← Chapters

အခန်း (၁၀၈၁-၁၀၈၃)

Vol. 73 Ch. 1081-1083

အခန်း (၁၀၈၁-၁၀၈၃)

Vol. 73 Ch. 1081-1083

အခန်း (၁၀၈၁) မဟာယုများ အနိုင်ကျင့်သည်

မဟာယုကျင့်ကြံသူများ ပျော်နေချိန်တွင် မဟာချန်များက အရှက်တရားကိုကျိတ်မှိတ်ခံစားနေရသည်။ ကောင်းကင်ဂိတ်တောင်ထိပ်တစ်ခုလုံး ဆူညံနေသည်။

လုယန် အသံတိတ်ပေါ်လာသည်။ နှစ်ဘက်လုံး ချက်ချင်းငြိမ်ကျသွားသည်။ စကားထပ်မပြောရဲတော့။

သူ့နောက်တွင် ယွမ်ကျိပါလာသည်။ အကျဉ်းသားများ ကြောက်လွန်းသဖြင့် ချက်ချင်းခေါင်းငုံ့သွားသည်။ လုယန်အကြည့်ကိုရင်မဆိုင်ရဲ။ ထိုကပ်ဆိုးသတ္တဝါ အာရုံစိုက်လာမည်ကို ကြောက်ကြသည်။

လုယန်ကျေးဇူးကြောင့် သူတို့အားလုံး အဆင့်မြင့်အားဖြည့်ဆေးများ နေ့စဉ်သုံးဆောင်နေရသည်။ ထို့နောက် သွေးထုတ်ခံရသည်။

"ဘာလို့ဒီလောက်တိတ်ဆိတ်နေတာလဲ"

ခုနက ဆူညံပွက်လောရိုက်နေသည့်အသံများကို လုယန်အပြင်ဘက်မှကြားခဲ့သည်။ သို့သော် သူဝင်လာသည်နှင့် အသံချက်ချင်း‌‌တိတ်သွားသည်။ ခုနကသူကြားသည့်အသံများက အာရုံထင်မှားခဲ့သလိုလိုဖြစ်နေသည်။

သူအရေးမစိုက်တော့။ အသေးအဖွဲကိစ္စများသာဖြစ်သည်။ အာရုံစိုက်ဖို့မထိုက်တန်။

လုယန် စီလဲ့၏အချုပ်ခန်းကိုဖွင့်၍ လက်စွပ်နက်ကို မြှောက်လိုက်သည်။ အနက်ရောင်အလင်းတစ်ခုပေါ်လာပြီး စီလဲ့ကို လက်စွပ်ထဲသို့စုပ်ယူသွားသည်။

လုယန်နှင့်ယွမ်ကျိလည်း လက်စွပ်ထဲသို့ဝင်သည်။ အကျဉ်းသားများ အချင်းချင်းကြည့်၍ အူတူတူမျက်နှာများဖြင့် ကျန်ရစ်ခဲ့သည်။

ဘာကြောင့် လက်စွပ်ထဲတွင် စစ်ဆေးမေးမြန်းနေသနည်း။ ပုံမှန်လုပ်ရိုးလုပ်စဉ်မဟုတ်။

ကွမ်းရှန်ဟိုင် လက်စွပ်နက်ကို တိတ်တဆိတ် အကဲခတ်နေသည်။ ထိုလက်စွပ်သည် ထူးခြားသည့်နောက်ခံရှိကြောင်း မသိစိတ်မှ အလိုလိုခံစားနေရသည်။

ပစ္စည်းသွန်းပညာကို သူမကျွမ်းကျင်။ သို့သော် ဝူယော်ကကျွမ်းကျင်သည်။ ချင်ဖုန်းဓားကို ကိုယ်တိုင်ဖန်တီးခဲ့သည်။

ထိုလက်စွပ်သည် မသေမျိုးရတနာတစ်ခုလော..

ဘယ်သူဖန်တီးခဲ့သနည်း...ဒဏ္ဍာရီမသေမျိုးဖြစ်သည့် ယင်ထန်အရှင်လော...

လက်စွပ်ကမ္ဘာငယ်ထဲတွင် လုယန်က စကားစပြောဖို့စဉ်းစားသည်။ သက်ညှာခွင့်နှင့်ဆွဲဆောင်မည်။ စကားပြောလာအောင် လုပ်နိုင်သည့် နည်းလမ်းများစွာရှိကြောင်းပြောပြီး ခြိမ်းခြောက်မည်။ သို့မဟုတ် လက်ရှိအကျဉ်းကျနေသူများကို ကြည့်ဖို့ပြောမည်။

သို့သော် သူဘာမှအိုက်တင်မသွင်းရသေးမီ စီလဲ့နတ်သခင်က မြေပေါ်တွင်ဒူးထောက်ပြီး စိတ်အားထက်သန်စွာပြောသည်။

"မေးပါ။ ကျုပ်အားလုံးဖြေပါ့မယ်"

သူ့စကားကြောင့် လုယန်အစီအစဉ်များ ပျက်စီးသွားသည်။

"ခင်ဗျားက အမှန်အတိုင်း ရိုးရိုးသားသားဝန်ခံမယ်ပေါ့...ဟား"

မဟာချန်ကျင့်ကြံသူတို့သည် တကယ်ထိုမျှရိုးသားကြမည်လော..

ယွမ်ကျိလည်း ရှားရှားပါးပါး သံသယစိတ်ဝင်လာသည်။ လူပေါင်းများစွာ သူစစ်ဆေးမေးမြန်းဖူးသည်။ စီလဲ့လောက် ပွင့်လင်းရိုးရှင်းသူများ တစ်ခါမှမတွေ့ခဲ့ဖူး။

"ကြည့်ရတာ ငါဝင်ပါဖို့မလိုဘူးထင်ပါတယ်"

ထိုအချီန်ကျမှ ကမ္ဘာငယ်အထက်ကောင်းကင်တွင် ရစ်ခွေနေသည့် ရွှေနဂါးတစ်ကောင်ကို စီလဲ့သတိထားမိသည်။ ကြေးခွံတစ်ခုချင်းစီက တောင်တစ်လုံးစာခန့်ကြီးမားသည်။

ရွှေနဂါးက တစ်ချက်လှုပ်ခါလိုက်ပြီးနောက် ဩဇာရိပ်လွမ်း၍ ချောမောခံ့ညားသည့် လူတစ်ယောက်အသွင်သို့ ‌ပြောင်းသွားသည်။

ထိုလူကိုမြင်သည်နှင့် စီလဲ့ တစ်ကိုယ်လုံးတုန်ရင်လာသည်။ အရိယဖလသန္ဓေတွင် အမြစ်တည်နေသည့် အကြောက်တရားဖြစ်သည်။ အင်ပါယာသခင်ဒေါသထွက်ချိန် သူကြောက်လန့်ခဲ့ရသည့် အကြောက်တရားထက် ပိုပြင်းထန်သည်။

"ယင်..ယင်ထန်မသေမျိုး..."

သူ့ထက်အဆင့်မြင့်သည် လျှပ်စီးအရိယဖလပိုင်ရှင် ယင်ထန်မသေမျိုးသာ ထိုမျှပြင်းထန်သည့်ဖိအားမျိုး ပေးနိုင်သည်။

ယင်ထန်ကို ခြေရာခံဖို့ သူ့အရိယဖလသန္ဓေကို ဖန်တီးခဲ့ခြင်းဖြစ်သည်။ သို့သော် ဤအခြေအနေမျိုးဖြင့် တွေ့ရမည်ဟုတော့ သူလုံးဝမထင်ခဲ့။

"သူ့ကို အရိယဖလသန္ဓေမသုံးနိုင်အောင် တားဆီးပေးဖို့ အကြီးအကဲယင်ထန်ကို တောင်းဆိုပါတယ်။ ဒါမှ သူအမှန်အတိုင်းပြောမှာ"

စီလဲ့ကို လုယန်မယုံ။ အရိယဖလစွမ်းအားဖြင့် ဖိနှိပ်ထားသည်က အကောင်းဆုံးဖြစ်မည်ဟု သူယူဆသည်။

အရိယဖလစွမ်းအားသုံးလိုက်သည်။ စီလဲ့တွင် မရိုးမသားစိတ် တကယ်မရှိကြောင်း သိလိုက်ရသည်။ တကယ်အမှန်အတိုင်းပြောဖို့ စိတ်အားထက်သန်နေခြင်းဖြစ်သည်။

သို့သော် စီချန်းလိုပင် စီလဲ့လည်း ယုံကြည်မှုစွမ်းအားဖြင့် ချိတ်ပိတ်ခံထားရသည်။ မသေမျိုးနန်းတော်ရှိသည့်နေရာကို ထုတ်မပြောနိုင်။ အရိပ်အမြွက်လောက်ပင် ပြော၍မရ။

သူစုစည်းထားသည့် မိုးမြေရတနာများ၊ ဝိညာဉ်ကျောက်များ၊ မှော်ရတနာများအားလုံးကိုလည်း မသေမျိုးနန်းတော်တွင် သိမ်းထားသည်။ ရယူဖို့မဖြစ်နိုင်။ လုယန် အတော်အခက်တွေ့သွားသည်။

"နောက်ဆုံးစကားတစ်ခုခု ပြောချင်သေးလား"

စီလဲ့က သူ့အမှားကို ဝန်ခံလိုစိတ်ရှိသဖြင့် ‌တောင်းဆိုချက်က မများလွန်းလျှင် လုယန်ဖြည့်ဆည်းပေးဖို့ စိတ်ကူးထားသည်။

စီလဲ့က သူ့ပေါင်သူရိုက်၍ လတ်တလောဖြစ်ခဲ့သည့် ကိစ္စကို မကျေမနပ်ပြောသည်။

"မဟာယုတွေက ငါတို့မဟာချန်တွေကို ဘာမှစွမ်းအားမရှိတဲ့‌ကောင်တွေဆိုပြီး အရှက်ခွဲတယ်။ အင်ပါယာသခင်နဲ့ထိန်းချုပ်သူသခင်သာ ဒီမှာရှိရင် ငါတို့ဒီလိုအနိုင်ကျင့်ခံရမှာမဟုတ်ဘူး"

ကောင်းကင်အင်ပါယာသခင်နှင့် ထိန်းချုပ်သူသခင်တို့သည် အပျက်အစီးများကြားမှ မဟာယုနိုင်ငံကို တည်ထောက်ခဲ့သည်။ အလွန်ခက်ခဲပြိး အံ့ဖွယ်ကောင်းသည့် ကြိုးစားအားထုတ်မှုမျိုးဖြစ်သည်။ ဝူယော်နှင့် ကွမ်းရှန်ဟိုင်ပင် ယှဉ်နိုင်မည်မထင်။

မဟာချန်အင်အားစုသည် ရောက်သည့်နေရာတိုင်းတွင် စွမ်းအားအကြီးဆုံးဖြစ်သည်မှာ သံသယဖြစ်စရာမလို။ သို့သော် ကွမ်းရှန်ဟိုင်က သူ့ကိုယ်သူသာ အဟုတ်ကြီးထင်နေသလော...

"အင်း...ကျုပ်အကောင်းဆုံးကြိုးစားပါ့မယ်"

လုယန် နည်းနည်းအခက်တွ့သည်။ ထိုတောင်းဆိုချက်သည် သူဆန္ဒရှိရုံဖြင့် ကူညီနိုင်သည့်ကိစ္စမဟုတ်။

....

တော်ဝင်နန်းတော်၏ တားမြစ်မြေတွင် မဟာရှား၏ မသေမျိုးနှစ်ယောက် ကျားကစားနေကြသည်။ ကျားခုံသည် တိုက်ပွဲကွင်းဖြစ်သည်။ အဖြူနှင့်အနက်ကျားစေ့များ အသေအကြေတိုက်ခိုက်နေသည်။

ရွှေ့လိုက်သည့်အကွက်တိုင်းက တုန်လှုပ်ခြောက်ခြားဖွယ်‌ကောင်းသည်။ တစ်ချက်မှားသည်နှင့် ရှုံးနိမ့်သွားမည်။

"ကွေ့ယန်က ပေါ်လာပြီတဲ့လား"

ထိုသတင်းကြောင့် မုန်ကျန်းဇီ ဝမ်းသာလွန်းသဖြင့် စိတ်မထိန်းနိုင်တော့ဘဲ ကျားခုံကို လက်ဖြင့်ရိုက်ချိုးလိုက်သည်။

ကျန်းပင်ကန်းက မုန်ကျန်းဇီကို မကျေမနပ်ကြည့်သည်။ သူ့ခြေရင်းမှ ပေါက်တူးကိုကောက်ကိုင်၍ အရှက်မရှိသည့် ထိုသတ္တဝါကို ရိုက်ပစ်ချင်စိတ်ပေါက်နေသည်။

ဤကျားပွဲကို သူနိုင်ခါနီးပြီဖြစ်သည်။

သိပ်မကြာမီ ကျန်းပင်ကန်းမျက်နှာတွင် အပြုံးရိပ်ပေါ်လာသည်။ ကွေ့ယန်အသက်ရှင်နေသည့်သတင်းက တကယ်သတင်းကောင်းဖြစ်သည်။

လွန်ခဲ့သည့်နှစ်ရှစ်သောင်းက ကွေ့ယန်ပျောက်သွားချိန်တွင် နိုင်ငံ့စွမ်းအားသုံး၍ သူရှာခဲ့သည်။ သို့သော်လုံးဝရှာမရ။ ထင်မထားသည့် အန္တရာယ်တစ်ခုခု ကွေ့ယန်ကြုံပြီဟုတွေး၍ သူစိုးရိမ်ခဲ့သည်။

သူသိနေသည်။ ထိုမျှအရေထူသည့်လူသည် လွယ်လွယ်သေမည်မဟုတ်။

သူတို့နှစ်ယောက် ထိုသို့တွေးနေစဉ်မှာင် ခန္ဓာကိုယ်ထွားကြိုင်သည့် လူတစ်ယောက် တော်ဝင်နန်းတော်တားမြစ်မြေသို့ ရဲရဲတင်းတင်း အော်ဟစ်ရယ်မော၍ ဝင်လာသည်။

"မုန်ကျန်းဇီ။ မင်းလိုပုန်းလျှိုးကွယ်လျှိုးနေတဲ့ကောင်က မသေမျိုးဖြစ်လာမယ်ဆိုတာ ငါသိသားပဲ။ လာပါ၊ တစ်ပွဲလောက်လက်ရည်စမ်းရအောင်"

ကွေ့ယန်က သခင်ထန်ခွေ့ကို အနိုင်ရပြီးနောက် ယုံကြည်မှုပြန်ရထားသည်။ အသက်ယဲ့ယဲ့သာကျန်တော့သည့် ထန်ခွေ့ကိုဒရွတ်တတိုက်ဆွဲခေါ်လာပြီး မုန်ကျန်းဇီကို စိန်ခေါ်သည်။

ကျွေးယွဲ့က လိုက်လာဖို့အဆင်မပြေ၍သာ ထားခဲ့ရသည်။ ဖြစ်နိုင်လျှင် ကျွေးယွဲ့ကိုပါ သူဆွဲခေါ်လာချင်သည်။

....

"စီလဲ့ကို တာအိုလမ်းစဉ်ဂိုဏ်းက ဖမ်းသွားတာလား"

ကောင်းကင်အင်ပါယာသခင် အကြီးအကျယ်အံ့အားသင့်သွားသည်။

သို့သော် တာအိုလမ်းစဉ်ဂိုဏ်းလက်ထဲ ကျသွားသည့် သူ့ကိုယ်ပွားများအကြောင်း ပြန်တွေးမိသည်။ သူတို့ကို စီလဲ့မနိုင်သည်မှာ မဆန်းလှ။

"ဘာလို့ ငါတို့လူတွေ တဖြေးဖြေးနည်းသွားတာလဲ"

အင်ပါယာသခင်က ထန်းချုပ်သူသခင်ကို လှည့်ပေးသည်။

ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း ရှေးဟောင်းမသေမျိုးလေးယောက်ကို လုံးဝရှာမရ။ သူတို့အဖွဲ့မှ မသေမျိုးတစ်ဝက်များသာ ပျောက်သွားသည်။

အရိယဖလသန္ဓေကို ယုံကြည်မှုစွမ်းအားဖြင့် တည်ဆောက်နိုင်သော်လည်း မသေမျိုးတစ်ဝက်များသည် လွယ်လွယ်ပေါ်လာတတ်သည်မဟုတ်။

"မဟာကပ်ကာလ တကယ်ရောက်ခါနီးလို့များလား"

အတော်ကြာအောင်စဉ်းစားနေသည့်တိုင် ထိန်းချုပ်သူသခင်ထံမှ ထိုအဖြေသာထွက်လာသည်။

"မဟုတ်သေးဘူး။ ရှေးဟောင်းမဟာကပ် အပြိုင်အဆိုင်ခေတ်ဟာ လူငယ်ပါရမီရှင်တွေနဲ့ပဲစတာ။ အခုမဟာမကပ်က မသေမျိုးတစ်ဝက်တွေနဲ့ တန်းပြီးစတာလား"

"ရှေးဟောင်းမဟာကပ်ခေတ် မဆုံးသေးတာလည်း ဖြစ်နိုင်တာပဲ"

...

"ဖောက်ခွဲတယ်..ဆက်တိုက်ဖောက်ခွဲတယ်..."

အရိုးပုလင်ပေါ်မှလူက မထင်မရှားအချက်အလက်တစ်ခုကို အာရုံစိုက်နေသည်။

ကွေယန်နှင့် စီလဲ့ကို သတိမေ့မျောအောင်လုပ်နိုင်ခဲ့သည့် ဖောက်ခွဲမှုများ။

"ဒီဖောက်ခွဲမှုတွေရဲ့စွမ်းအားက အနောက်မိုးပျံဘုံကျောင်းမျာတုန်းကလောက် မပြင်းထန်သလိုပဲ။ မသေမျိုးရတနာတွေကလွဲရင် ဒီလိုအဆက်မပြတ်ဖောက်ခွဲနိုင်စွမးရှိတဲ့ တစ်ခုတည်းသောအရာက ထာဝရအရိယဖလသန္ဓေပဲ။

တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းမှာ ဖောက်ခွဲခဲ့တဲ့လဟာ ထာဝရအရိယဖလပိုင်ရှင်ဖြစ်နိုင်တယ်။ မဟုတ်သေးဘူး။ ဖြစ်နိုင်တာမဟုတ်ဘူး။ တကယ်သေချာတယ်။

သူက ဓားမျှော်စင်မှာလည်း လှုပ်ရှားခဲ့ဖူးတယ်။ လျိုနန်ရွှမ်းရဲ့ အသံတိတ်အဖျက်ဓားပညာကို ခုခံနိုင်တယ်။ အဲဒီတုန်းက သူ့မှာ ဝါဇရဗုဒ္ဓအရိယဖလသန္ဓေရှိမယ်လို့ ထင်ခဲ့တာ။

လက်စသပ်တော့ သူက ထာဝရအရိယဖလသန္ဓေ ပိုင်ထားတာပဲ"

ထိုလူ၏လေသံက တဖြေးဖြေးစိတ်လှုပ်ရှားရိပ်သန်းလာသည်။

မိုးပျံဘုံကျောင်းတွင် ထူးဆန်းသည့်မသေမျိုးလှုပ်ရှားသည်။ ထို့နောက် အစရှာမရအောင်‌ပျောက်ကွယ်သွားသည်။ ထိုမသေမျိုး၏ သဲလွန်စကို သူရှာနေခဲ့သည်။ သို့သော် လောကမှအငွေ့ပျံ‌ပျောက်ကွယ်သွားသကဲ့သို့ လုံးဝရှာမရခဲ့။

ယခု ထာဝရအရိယဖလသန္ဓေသဲလွန်စ ပြန်ပေါ်လာသည်။ သူစိတ်မလှုပ်ရှားဘဲ ဘယ်နေနိုင်မည်နည်း။

"ယွမ်ကျိက ဓားမျှော်စင်တိုက်ပွဲမှာ ရှိခဲ့တယ်လိုပြောကြတယ်။ မဟုတ်ဘူး။ မဖြစ်နိုင်ဘူး၊ ယွမ်ကျိက အဲလောက်အားမနည်းဘူး။ ဒီမသေမျိုးက ယွမ်ကျိနဲ့တော့ ပတ်သက်နေလိမ့်မယ်။ အဲလိုဆိုရင်တော့ ဒုက္ခများမှာပဲ..."

****************************

အခန်း (၁၀၈၂) အချောသပ်ပါ

"အကြီးအကဲယင်ထန်၊ ခင်ဗျားအလုပ်ကြိုးစားသားပဲ"

လုယန် မှော်လက်စွပ်ထဲကို လသံလွင်နန်းတော်သို့ ပြန်ပို့သည်။

ယင်ထန်က လုယန်ကို မပွင့်တပွင့်ပြုံး၍ကြည့်၍ သူတန်ဖိုးထားသည့် မျိုးဆက်သစ်တစ်ယောက်၏ ပုခုံးကိုပုတ်သည်။ ကျင့်စဉ်လမ်းအတွက် တိုက်တွန်းအားပေးသည်။

"မိတ်ဆွေလု၊ မင်းရဲ့ကျင့်စဉ်တိုးတက်မှုက အတော်မြန်တာပဲ။ ဝိညာဉ်ပြောင်းနောက်ဆုံးအဆင့်ကိုတောင် ရောက်နေပြီပဲ။ ကျင့်ကြံမှုကို အာရုံစိုက်ပါ။ အဆင့်တက်တဲ့အချိန်ရောက်ရင် မင်းတို့ကို ကာကွယ်ပေးမယ်။ မင်းသေချာပေါက်ဘေးကင်းမှာပါ"

လုယန် အားတင်းပြုံးသည်။ ယင်ထန်ပုတ်လိုက်သဖြင့် သူ့ပုခုံးအတော်နာသွားသည်။

"အကြီးအကဲယင်ထန်၊ ကျုပ်ကိုအထူးဦးစားပေးပြီးဆက်ဆံဖို့ မလိုပါဘူး။ ကျုပ်စကျင့်ကြံကတည်းက ကျင့်စဉ်လမ်းမှာ ဖြတ်လမ်းမရှိဘူးလို့ အမြဲယုံကြည်ခဲ့ပါတယ်"

ယင်ထန်မသေမျိုး အတော်အံ့အားသင့်သွားသည်။ လုယန်၏ခံယူချက်က အတော်စနစ်ကျသည်ဟု ခံစားရသည်။

"မင်းဘာတွေပြောနေတာလဲ။ မင်းက ထာဝရရဲ့ ကယ်တင်ရှင်ပါ။ ငါမင်းကို စောင့်ရှောက်ပေးမှဖြစ်မှာပေါ့"

"အဲဒီ့ကိစ္စ မေ့လိုက်ကြတာပေါ့။ တစ်ခြားလူတွေသိရင် ယင်ထန်အရှင်ကို မတရားဘူးလို့ မြင်လာကြလိမ့်မယ်။ ယင်ထန်အရှင်ရဲ့ နာမည်ဂုဏ်သတင်းပျက်စီးနိုင်ပါတယ်။

ဥပမာ၊ ကျုပ်ရဲ့အရင်းနှီးဆုံး သူငယ်ချင်း မုန်ကျင်းကျိုးဆိုတာရှိတယ်။ ကျုပ်တို့ရင်းနှီးမှုက အတော်ခိုင်မာပါတယ်။ ကောင်းတူဆိုးဘက် အတူဖြတ်ကျော်ခဲ့တာပါ။

အရှင်ရဲ့စွမ်း‌ဆောင်မှုတွေအကြောင်းကြားတော့ သူအရမ်းလေးစားနေခဲ့တာပါ။ အမှန်ပြောရရင် သူလည်း အရှင်နဲ့ ကံရေစက်ပါတယ်။

အမွှာမြစ်လျှို့ဝှက်မြေမှာ 'မသေမျိုးအဆိုအမိန့်'ကျမ်းကိုတွေ့တုန်းက ကျုပ်တစ်ယောက်တည်း ဖတ်ခဲ့တာမဟုတ်ပါဘူး။ သူလည်းဖတ်ပါတယ်။

ဒါပေမယ့် ဒီမှတ်တမ်းမှာ လောကအနှစ်သာရတွေပါတယ်။ မဟာတာအိုအဆီအနှစ်တွေပါတယ်။ အရမ်းနက်နဲလွန်းနေတယ်။ ဒါကိုဖတ်ပြီးတော့ မုန်ကျင်းကျိုးက 'ငါနားမလည်ဘူးကွာ'လို့ပဲ ပြောပါတယ်။

တကယ်လို့ ကျုပ်ကို ဦးစားပေးဆက်ဆံတာ သူသိရင် သူ့စိတ်ထဲမှာ အရှင့်ကို တစ်မျိုးမြင်ပါလိမ့်မယ်"

လုယန် စိတ်အားထက်သန်စွာပြောသည်။ သူပြောသည့်စကားတိုင်းက ယင်ထန်အမျိုးအတွက် စဉ်းစားပေးခြင်းဖြစ်သည်။

"ဪ...အဲလိုလား"

ယင်ထန်မျက်လုံးတွင် အေးစက်သည့်အရောင်တစ်ချက်လက်သွားသည်။ ထို့နောက် ကရုဏာအပြုံးမျိုးပြန်ပေါ်လာသည်။

"စိတ်ချပါ၊ မိတ်ဆွေလု။ ကျုပ်က အမြဲတမ်းတရားမျှတအောင် လုပ်တာပါ။ မင်းကိုရော မင်းညီကိုရော ညီတူညီမျှ ဆက်ဆံမှာပါ"

"ဒါဆိုရင်တော့ ကျုပ်စိတ်အေးရပါပြီ"

ယင်ထန်မသေမျိုး၏ ထောက်ခံမှုရှိနေသဖြင့် လုယန်၏ ဘဝအောင်မြင်ရေးက သေချာသွားသည်။ ကောင်းကင်ဆင်းရဲ အရမ်းလွယ်ကူလွန်းနေမည်ကို စိုးရိမ်စရာမလိုတော့။ အောင်မြင်ဖို့သေချာနေချိန်မျာပင် မုန်ကျင်းကျိုးအတွက် စကားကောင်းပြေပေးဖို့ သူမမေ့။ တတ်နိုင်သမျှကူညီသည်။

.....

‌ကောင်းကင်သခင်ကွေ့ယန်ယန် ဂိုဏ်းသို့ပြန်လာချိန်တွင် လုယန် ချက်ချင်းသွားတွေ့သည်။ ကွေ့ယန်၏ဒဏ်ရာများကိုကြည့်၍ သူထိတ်လန့်သွားသည်။

"ဘိုးဘေးရဲ့ ဒဏ်ရာတွေက..."

ကွေ့ယန်မျက်နှာတစ်ခုလုံး ညိုမည်းဖူးရောင်နေသည်။ တစ်ဘက်သတ်အထုအထောင်းခံခဲ့ရကြောင်း ထင်ရှားနေသည်။

ကွေ့ယန်က အရေးမစိုက်ဟန်ဖြင့် လက်တစ်ဘက်ဝှေ့ယမ်းလျက်

"ကိစ္စမရှိပါဘူး။ မုန်ကျင်းဇီက အဆင့်တက်ပြီးတော့ အစွမ်းအစနည်းနည် တကယ်ရှိလာတယ်။ အဆင့်မတက်ခင်ကနဲ့ မတူတော့ဘူး။ သူနဲ့ရင်ဆိုင်ရတာ အများကြီးပိုခက်ခဲသွားတယ်။ တကယ်မယှဉ်နိုင်ဘူး"

လုယန် မျက်ခုံးတစ်ချက်လှုပ်သွားသည်။ မသေမျိုးတစ်ဝက်အဆင့်ဖြင့် မသေမျိုးတစ်ယောက်ကို အနိုင်ယူနိုင်သည်ဆိုလျှင် ထူးဆန်းနေပေတော့မည်။

"ရှောင်လု၊ လွန်ခဲ့တဲ့နှစ်တစ်သိန်းက တာအိုလမ်းစဉ်ဂိုဏ်းရဲ့ အဖြစ်အပျက်တွေကို မင်းသိချင်နေတယ်မဟုတ်လား"

"ဟုတ်ပါတယ်။ အခု ကျုပ်တို့မှာ သတင်းစာလို့ခေါ်တဲ့ ပုံမှန်အစီအစဉ်တစ်ခုရှိတယ်။ ဒါကြောင့် ကျုပ်စဉ်းစားနေတာပါ။ အခု ဘိုးဘေးက လောကထဲကို ပေါ်လာပြီဆိုတော့ ဘိုးဘေးနဲ့ကျုပ်တို့ဂိုဏ်းရဲ့ဂုဏ်သတင်းကို မြှင့်တင်လို့ရတယ်"

"ဂိုဏ်းရဲ့ဂုဏ်သတင်း မြှင့်တင်ဖို့လား။ သိပ်ကောင်းတဲစိတ်ကူးပဲ"

ကွေ့ယန် ချက်ချင်းလက်ခံသည်။ လုယန်ကိုလည်း အတော်သဘောကျလာသည်။

"ဂိုဏ်းကို ငါဦးစီးတုန်းကလည်း ဂိုဏ်းသတင်းမြှင့်ဖို့ကိစ္စကို စည်းစားဖူးတယ်။ ဒါပေမယ့် ငါကစကားပြောမကျွမ်းကျင်တော့ ကောင်းကောင်းမလုပ်နိုင်ဘူး။ အရင်က ငါတို့ဂိုဏ်းမှာ မင်းလိုပါရမီရှင်တွေ မရှိခဲ့ဘူးလေ။

အပြင်လူတွေက ငါတို့ဂိုဏ်းကို နတ်ဆိုးလမ်းစဉ်ဂိုဏ်းတစ်ခုလို့ အမြဲအထင်မှားခဲ့ကြတာ။ ဒါကြောင့် နားလည်မှုလွဲစရာတွေပဲ ဖြစ်လာတယ်။ ဒါကြောင့် နောက်ဆုံးတော့ ငါလက်လျှော့လိုက်တယ်။

လွန်ခဲ့တဲ့နှစ်တစ်သိန်းက...အင်း ငါစဉ်းစားဦးမယ်။ မဟာယုရဲ့နောက်ဆုံးအင်ပါယာသေပြီး ယုနိုင်ငံပျက်စီးတဲ့အချိန်က စပြောရမယ်ထင်တယ်"

အစောပိုင်းက ယွမ်ကျိ၏လက်ချက်ကြောင့် သေလုမျောပါးဖြစ်ချိန်တွင် ဘဝအတိတ်ပုံရိပ်များကို ပြန်မြင်ခဲ့သည်။ လွန်ခဲ့သည့်နှစ်တစ်သိန်းက မှတ်ဉာဏ်များ အလုံးအရင်း နိုးကြားလာခဲ့သည်။ ယခု လုယန်ကို ပြန်ပြောချိန်တွင် သိပ်အားစိုက်၍ စဉ်းစားစရာမလိုတော့။

"မဟာယုမပြိုလဲခင်ကတည်းက ပြဿနာဖြစ်မယ့်လက္ခဏာတွေ ပေါ်နေပြီ။ နိုင်ငံပြိုလဲပြီးတော့ ပိုဆိုးလာတာတယ်။ လောကကြီး ပရမ်းပတာဖြစ်တော့ ငါ့ကိုယ်ငါနာမည်ရအောင်လုပ်ဖို့ အခွင့်အရေးရလာတာပေါ့။ ဒါကြောင့်တောင်ပေါ်ကဆင်းပြီး စွန့်စားခဲ့တယ်။

ငါ့ကံပဲဆိုပါတော့။ လောကထဲစွန့်စားတာ သိပ်မကြာသေးဘူး။ ငါ့မှော်လက်စွပ် အခိုးခံရတယ်။ ဝိညာဉ်ကျောက်တစ်တုံးမှမကျန်တော့ဘူး။ ပြီးတော့ အဆင့်မြင့်ကျင့်ကြံသူနှစ်ယောက် တိုက်ခိုက်နေတာနဲ့ကြုံတယ်။ ပြင်းထန်တဲ့တိုက်ကွက်တွေနဲ့ အစွမ်းကုန်တိုက်ခိုက်နေတာ။

ငါစဉ်းစားရကြပ်သွားတယ်။ ငါ့ကိုယ်ငါ ဘယ်ရောက်နေမှန်းတောင် မသိတော့ဘူး။ ဒါကြောင့် ဘေးကဖြတ်သွားတဲ့လူကိုတားပြီး ငါရောက်နေတာ ဘယ်နေရာလဲလို့မေးတယ်။ သူတို့ငါ့ကို ခေါ်သွားနိုင်ရင် ပိုအဆင်ပြေတယ်လို့ ပြောလိုက်တယ်။

အဲဒီ့မှာ ကျွေးယွဲ့ရယ်၊ ထန်ခွေ့ရယ် ပြီးတော့ တစ်ခြားနှစ်ယောက်ရယ်ကို ငါစတွေ့တာပဲ။ ငါ့ပုံစံက ကြမ်းနေလို့လားမသိဘူး။ သူတို့ကငါ့ကို ဓားပြလို့ထင်ပြီး ဝိုင်းတိုက်ကြတယ်။ တိုက်ခိုက်ရင်းနဲ့ မိတ်ဆွေဖြစ်တယ်ဆိုတဲ့စကားက တကယ်မှန်တယ်ထင်တယ်။

နားလည်မှုလွဲတာတွေရှင်းသွားတော့ ငါ့ကိုလူကောင်းသူကောင်းမှန်း သိသွားကြတယ်။ သူတို့အဖွဲ့ထဲဝင်ခွင့်ပေးတယ်။ အကြပ်အတည်းကာလမှာ အတူဖြတ်သန်းကြတယ်။

နောက်ပိုင်း ငါတို့တွေ နာမည်နည်းနည်းရလာတယ်။ မုန်ကျန်းဇီတို့ ကျန်းပင်ကန်းတို့နဲ့လည်း ရင်းနှီးလာတယ်။ ငါတို့ငါးယောက်က လောကပြဿနာတွေကို အဆုံးသတ်ချင်ပေမယ့် တိုက်နယ်တစ်ခုလုံးကို ငါတို့မထိန်းချုပ်နိုင်ဘူးဆိုတာ နားလည်တယ်။ မုန်ကျန်းဇီနဲ့ ကျန်းပင်ကန်းတို့ကပဲ ထိန်းချုပ်နိုင်မှာ။

အလယ်ပိုင်းတိုက်နယ် အရှုပ်အထွးတွေအားလုံး ရှင်းသွားပြီးတော့ နောက်ဆုံးမှာ မုန်မိသားစုနဲ့ ကျန်းမိသားစုပဲ အဓိကအင်အားစုတွေအဖြစ် ကျန်ခဲ့တယ်။ နောက်ဆက်ဖြစ်တဲ့ကိစ္စကိုတော့ မင်းသိပြီးသားပဲလေ။ ကျန်းပင်ကန်းက မဟာရှားကို တည်ထောင်ခဲ့တယ်"

ကွေ့ယန် ပြောသမျှကို လုယန်စိတ်ပါလက်ပါ အားလုံးချရေးသည်။ ကွေ့ယန် ဇာတ်လမ်းအဆုံးသတ်သည်နှင့် သူ့မှတ်စုလည်း ပြီးသွားသည်။

"လောကကပ်ဆိုက်ခဲ့သည့် ထိုနှစ်ကာလများတွင် တိုက်ပွဲများ မရပ်မနားဖြစ်ပေါ်ခဲ့သည်။ ငွေတစ်ပြားမှမရှိသော်လည်း အောင်မြင်မှုကြီးကြီးရဖို့ ရည်မှန်းထားသည့် ကွေ့ယန်သည် စိတ်တူကိုယ်တူ ရဲဘောရဲဘက်များကို ရှာဖွေခဲ့သည်။

ကျွေးယွဲ့ဘိုးဘေးနှင့်အပေါင်းအပါသုံးယောက်ကို အမှတ်မထင်တွေ့ခဲ့သည်။ ထိုအချိန်က သိုင်းစွမ်းရည်ကို အားလုံးက အလေးထားကြသည်။ တိုက်ပွဲမှတစ်ဆင့် ကွေ့ယန်၏ရည်မှန်းချက်ကို သူတို့နားလည်လာသည်။ ထိုသို့ဖြင့် သူတို့ငါးယောက် မိတ်ဆွေဖွဲ့ကြသည်။ လောကတခွင့် စွန့်စား၍ခြေဆန့်ခဲ့သည်။

သူတို့ငါးယောက် နာမည်ကျော်ကြားလာသည်။ ထူးခြားသည့်ဩဇာကို ပိုင်ဆိုင်ခဲ့သည်။ လောကကိုစုစည်း၍ ကပ်ဆိုးများကို အဆုံးသတ်ဖို့ ရည်မှန်းထားသော်လည်း သူတို့၏ကိုယ်ပိုင်စွမ်းရည်အကန့်အသတ်ကို နားလည်ကြသည်။ မုန်မိသားစု ကျန်းမိသားစုများနှင့် လောအုပ်ချုပ်ခွင့်အတွက် မယှဉ်ပြိုင်တော့ဘဲ နောက်ဆုတ်ခဲ့ကြသည်။

လောက၏ဆင်းရဲဒုက္ခများ စေားစေားချုပ်ငြိမ်းဖို့သာ သူတို့လိုလားခဲ့ကြသည်"

"ဘိုးဘေး၊ ဒါလေး ဖတ်ကြည့်ပါဦး"

လုယန်က လက်ရေးမူကို ပြသည်။

"ဒါက အကြမ်းရေးထားတာပါ။ နည်းနည်းပြင်ဆင်မွမ်းမံဖို့လိုသေးတယ်။ ပြင်ဆင်ပြီးရင် ဒီထက်ပိုကောင်းလာမှာပါ"

လက်ရေးမူကြမ်းကိုဖတ်ပြီးနောက် ကွေ့ယန် တွေးရခက်သွားသည်။ လုယန်ရေးထားသည့်အကြောင်းအရာက သူ့ဇတ်လမ်းနှင့် ကွဲပြားနေသလိုရှိသည်။ သို့သော် သေချာပြန်ဖတ်ကြည့်လျှင်လည်း အချက်အလက်အားလုံးက သူပြောခဲ့သည့်အကြောင်းအရာများကို အခြေခံထားခြင်းဖြစ်သည်။

"အတော်ကောင်းပါတယ်"

ကျွမ်းကျင်သူကိုသာ တာဝန်လွှဲပေးပြီး သူဝင်မစွက်တော့ဖို့ ဆုံးဖြတ်လိုက်သည်။

တောင်ရွှေပင်လယ်ဖြည့်ဂိုဏ်းတိုက်ပွဲဖြစ်ပြီးနောက် အချိန်တစ်လကုန်လွန်သွားသည်။ ကောင်းကင်သခင်ကွေ့ယန် ပြန်ပေါ်လာသည့်သတင်းလည်း ကျင့်ကြံမှုလောကတွင် ချက်ချင်းပျံ့နှံ့သွားသည်။

ကျင့်ကြံမှုလစဉ်သတင်းစာတည်းဖြတ်မှုပိုင်းကို လုယန်တာဝန်ယူသည်။ ကောင်းကင်သခင်ကွေ့ယန်၏ မဟာစွန်စားခန်းများကို သီးခြားစာစောင်တစ်ခုထုတ်ဝေ၍ အရှိန်မြှင့်သည်။

အစပိုင်းတွင် ကွေ့ယန်ပြန်ပေါ်လာသည့်သတင်းကို အဆင့်မြင့်ကျင့်ကြံသူများသာ သိကြသည်။ သာမန်ကျင့်ကြံသူများ သေမျိုးများကြားသိပ်မပျံ့သေး။

နောက်ပိုင်းတွင် ကျင့်ကြံမှုလစဉ်သတင်းစာကြောင့် သာမန်ကျင့်ကြံသူများရော သေမျိုးများပါ ထိုအကြောင်း သိလာကြသည်။

လစဉ်သတင်းစာသည် လွန်ခဲ့သည့်နှစ်တစ်သိန်းမှ အဖြစ်အပျက်များကို အခန်းစဉ်လိုက်ဖော်ပြသည်။ ထို့ပြင် ကွေ့ယန်သခင် အချိန်စီးကြောင်းထဲ မထင်မှတ်ဘဲ ပိတ်မိခဲ့သည့်အဖြစ်၊ လွတ်မြောက်လာချိန်တွင် အသက်ကိုရင်းပြီး စီလဲ့နတ်သခင်ကို တိုက်ခိုက်ခဲ့သည့်အဖြစ်၊ တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းကို ကယ်တင်ခဲ့သည့်အဖြစ်များကိုလည်း ‌ရေးသားဖော်ပြခဲ့သည်။

ကွေ့ယန်ကူညီခဲ့သဖြင့် ထိုဂိုဏ်းတွင် သေကြေပျက်စီးသူမရှိခဲ့။ ပစ္စည်းဆုံးရှုံးမှု နည်းနည်းသာရှိခဲ့သည်။

တာအိုလမ်းစဉ်ဂိုဏ်း၏စွမ်းအားကို လူတိုင်းအံ့ဩဘနန်းဖြစ်ကြရသည်။ ဂိုဏ်းဘိုးဘေးနှစ်ယောက် ပြန်စုစည်းမိသည်။ မသေမျိုးနှစ်ယောက်ရှိသည့်ဂိုဏ်းဖြစ်လာသည်။ ပြိုင်ဘက်ကင်းသည့် ဂုဏ်သရေမျိုး ပိုင်ဆိုင်ထားသည်။

လူထုကြားတွင် ကွေ့ယန်နှင့်ပတ်သက်သည့် တစ်ခြားကောလဟာလများလည်း ပြန့်နေသည်။ ဥပမာ မုန်ကျန်းဇီနှင့် အပြင်းအထန်တိုက်ခိုက်ပြီး သူရှုံးနိမ့်သွားသည့် သတင်းမျိုးဖြစ်သည်။

သို့သော် ထိုအဖြစ်အပျက်များကို ကျင့်ကြံသူလစဉ်တွင် ဖော်ပြမထား။ ကျင့်ကြံသူလောက၏ အတင်းအဖျင်းစကားမျိုးသာဖြစ်မည်။ အဖြစ်မှန်ဟု ယူဆ၍မရ။

လူအားလုံးက ထိုမသေမျိုးတစ်ဝက်အကြောင်းကို အလွန်တရာစိတ်ဝင်စားကြသည်။ လစဉ်သတင်းစာထုတ်ဝေသည်နှင့် ချက်ချင်းရောင်းကုန်သွားသည်။ ကွမ်းရှန်ဟိုင်လည်း ထောင်ထဲတွင် အချိန်ပိုဆင်း၍ သတင်းစာမိတ္တူပွားနေရသည်။

သူအလုပ်များနေသဖြင့် တစ်ခြားအကျဉ်းသားများ စကားမပြောရဲကြ။ ထိုမသေမျိုးအနှောက်အယှက်ဖြစ်မည်စိုးကြသည်။ ထို့ကြောင့် အကျဉ်း‌ထောင်တောင်ထိပ်က ယာယီငြိမ်သက်သွားသည်။

နှင်းသားဖြင့်ဖန်တီးထားသည့် ကုလားထိုင်ပေါ်တွင် ကျွေးယွဲ့လဲလျောင်းနေသည်။ သတင်းစာကို သူသုံးကြိမ်ဖတ်ခဲ့သည်။ သို့သော် လွန်ခဲ့သည့်နှစ်တစ်ရာက သူမှတ်မိသည်ထားသည့် အဖြစ်အပျက်များနှင့် မကိုက်ညီ။

"လုယန်ကို ငါတို့လသံလွင်နန်းတော်က မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ပေးရင်ကောင်းမယ်။ ငါတို့နန်းတော်မှာ သူ့လိုပါရမီရှင်မျိုးက တကယ်အသုံးတည့်တယ်"

***********************************

အခန်း (၁၀၈၃) အမှတ်မထင်စကားဖွာသည်

လသံလွင်နန်းတော်တွင်လည်း "သံလွင်နန်းတော်လစဉ်"သတင်းစာရှိသည်။ ရောင်းအားက ကျင့်ကြံမှုလစဉ်သတင်းစာကို ဘယ်တော့မှမမီ။ လုယန်သာ လသံလွင်နန်းတော်တပည့်တစ်ယောက်နှင့် လက်ထပ်လျှင် သံလွင်နန်းတော်လစဉ်သည် ရောင်းအကောင်းဆုံးဖြစ်လာမည်ဟု သူတွေးနေသည်။

လနန်းတော်သည် ပါရမီရှင်များ ပေါများသော်လည်း လုယန်လို ဘက်စုံတွေးနိုင်သည့် ကျင့်ကြံသူမျိုးမရှိ။

သို့သော် ထိုစိတ်ကူးက ခဏသာပေါ်လာခြင်းဖြစ်သည်။ လုယန်၏စွမ်းဆောင်ရည်များအရ လနန်းတော်တပည့်နှင့်လက်ထပ်လျှင် လနန်းတော်ကို တာအိုလမ်းစဉ်ဂိုဏ်းသို့ ပေါင်းစည်းလိုက်သည့်အဖြစ်မျိုး ရောက်သွားနိုင်သည်။

ကွေ့ယန်၏ အရိုင်းအစိုင်းဂိုဏ်းနှင့် သိက္ခာအကျခံ၍ ဘယ်သူပေါင်းစည်းချင်မည်နည်း။

"လောင်မုန်ကို သတင်းကောင်းသွားပြောရဦးမယ်..ဟားဟား"

သတင်းစာလုပ်ငန်း ပြီးသွားသည်နှင့် လုယန် မုန်ကျင်းကျိုးကို သတင်းကောင်းမျှဝေဖို့ လာတွေ့သည်။

မုန်ကျင်းကျိုးက အပေါ်ပိုင်းဗလာဖြင့် ဓမ္မခန္ဓာနှင့် လက်သီးသိုင်းလေ့ကျင့်နေသည်။ တစ်ကိုယ်လုံးချွေးများစိုရွှဲနေပြီး အသက်ကိုမောပန်းစွာရှူရှိုက်နေရသည်။ ထိုမြင်ကွင်းကြောင့် လုယန်အံ့အားသင့်သွားသည်။

"ဟေ့ကောင်၊ မင်းက နေပူကျဲကျဲမှာ အဝတ်စားမဝတ်ဘဲ ကျင့်ကြံနေတယ်ပေါ့"

မုန်ကျင်းကျိုးသည် အနေအထိုင်ဆင်ခြင်ဖြစ်ကြောင်း သူသိသည်။ ယခု ဝတ်လစ်စလစ်နှင့် ဘယ်လိုဖြစ်နေသည်မသိ။ လူမှုအဆင့်အတန်းကျဆင်းလာသည့်ကိစ္စသည် လွှမ်းမိုးနိုင်စွမ်းအားကြီးလွန်းသည်။

"ငါကျင့်ကြံတဲ့အချိန် ချွေးတွေအရမ်းထွက်တယ်။ အဝတ်အစားဝတ်ထားရင် အတော်နေရခက်လို့လေ။ ပြီးတော့ ငါ့ဓမ္မခန္ဓာက အဝတ်ဝတ်ထားတာပဲ။ ငါအင်္ကျီမဝတ်တာ ဘာဖြစ်လဲ"

မုန်ကျင်းကျိုးက သပ်သပ်ရပ်ရပ်ဝတ်စားထားသည့် သူ့ခေါင်းပေါ်မှ ဓမ္မပုံရိပ်ကို လက်ညှိုးထိုးပြ၍ သူ့ကိုယ်သူကာကွယ်သည်။

"ဒါတွေထားပါတော့။ မင်းပြောတဲ့ သတင်းကောင်းဆိုတာဘာလဲ"

မုန်ကျင်းကျိုးက လုယန်ကို မသင်္ကာသလိုကြည့်၍မေးသည်။ သူ့အတွေ့အကြုံအရ လုယန်ပြောသည့် သတင်းကောင်းသည် တကယ်ကောင်းသည်သတင်းမဖြစ်နိုင်။

"တကယ်သတင်းကောင်းပါကွာ။ ယင်ထန်မသေမျိုးနဲ့ ငါတွေ့ခဲ့တယ်။ သူ့ရှေ့မှာ ငါရဲရဲဝံ့ဝံ့နဲ့ မင်းအကြောင်း စကားကောင်းပြောပေးခဲ့တယ်။ သူက ပြောတယ်။ ကောင်းကင်ဆင်းရဲဖြတ်တဲ့အချိန်ကျရင် မင်းကိုလည်းငါ့လိုပဲ တန်းတူဆက်ဆံမှာပါတဲ့"

"တကယ်ညီအကိုကောင်းစိတ်ဓာတ်ရှိတာပဲ"

လုယန်ကို သံသယဝင်မိသဖြင့် မုန်ကျင်းကျိုးစိတ်ထဲ ကျိတ်၍ရှက်မိသည်။ လောင်လုက သူ့အတွက် များစွာစဉ်းစားပေးသည်။ သူက လောင်လုစရိုက်ကို သံသယဝင်နေသည်။

မဟုတ်သေး။ လောင်လု၏စရိုက်သည် ယုံကြည်၍မရ။ သို့‌သော် ဤတစ်ကြိမ်တော့ တကယ်ယုံကြည်ရလောက်သည်။

"ဒါပေမယ့်..."

လုယန် တုံ့ဆိုင်းဆိုင်းလေသံဖြင့် ထပ်ပြောသင့်မပြောသင့်ချိန်ဆနေသည်။

"ဒါပေမယ့် ဘာလဲ"

မုန်ကျင်းကျိုး ရင်ထိတ်လာသည်။ ဘယ်လိုလှည့်ကွက်မျိုး ရှိနေသည်မသိ။

"တော်ပါပြီ။ မပြောတော့ပါဘူး"

"ပြောမှာသာ ပြောစမ်းပါကွာ"

မုန်ကျင်းကျိုးက အတင်းတောင်းဆိုနေသဖြင့် သူလျှို့ဝှက်မထားတော့။

"'မသေမျိုးအဆိုအမိန့်'ကျမ်းကို မင်းနားမလည်ဘူးလို့ ငါပြောတဲ့အချိန်မှာ ယင်ထန်မသေမျိုးက ဘာမှပြန်မပြောပေမယ့် သူ့အမူအရာက သိပ်အလိုမကျသလို

"မသေမျိုးအဆိုအမိန့်လား။ အဲဒါဘာလဲ။ ငါဖတ်ဖူးလို့လား"

မုန်ကျင်းကျိုး စဉ်းစားသည်။ ထို့နောက် ထိုနာမည်ကို တဖြေးဖြေးသတိရလာသည်။

အမွာမြစ်လျှို့ဝှက်မြေတွင် ထာဝရနတ်မယ်၏ စာကြည့်ခန်းကို တွေ့ခဲ့သည်။ ထိုစာကြည့်ခန်းထဲတွင် မသေမျိုးအဆိုအမိန့်ကျမ်းတစ်ခု ရှိသည်။ သို့သော် ရှေးဟောင်းဘာသာစကားဖြင့် ရေးထားသည်ဖြစ်၍ သူနားမလည်ခဲ့။

"မင်းကဘာလို့ ဒီအကြောင်းကို ထည့်ပြောခဲ့တာလဲကွာ"

မုန်ကျင်းကျိုး စိုးရိမ်လာသည်။ ယင်ထန်မသေမျိုး သူ့အပေါ်စိတ်ဆိုးသွားလျှင် ကောင်းကင်ဆင်းရဲဖြတ်ချိန်တွင် အခက်အခဲကြုံနိုင်သည်။

"ငါလည်း လွှတ်ခနဲထွက်သွားတာပါကွာ။ ဒီအတွက် အဆင်ပြေအောင်လုပ်‌ပေးချင်လို့ပဲ ငါမင်းဆီလာခဲ့တာပါ"

လုယန်က အားနာပြုံးပြုံး၍ ပြောသည်။ ပျက်အစဉ်ပြင်ခဏဆိုသည့်စကားရှိသည်။

"မင်းကဘယ်လိုအဆင်ပြေအောင်လုပ်မှာလဲ"

"ငါမင်းကို ရှေးဟောင်းဘာသာစကားသင်ပေးမယ်လို့ အမြဲပြောခဲ့ပေမယ့် အခွင့်အရေးမရခဲ့ဘူးလေ။ အခု ဒီကိစ္စနဲ့ ဆက်စပ်လာတော့ ငါသင်ပေးရမှာပေါ့"

ထိုသို့ပြောရင်း အင်္ကျီရင်ဘတ်ထဲမှ အထုပ်ငယ်တစ်ခု ဆွဲထုတ်သည်။ ဖွင့်သည်။ အထဲမှ စာအုပ်တစ်အုပ်ထုတ်ပြီး အလေးအနက်မျက်နှာဖြင့် မုန်ကျင်းကျိုးကို လှမ်းပေးသည်။ ရိုးရာဓလေ့ချီးမြှင့်မှုတစ်ခု လုပ်နေသလိုထင်ရသည်။

"ရှေးဟောင်းဘာသာစကားကို လေ့လာပြီးတာနဲ့ မသေမျိုးအဆိုအမိန့်ကျမ်းကို မင်းဘာသာနားလည်အောင် ဖတ်တတ်လာမှာပါ"

"သိပ်ကောင်းတဲ့စိတကူးပဲ"

မုန်ကျင်းကျိုး အဆိုအမိန့်ကျမ်းကိုယူသည်။ အတော်အရေးကြီးသည့်စာအုပ်ဖြစ်ကြောင်း သူနားလည်သည်။ ရှေးဟောင်းမသေမျိုးလေးယောက်၏ စကားများကို ထာဝရနတ်မယ်က လက်ရေးမူဖြင့်မှတ်တမ်းတင်ထားခြင်းဖြစ်သည်။

အဖိုးဖြတ်မရသည့် ရတနာဖြစ်သည်။ မသေမျိုးများပင် တပ်မက်ကြလိမ့်မည်။

သုံးလကြာပြီးနောက် လုယန် ထူးခြားသည့်ဖိတ်ခေါ်စာတစ်စောင်ရသည်။

"ဒုဂိုဏ်းချုပ်၊ ဒီမှာကြည့်..ဒါက ဝိညဉ်စားဖိုမှူးမဟာမိတ်အဖွဲ့က နင့်ဆီပို့လိုက်တဲ့စာ"

ယွမ်မုန်မုန် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် စာအိတ်ကို ဝှေ့ယမ်းပြနေသည်။ ဝိညာဉ်စားဖိုမှူးမဟာမိတ်အကြောင်း မသိသော်လည်း နာမည်ကြားရုံနှင့် အစားအသောက်ကောင်းများနှင့် ပတ်သက်နေမှန်းသိသာသည်။

"ဝိညာဉ်စားဖိုမှူးမဟာမိတ်.."

လုယန်ကြားဖူးပါသည်။ လောက၏ထိပ်တန်းစားဖိုမှူးများဖြင့်ဖွဲ့စည်းထားသည် အဖွဲ့ဖြစ်သည်။

အရသာ‌‌ကောင်းသည့် အစားအသောက်သည် နယ်မြေအပိုင်းအခြားမရှိဟူသည် စကားပုံရှိ။ ဗုဒ္ဓနိုင်ငံမှလွဲ၍ တစ်လောကလုံးမှ ဝိညာဉ်စားဖိုမှူးများ ထိုအဖွဲ့သို့ဝင်ကြသည်။

"စားဖိုမှူးမဟာမိတ်က ငါ့ဆီကိုဘာလို့စာပို့တာလဲ"

လုယန် စဉ်းစားသည်။ သူသည် ဟင်းလည်းမချက်တတ်။

နတ်မယ်က သူ့ကိုဝင်ပူးကပ်၍ ချိုးကျင်အန်းအတွက် ဆားငံဟင်းတစ်ပွဲပြင်ပေးခဲ့သည့် တစ်ကြိမ်သာရှိသည်။

နောက်ပိုင်းတွင် သူ့ဆရာ၏ ပရိုမိုးရှင်းစွမ်းရည်ကြောင့် ချိုးကျင်အန်းက စိတ်လှုပ်ရှားမှုအပြည့် ဟင်းချက်နည်းကိုမေးသည့်ဇာတ်လမ်း အပြင်လောကတွင်ပျံ့နှံ့ခဲ့သည်။

သို့သော် ထိုကိစ္စကြောင့်တော့ မဟာမိတ်အဖွဲ့ကိုဝင်ဖို့ ဖိတ်ခေါ်ခြင်းမဖြစ်နိုင်။

"ငါနင့်ကို တစ်ခါဝင်ပူးကပ်ဖူးလို့ နင်ကစားဖိုးမှူးပါရမီပါတယ်လို့ ထင်သွားကြတာဖြစ်မယ်"

နတ်မယ်က ဂုဏ်ယူဝင့်ကြွားသည့်လေသံဖြင့်ပြောသည်။ ပူးကပ်ထားသည်ဆိုသော်လည်း ပါရမီဟု သတ်မှတ်နိုင်လောက်သည်။

သို့သော် ဝိညာဉ်စားဖိုးမှးမဟာမိတ်သိုဝင်ဖို့ လုယန်ကို သူမတိုက်တွန်းပါ။ သူ့စွမ်းရည်ကို သက်သေပြဖို့အတွက်တော့ ထိုအဖွဲ့ကို ဝင်စရာအကြောင်းမရှိ။

လုယန်စာအိတ်ကိုဖွင့်ဖတ်လိုက်သည်။ ထို့နောက်တွင် အဖွဲ့ဝင်သင့်မဝင်သင့် စိုးရိမ်နေဖို့မလိုကြောင်း နားလည်သွားသည်။

"သူတို့က ဝိညာဉ်စားဖိုမှူးပြိုင်ပွဲလုပ်ဖို့စီစဉ်နေတယ်။ ဒါကိုသတင်းစာမှာ ဖော်ပြစေချင်လို့ ကျုပ်ကိုဖိတ်ခေါ်ထားတာပဲ"

ကျင့်ကြံမှုလစဉ်ကို သူဖန်တီးခဲ့ကြောင်း တစ်လောကလုံးသိသည်။ ဆောင်းပါးများကို သူကိုယ်တိုင်ရေးသည်။ သို့မဟုတ် သူကိုယ်တိုင်အတည်ပြုပေးသည်။

ဝိညာဉ်စားဖိုမှူးမဟာမိတ်က သူ့ကို ပြိုင်ပွဲဝင်ဖို့ ဖိတ်ခေါ်ခြင်းမဟုတ်။ ပြိုင်ပွဲအကြောင်း သတင်းဖြန့်ဖို့ ဖိတ်ခေါ်ခြင်းဖြစ်သည်။

"ဒီပြိုင်ပွဲကို အရင်က ဈေးလမ်းကလူတွေပဲ သွားကြတာ။ ဒါပေမယ့် အကိုတစ်ယောက်က ဒိုင်တစ်ယောက်နဲ့ စကားများခဲ့တယ်။ အဲဒီ့အကိုက ဒေါသထွက်ပြီးဒိုင်ကို မုန့်ချောင်းနဲ့ရိုက်ခဲ့လို့ ငါတို့ဂိုဏ်းကို ပြိုင်ပွဲဝင်ခွင့်ပိတ်လိုက်ရတာလို့ကြားတယ်"

ဘယ်သူပြောခဲ့မှန်းတော့မမှတ်မိ။ သို့သော် ဖြစ်ခဲ့သည့်အခြေအနေကို သူမှတ်မိသည်။

ဈေးလမ်းမှလူများ ပြိုင်ပွဲဝင်သည်မဝင်သည်က အရေးမကြီးလှ။ ဘယ်လိုပြိုင်ပြိုင် နိုင်လည်းနိုင်မည်မဟုတ်။

"အဲ...ဈေးလမ်းက တစ်နှစ်နိုင်ဖူးတယ်တဲ့။ ပထမနေရာတောင် ရခဲ့တယ်ကြားဖူးသလားလို့"

ယွမ်မုန်မုန် နားမလည်သဖြင့် မေးခွန်းထုတ်သည်။

လုယန် သက်ပြင်းချသည်။

"ပြိုင်ပွဲမှာ နိုင်တယ်ဆိုတာက ဟုတ်ပါတယ်။ ဒါပေမယ့် ဝိညာဉ်စားဖိုမှူးပြိုင်ပွဲမဟုတ်ဘူး။ ပစ္စည်းသွန်းပြိုင်ပွဲပါ"

"အားလုံးက ပြိုင်ပွဲတွေပဲလေ။ ဘာမှသိပ်မကွာပါဘူး။ ...ဒီပွဲကို ငါတို့သွားကြမလား ဒုခေါင်းဆောင်"

ပြိုင်ပွဲများကို သူခွဲခြားသတ်မှတ်မထား။ သူသည် အစားအသောက်ကောင်းကြိုက်သည်။ ဈေးလမ်းမှ အစားအစာများချည်း သူစားမနေချင်။

စားဖိုမှူးပြိုင်ပွဲ၏ အစားအသောက်လက်ရာသည် အတော်အဆင့်မြင့်မည်ဟု သူယူဆသည်။

လုယန် နည်းနည်းအခက်တွေ့နေသည်။ သူသည် ဝိညာဉ်စားဖိုမှုးများအကြောင်း ဘာမှသိသည်မဟုတ်။ ဘာအကြောင်းကို သတင်းရေးရမည်မသိ...

"သွားကြမယ်လေ သွားကြမယ် သွားကြမယ်"

ယွမ်မုန်မုန်မျက်လုံးတွင် မျှော်လင့်ချက်အရိပ်များ ပြည့်နေသည်။ လုယန်ကို ရွှန်းလဲ့တောက်ပသည့် မျက်လုံးအစုံဖြင့်ကြည့်နေသည်။ 'သွားကြမယ်'တစ်ခါပြောတိုင်း လုယန်အနားသို့ တစ်လှမ်းတိုးလာသည်။ ထို့ကြောင့် လုယန်မငြင်းရက်တော့။

"‌ကောင်းပြီလေ၊ သွားကြတာပေါ့"

ပြီးခဲ့သည့်တစ်ခေါက်က ဗုဒ္ဓနိုင်ငံသို့ ယွမ်မုန်မုန်လိုက်ချင်သော်လည်း အစားအသောက်ကိစ္စကြောင့် စိတ်ပျက်ခဲ့ရသည်။

ယခု ဝိညာဉ်စားဖိုမှူးပြိုင်ပွဲသို့ခေါ်သွားလျှင် ထိုအကြွေးကို ဆပ်ရာရောက်သည်။

"ယေး...ဒုခေါင်းဆောင် အသက်ရှည်ပါစေ"

ယွမ်မုန်မုန် ပျော်ရွှင်စွာအော်ဟစ်လိုက်သည်။ အစားအသောက်ကောင်းများ မျိုဆို့ရတော့မည့်အရေးကိုတွေး၍ စိတ်အားတက်ကြွလာသည်။

"နေဦး၊ ဒုခေါင်းဆောင်အသက်ရှည်ပါစေလို့ပြောတာက သက်တမ်းတိုလာဦးမယ့်သဘောပဲ"

ယွမ်မုန်မုန် သူ့အမှားသူ နားလည်လာသည်။ ဒုခေါင်းဆောင်သည် သူ့ထက်ပိုစွမ်းအားကြီးသည်။ မသေမျိုးဖြစ်ဖို့ ကံပါသည်။ အသက်ရှည်ပါစေဆိုသည့်စကားသည် မသင့်တော်။

"ဒုခေါင်းဆောင် ထာဝရအသက်ရှည်ပါစေ"

လုယန် ငိုရခက်ရယ်ရခက်ဖြစ်သွားသည်။ ထိုမိန်းမလှက သူ့ကို ထာဝရအသက်ရျည်ဖို့ ဆုတောင်းနေသည်။ မျက်လုံးတွင် လေးစားရိပ်အပြည့်ရှိနေသည်။

အပြင်လူများကြားလျှင် ဂိုဏ်းတပည့်တစ်ယောက်က ဂိုဏ်းချုပ်ကို ဆုတောင်းပေးသလို ဖြစ်နေမည်ထင်သည်။

"ကဲ ဟုတ်ပါပြီ။ ထာဝရအသက်ရှည်ဖို့ကိစ္စ အသာထားလိုက်ဦး။ အသင့်ပြင်တော့။ ပြီးရင် ခရီးစထွက်မယ်"

********************************

All Chapters