← Chapters

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း(89)ယမမင်းနှစ်ပါး

ဘန်း!

ရင်ခွဲရုံအတွင်းရှိ အခေါင်းများနှင့် စက်ကိရိယာများမှာလည်း တုန်ခါလာခဲ့၏။

ဖြူဖျော့နေသော လက်ဖဝါးပေါင်း ရာနှင့်ချီ၍ ရင်ခွဲရုံ၏ ကြမ်းပြင် အက်ကြောင်းများကြားမှလည်းကောင်း၊ မျက်နှာကျက်၏ ထောင့်ပေါင်းစုံမှလည်းကောင်း ရုတ်ခြည်း ထွက်ပေါ်လာပြီး ယောင်ပင်းထံသို့ ပေါင်းပင်များကဲ့သို့ အလျင်အမြန်ပင် တိုးဝင်လာခဲ့ကြလေသည်။

ထိုအချိန်မှာပင် အသိပေးချက်တစ်ခု ပေါ်လာခဲ့သည်။

ယမမင်း ချူကျန်း ပေါ်လာပြီ!

ယမမင်း ချူကျန်း:ဒုတိယမြောက် ယမမင်း။

လိင်: အမျိုးသား။

သေဆုံးချိန်အသက်:၁၀၀၁ နှစ်!

တိုက်ခိုက်ရေးစွမ်းရည်:Level 9!

နှိမ်နင်းရန်ခက်ခဲမှု: Level 9!

မှတ်ချက်: နှိမ်နင်းရန် ခက်ခဲလွန်းသည်၊ သေသေချာချာ ရွေးချယ်ပါ။

ယောင်ပင်းသည် ရင်ခွဲရုံအတွင်းရှိ ရာနှင့်ချီသော အလောင်းများနှင့်၊ ပေါင်းပင်များကဲ့သို့ ပတ်လည်ဝိုင်းနေသော ဖြူဖျော့ပြီး ခြောက်ကပ်နေသော လက်များကို ကြည့်ကာ ခါးသီးစွာ ပြုံးလိုက်မိသည်။

“ငါလည်း ရွေးချယ်ချင်တာပေါ့၊ ဒါပေမဲ့ ဒီအခြေအနေက ငါ့မှာ ရွေးချယ်စရာ ရှိနေသေးလို့လား”

တစ်ဖက်လူ၏ သတ်ကွက်မှာ တကယ့်ကို ရက်စက်လှပေသည်။ သူတို့သည် ဒုတိယမြောက် ယမမင်းကိုပင် တိုက်ရိုက် ဆင့်ခေါ်ထားခြင်း မဟုတ်ပါလား။

တစ်ဖက်လူသည်က ယောင်ပင်းကို အသေသတ်ရန် ဆုံးဖြတ်ထားပုံရပေသည်။

ယောင်ပင်းသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ရှေ့သို့ တိုးသွားလိုက်၏။

သူ့အတွက် နောက်ဆုတ်စရာ လမ်းမရှိသလို၊ သူသည် နောက်ဆုတ်ရန်လည်း စိတ်ကူးမရှိပေ။

ဆယ်ပါးသော ယမမင်းများအနက်မှ ယမမင်းချူကျန်းနှင့် ရင်ဆိုင်ရမည်ဆိုလျှင်ပင်..

“ဒီလောက် အကူအညီတွေ အများကြီးနဲ့ဆိုတော့ ကျွန်တော် တစ်ယောက်တည်း တိုက်လို့တော့ မဖြစ်ဘူး”

ယောင်ပင်းက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ၊ အင်တာဖေ့စ်ကို အလျင်အမြန်ဖွင့်ပြီး ယမမင်းချင်းကွမ်ကို ရှာကာ “ပုခုံးချင်းယှဉ်၍ တိုက်ခိုက်ခြင်း”ကို ရွေးချယ်လိုက်လေသည်။

သူ ရွေးချယ်ပြီးသည်နှင့် နောက်ထပ် အေးစက်လှသော လေပြင်းတစ်ခု တိုက်ခတ်သွားသည်ကို သူ ခံစားလိုက်ရ၏။

ရှဲ... ရှဲ...

ရေတွက်၍မရနိုင်သော အရိုးစုပေါင်း ရာနှင့်ချီမှာ ရင်ခွဲရုံ၏ အက်ကြောင်းတိုင်းမှ ထွက်ပေါ်လာခဲ့လေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရင်ခွဲရုံတစ်ခုလုံးမှာ အေးစက်လှသော လေပြင်းများ၊ ဝေ့ဝဲနေသော အနက်ရောင် မီးခိုးများ၊ ရာနှင့်ချီသော ခြောက်ကပ်သည့်လက်များ၊ ရာနှင့်ချီသော အရိုးစုများနှင့် ရာနှင့်ချီသော အလောင်းများဖြင့် ပြည့်နှက်သွားခဲ့ကာ ငရဲဘုံတစ်ခုနှင့်ပင် တူနေတော့သည်။

ယောင်ပင်းမှာ အသက်ကို ပြင်းပြင်းရှူကာ မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်၏။

ထို့နောက် သူ၏ ဘယ်ဘက်လက်တွင် “လောင်မြိုက်ခြင်း အမိန့်တော်” ကိုလည်းကောင်း၊ ညာဘက်လက်တွင် “လေနှင့်မီး အမိန့်တော်”ကိုလည်းကောင်း ကိုင်ဆောင်ထားလိုက်လေသည်။

ရင်ခွဲရုံအတွင်းရှိ တစ္ဆေဆန်သော လေပြင်းများမှာ ရုတ်တရက် ပြင်းထန်လာချိန်တွင် အမိန့်တော်နှစ်ရပ်လုံးကို သူ၏ လက်နှစ်ဖက်မှ တစ်ပြိုင်နက်တည်း ထုတ်ပြန်လိုက်ချေပြီ။

လေသည် မီးကို အားပေး၏။

မီးသည် လေ၏အရှိန်ကို ယူ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရင်ခွဲရုံအတွင်းရှိ ခြောက်ကပ်သော လက်များမှာ တွန့်ဆုတ်ကာ နောက်ဆုတ်သွားကြပြီး။

ရာနှင့်ချီသော အလောင်းများမှာလည်း အရပ်မျက်နှာအသီးသီးသို့ လွင့်စင်သွားကြတော့သည်။

အကယ်၍ ထိုတစ္ဆေမီးဖြင့် လောင်မြိုက်ခံရမည်ဆိုပါက ၎င်းတို့၏ ဝိညာဉ်များမှာ ပြာအဖြစ်လွင့်စင်သွားပေလိမ့်မည်။

ဤအလောင်းရာနှင့်ချီမှာ နောက်ကွယ်မှ ထိန်းချုပ်ခံထားရခြင်း ဖြစ်သော်လည်း၊ ဤအချက်ကိုတော့ သဘောပေါက်ကြပေသည်။

မီးအရှိန် အပြင်းဆုံးဖြစ်နေချိန်မှာပင် အနီရောင် ဝတ်ရုံဝတ်ဆင်ထားသော ယမမင်းတစ်ပါးနှင့် အပြာရောင် ဝတ်ရုံဝတ်ဆင်ထားသော ယမမင်းတစ်ပါးတို့မှာ တံဆိပ်တစ်ခုစီကို ကိုင်ဆောင်လျက် ရင်ခွဲရုံအတွင်း၌ တစ်ပြိုင်နက်တည်း ပေါ်လာခဲ့ကြလေပြီ။

အပြာရောင် ဝတ်ရုံဝတ်ဆင်ထားသူမှာ ယမမင်းချင်းကွမ် ဖြစ်၏။

အနီရောင်ဝတ်ရုံဝတ်ဆင်ထားသူမှာမူ ယမမင်းချူကျန်းပင် ဖြစ်ချေသည်။

“ကောင်းပြီ၊ ငါ အခု အနားယူလို့ ရပြီထင်တယ်”

ယမမင်းနှစ်ပါး ပေါ်လာသည်ကို မြင်သောအခါ ယောင်ပင်းက ခပ်တိုးတိုး ရယ်မောလိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကာ ဘေးကင်းသော ထောင့်တစ်ခုကို ရှာ၍ စိတ်ဝင်တစား စောင့်ကြည့်နေလိုက်သည်။

“မင်းက ယမမင်းတွေကို အမိန့်ပေးနိုင်မှတော့ ငါ့ဘက်ကလည်း မင်းကို ယမမင်းတွေနဲ့ပဲ ပြန်တိုက်ရမှာပေါ့၊ ဒါမှ တရားမျှတမှာလေ”

ယမမင်းနှစ်ပါး၏ တိုက်ပွဲမှာ သွေးချောင်းစီးမည့် တိုက်ပွဲဖြစ်မည်မှာ သေချာလှပေသည်။

ဤသည်ကိုတော့ လုံးဝ လက်လွတ်မခံသင့်ပေ။

ယမမင်းချင်းကွမ် နှင့် ယမမင်းချူကျန်းတို့မှာ တစ်ပြိုင်နက်တည်း ပေါ်လာကြပြီးနောက် နှစ်ဦးလုံးက ယောင်ပင်းအား လှည့်ကြည့်လိုက်ကြကာ စကားအချို့ကို တိုးတိုးတိတ်တိတ် ပြောလိုက်ကြ၏။

၎င်းတို့မှာ တစ္ဆေဘာသာစကားဖြင့် ပြောဆိုနေခြင်းဖြစ်ပုံရလေ၏။ ယောင်ပင်းအနေဖြင့် နားမလည်နိုင်ဘဲ ဗလုံးဗထွေး အသံများကိုသာ ကြားရပေသည်။

သူတို့နှစ်ဦးမှာ ခဏကြာသည်အထိ အပြန်အလှန် စကားပြောဆိုနေကြလေသည်။

“သူတို့ ဘာတွေပြောနေကြတာလဲ”

ယောင်ပင်းမှာ စပ်စုလိုစိတ်ဖြင့် သူ၏ ဘေးကင်းသော ထောင့်မှ ထွက်လာကာ ၎င်းတို့ပြောနေကြသည်ကို ကြားနိုင်ရန် ယမမင်းနှစ်ပါး၏ အနားသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားလိုက်မိသည်။

သို့သော် သူ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်နှင့် ယမမင်း ချူကျန်း က ယမမင်းချင်းကွမ်အား ဦးညွှတ်လိုက်သည်ကို မြင်လိုက်ရ၏။

ထို့နောက် ချက်ချင်းပင် ယမမင်းချင်းကွမ်ကလည်း ယမမင်းချူကျန်း အားပြန်လည်ဦးညွှတ်လိုက်လေသည်။ ယမမင်းချူကျန်းမှာ မကျေမနပ်ဖြစ်ပုံရပြီး တစ်စုံတစ်ခုကို ဗလုံးဗထွေးပြောဆိုကာ ယမမင်းချင်းကွမ်အား နောက်တစ်ကြိမ် ထပ်မံဦးညွှတ်လိုက်ပြန်သည်။

ယမမင်းချင်းကွမ်ကလည်း ယမမင်းချူကျန်း အား နောက်တစ်ကြိမ် ထပ်မံ ဦးညွှတ်လိုက်ပြန်သည်...

ထိုသို့ဖြင့် ၎င်းတို့မှာ တစ်ဦးကိုတစ်ဦး ဆယ်ကြိမ်မက ဦးညွှတ်နေကြတော့သည်။

ယောင်ပင်းမှာ စိတ်မရှည်တော့ဘဲ နောက်ဆုံးတွင် တိုက်တွန်းလိုက်သည်။

“ခင်ဗျားတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ၊ တိုက်ချင်ရင်လည်း တိုက်ကြ၊ မတိုက်ချင်ရင်လည်း မတိုက်ကြနဲ့တော့!”

သူ စကားပြောပြီးသည်နှင့် ယမမင်းချင်းကွမ် နှင့် ယမမင်းချူကျန်းတို့နှစ်ယောက်က မတ်မတ်ရပ်လိုက်ကြပြီး ယောင်ပင်းအား လှည့်ကြည့်လိုက်ကြ၏။

ယောင်ပင်းအား တစ်ချက်ကြည့်ပြီးနောက် ယမမင်းချင်းကွမ်နှင့် ယမမင်းချူကျန်း တို့နှစ်ဦးလုံးမှာ သူ၏အနားသို့ တိုးလာကြလေသည်။

ထို့နောက် သူတို့နှစ်ဦးစလုံးက ယောင်ပင်းအား ဦးညွှတ်လိုက်ကြလေသည်။

ယောင်ပင်း ရုတ်တရက် မှင်သက်သွားခဲ့ရ၏။

ချက်ချင်းပင် မျက်နှာပြင်မှ အသိပေးချက်တစ်ခု တက်လာခဲ့လေသည်။

“ယမမင်းချင်းကွမ်၏ ဖျောင်းဖျစည်းရုံးမှုကြောင့် ယမမင်းချူကျန်းမှာ စေတနာရှေ့ထား၍ အညံခံခဲ့ပြီ ဖြစ်သဖြင့်၊ အလယ်ပိုင်း မြေအောက်လောကအား တိုးချဲ့ခွင့် ဆုလာဘ်နှင့် မြေအောက်သုံးငွေ သန်း (၅၀)ကို ရရှိပါသည်!”

မကြာမီမှာပင် မျက်နှာပြင်ပေါ်တွင် မြေအောက်လောက၏ မြေပုံ ပေါ်လာခဲ့၏။

မြေပုံပေါ်တွင် အရှေ့ပိုင်းမြေအောက်နန်းတော်နှင့်ကပ်လျက်ရှိသော အလယ်ပိုင်းမြေအောက်လောကနေရာမှာ အနက်ရောင်သို့ ပြောင်းလဲသွားလေပြီ။

၎င်းမှာ အလယ်ပိုင်း မြေအောက်လောက တည်ဆောက်မှု ပြီးဆုံးသွားပြီး ယမမင်းချူကျန်းမှ တာဝန်ယူ အုပ်ချုပ်နေပြီဖြစ်ကြောင်းဆိုလိုခြင်းပင် ဖြစ်၏။

ယောင်ပင်းမှာ နောက်တစ်ကြိမ် အံ့အားသင့်သွားခဲ့ရသည်။

ယမမင်းချူကျန်းက ဒီလောက်မြန်မြန် အညံခံလိုက်တာလား။

ပြီးတော့ ယမမင်းချင်းကွမ်က စကားနည်းနည်းလောက်နဲ့ ဖျောင်းဖျလိုက်တာတင်လား။

သူက အတော်လေး စကားပြောရလွယ်တဲ့လူပဲဖြစ်ရမယ်။

ယမမင်းချင်းကွမ်က ယမမင်းချူကျန်းကို မည်သည့်စကားများ ပြောလိုက်သည်ကို သူ ရုတ်တရက် သိချင်သွားမိသည်။

…

ပင်းဟိုင်မြို့၏ တစ်နေရာတွင်။

ဗီလာတစ်ခု၏ နောက်ဖေးဥယျာဉ်အတွင်း၌ အဘိုးအိုတစ်ဦးနှင့် လူငယ်တစ်ဦးတို့မှာ ဒူးတုပ်ထိုင်နေကြပြီး၊ ၎င်းတို့အလယ်တွင် ရေအင်တုံကြီးတစ်ခု ရှိနေပေသည်။

ရေအင်တုံ၏ ပတ်ပတ်လည်တွင် သွေးများဖြင့် ‘ပကွား ချန်ခွန်း’အစီအရင်ကို ဖော်ဆောင်ထားပြီး၊ အပြင်ဘက်တွင်တော့ ‘တစ္ဆေတစ်ရာ ယမမင်းနှိမ်နင်းရေး’ အစီအရင် ရှိနေသည်။

ဤအစီအရင်နှစ်ခုကို ပေါင်းစပ်လိုက်ပါက ငရဲပြည်၏ အရှင်သခင်ဖြစ်သော ယမမင်း၏ အစွမ်းကိုပင် အမိန့်ပေးစေခိုင်းနိုင်သည်။

ယမမင်း၏ ပါဝင်ပတ်သက်မှုနှင့်ဆိုလျှင် မည်သူမျှ သူ့ကို ယှဉ်နိုင်မည် မဟုတ်တော့ပေ။

ရေအင်တုံအတွင်းရှိ ရေမျက်နှာပြင်ပေါ်တွင် ဆေးရုံရင်ခွဲရုံ၏ ပုံရိပ်က ပေါ်လွင်နေ၏။

ရင်ခွဲရုံအတွင်း၌ တစ္ဆေပေါင်း ရာနှင့်ချီ၍ ဒူးထောက်နေကြပြီး၊ သူတို့၏ လက်ပေါင်းထောင်သောင်းက ပေါက်ဖွားလာကာ မျက်စိတစ်မှိတ်အတွင်း လေဟာနယ်ငရဲဘုံတစ်ခု ဖြစ်ပေါ်လာခဲ့ချေသည်။

ဤငရဲဘုံအတွင်းသို့ ဝင်ရောက်လာသည့် မည်သူမဆို သေလူဖြစ်ရပေမည်။

ယခုအခါ ယောင်ပင်းမှာ ထိုငရဲဘုံအတွင်းသို့ ရောက်ရှိနေပြီ ဖြစ်၏။

သူတို့မှာ ယောင်ပင်း၏ အသက်ကို လိုချင်နေကြခြင်းပင်။

အဘိုးအိုနှင့် လူငယ်နှစ်ဦးအနက် အဘိုးအိုမှာ ယခင်က ယောင်ပင်းနှင့် တိုက်ခိုက်ခဲ့ဖူးသော မာစတာလျို့ ဖြစ်ပြီး အခြားတစ်ဦးမှာမူ မာစတာကန်း ဖြစ်ပေသည်။

မာစတာလျို့မှာ မိုရှန်ဂိုဏ်း၏ ဝါရင့်မျိုးဆက်များအကြားတွင် ထိပ်သီးပုဂ္ဂိုလ်တစ်ဦး ဖြစ်သဖြင့် အစွမ်းထက်ပြီးသား ဖြစ်၏။

မာစတာကန်းမှာတော့ တာအိုလောက၏ ပါရမီရှင်တစ်ဦးဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်ဖြင့် မာစတာလျို့ထက်ပင် အဆင့်မြင့်သော တာအိုဆရာသခင်အဆင့်သို့ ရောက်ရှိနေသူ ဖြစ်သည်။

ယောင်ပင်းနှင့် တိုက်ပွဲတွင် နှစ်ကြိမ်တိုင်တိုင် ရှုံးနိမ့်ခဲ့ပြီး တပည့်အများအပြား ဆုံးရှုံးခဲ့ရသဖြင့် မာစတာလျို့မှာ နာကျည်းခြင်းနှင့် ဒေါသတို့ဖြင့် ပြည့်နှက်နေခဲ့၏။ ထို့ကြောင့် သူသည် မာစတာကန်ထံသို့ တိုက်ရိုက်သွားရောက်ကာ ယောင်ပင်းအား အမြစ်ဖြတ်ရန် အင်အားချင်း ပူးပေါင်းခဲ့ခြင်း ဖြစ်ပေသည်။

သန့်ရှင်းရေးဝန်ထမ်းနှင့် ဒါရိုက်တာချန်တို့ သေဆုံးမှုမှာ မာစတာကန်း၏ လက်ချက်ပင် ဖြစ်၏။

သန့်ရှင်းရေးဝန်ထမ်းအား ဆေးရုံသို့ လွှတ်လိုက်ခြင်းမှာ ယောင်ပင်းအား ရင်ခွဲရုံဆီသို့ မျှားခေါ်ရန် အကွက်ဆင်ခြင်းဖြစ်ပြီး၊ ထိုနေရာတွင် လေဟာနယ်ငရဲဘုံကို ဖန်တီးကာ ယောင်ပင်းအား သတ်ပစ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်ပေသည်။

အရာအားလုံးမှာ အဆင်ပြေချောမွေ့စွာ လည်ပတ်နေခဲ့၏။

ယမမင်းချူကျန်း နှင့် ယမမင်းချင်းကွမ်တို့ ပေါ်မလာခင်အချိန်အထိပင်။

“ညီလေးကန်း... ငါတို့က ယမမင်းချူကျန်းကို ဆင့်ခေါ်ထားတာ မဟုတ်ဘူးလား ၊ ဘာလို့ ယမမင်းချင်းကွမ် ပါ ရောက်နေတာလဲ”

မာစတာလျို့က တွန့်ဆုတ်စွာဖြင့် မာစတာကန်းအား သတိပေးလိုက်သည်။

“ယမမင်းချင်းကွမ်ကို အဲ့ဒီကောင်လေးက နှိမ်နင်းထားပြီးသားလို့ ငါ့ညီဆီက ကြားဖူးတယ်၊ ငါတို့ သတိထားမှ ဖြစ်မယ်...”

မာစတာကန်းက နှာခေါင်းရှုံ့လျက် စကားဖြတ်ပြောလိုက်သည်။

“နှိမ်နင်းထားတော့ ဘာဖြစ်လဲ၊ ကျုပ်တို့က လေဟာနယ်ငရဲဘုံကို ဖန်တီးထားပြီးသားပဲ၊ ယမမင်းချူကျန်းရဲ့ အကူအညီနဲ့ဆိုရင် တစ်ယောက်လာရင် တစ်ယောက်သတ်မယ်၊ နှစ်ယောက်လာရင် နှစ်ယောက်သတ်မယ်၊ ယမမင်းချင်းကွမ် ပေါ်လာရင်လည်း သူပါ သေတွင်းထဲ တိုးလာတာပဲ”

သူသည် အသက်သုံးနှစ်တွင် ဂိုဏ်းထဲဝင်ခဲ့ပြီး၊ ခုနစ်နှစ်တွင် ဓားသိုင်းကို ကျွမ်းကျင်ခဲ့ကာ၊ ဆယ့်ငါးနှစ်တွင် တစ်လောကလုံး၌ နာမည်ကျော်ကြားခဲ့သူ ဖြစ်၏။

ယခု အသက်နှစ်ဆယ်သာ ရှိသေးသော်လည်း အငယ်ဆုံးနှင့် အစွမ်းအထက်ဆုံးသော တာအိုဆရာများအနက်တစ်ဦးဖြစ်နေလေပြီ။

ကန်းခွိုက်လဲ့၏ အဘိဓာန်တွင် “ရှုံးနိမ့်ခြင်း” ဟူသော စကားလုံး လုံးဝ မရှိပေ။

ယောင်ပင်းဆိုသည်မှာလည်း စိုးရိမ်စရာ မဟုတ်ပေ။

ယမမင်းချင်းကွမ် ပါဝင်လာလျှင်ပင် သူ အနည်းငယ်မျှပင် ဂရုမစိုက်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် သူ စိတ်လှုပ်ရှားနေမိသည်။

အစွမ်းထက်သောသူများ ထိပ်တိုက်တွေ့ဆုံမှသာ သူ စိတ်လှုပ်ရှားရလေ့ရှိသည်။

ယခု ထိုအချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

သူ ဖန်တီးထားသော လေဟာနယ်ငရဲဘုံက ယောင်ပင်းနှင့် ယမမင်းချင်းကွမ်တို့အား ပြန်လမ်းမရှိသော ချောက်နက်ထဲသို့ သေချာပေါက် ပို့ဆောင်ပေးမည်ဟု သူ အပြည့်အဝ ယုံကြည်နေခဲ့လေသည်။

*

အခန်း(90)

မာစတာကန်း၏ ယုံကြည်မှုကို မြင်သောအခါ မာစတာလျို့မှာ ခဏမျှ တွန့်ဆုတ်နေပြီးမှ သတိကြီးစွာဖြင့် သတိပေးလိုက်ပြန်သည်။

“အကာအကွယ်အချို့ ရှိထားတာ အမြဲတမ်း ကောင်းပါတယ်၊ ငါတို့...”

ထိုအခိုက်တွင် ရေအင်တုံအတွင်းရှိ ရေမျက်နှာပြင်ပေါ်မှ မြင်ကွင်းကို ကြည့်လိုက်သောအခါ သူ၏အသံမှာ တိုးဝင်ပျောက်ကွယ်သွားခဲ့၏။

ရေမျက်နှာပြင်ပေါ်တွင် ယမမင်းချင်းကွမ် နှင့် ယမမင်းချူကျန်း တို့မှာ တစ်စုံတစ်ခုကို ပြောဆိုနေကြပြီး ထိုယမမင်းနှစ်ပါးမှာ ယောင်ပင်းအား ဦးညွှတ်လိုက်ကြသည် မဟုတ်ပါလား။

ထိုခဏမှာပင် ရင်ခွဲရုံအတွင်း ဖန်တီးထားသော လေဟာနယ်ငရဲဘုံမှာ ချက်ချင်းပင် အက်ကြောင်းများ ထင်လာခဲ့၏။

ထို့နောက် ထိုအက်ကြောင်းများမှာ ရုတ်ခြည်း ပေါက်ကွဲထွက်သွားပြီး ကြီးမားသော အက်ကြောင်းပေါင်းများစွာ ဖြစ်ပေါ်လာခဲ့လေသည်။

ပြီးနောက် နောက်ထပ်တစ်ကြိမ် ထပ်မံ ပေါက်ကွဲပြန်၏။

ယခုလေးတင် ဖန်တီးထားသော လေဟာနယ် ငရဲဘုံမှာ မျက်စိတစ်မှိတ်အတွင်း အမှုန်အမွှားအဖြစ်သို့ ကြေမွသွားခဲ့ချေပြီ။

မာစတာလျို့မှာ ဆွံ့အသွားခဲ့ရသည်။

“ညီလေးကန်း... ဒါ... ဒါက...”

မာစတာကန်းမှာလည်း မှင်သက်သွားခဲ့ရပေသည်။

ထို့နောက် သူ ဒေါသအလိပ်လိုက် ထွက်လာခဲ့၏။

“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ! ငါ့ရဲ့ ငရဲနယ်ပယ်ကို ဘယ်သူကများ ဖျက်ဆီးနိုင်မှာလဲ”

တစ်စုံတစ်ယောက်က သူ၏ လေဟာနယ် ငရဲဘုံကို အမှန်တကယ် ဖျက်ဆီးလိုက်သည်လား။

ထို့အပြင် လက်တစ်လုံးမျှ မကျန်အောင် လုံးဝကို ကြေမွသွားခဲ့ခြင်း ဖြစ်ပေသည်။

သူသည် ယခင်က မည်သည့်အခါမျှ မရှုံးနိမ့်ခဲ့ဖူးပေ။

သို့သော် ဤတစ်ကြိမ်တွင်တော့ လက်ဖျားချင်းပင် မထိရသေးမီမှာပင် ရှုံးနိမ့်သွားခဲ့ရချေပြီ။

ကန်းခွိုက်လဲ့အား ပို၍ ဒေါသထွက်စေသည်မှာ ယောင်ပင်းအနေဖြင့် မည်သည့် တိုက်ကွက်မျိုးမျှပင် မထုတ်ရသေးခြင်း ဖြစ်၏။

သူသည် ဘေးတွင် အေးအေးလူလူ ရပ်ကြည့်နေရုံမျှသာ ဖြစ်ပြီး၊ ယမမင်းချင်းကွမ် နှင့် ယမမင်းချူကျန်းတို့ ခဏမျှ စကားပြောဆိုပြီးနောက် ယမမင်းချူကျန်းအား အညံခံအောင် လုပ်ဆောင်လိုက်ခြင်းပင်။

တစ်ဖက်လူက စစ်သည်တစ်ဦးမျှပင် အသုံးမပြုဘဲ သူ၏ အစွမ်းတစ်ဝက်ခန့်ကို အသုံးပြု၍ စေခိုင်းထားသော ဒုတိယမြောက် ယမမင်းကို တိုက်ရိုက်ပင် အညံခံစေခဲ့ခြင်း ဖြစ်ပေသည်။

သူ၏ လေဟာနယ်ငရဲဘုံကိုပင် ကြေမွသွားစေခဲ့သည်။

ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။

“ညီလေးကန်း.. ယမမင်းချူကျန်း က... သူလည်း အညံခံသွားပြီ”

မာစတာလျို့က တိုးညင်းစွာ ရေရွတ်လိုက်၏။

“ကျုပ် မြင်တယ်၊ ကျုပ် မျက်စိမကန်းသေးဘူး”

မာစတာဂန့်မှာ ဒေါသထွက်နေဆဲဖြစ်ရာ မာစတာလျို့အား အေးစက်စွာ တုံ့ပြန်လိုက်သည်။

“ဒါတွေ အကုန်လုံးက အဲဒီ ယမမင်းချင်းကွမ်ကြောင့်ပဲ! သူက ယမမင်းချူကျန်းကို တကယ်ကြီးဖျောင်းဖျနိုင်ခဲ့တာပဲ၊ ယမမင်းချင်းကွမ်မှာ ပြိုင်ဘက်ကင်းတဲ့ စကားပြောစွမ်းရည် ရှိတယ်လို့ အားလုံးက ပြောကြတာ ဖြစ်ရမယ်!”

သူ၏ ဒေါသနှင့် နာကျည်းမှုများမှာ ထွက်ပေါက်မရှိ ဖြစ်နေသဖြင့် ယမမင်းချင်းကွမ်အပေါ်သာ ပုံချလိုက်ရုံသာ တတ်နိုင်ခဲ့သည်။

မာစတာလျို့မှာ စိတ်မကျေနပ်သော်လည်း သတိကြီးစွာဖြင့် သတိပေးလိုက်ပြန်သည်။

“ငါ ဆိုလိုတာက..မင်း အစီအရင် လုပ်တုန်းက အဲဒီကောင်လေး မင်းနောက်ကို လိုက်မလာနိုင်အောင် သက်သေအထောက်အထား တစ်ခုခု ချန်ခဲ့မိသေးလား”

“ငါ့ရဲ့ ပေါ့ဆမှုကြောင့် အဲဒီကောင်လေးက ငါ့တပည့်တွေကို သေစေခဲ့တယ်”

ဤအကြောင်းကို ပြောလိုက်သောအခါ မာစတာလျို့၏ မျက်လုံးများတွင် မုန်းတီးမှုများ လောင်မြိုက်လာခဲ့၏။

တစ်နေ့တွင် သူ ယောင်ပင်းအား သေချာပေါက်သတ်ပစ်လိမ့်မည်။

သို့သော် ယခုတော့ သူ ရှုံးနိမ့်သွားခဲ့လေပြီ။

ကန်းခွိုက်လဲ့မှာ မောက်မာလှသူဖြစ်သည့်အပြင် မတိုင်မီက ရှုံးနိမ့်မှုအတွက်လည်း နာကျည်းနေဆဲဖြစ်ရာ မာစတာလျို့၏ စေတနာကို လျစ်လျူရှုကာ တုံ့ပြန်လိုက်သည်။

“ခင်ဗျားက ကျုပ်ကို ခင်ဗျားလို အယုံလွယ်တယ်လို့ ထင်နေတာလား၊ ကျုပ် အစီအရင် လုပ်ကတည်းက ကြိုတင်ပြင်ဆင်ထားပြီးသား၊

အဲဒီကောင်လေးက ယမမင်းချူကျန်းကို နှိမ်နင်းနိုင်ခဲ့ရင်တောင် ကျုပ်ကို ရှာတွေ့မှာ မဟုတ်ဘူး

အထက်လူကြီးတွေအတွက် အလုပ်လုပ်နေတဲ့ အချိန်မှာတော့ မရိုးမသား တွေ မလုပ်သင့်ဘူးမလား”

သူ၏လေသံမှာ အေးစက်ကာ နှိမ့်ချသော လေသံ ဖြစ်ပေသည်။

အကယ်၍ ၎င်းတို့နှစ်ဦးလုံးမှာ အထက်လူကြီးတစ်ဦးတည်းအတွက် အလုပ်လုပ်နေခြင်း မဟုတ်ပါက သူသည် မာစတာလျို့ကဲ့သို့သော အရူးတစ်ဦးနှင့် ပူးပေါင်းမည် မဟုတ်ပေ။

“ဟုတ်ပါပြီ... ဟုတ်ပါပြီ... ညီလေးကန်း ပြောတာ မှန်ပါတယ်”

မာစတာလျို့မှာ အတင်းအကျပ် ပြုံးလျက် ပြောလုက်လိုက်သော်လည်း သူ၏မျက်လုံးများမှာတော့ အေးစက်နေခဲ့သည်။

“အဲဒီကောင်လေး ငါတို့ကို ရှာမတွေ့သရွေ့တော့ အဆင်ပြေပါတယ်၊ ငါက အပိုတွေ တွေးနေမိတာပါ”

လူငယ်တစ်ဦး၏ ဆူပူကြိမ်းမောင်းမှုကို ခံလိုက်ရသဖြင့် မာစတာလျို့မှာ ရင်ထဲတွင် အလွန် နာကျည်းနေမိ၏။

သို့သော်လည်း ယောင်ပင်းအား အမြစ်ဖြတ်ရန်အတွက် ကန်းခွိုက်လဲ့ ၏ အကူအညီ လိုအပ်နေပေသည်။

ထို့ကြောင့် သူ့အနေဖြင့် သည်းခံရုံသာ တတ်နိုင်ခဲ့သည်။

မာစတာလျို့က ဖားယားသော စကားများဖြင့် ရှင်းပြပြီးနောက် ထပ်မံ သတိပေးလိုက်သည်။

“ညီလေးကန်း... အဲဒီ တစ္ဆေရုပ်သေးကိစ္စကရော...”

ကန်းခွိုက်လဲ့က စိတ်မရှည်စွာဖြင့် လက်ယမ်းပြလိုက်သည်။

“လေဟာနယ် ငရဲဘုံ ပျက်စီးသွားကတည်းက အဲဒီတစ္ဆေရုပ်သေးကို ထိန်းချုပ်ထားတဲ့ ကြိုးတွေကို ကျုပ်ဖြတ်တောက်ပစ်လိုက်ပြီ၊ အခုတော့ သူက သာမန် အလောင်းတစ်ခုပဲ၊ စိတ်ပူနေစရာ မလိုတော့ဘူး”

သူသည် အမြဲတစေ အရာအားလုံးကို သပ်သပ်ရပ်ရပ်နှင့် ထိရောက်စွာ လုပ်ဆောင်လေ့ရှိသူဖြစ်သဖြင့် တစ်စုံတစ်ဦး၏ သတိပေးမှုကို မလိုအပ်ပေ။

မာစတာလျို့သည် ကန်းခွိုက်လဲ့အပေါ် မကျေနပ်သော်လည်း ရင်ထဲတွင်တော့ တိတ်တဆိတ် ချီးကျူးမိနေ၏။

ဤမျှ ငယ်ရွယ်သော အသက်အရွယ်နှင့် အစွမ်းထက်ရုံသာမက၊ အလုပ်လုပ်ရာတွင်လည်း သေသေချာချာနှင့် စေ့စပ်လွန်းသည်။

ထို့အပြင် သူကိုယ်တိုင်ထက်ပင် ပို၍ ရက်စက်ပြီး ဝါရင့်နေခဲ့သည်။ဖြစ်နိုင်သည်မှာ ထိုအချက်ကြောင့်ပင် အထက်လူကြီးများက ကန်းခွိုက်လဲ့အား ပို၍ တန်ဖိုးထားနေကြခြင်း ဖြစ်ရပေမည်။

ရင်ခွဲရုံအတွင်း၌ :

ယမမင်းနှစ်ပါးစလုံး အညံခံသွားသဖြင့် ယောင်ပင်းမှာ စိတ်ဓာတ်များ တက်ကြွနေခဲ့၏။

သူက ထိုယမမင်းတို့အား ထူမရန် အလျင်အမြန် ရှေ့သို့ တိုးသွားလိုက်သည်။

“ကောင်းပြီ... ကျွန်တော်တို့က မိသားစုတွေပဲ၊ ဒီလောက်အထိ အားနာနေဖို့ မလိုပါဘူး”

မမျှော်လင့်ဘဲ သူ မည်မျှပင် ထူမပေးနေပါစေ ယမမင်းချင်းကွမ် နှင့် ယမမင်းချူကျန်းတို့မှာ မတ်တပ်ရပ်ရန် ငြင်းဆန်နေကြဆဲ ဖြစ်ပေသည်။

ယောင်ပင်းလည်း မတတ်သာဘဲ ၎င်းတို့အား လေးနက်စွာဦးညွှတ်ပြလိုက်ရုံသာ တတ်နိုင်တော့သည်။

ထိုအခါမှသာ ယမမင်းချင်းကွမ် နှင့် ယမမင်းချူကျန်းတို့မှာ ကျေနပ်စွာဖြင့် မတ်တပ်ရပ်လာကြပြီး၊ ယောင်ပင်း၏ ပုခုံးကို ပုတ်ကာ တစ္ဆေဘာသာစကားဖြင့် စကားအချို့ ပြောဆိုလိုက်ကြလေသည်။

ထို့နောက် ချက်ချင်းပင် ယမမင်းချင်းကွမ် နှင့် ယမမင်းချူကျန်း တို့မှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့ကြ၏။

ယောင်ပင်း လှည့်ကြည့်လိုက်သောအခါ ရင်ခွဲရုံအတွင်းရှိ ခြောက်ကပ်သော လက်များနှင့် အရိုးစုများမှာလည်း ပျောက်ကွယ်သွားခဲ့လေပြီ။ ထိုနေရာတွင် အေးစက်သော အခေါင်းများနှင့် မြေပြင်ပေါ်တွင် ဒူးထောက်နေသော ရာနှင့်ချီသည့် အလောင်းများသာ ကျန်ရှိတော့ပေသည်။

ထိုအလောင်း ရာနှင့်ချီထဲတွင် သန့်ရှင်းရေးဝန်ထမ်းလည်း ပါဝင်နေခဲ့သည်။

သို့သော် ယခုအခါ သန့်ရှင်းရေးဝန်ထမ်းမှာ ထိုအလောင်းများအကြားတွင် လဲလျောင်းနေပြီး၊ သူ၏ ခန္ဓာကိုယ်မှာ အေးစက်တောင့်တင်းနေသည်။ မျက်နှာမှာလည်း သေလူကဲ့သို့ ဖြူဖျော့လျက် အသက်ဝိညာဉ် လုံးဝ မရှိတော့ပေ။

သန့်ရှင်းရေးဝန်ထမ်းမှာ စစ်မှန်သော အလောင်းတစ်ခု ဖြစ်သွားခဲ့ပြီ ဖြစ်၏။

“လက်စဖျောက်ဖို့ ကြိုးစားနေတာလား၊ အဲဒီလောက်အထိ မလွယ်ဘူး”

ယောင်ပင်းက လှောင်ပြုံးပြုံးကာ သန့်ရှင်းရေးဝန်ထမ်း၏ နဖူးပေါ်သို့ အဆောင်တစ်ခုကို ပေါ့ပေါ့ပါးပါးပင် ကပ်လိုက်လေသည်။

ချက်ချင်းပင် သစ်သားချောင်းကဲ့သို့ တောင့်တင်းနေသော သန့်ရှင်းရေးဝန်ထမ်းမှာ မြေပြင်ပေါ်မှ ဖြည်းဖြည်းချင်း ထလာခဲ့၏။

ယောင်ပင်းက အေးစက်စွာ အမိန့်ပေးလိုက်သည်။

“သွားမယ်”

သန့်ရှင်းရေးဝန်ထမ်းက ခြေလှမ်းစတင်လိုက်ပြီး ရင်ခွဲရုံအပြင်ဘက်သို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားခဲ့လေသည်။

ယောင်ပင်းကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားတော့သည်။

ပင်းဟိုင်မြို့ရှိ ဗီလာတစ်ခုအတွင်း၌ :

ကန်းခွိုက်လဲ့မှာ ယုံကြည်မှုများ ပြည့်နှက်နေပြီး မောက်မာလွန်းသဖြင့် မာစတာလျို့က မည်သည်ကိုမှထပ်မပြောတော့ပေ။

သူတို့နှစ်ဦးမှာ အစီအရင်ကို ရုပ်သိမ်းလိုက်ပြီး အပေါ်ထပ်သို့ သွားရောက် အနားယူရန် ပြင်ဆင်လိုက်ကြသည်။

ယမမင်းအား အမိန့်ပေးစေခိုင်းလိုက်ရခြင်းမှာ ၎င်းတို့၏ အစွမ်းတစ်ဝက်ခန့်ကို ကုန်ဆုံးသွားစေခဲ့သည့်အတွက် ပြန်လည် နာလန်ထူရန် အချိန်အတော်ကြာ ဦးမည် ဖြစ်ပေသည်။

သူတို့ လှည့်ထွက်သွားရန် ပြင်လိုက်ချိန်မှာပင်၊ မာစတာလျို့က ရေအင်တုံအတွင်းရှိ ရေမျက်နှာပြင်ကို တစ်ချက် ကြည့်လိုက်မိရာမှ ချက်ချင်းပင် ထိတ်လန့်သွားခဲ့ရလေ၏။

“မဖြစ်နိုင်ဘူး၊ ကိစ္စကြီးတစ်ခုတော့ ဖြစ်တော့မယ်!”

သူ အော်ဟစ်လိုက်မိလေသည်။

*

မာစတာလျို့ ရေမျက်နှာပြင်ကို ကြည့်လိုက်သည်နှင့် သူ၏မျက်နှာမှာ တစ်ပြိုင်နက်တည်း သိသိသာသာ ပြောင်းလဲသွားခဲ့၏။

ရေ၏ ရောင်ပြန်ဟပ်မှုအတွင်း၌ သစ်သားချောင်းကဲ့သို့ တောင့်တင်းနေသော သန့်ရှင်းရေးဝန်ထမ်းမှာ ရင်ခွဲရုံအပြင်ဘက်သို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်ခွာသွားချေသည်။

ယောင်ပင်းကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွား၏။

“ညီလေးကန်း... မြန်မြန်၊ ငါတို့ အခုပဲ ထွက်သွားမှဖြစ်မယ်!”

မာစတာလျို့က ဂန့်ထျန်းချိုင် အား သတိပေးရန် အလျင်အမြန် လှည့်ပြောလိုက်သည်။

“အဲဒီကောင်လေးက တစ္ဆေရုပ်သေးကို လမ်းပြခိုင်းနေတာ... ငါ့အထင်မမှားရင် သူ ငါတို့ဆီကို .. ဒီဗီလာအထိ လိုက်လာတော့မှာ!”

ကန်းခွိုက်လဲ့ဆွံ့အသွားခဲ့၏။

ထို့နောက် သူ အလွန်အမင်း ဒေါသထွက်သွားခဲ့ရပေသည်။

သူသည် တစ္ဆေရုပ်သေးကို ထိန်းချုပ်ထားသော အစွမ်းကို အချိန်မီ ဖြတ်တောက်ပစ်ခဲ့သော်လည်း၊ တစ္ဆေများမှာ လာခဲ့သည့် လမ်းကြောင်းအတိုင်း ပြန်လည်ခြေရာခံနိုင်သည်ကို မေ့လျော့နေခဲ့ခြင်း ဖြစ်၏။

“ပြန်လမ်းပြအဆောင်”တစ်ခုရှိရုံမျှဖြင့် ထိုတစ္ဆေရုပ်သေးမှာ သူ နောက်ဆုံး ရှိခဲ့သည့်နေရာဆီသို့ ပြန်သွားနိုင်ပေသည်။

ထိုတစ္ဆေရုပ်သေး နောက်ဆုံးရှိခဲ့သည့်နေရာမှာ သူတို့၏ ဗီလာပင် မဟုတ်ပါလား။

သူသည်က အရေးကြီးသောအချက်ကို လျစ်လျူရှုမိခဲ့ပြီး ကြီးမားသောအမှားတစ်ခု လုပ်မိခဲ့ချေပြီ။

“အဲဒီကောင်လေးက ကျုပ်ကို လာရှာရဲတယ်ဆိုမှတော့ သူ ပြန်ထွက်မသွားနိုင်အောင် လုပ်ပြမယ်”

ကန်းခွိုက်လဲ့၏ ယခင်က ချောမောသော မျက်နှာမှာ ယခုအခါ ရက်စက်မှုများဖြင့် ပြည့်နှက်နေချေပြီ။

ဤသည်မှာ တစ်စုံတစ်ယောက်က သူ့ကို လာရှာရဲသည့် ပထမဆုံးအကြိမ်ပင် ဖြစ်ပေ၏။

*

All Chapters