အခန်း (၁၀၈၄-၁၀၈၆)
Vol. 73 Ch. 1084-1086
အခန်း (၁၀၈၄) စာဖိုးမှူးဘိုးဘေးယင်ထန်
အမယွမ်နှင့်တိုင်ပုဖန်ကို အသိပေးပြီးနောက် စတုတ္ထမြောက် ထာဝရမျိုးဆက်ခေါင်းဆောင်ကို ဂိုဏ်းအတွက်စောင့်ရှောက်ဖို့ ချန်ထားခဲ့ပြီး ထာဝရမျိုးဆက် ပထမခေါင်းဆောင်သုံးယောက် ခရီးထွက်ကြသည်။
ဝိညာဉ်စားဖိုမှူးပြိုင်ပွဲက နတ်ဆိုးနိုင်ငံ နတ်ဆိုးမြို့တော်တွင် ကျင်းပသည်။
ကျူးထန်ကိုယ်တိုင် ဝိညာဉ်စားဖိုမှူးမဟာမိတ်ကို ဖိတ်ခေါ်ထားခြင်းဖြစ်သည်ဟု ပြောကြသည်။ ထိုပွဲတော်ကို အကြောင်းပြု၍ လောကကြီးက နတ်ဆိုးနိုင်ငံအကြောင်း သိလာစေဖို့ သူရည်ရွယ်ခြင်းဖြစ်သည်။
တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းသို့ လေကြောင်းကုန်းကြောင်းမှ ဖြတ်သန်းခဲ့သည့်အတွေ့အကြုံကို သင်ခန်းစာရခဲ့ပြီးဖြစ်၍ ဤတစ်ကြိမ်တွင် မဟာရှားနယ်စပ်ထိ ယွမ်မုန်မုန်နှင့်အတူ လှေပျံစီးဖို့ လုယန်ဆုံးဖတ်လိုက်သည်။
ခရီးစဉ်က ဘာမှမထူးခြား။ လှေပျံစီးရင်း ယွမ်မုန်မုန်က လုယန်လက်ကိုဆွဲ၍ မကြာခဏစိတ်အားတက်ကြွစွာအော်ဟစ်ပြီး ဟိုဟိုဒီဒီလက်ညှိုးထိုးပြနေသဖြင့် လူအများအာရုံစိုက်ခံရသည်သာရှိသည်။
"ညီမမုန်မုန်၊ ဒါမင်းပထမဆုံး ခရီးထွက်ဖူးတာတော့ မဟုတ်ဘူးမို့လား။ မင်းအတော်စိတ်လှုပ်ရှားလွန်းနေသလိုပဲ"
အားလုံးဝိုင်းကြည့်နေသဖြင့် လုယန် စိတ်ပျက်လက်ပျက်ပြောသည်။
ဤနှစ်များအတွင်း ယွမ်မုန်မုန်သည် ဂိုဏ်းတွင်အမြဲအောင်းနေသည်မဟုတ်။ မကြာခဏ အပြင်ထွက်၍ အစားအသောက်ကောင်းများသွားရှာ၍ ပျော်မွေ့နေသည်။
"ပထမဆုံးအပြင်ထွက်ဖူးတာမဟုတ်ပေမယ့် ဒုခေါင်းဆောင်နဲ့အတူ ခရီးထွက်ဖူးတာတော့ ပထမဆုံးပဲလေ"
ယွမ်မုန်မုန်က တခစ်ခစ်ရယ်၍ ပြောသည်။ ရှောင်ကျိကိုလည်း အပြင်ထွက်လည်ဖို့ သူခေါ်ခဲ့ဖူးသည်။ သို့သော် ရှောင်ကျိက အပြတ်ငြင်းသည်။ ယခုမှ သူအဖော်မွန်အစစ်ရလာသည်။
လုယန်ပြုံး၍ခေါင်းခါသည်။ အဖော်နှင့်ခရီးထွက်ရခြင်းသည့် တစ်ယောက်တည်းခရီးထွက်ရခြင်းနှင့် မတူကြောင်းတော့ သူရိပ်မိသည်။
သို့သော် နတ်မယ်က သူ့သိစိတ်နယ်မြေတွင် ရှိနေသည်။ တစ်ယောက်တည်းခရီးထွက်ရသည့် ခံစားချက်မျိုး သူလုံးဝနားမလည်။
သူတို့နှစ်ယောက် မဟာရှားနယ်စပ်ကိုဖြတ်၍ နတ်ဆိုးနယ်မြေသို့ဝင်ကြသည်။
လုယန်က နတ်ဆိုးနယ်မြေသို့ လေးငါးခေါက်ရောက်ဖူးသည်။ ရောက်တိုင်းလည်း နတ်ဆိုးမြို့တော်သို့ဝင်ဖြစ်သည်။ ထို့ကြောင့် လမ်းကြောင်းကို ကျွမ်းကျင်သည်။
နှစ်ယောက်သား ဓားဆေးကန်ဖြင့် နတ်ဆိုးမြို့တော်သို့ တန်းသွားသည်။
"ဒုခေါင်းဆောင်၊ အမဲခြောက်ကြော်စားမလား"
ယွမ်မုန်မုန်က အမဲခြောက်ကြော်တစ်ထုပ်ကိုင်ထားသည်။ ခရီးစဉ်အတွက် ဂိုဏ်းဈေးတန်းမှ အစားအသောက်မျိုးစုံ သူဝယ်လာသည်။ တစ်လမ်းလုံးအက်မပြတ်စားနေသည်။
လုယန် အမဲခြောက်တစ်မြှောင်းယူ၍ လက်ညှိုးတွင် ဓားချီဖန်တီးပြီး တစ်ဝက်ဖြတ်လိုက်သည်။
အမဲခြောက်နှစ်ပိုင်းကို ယွမ်မုန်မုန်ထံ ပြန်ပေးသည်။
"ငါက သွားသိပ်မကောင်းဘူး"
"သွားကို ဓားချီဖြည့်ပြီး ဝါးကြည့်ပါလား"
ယွမ်မုန်မုန်က စေတနာဖြင့် အကြံပြုသည်။
"တော်ပါပြီ။ မင်းပဲစားပါ"
စေတနာကို စေတနာဖြင့်တုံ့ပြန်၍ လုယန် ငြင်းလိုက်သည်။
"ရောက်ပြီ"
ခဏပျံသန်းပြီးနောက် နတ်ဆိုးမြို့တော်အနီးတွင် သူတို့ဆင်းကြသည်။
လုယန်ပေါ်လာသဖြင့် အတော်ဂယက်ထသွားသည်။ ယခု သူ့နာမည်ဂုဏ်းသတင်းက နေတစ်စင်းလို ထွန်းလင်းတောက်ပနေသည်။
"ဒါက မိတ်ဆွေလုယန်မဟုတ်လား"
လူတစ်ယောက်က တအံ့တဩရေရွတ်ပြီး ခြေလှမ်းကျဲကျဲဖြင့်လျှောက်လာသည်။
"ခင်ဗျားက..."
"ဝိညာဉ်စားဖိုမှူးမဟာမိတ်ရဲ့ ဒုခေါင်းဆောင် လျိုရှင်းပါ"
"ဪ..အကြီးအကဲလျိုရှင်းလား"
ခရီးမထွက်ခင်ကတည်းက ဝိညာဉ်စားဖိုမှူးမဟာမိတ်၏ အချက်အလက်များကို အကိုတိုင်ထံမှ သူယူခဲ့သည်။ လျိုရှင်းသည့် ဒုခေါင်းဆောင်သုံးယောက်ထဲမှ တစ်ယောက်ဖြစ်ကြောင်း သူသိသည်။ စုစည်းခြင်းအဆင့်ရှိသည်။
"အကြီးအကဲလို့ အခေါ်မခံရဲပါဘူးဗျာ"
လျိုရှင်းက ရှက်နေဟန်ဖြင့် လက်ခါပြသည်။ ကောလဟာလကြားနေရသည့် ပါရမီရှင်လု၏စွမ်းရည်များ အပြင်လက်တွေ့တွင် တကယ်ဟုတ်မဟုတ် သူမသိ။ သို့သော် စွမ်းရည်မရှိလျှင်ပင် ကျင့်ကြံမှုလစဉ်သတင်းစာ တည်ထောင်သူဟူသည့်ဂုဏ်ပုဒ်ကို ပေါ့ပေါ့်မတွေးသင့်။
"ဒါက ဘယ်သူလဲ"
လုယန်ဘေးတွင်ရပ်နေသည့် မိန်းမလှကိုကြည့်၍ လျိုရှင်း နည်းနည်းအံ့အားသင့်သွာသည်။ ထိုမိန်းကလေး၏ ကျင့်စဉ်အဆင့်ကို သူမခန့်မှန်းနိုင်။
"ကျုပ်မိတ်ဆွေပါ"
လုယန် ခပ်တိုတိုပြောလိုက်သည်။ နာမည်မိတ်ဆက်နေလျှင် ကောင်းကင်ရုံးတ်ောဂိုဏ်းချုပ်နှင့် ဆက်စပ်တွေးလာနိုင်သည်။ ယွမ်ကျိနာမည်သုံးဖို့လည်း လုံးဝမသင့်တော်။
"အား..တာအိုရှင်လုယန်ရဲ့ မိတ်ဆွေဆိုတော့ အသိပညာမြင့်မားပြီး ထူးခြားတဲ့ပါရမီမျိုးရှင်ပဲဖြစ်မှာပါ။ ကဲ ကြွပါဗျာ၊ ကျုပ်နဲ့အတူ နတ်ဆိုးမြို့တော်ထဲကို လိုက်ခဲ့ပါ"
မြို့တော်ထဲသို့ရောက်ပြီးနောက် မြို့တော်၏ တော်ဝင်တောင်ကုန်းထိပ်မှ ခမ်းနားသည့်နန်းတော်ကို လုယန်တစ်ချက်ကြည့်သည်။
"အဲဒါ နတ်ဆိုးအင်ပါယာနန်းတော်ပါ။ မိတ်ဆွေလု စိတ်ဝင်စားလို့လား"
လျိုရှင်းက ပြုံး၍မေးသည်။
"နတ်ဆိုးအင်ပါယာ...ဪ..ကျူးထန်ကိုပြောတာပဲ"
လျိုရှင်းက နတ်ဆိုးအင်ပါယာဟု ပြောလိုက်သဖြင့် ရုတ်တရက် သူနည်နည်းကြောင်သွားသည်။
"စိတ်မဝင်စားပါဘူး"
လုယန် ခေါင်းတွင်တွင်ခါသည်။
ဘာကြောင့် နတ်ဆိုးအင်ပါယာနန်းတော်ကို စိတ်ဝင်စားမည်နည်း။ နတ်ဆိုးမြို့တော်ရောက်တိုင်း တစ်ခြားဘယ်နေရာမှမသွား။ ကျူးထန်ဆီသာ သူတန်းသွားခဲ့သည်။
သို့သော် လျိုရှင်းအမြင်တွင် သူ့လိုမဟုတ်။ နတ်ဆိုးအင်ပါယာနန်းတော်သည် ထူးအန်းအံ့ဖွယ်နေရာဖြစ်သည်။ စိတ်မဝင်စားသူဟူ၍ လုံးဝမရှိနိုင်။
"မိတ်ဆွေလုစိတ်ဝင်စားရင် နတ်ဆိုးနန်းတော်က ကျုပ်မိတ်ဆွေတွေနဲ့ ဆက်သွယ်ပေးလို့ရပါတယ်။ နန်းတော်ထဲကို ခင်ဗျားဝင်ခွင့်ရမှာပါ"
"နေပါစေ။ မလိုပါဘူး"
လုယန်ပြုံးမိသည်။ ကျူးထန်၏နန်းတော်နှင့်သာ သူရင်းနှီးသည်။ နတ်ဆိုးမြို့တော်နှင့် သူသိပ်မရင်းနှီး။
နတ်ဆိုးမြို့တော်သို့လာတိုင်း ထူးခြားသည့်အပြောင်းအလဲများတွေ့ရသည်။ ကျူးထန်၏ညွှန်ကြားချက်ဖြင့် မြို့တော်တစ်ခုလုံးတွင် လူသားယဉ်ကျေးမှုတစ်ဝက် နတ်ဆိုးမျိုးနွယ်တို့၏ အရိုင်းဆန်သည့်သဘာဝတစ်ဝက်ပါသည် ဗိသုကာလက်ရာ အဆောက်အဦးများ ရှိနေသည်။
ကျူးထန်ကိုယ်တိုင်ကလည်း ဗိသုကာကျွမ်းကျင်သူဖြစ်သည်။ သူဖန်တီးခဲ့သည့် နတ်ဆိုးမြို့တော်၏ ဗိသုကာဒီဇိုင်းက အဆင့်အတန်းမြင့်သည်။ နတ်ဆိုးမြို့တော်သို့လာသူတိုင်း မြို့တော်၏ခံ့ညားထည်ဝါမှုကို အံ့အားသင့်ကြရမည်။
"အတော်လှတဲ့နေရာပဲ"
ယွမ်မုန်မုန် တအံ့တဩပြောသည်။ နတ်ဆိုးမြို့တော်၏ ဒီဇိုင်းအပြင်အဆင်များက တစ်ခြားနေရာများနှင့် လုံးဝမတူ။
မြို့တော်လမ်းများအတိုင်း လျှောက်လာကြသည်။ နတ်ဆိုးမျိုးနွယ်များကို မူလအသွင်အတိုင်းမြင်ရခဲသည်။ အများစုက လူအသွင်ပြောင်းထားသည်။ နတ်ဆိုးလက္ခဏာအနည်းငယ်သာ ထိန်းသိမ်းထားသည်။ ဥပမာ နားရွက်များ အမြီးများ။
နတ်ဆိုးနိုင်ငံဝတ်စားဆင်ယင်ပုံနှင့် ကွဲပြားနေသူတစ်ချို့လည်းရှိသည်။
"အဲဒါ မဟာရှားတို့ အရှေ့ပင်လယ်တို့ မြောက်ပိုင်းတိုက်နယ်တို့က ဝိညာဉ်စာဖိုမှူးတွေ၊ စားဖိုမှူးတစ်ဝက်တွေပါ"
"စားဖိုမှူးတစ်ဝက်ဆိုတာက.."
"ဝိညာဉ်စာဖိုမှူးစားမေးပွဲဖြေဖို့ ပြင်ဆင်နေတဲ့ ကျင့်ကြံသူတွေပေါ့"
လျိုရှင်း ပြုံး၍ရှင်းပြသည်။
"အဲဒီ့စာမေးပွဲအောင်တဲ့လူတွေကိုပဲ ဝိညာဉ်စားဖိုမှူးတွေအဖြစ် ဝိညာဉ်စားဖိုမှူးမဟာမိတ်က သတ်မှတ်တယ်။ သက်သေခံတံဆိပ်ပေးတယ်။
တစ်ချို့ကျင့်ကြံသူက ဟင်းချက်စွမ်းရည်ရှိပေမယ့် ဝိညာဉ်စားဖိုမှူးစာမေးပွဲကို မအောင်ကြတော့ စားဖိုမှူးတစ်ဝက်လို့ပဲ သတ်မှတ်ခံရတယ်။ ဝိညာဉ်စားဖိုမှူးအစစ်တွေပဲ ဝိညာဉ်စားဖိုမှူပြိုင်ပွဲကို ဝင်ပြိုင်ခွင့်ရှိတာ။
ဒါကြောင့် ပြိုင်ပွဲမစခင် မဟာမိတ်အဖွဲ့က ဝိညာဉ်စားဖိုမှူးစာမေးပွဲတစ်ခုလုပ်ဖို့ စီစဉ်ထားတယ်။ ဒါမှ စာမေးပွဲအောင်တဲ့ စားဖိုမှူးတွေလည်း ပြိုင်ပွဲကိုဝင်နိုင်အောင်လို့လေ"
ဝိညာဉ်စားဖိုမှူးမဟာမိတ်က လုယန်အတွက် နတ်ဆိုးမြို့တော်အလယ်မှ အဆင့်မြင့်ဆုံးတည်းခိုခန်းကို စီစဉ်ပေးသည်။
တည်းခိုခန်းရှေ့တွင် နတ်ဆိုးအင်ပါယာ၏ ရုပ်ထုတစ်ခုရှိသည်။ သွေးနီရောင်သန်းပြီး တောင်ပံများပါသည့် ဦးခေါင်းမပါသည့် ကျူးထန်၏ကိုယ်ထည်ဖြစ်သည်။ ဆယ်မီတာကျော်မြင့်သည်။ အတော်မြင်သာထင်သာရှိသည်။ နတ်ဆိုးမြို့တော်၏ ထူးခြားသည့်အမှတ်သညာများထဲမှ တစ်ခုဖြစ်သည်။
"ဒါနဲ့...မိတ်ဆွေလုယန်တို့က အခန်းတစ်ခန်းယူမှာလား နှစ်ခန်းယူမှာလား"
လျိုရှင်းက သိစိတ်အာရုံမှ လှမ်းမေးသည်။
"နှစ်ခန်းလိုမှာပေါ့"
လုယန် စိတ်ပျက်လက်ပျက် ပြန်ပြောသည်။ လျိုရှင်း တစ်ခုခုနားလည်မှုလွဲနေဟန်ရှိသည်။
အခန်းများစီစဉ်ပြီးနောက် လျိုရှင်းကစာလိပ်နှစ်ခုထုတ်သည်။
"ဒီစာလိပ်တွေထဲမှာ ပြိုင်ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်အစီအစဉ်တွေပါတယ်။ အချိန်ယူပြီး ဖတ်ကြည့်ပါ။ ခင်ဗျားတို့နှစ်ယောက်လုံးကို ယင်ထန်အရှင် ကောင်းချီးပေးပါစေ"
"နေပါဦး၊ ယင်ထန်အရှင်ဆိုတာဘာလဲ"
လုယန် နှုတ်ဆက်ရန်ပြင်ပြီးမှ ကြောင်တက်တက်ဖြစ်သွားသည်။
"မိတ်ဆွေလုယန်မသိဘူးလား။ ယင်ထန်မသေမျိုးက ဝိညဉ်စားဖိုမှူးတွေရဲ့ ဘိုးဘေးလေ။ တစ်ဦးတည်းတော မသေမျိုးစားဖိုမှူးပဲ။ ယင်ထန်အရှင်ရဲ့ အစားအသောက်တွေဟာ စွဲလန်းတပ်မက်စရာအာရုံကို ပေးနိုင်တယ်တယ်။
ဒါတွေကိုစားလိုက်ရင် မသေမျိုးဘုံကို ရောက်သွားသလို ခံစားရတယ်။ သေမျိုးဘဝရဲ့ အတိတ်အကြောင်းတွေကိုမေ့ပြီး ပုံရိပ်ဆန်တဲ့အိပ်မက်လောကကို ခံစားနိုင်တယ်တဲ့။ အကျိုးအာနိသင်တွေကတော့ ကျုပ်တို့နားလည်နိုင်တဲ့အဆင့်ထက် အများကြီးပိုပါတယ်။
ယင်ထန်အရှင်ရဲ့အစားအသောက်တွေက သေမျိုးလောကအတွက်မဟုတ်ဘူး။ သေမျိုးခန္ဓာတွေ ခံနိုင်ရည်မရှိဘူး။ သူသုံးတဲ့ အိုးခွက်ပန်းကန်တွေတာင် သူကိုယ်တိုင်တောင် ဖန်တီးခဲ့တာ။
ပြီးတော့ သမိုင်းမှတ်တမ်းအရ တစ်ခြားမသေမျိုးသုံးယောက်က သူချက်ပြုတ်တဲ့ဟင်းလျာကိုစားဖို့ နှစ်တစ်ရာကျော်တောင် စောင့်ကြတယ်တဲ့။ သူ့လက်ရာ ဘယ်လောက်အရသာထူးခြားသလဲဆိုတာ ဒါကသက်သေခံနေတယ်လေ"
******************************
အခန်း (၁၀၈၅)ရင်းနှီးမှုတည်ဆောက်ခြင်း
"ယင်ထန်အရှင်က သူ့အချက်အပြုတ်ပညာတွေအားလုံးစုပြီး 'ဟင်းချက်နည်းပေါင်းစုကျမ်း'ကို ပြုစုခဲ့တယ်လို့ ပြောကြတယ်။ ဒါပေမယ့် ဒီစာအုပ်က သမိုင်းကြောင်းထဲမှာ ပျောက်သွားခဲ့ပြီ။ အဲဒါ တကယ်ရင်နာစရာကောင်းတာပဲ။
ဆေးပညာမဟာမိတ်ရဲ့ ခေါင်းဆောင်ဆေးပညာရှင် ချင်ယွမ်ကျိက အဲဒီ့ဟင်းချက်ကျမ်းရဲ့ မိတ္တူတစ်အုပ်တွေ့တယ်။ ဒါပေမယ့် အဲဒီ့စာအုပ်မှာပါတာက ဟင်းချက်နည်းတွေမဟုတ်ဘဲ အဆိပ်ဖော်နည်းတွေဖြစ်နေတယ်။
တစ်ယောက်ယောက်က ယင်ထန်အရှင်ရဲ့ပါရမီကို မနာလိုဖြစ်လို့ နာမည်ဖျက်ဖို့အတွက် စာအုပ်အတု တမင်ဖန်တီးခဲ့တာလို့ ကျုပ်တို့ယူဆတယ်"
လျိုရှင်းက မကျေမနပ်လေသံဖြင့်ပြောသည်။
လုယန် ကျောက်စိမ်းတံဆိပ်ကို အလိုလို ကိုက်လိုက်မိသည်။ 'ဟင်းချက်ကျမ်း'၏ မူရင်းစာအုပ်က အထဲတွင်ရှိနေသည်။ သူထုတ်ပြလိုက်လျှင်ပင် လျိုရှင်းက အတုဟုသတ်မှတ်ပေလိမ့်မည်။
ယင်ထန်မသေမျိုးအကြောင်းပြောချိန်တွင် လျိုရှင်း၏မျက်လုံးများက ကြည်ညိုလေးစားရိပ်အပြည့်ရှိသည်။ အရင်က ဝိညာဉ်စားဖိုမှူအစစ်များနှင့် လုယန်အဆက်အစပ်မရှိခဲ့။ အချက်အပြုတ်နယ်ပယ်တွင် ယင်ထန်၏အဆင့်အတန်း ထိုမျှမြင့်မားကြောင်း ယခုမှသိသည်။
ဝိညာဉ်စားဖိုမှူးဘိုးဘေးဘွဲ့ထူး ယင်ထန်ရခဲ့သည်မှာ သမိုင်းမှတ်ဉာဏ်ပြောင်းလဲခံရခြင်းကြောင့်ဖြစ်ကြောင်း သူသိပါသည်။ စားဖိုမှူးဘိုးဘေးအစစ်က နတ်မယ်သာဖြစ်လိမ့်မည်။
နောက်ပိုင်းမျိုးဆက်များချီးကျူးခံရသည်ကို ယင်ထန်အရှင် သဘောကျလောက်သည်။ သို့သော် စားဖိုမှူးဘိုးဘေးဟူသည့် ဘွဲ့နာမည်ကိုတော့ လိုချင်မည်မထင်။
ထိုဘွဲ့နာမည်ရထားသည်ကိုလည်း ယင်ထန်က လုယန်ကို သိစေချင်မည်မဟုတ်။
မဟာမိတ်ဒုခေါင်းဆောင်...ခင်ဗျားကျုပ်ကို ချောက်ထဲတွန်းချနေတာပဲ။ ဘာလို့ဒီအကြောင်းတွေ ကျုပ်ကိုလာပြောနေတာလဲ။
လျိုရှင်းထွက်သွားပြီးနောက် နတ်မယ် ထွက်လာသည်။ လုယန်ရှေ့တွင် သူ့နာမည်ဂုဏ်သတင်းကို ကြွားလုံးထုတ်သည်။
"ကြားတယ်မဟုတ်လား ရှောင်ယန်။ စားဖိုမှူးလောကမှာ ငါ့အဆင့်အတန်းကို တစ်လောကလုံးက အသိအမှတ်ပြုထားကြတာ"
"ခေါင်းဆောင်က အရမ်းတော်တာပဲ"
ယွမ်မုန်မုန်က ဘေးမှ ချီးကျူးသည်။ သူတွေ့ချင်နေသည့် လောက၏အတော်ဆုံးမသေမျိုးစားဖိုမှူးက သူတို့ခေါင်းဆောင်ဖြစ်နေသဖြင့် အံ့ဩရသည်။
ပြန်စဉ်းစားကြည့်လျှင် ခေါင်းဆောင်ချက်ပြုတ်သည့်သီးသန့်လက်ရာကို သူတစ်ခါမှမစားဖူး။ ထာဝရမျိုးဆက်အတွက် သူလုံလောက်အောင် အကျိုးမဆောင်နိုင်သေး၍ဖြစ်မည်ထင်သည်။
(**ဗုဒ္ဓနိုင်ငံဆန်ပြုတ် နတ်မယ်ချက်ကျွေးသည်ကို သူစားဖူးသည်။ သို့သော် နတ်မယ်၏ ကိုယ်ပိုင်ဟင်းလက်ရာကို သူမစားဖူး)
ထာဝရမျိုးဆက်အတွက် အားစိုက်၍အကျိုးဆောင်ဖို့ သူဆုံးဖြတ်ချက်ချလိုက်သည်။
ထာဝရမျိုးဆက်၏ တတိယခေါင်းဆောင်ရာထူးကို သူအတော်သဘောကျသည်။ အပြင်လောကသည် လိမ်ညာလှည့်စားမှုများပြည့်နေသဖြင့် သတိရှိဖို့ အရေးကြီးဆုံးဖြစ်ကြောင်း သူ့အဖွားကပြောဖူးသည်။
သို့သော် အပြင်လောကသည် သူ့အဘွားပြောသလောက်လည်းမဆိုးလှဟု သူယူဆသည်။ အနည်းဆုံးတော့ သူတို့ထာဝရမျိုးဆက်သည် စည်းလုံးညီညွတ်ပြီး အတော်သဟဇာတဖြစ်သည်။
"နတ်မယ်က အရမ်းတော်တာပဲ"
စိတ်ထဲကမပါသော်လည်း လုယန် ချီးကျးလိုက်သည်။
"နားကြရအောင်"
လုယန် သမ်းတစ်ချက်ဝေ၍ ကုတင်ပေါ်လှဲသည်။ ဓားဆေးကန်ကို တစ်လမ်းလုံး ထိန်းချုပ်ပျံသန်းခဲ့ရသဖြင့် သူပင်ပန်းနေသည်။
ခုနက အပြင်လူရှိနေ၍ သူဟန်လုပ်နေခဲ့ရသည်။ ယခု ကိုယ်လူချည်းသာဖြစ်၍ ဟန်ဆောင်မနေတော့။
ဝိညာဉ်စားဖိုမှူးမဟာမိတ်သည် လုယန်ကို အတော်ဂရုစိုက်ကြသည်။ အကောင်းဆုံးအခန်းကိုစီစဉ်ပေးထားသည်။ ဝိညာဉ်စုမှော်စက်ဝန်းက အဆင့်မြင့်ဝိညာဉ်ကျောက်များဖြင့် ဖန်တီးထားသည်။ စုစည်းခြင်းကျင့်ကြံသူများပင် အသုံးပြုဖို့လုံလောက်သည်။
လှဲအိပ်နေရုံဖြင့် ဝိညာဉ်စွမ်းအားများကို စုပ်ယူပြီး ပင်ပန်းနွမ်းနယ်မှုများ သက်သာစေနိုင်သည်။
စာလိပ်ကို နဖူးပေါ်တင်လိုက်သည်။ ဝိညာဉ်စားဖိုမှူးပြိုင်ပွဲအကြောင်း အကြမ်းဖျင်းနားလည်လာသည်။
လက်ရှိအဆင့်သည် ပြိုင်ပွဲကြိုတင်ပြင်ဆင်ခြင်းအဆင့်ဖြစ်သည်။ နောက်ခုနစ်ရက်ကြာလျှင် ဝိညာဉ်စားဖိုမှူးစာမေးပွဲတစ်ခု ကျင်းပမည်။ ထိုစာမေးပွဲပြီးမှ ဝိညာဉ်စားဖိုမှူးပြိုင်ပွဲစမည်။
စားဖိုမှူးများအားလုံး ပြိုင်ပွဲတွင် သူတို့ဟင်းချက်ပညာစွမ်းကို ပြလိုကြသည်။ ထို့ကြောင့် ပြိုင်ပွဲကြိုအဆင့်တွင် လမ်းပေါ်၌ ဆိုင်များဖွင့်၍ သို့မဟုတ် ဆိုင်ခန်းယာယီငှားယမ်း၍ သူတို့အစားအသောက်များကို ရောင်းချသည်။
ဝိညာဉ်ကျောက်များရသည်။ တစ်လောကလုံးမှ အစားအသောက်မက်သူများပါ လာရောက်ဆင်နွှဲကြသည်။ အတော်ပွဲစည်သည်။
"ရှောင်ကျူးက ဝိညာဉ်စားဖိုမှူးပြိုင်ပွဲကို နတ်ဆိုးမြို့တော်မှာ လက်ခံကျင်းပချင်တာ မဆန်းတော့ပါဘူး။ နာမည်ကောင်းယူဖို့ အတော်ကောင်းတဲ့အခွင့်အရေးပေါ့"
နတ်ဆိုးမြို့တော်နာမည်ကျော်သော်လည်းလည်း နတ်ဆိုးနယ်မြေ၏ နာမည်ကသိပ်မကောင်းလှ။ နတ်ဆိုးမြို့တော်တည်ထောင်ထားမှန်းသိသော်လည်း အများစုက လာမလည်ရဲကြ။
"နိုင်ငံတစ်နိုင်ငံထိန်းချုပ်ဖို့အတွက် အရိယဖလသန္ဓေက တကယ်အသုံးဝင်တာပဲ"
လုယန် စဉ်းစားသည်။ ထိုအရိယဖလသန္ဓေရှိနေသဖြင့် လက်အောက်ခံများ ဆန့်ကျင်လာမည်ကို ကျူးထန်စိုးရိမ်စရာမလို။ သူ့ဆန္ဒအတိုင်း အရာရာကို စီမံနိုင်သည်။
ပြီးခဲ့သည့်နှစ်များအတွင်း နတ်ဆိုးနယ်မြေတိုးတက်လာသည်မှာ ထိုအကြောင်းကြောင့်ဖြစ်သည်။
"ဒုခေါင်းဆောင်၊ အပြင်ထွက်ပြီးလမ်းလျှောက်ကြမလား။ ငါတို့လာခဲ့တဲ့လမ်းမှာ အစေားအသောက်တွေ အများကြီးရောင်းတောတွေ့တယ်"
"မသွားတော့ဘူ။ အရမ်းပင်ပန်းနေပြီ"
လုယန် အိပ်ချင်စိတ်သာ ပေါ်နသည်။
"ဒေါက် ဒေါက်"
ရုတ်တရက် တံခါးခေါက်သံပေါ်လာသည်။
"ဘယ်သူလဲ"
ယွမ်မုန်မုန် အမဲသားခြောက်ကို မြှောက်သည်။ လာလည်သူက အန္တရာယ်ပေးလာလျှင် အမဲခြောက်ဖြင့်ထိုးဖို့ ပြင်ထားသည်။
"ကျုပ်ပါ"
ရင်းနှီးနေသည့် စကားသံဖြစ်၍ လုယန်အိပ်ယာမှထလိုက်သည်။
"တံခါးသွားဖွင့်လိုက်ပါ"
ယွမ်မုန်မုန် တံခါးသွားဖွင့်သည်။ ဝတ်ရုံနက်တစ်ယောက် အပြင်ဘက်တွင် ရပ်နေသည်။ ထူးဆန်းသည့်ဟန်ပန်မျိုးရှိနေသည်။ ကောင်းသောလာခြင်းမဖြစ်နိုင်။
ဝတ်ရုံနက် အထဲသို့ရောက်လာပြီး အင်္ကျီခေါင်းစွပ်ကို ချွတ်လိုက်သည်။
"နိုင်ငံ့သခင်ကျူး၊ မတွေ့ရတာကြာပြီနော်"
လုယန် ထရပ်၍နှုတ်ဆက်သည်။
"အကိုလုက နောက်နေတာပဲ။ နိုင်ငံ့သခင်လို့ အခေါ်မခံရဲပါဘူး။ ကျုပ်ကိုခင်ရင် ရှောင်ကျူးလို့ပဲခေါ်ပါ"
ကျူးထန် မာန်မတက်ရဲ။ အောင်းလင်းနှင့် ကျန်းလျန်ယိက လုယန်ကို အကိုကြီးဟုခေါ်သည်။ ထာဝရနတ်မယ်က သိစိတ်နယ်မြေတွင် ရှိနေသည်။ ယင်ထန်ကလည်း လုယန်ကို သဘောကျသဖြင့် မိတ်ဆွေလေးဟုခုခေါ်သည်။
တစ်နည်းဆိုရလျှင် လုယန်၏အဆင့်သည် ရှေးဟောင်းမသေမျိုးတစ်ယောက်နှင့် တန်းတူရှိသည်။ ထို့ကြောင့် သူ့အနေဖြင့် မျက်နှာချိုသွေး၍ အကိုဟုခေါ်သည်မှာ လုံးဝမမှား။
"ဒါက ကျူးထန်လား"
ယွမ်မုန်မုန် အမဲခြောက်ကိုပြန်သိမ်းပြီး ပြတင်းပေါက်အပြင်ဘက်မှ ကျူးထန်၏ရုပ်ထုနှင့် ကျူးထန်အစစ်ကို တစ်လှည့်စီကြည့်နေသည်။
ဒုခေါင်းဆောင်သည် တကယ်အံ့ဩဖို့ကောင််းသည်။ တစ်ခြားလူများက နတ်ဆိုးအင်ပါယာရုပ်ထုကိုမြင်ရဖို့ နတ်ဆိုးမြို့တော်သို့လာကြသည်။ ဒုခေါင်းဆောင်က မြို့တော်သို့ရောက်က်ရောက်ချင်း နတ်ဆိုးအင်ပါယာကိုယ်တိုင် လာတွေ့သည်။
"ဒါကဘယ်သူလဲ"
"ယွမ်မုန်မုန်ပါ"
လုယန်က ပြောသည်။ ကျူးထန်လည်း သူတို့လူဖြစ်၍ ဖုံးကွယ်နေစရာမလို။
ကျူးထန် အံ့ဩတုန်လှုပ်သွားသည်။ ယွမ်မုန်မုန်သည် ကောင်းကင်ရုံးတော်ဂိုဏ်းချုပ်မဟုတ်လော။ အရှေ့ပင်လယ် မသေမျိုးတိုက်ပွဲတွင် ပေါ်လာပြီး အောင်ပွဲခံခဲ့သူဖြစ်သည်။
အကိုလုသည် အပြင်ထွက်သည့်အချိန်တွင် မသေမျိုးတစ်ယောက် အမြဲအဖော်ပါသည်။
"မဟုတ်ဘူး။ အဲလိုမဟုတ်ပါဘူး။ ကောင်းကင်ရုံးတော်ဂိုဏ်းချုပ်က ကျုပ်ရဲ့အမယွမ်ပါ။ သူနဲ့ယွမ်မုန်မုန်က ညီအမရင်းလိုခင်ကြတဲ့ မိတ်ဆွေတွေပါ။ ယွမ်မုန်မုန်ကို နာမည်ရစေချင်လို့ အမယွမ်က သူ့နာမည်ခဏငှားသုံးတာ"
မသေမျိုးတစ်ယောက်၏ညီမ။ ထိုအဆင့်အတန်းသည် သူ့ထက်မြင့်သည်။
"ခေါင်းဆောင်ကျူး ဒီကိုလာတာ ဘာကိစ္စရှိလို့လဲ"
ကျူးထန် မျက်နှာလိုမျက်နှာရပြုံး၍ ပြောသည်။
"ကျုပ်လက်အောက်ခံတွေဆီကနေ အကိုလု မြို့တော်ကိုရောက်လာတယ်ကြားတယ်လေ။ နတ်ဆိုးမြို့တော်မှာ ကျုပ်ကနည်းနည်းအဆင့်အတန်းရှိတော့ အိမ်ရှင်တာဝန်ဖြည့်ဆည်းပြီး အကိုလုကို ဧည့်ဝတ်ကျေချင်လို့ပါ"
လုယန်ရောက်လာသည်ကြားကြားချင်း သူထွက်လာခဲ့သည်။ ဖြူစင်ရိုးသားမှုကို ပြလိုသည်။
ကျူးထန် အခန်းကိုမျက်လုံးဝေ့ကြည့်သည်။ ပရိဘောဂများက သူ့ကိုယ်ပိုင်လက်ရာကို လုံးဝမမီ။ ဝိညာဉ်စုမှော်စက်ဝန်းကလည်း သာမန်သာဖြစ်သည်။
"အကိုလု၊ စိတ်မရှိရင် ကျုပ်တို့တော်ဝင်နန်းတော်ကို လိုက်ခဲ့ပါလား။ ဒီနေရာထက်တော့ နည်းနည်းပိုကောင်းပါတယ်။ ကိုယ်အိမ်ကိုယ့်ရာလို့ သဘောထားပြီးနေလို့ရတယ်။ ဒီမှာထက် အများကြီးပိုပြီး သက်တောင့်သက်သာရှိပါတယ်"
လုယန် ငြင်းလိုက်သည်။
"ကျုပ်က ခပ်လျှိုလျှိုပဲနေချင်တယ်။ ခင်ဗျားနန်းတော်မှာနေဖို့ အဆင်မပြေဘူး။ ဒီမှာပဲကောင်းပါတယ်"
"ကျုပ်သေချာမစဉ်းစားမိတာပဲ"
ကျူးထန် ဝန်ခံသည်။
"မိတ်ဆွေလုယန်၊ တံခါးဝက ဟိုအကမယ်လေးတွေကိုကြည့်ပါဦး။ သူတို့က အရမ်းလှတယ်။ မျိုးနွယ်စုံပါတယ်။ ကြည့်ရတာ သူတို့ကို လူတစ်ယောက်အတွက် လက်ဆောင်ပေးဖို့ထင်တယ်"
မဟာမိတ်ဒုခေါင်းဆောင် လျိုရှင်း ပြန်ရောက်လာသည်။ တံခါးဖွင့်၍ တန်းဝင်လာပြီး သူမြင်ခဲ့သည့် အကမယ်များအကြောင်း လှမ်းပြောသည်။
"အင်ပါယာနန်းတော်ကိုသွားလည်ဖို့ ခင်ဗျားတကယ်စိတ်မဝင်စားတာလား မိတ်ဆွေလု။ အင်ပါယာမီးဖိုဆောင်မှာ ကျုပ်အဆက်အသွယ်ရှိ...အဲ..ခင်ဗျားမှာလည်း အဆက်အသွယ်ကောင်းတွေ ရှိနေပုံပဲ.."
လုယန်နှင့် နတ်ဆိုးအင်ပါယာတို့ ပြိုင်တူလှည့်ကြည့်သည်။ လျိုရှင်းအသံ တိမ်ဝင်သွားသည်။
******************************
အခန်း (၁၀၈၆) ကိုယ့်ကိုယ်ကို ကျေနပ်သည်
လျိုရှင်း ခြောက်ကပ်ကပ်ရယ်လိုက်သည်။ လုယန်နှင့်ကျူးထန်ကိုကြည့်၍ သူမသိသင့်သည့်ကိစ္စကို အမှတ်မထင်သိလိုက်သလို ခံစားရသည်။
နတ်ဆိုးအင်ပါယာကျူးထန်။ သန်းပေါင်းရာချီသည့် နတ်ဆိုးမျိုးနွယ်တို့၏ သခင်ဖြစ်သည်။
သူသည် စုစည်းခြင်းအဆင့်ဖြစ်သော်လည်း ကျူးထန်ရှေ့တွင် သူ့ကိုယ်သူ ပုရွက်ဆိတ်တစ်ကောင်လို ခံစားရသည်။
"တစ်ခြားလိုအပ်တာမရှိရင် ကျုပ်အရင်သွားနှင့်ပါတော့မယ်"
လျိုရှင်း အားတင်းပြုံး၍ နောက်ပြန်ဆုတ်သွားသည်။
"ရပ်စမ်း"
ကျူးထန် အေးစက်စက်လှမ်းပြောသည်။ အရိယဖလသန္ဓေအသက်သွင်း၍ လျိုရှင်း၏ သိစိတ်နယ်မြေတွင် ဝိညာဉ်တံဆိပ်ကပ်လိုက်သည်။
"ငါတို့တွေ့တဲ့ကိစ်စ မင်းဘယ်သူ့ကိုမှ မပြောရဘူး"
လျိုရှင်းမျက်လုံးများ ဗလာဖြစ်သွားသည်။ အတက်အကျမရှိသည့်လေသံဖြင့်
"ဟုတ်ကဲ့"
ထို့နောက် တည်းခိုခန်းမှထွက်သွားသည်။ အပြင်ဘက်ရောက်မှ သူ့အသိစိတ်ပြန်ဝင်လာသည်။
"ဒါတွေက အကမယ်တွေလား"
ယွမ်မုန်မုန်က အမဲခြောက်တစ်ချောင်း ပါးစပ်ထဲတွင် ကိုက်ထားရင်း တံခါးအပြင်ဘက်သို့ ချောင်းကြည့်သည်။ မှန်သည် စင်္ကြံလမ်းတွင် နတ်ဆိုးမျိုးနွယ်အကမယ်များစွာရှိနေသည်။
အားလုံးက နတ်ဆိုးလက္ခဏာတစ်ချို့ ထိန်းထားကြသည်။ သို့သော် တစ်ယောက်မှ သူမသိ။
"ဟုတ်တယ် ဒုခေါင်းဆောင်၊ တံခါးရှေ့မှာ လူတွေအများကြီးပဲ"
ကျူးထန် ကြောက်ချွေးပြန်လာသည်။ လုယန်နှင့် သူရင်းနှီးချင်ခဲ့သည်။ သို့သော် ဘယ်လိုချဉ်းကပ်ရမှန်းမသိသဖြင့် အစေခံမိန်းကလေးတစ်ချို့ကို လေ့ကျင့်ပေးခဲ့သည်။
ယခုမှ လုယန်ကို သူလေ့ကျင့်ထားသည့် အကမယ်မိန်းကလေးများပေးဖို့ အခွင့်အရေးရလာသည်။ သို့သော် လုယန်နှင့်အတူ ယွမ်မုန်မုန်ပါလာမည်ဟု ထင်မထားခဲ့။
"နတ်ဆိုးမြို့တော်မှာ နေရထိုင်ရတာ အကိုလုအသားမကျမှာစိုးရိမ်လို့ လိမ္မာပါးနပ်တဲ့ အစေခံတစ်ချို့ခေါ်လာတာပါ"
"စေတနာကို ကျေးဇူးတင်ပါတယ် ဘုရင်ကျူး။ ဒါပေမယ့် ကျုပ်ကတိတ်တိတ်ဆိတ်ဆိတ်နေရတာကို အကျင့်ဖြစ်နေပြီ။ ခင်ဗျားမိန်းကလေးတွေကို ပြန်ခေါ်သွားလိုက်ပါ"
"ကောင်းပါပြီ"
လုယန်ထိုကိစ္စကို ပြဿနာမရှာသဖြင့် ကျူးထန် စိတ်သက်သာရာရသွားသည်။
"တကယ်တော့ အကိုလုကို ကျုပ်လာတွေ့တာ မေးစရာရှိလို့ပါ။ ကျုပ်အမြဲတမ်းစဉ်းစားရကြပ်နေတဲ့ ကိစ္စပေါ့။ မေးခွင့်မသာလို့ မမေးဖြစ်ခဲ့ဘူး"
"ဘာကိစ္စလဲ"
ကျူးထန်က ခါးမတ်ထိုင်၍ လုယန်ထံမှ အကြံတောင်းလာသည်ကိုကြည့်၍ လုယန် စိတ်လေးလာသည်။ ကျူးထန်ဘာမေးမည်ကို သူခန့်မှန်းနေသည်။
"အကိုလုသတိထားမိလား။ ကျုပ်မနိုးထခင်က လောကမှာ မသေမျိုးတစ်ဝက်တွေအကြောင်း ကောလဟာလတောင် မရှိခဲ့ဘူး။ မဟာချန်နဲ့ မဟာယုအင်အားစုတွေကလည်း ပုန်းနေကြတယ်။
ဒါပေမယ့် ကျုပ်နိုးထလာတော့ မသေမျိုးတစ်ဝက်တွေ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာတယ်။ ထင်မထားတဲ့ မသေမျိုးတစ်ချို့တောင် ပေါ်လာတယ်။
ကျုပ်ပေါ်လာတာက မဟာကပ်ကို အစပျိုးလိုက်သလို ဖြစ်နေတယ်လို့ အကိုလုထင်လား"
"ခင်ဗျားပြောမှ စဉ်းစားမိတယ်။ တကယ်အဲလိုဖြစ်နေသလိုပဲ"
လုယန် ဝန်ခံသည်။ ထိုကိစ္စ သူအရင်က မစဉ်းစားမိခဲ့။ ကျူးထန်ပြောသည့်စကားက ယုတ္တိကျသလိုရှိသည်။
ကျူးထန်ပြန်ရှင်သန်လာပြီးနောက် အောင်းလင်းနှင့်ကျန်းလျန်ယိလည်း တစ်ယောက်ပြီးတစ်ယောက် ပေါ်လာသည်။ မဟာယုနှင့်မဟာချန်အင်အားစုများလည်း ချက်ချင်းလူလုံးပြလာကြသည်။
"အကိုလုလည်း အဲလိုထင်တယ်ပေါ့"
ကိုယ့်ကိုယ်ကို သာမန်လုမဟုတ်ဟု ကျူးထန်အမြဲယုံကြည်ထားသည်။ မသေမျိုးအဆင့်အောက်တွင် အောင်းလင်းနှင့် ကျန်းလျန်ယိပြီးလျှင် သူအဆင့်မြင့်ဆုံးဖြစ်သည်။
ဤခေတ်တွင် သူနိုးထလာသည်မှာ တိုက်ဆိုင်မှုသက်သက်မဟုတ်နိုင်။ တစ်ခုခုကို ကိုယ်စားပြုနေလိမ့်မည်ဟု ယူဆသည်။
ယခု လုယန်ထံမှ အတည်ပြုချက်ရလာသဖြင့် ကိုယ့်အမြင်ကိုယ် ပိုယုံကြည်လာသည်။
ကျူးထန်ထွက်သွားပြီးနောက် လုယန်၏ပင်ပန်းနွမ်းနယ်မှုများလည်း ပျောက်ကွယ်သွားသည်။
"မုန်မုန်၊ အပြင်လမ်းလျှောက်ထွက်ကြမလား"
"သွားစို့လေ"
ယွမ်မုန်မုန်က ကုတင်ပေါ်တွင် ကွေးအိပ်နေရာမှ ချက်ချင်းခုန်ထလာသည်။
လက်ရှိတွင် သူသည်နာမည်ကျော်တစ်ယောက်ဖြစ်၍ အပြင်ထွက်လျှင် မျက်နှာဖုံးတပ်၍ ရုပ်ဖျက်ဖို့လိုသည်။
"ဒီမျက်နှာဖုံးက တိကျန်းမျိုးနွယ် ပေးခဲ့တာပဲ"
ထိုမျက်နှာဖုံး အတော်အသုံးဝင်သည်။
အပြင်ရောက်သည်နှင့် မွှေးပျံ့သည့် ဟင်းလျာနံ့များက ကြိုဆိုနှုတ်ဆက်နေသည်။ မြေပုံမလို။ အနံကိုအာရုံခံ၍ လိုက်သွားကြသည်။ ဝိညာဉ်စားဖိုမှူးပြိုင်ပွဲကွင်းသို့ ရောက်လာသည်။
လမ်းနှစ်လမ်းဖြတ်လျှောက်ပြီးနောက် မြင်းလှည်းငယ်များ စုဝေးနေသည့် ဈေးတန်းတစ်ခုသို့ ရောက်သည်။ စားဖိုးမှူးများက အစွမ်းကိုယ်စီပြုနေသည်။ ပြိုင်ပွဲကိုအကြောင်းပြု၍ သူတို့ဟင်းလက်ရာကို ပရိုမိုးရှင်းဆင်းနေသည်။
လောကတစ်ခွင်မှ ကျင့်ကြံသူစားဖိုမှူးအားလုံး စုစည်းနေခြင်းဖြစ်သည်။ အနိမ့်ဆုံးစားဖိုမှူးက အခြေတည်အဆင့်၊ အမြင့်ဆုံးက ဝိညာဉ်ပြောင်းအဆင့်ရှိသည်။
သို့သော် အပြင်လောကတွင် သူတို့ဘယ်လိုအဆင့်အတန်းရှိသည်ဖြစ်စေ ဤနေရာတွင် လမ်းဘေးစားသောက်ဆိုင်မှ စားဖိုမှူးများသာဖြစ်သည်။
လမ်းဘေးစားသောက်ဆိုင်ဟုခေါ်သည်က သိပ်မတိကျ။ ထိုဆိုင်မျိုးတွင် နတ်ဆိုးသားရဲတစ်ကောင်နှင့် ရင်ဆိုင်တိုက်ခိုက်ရခြင်းမျိုး ရှိမည်မဟုတ်။ 'မစားခင်အသတ်ခံ'ရဖို့သာရှိသည်။
ဝိညာဉ်ပြောင်းအဆင့် မျက်လုံးသုံးခုနွားနတ်ဆိုးတစ်ယောက်က ရှေ့ခွာနှစ်ဘက်မြေပြင်ကိုခုတ်၍ အော်ဟစ်မာန်သွင်းပြီး ဆိုင်ပိုင်ရှင်တစ်ယောက်ဆီ ပြေးဝင်သွားသည်။
ဆိုင်ရှင်က မျက်နှာမပျက်။ လက်သီးနှစ်ဘက်ဆုပ်လိုက်သည်။ ကြွက်သားများ ဖောင်းကားလာသည်။ အင်္ကျီများဖောင်းကားလာသည်။ နွားနတ်ဆိုးထက် စွမ်းအားသာနေသည်။
လက်နှစ်ဘက်ကို အားထည့်လှုပ်ရှားသည်။ နွားနတ်ဆိုး ကောင်းကင်သို့မြောက်တက်သွားသည်။ ခါးနောက်ဘက်တွင် ချိတ်ထထားသည့် အရိုးဓားတစ်လက်ဆွဲထုတ်သည်။ ဓားလက်ကိုင်က ရွှေရောင်သန်းနေသဖြင့် သာမန်အရိုးဓားများနှင့် ကွာခြားနေသည်။
ဆိုင်ရှင်က ကောင်းကင်မှ နွားနတ်ဆိုးဆီ ခုန်တက်သွားသည်။
"အရိုးဓားပညာ"
"ရွှီး ဖောက် ဖောက်"
ဆိုင်ရှင်၏ ဓားခုတ်ပုံက သေသပ်သည်။ လျင်မြန်သည်။ မျက်တောင်တစ်ခတ်အတွင်း နွားနတ်ဆိုးက အရိုးစုဖြစ်သွားသည်။ အမဲသားအလွှာအချပ်များ ပန်းကန်တစ်ခုပေါ် သေသပ်စွာကျဆင်းလာသည်။
ကြည့်နေကြသည့် စားသောက်သူများ အော်ဟစ်အားပေးကြသည်။
"တကယ်ကောင်းတဲ့ ဓားပညာပဲ"
"ဓားကွက်တွေက လှလိုက်တာ။ သာမန်ဓားပညာကို ဒီလောက်ထိပြည့်စုံအောင် လေ့ကျင့်ထားနိုင်တယ်။ ရွှေဓားသခင်လို့ နာမည်ကျော်နေတာ သူဖြစ်နေမလားပဲ"
"ရွှေရောင်အရိုးဓားကိုင်ထားတယ်ဆိုတော့ သူပဲဖြစ်မယ်ထင်တယ်"
လိပ်ခွံတစ်ခုကို လက်သီးဖြင့်ထုချေနေသည့် စားဖိုမှူးတစ်ယောက်လည်း မြင်ရသည်။ နောက်တစ်ယောက်ကလည်း ဓားရိပ်ထောင်ချီဖန်တီး၍ ဟင်းသီးဟင်းရွက်နှင့်အသားများ ခုတ်စဉ်းနေသည်။ နောက်တစ်ယောက်က အားကောင်းသည့် ဝိညာဉ်အာရုံဖြန့်၍ ဟင်းအိုးတစ်ရာကို ထိန်းချုပ်နေသည်။
ဝိညာဉ်စားဖိုမှူးအလုပ်အကိုင်သည် အတော်လေးစားစရာကောင်းသည်ဟု လုယန်ထင်မိသည်။ ဟင်းချက်တတ်ရုံဖြင်မပြီး။ ကျင့်စဉ်အဆင့်ကိုလည်း တိုးမြှင့်ရသည်။
နတ်ဆိုးသားရဲနှင့် နတ်ဆိုးမျိုးနွယ်ဆိုသည်မှာ မတူကြ။ သားရဲဆိုသည်မှာ ကျင့်စဉ်စွမ်းအားရှိသည့် အရိုင်းသားရဲများဖြစ်သည်။ နတ်ဆိုးမျိုးနွယ်များက ထိုသားရဲများကို သူတို့မျိုးနွယ်ဝင်အဖြစ် မသတ်မှတ်ကြ။ သူတို့အစားအသောက်စာရင်းထဲမှ ဟင်းလျာများအဖြစ်သာ စဉ်းစားသည်။
ထိုအချက်ကြောင့်သာမဟုတ်လျှင် စားဖိုမှူးမဟာမိတ်လည်း နတ်ဆိုးမြို့တော်တွင် ပြိုင်ပွဲကျင်းပရဲမည်မဟုတ်။
သူတို့လမ်းလျှောက်လာရင်း လူငယ်တစ်ယောက်နှင့် အမှတ်မထင်တွေ့သည်။ ထိုလူငယ်က လက်ဆုပ်အရိုအသေပြု၍
"တာအိုမိတ်ဆွေတို့။ ကျုပ်နာမည် စုန့်ထန်ကျင်းပါ။ ယန်ယွမ်အိမ်တော်ရဲ့ သတ္တမမျိုးဆက်ပါ။ ကျုပ်ခင်ဗျားတို့နှစ်ယောက်ဆီကနေ ဝိညာဉ်ကျောက်နည်းနည်းချေးလို့ရမလား"
"ယန်ယွမ်အိမ်တော်.."
လုယန် တစ်ခါမှမကြားဖူး။ ယွမ်မုန်မုန်လည်း ခေါင်းခါပြသည်။
"ဘာလို့မင်းက ငါတို့ကိုမှရွေးပြီး ဝိညာဉ်ကျောက်လာချေးတာလဲ"
ထိုလူငယ်သည် အခြေတည်အဆင့်သာရှိသည်။ သူ့ကိုအန္တရာယ်ပေးနိုင်စွမ်းမရှိ။
သူရုပ်ဖျက်ထားသည်။ ထို့ကြောင့် သူ့ကိုလုယန်ဖြစ်မှန်း ထိုလူငယ်မသိနိုင်။ ဘာကြောင့် တစ်ခြားလူများဆီမသွားဘဲ သူတို့ဆီငွေလာချေးသည်မသိ။
"သူက အခြေတည်အဆင့်ပဲမဟုတ်လား"
သေချာစေရန် နတ်မယ်ကို မေးလိုက်သည်။
"ဟုတ်တယ်"
"ဒါဆို အဆင်ပြေပါတယ်"
"ခင်ဗျားတို့နှစ်ယောက်ရဲ့ ဟန်ပန်က ထူးခြားတယ်လေ။ နောက်ခံတောင်တင်းတဲ့ အဖွဲ့အစည်းတစ်ခုကဆိုတာ သေချာပါတယ်"
"မင်းက စိတ်ဝင်စားစရာပဲ။ ငါတို့နဲ့အတူ လိုက်ခဲ့ပါ"
လုယန် ထိုလူငယ်ကို ဆိုင်တစ်ခုသို့ခေါ်သွားသည်။ စွတ်ပြုတ်သုံးပွဲမှာသည်။
"မင်းအကြောင်းထပ်ပြောပြပါဦး။ ဘာလို့ ဝိညာဉ်ကျောက်လိုချင်တာလဲ"
"ကျုပ်နာမည် စုန့်ထန်ကျင်းပါ။ ယန်ယွမ်အိမ်တော်ဆိုတာ ကျုပ်တို့ဘိုးဘေးတွေ တည်ထောင်ခဲ့တဲ့ စားသောက်ဆိုင်ပါ။ မျိုးရိုးခြောက်ဆက် လက်ဆင့်ကမ်းခဲ့တယ်။
ကျုပ်အဖေလက်ထက်ရောက်တော့ ဆိုင်က နာမည်တဖြေးဖြေးကျလာတယ်။ ကျုပ်အဖေက ဝိညာဉ်စားဖိုမှူးဖြစ်ဖို့ မျှော်မှန်းထားပေမယ့် သူ့ပါရမီက သိပ်မကောင်းဘူး။
စားဖိုမှူးစာမေးပွဲမအောင်တော့ စိတ်ဓာတ်ကျပြီး လောင်းကစားဝိုင်းတွေမှာပဲ အချိန်ဖြုန်းနေတယ်။
နောက်တော့ လောင်းကစားဝိုင်းကလူတွေက ယန်ယွမ်အိမ်တော် နာမည်ကျော်တာကို သဘောကျပြီး ကျုပ်အဖေကိုထောင်ချောက်ဆင်ပြီး မျှားခေါ်တယ်။
အဖေက လောဘဇောကြောင့် မျက်ကန်းဖြစ်နေတော့ လောင်းကစားလုပ်ရင်း ယန်ယွမ်အိမ်တော်ကို အပေါ်ထားရတဲ့အခြေအနေ ရောက်လာတယ်။
အဲဒီ့လူတွေ ဆိုင်ကိုလာသိမ်းတော့မှ အဖေက သူအလိမ်ခံရမှန်းသိသွားတယ်။ နောင်တအကြီးအကျယ်ရတယ်။ ဒေါသလည်းဖြစ် စိတ်ဓာတ်လည်းကျတော အဲဒီ့စိတ်နဲ့ ချက်ချင်းဆုံးပါးသွားတယ်။
သေခါနီးမှာ ကျုပ်လက်ကိုကိုင်ပြီး ယန်ယွမ်အိမ်တော်ကို ရအောင်ပြန်ရွေးဖို့မှာခဲ့တယ်။ ယန်ယွမ်အိမ်တော်ကို ပြန်ရွေးနိုင်ဖို့ဆိုရင် ကျုပ်ဝိညာဉ်စားဖိုမှူးဖြစ်လာဖို့လိုတယ်။
ဒါကြောင့် နတ်ဆိုးမြို့တော်ကို ကျုပ်လာခဲ့တာ။ ဒါပေမယ့် ကျုပ်အိမ်င ဒီမြို့တော်နဲ့ အရမ်းဝေးတယ်။ လာတဲ့လမ်းမှာ ကျုပ်ငွေတွေအားလုံး သုံးလို့ကုန်သွားတယ်။
ဒါကြောင့် ဆိုင်တစ်ခုငှားချင်လို့ မိတ်ဆွေတို့ဆီကနေ ဝိညာဉ်ကျောက်နည်းနည်းလိုချင်တာပါ။ ကျုပ်ရဲ့ဟင်းချက်စွမ်းရည်နဲ့ဆို သိပ်မကြာခင် ဒီငွေကို ချက်ချင်းပြန်ဆပ်နိုင်မှာပါ"
လုယန်တုံ့ဆိုင်းနေသေးသဖြင့် စုန့်ထန်ကျင်း အံတင်းတင်းကြိတ်၍ သူ့ရင်ဘတ်ထဲမှ ခပ်နွမ်းနွမ်းရှေးဟောင်းစာအုပ်တစ်အုပ် ထုတ်လိုက်သည်။
"ကျုပ်ဘိုးဘေးတွေက ဒီရှေးဟောင်းမွေအနှစ်ကို အမှတ်မထင်ရလို့ ယန်ယွမ်အိမ်တော်ကို တည်ထောင်ခဲ့တာပါ။ မိတ်ဆွေတို့ ကျုပ်ကိုမယုံကြည့်ရင် ဒါကိုအပေါင်ပစ္စည်းအတွက် ကျုပ်ထားပါ့မယ်"
လုယန် စာအုပ်ကိုယူ၍ကြည့်လိုက်သည်။
"ဟင်းချက်နည်းမျိုးစုံကျမ်း"
*****************************