အခန်း (၁၀၈၇-၁၀၈၉)
Vol. 73 Ch. 1087-1089
အခန်း (၁၀၈၇) ဂိုဏ်းသခင်လေးချီးမြင့်သည့်ဆုလာဒ်
လုယန် မင်သက်မိသွားသည်။ စုန့်ထန်ကျင်း၏ဘိုးဘေးသည် အတော်စွမ်းဆောင်ရည်ရှိသည်။ 'ဟင်းချက်နည်းမျိုးစုံကျမ်း'မှ ဟင်းချက်နည်းများကို အသုံးပြုရုံဖြင့် ဆိုင်တစ်ခုဖွင့်နိုင်သည်။
ထိုဆိုင်တွင်စားသည့်ဧည့်သည်များ မှတ်ဉာဏ်ပျောက်သွား၍ ဘာဝေဖန်ပြစ်တင်မှုမှ မကြားရခြင်းလော...
စုန့်ထန်ကျင်း၏ဘိုးဘေး ဤစာအုပ်ကို ဘယ်လိုတွေ့ခဲ့သည်တော့မသိ။ စာအုပ်က အတော်လေးပျက်စီးနေသည်။ အဖုံးပင်မပါတော့။ စာအုပ်အလယ်တွင်လည်း စာရွက်ဆယ်ရွက်ကျော်လောက် လွတ်နေသည်။
"ဒီစာအုပ်က ရှေးဟောင်းဘာသာစကားနဲ့ရေးထားတာပါ။ မင်းဒါကို နားလည်လို့လား"
လက်ရှိခေတ်ကျင့်ကြံသူများထဲတွင် သူနှင့်လောင်မုန်သာ ရှေးဟောင်းဘာသာစကားကို အပြည့်အဝနားလည်နိုင်စွမ်းရှိသည်။
"ကျုပ်ဘိုးဘေးက ဟင်းချက်နည်းတစ်ချို့ကို အဓိပ္ပါယ်ဖော်ဖို့ စိတ်နှစ်ကိုယ်နှစ် ကြိုးစားခဲ့ပါတယ်။ ဥပမာ ဟင်းချက်ပစ္စည်း ဆယ့်ရှစ်မျိုးထည့်ရတဲ့ ဟင်းချက်နည်းတစ်ခုမှာ ဘိုးဘေးက ပစ္စည်းခြောက်မျိုးအထိ အဓိပ္ပါယ်ဖော်နိုင်တယ်။
အဲဒီ့ခြောက်မျိုးနဲ့ သူ့ကိုယ်ပိုင်လေ့လာမှုတွေပေါင်းစပ်ပြီး ယန်ယွမ်အိမ်တော်ရဲ့ လက်ရှိဟင်းပွဲတွေကို ဖန်တီးခဲ့တာ။ ဒီစာအုပ်ထဲက ဟင်းချက်နည်းအားလုံးကို အဓိပ္ပါယ်ဖော်ဖို့ကိစ္စဟာ ကျုပ်တို့ယန်ယွမ်စုန့်မိသားစုတွေ မျိုးရိုးအဆက်ဆက် လက်ဆင့်ကမ်းလာတဲ့ တာဝန်တစ်ခုပါ"
လုယန် နားလည်လာသည်။ စုန့်ထန်ကျင်း၏ဘိုးဘေးက ကံကောင်းသွားခြင်းဖြစ်သည်။ အဆိပ်မသင့်သည့်အပိုင်းများကိုသာ အဓိပ္ပါယ်ဖော်ပြီး လက်တွေ့လေ့လာမှုနှင့်ပေါင်းစပ်ခဲ့သည်။
ထို့ကြောင့် ယန်ယွမ်စားသောက်ဆိုင်ကို တည်ထောင်နိုင်ခဲ့သည်။
"ယန်ယွမ်စုန့်မိသားစုတဲ့လား...ဒါဆို မင်းတို့မိသားစုက ဩဇာအရှိအဝါတော့ ရှိတဲ့သဘောပဲ"
"ကျုပ်တို့ စုန့်မိသားစုက မျိုးရိုးအဆက်ဆက်မှာ ရွှေသန္ဓေအဆင့်စွမ်းအားရှင်တွေ ရှိခဲ့ပါတယ်"
ထိုစကားပြောနေချိန်တွင် ယုံကြည်ချက်အပြည့်ရှိဟန်ဖြင့် သူ့ရင်ဘတ် နည်းနည်းကော့လာသည်။
"ဒါဆို စုန့်မိသားစုက မင်းတို့နယ်မှာ နာမည်ကြီးမျိုးနွယ်ပေါ့"
"မဟာရှား ချင်းကျိုးနယ် ထန်ရှန်မြို့တော်မြောက်ပိုင်းက ဖန်ကွမ်းလမ်းမှာ ကျုပ်တို့စုန့်မိသားစုရဲ့ ယန်ယွမ်ဆိုင်က နာမည်ကြီးပါပဲ"
လုယန် "..."
ငါက တတိယအဆင့်ဂိုဏ်းကနေ မဟာထိပ်တန်းဂိုဏ်းလောက်အဆင့်ကိုပဲ တွေးမိတတော့ မင်းတို့ယန်ယွမ်စားသောက်ဆိုင်အကြောင်း ဘယ်သိပါ့မလဲကွာ..
"ဒါဆို ဝိညာဉ်စားဖိုမှူးဖြစ်လာရင် မင်းအဖေပေါ်မတရားလုပ်ခဲ့တဲ့လူတွေကို လက်စားချေဖို့ ရည်ရွယ်ထားလား"
စုန့်ထန်ကျင်း ခေါင်းခါသည်။
"သူတို့လောင်းကစားဝိုင်းဖွင့်တဲ့နေရာအကြောင်း ကျုပ်တိုက်လိုက်တယ်။ သူတို့ ထောင်ထဲရောက်သွားပါပြီ"
"ဒီကောင်လေးက ငါမသေမျိုးရဲ့ ဟင်းချက်ပညာတွေ တတ်ထားတယ်။ ငါ့ပညာတွေနဲ့ အတော်ရေစက်ပါပုံပဲ"
နတ်မယ်က စိတ်လှုပ်ရှားလာဟန်ရှိသည်။ လုယန်ပုခုံးကိုပုတ်သည်။
"ရှောင်ယန်၊ နင်သူ့ကို မသေမျိုးဟင်းချက်ကျမ်း အပြည့်အစုံ ပေးလိုက်ပါ"
လုယန် အံ့ဩသွားသည်။ လူငယ်ကျင့်ကြံသူတစ်ယောက်၏ ယုံကြည်ချက်များကို နတ်မယ်က ဖျက်ဆီးဖို့ကြိုးစားနေသည်။
လုယန်က အရေးမစိုက်သဖြင့် နတ်မယ်က ခြေတစ်ဘက်ဆန့်ပြီး လုယန်နောက်ကျောကိုတို့၍ အတင်းတိုက်တွန်းသည်။
"ပေးလိုက်လေ မြန်မြန်ပေးလိုက်တော့"
လုယန်ကျိတ်၍ သက်ပြင်းချသည်။ ဤစုန့်မျိုးရိုးကောင်လေး ထိုကံကြမ္မာကို လွန်ဆန်နိုင်တော့မည်မထင်။
"နတ်မယ်၊ ခင်ဗျားရဲ့ ဟင်းချက်နည်းတွေက မသေမျိုးပညာရပ်တွပါ။ ဒီလိုလွယ်လွယ်ပေးလိုက်ရင် တန်ဖိုးချသလိုဖြစ်မနေဘူးလား"
"နင်ပြောတာလည်း ဟုတ်သားပဲ။ ဒါဆို ငါတို့ဘယ်လိုလုပ်ကြမလဲ"
"စာအုပ်ပေါ်မှာ မှော်အတားအဆီးတစ်ခုထည့်မယ်။ သူကျင့်စဉ်အဆင့်တက်မှ နည်းလမ်းသစ်တွေကို ဆက်လေ့လာနိုင်အောင်လုပ်ထားမယ်။ ဒါဆိုသူက ခင်ဗျားပညာတွေကို ဇွဲကောင်းကောင်းလည်းလေ့လာဖြစ်မယ်။
သူ့ကျင့်စဉ်အဆင့်ကိုလည်း မြန်မြန်တိုးတက်အောင်ကြိုးစားလိမ့်မယ်။ ဒါမှ သူခင်ဗျားပညာတွေကို တန်ဖိုးမြှင့်ပေးသလို ဖြစ်မှာပေါ့"
"အဲဒီ့စိတ်ကူးကောင်းတယ်"
လုယန် ဟင်းချက်ကျမ်းစာအုပ်ကို ပြန်ပေးလိုက်သည်။
"ဒါကဘာသဘောလဲ အကို"
လုယန်မယုံကြည်၍ ပြန်ပေးသည်ဟု စုန်ထန်ကျင်းထင်သွားသည်။
"မင်းငါနဲ့တွေ့တာ ကံကောင်းတယ်။ ဒီစာအုပ်ကို သေချာသိမ်းထားပါ။ နောက်ထပ် ဘယ်သူ့ကိုမှထုတ်မပြနဲ့။ ဒီစာအုပ်က စားဖိုမှူးဘိုးဘေးနဲ့ ပတ်သက်နေတယ်။
ဝိညာဉ်စားဖိုးမှူးမဟာမိတ်က ဒါကို တားမြစ်စာအုပ်လို့ ကြေညာထားတယ်။ တွေ့တာနဲ့ ဖျက်ဆီးပစ်ကြမှာ။ စာအုပ်ကပျက်စီးနေပေမယ့် မဟာမိတ်လူတွေ မင်းမှာဒီစာအုပ်ရှိမှန်းသိသွားရင် ဘယ်လိုတုံ့ပြန်လာမယ်ဆိုတာ မသိနိုင်ဘူး"
"တားမြစ်စာအုပ်...ဟုတ်လား"
ဘိုးဘေးများ အမွေ့ပေးခဲ့သည့်စာအုပ်က ထိုမျှထူးခြားသည့်နောက်ခံမျိုးရှိမည်ဟု စုန့်ထန်ကျင်းထင်မထားခဲ့။ ဒဏ္ဍာရီစားဖိုမှူးဘိုးဘေးနှင့် ဆက်စပ်နေသည်။
တကယ့်တန်ဖိုးကြီးရတနာဖြစ်သည်။
မဟုတ်သေး၊ ထိုအကိုကသူ့ကိုဘာကြောင့် ထိုအဖိုးတန်ရတနာအကြောင်း လွယ်လွယ်ထုတ်ပြောနေသနည်း။
လုယန် သူ့အတွေးကို ရိပ်မိသဖြင့် ပုံမှန်လေသံဖြင့်ပြောသည်။
"ဒီအမွေအနှစ်လောက်ကို..."
"နောက်ထပ်စွတ်ပြုတ်တစ်ပွဲပေးပါ"
ယွမ်မုန်မုန် ဆိုင်ရှင်ကို လှမ်းအော်သည်။
"ဒီအမွေအနှစ်လောက်ကို..."
"နင်တို့နှစ်ယောက် မြန်မြန်သောက်ကြလေ။ စွတ်ပြုတ်က အေးသွားရင် အရသာမရှိတော့ဘူး"
လုယန် မတတ်သာတော့သဖြင့် ဇွန်းကိုကောက်ကိုင်၍ စွတ်ပြုတ်သောက်ရင်း ဆက်ပြောသည်။
"ဟား..ဒီအမွေ့အနှစ်လောက်ကို...ရွှတ်...ငါက...ရွှတ်...ဂရုတာင်..ရွှတ်...မစိုက်ဘူး"
စုန်တန်ကျင်းကလည်း မျိုးဆက်သစ်ကျင့်ကြံသူဖြစ်၍ ယွမ်မုန်မုန်စကားကို မဆန့်ကျင်ရဲဘဲ စွတ်ပြုတ်ကိုသောက်သည်။
"အကိုက...ရွှတ်..ဘယ်သူလဲ..."
"ကောင်းကင်ရုံးတော်ဂိုဏ်း...ရွှတ်..သခင်လေး.."
"ချွင်"
လုယန်၏သရုပ်မှန်ကို သိလိုက်ရသဖြင့် စုန့်ထန်ကျင်း မျက်လုံးပြူးပြီး လက်ထဲမှဇွန်း ပန်းကန်ထဲသို့ လွတ်ကျသွားသည်။
လုယန်က စွတ်ပြုတ်ဆက်သောက်နေသည်။ သို့သော် စုန့်ထန်ကျင်းက သူ့အပေါ်အမြင်လုံးဝပြောင်းသွားသည်။ သူ့ရှေ့မှလူသည် လျှို့ဝှက်ဆန်းကြယ်ပြီး အလွန်စွမ်းအားကြီးသည့် ဒဏ္ဍာရီပုဂ္ဂိုလ်ဖြစ်နေသည်။
"မင်းက ဉာဏ်ကောင်းတဲ့လူပါ။ ငါ့အကြောင်း ဘယ်သူ့ကိုမှ ထုတ်မပြောဘူးမဟုတ်လား"
လုယန်က မပွင့်တပွင့်ပြုံး၍မေးသည်။ စွတ်ပြုတ်ပန်းကန်မှ အခိုးအငွေ့များ ဖုံးလွှမ်းနေသဖြင့် သူ့အသံကိုသာကြားရသည်။
စုန့်ထန်ကျင်း ကျောက်ရုပ်လိုခေါင်းငြိမ့်သည်။ သူအသိပြန်ဝင်လာချိန်တွင် စားပွဲပေါ်၌ နောက်ထပ်စာအုပ်တစ်အုပ်နှင့် မှော်လက်စွပ်တစ်ကွင်းတွေ့ရသည်။ လုယန်နှင့်ယွမ်မုန်မုန်တို့ကို လုံးဝမတွေ့ရတော့။ လုယန်စကားသံသာ သူ့နားထဲပဲ့တင်ထပ်၍ပေါ်လာသည်။
"ဝိညာဉ်စားဖိုမှူးဘိုးဘေးနဲ့ ငါအဆက်အသွယ်နည်းနည်းရှိတယ်။ ဒီနေ့ ငါမင်းကိုသဘောကျလို့ မူရင်းစာအုပ်ကိုပေးခဲ့မယ်။ စာအုပ်မှာ မှော်အတားအဆီးတစ်ခုထည့်ထားတယ်။ မင်းကျင့်စဉ်အဆင့်တိုးတက်လာရင် စာအုပ်ထဲကအကြောင်းအရာတွေကို ပိုပြီးဖတ်နိုင်လာလိမ့်မယ်။
မှော်လက်စွပ်ထဲမှာ ဝိညာဉ်ကျောက်တစ်သောင်းရှိတယ်။ ငါလက်ဆောင်ပေးတယ်လို့ သဘောထားလိုက်ပါ..မင်းက စိတ်ဝင်စားစရာကောင်းတယ်။ ဝိညာဉ်စာဖိုးမှူးလောကမှာ မင်းဘယ်လောက်အောင်မြင်အောင်လုပ်နိုင်မလဲ ငါကြည့်ချင်ပါသေးတယ်... ဟားဟားဟားဟား..."
မူရင်းဟင်းချက်ကျမ်းကိုကိုင်ရင်း စုန့်ထန်ကျင်းတွေးနေသည်။ မီးခဲတစ်ခုကိုင်ထားသလို ခံစားရသည်။ ကောင်းကင်ရုံးတော်သခင်လေး၏လက်ဆောင်သည် ကောင်းချီးလည်းဖြစ်နိုင်သလို ကျိန်စာလည်းဖြစ်နိုင်သည်။
ထိုဟင်းချက်ကျမ်းကို အရင်ကတည်းက လုယန်ဘာသာပြန်ထားပြီးဖြစ်သည်။ ရှေးဟောင်းဘာသာစကားလေ့လာစဉ်က သူ့တိုးတက်မှုကို စမ်းသပ်ဖို့ နတ်မယ် ထိုတာဝန်ပေးခဲ့သည်။
ရှေးဟောင်းဘာသာစကားတွင် နားလည်ရခက်သည့် စကားလုံးများစွာရှိသည်။ ဟင်ချက်ကျမ်းစာအုပ်၌ ထိုကဲ့သို့စကားလုံးများ အပြည့်ရှိနေသည်။ ဘာသာစကားတတ်ကျွမ်းမှုကို စစ်ဆေးဖို့ တကယ်ကောင်းမွန်သည့်စာအုပ်ဖြစ်သည်။
စုန့်ထန်ကျင်း အံတင်းတင်းကြိတ်၍ စိတ်ထဲတွင် လွန်ဆွဲနေသည်။ နောက်ဆုံးတွင် ထိုစာအုပ်ကိုလေ့လာဖို့ သူဆုံးဖြတ်လိုက်သည်။
ပြန်ရောက်ရောက်ချင်း ဟင်းချက်ကျမ်းကို စဖတ်သည်။ ဟင်းချက်နည်းသုံးမျိုးဖော်ပြထားသည့် ပထမဆယ်မျက်နှာသာ သူနားလည်သည်။
"ဟင်းချက်နည်းမျိုးစုံကျမ်း - ယင်ထန်မသေမျိုးရေးသားသည်တဲ့။ တကယ်စားဘိုးမှူးဘိုးဘေးရေးခဲ့တဲ့ စာအုပ်ပဲ"
ယင်ထန်နာမည်ကိုမြင်သည်နှင့် သူအတော်ဝမ်းသာသွားသည်။ ယင်ထန်သည် နတ်ဘုရားလို ပုဂ္ဂိုလ်မျိုးဖြစ်သည်။
"ငါးပုလဲစွတ်ပြုတ်...ဆားတစ်တို့ထည့်..."
စုန့်ထန်ကျင်း ခဏအသံတိတ်သွားသည်။ ထို့နောက် ဆက်ဖတ်သည်။
"အဆိပ်ငါးမျိုးကို အဖြည့်အဖြစ်သုံး၊ အချင်းချင်းအပြန်အလှန် ထောက်ပံ့တယ်။ ဘယ်တော့မှ အဆုံးမသတ်နိုင်တဲ့ သံသရာ..."
"လောကသစ်ပင်ကို ထင်းအဖြစ်သုံး..."
ဖတ်လေလေ သူအံ့ဩတုန်လှုပ်လာလေဖြစ်သည်။ စားဖိုမှူးဘိုးဘေး၏ ဟင်းချက်ပညာကျမ်း တကယ်ပီသသည်။ သာမန်သေမျိုးများ နားလည်နိုင်သည့်အရာမဟုတ်။
"စမ်းကြည့်ရမှာပဲ"
လောကသစ်ပင်ရဖို့တော့ မဖြစ်နိုင်။ ထို့ကြောင့် သာမန်ထင်းမီးသာသုံးသည်။ အရည်အသွေးမြင့်အဆိပ်ငါးမျိုးလည်း မဝယ်နိုင်။ ထို့ကြောင့် နည်းနည်းဈေးချိုသည့်အဆိပ်များသာဝယ်လိုက်သည်။
ဟင်းချက်ကျမ်းတွင်ပြောထားသည့် နည်လမ်းအတိုင်း သူချက်ပြုတ်သည်။ သိပ်မကြာမီ မွှေးပျံ့သည့် ငါးစွတ်ပြုတ်တစ်အိုးရလာသည်။ အနံ့က ဆွဲဆောင်နိုင်လွန်းသည်။ စားချင်စိတ်အာသာဖြစ်ပေါ်လာသည်။
သူသေချာသတိထား၍ တစ်ငုံသောက်လိုက်သည်။ အကြီးအကျယ်အံ့အားသင့်သွားပြီး လည်ပင်းကို လက်ဖြင့်အလိုလိုအုပ်၍ နောက်သို့ခြေနှစ်လှမ်းဆုတ်သည်။
"ကောင်း-"
"ဘုတ်"
စုန့်ထန်ကျင်း ကြမ်းပြင်ပေါ်လဲကျ၍ သတိလစ်သွားသည်။
အချိန်ဘယ်လောက်ကြာသွားသည်မသိ။ သူပြန်နိုးလာချိန်တွင် ငါးစွတ်ပြုတ်က အေးစက်နေသည်။ ဒယိမ်းဒယိုင် သူထရပ်သည်။ တစ်ခုခုထူးခြားနေမှန်း ကိုယ့်ကိုယ်ကို သတိထားမိလိုက်သည်။
ခန္ဓာကိုယ်ကို အာရုံခံကြည့်ပြီးနောက် သူမျက်လုံးပြူးသွားသည်။
"ငါအခြေတည်နောက်ဆုံးအဆင့်ကို ရောက်သွားတာလား"
အခြေတည်အလတ်တန်းဆင့်တွင် အချိန်အတော်ကြာအောင် သူပိတ်မိနေခဲ့သည်။ အဆင့်တက်ဖို့ အစွမ်းကုန်ကြိုးစားခဲ့သည်။ ယခု အိပ်ယာနိုးလာမှ အဆင့်တက်သွားမှန်းသိလိုက်ရသည်။
"ပြီးတော့ အခုငါ့ခန္ဓာကိုယ်က စာအုပ်ထဲမှာပြောထားတဲ့ အဆိပ်တစ်ရာကိုခုခံနိုင်တဲ့ အဆိပ်နိုင်ခန္ဓာနဲ့ အတော်တူနေသလိုပဲ"
*******************************
အခန်း (၁၀၈၈) ဟင်းချက်ကျမ်း၏ ခန့်မှန်းမရသည့်စွမ်းရည်
စွတ်ပြုတ်အတွက်သုံးခဲ့သည့် အဆိပ်ငါးမျိုးအကြွင်းအကျန်များက မကုန်သေး။ စုန့်ထန်ကျင်း အခြောက်လှမ်းထားသည့် ကင်းမြီးကောက်ကို ကိုက်လိုက်သည်။ ပုံမှန်ဆိုလျှင် သူ့နှုတ်ခမ်းများ ပြာနှမ်းပြီး သတိလစ်မတတ် ခေါင်းမူးလာရမည်။
သို့သော်ယခု တစ်ကောင်လုံးကုန်အောင်စားသော်လည်း ဘာမှမဖြစ်။
"အဆိပ်နိုင်ခန္ဓာ၊ ဒါက အဆိပ်နိုင်ခန္ဓာအစစ်ပဲ"
စုန့်ထန်ကျင်း အတော်ဝမ်းသာသွားသည်။ ယခုလို နာမည်ကျော်ရုပ်ခန္ဓာမျိုး သူ့ကိုယ်ထဲတွင် ပေါ်လာသည်။
သူ့အဆိပ်နိုင်ခန္ဓာစွမ်းရည်က အခြေခံအဆင့်ပင်မရောက်သေးသော်လည်း ယခုမှအစပြုသည်နှင့်စာလျှင် မဆိုးလှဟု ဆိုရမည်။
စွတ်ပြုတ်တစ်ပန်းကန်ကြောင့် အဆင့်တက်သွားရုံသာမက အဆိပ်နိုင်ခန္ဓာပါ ရလာသဖြင့် သူပျော်မဆုံးနိုင်ဖြစ်နေသည်။
စိတ်လှုပ်ရှားမှုများ ငြိမ်သွားပြီးနောက် သူပြန်စဉ်းစားသည်။ ဘာကြောင့် စာအုပ်ထဲမျှ ဟင်းချက်နည်းများက အဆိပ်ဖြေအာနိသင်မျိုး ရှိနေရသနည်း။
"ဟုတ်ပြီး ရှေးဟောင်းခေတ်မှာ လူသားမျိုးနွယ်တွေက ဘယ်ပစ္စည်းဟာ အဆိပ်ရှိမယ်မရှိဘူး မသိကြဘူး။ အဆိပ်ရှိတဲ့ ပစ္စည်းတွေ နေရာတိုင်းရှိနေတယ်။ ဒါကြောင့် လူသားတွေအစာအဆိပ်သင့်လို့ သေတာမျိုးမဖြစ်အာင် အဆိပ်ဖြေအာနိသင်ရှိတဲ့ ငါးစွတ်ပြုတ်လုပ်နည်းကို စားဖိုမှူးဘိုးဘေးက အများကြီးအားစိုက်ထုတ်ပြီး တီထွင်ခဲ့တာပဲ"
ပထမဆုံးငါးစွတ်ပြုတ်ပင် ထိုမျှအာနိသင်ထက်မြက်နေသဖြင့် ဒုတိယနည်းကို စုန့်ထန်ကျင်း ချက်ချင်းဆက်လေ့လာသည်။ စွတ်ပြုတ်ချက်စဉ်က ဟင်းချက်ကျမ်းကို ကြည့်၍ချက်ခဲ့သည်။ သို့သော်ယခု ဟင်းချက်နည်းကို အရင်ဆုံး သေချာနားလည်အောင် လေ့လာချင်သည်။
"ဒုတိယဟင်းပွဲနာမည်က ရတနာရှစ်မျိုးကြက်ဘဲငါးတဲ့"
"ငါးဟင်းကကျန်တဲ့ ငါးရိုးတွေကို လွှင့်မပစ်ရ... ငါးရိုးက ငါးရဲ့အဟာရဓာတ်တွေကို စုပ်ယူထားတယ်။ ငါးရိုးကိုဆယ်၊ အခြောက်လှမ်းပြီး အမှုန်ကြိတ်...ရတနာရှစ်မျိုးဟင်းအတွက် ဟင်းခတ်အဖြစ်သုံး..."
"ဟင်းခတ်အဖြစ်တဲ့လား.."
သူတွေးရခက်သွားသည်။ ဆေးမြစ်ဆေးပင်များသာ ဟင်းခတ်အဖြစ်သုံးသည်ကိုကြားဖူးသည် ဟင်းကိုဟင်းခတ်အဖြစ်သုံးသည်ဟု မကြားဖူး။
မတတ်နိုင်။ လမ်းညွှန်ချက်အတိုင်း လုပ်ရုံသာရှိသည်။
"ကြက်နဲ့ဘဲကို ငါးရိူးမှုန့်ကျွေး....သတိလစ်သွားမယ်...အဲဒီ့အချိန်မှာသတ်...ကြက်နဲ့ဘဲရဲ့ ကလီစာတွေမှာ ဓာတ်ငါးမျိုးပါတယ်။ လွှင့်မပစ်ရ။ ဘဲဝမ်းကိုခွဲ..ကြက်ကိုအစာသွပ်။
အဆင့်မြင့်ဟင်းခတ်အမွှေးအကြိုင် ရှစ်မျိုးထည့်ပြီး နှစ်နှာရီကြာအောင်ပေါင်း..."
စာအုပ်တွင်ဖော်ပြထားသည့် ဟင်းခတ်ပစ္စည်းများက တန်ဖိုးကြီးလွန်းသည်။ တစ်ချို့က ရှေးဟာင်းရှားပါးမျိုးစိတ်များဖြစ်သည်။ ဥပမာ မသေမျိုးမြက်၊ မသေမျိုးပန်းပွင့်တို့သည် မျိုးတုံးပျောက်ကွယ်ခဲ့ပြီဖြစ်၍ ရှာမရနိုင်တော့။
ထိုကြောင့် တတ်နိုင်သမျှ အကောင်းဆုံးအစားထိုးပစ္စည်းကိုရှာရသည်။
နောက်နှစ်နာရီအကြာတွင် မျက်လုံးပွင့်လက်သားသေနေသည့် ပန်းကန်ထဲမှ ကြက်နှင့်ဘဲကို သူကြည့်နေသည်။ အစားထိုးဟင်းခတ်ပစ္စည်းများက များလွန်းနေသလို ခံစားရသည်။
ကိစ္စမရှိ။ စားကြည့်မည်။
စိတ်ကိုတင်း၍ တစ်တုံးဖဲ့စားကြည့်သည်။ သေမျိုးများစားသည့် အရသာမျိုးပင်ဖြစ်သည်။ ဘဲအရသာက ကြက်သားထဲစိမ့်ဝင်နေသည်။ ကြက်အရသာက ဘဲသားထဲစိမ့်ဝင်နေသည်။
သေချာအရသာခံ၍ဝါးလျှင် ငါးအရသာကိုပါ ခံစားမိသည်။ အရသာသုံးမျိုးက လျှာအကြောများထဲ စိမ့်ဝင်သွားသည်။
ဟင်းတစ်ပွဲလုံးကုန်အောင် သူစားလိုက်သည်။ ထို့နောက် ဗိုက်ကိုပွတ်၍ ကျေနပ်စွာပြုံးနေသည်။
ခန္ဓာကိုယ်ပေါ်တွင် စေးကပ်ကပ်ဖြစ်လာသလိုခံစားရသဖြင့် သူငုံ့ကြည့်လိုက်သည်။ သူ့အရေပြားထဲမှ အနက်ရောင်အချွဲများထွက်လာသည်ကိုမြင်ရသည်။ ငါးညှီနံ့နှင့် အပုပ်နံ့များ ထွက်နေသည်။
"ရိုးတွင်းခြင်ဆီကို ဆေးကြောသန့်စင်တာမျိုးလား"
သူ့အသံ တုန်ရင်လာသည်။ ခြင်ဆီသန့်စင်ဆေးလုံးများသူစားဖူးသည်။ သို့သော် အဆင့်နိမ့်ဆေးလုံးများဖြစ်၍ သိပ်အကျိုးမထူးခဲ့။ အရည်အသွေးမြင့် သန့်စင်ဆေးလုံးများလည်း သူမဝယ်နိုင်။
ဒုတိယဟင်းပွဲစားလိုက်ရုံဖြင့် ခြင်ဆီသန့်စင်သည့်ကိစ္စ ပြီးဆုံးသွားခြင်းလားမသိ။
သူရေချိုးလိုက်သည်။ တစ်ကိုယ်လုံး ပေါ့ပါးသွားသည်။ အနားယူမနေတော့ဘဲ တတိယဟင်းပွဲအကြောင်း စလေ့လာသည်။
ဟင်းပွဲနာမည်က "မြူမှုန်နီမှတ်ဉာဏ်"ဟု ရေးထားသည်။
ထုံးစံအဆိုင်း အဆင့်နိမ့် အစားထိုးပစ္စည်းများသုံး၍ ဟင်းပွဲပြင်သည်။ စားသောက်ပြီးနောက် နောက်တစ်ကြိမ် သတိလစ်သွားသည်။
သို့သော် နိုးလာချိန်တွင် အရင်ဟင်းပွဲများကဲ့သို့ ခန္ဓာကိုယ်အပြောင်းအလဲများ ပေါ်မလာ။
"ထူးဆန်းတယ်။ ငါသတိလစ်သွားတာ ဘယ်လောက်ကြာပြီလဲ"
ငူငူငိုင်ငိုင်ဖြင့် အိမ်ထဲမှ ထွက်လိုက်သည်။ အနီးအနားတွင် မေးမြန်းစုံစမ်းကြည့်သည်။ သူသတိလစ်နေသည်မှာ ခုနစ်ရက် ကြာပြီဖြစ်ကြောင်း သလိုက်ရသည်။ ယနေ့သည် ဝိညာည်စားဖိုမှူးစာမေးပွဲနေ့ဖြစ်သည်။
စားဖိုမှူးပြိုင်ပွဲကွင်းဆီ သူအပြေးအလွှားသွားသည်။ အခြေတည်အဆင့်ဝိညာဉ်စားဖိုမှူးစားမေးပွဲအတွက် စာရင်းသွင်းသည်။ ကျောက်စိန်းယုန်မျိုးနွယ်၏ တော်ဝင်သမီးတော်နှင့် သူအမှတ်မထင်တွေ့၍ ရင်းနှီးသွားသည်။ အဆိပ်ငါးပါးမျိုးနွယ်၏ တော်ဝင်သားတော်က သူ့ကိုရန်ညှိုးထားသည်။
စားမေးပွဲတွင် ပြိုင်ဆိုင်ဖို့သတ်မှတ်ထားသည့်ဟင်းပွဲက 'ငါး'ဖြစ်သည်။ သို့သော် အပြီးသတ်တင်သွင်းသည့် ဟင်းပွဲတွင် ငါးလုံးရမပါရဟု သတ်မှတ်ထားသည်။
အဆိပ်ငါးပါးမျိုးနွယ်၏ တော်ဝင်သားတော်က စုန့်ထန်ကျင်း၏ငါးစွတ်ပြုတ်ထဲသို့ အဆိပ်ခတ်သည်။ သို့သော် စုန့်ထန်ကျင်း၏စွတ်ပြုတ်က အဆိပ်ငါးမျိုးလိုအပ်သည်။ ထို့ကြောင့် သူ့ဟင်းပွဲအရည်အသွေးက ပိုကောင်းသွားသည်။
ရလာသည့်ငါးရိုးဖြင့် ဒုတိယဟင်းပွဲ ဖန်တီးသည်။ အကဲဖြတ်ဒိုင်များက ထိုဟင်းပွဲကို များစွာချီးကျူးကြသည်။
စင်အောက်တွင်ထိုင်နေသည့် ကျောက်စိမ်းယုန်မျိုးနွယ် တော်ဝင်သမီးတော်က စုန့်ထန်ကျင်းအပေါ် အကြည့်ပြောင်းသွားသည်။ သူ့ရင်ခုန်သံများ လှုပ်ရှားလာသည်။
ဝိညာဉ်စားဖိုမှူးပြိုင်ပွဲကို ဝင်ခွင့်ရသည်။ တတိယဟင်းပွဲဖြင့် စုန့်ထန်ကျင်း ပထမရပြန်သည်။
သို့သော် ဝိညာဉ်စားဖိုမှူးမဟာမိတ်မှလူများက သူ့ဟင်းပွဲသည် တားမြစ်ပညာဖြစ်သည့် ဟင်းချက်နည်းမျိုးစုံကျမ်းမှ ဟင်းပွဲဖြစ်ကြောင်း ရိပ်မိသွားသည်။ သူ့ကိုလုပ်ကြံဖို့ လူသတ်သမားလွှတ်သည်။
လုပ်ကြံရေးသမားက သတ်ဖြတ်ဖို့ ကြိုးစားနေသည့်အချိန်အတွင်း သူ့ကျင့်စဉ်အဆင့်များ ဆက်တိုက်တက်လာသည်။ ဟင်းချက်နည်းအသစ်များ လေ့လာခွင့်ရသည်။ လုပ်ကြံသူကို ခုခံရင်ဆိုင်နိုင်ခဲ့သည်။
နောက်ဆုံးတွင် ဟင်းချက်နည်းမျိုးစုံကျမ်းတစ်ခုလုံး သူလေ့လာနိုင်ခဲ့သည်။ မဟာရှားနန်းတော်တွင် ဝိညာဉ်စားဖိုမှူးမဟာမိတ်၏ ခေါင်းဆောင်နှင့် ဟင်းချက်စွမ်းရည်ယှဉ်ပြိုင်သည်။ ဟင်းသုံးပွဲတွင် နှစ်ပွဲအနိုင်ရသည်။ မဟာမိတ်ခေါင်းဆောင်ရာထူးကို သိမ်းယူနိုင်ခဲ့သည်။
ထိုပြင် သူ့ကို ဝိညာဉ်စားဖိုမှူးဘိုးဘေး၏ အမွေခံအဖြစ် တစ်လောကလုံးသိလာသည်။
အင်ပါယာရှားရှေ့မှောက်တွင် ကျောက်စိမ်းယုန်မျိုးနွယ်တော်ဝင်သမီးတော်၏ လက်ကိုဆွဲ၍ ချစ်ခင်ကြင်နာမှုအပြည့်ဖြင့် သူပြောသည်။
"ယွီအာ၊ ငါမင်းကိုသဘောကျတယ်။ ငါတို့လက်ထပ်ကြစို့"
နှစ်ယောက်သား မျက်လုံးမှိတ်၍ နမ်းလိုက်သည်။
သို့သော် မျက်လုံးပြန်ဖွင့်ချိန်တွင် သူ့ကိုယ်သူ မြေပြင်ပေါ်တွင်လဲလျောင်းလျက်ရှိနေသည်ကို သိလိုက်ရသည်။ ခေါင်းထဲတွင် တဆစ်ဆစ်ကိုက်ခဲနေသည်။
ကြိုးစား၍ သူထရပ်သည်။ စားပွဲပေါ်မှ ငါးပုလဲစွတ်ပြုတ်ပန်းကန်ကို ကိုင်လိုက်သည်။ စွတ်ပြုတ်က ပူနွေးနေဆဲဖြစ်သည်။
သူနားမလည်နိုင်အောင်ဖြစ်သွားသည်။
"ခုနကကြုံခဲ့တာတွေက အစစ်လား အတုလား"
......
လုယန်နှင့် ယွမ်မုန်မုန်တို့ လူစည်ကားသည့်ကွင်းပြင်ထဲတွင် ဘေးချင်းယှဉ်၍လျှောက်နေသည်။ လတ်ဆတ်သည့် အသားကင်မုန့်များ စားနေသည်။ နှုတ်ခမ်းတွင် အဆီဝေ့နေကြသည်။
ဘေးပတ်လည်လေထုက အစားအသောက်နံ့များပြည့်နေည်။ လူတိုင်းအတွက် သွားရည်ယိုချင်စရာဖြစ်နေသည်။
"ဒီနေရာမှာ အစားအသောက်ကောင်းတွေ အများကြီးရှိတာပဲ"
ဘယ်အစားအသောက်ကိုမှ ထူးထူးခြားခြားစိတ်မဝင်စားသည့်လုယန်ပင် ကွင်းတစ်ပတ်လှည့်လည်စားသောက်ပြီးနောက် ဤပွဲတော်သို့လာခဲ့သည်မှာ မှန်ကန်သည့်ဆုံးဖြတ်ချက်ဖြစ်ကြောင်း နားလည်လာသည်။
"ဒါပေါ့။ ဒါကြောင့် ဒီနေရာက ပျော်စရာကောင်းတယ်လို့ ပြောသားပဲ"
ယွမ်မုန်မုန်က ပြုံးရွှင်တက်ကြွနေသည်။
သူတို့နှစ်ယောက်လုံး ကျင့်ကြံသူများဖြစ်သည်။ သူတို့ဆန္ဒရှိသလောက် စားသောက်နိုင်စွမ်းရှိသည်။ အစားလွန်၍ စားချင်စိတ်ကုန်သွားမည်ကို စိုးရိမ်စရာမလို။
"ဒါနဲ့ ဟိုယန်ယွမ်သတ္တမမျိုးဆက်လေးက ဘယ်ရောက်သွားတာလဲ။ သူ့ကိုလည်း မတွေ့ပါလား"
လုယန် စဉ်းစားသည်။ ဒုတိယနေ့ ရောက်နေပြီဖြစ်သည်။ ဆိုင်ခန်းငှားဖို့ ငွေချေးသွားသည်။ ယခု ပွဲတော်ကွင်းပြင်ထဲလှည့်ပတ်ကြည့်ခဲ့သော်လည် သူ့ကိုမမြင်ရ။ ထိုလူငယ်ပုံစံက ရိုးသားပုံတော့ရသည်။ ငွေယူ၍ထွက်ပြေးသွားခြင်း ဟုတ်မည်မထင်။
"သူက ငါ့ရဲ့ဟင်းချက်နည်းတွေ လေ့လာနေတာဖြစ်မှာပါ။ ငါ့ပညာတွေက ခဏဖတ်ကြည့်ရုံနဲ့ နားမလည်နိုင်ဘူးလေ"
နတ်မယ်က ယုံကြည်ချက်အပြည့်ဖြင့် ပြောသည်။
"ဟိုမှာရောင်းနေတာ ဘာတွေလဲ။ မြေကြီးတုံးတွေလား"
လူသိပ်မစည်ကားသည့် ဆိုင်ငယ်တစ်ုခကို ယွမ်မုန်မုန်သတိထားမိသည်။ စားဖိုမှူးနှစ်ယောက်က သံဒယ်အိုးထဲတွင် မြေကြီးခဲများ ထည့်ကြော်နေသည်။
"ဒါက ဒေသအစားအသောက်မျိုးလား"
စိတ်ဝင်စားသဖြင့် လုယန်ကိုဆွဲခေါ်၍ လျှောက်သွားသည်။
"ဆိုင်ရှင်၊ နှစ်ပွဲပေးပါ"
"ချက်ချင်းရစေရမယ်"
ဝညာဉ်စားဖိုမှူးတစ်ယောက်က မြေကြီးခဲခွက်နှစ်လုံး လာချပေးသည်။ ယွမ်မုန်မုန် တစ်ကိုက်ဝါးကြည့်သည်။ ချက်ချင်းမျက်နှာရှုံ့သွားသည်။
"ဒါ ရိုးရိုးမြေကြီးခဲတွေပဲ မဟုတ်လား"
လုယန်လည်း စဉ်းစားရခက်သွားသည်။ တစ်ခြားဆိုင်များက အစားအသောက်ကောင်းများရောင်းနေသည်။ ဤဆိုင်မှစားဖိုမှူးများက မြေကြီးရောင်းနေသည်။ ဘယ်လိုအဓိပ္ပါယ်မှန်းမသိ။
ထိုမြေကြီးခဲများတွင် လျှို့ဝှက်ချက်တစ်ခုခု ပါနေခြင်းလော။
လုယန် ဝိညာဉ်စွမ်းအားကို အသက်သွင်း၍ ကောင်းကင်မျိုမြေစားပညာဖြင့် မြေကြီးကိုစားလိုက်သည်။
"ဒါတွေက သာမန်မြေကြီးခဲမဟုတ်ဘူး။ ဆပွားမြေဆီရောထားတဲ့ မြေကြီးတွေပဲ"
ထိုအဖြစ်ကိုကြည့်၍ စားဖိုမှူးနှစ်ယောက် အချင်းချင်းအကြည့်ချင်းဖလှယ်ပြီးနောက် လုယန်ဆီသို့ အသံတိတ်လျှောက်လာသည်။
"မိတ်ဆွေ၊ မင်းလာတာ အတော်နောက်ကျတာပဲ။ မင်းက နောက်ဆုံးလဖြစ်မယ်ထင်တယ်။ စည်းဝေးပွဲက စတော့မယ်။ ဒီဘက်ကိုကြွပါ"
လုယန် "..."
ခင်ဗျားတို့ဘာတွေပြောနေတာလဲ...
*******************************
အခန်း (၁၀၈၉) ခေါင်းဆောင်နေရာ ငါ့အပိုင်
စားဖိုးမှူးနှစ်ယောက်အမူအ၇ာကို လုယန်အကဲခတ်သည်။ လမ်းထောင့်မျက်ကွယ်တွင် လျှိူ့ဝှက်ဆက်သွယ်နေသူများလို ဖြစ်နေသည်။
ခုနက သူပုံမှန်အတိုင်းလှုပ်ရှားလိုက်သည့်ကိစ္စက သူတို့နှင့် ဆက်သွယ်သည့်သင်္ကေတဖြစ်သွားသလားမသိ။
မီးစင်ကြည့်ကရတော့မည်။
လုယန် မျက်နှာကိုပြုံးလိုက်သည်။
"လမ်းမှာ ကိစ္စတစ်ချို့ကြုံနေလို့ နောက်ကျသွားတယ်။ ကံကောင်းလို့ ကျုပ်အချိန်မီရောက်လာတာပါ။...ညီမမုန်မုန်၊ ငါကိစ္စတစ်ခုရှိသေးတယ်။ မင်းနဲ့အတူ ဆက်ပြီးဈေးထဲမလျှောက်နိုင်တော့ဘူး။ ဒီည တည်းခိုခန်းရောက်မှပြန်တွေ့ကြတာပေါ့"
"ကောင်းပြီလေ"
အခြေအနေအပြောင်းအလဲကို ယွမ်မုန်မုန် နားမလည်သော်လည်း ဒုခေါင်ဆောင်ပြေသည့်စကားကို နားထောင်သည်။
"မိတ်ဆွေ၊ ဒီဘက်ကိုကြွပါ"
စားဖိုမှူတစ်ယောက်က လုယန်ကို ဦးဆောင်ခေါ်သွားသည်။ နောက်တစ်ယောက်က ဆိုင်တွင်ဆက်နေခဲ့သည်။
လုယန် ဝိညာဉ်အာရုံဖြန့်လိုက်သည်။ စားဖိုမှူးနှစ်ယောက်လုံး ဝိညာဉ်ပြောင်းအဆင့်များဖြစ်သည်။ နှစ်ယောက်လုံး၏ ဦးခေါင်းတွင် သိုးကဲ့သို့ဦးချိုများပါသည်။
သိုးနတ်ဆိုးမျိုးနွယ်လား...
"ထောင်ထျဲမျိုးနွယ်တွေပါ"
နတ်မယ်ကပြောသည်။ လုယန်သည် ထောင်ထျဲ့မျိုးနွယ်များကို မမြင်ဖူးသဖြင့် စားဖိုးမှူးနှစ်ဘောက်၏ ဇစ်မြစ်ကို မသိ။
"ထောင်ထျဲ့မျိုးနွယ်လား။ ငါကောင်းကင်မျိုမြေစားပညာသုံးတာတွေ့လို့ သူတို့မျိုးနွယ်ဝင်လို့ အထင်မှားသွားတာဖြစ်မယ်"
လုယန် အခြေအနေကို သဘောပေါက်လိုက်သည်။
မြေကြီးစားခြင်းသည် လျှို့ဝှက်ဆက်သွယ်သည့် သင်္ကေတဖြစ်မည်။ ကောင်းကင်မျိုမြေစားပညာသုံး၍ စားရမည်။ ယွမ်မုန်မုန်လို တိုက်ရိုက်စားသူမျိုးကို အပြင်လုဟုသာ သတ်မှတ်ကြမည်။
စားဖိုမှူးနှင့်အတူ ဈေးထဲမှထွက်လာသည်။ လျှို့ဝှက်တံခါးတစ်ခုကိုဖွင့်သည်။ လူများပြည့်ကြပ်နေသည့် မြေအောက်ခန်းတစ်ခုသို့ ဝင်သွားကြသည်။
မြေအောက်ခန်းသို့ရောက်ပြီးနောက် စားဖိုမှူးက မြေကြီးကြော်ရန် ဆိုင်ဆီသို့ပြန်သွားသည်။
မြေအောက်ခန်းမ၏ နောက်ဘက်တန်းတွင် ရှိနေသူများအားလုံး လုယန်ကို လှမ်းကြည့်လာသည်။ ထို့နောက် သူတို့သိကျွမ်းသည့်လူမဟုတ်သဖြင့် ခေါင်းပြန်လှည့်သွားကြသည်။
"ဒီနေရာမှာ ထောင်ထျဲမျိုးနွယ်တွေတင် မကဘူးပဲ"
လုယန် တွေးရခက်သွားသည်။ ထောင်ထျဲ့မျိုးနွယ်အပြင် လူသားများ တစ်ခြားနတ်ဆိုးများလည်း ရှိနေသည်။ မြေကြီးစားသည့်စမ်းသပ်ချက်ကို ဘယ်လိုဖြတ်ကျော်ခဲ့ကြသည်မသိ။
"ဒီလူတွက ထောင်ထျဲ့မျိုးနွယ်ရဲ့သွေးကို သွင်းထားတာဖြစ်မယ်။ ထောင်ထျဲ့တွေကလည်း ကောင်းကင်မျိုမြေစားပညာကို သင်ပေးထားမှာပေါ့။ ဒီလူတွေက သူတို့မျိုးနွယ်တွေလောက်တော့ ဒီပညာကို ကောင်းကောင်းအသုံးချနိုင်မှာမဟုတ်ဘူး။
ထောင်ထျဲသွေးကို သွင်းထားတဲ့အတွက် အဲဒီလူတွေအပေါ်မှာ သူတို့မျိုးနွယ်က ထိန်းချုပ်နိုင်တဲ့ စွမ်းအားမျိုးလည်းရှိလိမ့်မယ်။ ဒါက ထောင်ထျဲ့တွေ မဟာမိတ်တည်ထောင်တဲ့အခါ သုံးနေကျနည်းလမ်းပါ"
နတ်မယ်က ရှင်းပြသည်။
"သဘာပေါက်ပါပြီ"
"အခု အချိန်ကျလာပြီ။ အားလုံးလည်း ရောက်ကြပြီထင်ပါတယ်"
သိုးဦးချိုနှင့် ရှေ့တွင်ရပ်နေသည့် သက်လတ်ပိုင်းလူတစ်ယောက်က ပြောသည်။
"အဲဒီ့လူက ထောင်ထျဲမျိုးနွယ်ခေါင်းဆောင် ကျင်းထန်မဟုတ်လား"
လုယန် ထိုလူကို မှတ်မိသည်။ နတ်ဆိုးနိုင်ငံတည်ပွဲတွင် နယ်မြေထိပ်သီး ကူးဖြတ်ခြင်းနတ်ဆိုးအင်ပါယာဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ နတ်ဆိုးနိုင်ငံတွင် အဆင့်မြင့်ဝန်ကြီးတစ်ယောက်ဖြစ်သည်။
သူ့စကားသံထွက်လာသည်နှင့် အားလုံးချက်ချင်းငြိမ်ကျသွားသည်။
ရှေ့စင်မြင့်တွင်ရပ်နေသည့် ကျင်းထန်ကိုကြည့်၍ အားလုံးစိတ်အားတက်ကြွနေသည်။ မျက်လုံးများအရောင်တောက်လျက် လက်သီးတင်းတင်းဆုပ်ထထားကြသည်။ ယုံကြည်ချက်အတွက် တိုက်ပွဲဝင်ကြတော့မည့် ပုံစုံမျိုးဖြစ်သည်။
လုယန်လည်း မတတ်သာသဖြင့် အများနည်းတူဟန်ဆောင်ရသည်။
လူအုပ်ကြီး၏အမူအရာကိုကြည့်၍ ကျင်းထန်အတော်သဘောကျသွားသည်။ ထိုလူများ၏ထောက်ခံမှုရထားလျှင် စွန့်စားမှုကြီးကြီးလုပ်ဖို့ ပြဿနာမရှိနိုင်။
"အခု ခေါင်းဆောင်က မိုက်ရိုင်းတယ်။ အထက်စီးဆန်တယ်။ တစ်ခြားလူတွေအကြံပေးတာကို အရေးမစိုက်ဘူး။ ဝိညာဉ်စားဖိုမှူးပြိုင်ပွဲကို နတ်ဆိုးမြို့တော်မှာ ကျင်းပဖို့ ဆုံးဖြတ်ခဲ့တယ်။ လက်ရှိ ငါတို့အဖွဲ့အစည်းရဲ့ အခြေအနေကိုကြည့်လိုက်ပါ။
အတွင်းပိုင်းအုပ်ချုပ်မှုစနစ်တွေ ဖရိုဖရဲဖြစ်နေတယ်။ ခေါင်းဆောင်က ဘာမှမလုပ်ဘူး။ စီမံခန့်ခွဲမှုမလုပ်ချင်ဘူး။ အချင်းချင်းတိုက်ခိုက်ပြီး ငါတို့တွေအင်အားလျော့လာတာကို ဒီအတိုင်းကြည့်နေတယ်။
ငါတို့အဖွဲ့အစည်း လက်ရှိအင်အားမျိုးရှိလာဖို့ လွယ်လွယ်ကူကူဖြစ်ခဲ့တာမဟုတ်ဘူး။ ခေါင်းဆောင်ကို ဒီအတိုင်းဆက်အုပ်ချုပ်ခွင့်ပေးထားရင် ဆုတ်ယုတ်မှုလမ်းကြောင်းကို ဦးတည်သွားမှာပဲ"
ကျင်းထန် လူအုပ်ကို မျက်လုံးဝေ့ကြည့်သည်။ သူလူကဲခတ်သည့်နည်းလမ်းက ကျွမ်းကျင်သည်။ စေ့စပ်သည်။ သူ့မျက်လုံးနှင့် အကြည့်ဆုံသူတိုင်း လေးစားမှုဖြစ်ပေါ်လာသည်။
"မင်းတို့တွေထဲမှာ နတ်ဆိုးနယ်မြေ၊ မဟာရှား၊ အရှေ့ပင်လယ်၊ မြောက်ပိုင်းတိုက်နယ် နေရာစုံကလူတွေအားလုံးပါတယ်။ စွမ်းအားကိုယ်စီရှိကြတယ်။ ငါတို့ထောင်ထျဲ့မျိုးနွယ်က မင်းတို့ဒီလိုဖြစ်လာဖို့ နှစ်ပေါင်းများစွာအချိန်ကုန်ခံပြီး ပြုစုပျိုးထောင်ပေးခဲ့တာ"
လုယန်မျက်လုံးများ နည်းနည်းမှေးစင်းသွားသည်။ ကျူးထန်ကို စတင်တော်လှန်ဖို့ ကြိုးစားနေခြင်းလားမသိ။ သူတို့နောက်ကွယ်တွင် မသေမျိုးတစ်ဝက်တစ်ယောက် ရှိနေလောက်သည်။ အခြေအနေက အတော်စိတ်ဝင်စားစရာကောင်းလာသည်။
ကျင်းထန်မျက်နှာတွင် တည်ကြည်ဖြောင့်မတ်သည့် အမူအရာမျိုးပေါ်လာပြီး အသံကျယ်ကျယ်အော်ဟစ်လိုက်သည်။
"အားလုံးပဲ။ ငါတို့ဘာလုပ်သင့်လဲ"
သူ့စကားက အားလုံးကို လောင်စာဖြည့်ပေးလိုက်သလိုရှိသည်။ လူအုပ်ကြီးက လက်သီးလက်မောင်းတန်းပြီး သံပြိုင်အော်ဟစ်ကြသည်။
"သူ့ကိုရာထူးချမယ်။ သူ့ကိုရာထူးချမယ်"
"မှန်တယ်၊ အကြီးအကဲမိန်ယွမ် နေရာဖယ်ပေးသင့်တာကြာပြီ။ ခေါင်းဆောင်ရာထူးကို ငါတို့ပဲရသင့်တယ်"
လုယန် အံ့အားသင့်သွားသည်။ အကြီးအကဲမိန်ယွမ်...ထိုလူသည် ဝိညာဉ်စားဖိုမှူးမဟာမိတ်၏ ခေါင်းဆောင်မဟုတ်လော...
ကျင်းထန်၏ တစ်ခြားသရုပ်မှန်တစ်ခုကို လုယန်ပြန်သတိရလာသည်။ ဝိညာဉ်စားဖိုမှူးမဟာမိတ်အဖွဲ့၏ ဒုခေါင်းဆောင်...
ဒါဆို ခင်ဗျားတို့ ဒီလောက်ကြီးကြီးကျယ်ကျယ် လျှို့ဝှက်တွေ့ဆုံနေကြတာက ဝိညာဉ်စားဖိုမှူးမဟာမိတ်ရဲ့ ခေါင်းဆောင်ဖြစ်ဖို့ပဲပေါ့..
"အကြီးအကဲမိန်ယွမ်ကို အနိုင်ရဖို့ တစ်ခုတည်းသောနည်းလမ်းက ဟင်းချက်စွမ်းရည်ပြိုင်ဖို့ပဲ။ ဟင်းချက်စွမ်းရည်နဲ့ အနိုင်မှ အရှုံးကိုသူလက်ခံမှာ။
မိန်ယွမ်ကို သေချာပေါက်အနိုင်ယူနိုင်မယ့် ဟင်းလျာတစ်မျိုး ငါတီထွင်ထားတယ်။ ဒါပေမယ့် လိုအပ်တဲ့ဟင်းချက်ပစ္စည်းတွေစုစည်းနိုင်ဖို့က အရမ်းခက်တယ်။
ပစ္စည်းလေးမျိုးက မဟာမိတ်အဖွဲ့ရဲ့ သိမ်းထားတယ်။ ဒီလေးမျိုးက အရမ်းတန်ဖိုးကြီးတယ်။ အဲဒါတွေရဖို့ဆိုရင် မဟာမိတ်ခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်သုံးယောက်ရဲ့ သဘောတူညီချက်လိုတယ်။
ဒါပေမယ့် ချွင်းချက်တစ်ခုတော့ရှိတယ်။ အခုကျင်းပမယ့် ဝိညာဉ်စားဖိုမှူးပြိုင်ပွဲမှာ အနိုင်ရဖို့ပဲ။ ပြိုင်ပွဲကို အုပ်စုငါးခုခွဲထားတယ်။ အခြေအဆင့်ကနေ စုစည်းခြင်းအဆင့်ထိပေါ့။ အုပ်စုတိုင်းမှာ ပထမရတဲ့လူတွေဟာ ပစ္စည်းဂိုဒေါင်ကနေ ဟင်းချက်ပစ္စည်းတစ်မျိုး ရွေးခွင့်ရှိတယ်။
မင်းတို့လုပ်ရမှာက ပြိုင်ပွဲကို ဘယ်နည်းလမ်းနဲ့ဖြစ်ဖြစ် အနိုင်ရဖို့ဘဲ။ မှတ်ထားနော်၊ ဘယ်နည်းလမ်းနဲ့ဖြစ်ဖြစ်ပါ"
"ဟုတ်ကဲ့"
အားလုံး သံပြိုင်အော်လိုက်သဖြင့် မြေအောက်ခန်းပင် တုန်ခါသွားသည်။
စိတ်ဓာတ်မြှင့်တင်ပေးပြီးနောက် ကျင်းထန်၏လေသံက ညင်သာခြင်းလုံးဝမရှိတော့။
"နောက်တစ်ခုရှိသေးတဘ်။ မင်းတို့ထဲကတစ်ချို့ဟာ ဟင်းချက်စွမ်းရည်တွေ ဇွဲကောင်းကောင်းလေ့ကျင့်ကြပေမယ့် ဝိညာဉ်စားဖိုမှူးလက်မှတ် လုံးဝမရကြဘူး။
ဝိညာဉ်စားဖိုမှူးအရည်အချင်းစစ်စာမေးပွဲကို ဝင်ဖြေရင် မင်းတို့ဟင်းျက်ပညာတွေကို တစ်ခြားလူတွေ ရိပ်မိသွားနိုင်တယ်။ ဒါကြောင့် ငါ့အခွင့်အာဏာကိုသုံးပြီး စာမေးပွဲဖြေစရာမလိုဘဲ မင်းတို့ကို ပြိုင်ပွဲထဲ တိုက်ရိုက်သွင်းပေးမယ်။
ကဲ ဝိညာဉ်စားဖိုမှူးလက်မှတ် မရသေးတဲ့လူတွေ ကျန်နေခဲ့ပါ"
"ဝိညာဉ်စားဖိုမှူးပြိုင်ပွဲတဲ့လား။ ငါတစ်ခါမှမဖြေဖူးဘူးဆိုတော့ အတွေ့အကြုံဝင်ယူရင် ကောင်းမလားပဲ"
လုယန်တွေးနေသည်။ ထိုပြိုင်ပွဲအကြောင်း သတင်းရေးဖို့ သူလာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဖြစ်စဉ်တစ်ခုလုံးကို သေချာတွေ့ကြုံခံစားမှ သဘာဝကျမည်။
လူတစ်ဝက်ကျော် တဖြေးဖြေး ထွက်ခွာသွားသည်။ လုယန်က ကျန်ခဲ့သည့်လူစုနှင့်အတူ နာမည်စာရင်းသွင်းသည်။
"မင်းနာမည်ဘယ်လိုခေါ်လဲ"
ကျင်းထန်က လုယန်အလှည့်ရောက်ချိန်တွင် မေးသည်။
"လုယွမ်ယန်"
"ကောင်းပြီ၊ နောက်တစ်ယောက်"
လုယန်၏မျက်နှာဖုံးက အရည်အသွေးမြင့်သည်။ ကူးဖြတ်ခြင်းအဆင့်တစ်ယောက်ပင် ရုပ်ဖျက်ထားမှန်း ခွဲခြားမသိနိုင်။
..
လုယန်နှင့်လမ်းခွဲပြီးနောက် ယွမ်မုန်မုန် သီချင်းတစ်ပုဒ်ညည်း၍ ဈေးလမ်းပေါ်ဆက်လျှောက်ရင်း စားသောက်နေသည်။
သို့သော် လုယန်ပါမလာတော့သည်နှင့် ကျင့်ကြံသူအတော်များများ သူ့အနားသို့ချဉ်းကပ်လာကြသည်။ လှပ၍ချစ်စရာကောင်းသည့် သူ့ရုပ်ရည်ကို စိတ်ဝင်စားလာသည်။
သူအတော်စိတ်ညစ်သွားသည်။
"အေးအေးဆေးဆေးကိုမစားရဘူး။ တစ်ခြားနေရာပဲ သွားတော့မယ်"
ယွမ်မုန်ုမုန် မကျေမနပ်ရေရွတ်လျက် ဈေးထဲမှထွက်လာခဲ့သည်။ လမ်းသွယ်များထဲ ကွေ့ပတ်၍လျှောက်လာသည်။
"ဒီဆိုင်လေးက ကောင်းမယ့်ပုံပဲ"
လမ်းကြားထဲတွင် ဆိုင်းပုဒ်အသစ်ကပ်ထားသည့် စားသောက်ဆိုင်တစ်ခု သူတွေ့လိုက်သည်။ သိပ်ရောင်းရသေးပုံမပေါ်။
ဆိုင်တံခါးခန်းဆီးကိုမ၍ ဝင်လိုက်လိုက်သည်။ ရှင်းလင်းသပ်ရပ်သည့် ဆိုင်အခင်းအကျင်းကို မြင်ရသည်။ ဆိုင်ရှင်သည် သန့်ရှင်းမှုကို အလေးထားကြောင်း သိသာနေသည်။
"လူရှိလား"
အပြာရောင်ဝတ်စုံနှင် မိန်းမတစ်ယောက် မီးဖိုချောင်မှထွက်လာသည်။ လက်နှစ်ဘက်ကိုအဝတ်ဖြင့်သုတ်ရင်း တောင်းပန်စကားဆိုသည်။
"တောင်းပန်ပါတယ်ရှင်၊ ကျွန်မတို့ ဟင်းချက်ပစ္စည်းတွေပြတ်သွားလို့ ဆိုင်ရှင်က ပစ္စည်းဝယ်ဖို့ အပြင်ထွက်သွားပါတယ်"
******************************