မင်းနာမည် ... ဘယ်လိုခေါ်လဲ...
Vol. 17 Ch. 233
ကောင်းကင် တစ်ခုလုံးသည် စူးရှသော ခုနစ်ရောင်ခြယ် အလင်းများဖြင့် ဖုံးလွှမ်းခံထားရသည်။ အရောင်ခုနစ်ရောင်သည် သက်တံကဲ့သို့ ဖြစ်သော်လည်း သက်တံတစ်ခုလိုတော့ တစ်နေရာတည်းတွင်သာ ရှိနေခြင်းမဟုတ်ပေ။ ထိုအစား ၎င်းတို့သည် နေရာတစ်ခုလုံးအား ပျံ့နှံ့နေပြီး စုမင်မြင်နေရသမျှ နေရာတိုင်းတွင် ထိုအရောင်များဖြင့်သာ ပြည့်နေလေသည်။
စူးရှတောက်ပသော ခုနစ်ရောင်အလင်းသည် တောင်ထွတ်များ အားလုံးအပေါ် ကျဆင်းနေကာ ကောင်းကင်နှင့်ရောစပ်၍ မြေပြင်ပေါ် ဖြာကျနေခဲ့သည်။ လူတိုင်း၏ အမြင်အာရုံတွင် ထိုအရောင်များဖြင့်သာ ပြည့်နေချေသည်။
ထိုအလင်းထဲတွင် ဖော်ပြ၍မရနိုင်သော လွှမ်းမိုးနိုင်စွမ်းရှိသည့် အရှိန်အဝါတစ်ခု ရှိနေခဲ့သည်။ ထို့ကြောင့် ကြီးမြတ်သော ဆီးနှင်းဖုံး လွင်ပြင်များပေါ်ရှိ တောင်ထွတ်များအနက် နဝမတောင်ထွတ်မှလွဲ၍ ကျန်တောင်ထွတ် ၈ခုမှ တပည့်များ အားလုံးသည် ထိုခုနစ်ရောင်ခြယ် အလင်း၏ အလယ်ဗဟိုသို့ မော့ကြည့်နေ ခဲ့ကြသည်။
အော်ဟစ်သံများသည်လည်း နေရာအနှံ့မှ ထွက်ပေါ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤခုနစ်ရောင်ခြယ် အလင်းသည် အေးခဲကောင်းကင် ကလန်အတွင်း၌ လူတစ်ဦးတည်း ဆီမှသာ ထွက်ပေါ်လာနိုင်သော အရာဖြစ်သည်။
အေးခဲကောင်းကင် ကလန်အတွင်းတွင် လူတစ်ဦးတည်းသည်သာ သူ့ကိုယ်သူ ဤကဲ့သို့နည်းဖြင့် ဖော်ပြနိုင်သည်။
ထိုသူသည် အေးခဲကောင်းကင် ကလန်၏ ထူးချွန်တပည့်ဖြစ်ပြီး စတုတ္ထမြောက် မာန်နတ်ဘုရား ဖြစ်လာနိုင်ချေ အများဆုံးရှိသည့် ... စစ်မာရှင်းပင် ဖြစ်သည်။
“အဲဒါ စီနီယာအစ်ကို စစ်မာပဲ။ သူပြန်လာပြီ”
“ငါကြားတာတော့ စီနီယာအစ်ကို စစ်မာက အဝေးကိုရောက်နေတာ နှစ်တွေအများကြီး ကြာပြီတဲ့။ သူ ထွက်သွားတုန်းကတောင် သူ့စွမ်းအားက ရုပ်နယ်လွန်ပြည့်စုံဆင့် အထွတ်အထိပ်ကို ရောက်နေပြီတဲ့။ အခု သူပြန်လာတော့၊ သူက ရိုးရေစတေး နယ်ပယ်ကိုများ ရောက်နေလောက်ပြီလား”
“စီနီယာအစ်ကို စစ်မာ ကျောင်းက ထွက်သွားတုန်းက သူ ရိုးရေစတေး နယ်ပယ်ကို မရောက်မချင်း ပြန်မလာဘူးလို့ ပြောခဲ့တာ”
ဆူညံသံများသည် မြေပြင်ကိုပင် တုန်ခါနေစေပြီး ထိုခုနစ်ရောင်ခြယ် အလင်း၏ ပေါ်ပေါက်လာမှုသည် ကြီးမြတ်သော ဆီးနှင်းဖုံး လွင်ပြင်များပေါ်ရှိ တောင်ထွတ် ၈ခုမှ တပည့်များကို ထိတ်လန့် တုန်လှုပ်သွားစေခဲ့သည်။ စစ်မာရှင်းနှင့် ရင်းနှီးသူအချို့ဆိုလျှင် အလင်းတန်းများ အသွင်ပြောင်း၍ သူတို့ တောင်ထွတ်များမှပင် ပျံသန်းထွက်ခွာ သွားကြလေသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် မရေမတွက်နိုင်သော လူများသည် ကောင်းကင်သို့ ပျံတက်သွားကြပြီး လေထဲတွင်ရပ်လျက် အဝေးသို့ စောင့်ကြည့်နေကြပြီ ဖြစ်သည်။
ယခင်က တောင်ထွတ်ကိုးခု အလယ်ဗဟိုရှိ ဆောက်အဦများတွင် ဝင်ထွက်သွားလာ လှုပ်ရှားနေကြသော စုမင်ဘေးမှ လူအုပ်ကြီးသည်ပင် အယူသည်း၍ လေးစားရိုသေသော မျက်နှာ အမူအရာများဖြင့် လေထဲသို့ ပျံဝဲတက်သွားကြချေပြီ။ သူတို့သည် ကောင်းကင်ကို ကြည့်လိုက်ပြီး အလင်းရောင် အတွင်းရှိလူအား လက်သီးနှင့် လက်ဝါးထပ်ကာ လေးလေးနက်နက် ဦးညွှတ်လိုက်ကြသည်။
ဟူကျီပြောခဲ့သော အမျိုးသမီးမှ အယောင်ဆောင် ထားသည်ဆိုသော အမျိုးသားသည်ပင် ကောင်းကင်သို့ ဦးညွှတ်နှုတ်ဆက်ရန် အပြင်ကို ဖျတ်လတ်စွာ လျှောက်ထွက်လာချေသည်။
“ပြန်လည် ကြိုဆိုပါတယ်၊ စီနီယာအစ်ကိုကြီး စစ်မာ”
မြေပြင်ပေါ်ရှိ လူများထံမှ ထိုစကားများသည် ထပ်ခါထပ်ခါ ထွက်ပေါ်နေပြီး ၎င်းအသံများအားလုံး ပေါင်းစပ်သွားကာ မြေပြင်သည်ပင် တုန်ခါသွားဟန်ရသည်။
စုမင်သည် ထိုနေရာတွင် ရပ်နေရင်းမှ ခုနစ်ရောင်ခြယ် အလင်းသည် သူ့အား ထွင်းဖောက်လိုဟန်ဖြင့် စူးရှတောက်ပ လွန်းသောကြောင့် မျက်လုံးများပင် အနည်းငယ် နာကျင်သွားရသည်။ သူ့ဘေးရှိလူများသည် စစ်မာရှင်းကို လေးစားစွာ ကြိုဆိုနေကြချိန်တွင် သူ၊ ဟူကျီနှင့် ကျီချဲတို့ကိုတော့ တစ်လောကလုံးက မေ့ပျောက်သွား သလိုပင်။ ထိုသူများ၏ မျက်လုံးများထဲတွင် ဤအခိုက်အတန့်၌ မြင်သည့် တစ်ခုတည်းသော အရာမှာ ခုနစ်ရောင်ခြယ် အလင်းသာဖြစ်သည်။
ဤခံစားချက်နှင့် စုမင်အကျွမ်းတဝင် မရှိသည်တော့ မဟုတ်ပေ။ ဤမြင်ကွင်းသည် သူနက်မှောင်တောင်တွင် ရှိနေခဲ့စဉ်အချိန်က လေပြေစီးကြောင်း တောင်ရှေ့ရှိ ကွင်းပြင်ထဲသို့ ရောက်ခဲ့စဉ်အချိန်ကို ပြန်လည် အမှတ်ရမိသွားစေသည်။ ထိုအချိန်က သူသည် ထောင့်တစ်ထောင့်တွင် ရပ်ကာ လူတိုင်း၏ အာရုံစူးစိုက်မှုအလယ်၌ ရှေ့သို့ လျှောက်လာနေသော ထူးချွန်သူများကို ကြည့်နေခဲ့ရသည့် ဘာမှမဟုတ်သူ တစ်ယောက် ဖြစ်ခဲ့သည်။
သို့သော် စုမင်သည် ထိုအချိန်ကလို မဟုတ်တော့ပေ။ အတိတ်အချိန်က တည်ငြိမ်စွာနေနိုင်ရန် သူ့ကိုယ်သူ ဖိအားပေးခဲ့ရသည်။ သို့သော် ယခုတော့သူသည် ထိုကဲ့သို့ လုပ်စရာမလိုတော့ပေ။ သူသည် ဤနေရာတွင် တည်ငြိမ်အေးဆေးစွာ ရပ်နေနိုင်ပြီဖြစ်သည်။
သူ့မျက်လုံးများက တည်ငြိမ်နေသည်။ သူ့အမူအရာကလည်း တည်ငြိမ်နေခဲ့သည်။ သူ့ခန္ဓာကိုယ်သည် တည်ငြိမ်နေခဲ့သလို သူ့နှလုံးသားသည်လည်း တည်ငြိမ်နေခဲ့၏။
အဝေးရှိ ကောင်းကင်ပေါ်မှ ခုနစ်ရောင်ခြယ်အလင်း ထွက်ပေါ်နေရာ အရင်းအမြစ်ကို ငေးစိုက်ကြည့် နေမိသည်။ ထိုနေရာ၌ ခုနစ်ရောင်ခြယ် တောင်တစ်လုံးသည် လေထဲတွင် လွင့်မျောလာနေ၏။
ထိုနေရာတွင် လူတစ်ဦးရပ်နေပြီး သူ့မျက်နှာသည် ရည်ရွယ်ချက်ရှိရှိပင် မပီဝိုးတဝါး ဖြစ်နေခဲ့သည်။ ခုနစ်ရောင်ခြယ် အလင်းကြောင့် အမျိုးသား၏ အဝတ်အစားများကို ရှင်းရှင်းလင်းလင်း မမြင်ရနိုင်ပေ။ ထိုလူ၏ ဆံပင်များသည် လေထဲတွင် လွင့်မျောနေခြင်းနှင့် သူ့ဘေးတွင် မိန်းကလေးတစ်ဦး မတ်တတ်ရပ် နေသည်ကို စုမင်မြင်ရသည်။ သို့သော် ထိုမိန်းကလေး၏ မျက်နှာကိုလည်း ရှင်းရှင်းလင်းလင်း မမြင်ရချေ။
ခုနစ်ရောင်ခြယ်တောင်ကြီး နီးကပ်လာသည်နှင့် အမျှ မြေပြင်ပေါ်မှ ပိုမိုများပြားသော အော်ဟစ်သံများ ပဲ့တင်ထပ်လာခဲ့သည်။ ထိုကိုးကွယ်နေသကဲ့သို့ အသံများသည် မြင့်တက် ထွက်ပေါ်လာပြီး စုမင်နားထဲသို့ပါ ရောက်လာခဲ့သည်။ ယခုအချိန်တွင် တောင်ထွတ်များ အားလုံးမှ လေထဲသို့ ပျံဝဲတက်လာကြသူများ အားလုံးသည်လည်း နီးကပ်လာနေသော ခုနစ်ရောင်ခြယ် တောင်ကြီးထံသို့ လက်သီးနှင့် လက်ဝါးထပ်ကာ ဦးညွှတ်နေကြသည်ကို သူတွေ့လိုက်ရ၏။
“မင်းတို့ရဲ့ နွေးနွေးထွေးထွေး ကြိုဆိုမှုအတွက် ကျေးဇူးတင်ပါတယ်။ ငါ မင်းတို့အားလုံးအတွက် လက်ဆောင်တချို့ ပြင်လာခဲ့တယ်။ တောင်ကို ပြန်ရောက်တာနဲ့ ငါ့မိတ်ဆွေကောင်း တွေကနေ တစ်ဆင့် မင်းတို့ကို ဝေပေးခိုင်းလိုက်ပါ့မယ်”
စစ်မာရှင်း၏ ညင်သာသောအသံက လေထဲသို့ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။ သူသည် ကြင်နာသော အပြုံးလေးတစ်ခုဖြင့် လူအုပ်ထံသို့ လက်သီးနှင့် လက်ဝါးထပ်ကာ ပြန်လည် နှုတ်ဆက်လာခဲ့သည်။
သူ့မျက်နှာ အမူအရာသည် အေးဆေးတည်ငြိမ်နေကာ သူ့ပတ်ဝန်းကျင်တွင် ဖော်ပြရန် မစွမ်းသာသော ကျက်သရေရှိသည့် လေထုတစ်ခု ရှိနေခဲ့သောကြောင့် အခြားလူများသည် သူတို့ကိုယ်ကို နွေဦးလေညင်းလေး ဖြတ်တိုက်သွားသလို ခံစားလိုက်ကြရချေသည်။ သူတို့သည် စစ်မာရှင်းအား တရင်းတနှီး ခံစားနေရလေသည်။
“အတုအယောင်တွေ။ အတိတ်တုန်းက အဲဒီစစ်မာရှင်းကို ဒီအဘိုးဟူက အကြိမ်နည်းနည်းလောက် တွေ့ဖူးတယ်။ သူ့အပြုံးတွေက အရမ်းအတုအယောင် ဆန်တယ်။ အစ်ကိုနှစ်အပြုံးကမှ သူ့ထက် ပိုပျော့ပျောင်းဦးမယ်။ အရင်တုန်းက ဆရာက သူ့ကိုတပည့်အဖြစ် ခေါ်ချင်ခဲ့သေးတယ် ... ဒါပေမဲ့ နောက်ဆုံး ဆရာက သူ့ကို မရွေးချယ်ခဲ့တာ ကျေးဇူးတင်ရမယ်”
ဟူကျီသည် စုမင်ဘေးတွင် ရပ်နေရင်းမှ နှာခေါင်းကိုပွတ်၍ အသံကျယ်ကျယ်ဖြင့် ပြောသည်။
ကျီချဲသည် တိတ်ဆိတ်နေသော်လည်း အဝေးမှ ခုနစ်ရောင်ခြယ်တောင်ဆီ လှမ်းကြည့်နေသော သူ့မျက်လုံးများကတော့ နက်မှောင်နေခဲ့သည်။
သူ ယခု စစ်မာရှင်းကို နာကြည်းနေပြီ ဖြစ်သည်။ အကယ်၍ နဝမ တောင်ထွတ်ဆီသွား၍ စုမင်ကို ပြဿနာရှာရန် စစ်မာရှင်းကသာ မပြောခဲ့လျှင် ယခုအချိန်တွင် သူသည် ဤကဲ့သို့ သနားစရာကောင်းသော အခြေအနေမျိုး ဖြစ်နေလိမ့်မည် မဟုတ်ပေ။
စုမင်သည်တော့ ကောင်းကင်မှ နီးကပ်လာနေသော ခုနစ်ရောင်ခြယ် တောင်ကိုသာ တိတ်ဆိတ်စွာ စိုက်ကြည့်နေဆဲ ဖြစ်သည်။ များမကြာမီတွင် စစ်မာရှင်း၏ မျက်နှာကို သူရှင်းရှင်းလင်း လင်းလင်း မြင်လိုက်ရချေပြီ။ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော စစ်မာရှင်းသည် မယုံနိုင်လောက်အောင်ပင် ချောမောသော မျက်နှာရှိပြီး အလွန်နူးညံ့ကြင်နာက ကျက်သရေရှိပုံ ပေါ်သည်။ သူ့မျက်ခုံးများက ဖြောင့်စင်း သွယ်တန်းနေပြီး မျက်လုံးများက စူးရှတောက်ပနေသည်။ သူ့မျက်နှာပေါ်ရှိ ရိုးရိုးရှင်းရှင်း အပြုံးလေးသည်လည်း ပျောက်ကွယ် မသွားသေးပေ။
အခြားသူများနှင့် ကွဲပြားခြားနားသော စိတ်နေသဘောထားသည် စစ်မာရှင်း၏ သဘောသဘာဝပင် ဖြစ်သည်။ ထိုအရာသည် သူ၏ထူးခြားသော အသွင်အပြင်နှင့် ပေါင်းစပ်သွား ချိန်တွင်တော့ မဖော်ပြနိုင် လောက်အောင်ပင် ကျက်သရေ ရှိသွားလေသည်။
ယခုအကြိမ်သည် စုမင် စစ်မာရှင်းကို ပထမဆုံးမြင်ဖူးခြင်း မဟုတ်ပေ။ သို့သော် အတိအကျ ပြောရမည်ဆိုလျှင်တော့ သူ စစ်မာရှင်းကို ပထမဆုံး အမှန်တကယ် တွေ့ဖူးခြင်း ဖြစ်သည်။ ဤအရာသည် သူ ဟန်တောင်တန်း မြို့တော်၌ ရှိနေခဲ့ချိန်တွင် စစ်မာရှင်းက ဖန်းမုခန္ဓာကိုယ်ကို ငှါးရမ်း၍ သူ့အား တိုက်ခိုက်ခဲ့ခြင်းနှင့်တော့ ကွဲပြားခြားနားပေသည်။
စစ်မာရှင်း၏ ယဉ်ကျေးသော အပြောအဆိုနှင့် နူးညံ့သော အပြုံးတို့ကို စုမင် ဆက်ကြည့်နေခဲ့သည်။ သို့သော် သူသည် အေးအေးဆေးဆေးသာ ကြည့်နေခြင်းဖြစ်ပြီး မည်သည့်မှတ်ချက်မှ မပြုလုပ်ခဲ့ပေ။
ဟူကျီ၏ အထင်သေးမှု၊ စုမင်၏ တည်ငြိမ်မှုနှင့် ကျီချဲ၏ ညှို့မှိုင်းနေသော အမူအရာတို့သည် သူတို့ပတ်ဝန်းကျင်ရှိ အေးခဲကောင်းကင် ကလန်မှ တပည့်များ၏ ရိုသေလေးစားနေသော အမူအရာများနှင့် လုံးဝကွဲပြားခြားနား နေခဲ့သည်။ သူတို့၏ ကွဲပြားနေသော အမူအရာများနှင့် သုံးယောက်အတူ ယှဉ်တွဲရပ်နေမှုတို့ကြောင့် အခြားသူများသည်သာ လူအုပ်ထဲသို့ လှည့်ပတ်ကြည့်ရှု လိုက်ချိန်တွင် သူတို့ကို သတိပြုမိ သွားကြချေသည်။
စစ်မာရှင်းသည်လည်း စုမင်ကို သတိပြုမိကောင်း ပြုမိမည် ဖြစ်သော်လည်း ပြုံးနေဆဲပင်ဖြစ်ပြီး မည်သည့် စိတ်ခံစားချက် အပြောင်းအလဲကိုမှ ထုတ်ဖော်ပြသလာခြင်း မရှိပေ။
“သွားရအောင် အစ်ကိုသုံး။ ကျွန်တော်တို့ စာရွက်တွေ ယူပြီးတာနဲ့ တောင်ကိုပြန်ကြမယ်”
စုမင် တည်ငြိမ်စွာ ပြောလိုက်သည်။
သူနှင့်စစ်မာရှင်းကြားရှိ ရန်ငြိုးသည် ရိုးရှင်းသော အရာတစ်ခုဟု ဆို၍ရသလို ရှုပ်ထွေးသော အရာတစ်ခုဟုလည်း ဆိုနိုင်၏။ မည်သို့ပင်ဆိုစေ နိဂုံးချုပ်ကတော့ တစ်ခုတည်းသာ ရှိချေသည်။ သူတို့ကြားမှ ရန်ငြိုးသည်ဖြေရှင်း၍ မရနိုင်သော အမှတ်သို့ ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။
ဖန်းချန်းလန်ကို ပေးထားသော ကတိအားလျစ်လျူရှုပြီး ဖန်းမုအပေါ်သို့ ဖြစ်ပျက်ခဲ့သော အရာနှင့်ပတ်သက်၍ စစ်မာရှင်းထံမှ ခွင့်လွှတ်မှုကို တောင်းခံကာ ဟန်တောင်တန်း ခေါင်းလောင်းကို လေးလေးစားစား ပြန်မပေးအပ်သရွေ့ ထိုရန်ငြိုးကို ဖြေရှင်းနိုင်မည့် အခြားနည်းလမ်း မရှိပေ။
သို့သော် စုမင်သည်လည်း ထိုအရာများကို မလုပ်နိုင်သည်မှာ အရှင်းအလင်းပင် ဖြစ်သည်။
စာရွက်များယူရန် သိုလှောင်ခန်းမဆီသို့ စုမင် လှည့်ထွက်လိုက်ချိန်သည် ခုနစ်ရောင်ခြယ်တောင်ကြီး အနီးသို့ ရောက်လာချိန်လည်း ဖြစ်သည်။ ခုနှစ်ရောင်ခြယ် အလင်းများ တဖြည်းဖြည်း မှိန်ဖျော့ပျောက်ကွယ် သွားချိန်တွင် သူ့မျက်လုံးထောင့်မှ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသော အရာသည် စစ်မာရှင်း၏ မျက်နှာတစ်ခုတည်းသာ မဟုတ်ပေ။
စစ်မာရှင်းနောက်တွင် လှပစွာပြုံးနေသော စိတ်လှုပ်ရှားဖွယ် မျက်နှာ သေးသေးလေးကိုလည်း သူမြင်လိုက်ရချေသည်။
၎င်းမှာ အတော်ငယ်ရွယ်ပုံပေါ်သော ခရမ်းရောင်ဝတ်ရုံနှင့် ချောမောလှပသည့် မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမ၏ အသားအရေသည် ကျောက်စိမ်းနှင့်တူပြီး မျက်လုံးများကတော့ လမင်းကြီးသဖွယ်ပင်။ သူမသည် နာခံသော အမူအရာဖြင့် စစ်မာရှင်းနောက်၌ ရပ်နေခဲ့သည်။ သို့သော် သူမ မျက်လုံးများအတွင်းမှ ချစ်ခင်ကြင်နာဖွယ် ကောင်းမှုနှင့် သူမ၏ ကျက်သရေ ရှိမှုတို့ကြောင့် အခြားသူများအနေနှင့် တုန်လှုပ်သွားမိကြသည်။ ထို့အပြင် သူမအား သူတို့မြင်လိုက်သည်နှင့် ထိုကျက်သရေ ရှိမှုထဲတွင် အရိုင်းဆန်သည့် အလှတရားကိုပါ ခံစားလိုက်မိ ကြချေသည်။
ထိုအလှတရားသည် အချိန်ကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်သလို လုပ်ယူဖန်တီး ထားခြင်းကြောင့်လည်း မဟုတ်ပဲ သဘာဝအတိုင်း ဖြစ်ပေါ်နေသော အရာပင်ဖြစ်သည်။ သူမကြီးပြင်းလာသည့် ပတ်ဝန်းကျင်၊ သူမ၏ ပင်ကိုစရိုက်နှင့် အခြားအချက်များကြောင့် ယခုလိုမြင်တွေ့ရခဲသော အရိုင်းဆန်သည့် အလှတရားမျိုး ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
သူမ၏ တဖျပ်ဖျပ် တောက်ပနေသော မျက်လုံးများ၊ ထွင်းထုထားဟန် မျက်ခုံးများနှင့် ပြုံးလိုက်လျှင် အခြားသူများအား ဆွဲဆောင်နိုင်သော နှုတ်ခမ်းပါးများ။
သူမသည် ငယ်ရွယ်ကောင်း ငယ်ရွယ်နိုင်သော်လည်း သူမ၏ အသွင်အပြင်ကတော့ လုံးဝရင့်ကျက်နေခဲ့ပြီ ဖြစ်သည်။ စုမင်သည် လှည့်ထွက်ရန် ပြင်လိုက်ချိန်၌ သူမအား မျက်လုံးထောင့်မှ မြင်လိုက်ရာ တုန်ယင်သွားမိချေသည်။
ထိုအချိန်တွင် ရာပေါင်း၊ ထောင်ပေါင်းများစွာသော မိုးကြိုးများသည် သူ့စိတ်ထဲတွင် အဆက်မပြတ် မြည်ဟည်းပေါက်ကွဲသွား သကဲ့သို့ ခံစားလိုက်ရပြီး စုမင်ခန္ဓာကိုယ်က တုန်ရီသွားခဲ့ရသည်။ သူ့နှလုံးသားသည် အပြင်းအထန် ခုန်လှုပ်လာခဲ့ပြီး ယခင်ကသူ့ထံတွင် တစ်ခါမှ မမြင်ခဲ့ရဖူးသော ပုံစံနှင့် သူ့အသက်ရှူသံ များသည်လည်း လျင်မြန်လာခဲ့သည်။
ထိုအချိန်တွင် စုမင်ရှေ့မှ လောကကြီးသည် ရပ်တန့်သွားသလိုပင်။ လေများ မတိုက်ခတ်တော့သလို တိမ်စိုင်များသည်လည်း မရွေ့လျားတော့ချေ။ ထိုတစ်ခဏ၌ သူကြားနေရသော ဆူညံသံများသည်ပင် ချက်ချင်း ပျောက်ကွယ်သွား ခဲ့ကြသည်။ ထိုအချိန်တွင် သူ့မြင်ကွင်းထဲမှ လောကကြီးတွင် လူများပျောက်ကွယ်သွား သကဲ့သို့ တောင်ထွတ်ကိုးခုလည်း ပျောက်ကွယ်သွားချေပြီ။
ကောင်းကင်ရှိ အရောင် ခုနစ်ရောင်သည်ပင် သူ့မြင်ကွင်းထဲ၌ လုံးဝပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူ့အမြင်အာရုံတွင် ခုနစ်ရောင်ခြယ်တောင်ကြီး မရှိတော့သလို စစ်မာရှင်းလည်း မရှိတော့ပေ။
သူ့မြင်ကွင်းထဲတွင် ကျန်ရှိနေခဲ့သည့် တစ်ခုတည်းသော အရာမှာ ခရမ်းရောင်ဝတ်ရုံနှင့် လူပင်ဖြစ်သည်။ အရိုင်းဆန်သော အပြုံးလေးတစ်ခုနှင့် ထိုလူ ... အဆုံးမရှိသည့် ကြယ်စင် အစုအဝေးများ ပါဝင်နေသကဲ့သို့ တဖျတ်ဖျတ် လက်နေသော မျက်လုံးများနှင့် ထိုလူ... အရိုင်းဆန်သည့် အလှတရားများဖြင့် ပြည့်နေသော ထိုကောင်မလေး...
စုမင်မျက်လုံးအတွင်းမှ တည်ငြိမ်အေးဆေးမှုများ ပြိုကွဲသွားခဲ့ချေပြီ။
သူ့မျက်နှာထက်ရှိ တည်ငြိမ် အေးဆေးမှုများသည်လည်း မရှိတော့။
တည်ငြိမ်နေခဲ့သော သူ့ခန္ဓာကိုယ်သည်လည်း တုန်ယင်နေခဲ့ချေပြီ။
သူ့နှလုံးသားအတွင်းမှ တည်ငြိမ်မှုများသည်လည်း ပျောက်ကွယ်သွားကြပြီ ဖြစ်သည်...
ထိုအခိုက်အတန့်တွင် သူသည် အေးခဲကောင်းကင် ကလန်အတွင်း၌ ရပ်နေခြင်းကို လည်းကောင်း၊ သူမြင်နေရသော အရာအားလုံးကို လည်းကောင်း မေ့ပျောက်သွားလေပြီ။
စစ်မာရှင်းနောက်တွင် ရပ်နေသော ကောင်မလေးကြောင့် သူအရာအားလုံးကို မေ့ပျောက်သွားခဲ့ခြင်း ဖြစ်သည်။ ဤအခိုက်အတန့်၌ သူ့တွင် မည်သည့်အတွေးမှ ရှိမနေသလို သူ့စိတ်သည်လည်း မည်သည့်အရာကိုမှ တွက်ချက်နိုင်စွမ်း မရှိတော့ပဲ စိတ်တစ်ခုလုံး ဗလာဖြစ်နေချေသည်။ သူ့ခေါင်းထဲတွင် ရှိနေသည့် တစ်ခုတည်းသော အရာသည် သူ့နှလုံးသားအတွင်း၌ ဖြစ်ပေါ်နေသည့် ဝမ်းနည်းကြေကွဲဖွယ် သီချင်းတစ်ပုဒ်ပင် ဖြစ်သည်။ ထိုဝမ်းနည်းကြေကွဲဖွယ် သီချင်းသည် သူ့နှလုံးသားကို နာကျင်စေသော မြင်ကွင်းတစ်ခုနှင့် အတူယှဉ်တွဲ ဖြစ်ပေါ်လျက်ရှိ၏။
သူ့ခေါင်းထဲရှိ မြင်ကွင်းတွင် အဖြူရောင်နှင်းများ ကျဆင်းနေသည်။ ထိုနှင်းများထဲတွင် ကောင်လေးတစ်ယောက်နှင့် ကောင်မလေး တစ်ယောက်သည် လက်ချင်းချိတ်လျက် နှင်းမုန်တိုင်းကို ဖြတ်လျှောက်နေကြသည်။ နှင်းများသည် သူတို့ဆံပင်များ ပေါ်ကျဆင်းနေခဲ့သည်။ သူတို့သည် အိုမင်းကာ ဆံပင်များ ဖြူသွားသည်အထိ အတူတကွ လျှောက်လှမ်းသွားကြမည် ကဲ့သို့ပင်...
“စုမင် ဒါဆို ကတိနော်...”
“ငါ သေချာပါက် လာခဲ့ပါ့မယ်”
ထိုမြင်ကွင်းထဲတွင် ဖြစ်ပျက်ခဲ့သော အရာအားလုံးသည် စုမင်ကို ထိတ်လန့် တုန်လှုပ်အောက် ပြုလုပ်နိုင်ချေသည်။ သူတို့အနီးသို့ ကောင်းကင်မှနေ၍ တဖြည်းဖြည်း နီးကပ်လာနေသော ကောင်မလေးကို သူငေးကြည့်နေမိသည်။
“ပိုင်လင်းလား ... ဒါ ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
စုမင် တီးတိုးရေရွတ် လိုက်မိ၏။
သူ့မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ရှိနေခဲ့သည်။ ထိုအခိုက်အတန့်၌ သူ့တွင် သန်မာသော စိတ်ဆန္ဒတစ်ခု ဖြစ်ပေါ်လာခဲ့ချေသည်။
သူသည် ထိုစိတ်ဆန္ဒကို ဖိနှိပ်လိုခြင်း မရှိသလို ဖိနှိပ်လိမ့်မည် မဟုတ်ပေ။ ထို့အပြင် သူ့တွင် ဖိနှိပ်နိုင်စွမ်းလည်း မရှိပေ။
ထိုစိတ်ဆန္ဒသည် သူ့စိတ်ကို ရှင်းလင်းအောင် လေ့ကျင့်ခြင်းအား ရပ်တန့်နေစေလိမ့်မည် ဆိုလျှင်တောင် သူ ထိုအရာကို ဖိနှိပ်လိုခြင်းမရှိပေ။
ထိုအခိုက်အတန့်တွင် သူသည် ညာခြေကိုမကာ လေထဲသို့ လှမ်းတက်လိုက်ပြီး ခုနစ်ရောင်ခြယ် တောင်ဆီသို့ စတင်လျှောက်သွား လိုက်သည်။
စုမင် အပြုအမူများသည် ဟူကျီကို အံ့အားသင့်မှင်တက် သွားစေသည်။ သို့သော် သူအံ့အားသင့်သွား သော်လည်း စုမင်နောက်သို့ ချက်ချင်း လိုက်ပါသွားဆဲပင် ဖြစ်သည်။
ကျီချဲသည်လည်း ခဏတာ တုံ့ဆိုင်းနေပြီးနောက် လိုက်ပါသွား လိုက်လေသည်။
ခုနစ်ရောင်ခြယ် အလင်းများ မှိန်ဖျော့လာချိန်တွင် စုမင်သည် လေထဲတွင် လွင့်မျောနေသော ခုနစ်ရောင်ခြယ် တောင်ကြီးရှေ့သို့ ရောက်ရှိနေပြီဖြစ်သည်။ သူသည် တောင်၏ရှေ့သို့ ဆက်ရွေ့လျားမည့်လမ်းတွင် ပိတ်ရပ်နေခဲ့ခြင်းပင်...
ထိုမြင်ကွင်းသည် ရှိနေသော လူများအားလုံး၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။ မျက်လုံးထောက်ပေါင်း များစွာသည် သူတို့နှင့် မရင်းနှီးသော မျက်နှာတစ်ခု ဖြစ်သည့် စုမင်အပေါ် စုရုံးရောက်ရှိ လာကြသည်။
“မင်းနာမည် ... ဘယ်လိုခေါ်လဲ...”
စုမင်သည်တော့ ခုနစ်ရောင်ခြယ်တောင်ကို သော်လည်းကောင်း၊ စစ်မာရှင်းနှင့် အခြားကျန်သည့် လူများကို သော်လည်းကောင်း မမြင်နိုင်ခဲ့ပေ။ သူမြင်နိုင်သည်မှာ ကောင်မလေး တစ်ဦးတည်းသာ ဖြစ်သည်။ သို့မဟုတ် ပိုမိုတိကျစွာ ပြောရမည်ဆိုလျှင် နက်မှောင်တောင်ရှိ ဆီးနှင်းများထဲတွင် ရပ်နေသော ကောင်မလေး တစ်ဦးတည်းသာ ဖြစ်သည်။
***