်ဆိုရင်တောင် ကျွန်တော် လုပ်ပေးပါ့မယ်!”

“ဆရာ! တစ်ခုခု လိုရင် ကျွန်တော့်ကို ဖုန်းဆက်ဖို့ မမေ့နဲ့ဦးနော်! ကျွန်တော် သစ္စာရှိရှိ အလုပ်အကျွေး ပြုပါ့မယ်...”

ယောင်ပင်းမှာ အဝေးကြီး ရောက်အောင် လျှောက်လာခဲ့သော်လည်း သခင်လေးမာ၏ သစ္စာခံနေသော အော်ဟစ်သံများကို ကြားနေရဆဲပင်။

“သူ့ရဲ့ စကားအသုံးအနှုန်းတွေက တော်တော်လေး ဆိုးတာပဲ”

ယောင်ပင်းက အနည်းငယ် ခေါင်းခါလျက် သက်ပြင်းချလိုက်သည်။

“ငါ့ထက်တောင် ပိုဆိုးသေးတယ်”

သူ ရေရွက်စကားပြောနေချိန်မှာပင် နံပါတ် (၇၉) ဘတ်ကားမှတ်တိုင်သို့ ရောက်ရှိလာခဲ့လေ၏။

*

အခန်း(88)

ဘတ်စ်ကား မှတ်တိုင်တွင် လမ်းဘေးမီးတိုင် တစ်တိုင်သာ ရှိပေသည်။

အလင်းရောင်မှာ မှိန်ဖျော့လှ၏။

မှတ်တိုင်မှာ အထီးကျန်နေပြီး နံပါတ် (၇၉) ဘတ်ကားမှာလည်း ရောက်မလာသေးပေ။

အချိန်မှာ နောက်ကျနေပြီ ဖြစ်ရာ ဘတ်စ်ကားကို စောင့်နေသူမှာ ယောင်ပင်း တစ်ဦးတည်းသာရှိတော့၏။

ယောင်ပင်းသည် ဆယ်မိနစ်ခန့် စောင့်ဆိုင်းခဲ့သော်လည်း ဘတ်ကားမှာ ရောက်မလာသေးပေ။

သူ ပျင်းရိလာသဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်လျှင် မှတ်တိုင်၏ တခြားတစ်ဖက်တွင် ရပ်နေသော ပုံရိပ်တစ်ခုကို ရုတ်တရက် မြင်လိုက်ရသည်။

ထိုပုံရိပ်မှာ ယောင်ပင်းနှင့် နှစ်မီတာခန့် အကွာတွင် ရှိနေပြီး သူ့အား ကျောပေးထားသည့်အတွက် ယောင်ပင်းအနေဖြင့် ပုံရိပ်၏ အကြမ်းထည်ကိုသာ မြင်တွေ့ရပေသည်။

ယောင်ပင်းက ထိုအမှောင်ရိပ်ကို ကြည့်လိုက်ကာ ချက်ချင်းပင် မျက်မှောင်ကြုတ်သွားခဲ့၏။

လက်ရှိမှာ ဆောင်းဦးပေါက် အချိန်ဖြစ်သော်လည်း ရာသီဥတုမှာ နွေးနေသေးသည်။ သို့သော်လည်း ထိုသူသည် ထူထဲသော မိုးကာအင်္ကျီနှင့် ဦးထုပ်ကို ဆောင်းကာ ခြေဆုံးခေါင်းဆုံး လုံအောင် ထုပ်ပိုးထားချေသည်။

ယောင်ပင်းအား ပို၍ အံ့အားသင့်စေသည်မှာ ထိုသူသည် သူ့အား ကျောပေးထားလျက် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ မလှုပ်မယှက် ရပ်နေခြင်းပင် ဖြစ်၏။

ထိုသူက ဆယ်မိနစ်ကျော်တိုင်အောင် ရပ်နေခဲ့ပြီး နံပါတ် (၇၉) ဘတ်ကား ဖြည်းဖြည်းချင်း ဆိုက်ရောက်လာချိန်အထိ မလှုပ်လာခဲ့ပေ။

ယောင်ပင်းလည်း အလျင်အမြန်ပင် ဘတ်ကားပေါ်သို့ တက်လိုက်လေသည်။

ပြတင်းပေါက်ဘေးတွင် နေရာယူပြီးနောက် သူက ထိုအမှောင်ရိပ် ရပ်နေခဲ့သည့် နေရာသို့ အမှတ်မထင် လှည့်ကြည့်လိုက်မိ၏။

တစ်ချက်ကြည့်လိုက်ရုံနှင့် ယောင်ပင်း၏ နှလုံးခုန်သံမှာ မြန်သွားခဲ့ရသည်။ ထိုပုံရိပ် ရပ်နေခဲ့သော နေရာမှာ ဟာလာဟင်းလင်း ဖြစ်နေပြီး အည်သည့်အရာမှမရှိတော့ပေ။

ထိုအမှောင်ရိပ်မှာ လေထဲတွင်ပင် ပျောက်ကွယ်သွားခဲ့လေပြီ။

ထူးဆန်းလိုက်တာ။

အဲဒီအမှောင်ရိပ်က ဘာလဲ။

ဘယ်လိုလုပ်ပြီး ဒီလောက် ရုတ်တရက်ကြီး ပေါ်လာပြီး ပျောက်သွားနိုင်ရတာလဲ။

ယောင်ပင်းက အကြည့်ကို လွှဲလိုက်ပြီး မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်၏။

ထိုအမှောင်ရိပ်မှာ သူ့ဆီသို့ ချဉ်းကပ်လာခြင်း မရှိသည့်အတွက် သူ မမြင်လိုက်သကဲ့သို့သာ ဟန်ဆောင်နေလိုက်မည်။

နာရီဝက်ခန့် ကြာပြီးနောက်။

နံပါတ် (၇၉) ဘတ်ကားမှာ မှတ်တိုင်သို့ ဆိုက်ရောက်လာခဲ့၏။

ယောင်ပင်း ဘတ်ကားပေါ်မှ ဆင်းကာ ဆေးရုံဆီသို့ အလျင်အမြန် လျှောက်သွားလိုက်သည်။

သူသည်က တစ်နေကုန် အပြင်ထွက်နေခဲ့ခြင်း ဖြစ်၍ သူ၏မိခင်နှင့် ကျန်းရှောင်ပေ၏ မိခင်တို့အတွက် အနည်းငယ် စိုးရိမ်နေမိသည်။

အချိန်က ညနက်နေပြီ ဖြစ်၍ ဆေးရုံအတွင်း၌ လူအနည်းငယ်သာ ရှိတော့၏။

ယောင်ပင်းမှာ လမ်းကြောင်းကို ကျွမ်းကျင်စွာပင် ဆေးရုံအတွင်းသို့ ဝင်ရောက်လိုက်ပြီး၊ ညာဘက်သို့ ကွေ့ကာ ဓာတ်လှေကား စီးလိုက်လေသည်။ (၁၉) ထပ်တွင် ရပ်တန့်လိုက်ပြီးနောက် သူ၏ မိခင်ရှိရာ လူနာဆောင်ဆီသို့ အလျင်အမြန် လျှောက်သွားလိုက်၏။

ဖြတ်... ဖြတ်... ဖြတ်...

ယောင်ပင်း သူ၏မိခင်ရှိရာ လူနာဆောင် တံခါးဝသို့ ရောက်ရှိခါနီးမှာပင်၊ သူ၏နောက်ဘက်မှ လေးလံသော ခြေသံများကို ရုတ်တရက် ကြားလိုက်ရသည်။

(၁၉) ထပ်မှာ တိတ်ဆိတ်နေပြီး လူအများအပြား မရှိပေ။

သူ၏အနောက်မှ ထွက်ပေါ်လာသော ခြေသံများမှာ အထူးသဖြင့် ပို၍ လေးလံနေသကဲ့သို့ ထင်ရသည်။

ယောင်ပင်းက အနောက်ဘက်သို့ ရုတ်တရက်လှည့်ကြည့်လိုက်လေ၏။

သူ၏နောက်ဘက်သို့ ကြည့်လိုက်သောအခိုက်တွင် ယောင်ပင်း ရုတ်တရက် တောင့်ခဲသွားခဲ့ရသည်။

သူ၏နောက်ဘက်၊ (၁၉) ထပ်၏ အခြားတစ်ဖက်တွင် အမှောင်ရိပ်တစ်ခု ရပ်နေသည်ကို မြင်လိုက်ရသောကြောင့်ပင်။

ထိုအမှောင်ရိပ်မှာ ထူထဲသော မိုးကာအင်္ကျီကို ဝတ်ဆင်ထားပြီး၊ ဦးထုပ်ဆောင်းထားကာ ခြေဆုံးခေါင်းဆုံး လုံအောင် ထုပ်ပိုးထားချေသည်။

ထိုအမှောင်ရိပ်မှာ ယောင်ပင်းအား အဝေးမှ စူးစိုက်ကြည့်နေ၏။

ယောင်ပင်း နောက်သို့ လှည့်ကြည့်လိုက်သည်ကို မြင်သောအခါ ထိုအမှောင်ရိပ်မှာ ယောင်ပင်းထံသို့ သူ၏ လက်တစ်ဖက်ကို ဖြည်းဖြည်းချင်း မြှောက်ပြလိုက်လေသည်။

ယောင်ပင်း၏ စိတ်ထဲတွင် မရေမရာသော စိုးရိမ်စိတ်တစ်ခု ဖြတ်သန်းသွားခဲ့၏။ ဤအမှောင်ရိပ်သည် သူ့နောက်သို့ တကောက်ကောက် လိုက်နေခြင်းပင်။

ထို့အပြင် ဆေးရုံအထိပါ လိုက်လာခဲ့သည်။

ယောင်ပင်း စဉ်းစားနေစဉ်မှာပင် ထိုပုံရိပ်က သူ၏လက်ကို ဖြည်းဖြည်းချင်း မြှောက်ကာ သူ့ထံသို့လာရန် လက်ယမ်းပြလိုက်လေသည်။

ယောင်ပင်း တုံ့ပြန်ခြင်း မပြုမီမှာပင် ထိုအမှောင်ရိပ်က သူ၏ဦးထုပ်ကို ဖြည်းဖြည်းချင်း ချွတ်လိုက်၏။

ထိုအမှောင်ရိပ် ဦးထုပ်ချွတ်လိုက်သည်နှင့် ယောင်ပင်း၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားခဲ့ရသည်။

ထိုသူမှာ အခြားသူမဟုတ်ဘဲ ဒါရိုက်တာချန်ကို သတ်ခဲ့သည့် သန့်ရှင်းရေးဝန်ထမ်းပင် ဖြစ်နေပေသည်။

ထိုသန့်ရှင်းရေးဝန်ထမ်းက သူ့ကိုယ်ကိုယ် အမှန်တကယ် ထုတ်ဖော်ပြသလာခဲ့ချေပြီ။

သူ့အနေဖြင့် အပင်ပန်းခံစရာ မလိုဘဲ ရှာတွေ့လိုက်လေပြီ။

ယောင်ပင်းမှာ မဆိုင်းမတွဖြင့် ထိုသူ့၏နောက်သို့ ချက်ချင်းပင် လိုက်ပါသွားတော့သည်။

ယောင်ပင်း လိုက်လာသည်ကို မြင်သောအခါ ထိုသူက ချက်ချင်းပင် လှည့်၍ ပြေးလေတော့သည်။

သူသည် လူအုပ်ကြားထဲမှနေ၍ အလွန်လျင်မြန်သော နှုန်းဖြင့် ပြေးလွှားသွားခဲ့၏။

ယောင်ပင်းကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်နေပြီး ထိုသူ၏ ခြေလှမ်းတိုင်းကို တစ်ချက်မျှ မျက်ခြေမပြတ်ဘဲ အရှိန်မလျှော့ဘဲ လိုက်ပါသွားခဲ့လေသည်။

နောက်ကွယ်မှ တစ်စုံတစ်ယောက်က ကြိုးကိုင်နေသည် ဖြစ်၍ သူသည်က ယနေ့တွင် ထိုသန့်ရှင်းရေးဝန်ထမ်းကို ဖမ်းဆီးကာ။ ကြိုးကိုင်နေသူမှာ မည်သူဖြစ်ကြောင်းနှင့် ၎င်းတို့၏ တကယ့်ရည်ရွယ်ချက်ကို သိရှိအောင် လုပ်ဆောင်မည်ဟု ဆုံးဖြတ်ထားသည်။

လမ်းအကွေ့အကောက်များစွာကို ဖြတ်ကျော်ပြီးနောက် ထိုသူမှာ ရုတ်တရက် ဓာတ်လှေကားအတွင်းသို့ ဝင်သွားကာ မြေအောက်ထပ်ဆီသို့ ဦးတည်သွားခဲ့၏။

ယောင်ပင်းက ဓာတ်လှေကားကို စောင့်မနေတော့ဘဲ လှေကားထစ်များမှနေ၍ မြေအောက်ထပ်သို့ အပြေးဆင်းသွားလိုက်သည်။

သူ၏အရှိန်ဖြင့်ဆိုလျှင် ထိုသူကို သေချာပေါက် မိနိုင်မည်ဟု သူ ယုံကြည်နေပေသည်။

မြေအောက်ထပ်။

ရင်ခွဲရုံ။

ရင်ခွဲရုံ၏ တံခါးဝတွင် “ရင်ခွဲရုံ” ဟူသော အနီရောင် စာလုံးသုံးလုံးမှာ မှိန်ဖျော့စွာ လင်းနေပြီး၊ ညအမှောင်ထုအတွင်း၌ တစ္ဆေဆန်သော အနီရောင် အလင်းတန်းများမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသောကြောင့် အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလွန်းပေသည်။

ရင်ခွဲရုံအတွင်း၌ အေးစက်လှသော ရင်ခွဲစင်များနှင့် ရုပ်အလောင်း သိမ်းဆည်းသည့် အခေါင်းများမှာ စီစီရီရီ ရှိနေ၏။

မြေအောက်ထပ် တစ်ခုလုံးမှာ အပြာရောင်သန်းသော အလင်းရောင်များ ကျရောက်နေပြီး သေလူကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေချေသည်။

အပူချိန်မှာလည်း ကြောက်မက်ဖွယ်ကောင်းအောင် အေးစက်နေပေသည်။

အပေါ်မှ ဆွဲထားသော မီးသီးများထံမှ တစီစီအသံများ ထွက်ပေါ်နေ၏။

ထိုအသံမှာ ပတ်ဝန်းကျင်ကို သက်ဝင်လှုပ်ရှားစေခြင်း မရှိဘဲ၊ လူ၏ ဦးရေပြားကို တစစ်စစ် ဖြစ်စေကာ ကြက်သီးမွေးညင်းများ ထစေရန်သာ လုပ်ဆောင်နေသကဲ့သို့ ရှိနေချေသည်။

ယောင်ပင်းက ထိုအမှောင်ရိပ်မှာ မြေအောက်ထပ်သို့ ဆင်းသွားပြီးနောက် ရင်ခွဲရုံအတွင်းသို့ ဝင်သွားသည်ကို အထင်အရှား မြင်လိုက်ရပေသည်။

သူ တုံ့ဆိုင်းမနေဘဲ နောက်မှ လိုက်ဝင်သွားလိုက်၏။

ဟီး... ဟီး..

ယောင်ပင်း ရင်ခွဲရုံအတွင်းသို့ ဝင်လိုက်သည်နှင့် တစပြင်ကဲ့သို့ တိတ်ဆိတ်နေသော နေရာအတွင်း၌ ရယ်မောသံတစ်ခုမှာ ရုတ်တရက် ပဲ့တင်ထပ်လာခဲ့လေပြီ။

ထိုအသံမှာ ယောင်ပင်း၏ နောက်ဘက်မှပင် ဖြစ်၏။

ယောင်ပင်း၏ နှလုံးခုန်သံမှာ မြန်သွားခဲ့ရပြီး သူသည် ရုတ်ခြည်း နောက်သို့ လှည့်ကြည့်လိုက်လေသည်။

ဝုန်း!

ထိုခဏမှာပင် ရင်ခွဲရုံ၏ သံတံခါးမှာ ပြင်းထန်သော အသံနှင့်အတူ ပိတ်သွားခဲ့၏။

ဒေါင်! ဒေါင်!

ပိတ်ထားသော အခေါင်းများမှာ တစ်ခုပြီးတစ်ခု ရုတ်တရက် ပွင့်ထွက်လာခဲ့လေသည်။

ဖျတ်... ဖျတ်...

အခေါင်းများ ပွင့်သွားသည်နှင့် အတွင်းရှိ အလောင်းထည့်အိတ်များမှာ ဆွဲဖြဲခံလိုက်ရပြီး၊ အလောင်းများမှာလရ်း ဖြည်းဖြည်းချင်း ထိုင်လာကြ၏။

ထို့နောက် ရေတွက်၍မရနိုင်သော အလောင်းများမှာ သူတို့၏ ခေါင်းများကို ယောင်ပင်းထံသို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ကြလေသည်။

တောင့်တင်းပြီး၊ အေးစက်ကာ၊ ဖြူဖျော့နေသော မျက်နှာများတွင် မှောင်မည်းပြီး အသက်မဲ့နေသော မျက်လုံးများ ရှိနေကြလေ၏။

ရင်ခွဲရုံမှာ ယခင်ကတည်းက တိတ်ဆိတ်နေသည် ဖြစ်၍ ဤအေးစက်ပြီး အသက်မဲ့လွန်းသော အလောင်းများ ရှိနေခြင်းက ထိတ်လန့်ဖွယ်ရာ ကြောက်ရွံ့မှုများကို ပိုမို ကြီးထွားစေခဲ့ပေသည်။

ဟီး... ဟီး...

ထိုရယ်မောသံက ထပ်မံထွက်ပေါ်လာပြန်၏။

ချက်ချင်းပင် အဝါဖျော့ရောင် အလင်းတန်းတစ်ခုမှာ ရင်ခွဲရုံကို တစ်ပတ်ပတ်သွားပြီးနောက် ဖြူဖျော့သော “အမိန့်တော်” စာလုံးအဖြစ်သို့ ရုတ်ခြည်း ပြောင်းလဲသွားခဲ့လေသည်။

ဘုန်း!

ထို “အမိန့်တော်” စာလုံး ပေါ်လာသည်နှင့် ပေါက်ကွဲသွားခဲ့၏။

အဝါရောင် အလင်းတန်းများမှာ ကွဲကြေသွားပြီး၊ ရေတွက်၍မရနိုင်သော အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ အလောင်းတစ်ခုစီဆီသို့ လွင့်ပျံသွားခဲ့လေသည်။

ကျွီ... ကျွီ...

အဝါရောင် အလင်းတန်းများနှင့် ထိတွေ့မိသော အလောင်းများမှာ ရုတ်တရက် မတ်တပ်ရပ်လာကြပြီး၊ အခေါင်းများအတွင်းမှ တစ်လောင်းပြီးတစ်လောင်း ခုန်ထွက်လာကာ ယောင်ပင်းအား ဖြည်းဖြည်းချင်း ဝိုင်းရံလိုက်ကြလေသည်။

ယောင်ပင်း အကြမ်းဖျင်း ရေတွက်ကြည့်လိုက်လျှင် ထိုင်နေသော အလောင်းများမှာ တစ်ရာထက်မနည်း ရှိနေခဲ့သည်။

ထို့အပြင် အလောင်းတစ်ခုစီမှာ မှိန်ဖျော့သော ရွှေဝါရောင် အလင်းလွှာတစ်ခုဖြင့် ဖုံးအုပ်ထားခဲ့လေ၏။

အကာအကွယ် ဒိုင်းတစ်ခုကဲ့သို့ပင်။

ထိုအချိန်တွင် ယောင်ပင်းတစ်ယောက် သန့်ရှင်းရေးဝန်ထမ်းကို ကြိုးကိုင်နေသူ၏ တကယ့်ရည်ရွယ်ချက်ကို သဘောပေါက်သွားခဲ့၏။

သူ့ကို သတ်ဖြတ်ရန်ပင် ဖြစ်ပေသည်။

“ယမမင်းရဲ့ ဒိုင်း လား”

ယောင်ပင်းက တစ်ချက်ကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။

“အလောင်းတွေကို ထိန်းချုပ်ပြီး ငါ့ကို ရင်ဆိုင်ဖို့ ကြိုးစားတာလား၊ စိတ်မကောင်းပါဘူး၊ မင်းရဲ့ ယမမင်းဒိုင်းက လုံလောက်အောင် အစွမ်းမထက်သေးဘူး”

ထိုသို့ပြောပြီးနောက် ယောင်ပင်းက စတိုးဆိုင်ကိုဖွင့်ကာ “ယမမင်းရဲ့ ဒိုင်း”ကို ဝယ်ယူလိုက်၏။

ထို့နောက် ၎င်းကို ထုတ်ယူလိုက်လေသည်။

သူ ထုတ်ယူလိုက်သည်နှင့် ယောင်ပင်း၏ ဦးခေါင်းအထက်မှ နီရဲသော ရွှေရောင် အလင်းလွှာတစ်ခုက ရုတ်တရက်ပေါ်ပေါက်လာခဲ့၏။

ချက်ချင်းပင် ထိုနီရဲသော ရွှေရောင် အလင်းတန်းမှာ ယောင်ပင်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်သွားခဲ့လေသည်။

ထိုအလင်းရောင်မှာ စူးရှတောက်ပလှပြီး ရွှေခေါင်းလောင်း အကာအကွယ် တစ်ခုကဲ့သို့ပင်။

သူ ယမမင်းဒိုင်းကို ဝယ်ယူပြီးသည်နှင့် အလောင်းအုပ်စုမှာ သူ့အား စတင် တိုက်ခိုက်တော့သည်။

ဝုန်း! ဝုန်း! ဝုန်း!

အလောင်းများမှာ ယောင်ပင်း၏ရှေ့သို့ ပြေးဝင်လာကြသော်လည်း၊ ၎င်းတို့သည်က ယောင်ပင်း၏ ခန္ဓာကိုယ်ပေါ်မှ ရွှေရောင် အလင်းတန်းများနှင့် ထိတွေ့မိသည်နှင့် ပြင်းထန်စွာ ပြန်ကန်ထွက်သွားပြီး လွင့်စင်သွားကြလေသည်။

မကြာမီပင် တစ်လောင်းပြီး တစ်လောင်း မြေပြင်ပေါ်သို့ ပြိုလဲကျသွားကြတော့သည်။

သူတို့၏ ခန္ဓာကိုယ်ပေါ်မှ ဖြူဖျော့သော အဝါရောင် အကာအကွယ်များမှာလည်း ရုတ်ခြည်း ပျောက်ကွယ်သွားခဲ့လေ၏။

သို့သော် ယောင်ပင်းမှာတော့ မလှုပ်မယှက်ဘဲ မတ်တပ်ရပ်နေဆဲပင်။

ခဏအကြာတွင် ရာနှင့်ချီသော အလောင်းများမှာ မြေပြင်ပေါ်၌ ပြိုလဲနေကြပြီး အချိန်အတော်ကြာသည်အထိ ပြန်မထနိုင်ကြတော့ပေ။

ယောင်ပင်းက လှောင်ပြုံးပြုံးလိုက်သည်။

“ငါ့ကို သတ်ချင်တယ်ဆိုရင်လည်း ပွင့်ပွင့်လင်းလင်းပဲ သတ်စမ်းပါ၊ ဘာလို့ ဒီလိုမျိုး ခိုးကြောင်ခိုးဝှက် နည်းလမ်းတွေကို သုံးနေရတာလဲ၊ မင်းမှာ ရှိတာက ဒီလို ကလေးကစားစရာ အကွက်တွေပဲ ဆိုရင်တော့ ငါ့ကို သတ်ဖို့ ကြိုးစားနေတာကို လက်လျှော့လိုက်ဖို့ အကြံပေးချင်တယ်”

သူ စကားပြောပြီးသည်နှင့် မြေပြင်ပေါ်သို့ လဲကျသွားသော အလောင်းများမှာ တစ်လောင်းပြီးတစ်လောင်း ပြန်ထလာကြကာ၊ အရပ်မျက်နှာတစ်ခုဆီသို့ ဦးတည်၍ ရိုသေစွာ ဒူးထောက်လိုက်ကြလေသည်။

သူတို့ ဒူးထောက်လိုက်သည်နှင့် ရင်ခွဲရုံအတွင်းသို့ အေးစက်လှသော လေပြင်းတစ်ခု တိုက်ခတ်လာခဲ့၏။

အနက်ရောင် မီးခိုးတိမ်တိုက်တစ်ခုမှာ ရင်ခွဲရုံအတွင်းသို့ ဖြည်းဖြည်းချင်း ပျံ့နှံ့လာပြီး ပတ်ဝန်းကျင်ကို လုံးဝ ဖုံးလွှမ်းသွားခဲ့လေသည်။

*

All Chapters