ပိုင်လင်း မဟုတ်ဘူး
Vol. 17 Ch. 234
စစ်မာ ရှင်းပြန်လာခြင်းသည် လူများစွာ၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ ထိုအထဲတွင် စုမင် သတိမထားမိသူ နှစ်ဦးလည်း ပါ၏။ တစ်ဦးသည် စတုတ္ထတောင်ထွတ်မှ ဟန်ဖေးကျစ် ဖြစ်သည်။
သူမသည် အဖြူရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားကာ ရေခဲကဲ့သို့ အေးစက်သော အမူအရာဖြင့် တောင်ပေါ်၌ ရပ်နေခဲ့သည်။ ကောင်းကင်ရှိ ခုနစ်ရောင်ခြယ် တောင်ကြီးအား ကြည့်နေချိန်တွင် သူမ အမူအရာသည် တည်ငြိမ်နေသဖြင့် မည်သူကမှ သူမဘာအကြောင်း တွေးနေသည် ဆိုခြင်းကို မသိခဲ့ပေ။
သို့သော် သူမ မျက်လုံးများအတွင်းမှ ရံဖန်ရံခါ အေးစက်စက် အကြည့်များသည် သူမသည် စစ်မာရှင်းအပေါ် အငြိုးအတေး ရှိနေကြောင်း ပြသနေသည်။ သို့သော ထိုရန်လိုမှုသည် ဖန်းချန်းလန်၏ ရန်လိုမှုနှင့်တော့ မတူပေ။ ထိုအရာသည် ပြိုင်ဘက် တစ်ယောက်အား စစ်ဆေးနေသော အမူအရာမျိုးဖြစ်သည်။
စုမင် သတိမပြုမိခဲ့သည့် အခြားတစ်ဦးသည် တတိယတောင်ထွတ်မှ ဖန်းချန်းလန် ဖြစ်သည်။
သူမသည် ဘဲဥပုံမျက်နှာရှိသော ချောမောလှပသည့် အမျိုးသမီးနှင့် တတိယ တောင်ထွတ်ပေါ်တွင် အတူရပ်နေခဲ့သည်။
သူတို့သည် စစ်မာရှင်းနှင့် ခုနစ်ရောင်ခြယ် တောင်ထံမှ အလင်းတို့ကို မြင်သလို၊ လူတို့၏ အားပေးအော်ဟစ် သံများကိုလည်း ကြားနေရချေ၏။
စစ်မာရှင်း ပြန်လာသည်ကို မြင်ချိန်တွင် ဖန်းချန်းလန် မျက်နှာက ဖြူရော်သွားခဲ့သည်။ သူမဘေးမှ အမျိုးသမီးသည်လည်း မျက်မှောင်ကြုတ်ကာ အေးစက်စက် ဝေဖန်ရင်း ဖန်းချန်းလန်ထံ လျှောက်လာခဲ့လေငည်။
“သူက ကြီးမြတ်သော ဆီးနှင်းဖုံးလွင်ပြင်တွေရဲ့ အဆင့်ဇယားမှာ နံပတ်၁ နေရာကိုတောင် ရသေးတာမဟုတ်ဘူး။ သူက ဒီလောက်မာန်တက်နေပြီ”
ဖန်းချန်းလန်ကမူ တိတ်ဆိတ်နေခဲ့သည်။ သူမသည် ခေါင်းကိုသာ ငုံ့ထားပြီး စကားတစ်ခွန်းမှ ပြန်မပြောခဲ့ပေ။
“ဟမ့်၊ သူက စတုတ္ထမြောက် မာန်နတ်ဘုရား ဖြစ်လာနိုင်ခြေ အမြင့်ဆုံးလူဆိုတဲ့ ကောလဟာလကလည်း ကျောင်းတော်ကပဲ လုပ်ထားတာ။ ကျောင်းတော်ကပဲ သူ့ပုံရိပ်နဲ့ အခွင့်အရေးတွေကို ဖန်တီးပေးခဲ့တာ။ ငါတို့ စီနီယာအစ်မကြီး ထျန်းလန်မုန်နဲ့ စီနီယာအစ်ကို ချန်းချင်တို့လိုမျိုး တပည့်တွေအများကြီး အတွက်တော့ အဲဒီစစ်မာရှင်းက မာန်နတ်ဘုရားပဲ”
“အေးခဲကောင်းကင် ကလန်ရဲ့ ကြီးမြတ်သော ထူးချွန်သူ သုံးဦးတဲ့လား။ ဟမ်း ... အဲဒီသုံးယောက်ထဲမှာ ဘယ်သူက ကောင်းကင်ဘုံ တံခါးဝကို အရင်ဆုံး ဝင်နိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့။ စစ်မာရှင်းရဲ့ အလားအလာက ကောင်းတယ်ဆိုပေမဲ့ သူလုပ်တဲ့ တချို့အရာတွေက ငါ့ကို အရမ်းရွံရှာစေတယ်။ စီနီယာအစ်မကြီး ထျန်းလန်မုန်နဲ့ အစ်ကိုချန်းချင်တို့ ဒီကိုပြန်လာရင်တောင် သူတို့ကအခုလို ဆူညံတာမျိုး ဖြစ်စေမှာမဟုတ်ဘူး”
“ကျောင်းတော်က ဖန်တီးပေးနေတဲ့ သူ့ပုံရိပ်အပြင် တခြားလူတွေ သူ့ကိုအရူးအမူး ဖြစ်နေအောင်လို့ သူက အဲဒီလိုလှည့်ကွက်တွေကို သုံးနေတာပဲ မဟုတ်လား။ လူတွေကို သူ့နောက်လိုက်အောင် ဆွဲဆောင်ဖို့အတွက် ပစ္စည်းတွေအများကြီး သုံးတယ်။ ပြီးရင် အဲဒီလူတွေနဲ့ ရင်းနှီးအောင် လုပ်တယ်”
ဖန်းချန်းလန်ဘေးမှ အမျိုးသမီးသည် ထိုစကားများအား အေးစက်စက် အပြုံးတစ်ခုနှင့် ပြောလိုက်ပြီးနောက် ဖန်းချန်းလန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူမ မျက်နှာထက်တွင် သနားသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။
“မင်းက ဘာလို့ သူ့ကိုမြင်လိုက်တဲ့ အချိန်တိုင်း ဒီလိုပုံစံမျိုး ဖြစ်နေတာလဲ။ ဘာလို့ သူ့ကို ကြောက်နေတာလဲ။ သူက မင်းကိုယ်ထဲမှာ အချစ်ရဲ့ မာန်မျိုးစေ့ကို စိုက်ပျိုးခဲ့တယ်။ အဲဒါအကုန်ပဲ။ သူ့ကို ကြောက်နေပြီး တစ်ယောက်ယောက်က မင်းကို ကူညီလိမ့်မယ်လို့ မျှော်လင့်နေရင်တော့၊ တစ်ယောက်ယောက်က မင်းကိုလွတ်မြောက်အောင် လုပ်ပေးနိုင်ခဲ့ရင်တောင် အဆုံးသတ်ကျ မင်းက အဲဒီလူက ထိန်းချုပ်မှုကို ခံရဦးမှာပဲ”
“အမျိုးသမီးတွေက အမျိုးသားတွေထက် အားနည်းလို့လား။ စီနီယာအစ်မကြီး ထျန်းလန်မုန် ကိုပဲကြည့်။ စစ်မာရှင်းက ငါတို့ စီနီယာအစ်မကြီးနဲ့ တွေ့ရင်တောင် သူမကို အန္တရာယ် ပြုရဲမှာတဲ့လား”
သူမ၏ ဘဲဥပုံမျက်နှာထက်တွင် မာနကြီးသော အရိပ်အယောင်တစ်ခု ရှိနေခဲ့၏။
“ကျွန်မတို့ ပြန်လာတုန်းက ဆရာဦးလေးပိုင် စောင့်ကြပ်နေတဲ့ ကောင်းကင်မြူခိုး အတားအဆီးရဲ့ အစိတ်အပိုင်းကို တွေ့ခဲ့တယ်”
ဖန်းချန်းလန်သည် နှုတ်ခမ်းကိုကိုက်ကာ ခေါင်းကိုဖြည်းညင်းစွာ မော့လိုက်သည်။ သူမ၏ မျက်နှာထက်တွင် ဆုံးဖြတ်ချက် ခိုင်မာဟန် အမူအရာတစ်ခု ရှိနေခဲ့သည်။
“ဆရာဦးလေးပိုင်လား။ အတိတ်တုန်းက ကျောင်းတော် တစ်ခုလုံးရဲ့ မျှော်လင့်ချက်တွေကို သူတစ်ယောက်အပေါ်မှာ ထားခဲ့တယ်ဆိုတဲ့လူကို မင်းပြောတာလား။ မာန်နတ်ဘုရားရှင်တွေရဲ့ ဖန်တီးမှု ပညာရပ်တွေကို လေ့ကျင့်ခဲ့ပေမဲ့ မာန်နတ်ဘုရားရှင်တွေရဲ့ ပြောင်းလဲမှုပညာရပ်ကို လေ့ကျင့်စေချင်တဲ့ ကျောင်းတော်ရဲ့ဆန္ဒကို သွေဖယ်ပြီး ရိုးရေစတေး နယ်ပယ်ရဲ့ စစ်နတ်ဘုရား ဖြစ်လာချင်တဲ့ သူ့ဆရာရဲ့ ဆန္ဒကို အမွေဆက်ခံခဲ့လို့ ကျောင်းတော်နဲ့ ဆက်ဆံရေးခပ်ခွာခွာ ဖြစ်သွားတယ်ဆိုတဲ့ အဲဒီ ဆရာဦးလေးပိုင်လား”
ဖန်းချန်းလန် ခေါင်းညိတ်ပြလိုက်သည်။
ဘဲဥပုံမျက်နှာလေးနှင့် အမျိုးသမီးသည် ထိုအကြောင်းကို သိလိုက်ရသဖြင့် သက်ပြင်းဖွဖွ ချမိသွား၏။
“စစ်နတ်ဘုရားတွေ အကုန်လုံးက လေးစားကြည်ညိုဖို့ ကောင်းတဲ့လူတွေချည်းပဲ။ ပြီးတော့ စစ်နတ်ဘုရားဆိုတာ လူတွေအများကြီး ဖြစ်ချင်ကြတဲ့ အိပ်မက်ပဲ။ ကျောင်းတော်ထဲမှာတောင် မာန်နတ်ဘုရားရှင် ဖြစ်ချင်တဲ့ ဆန္ဒပြီးရင် စစ်နတ်ဘုရား ဖြစ်ချင်တဲ့ ဆန္ဒက ဒုတိယနေရာမှာ ရှိနေတာ။ ဒါပေမဲ့ ... မင်းသာ စစ်နတ်ဘုရားတစ်ပါး ဖြစ်သွားပြီဆိုရင် မာန်နတ်ဘုရား တစ်ပါး ဖြစ်မလာနိုင်တော့ဘူး။ သူတို့က အနာဂတ် မာန်နတ်ဘုရားရှင် အတွက် လက်အောက်ခံတွေပဲ ဖြစ်လာနိုင်တော့တာ”
“ကျောင်းတော်ထဲမှာတောင် စစ်နတ်ဘုရားတွေ သိပ်မရှိဘူး။ သူတို့အထဲက အများစုကို သတ်ဖြတ်တဲ့နေရာမှာ အတွေ့အကြုံရှိအောင်လို့ အပြင်ကို စေလွှတ်ထားတာ။ အဲဒါမှပဲ သူတို့က အနာဂတ် မာန်နတ်ဘုရားရှင် အတွက် အားတစ်ခု ဖြစ်လာနိုင်မှာလေ”
“မင်းကြိုက်နေတဲ့ လူကလည်း စစ်နတ်ဘုရား တစ်ပါးပဲဆို”
သူမက ရုတ်တရက် မေးလိုက်သည်။
ထိုအခိုက်အတန့်တွင် ဖန်းချန်းလန်သည် စစ်မာရှင်းကြောင့် ဖြစ်ပေါ်နေသော စိတ်ဖိစီးမှုများကို မေ့ပျောက်သွားဟန်ဖြင့် မိန်းကလေးငယ်လေး တစ်ဦးသဖွယ် သူမမျက်နှာသည် ရှက်ရွံ့မှုကြောင့် နီရဲသွားခဲ့သည်။ သူမ စကားပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် သူမ စီနီယာအစ်မ၏ အမူအရာက ရုတ်ခြည်း ပြောင်းလဲသွားသည်။
“မင်းကြိုက်တယ်ဆိုတဲ့ အဲဒီလူ ... သူ ... သူဘာလုပ်နေတာလဲ”
ဖန်းချန်းလန် အံ့အားသင့်သွားမိသည်။ ထို့နောက် ချက်ချင်း ခေါင်းလှည့်ကြည့် လိုက်မိချိန်တွင် သူမ အမူအရာသည်လည်း ပြောင်းလဲသွားခဲ့ရသည်။
ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင် ဧရိယာတစ်ခုလုံး တိတ်ကျသွားသည်။ ဖန်းချန်းလန် အပါအဝင် လူတိုင်း၏ အကြည့်များသည် ကောင်းကင်ရှိ ခုနစ်ရောင်ခြယ် တောင်ဆီသို့ ဖြည်းညင်းစွာ လျှောက်လာနေသော လူထံသို့ စုရုံးရောက်ရှိ သွားကြ၏။
ထိုအချိန်တွင် ဟန်ဖေးကျစ်၏ အေးစက်စက်နှင့် သီးသန့်ဆန်သော မျက်နှာ အမူအရာကပင် ပြောင်းလဲသွားခဲ့ရပြီး စုမင်အား စိတ်ရှုပ်ထွေးစွာ လှမ်းကြည့်လိုက် မိချေသည်။
ဟူကျီသည်လည်း မှင်တက်သွားရပြီး သူ့ဘေးမှနေ၍ ခုနစ်ရောင်ခြယ် တောင်ဆီသို့ တွေဝေစွာ လျှောက်သွားနေသော စုမင်အား လှမ်းကြည့်လိုက်မိပြီး ကိုယ့်မျက်လုံးကိုပင် ပြန်ပွတ်သပ်လိုက် မိချေသည်။ သို့သော် သူသည် တုံ့ဆိုင်းနေခြင်းမရှိပဲ လှုပ်ရှားမှု တစ်ခုတည်းဖြင့် စုမင်ထံသို့ ဦးတည်လိုက်လေသည်။
သူသည် စစ်မာရှင်းနှင့် အခြားမည်သူတစ်ဦး တစ်ယောက်၏ အကြောင်းကိုမှ စဉ်းစားရင်း အာရုံနောက်ခံလိမ့်မည် မဟုတ်ပေ။ ထို့နည်းတူ လူအုပ်၏ အကြည့်များကြောင့်လည်း စိတ်အနှောင့်အယှက် ဖြစ်လိမ့်မည် မဟုတ်ပေ။ သူသည် သူ့ညီငယ်လေးအား ဤနေရာသို့ ခေါ်လာသူဖြစ်သည် ဆိုသောအကြောင်းအရာ တစ်ခုသာ သူ့စိတ်ထဲတွင်ရှိသည်။ သူ့ညီငယ်လေးအား ဘာတစ်ခုမှ အဖြစ်မခံနိုင်ပေ။
ကျီချဲအတွက်မူ သူ့နှလုံးသားသည် တုန်ယင်သွားပြီး ပါးစပ်က ခြောက်သွေ့သွားရ သလိုပင်။ စုမင်သည် စစ်မာရှင်းထံသို့ ဤအတိုင်းပင် လျှောက်သွားကာ ရင်ဆိုင်လိမ့်မည်ဟု မမျှော်လင့်ထားမိပေ။
“မင်းနာမည် ... ဘယ်လိုခေါ်လဲ”
စုမင်ခန္ဓာကိုယ်က လေထဲတွင် လွင့်မျောနေသည်။ နီးကပ်လာနေသော ခုနစ်ရောင်ခြယ် တောင်ရှေ့၌ ရပ်နေမိချိန်တွင် ထိုအရိုင်းဆန်ဆန် အလှတရားတို့ဖြင့် မိန်းကလေးသည်သာ သူမြင်နေသည့် တစ်ခုတည်းသော အရာပင်။
သူ့အသံသည် လေထဲတွင်ညင်သာစွာ ပဲ့တင်ထပ်သွားသည်။ ထိုအသံကို ကြားလိုက်ရသူများ၏ မျက်နှာများထက်တွင် ထူးဆန်းသော အမူအရာတို့ ဖြစ်ပေါ်လာခဲ့သည်။
“သူက ဘယ်သူလဲ”
“အဲဒီလူက ရင်းနှီးမနေဘူး။ ဒါပေမဲ့ နဝမတောင်ထွတ်က စွန်းတဟူက အဲဒီလူဘေးမှာ ရှိနေတယ်။ သူက စွန်းတဟူနဲ့လည်း အတူရှိနေတယ်။ စီနီယာအစ်ကို စစ်မာရဲ့လမ်းကိုလည်း ပိတ်ရဲတယ်ဆိုမှတော့ သူကလည်း သေချာပေါက်ကို ဆင်ခြင်တုံတရားမရှိတဲ့ လူတစ်ယောက်ပဲ ဖြစ်လိမ့်မယ်”
“ငါ ကြားတာတော့ နဝမတောင်ထွတ်က တပည့်သစ် လက်ခံထားတယ်ဆို။ အဲဒီလူများ ဖြစ်နေမလား။ ဒါပေမဲ့ နဝမတောင်ထွတ်က လူတွေအကုန်လုံးက လူထူးဆန်းတွေ။ သူ့လုပ်ရပ်နဲ့ စကားတွေက နဝမတောင်ထွတ်က လူတွေရဲ့စရိုက်အတိုင်းပဲ”
“စိတ်ဝင်စားစရာပဲ။ ဒီလူက ဂျူနီယာညီမလေး ပိုင်ရဲ့မျက်နှာကြောင့် ဆွဲဆောင်ခံလိုက်ရပြီး အရူးအမူးချစ်သွားလို့ မျက်လုံးကန်းသွားတာ ဖြစ်မယ်။ သူက သူ့အဆင့်အတန်းကိုတောင် မေ့ပြီး သူမ အမည်ကို မေးရဲသေးတယ်”
“သူက ဝါးနိုင်တာထက် ပိုကိုက်လိုက်တာပဲ။ ဂျူနီယာ ညီမလေး ပိုင်အပေါ် ဘယ်လိုတောင် ရိုင်းပြရဲရတာလဲ။ ဟမ့်”
ခပ်တိုးတိုး မထီမဲ့မြင်ပြုသံများသည် စောင့်ကြည့်နေကြသည့် ထူးဆန်းသော မျက်နှာ အမူအရာများနှင့် လူများထံမှ တဖြည်းဖြည်း ထွက်ပေါ်လာသည်။ သူတို့အတွက်တော့ စုမင်သည် သူ့ကိုယ်သူ ယုံကြည်မှု လွန်ကဲနေသော လူတစ်ဦးပင် ဖြစ်သည်။ စီနီယာစစ်မာရှေ့၌ ချောမောလှပသော အမျိုးသမီးတစ်ဦးအပေါ် ရိုင်းစိုင်းခြင်းသည် သေချာပေါက်ကို ဆင်ခြင်တုံတရား မရှိသော လူတစ်ဦးလုပ်မည့် လုပ်ရပ်ဖြစ်သည်။
ဖန်းချန်းလန်သည် အံ့အားသင့်စွာဖြင့် စစ်မာရှင်းနောက်မှ ကောင်မလေးထံ လှမ်းကြည့်လိုက်မိရာ တဖြည်းဖြည်းနှင့် သူမ မျက်လုံးများထဲတွင် စိတ်ရှုပ်ထွေးသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။
‘သူကတိတစ်ခုကို မတည်နိုင်ခဲ့ဘူးလို့ သူအရင်က ပြောခဲ့ဖူးတယ်...’
ဖန်းချန်းလန် သက်ပြင်းဖွဖွချမိသည်။ သူမဘေးမှ အမျိုးသမီးသည်တော့ မျက်မှောင်ကြုတ်နေပြီး စုမင်အား ကြည့်နေသော သူမ မျက်လုံးများထဲ၌ သဘောမကျသော အမူအရာတစ်ခု ရှိနေသည်။
တစ်ချိန်တည်းမှာပင် စတုတ္ထတောင်ထွတ်မှ ဟန်ဖေးကျစ်သည်လည်း စစ်မာရှင်းနောက်မှ မိန်းကလေးကို လှမ်းကြည့်လိုက်မိပြီး လေးနက်စွာ တွေးတောမိသွားလေသည်။
စုမင်သည် ခုနစ်ရောင်ခြယ်တောင်နှင့် ပေ၃၀ခန့်အကွာ၌ ရုတ်တရက် ရပ်တန့်လိုက်သည်။ စစ်မာရှင်းသည် သူ့လမ်းကြောင်း၌ လာပိတ်နေသော စုမင်ကို ငုံ့ကြည့်လိုက်မိသည်။
အမှန်တကယ်တော့ သူသည်အဝေးမှ လာနေစဉ်ကပင် စုမင်ကို မြင်နေသော်လည်း ကျီချဲသည် စုမင်ဘေး၌ ရှိနေသဖြင့် အလောတကြီး မလှုပ်ရှားရဲခဲ့ခြင်း ဖြစ်သည်။
သို့သော် သူသည်စုမင်ကို လျစ်လျူရှုထားသော်လည်း စုမင်က သူ့လမ်းကြောင်းအား လာပိတ်လိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့မိပေ။ စုမင်သည် သူ့လမ်းကြောင်းအား ပိတ်ရုံလောက်သာဆိုလျှင် အဆင်ပြေပေ လိမ့်ဦးမည်။ သို့သော် ယခုတော့ ထိုလူက သူ့ကိုတစ်ချက်ပင် မကြည့်ပဲ သူ့နောက်မှ မိန်းကလေးကိုသာ ကြည့်နေလေသည်။
ဤကဲ့သို့ မထီမဲ့မြင်ပြုမှုမျိုးသည် သူတို့ကြားရှိ မဖြေရှင်းနိုင်သော ရန်ငြိုးများနှင့် ပေါင်းစပ်သွားချိန်တွင်တော့ စစ်မာရှင်း၏ မျက်လုံးများက မှောင်မိုက်၍ အေးစက်သွားရသည်။
“ဂျူနီယာ ညီလေး၊ ကြည့်ရတာ မင်းကို သိပ်မရင်းနှီးသလိုပဲ။ ဘာလို့ ငါ့လမ်းကို လာပိတ်ထားရတာလဲ”
စစ်မာရှင်းသည် ခပ်ဖျော့ဖျော့ပြုံးလိုက်ရင်း သူ့မျက်လုံးထဲရှိ အေးစက်မှုများသည်တော့ ပြန်လည်ပျောက်ကွယ် သွားချေသည်။ သူသည် သဘောထားကြီးမားပြီး စုမင်လုပ်ရပ်များကို ဒေါသမထွက်ဟန်ဖြင့် သူ့အသံက တည်ငြိမ်နေခဲ့သည်။
စုမင်က မည်သည့်စကားမှ ပြန်မပြောခဲ့ပေ။ ထိုအချိန်ထိအောင်ပင် သူစစ်မာရှင်းကို တစ်ချက် လှမ်းမကြည့်သေးပေ။ သူ့အကြည့်သည် ထိုအရိုင်းဆန်ဆန် အလှတရားတို့ဖြင့် မိန်းကလေးထံတွင်သာ ရှိနေဆဲဖြစ်သည်။
မိန်းကလေးသည် စုမင် အကြည့်အောက်တွင် ရှက်သွေးဖြာသွား သော်လည်း မျက်မှောင် ကြုတ်လိုက်မိပြီး သူမ မျက်လုံးများထဲ၌ စိတ်မပျော်ရွှင်ဟန်များ ပေါ်လာခဲ့သည်။ သူမသည် စုမင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် စစ်မာရှင်းထံ ပြန်ကြည့်လိုက်ပြီး မည်သည့်စကားမှ ပြန်မပြောခဲ့ပေ။
သူ့ရှေ့မှ မိန်းကလေးသည် သူနှင့်ပေ ၃၀လောက်သာ ဝေးသော်လည်း သူ့နှလုံးသားအတွင်းမှ မိန်းကလေးနှင့် သူ့ကြားအကွာအဝေး သည်တော့ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင်။
ထိုအခိုက်အတန့်မှာပင် စုမင် ပြုံးလိုက်မိသည်။
ထိုခပ်ဖျော့ဖျော့ အပြုံးထဲတွင် ဝမ်းနည်းမှုများ ပါဝင်နေချေသည်။
“ငါတို့ ဆံပင်တွေ ဖြူသွားတဲ့အထိ နှင်းတွေထဲမှာ ဆက်လျှောက်သွား ကြမှာလား...”
သူ့ခေါင်းထဲတွင် ပဲ့တင်ထပ်နေသော ထိုစကားလုံးများသည် အဆုံးသတ်တွင်တော့ သက်ပြင်းတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
စုမင် သိသည်။ သူ့ရှေ့မှ မိန်းကလေးက ပိုင်လင်းမဟုတ်ပေ။
ဤအရာသည် အချစ်မာန်မျိုးစေ့နှင့် မဆိုင်ပေ။ ဤမိန်းကလေး၏ မျက်လုံးများသည် ပိုင်လင်း မျက်လုံးများလိုပင်။ ရုပ်ရည် အသွင်အပြင် အရဆိုလျှင် သုတို့က အလွန်အမင်း တူညီနေကြသည်မှာ သူတို့အကြားမည်သည့် ကွာခြားချက်မှ မရှိသလိုပင်။ သို့သော် သူတို့၏ ဝိညာဉ်များကတော့ မတူညီကြသဖြင့် သူတို့သည် လုံးဝမတူကွဲပြားသော လူများပင်ဖြစ်သည်။
သူမတို့ အရှိန်အဝါများကလည်း မတူကြပေ။ သူ အရှိန်အဝါ သန့်စင်မှုအား လေ့ကျင့်ခဲ့ပြီးတည်းက အရှိန်အဝါများကို သူအာရုံခံနိုင်ခဲ့လေသည်။ ထို့ပြင် သူ့စိတ်ထဲ၌ တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်အား အသက်သွင်းပြီးသည်နှင့် သူ့ပတ်ဝန်းကျင်မှ လူများ၏ အရှိန်အဝါတို့ကို စတင်အာရုံခဲ့ခဲ့ခြင်း ဖြစ်သည်။
ဤမိန်းကလေးသည် ... သူမ မဟုတ်ပေ။ ဤမိန်းကလေးတွင် တူညီသောမျက်နှာမျိုး ရှိသော်လည်း ... သူမက ပိုင်လင်းမဟုတ်ပေ။
စုမင် မျက်လုံးများကို မှတ်ချလိုက်သည်။ သူအဖြေရသွားပြီ ဖြစ်သောကြောင့် သူမအား နောက်တစ်ကြိမ် ထပ်မေးမနေတော့ပေ။ သူ့အတွင်းမှ စိတ်ဆန္ဒသည်လည်း တဖြည်းဖြည်း ပြန်လည် သေဆုံးသွားလေပြီ။ သူ့မျက်လုံးများ နောက်တစ်ကြိမ် ပြန်ဖွင့်လာချိန်တွင်တော့ ၎င်းတို့က ပြန်လည် တည်ငြိမ်နေခဲ့ကြပြီ ဖြစ်သည်။
စုမင် ကောင်မလေးကို ထပ်မကြည့်တော့ပဲ နောက်လှည့်ကာ အဝေးသို့ စတင်လျှောက်ထွက် လိုက်သည်။
ပတ်ဝန်းကျင်မှ ခပ်တိုးတိုး လှောင်ပြောင်သရော်သံများနှင့် အထင်အမြင်သေးသော အကြည့်များကို သိသော်လည်း သူထိုအရာများကြောင့် စိတ်အနှောင့်အယှက် မဖြစ်မိပေ။
သို့သော် သူက ထိုအရာများကို ဂရုမစိုက်ဟု ဆိုသော်လည်း ဟူကျီက ဂရုမစိုက်သည်ဟုတော့ မဆိုလိုပေ။ ဟူကျီသည် မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး စုမင်ဘေးမှနေ၍ ပတ်ဝန်းကျင်သို့ ဒေါသတစ်ကြီး လှည့်ပတ်ကြည့်လိုက်သည်။
“မင်းတို့က ဘာကြည့်နေတာလဲ။ ဘာလဲ မင်းတို့က စစ်မာရှင်း မျက်နှာကြောင့် ဒါတွေကို ပြောရဲတာပေါ့လေ။ ရယ်တယ်ပေါ့ ... မင်းတို့ လူလိမ် လူကောက်ကောင်တွေ၊ မင်းတို့ ရယ်နေလိုက်။ စောင့်နေကြစမ်းပါ။ ငါညကျရင် မင်းတို့နေရာတွေကို ခိုးဝင်လာပြီး ငါ့စွမ်းအားက ဘာလဲဆိုတာ ပြမယ်”
ဟူကျီသည် ဆက်ပြောရန် ပြင်လိုက်သော်လည်း စစ်မာရှင်း၏အသံက သူ့စကားများကို ဖြတ်တောက်ပစ်လိုက်သည်။
စစ်မာရှင်းသည် သူ့နောက်ရှိ ကောင်မလေးကြောင့် စိတ်ကျေနပ်နေဟန်ဖြင့် ပြုံးလိုက်ပြီး စုမင်ကို လှမ်းကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ဂျူနီယာညီလေး၊ မင်းက ဒီအတိုင်းထွက်သွားတော့ မလို့လား။ အရင်ဆုံးတော့ မင်းရဲ့ စီနီယာအစ်ကိုတွေကို ဂရုစိုက်သင့်တယ်လေ။ အဲဒီလိုမှမဟုတ်ရင်တော့ မင်းဆရာကိုယ်စား လေစားမှုက ဘာလဲဆိုတာ ငါမင်းကို သင်ပေးရမှာပေါ့”
စုမင်ခြေလှမ်းများက ရပ်တန့်သွားပြီး ပထမဆုံးအကြိမ်အဖြစ် စစ်မာရှင်းအား လှည့်ကြည့်လိုက်သည်။
သူတို့အကြည့်များ ဆုံတွေ့သွားချိန်တွင် ၎င်းတို့သည် အပြင်းအထန် တိုက်ခိုက်သွားခဲ့ကြ သလိုပင်။
“ငါက မင်းရဲ့ ဂျူနီယာညီလေး မဟုတ်ဘူး၊ တူတပည့်လေး စစ်မာ။ ငါက မင်းရဲ့ ဆရာဦးလေး”
***