ချစ်ခင်မှုကိုလူများရှေ့တွင်ပြသခြင်း
Vol. 001 Ch. 90
ကု့ချင်းဥယျာဉ်တွင် လူအုပ်စုတစ်စု ဥယျာဉ်ထဲကို ဝင်လာကြသည်။ သူတို့မှာ တန်လန်။ ယိချင်နှင့် တခြားလူများ ဖြစ်ကြသည်။
"ဆရာ... ဒီနေရာက အရင်တုန်းက ဖန်းလူနေခဲ့တဲ့နေရာပဲ... နောက်ဆို ဒီနေရာက တပည့်တို့အိမ် ဖြစ်တော့မယ်...” တန်လန်က ယိချန်ကို ပြောသည်။
"အင်း...” ယိချန်က ခေါင်းညိတ်လိုက်သည်။ သူက ရီဖူရှင်း၏ကျောပေါ်မှ ဟွာဖန်းလူအား ကြည့်ကာ ပြောလိုက်သည်... “မင်းရဲ့ ကံကောင်းမှုတွေက ဘယ်သူ့ဆီက လာတယ်ဆိုတာ သိလား...”
ဟွာဖန်းလူ မချိပြုံး ပြုံးလိုက်သည်။ နှစ်ပေါင်းများစွာ ကြာမြင့်သော်လည်း သည်လူကြီးကား စိတ်ကျေနပ်ပုံ မရသေးပေ။
"ဆရာ... ဆရာကြီးယိက ဆရာကို သမက်လိုမျိုး ဆက်ဆံဖူးလား...” ရီဖူရှင်းက တိုးတိုးလေး ပြောလိုက်သည်။ ဟွာဖန်းလူနှင့် တန်လန်တို့မှာ အတိတ်တွင် အချင်းချင်း ထူးခြားသော ခံစားချက်များ ရှိခဲ့ကြသည်။ ယိချန်က တန်လန်အား အမှန်ပင် သူ့သမီးကဲ့သို့ ချစ်ခင်သူဖြစ်သည်။ သည်မတိုင်မီက ယိချင်က ဟွာဖန်းလူကို မည်သို့ ဆက်ဆံမည်ကို ခန့်မှန်း၍ ရသည်။
"ငါသိပ်မသိဘူး... ဒါပေမဲ့ မင်းပါးစပ်ကို မပိတ်ရင်တော့ မင်းက ငါ့သမက် မဖြစ်နိုင်တော့ဘူး...” ဟွာဖန်းလူက ပြုံးကာ ပြောလိုက်လျှင် ရီဖူရှင်းက ချက်ချင်း သူ့ပါးစပ်ကို ပိတ်လိုက်သည်။
ကု့ချင်းဥယျာဉ်အား ဝင်လိုက်လျှင် လေပြည်လေညင်းလေး တစ်ခုက သူတို့အား ကြိုဆိုသည်။ ဥယျာဉ်၏ သဘာဝ ပတ်ဝန်းကျင်ကား လှပကာ တင့်တယ်လွန်းလှသည်။ ဥယျာဉ်ထဲတွင် ဆံပင်ဖြူဖွေးနေသော အဘိုးအိုတစ်ယောက်က သစ်ရွက်များအား တံမျက်စည်း တစ်ချောင်းဖြင့် လှည်းကျင်းနေသည်။ အလွန်အိုမင်းသော အသက်အရွယ်ကြောင့် သူ့ခြေလှမ်းမှာ နှေးကွေး လေးလံပုံရသည်။
"ဘာဖြစ်လို့လဲ...” ရီဖူရှင်းက ထိုအဘိုးအိုကို ရပ်ကြည့်နေသည်ကို ဟွာဖန်းလူက သတိထားမိကာ မေးလိုက်သည်။ တန်လန်ကလည်း ရပ်လိုက်သည်။
"တန်အဒေါ် ... သူက ဘယ်သူလဲ...” ရီဖူရှင်းက မေးလိုက်သည်။ သူတို့ရှေ့မှ လူများကလည်း ရပ်လိုက်သည်။
တန်လန်က လှမ်းကြည့်လိုက်လျှင် အဘိုးအိုအား မြင်သည်။ သူမက ပြောသည်... “သူက ကျန်းမာရေး သိပ်မကောင်းဘူး... ဒါပေမဲ့ အလုပ်လိုနေတယ်... ဒါကြောင့် သူ့ကို ဒီဥယျာဉ်မှာ သန့်ရှင်းရေး အလုပ်ပေးထားတာ... ဘာဖြစ်လို့လဲ...”
"တန်အဒေါ်... ဘယ်အချိန်တုန်းကလဲ... ကျွန်တော်လည်း မသိပါလား...” ရီဖူရှင်းက မေးလိုက်သည်။
"မင်းက အပြင်မှာပဲ ရှိနေတာ... ဘယ်လိုလုပ်သိမလဲ... ဒါပေမဲ့ သူရောက်လာတာ မင်းနဲ့ မင်းဆရာ ရောက်လာပြီးမှပဲ...”
"ဪ ...” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြုံးလိုက်သည် “ကျွန်တော်က သိချင်ရုံပါ...” ထို့နောက် သူ ဆက်သွားလိုက်သည်။ တခြားလူများက သူ့အား နားမလည်သလို ကြည့်သည်။ သို့သော် မည်သို့မှ ဆက်မမေးကြတော့ပေ။
တန်လန်က ယိချင်နှင့် ယိချိန်ချန်တို့အား နေရာချပေးနေသည်။ ယိချန်၏ဇနီးမှာ ယိချိန်ချန် ငယ်စဉ်ကတည်းကပင် သူ့အား ထားသွားရာ ယိချန်က ယိချိန်ချန်အား လာဘ်လာဘ ကျောင်းဆောင်တွင် တစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့ရသည်။ ထို့ကြောင့် တန်လန်က ယိချန်အား ကု့ချင်းဥယျာဉ်တွင် နေထိုင်ရန် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။ သူမ၏ဆရာမှာ မိသားစုတစ်ခုလိုမျိုး နေထိုင်ဖူးခြင်း မရှိသည်ကို သူမသိသည်။
ထို့နောက် တန်လန်က အစေခံတစ်ယောက်အား ညနေစာ ပြင်ရန် စေခိုင်းလိုက်သည်။ ရီဖူရှင်းက သူ့ဆရာအား ထိုင်ခုံတွင် ထိုင်ရန် ကူညီပေးသည်။ ယူချင်းနှင့် ယိချိန်ချန်တို့ အတူတူ ရှိနေသည်ကို မြင်လျှင် သူက မည်သို့မှ မတတ်သာပဲ ပြောလိုက်သည်... “ချိန်ချန်... ယူချင်းကို ခဏလောက် ခေါ်သွားလို့ ရမလား...”
ယိချိန်ချန်က ရီဖူရှင်းအား ဒေါသတကြီး ကြည့်လိုက်သည်။ ယူချင်းက နားမလည်စွာ မေးသည်... “ဘာဖြစ်လို့လဲ...”
"ငါနဲ့လိုက်ခဲ့...” ရီဖူရှင်းက ပြောသည်။ ယူချင်းက သူ့နောက်က နားမလည်စွာဖြင့် လိုက်လာသည်။ သူတို့နှစ်ယောက် ဥယျာဉ် အဝင်ဝနားကို ရောက်လာရာ အဘိုးအိုအား မြင်ရသည်။
"သူ့ကို ကြည့်ရတာ ရင်းနှီးတယ်လို့ မင်း မထင်ဘူးလား...” ရီဖူရှင်းက မေးလိုက်သည်။
"မင်းက သူ့ကို သတိရနေတာ ဖြစ်မှာပေါ့...” ယူချင်းက ရီဖူရှင်းက ရင်းနှီးသည်ဟု ပြောသည့်သဘောကို နားလည်သည်။
"ဖြစ်နိုင်တယ်...” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်... “မွေးစားအဖေက ငါ့ကို အမြဲ စောင့်ကြည့်နေသလို ငါခံစားရတယ်...”
"တကယ်လား...” ယူချင်းက မိမိကိုယ်ကို ရေရွတ်သလို ပြောလိုက်သည်။
"ဖြစ်ကောင်း ဖြစ်နိုင်တာပေါ့...” ရီဖူရှင်းက ပခုံးတွန့်ကာ ရှေ့ကို လှမ်းသွားလိုက်သည်။
သူတို့အား မြင်လျှင် အဘိုးအိုက ခေါင်းငုံ့၍ နှုတ်ဆက်လိုက်သည်... “သခင်လေးတို့...”
"အဘိုးနာမည် ဘယ်လိုခေါ်လဲ...”
"ကျုပ်မျိုးရိုးနာမည်က ယူပါ... ကျုပ်နာမည်က နိမ့်ကျလွန်းလို့ မပြောရဲပါ...” အဘိုးအိုက ပြောသည်။
"ယူ...” ရီဖူရှင်း၏မျက်လုံးများ အရောင် တောက်သွားသည်။ သူက ပြောလိုက်သည်... “ခေါင်းမော့ပါဦး...”
အဘိုးက ခေါင်းမော့ကာ ကြည့်လိုက်သည်။ သူ၏တိမ်ညိုကဲ့သို့ မှိုင်းနေသာ မျက်လုံးက အသက်မဲ့လွန်းလှသည်။ သူ၏အဖြူရောင် ဆံပင်များနှင့် အဖြူရောင် မုဆိတ်ရှည်များက အဘိုးအိုမှာ အလွန် အိုမင်းနေသည်ကို ဖော်ပြသည်။ လျင်မြန်စွာဖြင့် ရီဖူရှင်းက အဘိုးအို၏ မုတ်ဆိတ်များအား အသာ ဆောင့်ဆွဲလိုက်သည်။ အဘိုးအိုက နာကျင်စွာ အော်လိုက်သည်... “သခင်လေး... သနားပါ... ကျုပ် ဘာမှားလို့လဲ...”
"အစစ်ဟ...” ရီဖူရှင်း ရေရွတ်လိုက်သည်။ ထို့နောက် သူက အဘိုးအိုအား ပြောလိုက်သည်... “အဘိုးယူ... ကျွန်တော် တောင်းပန်ပါတယ်... အဘိုးယူကို ကျွန်တော်သိတဲ့ တစ်ယောက်များလားလို့...”
"ရပါတယ်...” အဘိုးအိုက လက်ဝှေ့ယမ်းလိုက်သည်။
"အဘိုးယူ... နောက်ဆို ကျွန်တော် မကြာမကြာ စကား လာပြောမယ်လေ...” ရီဖူရှင်းက ပြောလိုက်သည်။
"အင်း...” အဘိုးအိုက ပြုံးလျက် ခေါင်းညိတ်သည်။
"ဒါဆို ကောင်းပြီ... အဘိုးယူကို မနှောင့်ယှက်တော့ဘူး...” ရီဖူရှင်းကလည်း ပြုံးလျက် ပြောလိုက်သည်။
ထို့နောက် သူနှင့် ယူချင်းတို့ ပြန်လာကြသည်။
"ငါထင်တာ မှားနေတာလား...” ရီဖူရှင်း ရေရွတ်လိုက်သည်။ သူကား ပုံမှန်အားဖြင့် အလွန်စူးရှကာ အသေးအမွှားကအစ သတိထားမိတတ်သူ ဖြစ်သည်။
"မင်း အတွေးလွန်နေတာ နေမှာပေါ့...” ယူချင်းက ပြောလိုက်သည်။ သူတို့ နှစ်ယောက်လုံးမှာ ကိုယ်နေဟန်ထားနှင့် ခန္ဓာပုံပန်းသွင်ပြင် တူညီကြသော်လည်း ရုပ်ရည်အားဖြင့် ကွာခြားသည်။ ရီဖူရှင်းက အဘိုးအို၏မုတ်ဆိတ်ကိုပင် ဆွဲခဲ့သေးသည်။ သူ သံသယရှိနေသည်မှာ သေချာသည်။
ရီဖူရှင်း တွေဝေသွားသည်။ သူ အမှန်တကယ်များ အတွေး လွန်နေခြင်းလား။
သူတို့နှစ်ယောက် အဆောင်ငယ်သို့ ပြန်လာကြသည်။ စားစရာများမှာ စားပွဲပေါ်သို့ ရောက်နေပြီ ဖြစ်သည်။ သူတို့အားလုံး ဝိုင်းထိုင်လိုက်ကြသည်။
"ဆရာကြီး... ယူချင်းနဲ့ ချိန်ချန်တို့ရဲ့ လက်ထပ်ပွဲက ဘယ်တော့လဲ...” ရီဖူရှင်းက ထိုင်လျက် ပြောသည်။
ယူချင်း မျက်လုံး ပြူးသွားသည်။ ယိချိန်ချန်၏မျက်နှာ ရှက်သွေးများ ဖြန်းသွားသည်။ သည်ကောင်လေးက မည်သည့်အရာကို စိုးရိမ်နေရသနည်း။
"ဒါတွေ တွေးမနေနဲ့... မင်းကိုယ်တိုင်အတွက် အရင် စဉ်းစားဦး...” ယိချန်က သူ့အား ကြည့်ကာ ပြောသည်။
"ဒါက အချိန်ပဲလိုတယ်...” ရီဖူရှင်းက ယုံကြည်မှုရှိစွာ ပြောသည်။ ထို့နောက် သူက ဟွာဖန်းလူအား ကြည့်ကာ ပြောလိုက်သည်... “ဆရာ... အဖေ... လက်မခံဘူးလား...”
"ငါစဉ်းစားမယ်...” ဟွာဖန်းလူက ထူးမခြားနားစွာ ပြောသည်။
"အာ...” ရီဖူရှင်းက ဟွာဖန်းလူအား ကြည့်လိုက်သည်... “ဆရာ... ကျွန်တော့်လောက်ကောင်းတဲ့ သမက် ရှိသေးလို့လား... ဘာလို့ ထပ်စဉ်းစားရဦးမလဲ...”
"နင့်အရှက်က ဘယ်မှာလဲ...” တန်လန်က အေးစက်စွာ ပြောသည်။ လူတိုင်းက ထိုကောင်လေးအား ဆွံ့အစွာဖြင့် ကြည့်လိုက်ကြသည်။
"ဟမ်... ကျွန်တော့်ရဲ့ ဆရာကတော်က ပိုကောင်းတယ်...” ရီဖူရှင်းက ပြောသည်။
"ဒါဆို... မင်းဆရာကတော်ဆီသွာလေ...” တန်လန်က ဒေါသတကြီး ပြောသည်။
"အာ... တန်အဒေါ်... ကျွန်တော်က နောက်နေတာပါ... တန်အဒေါ်က ကျွန်တော့်အတွက် ဆရာကတော်လိုပါပဲ...” ရီဖူရှင်းက တိုးညင်းစွာ ပြောသည်။
တခြားလူများအားလုံး ရယ်လိုက်ကြသည်။ သည်ကောင်လေးကား မျက်နှာပြောင်လွန်း လှသည်။ သို့သော်လည်း သူ့အမူအရာ အပြောအဆိုများက သူတို့အုပ်စုအား ပိုမို၍ အသက်ဝင်စေသည်။ ဒွန်ဟိုင်ကျောင်းတော်တွင် ဖြစ်ပျက်ခဲ့သည်များကို မည်သူမျှ မဆွေးနွေးကြပေ။ အတိတ်ကား မီးခိုးလိုပင်။ ဖြစ်ပြီးသွားလျှင် ပြန်ပြောနေစရာ အကြောင်း မရှိတော့။
ရယ်မောစရာများ။ ပြုံးရွှင်မှုများဖြင့် စားပွဲက ပြီးဆုံးသွားသည်။ လူတိုင်းက မိမိတို့အခန်းသို့ ပြန်သွားကြသည်။ ရီဖူရှင်းက ဥယျာဉ်သို့ ကု့ချင်းတီးခတ်ရန် ထွက်လာသည်။ သူ၏စိတ်ထဲတွင် ညစ်ထေးမှုများ ရှိသည်။ သူ အနည်းငယ် စိတ်ရှုပ်ထွေးရသည်။
"နှစ်ဟောင်းတောင် ကုန်တော့မှာပါလား...” ရီဖူရှင်းက ကောင်းကင်တွင် ထွန်းလင်းနေသော လပြည့်ဝန်းအား ကြည့်လိုက်သည်။ လွန်ခဲ့သော နှစ်သစ်ကူးအချိန်က သူတို့အိမ်ညစာစားပွဲသို့ မြေခွေးမရောက်လာပုံကို သူပြန်တွေးမိသည်။ ထို့နောက် သူတို့က လက်ချင်းချိတ်ကာ ချင်းကျူရေကန်တွင် လျှောက်လည်ခဲ့ကြသည်။ သည်နှစ်ပိုင်းအတွင်း အတော်များများ ဖြစ်ပျက်ခဲ့သည်။
ထိုအကြောင်းများအား ပြန်တွေးလျှင် သူ၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် ဂီတသံများ ပျံ့လွင့်လာသည်။ စိတ်ပျက်မှုများအား သူက ဘေးဖယ် ထားလိုက်တော့သည်။
လရောင်အောက်တွင် သူက လွမ်းဆွေးမှုများအား ဂီတနှင့် ဆေးကြော နေလေသည်။
***
နောက်တစ်နေ့တွင် ကု့ချင်းဥယျာဉ်သို့ လှပသော မိန်းမပျိုတစ်ဦး ရောက်ရှိလာသည်။ ရီဖူရှင်းက သူမကို မြင်လျှင် ပြေးသွားလိုက်သည်။ သူ သတိရနေသည်ကို မြေခွေးမ သိသည်ထင်၏။ သူက မနေ့ညက သူမအား အလွန် သတိရနေရာ ယနေ့ သူမ ရောက်ရှိလာသည်။
"ငါ့ကို ဘာလို့ ဒီလိုကြီး ကြည့်နေတာလဲ...” ရီဖူရှင်း၏ ထူးဆန်းသာ အကြည့်ကို မြင်လျှင် ဟွာဂျီယူက မျက်ခုံးအား ပင့်လျက် မေးသည်။
ရီဖူရှင်းက ပြုံးလိုက်သည်... “ဘာလို့လဲဆိုတော့ ငါ့ရဲ့ မြေခွေးမက အရမ်းလှလို့ပဲ ...”
"ငါက နင့်ရဲ့ မဟုတ်ဘူး...” ဟွာဂျီယူက မာနကြီးစွာ လှည့်ထွက်သွားသည်။
"ဆရာကတော်က နင့်ကို အပိုင်ပေးပြီးသားလေ... နင်ပြေးလို့မရဘူး... ငါတို့လိုနေတာ... မင်္ဂလာပွဲပဲရှိတယ်...” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
"စိတ်ကူးထဲတောင် မတွေးနဲ့...” ဟွာဂျီယူက ပြုံးလျက် ပြောသည်။ ထို့နောက် သူမက ဟွာဖန်းလူ၏ နောက်သို့ ပြေးသွားလိုက်သည်... “အဖေ...”
"ဂျီယူ... သမီး ဘာလို့ ဒီမှာ ရှိနေတာလဲ...” ဟွာဖန်းလူက မေးလိုက်သည်။
"ဒွန်ဟိုင် ကျောင်းတော်မှာ ဘာတွေဖြစ်ခဲ့တာကို ဦးရီးတော်က ပြောတယ်... အဖေက ဒီကို ပြန်လာမယ်ဆိုတာ သိလို့ ဒီကိုပဲ လာခဲ့လိုက်တာ...” ဟွာဂျီယူက ပြောသည်။
"ဟိုလူတွေ အခြေအနေ ဘယ်လိုလဲ...” ရီဖူရှင်းက လျှောက်လာနေရင်း မေးလိုက်သည်။
"ငါ နင်တို့ကို သတင်းကောင်း ပြောစရာ ရှိလို့လာတာ...” ဟွာဂျီယူက ပြုံးရွှင်စွာ ပြောသည်။
ရီဖူရှင်းက သူမအား သံသယမျက်လုံးဖြင့် ကြည့်လိုက်သည်... “နန်ဒူက အဘိုးကြီးတွေ ငါက အရမ်း အရမ်းကို အရည်အချင်း ရှိတာကို နားလည်သွားလို့ အခု ငါတို့ မင်္ဂလာပွဲကို လက်ခံလိုက်ပြီလား...”
ဟွာဂျီယူက ရီဖူရှင်း၏ပခုံးအား ထုလိုက်သည်။ သူမက ပြောသည်... “အမေနဲ့ငါက နင်တို့နှစ်ယောက်ကို နှစ်သစ်ကူးကျရင် လာစေချင်တယ်... သူတို့က သဘောတူလိုက်တယ်...”
ဟွာဖန်းလူ၏မျက်လုံးတွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာသည်။ သို့သော် သူ့ရှေ့မှ နှစ်ယောက်အား ကြည့်ကာ တစ်စုံတစ်ခုကို နားလည်လိုက်သည်။ နန်ဒူတိုင်က သူ့တပည့်နှင့် သမီးမှာ အနာဂတ်တွင် သူတို့ထက် ပိုမို စွမ်းအားကြီးလာမည်ကို သိရာ သူတို့က ရန်ငြိုးများအား ဖြေရှင်းလိုနေကြပုံရသည်။ အရင်တုန်းက ဆိုလျှင် နန်ဒူခြံဝင်းကိုထား နန်ဒူမြို့ကို ဝင်ရန်ပင် အလွန် ခက်ခဲလွန်းလှသည်။
ရီဖူရှင်းကလည်း ဤသည်ကို နားလည်သည်။ နန်ဒူမိသားစုက ဟွာဂျီယူအား အလွန် မျှော်လင့်ထားသည်။ သူမ ကြီးပြင်းလာသောအခါ သူတို့အပေါ် ရန်ငြိုးများ မရှိစေလိုပေ။ ထို့ကြောင့် တချို့အရာများတွင် သူမအပေါ် အလွန်ရက်စက်ခြင်း မရှိရန် သတိထားရပေမည်။ ရီဖူရှင်းကိုကား သူတို့က ဟွာဂျီယူနှင့် လက်ထပ်ရန် သဘောမတူသည့်တိုင် သူ့အား ရန်လုပ်မည် မဟုတ်ပေ။
"ပျော်လား...” ဟွာဂျီယူက ရီဖူရှင်းကို ပြုံးလျက် မေးသည်။
"သူတို့က ငါတို့ လက်ထပ်ပွဲကို သဘောတူတယ်လို့ ထင်နေတာ...” ရီဖူရှင်းက ပြောသည်။
"နင် ပျော်တယ်လို့ပြောလေ...” ဟွာဂျီယူက အံကြိတ်လျက် ပြောသည်။
"အာ...” ရီဖူရှင်းက သူမအား ကြည့်လျက် လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်... “မှန်တာပေါ့... နှစ်သစ်ကို ငါ့ရဲ့ မြေခွေးမနဲ့ အတူကုန်ဆုံးရမယ် ဆိုတော့ ပျော်တာပေါ့...”
ဟွာဂျီယူ၏မျက်လုံးများက ကျေနပ်သွားသည့်ပုံဟန်။
"ဒါနဲ့ ငါ ညဘက်တော့ ထွက်သွားစရာ မလိုဘူးမလား...” ရီဖူရှင်းက သူ့ဟန်အတိုင်း စနောက်လိုက်သည်။
ဟွာဂျီယူ၏အပြုံးက ချက်ချင်း ပျောက်သွားသည်။ သူ့အား ကြည့်ကာ သူမ၏ခြေထောက်က မြောက်တက်လာပြီး ထိုမမှန်ကန်သော အတွေးများအတွက် သူ့ခြေထောက်ကို ကန်ကျောက်လိုက်သည်။
"ငါက ဆရာ့အတွက် စဉ်းစားနေတာ... ဆရာက ဆရာကတော်ကို မတွေ့ရတာ အတော်ကြာပြီလေ... နင်က အဲဒီ အဘိုးကြီးတွေနဲ့သွားပြီး ဆွေးနွေးသင့်တယ်...” ရီဖူရှင်းက လေးနက်စွာ ပြောသည်။
"ဒါ ကျိုးကြောင်း ဆီလျော်တယ်... အဖေနေလို့ရတယ်... နင်နေလို့ မရဘူး...” ဟွာဂျီယူက ပြုံးလျက် ခေါင်းညိတ်သည်။
"ငါ့ဇနီးက ငါ့စကားကို နားမထောင်ဘူး...” ရီဖူရှင်း ရေရွတ်လိုက်သည်။
"နင် ဘာကို ပြောတာလဲ...” ဟွာဂျီယူက သူ ဒေါသတကြီး ကြည့်လိုက်ပြန်သည်။
"ဘာမှမဟုတ်ဘူး ... ငါတွေးနေတာက နှစ်သစ်ကူးပြီးရင် ငါတို့အတူတူ နန်းမြို့တော်ကို သွားသင့်တယ်လို့...” ရီဖူရှင်းက ပြောသည်။
"ငါစဉ်းစားမယ်...” ဟွာဂျီယူက ပြောသည်။
"ဆရာရဲ့ ကျန်းမာရေးက သိပ်မကောင်းဘူး... ငါတစ်ယောက်တည်းနဲ့ ဂရုမစိုက်နိုင်မှာ စိုးရိမ်တယ်...” ရီဖူရှင်းက ခြိမ်းခြောက်လိုက်သည်။
ဟွာဂျီယူက ဒေသတကြီး ကြည့်လိုက်သည်။ ဘေးမှ ဟွာဖန်းလူက သဘောမကျစွာ ပြောသည်... “မင်းတို့က လူမြင်ကွင်းမှာ အချစ်ငှက်မောင်နှံလို လုပ်နေတာ ငါဘာမှမပြောဘူး... ငါ့ကိုတော့ ဆွဲမထည့်ကြနဲ့...”
"အဖေ... ဘာတွေ ပြောနေတာလဲ...” ဟွာဂျီယူက ရှက်ရွံ့စွာ ပြောသည်။
"ဆရာက အရမ်း ညဏ်ကောင်းတာပဲ...” ရီဖူရှင်းက ချီးကျူးလိုက်သည်။ အနည်းဆုံးတော့ သူ၏ဆရာက သူတို့အား နားလည်သည်။
***
အတွဲ(၆) ပြီးပါပြီ။
ဆက်ပါဦးမည်။
***